ဝိနည်းဥပဒေတော်ကြီး/သင်္ကန်းအဓိဋ္ဌာန်တင်နည်း, စောင့်ရှောက်နည်း, စွန့်နည်း
၃၀။ သင်္ကန်းအဓိဋ္ဌာန်တင်နည်း, စောင့်ရှောက်နည်း, စွန့်နည်း
သင်္ကန်း ၉-ထည်
သင်း, ကိုယ်, ဒု, အိပ်, မျက်, ပရိက်, နိသိဒ်, မိုး, အမာ။
၁။ အန္တရဝါသက = ခါးဝတ်သင်္ကန်း (သင်းပိုင်)။
၂။ ဥတ္တရာသင်္ဂ = ကိုယ်ရုံသင်္ကန်း (ဧကသီ)။
၃။ သံဃာဋိ = ဒုကုဋ်သင်္ကန်း။
၄။ ပစ္စတ္ထရဏ = အိပ်ရာခင်း။
၅။ မုခပုဉ္ဆနစောဠ = မျက်နှာသုတ်ပဝါ။
၆။ ပရိက္ခာရစောဠ = ရေစစ်ပဝါ, လက်သုတ်ပုဝါ, သပိတ်အိတ်, ဖိနပ်အိတ် အစရှိသော အတိုအထွာ ပရိက္ခရာပုဆိုးအမျိုးမျိုး။
၇။ နိသီဒန = နိသီဒိုင်အခင်း။
၈။ ဝဿိကသာဋိက = မိုးရေခံသင်္ကန်း။
၉။ ကဏ္ဍုပ္ပဋိစ္ဆာဒိ = အမာလွှမ်းသင်္ကန်း။
ရှေ့ခြောက်ထည်လျှင်၊ ယခုမြင်၊ မထင် နောက်သုံးမှာ။
အဓိပ္ပာယ်။ ။ ရှေ့ ၆-ထည်သည်သာလျှင် ယခုကာလ၌ သုံးရိုး, စွဲရိုး ရှိ၏၊ နိသီဒိုင်, မိုးရေခံ, အမာလွှမ်း —ဟူသော နောက် ၃-ထည်တို့ကိုမူကား သုံးရိုး, စွဲရိုး မထင်မမြင်ပြီ။
အလျား ရှစ်သစ်၊ နံ လေးသစ်၊ ရှင်ချစ် လက်တော်သာ။
အဓိပ္ပာယ်။ ။ အဓိဋ္ဌာန် ဝိကပ္ပနာလောက်ရာသော အဝတ်ထည်၏ အတိုင်းအရှည် ပမာဏမှာ ဘုရားရှင်၏ လက်သစ်တော်အားဖြင့် အယုတ်ဆုံး အလျား ၈-သစ်, အနံ ၄-သစ် ဖြစ်သည်။
အလျား တောင်မှန်၊ ထွာ အနံ၊ ခေါ်ရန် မဇ္ဈိမာ။
မဇ္ဈိမပုရိသ။ ။ ဘုရားရှင်၏ လက်သစ်နှင့် ပြဆိုသော ထိုအဝတ်အထည် သည် မဇ္ဈိမပုရိသခေါ်သော ဝဍ္ဎကီအတောင်အားဖြင့် အလျား ၁-တောင်၊ အနံ ၁-ထွာ ရှိ၏၊ လက်သန်းတောင်, လက်သန်းထွာကို ဆရာတို့ ယူကြ၏၊
သုဂတဝိဒတ္ထိယာတိ သုဂတဝိဒတ္ထိ နာမ ဣဒါနိ မဇ္ဈိမဿ ပုရိသဿ တိဿော ဝိဒတ္ထိယော၊ ဝဍ္ဎကီဟတ္ထေန ဒိယဍ္ဎော ဟတ္ထော ဟောတိ။
[ကုဋိကာရ အဋ္ဌကထာ။]
ဘုရားရှင်မှ မဇ္ဈိမသည် ၃-ဆ တက်၏၊ ထို့ကြောင့် ဘုရားရှင်၏ လက် ၈-သစ်သည် မဇ္ဈိမ၏ ၂၄-သစ် (၁-တောင်) ဖြစ်၏၊ ဘုရားရှင်၏ လက် ၄- သစ်သည် မဇ္ဈိမ၏ ၁၂-သစ် (၁-ထွာ) ဖြစ်သတည်း။ [လူတိုင်းအဖို့ ၁-တောင်၌ အထွာအားဖြင့် ၂-ထွာ၊ လက်သစ်အားဖြင့် ၂၄-သစ် ရှိသည်ဟူ၍ ဂဏန်းသင်္ချာ ကျမ်း၌ ဆို၏၊]
မဇ္ဈိမတွင်၊ ထက်ဝက်တင်၊ မျက်မြင် ငါတို့မှာ။
ပကတိပုရိသ။ ။ “မျက်မြင် ငါတို့မှာ”ဆိုသည်ကား ပကတိပုရိသကို ဆိုသတည်း။ မဇ္ဈိမတွင် ထက်ဝက်တင်သည်ရှိသော် မဇ္ဈိမ ၂၄-သစ် (၁-တောင်) သည် ပကတိ ၃၆-သစ် (၁-တောင့်ထွာ) ဖြစ်သည်။ မဇ္ဈိမ ၁၂-သစ် (၁-ထွာ) သည် ပကတိ ၁၈-သစ် (၁-ထွာ၊ ၆-သစ်) ဖြစ်၏၊ [မဇ္ဈိမနှင့် ဝဍ္ဎကီကား တူ၏၊ လက်သမားတောင်ဟု ခေါ်သည်။]
ဓိဋ္ဌာန်ဝိကပ်၊ လောက်ပြီမှတ်၊ အာပတ် ဝတ္ထုလာ။
အဓိပ္ပာယ်။ ။ ပကတိပုရိသ ခေါ်သော ငါတို့အတောင် အထွာအားဖြင့် အယုတ်ဆုံး အလျား ၁-တောင့်ထွာ၊ အနံ ၁-ထွာ ၆-သစ် ရှိသော အဝတ်ထည် သည် အဓိဋ္ဌာန်လောက်၏၊ ဝိကပ္ပနာလောက်၏၊ သင်္ကန်းသာမညနှင့် စပ်ယှဉ် သော ထိုထို သိက္ခာပုဒ်တို့၌ “ဝိကပ္ပနုပဂံ ပစ္ဆိမံ စီဝရံ - ဝိကပ္ပနာ ပြုလောက်သော အယုတ်ဆုံး (အငယ်ဆုံး) သင်္ကန်းသည်”ဟူ၍ အာပတ်ဝတ္ထုအဖြစ်ဖြင့် လာ၏၊
ကိုယ်ပိုင် သန္တက၊ ရသည်မှ၊ ဒသက ရက်တွင်းမှာ၊
ဓိဋ္ဌာန်တင်မှု၊ ဝိကပ်မှု၊ မပြု အာပတ်လာ။
အဓိပ္ပာယ်။ ။ မိမိတို့ အတောင်နှင့် အလျား ၁-တောင့်ထွာ၊ အနံ ၁-ထွာ, ၆-သစ် ရှိသော အဝတ်အထည်မျိုး၊ ထိုထက် အလျား, အနံကြီးသော အဝတ်အထည်မျိုးတို့ကို ကိုယ်ပိုင်သန္တကအဖြစ်နှင့် ရခဲ့သည်ရှိသော် ရသော နေ့မှစ၍ ၁၀-ရက်အတွင်း၌ အဓိဋ္ဌာန်သော်လည်း တင်ရာ၏၊ ဝိကပ္ပနာသော် လည်း ပြုရာ၏၊ တစ်ခုခု မပြုခဲ့သော် ၁၁-ရက် အရုဏ်တက်သည်နှင့် တစ်ပြိုင် နက် နိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊ [ဤ၌ ကထိန်နုတ်ပြီးသည့်နောက်ကို ဆိုသည်ဟူ၍ သိ။] လဆန်း ၁-ရက်နေ့ရလျှင် ထိုရရာ ရက်၏ လာလတ္တံ့သော အရုဏ်မှစ၍ ၁၀-အရုဏ် လွန်လျှင် (၁၁-ရက်နေ့ဘက် ရောက်လျှင်) ဒသာဟာတိက္ကန္တ ဖြစ်၏၊ လဆန်း ၁-ရက်၏ လွန်ပြီး အရုဏ်ကို ထည့်၍ မတွက်ရ။ [အဋ္ဌကထာ၌ ၁၁-အရုဏ်ဆိုသည်မှာ လွန်ပြီး အရုဏ်ပါ ဆိုခြင်း ဖြစ်သည် ဟူ၍ ပါတိမောက်ဘာသာဋီကာ၌ ဆို၏၊]
အရုဏ်ဟူသော စကားဖြင့် တစ်ရက်လုံးကို သိမ်းကျုံးလိုရင်း ဖြစ်၏၊ ထို့ကြောင့် လဆန်း ၁-ရက်နေ့ မွန်းတည့်အချိန်မှာ ဖြစ်စေ၊ ညဉ့်သန်းခေါင်စ အချိန်မှာဖြစ်စေ သင်္ကန်းရလာခဲ့သည်ရှိသော် လဆန်း ၂-ရက်နေ့ အရုဏ်တက် လျှင် ထိုနေ့ဆုံး၏၊ ထိုအခါမှ လဆန်း ၁-ရက် နံနက်အရုဏ်ကို ထိုသင်္ကန်း ရသည် မည်၏၊ ငါ့သင်္ကန်းသည် ၁-အရုဏ် ရပြီ ဆိုရ၏၊ [ဝါဆို ဝါပန်အရာ ပရိဝါသ် မာနတ် စသည်တို့၌လည်း ဤနည်းအတူ။ ဝိနယသံခိပ်ကျမ်း။]
မှတ်ချက်။ ။ အဓိဋ္ဌာန်တင်ခြင်းမှာ ငါ့ဥစ္စာဟု အမှတ်ပြုရန် ဖြစ်သည်။ ဝိကပ္ပနာပြုခြင်းမှာ ငါ့ဥစ္စာဟု အာသာမကပ် ကင်းကွာလတ်အောင် ပြုခြင်း ဖြစ်သည်။
ပရိက္ခာရ၊ စောဠ အမည်၊ သူ့အမည်၊ နှစ်ထည် အဓိဋ္ဌာန်။
အဓိပ္ပာယ်။ ။ အဓိဋ္ဌာန်တင်နည်းသည် ပရိက္ခာရစောဠ အမည်နှင့် တင်နည်း၊ သံဃာဋိ, ဥတ္တရာသင်္ဂ, အန္တရဝါသက, ပစ္စတ္ထရဏ အစရှိသော အသီး အသီးသော သူ့အမည်နှင့် တင်နည်းဟူ၍ တင်နည်း ၂-ပါး ရှိ၏၊
ပရိက္ခာရ၊ စောဠ အသုံး၊ ကိုးထည်လုံး၊ ရှေးထုံး အစဉ်အလာ။
အဓိပ္ပာယ်။ ။ ပရိက္ခာရစောဠဟူသော အမည်နှင့် အဓိဋ္ဌာန်တင်နည်း သည် သင်္ကန်း ၉-ထည်တို့တွင် သပိတ်အိတ်, ဖိနပ်အိတ် အစရှိသော ပရိက္ခာရစောဠ အထည်မျိုးတို့၌သာ တင်ရသည် မဟုတ်၊ ၉-ထည်လုံး၌ပင် တင်လိုသော် တင်ရသော ရှေးထုံးအစဉ် လာ၏၊ [ ဖုံ, စောင်, ခေါင်းအုံး, ကော်ဇောတို့ကိုမူကား အဓိဋ္ဌာန်တင်ဖွယ် မလို။]
ကိုယ်, နှုတ် နှစ်ပြင်၊ တစ်အင်အင်၊ တင်လေ အဓိဋ္ဌာ။
အဓိပ္ပာယ်။ ။ သင်္ကန်းအဓိဋ္ဌာန်တင်နည်းသည် ကိုယ်အင်္ဂါဖြင့် တင်ခြင်း၊ နှုတ်အင်္ဂါဖြင့် တင်ခြင်းဟူ၍ ၂-ပါး ရှိ၏၊ ထို ၂-ပါးတို့တွင် တစ်ပါးပါးဖြင့် တင်လေ ဟူလိုသည်။
ကိုယ်အင်္ဂါဖြင့် တင်ရာ၌ “ဣမံ စီဝရံ ပရိက္ခာရစောဠံ အဓိဋ္ဌာမိ”ဟု နှလုံးသွင်းခြင်းနှင့်တကွ အဝတ်သင်္ကန်းကို လက်ဖြင့် ကိုင်တွယ်၍ သုံးသပ်ရ သည်။
နှုတ်အင်္ဂါဖြင့် တင်ရာ၌ကား အဝတ်သင်္ကန်းကို အာရုံပြု၍ “ဣမံ စီဝရံ ပရိက္ခာရစောဠံ အဓိဋ္ဌာမိ”ဟု နှုတ်မြွက်ရသည်။ နှုတ်ကလည်း ဆို၊ ကိုယ်က လည်း သုံးသပ်ပေမူ ကိုယ်, နှုတ် ၂-ပါးဖြင့် တင်သည်မည်၏၊
အဓိဋ္ဌာန်တင်နည်း ၄-မျိုး
နီး, ဝေး, နည်း, များ၊ လေးထွေ ပြား၊ ခြားတုံအဆိုမှာ။
ဣဒံ, ဣမာနိ၊ ဧတံ, ဧတာနိ၊ ဆိုရိုးရှိ၊ နီးဘိ နှစ်တောင့်ထွာ။
၁။ အနီး၌ ရှိသော အဝတ်သင်္ကန်း၊
၂။ အဝေး၌ ရှိသော အဝတ်သင်္ကန်း၊
၃။ တစ်ထည်တည်းသော အဝတ်သင်္ကန်း၊
၄။ နှစ်ထည် သုံးထည် စသည် များသော အဝတ်သင်္ကန်းဟူ၍ လေးထွေ လေးပါး အပြား ရှိ၏၊ ဆိုပုံလည်း ခြားနားစေရ၏၊
တင်နည်း ပုံစံ
၁။ အနီး တစ်ထည် ဖြစ်အံ့၊ ဣဒံ သို့မဟုတ် ဣမံ--ဟု
၂။ အနီး နှစ်ထည်, သုံးထည် စသည် အများ ဖြစ်အံ့၊ ဣမာနိ--ဟု
၃။ အဝေး တစ်ထည် ဖြစ်အံ့၊ ဧတံ--ဟု
၄။ အဝေး, နှစ်ထည်, သုံးထည် စသည် အများ ဖြစ်အံ့၊ ဧတာနိ--ဟု ဆို။
မှတ်ချက်။ ။ နှစ်တောင့်ထွာ ဟတ္ထပါသ်အတွင်း၌ တည်ရှိသော အဝတ် သင်္ကန်းကို အနီး ဆိုသည်။ နှစ်တောင့်ထွာမှ အပ၌ တည်ရှိသော အဝတ်သင်္ကန်းကို အဝေး ဆိုသည်။ ယူဇနာတစ်ရာပင် ဝေးသော်လည်း ထိုသင်္ကန်း ကို စိတ်တမ်း၍ နှုတ်ဖြင့် တင်ဆိုလျှင် မြောက်တော့သည်။
၁။ ဣမံ စီဝရံ ပရိက္ခာရစောဠံ အဓိဋ္ဌာမိ — ဤသင်္ကန်းကို ပရိက္ခရာအဝတ် ဟူ၍ အဓိဋ္ဌာန်ပါ၏၊ (ဝါ) ဆောက်တည်ပါ၏၊
၂။ ဣမာနိ စီဝရာနိ ပရိက္ခာရစောဠာနိ အဓိဋ္ဌာမိ — ဤသင်္ကန်းတို့ကို ပရိက္ခရာအဝတ်တို့ဟူ၍ အဓိဋ္ဌာန်ပါ၏၊ (ဝါ) ဆောက်တည်ပါ၏၊
၃။ ဧတံ စီဝရံ ပရိက္ခာရစောဠံ အဓိဋ္ဌာမိ — ထိုသင်္ကန်းကို။ လ။ ဆောက်တည် ပါ၏၊
၄။ ဧတာနိ စီဝရာနိ ပရိက္ခာရစောဠာနိ အဓိဋ္ဌာမိ — ထိုသင်္ကန်းတို့ကို။ လ။ ဆောက်တည်ပါ၏၊ [အထည်ပေါင်း တစ်ရာကိုပင် တစ်ခါတည်း တင်ရ၏၊]
ပရိက္ခာရ၊ စောဠ တင်မှု၊ သင်္ကန်းစု၊ ပြုဖွယ် ထူးမလာ။
အဓိပ္ပာယ်။ ။ ပရိက္ခာရစောဠအမည်နှင့် အဓိဋ္ဌာန်တင်အပ်ပြီးသော သင်္ကန်းတို့ စောင့်ရှောက်ခြင်း စသည်ဖြင့် ပြုဖွယ်ကိစ္စ အထူးမလာပြီ။ အလိုရှိတိုင်း သုံးဆောင်ရတော့သည်။ အဓိဋ္ဌာန်ပျက်ကြောင်းများမှာ နောက်၌ လာလတ္တံ့။
သူ့အမည်နှင့်၊ တင်တုံလင့်၊ ကျင့်ဝတ် အဖြာဖြာ။
အဓိပ္ပာယ်။ ။ သံဃာဋိ, ဥတ္တရာသင်္ဂ, အန္တရဝါသက အစရှိသော အသီး အသီးသော သူ့အမည်နှင့် အဓိဋ္ဌာန်တင်ရာ၌မူကား ကျင့်ဝတ်တရား အဖြာဖြာ များ၏၊
သင်း, ကိုယ်, ဒု, မိုး, မာ, နိ, မျိုး၊ တင်ရိုး ဧက် စီသာ။
အဓိပ္ပာယ်။ ။ သင်းပိုင်, ကိုယ်ရုံ, ဒုကုဋ်, မိုးရေခံ, အမာလွှမ်း, နိသီဒိုင် တို့ကို သူ့အမည်နှင့် တင်သည်ရှိသော် တစ်ထည်စီသာ ထားရသည်။ အဓိဋ္ဌာန်တင်သင်းပိုင် တစ်ထည်သာ ရှိရသည်၊ နှစ်ထည် မရှိရ။ အသစ်တစ်ထည်ကို အဓိဋ္ဌာန်တင်လိုသော် သင်းပိုင်ဟောင်းကို ပစ္စုဒ္ဓိုရ်ပြုပြီးမှ အသစ်ကို တင်ရသည်။ [ကြွင်းသော ၅-ထည်တို့၌လည်း ဤနည်းတူ။]
မှတ်ချက်။ ။ အိပ်ရာခင်း, မျက်နှာသုတ်, ပရိက္ခာရစောဠတို့၌မူကား များစွာပင် တင်၍ထားရ၏၊
လျား နံ ပမာဏ၊ ပြည့်မှီမှ၊ တင်ရ ခြောက်ထည်မှာ။
အဓိပ္ပာယ်။ ။ သင်း, ကိုယ်, ဒု, မိုး, မာ, နိ —ဟူသော ၆-ထည်တို့ကို သူ့အမည်နှင့် တင်ရာ၌ အသီးသီး အလျား, အနံ ပမာဏ ပြည့်မှီမှသာ တင်ရသည်။
ငါးတောင်, တောင်ဆုပ်၊ သုံးတောင်ဆုပ်၊ ဒုကုဋ်, ကိုယ်ရုံမှာ။
အဓိပ္ပာယ်။ ။ ဒုကုဋ်, ကိုယ်ရုံတို့၌ အယုတ်ဆုံးအားဖြင့် အလျား ၅-တောင်, တောင်ဆုပ်၊ အနံ ၃-တောင်, တောင်ဆုပ် ရှိမှ အဓိဋ္ဌာန် နားသည်။ (အဓိဋ္ဌာန် တင်လောက်သည်။) ၅-တောင်, တောင်ဆုပ်ဆိုသည်ကား တောင်ရှည် ၄-တောင်နှင့် တောင်ဆုပ် ၁-ခုကို ဆိုသည်။ [၃-တောင်, တောင်ဆုပ်မှာလည်း ဤနည်းတူ။ ဝိနယသံခိပ်ကျမ်း။]
အလျားလိုဟန်၊ နှစ်တောင်နံ၊ တင်ရန် သင်းပိုင်မှာ။
အဓိပ္ပာယ်။ ။ သင်းပိုင်၏ အလျားပမာဏမှာ ဒုကုဋ်, ကိုယ်ရုံတို့ အတိုင်း ပင်၊ အနံမှာ အယုတ်ဆုံး ၂-တောင် ပမာဏရှိမှ တင်ရသည်။ [ဝိနယသံခိပ်ကျမ်း]
မှတ်ချက်။ ။ ငါးတောင် တောင်ဆုပ်, သုံးတောင် တောင်ဆုပ်, နှစ်တောင် တောင်ဆုပ်တို့ကို တိုင်းတာရာ၌ ပါရာဇိကဏ်ဘာသာဋီကာ၊ နှာ-၂၂၅၊ ၂၂၆၊ ပထမ ကထိနသိက္ခာပုဒ်အဖွင့်၌လည်းကောင်း၊ ကင်္ခါဘာသာဋီကာ၊ နှာ-၃၂၃၊ ၃၂၄၊ ပထမ ကထိနသိက္ခာပုဒ်အဖွင့်၌လည်းကောင်း၊ ပြဆိုခဲ့သော ဝိနယသံခိပ် ကျမ်း၌ တိုင်းတာသကဲ့သို့ မတိုင်းတာဘဲ လက်ဆုပ်အတောင်ဖြင့်ချည်း အလျား အနံကို တိုင်းတာလေသည်။ သို့ဖြစ်၍ ထိုဘာသာဋီကာကျမ်း ၂-ကျမ်းအရ ဆိုလျှင် ဒုကုဋ်နှင့် ကိုယ်ရုံတို့၏ အလျားမှာ လက်ဆုပ်အတောင်အားဖြင့် ၅- တောင်၊ အနံမှာ လက်ဆုပ်အတောင်အားဖြင့် ၃-တောင် ဖြစ်သည်ဟူ၍လည်း ကောင်း၊ သင်းပိုင်၏ အလျားမှာ လက်ဆုပ်အတောင်အားဖြင့် ၅-တောင်၊ အနံ မှာ လက်ဆုပ်အတောင်အားဖြင့် ၂-တောင် ဖြစ်သည်ဟူ၍လည်းကောင်း သိရာ ၏၊ [ဤ ‘မူ’နှစ်မျိုးတို့တွင် နှစ်သက်ရာမူကို ယူတော်မူကြပါကုန်။] မိုးရေခံ, အမာလွှမ်း, နိသီဒိုင်တို့၏ ပမာဏကို ရတနဝဂ်၊ ဝဿိကသာဋိက, ကဏ္ဍုပ္ပဋိစ္ဆာဒိ, နိသီဒနသိက္ခာပုဒ်တော်တို့အတိုင်း သိ။
ပရိက်, အိပ်, မျက်၊ ဤသုံးချက်၊ မမြွက် လျား နံမှာ။
အဓိပ္ပာယ်။ ။ ဤ ၃-ထည်တို့၌ အလျား, အနံ ပမာဏကို ကျမ်းဂန်တို့၌ အမြွက်အဆို မရှိ။
သုံးထည်အရိုး၊ ကောင်းစွာဆိုး၊ မာ, မိုး သင့်ရုံသာ။
အဓိပ္ပာယ်။ ။ ဒုကုဋ်, ကိုယ်ရုံ, သင်းပိုင်တို့၌ ကောင်းစွာ ဆိုးမှ အဓိဋ္ဌာန် နားသည်။ အမာလွှမ်းသင်္ကန်းနှင့် မိုးရေခံသင်္ကန်းတို့ကိုမူ အဆင်းပျက်ရုံ ဆိုးလျှင် ပြီး၏၊
ကပ္ပဗိန္ဒု၊ ထိုးရိုးပြု၊ သင်း, ဒု, ကိုယ်, မိုး, မာ။
အဓိပ္ပာယ်။ ။ ဤ ၅-ထည်တို့သည်ကား ကိုယ်၌ ဝတ်ရုံသော သင်္ကန်းမျိုး ဖြစ်ကုန်၍ ဆိုးခြင်း၊ ကပ္ပဗိန္ဒုထိုးခြင်းတို့ကို ပြုပြီးမှ အဓိဋ္ဌာန်တင်ထိုက်ကုန်သည်။ [အိပ်, မျက်, ပရိက်, နိသိဒ်တို့ကား ဝတ်ရုံသော သင်္ကန်းမျိုး မဟုတ်ကုန်၊ ဆိုးမှု, ကပ္ပဗိန္ဒုထိုးမှု မလို။]
ဓိဋ္ဌာန်ဟောင်းပစ်၊ စွန့်ပြီးလစ်၊ အသစ် တင်မြဲသာ။
အဓိပ္ပာယ်။ ။ သင်းပိုင်, ဒုကုဋ်, ကိုယ်ရုံ, မိုးရေခံ, အမာလွှမ်းသင်္ကန်းတို့၌ တစ်ထည်သာ အပ်သောကြောင့် အမည်နှင့် တင်၍ ဆောင်သော အဟောင်းရှိခဲ့လျှင် အဟောင်းကို ပစ္စုဒ္ဓိုရ်ပြု၍ အဓိဋ္ဌာန်စွန့်ပြီးမှ အသစ်ကို အဓိဋ္ဌာန် တင်ရသည်။
အဟောင်းစွန့်ပုံ, အသစ်တင်ပုံ
တင်ပုံ။ ။ “ဣမံ သံဃာဋိံ ပစ္စုဒ္ဓရာမိ — ဤသင်္ကန်းကို ဒုကုဋ်သင်္ကန်း အဖြစ်မှ ရုပ်သိမ်းပါ၏”ဟု ဆို၍ ဒုကုဋ်အဟောင်းကို ပစ္စုဒ္ဓိုရ်ပြု၊ ထို့နောက် “ဣမံ သံဃာဋိံ အဓိဋ္ဌာမိ — ဤသင်္ကန်းကို ဒုကုဋ်သင်္ကန်းဟူ၍ အဓိဋ္ဌာန်ပါ၏၊ (ဝါ) ဆောက်တည်ပါ၏”ဟု ဆို၍ ဒုကုဋ်အသစ်ကို အဓိဋ္ဌာန်တင်။
စွန့်ပုံ။ ။ အဝေး၌ ရှိနေသော ဒုကုဋ်ဟောင်းကို အဝေးကနေ စွန့်ရာ၌ “ဧတံ သံဃာဋိံ ပစ္စုဒ္ဓရာမိ”ဟု စွန့်။ [အဝေးအဓိဋ္ဌာန်၌လည်း ထိုနည်းအတူ။]
ဣမံ ဥတ္တရာသင်္ဂံ ပစ္စုဒ္ဓရာမိ — ဤသင်္ကန်းကို ကိုယ်ရုံသင်္ကန်းအဖြစ်မှ ရုပ်သိမ်းပါ၏၊
ဣမံ ဥတ္တရာသင်္ဂံ အဓိဋ္ဌာမိ — ဤသင်္ကန်းကို ကိုယ်ရုံသင်္ကန်းဟူ၍ အဓိဋ္ဌာန်ပါ၏၊ (ဝါ) ဆောက်တည်ပါ၏၊
ဣမံ အန္တရဝါသကံ ပစ္စုဒ္ဓရာမိ —- ဤသင်္ကန်းကို သင်းပိုင်အဖြစ်မှ ရုပ်သိမ်း ပါ၏၊
ဣမံ အန္တရဝါသကံ အဓိဋ္ဌာမိ — ဤသင်္ကန်းကို သင်းပိုင်ဟူ၍ အဓိဋ္ဌာန် ပါ၏၊ (ဝါ) ဆောက်တည်ပါ၏၊
အမှာ။ ။ အဝေး၌ ၁-ထည် ဖြစ်အံ့၊ “ဣမံ” အစား “ဧတံ”၊ အများဖြစ်အံ့၊ “ဣမာနိ” အစား “ဧတာနိ”ဟု ဆို။ [ယခု ကာလ၌ မိုးရေခံသင်္ကန်းနှင့် အမာလွှမ်းသင်္ကန်းတို့ကို အသုံးမပြုကြ၍ တင်ပုံ, စွန့်ပုံတို့ကို မပြတော့ပါ။]
သုံးထည်ကိုလျှင်၊ အမည်တင်၊ ညဉ့်ပင် မကင်းရာ။
အဓိပ္ပာယ်။ ။ ဒု, ကိုယ်, သင်းပိုင်တို့ကို အမည်နှင့် အဓိဋ္ဌာန်တင်ပြီးသည် ရှိသော် တင်ပြီးသော နေ့မှစ၍ ၎င်းတို့နှင့် (ဝါ) တစ်ထည်ထည်နှင့်မျှသော်လည်း တစ်ညဉ့်မှ ကင်း၍ မနေရာ၊ အရုဏ်တက်ဆဲအခါ၌ လိုရင်းတည်း။
အရုဏ်တက်ချိန်
တန်ခူးနှင့် သီတင်းကျွတ်လတို့၌ နံနက် ၅-နာရီတွင် အရုဏ်တက်သည်။ ကဆုန်လမှ စ၍ ဝါဆိုလတိုင်အောင် တစ်လလျှင် (၁၀) မိနစ်စီ (၁၀)မိနစ်စီ လျော့၏၊ သို့ဖြစ်၍ —
ကဆုန်လ၌ ၄း၅၀ (၄ နာရီ - ၅၀ မိနစ်)
နယုန်လ၌ ၄း၄၀
ဝါဆိုလ၌ ၄း၃၀ [ဤအချိန်သည် အစောဆုံးသော အရုဏ်တက်ချိန် ဖြစ်သည်။ ဝါထပ်လျှင် ဒုတိယဝါဆိုလ၌လည်း ဤအတိုင်းပင်။]
ဝါခေါင်လမှ စ၍ ပြာသိုလတိုင်အောင် တစ်လလျှင် ၁၀-မိနစ်စီ, ၁၀-မိနစ်စီ တိုး၏၊ သို့ဖြစ်၍ —
ဝါခေါင်လ၌ ၄း၄၀
တော်သလင်းလ၌ ၄း၅၀
သီတင်းကျွတ်လ၌ ၅းဝဝ
တန်ဆောင်မုန်းလ၌ ၅း၁၀
နတ်တော်လ၌ ၅း၂၀
ပြာသိုလ၌ ၅း၃၀။ [ဤအချိန်သည် နောက်အကျဆုံးသော အရုဏ် တက်ချိန် ဖြစ်သည်။]
တပို့တွဲလမှ စ၍ တန်ခူးလတိုင်အောင် တစ်လလျှင် ၁၀-မိနစ်စီ ၁၀-မိနစ်စီ လျော့၏၊ သို့ဖြစ်၍ —
တပို့တွဲလ၌ ၅း၂၀
တပေါင်းလ၌ ၅း၁၀
တန်ခူးလ၌ ၅းဝဝ
အရုဏ်အချိန်ကို ဂရု, လဟုမူဖြင့် ရှင်းတမ်း
မိမိနာရီကို စိတ်မချရ၍ သို့လောသို့လောဟု ယုံမှားသံသယ မဖြစ်ရလေအောင် အရုဏ်အချိန်ကို ယူရာ၌ သတ်မှတ်ထားသော အရုဏ်အချိန်ထက် ဆယ်မိနစ်လောက် နောက်ကျ၍ ယူအပ်၏၊ အဘယ်ကြောင့်ဆိုသော် တိစီဝရိက် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းသုံးထည်တို့ကို နိဿဂ္ဂိမထိုက်စေခြင်းငှာ ကာကွယ်စောင့်ရှောက်ရာ၌ အရုဏ်အချိန်ကို နောက်ကျ၍ ယူနိုင်လေလေ ပို၍ စိတ်ချရလေလေ ဖြစ်သောကြောင့်တည်း။ [မွန်းတည့်အချိန်ကို ယူရာ၌ကား ဆယ်မိနစ်လောက် စော၍ ယူအပ်၏၊] အရုဏ်အချိန်ကို နေအလင်းရောင် ခြည်ဖြင့် မယူဘဲ စက်နာရီအချိန်ဖြင့် ယူလျှင် ရေဒီယိုဖြင့် ကြေညာသော စံတော် ချိန်ကို အတည်ပြု၍ ယူအပ်၏၊
အထက်ပါ သတ်မှတ်ထားသော အရုဏ်အချိန်ကို စိစစ်လျှင် ဝါခေါင်လ မှစ၍ ပြာသိုလတိုင်အောင် ဤ ၆-လအတွင်း၌ အရုဏ်အချိန်သည် တစ်လလျှင် ဆယ်မိနစ်စီ ဆယ်မိနစ်စီ ရှေ့သို့ တိုး၍တိုး၍ ရွေ့၏၊ တပို့တွဲလမှ စ၍ ဝါဆိုလ တိုင်အောင် ဤ ၆-လ အတွင်း၌ကား တစ်လလျှင် ဆယ်မိနစ်စီ ဆယ်မိနစ်စီ နောက်သို့ လျော့၍လျော့၍ ဆုတ်၏ ဟူသော အဖြစ်ကို တွေ့ရှိပေလိမ့်မည်။ [သူရိယနေမင်းသည်လည်းကောင်း၊ စက်နာရီသည်လည်းကောင်း တစ်မုဟုတ်ချင်း ခုန်ကျော်၍ မသွားပါ၊ အစဉ်အတိုင်းသာလျှင် ရွေ့၍ရွေ့၍ သွား၏၊] ထို့ကြောင့် တစ်လလျှင် ဆယ်မိနစ်စီ ဆယ်မိနစ်စီ တိုးခြင်း လျော့ခြင်းသည် တစ်မုဟုတ်ချင်း တိုးခြင်းလျော့ခြင်း မဟုတ်၊ တဖြည်းဖြည်း တဖြည်းဖြည်း တိုး-လျော့ခြင်း ဖြစ်သည်။ ၎င်းကို အသေးစိတ်၍ တွက်လျှင် သုံးရက်တစ်ကြိမ် သုံးရက်တစ်ကြိမ် တစ်မိနစ်စီ တစ်မိနစ်စီ တိုး-လျော့သည်ဟု အဖြေထွက်၏၊ [ထို့ကြောင့် တစ်လလျှင် ဆယ်မိနစ်စီ ဆယ်မိနစ်စီ တိုး-လျော့၍ အထက်ပါ သတ်မှတ်ထားသော အရုဏ်အချိန်သည် တစ်လလုံးကို ခြုံ၍ အကြမ်းအားဖြင့် ရှေးဆရာမြတ်တို့ သတ်မှတ်သွားသော အချိန်ဖြစ်သည်ဟူ၍ ဆိုအပ်၏၊] သို့ဖြစ် လျှင် အဘယ်မူ၌ အရုဏ်အချိန်ကို ယူသင့်သနည်းဟူမူ တစ်လလျှင် ဆယ်မိနစ်စီ ဆယ်မိနစ်စီ တိုး-လျော့၍ သတ်မှတ်သော ပထမမူသည် ဝါခေါင်လမှ စ၍ ပြာသိုလတိုင်အောင် ဤ ၆-လအတွင်း၌ လကူးပြောင်းသည်နှင့် တစ်ပြိုင်နက် တစ်လအတွက် ဆယ်မိနစ်လုံးကို တစ်ခါတည်းဖြင့် ရှေ့သို့ တိုးစေခြင်းအားဖြင့် သုံးရက်မှတစ်ခါ သုံးရက်မှတစ်ခါ တစ်မိနစ်စီ တစ်မိနစ်စီ တိုး-လျော့၍ သတ်မှတ်သော ဒုတိယမူထက် အရုဏ်အချိန်ကို နောက်ကျ၍ ယူခြင်းကြောင့် ဤ (ပ)မူသည် ဤ ၆-လအတွင်း၌ ပိုပြီး စိတ်ချရ၍ ဂရုဖြစ်သည်။ ရှင်းပြပါအံ့။ ဝါခေါင်လကိုပင် သာဓကဆောင်၍ ယူကြပါစို့။ (ပ)မူဖြင့် ယူလျှင် ဤဝါခေါင် လဆန်း ၃-ရက်နေ့၌ အရုဏ်အချိန်သည် (၄း၄၀)နာရီ ဖြစ်၍ (ဒု)မူဖြင့် ယူလျှင် (၄း၃၁)နာရီ ဖြစ်သည်။ ဤအရုဏ်အချိန်နှစ်ခုကို နှိုင်းယှဉ်သော် (ပ)မူသည် (ဒု)မူထက် ၉-မိနစ်တိတိ နောက်ကျနေသည်မှာ ပေါ်လွင်သောကြောင့် ဂရုဖြစ်၍ (ဒု)မူသည် လဟု ဖြစ်သည်ဟူ၍ ဆိုအပ်၏၊ [ကျန်သောရက်များ လများအတွက် သိလောက်ပါပြီ။] ထို့ကြောင့် ဝါခေါင်လမှ စ၍ ပြာသိုလတိုင်အောင် ဤ ၆-လအတွင်း၌ အရုဏ်အချိန်ကို (ပ)မူဖြင့်ပင် ယူအပ်၏၊ (ဝါ) အထက်ပါ သတ်မှတ်ထားသော အရုဏ်အချိန်ကိုပင် ယူအပ်၏၊ [အရုဏ်အချိန်ကို အတိအကျ ယူလိုမူ (ဒု)မူဖြင့် တွက်၍ ယူလေ။] တပို့တွဲလမှစ၍ ဝါဆိုလတိုင်အောင် ဤ ၆-လအတွင်း၌ကား (ဒု)မူသည် (ပ)မူကဲ့သို့ လကူးပြောင်းသည်နှင့် တစ်ပြိုင်နက် တစ်လအတွက် ဆယ်မိနစ်လုံးကို တစ်ခါတည်းဖြင့် နောက်သို့ မဆုတ်စေဘဲ သုံးရက်မှ တစ်ခါ သုံးရက်မှ တစ်ခါ တစ်မိနစ်စီ တစ်မိနစ်စီသာလျှင် နောက်သို့ ဆုတ်စေသောအားဖြင့် (ပ)မူထက် အရုဏ်အချိန်ကို နောက်ကျ၍ ယူခြင်း ကြောင့် ဤ (ဒု)မူသည် ဤ ၆-လအတွင်း၌ ပိုပြီး စိတ်ချရ၍ ဂရု ဖြစ်သည်။ ရှင်းပြပါအံ့။ တပို့တွဲလကိုပင် သာဓက ဆောင်၍ ယူကြပါစို့။ (ပ)မူဖြင့် ယူလျှင် ဤ တပို့တွဲလဆန်း ၃-ရက်နေ့၌ အရုဏ်အချိန်သည် (၅း၂၀)နာရီ ဖြစ်၍ (ဒု)မူဖြင့် ယူလျှင် (၅း၂၉)နာရီ ဖြစ်သည်။ ဤအရုဏ်အချိန် နှစ်ခုကို နှိုင်းယှဉ် သော် (ဒု)မူသည် (ပ)မူထက် ၉-မိနစ်တိတိ နောက်ကျနေသည်မှာ ပေါ်လွင် သောကြောင့် ဂရုဖြစ်၍ (ပ)မူ သည် လဟု ဖြစ်သည်ဟူ၍ ဆိုအပ်၏၊ [ကျန်သော ရက်များ လများအတွက် သိလောက်ပြီ။] ထို့ကြောင့် တပို့တွဲလမှ စ၍ ဝါဆိုလတိုင်အောင် ဤ ၆-လအတွင်း၌ အရုဏ်အချိန်ကို တတ်နိုင်ပါမူ ဤ (ဒု)မူဖြင့် ယူအပ်ပေသည်ဟူ၍ ပြောလိုပါ၏၊ [မတတ်နိုင်လျှင်ကား (ပ)မူဖြင့် အထက်ပါ သတ်မှတ်ထားသော အရုဏ်အချိန်ကိုပင် ယူလေ။]
ဂရု-လဟု ရှင်းတမ်း ပြီးပြီ။
ပြဆိုခဲ့ပြီးသော အရုဏ်အချိန်မှာ အများအသိအမှတ် ပြုကြသော အရုဏ် အချိန် ဖြစ်သည်။ [ဒေသတစ်ခုနှင့် တစ်ခု အရုဏ်တက်သော အချိန်ချင်း မတူပါ။ နေရောင်ခြည် လွယ်လွယ်ကူကူဖြင့် ထွန်းလင်းသော ဒေသတို့၌ အရုဏ်ချိန်မှာ စောသည်။ နေရောင်ခြည် လွယ်လွယ်ကူကူဖြင့် မထွန်းလင်းသော ဒေသတို့ ၌ကား အရုဏ်တက်သော အချိန်မှာ နောက်ကျလေသည်။ သို့ဖြစ်၍ မိမိတို့ နေထိုင်သော ဒေသအသီးအသီးတို့၌ တက်သော အရုဏ်အချိန်ကိုပင် ယူလို လျှင် ယူတော်မူကြပါကုန်။]
နိဿဂ္ဂိ မထိုက်စေနည်း
တိစီဝရိက်အဓိဋ္ဌာန်တင်ထားသော သင်္ကန်း ၃-ထည်တို့ကို ဝတ်ခြုံ၍သော် လည်းကောင်း, သို့မဟုတ် အရုဏ်တက်အချိန်၌ မိမိနှင့် နှစ်တောင့်ထွာ ဟတ္ထပါသ်အတွင်း၌သော်လည်း ရှိစေရမည်။ [ဤနည်းသည် အောက်၌ ပြလတ္တံ့သော ကျမ်းအဆိုများအတိုင်း လိုက်နာကျင့်သုံး ဆောက်တည်ရန် သဘောမပေါက်သော ပုဂ္ဂိုလ်များအဖို့ အလွယ်ကူဆုံး အကောင်းဆုံးနည်း ဖြစ်သည်။] နှစ်တောင့်ထွာ ဟတ္ထပါသ်အတွင်း၌ မရှိလျှင် စီဝရဝဂ်၊ ဒုတိယ ကထိနသိက္ခာပုဒ်တော်အရ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊ ၎င်းတို့နှင့် ညဉ့်ကင်းလိမ့်မည်ဟု ထင်လျှင် အရုဏ်မတက်မီ အဝေးရှိရာ ထိုသင်္ကန်းကို မှန်း၍ (အကယ်၍ ဒုကုဋ် ဖြစ်လျှင်) “ဧတံ သံဃာဋိံ ပစ္စုဒ္ဓရာမိ — ထို ဒုကုဋ်သင်္ကန်းကို ပစ္စုဒ္ဓိုရ်ပြုပါ၏၊ သို့မဟုတ် ထိုသင်္ကန်းကို ဒုကုဋ်သင်္ကန်းအဖြစ်မှ ရုပ်သိမ်းပါ၏”ဟု ဆို၍ ပစ္စုဒ္ဓိုရ်ပြု။ ဤသို့ပြုလျှင် နိဿဂ္ဂိမထိုက်တော့ပြီ။ အရုဏ်တက်ပြီးနောက် အဝေးရှိရာသို့ မှန်းပြီး ထပ်၍ အဓိဋ္ဌာန်တင်။ သို့ပြုခြင်းအားဖြင့် နိဿဂ္ဂိပါစိတ် အာပတ်လည်း မသင့်၊ အဓိဋ္ဌာန်လည်း တင်ပြီးသား ဖြစ်တော့သည်။
အကယ်၍ စပ်ကူးမတ်ကူး အချိန်နှင့် ကပ်၍ ကုဋိသို့ သွားလိုသော်လည်း ကောင်း၊ အခြားကိစ္စတစ်ခုခုကြောင့် သင်္ကန်း ၃-ထည်လုံးကိုဖြစ်စေ၊ တစ်ထည် ထည်ကိုဖြစ်စေ ချန်ထား၍ သွားရမည့်အခါမျိုးနှင့် ကြုံကြိုက်သော်လည်းကောင်း၊ ထိုသင်္ကန်းတို့ကို ပစ္စုဒ္ဓိုရ်ပြု၍ ကိစ္စပြီးသောအခါ အဓိဋ္ဌာန်ပြန်တင်၍ စောင့် ရှောက်ရမည်။ ထိုသို့ မပြုမိ၍ ထိုသင်္ကန်းတို့နှင့် အရုဏ်တက်ချိန်၌ ကင်းသွားပါမူ ဝိနည်းဓိုရ်ထံ၌ စွန့်ရမည်။
အရုဏ်တက်ချိန်၌ တိစီဝရိက် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းတို့နှင့် မကင်းရဟူသော စကားမှာ အဓိပ္ပာယ် အမျိုးမျိုးရှိသောကြောင့် လွယ်ကူစွာဖြင့် နားလည်စေခြင်းငှာ ပါတိမောက္ခ ဝိနိစ္ဆယကျမ်းတို့မှ ကောက်နုတ်ထားသော အောက်ပါ စာပိုဒ် (၃) ခုကို နည်းရရုံ ဆောင်၍ ပြပါအံ့။
(၁) တစ်ယောက်သော အမျိုး၏ အိမ်သည် အရံ ရှိအံ့၊ အထူးထူးသော တိုက်ခန်းပင်ရှိသော်လည်း ဧကူပစာရ ဖြစ်သောကြောင့် အိမ်တွင်း၌ သင်္ကန်းကို ထား၍ ထိုအိမ်၌ နေလိုရာအရပ်မှာ နေအပ်၏၊
(၂) တစ်ယောက်သော အမျိုး၏ အိမ်သည် အရံ မရှိသည် ဖြစ်အံ့၊ နာနူပစာရ ဖြစ်သောကြောင့် အကြင်တိုက်ခန်း၌ သင်္ကန်းကို ထားအံ့၊ ထိုတိုက်ခန်း၌ နေအပ်၏၊ ထိုတိုက်ခန်း၏ နှစ်တောင့်ထွာ ဟတ္ထပါသ်ကို မစွန့်မူ၍လည်း နေအပ်၏၊
(၃) ကျောင်း၌လည်း ဤဆိုပြီးသော နည်းကိုမှီ၍ သိအပ်၏၊ [အကျယ် ကို သိလိုလျှင် ထိုပါတိမောက္ခ ဝိနိစ္ဆယကျမ်းတို့၌ ရှု။]
ကင်္ခါဘာသာဋီကာ (ပထမအုပ်) ဒုတိယ ကထိန သိက္ခာပုဒ်၌ ‘အဝိပ္ပဝါသ သိမ်ထဲ၌ ထားလျှင် ထိုသိမ်အတွင်း အလိုရှိရာ၌ ကင်း၍ နေနိုင်၏၊ ထိုသိမ် ပြင်ဘက်ဂါမစသည်တို့၏ ပြင်ဘက်၌ကား ဟတ္ထပါသ်စွန့်၍ ကင်းမနေရ’ဟု ဆို၏၊ [ရွာ, အိမ်, တိုက် (ဘဏ္ဍာတိုက်), ထီးတပ်အပ်သော ပြာသာဒ်, ထီးမတပ် အပ်သော ပြာသာဒ် ဦးပြည်း, လှေ, လှည်း, ပြအိုး, လယ် (ယာ), ကောက်နယ်တလင်း, သစ်ပင်, လွင်တီးခေါင်, အာရာမ်, ကျောင်းတိုက်, တန်ဆောင်း၊ ဤ (၁၅) ပါးသည် တိစီဝရိက် သင်္ကန်းထားရာ အရပ်များတည်း၊ မည်သည့်အရပ်၌ ထားလျှင် မည်သို့ နေရမည် စသော ညွှန်ကြားချက်များကို ပါရာဇိကဏ် ပါဠိတော် (မြန်မာပြန်) ဒုတိယ ကထိနသိက္ခာပုဒ်၌ ရှု။]
အနီးစွန့်ပုံ
ဣဒံ မေ ဘန္တေ စီဝရံ ရတ္တိဝိပ္ပဝုတ္ထံ၊ အညတြ ဘိက္ခုသမ္မုတိယာ နိဿဂ္ဂိယံ၊ ဣမာဟံ အာယသ္မတော နိဿဇ္ဇာမိ = “အရှင်ဘုရား ...တပည့်တော်၏ ဤသင်္ကန်းကို ဘိက္ခုသမ္မုတိကို ကြဉ်ထား၍ ညဉ့်ကင်းနေအပ်သည်ဖြစ်၍ စွန့်ထိုက်နေပါသည်။ ဤသင်္ကန်းကို အရှင်ဘုရားအား တပည့်တော် စွန့်ပါသည်”ဟု မြန်မာလို ဆို၍လည်း စွန့်နိုင်၏၊
နှစ်ထည်မှ စ၍ အများဖြစ်လျှင် ‘ဣမာနိ မေ ဘန္တေ စီဝရာနိ ရတ္တိ-ဝိပ္ပဝုတ္ထာနိ အညတြ ဘိက္ခုသမ္မုတိယာ နိဿဂ္ဂိယာနိ၊ ဣမာနာဟံ အာယသ္မတော နိဿဇ္ဇာမိ’ဟု ဆို။
အဝေးစွန့်ပုံ
အဝေး၌ တစ်ထည် ဖြစ်အံ့၊ ‘ဧတံ မေ ဘန္တေ စီဝရံ ရတ္တိဝိပ္ပဝုတ္ထံ အညတြ ဘိက္ခုသမ္မုတိယာ နိဿဂ္ဂိယံ၊ ဧတာဟံ အာယသ္မတော နိဿဇ္ဇာမိ’ဟု ဆို။
အများဖြစ်အံ့၊ “ဧတာနိ မေ ဘန္တေ စီဝရာနိ ရတ္တိဝိပ္ပဝုတ္ထာနိ အညတြ ဘိက္ခုသမ္မုတိယာ နိဿဂ္ဂိယာနိ၊ ဧတာနာဟံ အာယသ္မတော နိဿဇ္ဇာမိ”ဟုဆို။
ဝိနည်းဓိုရ်က အငယ်ဖြစ်နေလျှင် “ဘန္တေ” အစား “အာဝုသော-ငါ့ရှင်” “အာယသ္မတော” အစား “တုယှံ-သင့်အား”ဟု ပြောင်းလွှဲ၍ ဆို။ နောက်၌လည်း ဤနည်းချည်း။
ဤသို့ စွန့်ပြီးသည့်အခါ ယခုကာလ ထုံးစံအတိုင်း ပါစိတ်အာပတ်ကို ရည်မှတ်၍ ဒေသနာ ပြောရမည်။ ထို့နောက် ဝိနည်းဓိုရ်က “ဣမံ စီဝရံ အာယသ္မတော ဒမ္မိ — ဤသင်္ကန်းကို (များလျှင် ဣမာနိ စီဝရာနိ — ဤ သင်္ကန်းတို့ကို) အရှင့်အား ပြန်ပေးပါ၏”ဟု ပါဠိလိုဖြစ်စေ၊ မြန်မာလိုဖြစ်စေ ဆို၍ ပြန်ပေးရမည်။
အဝေး၌ ဖြစ်အံ့၊ တစ်ထည်ဖြစ်လျှင် “ဧတံ စီဝရံ အာယသ္မတော ဒမ္မိ - ထိုသင်္ကန်းကို (များလျှင် ဧတာနိ စီဝရာနိ -- ထိုသင်္ကန်းတို့ကို) အရှင့်အား ပြန်ပေးပါ၏”ဟု ဆို။
စွန့်ခြင်း၊ ဒေသနာ ပြောရခြင်း၊ ပြန်ပေးရခြင်း စသည်တို့မှာ နိဿဂ္ဂိအားလုံး ၌ အတူတူပင်တည်း။ ထိုကဲ့သို့ ပြန်ပေး၍ ရပြီးနောက် အလိုရှိရာ အဓိဋ္ဌာန်သော် လည်းတင်၊ ဝိကပ္ပနာသော်လည်း ပြုထားရမည်။
ပေးစွန့်, ခိုးယူ၊ ကျွမ်းဝင်ယူ၊ လူထွက် ချသိက္ခာ။
သေဆုံး, လိင်ပြန်၊ ပစ္စုဒ္ဓံ၊ ရှစ်တန်-ကျဓိဋ္ဌာ။
အဓိပ္ပာယ်။ ။ အဓိဋ္ဌာန်တင်၍ထားသော သင်္ကန်းသည် ၈-ပါးသော အကြောင်းတို့ကြောင့် အဓိဋ္ဌာန်ကျ၏၊ [ကျ--ဟူရာ၌ အဓိဋ္ဌာန်ပျက်သည်ဟု ဆိုလိုသည်။]
ရှစ်ပါးသော အကြောင်းကား — ၁။ သူတစ်ပါးအား ပေးစွန့်ခြင်း၊ ၂။ ခိုးယူ သွားခြင်း၊ ၃။ အကျွမ်းဝင်၍ ဝိဿာသဂ္ဂါဟယူနည်းဖြင့် ယူသွားခြင်း၊ ၄။ သင်္ကန်း ရှင်က ဘိက္ခုနီဖြစ်လျှင် သိက္ခာမချဘဲ လူဝတ်လဲခြင်း၊ ၅။ ဘိက္ခု ဖြစ်လျှင် သိက္ခာ ချခြင်း၊ ၆။ သေဆုံးခြင်း၊ ၇။ လိင်ပြန်ခြင်း၊ ၈။ ပစ္စုဒ္ဓိုရ်ပြုခြင်းတည်း။
မှတ်ချက်။ ။ သင်္ကန်းရှင် ပါရာဇိကကျခဲ့သော် အဓိဋ္ဌာန်ကျသည် မကျသည်ကို အဆိုမရှိ၊ သိက္ခာကျ၌ ရေတွက်ရာ၏၊
သင်း, ကိုယ်, ဒု, အား၊ ပေါက်မှုပွား၊ ကိုးပါး ကျကြောင်းလာ။
အဓိပ္ပာယ်။ ။ တိစီဝရိက် အဓိဋ္ဌာန်တင်၍ ဆောင်ထားသော တိစီဝရိက် များအတွက်မှာ လက်သန်း၏ လက်သည်းခွံလောက် အပေါက် ပေါက်လျှင် လည်း အဓိဋ္ဌာန်ကျသဖြင့် အဓိဋ္ဌာန်ကျကြောင်း ၉-ပါး ရှိသည်ဟု မှတ်။ အပေါက် ဟူရာ၌ အနားပတ်လည် ပေါက်ရုံဖြင့် မကျ၊ ၃-ထည်လုံးအတွက် အလျားစွန်း တစ်ထွာအတွင်း၊ အနံအစွန်း ဒုကုဋ်နှင့် ကိုယ်ရုံအတွက် လက် ၈-သစ် အတွင်း၊ သင်းပိုင်အတွက် လက် ၄-သစ်အတွင်း ထုတ်ချင်းပေါက်မှ အဓိဋ္ဌာန်ကျကြောင်းအပေါက် ဖြစ်သည်ဟု ဆိုလိုသည်။ အပေါက်ဖာပြီးက ထပ်၍ အဓိဋ္ဌာန် တင်နိုင်၏၊
အထူးသိမှတ်ဖွယ်
စီဝရဝဂ် ဒုတိယ ကထိနသိက္ခာပုဒ်တော်၌ “ဂိလာနရဟန်းအား ပေးအပ် သော အဝိပ္ပပါသသမ္မုတိကို မရထားလျှင် ကထိန်နုတ်ပြီးနောက်”ဆိုသော စကား၏ အဓိပ္ပာယ်ကို သိပါလေ။ တစ်နည်း ထိုသမ္မုတိကို ရခဲ့သော်လည်း ကောင်း၊ ကထိန်အာနိသင်ကို ရခဲ့သော်လည်းကောင်း၊ ထိုထိုကာလအတွင်း၌ တိစီဝရိက် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းတို့နှင့် ညဉ့်ကင်းသော်လည်း အပြစ်မရှိဟု သိ။
စီဝရဝဂ် ပထမ ကထိနသိက္ခာပုဒ်တော်အရ ကထိန်နုတ်ပြီးနောက် ကိုယ်ပိုင်သင်္ကန်းကို ၁၀-ရက်အတွင်း၌ အဓိဋ္ဌာန်မတင် ဝိကပ္ပနာ မပြုမိလျှင် ထိုသင်္ကန်းသည် နိဿဂ္ဂိထိုက်၍ ပါစိတ်အာပတ် သင့်ရုံသာမက ၎င်းကို ကိုင်လျှင် ကိုင်တိုင်းကိုင်တိုင်း ဒုက္ကဋ်အာပတ်လည်း ထပ်၍ထပ်၍ သင့်သေး၏၊ ထို့ကြောင့် ထိုသင်္ကန်းကို ဝိနည်းဓိုရ်ထံ၌ စွန့်ရမည်။
အနီးစွန့်ပုံ
“ဣဒံ မေ ဘန္တေ စီဝရံ ဒသာဟာတိက္ကန္တံ နိဿဂ္ဂိယံ၊ ဣမာဟံ အာယသ္မတော နိဿဇ္ဇာမိ = အရှင်ဘုရား ...တပည့်တော်၏ ဤ သင်္ကန်းသည် (၁၀)ရက်လွန်လာသဖြင့် နိဿဂ္ဂိထိုက်နေပါသည်၊ ဤသင်္ကန်းကို အရှင်ဘုရား အား တပည့်တော်စွန့်ပါသည်”ဟု မြန်မာလို ဆို၍လည်း စွန့်နိုင်၏၊
နှစ်ထည်မှ စ၍ အများဖြစ်လျှင် “ဣမာနိ မေ ဘန္တေ စီဝရာနိ ဒသာဟာတိက္ကန္တာနိ နိဿဂ္ဂိယာနိ၊ ဣမာနာဟံ အာယသ္မတော နိဿဇ္ဇာမိ”ဟု ဆို။
ဝိနည်းဓိုရ်က အငယ် ဖြစ်နေလျှင် “ဘန္တေ” အစား “အာဝုသော” “အာယသ္မတော” အစား “တုယှံ”ဟု ပြောင်းလွှဲ၍ ဆို။
အဝေးစွန့်ပုံ
အဝေး၌ တစ်ထည်ဖြစ်အံ့၊ “ဣဒံ, စီဝရံ, နိဿဂ္ဂိယံ, ဣမာဟံ”ပုဒ်တို့အစား “ဧတံ, စီဝရံ, နိဿဂ္ဂိယံ, ဧတာဟံ”ဟု ပြောင်းလွဲ၍ ဆို။
အများဖြစ်အံ့၊ “ဧတာနိ စီဝရာနိ ဒသဟာတိက္ကန္တာနိ နိဿဂ္ဂိယာနိ ဧတာနာဟံ”ဟု ဆို။
ထို့နောက် ဒေသနာ ပြောရခြင်း၊ ပြန်ပေးရခြင်း၊ အဓိဋ္ဌာန်တင်ရခြင်းတို့မှာ အထက်၌ ဖော်ပြထားသော နည်းအတိုင်းပင် ဖြစ်သည်။ ဝိကပ္ပနာပြု၍ ထားလို က အောက်ပါ “အခန်း”၌ ညွှန်ပြထားသည့်အတိုင်း ပြု။
သင်္ကန်းအဓိဋ္ဌာန်တင်နည်း၊ စောင့်ရှောက်နည်း၊ စွန့်နည်း ပြီးပြီ။