3369ဝိနည်းဥပဒေတော်ကြီး — ၄။ ပါရာဇိက ၄-ပါးအရှင်သြဘာသ

၄။ ပါရာဇိက ၄-ပါး

ထိုပါတိမောက်၌ လေးပါးကုန်သော ပါရာဇိက အမည်ရှိကုန်သော ဤ အာပတ်တို့သည် သရုပ်အားဖြင့် ပြအပ်သည်၏အဖြစ်သို့ ရောက်ကုန်၏၊

* ၁။ မေထုန

ရဟန်းအဖြစ်သို့ ရောက်ပြီးသော ပုဂ္ဂိုလ်သည် သိက္ခာ မချဘဲလျက် အထက်ဆုံးတန်း ပရနိမ္မိတဝသဝတ္တီနတ်မမှ စ၍ အောက်ထစ်ဆုံး တိရစ္ဆာန်မ ၌သော်လည်း မေထုန်မမှီဝဲရ။ မှီဝဲလျှင် မေထုနပါရာဇိကအာပတ်သင့်၏၊ ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်းခြင်းငှာ မရတော့ချေ။

[ပါရာဇိကလောက်သော အယုတ်ဆုံး တိရစ္ဆာန်ကား အခြေမဲ့တွင် မြွေ, ငါး၊ အခြေနှစ်ချောင်းတို့တွင် ခို, ကြက်၊ အခြေလေးချောင်းတွင် ကြောင် ဖြစ်သည်။

မဂ်သည် မုခမဂ်-ခံတွင်းပေါက်၊ ပဿာဝမဂ်-ကျင်ငယ်ပေါက်၊ ဝစ္စမဂ်- ကျင်ကြီးပေါက်ဟု သုံးမျိုး ရှိ၏၊ မေထုန်မှီဝဲဖို့ရာ အထီးသတ္တဝါနှင့် နပုံးပဏ္ဍုက် များ၌ မုခမဂ်, ဝစ္စမဂ် နှစ်မျိုးဖြစ်နိုင်၍ အမသတ္တဝါများ၌ကား မဂ်သုံးမျိုးစလုံး ဖြစ်နိုင်သည်။ သိက္ခာမချဘဲလျက် ထိုမဂ်တစ်ခုခု၌ မိမိအင်္ဂါဇာတ်ကို နှမ်းတစ်စေ့ ခန့်မျှ အတွင်းသို့ ရောက်အောင် သွင်းလျှင် ပါရာဇိကကျ၏၊

သေ၍ ခွေးမစားရသေးသော သို့မဟုတ် တစ်ဝက်အထိ မစားရသေးသော အသေကောင်၌ မှီဝဲလျှင် ပါရာဇိကကျ၏၊။ရဟန်းတစ်ပါး ကျင်ငယ်စွန့်နေစဉ် သမင်ငယ်တစ်ကောင်သည် လာ၍ အင်္ဂါဇာတ်ကို စုပ်လေရာ ထိုရဟန်း သာယာ ၏၊ ထိုရဟန်း ပါရာဇိကကျပြီဟု မိန့်တော်မူ၏၊

သေ၍ တစ်ဝက်အတိကျအောင်ဖြစ်စေ၊ တစ်ဝက်ကျော်ကျော်ဖြစ်စေ ခွေးစားထားသော အသေကောင်၌ မှီဝဲလျှင် ထုလ္လစ္စဉ်း။ အရိုးစု၌ ဖြစ်စေ၊ လုံးလုံး ပုပ်၍ ပျက်စီးနေသော အင်္ဂါဇာတ်နေရာ၌ ဖြစ်စေ မှီဝဲလျှင် ဒုက္ကဋ်အာပတ် သင့်၏၊]

‘ရဟန်း’ဟူရာ၌ ဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော ပုဂ္ဂိုလ် ကို ဆိုလိုသည်။

အမှာ။ ။ မေထုန်ဝတ္ထု ၅-မျိုးကို နောက်ဆက်တွဲ ‘ပါရာဇိကအမြွက်’၌ ရှု။

အင်္ဂါ-၂။ ။ မှီဝဲလိုဘိ၊ စိတ်ကူးရှိလျက်၁၊ သူ၏ မဂ်တွင်း-ကိုယ့်မဂ်သွင်းဟု၂၊ ကြောင်း ရင်းနှစ်လီ, အင်္ဂါညီ၊ ကျပြီ ပါရာဇိက်။

မှတ်ချက်။ ။ * ဤခရေပွင့် အမှတ်အသားဖြင့် ပြထားသော သိက္ခာပုဒ်များကို ဘိက္ခု, ဘိက္ခုနီတို့ နှစ်ဦးလုံးနှင့် သက်ဆိုင်သော သာဓာရဏသိက္ခာပုဒ်များဟု သိ။ [ခရေပွင့် = *]

* ၂။ အဒိန္နာဒါန

ဥစ္စာရှင်သည် ကိုယ်နှုတ်တို့ဖြင့် မပေးဘဲလျက် လူဇာတ်ရှိသော သူတစ်ပါး ၏ ရွှေစင်တစ်မတ်ကိုဖြစ်စေ၊ ထိုရွှေစင်တစ်မတ်နှင့် ညီတူညီမျှ ထိုက်တန်သော ဝတ္ထုပစ္စည်းကိုဖြစ်စေ ခိုးလိုသောစိတ်ဖြင့် မခိုးယူရ။ ခိုးယူလျှင် အဒိန္နာဒါန ပါရာဇိကအာပတ်သင့်၏၊ ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်းခြင်းငှာ မရတော့ချေ။ [ထိုထက် တန်ဖိုးများသော ဝတ္ထုပစ္စည်းကို ခိုးယူလျှင်ကား ဆိုဖွယ်ရာ မရှိပြီ။]

ထိုရွှေစင် တစ်မတ်ကား ရွှေ ၅-ပဲ, ငွေ ၅-ပဲ, ကြေးနီ ၁၀-ပဲတို့ ပေါင်းစပ် ၍ထားသော ပဲ-၂၀ ၏ လေးပုံတစ်ပုံဖြစ်သည့် တစ်မတ် (ခေါ်) ငါးပဲသားတည်း။ (တစ်နည်း) - ထိုတစ်မတ် (ခေါ်) ငါးပဲသား၌ ပါဝင်နေသော ရွှေ၏ တန်ဖိုးကား ခေတ်အလိုက် ဖြစ်ပေါ်နေသည့် ရွှေပေါက်စျေးနှင့် တွက်၍ရသော ငွေ၏ တန်ဖိုး တည်း။ ထိုတစ်ပဲတန် အထက်နှင့် တစ်မတ်တန် အောက်ကိုယူလျှင် ထုလ္လစ္စဉ်း၊ ထို တစ်ပဲတန်နှင့် တစ်ပဲတန် အောက်ကို ယူလျှင် ဒုက္ကဋ်အာပတ်သင့်၏၊

သတိ။ ။ ဤဒုတိယ ပါရာဇိကသည် နည်းမျိုးစုံ၏၊ နက်နဲသိမ်မွေ့၏၊ မိဘပစ္စည်း၌သော်လည်း စိတ်လျင်မြန်ခြင်းကြောင့် ရဟန်းအဖြစ်မှ ရွေ့တတ် သည်။ ထို့ကြောင့် သူတစ်ပါး၏ ပစ္စည်းကို ကြည့်လိုလျှင် ‘ကြည့်ပါရစေ, ခေတ္တ ပေးပါ’ဟု ပန်ကြားရမည်။ မပန်ကြားဘဲ ကိုင်တွယ်သုံးသပ်ခြင်း မပြုရာ။ ‘မြွေဆိုးတနဲ-မီးခဲပမာ’ သတိပြု၍ ရှောင်ကြဉ်ရာ၏၊

ကျော့ကွင်း၌ မိနေသော သမင်နှင့် မြှုံး၌မိနေသော ငါးတို့ကို ဥစ္စာရှင် မမြင်မီ ‘လွှတ်အံ့’ဟု ခိုးလိုသောစိတ်ဖြင့် လွှတ်လိုက်အံ့၊ ပါရာဇိကအာပတ် သင့်၏၊ [သနားသောစိတ်ဖြင့် လွှတ်လိုက်အံ့၊ အနာပတ္တိ၊ အာပတ်မသင့်။] ကိုယ်မပျက်သေးသော သူသေကောင်၌ ရှိနေသော အဝတ်ကို ပံသုကူ မကောက် ရ၊ ကောက်ယူလျှင် ဒုက္ကဋ်အာပတ်သင့်၏၊

အမှာ။ ။ ခိုးမှု ၂၅-မျိုးကို နောက်ဆက်တွဲ ‘ပါရာဇိကအမြွက်’၌ ရှု။

အင်္ဂါ-၅။ ။ လူဇာတ်ရှိငြား သူတစ်ပါး၏၊ ပိုင်ထားဥစ္စာ၁၊ သူ့ဥစ္စာဟု သိမှတ်မှုနှင့်၂၊ ဂရုပရိက်၃၊ ထေယျစိတ်သွင်း၄၊ ခိုးယူခြင်းဟု၅၊ ကြောင်းရင်းငါးလီ၊ အင်္ဂါညီ၊ ကျပြီပါရာဇိက်။

* ၃။ မနုဿဝိဂ္ဂဟ

ပဋိသန္ဓေတည်နေခြင်းကို အရင်းအစပြု၍ လူဇာတ်ရှိသော သူကို သေစေလိုသော စိတ်ဖြင့် ကိုယ်တိုင်သတ်၍ဖြစ်စေ၊ သူတစ်ပါးကို စေခိုင်း၍ဖြစ်စေ ထိုသူသေသော်လည်းကောင်း, သေခြင်းကို ဆောက်တည်စေခြင်းငှာ ဓားလက်နက်ကို ထိုသူ၏ အနီး၌ထား၍ ထိုဓားလက်နက်ဖြင့် ထိုသူ သေသော်လည်းကောင်း, ထိုသူအား သေချင်စိတ်ဖြစ်လာအောင် ‘အို အသင် ...သင်၌ ယုတ်မာသော မကောင်းသော အသက်ရှင်နေခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ သင်၌ အသက်ရှင်နေခြင်းထက် သေခြင်းက မြတ်၏’ စသည်ဖြင့် သေခြင်း၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းပြောဆို၍ ထိုပြောဆိုမှုကြောင့် ထိုသူ သေသော်လည်းကောင်း, သေခြင်းကို ဆောက်တည်စေခြင်းငှာ အကြံဉာဏ် နည်းလမ်းကို ပေး၍ ထိုအကြံဉာဏ် နည်းလမ်းအတိုင်း ထိုသူသည် သေခြင်းကို ဆောက်တည် ၍ သေသော်လည်းကောင်း မနုဿဝိဂ္ဂဟပါရာဇိကအာပတ်သင့်၏၊ ရဟန်း ကောင်းတို့နှင့် အတူတကွ ပေါင်းသင်းခြင်းငှာ မရတော့ချေ။

[သတ်အံ့ဟု အားထုတ်အံ့၊ ဒုက္ကဋ်။ ဝေဒနာကို ဖြစ်စေအံ့၊ ထုလ္လစ္စဉ်း။ သေအံ့၊ ပါရာဇိကအာပတ်သင့်၏၊ မည်သူဟု မရည်ရွယ်ဘဲ ‘တစ်ဦးတစ်ယောက် ကျ၍ သေလိမ့်မည်’ဟု တွင်းကို တူးအံ့၊ ဒုက္ကဋ်။ ထိုတွင်း၌ လူကျအံ့၊ ဒုက္ကဋ် အာပတ်သင့်၏၊ ကျ၍ ဒုက္ခဝေဒနာ ဖြစ်အံ့၊ ထုလ္လစ္စဉ်း။ သေစေအံ့၊ ပါရာဇိက အာပတ်သင့်၏၊]

သူတစ်ပါးကို စေခိုင်းအံ့၊ ဒုက္ကဋ်။ ဝေဒနာကို ဖြစ်စေအံ့၊ ထုလ္လစ္စဉ်း။ သေစေ အံ့၊ ပါရာဇိကအာပတ်သင့်၏၊

လက်နက်ကို အနီး၌ ချအံ့၊ ဒုက္ကဋ်။ ဝေဒနာကို ဖြစ်စေအံ့၊ ထုလ္လစ္စဉ်း။ သေအံ့၊ ပါရာဇိကအာပတ်သင့်၏၊

ချီးမွမ်း၍ ပြောအံ့၊ ဒုက္ကဋ်။ ထိုပြောဆိုမှု ကြောင့် သေတော့အံ့ဟု ဝေဒနာကို ဖြစ်စေအံ့၊ ထုလ္လစ္စဉ်း။ သေအံ့၊ ပါရာဇိက အာပတ်သင့်၏၊

အကြံဉာဏ် နည်းလမ်းကို ပေးအံ့၊ ဒုက္ကဋ်။ ထိုနည်းလမ်းအတိုင်း ဆောက် တည်၍ သေတော့အံ့ဟု ဝေဒနာဖြစ်အံ့၊ ထုလ္လစ္စဉ်း။ သေအံ့၊ ပါရာဇိကအာပတ် သင့်၏၊

လူယောင်ဆောင်နေသော ဘီလူး, ပြိတ္တာနှင့် နတ်ဘီလူး စသော နတ် မျိုးတို့ကို သတ်လျှင် ထုလ္လစ္စဉ်းအာပတ်သင့်၏၊

အင်္ဂါ-၅။ ။ လူဇာတ်လည်းရှိ၁၊ သတ္တဝါဟုသိ၍၂၊ သတ်မည်လိုလား စိတ်စက်ထား ဖြင့်၃၊ အားပါးစိုက်လျှင်း၄၊ စုတေခြင်းဟု၅၊ ကြောင်းရင်းငါးလီ၊ အင်္ဂါညီ၊ ကျပြီ ပါရာဇိက်။

* ၄။ ဥတ္တရိမနုဿဓမ္မ

စျာန်, မဂ်, ဖိုလ်, နိဗ္ဗာန်တရားကို မရ, မသိ, မမြင်ဘဲလျက် ငါရ၏၊ ငါသိ၏၊ ငါမြင်၏ဟု လူဇာတ်ရှိသော သူအား မပြောကြားရ။ ပြောကြားသော စကားကို ထိုခဏ၌ ထိုသူ သိနားလည်လျှင် ဥတ္တရိမနုဿဓမ္မပါရာဇိကအာပတ်သင့်၏၊ ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်းခြင်းငှာ မရတော့ချေ။ [မသိနားမလည်လျှင် ထုလ္လစ္စဉ်းအာပတ်သင့်၏၊ မိမိကိုယ်ကို စျာနလာဘီ ပုဂ္ဂိုလ်, အရိယာပုဂ္ဂိုလ်ဟု မှတ်ထင်လေအောင် သွယ်ဝိုက်၍ ပြောဆိုသဖြင့် သိလျှင် ထုလ္လစ္စဉ်း။ မသိလျှင် ဒုက္ကဋ်အာပတ်သင့်၏၊ တစ်စုံတစ်ရာကို ထုတ်ဆောင်၍ မပြောဘဲ ထိုကဲ့သို့ ထင်မှတ်လေအောင် ဟန်ဆောင်လျှင် ဒုက္ကဋ်အာပတ်သင့်၏၊]

လူအများ ချီးမွမ်းမြှောက်စားလိမ့်မည်ဟု မျှော်လင့်တောင့်တ၍ တော၌ နေအံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊

ဤသို့ ဆွမ်းခံလျှင် ဤသို့ပြုလျှင် ငါ့ကို လူအများ ချီးမွမ်းမြှောက်စားလိမ့်မည်ဟု မျှော်လင့်တောင့်တ၍ ဆွမ်းခံသော်လည်းကောင်း, ရပ်, သွား, ထိုင်, လျောင်းခြင်း စသည်တို့ကို ပြုသော်လည်းကောင်း ဒုက္ကဋ်အာပတ်သင့်၏၊

အင်္ဂါ-၅။ ။ စျာန်မဂ်ဖိုလ် ဥတ္တရိရယ်က၊ မိမိ၌မရှိမှန်၁၊ ပါပိစ္ဆာ စိတ်ဝါကြွားနှင့် ပြောမှားမိဟန်၂၊ သူတစ်ပါး မညွှန်ပြန်၃၊ နာခံသူလူသား၄၊ ပြောခြင်းပင် အမြန်သိလျှင်လ၅၊ အင်ငါးတန် အမှန်ရှိတာကြောင့်၊ စတုတ္ထာပါရာဇိငယ်၊ ကျ၏ မမှား။

အရှင်တို့ ...လေးပါးကုန်သော ပါရာဇိကအမည်ရှိကုန်သော အာပတ်တို့ကို သရုပ်အားဖြင့် ပြအပ်ကုန်ပြီးသည်သာတည်း။ အကြင်လေးပါးသော ပါရာဇိကတို့တွင် တစ်ပါးပါးသို့ ရောက်သော ရဟန်းသည် ရှေး လူ, သာမဏေတို့ ၏ ဘဝ၌ ရှိခဲ့စဉ်က ရဟန်းကောင်းတို့နှင့် အတူတကွ မပေါင်းသင်းရဘိသကဲ့သို့ နောက်၌လည်း တစ်ပါးကုန်သော ရဟန်းတို့နှင့် အတူတကွ မပေါင်းသင်းရ။ သာသနာတော်မှ ရှုံးခြင်းသို့ ရောက်လေပြီ။ ထိုလေးပါးကုန်သော ပါရာဇိက အာပတ်တို့၌ အရှင်တို့ကို ဘုရားတပည့်တော် မေးပါ၏၊ အသို့နည်း၊ အာပတ်မှ စင်ကြယ်ကြပါကုန်၏လော။ နှစ်ကြိမ်မြောက်လည်း မေးပါ၏၊ အသို့နည်း၊ အာပတ်မှ စင်ကြယ်ကြပါကုန်၏လော။ သုံးကြိမ်မြောက်လည်း မေးပါ၏၊ အသို့ နည်း၊ အာပတ်မှ စင်ကြယ်ကြပါကုန်၏လော။ အရှင်တို့သည် အာပတ်မှ စင်ကြယ်ကြကုန်သောကြောင့်သာလျှင် ဆိတ်ဆိတ်နေကြကုန်၏၊ ဤသို့ ဆိတ်ဆိတ်နေကြကုန်သဖြင့် အာပတ်မှ စင်ကြယ်ကြကုန်၏-ဟူ၍ သိမှတ်ရ၏၊

ပါရာဇိကကို သရုပ်အားဖြင့် ပြခြင်းသည် ပြီးခြင်းသို့ ရောက်ပြီ။