ဝိနည်းဥပဒေတော်ကြီး/သင်္ကန်း ဝိကပ္ပနာပြုနည်း

3383ဝိနည်းဥပဒေတော်ကြီး — ၃၁။ သင်္ကန်း ဝိကပ္ပနာပြုနည်းအရှင်သြဘာသ

၃၁။ သင်္ကန်း ဝိကပ္ပနာပြုနည်း

ပရမ္မုခါ၊ သံမုခါ၊ နှစ်ဖြာ ဝိကပ္ပ။

ဝိကပ္ပနာ နှစ်မျိုး။ ။ ဝိကပ္ပနာပြုနည်းသည် သံမုခါ ဝိကပ္ပနာ, ပရမ္မုခါ ဝိကပ္ပနာဟူ၍ နှစ်မျိုး ရှိ၏၊ သံမုခါ ဝိကပ္ပနာ — မိမိနှုတ်ဖြင့် ပြုအပ်သော ဝိကပ္ပနာ၊ ပရမ္မုခါ ဝိကပ္ပနာ — သူတစ်ပါးနှုတ်ဖြင့် ပြုအပ်သော ဝိကပ္ပနာဟု ဆိုကြ၏၊

ဝိနည်းဓိုရ်ပါး၊ ချဉ်းကပ်ငြား၊ နှစ်ပါး ပြုဖို့ရ။

ဝိကပ္ပနာပြုပုံ။ ။ ဝိနည်းဓိုရ်ပုဂ္ဂိုလ်ထံ ချည်းကပ်၍ ဝိနည်းဓိုရ်ပုဂ္ဂိုလ်အား ပြုရမည်၊ ဝိကပ္ပနာပြုလိုသော သင်္ကန်းကို ဝိနည်းဓိုရ်ရှေ့၌ ထား၍ “ဣမံ စီဝရံ တုယှံ ဝိကပ္ပေမိ — ဤသင်္ကန်းကို အရှင့်အား ဝိကပ္ပနာ ပြုပါ၏၊” သင်္ကန်းအများ ဖြစ်လျှင် “ဣမာနိ စီဝရာနိ တုယှံ ဝိကပ္ပေမိ”ဟု သုံးကြိမ်ဆို၍ သင်္ကန်းကို ပေးလိုက်။ [အဝေးရှိ သင်္ကန်း၌ ဧတံ, ဧတာနိ--ဆို။]

ဝိနည်းလိမ်မာ၊ မြတ်ဆရာ၊ ပြန်ပါ ဝိကပ္ပ။

ဝိကပ္ပနာပြန်ပုံ။ ။ ဝိနည်းဓိုရ်ဆရာက ဝိကပ္ပနာ ပြန်ရသည်။ “မယှံ သန္တကံ ပရိဘုဉ္ဇ ဝါ ဝိဿဇ္ဇေဟိ ဝါ ယထာပစ္စယံ ကရောဟိ”ဟု သုံးကြိမ်ဆို၍ ပြန်၏၊ [ငါ၏ ဥစ္စာကို သုံးလိုမူလည်း သုံး၊ စွန့်လိုမူလည်း စွန့်၊ အကြောင်းအား လျော်စွာ (အလိုရှိရာ) ပြုလေ ဟူလိုသည်။] ထို့နောက် မူလသင်္ကန်းရှင်အား ထိုသင်္ကန်းကို ပြန်ပေးလိုက်။ ဝိနည်းဓိုရ်က အငယ်ဖြစ်နေလျှင် “မယှံ သန္တကံ ပရိဘုဉ္ဇထ ဝါ ဝိဿဇ္ဇထ ဝါ ယထာပစ္စယံ ကရောထ”ဟူ၍ ဗဟုဝုစ် အလေးပြု ခြင်းဖြင့် ဆိုနိုင်၏၊

သီတင်းဖော်မှန်၊ သမ္ပဒါန်၊ ငါးတန် လိုရာပြ။

ဝိကပ္ပနာပြုပုံတစ်နည်း။ ။ သံမုခါဝိကပ္ပနာပြုပုံ တစ်နည်းမှာ သီတင်းသုံးဖော် ငါးယောက်တို့တွင် သင်္ကန်းရှင် အလိုရှိရာ တစ်ယောက်ယောက်ကို သမ္ပဒါန် ထား၍ ပြုရ၏၊

“ဣမံ စီဝရံ တိဿဿ ဘိက္ခုနော ဝိကပ္ပေမိ။”
တိဿယ ဘိက္ခုနိယာ၊
တိဿာယ သိက္ခမာနာယ၊
တိဿဿ သာမဏေရဿ၊

တိဿာယ သာမဏေရိယာ -- ဟု မိမိနှင့် အကျွမ်းဝင်သူ တစ်ယောက် ယောက်၏ နာမည်ကို ဖော်၍ဆို။ ဝိနည်းဓိုရ်က ပြန်ရာ၌ “တိဿဿ သန္တကံ ဆို၍ ပြန်လေ။

ကိုယ်မပြုဘဲ၊ သူ့ကို လွှဲ၊ ခေါ်မြဲ ပရမ္မုခ။

ပရမ္မုခါ ဝိကပ္ပနာ။ ။ ‘တုယှံ ဝိကပ္ပေမိ’ဟု မိမိ မပြုမူ၍ ဝိနည်းဓိုရ်ဆရာ ကိုပင် ဝိကပ္ပနာ ပြုမှုပါ လွှဲအပ်လိုက်၏၊ “ဣမံ စီဝရံ ဝိကပ္ပနတ္ထာယ တုယှံ ဒမ္မိ” လွှဲပုံ။

ကိုယ်စား ဝိကပ္ပနာ။ ။ အလိုရှိရာ သီတင်းသုံးဖော်ကို ညွှန်းပါဟု ဝိနည်းဓိုရ်က ဆိုရာ အလိုရှိရာ ပုဂ္ဂိုလ်၏ အမည်ကို ပြောကြားလျှင် ထိုနေရာ၌ ပင်လျှင် ထိုနာမည်ကို သမ္ပဒါန်ပြု၍ “အဟံ ဣမံ စီဝရံ တိဿဿ ဘိက္ခုနော ဒမ္မိ”ဟု ဝိနည်းဓိုရ်ဆရာကပင် ဝိကပ္ပနာပြု။

ဝိကပ္ပနာပြန်ပုံ။ ။ “တိဿဿ သန္တကံ ပရိဘုဉ္ဇ ဝါ ဝိဿဇ္ဇေဟိ ဝါ ယထာပစ္စယံ ကရောဟိ”ဟု ဝိနည်းဓိုရ်ပင် ဝိကပ္ပနာပြန်။ [”တိဿာယ ဘိက္ခုနိယာ” စသည်ကိုလည်း သိလေ။]

ဝိကပ်ပြန်တုံ၊ ဆောင်နှင်းပုံ၊ ဝတ်ရုံ စွန့်ပေးရ။

ဝိကပ္ပနာ ပစ္စုဒ္ဓိုရ် အထူး။ ။ ဤဝိကပ္ပနာ ပြန်မှုကိုလည်း ပစ္စုဒ္ဓိုရ်ဟူ၍ပင် ခေါ်၏၊ မသိမ်းပိုက်မူ၍ တစ်ဖန် ပြန်ထုတ်မှု ဆိုလိုသည်။ [ဤသို့ မပြုလျှင် ဝိနည်းဓိုရ်အား ဒုက္ကဋ်အာပတ် သင့်၏၊] ဤသို့ ဝိကပ္ပနာပြန်၍ တစ်ဖန် သင်္ကန်းရှင်အား ဆောင်နှင်း လွှဲပုံလိုက်သော အခါမှစ၍ ဝိနည်းဓိုရ်ဆရာ၏ ဥစ္စာ, သီတင်းသုံးဖော် တစ်ယောက်ယောက်၏ ဥစ္စာအနေနှင့် ထား၍ မိမိပိုင် ဥစ္စာကဲ့ သို့ အလိုရှိတိုင်း သုံးရ၏၊ တိစီဝရိက်အဓိဋ္ဌာန်တင်၍ သုံးစွဲလိုမူလည်း သုံးစွဲနိုင် ၏ဟု မှတ်။

သင်္ကန်း ဝိကပ္ပနာပြုနည်း ပြီးပြီ။