ဝိနည်းဥပဒေတော်ကြီး/ဘိက္ခုပါတိမောက် (မြန်မာသက်သက်)
၃။ ဘိက္ခုပါတိမောက် (မြန်မာသက်သက်)
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို မဖောက်မပြန် ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူသော ထို မြတ်စွာဘုရားအား ရိုသေစွာ ရှိခိုးပါ၏၊
ပုဗ္ဗကရဏ ၄-ပါး
တံမြက်လှည်းခြင်း, ဆီမီးညှိထွန်းခြင်း, နေရာခင်းခြင်းနှင့်တကွ သောက်ရေ သုံးဆောင်ရေ တည်ထားခြင်း၊ ဤလေးပါးသော အမှုကိစ္စတို့ကို သံဃာမစည်း ဝေးမီ ရှေးအဖို့၌ ပြုအပ်သောကြောင့် ဥပုသ်ကံ၏ ‘ပုဗ္ဗကရဏ’ဟူ၍ မိန့်ဆိုအပ် ၏၊
ပုဗ္ဗကိစ္စ ၅-ပါး
ဆန္ဒ, ပါရိသုဒ္ဓိ, ဥတုတို့ကို လျှောက်ကြားခြင်း၊ ရဟန်းအပေါင်းကို ရေတွက် ၍ လျှောက်ကြားခြင်း၊ ဩဝါဒကို လျှောက်ကြားခြင်း၊ ဤ ငါးပါးသော အမှုကိစ္စ တို့ကို သံဃာစည်းဝေးပြီးသည်နောက် ပါတိမောက်မပြမီ ရှေးအဖို့၌ ပြုအပ်သော ကြောင့် ဥပုသ်ကံ၏ ‘ပုဗ္ဗကိစ္စ’ဟူ၍ မိန့်ဆိုအပ်၏၊
ပတ္တကလ္လအင်္ဂါ ၄-ပါး
ဥပုသ်နေ့သည်လည်း ဖြစ်၏၊ အကြင်မျှလောက် လေးပါး, လေးပါးထက် အလွန်ဖြစ်ကုန်သော ပကတတ်ရဟန်းတို့သည်လည်း သုတ္တုဒ္ဒေသ သံဃဥပုသ်ကံအား လျောက်ပတ်ကုန်၍ တစ်သိမ်တည်း၌ နှစ်တောင့်ထွာ ဟတ္ထပါသ်အတွင်း တည်လျက် ရှိကုန်၏၊ သဘောတူဝတ္ထုကြောင့် သင့်သော အာပတ်တို့သည်လည်း မရှိကုန်၊ ထိုရဟန်းတို့၏ နှစ်တောင့်ထွာ ဟတ္ထပါသ်အတွင်းမှ ကြဉ်အပ်ကုန်သော လူ, ဘိက္ခုနီ စသော နှစ်ကျိပ်တစ်ယောက်သော ဝဇ္ဇနီယပုဂ္ဂိုလ်တို့သည်လည်း မရှိကုန်၊ ဤလေးပါးသော အင်္ဂါတို့ဖြင့် သင်္ဂြိုဟ်ရေတွက်အပ်သော ဥပုသ်ကံကို လျောက်ပတ်သော အခါရှိသောကြောင့် ‘ပတ္တကလ္လ’ဟူ၍ မိန့်ဆိုအပ်၏၊
ပုဗ္ဗကရဏ ၄-ပါးနှင့် ပုဗ္ဗကိစ္စ ၅-ပါးတို့ကို ပြည့်စုံစေပြီး၍ သင့်သော အာပတ်အတွက် ဒေသနာပြောပြီးသော ညီညွတ်သော သံဃာတော်၏ အလိုနှင့် အညီ ဘုရားတပည့်တော်တို့သည် ပါတိမောက်ကို ပြခြင်းငှာ အားထုတ်ကြ ကုန်အံ့။’ (သာဓု ..သာဓု ..သာဓု)
နိဒါနုဒ္ဒေသ
ဥပေါသထဉတ်
သုဏာတု မေ ဘန္တေ သံဃော၊ အဇ္ဇုပေါသထော ပန္နရသော (စာတုဒ္ဒသော)၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃော ဥပေါသထံ ကရေယျ၊ ပါတိမောက္ခံ ဥဒ္ဒိသေယျ။
အရှင်ဘုရားတို့, သံဃာတော်သည် ဘုရားတပည့်တော်၏ စကားကို နာတော်မူလော့၊ ယနေ့ ဥပုသ်နေ့သည် ပန္နရသီ-တစ်ဆယ့်ငါးရက် (စာတုဒ္ဒသီ- တစ်ဆယ့်လေးရက်)မြောက်သော နေ့တည်း။ သံဃာတော်အား လျောက်ပတ် သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာတော်သည် ဥပုသ်ကို ပြုရာ၏၊ ပါတိမောက်ကို ပြရာ၏၊
သံဃာတော်သည် ပုဗ္ဗကရဏ ၄-ပါးနှင့် ပုဗ္ဗကိစ္စ ၅-ပါးတို့ကို ပြုပြီးပြီလော။ အရှင်ဘုရားတို့ ...အာပတ်မှ စင်ကြယ်ခြင်းကို ပြောကြားကုန်လော့။ ပါတိမောက်ကို ပြပေအံ့။ ထိုပါတိမောက်ကို အလုံးစုံ ထေရ, နဝ, မဇ္ဈိမ ဖြစ်ကုန်သော ထင်ရှားရှိကုန်သော ဘုရားတပည့်တော်တို့သည် ကောင်းစွာ နာကြကုန်အံ့။ နှလုံးသွင်းကြကုန်အံ့။ အကြင်ရဟန်းအား အာပတ်သည် အကယ်၍ ရှိငြားအံ့၊ ထိုရဟန်းသည် ထင်စွာပြုရာ၏၊ အာပတ်သည် အကယ်၍ မရှိငြားအံ့၊ ဆိတ် ဆိတ်နေရာ၏၊ ဆိတ်ဆိတ်နေလျှင် အရှင်တို့ကို အာပတ်မှ စင်ကြယ်ကြကုန်၏-ဟူ၍ သိမှတ်ရပါအံ့။ အမှန်မှာ တစ်ပါးစီ တစ်ပါးစီ မေး၍ တစ်ပါးစီ တစ်ပါးစီ ဖြေကြားရမည် ဖြစ်သည်။ ယခုသော်ကား ဤရဟန်းပရိသတ်ကို ပေါင်းစု၍ တစ်ပါးစီ တစ်ပါးစီ မေးသကဲ့သို့ သုံးကြိမ်တိုင်အောင် မေးစိစစ်ပါအံ့။ အကြင် ရဟန်းသည် သုံးကြိမ်တိုင်အောင် မေးစိစစ်အပ်သည်ရှိသော် အာပတ်သင့်မှန်း သိလျက် ထင်ရှားရှိသော အာပတ်ကို ထင်စွာ မပြုငြားအံ့၊ ထိုရဟန်းအား သိလျက် ချွတ်ယွင်းသော စကားကို ဆိုသည်မည်ခြင်းကြောင့် သမ္ပဇာနမုသာဝါဒ ဒုက္ကဋ်အာပတ်သည် သင့်၏၊ အရှင်တို့ ...စင်စစ် သိလျက် ချွတ်ယွင်းသော စကားကို ဆိုခြင်းသည် စျာန်မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုတတ်သော အာပတ် ဖြစ်သည်ဟူ၍ မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ထို့ကြောင့် အာပတ်သင့် မှန်းသိသော ရဟန်းသည် သင့်သောအာပတ်မှ စင်ကြယ်ခြင်းကို အလိုရှိလျှင် ထင်ရှားရှိသော အာပတ်ကို ထင်စွာ ပြုအပ်၏၊ ထင်စွာပြုခြင်း၏ အကျိုးကား အာပတ်အတွက် တအုံနွေးနွေး မပူပန်ရတော့ဘဲ ထိုရဟန်းအား စျာန်မဂ်ဖိုလ် နိဗ္ဗာန်တရားကို ရခြင်းငှာ ချမ်းသာသောအကျင့်သည် ဖြစ်ပေါ်နေ၏၊
အရှင်တို့ ...နိဒါန်းကို ပြအပ်ပြီးသည်သာတည်း။ ထိုနိဒါန်း၌ အရှင်တို့ကို ဘုရားတပည့်တော် မေးပါ၏၊ အသို့နည်း၊ အာပတ်မှ စင်ကြယ်ကြပါကုန်၏ လော။ နှစ်ကြိမ်မြောက်လည်း မေးပါ၏၊ အသို့နည်း၊ အာပတ်မှ စင်ကြယ်ကြပါ ကုန်၏လော။ သုံးကြိမ်မြောက်လည်း မေးပါ၏၊ အသို့နည်း အာပတ်မှ စင်ကြယ် ကြပါကုန်၏လော။ အရှင်တို့သည် အာပတ်မှ စင်ကြယ်ကြကုန်သောကြောင့် သာလျှင် ဆိတ်ဆိတ်နေကြကုန်၏၊ ဤသို့ ဆိတ်ဆိတ်နေကြကုန်သဖြင့် ဤ အာပတ်မှ စင်ကြယ်ကြကုန်၏ဟူ၍ သိမှတ်ရ၏၊
နိဒါန်းကို ပြခြင်းသည် ပြီးခြင်းသို့ ရောက်ပြီ။