3461ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၁။ ဝိသာခါယ သဟာယိကာနံ ဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

ဇရာဝဂ်

၁။ ဝိသာခါ၏ အဖော်မိန်းမတို့ ဝတ္ထု

ကောနု ဟာသော ကိမာနန္ဒောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဝိသာခါ၏ အဆွေခင်ပွန်းမ ဖြစ်ကုန်သော မိန်းမတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အရက်ခိုးသောက်သော မိန်းမများ

သာဝတ္ထိပြည်၌ ငါးရာသော အမျိုးကောင်းသားတို့သည် “ဤသို့ပြုသည်ရှိသော် ဤမိန်းမတို့သည် မမေ့မလျော့နေခြင်းရှိသည် ဖြစ်ကြကုန်လတ္တံ့”ဟု နှလုံးပြု၍ မိမိ,မိမိ၏ မယားတို့ကို ဝိသာခါအမည်ရှိသော ဒါယိကာမကြီးအား လက်ခံသိမ်းပိုက်စေကြလေကုန်၏။ အပ်နှင်းကြ၏။ ထိုငါးရာသော မိန်းမတို့သည် ဥယျာဉ်သို့လည်းကောင်း ကျောင်းသို့လည်းကောင်း သွားကြကုန်သည်ရှိသော် ဝိသာခါနှင့် အတူတကွသာလျှင် သွားကြကုန်၏၊ ထိုငါးရာသောမိန်းမတို့သည် တစ်ပါးသောအခါ “ခုနစ်ရက်ပတ်လုံး သေသောက်ပွဲသဘင် ဖြစ်လတ္တံ့”ဟု သဘင်အရေး ကြွေးကြော်အပ်သည်ရှိသော် မိမိ၏ လင်ယောက်ျားတို့အလို့ငှာ သေအရက်ကို စီရင်ကြလေကုန်၏။ ထိုယောက်ျားတို့သည် ခုနစ်ရက်ပတ်လုံး သေသောက်သဘင်ကို ကစားကြ၍ ရှစ်ရက်မြောက်သောနေ့၌ သဘင်အမှု ပြီးဆုံးခြင်းကြောင့် ကြင်ရာသက်ထား ချစ်မယားနှင့် ထွက်ခွာကာ ပြန်လာကြလေကုန်၏။

ထိုမိန်းမတို့သည်လည်း “ငါတို့သည် လင်ယောက်ျားတို့၏ မျက်မှောက်၌ သေသောက်ခြင်းငှာ မရကြကုန်။ ကြွင်းကျန်သော သေတို့သည်လည်း ရှိကုန်သေး၏။ ဤသေကို ထိုလင်ယောက်ျားတို့ မသိအောင် သောက်ကြကုန်အံ့”ဟု ကြံ၍ ဝိသာခါ၏ အထံသို့သွားပြီးလျှင် “ရှင်မ ဝိသာခါ- ဥယျာဉ်ကိုကြည့်ရှုခြင်းငှာ အလိုရှိကြပါကုန်၏”ဟု ဆိုလတ်သည်ရှိသော် “အမိတို့- ကောင်းပါပြီ၊ ထိုသို့ဖြစ်မူ ပြုလုပ်ဖွယ်အမှုကိစ္စ ဟူသမျှတို့ကိုပြု၍ ထွက်ကြကုန်လော့”ဟု ဆိုလေသောကြောင့် ဝိသာခါနှင့်အတူတကွ သွားကြ၍ ဖုံးလွှမ်းသော အခြင်းအရာဖြင့် သေကို ဆောင်ယူစေကြလျက် ဥယျာဉ်၌ သေကိုသောက်၍ မေ့လျော့ပြီးလျှင် မူးမူးယစ်ယစ်ဖြစ်၍ သွားလာလှည့်လည်ကြလေကုန်၏။ ဝိသာခါသည်လည်း “ဤမိန်းမတို့သည် မသင့်လျော်သောအမှုကို ပြုအပ်၏၊ ယခုအခါ ရဟန်းဂေါတမ၏ အလုပ်အကျွေး တပည့်မဖြစ်သော ဝိသာခါသည် သေကိုသောက်လျက် လှည့်လည်၏ဟူ၍ တိတ္ထိတို့သည်လည်း ကဲ့ရဲ့ကြကုန်လတ္တံ့”ဟု ကြံပြီးလျှင် ထိုမိန်းမတို့ကို “အမိတို့- အမိတို့သည် မသင့်လျော်သောအမှုကို ပြုဘိ၏။ ငါ့အားလည်း အကျော်အစောမဲ့ကို ဖြစ်စေအပ်၏။ လင်ယောက်ျားတို့သည်လည်း သင်တို့ကို အမျက်ထွက်ကြကုန်လတ္တံ့၊ ယခုအခါ အဘယ်သို့ ပြုကြကုန်အံ့နည်း”ဟု ဆိုလေ၏။ “ရှင်မ ဝိသာခါ- မကျန်းမာသော လူနာအသွင်အပြင်ကို ပြကြကုန်အံ့ (မမာချင်ယောင် ဆောင်ကုန်အံ့)”ဟု ဆိုလတ်သော် “ထိုသို့ဖြစ်မူ မိမိအမှုဖြင့် ထင်ရှားကြကုန်လတ္တံ့”ဟု ဆိုလေ၏။ ထိုမိန်းမတို့သည် အိမ်သို့ရောက်သွားကြလျှင် မကျန်းမာလေဟန် ပြုကြကုန်၏။ ထိုအခါ ထိုမိန်းမတို့၏ လင်ယောက်ျားတို့သည် “ဤမည်သော မိန်းမ, ဤမည်သော မိန်းမတို့သည် အဘယ်မှာနည်း”ဟု မေးလတ်သော် “မကျန်းမာကြကုန်”ဟု ကြားရလျှင် “မချွတ်လျှင် ထိုမိန်းမတို့သည် ကြွင်းကုန်သော သေတို့ကို သောက်သည်ဖြစ်ကုန်လတ္တံ့”ဟု မှတ်သား၍ ထိုမိန်းမတို့ကို ရိုက်နှက်ပုတ်ခတ်သဖြင့် အကျိုးမဲ့ ပျက်စီးခြင်းသို့ ရောက်စေကြလေကုန်၏။

ဘုရားရှေ့ အရက်မူး၍ နတ်ပူးသော မိန်းမများ

ထိုမိန်းမတို့သည် ထိုမှတစ်ပါးသော သေသောက်ပွဲ ကြုံသောအခါ၌လည်း ထို့အတူသာလျှင် သောက်လိုပြန်သောကြောင့် ဝိသာခါသို့ချဉ်းကပ်၍ “ရှင်မဝိသာခါ- အကျွန်ုပ်တို့ကို ဥယျာဉ်သို့ ဆောင်ပါဦးလော့”ဟု ဆိုပြန်သဖြင့် “ရှေး၌လည်း သင်တို့သည် ငါ၏ အကျော်အစောမဲ့ကို ဖြစ်စေအပ်ဖူးပြီ၊ သွားကြလေကုန်၊ သင်တို့ကို ငါမဆောင်တော့အံ့”ဟု ဝိသာခါ ပယ်လိုက်အပ်ကုန်သည်ရှိသော် “ယခုအခါ ဤသို့ မပြုကြပါတော့အံ့”ဟု နှစ်သိမ့်စေပြီးလျှင် တစ်ဖန် ဝိသာခါသို့ချဉ်းကပ်လျက် “ရှင်မ ဝိသာခါ- ဘုရားအား ပူဇော်ခြင်းကို ပြုခြင်းငှာ အလိုရှိကြပါကုန်၏၊ အကျွန်ုပ်တို့ကို ကျောင်းသို့ ဆောင်ပါလော့”ဟု ဆိုကြလေကုန်၏။ “အမိတို့- ယခုအခါ သင့်လျော်ပေ၏၊ သွားကြကုန်လော့၊ ပူဇော်အံ့သော အစီအရင်ကို ပြုကြကုန်လော့”ဟု ဆိုလျှင် ထိုမိန်းမတို့သည် ပန်းတောင်း၌ နံ့သာပန်း စသည်တို့ကို ယူစေ၍ သေဖြင့်ပြည့်သော လက်ဆုပ်ဘူးငယ်တို့ကို လက်တို့ဖြင့်ဆွဲလျက် ကြီးသော အပေါ်ရုံအဝတ်တို့ကို ခြုံပြီးလျှင် ဝိသာခါသို့ချဉ်းကပ်၍ ဝိသာခါနှင့် အတူတကွ ကျောင်းတော်သို့ဝင်သဖြင့် တင့်အပ်လျောက်ပတ်သော အရပ်၌ ထိုင်ကာ လက်ဆုပ်ဘူးငယ်တို့မှ သေကိုသောက်ကြပြီးလျှင် ထိုသေဘူးတို့ကို စွန့်ပစ်၍ တရားသဘင်ဝယ် မြတ်စွာဘုရား၏ ရှေ့တော်၌ နေကြလေကုန်၏။ ဝိသာခါသည် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤမိန်းမတို့အား တရားဟောကြားတော်မူကြပါဘုရား”ဟု လျှောက်လေ၏။ ထိုမိန်းမတို့သည်လည်း ယစ်မူးခြင်းအဟုန်ကြောင့် တုန်လှုပ်သော ကိုယ်ရှိကုန်လျက် “ကခုန်ကြကုန်အံ့, သီဆိုကြကုန်အံ့” ဟူသောစိတ်ကို ဖြစ်စေကြလေကုန်၏။ ထိုအခါ မာရ်နတ်၏ အသင်းအပင်းဖြစ်သော တစ်ယောက်သော နတ်သည် “ဤမိန်းမတို့၏ကိုယ်တို့၌ ပူးဝင်ပြီးလျှင် ရဟန်းဂေါတမ၏ရှေ့၌ ဖောက်ပြန်သော အခြင်းအရာကို ပြဦးအံ့”ဟု ကြံ၍ ထိုမိန်းမတို့၏ကိုယ်တို့၌ ပူးဝင်လေ၏။ ထိုမိန်းမတို့တွင် အချို့သော မိန်းမတို့သည် မြတ်စွာဘုရား၏ ရှေ့တော်၌ လက်ခုပ်တီး၍ ရယ်ရွှင်ကြကုန်၏။ အချို့သောမိန်းမတို့သည် ကခုန်ခြင်းငှာ အားထုတ်ကြလေကုန်၏။

ထိတ်လန့်စေပြီးမှ ဆုံးမခြင်း

မြတ်စွာဘုရားသည် “ဤအမှုကား အဘယ်နည်း”ဟု ဆင်ခြင်တော်မူလတ်သည်ရှိသော် ထိုအကြောင်းကို သိတော်မူလျှင် ယခုအခါ မာရ်နတ်၏ အသင်းအပင်းဖြစ်သော သူတို့အား အခွင့်ကိုရစေခြင်းငှာ မပေးအံ့၊ ဤမျှလောက်သော ကာလပတ်လုံး ပါရမီတို့ကို ဖြည့်ဆည်းဖူးသော ငါသည် မာရ်နတ်၏ အသင်းအပင်းဖြစ်သောသူတို့အား အခွင့်ကိုရစေခြင်းငှာ ဖြည့်ဆည်းပူးအပ်သည်မဟုတ်။ ထို့ကြောင့် ထိုမိန်းမတို့ကို ထိတ်လန့်စေခြင်းငှာ မျက်မှောင်တော်မွေးအောက်မှ ညိုသော ရောင်ခြည်တော်တို့ကို လွှတ်တော်မူလေ၏။ ထိုခဏချင်း မှောင်ကြီးအတိ ဖြစ်လေ၏။ ထိုမိန်းမတို့သည် ထိတ်လန့်ကြကုန်၏။ သေအံ့သောဘေးဖြင့် ကြောက်လန့်ကြကုန်၏။ ထို့ကြောင့် ထိုမိန်းမတို့၏ ဝမ်း၌ရှိသော သေသည် ကုန်ခန်းသွေ့ခြောက် ပျောက်ပျက်လေ၏။ မြတ်စွာဘုရားသည် ထိုင်နေတော်မူရာ ပလ္လင်တော်မှ ကွယ်ပျောက်လျက် မြင်းမိုရ်တောင်၌ ရပ်တော်မူ၍ ဥဏ္ဏလုံမွေရှင်တော် <(b>ဥဏ္ဏ+လောမ- ဥဏ္ဏမည်သော+အမွေး။ မျက်မှောင်တော် နှစ်ခုအကြား နဖူးလယ်၌ လက်ယာရစ်လည်လျက် အထက်သို့ ကော့တက်သော အဖျားရှိသော နူးညံ့ဖြူစင်သော မွေးညင်းဖြစ်သည်။ အရှည်အားဖြင့် တစ်လံခွဲရှိ၏။) မှ ဖြူသောရောင်ခြည်တော်ကို လွှတ်တော်မူပြန်လေ၏။ ထိုခဏ၌သာလျှင် လမင်းတစ်ထောင် တက်လာဘိသကဲ့သို့ ဖြစ်လေ၏။ ထိုအခါ ထိုမိန်းမတို့ကို ခေါ်တော်မူ၍ “ငါဘုရား၏ အထံသို့ လာကြကုန်သော သင်တို့သည် မေ့မေ့လျော့လျော့ ဖြစ်ကုန်လျက် လာခြင်းငှာ မသင့်၊ သင်တို့၏ မေ့လျော့ခြင်းကြောင့်သာလျှင် မာရ်နတ်၏ အပင်းအသင်းဖြစ်သော နတ်သည် အခွင့်ကိုရ၍ သင်တို့သည် ရယ်ရွှင်ခြင်းစသည်တို့ ပြုရာမဟုတ်သောအရပ်၌ ရယ်ခြင်း စသည်တို့ကို ပြုစေဘိ၏။ ယခုအခါ သင်တို့သည် ရာဂအစရှိသော မီးတို့ကို ငြိမ်းစိမ့်သောငှာ အားထုတ်သည်ကို ပြုသင့်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၁၄၆] ကောနု ဟာသော ကိမာနန္ဒော၊ နိစ္စံ ပဇ္ဇလိတေ သတိ။
အန္ဓကာရေန သြနဒ္ဓါ၊ ပဒီပံ န ဂဝေသထ။

နိစ္စံ၊ အမြဲ။ ပဇ္ဇလိတေ၊ ရာဂအစရှိသော တစ်ဆယ့်တစ်ပါးသော မီးတို့ဖြင့် တောက်လောင်ခြင်းသည်။ ဝါ၊ တောက်လောင်သော လူအပေါင်းသည်။ သတိ၊ ဖြစ်လျက်။ ဟာသော၊ ရယ်ရွှင်နေခြင်းသည်။ ကောနု၊ အဘယ်သဘောနည်း။ အာနန္ဒော၊ နှစ်သက်နေခြင်းသည်။ ကိံ၊ အဘယ်သဘောနည်း။ (မပြုသင့်သော သဘောသာ မဟုတ်လော ဟူလို)။ အန္ဓကာရေန၊ အဝိဇ္ဇာမှောင်ကြီးသည်။ သြနဒ္ဓါ၊ မှေးရှက်အပ်ကုန်လျက်။ တုမှေ၊ သင်တို့သည်။ ပဒီပံ၊ ပညာဟူသော ဆီမီးကို။ ကိံ၊ အဘယ့်ကြောင့်။ န ဂဝေသထ၊ မရှာကြ မပြုကြကုန်ဘိသနည်း။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ငါးရာသော မိန်းမသူတို့သည် သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။

အရက် အတ္ထုပ္ပတ္တိ အမြွက်

မြတ်စွာဘုရားသည် ထိုမိန်းမတို့၏ မတုန်မလှုပ်သော အစလသဒ္ဓါ၌ တည်သည့်အဖြစ်ကို သိတော်မူလျှင် မြင်းမိုရ်တောင်ထိပ်မှ သက်ဆင်း၍ ဘုရားနေရာ၌ နေတော်မူလေ၏။ ထိုအခါ ဘုရားရှင်ကို ဝိသာခါသည် “မြတ်စွာဘုရား- ဤသေမည်သည်ကား ယုတ်ညံ့လှပါ၏၊ ဤသို့သဘောရှိသည်မည်သော ဤမိန်းမတို့သည် ရှင်တော်မြတ်ဘုရားကဲ့သို့သော ဘုရားရှင်၏ ရှေ့တော်၌နေလျက် ဣရိယာပုထ်မျှကိုလည်း တည်တံ့စေခြင်းငှာ မတတ်နိုင်ကြကုန်သဖြင့် ထ၍ လက်ခုပ်တီးကာ ရယ်ရွှင်ခြင်း, သီဆိုခြင်း, ကခုန်ခြင်း စသည်တို့ကို အားထုတ်ပြုလုပ်ကြပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည် “ဝိသာခါ ဒါယိကာမ- ဟုတ်မှန်ပေ၏၊ ဤသေမည်သည်ကား ယုတ်ညံ့သော သဘောရှိသည်သာတည်း။ ထိုသေကိုမှီ၍ များစွာသော သတ္တဝါတို့သည် အကျိုးမဲ့ ပျက်စီးခြင်းသို့ ရောက်ဖူးကြလေကုန်ပြီ”ဟု မိန့်တော်မူသဖြင့် “မြတ်စွာဘုရား- ဤသေသည် အဘယ်ကာလ၌ စ၍ဖြစ်ပါသနည်းဘုရား”ဟု မေးလျှောက်သည်ရှိသော် ထိုသေဖြစ်ပုံကို အကျယ်အားဖြင့် ဟောတော်မူခြင်းငှာ လွန်လေပြီးသောအကြောင်းကို ဆောင်တော်မူ၍ တိံသနိပါတ်၌ ဤကုမ္ဘဇာတ်ကို ဟောကြားတော်မူလေ၏။

ဝိသာခါ၏ အဖော်မိန်းမတို့ဝတ္ထု ပြီး၏။