ဝိနည်းဥပဒေတော်ကြီး/ဘိက္ခုပါတိမောက်သက်သက် ပြန်ဆိုရန်အတွက် ရွတ်ဆိုသောနည်း

ဝိနည်းဥပဒေတော်ကြီး
by အရှင်သြဘာသ
၁။ ဘိက္ခုပါတိမောက်သက်သက် ပြန်ဆိုရန်အတွက် ရွတ်ဆိုသောနည်း
3374ဝိနည်းဥပဒေတော်ကြီး — ၁။ ဘိက္ခုပါတိမောက်သက်သက် ပြန်ဆိုရန်အတွက် ရွတ်ဆိုသောနည်းအရှင်သြဘာသ

ဝိနည်းဥပဒေတော်ကြီး

၁။ ဘိက္ခုပါတိမောက်သက်သက် ပြန်ဆိုရန်အတွက် ရွတ်ဆိုသောနည်း

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ပြလတ္တံ့သော ဘိက္ခုပါတိမောက် (မြန်မာသက်သက်)ဟူသော ခေါင်းစဉ် အောက်၌ လာသည့် ‘နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ’ ဟု ဆိုသော ပါဠိအပိုဒ်နှင့် ‘ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို မဖောက်မပြန် ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူသော ထိုမြတ်စွာဘုရား အား ရိုသေစွာ ရှိခိုးပါ၏’ ဟူသော အပိုဒ်ကို ကြဉ်၍ အခြားစာပိုဒ်များ၏ ဘေးတွင် ပြထားသော ပုဗ္ဗကရဏ ၄-ပါး၊ ပုဗ္ဗကိစ္စ ၅-ပါး၊ ပတ္တကလ္လအင်္ဂါ ၄-ပါး၊ ဥပေါသထဉတ်ဆိုသော အမည်များနှင့် နိဒါနုဒ္ဒေသ၊ ပါရာဇိက ၄-ပါး၊ သံဃာဒိသေသ် ၁၃-ပါး၊ အနိယတ ၂-ပါး၊ နိဿဂ္ဂိယပါစိတ် ၃၀၊ သုဒ္ဓပါစိတ် ၉၂၊ ပါဋိဒေသနီ ၄-ပါး၊ သေခိယ ၇၅-ပါး၊ အဓိကရဏသမထ ၇-ပါးဟူသော ခေါင်းစဉ်အမည်များကို ထည့်၍ ဆိုရန် မလို၊ မှတ်ချက် မှတ်ဖွယ် အမှာစသော အပိုဒ်များကိုလည်း ထည့်၍ဆိုရန် မလို၊ သို့ရာတွင် စီဝရဝဂ်၊ ဧဠကလောမဝဂ် စသော ဝဂ်အမည်များကိုမူ ထည့်၍ ဆိုပါ။

နိဒါန်းဆုံးလျှင် ပါရာဇိကအခန်း၌ ပါရှိသည့်အတိုင်း ‘ထိုပါတိမောက်၌ လေးပါးကုန်သော ပါရာဇိက အမည်ရှိကုန်သော ဤအာပတ်တို့သည် သရုပ် အားဖြင့် ပြအပ်သည်၏ အဖြစ်သို့ ရောက်ကုန်၏’ ဟူသည်မှ စ၍ ‘ပါရာဇိကကို သရုပ်အားဖြင့် ပြခြင်းသည် ပြီးခြင်းသို့ ရောက်ပြီ’ အထိကို ဆို။ ထိုနောက် ‘အရှင်တို့ ...တစ်ဆယ့်သုံးပါးကုန်သော သံဃာဒိသေသ် အမည်ရှိကုန်သော ဤ အာပတ်တို့သည် သရုပ်အားဖြင့် ပြအပ်သည်၏အဖြစ်သို့ ရောက်ကုန်၏’ ဟူသည်မှစ၍ ‘သံဃာဒိသေသ်ကို သရုပ်အားဖြင့် ပြခြင်းသည် ပြီးခြင်းသို့ ရောက်ပြီ’ အထိကို ဆို။ အနိယတ စသော နောက်အခန်းများကိုလည်း ဤနည်း အတိုင်း ဆက်ဆို၍ ‘အကျယ်ပြခြင်းသည် ပြီးခြင်းသို့ ရောက်ပြီ’ သို့မဟုတ် ‘ဝိတ္ထာရုဒ္ဒေသသည် ပြီးခြင်းသို့ ရောက်ပြီ’ ဟူသော နိဂုံးဖြင့် အဆုံးသတ်ပါလေ။ သိက္ခာပုဒ်များ၏ အမည်များကိုလည်း တစ်ပါတည်း ထည့်၍ ရွတ်ဆိုတော် မူကြပါကုန်။

သင်္ကေတ လက္ခဏာများ

၁။ ဤအမှတ်အသားအတွင်းရှိ စကားများကို ရည်ညွှန်းသော အကြောင်း အရာ သို့မဟုတ် ၎င်း၏ အမည်နာမဟု အကြောင်းအားလျော်စွာ သိပါ။

၂။ ဤအမှတ်အသားအတွင်းရှိ စာပိုဒ်များကို ပုဂ္ဂိုလ်တစ်ဦးဦး၏ ဆိုလို သော အခြင်းအရာ အာကာရဟု သိပါ။

၃။ ( ) ဤအမှတ်အသားအတွင်းရှိ စကားများကို ရှေ့က ကပ်လျက်ရှိသော ပုဒ်နှင့် အဓိပ္ပာယ်သဘော တူသည်ဟု သိပါ။ သို့သော် အခါအားလျော်စွာ အချို့နေရာများ၌ အဓိပ္ပာယ်ပိုမို ထင်ရှားစေခြင်းငှာ စာရေးသူကိုယ်ပိုင် ဖြည့်စွက်ထည့်သွင်းသော စကားများဟုလည်း သိပါ။

၄။ [ ] ဤအမှတ်အသားအတွင်းရှိ စကားများကို မူရင်းသိက္ခာပုဒ်နှင့် ဆက်စပ်လျက်ရှိသော အကြောင်းအရာ၊ အပြစ်များဟု သိပါ။ ၎င်းတို့မှာ သိသင့်သိထိုက်သော အကြောင်းအရာများဖြစ်၍ ၎င်းတို့ကိုလည်း အာဂုံ ဆောင်ရန် လိုအပ်ပေသည်။ သို့ရာတွင် သိက္ခာပုဒ်အဆုံး၌ ဤအမှတ် အသားဖြင့် ပြထားသော စကားများကိုမူ အာဂုံဆောင်ရန် မလို။