ဝိနည်းဥပဒေတော်ကြီး/သုဒ္ဓပါစိတ်အခန်း
၁၆။ သုဒ္ဓပါစိတ်အခန်း
၁။ လသုဏဝဂ်
၁။ လသုဏ
အကြင်ဘိက္ခုနီသည် အမြှောင့်များစွာ ပါရှိသော ကြက်သွန်ဖြူကို အစိမ်း သက်သက် စားငြားအံ့။ ထိုဘိက္ခုနီအား လသုဏသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ဘိက္ခုတို့မှာ ဒုက္ကဋ်အာပတ်သင့်၏၊]
မဂဓတိုင်း၌ ပေါက်သော ကြက်သွန်ဖြူဟု ပါစိတ်ပါဠိတော် (မြန်မာပြန်) နှင့် ကင်္ခါဘာသာဋီကာ (ဒုတိယအုပ်)စသော ကျမ်းတို့၌ ဆိုထားသည်ကို ထောက်လျှင် မြန်မာပြည်၌ ပေါက်သော ကြက်သွန်ဖြူကိုကား စားနိုင်သည်-ဟူ၍ သဘာဝကျကျ ယူမည်ဆိုလျှင် ယူနိုင်၏၊ သို့သော် အောက်၌ ပြလတ္တံ့ သော စာပိုဒ်၏ အဆုံးနား၌ လာသည့် ကုရုန္ဒီအဋ္ဌကထာဆရာ ဖွင့်ဆိုသော စကားကို ထောက်လျှင် ဤသို့ မယူသင့်ပေ။
ပါစိတ်ဘာသာဋီကာ လသုဏသိက္ခာပုဒ် (နှာ၊၄၈၇)၌ မာဂဓကန္တိ = မာဂဓကံ —ဟူသည်ကား။ မဂဓေသု = မဂဓာဟု ဗဟုဝုစ်အမည်ရသော ဇနပုဒ်၌ ဇာတံ = ဖြစ်သော ကြက်သွန်ဖြူကို။ (‘လသုဏံနာမ = လသုဏမည်၏ ဟူ၍။ ဝုစ္စတိ = ဆိုအပ်၏’၌စပ်)။ ဟိ = မှန်၏၊ မဂဓရဋ္ဌေ = မဂဓတိုင်း၌။ ဇာတလသုဏမေဝ = ဖြစ်သော ကြက်သွန်ဖြူကိုသာ။ ဣဓ = ဤသိက္ခာပုဒ်၌။ လသုဏန္တိ = လသုဏဟူ၍။ အဓိပ္ပေတံ = အလိုရှိအပ်၏၊ တမ္ပိ = ထိုမဂဓတိုင်း၌ ဖြစ်သောကြက်သွန်ဖြူကိုလည်း။ ဂဏ္ဌိကလသုဏမေဝ = အမြှောင့်များစွာ ပါရှိသော ကြက်သွန်ဖြူကိုသာ။ (အဓိပ္ပေတံ = အလိုရှိအပ်၏၊) ဧကဒွိတိ မိဉ္ဇကံ = တစ်မြှောင့်ရှိသော ကြက်သွန်ဝါ, နှစ်မြှောင့်ရှိသော ကြက်သွန်နီ, သုံးမြှောင့် ရှိသော ကြက်သွန်စိမ်းကို။ န (အဓိပ္ပေတံ) = အလိုမရှိအပ်။ ပန = ဝါဒန္တရကား။ (ဝါ) အခြားတစ်ပါးသော ဝါဒကား။ ကုရုန္ဒိယံ = ကုရုန္ဒီအဋ္ဌကထာ၌။ ဇာတဒေသံ = ဖြစ်ရာဒေသကို။ အဝတွာ = မဆိုမူ၍။ မာဂဓကံ နာမ ဂဏ္ဌိက လသုဏန္တိ = မာဂဓကံ နာမ ဂဏ္ဌိက လသုဏံ-ဟူ၍။ ဝုတ္တံ = ဆိုအပ်ပြီဟူ၍ ဆို၏၊ (မာဂဓကံ နာမ = မဂဓ ကြက်သွန်ဖြူ မည်သည်။ ဂဏ္ဌိကလသုဏံ = အမြှောင့်များစွာ ပါရှိသော ကြက်သွန်ဖြူတည်း။) [ဤကုရုန္ဒီအဋ္ဌကထာဆရာ ဖွင့်ဆိုသော စကားအရ မဂဓတိုင်း၌ ပေါက်သော အမြှောင့်များစွာ ပါရှိသော ကြက်သွန်ဖြူ ကိုသာလျှင် မဟုတ်၊ မြန်မာနိုင်ငံ စသည်၌ ပေါက်သော အမြှောင့်များစွာ ပါရှိသော ကြက်သွန်ဖြူများကိုလည်း ‘လသုဏ’ဟု ဆိုအပ်၏၊ ထို့ကြောင့် မည်သည့် တိုင်းပြည်နိုင်ငံမှာပဲ ပေါက်ပေါက် အမြှောင့်များစွာ ပါရှိသော ကြက်သွန်ဖြူ မှန်သမျှကို အစိမ်းသက်သက် မစားအပ်ဟု မှတ်ယူအပ်၏၊]
အနာပတ္တိဝါရ၌ — အနာပတ္တိ ပလဏ္ဍုကေ၊ ဘဉ္ဇနကေ၊ ဟရိတကေ၊ စာပလသုဏေ၊ သူပသံပါကေ၊ မံသသံပါကေ၊ တေလသံပါကေ၊ သာဠဝေ၊ ဥတ္တရိဘင်္ဂေ—ဟူ၍ ဟောတော်မူအပ်၏၊
ပလဏ္ဍုကေ = တစ်မြှောင့်သာရှိ၍ ဖြော့သော အဆင်းရှိသော ကြက်သွန် ဝါ၌။ အနာပတ္တိ = အာပတ်မသင့်။ ဘဉ္ဇနကေ = နှစ်မြှောင့်သာရှိသော ကြက်သွန် နီ၌။ အနာပတ္တိ = အာပတ် မသင့်။ ဟရိတကေ = သုံးမြှောင့်ရှိသော ကြက်သွန် စိမ်း၌။ အနာပတ္တိ = အာပတ်မသင့်။ စာပလသုဏေ = အမြှောင့်အညှောက် မရှိသော အညွန့်မျှသာဖြစ်သော မြက်ကြက်သွန်၌။ အနာပတ္တိ = အာပတ်မသင့်။ သူပသံပါကေ = ဟင်းအချက်၌။ အနာပတ္တိ = အာပတ်မသင့်။ မံသသံပါကေ = အမဲသားဟူသော ဟင်းလျာချက်၌။ အနာပတ္တိ = အာပတ် မသင့်။ တေလသံပါကေ = ဆီချက်၌။ အနာပတ္တိ = အာပတ်မသင့်။ သာဠဝေ = ဆီးသီးဖြင့် ပြုအပ်သော ဆီးပုံးရည် အဖျော်၌။ အနာပတ္တိ =အာပတ်မသင့်။ ဥတ္တရိဘင်္ဂေ = လက်သုပ်၌။ အနာပတ္တိ = အာပတ်မသင့်။
၂။ သမ္ဗာဓ
အကြင်ဘိက္ခုနီသည် ကျဉ်းမြောင်းသော အရပ်ဟု ဆိုသော ‘ချိုင်းကြား, အင်္ဂါဇာတ်’တို့၌ ပေါက်သော အမွေးတို့ကို ပယ်ရှားငြားအံ့။ ထိုဘိက္ခုနီအား သမ္ဗာဓ သုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ဘိက္ခုတို့မှာ ဒုက္ကဋ်အာပတ်သင့်၏၊]
၃။ တလဃာတက
အကြင်ဘိက္ခုနီသည် ပဿာဝမဂ်ဟု ဆိုသော ‘အင်္ဂါဇာတ်အပြင်’ကို ပုတ်ခတ်ငြားအံ့။ ထိုဘိက္ခုနီအား တလဃာတကသုဒ္ဓပါစိတ်အာပတ်သင့်၏၊
၄။ ဇတုမဋ္ဌက
အကြင်ဘိက္ခုနီသည် ပြေပြစ်ချောမောသော ‘ချိပ်တောင့်’ စသည်ကို ပဿာဝမဂ်ဟု ဆိုသော အင်္ဂါဇာတ် အတွင်းသို့ သွင်းငြားအံ့။ ထိုဘိက္ခုနီအား ဇတုမဋ္ဌကသုဒ္ဓပါစိတ်အာပတ်သင့်၏၊
၅။ ဥဒကသုဒ္ဓိက
အကြင်ဘိက္ခုနီသည် ပဿာဝမဂ်ဟု ဆိုသော အင်္ဂါဇာတ်ကို စင်ကြယ်စေ ခြင်းငှာ ရေဖြင့် ဆေးလိုလျှင် အလွန်ဆုံး လက်နှစ်ချောင်းဖြင့် လက်နှစ်ဆစ် လောက်သာ နှိုက်၍ ဆေးရမည်။ ထိုထက် ပိုလွန်၍ နှိုက်ဆေးငြားအံ့။ ထိုဘိက္ခုနီ အား ဥဒကသုဒ္ဓိကသုဒ္ဓပါစိတ်အာပတ်သင့်၏၊
၆။ ဥပဋ္ဌာန
အကြင်ဘိက္ခုနီသည် ဆွမ်းဘုဉ်းပေးနေသော ရဟန်းယောက်ျားအား သောက်ရေ, နွားနို့စသော အရည်ဖြင့်လည်းကောင်း၊ ယပ်ခပ်ခြင်းဖြင့်လည်း ကောင်း လုပ်ကျွေးပြုစုငြားအံ့၊ ထိုဘိက္ခုနီအား ဥပဋ္ဌာနသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [မည်သည့်ဘိက္ခုကို မဆို ပုတ်ခတ်ရိုက်နှက်လျှင် ဒုက္ကဋ်အာပတ်သင့်၏၊ ဘိက္ခုနီခန္ဓက။]
၇။ အာမကဓည
အကြင်ဘိက္ခုနီသည် စပါးစိမ်းကို တောင်းပြီး တောင်းစေပြီးလျှင် ကိုယ်တိုင် လှော်၍လည်းကောင်း, လှော်စေ၍လည်းကောင်း, ကိုယ်တိုင်ထောင်း၍လည်း ကောင်း, ထောင်းစေ၍လည်းကောင်း, ကိုယ်တိုင်ချက်၍လည်းကောင်း, ချက်စေ ၍လည်းကောင်း စားငြားအံ့။ ထိုဘိက္ခုနီအား အာမကဓညသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [ဘိက္ခုတို့ကား စပါးကိုပင် မကိုင်ရ၊ လှူစေကာမူ အလှူမခံရ၊ ကိုင်လျှင် အလှူခံလျှင် ဒုက္ကဋ်အာပတ်သင့်၏၊]
၈။ တိရောကုဋ္ဋ
အကြင်ဘိက္ခုနီသည် ကျင်ကြီးကိုလည်းကောင်း, ကျင်ငယ်ကိုလည်း ကောင်း, အမှိုက်ကိုလည်းကောင်း, စားကြွင်းကိုလည်းကောင်း နံရံတစ်ဘက်၌ ဖြစ်စေ၊ တံတိုင်းတစ်ဘက်၌ဖြစ်စေ ကိုယ်တိုင်မူလည်း စွန့်ငြားအံ့၊ သူတစ်ပါးကို မူလည်း စွန့်စေငြားအံ့၊ ထိုဘိက္ခုနီအား တိရောကုဋ္ဋသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ဘိက္ခုတို့မှာ ဒုက္ကဋ်အာပတ်သင့်၏၊]
၉။ ဟရိတေ ဆဍ္ဍန
အကြင်ဘိက္ခုနီသည် ကျင်ကြီးကိုလည်းကောင်း, ကျင်ငယ်ကိုလည်း ကောင်း, အမှိုက်ကိုလည်းကောင်း, စားကြွင်းကိုလည်းကောင်း စိမ်းရှင်သော ကောက်ခင်းပဲခင်း ရှိရာအရပ်၌ ကိုယ်တိုင်မူလည်း စွန့်ငြားအံ့၊ သူတစ်ပါးကို မူလည်း စွန့်စေငြားအံ့၊ ထို ဘိက္ခုနီအား ဟရိတေ ဆဍ္ဍနသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [ခွက်ထဲ၌ စွန့်ပြီးနောက် သွန်ခြင်း၊ ခွက်ပါ စွန့်ခြင်းကို ဆိုလိုသည်။ ဘိက္ခုတို့မှာ ဒုက္ကဋ်အာပတ်သင့်၏၊]
၁၀။ နစ္စာဒိဒဿန
အကြင်ဘိက္ခုနီသည် ကခြင်းကိုလည်းကောင်း, သီဆိုခြင်းကိုလည်းကောင်း, တီးမှုတ်ခြင်းကိုလည်းကောင်း ကြည့်ရှုနားထောင်ဖို့ရန် သွားငြားအံ့၊ ထိုဘိက္ခုနီ အား နစ္စာဒိ ဒဿနသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ဘိက္ခုတို့မှာ ဒုက္ကဋ်အာပတ် သင့်၏၊]
ရှေးဦးစွာ လသုဏဝဂ်သည် ပြီးခြင်းသို့ ရောက်ပြီ။
၂။ အန္ဓကာရဝဂ် (ခေါ်) ရတ္တန္ဓကာရဝဂ်
၁။ ရတ္တန္ဓကာရ
အကြင်ဘိက္ခုနီသည် လရောင် နေရောင် ဆီမီးအလင်းအရောင် မရှိသော ညဉ့်မှောင်မိုက်ထဲ၌ ယောက်ျားနှင့်အတူ တစ်ယောက်ချင်းချင်း နှစ်တောင့်ထွာ ဟတ္ထပါသ်အတွင်းတွင် ရပ်မူလည်း ရပ်ငြားအံ့၊ စကား ပြောဆိုမူလည်း ပြောဆို ငြားအံ့၊ ထိုဘိက္ခုနီအား ရတ္တန္ဓကာရသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [နှစ်တောင့် ထွာ ဟတ္ထပါသ် အပတွင် ထိုသို့ပြုလျှင်ကား ဒုက္ကဋ်အာပတ်သင့်၏၊]
၂။ ပဋိစ္ဆန္နောကာသ
အကြင်ဘိက္ခုနီသည် နံရံစသည်ဖြင့် ဖုံးကွယ်သော အရပ်၌ ယောက်ျားနှင့် အတူ တစ်ယောက်ချင်းချင်း နှစ်တောင့်ထွာဟတ္ထပါသ် အတွင်းတွင် ရပ်မူလည်း ရပ်ငြားအံ့၊ စကားပြောဆိုမူလည်း ပြောဆိုငြားအံ့။ ထိုဘိက္ခုနီအား ပဋိစ္ဆန္နောကာသသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [နှစ်တောင့်ထွာဟတ္ထပါသ် အပတွင် ထိုသို့ ပြုလျှင်ကား ဒုက္ကဋ်အာပတ်သင့်၏၊]
၃။ အဇ္ဈောကာသ
အကြင်ဘိက္ခုနီသည် လွင်တီးခေါင်၌ ယောက်ျားနှင့်အတူ တစ်ယောက်ချင်းချင်း နှစ်တောင့်ထွာ ဟတ္ထပါသ် အတွင်းတွင် ရပ်မူလည်း ရပ်ငြားအံ့။ စကား ပြောဆိုမူလည်း ပြောဆိုငြားအံ့။ ထိုဘိက္ခုနီအား အဇ္ဈောကာသသုဒ္ဓပါစိတ် အာပတ်သင့်၏၊ [နှစ်တောင့်ထွာ ဟတ္ထပါသ် အပတွင် ထိုသို့ပြုလျှင်ကား ဒုက္ကဋ် အာပတ်သင့်၏၊]
၄။ ရထိကာဒိ
အကြင်ဘိက္ခုနီသည် မြင်းရထား သွားလောက်သော ထုတ်ချင်းပေါက် လမ်းမကြီး၌လည်းကောင်း, ထုတ်ချင်း မပေါက်သော လမ်း၌လည်းကောင်း, လမ်းဆုံလမ်းခွ၌လည်းကောင်း ယောကျာ်းနှင့်အတူ တစ်ယောက်ချင်းချင်း နှစ်တောင့်ထွာ ဟတ္ထပါသ် အတွင်းတွင် ရပ်မူလည်း ရပ်ငြားအံ့၊ စကားပြောဆို မူလည်း ပြောဆိုငြားအံ့၊ နားရင်း၌ ကပ်၍ တိုးတိုးသာသာမူလည်း ပြောဆို ငြားအံ့၊ အဖော် ဘိက္ခုနီကိုမူလည်း ပြန်လွှတ်လိုက်ငြားအံ့၊ ထိုဘိက္ခုနီအား ရထိကာဒိသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [နှစ်တောင့်ထွာ ဟတ္ထပါသ် အပတွင် ထိုသို့ ပြုလျှင်ကား ဒုက္ကဋ်အာပတ်သင့်၏၊]
၅။ ပုရေဘတ္တံ အနာပုစ္ဆာ
အကြင်ဘိက္ခုနီသည် နံနက်အခါ၌ အိမ်သို့ ချဉ်းကပ်၍ နေရာထိုင်ခုံ အခင်းပေါ်၌ ထိုင်ပြီးလျှင် အိမ်ရှင်တို့အား မပန်ကြားဘဲလျက် ပြန်သွားငြားအံ့။ ထိုဘိက္ခုနီအား ပုရေဘတ္တံ အနာပုစ္ဆာသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [နံနက်အခါ-ဟူသည် အရုဏ်တက်သည်မှ စ၍ မွန်းတည့်သည့်တိုင်အောင်ဟူသော အခါ တည်း။]
၆။ ပစ္ဆာဘတ္တံ အနာပုစ္ဆာ
အကြင်ဘိက္ခုနီသည် နေလွဲသောအခါ၌ အိမ်သို့ ချဉ်းကပ်၍ အိမ်ရှင်တို့ အား မပန်ကြားဘဲလျက် နေရာထိုင်ခုံ၌ ထိုင်မူလည်း ထိုင်ငြားအံ့၊ အိပ်မူလည်း အိပ်ငြားအံ့၊ ထိုဘိက္ခုနီအား ပစ္ဆာဘတ္တံ အနာပုစ္ဆာသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [နေလွဲသောအခါဟူသည် မွန်းတည့်လွန်သည်မှ စ၍ နေဝင်သည့်တိုင်အောင် ဟူသော အခါတည်း။]
၇။ ဝိကာလေ အနာပုစ္ဆာ
အကြင်ဘိက္ခုနီသည် ညဉ့်အခါ၌ အိမ်သို့ ချဉ်းကပ်၍ အိမ်ရှင်တို့အား မပန်ကြားဘဲလျက် အိပ်ရာနေရာကို ခင်း၍ ခင်းစေ၍ ထိုင်မူလည်း ထိုင်ငြားအံ့၊ အိပ်မူလည်း အိပ်ငြားအံ့၊ ထိုဘိက္ခုနီအား ဝိကာလေ အနာပုစ္ဆာသုဒ္ဓပါစိတ် အာပတ်သင့်၏၊ [ညဉ့်အခါဟူသည် နေဝင်သည်မှ စ၍ အရုဏ်တက်သည့် တိုင်အောင်ဟူသော အခါတည်း။]
၈။ ဒုဂ္ဂဟိတ
အကြင်ဘိက္ခုနီသည် အယူအဆလွဲခြင်း အထင်မှားခြင်းအားဖြင့် အခြား ဘိက္ခုနီကို စောင်းမြောင်းကဲ့ရဲ့ငြားအံ့၊ ထိုဘိက္ခုနီအား ဒုဂ္ဂဟိတသုဒ္ဓပါစိတ် အာပတ်သင့်၏၊
၉။ အဘိသပ
အကြင်ဘိက္ခုနီသည် မိမိကိုယ်ကိုဖြစ်စေ၊ အခြားဘိက္ခုနီကိုဖြစ်စေ ငရဲဖြင့် လည်းကောင်း၊ သာသနာတော် (မြတ်သောအကျင့်)ဖြင့်လည်းကောင်း ကျိန်ဆဲ ငြားအံ့၊ ထိုဘိက္ခုနီအား အဘိသပသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ဘိက္ခုတို့မှာ ဒုက္ကဋ်အာပတ်သင့်၏၊]
၁၀။ ဝဓိတွာ ရောဒန
အကြင်ဘိက္ခုနီသည် မိမိကိုယ်ကို ညှဉ်းဆဲနှိပ်စက်သောအားဖြင့် ကိုယ်ကို ထု၍ထု၍ ငိုကြွေးငြားအံ့၊ ထိုဘိက္ခုနီအား ဝဓိတွာ ရောဒနသုဒ္ဓပါစိတ်အာပတ် သင့်၏၊
နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော အန္ဓကာရဝဂ် (ခေါ်) ရတ္တန္ဓကာရဝဂ်သည် ပြီးခြင်းသို့ ရောက်ပြီ။
၃။ နဂ္ဂဝဂ်
၁။ နဂ္ဂနှာယန
အကြင်ဘိက္ခုနီသည် အဝတ်မဆည်း ဗလာကိုယ်တည်းဖြင့် ရေချိုးငြားအံ့။ ထိုဘိက္ခုနီအား နဂ္ဂနှာယနသုဒ္ဓပါစိတ်အာပတ်သင့်၏၊
၂။ ဥဒကသာဋိကာ
အကြင်ဘိက္ခုနီသည် ရေသနုပ်ကို မိမိဖို့လုပ်လျှင်, လုပ်စေလျှင် ပမာဏနှင့် ယှဉ်သော ရေသနုပ်ကိုသာ လုပ်ရမည်၊ လုပ်စေရမည်။ ထိုရေသနုပ်၏ ပမာဏ ကား မြတ်စွာဘုရား၏ အထွာတော်အားဖြင့် အလျား ၄-ထွာ, အနံ ၂-ထွာ တည်း။ ထိုပမာဏထက် လွန်စေငြားအံ့၊ ထိုဘိက္ခုနီအား ဖြတ်ခြင်းဝိနည်းကံ ရှိသော ဥဒကသာဋိကာသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [သူတစ်ပါးဖို့ လုပ်လျှင် လုပ်စေလျှင် ဒုက္ကဋ်အာပတ်သင့်၏၊]
၃။ ဝိသိဗ္ဗန
အကြင်ဘိက္ခုနီသည် အခြားဘိက္ခုနီ၏ သင်္ကန်းချုပ်ရိုးကို ကိုယ်တိုင်ဖြစ်စေ၊ ခိုင်း၍ဖြစ်စေ ဖြေပြီးနောက် ချုပ်မပေးနိုင်လောက်အောင် အန္တရာယ် မရှိဘဲလျက် ၄-ရက် ၅-ရက်ကို ကြဉ်၍ ကိုယ်တိုင်မူလည်း ချုပ်မပေးငြားအံ့၊ သူတစ်ပါးကို မူလည်း ချုပ်ပေးဖို့ရန် ကြောင့်ကြမစိုက်ငြားအံ့၊ ထိုဘိက္ခုနီအား ဝိသိဗ္ဗနသုဒ္ဓပါစိတ်အာပတ်သင့်၏၊
၄။ သံဃာဋိစာရ
အကြင်ဘိက္ခုနီသည် သင်္ကန်းငါးထည်ကို အနည်းဆုံး ၅-ရက် တစ်ကြိမ်ကျ ဝတ်သော်လည်းဝတ်, နေသော်လည်း လှန်းရမည်၊ ၅-ရက်မြောက် နေ့၌ ဝတ်လည်း မဝတ်, နေလည်း မလှန်းဘဲ ထိုနေ့ကို လွန်စေငြားအံ့။ ထိုဘိက္ခုနီအား သံဃာဋိစာရသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [သင်္ကန်းငါးထည်ကား — တိစီဝရိက် ၃-ထည်, ရေသနုပ်နှင့် ရင်စည်းတဘက်တို့တည်း။]
၅။ စီဝရသင်္ကမနီယ
အကြင်ဘိက္ခုနီသည် ပြောင်းရွှေ့ (ပြန်ပေး)ရမည့် သူတစ်ပါးပိုင် သင်္ကန်းကို မပန်ကြားဘဲလျက် သုံးဆောင်ငြားအံ့၊ ထိုဘိက္ခုနီအား စီဝရသင်္ကမနီယ သုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ပြောင်းရွှေ့ (ပြန်ပေး)ရမည့် သင်္ကန်းဟူသည် အခြားဘိက္ခုနီ၏ သင်္ကန်း ၅-ထည်တို့တွင် တစ်ထည်ထည်သော သင်္ကန်းတည်း၊၊]
၆။ လာဘန္တရာယကရဏ
အကြင်ဘိက္ခုနီသည် ဘိက္ခုနီဂိုဏ်း (သံဃာ)၏ ရခွင့်ရှိသော သင်္ကန်း လာဘ်ကို မရအောင် တားမြစ်သောအားဖြင့် အန္တရာယ် ပြုငြားအံ့၊ ထိုဘိက္ခုနီ အား လာဘန္တရာယကရဏသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [အန္တရာယ်ပြုငြားအံ့ ဟူသည် ဘိက္ခုနီသံဃာအား သင်္ကန်းလှူမည်ဟု ကြားရာ မလှူဖြစ်အောင် အားထုတ်ခြင်းတည်း။]
၇။ ပဋိဗာဟန
အကြင်ဘိက္ခုနီသည် တရားနှင့် လျော်ညီသော သင်္ကန်းခွဲဝေမှုကို တားမြစ် ငြားအံ့၊ ထိုဘိက္ခုနီအား ပဋိဗာဟနသုဒ္ဓပါစိတ်အာပတ်သင့်၏၊
၈။ သမဏစီဝရဒါန
အကြင်ဘိက္ခုနီသည် လူဝတ်ကြောင်အားလည်းကောင်း, ပရိဗိုဇ်ထီး ပရိဗိုဇ်မ တစ်ယောက်ယောက်အားလည်းကောင်း ကပ္ပဗိန္ဒု ထိုးပြီးသော သင်္ကန်း ကို ပေးငြားအံ့၊ ထိုဘိက္ခုနီအား သမဏစီဝရဒါနသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ဘိက္ခုတို့မှာ ဒုက္ကဋ်အာပတ်သင့်၏၊ သီတင်းသုံးဖော် (၅)ဦးနှင့် မယ်တော် ခမည်းတော်တို့ကိုမူ ပေးကောင်း၏၊]
၉။ သမယာတိက္ကာမန
အကြင်ဘိက္ခုနီသည် သင်္ကန်းရဖို့ရာ မျှော်လင့်ချက် မသေချာဘဲလျက် သင်္ကန်းခွဲဝေမှုကို တားမြစ်၍ သင်္ကန်းကာလကို လွန်စေငြားအံ့၊ ထိုဘိက္ခုနီအား သမယာတိက္ကာမနသုဒ္ဓပါစိတ်အာပတ်သင့်၏၊
၁၀။ ကထိနုဒ္ဓါရပဋိဗာဟန
အကြင်ဘိက္ခုနီသည် တရားနှင့်လျော်ညီသော ကထိန်နုတ်ခြင်းကို တားမြစ် ငြားအံ့။ ထိုဘိက္ခုနီအား ကထိနုဒ္ဓါရပဋိဗာဟနသုဒ္ဓပါစိတ်အာပတ်သင့်၏၊
သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော နဂ္ဂဝဂ်သည် ပြီးခြင်းသို့ ရောက်ပြီ။
၄။ တုဝဋ္ဋဝဂ်
၁။ တုဝဋ္ဋ
အကြင်ဘိက္ခုနီတို့သည် ညောင်စောင်းဟုခေါ်သော ခုတင်တစ်ခုတည်း၌ နှစ်ယောက်အတူ အိပ်ကုန်ငြားအံ့၊ ထိုဘိက္ခုနီတို့အား တုဝဋ္ဋသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [ဘိက္ခုတို့မှာ ဒုက္ကဋ်အာပတ်သင့်၏၊]
၂။ ဧကတ္ထရဏပါဝုရဏ
အကြင်ဘိက္ခုနီတို့သည် အဝတ်တစ်ထည်တည်းကိုပင် နှစ်ယောက်အတူ ခင်းလည်းခင်း, ခြုံလည်းခြုံ၍ အိပ်ကုန်ငြားအံ့၊ ထိုဘိက္ခုနီတို့အား ဧကတ္ထရဏပါဝုရဏသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ဘိက္ခုတို့မှာ ဒုက္ကဋ်အာပတ်သင့်၏၊]
၃။ အဖာသုကရဏ
အကြင်ဘိက္ခုနီသည် စိတ်မချမ်းသာအောင် ပြုမည်ဟူသော စေတနာဖြင့် အခြားဘိက္ခုနီကို စိတ်မချမ်းသာအောင် ပြုငြားအံ့၊ ထိုဘိက္ခုနီအား အဖာသုကရဏသုဒ္ဓပါစိတ်အာပတ်သင့်၏၊
၄။ သဟဇီဝိနီ
အကြင် ဘိက္ခုနီသည် မကျန်းမာ၍ ဒုက္ခရောက်နေသော အတူနေတပည့်မ ဘိက္ခုနီကို ကိုယ်တိုင်မူလည်း မလုပ်ကျွေး မပြုစုငြားအံ့၊ သူတစ်ပါးကိုမူလည်း လုပ်ကျွေးပြုစုဖို့ရန် ကြောင့်ကြမစိုက်ငြားအံ့၊ ထိုဘိက္ခုနီအား သဟဇီဝိနီ သုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ဘိက္ခုတို့မှာ ဒုက္ကဋ်အာပတ်သင့်၏၊]
၅။ နိက္ကဍ္ဎန
အကြင်ဘိက္ခုနီသည် အခြားဘိက္ခုနီအား ကျောင်းကို ပေးပြီးမှ နောက်၌ စိတ်ဆိုး, မနှစ်သက်သည်ဖြစ်၍ ထိုဘိက္ခုနီကို ထိုကျောင်းမှ ကိုယ်တိုင်မူလည်း နှင်ထုတ်ငြားအံ့၊ သူတစ်ပါးကိုမူလည်း နှင်ထုတ်စေငြားအံ့၊ ထိုဘိက္ခုနီအား နိက္ကဍ္ဎုနသုဒ္ဓပါစိတ်အာပတ်သင့်၏၊
၆။ သံသဋ္ဌ
အကြင်ဘိက္ခုနီသည် သူကြွယ်နှင့်လည်းကောင်း၊ သူကြွယ်သားနှင့်လည်း ကောင်း ရောရောနှောနှော နေငြားအံ့၊ ထိုဘိက္ခုနီကို မြင်ကြ ကြားကြကုန်သော အခြားဘိက္ခုနီတို့က “အရှင်မ ...သူကြွယ်နှင့်လည်းကောင်း, သူကြွယ်သားနှင့် လည်းကောင်း ရောရောနှောနှော မနေပါလင့်၊ အရှင်မ ...ကင်းကင်းရှင်းရှင်း နေပါလော့၊ အရှင်မ၏ ကင်းကင်းရှင်းရှင်းနေခြင်းကိုသာလျှင် ဘိက္ခုနီသံဃာက ချီးမွမ်း၏”ဟု ပြောဆိုရမည်။ နှစ်ကြိမ်မြောက်လည်း ပြောဆိုရမည်၊ သုံးကြိမ် မြောက်လည်း ပြောဆိုရမည်။ အကယ်၍ ထိုအယူကို စွန့်ငြားအံ့၊ ထိုသို့ စွန့်ခြင်း သည်ကောင်း၏၊ အကယ်၍ မစွန့်ငြားအံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊ [ကြားလျက် မပြောဆို ကုန်ငြားအံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊] ထိုဘိက္ခုနီကို ဘိက္ခုနီသံဃာ့ အလယ်သို့လည်း ခေါ်ဆောင်၍ အထက်၌ ဆိုခဲ့သည့်အတိုင်း သုံးကြိမ်မြောက် အောင် ထပ်မံ၍ ပြောဆိုရမည်။ အကယ်၍ ထိုအယူကို စွန့်ငြားအံ့၊ ထိုသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ငြားအံ့၊ ထိုဘိက္ခုနီအား ဒုက္ကဋ် အာပတ်သင့်ပြန်၏၊ ထို့နောက် ဘိက္ခုနီသံဃာက ထိုဘိက္ခုနီအား ထိုအယူကို စွန့်စေခြင်းငှာ သမနုဘာသနကံဖြင့် ဆိုဆုံးမအပ်၏၊ ဤသို့ ဆိုဆုံးမအပ်သည် ရှိသော် ထိုအယူကိုစွန့်လျှင် ကောင်း၏၊ မစွန့်လျှင်ကား သုံးကြိမ်မြောက်သော ကမ္မဝါစာ၏ အဆုံး၌ ထိုဘိက္ခုနီအား သံသဋ္ဌသုဒ္ဓပါစိတ်အာပတ်သင့်၏၊
၇။ အန္တောရဋ္ဌ
အကြင်ဘိက္ခုနီသည် ရွံရှာဖွယ်ရှိ၏ဟု သမုတ်အပ်သော ဘေးဘျမ်းနှင့် တကွဖြစ်သော မိမိတိုင်းပြည် အတွင်း၌ အဖော်ကုန်သည်များ မပါဘဲလျက် ဒေသစာရီလှည့်လည် သွားငြားအံ့၊ ထိုဘိက္ခုနီအား အန္တောရဋ္ဌသုဒ္ဓပါစိတ် အာပတ်သင့်၏၊
၈။ တိရောရဋ္ဌ
အကြင်ဘိက္ခုနီသည် ရွံရှာဖွယ်ရှိ၏ဟု သမုတ်အပ်သော ဘေးဘျမ်းနှင့် တကွဖြစ်သော တိုင်းတစ်ပါး၌ အဖော်ကုန်သည်များ မပါဘဲလျက် ဒေသစာရီ လှည့်လည် သွားငြားအံ့၊ ထိုဘိက္ခုနီအား တိရောရဋ္ဌသုဒ္ဓပါစိတ်အာပတ်သင့်၏၊
၉။ အန္တောဝဿ
အကြင်ဘိက္ခုနီသည် ဝါတွင်း၌ ဒေသစာရီလှည့်လည်သွားငြားအံ့၊ ထို ဘိက္ခုနီအား အန္တောဝဿသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ဘိက္ခုတို့မှာ ဒုက္ကဋ် အာပတ်သင့်၏၊]
၁၀။ စာရိကာအပက္ကမန
အကြင်ဘိက္ခုနီသည် ဝါကျွတ်ပြီးသည်ရှိသော် ဒေသစာရီ လှည့်လည်သွားရ မည်၊ အယုတ်သဖြင့် ၅-ယူဇနာ ၆-ယူဇနာလောက်မျှလည်း မသွားငြားအံ့။ ထိုဘိက္ခုနီအား စာရိကာအပက္ကမနသုဒ္ဓပါစိတ်အာပတ် သင့်၏၊[ဘေးအန္တရာယ် ရှိခြင်းကြောင့်ဖြစ်စေ၊ အဖော်ဘိက္ခုနီကို ရှာ၍ မရခြင်း ကြောင့်ဖြစ်စေ၊ နာဖျားခြင်းကြောင့်ဖြစ်စေ မသွားလျှင် အနာပတ္တိ အာပတ်မသင့်။]
လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော တုဝဋ္ဋဝဂ်သည် ပြီးခြင်းသို့ ရောက်ပြီ။
၅။ စိတ္တာဂါရဝဂ်
၁။ စိတ္တာဂါရ
အကြင်ဘိက္ခုနီသည် မင်းစံအိမ်တော်ကိုလည်းကောင်း၊ ဆန်းကြယ်သော ပြတိုက်(အိမ်)ကိုလည်းကောင်း၊ အရံကိုလည်းကောင်း၊ ဥယျာဉ်ကိုလည်းကောင်း၊ ရေကန်ကိုလည်းကောင်း တမင်သက်သက်သွား၍ ကြည့်ငြားအံ့၊ ထိုဘိက္ခုနီအား စိတ္တာဂါရသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ဘိက္ခုတို့မှာ ဒုက္ကဋ်အာပတ်သင့်၏၊၊]
၂။ အာသန္ဒိ
အကြင်ဘိက္ခုနီသည် မြတ်စွာဘုရား၏ လက်သစ်တော်အားဖြင့် ၈-သစ်, ပကတိပုရိသ၏ အတောင်အားဖြင့် တစ်တောင့်ထွာထက် ပိုလွန်သော ‘အခြေ’ ရှိသည့် ညောင်စောင်း အင်းပျဉ်ဟု ခေါ်သော ခုတင်, ထိုင်ခုံတို့ကိုဖြစ်စေ၊ ခြင်္သေ့, ကျားစသော သားရဲရုပ်တို့ဖြင့် ထုလုပ်ထားသည့် ပလ္လင်ကိုဖြစ်စေ သုံးဆောင် ငြားအံ့၊ ထိုဘိက္ခုနီအား အာသန္ဒိသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ဘိက္ခုတို့မှာ ဒုက္ကဋ် အာပတ်သင့်၏၊]
၃။ သုတ္တကန္တန
အကြင်ဘိက္ခုနီသည် ဗိုင်း (ချည်) ငင်ငြားအံ့၊ ထိုဘိက္ခုနီအား သုတ္တကန္တန သုဒ္ဓပါစိတ်အာပတ်သင့်၏၊
၄။ ဂိဟိဝေယျာဝစ္စ
အကြင်ဘိက္ခုနီသည် လူဝတ်ကြောင်တို့အား ထမင်းချက်ခြင်း၊ အဝတ် လျှော်ခြင်း စသော လူမှုကိစ္စကို ပြုပေးငြားအံ့၊ ထိုဘိက္ခုနီအား ဂိဟိဝေယျာဝစ္စ သုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ဘိက္ခုတို့မှာ ဒုက္ကဋ်အာပတ်သင့်၏၊]
၅။ အဓိကရဏာဝူပသမ
အကြင်ဘိက္ခုနီသည် မိမိအား “အရှင်မ ကြွပါ၊ ဤ အဓိကရုဏ်းကို ငြိမ်းအောင် ပြုပေးပါ”ဟု အခြားဘိက္ခုနီ တောင်းပန်တုန်းက “ကောင်းပါပြီ”ဟု ဝန်ခံပြီးမှ နောက်၌ အန္တရာယ် မရှိဘဲလျက် ကိုယ်တိုင်မူလည်း ငြိမ်းအောင် မပြုပေးငြားအံ့၊ သူတစ်ပါးကိုမူလည်း ငြိမ်းအောင်ပြုပေးဖို့ရန် ကြောင့်ကြ မစိုက်ငြားအံ့၊ ထိုဘိက္ခုနီအား အဓိကရဏဝူပသမသုဒ္ဓပါစိတ်အာပတ်သင့်၏၊
၆။ သဟတ္ထာဒါန
အကြင်ဘိက္ခုနီသည် လူဝတ်ကြောင်အားလည်းကောင်း, ပရိဗိုဇ်ထီး ပရိဗိုဇ်မ တစ်ယောက်ယောက်အားလည်းကောင်း ခဲဖွယ်ကိုဖြစ်စေ၊ ဘောဇဉ်ကို ဖြစ်စေ မိမိလက်ဖြင့် (ကိုယ်တိုင်) ပေးငြားအံ့၊ ထိုဘိက္ခုနီအား သဟတ္ထာဒါန သုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ရေ တံပူကို ပေးလျှင် ဒုက္ကဋ်အာပတ်သင့်၏၊]
၇။ အာဝသထစီဝရ
အကြင်ဘိက္ခုနီသည် ဥတုနှီးသင်္ကန်းကို နှစ်ညဉ့်သုံးညဉ့် သုံးဆောင်ပြီးနောက် လေးရက်မြောက်နေ့၌ ဖွပ်လျှော်၍ အခြားဥတုလာသူ (ဘိက္ခုနီ, သိက္ခမာန်, သာမဏေမ) တစ်ယောက်ယောက်အား မစွန့်လွှတ်ဘဲလျက် သုံးဆောင် ငြားအံ့၊ ထိုဘိက္ခုနီအား အာဝသထစီဝရသုဒ္ဓပါစိတ်အာပတ်သင့်၏၊
၈။ အာဝသထာနိဿဇ္ဇန
အကြင်ဘိက္ခုနီသည် အခြားဘိက္ခုနီ, သိက္ခမာန်, သာမဏေမ တစ်ယောက် ယောက်အား ကျောင်းကို စောင့်ရှောက်ဖို့ရန် မအပ်နှံဘဲလျက် ဒေသစာရီ လှည့်လည်သွားငြားအံ့၊ ထိုဘိက္ခုနီအား အာဝသထာနိဿဇ္ဇနသုဒ္ဓပါစိတ် အာပတ်သင့်၏၊
၉။ တိရစ္ဆာနဝိဇ္ဇာ ပရိယာပုဏန
အကြင်ဘိက္ခုနီသည် တိရစ္ဆာနဝိဇ္ဇာ-ဟု ဆိုသော မဂ်ဖိုလ်မှ ဖီလာကန့်လန့် ဖြစ်သော အတတ်ကို သင်ယူငြားအံ့၊ ထိုဘိက္ခုနီအား တိရစ္ဆာနဝိဇ္ဇာ ပရိယာပုဏနသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ဘိက္ခုတို့မှာ ဒုက္ကဋ်အာပတ်သင့်၏၊] အကျယ်သိလိုမူ ပါတိမောက်ဘာသာဋီကာနှင့် ဘုရားဥပဒေတော်ကြီး၌ ရှု။
၁၀။ တိရစ္ဆာနဝိဇ္ဇာ ဝါစန
အကြင်ဘိက္ခုနီသည် တိရစ္ဆာနဝိဇ္ဇာဟု ဆိုသော မဂ်ဖိုလ်မှ ဖီလာကန့်လန့် ဖြစ်သော အတတ်ကို ပို့ချသင်ပေးငြားအံ့၊ ထိုဘိက္ခုနီအား တိရစ္ဆာနဝိဇ္ဇာဝါစန သုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ဘိက္ခုတို့မှာ ဒုက္ကဋ်အာပတ်သင့်၏၊]
ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော စိတ္တာဂါရဝဂ်သည် ပြီးခြင်းသို့ ရောက်ပြီ။
၆။ အာရာမဝဂ်
၁။ အာရာမ
အကြင်ဘိက္ခုနီသည် ရဟန်းယောက်ျားရှိမှန်း သိလျက် ရဟန်းယောက်ျား နေသော ကျောင်းတိုက်အာရာမ် အတွင်းသို့ မပန်ကြားဘဲလျက် ဝင်ငြားအံ့၊ ထိုဘိက္ခုနီအား အာရာမသုဒ္ဓပါစိတ်အာပတ်သင့်၏၊
၂။ ဘိက္ခုအက္ကောသန
အကြင်ဘိက္ခုနီသည် ရဟန်းယောက်ျားကို ဆဲရေးမူလည်း ဆဲရေးငြားအံ့၊ ခြိမ်းခြောက်မူလည်း ခြိမ်းခြောက်ငြားအံ့၊ ထိုဘိက္ခုနီအား ဘိက္ခုအက္ကောသန သုဒ္ဓပါစိတ်အာပတ်သင့်၏၊
၃။ ဂဏပရိဘာသန
အကြင်ဘိက္ခုနီသည် စိတ်ဆိုးသည်ဖြစ်၍ ဘိက္ခုနီဂိုဏ်း(သံဃာ)ကို ပုတ်ခတ်ပြောဆိုငြားအံ့၊ ထိုဘိက္ခုနီအား ဂဏပရိဘာသနသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [တစ်ဂိုဏ်းလုံးကို မဟုတ်ဘဲ ဘိက္ခုနီအများကိုဖြစ်စေ၊ တစ်ယောက် ယောက်ကိုဖြစ်စေ၊ လူ, သာမဏေစသည်ကိုဖြစ်စေ ပုတ်ခတ်ပြောဆိုလျှင် ဒုက္ကဋ် အာပတ်သင့်၏၊]
၄။ နိမန္တိတ
[ဤသိက္ခာပုဒ်သည် အပြောလွယ်သလောက် ပြန်ဆိုရာ၌ မလွယ်ကူလှပါ။ ဤသိက္ခာပုဒ်၌ အာပတ်သင့်စေနိုင်သော အချက် နှစ်ချက် ရှိ၏၊ ဤသိက္ခာပုဒ်ကို မူရင်းပါဠိအနက် အသွားမျိုးဖြင့် ပြန်ဆိုလျှင် လိုရင်းအဓိပ္ပာယ် ပြည့်စုံမည် မဟုတ် ပါ။ သို့ဖြစ်၍ ‘မူ’တစ်မျိုး ပြောင်းကာ အာပတ်သင့်စေနိုင်သော ထိုအချက် နှစ်ခု တို့ကို တစ်ခုစီ ခွဲခြား၍ ရေးပါအံ့။]
အကြင်ဘိက္ခုနီသည် မိမိအား မအပ်သော ဖိတ်နည်းဖြင့် “တပည့်တော်၏ အိမ်သို့ ထမင်းစားကြွပါ အရှင်မ”ဟု ဆို၍ ပင့်ဖိတ်ထားသော သူ၏ ခဲဖွယ် ဘောဇဉ်ကို မစားရသေးဘဲလျက် အခြားခဲဖွယ်ကိုဖြစ်စေ, ဘောဇဉ်ကိုဖြစ်စေ ခဲမူလည်း ခဲငြားအံ့၊ စားမူလည်း စားငြားအံ့၊ ထိုဘိက္ခုနီအား နိမန္တိတသုဒ္ဓပါစိတ် အာပတ်သင့်၏၊ နောက်တစ်ချက်ကား ထိုပင့်ဖိတ်ထားသော သူ၏ ခဲဖွယ် ဘောဇဉ်ကို စားစဉ် “တော်ပြီ, တန်ပြီ”ဟု ပယ်မြစ် ပြောဆိုမိ၍ ပဝါရိတ်သင့်ပြီးမှ နောက်ထပ် ခဲဖွယ်ကိုဖြစ်စေ ဘောဇဉ်ကိုဖြစ်စေ ခဲမူလည်း ခဲငြားအံ့၊ စားမူလည်း စားငြားအံ့၊ ထိုဘိက္ခနီအား နိမန္တိတသုဒ္ဓပါစိတ်အာပတ်သင့်၏ဟူ၍ ဖြစ်သည်။ [ပဝါရိတ်သင့်ပြီးနောက် ထိုဆွမ်းအလှူရှင်အား ခွင့်မပန်ဘဲ နောက်ထပ် မစားအပ်။ အလှူရှင်အား ခွင့်ပန်၍ စားခွင့်ရလျှင် ဘိက္ခုပထမပဝါရဏာ သိက္ခာပုဒ်၌ ပြဆိုထားသော ထိုညွှန်ကြားချက်များနှင့် ကိုက်ညီအောင်ပြု၍ စားကောင်း၏၊၊]
၅။ ကုလမစ္ဆရီ
အကြင်ဘိက္ခုနီသည် ဒါယကာ, ဒါယိကာမတို့၌ ဝန်တိုသူ ဖြစ်ငြားအံ့၊ ထိုဘိက္ခုနီအား ကုလမစ္ဆရီသုဒ္ဓပါစိတ်အာပတ်သင့်၏၊
၆။ အဘိက္ခုကအာဝါသ
အကြင်ဘိက္ခုနီသည် ယူဇနာခွဲ အတွင်းတွင် ရဟန်းယောက်ျား မရှိသော ကျောင်း၌ ဝါကပ်၍ နေငြားအံ့၊ ထိုဘိက္ခုနီအား အဘိက္ခုကအာဝါသသုဒ္ဓပါစိတ် အာပတ်သင့်၏၊ [ဘိက္ခုနီတို့သည် ရဟန်းယောက်ျားတို့နှင့်အတူ မနေရ။ ရဟန်းယောက်ျား မရှိသော ကျောင်းဟူသည် မိမိနေမည့် ကျောင်းမှ ယူဇနာခွဲ အတွင်းတွင် ရဟန်းယောက်ျား မရှိ၍ ဂရုဓမ်တရား (၈)ပါးဖြင့် အဆုံးအမ ဩဝါဒကို ခံယူခြင်းငှာ ရဟန်းယောက်ျားထံသို့ သွားရန် မစွမ်းနိုင်သော ကျောင်းတည်း။]
၇။ ပဝါရဏာ
အကြင်ဘိက္ခုနီသည် ဝါကျွတ်ပြီးသည်ရှိသော် နှစ်ဘက်သော ဘိက္ခု ဘိက္ခုနီသံဃာ၌ မြင်ခြင်း, ကြားခြင်း, ယုံမှားခြင်းဟူသော အကြောင်းသုံးပါး တို့ဖြင့် မဖိတ်ကြားငြားအံ့၊ (ဝါ) ပဝါရဏာ မပြုငြားအံ့၊ ထိုဘိက္ခုနီအား ပဝါ ရဏာသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ပဝါရဏာပြုမှုကို ဘိက္ခုတို့မှာ ဘိက္ခုအချင်း ချင်း ပြုရုံဖြင့် ပြီးသော်လည်း ဘိက္ခုနီတို့မှာ ဘိက္ခုနီသံဃာအထံ၌ တစ်ကြိမ်, ဘိက္ခုသံဃာအထံ၌ တစ်ကြိမ်အားဖြင့် နှစ်ကြိမ် ပဝါရဏာပြုရသည်။ ပဝါရဏာ ပြုခြင်း၏ လိုရင်းအချက်မှာ မိမိကိုယ်ကို သံဃာအား “ပြောပါ, ဆိုပါ, ဆုံးမပါ”ဟု ခွင့်ပြုခြင်း အပ်နှံခြင်း ဖြစ်သည်။]
၈။ ဩဝါဒါဂမန
အကြင်ဘိက္ခုနီသည် ဂရုဓမ်တရား ၈-ပါးဖြင့် အဆုံးအမဩဝါဒကို ခံယူဖို့ ရန် ချဉ်းကပ်ခွင့် တောင်းခြင်းငှာလည်းကောင်း၊ ဥပုသ်နေ့ကို မေးခြင်းငှာလည်း ကောင်း၊ ပဝါရဏာပြုခြင်းငှာလည်းကောင်း၊ ရဟန်းယောက်ျားတို့၏ အထံသို့ မသွားငြားအံ့၊ ထိုဘိက္ခုနီအား ဩဝါဒါဂမနသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [ပါတိမောက်ဘာသာဋီကာနှင့် ဦးဗုဓ်မူ ‘ဝိနည်းငယ်လေးစောင်ပါဌ် နိဿယတို့ကိုလည်း ရှု။]
၉။ ဥပေါသထာပုစ္ဆန
ဘိက္ခုနီဟူသမျှ လခွဲတစ်ကြိမ် ဘိက္ခုသံဃာ့အထံမှ ဥပုသ်နေ့ကို မေးခြင်း၊ ဂရုဓမ်တရား ၈-ပါးဖြင့် အဆုံးအမ ဩဝါဒကို ခံယူဖို့ရန် ချဉ်းကပ်ခွင့်တောင်းခြင်း ဟူသော နှစ်ပါးသော တရားတို့ကို တောင့်တရမည်။ ထိုသို့မပြုဘဲ လခွဲတစ်ကြိမ် ကို လွန်စေငြားအံ့၊ ထိုဘိက္ခုနီအား ဥပေါသထာပုစ္ဆနသုဒ္ဓပါစိတ်အာပတ် သင့်၏၊
၁၀။ ပသာခ
အကြင်ဘိက္ခုနီသည် ချက်အောက်မှ ပုဆစ်ဒူးဝန်းအထက် အတွင်း၌ ပေါက်သော အဖုအကျိတ်ကိုဖြစ်စေ၊ အနာကိုဖြစ်စေ ဘိက္ခုနီသံဃာ သို့မဟုတ် ဂိုဏ်းအား မပန်ကြားဘဲလျက် ယောက်ျားအား တစ်ယောက်ချင်းချင်း ခွဲမူလည်း ခွဲစေငြားအံ့၊ ဖောက်မူလည်း ဖောက်စေငြားအံ့၊ ဖန်ရည်မူလည်း ဆေးစေငြားအံ့၊ ဆေးမူလည်း လိမ်းစေငြားအံ့၊ ကျပ်မူလည်း စည်းစေငြားအံ့၊ ကျပ်ကို ဖြေမူလည်း ဖြေစေငြားအံ့၊ ထိုဘိက္ခုနီအား ပသာခသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [တစ်ခုကို ပြုစေလျှင် အာပတ်တစ်ချက်, (၂)ခုကို ပြုစေလျှင် အာပတ် (၂)ချက် သင့်၍ (၆)ခုလုံးကို ပြုစေလျှင် အာပတ် (၆)ချက် သင့်၏၊]
ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော အာရာမဝဂ်သည် ပြီးခြင်းသို့ ရောက်ပြီ။
၇။ ဂဗ္ဘိနီဝဂ်
၁။ ဂဗ္ဘိနီ
အကြင်ဘိက္ခုနီသည် ဥပဇ္ဈာယ်ဆရာမ လုပ်၍ ကိုယ်ဝန်ဆောင် မိန်းမကို ရဟန်းပြုပေးငြားအံ့၊ ထိုဘိက္ခုနီအား ဂဗ္ဘိနီသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ကာရက သံဃာမှာ ဒုက္ကဋ်အာပတ်သင့်၏၊]
၂။ ပါယန္တီ
အကြင်ဘိက္ခုနီသည် ဥပဇ္ဈာယ်ဆရာမ လုပ်၍ နို့စို့သားငယ် ရှိသော မိန်းမ ကို ရဟန်းပြုပေးငြားအံ့၊ ထိုဘိက္ခုနီအား ပါယန္တီသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ကာရကသံဃာမှာ ဒုက္ကဋ်အာပတ်သင့်၏၊]
၃။ အသိက္ခိတသိက္ခာ
အကြင်ဘိက္ခုနီသည် ဥပဇ္ဈာယ်ဆရာမ လုပ်၍ ခြောက်ပါးသော သိက္ခာပုဒ် တို့၌ နှစ်နှစ်ပတ်လုံး မကျင့်ရသေးသော သိက္ခမာန်ကို ရဟန်းပြုပေးငြားအံ့၊ ထိုဘိက္ခုနီအား အသိက္ခိတသိက္ခာသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ကာရက သံဃာမှာ ဒုက္ကဋ်အာပတ်သင့်၏၊] ဤခြောက်ပါးသော သိက္ခာပုဒ်တို့ကား ပါဏာတိပါတ, အဒိန္နာဒါန, အဗြဟ္မစရိယ, မုသာဝါဒ, သုရာမေရယ, ဝိကာလဘောဇနသိက္ခာပုဒ်တို့တည်း။
၄။ သံဃေန အသမ္မတ
အကြင်ဘိက္ခုနီသည် ဥပဇ္ဈာယ်ဆရာမ လုပ်၍ ခြောက်ပါးသော သိက္ခာပုဒ် တို့၌ နှစ်နှစ်ပတ်လုံး ကျင့်ပြီးသော်လည်း ဘိက္ခုနီသံဃာ့အထံမှ ‘ဝုဋ္ဌာန သမ္မုတိ’ကို မရသေးသော သိက္ခမာန်ကို ရဟန်းပြုပေးငြားအံ့၊ ထိုဘိက္ခုနီအား သံဃေန အသမ္မတသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ကာရကသံဃာမှာ ဒုက္ကဋ် အာပတ်သင့်၏၊]
၅။ ဦနဒွါဒသဝဿ
အကြင်ဘိက္ခုနီသည် ဥပဇ္ဈာယ်ဆရာမ လုပ်၍ ယောက်ျားနှင့် ဆက်ဆံဖူး သော်လည်း အသက် ၁၂-နှစ် မပြည့်သေးသော သူငယ်မကို ရဟန်းပြုပေးငြား အံ့၊ ထို ဘိက္ခုနီအား ဦနဒွါဒသဝဿသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ကာရက သံဃာမှာ ဒုက္ကဋ်အာပတ်သင့်၏၊]
၆။ ဂိဟိဂတအသိက္ခိတသိက္ခာ
အကြင်ဘိက္ခုနီသည် ဥပဇ္ဈာယ်ဆရာမ လုပ်၍ ယောက်ျားနှင့်လည်း ဆက်ဆံဖူး၍ အသက် (၁၂)နှစ်ပြည့်ပြီးသော်လည်း ခြောက်ပါးသော သိက္ခာပုဒ် တို့၌ နှစ်နှစ်ပတ်လုံး မကျင့်ရသေးသော မိန်းမကို ရဟန်းပြုပေးငြားအံ့၊ ထို ဘိက္ခုနီအား ဂိဟိဂတအသိက္ခိတသိက္ခာသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ကာရက သံဃာမှာ ဒုက္ကဋ်အာပတ်သင့်၏၊]
၇။ အသမ္မတဝုဋ္ဌာန
အကြင်ဘိက္ခုနီသည် ဥပဇ္ဈာယ်ဆရာမ လုပ်၍ ယောက်ျားနှင့်လည်း ဆက်ဆံဖူး၍ အသက်လည်း ၁၂-နှစ်ပြည့်ပြီး၍ ခြောက်ပါးသော သိက္ခာပုဒ် တို့၌လည်း နှစ်နှစ်ပတ်လုံး ကျင့်ပြီးသော်လည်း ဘိက္ခုနီသံဃာ့အထံမှ ‘ဝုဋ္ဌာန သမ္မုတိ’ကို မရသေးသော သိက္ခမာန်ကို ရဟန်းပြုပေးငြားအံ့၊ ထိုဘိက္ခုနီအား အသမ္မတဝုဋ္ဌာနသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ကာရကသံဃာမှာ ဒုက္ကဋ်အာပတ် သင့်၏၊]
၈။ သဟဇီဝိနီ
အကြင်ဘိက္ခုနီသည် အတူနေတပည့်မကို ရဟန်းပြုပေးပြီးနောက် ကိုယ်တိုင်မူလည်း နှစ်နှစ်ပတ်လုံး သွန်သင်ဆုံးမခြင်းဖြင့် မချီးမြှောက်ငြားအံ့၊ သူတစ်ပါးကိုမူလည်း မချီးမြှောက်စေငြားအံ့၊ ထိုဘိက္ခုနီအား သဟဇီဝိနီသုဒ္ဓပါစိတ်အာပတ်သင့်၏၊
၉။ နာနုဗန္ဓန
အကြင်ဘိက္ခုနီ (တပည့်မ)သည် ဥပဇ္ဈာယ်ဆရာမ၏ နောက်သို့ နှစ်နှစ်ပတ် လုံး လိုက်၍ မနေငြားအံ့၊ ထိုဘိက္ခုနီအား နာနုဗန္ဓနသုဒ္ဓပါစိတ်အာပတ်သင့်၏၊
၁၀။ နေဝဝူပကာသန
အကြင်ဘိက္ခုနီသည် အတူနေတပည့်မကို ရဟန်းပြုပေးပြီးနောက် အယုတ် သဖြင့် ၅-ယူဇနာ ၆-ယူဇနာလောက် ဝေးသော အရပ်တစ်ပါးသို့ ကိုယ်တိုင်မူ လည်း ခေါ်၍ မသွားငြားအံ့၊ သူတစ်ပါးကိုမူလည်း ခေါ်၍ မသွားစေငြားအံ့၊ ထိုဘိက္ခုနီအား နေဝဝူပကာသနသုဒ္ဓပါစိတ်အာပတ်သင့်၏၊
ခုနစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဂဗ္ဘိနီဝဂ်သည် ပြီးခြင်းသို့ ရောက်ပြီ။
၈။ ကုမာရီဘူတဝဂ်
၁။ ဦနဝီသတိဝဿ
အကြင်ဘိက္ခုနီသည် ဥပဇ္ဈာယ်ဆရာမ လုပ်၍ အသက်နှစ်ဆယ် မပြည့် သေးသော အပျိုစင်သာမဏေမကို ရဟန်းပြုပေးငြားအံ့၊ ထိုဘိက္ခုနီအား ဦနဝီသတိဝဿသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ကာရကသံဃာမှာ ဒုက္ကဋ်အာပတ် သင့်၏၊၊]
၂။ အသိက္ခိတသိက္ခာ
အကြင်ဘိက္ခုနီသည် ဥပဇ္ဈာယ်ဆရာမ လုပ်၍ အသက်နှစ်ဆယ် ပြည့်ပြီး သော်လည်း ခြောက်ပါးသော သိက္ခာပုဒ်တို့၌ နှစ်နှစ်ပတ်လုံး မကျင့်ရသေးသော အပျိုစင် သာမဏေမကို ရဟန်းပြုပေးငြားအံ့၊ ထိုဘိက္ခုနီအား အသိက္ခိတသိက္ခာ သုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ကာရကသံဃာမှာ ဒုက္ကဋ်အာပတ်သင့်၏၊]
၃။ သံဃေန အသမ္မတ
အကြင်ဘိက္ခုနီသည် ဥပဇ္ဈာယ်ဆရာမ လုပ်၍ အသက်လည်း နှစ်ဆယ် ပြည့်ပြီး၍ ခြောက်ပါးသော သိက္ခာပုဒ်တို့၌လည်း နှစ်နှစ်ပတ်လုံး ကျင့်ပြီးသော် လည်း ဘိက္ခုနီသံဃာ့အထံမှ ‘ဝုဋ္ဌာနသမ္မုတိ’ကို မရသေးသော အပျိုစင် သာမဏေမကို ရဟန်းပြုပေးငြားအံ့၊ ထိုဘိက္ခုနီအား သံဃေန အသမ္မတသုဒ္ဓပါစိတ် အာပတ်သင့်၏၊ [ကာရကသံဃာမှာ ဒုက္ကဋ်အာပတ်သင့်၏၊]
၄။ ဦနဒွါဒသဝဿာ
အကြင်ဘိက္ခုနီသည် ၁၂-ဝါ မပြည့်သေးဘဲလျက် ဥပဇ္ဈာယ်ဆရာမ လုပ်၍ သူတစ်ပါးကို ရဟန်းပြုပေးငြားအံ့၊ ထိုဘိက္ခုနီအား ဦနဒွါဒသဝဿာသုဒ္ဓပါစိတ် အာပတ်သင့်၏၊ [ကာရကသံဃာမှာ ဒုက္ကဋ်အာပတ်သင့်၏၊]
၅။ သံဃေန အသမ္မတာ
အကြင်ဘိက္ခုနီသည် ၁၂-ဝါ ပြည့်ပြီးသော်လည်း ဘိက္ခုနီသံဃာ့အထံမှ ‘ဝုဋ္ဌာပနသမ္မုတိ’ကို မရသေးဘဲလျက် ဥပဇ္ဈာယ်ဆရာမ လုပ်၍ သူတစ်ပါးကို ရဟန်းပြုပေးငြားအံ့၊ ထိုဘိက္ခုနီအား သံဃေန အသမ္မတာသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [ကာရကသံဃာမှာ ဒုက္ကဋ်အာပတ်သင့်၏၊]
၆။ ခိယျနဓမ္မာပဇ္ဇန
အကြင်ဘိက္ခုနီသည် မိမိအား “အရှင်မ ...အရှင်မသည် ဥပဇ္ဈာယ်ဆရာမ လုပ်ဖို့ မတော်သေးပါ”ဟု အခြားဘိက္ခုနီတို့ ပြောဆိုတုန်းက ‘ကောင်းပါပြီ’ဟု ဝန်ခံပြီးမှ နောက်၌ ထိုဘိက္ခုနီတို့ကို ကဲ့ရဲ့ရှုတ်ချငြားအံ့၊ ထိုဘိက္ခုနီအား ခိယျနဓမ္မာပဇ္ဇနသုဒ္ဓပါစိတ်အာပတ်သင့်၏၊
၇။ ပတိဿဝန ဝိသံဝါဒန
အကြင် ဘိက္ခုနီသည် သိက္ခမာန်ကို “အရှင်မ ...သင်သည် အကယ်၍ ငါ့အား သင်္ကန်းကိုပေးလျှင် သင့်ကို ငါရဟန်း ပြုပေးအံ့”ဟု ပြောဆိုပြီးမှ နောက်၌ အန္တရာယ် မရှိဘဲလျက် ကိုယ်တိုင်မူလည်း ရဟန်း မပြုပေးငြားအံ့၊ သူတစ်ပါးကိုမူလည်း ပြုပေးဖို့ရန် ကြောင့်ကြမစိုက်ငြားအံ့၊ ထိုဘိက္ခုနီအား ပတိဿဝန ဝိသံဝါဒနသုဒ္ဓပါစိတ်အာပတ်သင့်၏၊
၈။ အနုဗန္ဓန
အကြင်ဘိက္ခုနီသည် သိက္ခမာန်ကို “အရှင်မ ...သင်သည် အကယ်၍ ငါ့နောက်သို့ နှစ်နှစ်ပတ်လုံးလိုက်၍ နေလျှင် သင့်ကို ငါ ရဟန်းပြုပေးအံ့”ဟု ပြောဆိုပြီးမှ နောက်၌ အန္တရာယ် မရှိဘဲလျက် ကိုယ်တိုင်မူလည်း ရဟန်းမပြုပေး ငြားအံ့၊ သူတစ်ပါးကိုမူလည်း ပြုပေးဖို့ရန် ကြောင့်ကြမစိုက်ငြားအံ့၊ ထိုဘိက္ခုနီ အား အနုဗန္ဓနသုဒ္ဓပါစိတ်အာပတ်သင့်၏၊
၉။ သောကာဝါသ
အကြင်ဘိက္ခုနီသည် ဥပဇ္ဈာယ်ဆရာမ လုပ်၍ ယောက်ျားကြီး ယောက်ျား ငယ်တို့နှင့် ရောရောနှောနှော နေတတ်သော ကိုယ်, နှုတ်ကြမ်းတမ်းသော ယောက်ျားတို့အတွက် သောကဝင်လျက်ရှိသော ယောက်ျားတို့၏ သန္တာန်အတွင်း သို့လည်း သောကသွင်းတတ်သော သိက္ခမာန်ကို ရဟန်းပြုပေးငြားအံ့၊ ထို ဘိက္ခုနီအား သောကာဝါသသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ကာရကသံဃာမှာ ဒုက္ကဋ်အာပတ် သင့်၏၊ အသက်နှစ်ဆယ်သို့ ရောက်ပြီးသော သူကို ယောက်ျားကြီးဟု ခေါ်၍ အသက်နှစ်ဆယ်သို့ မရောက်သေးသော သူကို ယောက်ျားငယ်-ဟု ခေါ်သည်။]
၁၀။ အနနုညာတ
အကြင်ဘိက္ခုနီသည် ဥပဇ္ဈာယ်ဆရာမ လုပ်၍ မိဘတို့ကဖြစ်စေ၊ လင်ယောက်ျားကဖြစ်စေ၊ ခွင့်မပြုသော သိက္ခမာန်ကို ရဟန်းပြုပေးငြားအံ့၊ ထို ဘိက္ခုနီအား အနနုညာတသုဒ္ဓပါစိတ်အာပတ်သင့်၏၊
[ကာရကသံဃာမှာ ဒုက္ကဋ်အာပတ်သင့်၏၊ မာတုဂါမတို့မှာ သာမဏေမ ပြုလိုသော အခါ၌ တစ်ကြိမ်, ဘိက္ခုနီ ပြုလိုသောအခါ၌ တစ်ကြိမ်အားဖြင့် နှစ်ကြိမ်တိုင် မိဘတို့နှင့် လင်ရှိလျှင် လင်ယောက်ျား၏ အထံ၌ ခွင့်တောင်းရ၏၊၊]
၁၁။ ပါရိဝါသိကဆန္ဒဒါန
အကြင်ဘိက္ခုနီသည် ဥပဇ္ဈာယ်ဆရာမ လုပ်၍ သိုးပြီးသော (နဂိုဆန္ဒ ပျက်ပြယ်ပြီးသော) ဆန္ဒပေးခြင်းဖြင့် သိက္ခမာန်ကို ရဟန်းပြုပေးငြားအံ့၊ ထို ဘိက္ခုနီအား ပါရိဝါသိကဆန္ဒဒါနသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ကာရကသံဃာ မှာ ဒုက္ကဋ်အာပတ်သင့်၏၊]
သိုးခြင်း —ဟူသည် ပရိသတ်၏ သိုးခြင်း၊ ညဉ့်၏ သိုးခြင်း၊ ဆန္ဒ၏ သိုးခြင်း၊ အဇ္ဈာသယ၏ သိုးခြင်းဟူ၍ ၄-ပါးတည်း။ သိုးပြီးသော (နဂိုဆန္ဒ ပျက်ပြယ်ပြီး သော) ဆန္ဒပေးခြင်းဖြင့်ဟူသော စကား၏ ဆိုလိုရင်းအဓိပ္ပာယ်ကို ထင်ရှားစေ ခြင်းငှာ ဝတ္ထုကြောင်းဖြင့် ရှင်းပြပါအံ့။ မာတုဂါမတို့သည် ရဟန်း နှစ်ကြိမ် ပြုကြရ၏၊ ပထမအကြိမ်၌ ဘိက္ခုနီသံဃာ့အထံမှာ ပြုကြရ၍ ဒုတိယအကြိမ်၌ ဘိက္ခုသံဃာ့အထံမှာ ပြုကြရ၏၊
ရာဇဂြိုဟ်မြို့၌ နေစဉ် ထုလ္လနန္ဒာသည် သိက္ခမာန်တစ်ယောက်ကို ဘိက္ခုနီ ပြုလုပ်ပေးဖို့ရန် ရဟန်းယောက်ျား မထေရ်ကြီးများကို ပင့်ဖိတ်သဖြင့် ကြွနိုင်သော မထေရ်ကြီးများသည် ကိုယ်တိုင်ကြွရောက်၍ မကြွနိုင်သော (ထိုမဟာသိမ် အတွင်း၌ နေကုန်သော) ရဟန်းများသည် ထိုကံကို သဘောတူကြောင်း (ဝိနည်း ထုံးစံအတိုင်း) ဆန္ဒပေးလိုက်ကြလေသည်။ ထိုသံဃာ့အစည်းအဝေး၌ ဘိက္ခုနီ ပြုပေးပြီးလျှင် ကျွေးမွေးဖို့ရန် ခဲဖွယ်ဘောဇဉ်များစွာကိုလည်း ဆိုင်ရာက စီမံထား၏၊ ထုလ္လနန္ဒာသည် ထိုခဲဖွယ်ဘောဇဉ်များကို ၎င်းနှင့် စိတ်ဓာတ်ချင်း မတူသော ကြွလာသော ထိုမထေရ်ကြီးများကို မဘုဉ်းပေးစေလိုသောကြောင့် “အရှင်ဘုရားတို့ ...သိက္ခမာန်ကို ယခု ဘိက္ခုနီ မပြုပေးလိုသေးပါ”ဟု လျှောက် ၍ ထိုမထေရ်ကြီးများကို ပြန်လွှတ်လိုက်လေသည်။ ထိုသို့ ပြန်လွှတ်လိုက်သည့် အခါ ထိုကံအတွက် သဘောတူကြောင်း ပေးလိုက်သော ‘ဆန္ဒ’သည် ပျက်ပြယ် လေတော့၏၊ ထုလ္လနန္ဒာသည် ထိုပျက်ပြယ်ပြီးသော ဆန္ဒကိုပင် ထပ်မံ အသုံးပြု ၍ (နောက်ထပ် ဆန္ဒ မယူဘဲ) အရှင်ဒေဝဒတ်နှင့် ဘက်တော်သား ဖြစ်ကြသော ကောကာလိက စသော ရဟန်းများကို ပင့်၍ ထိုသိက္ခမာန်ကို ဘိက္ခုနီပြုပေး လေသည်။ ထိုသို့ ပြုပေးရာ၌ သူပင့်လိုရာ ပင့်၍ ပြုပေးခြင်းက ကံကို မပျက်စေ သော်လည်း ပျက်ပြယ်ပြီးသော ဆန္ဒကို အသုံးပြုခြင်းကား ကံကို ပျက်စေသော ကြောင့် ထုလ္လနန္ဒာ၏ ပြုမူပုံကို အခြားဘိက္ခုနီတို့ ကဲ့ရဲ့ကြကုန်၏၊ ထို့ကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
၁၂။ အနုဝဿံဝုဋ္ဌာပန
အကြင်ဘိက္ခုနီသည် ဥပဇ္ဈာယ် ဆရာမလုပ်၍ တစ်နှစ်လျှင် တစ်ပါးကျ ရဟန်းပြုပေးငြားအံ့၊ ထိုဘိက္ခုနီအား အနုဝဿံဝုဋ္ဌာပနသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [ကာရကသံဃာမှာ ဒုက္ကဋ်အာပတ်သင့်၏၊]
၁၃။ ဒွေ ဝုဋ္ဌာပန
အကြင်ဘိက္ခုနီသည် ဥပဇ္ဈာယ်ဆရာမ လုပ်၍ တစ်နှစ်တည်း၌ သိက္ခမာန် နှစ်ပါးကို ရဟန်းပြုပေးငြားအံ့၊ ထိုဘိက္ခုနီအား ဒွေ ဝုဋ္ဌာပနသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [ကာရကသံဃာမှာ ဒုက္ကဋ်အာပတ်သင့်၏၊ ဤသိက္ခာပုဒ်နှစ်ပါး၏ အလိုမှာ နှစ်နှစ်မှ တစ်ပါးသာ ရဟန်းပြုပေးစေချင်သည်ဟူ၍ ဖြစ်သည်။]
ရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ကုမာရီဘူတဝဂ်သည် ပြီးခြင်းသို့ ရောက်ပြီ။
၉။ ဆတ္တုပါဟနဝဂ်
၁။ ဆတ္တုပါဟန
အကြင်ဘိက္ခုနီသည် မနာမဖျားဘဲလျက် မြို့တွင်းရွာတွင်း၌ဖြစ်စေ၊ တောထဲ၌ဖြစ်စေ ထီးကိုလည်း ဆောင်း၍ ဖိနပ်ကိုလည်း စီးငြားအံ့၊ ထို ဘိက္ခုနီ အား ဆတ္တုပါဟနသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ထီးသာ ဆောင်း၍ ဖိနပ် မစီးလျှင်လည်းကောင်း၊ ဖိနပ်သာ စီး၍ ထီးမဆောင်းလျှင်လည်းကောင်း ဒုက္ကဋ်အာပတ်သင့်၏၊]
မိမိကျောင်းတိုက် အတွင်းနှင့် ကျောင်းတိုက်ဥပစာ၌ကား ထီးကိုလည်း ဆောင်းနိုင်၏၊ ဖိနပ်ကိုလည်း စီးနိုင်၏၊ မိုးရွာလျှင်ကား သင်္ကန်းကို စိုစွတ်ခြင်းမှ ကာကွယ်ရန်အလို့ငှာ မည်သည့်နေရာ၌မဆို ထီးကို ဆောင်းကောင်း၏၊ ဘိက္ခုတို့လည်း ထီးကို ဘိက္ခုနီတို့အတိုင်းပင် ဆောင်းရမည်။ ဖိနပ်ကိုမူ မြို့တွင်း ရွာတွင်းနှင့် အခြားကျောင်းတိုက်၌ အာဂန္တုအဖြစ်ဖြင့် နေခိုက်မှာ မစီးကောင်း၊ အာဂန္တု မဟုတ်သည့်အခါ တောထဲသို့ သွားသည့်အခါနှင့် မိမိတို့ ကျောင်းတိုက် အတွင်းမှာ စီးကောင်း၏၊
၂။ ယာန
အကြင်ဘိက္ခုနီသည် မနာမဖျားဘဲလျက် ယာဉ်ဖြင့် သွားငြားအံ့၊ ထိုဘိက္ခုနီ အား ယာနသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [သက်ရှိယာဉ်ကို ဆိုလိုသည်။ ဘိက္ခုတို့မှာ ဒုက္ကဋ်အာပတ် သင့်၏၊ အို၍ဖြစ်စေ၊ နာဖျား၍ဖြစ်စေ စီးလျှင်လည်း အထီးက, သော ယာဉ်ကိုသာ စီးရမည်။]
၃။ သင်္ဃာဏိ
အကြင်ဘိက္ခုနီသည် ခါးကြိုးတန်ဆာကို ဆောင်ငြားအံ့၊ ထိုဘိက္ခုနီအား သင်္ဃာဏိသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ခါးပန်းကြိုးရိုးရိုးမှ တစ်ပါး အလှပတ်ဖို့ ခါးစည်းကြိုး, ခါးပတ်ဟူသမျှသည် ‘ခါးကြိုးတန်ဆာ’၌ ပါဝင်၏၊ ဘိက္ခုတို့မှာ ဒုက္ကဋ်အာပတ်သင့်၏၊]
၄။ ဣတ္ထာလင်္ကာရ
အကြင်ဘိက္ခုနီသည် လူဝတ်ကြောင် မိန်းမတို့ ဝတ်ဆင်လေ့ရှိသော ပုတီး, လက်ကောက်စသော တန်ဆာကို ဆောင်ငြားအံ့။ ထိုဘိက္ခုနီအား ဣတ္ထာလင်္ကာရသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [ဘိက္ခုတို့မှာ ဒုက္ကဋ်အာပတ်သင့်၏၊ ‘ဆောင်’ဟူသည် ‘ဝတ်ဆင်ခြင်း’ကို ဆိုသည်။]
၅။ ဂန္ဓဝဏ္ဏက
အကြင်ဘိက္ခုနီသည် နံ့သာရည်, အလှရည်တို့ဖြင့် ရေချိုးငြားအံ့၊ ထိုဘိက္ခုနီ အား ဂန္ဓဝဏ္ဏကသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ဘိက္ခုတို့မှာ ဒုက္ကဋ်အာပတ် သင့်၏၊]
၆။ ဝါသိတက
အကြင်ဘိက္ခုနီသည် နံ့သာ ထုံထားသော နှမ်းမုန့်ညက် (ဆပ်ပြာ)ဖြင့် ရေချိုးငြားအံ့၊ ထိုဘိက္ခုနီအား ဝါသိတကသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ဘိက္ခုတို့ မှာ ဒုက္ကဋ်အာပတ်သင့်၏၊ ကိုယ်နံ့ဆိုးဝါးသူ မဟုတ်လျှင် ယခုခေတ် ဆပ်ပြာမွှေး များဖြင့် ရေမချိုးအပ်။]
၇။ ဥမ္မဒ္ဒါပန
အကြင်ဘိက္ခုနီသည် မနာမဖျားဘဲလျက် အခြားဘိက္ခုနီကို ပွတ်တိုက်မူ လည်း ပွတ်တိုက်စေငြားအံ့၊ နှိပ်နယ်မူလည်း နှိပ်နယ်စေငြားအံ့၊ ထိုဘိက္ခုနီအား ဥမ္မဒ္ဒါပနသုဒ္ဓပါစိတ်အာပတ်သင့်၏၊
၈။ ဥမ္မဒ္ဒါပန
အကြင်ဘိက္ခုနီသည် မနာမဖျားဘဲလျက် သိက္ခမာန်ကို ပွတ်တိုက်မူလည်း ပွတ်တိုက်စေငြားအံ့၊ နှိပ်နယ်မူလည်း နှိပ်နယ်စေငြားအံ့၊ ထိုဘိက္ခုနီအား ဥမ္မဒ္ဒါပနသုဒ္ဓပါစိတ်အာပတ်သင့်၏၊
၉။ ဥမ္မဒ္ဒါပန
အကြင်ဘိက္ခုနီသည် မနာမဖျားဘဲလျက် သာမဏေမကို ပွတ်တိုက်မူလည်း ပွတ်တိုက်စေငြားအံ့၊ နှိပ်နယ်မူလည်း နှိပ်နယ်စေငြားအံ့၊ ထိုဘိက္ခုနီအား ဥမ္မဒ္ဒါပနသုဒ္ဓပါစိတ်အာပတ်သင့်၏၊
၁၀။ ဥမ္မဒ္ဒါပန
အကြင်ဘိက္ခုနီသည် မနာမဖျားဘဲလျက် လူဝတ်ကြောင်မိန်းမကို ပွတ်တိုက်မူလည်း ပွတ်တိုက်စေငြားအံ့၊ နှိပ်နယ်မူလည်း နှိပ်နယ်စေငြားအံ့၊ ထိုဘိက္ခုနီအား ဥမ္မဒ္ဒါပနသုဒ္ဓပါစိတ်အာပတ်သင့်၏၊
၁၁။ အနာပုစ္ဆာနိသီဒန
အကြင် ဘိက္ခုနီသည် မပန်ကြားဘဲလျက် ရဟန်းယောက်ျား၏ ရှေ့၌ ထိုင်ငြားအံ့၊ ထိုဘိက္ခုနီအား အနာပုစ္ဆာနိသီဒနသုဒ္ဓပါစိတ်အာပတ်သင့်၏၊
၁၂။ အနောကာသကတ
အကြင်ဘိက္ခုနီသည် မပန်ကြားဘဲလျက် ရဟန်းယောက်ျားအား ပြဿနာ ကို မေးငြားအံ့၊ ထိုဘိက္ခုနီအား အနောကာသကတသုဒ္ဓပါစိတ်အာပတ်သင့်၏၊
၁၃။ အသံကစ္စိကာ
အကြင်ဘိက္ခုနီသည် ရင်စည်းတဘက် မပါဘဲလျက် ရွာတွင်းသို့ ဝင်ငြားအံ့၊ ထိုဘိက္ခုနီအား အသံကစ္စိကသုဒ္ဓပါစိတ်အာပတ်သင့်၏၊
ကိုးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဆတ္တုပါဟနဝဂ်သည် ပြီးခြင်းသို့ ရောက်ပြီ။
မှတ်ချက်။ ။ ဤ သုဒ္ဓပါစိတ်အခဏ်း၌ လသုဏဝဂ်မှ စ၍ ဝဂ်ပေါင်း ၉-ဝဂ် ရှိ၏၊ ရှေ့ ၇-ဝဂ်၌ သိက္ခာပုဒ် ၁၀-ပါးစီ ရှိ၍ နောက်ဆုံး ၂-ဝဂ်၌ ၁၃-ပါးစီ ရှိရကား သိက္ခာပုဒ်ပေါင်း ၉၆-ပါး ရှိသည်။ ဤ ၉၆-ပါးကို ယူ၍ ဘိက္ခုပါတိမောက်၌ ပြဆိုထားသော ‘သာဓာရဏသိက္ခာပုဒ်-၇၀’နှင့် ပေါင်းလျှင် ဘိက္ခုနီတို့အတွက် သုဒ္ဓပါစိတ်သိက္ခာပုဒ်ပေါင်း ၁၆၆-ပါး ရှိသည်။
သုဒ္ဓပါစိတ်အခန်း ပြီးပြီ။