ဝိနည်းဥပဒေတော်ကြီး/သံဃာဒိသိသ် (ဝုဋ္ဌာနဂါမ်) အာပတ်ကုစားနည်း

ဝိနည်းဥပဒေတော်ကြီး
by အရှင်သြဘာသ
၅၉။ သံဃာဒိသိသ် (ဝုဋ္ဌာနဂါမ်) အာပတ်ကုစားနည်း
3393ဝိနည်းဥပဒေတော်ကြီး — ၅၉။ သံဃာဒိသိသ် (ဝုဋ္ဌာနဂါမ်) အာပတ်ကုစားနည်းအရှင်သြဘာသ

၅၉။ သံဃာဒိသေသ် (ဝုဋ္ဌာနဂါမ်) အာပတ် ကုစားနည်း

အာပတ်ဖုံးလွှမ်းမှုအင်္ဂါ

သင့်တုံအာပတ်၊ ပကတတ်၊ ကင်းလတ် အန္တရာယ်။ ကြားငှာစွမ်းငြား၊ သညီပွား၊ ရှစ်ပါး သရုပ်ချယ်။
ဖုံးလွှမ်းလိုငြား၊ ဖုံးလွှမ်းငြား၊ ဆယ်ပါးဖုံးလွှမ်းဘွယ်။

သညီပွားဆိုသည်ကား (၁) အာပတ်သင့်သည်လည်းဖြစ်စေ၊ (၂) အာပတ် သင့်ပြီဟူသော အမှတ်ရှိသည်လည်း ဖြစ်စေ၊ (၃) ဥက္ခိတ္တက ရဟန်း မဟုတ်၊ ပကတတ်ရဟန်း မှန်သည်လည်းဖြစ်စေ၊ (၄) ငါကား ပကတတ်ရဟန်းပဲဟု အမှတ်ရှိသည်လည်းဖြစ်စေ၊ (၅) ထိုအခါ၌ အန္တရာယ် ၁၀-ပါး မရှိသည်လည်း ဖြစ်စေ၊ (၆) မရှိဟု သိသည်လည်းဖြစ်စေ၊ (၇) ဒေသနာပြောရန် တစ်ပါးသော ရဟန်းထံသို့ သွားနိုင်, ဒေသနာပြောနိုင်သည်လည်းဖြစ်စေ၊ (၈) သွားနိုင်, ပြောနိုင်၏ဟု သိသည်လည်းဖြစ်စေ၊ ဤသို့ ရှေ့ ၄-ပါးကို အမှတ်အသိနှင့် အသီး အသီးပွား၍ ၈-ပါးဖြစ်အောင် ဝေဖန်ရမည်။ (၉) ၎င်း ၈-ပါးကို ဖုံးလွှမ်းလိုသော စိတ်ရှိသည်လည်းဖြစ်စေ၊ (၁၀) ဒေသနာ မပြောမူ၍ အရုဏ်တက်စေသဖြင့် ဖုံးလွှမ်းသည်လည်းဖြစ်စေ၊ ဤ ၂-ပါးကို ထည့်သော် အာပတ် ဖုံးလွှမ်းကြောင်း အင်္ဂါ ၁၀-ပါး ဖြစ်၏၊

ပါရာဇိကမှတစ်ပါး ခပ်သိမ်းသော အာပတ်တို့နှင့် ဆက်ဆံသော အင်္ဂါစု ပေတည်း။ ဤအင်္ဂါ ၁၀-ပါးနှင့် ညီညွတ်စွာ ဖုံးလွှမ်းခဲ့လျှင် ခပ်သိမ်းသော အာပတ်တို့၌ပင် အရုဏ်တက်သည်နှင့် တစ်ပြိုင်နက် ပဋိစ္ဆာဒနဒုက္ကဋ် ထပ်မံ၍ သင့်၏၊ သံဃာဒိသေသ်အာပတ်ကို ဖုံးလွှမ်းခဲ့သော် ထိုသံဃာဒိသေသ်အာပတ် သည် ပဋိစ္ဆန္နအာပတ် မည်၏၊

သံဃာဒိသေသ်အာပတ်ဟူ၍ မသိသော်လည်း ယခု ငါပြုသော အမှုသည် အာပတ်သင့်သော အမှုဖြစ်သည်ဟု ဝတ္ထုကို သိလျက်နှင့် ဖုံးလွှမ်းလျှင်ပင် ပဋိစ္ဆန္န ဖြစ်ပြီ၊ တစ်ပါးသော အာပတ်ဟု ထင်မှတ်ခဲ့သော်လည်းကောင်း, သံဃာဒိသေသ် ဟုတ်မည်လောဟု ယုံမှားမိခဲ့သော်လည်း ဖုံးလွှမ်းသော်လည်း ပဋိစ္ဆန္န မဖြစ်။

မာနတ် ၂-မျိုး

မဖုံးလွှမ်းမူ၊ မာနတ်ယူ၊ ဖုံးမူပရိဝါသ်။ [သိသာပြီ။]

အပဋိစ္ဆန်၊ ပဋိစ္ဆန်၊ နှစ်တန် မာနတ်မှတ်။

၁။ အပဋိစ္ဆန္နမာနတ်,
၂။ ပဋိစ္ဆန္နမာနတ် ဟူ၍ မာနတ်ကျင့်မှု နှစ်မျိုး ရှိ၏၊

ဒေသနာပြောပုံ။ ။ အာပတ်သင့်၍ ထိုနေ့ အရုဏ်မတက်မီ အတွင်း၌ တစ်ပါးသော ရဟန်းထံ၌ ‘အဟံ ဘန္တေ သံဃာဒိသေသံ အာပန္နော၊ တံ တုမှမူလေ အာဝိကရောမိ’ဟူ၍လည်းကောင်း, ‘အဟံ ဘန္တေ သမ္ဗဟုလာ သံဃာဒိသေသာ အာပတ္တိယော အာရောစေမိ’ဟူ၍လည်းကောင်း, ‘အဟံ ဘန္တေ သဗ္ဗာ အာပတ္တိယော အာဝိကရောမိ’ဟူ၍လည်းကောင်း ပြောခဲ့လျှင် ဖုံးလွမ်း ခြင်း မရှိပြီ၊ ဒေသနာဂါမ်အာပတ် မဟုတ်သောကြောင့် ‘ပဋိဒေသေမိ’ ဟူ၍ မဆိုရ။

အပဋိစ္ဆန္နမာနတ်။ ။ ထိုအပဋိစ္ဆန္န အာပတ်အတွက် ကျင့်ရသော မာနတ် သည် အပဋိစ္ဆန္နမာနတ် မည်၏၊

ပဋိစ္ဆန္နမာနတ်။ ။ ဖုံးလွှမ်းသော ပဋိစ္ဆန္နအာပတ်အတွက် ဖုံးလွှမ်းသော ရက်အရေအတွက် စေ့အောင် ပရိဝါသ်နေပြီးမှ ထိုပရိဝါသ်၏ အဆုံး၌ ကျင့်ရသော မာနတ်သည် ပဋိစ္ဆန္နမာနတ် မည်၏၊

ပဋိစ္ဆန္နံ၊ သမောဓာန်၊ သုဒ္ဓန် ပရိဝါသ်။

ပရိဝါသ် ၃ မျိုး။ ။ ပရိဝါသ်သည် — ၁။ ပဋိစ္ဆန္န ပရိဝါသ်၊ ၂။ သမောဓာန ပရိဝါသ်၊ ၃။ သုဒ္ဓန္တ ပရိဝါသ် ဟူ၍ ၃-မျိုး ရှိ၏၊

ဩဓာန်, အဂ္ဃံ၊ မိဿကံ၊ သုံးတန် သမောမှတ်။

ပရိဝါသ်အပြား။ ။ ပဋိစ္ဆန္နပရိဝါသ်သည် အပြားမရှိ၊ သမောဓာန ပရိဝါသ်သည်- (၁) ဩဓာန သမောဓာန်၊ (၂) အဂ္ဃသမောဓာန်၊ (၃) မိဿကသမောဓာန် ဟူ၍ ၃-ပါး ပြား၏၊

ဩဓာန သမောဓာန်

ဝတ်တင်းလင်းရှိ၊ သံဃာဒိ၊ သင့်ဘိအန္တရာ။
ကျင့်ပြီးရက်တွင်း၊ ပျက်တုံလျှင်း၊ အရင်းငင်ဘို့ရာ။
အန္တရာပတ်၊ မဖုံးလတ်၊ မာနတ်မှာ ထည့်ပါ။
ဖုံးလွှမ်းခဲ့လျှင်း၊ မူလတွင်း၊ ပေါင်းသွင်းဩဓာနာ။


ဝတ်ကို မချမီအတွင်း ဝတ်တင်းလင်းရှိနေစဉ် သင့်လာသော သံဃာဒိသေသ်အာပတ်သည် အန္တရာပတ် မည်၏၊ အန္တရာပတ် သင့်သည်ရှိသော် ကျင့်ပြီးသော ရက်စုသည် ပျက်၍ ကုန်၏၊ ထိုပုဂ္ဂိုလ်ကို ဉတ်ကမ္မ ဝါစာဖြင့် အရင်းသို့ ငင်ရ၏၊ ထိုအန္တရာပတ်ကို မဖုံးလွှမ်းခဲ့လျှင် ဩဓာနပရိဝါသ်ကို မပေးရ၊ ထိုအန္တရာပတ်ကို မာနတ်၌ ထည့်သွင်းရသည်၊ ဖုံးလွှမ်းခဲ့သည်ရှိသော် ထိုအန္တရာပတ်ကို မူလအာပတ်၌ ပေါင်း၍ ပရိဝါသ်အသစ်ပေးရသည်၊ ဤပရိဝါသ်ကို ဩဓာနသမောဓာန် ခေါ်သည်။

မှတ်ချက်။ ။ ဝတ်ကို ချ၍ ထားဆဲအခါ၌ သင့်သော သံဃာဒိသေသ်ကိုမူ ကား အန္တရာပတ် ဟူ၍ မဆိုအပ်၊ မဖုံးလွှမ်းခဲ့လျှင် မာနတ်၌ ထည့်သွင်းရမည်၊ ဖုံးလွှမ်းခဲ့လျှင် နောက်မှ အသီးအခြား ပရိဝါသ် နေရမည်။

အန္တရာပတ် သင့်မှုသည် - (၁) ပရိဝါသ် ကျင့်ဆဲ၌ သင့်သည်လည်း ရှိ၏၊ (၂) ပရိဝါသ် ရက်စေ့ပြီးသော မာနတ္တာရဟ အခိုက်၌ သင့်သည်လည်း ရှိ၏၊ (၃) မာနတ် ကျင့်ဆဲ၌ သင့်သည်လည်း ရှိ၏၊ (၄) မာနတ်ရက်စေ့ပြီးသော အဗ္ဘာနာရဟ အခိုက်၌ သင့်သည်လည်း ရှိ၏၊ အဗ္ဘာနာရဟအခိုက်၌ပင် သင့်သော်လည်း ပရိဝါသ် ကျင့်ပြီးသော ရက်တို့ပါ အကုန် ပျက်ကုန်၏၊ အစ, အလယ်တို့၌ သင့်မူ ဆိုဖွယ် မရှိ။

အဂ္ဃသမောဓာန်

ရှည်, တို ထွေလာ၊ အာပတ်အများ၊ ရှိငြားတထုံး၊ အရှည်ဆုံး၌၊
ပေါင်းရုံး၍သာ၊ ကျင့်ဆောင်ရာ၊ မှတ်ပါ ‘အဂ္ဃ’တည်း။

ရက်ရှည် ဖုံးလွှမ်းသော အာပတ်, ရက်တို ဖုံးလွှမ်းသော အာပတ် ဟူ၍ အထွေအလာ သံဃာဒိသေသ် အာပတ်အများ ရှိနေခဲ့သော် အရှည်ဆုံးသော အာပတ်၌ အလုံးစုံ ပေါင်းရုံး၍ ပေးအပ်, ကျင့်အပ်သော ပရိဝါသ်သည် အဂ္ဃသမောဓာန် မည်၏၊

မိဿက သမောဓာန်

မတူအမှု၊ ဝတ္ထုထွေပြား၊ အာပတ်များ၊ ပေါင်းငြား မိဿက။

အချို့သော အာပတ်ကား — သုက္ကဝိဿဋ္ဌိမှုနှင့် သင့်သည်၊ အချို့ကား-ကာယသံသဂ္ဂမှုနှင့် သင့်သည်၊ ဤသို့ စသည်ဖြင့် အမှုဝတ္ထု မတူကြသော အာပတ်အများတို့ကို ပေါင်းရုံး၍ ပေးအပ်, ကျင့်အပ်သော ပရိဝါသ်သည် မိဿကသမောဓာန် မည်၏၊

သုဒ္ဓန္တပရိဝါသ်

ဖုံးလွှမ်းရက်ကို၊ သက်သက် မသိ၊ မမှတ်မိငြား၊
ယုံမှားရှိရာ၊ ကျင့်အပ်စွာ၊ သညာ သုဒ္ဓန္တ။
စူဠ, မဟာ၊ သုဒ္ဓန်မှာ၊ နှစ်ဖြာ အပြားရ။


သံဃာဒိသေသ် အာပတ် အနည်း, အများ သင့်ပြီး၍ ရက်ပေါင်းမည်မျှ ဖုံးလွှမ်းမိသည်ဟူ၍ သက်သက် မသိသောသူ, မမှတ်မိသောသူ, ယုံမှား ဒွိဟရှိ၍ နေသောသူအား ပေးအပ် ကျင့်အပ်သော ပရိဝါသ်သည် သုဒ္ဓန္တပရိဝါသ် မည်၏၊

ထိုသုဒ္ဓန်သည် — (၁) စူဠသုဒ္ဓန်၊ (၂) မဟာသုဒ္ဓန် ဟူ၍ ၂-ပါး ရှိ၏၊

စူဠသုဒ္ဓန်။ ။ ရဟန်းခံသော နေ့မှစ၍ မည်သည့်ရက်, မည်သည့်လတိုင် အောင် ငါသည် စင်ကြယ်ခဲ့၏၊ သည်က နောက်ကို သံဃာဒိသေသ်မှ စင်ကြယ် သည်ဟူ၍ မထင်ရှိနေရာ၌ စင်ကြယ်သည် မထင်သောနေ့, ရက်စုကို ရေတွက်၍ ထို နေ့ရက်စုအရေအတွက် စေ့အောင် ကျင့်ရသော သုဒ္ဓန်သည် စူဠသုဒ္ဓန် မည်၏၊

မဟာသုဒ္ဓန်။ ။ ရဟန်းခံသော နေ့မှစ၍ ယနေ့တိုင်အောင်ပင် သံဃာ ဒိသေသ်အာပတ်မှ တစ်နေ့, တစ်ရက်မှ စင်ကြယ်သည် မထင်ရှိနေရာ၌ ရဟန်းခံ သောနေ့မှ စ၍ ပရိဝါသ်ယူသော နေ့တိုင်အောင် နေ့, ရက်တို့ကို ရေတွက်၍ စေ့အောင် ကျင့်ရသော သုဒ္ဓန်သည် မဟာသုဒ္ဓန် မည်၏၊

အနိက္ခိတ္တ၊ နိက္ခိတ္တ၊ ပြားထ ဝတ်နှစ်မျိုး။

အနိက္ခိတ္တဝတ်။ ။ ရဟန်းသံဃာ နည်းပါး၍ စောင့်ရှောက်ခြင်းငှာ လွယ်သော အရပ်ဒေသ၌ အနိက္ခိတ္တဝတ် လျော်၏၊

မှတ်ချက်။ ။ သိမ်အပြင်၌ ဆောက်တည်၍ တစ်ကြိမ် ကြားပြီးနောက် အဗ္ဘာန်သွင်းသည့်တိုင်အောင် မချဘဲ ကျင့်ရသော ဝတ်ကို အနိက္ခိတ္တဝတ် ခေါ်သည်။ [နိက္ခိတ္တဝတ်ကား သိသာပြီ။]

ရတ္တိစ္ဆေဒ ၃-မျိုး

အနာရောစ၊ သဟဝါသာ၊ ဝိပ္ပဝါ၊ သုံးဖြာ ဝတ်ပျက်ကြောင်း။

၁။ အနာရောစန တစ်ပါး၊ ၂။ သဟဝါသ တစ်ပါး၊ ၃။ ဝိပ္ပဝါသ တစ်ပါး၊ ကျင့်ဆောက်တည်၍ နေသော ဝတ်ပျက်ကြောင်း ၃-ပါးတည်း။ ရတ္တိစ္ဆေဒ ၃-ပါး ခေါ်သည်။

တိုက်တွင်းနေခါ၊ တိုက်လုံးသာ၊ ပြင်မှာ တောင်ဆယ့်နှစ်။
ဒိဋ္ဌ, သုတ၊ ရှိချေက၊ ဌာန မရွေ့ခေတ်။

အဓိပ္ပာယ်။ ။ တိုက်တွင်း၌သာနေ၍ ကျင့်သူမှာ တိုက်တာ ဥပစာရသိမ် တစ်ခုလုံးသည် အာရောစနခေတ်ပေတည်း၊ တိုက်ပြင်၌ ထွက်၍ ကျင့်သူမှာ မိမိ နေရာမှ ၁၂-တောင်အတွင်း အရပ်သည် အာရောစနခေတ်ပေတည်း။

နိက္ခိတ္တ ဝတ်သားတို့မှာ တိုက်တွင်း၌လည်း ၁၂-တောင်သာ အာရောစနခေတ် ရှိ၏ဟု လာသော ဋီကာဝါဒကို မယူအပ်။

ထိုခေတ်အတွင်းသို့ ရောက်လာသမျှသော ရဟန်းတို့ကို မကြားဘဲ မနေရ၊ ရဟန်းသစ် ရောက်လာမှန်းသိလျက်နှင့် မကြားလျှင် ထိုဝတ်လည်း ပျက်၏၊ ညဉ့်လည်း ပြတ်၏၊ ဝတ္တဘေဒဒုက္ကဋ်လည်း သင့်၏၊ မသိ၍ မကြားမိလျှင် ညဉ့်သာ ပြတ်၏၊ ဝတ္တဘေဒဒုက္ကဋ် လွတ်၏၊ [ဝိနယသံခိပ်ကျမ်း။]

ရဟန်းတို့၏ အဆင်းကို မြင်ရမှု, ရဟန်းတို့၏ အသံကို ကြားရမှု, ရဟန်းတို့၏ တီးနှက်သော ကရဒက်သံ, ကြေးစည်သံ, ခေါင်းလောင်းသံ စသော အသံကြားမှုတို့နှင့် ပတ်သက်၍ ပရိဝါသမာနတ္တာဒိ ဝိနိစ္ဆယကျမ်း၏ အဆိုကို ဖော်ပြပါအံ့။

အာရောစနခေတ်

ပါဠိတော်, ဋီကာဝါဒ, အာစရိယဝါဒတို့နှင့် နှီးနှော၍ အဋ္ဌကထာ၏ အဓိပ္ပာယ်ကို ပြဦးအံ့။ ပရိဝါသ်ကြားရာခေတ်ကား — အာရာမ်ရှိလျှင် အာရာမ်, အာရာမ်မရှိလျှင် အာရာမ်ထိုက်သော အရပ်သည် “အာရောစနခေတ္တ” ပရိဝါသ် ကြားရာ ခေတ်တည်း။ ထို့ကြောင့် ဝိနယသင်္ဂဟ အဋ္ဌကထာတို့၌ “ပရိက္ခိတ္တ ဝိဟာရဿ ပရိက္ခေပတော, အပရိက္ခိတ္တဝိဟာရဿ ပရိက္ခေပါရဟဋ္ဌာနတော” ဟူ၍ မိန့်အပ်၏၊

အချို့က “ဒွေ လေဋ္ဋုပါတေ အတိက္ကမိတွာ”ဟူ၍ အဋ္ဌကထာ၌ ဆိုခြင်း ကြောင့် ခဲနှစ်ကျအတွင်းမှာ ဝတ်မစောင့်အပ်၊ မိမိတို့၏ အာရာမ်၏ ခဲနှစ်ကျ အတွင်းရှိ ကျောင်းတိုက်က သံဃာများကိုလည်း ကြားရမည်ဟု ဆို၏၊ မသင့်။ ခဲနှစ်ကျဆိုခြင်းမှာ အာရောစနခေတ်ဖြစ်၍ ဆိုသည်မဟုတ်၊ သရဇ္ဈာယ်သံကို ကြားမှာ စိုး၍သာ ဆိုသည်။ ထို့ကြောင့် တေရသကဏ်၌ “ဒွေ လေဋ္ဋုပါတေ အတိက္ကမိတွာတိ ဘိက္ခူနံ သဇ္ဈာယနသဒ္ဒသဝနူပစာရဝိဇဟနတ္ထံ ဝုတ္တံ”ဟု မိန့်အပ်၏၊ ဤ၌ “သဇ္ဈာယနသဒ္ဒသဝနူပစာရဝိဇဟနတ္ထံ”ဟူသော ပါဌ်ဖြင့် အသံအရ - ကရဒက် စသော ဥတုဇသဒ္ဒမဟုတ်ကြောင်း, ရဟန်း၏ ရွတ်ဖတ်သံ ဟူသော စိတ္တဇသဒ္ဒဖြစ်ကြောင်း ထင်ရှား၏၊ အာရာမ်၏ အပြင်ဘက်၌ အဆင်းကို မမြင်, အသံကို မကြားရမူ တဆယ့်နှစ်တောင် အရပ်သည် “အာရောစနခေတ်” မည်၏၊ ထို့ကြောင့် အဋ္ဌကထာတို့၌ “အထ ဒွါဒသဟတ္ထံ ဥပစာရံ ဩက္ကမိတွာ အဇာနန္တေဿဝ ဂစ္ဆတိ ရတ္တိစ္ဆေဒေါ ဟောတိ ယေဝ၊ ဝတ္တဘေဒေါ ပန နတ္ထိ”— ဟူ၍ မိန့်အပ်၏၊

အဆင်းကို မြင်အံ့, မြင်ရာအရပ်၊ အသံကို ကြားအံ့, ကြားရာအရပ်သည် “အာရောစနခေတ်” မည်၏၊ ထို့ကြောင့် အဋ္ဌကထာတို့၌ “သစေ ဧသ တံ ပဿတိ သဒ္ဒံ ဝါဿ သုဏာတိ အာရောစေတဗ္ဗံ၊ အနာရောစေန္တဿ ရတ္တိစ္ဆေဒေါ စ ဝတ္ထဘေဒေါ စ” — ဟူ၍ မိန့်အပ်၏၊

‘ဥတုဇသဒ္ဒ’ကို သံသယ မရှိသင့်

ဤ၌ အသံဟူသည် စိတ္တဇသဒ္ဒကိုသာ ယူအပ်၏၊ ထို့ကြောင့် “သဒ္ဒံ ဝါဿ သုဏာတိ”၌ “အဿ”ဟူသော သမ္ဗန်ကို ပြ၏၊ “အဿ”ဟူသော သမ္ဗန်ဖြင့် ထိုရဟန်းပိုင်သော ထိုရဟန်းမှဖြစ်သော ပျို့အန်သော အသံ, ချောင်းဟန့်သော အသံတို့ကိုသာ ယူအပ်၏၊ ထို့ကြောင့် အဋ္ဌကထာတို့၌ “အယဉ္စ နေသံ ဆဒ္ဒသဒ္ဒံ ဝါ, ဥက္ကာသိတသဒ္ဒံ ဝါ, ခိပိတသဒ္ဒံ ဝါ, သုတွာ အာဂန္တုကဘာဝံ ဇာနာတိ ဂန္တွာ အာရောစေတဗ္ဗံ”—ဟူ၍ မိန့်အပ်၏၊ ဆဒ္ဒသဒ္ဒံ ဝါ = ပျို့အန်သော အသံ ကိုလည်းကောင်း။ ဥက္ကာသိတသဒ္ဒံ ဝါ = ချောင်းဟန့်သော အသံကိုလည်းကောင်း။ ခိပိတသဒ္ဒံ ဝါ = ချေဆတ်သော အသံကိုလည်းကောင်း။ ဟူ၍ အနက် ပေး။

ပုတ်အုပ်စာ, ပေစာတို့၌ ဆတ္တဟု ဒန္တဇ ပထမအက္ခရာ တ္တ ဒွေဘော်နှင့် ရှိကြ၏၊ ရွှေဥမင်နိဿယ၌လည်း ‘ထီးသံကိုလည်းကောင်း’ဟု အနက်ပေး၏၊ ယုတ္တိ မရှိ၊ အဓိပ္ပာယ် မသင့် ဖြစ်သည်။ ထိုစကား မှန်၏၊ အကယ်၍ ထီးကို လိုက ထီးနှင့် ဖိနပ်တွဲလျက် ပါသင့်ခြင်းကြောင့် “ဆတ္တသဒ္ဒံ ဝါ, ဥပါဟနသဒ္ဒံ ဝါ”ဟူ၍ ဥပါဟနသဒ္ဒါနှင့် တွဲ၍ ဆိုသင့်ရာ၏၊ ထိုသို့ဆိုသင့်လျက် ‘ဥပါဟန သဒ္ဒံ ဝါ’ဟု မဆိုသည်ကို ထောက်က “ဆတ္တသဒ္ဒံ ဝါ” မဟုတ်သည်အဖြစ်ကို သန္နိဋ္ဌာန်ကျ မှတ်အပ်၏၊ “ဥက္ကာသိတသဒ္ဒံ ဝါ ခိပိတသဒ္ဒံ ဝါ”ဟူသော စိတ္တဇသဒ္ဒကို မြင်သဖြင့် “ဆဒ္ဒသဒ္ဒံ ဝါ”ဟူသော စကားကို စိတ္တဇသဒ္ဒဟူ၍ သန္နိဋ္ဌာန်ချ မှတ်အပ်၏၊ မှန်၏၊ ထိုအသံတို့သည် “အဿသ, ပဿာသ”တို့ကဲ့သို့ စိတ္တဇတို့ သာတည်း။

အချို့က ကြေးစည်သံ, ခေါင်းလောင်းသံ, ကရဒက်သံကိုပင် သံသယရှိ၍ ဝတ်စောင့်သည့်အခါ၌ ဟိုကျောင်း, သည်ကျောင်းတို့သို့ သွား၍ နံနက်ကြေးစည်, ခေါင်းလောင်း, ကရဒက်တို့ကို ရှင်သာမဏေများကို ထိုးစေပါမည့်အကြောင်းနှင့် လျှောက်ကြကုန်၏၊ ထိုထိုကျောင်းတိုက်တို့က ထိုးပါစေမည်ဟု အကယ်၍ ဝန်ခံစေကာမူ ဝန်ခံသည့်အတိုင်း ရှင်သာမဏေတို့သာ ထိုးမည်, မထိုးမည်ကို လည်း သံသယရှိသင့်၏၊ ထို့ကြောင့် ဥတုဇသဒ္ဒကို သံသယမရှိသင့်ဟူ၍ သန္နိဋ္ဌာန်ချ မှတ်သားအပ်၏၊ “သဇ္ဈာယနသဒ္ဒသဝနူပစာရဝိဇဟနတ္ထံ”ဟူသော ဋီကာစကားကို ထောက်၍လည်း သံသယမရှိသင့်ကြောင်းကို ပြခဲ့ပြီ။

[တစ်နည်းလည်း] — ဤကြေးစည်သံ, ခေါင်းလောင်းသံ, ကရဒက်သံသည် ရဟန်းတီးခေါက်သော အသံဟူ၍ သေချာစွာ မသိနိုင်, မပိုင်းခြားနိုင်ခြင်းကြောင့် သံသယ မရှိသင့်။ ထို့ကြောင့်အဋ္ဌကထာတို့၌ “သမဏော အယန္တိ ဝဝတ္ထာနမေဝ ပမာဏံ”ဟူ၍ မိန့်အပ်၏၊ အယံ = ဤသူသည်။ သမဏော = ရဟန်းတည်း။ ဣတိ = ဤသို့။ ဝဝတ္ထာနမေဝ = ပိုင်းခြားဆုံးဖြတ်နိုင်ခြင်းသည်သာလျှင်။ ပမာဏံ = ပမာဏတည်း။ အချို့က အဝေးကြီး၌ရှိသော လူစု, လူအုပ်ကို မြင်ရာ၌ ဤ လူအုပ်၌ ရဟန်းများပါလေသလောဟူ၍လည်းကောင်း၊ ဤလူအုပ်သည် ရဟန်းများ ဖြစ်လေသလောဟူ၍လည်းကောင်း သံသယဖြစ်တတ်၏၊ “သမဏော အယန္တိ ဝဝတ္ထာနမေဝ ပမာဏံ”ဟူသည်နှင့်အညီ ရဟန်းဟူ၍ သေချာစွာ မသိရသည့်အတွက် သံသယမရှိသင့်ဟူ၍ သန္နိဋ္ဌာန်ချ မှတ်အပ်၏၊ အကယ်၍ ရဟန်းဟု သေသေချာချာ သိအံ့၊ အဝိသယဖြစ်က ဝတ်ပျက်ခြင်းကြောင့် ဒုက္ကဋ်အာပတ်သာ မသင့်သည်၊ ညဉ့်ပြတ်ခြင်းကား ဖြစ်၏၊ ဝိသယဖြစ်က ဝတ်ပျက်ခြင်းလည်း ဖြစ်၏၊ [ဆိုလိုသည်မှာ အဝိသယဖြစ်က (ရဟန်းမှန်း သိငြားသော် လည်း ကြားခြင်းငှာ မစွမ်းနိုင်သော အရာဖြစ်က) ဒုက္ကဋ်အာပတ် လွတ်၏၊ ဝတ်ပျက်ခြင်းကား ဖြစ်၏၊ ညဉ့်လည်း ပြတ်၏၊ဝိသယဖြစ်က (ရဟန်းလည်း သိသည်၊ ကြားခြင်းငှာလည်း စွမ်းနိုင်ပါလျက် မကြားက) ဒုက္ကဋ်အာပတ်လည်း သင့်၏၊ ဝတ်လည်း ပျက်၏၊ ညဉ့်လည်းပြတ်၏ ဟူ၍ ဖြစ်သည်။]

ပရိဝါသမာနတ္တာဒိ ဝိနိစ္ဆယကျမ်း၏အဆို ပြီးပြီ။

ရဟန်းနှင့်မူ၊ အမိုးတူ၊ အိပ်မူ သဟဖြစ်။

အဓိပ္ပာယ်။ ။ အမိုးတစ်ခုလုံး၌ ဝတ်သားချင်းဖြစ်စေ၊ တစ်ပါးသော ရဟန်းနှင့်ဖြစ်စေ ညဉ့်အခါ၌ အတူအိပ်မိသည်ကို သဟဝါသဆိုသည်၊ ထိုညဉ့် ပြတ်၍ရတ္တိစ္ဆေဒ ဖြစ်၏၊

ပကတတ်ကင်းလျက်၊ အရုဏ်တက်၊ ဝတ်ပျက် ဝိပ္ပဝါသ ဖြစ်၏၊

အဓိပ္ပာယ်။ ။ အရုဏ်တက်ဆဲအခါ၌ ၁၂-တောင်အတွင်း ပကတတ် ရဟန်းနှင့် ကင်း၍ အရုဏ်တက်စေခဲ့သော် ဝိပ္ပဝါသ ဖြစ်၏၊ ထိုညဉ့် ပြတ်၏၊ တိုက်အတွင်း၌ပင် အရုဏ်တက်ဆဲအခါ၌ ပကတတ် ရဟန်းနှင့် ၁၂-တောင် မကင်းရ ဟူကြကုန်၏၊ [ဝိနယသံခိပ်ကျမ်း။]

မာနတ်ရတ္တိစ္ဆေဒ လေးပါး

ဦနေဂဏေ၊ ဒေဝသိက၊ သဟဝါသာ၊ ဝိပ္ပဝါ၊ လေးဖြာ မာနတ်၌။

မာနတ်ကျင့်သောအခါ၌ကား - ၁။ ဦနေဂဏေ၊ ၂။ ဒေဝသိကအနာရောစန၊ ၃။ သဟဝါသ၊ ၄။ ဝိပ္ပဝါသ ဟူ၍ ရတ္တိစ္ဆေဒ အကြောင်း ၄-ပါး ရှိ၏၊

ဆောက်တည်၍ ရှေးဦးစွာ ကြားစဉ်အခါ၌ ပကတတ်ရဟန်း ၄-ပါး အောက် မလျော့စေရ၊ လျော့ခဲ့လျှင် ဦနေဂဏေစရတိဟူသော ရတ္တိစ္ဆေဒ ဖြစ်၏၊

ကြားမှုမှာလည်း ပရိဝါသ်သားမှာ ဝတ်ကို မချဘဲ ကျင့်ခဲ့သော် တစ်ကြိမ်ကြားအပ်ပြီးသော ရဟန်းကို တစ်ဖန်ကြားဖွယ်ကိစ္စ မရှိ၊ မာနတ်၌မူကား ကြားအပ်ပြီးသော ရဟန်းကိုပင်သော်လည်း ထပ်မံ၍ နေ့စဉ်ကြားရမည်။ မကြားခဲ့လျှင် ထိုနေ့ ပျက်၏၊ ရတ္တိစ္ဆေဒ ဖြစ်၏၊ နောက် ၂-ပါးကား ရှေးအတိုင်းပင်။

အမှာ။ ။ သုက္ကဝိဿဋ္ဌိ သိက္ခာပုဒ်၌ ညွှန်ပြထားသော “အမှာ”စကားကို လည်း ဖတ်တော်မူကြပါကုန်။

သံဃာဒိသေသ် (ဝုဋ္ဌာနဂါမ်) အာပတ် ကုစားနည်း ပြီးပြီ။