ဝိနည်းဥပဒေတော်ကြီး/ပုဂ္ဂိုလ်လေးမျိုး

ဝိနည်းဥပဒေတော်ကြီး
by အရှင်သြဘာသ
၂၇။ ပုဂ္ဂိုလ်လေးမျိုး
3371ဝိနည်းဥပဒေတော်ကြီး — ၂၇။ ပုဂ္ဂိုလ်လေးမျိုးအရှင်သြဘာသ

၂၇။ ပုဂ္ဂိုလ် ၄-မျိုး

ဤသာသနာတော်၌ ပုဂ္ဂိုလ် ၄-မျိုး ရှိ၏၊ ၎င်းတို့ကား —
၁။ လဇ္ဇီသူတော်ကောင်း၊
၂။ လဇ္ဇီသူယုတ်မာ၊
၃။ အလဇ္ဇီသူတော်ကောင်း၊
၄။ အလဇ္ဇီသူယုတ်မာတို့တည်း။

ထိုလေးယောက်တို့တွင် ဝိနယကုက္ကုစ္စ ရှိတတ်၍ ဣဿာ, မစ္ဆရိယ, မာယာ, သာဌေယျ စသည်နည်းပါး ရိုးသားဖြောင့်မတ်သူသည် လဇ္ဇီသူတော် ကောင်း မည်၏၊ ဝိနယကုက္ကုစ္စ ရှိတတ်၍ ဣဿာ, မစ္ဆရိယ, မာယာ, သာဌေယျ စသည် များပြားသော သူသည် လဇ္ဇီသူယုတ်မာ မည်၏၊ ဝိနယကုက္ကုစ္စ မရှိတတ် သော်လည်း ဣဿာ, မစ္ဆရိယ, မာယာ သာဌေယျ စသည်နည်းပါး ရိုးသား ဖြောင့်မတ်၍ မိမိပင် မကျင့်နိုင်စေကာမူ ကျင့်သူကို အားပေး၊ အမှန်ကို ရေးသား ပြောဆိုတတ်သော သူသည် အလဇ္ဇီသူတော်ကောင်း မည်၏၊ ဝိနယကုက္ကုစ္စ လည်း မရှိ၊ သိက္ခာပုဒ်တော်ကို လွန်ကျူးကျော်နင်းရန်လည်း ဝန်မလေး၊ ဣဿာ, မစ္ဆရိယ, မာယာ, သာဌေယျ စသည်ပေါများ၊ ရိုးသားဖြောင့်မတ်ခြင်းလည်း မရှိ၊ မိမိလည်း မကျင့်၊ သူတစ်ပါး ကျင့်သည်ကိုလည်း အပြစ်ဆို၊ ကိုယ်လိုရာသို့ ဆွဲ၊ သူတော်ကောင်းကို ရှုတ်ချ၍ မဟုတ်မတရား ရေးသားပြောဆိုတတ်သော သူသည် အလဇ္ဇီသူယုတ်မာ မည်၏၊ ထိုလေးယောက်တို့တွင် အနဝဇ္ဇသမန္တဘဒြ ဖြစ်သော လဇ္ဇီသူတော်ကောင်း ဖြစ်ရန် မိမိစိတ်ကို သန်သန်ကြီး ထားသင့်ပေသည်။

နှိုးဆော်သတိပေးချက်

ဝိနယကုက္ကုစ္စကား ရှိ၏၊ သို့သော် ပုထုဇဉ်တို့၏ စိတ်သည် များသော အားဖြင့် ယုတ်မာ၍ မနာလို ဝန်တိုသော သဘောရှိ၏၊ ထို့ကြောင့် သူများထက် သာအောင် နာမည်ကြီးအောင် ဆင်းရဲခြိုးခြံစွာ ကျင့်တတ်၏၊ ဤသို့ပြုသဖြင့် အသက်မွေးခြင်းသည် အမြင်အားဖြင့် ကျစ်ကျစ်လျစ်လျစ် ရှိလှ၍ ကြည်ညိုဖွယ် ကောင်းသော်လည်း အတွင်းစိတ်ထား မရိုးသားသောကြောင့် မိစ္ဆာဇီဝဖြစ်၍ ဒုက္ကဋ်အာပတ်ကို စုသည်နှင့် တူ၏၊ (ဝါ) အပါယ်သို့ သွားဖို့ စရိတ်စုသည်နှင့် တူ၏၊ သို့ဖြင့်ရသော ဆွမ်း, သင်္ကန်း စသော ပစ္စည်းများကို အခြားပုဂ္ဂိုလ်တို့အား လှူခြင်းသည် ဒုက္ကဋ်အာပတ်ကို ပေးဝေသည်နှင့် တူ၏၊ အဘယ်ကြောင့်ဆိုသော် မိစ္ဆာဇီဝဖြင့်ရသော ပစ္စည်းများကို သုံးစွဲသူတိုင်း ဒုက္ကဋ်အာပတ် သင့်သောကြောင့် တည်း။

ကိုယ့်အတွက်နှင့် သူတစ်ပါးအား အပြစ် မဖြစ်ပါစေနှင့်။ မနာလိုဝန်တို သော စိတ်ကိုလည်း မမွေးလေလင့်။ ရိပ်သာအချင်းချင်း ကျောင်းအချင်းချင်း သီတင်းသုံးဖော်အချင်းချင်းကိုလည်း ညီရင်းအစ်ကိုကဲ့သို့ သဘောထားပါ။ ယှဉ်ပြိုင်အနိုင်ယူလိုသော စိတ်ဖြင့် အဘယ်အရာကိုမှ မပြုလေလင့်၊ ပြုလျှင် ပြုသမျှ အပြစ် တိုးပွား၍ သေသောအခါ ငရဲသို့သာ လားချိမ့်မည်။ [ဤ ပုဂ္ဂိုလ်မျိုးကို လဇ္ဇီသူယုတ်မာဟု ခေါ်၏၊ ဤပုဂ္ဂိုလ်ထက် အလဇ္ဇီသူတော် ကောင်းက မြတ်သေး၏၊ မိမိ၏ အကြောင်းကို မိမိသာလျှင် အသိဆုံးဖြစ်၍ မိမိသည် လဇ္ဇီသူတော်ကောင်း ဟုတ်သည်, မဟုတ်သည်ကို မိမိပင် ဆုံးဖြတ်၍ သူတော်ကောင်း မဟုတ်သေးလျှင် ဟုတ်အောင် ပြုပြင်ပါလေ။

ဆိုဦးအံ့ — မိမိ၏ ပင်ကိုစိတ်သည် ရိုးသား၏၊ သို့ရာတွင် အခြားပုဂ္ဂိုလ်တို့ ကျင့်သုံးဆောက်တည်သကဲ့သို့ မိမိက လိုက်မလုပ်လျှင် သူများအထင်သေးမည် စိုး၍ ထိုပုဂ္ဂိုလ်တို့ကဲ့သို့ ဘာဝနာ, ဓုတင် စသည်တို့ကို လိုက်၍ အားထုတ် ဆောက်တည်ငြားအံ့၊ မိမိသည် ထိုသူတို့နှင့် ယှဉ်ပြိုင်ရာလည်း ကျမှန်းမသိ ကျသည်။ အထင်ကြီးအောင် ပြုရာလည်း ရောက်မှန်းမသိ ရောက်သည်ဟူ၍ သတိပေးလိုပါ၏၊ အမှန်မှာ ရိုးသားသော စိတ်ဖြင့် အားထုတ် ဆောက်တည်ခြင်း ကိုသာလျှင် ဘုရားရှင် ချီးမွမ်းတော်မူ၏၊ ထိုသို့ စိတ်ကို မထိန်းနိုင်လျှင်ကား မဆောက်တည်လေလင့်၊ ဆောက်တည်ခြင်းထက် မဆောက်တည်ဘဲ နေခြင်းက ပို၍မြတ်သေး၏၊ (ဆောက်တည်ခြင်းကြောင့် အပြစ်ဖြစ်သည်၊ မဆောက်တည် ခြင်းကြောင့် အပြစ်မဖြစ် ဟူလို။) အတုခိုးသင့်သော အလုပ်မျိုးဟူ၍ အမြင်မှန်ရသဖြင့် လိုက်လုပ်ခြင်းမျိုးကို မဆိုလိုပါ။ ဤသို့ လိုက်လုပ်သူကို လှိုက်လှိုက် လှဲလှဲ ချီးကျူးပါ၏၊]

ထို့ကြောင့် လဇ္ဇီသူတော်ကောင်းဖြစ်အောင် စိတ်ကို အဖန်ဖန် ဆုံးမနိုင်၍ ရိုးသားဖြောင့်မတ်သော စိတ်ဖြင့် ဓုရနှစ်ပါးကို အစွမ်းကုန် ပွားများအားထုတ် နိုင်ကြပါစေသောဝ်။

ပုဂ္ဂိုလ်လေးမျိုး ပြီးပြီ။