ဝိနည်းဥပဒေတော်ကြီး/နိဿယမုစ္စက အမြွက်

ဝိနည်းဥပဒေတော်ကြီး
by အရှင်သြဘာသ
၂၈။ နိဿယမုစ္စက အမြွက်
3362ဝိနည်းဥပဒေတော်ကြီး — ၂၈။ နိဿယမုစ္စက အမြွက်အရှင်သြဘာသ

၂၈။ နိဿယမုစ္စက အမြွက်

ငါးဝါတွင်းဝယ်၊ ဥပဇ္ဈာယ်၊ မှီတွယ် မကင်းရာ။

အဓိပ္ပာယ်။ ။ ရဟန်းဖြစ်ပြီးသည်မှ ငါးနှစ်အတွင်း၌ ဥပဇ္ဈာယ်ဆရာ, နိဿယည်းဆရာ နှစ်ပါးတို့တွင် တစ်ပါးပါးကို မှီတွယ်၍သာ နေရသည်။ မိမိ ဥပဇ္ဈာယ်ဆရာ နေသော တိုက်တာမှ ထွက်ခွာ၍ တစ်ပါးသော တိုက်တာ၌ နေသောအခါ နိဿယည်းဆရာအင်္ဂါမြောက်သော ဝိနည်းဓိုရ်ပုဂ္ဂိုလ်ထံမှာ နိဿယည်းယူ၍ နေရသည်။ ထိုသို့ယူရာ၌လည်း အာရာမ်ပရိဝုဏ် ခြား၍ မနေ အပ်၊ နေသော် ဒုက္ကဋ်အာပတ် နေ့တိုင်းနေ့တိုင်း သင့်၏၊ [ဤကို ထောက်၍ ကြောက်ကြကုန်၊ အလွယ်မမှတ်လင့်။] အာရာမ်ရှိက အာရာမ်ဖြင့် ပိုင်းခြင်း၊ အာရာမ်မှ ပြင်ဘက်၌ ဖြစ်သော်လည်းကောင်း၊ အာရာမ် မရှိသော်လည်းကောင်း ခဲနှစ်ပစ်ဖြင့် ဆုံးဖြတ်ရမည်သာ။

နိဿယည်းယူပုံ

အာစရိယော မေ ဘန္တေ ဟောဟိ၊ အာယသ္မတော နိဿာယ ဝစ္ဆာမိ။ ဒုတိယမ္ပိ။ တတိယမ္ပိ။ [သုံးခေါက်]။ အရှင်မြတ်ဘုရား ... သက်တော် ရှည်သော အရှင်မြတ်ဘုရားသည် ဘုရားတပည့်တော်၏ မှီခိုစရာ နိဿယည်းဆရာသည် ဖြစ်တော်မူပါဘုရား။ အရှင်မြတ်ဘုရားကို မှီ၍ နေပါအံ့ဘုရား။ [ဥပဇ္ဈာယ်ယူပုံကို ‘ရဟန်းခံခြင်းအစီအစဉ် ဥပသမ္ပဒကံဆောင်ခန်း၊ တစ်ပါးအတွက်၌ ရှု။]

‘သာဟု’ (ကောင်းပြီ)ဟူ၍လည်းကောင်း၊ ‘လဟု’ (ငါ့အား ဝန်မလေး) ဟူ၍ လည်းကောင်း၊ ‘ဩပါယိကံ’ (ငါ၏ တာဝန်ပေ)ဟူ၍လည်းကောင်း၊ ပတိရူပံ (သင့်တင့်၏)ဟူ၍လည်းကောင်း၊ ‘ပါသာဒိကေန သမ္ပာဒေဟိ’ (ကြည် ညိုဖွယ်ကို ဆောင်သော ကိုယ်အမူအရာ, နှုတ်အမူအရာအားဖြင့် သိက္ခာသုံးရပ် သာသနာတော်မြတ်ကို ပြည့်စုံစေလော့)ဟူ၍လည်းကောင်း၊ ဤငါးရပ်သော စကားတို့တွင် တစ်ရပ်ရပ်ဖြင့် ဆရာက ဆိုလေ။

တပည့်က -- “အာမ ဘန္တေ။ ပြည့်စုံစေပါမည် ဘုရား”ဟု ဆို။

ဆရာက ခွင့်လွှတ်သော စကားကို မိန့်ကြားပုံ။ ။ ဆရာ၏ အပေါ်၌ ပြုသင့်ပြုထိုက်သော ဝတ်ကြီးဝတ်ငယ်တို့ကို မပြုမူ၍ ချမ်းသာစွာဖြင့် ပရိယတ်, ပဋိပတ်တို့ကို ပွားများအားထုတ်၍ နေထိုင်လေ။ [နိဿယည်းဆရာ၌ ပြုရန် ကျင့်ဝတ်ကို ဝိနည်းမဟာဝဂ်ပါဠိတော် (မြန်မာပြန်) အပိုဒ်-၇၈၌ ရှု။]

တပည့်က ခွင့်လွှတ်သော စကားကို လျှောက်ကြားပုံ။ ။ အရှင်မြတ်ဘုရား အရှင်မြတ်ဘုရားသည် ဘုရားတပည့်တော်၏ အပေါ်၌ ပြုသင့်ပြုထိုက်သော ဝတ်ကြီးဝတ်ငယ်တို့ကို မပြုမူ၍ ချမ်းသာသက်သက် ကြောင့်ကြမဲ့ နေတော်မူ ပါဘုရား။ [တပည့်အပေါ်၌ ပြုရန် ကျင့်ဝတ်ကို ဝိနည်းမဟာဝဂ်ပါဠိတော် (မြန်မာပြန်) အပိုဒ်-၇၉၌ ရှု။]

မှတ်ချက်။ ။ အလဇ္ဇီရဟန်းကို မှီ၍ နေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ဝိနည်း၌ မသိမလိမ္မာသော ရဟန်းသည်လည်း နိဿယည်းပေးအံ့၊ ဒုက္ကဋ် အာပတ် သင့်၏၊ [ဝိနည်းမဟာဝဂ်ပါဠိတော် (မြန်မာပြန်)အပိုဒ်-၁၂၀၊ အလဇ္ဇီနိဿယဝတ္ထုများ။] ဤအဆိုတို့ကို ထောက်သောအားဖြင့် လဇ္ဇီလည်းဖြစ်၍ ဝိနည်း၌လည်း ကျွမ်းကျင်လိမ္မာသော ပုဂ္ဂိုလ်ကို မှီ၍ နေရမည်ဟူ၍ သိအပ်၏၊

သတိ။ ။ယခုအခါ တစ်ဝါရ နှစ်ဝါရမျှနှင့် ကျောင်းထိုင်ဘုန်းကြီး လုပ်ကြ သည်။ တပည့်တပန်းများ မွေးကြသည်။ တပည့်ရဟန်းသာမဏေတို့ ဝတ်ကြီး ဝတ်ငယ် ပြုသည်ကို သာယာကြသည်။ ဝိနည်းသိက္ခာပုဒ်၌ မသိ, မလိမ္မာဘဲ ငါ ဆယ်ဝါ ရပြီ, ဝါတော်နှစ်ဆယ် ရပြီဟု ဥပဇ္ဈာယ်ပြု၍ သူ့ကို သာမဏေ ပြုပေးကြသည်။ ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးကြသည်။ သာမဏေကို လိင်ပေးကြ သည်။ ဥပဇ္ဈာယ် ယူစေကြသည်ကား မှားကြလေသည်သာ။ ဝိနယ၏ အနက် အဓိပ္ပာယ်ကို ကိုယ်တိုင် မသိမမြင်ဘဲလျက် ပရိသတ်ထိန်း၍ သူများကို ဆုံးမ သဖြင့် အဘယ်မှာ ဝိနည်းသိက္ခာပုဒ် မပျောက်မပျက်ဘဲ ရှိနိုင်ပါတော့အံ့နည်း။ တောင်ကို မေးလျှင် မြောက်ကို၊ မြောက်ကို မေးလျှင် တောင်ကို၊ ပိန္နဲကို မေးလျှင် သရက်ကို၊ သရက်ကို မေးလျှင် ပိန္နဲကို ဖြေကြားသကဲ့သို့သာ ဖြစ်ရာသည်။ ဖြစ်က အကျိုးမနည်း ပြီလော။ လျှာကို ထိကာမျှ လျှာအတုံးတုံးပြတ်၍ သေစေ တတ်သော ဆေးပင်ကို ရေသွန်း၍ ပျိုးသော ယောကျ်ားကဲ့သို့ မဖြစ်ရာပြီလော။ အဆိပ်ထန်သော မြွေကို အစာပေး၍ မွေးသော ယောက်ျားကဲ့သို့ မဖြစ်ရာပြီ လော။ မိမိ၏ အသက်အန္တရာယ်ကိုသာ ရှာသော ရန်သူကို အတွင်းထား၍ မွေးမှားသော ယောကျ်ားကဲ့သို့ မဖြစ်ရာပြီလော။ ထို့ကြောင့် ပရိသတ် မမွေးထိုက် ဘဲ ပရိသတ် မမွေးပါလေလင့်။ ဥပဇ္ဈာယ်ပြု၍ သူ့ကို ပဉ္စင်းခံမပေးထိုက်ဘဲ သာမဏေ မပြုပေးထိုက်ဘဲ သာမဏေအလုပ်အကျွေးကို မခံထိုက်ဘဲ မခံပါလေ လင့်။ တစ္ဆေသဘက် ထူသော်လည်း မျက်မမြင်သည် တစ္ဆေကို မကြောက်၊ သဘက်ကို မကြောက်သကဲ့သို့ ဘုရားဝိနည်းတော်ကို မသိသော ရဟန်းသည် လည်း ရောက်အံ့သည့်အပြစ်ကို မကြောက်၊ “သောကော ရောဂေါ ဝိနဿတု” နှင့်သာ ကာလကြာမြင့်စွာ ကိုယ်ကို အကျော်အစောဖြစ်ခြင်းငှာသာ အားထုတ် ကြခြင်းသည် ပပဉ္စဓမ္မသာ ဖြစ်ချေသည်။ သိကြပါ၊ ဆင်ခြင်ကြပါ။ [တဏှာ, မာန, ဒိဋ္ဌိ ဤတရားသုံးပါးသည် သံသရာကို ချဲ့တတ်ရာကား ပပဉ္စဓမ္မ မည်၏၊၊]

ဝိနည်း၌ မလိမ္မာသော ရဟန်းသည် အသက်ထက်ဆုံး နိဿယည်းဆရာ ဥပဇ္ဈာယ်ဆရာကို မှီ၍သာလျှင် အသက်ရှင်၏၊ ထို့ကြောင့် မိမိထက် သီတင်း သိက္ခာကြီးသော ဆရာကို မရနိုင်လျှင် သီတင်းသိက္ခာ ငယ်သော နိဿယည်း ဆရာထံ၌ပင်သော်လည်း မိမိသည် ဝါတော်ခြောက်ဆယ် ရှိသည်မူလည်း ဖြစ်စေ၊ ဝါတော်ခုနစ်ဆယ် ရှိသည်မူလည်းဖြစ်စေ ဆောင့်ကြောင့်ထိုင်၍ လက်အုပ်ချီ၍ ‘အာစရိယော မေ အာဝုသော ဟောဟိ၊ အာယသ္မတော နိဿာယ ဝစ္ဆာမိ’ဟု ဆို၍ နိဿယည်းယူအပ်၏၊ [သီလဝိသောဓနီကျမ်း။]

နိဿယည်းငြိမ်းပုံ

ဖဲ, ပြောင်း, ထွက်, သေ၊ နှင်ထုတ်ချေ၊ ငြိမ်းလေ နိဿယည်း။

၁။ ဥပဇ္ဈာယ်ဆရာ အရပ်တစ်ပါးသို့ အပြီးဖဲသွားခဲ့သော်လည်းကောင်း၊ ၂။ တိတ္ထိဘောင်သို့ ပြောင်းသွားခဲ့သော်လည်းကောင်း၊ ၃။ လူထွက်ခဲ့သော်လည်း ကောင်း၊ ၄။ သေဆုံးခဲ့သော်လည်းကောင်း၊ ၅။ တပည့်ဖြစ်သူ ရဟန်းကို ဥပဇ္ဈာယ်ဆရာက နှင်ထုတ်ခဲ့သော်လည်းကောင်း ဥပဇ္ဈာယ်နှင့် စပ်သော အမှီ ပျက်၏၊

နိဿယည်းယူ၍ နေရာမှာလည်း နိဿယည်းဆရာ အပြီးအပြတ် ဖဲသွား ခြင်းစသည့် ငါးပါးတွင် မိမိဥပဇ္ဈာယ် ဆရာရင်းနှင့် တွေ့ဆုံမှုကို ထည့်၍ အမှီပျက်အင်္ဂါ ၆-ပါး ရှိ၏၊ [တွေ့ဆုံမှုဟူရာ၌ ဥပဇ္ဈာယ်ဆရာနှင့် တွေ့ဆုံမှသာလျှင် နိဿယည်း အမှီပျက်သည်မဟုတ်၊ ၎င်း၏ အသံကို ကြား၍ မိမိ ဥပဇ္ဈာယ်ဆရာ၏ အသံပင်တည်းဟု သိရုံမျှဖြင့်လည်း နိဿယည်းအမှီပျက်သည်ဟု ဆိုလိုသည်။ အကျယ်သိလိုမူ မဟာဝါဘာသာဋီကာ၊နှာ၊၁၃၅-၁၃၆တို့၌ ရှုတော်မူကြပါကုန်။]

မိမိသည် နိဿယည်းဆရာ ဥပဇ္ဈာယ်ဆရာထံမှ ညဉ့်အိပ် အရပ်တစ်ပါးသို့ သွားသော်လည်းကောင်း, နိဿယည်းဆရာ ဥပဇ္ဈာယ်ဆရာ သွားသော်လည်း ကောင်း နိဿယည်းပျက်သည်။ နိဿယည်းအသစ် ယူရပြန်သည်။ ညဉ့်ပင် မအိပ်သော်လည်း ညဉ့်အိပ်သွားအံ့ဟူ၍လည်းကောင်း၊ တစ်လအကြာ သွားအံ့ ဟူ၍လည်းကောင်း၊ မလာပြီဟူ၍လည်းကောင်း သွားသည်ရှိသော် ဥပစာသိမ် ပရိဝုဏ်ကို လွန်ကတည်းကပင် ယူထားသော နိဿယည်း ပျက်၏၊ မသွားလို၍ ထိုနေ့ ပြန်လာသော်လည်း မစောင့်ပြီ။ နိဿယည်းအသစ်ယူ၍ နေရမည်သာ။

‘ဝါပ’၌လည်း နိဿယည်းကင်း၍ မနေအပ်

ဝါတွင်း၌သာလျှင် မဟုတ်၊ ဝါပ၌လည်း ဥပဇ္ဈာယ်ဆရာ နိဿယည်း ဆရာနှင့် ကင်း၍ မနေအပ်ဟု အောက်ပါအချက် ၄-ချက်တို့ကို ထောက်သော အားဖြင့် သိတော်မူကြပါကုန်။

ဥပဇ္ဈာယ်ဆရာ လူထွက်သော်လည်းကောင်း၊ သေဆုံးသော်လည်းကောင်း၊ တိတ္ထိဘောင်သို့ ပြောင်းသွားသော်လည်းကောင်း ဥပဇ္ဈာယ်ဆရာနှင့် စပ်သော အမှီ ပျက်၏၊ ထို့ကြောင့် နိဿယည်းပေးတတ်သော ဆရာရှိရာသို့ ထိုနေ့၌ပင် သွားအပ်၏ဟု အောက်ပါပါဌ်ဖြင့် မဟာခန္ဓက၌ မဟာဝါ အဋ္ဌကထာဆရာ ဆို၏၊ [ဝါတွင်းဝါပ ဟူ၍ ခွဲခြား၍ မဆိုပါ၊ ဤသို့ မဆိုသည်ကို ထောက်လျှင် ဝါတွင်း ဝါပ နှစ်ခုလုံးကို သိမ်းကျုံး၍ ဆိုသည်ဟူ၍ သိအပ်၏၊]

ပထမအချက်

ဝိဗ္ဘန္တေ ပန ကာလင်္ကတေ ပက္ခသင်္ကေန္တေ ဝါ ဧကဒိဝသမ္ပိ ပရိဟာရော နတ္ထိ။ ယတ္ထ နိဿယော လဗ္ဘတိ၊ တတ္ထ ဂန္တဗ္ဗံ။

ပန = ဆက်ဦးအံ့။ ဝိဗ္ဘန္တေ = ဥပဇ္ဈာယ်ဆရာ လူထွက်သည်ရှိသော်။ ဧကဒိဝသမ္ပိ = တစ်နေ့မျှလည်း။ ပရိဟာရော = အာပတ်မသင့်အောင် ရှောင်လွှဲ ကြောင်း အစီအရင်သည် (ဝါ) အစောင့်အရှောက်သည်။ နတ္ထိ = မရှိ။ ကာလင်္ကတေ ဝါ = သေခဲ့သော်လည်းကောင်း။ ပက္ခသင်္ကန္တေ ဝါ = တိတ္ထိဘောင်သို့ ပြောင်းသွားခဲ့သော်လည်းကောင်း။ ဧကဒိဝသမ္ပိ = တစ်နေ့မျှလည်း။ ပရိဟာရော = အာပတ်မသင့်အောင် ရှောင်လွှဲကြောင်း အစီအရင်သည် (ဝါ) အစောင့်အရှောက်သည်။ နတ္ထိ = မရှိ။ ယတ္ထ = အကြင်ကျောင်း၌။ နိဿယော = နိဿယည်း ကို။ လဗ္ဘတိ = ရအပ်၏၊ တတ္ထ = ထိုကျောင်းသို့။ ဂန္တဗ္ဗံ = သွားအပ်၏၊

ဒုတိယအချက်

၎င်းကို သာရတ္ထဒီပနီဋီကာ တတိယတွဲ မဟာခန္ဓက၌ — ဝိဗ္ဘန္တေ။ ပ။ တတ္ထ ဂန္တဗ္ဗန္တိ ဧတ္ထ သစေ ကေနစိ ကရဏီယေန တဒဟေဝ ဂန္တုံ အသက္ကောန္တော ကတိပါဟေန ဂမိဿာမီတိ ဂမနေ သဥဿာဟော ဟောတိ၊ ရက္ခတီတိ ဝဒန္တိ။

ဝိဗ္ဘန္တေ။ ပ။ တတ္ထ ဂန္တဗ္ဗန္တိ ဧတ္ထ =ဝိဗ္ဘန္တေ။ ပ။ တတ္ထ ဂန္တဗ္ဗံ--ဟူသော ဤပါဌ်၌။ အဓိပ္ပာယော = အဓိပ္ပာယ်ကို။ ဧဝံ = ဤသို့။ ဝေဒိတဗ္ဗော = သိအပ်၏၊ ကေနစိ ကရဏီယေန = တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စကြောင့်။ တဒဟေဝ = ထိုနေ့၌ပင်လျှင်။ ဂန္တုံ = သွားခြင်းငှာ။ အသက္ကောန္တော = မစွမ်းနိုင်သည်ဖြစ်၍၊ (ဝါ) မစွမ်းနိုင်သော ရဟန်းသည်။ ကတိပါဟေန = အနည်းငယ်သောရက်ဖြင့်။ ဂမိဿာမိ = သွားအံ့။ ဣတိ = ဤသို့။ ဂမနေ = သွားခြင်း၌။ သဥဿာဟော = အားထုတ်ခြင်းနှင့် တကွဖြစ်သည်၊ (ဝါ) အားထုတ်မှုရှိသည်။ သစေ ဟောတိ = အကယ်၍ ဖြစ်အံ့။ ရက္ခတိ = အာပတ်သင့်ခြင်းမှ စောင့်သေး၏၊ ဣတိ = ဤသို့။ ဝဒန္တိ = ဆိုကုန်၏ဟူ၍ ဖွင့်ဆို၏၊

ယခုခေတ် အချို့ကျောင်းများ၌ ကျောင်းထိုင်ဘုန်းကြီး ရှာ၍မရသဖြင့် ကျောင်းစောင့်အဖြစ်ဖြင့် နေနေကြခြင်းသည် အပ်, မအပ် စိစစ်လျှင် အထက်ပါ ပါဌ်တို့ဖြင့် မဟာဝါ အဋ္ဌကထာဆရာ, သာရတ္ထဒီပနီဋီကာဆရာ နှစ်ဦးလုံးပင် ကျောင်းကို မငဲ့ဘဲ ကျောင်းမှ ဖဲခွာစေ၍ နိဿယည်းပေးတတ်သော ဆရာရှိရာ သို့ သွားစေသည်ကို ထောက်သောအားဖြင့် ကျောင်းစောင့်အဖြစ်ဖြင့် တစ်ညဉ့်မျှ သော်လည်း မနေအပ်ဟု မှတ်ယူအပ်၏၊

တတိယအချက်

သစေ ပန ဝိဟာရေ နိဿယဒါယကော နတ္ထိ၊ ဥပဇ္ဈာယော စ “အဟံ ကတိပါဟေန အာဂမိဿာမိ၊ မာ ဥက္ကဏ္ဌိတ္ထာ”တိ ဝတွာ ဂတော၊ ယာဝ အာဂမနာ ပရိဟာရော လဗ္ဘတိ။ အထာပိ နံ တတ္ထ မနုဿာ ပရိစ္ဆိန္နကာလတော ဥတ္တရိပိ ပဉ္စ ဝါ ဒသ ဝါ ဒိဝသာနိ ဝါသေန္တိယေဝ၊ တေန ဝိဟာရံ ပဝတ္တိ ပေသေတဗ္ဗာ “ဒဟရာ မာ ဥက္ကဏ္ဌန္တု၊ အဟံ အသုကဒိဝသံ နာမ အာဂမိဿာမီ”တိ။ ဧဝမ္ပိ ပရိဟာရော လဗ္ဘတိ။ အထ အာဂစ္ဆတော အန္တရာမဂ္ဂေ နဒီပူရေန ဝါ စောရာဒီဟိ ဝါ ဥပဒ္ဒဝေါ ဟောတိ၊ ထေရော ဥဒကောသက္ကနံ ဝါ အာဂမေတိ၊ သဟာယေ ဝါ ပရိယေသတိ၊ တေဉ္စ ပဝတ္တိံ ဒဟရာ သုဏန္တိ၊ ယာဝ အာဂမနာ ပရိဟာရော လဗ္ဘတိ။ သစေ ပန သော “ဣဓေဝါဟံ ဝသိဿာမီ”တိ ပဟိဏတိ၊ ပရိဟာရော နတ္ထိ။ ယတ္ထ နိဿယော လဗ္ဘတိ၊ တတ္ထ ဂန္တဗ္ဗံ။

ပန = ဆက်ဦးအံ့။ ဝိဟာရေ = ကျောင်း၌။ နိဿယဒါယကော = နိဿယည်းပေးနိုင်သော ဆရာသည်။ သစေ နတ္ထိ = အကယ်၍ မရှိငြားအံ့။ ဥပဇ္ဈာယော စ = ဥပဇ္ဈာယ်သည်လည်း။ အဟံ = ငါသည်။ ကတိပါဟေန = အနည်းငယ်သော ရက်ဖြင့်။ အာဂမိဿာမိ = ပြန်လာအံ့။ (တုမှေ = သင်တို့သည်)။ မာ ဥက္ကဏ္ဌိတ္ထ = မပျင်းရိကြကုန်လင့်။ ဣတိ = ဤသို့။ ဝတွာ = ပြောဆို၍။ ဂတော = သွားသည်။ သစေ ဟောတိ = အကယ်၍ ဖြစ်ငြားအံ့။ ဧဝံ သတိ = ဤသို့ ဖြစ်သည်ရှိသော်။ ယာဝ အာဂမနာ = ပြန်လာသည်တိုင်အောင်။ ပရိဟာရော = အာပတ်မသင့်အောင် ရှောင်လွှဲကြောင်း အစီအရင်ကို၊ (ဝါ) အစောင့်အရှောက်ကို။ လဗ္ဘတိ = ရအပ်၏၊ နံ = ထိုဥပဇ္ဈာယ်ကို။ တတ္ထ = ထိုရောက်ရာ အရပ်၌။ မနုဿာ = အာဝါသိက သို့မဟုတ် ဒါယကာ ဒါယိကာမ ဖြစ်ကုန်သော လူတို့သည်။ ပရိစ္ဆိန္နကာလတော = ပိုင်းခြားအပ်ပြီးသော အချိန်ထက်။ ဥတ္တရိပိ = အလွန်လည်း။ ပဉ္စ ဝါ ဒိဝသာနိ = ငါးရက်တို့ပတ်လုံးလည်းကောင်း။ ဒသ ဝါ ဒိဝသာနိ = ဆယ်ရက်တို့ပတ်လုံးလည်းကောင်း။ အထာပိ ဝါသေန္တိယေဝ = အကယ်၍မူလည်း နေမြဲနေစေကုန်အံ့။ တေန = ထိုဥပဇ္ဈာယ်သည်။ ဒဟရာ = ရဟန်းငယ်တို့သည်။ မာ ဥက္ကဏ္ဌန္တု = မပျင်းရိကြကုန်လင့်။ အဟံ = ငါသည်။ အသုကဒိဝသံ နာမ = ထိုမည်သောနေ့၌။ အာဂမိဿာမိ = ပြန်လာအံ့။ ဣတိ = ဤသို့။ ပဝတ္တိ = ဖြစ်ပုံကို။ ဝိဟာရံ = နေရင်းကျောင်းသို့။ ပေသေတဗ္ဗာ = စေလွှတ်ပြောပြထိုက်၏၊ ဧဝမ္ပိ = ဤသို့ စေလွှတ်ပြောပြရာ၌လည်း။ ပရိဟာရော = အာပတ်မသင့်အောင် ရှောင်လွှဲကြောင်းအစီအရင်ကို၊ (ဝါ) အစောင့်အရှောက် ကို။ လဗ္ဘတိ = ရအပ်၏၊ အာဂစ္ဆတော = ပြန်လာသော ဥပဇ္ဈာယ်အား။ အန္တရာမဂ္ဂေ = လမ်းခရီးအကြား၌။ နဒီပူရေန ဝါ = မြစ်ရေပြည့်နေခြင်းကြောင့်သော် လည်းကောင်း။ စောရာဒီဟိ ဝါ = ခိုးသူ စသည်တို့ကြောင့်သော်လည်းကောင်း။ ဥပဒ္ဒဝေါ = ဘေးရန်သည်။ ဟောတိ = ဖြစ်အံ့။ ထေရော = မထေရ်သည်။ ဥဒကောသက္ကနံ = ရေ၏ ဆုတ်နစ်ခြင်းကို၊ (ဝါ) ရေကျခြင်းကို။ အထ အာဂမေတိ = အကယ်၍ ဆိုင်းငံ့အံ့။ (ဧဝံ သတိ) ဝါ = ဤသို့ ဖြစ်သော်လည်းကောင်း။ သဟာယေ = ခရီးသွားဖော်တို့ကို။ အထ ပရိယေသတိ = အကယ်၍ ရှာအံ့။ (ဧဝံ သတိ) ဝါ = ဤသို့ဖြစ်သော်လည်းကောင်း။ တံ စ ပဝတ္တိံ = ထိုဖြစ်ပုံ အ ကြောင်းကိုလည်း။ ဒဟရာ = ရဟန်းငယ်တို့သည်။ အထ သုဏန္တိ = အကယ်၍ ကြားကုန်အံ့။ (ဧဝံ သတိ) = ဤသို့ ကြားကုန်သည်ရှိသော်။ ယာဝ အာဂမနာ = ပြန်ရောက်လာသည့်တိုင်အောင်။ ပရိဟာရော = အာပတ်မသင့်အောင် ရှောင်လွှဲကြောင်း အစီအရင်ကို၊ (ဝါ) အစောင့်အရှောက်ကို။ လဗ္ဘတိ = ရအပ်၏၊ ပန = ဗျတိရိက်ကား၊ (ဝါ) ဆန့်ကျင်ဘက်ကား။ သော = ထို ဥပဇ္ဈာယ်သည်။ ဣဓေဝ- ဣဓ ဧဝ = ဤရောက်ရာအရပ်၌သာလျှင်။ အဟံ = ငါသည်။ ဝသိဿာမိ = နေတော့အံ့။ ဣတိ = ဤအကြောင်းကို။ သစေ ပဟိဏတိ = အကယ်၍ တမန်စေလွှတ် ပြောပြအံ့။ (ဧဝံ သတိ = ဤသို့ စေလွှတ်ပြောပြသည် ရှိသော်။ ပရိဟာရော = အာပတ်မသင့်အောင် ရှောင်လွှဲကြောင်း အစီအရင် သည်၊ (ဝါ) အစောင့်အရှောက်သည်။ နတ္ထိ = မရှိပြီ။ ယတ္ထ = အကြင် ကျောင်း တိုက်၌။ နိဿယော = နိဿယည်းကို။ လဗ္ဘတိ = ရနိုင်, ရအပ်၏၊ တတ္ထ = ထိုကျောင်းတိုက်သို့။ ဂန္တဗ္ဗံ = သွားအပ်၏—ဟု မဟာခန္ဓက၌ မဟာဝါ အဋ္ဌကထာဆရာ ဆိုသည်။

[နိဿယည်းဆရာကို မှီ၍ နေရာမှာလည်း ဥပဇ္ဈာယ်ဆရာကို မှီ၍ နေ သကဲ့သို့ပင် အထက်ပါ ပါဌ်တို့၌ ဖော်ပြထားသည့်အတိုင်း လိုက်နာနေထိုင်ရမည် ဟူသော အဓိပ္ပာယ်ကို သာရတ္ထဒီပနီဋီကာ၊ တတိယတွဲ၊ ဆဋ္ဌမူ၊ နှာ-၂၃၉ ၌ လာသည့် —အာစရိယမှာ နိဿယပ္ပဋ္ဋိပဿဒ္ဓီသု အာစရိယော ပက္ကန္တော ဝါ ဟောတီတိ ဧတ္ထ ‘ပက္ကန္တောတိ ဒိသံဂတောတိအာဒိနာ ဥပဇ္ဈာယဿ ပက္ကမနေ ယော ဝိနိစ္ဆယော ဝုတ္တော၊ သော တတ္ထ ဝုတ္တနယေနေဝ ဣဓာပိ သက္ကာ ဝိညာတုန္တိ တံ အဝတွာ ‘ကောစိ အာစရိယော အာပုစ္ဆိတွာ ပက္ကမတီတိ အာဒိနာ အညောယေဝ နယော အာရဒ္ဓေါ။ အယဉ္စ နယော ဥပဇ္ဈာယပက္ကမနေပိ ဝေဒိတဗ္ဗောယေဝ။ ဤဒိသေသု ဟိ ဌာနေသု ဧကတ္ထ ဝုတ္တလက္ခဏံ အညတ္ထာပိ ဒဋ္ဌဗ္ဗံ —ဟူသော ပါဌ်ဖြင့် သိအပ်၏]။ ဤ၌လည်း ဝါတွင်း ဝါပဟူ၍ ခွဲခြား၍ မဆိုပါ။ ဤသို့ မဆိုသည်ကို ထောက်သောအားဖြင့် ဝါတွင်း ဝါပနှစ်ခုလုံးကို သိမ်းကျုံး၍ဆိုသည်ဟူ၍ သိအပ်၏၊

စတုတ္ထအချက်

ခရီးသွားသော ရဟန်း၊ နာသော ရဟန်း၊ သူနာရဟန်း တောင်းပန်၍ သူနာရဟန်းကို လုပ်ကျွေးပြုစုနေရသော ရဟန်း၊ နုသော သမထ ဝိပဿနာ၏ အကျိုးငှာ တော၌နေသော ရဟန်း ဤလေးယောက်ကုန်သော ရဟန်းတို့ကား သဘောတူသော နိဿယည်း ပေးတတ်သော ဆရာသည် မရှိလတ်သော် ထိုမျှလောက် ဝါဆိုလပြည့်တိုင်အောင် နိဿယည်း မယူပဲ နေအပ်ကုန်၏၊ [မိုးထိမူ၊ ဦးဗုဓ်မူ၊ ဝိနည်းငယ်လေးစောင် ပါဌ်နိဿယတို့မှ ကောက်နုတ်၍ ယူသည်။] မရောက်ဖူးသော အရပ်သစ်သို့ ရောက်သွားသော ရဟန်းသည် လဇ္ဇီရဟန်းတို့နှင့် သဘောတူသည်၏ အဖြစ်ကို သိခြင်းငှာ လေးရက် ငါးရက်ပတ်လုံး နိဿယည်း မယူဘဲ ငံ့လင့်ရာ၏၊ တော၌နေသော ရဟန်းနှင့် ပတ်သက်၍ကား-ရဟန်းတို့ ...နိဿယည်း မယူရသေးသော တော၌နေသော ရဟန်းသည် ချမ်းသာစွာ နေခြင်းကို အမှတ်ပြု၍ သင့်လျော်သည့် နိဿယည်း ပေးမည့်ဆရာ လာသောအခါ နိဿယည်းယူ၍ နေအံ့ဟု နှလုံးပိုက်ကာ နိဿယည်းမယူဘဲ နေခြင်းငှာ ခွင့်ပြု၏”ဟု မိန့်တော်မူ၏၊ [ဝိနည်းမဟာဝဂ်ပါဠိတော် (မြန်မာပြန်) အပိုဒ်-၁၂၁၊ခရီးသွားရဟန်း စသည် နိဿယဝတ္ထုများ။]

အထက်အပိုဒ်၌လည်း ဝါတွင်း ဝါပ-ဟူ၍ အထင်အရှား မဆိုထားသော် လည်း ‘ထိုမျှလောက် ဝါဆိုလပြည့်တိုင်အောင် နိဿယည်း မယူဘဲ နေအပ်ကုန်၏’ ဆိုသော စကားကို ထောက်သောအားဖြင့် ဝါပ၌ နေသည်ဟု သိအပ်၏၊ ထင်ရှား စေဦးအံ့။ ဝါတွင်း၌ ဒေသစာရီ လှည့်လည် မသွားအပ်၊ သွားသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု မဟာဝါပါဠိတော် (မြန်မာပြန်) ဝဿူပနာယိကက္ခန္ဓက၊ အပိုဒ်-၁၈၅၌ ဆို၏၊ ဤအဆိုကို ထောက်လျှင် ထိုရဟန်းသည် ဝါပ၌ ခရီးသွားသည်ဟူသော သဘောမှာ ပေါ်လွင်ပါသည်။ နိဿယည်းဆရာ နှင့် ကင်း၍ ဝါမဆိုကောင်းဟု သီလဝိသောဓနီကျမ်း၌ ဆို၏၊ ဤအဆိုကို ထောက်လျှင် ထိုရဟန်းသည် ဝါပ၌ တော၌ နေသည်ဟူသော သဘောမှာ ပေါ်လွင်ပါသည်။

ဝါပ၌လည်း ဥပဇ္ဈာယ်ဆရာ နိဿယည်းဆရာနှင့် ကင်း၍ မနေအပ်လို့သာ ဤအချက်တို့ကို ခွင့်ပြုတော်မူချေသည် ဟူ၍ သိတော်မူကြပါကုန်။

ဆရာတပည့် သိဖွယ်

ဝိနည်း၌ မသိမလိမ္မာသော ရဟန်းသည် အရပ်တစ်ပါးသို့ သွားလိုသော် ဥပဇ္ဈာယ်ဆရာ (နိဿယည်းဆရာ)ကို ပန်ကြားရမည်။ ဆရာကလည်း ထို ရဟန်းအား “အဘယ်အရပ်သို့ သွားမည်နည်း၊ အဘယ်သူနှင့် သွားမည်နည်း”ဟု မေးရမည်။ အကယ်၍ ဝိနည်း၌ မသိ, မလိမ္မာသော တစ်ပါးသော အဖော် ရဟန်းကို ညွှန်းဆိုသော် ဆရာက သွားရန် ခွင့်မပြုအပ်။ အကယ်၍ ခွင့်ပြုငြားအံ့၊ ထိုဆရာအား ဒုက္ကဋ်အာပတ်သင့်၏၊ ဆရာက ခွင့်မပြုဘဲ သွားအံ့၊ ထိုရဟန်းအားလည်း ဒုက္ကဋ်အာပတ်သင့်၏၊ [ဝိနည်းမဟာဝဂ်ပါဠိတော် (မြန်မာပြန်) အပိုဒ်-၁၆၃၊ အရပ်တစ်ပါးသွားသူ။]

နိဿယမုစ္စကအင်္ဂါ

ငါးဝါပြည့်မြောက်၊ ပါတိမောက်နှုတ်၊ ဥပုသ်, ပဝါရဏာ၊
ကမ္မာကမ္မ၊ ကျေလည်က၊ လွတ်ထ နိဿယည်း။

၁။ ရဟန်းဖြစ်သည်မှ ၅-ဝါရသည်လည်း ဖြစ်စေ၊
၂။ ပါတိမောက်နှစ်စောင်ကို နှုတ်တက်ရွရွ ရဖူးသည်လည်း ဖြစ်စေ၊
၃။ ဥပုသ်, ပဝါရဏာမှု, ပရိဝါသ် မာနတ် စသော အချို့သော ကံကြီး, ကံငယ်မှု တို့၌ ကျေလည်ပွန်းတီး ရှိသည်လည်းဖြစ်စေ —
ဤအင်္ဂါစုနှင့် ပြည့်စုံလျှင် နိဿယည်း လွတ်၏၊ နိဿယမုစ္စကပုဂ္ဂိုလ် ဖြစ်သည်။ ဥပဇ္ဈာယ်ဆရာ, နိဿယည်းဆရာကို လွှတ်၍ နေလိုရာ၌ ပေါက် လွှတ် နေရပြီ။

အမှာ။ ။ အဋ္ဌကထာတို့၌ သုတ္တန်မှ ၄-ဘာဏဝါရမျှ အရဆောင်ရမည်။ အန္ဓကဝိန္ဒသုတ်, အမ္ဗဋ္ဌသုတ်, မဟာရာဟုလောဝါဒသုတ် အစရှိသည်တို့နှင့် တူမျှသော တစ်ခုခုသော ဓမ္မကထာ အစဉ်ကို ပြောဟောတတ်စေရမည်။ ၁။ မင်္ဂလာတရား၊ ၂။ ဆွမ်း, သင်္ကန်းအလှူ အနုမောဒနာတရား၊ ၃။ အသုဘ တရားဟူ၍ တရားသုံးပုဒ်ကို ရစေရမည်။

အရဟတ္တဖိုလ်သို့ ရောက်အောင် လမ်းပေါက်သော တစ်ခုသော သမထကမ္မဋ္ဌာန်း, ဝိပဿနာကမ္မဋ္ဌာန်းအစီအရင်ကို တတ်စေရမည်ဟူ၍ ဆိုသေး၏၊ အလျော်အားဖြင့် ဆိုသည်ဟု မှတ်။ ရှေးအင်္ဂါစုသာ လိုရင်းတည်း။

ဒွေမာတိကာကို နှုတ်တက်ရွရွ ရစေရမည်ဟူသော စကားမှာလည်း ယခု အခါ၌ ဘိက္ခုနီတို့ မရှိကြကုန်ပြီဖြစ်၍ ဘိက္ခုနီပါတိမောက်ကို အရမလိုပြီ။ ဘိက္ခု ပါတိမောက် တစ်စောင်ရလျှင်ပင် သင့်လျော်ပြီ ဆိုကြ၏၊

ပရိသုပဋ္ဌာပကအင်္ဂါ၌ ဥဘတောဝိဘင်းကို ရစေရမည်ဟု ပါရှိသည်ကို ဋီကာကြီးတို့၌ ‘အတ္ထဝသေနပိ ယောဇေသုံ’ဟု ပါဠိကိုပင် မရသော်လည်း စာကို ကြည့်ရှု၍ အနက်အဓိပ္ပာယ် ထင်မြင်နိုင်လျှင်ပင် သင့်လျော်ပြီဟူသော ရှေးဆရာ ‘များ အယူကို ပြဆိုသည်နှင့်အညီ ဤနိဿယမုစ္စကအင်္ဂါမှာလည်း ဒွေမာတိကာ ပါဠိကိုပင် မရသော်လည်း စာကို လက်ကိုင် လက်စွဲပြု၍ ကြည့်ရှုဆင်ခြင်သော အခါ အနက်အဓိပ္ပာယ်ကို အစုံအလင် သိမြင် မှတ်မိခဲ့လျှင်ပင် သင့်လျော်ပြီ ဟူ၍လည်း ဆိုကြ၏၊

ပါဠိတော်၌ — “ဥဘယာနိ ခေါ ပနဿ ပါတိမောက္ခာနိ ဝိတ္ထာရေန သွာဂတာနိ ဟောန္တိ သုဝိဘတ္တာနိ သုပ္ပဝတ္တီနိ”ဟူ၍ ဥဘတောဝိဘင်းကို အလွန် ကျေပွန်စွာ ရစေရမည်ဟု လာရှိလျက် “အသက္ကောန္တေဟိ တိဇနေဟိ သဒ္ဒိံ ပရိဝတ္တနက္ခမာ ကာတဗ္ဗာ”ဟူ၍ ဥဘတောဝိဘင်းကို တစ်ပါးချင်းနှင့် ချောမော စွာ မရနိုင်ရှိခဲ့ပါလျှင် သုံးပါးတွဲ၍ ပြန်သော် ချောမောနိုင်လောက်အောင် ရစေ ရမည်ဟု ကာလသို့ လိုက်၍ အဋ္ဌကထာဆရာတို့ လျော့ပေါ့၍ ပြဋ္ဌာန်းကြသော အချက်များနှင့် အနက်အဓိပ္ပာယ် ထင်မြင်နိုင်လျှင်ပင် သင့်လျော်ပြီဟု ယခု ကာလနှင့် တိုင်းတာ၍ ယူကြသော အရာသည် သင့်လျော်သကဲ့သို့ ရှိ၏၊

“ရဟန်းတို့ ...အင်္ဂါငါးပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲ နေရ၏၊ ငါးပါးဟူသည်ကား — ၁။ အာပတ်သင့်သည်ကို သိ၏၊ ၂။ အာပတ် မသင့်သည်ကို သိ၏၊ ၃။ ပေါ့သော အာပတ်ကို သိ၏၊ ၄။ လေးသော အာပတ် ကို သိ၏၊ ၅။ ငါးဝါ, ငါးဝါထက် အလွန် ရှိသည်လည်း ဖြစ်၏၊ ရဟန်းတို့ ... ဤအင်္ဂါငါးပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲ နေရ၏”ဟု ဟောတော် မူချေသည်။ [ဝိနည်းမဟာဝဂ်ပါဠိတော် (မြန်မာပြန်)၊ အပိုဒ်-၁၀၃၊ (၁၀) နိဿယည်းလွတ်ခြင်း။]

မိမိသည် ဤအင်္ဂါငါးပါးနှင့် ပြည့်စုံ၏လောဟု မိမိကိုယ်ကို မိမိပင် စစ်ဆေးမေးမြန်းပါလေ။ [ရှေ့အင်္ဂါ (၄)ပါးနှင့် ပြည့်စုံစေခြင်းငှာ နိဒါန်း၌ ညွှန်ပြ ထားသော ထိုကျမ်းတို့ကို ကျေလည်ပွန်းတီးအောင် ရှုတော်မူကြပါကုန်။]

သာမဏေများ သတိပြု

သာမဏေများသည် ဆရာအမှီ ကင်း၍ နေကောင်း၏ဟူသော အယူသည် ယုတ္တိယုတ္တာမရှိသော အယူ ဖြစ်၏၊ ရဟန်းကို ငါးဝါပြည့်ခြင်း စသော အင်္ဂါပြည့်စုံမှ ခွင့်ပြုသည်ကို ထောက်လျှင် သာမဏေကိုကား ယနေ့ဖြစ်စ သာမဏေကို ပင် ခွင့်ပြုသည်ဆိုသော စကားသည် အာဂမယုတ္တိ သဘာဝယုတ္တိ ကင်းသော စကား ဖြစ်၏၊ သာမဏေများ၏ နိဿယည်းကို အထူးမဆိုသော်လည်း ရှေးအစဉ်အဆက် ယူလာသော အယူဝါဒအတိုင်းကိုသာလျှင် လေးစားလိုက်နာ သော်မှ ဂရုကဖြစ်၍ သင့်လျော်ပေမည်ဟူ၍ ပရိဝါသမာနတ္တာဒိ ဝိနိစ္ဆယကျမ်း နိဿယပ္ပဋိပဿမ္ဘန အဆုံးအဖြတ် အခန်း၌ ဆို၏၊

နိဿယမုစ္စက အမြွက် ပြီးပြီ။