ပိယဝဂ်

၄။ လိစ္ဆဝီမင်းသားတို့ဝတ္ထု

ရတိယာ ဇာယတီအစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေသာလီပြည်ကို အမှီပြု၍ စုလစ်မွမ်းချွန်တပ်သော ကျောင်း၌ နေတော်မူစဉ် လိစ္ဆဝီမင်းသားတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မိန်းမကြောင့် ရိုက်ပွဲဖြစ်ခြင်း

ထိုလိစ္ဆဝီမင်းသားတို့သည် တစ်ခုသော ပွဲလမ်းသဘင် ကျင်းပသောနေ့၌ အချင်းချင်း မတူကုန်သော တန်ဆာတို့ဖြင့် တန်ဆာဆင်ကုန်သည်ဖြစ်၍ ဥယျာဉ်သို့ သွားခြင်းငှာ မြို့မှ ထွက်ကြလေကုန်သတတ်၊ မြတ်စွာဘုရားသည် ဆွမ်းအလို့ငှာ ဝင်တော်မူသည်ရှိသော် လိစ္ဆဝီမင်းသားတို့ကို မြင်လျှင် ရဟန်းတို့ကို ဤသို့ သိစေတော်မူလေ၏၊ “ချစ်သားရဟန်းတို့- လိစ္ဆဝီမင်းသားတို့ကို မြင်ကြကုန်၏လော၊ အကြင်သူတို့သည် တာဝတိံသာနတ်တို့ကို မမြင်ဖူးကြကုန်၊ ထိုသူတို့သည် ဤလိစ္ဆဝီမင်းသားတို့ကို ကြည့်ရှုကြကုန်လော့”ဟု မိန့်တော်မူပြီးမှ မြို့သို့ဝင်တော်မူလေ၏။ လိစ္ဆဝီမင်းသားတို့သည်လည်း ဥယျာဉ်သို့ သွားကြကုန်သည်ရှိသော် ပြည့်တန်ဆာမဖြစ်သော မိန်းမတစ်ယောက်ကိုခေါ်၍ သွားကြပြီးလျှင် ထိုပြည့်တန်ဆာမကိုမှီ၍ ငြူစူခြင်းဖြင့် နှိပ်စက်ကုန်ရကား အချင်းချင်း ပုတ်ခတ်ကြကုန်သောကြောင့် သွေးတို့သည် မြစ်ရေအလျဉ်ကဲ့သို့ ဖြစ်ကုန်၏၊ ထိုအခါမှ လိစ္ဆဝီမင်းသားတို့ကို ညောင်စောင်းဖြင့် ယူ၍ ထမ်းဆောင်ကာ လာကြကုန်၏။ မြတ်စွာဘုရားသည်လည်း ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြုအပ်ပြီးသည်ရှိသော် မြို့မှထွက်ခွာတော်မူလာ၏၊ ရဟန်းတို့သည်လည်း လိစ္ဆဝီမင်းသားတို့ကို ထိုအခြင်းအရာဖြင့် ထမ်းဆောင်ယူလာသည်တို့ကို မြင်ရလျှင် ဘုရားရှင်ကို “မြတ်စွာဘုရား- လိစ္ဆဝီမင်းတို့သည် နံနက်စောစောကလျှင် တန်ဆာဆင်ခြင်းနှင့် စပ်ကုန်သည်ဖြစ်၍ တာဝတိံသာနတ်ကဲ့သို့ မြို့မှထွက်လျက် ယခုအခါ တစ်ယောက်သောမိန်းမကို အမှီပြု၍ ဤသို့သော ပျက်စီးခြင်းသို့ ရောက်ကြရပါကုန်ပြီ ဘုရား”ဟု လျှောက်ကြားကြလေကုန်၏။ ဘုရားရှင်သည် “ချစ်သား ရဟန်းတို့- စိုးရိမ်ခြင်းသည်လည်းကောင်း၊ ဘေးရန်သည်လည်းကောင်း ဖြစ်သည်ရှိသော် မွေ့လျော်ခြင်းကိုမှီ၍ ဖြစ်တတ်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၂၁၄] ရတိယာ ဇာယတီ သောကော၊ ရတိယာ ဇာယတီ ဘယံ။
ရတိယာ ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။

ရတိယာ၊ မွေ့လျော်ခြင်းကြောင့်။ သောကော၊ စိုးရိမ်ခြင်းသည်။ ဇာယတိ၊ ဖြစ်၏။ ရတိယာ၊ မွေ့လျော်ခြင်းကြောင့်။ ဘယံ၊ ဘေးရန်သည်။ ဇာယတိ၊ ဖြစ်၏။ ရတိယာ၊ မွေ့လျော်ခြင်းမှ။ ဝိပ္ပမုတ္တဿ၊ လွတ်သောသူအား။ သောကော၊ စိုးရိမ်ခြင်းသည်။ နတ္ထိ၊ မရှိ။ ဘယံ၊ ဘေးရန်သည်။ ကုတော အတ္ထိ၊ အဘယ်မှာ ရှိအံ့နည်း။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောလူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

လိစ္ဆဝီမင်းသားတို့ဝတ္ထု ပြီး၏။