ပိယဝဂ်

၃။ ဝိသာခါဝတ္ထု

ပေမတော ဇာယတီအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဝိသာခါ ဒါယိကာမကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မြေးသေသော ဝိသာခါအား ဆုံးမခြင်း

ထိုဝိသာခါသည် သား၏သမီးဖြစ်သော သုဒတ္တာအမည်ရှိသော သတို့သမီးမြေးမကို မိမိ၏အရာ၌ထား၍ အိမ်၌ ရဟန်းသံဃာအတွက် အမှုကြီးငယ်ကို ပြုလုပ်ဆောင်ရွက်စေသတတ်၊ တစ်ပါးသောအခါ ထိုမြေး သုဒတ္တာသည် စုတေမနေ ကွယ်လွန်ရှာလေ၏၊ ဝိသာခါသည် သေပြီးသော သုဒတ္တာ၏ အလောင်းကောင် ပစ်စွန့်မြှုပ်နှံခြင်းကို ပြုလုပ်စေပြီးလျှင် စိုးရိမ်ခြင်းကို တည်တံ့စိမ့်သောငှာ မတတ်နိုင်လေရကား ဆင်းရဲလှသဖြင့် နှလုံးမသာယာခြင်း ရှိလှသဖြင့် ဘုရားရှင်၏ အထံတော်သို့သွား၍ ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သော အရပ်၌ နေရှာလေ၏။ ထိုအခါ ထိုဝိသာခါကို မြတ်စွာဘုရားသည် “ဝိသာခါ- သင်သည် အဘယ့်ကြောင့် ဆင်းရဲသည်ဖြစ်၍ နှလုံးမသာယာသည်ဖြစ်၍ မျက်ရည်နှင့်မျက်ခွက် ငိုကြွေးလျက် နေဘိသနည်း”ဟု မိန့်တော်မူလေ၏၊ ဝိသာခါသည် ထိုအကြောင်းကို လျှောက်ကြားပြီးလျှင် “မြတ်စွာဘုရား- တပည့်တော်မ၏ ချစ်ဖွယ်ကောင်းလှသော ထိုသတို့သမီးငယ်သည် ဝတ်ကြီးဝတ်ငယ်နှင့် ပြည့်စုံသူ ဖြစ်ပါသည်ဘုရား၊ ယခုအခါ ထိုသို့သဘောရှိသောသူကို မမြင်ရတော့ပါဘုရား”ဟု လျှောက်ကြားပြန်လေ၏။ “ဝိသာခါ- သာဝတ္ထိပြည်ကြီး၌ လူတို့သည် အဘယ်မျှ အရေအတွက် ရှိကုန်သနည်း”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- လူဦးရေ ခုနစ်ကုဋေ ရှိကုန်၏ဟု ရှင်တော်မြတ်ဘုရားတို့သည်သာလျှင် တပည့်တော်မအား မိန့်မြွက်တော်မူဖူးပါသည် ဘုရား”ဟု လျှောက်ကြားလေ၏၊ “ဤမျှလောက်သော ဤလူအပေါင်းသည် သင့်မြေးနှင့်တူသည် အကယ်၍ ဖြစ်ငြားအံ့၊ ထိုသင့်မြေးနှင့် တူသောသူကို အလိုရှိရာသလော”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား- မှန်လှပါ၊ အလိုရှိပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ “အဘယ်မျှလောက်သော လူတို့သည် သာဝတ္ထိပြည်ကြီး၌ နေ့တိုင်း သေလွန်ကြကုန်ဘိသနည်း”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- များစွာသောသူတို့ပင် သေလွန်ကြပါသည်ဘုရား”ဟု လျှောက်ကြားလေ၏၊ “ဤသို့ ဖြစ်သည်ရှိသော် သင့်အား စိုးရိမ်ခြင်းကင်းသောအခါသည် မဖြစ်ရာသည် မဟုတ်တုံလော၊ ညဉ့်,နေ့တို့ပတ်လုံး ငိုကြွေးမြည်တမ်းလျက်သာလျှင် သွားလာလှည့်လည်ရာ၏”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား- ဟုတ်မှန်စေတော့ဘုရား၊ တပည့်တော်မသိပါပြီ ဘုရား”ဟု လျှောက်ကြားလေ၏။ ထိုအခါ ဝိသာခါကို မြတ်စွာဘုရားသည် “ထိုသို့ သိသည်ဖြစ်မူ မစိုးရိမ်လင့်တော့၊ စိုးရိမ်ခြင်းသည်လည်းကောင်း၊ ဘေးရန်သည်လည်းကောင်း ချစ်ခြင်းတဏှာပေမကြောင့်သာ ဖြစ်တတ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၂၁၃] ပေမတော ဇာယတီ သောကော၊ ပေမတော ဇာယတီ ဘယံ။
ပေမတော ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။

ပေမတော၊ ချစ်ခြင်းကြောင့်။ သောကော၊ စိုးရိမ်ခြင်းသည်။ ဇာယတိ၊ ဖြစ်၏။ ပေမတော၊ ချစ်ခြင်းကြောင့်။ ဘယံ၊ ဘေးရန်သည်။ ဇာယတိ၊ ဖြစ်၏။ ပေမတော၊ ချစ်ခြင်းမှ။ ဝိပ္ပမုတ္တဿ၊ လွတ်သောသူအား။ သောကော၊ စိုးရိမ်ခြင်းသည်။ နတ္ထိ၊ မရှိ။ ဘယံ၊ ဘေးရန်သည်။ ကုတော အတ္ထိ၊ အဘယ်မှာ ရှိအံ့နည်း။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဝိသာခါဝတ္ထု ပြီး၏။