ဒဏ္ဍဝဂ်

၁၁။ သုခသာမဏေဝတ္ထု

ဥဒကဉှိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သုခသာမဏေကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဂန္ဓသူဌေးသည် တစ်သိန်းတန်အစာကို တခမ်းတနား စားခြင်း

လွန်လေပြီးသောအခါ ဗာရာဏသီ သူဌေးကြီးအား ဂန္ဓသတို့သား အမည်ရှိသော သားတစ်ယောက်သည် ရှိသည်ဖြစ်လေ၏။ ဗာရာဏသီမင်းကြီးသည် သတို့သား၏ ဖခင်သူဌေးကြီး ကွယ်လွန်လတ်သည်ရှိသော် ဂန္ဓသတို့သားကို ခေါ်စေ၍ များစွာသော ပူဇော်သက္ကာရဖြင့် ထိုသတို့သားအားလျှင် သူဌေးကြီးအရာကို ပေးလေ၏။ ထိုသတို့သားသည် ထိုနေ့မှစ၍ ဂန္ဓသူဌေးဟု ထင်ရှားခဲ့လေ၏။ ထိုအခါ ဂန္ဓသူဌေး၏ ဘဏ္ဍာစိုးသည် ဥစ္စာထားရာ တိုက်ခန်းတံခါးကို ဖွင့်လှစ်၍ “အရှင်သူဌေး- ဤမျှလောက်သော ဤဥစ္စာသည် သင့်အဘ၏ ဥစ္စာတည်း၊ ဤမျှလောက်သော ဥစ္စာသည် အဘိုး၏ဥစ္စာတည်း”ဟု ထုတ်ဆောင်၍ ပြောပြလေ၏။ ထိုဂန္ဓသူဌေးသည် ဥစ္စာစုကို ကြည့်ရှုပြီးလျှင် “ထိုအဘ,အဘိုးတို့သည် ဤဥစ္စာကို အဘယ့်ကြောင့် ယူ၍ မသွားကြကုန်သနည်း”ဟု ဆိုလေ၏။ “အရှင်သူဌေး- ဥစ္စာကိုယူ၍ သွားကြသောမည်သည် မရှိ၊ မိမိပြုအပ်သော ကုသိုလ်ကံ, အကုသိုလ်ကံကိုသာ ယူ၍ သတ္တဝါတို့ သွားကြရကုန်၏”ဟု ဆိုလျှင် ထိုဂန္ဓသူဌေးသည် အဘ,အဘိုးတို့ကား မလိမ္မာသည်အဖြစ်ကြောင့် ဥစ္စာကို ကောင်းစွာစုဆောင်းပြီးလျှင် စွန့်ပစ်၍ သွားကြလေကုန်၏၊ ငါသည်ကား ထိုဥစ္စာကို ယူ၍သွားပေအံ့”ဟု ကြံစည်လေ၏။ ဤသို့ ကြံစည်ပြီးလျှင် “အလှူကိုမူလည်း လှူအံ့၊ ပူဇော်ခြင်းကိုမူလည်း ပြုအံ့”ဟု မကြံစည်မူ၍ “ဤအလုံးစုံကို စား၍သွားပေအံ့”ဟု ကြံစည်လေသတည်း။ ထိုဂန္ဓသူဌေးသည် တစ်သိန်းသော ဥစ္စာကို စွန့်၍ ဖလ်ဖြင့်ပြီးသော ရေချိုးရုံကို ပြုလုပ်စေ၏။ တစ်သိန်းသော ဥစ္စာကိုပေး၍ နေရာပလ္လင်ကို ပြုစေ၏။ တစ်သိန်းသော ဥစ္စာကိုပေး၍ ဘောဇဉ်စားခွက်ကို ပြုစေ၏။ တစ်သိန်းသော ဥစ္စာကိုသာလျှင်ပေး၍ ဘောဇဉ်စားရာ၌ မဏ္ဍပ်ကို ပြုစေ၏။ တစ်သိန်းသော ဥစ္စာကိုပေး၍ စားခွက် ထည့်စရာအုပ်ကို ပြုစေ၏။ တစ်သိန်းသောဥစ္စာဖြင့်သာလျှင် အိမ်၌ ခြင်္သေ့ခံသော လေသာပြူတင်းကို ကောင်းစွာထား၏။ မိမိ၏ နံနက်စာအလို့ငှါ တစ်ထောင်ပေး၏၊ ညစာအလို့ငှါလည်း တစ်ထောင်ပေး၏။ လပြည့်သောနေ့၌ကား ဘောဇဉ်အလို့ငှါ တစ်သိန်းပေးစေ၏။ ထိုတစ်သိန်းတန် ထမင်းကို သုံးဆောင်အပ်သော နေ့၌ကား တစ်သိန်းသောဥစ္စာကို စွန့်၍ မြို့ကို တန်ဆာဆင်ပြီးလျှင် “ဂန္ဓသူဌေး ထမင်းသုံးဆောင်သော အခြင်းအရာကို လာရောက် ကြည့်ရှုနိုင်ပါသတတ်”ဟု စည်လည်စေလေ၏။

လူများအပေါင်းသည် ညောင်စောင်း အဆင့်ဆင့်ကိုဖွဲ့၍ စည်းဝေးလေ၏။ ထိုဂန္ဓသူဌေးသည်လည်း တစ်သိန်းအဖိုးထိုက်သော ဖန်ရေချိုးရုံဝယ် အဖိုးတစ်သိန်းထိုက်သော ဖန်ပျဉ်ထက်၌နေလျက် တစ်ဆယ့်ခြောက်လုံးသော နံ့သာရေအိုးတို့ဖြင့် ရေချိုးပြီးလျှင် ထိုတစ်သိန်းတန် ခြင်္သေ့ခံသော လေသာပြတင်းကိုလည်း ဖွင့်လှစ်၍ ထိုတစ်သိန်းကုန် ပလ္လင်ထက်၌ နေလေ၏။ ထိုအခါ ဂန္ဓသူဌေး၏ တစ်သိန်းတန် စားခွက်ထည့်စရာအုပ်၌ ထိုတစ်သိန်းတန် ဘောဇဉ်စားခွက်ကို ထည့်ထားပြီးလျှင် တစ်သိန်းအဖိုးထိုက်တန်သော ဘောဇဉ်ကို ခူးခပ်ကြရလေ၏။ ထိုဂန္ဓသူဌေးသည် ကချေသည်အပေါင်း ခြံရံလျက် ဤသို့သဘောရှိသော စည်းစိမ်၏ ပြည့်စုံခြင်းဖြင့် ထိုတစ်သိန်းတန် ဘောဇဉ်ကို သုံးဆောင်လေ၏။

သူဌေးထမင်းစားလို၍ ကျွန်ခံခြင်း

တစ်ပါးသောအခါ တောရွာသားတစ်ယောက်သည် မိမိ၏ ရိက္ခာဆောင်ယူခြင်းအကျိုးငှာ ထင်းစသည်တို့ကို လှည်း၌ ထည့်သွင်းတင်ဆောင်၍ မြို့သို့ရောက်သွားသဖြင့်အဆွေခင်ပွန်း၏အိမ်၌ တည်းခိုနေထိုင်၏။ ထိုအခါ၌ကား လပြည့်နေ့ဖြစ်၏။ ဂန္ဓသူဌေး၏ စားသောက်သုံးဆောင်ခြင်း၏ တင့်တယ်ခြင်းကို ကြည့်ရှုစေသတည်းဟု မြို့၌ စည်လည်စေကြလေကုန်၏။ ထိုအခါ တောရွာသားကို မြို့နေအဆွေခင်ပွန်းသည် “သင်သည် ဂန္ဓသူဌေးစားခြင်း၏ တင့်တယ်ခြင်းကို မြင်ဖူး၏လော”ဟု မေးလေ၏။ “အဆွေ- မမြင်စဖူး”ဟု ဆိုလျှင် “ထိုသို့ဖြစ်မူ လာလှည့်၊ သွားကြကုန်စို့၊ ဂန္ဓသူဌေးသည် မြို့၌ စည်လည်စေ၏။ ကြီးစွာသော စည်းစိမ်ချမ်းသာကို ကြည့်ရှုကြကုန်စို့”ဟု မြို့နေအဆွေခင်ပွန်းသည် ဇနပုဒ်နေတောရွာသား အဆွေခင်ပွန်းကိုခေါ်၍ သွားလေ၏။ လူများအပေါင်းသည်လည်း ညောင်စောင်းအဆင့်ဆင့်တို့သို့ တက်၍ ကြည့်ရှုလေ၏။ တောရွာသားသည် ထမင်းနံ့ကို နံ၍သာလျှင် မြို့နေအဆွေခင်ပွန်းကို “ငါ့အား ထိုထမင်းခွက်၌ရှိသော ထမင်းအစု၌ စားလိုသော အာသာဖြစ်၏”ဟု ဆိုလေ၏။ “အဆွေ- ထိုထမင်းကို မတောင့်တလင့်၊ ရခြင်းငှာ မတတ်ကောင်း”ဟု ဆိုသော် “အဆွေ- မရသည်ရှိသော် အသက်မရှည်တော့အံ့”ဟု ဆိုလေ၏။ မြို့နေအဆွေခင်ပွန်းသည် တောရွာသား အဆွေခင်ပွန်းကို တားမြစ်ခြင်းငှာ မတတ်နိုင်ရကား ပရိသတ်အစွန်၌ ရပ်လျက် “အရှင်သူဌေး- အရှင်သူဌေးအား ဦးညွှတ်ပါ၏”ဟု သုံးကြိမ် သည်းစွာသော အသံကို မြွက်ဆိုသဖြင့် “ဤသူ အဘယ်သူနည်း”ဟု ဆိုအပ်သည်ရှိသော် “အရှင့်သား- အကျွန်ုပ်ပါတည်း”ဟု ဆိုလေ၏။ “ထိုသို့ သည်းစွာသောအသံ မြွက်ဆိုခြင်းကား အကြောင်း အသို့နည်း”ဟု မေးလျှင် “တစ်ယောက်သော ဤတောရွာသားသည် ရှင်သူဌေးမင်းတို့၏ ခွက်၌ရှိသော ထမင်းအစု၌ စားလိုသောအာသာကို ဖြစ်စေပါ၏။ တစ်ခုသော ထမင်းဆုပ်ကို ကယ်မ ပေးသနားစေတော်မူကြပါကုန်လော့”ဟု ဆိုလေ၏။ “ရခြင်းငှာ မတတ်ကောင်း”ဟု ဆိုလတ်သော် “အဆွေ- သင်သည် သူဌေးစကားကို ကြား၏လော”ဟု မေးလေ၏။ “ငါသည် ကြားရပေပြီ၊ ထိုသို့ကြားရသော်လည်း ရလျှင် ငါအသက်ရှည်အံ့၊ မရလျှင် ငါ့အား သေရခြင်းသည် ဖြစ်ပေတော့အံ့”ဟု ဆိုခြင်းကြောင့် တစ်ဖန်လည်း မြို့သားအဆွေခင်ပွန်းသည် “အရှင်သူဌေး- ဤသူသည် မရသည်ရှိသော် သေရပါလိမ့်မည်၊ ထိုသူအား အသက်ကို ပေးတော်မူကြပါကုန်”ဟု ဆိုပြန်လေ၏။ “အိုအချင်း- ထမင်းတစ်ဆုပ်မည်သည်ကား တစ်ရာလည်းထိုက်၏၊ နှစ်ရာလည်းထိုက်၏၊ အကြင်အကြင်သူသည် တောင်း၏။ ထိုထိုသူအား ပေးရသည်ရှိသော် အကျွန်ုပ် အဘယ်ကို စားရပါတော့အံ့နည်း”ဟု ဆိုလျှင် “အရှင်သူဌေး- ဤသူသည် မရချေသည်ရှိသော် သေရရှာလတ္တံ့၊ ထိုသူအား အသက်ကို ပေးတော်မူကြပါကုန်”ဟု ဆိုပြန်လေ၏။ “အချည်းနှီး အဖိုးအခမဲ့ ရခြင်းငှာ မတတ်ကောင်း၊ မရလျှင် အကယ်၍ အသက်မရှည်နိုင်သည်ဖြစ်အံ့၊ ဤအတိုင်းမှန်ခဲ့လျှင် သုံးနှစ်တို့ပတ်လုံး ငါသူဌေး၏ အိမ်၌ အခစားအမှု ပြုလုပ်စေသတည်း။ ဤသို့ ပြုနိုင်လျှင် ထိုသူအား ထမင်းခွက်ကို ပေးစေပေအံ့”ဟု ဆိုလတ်သော် တောရွာသားသည် ထိုသူဌေးစကားကို ကြားရသဖြင့် “အဆွေ- ဤအတိုင်းပင် ဖြစ်ပါစေတော့”ဟု အဆွေခင်ပွန်းကို ပြောဆိုပြီးလျှင် “သားမယားကိုစွန့်၍ ထမင်းခွက်အလို့ငှာ သုံးနှစ်တို့ပတ်လုံး အခစားအမှု ငါပြုလုပ်ပေတော့အံ့”ဟု သူဌေး၏အိမ်သို့ ဝင်လေ၏။ ထိုတောရွာသားသည် အခစားအမှု ပြုလုပ်သည်ရှိသော် အလုံးစုံသောကိစ္စတို့ကို ရိုသေစွာ ပြုလုပ်လေ၏။ အိမ်၌လည်းကောင်း, တော၌လည်းကောင်း, ညဉ့်၌လည်းကောင်း, နေ့၌လည်းကောင်း အလုံးစုံပြုအပ်သော အမှုတို့ကို ပြုလုပ်ခြင်းတို့သည်သာလျှင် ထင်ရှားလေကုန်၏။ ဘတ္တဘတိက (ထမင်းစားကျွန်ခံ) ဟူ၍သာလျှင် တစ်မြို့လုံး၌လည်း ကျော်စောထင်ရှား လေသတည်း။

သုံးနှစ်ကျွန်ခံ၍ ထမင်းခွက်ရခြင်း

ထိုအခါ ဘတ္တဘတိကအား အမှုလုပ်သောနေ့ သုံးနှစ်ပြည့်သည်ရှိသော် ထမင်းစီရင်သော အိုးသူကြီးသည် “အရှင်သူဌေး- ဘတ္တဘတိကအား အမှုလုပ်သောနေ့ သုံးနှစ်ပြည့်ပြီ၊ သုံးနှစ်တို့ပတ်လုံး အခစားအမှုပြုသဖြင့် ထိုဘတ္တဘတိကသည် ပြုနိုင်ခဲသောအမှုကို ပြုအပ်ပေ၏။ တစ်ခုသောအမှုမျှ ပျက်စီးချို့ယွင်းဖူးသောမည်သည်မရှိ”ဟု ဆို၏။ ထိုအခါ အိုးသူကြီးအား သူဌေးသည် မိမိအတွက် ညဉ့်နံနက်စာအလို့ငှာ နှစ်ထောင်တို့ကိုလည်းကောင်း၊ ထိုဘတ္တဘတိကအတွက် နံနက်စာအလို့ငှာတစ်ထောင်လည်းကောင်း ဤသို့လျှင် သုံးထောင်တို့ကို ပေးစေပြီးလျှင် “ယနေ့ ငါ့အားပြုအပ်သော အဆောင်အရွက်ကို ထိုဘတ္တဘတိကအားသာလျှင် ပြုကြကုန်လော့”ဟု ဆိုလေ၏။ ဆိုပြီးသော်လည်း စိန္တာမဏိမည်သော ချစ်မယားတစ်ယောက်ကို ချန်ထား၍ ကြွင်းသော လူအပေါင်းကိုလည်း “ယနေ့ ထိုဘတ္တဘတိကကိုသာလျှင် ခြံရံကြကုန်လော့”ဟု ဆို၍ အလုံးစုံသော စည်းစိမ်ချမ်းသာကို ဆောင်နှင်းလေ၏။ ထိုဘတ္တဘတိကသည် သူဌေး၏ ချိုးရေဖြင့် သူဌေး၏သာလျှင် ရေချိုးရုံဝယ် တစ်သိန်းတန် ပျဉ်ချပ်ထက်၌ နေထိုင်ကာ ရေချိုး၍ ထိုသူဌေး၏ အဝတ်ပုဆိုးတို့ကို ဝတ်ဆင်ပြီးလျှင် သူဌေး၏သာလျှင် တစ်သိန်းတန်ပလ္လင်၌ နေလေ၏။ သူဌေးသည်လည်း မြို့၌ “ဘတ္တဘတိကသည် ဂန္ဓသူဌေးအိမ်၌ သုံးနှစ်တို့ပတ်လုံး အခစားအမှု ပြုလုပ်၍ ထမင်းခွက်ကို ရလေပြီ။ ထိုဘတ္တဘတိက၏ စားသောက်သုံးဆောင်ခြင်း၏ ပြည့်စုံခြင်းကို ကြည့်ရှုကြစေကုန်သတည်း”ဟု စည်လည်စေလေ၏။ များစွာသော လူအပေါင်းသည် ညောင်စောင်းအဆင့်ဆင့်တို့သို့တက်၍ ကြည့်ရှုရ၏။ ကြည့်ရာကြည့်ရာ အရပ်သည် တုန်လှုပ်သော အခြင်းအရာသို့ ရောက်လေ၏။ ကချေသည်တို့သည် ခြံရံ၍ ရပ်တည်ကြလေကုန်၏၊ ဘတ္တဘတိကရှေ့၌ ထမင်းခွက်ကို ခူးခပ်စေ၍ ထားကြလေ၏။

စားခါနီး ပစ္စေကဗုဒ္ဓါ ကြွလာခြင်း

ဘတ္တဘတိက လက်ဆေးသောအခါ ဂန္ဓမာဒနတောင်ဝယ် အရှင်ပစ္စေကဗုဒ္ဓါ တစ်ဆူသည် ခုနစ်ရက်မြောက်သောနေ့တွင် သမာပတ်မှထ၍ “ယနေ့ဘယ်အရပ်သို့ ဆွမ်းခံလှည့်လည်ခြင်းငှာ သွားရအံ့နည်း”ဟု စူးစမ်းဆင်ခြင်လတ်သည်ရှိသော် ဘတ္တဘတိကကို မြင်တော်မူလေ၏။ ထိုအခါ ရှင်ပစ္စေကဗုဒ္ဓါအား “ဤဘတ္တဘတိကကား သုံးနှစ်တို့ပတ်လုံး အခအမှုပြုလုပ်သဖြင့် ထမင်းခွက်ကိုရ၏။ ထိုဘတ္တဘတိကအား သဒ္ဓါတရား ရှိလေသလော, မရှိလေသလော”ဟု စူးစမ်း ဆင်ခြင်ပြန်သည်ရှိသော် “ရှိ၏”ဟူ၍သာလျှင် သိတော်မူသဖြင့် “သဒ္ဓါတရားရှိသောသူ ဖြစ်သော်ငြားလည်း အချို့သောသူတို့သည် ချီးမြှောက် ထောက်ပံ့ခြင်းကို ပြုခြင်းငှာ မတတ်နိုင်ကုန်၊ ငါ့အား ချီးမြှောက်ထောက်ပံ့ခြင်းကိုပြုခြင်းငှာ တတ်နိုင်လတ္တံ့လော”ဟု စူးစမ်းဆင်ခြင်တော်မူပြန်၏။ ထိုအခါ ဘတ္တဘတိကကို “တတ်နိုင်လိမ့်မည်သာလျှင်တည်း၊ ငါ့အားလည်း ချီးမြှောက် ထောက်ပံ့ခြင်းဟူသော အကြောင်းကိုမှီ၍ ကြီးစွာသော စည်းစိမ်ချမ်းသာကို ရပေလတ္တံ့”ဟု သိတော်မူပြီးလျှင် သင်္ကန်းကိုရုံတော်မူ၍ သပိတ်ကိုယူလျက် ကောင်းကင်ခရီးသို့ ပျံတက်သဖြင့် ပရိသတ်အကြားဖြင့် ကြွလာတော်မူပြီးလျှင် ဘတ္တဘတိကရှေ့၌ ရပ်လျက်သာလျှင်ဖြစ်သော ကိုယ်တော်ကို ပြတော်မူလေ၏။ ထိုဘတ္တဘတိကသည် ရှင်ပစ္စေကဗုဒ္ဓါကို မြင်ရလျှင် “ငါကား ရှေး၌ မလှူဖူးသည်၏အဖြစ်ကြောင့် တစ်ခုသော ထမင်းခွက်အကျိုးငှာ သုံးနှစ်တို့ပတ်လုံး သူတစ်ပါးအိမ်၌ အခစားအမှု ပြုလုပ်ရ၏။ ယခုအခါ ငါ့အား ဤထမင်းသည် တစ်ညဉ့်နှင့် တစ်နေ့မျှသာ စောင့်ရှောက်ရာ၏၊ ထိုထမင်းကို အရှင်မြတ်အား အကယ်၍ လှူငြားအံ့၊ များစွာကုန်သော ကမ္ဘာကုဋေ အထောင်တို့ပတ်လုံး စောင့်ရှောက်လတ္တံ့၊ ထို့ကြောင့် ဤအရှင်မြတ်အားသာလျှင် ထိုထမင်းခွက်ကို လှူတော့အံ့”ဟု ကြံမိလေ၏။ ထိုဘတ္တဘတိကသည် သုံးနှစ်တို့ပတ်လုံး အခစားအမှု ပြုလုပ်သဖြင့် ရအပ်သော ထမင်းခွက်မှ တစ်ဆုပ်သော ထမင်းကိုမျှလည်း ခံတွင်း၌ မထည့်မသွင်းမူ၍ စားလိုသောတပ်ခြင်းကို ပယ်ဖျောက်ပြီးလျှင် ကိုယ်တိုင်သာလျှင် ထမင်းခွက်ကိုချီလျက် ရှင်ပစ္စေကဗုဒ္ဓ၏ အထံတော်သို့ သွားသဖြင့် ထမင်းခွက်ကို တစ်ပါးသူ၏လက်၌ပေး၍ ငါးပါးသော တည်ခြင်းဖြင့် ရှိခိုးပြီးလျှင် ထမင်းခွက်ကို လက်ဝဲလက်ဖြင့်ကိုင်လျက် လက်ယာလက်ဖြင့် ရှင်ပစ္စေကဗုဒ္ဓ၏သပိတ်၌ ဆွမ်းကို လောင်းထည့်လေ၏။ ရှင်ပစ္စေကဗုဒ္ဓါသည် ဆွမ်းထက်ဝက် ကြွင်းကျန်သောကာလ သပိတ်ကို လက်တော်ဖြင့် ပိတ်လေ၏။ ထိုအခါ ရှင်ပစ္စေကဗုဒ္ဓါကို “အရှင်မြတ်ဘုရား- တစ်ခုသာလျှင်ဖြစ်သော တစ်ယောက်စာအဖို့ကို နှစ်ဖို့နှစ်ဖြာပြုခြင်းငှာ မတတ်ကောင်းပါဘုရား၊ တပည့်တော်ကို ဤပစ္စုပ္ပန်ဘဝ၌ ချီးမြှောက်တော်မမူပါလင့်၊ တမလွန်ဘဝ၌ ချီးမြှောက်ခြင်းကိုသာလျှင် ပြုတော်မူကြပါဘုရား၊ အကြွင်းမပြုဘဲ အကြွင်းမဲ့ကိုသာလျှင် လှူပါမည်ဘုရား”ဟု လျှောက်ကြားလေ၏။

(မိမိအလို့ငှာ အနည်းငယ်မျှကိုလည်း အကြွင်းမထားမူ၍ လှူသော အကြွင်းမဲ့အလှူမည်သည် အကျိုးကြီးလှ၏။)

လှူဒါန်းပြီး ဆုတောင်း၍ သာဓုခေါ်ကြခြင်း

ထိုဘတ္တဘတိကသည် ထိုအခြင်းအရာဖြင့်ပြုလျက် အလုံးစုံကို လှူဒါန်းပြီးလျှင် တစ်ဖန်ရှိခိုး၍ “အရှင်မြတ်ဘုရား- တစ်ခုသော ထမင်းခွက်ကိုမှီ၍ သုံးနှစ်တို့ပတ်လုံး တပည့်တော်သည် သူတစ်ပါးအိမ်၌ အခစားအမှု ပြုလုပ်ရသဖြင့် ဆင်းရဲကို ခံစားရပါပြီ။ ယခုအခါ ဖြစ်လေရာ, ဖြစ်လေရာဘ၀၌ ချမ်းသာခြင်းသည်သာလျှင် ဖြစ်ပါစေသတည်း။ အရှင်မြတ်ဘုရားတို့ သိတော်မူအပ်သော တရား၏သာလျှင် အဖို့ရှိသည် ဖြစ်ရပါလို၏ဘုရား”ဟုဆုတောင်းပတ္ထနာ လျှောက်ကြားလေ၏။ ရှင်ပစ္စေကဗုဒ္ဓါသည် “ဤသို့ ဆုတောင်းသည့်အတိုင်း ပြည့်စုံစေသတည်း”ဟု မိန့်တော်မူပြီးလျှင် “သင်ဘတ္တဘတိကအား အကြံအစည်တို့သည် အလုံးစုံသောအလိုကို ပေးစွမ်းနိုင်သော စိန္တာမဏိ ပတ္တမြားကျောက်ကဲ့သို့လည်းကောင်း၊ လပြည့်ဝန်းကဲ့သို့လည်းကောင်း ပြည့်စုံစေကုန်သတည်း”ဟု အနုမောဒနာပြုတော်မူလိုရကား-

ဣစ္ဆိတံ ပတ္ထိတံ တုယှံ၊ ခိပ္ပမေဝ သမိဇ္ဈတု။
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ၊ စန္ဒော ပန္နရသော ယထာ။

ဣစ္ဆိတံ ပတ္ထိတံ တုယှံ၊ ခိပ္ပမေဝ သမိဇ္ဈတု။
ဗ္ဗေ ပူရေန္တု သင်္ကပ္ပါ၊ မဏိဇောတိရသော ယထာ။

ဣစ္ဆိတံ၊ အလိုရှိအပ်သော။ ပတ္ထိတံ၊ တောင့်တအပ်သော ဆုမြတ်အပေါင်းသည်။ တုယှံ၊ သင့်အား။ ခိပ္ပမေဝ၊ လျင်စွာသာလျှင်။ သမိဇ္ဈတု၊ ပြည့်စုံစေသတည်း။ စန္ဒောပန္နရသော ယထာ၊ တစ်ဆယ့်ငါးရက် တက်ထွန်းသော လပြည့်ဝန်းကဲ့သို့။ သဗ္ဗေ၊ အလုံးစုံကုန်သော။ သင်္ကပ္ပါ၊ အကြံကောင်းတို့သည်။ ပူရေန္တု၊ ပြည့်စုံစေကုန်သတည်း။

ဣစ္ဆိတံ၊ အလိုရှိအပ်သော။ ပတ္ထိတံ၊ တောင့်တအပ်သော ဆုမြတ်အပေါင်းသည်။ တုယှံ၊ သင့်အား။ ခိပ္ပမေဝ၊ လျင်စွာသာလျှင်။ သမိဇ္ဈတု၊ ပြည့်စုံစေသတည်း။ မဏိဇောတိရသော ယထာ၊ ခပ်သိမ်းသောအလိုကို ပြီးစေနိုင်သော မဏိဇောတိရသ အမည်ရှိသော ပတ္တမြားကျောက်ကဲ့သို့။ သဗ္ဗေ၊ အလုံးစုံကုန်သော။ သင်္ကပ္ပါ၊ အကြံကောင်းတို့သည်။ ပူရေန္တု၊ ပြည့်စုံစေကုန်သတည်း။

ဤသို့ မိန့်ဆို ဆုပေးတော်မူပြီးလျှင် “ဤလူအပေါင်းသည် ဂန္ဓမာဒနတောင်သို့ ကြွရောက်သည်တိုင်အောင် ငါ့ကိုမြင်လျက် တည်ရစ်စေသတည်း”ဟု ဓိဋ္ဌာန်တော်မူ၍ ကောင်းကင်ခရီးဖြင့် ဂန္ဓမာဒနတောင်သို့ ကြွသွားတော်မူလေ၏။ လူများအပေါင်းသည်လည်း ထိုရှင်ပစ္စေကဗုဒ္ဓါကို ဖူးမြင်လျက်သာလျှင် တည်ရစ်လေ၏။ ထိုရှင်ပစ္စေကဗုဒ္ဓါသည် ဂန္ဓမာဒနတောင်သို့ ကြွသွားတော်မူ၍ ထိုဆွမ်းကို ငါးရာသော ပစ္စေကဗုဒ္ဓါတို့အား ဝေဖန်၍ ပေးလှူလေ၏။ အလုံးစုံသော အရှင်ပစ္စေကဗုဒ္ဓါတို့သည် မိမိအား မျှတလောက်ရုံ ခံယူကြကုန်၏။

များစွာသော လူအပေါင်းသည် အရှင်ပစ္စေကဗုဒ္ဓါတို့၏ ဆွမ်းကို ဝေဖန်၍ လှူသည်ကို မြင်ရလျှင် ကောင်းချီးအထောင်တို့ကို ဖြစ်စေလေ၏။ မိုးကြိုးကျသဖြင့် ဖြစ်သော အသံကဲ့သို့ ဖြစ်လေ၏။

ဂန္ဓသူဌေး ဝမ်းမြောက်၍ စည်းစိမ်ထက်ဝက်ပေးခြင်း

ထိုကောင်းချီးပေးသောအသံကို ကြားရလျှင် ဂန္ဓသူဌေးသည် “ဘတ္တဘတိကကား ငါပေးသော စည်းစိမ်ကို ဆောင်ခြင်းငှာ မတတ်နိုင်ရှာလေ။ ထို့ကြောင့် ဤလူများအပေါင်းသည် ပြက်ရယ်မှုကိုပြုလျက် စည်းဝေးကာ အော်ဟစ်ကြယောင်တကား”ဟု ကြံစည်မိလေ၏။ ထိုဂန္ဓသူဌေးသည် အကြောင်းကို သိခြင်းငှာ လူတို့ကို စေလွှတ်လေ၏။ ထိုစေလွှတ်သောလူတို့ လာလတ်၍ “အရှင်သူဌေးမင်း- စည်းစိမ်ချမ်းသာကို ဆောင်ကုန်သောသူတို့မည်သည်ကား ဤသို့ သဘောရှိကြသည်သာလျှင် ဖြစ်ကြပါစေသတည်း”ဟု ဆို၍ ထိုအကြောင်းကို ပြောကြားကြလေကုန်၏။ ဂန္ဓသူဌေးသည် ထိုအကြောင်းကို ကြားရလျှင် ကြားရချင်း ငါးပါးအပြားရှိသော နှစ်သက်ခြင်းပီတိဖြင့် နှံ့ထိသောကိုယ်ရှိသည်ဖြစ်၍ “အံ့ဖွယ်ရှိပေစွ၊ ထိုဘတ္တဘတိကသည် ပြုနိုင်ခဲသောအမှုကို ပြုပေ၏။ ငါကား ဤမျှလောက်သော ကာလပတ်လုံး ဤသို့သဘောရှိသော စည်းစိမ်ချမ်းသာ ပြည့်စုံခြင်း၌တည်လျက် တစ်စုံတစ်ခုကို ပေးလှူခြင်းငှာ မတတ်နိုင်”ဟု ထိုဘတ္တဘတိကကို ခေါ်စေသဖြင့် “သင်သည် ဤမည်သောအမှုကိုပြု၏ဟု ငါကြားရသည်၊ မှန်သလော”ဟု မေးလျှင် “အရှင်သူဌေးကြီး- မှန်လှပါ၏”ဟု ဆိုသည်ရှိသော် “ယခု အသပြာတစ်ထောင်ယူ၍ သင့်အလှူအဖို့၌ ငါ့အားလည်း အဖို့အမျှ ပေးဝေဦးလော့”ဟု ဆိုလေ၏။ ဘတ္တဘတိကလည်း သူဌေးဆိုတိုင်းပြုလေ၏။ သူဌေးသည်လည်း ဘတ္တဘတိကအား အလုံးစုံသော မိမိဥစ္စာကို အလယ်၌ ထက်ဝက်ခွဲ၍ပေးလေ၏။

သမ္ပဒါလေးပါးနှင့် သူဌေးကြီးဖြစ်ခြင်း

ပြည့်စုံခြင်းမည်သည်ကား လေးပါးအပြား ရှိကုန်၏။

၁။ ဝတ္ထု၏ ပြည့်စုံခြင်း

၂။ ပစ္စည်း၏ ပြည့်စုံခြင်း

၃။ စေတနာ၏ ပြည့်စုံခြင်း

၄။ ဂုဏ်လွန်ကဲခြင်း၏ ပြည့်စုံခြင်း

ဤလေးပါးတို့တည်း။

ထိုလေးပါးတို့တွင် နိရောဓသမာပတ်မှ ထကာမျှဖြစ်သော ရဟန္တာသည်လည်းကောင်း၊ အနာဂါမ်ပုဂ္ဂိုလ်သည်လည်းကောင်း ဝတ္ထု၏ပြည့်စုံခြင်းမည်၏။ ပစ္စည်းတို့၏ တရားနှင့်အညီ ဖြစ်ပေါ်ခြင်းသည် ပစ္စည်း၏ပြည့်စုံခြင်းမည်၏။ လှူသည်မှ ရှေး၌လည်းကောင်း, လှူဆဲကာလ၌လည်းကောင်း, လှူပြီးသည်မှ နောက်အဖို့၌လည်းကောင်း ဤသို့ သုံးပါးသောကာလတို့၌ စေတနာ၏ ဝမ်းမြောက်ဝမ်းသာ ဉာဏ်နှင့်ယှဉ်သော သောမနဿ သဟဂုတ် ဉာဏသမ္ပယုတ်အဖြစ်သည် စေတနာ၏ ပြည့်စုံခြင်းမည်၏။ အလှူခံပုဂ္ဂိုလ် သမာပတ်မှ ထသောအဖြစ်သည် ဂုဏ်လွန်ကဲခြင်း၏ ပြည့်စုံခြင်း မည်၏။

ဤဘတ္တဘတိကအားလည်း အာသဝေါကုန်ပြီးသော ရှင်ပစ္စေကဗုဒ္ဓါသည် မြတ်သော အလှူခံပုဂ္ဂိုလ်ဖြစ်၏။ အခစားအမှုပြုလုပ်၍ ရအပ်သောပစ္စည်းအဖြစ်ဖြင့် ပစ္စည်းသည် တရားသဖြင့်ဖြစ်၏။ သုံးပါးသောကာလတို့၌ စေတနာ၏ဖြူစင်ခြင်းသည် စေတနာ၏ပြည့်စုံခြင်းဖြစ်၏။ သမာပတ်မှ ထကာမျှဖြစ်သော အရှင်ပစ္စေကဗုဒ္ဓါသည် ဂုဏ်လွန်ကဲ၏။ ဤသို့ လေးပါးကုန်သော ပြည့်စုံခြင်းတို့သည်လည်း ပြည့်ပြည့်စုံစုံ ဖြစ်လေ၏။ ထိုပြည့်စုံခြင်းတို့၏ အာနုဘော်အားဖြင့် မျက်မှောက်ဖြစ်သော ကိုယ်အဖြစ်၌ ကြီးစွာသော စည်းစိမ်ချမ်းသာသို့ ရောက်လေ၏။ ထို့ကြောင့် ထိုဘတ္တဘတိကသည် ဂန္ဓသူဌေးအထံမှ စည်းစိမ်ချမ်းသာကို ရပေ၏။

နောက်အဖို့၌ကား ပြည့်ရှင်မင်းကြီးသည် ဘတ္တဘတိကပြုအပ်သော အမှုကို ကြားသိတော်မူရလျှင် ဘတ္တဘတိကကို ခေါ်စေသဖြင့် အသပြာ တစ်ထောင်ပေး၍ အလှူအဖို့ကိုယူလျက် နှစ်သက်သောစိတ်ရှိသည်ဖြစ်၍ ကြီးစွာသော စည်းစိမ်ချမ်းသာကို ချီးမြှင့်မစပြီးလျှင် သူဌေးအရာကို ပေးလေ၏။ ဘတ္တဘတိကသူဌေးကြီးဟူ၍ ထိုသူအား အမည်ကို မှည့်ကြလေကုန်၏။

ယခုဘုရားလက်ထက် သုခသတို့သား ဖြစ်လာခြင်း

ထိုဘတ္တဘတိကသူဌေးသည် ဂန္ဓသူဌေးနှင့်အတူတကွ အဆွေခင်ပွန်းဖြစ်၍ အတူတကွသာလျှင် စားလျက် သောက်လျက် အသက်အတိုင်းတည်၍ ထိုကိုယ်၏အဖြစ်မှ စုတေမနေ သေလွန်သည်ရှိသော် နတ်ပြည်၌ဖြစ်သဖြင့် နှစ်ဆူသော ဘုရားရှင်တို့၏ တစ်ခုသောအကြား ကာလပတ်လုံး နတ်စည်းစိမ်ချမ်းသာကို အစဉ်ခံစားပြီးလျှင် ဤဂေါတမမြတ်စွာဘုရား ထင်ရှားပွင့်တော်မူသောအခါ ကာလ၌ သာဝတ္ထိပြည်ဝယ် ရှင်သာရိပုတြာမထေရ်၏ အလုပ်အကျွေး ဒါယကာအိမ်၌ ပဋိသန္ဓေ တည်နေစွဲယူလေ၏။ ထိုအခါ ဘတ္တဘတိကသူဌေးဖြစ်ဖူးသော သတို့သား၏ မိခင်သည် ရအပ်သော ကိုယ်ဝန်အစောင့်အရှောက် ရှိသည်ဖြစ်၍ နှစ်ရက်,သုံးရက်လွန်သောအခါ “ငါသည် ငါးရာသော ရဟန်းတို့နှင့်တကွ ရှင်သာရိပုတြာမထေရ်အား အရာမက များသော အရသာရှိသော ဘောဇဉ်ကိုလှူ၍ ဖန်ရည်စွန်းသော အဝတ်ကို ဝတ်ဆင်လျက် ရွှေခွက်ကိုယူပြီးလျှင် နေရာအစွန်၌ ထိုင်နေသဖြင့် ထိုရဟန်းတို့၏ စားကြွင်းကို စားရမူကား ကောင်းလေစွ”ဟု ချင်ခြင်းဖြစ်သောကြောင့် ထိုအတိုင်းသာလျှင် ပြုသဖြင့် ချင်ခြင်းကို ပယ်ဖျောက်လေ၏။ ထိုမိခင်သည် ကြွင်းသောမင်္ဂလာတို့၌လည်း ထိုသို့သဘောရှိသည်သာလျှင်ဖြစ်သော အလှူကိုပေးလှူ၍ သားကိုဖွားမြင်ပြီးလျှင် အမည်မှည့်အံ့သောနေ့၌ “အရှင်ဘုရား- တပည့်တော်မ၏သားအား သိက္ခာပုဒ်တို့ကို ပေးသနားတော်မူကြပါဘုရား”ဟု မထေရ်ကို လျှောက်လေ၏။ မထေရ်သည် “ထိုသတို့သား၏ အမည်ကား အဘယ်နည်း”ဟု မေးလေ၏။ “အရှင်ဘုရား တပည့်တော်မ၏သား ပဋိသန္ဓေ တည်နေစွဲယူသည်မှစ၍ ဤအိမ်၌ တစ်စုံတစ်ယောက်သောသူအား ဆင်းရဲခြင်းမည်သည် မဖြစ်စဖူးပါဘုရား၊ ထို့ကြောင့်သာလျှင် ထိုသတို့သားအား “သုခကုမာရ”ဟူသော အမည်သည် ဖြစ်လတ္တံ့ဘုရား”ဟု လျှောက်သည်ရှိသော် ထိုသတို့သားအား ထိုသုခကုမာရ ဟူသောအမည်ကိုသာယူ၍ သိက္ခာပုဒ်တို့ကို ပေးလေ၏။ ထိုအခါ သတို့သား၏မိခင်သည် “ငါသည် ငါ့သား၏အလိုကို မဖျက်အံ့”ဟု စိတ်ကို ဖြစ်စေလေ၏။ ထိုမိခင်သည် သတို့သား၏ နားထွင်းမင်္ဂလာ စသည်တို့၌လည်း ထို့အတူ အလှူကို ပေးလှူလေ၏။

ဘတ္တာတိကတစ်ဖြစ်လဲ မောင်သုခ ရှင်ပြုခြင်း

သတို့သားသည်လည်း ခုနစ်နှစ်မြောက် အရွယ်ရောက်သောကာလ “မိခင်- ကျွန်တော်သည် ရှင်သာရိပုတြာမထေရ်၏ အထံတော်၌ ရှင်သာမဏေပြုခြင်းငှာ အလိုရှိပါသည်”ဟု ပြောဆိုလေ၏။ မိခင်သည် “ချစ်သား- ကောင်းပြီ၊ ငါသည် သင့်အလိုကို မဖျက်ဆီးအံ့”ဟု ဆို၍ ရှင်သာရိပုတြာမထေရ်ကို ပင့်ဖိတ်သဖြင့် ဆွမ်းကျွေးပြီးလျှင် “အရှင်ဘုရား တပည့်တော်မ၏သားသည် ရှင်သာမဏေပြုခြင်းငှာ အလိုရှိပါသည်၊ တပည့်တော်မသည် ဤသတို့သားကို ညချမ်းသောအခါ ကျောင်းတော်သို့ ဆောင်ပို့ပါမည်ဘုရား”ဟု ရှင်သာရိပုတြာမထေရ်ကို လွှတ်လိုက်၍ အဆွေအမျိုးတို့ကို စည်းဝေးစေပြီးလျှင် “ငါ့သားအား လူဖြစ်သောကာလ ပြုအပ်သောကိစ္စကို ယနေ့ပင်လျှင် ပြုပေတော့အံ့”ဟု ဆို၍ သားကို တန်ဆာဆင်လျက် ကြီးစွာသော အသရေတင့်တယ်ခြင်းအစုဖြင့် ကျောင်းတော်သို့ ဆောင်ပို့၍ ရှင်သာရိပုတြာမထေရ်အား အပ်နှင်းလေ၏။ ရှင်သာရိပုတြာမထေရ်သည်လည်း ထိုသတို့သားကို “ချစ်သား- ရှင်သာမဏေအဖြစ် မည်သည်ကား ပြုနိုင်ခဲ၏။ အလွန်မွေ့လျော်ခြင်းငှာ တတ်နိုင်ကောင်းအံ့လော”ဟု မိန့်တော်မူသောကြောင့် “အရှင်ဘုရား- အရှင်ဘုရားတို့၏ အဆုံးအမကို လိုက်နာ ပြုပါမည်ဘုရား”ဟု ဆိုသည်ရှိသော် ကမ္မဋ္ဌာန်းကိုပေး၍ ရှင်သာမဏေ ပြုပေးလေ၏။ မိခင်ဖခင်တို့သည်လည်း ထိုသတို့သား၏ ရှင်သာမဏေပြုခြင်းအားဖြင့် ပူဇော်သက္ကာရအမှု ပြုလိုသည်ဖြစ်၍ ကျောင်းတွင်း၌သာလျှင် ခုနစ်ရက်ပတ်လုံး ဘုရားအမှူးရှိသော ရဟန်းသံဃာအပေါင်းအား အရာမက များသော အရသာရှိသော ဘောဇဉ်ကို လှူဒါန်း၍ ညချမ်းသောအခါ မိမိအိမ်သို့ ပြန်သွားကြလေကုန်၏။ ရှစ်ရက်မြောက်သောနေ့၌ ရှင်သာရိပုတြာမထေရ်သည် ရဟန်းသံဃာအပေါင်း ရွာသို့ကြွဝင်သည်ရှိသော် ကျောင်း၌ပြုအပ်သော ကိစ္စကိုပြု၍ သာမဏေကို သပိတ်သင်္ကန်းကို ယူစေလျက် ရွာသို့ ဆွမ်းအလို့ငှာ ဝင်တော်မူလေ၏။ သာမဏေသည် လမ်းခရီးအကြား၌ ရေမြောင်း စသည်တို့ကိုမြင်ရ၍ ပဏ္ဍိတသာမဏေကဲ့သို့ မေးလေ၏။ ရှင်သာရိပုတြာမထေရ်သည်လည်း ထိုသုခသာမဏေအား ပဏ္ဍိတသာမဏေ အတူသာလျှင် ဖြေကြားတော်မူလေ၏။

ကိုရင်သုခ အောက်ဖိုလ်သုံးပါး ရခြင်း

သုခ သာမဏေသည် ထိုအကြောင်းတို့ကို ကြားရလျှင် “အရှင်ဘုရားတို့သည် မိမိ၏ သပိတ်သင်္ကန်းကို အကယ်၍ ယူကြပါကုန်သည်ဖြစ်အံ့၊ တပည့်တော် ပြန်လည်ချင်ပါသည်ဘုရား”ဟု ဆိုသောကြောင့် ရှင်သာရိပုတြာ မထေရ်သည် ထိုသုခသာမဏေ၏ အလိုကို မဖျက်မူ၍ “သာမဏေ- ငါ၏ သပိတ်သင်္ကန်းကို ပေးလော့”ဟု ဆို၍ သပိတ်သင်္ကန်းကို ယူအပ်သည်ရှိသော် ရှင်သာရိပုတြာ မထေရ်ကို ရှိခိုး၍ပြန်စဉ် “အရှင်ဘုရား- တပည့်တော်အလို့ငှာ အာဟာရကို ဆောင်ယူလာခဲ့သည်ရှိသော် အရာမက များသော အရသာရှိသော ဘောဇဉ်ကို ဆောင်ယူတော်မူခဲ့ကြပါဘုရား”ဟု လျှောက်လေ၏။ “အဘယ်အရပ်မှ ထိုဘောဇဉ်ကို ရနိုင်ပါအံ့နည်း”ဟု ဆိုလတ်သော် “ကိုယ်တော်မြတ်၏ ကောင်းမှုကံကြောင့် မရနိုင်လျှင် တပည့်တော်၏ ကောင်းမှုကံကြောင့် ရတော်မူကြပါလိမ့်မည် အရှင်ဘုရား”ဟု လျှောက်လေ၏။ ထိုအခါ သုခသာမဏေအား ရှင်သာရိပုတြာမထေရ်သည် သံကောက် သော့ကိုပေး၍ ရွာသို့ ဆွမ်းအလို့ငှာ ကြွဝင်တော်မူလေ၏။ သုခသာမဏေသည်လည်း ကျောင်းတော်သို့ လာလတ်၍ မထေရ်၏ တိုက်ခန်းကိုဖွင့်သဖြင့် ဝင်ပြီးမှ တံခါးကိုပိတ်၍ မိမိကိုယ်၌ ဉာဏ်ကိုချလျက် ထိုင်နေလေ၏။ ထိုသုခသာမဏေ၏ ဂုဏ်ကျေးဇူး အာနုဘော်ကြောင့် သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ ကျောက်နေရာသည် ပူလောင်သော အခြင်းအရာကို ပြလေ၏။ သိကြားမင်းသည် “ဤအကြောင်းကား အဘယ်နည်း”ဟု ကြည့်ရှုသည်ရှိသော် သာမဏေကိုမြင်ရလျှင် “သုခသာမဏေသည် ဥပဇ္ဈယ်အား သပိတ်သင်္ကန်းကိုပေး၍ ရဟန်းတရားကို အားထုတ်အံ့ဟု ပြန်လည်ဘိ၏၊ ငါကား ထိုအရပ်သို့သွားခြင်းငှာ သင့်၏”ဟု ကြံ၍ စတုမဟာရာဇ် နတ်မင်းကြီး လေးယောက်တို့ကိုခေါ်စေပြီးလျှင် “အချင်းတို့- သွားကြကုန်လော့၊ ဇေတဝန် ကျောင်းတော်၏ အနီးဖြစ်သော တော၌ မကောင်းသော အသံရှိသော ငှက်တို့ကို ပြေးစေကြကုန်လော့”ဟု ဆို၍ လွှတ်လိုက်လေ၏။ ထိုနတ်မင်းကြီး လေးယောက်တို့သည် သိကြားမင်းဆိုတိုင်းပြု၍ ထက်ဝန်းကျင်မှ အစောင့်အရှောက်ကို ယူကြလေကုန်၏။ လနတ်သား နေနတ်သားတို့ကို “မိမိဗိမာန်တို့ကို ဆွဲငင်၍ ရပ်တည်နေကြကုန်ဦးလော့”ဟု အမိန့်ပေးလိုက်လေ၏။ ထိုလနတ်သား နေနတ်သားတို့သည်လည်း ထိုသိကြားမင်းဆိုတိုင်း ပြုကြလေကုန်၏။ မိမိကိုယ်တိုင်လည်း တံခါးသံကောက်ကြိုးကို ဆွဲငင်ရာအရပ်၌ အစောင့်အရှောက်ကို ယူလေ၏၊ ကျောင်းတိုက်ကြီးသည် ငြိမ်သက်လျက် အသံဆိတ်လေ၏။ သာမဏေသည် တည်ကြည်သောစိတ်ဖြင့် ဝိပဿနာကို ပွားစေပြီးလျှင် သုံးပါးကုန်သော မဂ်ဖိုလ်တို့သို့ ရောက်တော်မူလေ၏။

ကိုရင်သုခ ရဟန္တာဖြစ်ခြင်း

ရှင်သာရိပုတြာမထေရ်သည်လည်း “သုခသာမဏေသည် အရာမက များသော အရသာရှိသော ဘောဇဉ်ကို ဆောင်ယူတော်မူခဲ့ကြပါဟု ဆိုလိုက်၏။ အဘယ်သူ၏အိမ်၌ ရခြင်းငှာ တတ်ကောင်းအံ့နည်း”ဟု ကြည့်ရှုလတ်သည်ရှိသော် တောင့်တသော အလိုနှင့်ပြည့်စုံသော တစ်ယောက်သော အလုပ်အကျွေး အမျိုးသားကိုမြင်တော်မူ၍ ထိုအိမ်သို့ ကြွသွားတော်မူသဖြင့် “အရှင်ဘုရား- ယနေ့ ဤအိမ်သို့ ကြွလာကြကုန်သော အရှင်ဘုရားတို့သည် ကောင်းသောအမှုကို ပြုအပ်ပေ၏”ဟု ထိုဒါယကာတို့က နှစ်သက်သောစိတ်တို့ဖြင့် သပိတ်ကိုယူ၍ ထိုင်နေစေပြီးလျှင် ယာဂုခဲဖွယ်ကို လှူဒါန်းသဖြင့် ဆွမ်းဘုဉ်းပေးသော ကာလတိုင်အောင် တရားစကားကို ဟောကြားပါမည့်အကြောင်းနှင့် တောင်းပန်သောကြောင့် ရှင်သာရိပုတြာမထေရ်သည် ထိုဒါယကာတို့အား အသက်ထက်ဆုံး အောက်မေ့အပ်သော တရားစကားကို ဟောကြားတော်မူ၍ အခါကာလကို မှတ်သားသဖြင့် ဒေသနာတော်ကို ပြီးဆုံးစေတော်မူလေ၏။ ထိုအခါ ရှင်သာရိပုတြာမထေရ်အား အရာမက များသော အရသာရှိသော ဘောဇဉ်ကို လှူဒါန်းသဖြင့် ထိုဆွမ်းကို ယူ၍သွားခြင်းငှာအလိုရှိသော ရှင်သာရိပုတြာမထေရ်ကို မြင်ရလျှင် “အရှင်ဘုရား- ဘုဉ်းပေးတော်မူကြပါဘုရား၊ တစ်ပါးသော ဘောဇဉ်ကိုလည်း လှူပါကုန်အံ့ဘုရား”ဟု လျှောက်ထား၍ ရှင်သာရိပုတြာမထေရ်ကို ဆွမ်းလုပ်ကျွေးပြီးလျှင် တစ်ဖန် သပိတ်ပြည့်အောင် လှူဒါန်းကြလေကုန်၏။ မထေရ်သည် ထိုဆွမ်းကိုယူလျက် “သာမဏေ မွတ်သိပ်ဆာလောင်ချိန်တန်ပြီ”ဟု အဆောတလျင် ကျောင်းသို့ ပြန်ကြွသွားတော်မူလေ၏။ ထိုနေ့၌ မြတ်စွာဘုရားသည် နံနက်စောစောကပင်လျှင် ထွက်၍ ဂန္ဓကုဋိတိုက်၌နေလျက် ဤသို့ ဆင်ခြင်တော်မူလေ၏။ “ယနေ့ သုခသာမဏေသည် ဥပဇ္ဈာယ်ဆရာအား သပိတ်သင်္ကန်းကိုပေး၍ ရဟန်းတရားကို အားထုတ်အံ့ဟု ပြန်လည်ခဲ့လေ၏။ ထိုသာမဏေအား ရဟန်းကိစ္စသည် ပြီးစီးအံ့လော”ဟု ဆင်ခြင်လတ်သော် သာမဏေသည် သုံးပါးသော မဂ်ဖိုလ်တို့သို့ ရောက်သောအဖြစ်ကိုမြင်ရ၍ အလွန်လည်း စူးစမ်းဆင်ခြင်ပြန်သည်ရှိသော် “ဤသာမဏေသည် ယနေ့ အရဟတ္တဖိုလ်သို့ ရောက်အံ့သောငှာ တတ်နိုင်လတ္တံ့၊ သာရိပုတြာသည်ကား သာမဏေ မွတ်သိပ်ချိန်တန်ပြီဟု လျင်မြန်စွာ ဆွမ်းကိုယူ၍ ထွက်လာခဲ့၏၊ ဤသာမဏေသည် အရဟတ္တဖိုလ်သို့မရောက်မီ ဆွမ်းကို အကယ်၍ ဆောင်လာသည်ဖြစ်အံ့၊ သာမဏေအား အန္တရာယ်ဖြစ်လတ္တံ့၊ ငါဘုရား ကြွတော်မူ၍ တံခါးမုခ်ဦး၌ အစောင့်အရှောက်ယူခြင်းငှာ သင့်၏”ဟု ကြံတော်မူ၍ ဂန္ဓကုဋိတိုက်မှ ထွက်ခဲ့ပြီးလျှင် တံခါးမုခ်ဦး၌ ရပ်တည်လျက် အစောင့်အရှောက်ကို ယူတော်မူလေ၏။ ရှင်သာရိပုတြာမထေရ်သည်လည်း ဆွမ်းကို ဆောင်ယူလာ၏။ ထိုအခါ ရှင်သာရိပုတြာကို အောက်၌ ဆိုအပ်ခဲ့ပြီးသော နည်းအားဖြင့်သာလျှင် ပြဿနာလေးပါးကို မေးတော်မူ၏။ ပြဿနာဖြေဆိုခြင်း၏အဆုံး၌ သာမဏေသည် အရဟတ္တဖိုလ်သို့ ရောက်တော်မူလေ၏။

နေလွဲမှ ဆွမ်းစားသည်ဟု ကဲ့ရဲ့ကြခြင်း

မြတ်စွာဘုရားသည် အရှင်သာရိပုတြာမထေရ်ကို ခေါ်တော်မူ၍ “သာရိပုတြာ- သွားချေလော့၊ သင်သည် သာမဏေအား ဆွမ်းကိုပေးချေလော့”ဟု မိန့်တော်မူလေ၏။ မထေရ်သည် ကြွလာတော်မူ၍ တံခါးကိုခေါက်လေ၏။ သာမဏေသည်လည်း ထွက်၍ ဆရာဥပဇ္ဈာယ်အား ဝတ်ကြီးဝတ်ငယ်ကိုပြုသဖြင့် “ဆွမ်းစားခြင်းကိစ္စကို ပြု ချေလော့”ဟု ဆိုအပ်သည်ရှိသော် ရှင်သာရိပုတြာမထေရ်မြတ်အား ဆွမ်းဖြင့်အလိုမရှိသော အဖြစ်ကိုသိရ၍ ခုနစ်နှစ်အရွယ်ရှိသော သတို့သားသည် ထိုခဏ၌ပင်လျှင် အရဟတ္တဖိုလ်သို့ရောက်လျက် ငြိမ်းအေးရာ နိဗ္ဗာန်အရပ်ကို ဆင်ခြင်သုံးသပ်တော်မူလျက် ဆွမ်းစားခြင်းကိစ္စကို ပြုတော်မူပြီးလျှင် သပိတ်ကို ဆေးကြောလေ၏။ ထိုကာလ၌ နတ်မင်းကြီးလေးယောက်တို့သည် အစောင့်အရှောက်ကို လွှတ်ကြလေကုန်၏။ လနတ်သား နေနတ်သားတို့သည်လည်း ဗိမာန်တို့ကို လွှတ်ကြလေကုန်၏။ သိကြားမင်းသည်လည်း တံခါးသံကောက်ကြိုး ဆွဲငင်ရာ၌ အစောင့်အရှောက်ကိုလွှတ်လေ၏။ နေသည် ကောင်းကင်အလယ်ကို လွန်သည်ဖြစ်၍သာလျှင် ထင်ရှားလေ၏။ ရဟန်းတို့သည် “ညချမ်းအခါထင်၏၊ သာမဏေသည်လည်း ယခုပင်လျှင် ဆွမ်းစားခြင်းကိစ္စကို ပြုဘိ၏၊ အသို့နည်း၊ ယနေ့ နံနက်အခါသည် အားကြီးစွာ (အချိန်များစွာ) ဖြစ်၏။ ညချမ်းအခါသည် အချိန်နည်း၏”ဟု ဆိုကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခု ငါလာတော်မူဆဲသောအခါ၌ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူသောကြောင့် “ဤမည်သော စကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်ပြီးသော် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ယနေ့ နံနက်အခါ အားကြီးစွာ ဖြစ်ပါ၏၊ ညချမ်းအခါ နည်းပါ၏၊ သာမဏေသည်လည်း ယခုပင် ဆွမ်းစားခြင်းကိစ္စကို ပြုဘိ၏။ စင်စစ်သော်ကား နေသည် မွန်းတည့်ခြင်းကို လွန်လျက်သာလျှင် ထင်ရှားပါသည်ဘုရား”ဟု နားတော်လျှောက်လတ်သည်ရှိသော် “ချစ်သားရဟန်းတို့- ဘုန်းရှိသောသူတို့၏ ရဟန်းတရားကို အားထုတ်သောကာလ၌ ဤသင်တို့လျှောက်ကြားခြင်းသည် လျှောက်ကြားတိုင်း ဟုတ်မှန်ပေ၏။ ယနေ့ နတ်မင်းကြီး လေးယောက်တို့သည် ထက်ဝန်းကျင်မှ အစောင့်အရှောက်ကို ယူကြလေကုန်၏။ လနတ်သား, နေနတ်သားတို့သည် ဗိမာန်တို့ကို ဆွဲငင်လျက် ရပ်တည်နေကြလေကုန်၏။ သိကြားမင်းသည် တံခါး သံကောက်ကြိုး ဆွဲငင်ရာ၌ အစောင့်အရှောက်ကို ယူလေ၏။ ငါဘုရားသည်လည်း တံခါးမုခ်ဦး၌ အစောင့်အရှောက်ကို ယူတော်မူရလေ၏။ ယနေ့ သုခသာမဏေသည် ရေမြောင်း၌ ရေကို ဆောင်ယူကုန်သော သူတို့ကိုလည်းကောင်း၊ မြားကို ဖြောင့်စွာပြုကုန်သော မြားသမားတို့ကိုလည်းကောင်း၊ လှည်းဘီး အစရှိသည်တို့ကို ပြုကုန်သော တံစဉ်းရွေသမားတို့ကိုလည်းကောင်း မြင်ရသဖြင့် မိမိကိုယ်ကိုဆုံးမ၍ အရဟတ္တဖိုလ်သို့ ရောက်လေ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

[၁၄၅] ဥဒကဉှိ နယန္တိ နေတ္တိကာ၊ ဥသုကာရာ နမယန္တိ တေဇနံ။
ဒါရုံ နမယန္တိ တစ္ဆကာ၊ အတ္တာနံ ဒမယန္တိ သုဗ္ဗတာ။

နေတ္တိကာ၊ ရေကို ဆောင်ယူတတ်ကုန်သော သူတို့သည်။ ဥဒကံ၊ ရေကို။ နယန္တိ၊ မိမိလိုရာသို့ ဆောင်ကြကုန်၏။ ဥသုကာရာ၊ လေးသမားတို့သည်။ တေဇနံ၊ မြားကို။ နမယန္တိ၊ ဖြောင့်အောင် ပြုလုပ်ကြကုန်၏။ တစ္ဆကာ၊ တံစဉ်းသမားတို့သည်။ ဒါရုံ၊ သစ်တုံးကို။ နမယန္တိ၊ မိမိတို့အလိုရှိတိုင်း အဖြောင့်အကောက် ပြုလုပ်ကြကုန်၏။ သုဗ္ဗတာ၊ ဆိုလွယ်သော စကားရှိသောသူတို့သည်။ အတ္တာနံ၊ မိမိကိုယ်ကို။ ဒမယန္တိ၊ မဂ်ဖိုလ်ရအောင် ဆုံးမကြကုန်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

သုခသာမဏေဝတ္ထု ပြီး၏။