ဝိသာခါ ကျောင်းအမကြီးအကြောင်း
(၂) ဝိသာခါကျောင်းအမကြီးအကြောင်း
(က) ဝိသာခါ၏ ရှေးကောင်းမှု
ဤဝိသာခါအလောင်း အမျိုးကောင်းသမီးသည် ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါ၌ ဟံသာဝတီ မင်းနေပြည်ဝယ် အမျိုးသမီး(သူဌေးသမီး) ဖြစ်လတ်၍ နောက်အဖို့၀ယ် မြတ်စွာဘုရား၏ တရားဒေသနာကို ကြားနာရစဉ် မြတ်စွာဘုရားရှင်က ဥပါသိကာတယောက်ကို “ဒါယိက = အလှူအတန်း ပေးကမ်းခြင်း၌ မွေ့လျော်သော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အားကျကာ အဓိကာရကောင်းမှု ကုသိုလ်ကိုပြုပြီးလျှင် ထိုရာထူး =ဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုခဲ့လေသည်။ မြတ်စွာဘုရားရှင်ကလည်း ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့လေသည်။
၂၄၄
ကိကီမင်းကြီး၏ သမီးထွေးဘဝ
ထိုအမျိုးကောင်းသမီးသည် ကမ္ဘာတသိန်းပတ်လုံး နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားခဲ့၍ ဤဘဒ္ဒကမ္ဘာဝယ် ကဿပမြတ်စွာ လက်ထက်တော်အခါ၌ ကာသိတိုင်းရှင် ဘုရင်ကိကီမင်းကြီး၏ ရွှေနန်းတော်ဝယ် ဘုရင့်သမီးတော် ညီအမ ခုနစ်ဖော်တို့အနက် အငယ်ဆုံး အထွေးဆုံး ညီမ ဖြစ်ခဲ့လေသည်။ ထိုအခါ၌-
သမဏီ, သမဏဂုတ္တာ စ၊ ဘိက္ခုနီ, ဘိက္ခဒါယိကာ။
ဓမ္မာ စေဝ , သုဓမ္မာ စ၊ သံဃဒါသီ စ သတ္တမာ-
ဟူသော သင်္ဂဟဂါထာအတိုင်း ကိကီမင်းကြီးမှာ (၁) သမဏီမင်းသမီး၊ (၂) သမဏဂုတ္တာမင်းသမီး၊ (၃) ဘိက္ခုနီမင်းသမီး၊ (၄) ဘိက္ခဒါယိကာမင်းသမီး၊ (၅) ဓမ္မာမင်းသမီး၊ (၆) သုဓမ္မာမင်းသမီး၊ (၇) သံဃဒါသီမင်းသမီးဟူ၍ သမီးတော် ညီအမခုနစ်ဖော်တို့ ရှိကြလေသည်။ ထိုသမီးတော် ခုနစ်ဖော်တို့သည် ဤယခု မြတ်စွာဘုရား လက်ထက်တော်အခါဝယ်-
ခေမာ, ဥပ္ပလဝဏ္ဏာ စ၊ ပဋာစာရာ စ, ဂေါတမီ။
ဓမ္မာဒိန္နာ, မဟာမာယာ၊ ဝိသာခါ စေဝ သတ္တာမီ-
ဟူသော သင်္ဂဟဂါထာအတိုင်း အစဉ်အတိုင်း (၁) ခေမာထေရီ (၂) ဥပ္ပလဝဏ်ထေရီ (၃) ပဋာစာရာထေရီ (၄) မိထွေးတော် မဟာပဇာပတိ ဂေါတမီထေရီ (၅) ဓမ္မဒိန္နာထေရီ (၆) မယ်တော် မဟာမာယာမိဖုရား (၇) ဝိသာခါ ကျောင်းအမကြီးတို့ အသီးအသီး ဖြစ်လာကြလေသည်။
(ခ) နောက်ဆုံးဘဝ ဝိသာခါဖြစ်ခြင်း
ကိကီမင်းကြီး၏ သမီးတော် ခုနစ်ဖော်တို့တွင် အငယ်ဆုံး အထွေးဆုံးဖြစ်သူ သံဃဒါသီမင်းသမီးသည် ဗုဒ္ဓန္တရအသင်္ချေယျ တကပ်ပတ်လုံး နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ကျက်စားခဲ့၍ ဤအကျွန်ုပ်တို့ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူရာ ကာလဝယ်
၂၄၅
အင်္ဂတိုင်း ဘဒ္ဒိယမြို့၌ မေဏ္ဍကသူဌေးကြီး၏သား ဓနဉ္ဇယသူဌေး၏ အဂ္ဂမဟေသီ သုမနဒေဝီ သူဌေးကတော်ကြီးဝမ်း၌ ကိန်းပိုက်သန္ဓေ တည်နေဖြစ်ပွါးလာလေသည်။ ထိုသူဌေးသမီး၏ အမည်ကို ဝိသာခါ-ဟူ၍ မိဘဆွေမျိုးတို့က မှည့်ခေါ်ကြလေသည်။ ဝိသာခါ သူဌေးသမီး ခုနစ်နှစ်အရွယ်ရှိသောအခါ၌ မြတ်စွာဘုရားရှင်သည် သေလပုဏ္ဏားနှင့် အခြား ကျွတ်ထိုက်သူ ဝေနေယျတို့၏ မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှုနှင့် ပြည့်စုံခြင်းကို မြင်တော်မူ၍ များစွာသော ရဟန်းအပေါင်း ခြံရံအပ်လျက် ခရီးဒေသစာရီ ကြွချီတော်မူလတ်သည်ရှိသော် အင်္ဂတိုင်း ဘဒ္ဒိယမြို့သို့ ဆိုက်ရောက်တော်မူလေ၏။
ဘုန်းကြီးသူ ၅-ဦး
ထိုအချိန်၌ မေဏ္ဍကသူဌေးသည် ဘဒ္ဒိယမြို့ဝယ် “ဘုန်းကြီးသူ ၅-ဦး”တို့၏ အကြီးအမှူးဖြစ်ကာ သူဌေး ပြုလုပ်နေထိုင်ဆဲ ဖြစ်၏။ ဘုန်းကြီးသူ ၅-ဦးတို့ ဟူသည်မှာ (၁) မေဏ္ဍကသူဌေးကြီး (၂) ထိုသူဌေးကြီး၏ စန္ဒပဒုမာမည်သော သူဌေးကတော်ကြီး (၃) ထိုသူဌေးကြီး၏သား ဓနဉ္ဇယသူဌေး (၄) ထိုဓနဉ္ဇယသူဌေး၏ သုမနဒေဝီမည်သော သူဌေးကတော် (၅) မေဏ္ဍကသူဌေးကြီး၏ ပုဏ္ဏမည်သောကျွန် = ဤသူ ၅-ဦးတို့ ဖြစ်သည်။ (ထိုသူ ၅-ဦးတို့၏ ဘုန်းအာနုဘော် ကြီးမားပုံကို ဓမ္မပဒအဋ္ဌကထာ ဒုတိယအုပ် ၁၈-မလဝဂ်၊ ၁၀-မေဏ္ဍကသူဌေးဝတ္ထု၊ စာမျက်နှာ ၂၃၇-၈-တို့မှ အကျဉ်းချုပ် ထုတ်၍ပြဦးအံ့)—
၁။ မေဏ္ဍကသူဌေးကြီး၏ အာနုဘော်။ ။တနေ့သ၌ မေဏ္ဍကသူဌေးကြီးသည် မိမိ၏ ဘုန်းအာနုဘော်ကို စုံစမ်းလိုသည်ဖြစ်၍ စပါးကျီအလုံးပေါင်း (၁၂၅၀) တထောင့်နှစ်ရာ့ငါးဆယ်တို့ကို သုတ်သင်ရှင်းလင်းစေပြီးလျှင် ဦးခေါင်းဆေးလျှော်ပြီးနောက် တံခါးဝ၌ ထိုင်နေ၍ အထက်ကောင်းကင်သို့ မော်၍ကြည့်လိုက်လေသည်၊ ထိုခဏဝယ် သလေးနီစပါးမိုးကြီး ဖြိုးဖြိုးဖြုန်းဖြုန်း အုန်းအုန်းရွာချ၍ စပါးကျီအလုံးပေါင်း (၁၂၅၀) တထောင့်နှစ်ရာ့ငါးဆယ်တို့မှာ သလေးနီစပါးတို့ဖြင့် ပြည့်လျက်သား
၂၄၆
ဖြစ်ကြလေကုန်၏။ သူဌေးကြီးသည် ကျန်သည့် အိမ်ရှိလူများ၏ ဘုန်းအာနုဘော်ကိုလည်း စုံစမ်းလိုသည် ဖြစ်၍ သူဌေးကတော်ကြီး, သား, ချွေးမ, ကျွန် ဤသူလေးဦးတို့ကို “သင်တို့၏ ဘုန်းအာနုဘော်တို့ကိုလည်း စုံစမ်းကြကုန်လော့”ဟု တိုက်တွန်းစကား ပြောကြားလေ၏။
၂။ စန္ဒပဒုမာ သူဌေးကတော်ကြီး၏ အာနုဘော်။ ။ထိုအခါ စန္ဒပဒုမာ သူဌေးကတော်ကြီးသည် အဆင်တန်းဆာစုံ ဝတ်ဆင်ပြီးလျှင် လူများအပေါင်း ကြည့်ရှုနေစဉ်ပင် ဆန်များကို (တပြည်ခန့်)ခြင်စေ၍ ထိုဆန်တို့ဖြင့် ထမင်းချက်စေပြီးနောက် တံခါးမုခ်ဝယ် ခင်းထားအပ်သော နေရာ၌ ထိုင်နေကာ ရွှေယောက်မကို ကိုင်လျက် “ထမင်းဖြင့် အလိုရှိသော သူတို့သည် လာရောက်ကြကုန်”ဟု ကြွေးကြော်စေ၍ လာတိုင်း လာတိုင်းသော သူတို့အား ခွက်အပြည့်ထည့်၍ ပေးလှူလေသည်။ တနေ့လုံး ပေးလှူသော်လည်း ယောက်မဖြင့် ခပ်ယူသောနေရာသာ ထင်၍ ကျန်သည့်ထမင်းအိုး အရာမယွင်းပဲ ရှိလေသည်။
စန္ဒပဒုမာအမည်ရခြင်းအကြောင်း။ ။ထိုသူဌေးကတော်ကြီး၏ အဖို့ရာ ရှေးဘုရားရှင်တို့၏ လက်ထက်တော် အခါကလည်း ရဟန်းသံဃာအား လက်ဝဲလက် (ဗယ်ဘက်လက်)ဖြင့် ဆွမ်းအိုး ဆွမ်းဇလုံကို မ-ချီ လျက် လက်ျာလက် (ညာဘက်လက်)ဖြင့် ယောက်ချို, ယောက်မ, ဇွန်းကို စွဲကိုင်ကာ ဤနည်းနှင်နှင် သပိတ်အပြည့် ဆွမ်းလှူခဲ့ဘူးသောကြောင့် လက်ဝဲလက် (ဗယ်ဘက်လက်) ဖဝါးအပြည့် ပဒုမာကြာပန်းလက္ခဏာ အရေးအသား ထင်ရှားဖြစ်ပေါ်၍ လက်ျာလက် (ညာဘက်လက်) ဖဝါးအပြည့် လဝန်းလက္ခဏာ အရေးအသား ထင်ရှား ဖြစ်ပေါ်လေသည်။ ထို့ပြင်လည်း သူဌေးကတော်ကြီးသည် ရှေးဘုရားရှင်များ လက်ထက်တော်အခါက ရဟန်းသံဃာအား လက်ဝဲလက်ဖြင့် ဓမကရိုဏ် = ရေစစ်ကိုယူကာ သောက်ရေကိုစစ်၍ လှူဒါန်းလျက် ထိုမှဤမှ သံဃာရှိရာသို့ မမောနိုင်,မပန်းနိုင် လှည့်လည် သွားလာခဲ့လေသည်။ ထို့ကြောင့် ထိုသူဌေးကတော်ကြီး၏
၂၄၇
လက်ျာခြေ (ညာဘက်ခြေ) ဖဝါးအပြည့် လဝန်းလက္ခဏာ အရေးအသား ထင်ရှားဖြစ်ပေါ်၍ လက်ဝဲခြေ (ဗယ်ဘက်ခြေ) ဖဝါးအပြည့် ပဒုမာကြာပန်းလက္ခဏာ အရေးအသား ထင်ရှား ဖြစ်ပေါ်လေသည်၊ ဤဖော်ပြရာပါ အကြောင်းများကြောင့် ထိုသူဌေးကတော်ကြီး၏ အမည်ကို မိဘဆွေမျိုးတို့က “စန္ဒပဒုမာ”ဟူ၍ မှည့်ခေါ်ကြလေသည်။
၃။ သားဖြစ်သူ ဓနဉ္ဇယသူဌေး၏ အာနုဘော်။ ။မေဏ္ဍကသူဌေးကြီး၏သား ဓနဉ္ဇယသူဌေးသည်လည်း ဦးခေါင်းဆေးလျှော်ပြီးလျှင် အသပြာ ထောင်အိတ်ကိုယူ၍ “အသပြာကျပ်တို့ဖြင့် အလိုရှိသောသူတို့သည် လာရောက်ကြကုန်”ဟု ဆို၍ လာတိုင်း လာတိုင်းသော သူတို့အား ခွက်အပြည့် ကျပ်အသပြာတို့ကို ထည့်၍ ပေးလေသည်။ ထိုသို့ပေးသော်လည်း အသပြာအိတ်ထဲ၌ ကျပ်အသပြာတထောင် ရှိမြဲရှိ၍ နေလေသည်။
၄။ ချွေးမဖြစ်သူ သုမနဒေဝီသူဌေးကတော်၏ အာနုဘော်။ ။ထိုမေဏ္ဍကသူဌေးကြီး၏ ချွေးမဖြစ်သူ သုမနဒေဝီ သူဌေးကတော်သည်လည်း အဆင်တန်းဆာစုံ ဝတ်ဆင်ပြီးလျှင် ကောက်စပါးတောင်းကို ယူ၍ ဟင်းလင်းအပြင်၌ ထိုင်နေလျက် “မျိုးရိက္ခာ ထမင်းတို့ဖြင့် အလိုရှိသောသူတို့သည် လာရောက်ကြကုန်”ဟု ဆို၍ လာတိုင်း လာတိုင်းသော သူတို့အား ခွက်အပြည့်ထည့်၍ ပေးလေသည်။ ထိုသို့ပေးသော်လည်း ကောက်စပါးထည့်သော တောင်းသည် ပြည့်မြဲတိုင်းသာလျှင် ပြည့်၍နေ၏။
၅။ ကျွန်ယုံတော် မောင်ပုဏ္ဏ၏ အာနုဘော်။ ။မေဏ္ဍကသူဌေးကြီး၏ ကျွန်ယုံတော် မောင်ပုဏ္ဏသည်လည်း ကျွန်တို့ဆိုင်ရာ အဆင်တန်းဆာစုံ ဝတ်ဆင်ပြီးလျှင် ရွှေထမ်းပိုးတို့၌ ရွှေချည်ကြိုးတို့ဖြင့် နွားတို့ကို ယှဉ်က၍ ရွှေနှင်တံကို စွဲကိုင်လျက် နွားတရှဉ်းတို့အား နံ့သာလက် ၅-ချောင်းရာများပေးပြီး နွားဦးချိုတို့၌ ရွှေအစွပ်တို့ကိုစွပ်လျက် လယ်တောသို့ သွားရောက်ကာ မောင်းနှင် ထွန်၍ ပြလေသည်။ ထိုအခါ အံ့ဩဖွယ်ရာ လက်ဝဲဘက်မှ
၂၄၈
ထွန်ရေးသုံးကြောင်း, လက်ျာဘက်မှ ထွန်ရေးသုံးကြောင်း, အလယ်ဗဟိုမှ ထွန်ရေးတကြောင်းအားဖြင့် ထွန်ရေးအကြောင်း ခုနစ်ကြောင်းတို့ ခွဲထွက်၍ သွားကြလေသည်။
ဇမ္ဗူဒိပ်ကျွန်းအပြင်၌ နေကြသော သူတို့သည် ထမင်း , မျိုးရိက္ခာ, ငွေ, ရွှေ- စသည်တို့တွင် မိမိတို့ အလိုရှိရာကို မေဏ္ဍကသူဌေးကြီးအိမ်မှသာလျှင် ယူငင်ကြရလေသည်။ ဤကား ဘုန်းကြီးသူ ၅-ဦးတို့အကြောင်းတည်း။
ဗိမ္ဗိသာရမင်းကြီး၏ အာဏာစက်ပြန့်နှံ့ရာ ရာဇဂြိုဟ်ပြည်နယ်အတွင်း၌ ဤမေဏ္ဍကသူဌေးကြီးအပြင် ဇောတိကသူဌေး, ဇဋိလသူဌေး, ပုဏ္ဏသူဌေး, ကာက၀လိယသူဌေးဟူ၍ သူဌေးကြီး လေးဦးတို့လည်း ရှိကြသေး၏၊ မေဏ္ဍကသူဌေးကြီးနှင့်သော် ဗိမ္ဗိသာရမင်းကြီး၏ အာဏာစက်ပြန့်နှံ့ရာ နယ်ပယ်၌ “အမိတဘောဂ = သုံးမကုန် စွဲမကုန် စည်းစိမ်ကုံလုံကြွယ်ဝသည့် သူဌေးကြီးပေါင်း” ၅-ဦးတို့ ရှိကြလေသည်။ ။(ထို၅-ဦးတို့တွင် ပုဏ္ဏသူဌေးကြီး၏ အကြောင်းကား အထက် ဥတ္တရာဝတ္ထု၌ ထင်ရှားလတ္တံ့၊ ကျန်သူဌေးကြီး ၄-ဦးတို့၏ အကြောင်းအရာအကျဉ်းချုပ်ကို ဤဆဋ္ဌမတွဲအဆုံး ဤကျမ်းနိဂုံးအုပ်ခါနီးမှ ဖော်ပြပေအံ့)။
အမိတဘောဂသူဌေးကြီး ၅-ဦးတို့တွင် တဦးအပါအဝင်ဖြစ်သော မေဏ္ဍကသူဌေးကြီးသည် မြတ်စွာဘုရားရှင် မိမိတို့၏ ဘဒ္ဒိယမြို့သို့ ရောက်တော်မူလာကြောင်း သတင်းစကား ကြားသိရလေလျှင် မိမိ၏မြေးမ (=ဓနဉ္ဇယသူဌေး၏သမီး) ဝိသာခါ သတို့သမီးကို ခေါ်၍ “ချစ်မြေး.. ဖိုးဖိုး ယခုပြောပြမည့် ကိစ္စသည် ချစ်မြေး၏အဖို့ရာလည်း မင်္ဂလာကောင်းမှု ကုသိုလ်ဖြစ်၏၊ ဖိုးဖိုးတို့၏ အဖို့ရာလည်း မင်္ဂလာကောင်းမှု ကုသိုလ်ဖြစ်၏၊ ချစ်မြေး၏ ရံရွေဖော်သတို့သမီး ငါးရာတို့နှင့် အတူတကွ ရထားအစီးငါးရာတို့ကို ကိုယ်စီကိုယ်င စီးကြလျက် ကျွန်မငါးရာ ခြံရံအပ်ကာ ချစ်မြေးသည် မြတ်စွာဘုရားအား ခရီးဦးကြိုဆိုမှု ပြုလေလော့”ဟု တိုက်တွန်းစကား ပြောကြားလေ၏။
၂၄၉
ခုနစ်နှစ်အရွယ်ကပင် ဝိသာခါ သောတာပန်ဖြစ်ခြင်း
ဝိသာခါ သတို့သမီးသည် အဖိုး၏ တိုက်တွန်းစကားကို ကြားရလေလျှင် အားရဝမ်းသာစွာ အဖိုးပြောဆိုသည့်အတိုင်း မြတ်စွာဘုရားအား ခရီးဦးကြိုဆိုမှု ပြုလေ၏။ အထူးအားဖြင့် (အဖိုးဖြစ်သူ မေဏ္ဍကသူဌေးကြီးက သူဌေး၏ ဇာတိမာန်ဖြင့် မြတ်စွာဘုရား၏ အနီးထံမှောက်သို့ရောက်အောင် ရထားစီး၍ သွားရမည်ကဲ့သို့ ပြောဆို မှာကြားလိုက်သော်လည်း) ဝိသာခါ သတို့သမီးသည် အကြောင်းဟုတ်သည် မဟုတ်သည်တို့၌ လိမ္မာပါးနပ် ယဉ်ကျေးပြီးသူ ဖြစ်သောကြောင့် ရထားစီး၍ သွားသင့်လောက်သော မြေအရပ်တိုင်ရုံသာ ရထားစီး၍ သွားပြီးလျှင် (ရထားနှင့်သွားက အဂါရ၀ = မရိုသေမှု ဖြစ်လောက်သည့် အရပ်သို့ ရောက်လျှင်) ရထားမှ ဆင်းသက်၍ ခြေလျင်သာလျှင် မြတ်စွာဘုရား အထံတော်သို့ သွားရောက်ရှိခိုးကာ အပြစ်လွတ်ရာအရပ်၌ ရပ်တည်နေလေ၏။
ထိုအခါ မြတ်စွာဘုရားသည် ဝိသာခါသတို့သမီး (=သူဌေးသမီး)အား သူမ၏စရိုက်နှင့် လိုက်လျောညီညွတ်စွာ တရားဒေသနာကို ဟောကြားတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးလတ်သောအခါ ဝိသာခါသူဌေးသမီးသည် ရံရွေဖော်သတို့သမီး ငါးရာတို့နှင့် အတူတကွ သောတာပတ္တိဖိုလ်၌ တည်လေ၏ = သောတာပန်အရိယာ ဖြစ်လေ၏။
မေဏ္ဍကသူဌေးကြီး သည်လည်း မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ဆည်းကပ်၍ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် အပြစ်လွတ်ရာအရပ်၌ ရပ်တည်နေလေ၏။ ထိုအခါ မြတ်စွာဘုရားသည် မေဏ္ဍကသူဌေးကြီးအားလည်း သူ၏စရိုက်နှင့် လိုက်လျောညီညွတ်စွာ တရားဒေသနာကို ဟော ကြားတော်မူလေ၏၊ မေဏ္ဍကသူဌေးကြီးသည် တရားဒေသနာနိဂုံး ဆုံးလတ်သောအခါ သောတာပတ္တိဖိုလ် ၌ တည်၍ = သောတာပန်အရိယာ ဖြစ်ပြီး၍ မြတ်စွာဘုရားရှင်ကို နက်ဖြန် ကောင်းမှုကုသိုလ်အလို့ငှါ ပင့်ဖိတ်ပြီးလျှင် နောက်တနေ့၌ မိမိ၏အိမ်၀ယ်
၂၅၀
မွန်မြတ်သော ခဲဖွယ်ဘောဇဉ်တို့ဖြင့် ဘုရားအမှူးရှိသော ရဟန်းသံဃာကို ဆွမ်းပြုစုလုပ်ကျွေး ဆက်ကပ်လေ၏၊ ဤနည်းဖြင့် မေဏ္ဍကသူဌေးကြီးသည် လခွဲ (=၁၅-ရက်)ပတ်လုံး ကြီးစွာသော အလှူဒါနကို ပေးလှူခဲ့လေသည်။ မြတ်စွာဘုရားရှင်သည် ဘဒ္ဒိယမြို့၌ ချေချွတ်သင့်သော သတ္တဝါဝေနေယျရှိသလောက် သီတင်းသုံး နေထိုင်တော်မူ၍ လောလောဆယ် ချေချွတ်ရန် ဝေနေယျမရှိသောအခါ ဘဒ္ဒိယမြို့မှ ဖဲကြွတော်မူလေ၏။
ဝိသာခါတို့မိသားစု သာကေတမြို့သို့ ပြောင်းရွှေ့နေထိုင်ခြင်း
သာဝတ္ထိပြည်ဝယ် ပသေနဒိ ကောသလမင်းတရားသည် (မိမိတိုင်းနိုင်ငံ၌ အမိတဘောဂ သူဌေးတဦးမျှ မရှိသေးရကား) ဗိမ္ဗိသာရမင်းတရား၏ အထံသို့ “ကျွန်ုပ်၏ အာဏာစက်ပြန့်နှံ့ရာ ကောသလတိုင်း နယ်ပယ်ဝယ် အမိတဘောဂ သူဌေးအိမ်ထောင်စု တခုမျှ မရှိဖြစ်ပါသည်၊ ထို့ကြောင့် ကျွန်ုပ်တို့၏ နိုင်ငံသို့ အမိတဘောဂ သူဌေးအိမ်ထောင်စု တခုခုကို ပို့လွှတ်စေလိုပါသည်”ဟူ၍ သဝဏ်လွှာ ပို့သစေလွှတ် တောင်းခံလေ၏။
ဗိမ္ဗိသာရမင်းတရားကြီးသည် အမတ်တို့နှင့် ထိုအကြောင်းကို တိုင်ပင်ဆွေးနွေးလေ၏။ အမတ်တို့သည် “ကျွန်ုပ်တို့သည် အမိတဘောဂသူဌေးကြီးများ အိမ်ထောင်စုကိုကား မည်သည့်နည်းဖြင့်မျှ မပို့သနိုင်ကြပါကုန်၊ သို့သော် (ကောသလမင်းကြီး စိတ်ကျေနပ်လောက်အောင်) သူဌေးသားတယောက်ကို ပို့သကြကုန်စို့”ဟု တိုင်ပင်ညီညွတ်ကြ၍ မေဏ္ဍကသူဌေးကြီး၏သား ဓနဉ္ဇယသူဌေးကို ကောသလတိုင်းသို့ သွားရောက်နေထိုင်ရန် တောင်းပန်စကား ပြောကြားကြလေကုန်၏။ ဗိမ္ဗိသာရမင်းတရားကြီးသည် အမတ်တို့၏စကားကို ကြားသိရ၍ မေဏ္ဍကသူဌေးကြီး၏ သားဖြစ်သူ ဓနဉ္ဇယသူဌေးကို ကောသလတိုင်းသို့ သွားရောက်နေထိုင်ရန် တောင်းပန်စကား ပြောကြား၍ ပို့သစေလွှတ်လေသည်။
(ဤ၌။ ။ဓမ္မပဒအဋ္ဌကထာ အလိုအားဖြင့် ကောသလမင်းကြီးနှင့် ဗိမ္ဗိသာရ မင်းတရားကြီးတို့သည် အချင်းချင်း နှမ၏လင် = မောင်လယ် နှမလယ်
၂၅၁
တော်စပ်ကြ၍ ကောသလမင်းကြီးက ဗိမ္ဗိသာရမင်းကြီးထံသို့ သွားရောက်၍ သူဌေးကြီးတဦးဦးကို မိမိ၏ ကောသလတိုင်းသို့ ပို့လွှတ်ရန် တောင်းခံသောအခါ ဗိမ္ဗိသာရမင်းတရားကြီးသည် သူဌေးကြီးများကို မတုန်လှုပ်, မချောက်ချားစေနိုင်သဖြင့် မေဏ္ဍကသူဌေးကြီး၏သား ဓနဉ္ဇယသူဌေးကို ကောသလတိုင်းသို့ လိုက်ပါနေထိုင်ရန် တောင်းပန် တိုက်တွန်း၍ ဓနဉ္ဇယသူဌေးက သဘောတူသဖြင့် ထိုဓနဉ္ဇယသူဌေး အိမ်ထောင်စုကို ကောသလမင်းကြီးနှင့်အတူ ထည့်လိုက်ခြင်းဖြစ်သည်)။
ဓနဉ္ဇယသူဌေးသည် ဘဒ္ဒိယမြို့မှ ပြောင်းရွှေ့ခဲ့၍ သာဝတ္ထိပြည်မှ ခုနစ်ယူဇနာ ဝေးကွာသည့် နေထိုင်ရန် ချမ်းသာမည့်အရပ်သို့ ရောက်လေလျှင် ကောသလမင်းကြီးကို “ဤအရပ်သည် မည်သူ၏ နိုင်ငံနည်း”ဟု မေး၍ ကောသလမင်းကြီးက “သူဌေး.. ငါ၏နိုင်ငံဖြစ်သည်”ဟု ပြောလေလျှင် ဓနဉ္ဇယသူဌေးသည် “ဤအရပ်မှ သာဝတ္ထိပြည်သည် မည်မျှဝေးကွာပါသနည်း”ဟု မေးလေ၏။ ကောသလမင်းကြီးက “ခုနစ်ယူဇနာထက်၌ သာဝတ္ထိပြည်ရှိ၏”ဟု မိန့်ဆိုလေလျှင် ဓနဉ္ဇယသူဌေးသည် “အကျွန်ုပ်တို့နေဖို့ရန် သာဝတ္ထိမြို့တွင်းသည် ကျဉ်းမြောင်းပါ၏၊ အကျွန်ုပ်တို့၏ အခြံအရံလူကား များလှစွာ၏၊ အရှင်မင်းကြီးတို့ နှစ်သက်ကျေနပ် တော်မူကြပါလျှင် အကျွန်ုပ်တို့သည် ဤအရပ်၌ပင် မြို့တည်၍ နေကြပါရစေ”ဟု ခွင့်ပန်စကား ပြောကြားလေ၏။ ကောသလမင်းကြီးသည် “ကောင်းပြီ”ဟု ဝန်ခံ၍ ထိုအရပ်၌ မြို့သစ် ဖန်တီးပြီးလျှင် ဓနဉ္ဇယသူဌေးအား အပ်နှင်း၍ သွားလေ၏။ ထိုအရပ်ဝယ် ကိုယ်တိုင်ပင် နေထိုင်ရန်ဌာနကို ယူအပ်လေသောကြောင့် မြို့၏အမည်မှာ “သာကေတ”ဟု မည်တွင်လေသည်။
သာဝတ္ထိပြည်၌ မိဂါရသူဌေးကြီး၏သား ပုဏ္ဏဝဍ္ဎနသတို့သားသည် အရွယ်သို့ရောက်ရှိလေပြီ၊ ထိုအခါ ပုဏ္ဏဝဍ္ဎန သတို့သား၏ ဖခင် မိဂါရသူဌေးကြီးသည် “ငါ့သား အရွယ်သို့ ရောက်ခဲ့လေပြီ။ ယခုအချိန်ကား ငါ့သားကို အိမ်ရာဖြင့် နှောင်ဖွဲ့ရမည့်အချိန် ဖြစ်လေသည်”ဟု ဆင်ခြင်စဉ်းစား၍ “ငါတို့နှင့် ဇာတ်တူအမျိုး အိမ်မှ သတို့သမီးကို ရှာကြလော့”ဟု မှာထားပြောဆိုကာ အကြောင်းဟုတ်သည်, မဟုတ်သည်၌ ကျွမ်းကျင်လိမ္မာကြသည့်
၂၅၂
ယောက်ျားတို့ကို စေလွှတ်လေ၏။ ထိုသတို့သမီးရှာသော လူများသည် သာဝတ္ထိပြည်၌ မိမိတို့ နှစ်သက်အပ်သည့် သတို့သမီးကို မတွေ့မမြင်ကြရ၍ သာကေတမြို့သို့ သတို့သမီးအရှာ သွားရောက်ကြလေ၏။
ထိုနေ့၌ ဝိသာခါသူဌေးသမီးသည် မိမိနှင့် အရွယ်တူ ရံရွေဖော် သတို့သမီးငါးရာတို့ ခြံရံအပ်လျက် ရေသဘင်ကစားရန် မြို့၏အပြင်ဖက်ရှိ ရေကန်ကြီးတခုသို့ သွားရောက်လေ၏။ သတို့သမီးရှာသော သာဝတ္ထိပြည်သား လူများသည်လည်း သာကေတမြို့တွင်း၌ လှည့်လည်ကြ၍ မိမိတို့ ကျေနပ်နှစ်သက်လောက်သည့် သတို့သမီးကို မတွေ့မမြင်ကြရကား မြို့ပြင်ပတံခါးဝ၌ ရပ်တည်နေကြလေကုန်၏။ ထိုအချိန်၌ မိုးကြီးစ၍ ရွာသွန်းလေ၏။ ထိုအခါ ဝိသာခါနှင့်အတူ မြို့မှထွက်ခဲ့ကြသော သတို့သမီးငါးရာတို့သည် မိုးစွတ်မည်မှ ကြောက်ကြသောကြောင့် အလျင်အမြန် ပြေးသွားကြကာ စရပ်တဆောင်သို့ ဝင်ရောက် တည်းခိုကြလေ၏။ သတို့သမီးရှာသူများသည် ထိုသတို့သမီးငါးရာတို့ အတွင်းမှာလည်း မိမိတို့ ကျေနပ်နှစ်သက် လောက်သော သတို့သမီးကို မတွေ့မမြင်ကြရကုန်။
အထူးအားဖြင့် ထိုသတို့သမီး ငါးရာတို့၏နောက်မှ ဝိသာခါ သူဌေးသမီးသည် မိုးရွာသည်ကိုလည်း မရေမတွက်ပဲ မဆောမလျင် (ဣန္ဒြေရရ) သွားခြင်းဖြင့် မိုးအစွတ်ခံလျက်သာ နောက်ဆုံးမှ စရပ်အတွင်းသို့ ဝင်ရောက်လာလေ၏။ သာဝတ္ထိပြည်သား သတို့သမီးရှာသည့် လူကြီးများသည် ဝိသာခါကို မြင်ကြရသည်ရှိသော် “ဤလောကဝယ် ရုပ်ရည်အဆင်း တင့်တယ်လှပခြင်းရှိသော သတို့သမီးသည် ဤ(ယခုတွေ့မြင် ရသည့်) သတို့သမီးလျှင် လွန်သောအတိုင်းအရှည်ရှိသည် ဖြစ်လေရာ၏ (=ဤယခု တွေ့မြင်ရသည့် သတို့သမီးထက် တင့်တယ်လှပသော သတို့သမီးဟူ၍ မရှိနိုင်လေရာ)။ ဤရုပ်ရည်အဆင်း ဟူသည်ကား အချို့သော သတို့သမီးများ၏ အဖို့ရာ သလဲသီးမှည့်ကဲ့သို့ နုနုထွတ်ထွတ် ဖြစ်ရှိနိုင်ပေသည်။ စကားစကို ဖြစ်စေ၍ ပြောဆိုကြည့်ကြမှသာလျှင်
၂၅၃
‘ဤသတို့သမီးသည် ချိုမြိန်သော နှုတ်သံစကား ရှိ၏, မရှိ၏’ဟု သိနိုင်ကြပေလိမ့်မည်”ဟု ကြံစည် ဆင်ခြင်မိကြလေ၏။ ထို့နောက် လူကြီးများနှင့် ဝိသာခါ သူဌေးသမီးတို့ စကားအပြန်အလှန် မေးကြ, ဖြေကြသည်မှာ-
(လူကြီးများ)
သမီး.. သမီးသည် အလွန် အရွယ်ရင့်ရော်သော မိန်းမကြီးကဲ့သို့ သွားဘိတကား။
(ဝိသာခါ)
ဖခင်တို့.. ဖခင်တို့သည် အဘယ်ကိုမြင်၍ ဤသို့ ပြောဆိုကြပါသနည်း။
(လူကြီးများ)
သင်ချစ်သမီးနှင့် အတူတကွ ကစားဖော်ဖြစ်ကြသည့် အခြားသတို့သမီးများသည် မိုးစွတ်အံ့သည်မှ ကြောက်ကြသောကြောင့် အဟုန်လျင်စွာ ပြေးလာကြ၍ ဤစရပ်အတွင်းသို့ ဝင်ရောက်ခိုလှုံကြပါသည်။ သင်ချစ်သမီးသည်ကား အရွယ်ကြီးသော မိန်းမကြီးကဲ့သို့ ခြေလှမ်းကိုလွန်၍ မလာခဲ့ချေ။ ထဘီကို မိုးစွတ်မည်ကိုလည်း သင်ချစ်သမီးကား မရေတွက်ပေ၊ အကယ်၍များ ချစ်သမီးကို ဆင်ဖြစ်စေ မြင်းဖြစ်စေ လိုက်လာခဲ့လျှင် ချစ်သမီးသည် ဤကဲ့သို့ပင် နုံ့နုံ့နှေးကန် ပြုလုပ်မည်လော။
(ဝိသာခါ)
ဖခင်တို့.. ထဘီများ ဆိုသည်မှာ လောကဝယ် ရခဲသောအရာမဟုတ်ပါ။ သမီး၏အိမ်မှာ ထဘီများကို ရလွယ်လှပါကုန်၏။ အရွယ်ရောက်သည့် မာတုဂါမ မင်းမိန်းမတို့ ဟူသည်ကား ရောင်းကုန်နှင့် တူကြပါသည်၊ မတော်တဆ ပြေးသွားသဖြင့် လက်သော်၎င်း, ခြေသော်၎င်း ကျိုးသွားခဲ့ပါမူ အင်္ဂါချို့တဲ့သော မာတုဂါမ မင်းမိန်းမကို ယောက်ျားတို့သည် စက်ဆုပ်ရွံရှာ တံတွေးထွေး၍သာ သွားကြပါကုန်၏။ ထို့ကြောင့် သမီးသည် ဖြေးဖြေးသာ လာခဲ့ပါသည်။
၂၅၄
ထိုအခါ လူကြီးများသည် “ဤဇမ္ဗူဒိပ်ကျွန်းအပြင်မှာ ဤသတို့သမီးနှင့် တူညီသော မင်းမိန်းမသည် မရှိချေ၊ ရုပ်ရည်အဆင်း တင့်တယ်ခြင်းနှင့် ပြည့်စုံသကဲ့သို့ ချေချေငံငံ ပြောဆိုသော အသံမှာလည်း သာယာချိုမြိန်လှပေ၏။ အကြောင်းဟုတ်သည်, မဟုတ်သည်ကို သိ၍ ပြောဆိုပေ၏ = အရည်အချင်း, အဆင်း အသံ = ဤနှစ်တန်နှင့် လောက်ငံကုံလုံသူ ဖြစ်ပေ၏”ဟု ကြံစည် ဆင်ခြင်ကြပြီးလျှင် ဝိသာခါ၏အပေါ်၌ ပန်းလုံးကို ပစ်တင်လိုက်ကြလေကုန်၏။ ထိုအခါ ဝိသာခါသူဌေးသမီးသည် “ငါကား ရှေးအခါက အသိမ်းအပိုက် မခံရသေးသူ ဖြစ်ချေသည်။ ယခုမှာကား အသိမ်းအပိုက်ခံရပြီးသူ ဖြစ်ချေပြီ”ဟု ကြံစည်ဆင်ခြင်၍ ယဉ်ကျေးသော အခြင်းအရာဖြင့် ထိုနေရာမှာပင် မြေ၌ ထိုင်လိုက်လေ၏။ ထိုအခါ လူကြီးများသည် ဝိသာခါသူဌေးသမီးကို ထိုနေရာ၌ပင် တင်းထိမ်ကန့်လန့်ကာဖြင့် ဝန်းရံကြလေကုန်၏။ ဝိသာခါသူဌေးသမီးသည် တင်းတိမ်ကန့်လန့်ကာ ဝန်းရံပြီး၍ ဖုံးလွှမ်းအုပ်ခြုံ လုံလဲသောအဖြစ်ကို သိရှိပြီးမှ ကျွန်မအပေါင်း ခြံရံလျက် မိမိအိမ်သို့ သွားလေ၏။ မိဂါရသူဌေး၏ လူကြီးများသည်လည်း ဝိသာခါသူဌေးသမီးနှင့် အတူ တကွပင် ဓနဉ္ဇယသူဌေးကြီး၏အထံသို့ လိုက်ပါသွားရောက်ကြလေကုန်၏။
ထိုနောက် ဓနဉ္ဇယသူဌေးကြီးနှင့် လူကြီးများ အချင်းချင်း ကြောင်းလမ်းစကား ပြောကြားကြသည်မှာ-
(ဓနဉ္ဇယသူဌေးကြီး)
အမောင်တို့.. အမောင်တို့သည် အဘယ်ရွာ၌ နေသူများ ဖြစ်ကြပါသနည်း။
(လူကြီးများ)
အရှင်သူဌေးမင်း.. အကျွန်ုပ်တို့သည် သာဝတ္ထိပြည်နေ မိဂါရသူဌေးမင်း၏ လူကြီးများ ဖြစ်ကြပါသည်။ အကျွန်ုပ်တို့၏ သူဌေးမင်းက အရှင်သူဌေးမင်းတို့၏အိမ်မှာ အရွယ်ရောက်သော သမီးကညာ ရှိသည်ဟု သတင်းကြား၍ အကျွန်ုပ်တို့ကို ကြောင်းလမ်းစကား ပြောကြားကြရန် စေလွှတ်အပ်ပါကုန်သည်။
၂၅၅
(ဓနဉ္ဇယသူဌေးကြီး)
ကောင်းပြီ အမောင်တို့.. အမောင်တို့၏ သူဌေးသည် စည်းစိမ်ဥစ္စာအနေအားဖြင့် ငါတို့နှင့် မတူညီသော်လည်း အမျိုးဇာတ်အားဖြင့်မူ (သူဌေးမျိုးဖြစ်၍) တူညီပေ၏။ စည်းစိမ်ရော, အမျိုးဇာတ်ပါ ခပ်သိမ်းသော အခြင်းအရာဖြင့် တူညီမှု တည်းဟူသော ဂုဏ်နှင့် ပြည့်စုံသူကိုကား လောက၌ ရခဲလှပေ၏၊ အမောင်တို့သည် ပြန်ကြကုန်လော့၊ အမောင်တို့၏ သူဌေးအား ငါတို့က လက်ခံလိုက်ကြောင်းကိုသာ ပြောကြားကြလော့။
မိဂါရသူဌေး၏ လူကြီးများသည် ဓနဉ္ဇယသူဌေးကြီး၏ စကားကို ကြားနာကြပြီးလျှင် သာဝတ္ထိပြည်သို့ ပြန်ခဲ့ကြ၍ မိဂါရသူဌေးအား ဝမ်းမြောက်ဖွယ်စကား, တိုးပွါးမည့်စကား ပြောကြားပြီးလျှင် “အရှင်သူဌေးမင်း.. အကျွန်ုပ်တို့သည် သာကေတမြို့ဝယ် ဓနဉ္ဇယသူဌေးကြီး၏ အိမ်၌ သမီးဝိသာခါ သတို့သမီးကို ရအပ်ခဲ့ပါပြီ”ဟု ပြောဆိုကြလေကုန်၏။ ထိုစကားကို ကြား၍ မိဂါရသူဌေးသည် “မြတ်သော အမျိုးကြီးအိမ်၌ ငါတို့သည် သတို့သမီးကို ရအပ်ပြီတဲ့”ဟု နှစ်လိုအားရမ်း ဝမ်းမြောက်သော စိတ်ရှိလျက် ထိုခဏမှာပင် ဓနဉ္ဇယသူဌေးကြီး အထံသို့ “ယခု (ရက်များမကြာမီ)ပင်လျှင် သတို့သမီးကို လာရောက် ဆောင်ယူကြပါမည်။ ပြုသင့်ပြုထိုက်သော ကိစ္စများကို ပြုလုပ်ထားကြစေချင်ပါသည်”ဟု သတင်းစကား သဝဏ်လွှာ ပါးလိုက်လေ၏။ ဓနဉ္ဇယသူဌေးကြီးကလည်း မိဂါရသူဌေးအထံသို့ “ဤပြုသင့်ပြုထိုက်သော ကိစ္စများကို အသင့်ပြုလုပ်ထားဖို့ရန် ငါတို့အဖို့ ဝန်မလေးပါ = တာဝန်မဟုတ်ပါ၊ စင်စစ်သော်ကား သူဌေးကြီးသည်သာ မိမိ ပြုလုပ်ရွက်ဆောင်ရမည့် ကိစ္စကို ပြုလုပ် ဆောင်ရွက်စေချင်ပါသည်”ဟု အတုံ့သတင်းစကား သဝဏ်လွှာပြန်၍ ပါးလိုက်လေ၏။
ကောသလမင်းကြီး ထိမ်းမြားမင်္ဂလာပွဲသို့ လိုက်ပါခြင်း
မိဂါရသူဌေးသည် ကောသလမင်းကြီးထံသို့ သွားရောက်၍ “အရှင်မင်းကြီး.. အကျွန်ုပ်မှာ မင်္ဂလာကိစ္စတခု ဖြစ်လာပါသည်။ အရှင်မင်းကြီး၏ ကျွန်ရင်း ပုဏ္ဏဝဍ္ဎန သတို့သား၏အတွက်
၂၅၆
ဓနဉ္ဇယသူဌေးကြီး၏သမီး ဝိသာခါမည်သော သတို့သမီးကို သွားရောက် ဆောင်ယူရပါမည်၊ အကျွန်ုပ်အား သာကေတမြို့သို့ သွားရောက်ရန် ခွင့်ပြုတော်မူကြပါကုန်လော့”ဟု ခွင့်ပန်စကား လျှောက်ထားလေ၏။ ကောသလမင်းကြီးက “ကောင်းပြီ သူဌေးကြီး.. ငါတို့ကော လိုက်ပါရန် လိုအပ်ပါသေးသလော”ဟု မေးမြန်းလေလျှင် မိဂါရသူဌေးသည် “အရှင်မင်းကြီး.. အရှင်မင်းကြီးတို့ကဲ့သို့သော ပုဂ္ဂိုလ်များ၏ လိုက်ပါခြင်းကို အကျွန်ုပ်တို့ကဲ့သို့သော သူများသည် အဘယ်သို့လျှင် ရနိုင်ပါမည်နည်း (=ရဖို့ရန်မလွယ်ကူ-ဟု ဆိုလိုသည်)”ဟူ၍ ပြန်ကြား လျှောက်ထားလေ၏။ ထိုအခါ ကောသလမင်းကြီးသည် အမျိုးကြီးနှစ်ဖက်အား ချီးမြှောက်မှုကို ပြုလိုရကား “ရှိပါစေ သူဌေးကြီး..၊ ငါသည်လည်း လိုက်ပါပေအံ့”ဟု ဝန်ခံစကား ပြောကြား၍ မိဂါရသူဌေးကြီးနှင့်အတူ သာကေတမြို့သို့ လိုက်ပါလေ၏။
ဓနဉ္ဇယသူဌေးကြီးသည်လည်း “ယခုအခါ မိဂါရသူဌေးသည် ကောသလမင်းကြီးကိုပါ ခေါ်ဆောင်၍ ငါတို့၏ သာကေတမြို့သို့ လာနေပြီတဲ့”ဟု သတင်းစကား ကြားသိရလေလျှင် ကိုယ်တိုင်ပင် ခရီးဦးကြိုဆို၍ မင်းကြီးကို တမြတ်တနိုး ခေါ်ယူခဲ့ကာ မိမိ၏နေအိမ်သို့ သွားလေ၏။ အိမ်ရောက်လျှင်ပင် မင်းကြီးအတွက်၎င်း, မင်းကြီး၏ စစ်သည်ဗိုလ်ပါအတွက်၎င်း, မိဂါရသူဌေးနှင့်တကွ လူများအတွက်၎င်း နေရာထိုင်ခင်း, ပန်း , နံ့သာ, ထမင်း-စသည် အလုံးစုံကို အပြီးစီမံလေ၏။ “ဤသူအတွက် ဤအရာဝတ္ထုကို ရမှသင့်မည်၊ ဤသူအတွက် ဤအရာဝတ္ထုကို ရမှသင့်မည်”ဟု အားလုံးအတွက် လိုအပ်သည့် အရာဝတ္ထုမှန်သမျှကို ဓနဉ္ဇယသူဌေးကြီးသည် ကိုယ်တိုင်ပင် သိရှိဆင်ခြင် ပြည့်စုံအောင် စီရင်လေ၏။ ထိုထိုလူအများတို့သည် “ဓနဉ္ဇယသူဌေးကြီးသည် ငါတို့အားသာ ဂရုတစိုက် ပူဇော်မှုကိုပြု၍ နေ၏”ဟု ကြံစည်မှတ်ထင်ကြလေကုန်၏။
တနေ့သ၌ ပသေနဒိ ကောသလမင်းကြီးသည် ဓနဉ္ဇယသူဌေးကြီး အထံသို့ “သူဌေးကြီးသည် ငါတို့လူတွေ အလွန်များလှသည့်အတွက်
၂၅၇
အခါလေးမြင့် ငါတို့အား ပြုစု,ကျွေးမွေးမှုကို ပြုလုပ်နိုင်လိမ့်မည်မဟုတ်၊ သို့ရကား သတို့သမီး၏ သာဝတ္ထိသို့ လိုက်ပါသွားရောက်ရန် အခါကို ဆင်ခြင်စဉ်းစားစေချင်သည်”ဟု သတင်းစကား ပို့သစေလေ၏။ ဓနဉ္ဇယသူဌေးကြီးကလည်း မင်းကြီးအထံသို့ “ယခုအခါ မိုးကာလသို့ ရောက်ခဲ့လေပြီ၊ လေးလကြာ စစ်သည်ဗိုလ်ပါတို့ လှည့်လည်သွားနိုင်ကြမည် မဟုတ်ပါ။ အရှင်မင်းကြီး၏ စစ်သည်ဗိုလ်ပါတို့အတွက် ရသင့်သမျှဥဿုံ (လိုအပ်သမျှဥဿုံ) အလုံးစုံသည် အကျွန်ုပ်၏တာဝန် ဖြစ်ပါစေ၊ စင်စစ်သော်မူ အရှင်မင်းကြီးသည် အကျွန်ုပ်က ပို့သသောအခါမှ သာဝတ္ထိပြည်သို့ ပြန်ကြွစေချင်ပါသည်”ဟု သတင်းတုံ့တဖန် ပို့သစေပြန်လေ၏။
ထိုအချိန်မှစ၍ သာကေတ တမြို့လုံးသည် အမြဲတမ်း ပွဲလမ်းသဘင် ခံနေသော ရွာကြီးကဲ့သို့ဖြစ်၍ နေလေ၏။ ဤနည်းဖြင့် ဝါတွင်းသုံးလလွန်မြောက် သီတင်းကျွတ်လပြည့်ကျော်သို့ ရောက်ခဲ့လေပြီ။ အထူးအားဖြင့် ဓနဉ္ဇယသူဌေးကြီးက မိမိ၏သမီး ဝိသာခါ ဆင်မြန်းရန် စီမံနေသော မဟာလတာ တန်းဆာကြီးကား အပြီးသို့ မရောက်သေးချေ။ ထိုအခါ ဓနဉ္ဇယသူဌေးကြီး၏ အလုပ်အမှုဆောင် လူကြီးတို့သည် သူဌေးကြီးထံ လာရောက်ကြ၍ “အရှင်သူဌေးမင်း.. အခြား ကြွင်းကျန်သော ပစ္စည်းဝတ္ထုများ မရှိသောဟူ၍ မပြည့်စုံသောဟူ၍ မရှိပါ၊ မပြည့်စုံသော အရာဝတ္ထုမှာ စစ်သည်ဗိုလ်ပါ ပရိသတ်အတွက် ထမင်းချက်ရန် ထင်းများ မလောက်မင ဖြစ်နေကြပါသည်”ဟု ဓနဉ္ဇယသူဌေးကြီးအား လာရောက် ပြောကြားကြလေကုန်၏။ ထိုအခါ သူဌေးကြီးက “အမောင်တို့.. သွားကြကုန်၊ ဆင်တင်းကုပ် မြင်းတင်းကုပ်များကို ဖျက်ခွါ၍ ထင်းအဖြစ် အသုံးပြုကာ ထမင်းချက်ကြကုန်လော့”ဟု အမိန့်ပေး ပြောဆိုသဖြင့် အလုပ်အမှုဆောင် လူကြီးများသည် သူဌေးကြီးပြောဆိုသည့်အတိုင်း ဆင်တင်းကုပ် မြင်းတင်းကုပ်များကို ဖျက်ခွါ၍ ထင်းအဖြစ် အသုံးပြုကြကာ ထမင်းချက်ကြသဖြင့် လ-ဝက် (၁၅-ရက်အချိန်) လွန်ခဲ့ပြန်လေ၏။
၂၅၈
လ-ဝက် (=၁၅-ရက်) လွန်သောအခါ အလုပ်အမှုဆောင် လူကြီးများသည် သူဌေးကြီးအား “အရှင်သူဌေးမင်း.. ထင်းများ မလောက်ငပါကုန်”ဟု တဖန် ပြောကြားကြပြန်ကုန်၏။ ထိုအခါ ဓနဉ္ဇယသူဌေးကြီးသည် “အမောင်တို့.. ယခုအခါ၌ မိုးကာလဖြစ်၍ ထင်းများကို ရနိုင်လိမ့်မည်မဟုတ်၊ မောင်တို့ ပြုလုပ်ကြစေချင်သည်မှာ ငါတို့၏ ပုဆိုးကျီတိုက် (=အဝတ်ဂိုဒေါင်)များကို ဖွင့်၍ ပုဆိုးကြမ်း အထည်ကြမ်းတို့ကို ယူဆောင် ကြကာ ကြိုးအလွန်းပြုလုပ်ကြလျက် ဆီအိုးကြီးများ၌ စိမ်ပြီးလျှင် ထမင်းချက်ကြစေလိုသည်”ဟု အမိန့်ပေးစကား ပြောကြားလေ၏။ ဤနည်းဖြင့် ထမင်းချက်၍ လာခဲ့ကြရာ လေးလတင်းတင်းပြည့်၍ တန်ဆောင်မုန်းလပြည့်နေ့သို့ ရောက်ခဲ့လေ၏။ ထိုအခါ၌ မဟာလတာ တန်းဆာကြီးလည်း ပြီးဆုံးလေ၏။
ထိုအခါ ဓနဉ္ဇယသူဌေးကြီးသည် သမီးဝိသာခါအတွက် မဟာလတာတန်းဆာကြီး ပြီးဆုံးကြောင်းကို ကြားသိရ၍ “နက်ဖြန်ခါ သတို့သမီးကို သတို့သားအိမ်သို့ ပို့သရတော့မည်” ဆိုရသောနေ့၌ သမီးဝိသာခါကို မိမိအနီး၌ ထိုင်နေစေပြီးလျှင် “ချစ်သမီး.. အရှင်သခင် လင်၏အိမ်၌ နေထိုင်သော အိမ့်ရှင်မမည်သည် ဤမည် ဤမည်သော အကျင့်ကို သင်ကြား တတ်မြောက်ခြင်းငှါ သင့်၏”ဟု အဆုံးအမ = ဩဝါဒကို ပေးလေ၏။ ထိုအချိန်၌ မိဂါရသူဌေးသည် အခြားမဲ့ဖြစ်သော တိုက်ခန်း၌ ထိုင်နေလျက် ဓနဉ္ဇယသူဌေးကြီးက သမီးဝိသာခါအား ပေးအပ်သော ဩဝါဒ = အဆုံးအမကို နားစိုက်၍ ထောင်နေလေ၏။ ဓနဉ္ဇယသူဌေးကြီးကလည်း သမီးဝိသာခါကို ဤဆိုလတ္တံ့သောအတိုင်း ဆုံးမသင်ကြားပေးလေသည်-
“ချစ်သမီး.. ယောက္ခမအိမ်၌နေသော ချွေးမမည်သည်—
(၁) အိမ်တွင်းကမီးကို အပြင်သို့ မထုတ်ဆောင်ရ၊
(၂) အပြင်အပအိမ်က မီးကို မိမိအိမ်တွင်းသို့ မသွင်းဆောင်ရ၊
၂၅၉
(၃) ပြန်ပေးသောသူတို့အားသာ ပေးရမည်၊
(၄) ပြန်မပေးသောသူတို့အား မပေးရ၊
(၅) ပေးသော်၎င်း, မပေးသော်၎င်း ပေးရမည်၊
(၆) ချမ်းသာစွာ ထိုင်နေရမည်၊
(၇) ချမ်းသာစွာ စားရမည်၊
(၈) ချမ်းသာစွာ အိပ်ရမည်၊
(၉) မီးကို ရိုသေစွာ ပြုစုလုပ်ကျွေးရမည်၊
(၁၀) အိမ်တွင်းနတ်တို့ကို ရှိခိုးရမည်”–
ဟု ဤဩဝါဒ ၁၀-ပါးကို သင်ကြားဆုံးမပေးလေသည်။ (ဤဩဝါဒ ၁၀-ချက်၏ အဓိပ္ပါယ် ဆိုလိုရင်းကို အောက် မဟာဗုဒ္ဓဝင် စတုတ္ထတွဲ စာမျက်နှာ ၄၇၉-၄၈၀-တို့၌ ပြန်၍ ကြည့်ရှုကုန်ရာ၏)။
ဓနဉ္ဇယသူဌေးကြီးသည် သမီးဝိသာခါအား ဤဩဝါဒ ၁၀-ပါးကို ပေးပြီးလျှင် နောက်တနေ့၌ အားလုံးသော အသင်းအပင်းတို့ကို စုဝေးစေ၍ မင်း၏ စစ်တပ်အလယ်၌ ပညာရှင် သူကြွယ်ရှစ်ဦးတို့ကို အာမခံယူစေ၍ “အကယ်၍ ရောက်လေရာအရပ်၌ ကျွန်ုပ်သမီး၏အတွက် အပြစ်တစုံတရာ ဖြစ်ရှိခဲ့သော် အမောင်ပညာရှင် သူကြွယ်ကြီးရှစ်ဦးတို့က သုတ်သင် ဖြေရှင်းပေးကြပါလေ”ဟု မှာထားပြောဆိုပြီးနောက် မိမိသမီး ဝိသာခါကို ကိုးကုဋေတန်သော မဟာလတာတန်းဆာဖြင့် တန်းဆာဆင်စေလေသည်။ သမီးအား နံ့သာမှုန့်ဖိုးအနေဖြင့် လှည်းအစီးပေါင်း (၁၅၄) တရာ့ငါးဆယ့်လေးစီးတိုက် ဥစ္စာကို ပေးလေသည်။ သမီးနှင့် အတူတကွ အမြဲမပြတ် သွားလာလှည့်လည်ကြမည့် ကျွန်မငါးရာတို့ကို၎င်း, အာဇာနည်မြင်းကသော ရထားအစီး ငါးရာတို့ကို၎င်း, အသုံးအဆောင် အမျိုးစုံကိုလည်း တမျိုးတမျိုးလျှင် တရာစီ တရာစီကို၎င်း ပေးလေသည်။ ထိုသို့ပေးပြီးမှ ကောသလမင်းကြီးနှင့် မိဂါရသူဌေးကို အလျင်လက်ဦး သွားရောက်နှင့်ရန် လွှတ်လိုက်လေ၏။
၂၆၀
ထို့နောင်မှ ဓနဉ္ဇယသူဌေးကြီးသည် သမီးဝိသာခါ သွားတော့မည့်အချိန်၌ နွားခြံအုပ် လူကြီးများကို ခေါ်စေပြီးလျှင် “အမောင်တို့.. သမီး၏အဖို့ရာ ရောက်လေရာအရပ်၌ နွားနို့သောက်သုံးရန် နို့စားနွားမများကို၎င်း, ယာဉ်က-ရန် ဥသဘနွားလားတို့ကို၎င်း လိုပေလိမ့်မည်၊ သို့ရကား ငါ့သမီးသွားမည့်လမ်း၌ နွားခြံကိုဖွင့်၍ အနံ = အပြန့် ပမာဏအားဖြင့် ရှစ်ဥသဘ (တဥသာလျှင် တာ၂၀-ရှိသည်) အရပ်သို့တိုင်တိုင် နွားအပေါင်းဖြင့် ပြည့်စေ၍ သုံးဂါဝုတ်ထက်၌ ဤအမည်ရှိသော ရေစားထားသည့် ချောက်ကြီးရှိသည်၊ နွားအုပ်အဦးအဖျား ထိုနေရာသို့ရောက်မှ စည်သံ အချက်အမှတ်ပေး၍ နွားခြံကို ပိတ်ကြလော့”ဟု ပြောဆို အမိန့်ပေးလေ၏။ နွားခြံအုပ် လူကြီးများသည် ကောင်းပါပြီဟု ဝန်ခံ၍ သူဌေးကြီး ပြောဆိုမိန့်ကြားသည့်အတိုင်း ရွက်ဆောင်စီမံ ပြုလုပ်ကြလေကုန်၏။ နွားခြံတံခါးကို ဖွင့်အပ်သည်ရှိသော် အရေအသား ကြီးထွားဖွံ့ဖြိုး ကြသည့် နို့စားနွားမတို့သာလျှင် ထွက်ကြလေကုန်၏၊ တံခါးကို ပိတ်အပ်သော်ကား ဝိသာခါ၏ ရှေးကောင်းမှု (=ကဿပမြတ်စွာ သာသနာဝယ် သံဃာတော်များ ဆွမ်းစားပြီးသော်လည်း “အရှင်တို့.. ဤခဲဖွယ်, ဘောဇဉ်ကား သလိပ်, သည်းခြေ, လေဒေါသကို အထူးနိုင်နင်းပါသည်” ဤသို့ အစရှိသည်ဖြင့် မစားချင် စားချင်အောင် လျှောက်ထားကာ လိုသည်ထက်ပို၍ လှူဒါန်းခဲ့သော ကောင်းမှု) ကုသိုလ်အစွမ်းကြောင့် အားအင်ခိုင်ဖြီး ခိုင်းနွားကြီးများ နွားသိုးများသည်လည်း ခြံကိုခုန်ကျော်၍ အပြင်သို့ထွက်ကြကာ လမ်းခရီးသို့ အပြီးလိုက်ပါကြလေကုန်၏။
ဝိသာခါ သာဝတ္ထိပြည်သို့ ဝင်ပုံ
ထို့နောက် ဝိသာခါသူဌေးမသည် သာဝတ္ထိပြည် မြို့တံခါးဝသို့ ရောက်လတ်သော် “ငါသည် ဖုံးကွယ်သောယာဉ်၌ ထိုင်၍တည်း မြို့သို့ဝင်ရကောင်းမည်လော၊ သို့မဟုတ် ရထား၌ ရပ်တည်ကာ ကိုယ်ကို ထင်စွာပြ၍ ဝင်ရကောင်းမည်လော”ဟု စဉ်းစား ဆင်ခြင်မိလေ၏။ ထို့နောက် ဆက်၍ ဝိသာခါသူဌေးမ၏ စိတ်သန္တာန်ဝယ်
၂၆၁
“ဖုံးကွယ်သောယာဉ်ဖြင့် မြို့သို့ ၀င်သည်ရှိသော် ငါ့အဖို့ရာ မဟာလတာတန်းဆာ၏ ထူးကဲသော ဂုဏ်ကျေးဇူးသည် ထင်ရှားလိမ့်မည် မဟုတ်”ဟု အကြံအစည် ဖြစ်ရှိလာလေသည်။ ဝိသာခါသူဌေးမသည် သာဝတ္ထိပြည်အလုံးအား မိမိကိုယ်ကို ထင်ရှားပြလျက် ရထား၌ ရပ်တည်ကာ မြို့တွင်းသို့ ဝင်လေ၏။ သာဝတ္ထိ ပြည်သူပြည်သားတို့သည် ဝိသာခါ၏ အသရေကို မြင်ကြရ၍ “ဝိသာခါသူဌေးမ ဆိုသည်မှာ ဤအမျိုးသမီးတဲ့, ဤသို့စင် အဆင်းရုပ်ရည် အသရေနှင့် ပြည့်စုံပါဘိ၏၊ ဤစည်းစိမ်အသရေသည်လည်း ဤအမျိုးသမီးအားသာလျှင် သင့်လျော် လျောက်ပတ်လှပါပေ၏”ဟု ပြောဆို ချီးမွမ်းကြလေကုန်၏။ ဤသို့လျှင် ဝိသာခါသူဌေးမသည် ကြီးစွာသော စည်းစိမ်,အသရေဖြင့် မိဂါရသူဌေးအိမ်သို့ ဝင်လေသည်။
ဝိသာခါသူဌေးမ ရောက်လာသော နေ့မှာပင် မြို့သူမြို့သား အားလုံးတို့သည် “ငါတို့အား ဓနဉ္ဇယသူဌေးကြီးသည် မိမိ(သာကေတ)သို့ ရောက်ရှိကြစဉ်က ကြီးစွာသော ပူဇော်သက္ကာရ ယုယမှု ပြုစုခဲ့ပါပေသည်”ဟု ကြံစည်အောက်မေ့ကြကာ မိမိတို့ စွမ်းအားအလျောက် လက်ဆောင်ပဏ္ဏာများကို ဝိသာခါသူဌေးမထံသို့ ပို့သကြလေ၏။ ဝိသာခါသူဌေးမသည် ပို့တိုင်း ပို့တိုင်းသော လက်ဆောင်ပဏ္ဏာကို ထိုမြို့မှာပင် အခြားအခြားသော အိမ်တို့၌ အလုံးစုံပင် နှံ့စပ်အောင် ပေးစေပြန်လေ၏။ (ဤသို့လျှင် ဝိသာခါသည် ရောက်သည့်နေ့မှာပင် ပေးကမ်းခြင်း = ဒါနသင်္ဂဟတရားဖြင့် သာဝတ္ထိ ပြည်သူပြည်သားများ၏ စိတ်နှလုံးကို ယူကျုံးမိလေ၏။)
ထိုအခါ ဝိသာခါ၏အဖို့ရာ ညဉ့်ဦးယံ၏ အခြားမဲ့ကာလ၌ ထို မိဂါရသူဌေးအိမ်ဝယ် အာဇာနည်မြည်းမတကောင်၏ ကိုယ်ဝန်သား ဖွားမြင်ခြင်းကိစ္စတရပ် ဖြစ်ပေါ်ကြုံတွေ့၍လာလေ၏။ ဝိသာခါသူဌေးမသည် မိမိ၏အစေခံ ကျွန်မများကို ဆီမီးတိုင်များကို ကိုင်စေ၍ ထိုမြည်းမ (=လားမ) သားဖွားရာနေရာသို့ သွားရောက်ကာ မြည်းမ (=လားမ)ကို ရေနွေးဖြင့် ရေချိုးပေးစေပြီး
၂၆၂
ဆီဖြင့် လိမ်းကျံစေပြီးနောက် မိမိနေရာ ဌာနသို့သာလျှင် သွားလေ၏။
မိဂါရသူဌေး၏ ဧည့်ခံပွဲ
မိဂါရသူဌေးသည်လည်း ခုနစ်ရက်ပတ်လုံး သားအတွက် ထိမ်းမြားမင်္ဂလာဧည့်ခံပွဲ ကျင်းပပြုလုပ်လေသည်။ ထိုသို့ ပြုလုပ်သည်ရှိသော် မိမိတို့မြို့ဦး ဇေတဝန် ကျောင်းတိုက်တော်၌ မြတ်စွာဘုရားရှင် သီတင်းသုံး နေထိုင်တော်မူသည်ကိုပင် (မိစ္ဆာအယူရှိသူဖြစ်၍) နှလုံးမသွင်း = အမှတ်မရပဲ ခုနစ်ရက်မြောက် ရောက်သောနေ့၌ မိမိတအိမ်လုံးပြည့်အောင် အဝတ်မစည်း အချည်းနှီးသော တက္ကတွန်းရဟန်းတို့ကို ဖိတ်ခေါ် နေရာပေးပြီးလျှင် “ငါ၏သမီးသည် လာလော့၊ ရဟန္တာတို့ကို ရှိခိုးလှည့်လော့”ဟု ဝိသာခါထံသို့ သတင်းပို့စေလေ၏။ ဝိသာခါ သူဌေးမသည် “ရဟန္တာများ”ဟူသော စကားကို ကြားရလျှင်ပင် သောတာပန် အရိယသာဝိကာ ဖြစ်ရကား အားရဝမ်းသာ ဖြစ်ရှိကာ ထိုတက္ကတွန်းရဟန်းတို့ ထိုင်နေရာအရပ်သို့ သွားရောက်၍ ထိုတက္ကတွန်းကို မြင်ရလေလျှင် “ဤသို့သဘောရှိသော ပုဂ္ဂိုလ်တို့မည်သည် အဘယ်နည်းဖြင့်မျှ ရဟန္တာများ မဟုတ်ကြကုန်၊ အရှက်,အကြောက် = ဟိရီ,ဩတ္တပ္ပ လုံးဝကင်းသည့် တက္ကတွန်းတို့အထံသို့ အဘယ့်ကြောင့် ငါ့ကို ယောက္ခမကြီးသည် ခေါ်ဘိသနည်း”ဟု စိတ်အပျက်ကြီးပျက်ကာ “ဓီ,ဓီ = ထွီ,ထွီ”ဟု ကဲ့ရဲ့၍ မိမိနေရာ တိုက်ခန်းသို့သာလျှင် ပြန်သွားလေ၏။
အဝတ်မလွှမ်း တက္ကတွန်းတို့သည် ထိုအခြင်းအရာကို မြင်ကြရ၍ အားလုံး တပြိုင်နက် တညီတညွတ်တည်းပင် မိဂါရသူဌေးကို “သူဌေး.. သင်သည် အခြားတပါးသော ချွေးမသတို့သမီးကို မရနိုင်ဘူးလော၊ (=ရနိုင်သည်သာ)၊ ရဟန်းဂေါတမ၏ တပည့်မ ကျက်သရေယုတ်မကြီးကိုမှ အဘယ့်ကြောင့် ဤသင့်အိမ်သို့ သွင်းဘိသနည်း၊ လျင်လျင်မြန်မြန် ထိုကာဠကဏ္ဏီ = ကျက်သရေမဲ့သည့် အယုတ်တမာမကို ဤအိမ်မှ နှင်ထုတ်လော့”ဟု ကဲ့ရဲ့စကား ပြောကြားကြလေ၏။ ထိုအခါ မိဂါရသူဌေးသည် “ငါကား
၂၆၃
ဤတက္ကတွန်းရဟန်းတို့၏ စကားကြောင့် ဤဝိသာခါချွေးမကို အိမ်မှ မနှင်ထုတ်နိုင်၊ ဤဝိသာခါချွေးမကား အမျိုးကြီး၏သမီး ဖြစ်လေသည်”ဟု ကြံစည်ဆင်ခြင်၍ “ဆရာတို့.. ငယ်ရွယ်သူတို့မည်သည် သိ၍ဖြစ်စေ, မသိမူ၍ဖြစ်စေ စိတ်လိုက်မာန်ပါ ပြုတတ်, ပြောတတ်ကုန်ရာပါသည်၊ ဆရာတို့သည် ဆိတ်ဆိတ်သာ နေကြပါကုန်လော့”ဟု တက္ကတွန်းတို့ကို ချွေးသိပ်စကား ပြောကြား၍ လွှတ်လိုက်လေ၏။
မိဂါရသူဌေး မခံမရပ်နိုင်အောင်ဖြစ်ခြင်း
ထို့နောက် ဝိသာခါသည် ယောက္ခမ မိဂါရသူဌေးကို (ချွေးမလိမ္မာပြီပြီ) မြတ်သောပလ္လင်၌ ထိုင်နေစေ၍ ရွှေယောက်ချိုကို ကိုယ်တိုင်ကိုင်ကာ ရွှေခွက်၌ ရေမရောသည့် ချိုမြိန်သောနို့ဃနာ အပြည့်ထည့်လျက် တရိုတသေ ပြုစုလုပ်ကျွေးလေ၏။ မိဂါရသူဌေးသည်လည်း ချွေးမလိမ္မာ ဝိသာခါ၏ အပြုအစု အမှုအယုကို ခံယူကာ ရွှေခွက်၌ ထည့်ထားသည့် ရေမရောသော ချိုမြိန်သော နို့ဃနာကို မြိန်ရှက်စွာ စားသုံး၍ နေလေ၏။ ထိုအချိန်၌ ဆွမ်းခံ မထေရ်မြတ်တပါးသည် ဆွမ်းခံကြွရင်း မိဂါရသူဌေး၏ အိမ်တံခါးဝသို့ ရောက်တော်မူလာလေ၏။ ဝိသာခါသည် ထိုဆွမ်းခံမထေရ်ကို မြင်၍ “ငါကိုယ်တိုင် ယောက္ခမ (မိစ္ဆာဒိဋ္ဌိကြီး)အား ပြောကြားရန် မသင့်”ဟု ဆင်ခြင် စဉ်းစားမိ၍ မထေရ်မြတ်ကို မိဂါရသူဌေး မြင်လောက်အောင် မိမိက ဖယ်ရှား၍ ရပ်တည်နေလေ၏။ မိဂါရသူဌေးသည်ကား ပညာမဲ့သူဖြစ်၍ မထေရ်ကို မြင်ပါလျက်လည်း မမြင်ယောင်ဆောင်ကာ မျက်နှာကို အောက်ချ၍ နို့ဃနာကိုသာ စားသုံး၍ နေလေ၏။
ဝိသာခါသူဌေးမသည် “မထေရ်ကို မြင်ပါလျက်လည်း ငါ့ယောက္ခမ လူ့ဗာလကြီးသည် အမှတ်သညာကိုမျှ မပြု”ဟု သိရှိရိပ်မိကာ မထေရ်မြတ်အထံသို့ သွားရောက်၍ “ကန်တော့ဆွမ်းပါဘုရား.. တပည့်တော်မ၏ ယောက္ခမကြီးသည် အဟောင်းအမြင်းကိုသာ စားသုံး၍ နေပါသည်ဘုရား”ဟု ရှိခိုးလျှောက်ထားလေ၏။
၂၆၄
မိဂါရသူဌေးသည် တက္ကတွန်းတို့ ပြောဆိုတုန်းကမူ သည်းခံနိုင်သေး၏။ “အဟောင်းအမြင်းကိုသာ စားသုံး၍နေပါသည်”ဟု ပြောဆိုအပ်သော်ကား ထိုခဏမှာပင် မခံမရပ်နိုင်တော့ပဲ ရွှေခွက်မှ လက်ကိုဖဲပြီးလျှင် “ဤနို့ဃနာကို ဤနေရာမှ လွတ်ရာဖယ်ရှား ဆောင်ယူသွားကြလော့၊ ဤဝိသာခါကိုလည်း ဤအိမ်မှ နှင်ထုတ်ကြ ဆွဲထုတ်ကြလော့၊ မှန်၏- ဤဝိသာခါသည် ငါ့ကို ဤသို့စင် မင်္ဂလာရှိသောအိမ်၌ မင်္ဂလာနို့ဃနာထမင်း စားသုံးနေပါသည်ကို မစင်ကို စားသုံးသူဖြစ်အောင် ပြုမူပြောဆိုဘိ၏”ဟု အမိန့်ပေးစကား ပြောကြားလေ၏။ ထိုသို့ပင် မိဂါရသူဌေးက ပြောကြားအပ်သော်လည်း ထိုအိမ်မှာရှိသမျှ အလုံးစုံသော ကျွန်များ, အလုပ်သမားများသည် ဝိသာခါ၏ ဥစ္စာများ = လူများသာ ဖြစ်ကြကုန်၏၊ သို့ရကား အဘယ်သူသည် ဝိသာခါကို လက်၌ဖြစ်စေ, ခြေ၌ဖြစ်စေ ဆွဲကိုင်ဝံ့အံ့နည်း = မဆွဲမကိုင်ဝံ့သည်သာတည်း၊ (ဆွဲကိုင်ဘို့ နေနေသာသာ) ခံတွင်းဖြင့် = နှုတ်ဖြင့် ပြောဆိုစွမ်းနိုင်သောသူဟူ၍ တလူမျှ မရှိချေ။
ဝိသာခါ အရေးဆိုခြင်း
ထို့နောင်မှ ဝိသာခါသူဌေးမသည် ယောက္ခမ၏စကားကို ကြားပြီးလျှင် “အိုဖခင်.. ဤမျှသော တရားမဝင်သည့် စကားအစဉ်ဖြင့် ကျွန်တော်မတို့သည် ဤအိမ်မှ မထွက်နိုင်ကြပါ၊ ကျွန်တော်မကို အသင် ဖခင်သူဌေးတို့သည် ရေဆိပ်မှ ရေအိုးရွက်သော ကျွန်မကဲ့သို့ ဆောင်ယူအပ်ခဲ့သည် မဟုတ်ပါ၊ ထင်ရှားရှိသော မိဘနှစ်ပါးတို့၏ သမီးကောင်းများမည်သည် ဤမျှဖြင့် အိမ်မှထွက်သွားရိုး မရှိပါကုန်။ ဤအကြောင်းကြောင့်ပင် ကျွန်တော်မ၏ ဖခင်သည် ဤသာဝတ္ထိသို့ လာမည့်နေ့၌ ပညာရှိ သူကြွယ်လူကြီးမင်း ရှစ်ဦးတို့ကို ခေါ်စေ၍ ‘ငါ့သမီးကို အကြောင်းပြု၍ အပြစ်တစုံတရာ ဖြစ်ပေါ်ခဲ့လျှင် အမောင်တို့ ဖြေရှင်းသုတ်သင်ကြရမည်’ဟု မှာတမ်း ပြောဆိုကာ ထိုသူကြွယ်ပညာရှိကြီး ရှစ်ဦးတို့၏ လက်၌ ကျွန်တော်မကို အပ်နှံထည့်လိုက်ပါသည်။ ထိုသူကြွယ်ပညာရှိလူကြီး ရှစ်ဦးတို့ကို ခေါ်စေ၍ ကျွန်တော်မ၏အပြစ်
၂၆၅
ဟုတ်,မဟုတ်ကို သုတ်သင် ရှင်းလင်းကြစေလိုပါသည်”ဟု ကြောင်းကျိုးပြည့်လျှံ ချေငံသောစကားကို ပြောကြားလေ၏။
အရေးအခင်း ရှင်းလင်းပွဲ ကျင်းပခြင်း
ထိုအခါ မိဂါရသူဌေးသည် “ဤဝိသာခါကား ကောင်းသော စကားကိုသာ ပြောဆိုပေ၏”ဟု စဉ်းစားဆင်ခြင်မိကာ သူကြွယ်ပညာရှိကြီး ရှစ်ဦးတို့ကို ခေါ်စေပြီးလျှင် “အာမခံလူကြီးမင်းတို့.. ဤဝိသာခါ သတို့သမီးသည် ဤအိမ်သို့ရောက်၍ ခုနစ်ရက်မျှ မပြည့်သေးမီပင် မင်္ဂလာရှိသောအိမ်၌ နေထိုင်သော အကျွန်ုပ်ကို ‘မစင်စား’ဟူ၍ ပြောဆိုပါသည်”ဟု အမှုဖွင့် တိုင်တမ်းစကား ပြောကြားလေ၏။ ထို့နောက် အာမခံလူကြီးများ, ဝိသာခါသူဌေးမ, မိဂါရသူဌေး = ဤသုံးဦးသားတို့ မေးမြန်း, ရှင်းလင်း, တိုင်ကြားခြင်း ပြုကြပုံမှာ-
(လူကြီးများ)
သမီး.. ဤယခု သူဌေးကြီး တိုင်ကြားသည့်အတိုင်း ချစ်သမီး ပြောဆိုမိသလော။
(ဝိသာခါ)
ဖခင်တို့.. သမီး၏ ယောက္ခမသည် မစင်ကိုစားလို၍ ဖြစ်ပါလိမ့်မည်။ သမီးသည်ကား ဤကဲ့သို့ ယောက္ခမကို မစင်စားပြု၍ မပြောဆိုမိပါ။ အမှန်မှာ ပိဏ္ဍပါတ်ဓုတင်ဆောင် မထေရ်မြတ်တပါး ဤအိမ်တံခါးဝ၌ ကြွရောက်ရပ်တည် လာသည်ရှိသော် ဤမိဂါရ (ယောက္ခမ) သူဌေးကြီးသည် ရေမရောသည့် နို့ဃနာထမင်းကို စားသုံးနေစဉ် ထိုပိဏ္ဍပါတ်ဓုတင်ဆောင် အရှင်ကို စိတ်၌မထားပါ။ သမီးသည် ဤအကြောင်းကြောင့် (မထေရ်ထံသို့ သွားရောက်ကာ) “ကန်တော့ဆွမ်းပါ အရှင်ဘုရား၊ တပည့်တော်မ၏ ယောက္ခမသည် ယခုဘဝ ဤကိုယ်အဖြစ်၌ ကုသိုလ်ကောင်းမှုအသစ်ကို မပြုပါ၊ ရှေး အဟောင်းအမြင်း ကုသိုလ်ကောင်းမှု၏ အကျိုးကိုသာ စားသုံးနေပါသည်”ဟု ဤမျှကိုသာ ပြောဆိုမိပါသည်။
၂၆၆
(လူကြီးများ)
အရှင်သူဌေးမင်း.. ဤကိစ္စ၌ ကျွန်ုပ်တို့၏သမီးမှာ အပြစ်မရှိပါ၊ ကျွန်ုပ်တို့၏ သမီးသည် အကြောင်းဟုတ်သည်ကို ပြောဆို၏၊ အရှင်သူဌေးမင်းသည် အဘယ့်ကြောင့် အမျက်ထွက်ရသနည်း။
(မိဂါရ)
အာမခံလူကြီးမင်းတို့.. ဤပြောဆိုချက်သည် အပြစ်မဟုတ်လျှင် ရှိစေဦး၊ ဤဝိသာခါသူငယ်မသည်ကား ဤအိမ်သို့ ရောက်သောနေ့မှာပင် ကျွန်ုပ်၏ သားအပေါ်၌ ရှိသည်ဟု အမှတ်မပြုပဲ မိမိအလိုရှိရာအရပ်သို့ သွားရောက်ခဲ့ပါသည်။
(လူကြီးများ)
သမီး.. ဤယခု သူဌေးကြီး တိုင်ကြားသည့်အတိုင်း ချစ်သမီး သွားရောက်မိသလော။
(ဝိသာခါ)
ဖခင်တို့.. သမီးသည် (ဤသူဌေးကြီး တိုင်ကြားသည့်အတိုင်း) အလိုရှိရာအရပ်သို့ မသွားပါ။ အမှန်မှာ- ထိုနေ့က ဤအိမ်၌ အာဇာနည်မြည်းမ (=လားမ) သားဖွားခြင်းကိစ္စ ဖြစ်ခဲ့ပါသည်။ ထိုသို့ ဤအာဇာနည်မြည်းမ သားဖွားနေပါလျက် အသိအမှတ်ကိုမျှ မပြုပဲ နေထိုင်ခြင်းမည်သည် ငါ့အဖို့ရာ မသင့်လျော်ပါတကား-ဟု စဉ်းစားမိ၍ ဆီမီးတိုင်များကို စွဲကိုင်စေကာ ကျွန်မိန်းမတို့ ခြံရံအပ်လျက် ထိုသားဖွားရာအရပ်သို့ သွားရောက်၍ မြည်းမ (=လားမ)အတွက် သားဖွားခြင်းကိစ္စ စောင့်ရှောက်ပြုစုမှုကို သမီး ပြုစေခဲ့ပါသည်။
(လူကြီးများ)
အရှင်သူဌေးမင်း.. ကျွန်ုပ်တို့သမီးသည် သူဌေးမင်း၏အိမ်၌ ကျွန်မိန်းမများပင် မပြုလုပ်နိုင်သည့် ကိစ္စကို ပြုလုပ်ရွက်ဆောင်ခဲ့ပါသည်၊ ထိုသို့ ပြုလုပ ရွက်ဆောင်ရာ၌ အရှင်သူဌေးမင်းသည် အဘယ့်ကြောင့် အပြစ်ဟု ရှုဘိသနည်း၊ (=ထိုသို့ ပြုလုပ် ရွက်ဆောင်ခြင်းသည် ကျေးဇူးပင် မဟုတ်ပါလော)။
၂၆၇
(မိဂါရ)
အာမခံလူကြီးမင်းတို့.. ဤသို့ ပြုလုပ်ရွက်ဆောင်ခြင်းသည် ဂုဏ်ကျေးဇူးပဲ ဖြစ်သည်ထားပါဦး၊ ကျွန်ုပ် အထူး တင်ပြလိုသည်မှာ- ဤဝိသာခါ သူငယ်မ၏ ဖခင်က ဤအိမ်သို့ လာမည့်နေ့၌ အဆုံးအမ ဩဝါဒကို ပေးသည်ရှိသော် “(၁) အိမ်တွင်းက-မီးကို အပြင်သို့ မထုတ်ဆောင်ရ”ဟူ၍ ပြောဆိုမှာကြားလိုက်ပါသည်။ ကျွန်ုပ်တို့သည် ဝဲ,ယာနှစ်ဖက် အိမ်နီးချင်းများအား မီးကိုမပေးပဲ နေခြင်းငှါ အဘယ်မှာ စွမ်းနိုင်ပါမည်နည်း။
(လူကြီးများ)
သမီး.. ဤယခု သူဌေးကြီး တင်ပြပြောဆိုသည့်အတိုင်း သမီး၏ဖခင် ဓနဉ္ဇယသူဌေးကြီးက ပြောဆိုမှာကြားလိုက်သည် မှန်ပါသလော။
(ဝိသာခါ)
ဖခင်တို့.. သမီး၏ဖခင် ဓနဉ္ဇယသူဌေးကြီးက ဤယခု ယောက္ခမသူဌေးကြီး တင်ပြပြောဆိုသည့် ပကတိမီးကိုစွဲ၍ ပြောသည်မဟုတ်ပါ၊ စင်စစ်သော်ကား အိမ်အတွင်း၌ ယောက္ခမ-စသူ၏ လျှို့ဝှက်အပ်သော စကား (အကြောင်းအရာ)များကို ကျွန်မိန်းမ ကျွန်ယောက်ျား- စသူတို့အား မပြောကြားသင့်ပါ။ မှန်ပါသည်- ဤသို့သော စကားများသည် ကျယ်ပွါးလာလျှင် ခိုက်ရန်ငြင်းခုံမှုပြုရန် ဖြစ်လာတတ်ပါသည်။ ဤအတွင်းမီးကို ရည်စူး၍ သမီး၏ဖခင်က ပြောဆို မှာကြားလိုက်ပါသည်။
(မိဂါရ)
အာမခံလူကြီးမင်းတို့.. ဤပြောဆိုချက်သည် အပြစ်မဟုတ်လျှင် ရှိစေဦး၊ ဤဝိသာခါသူငယ်မ၏ ဖခင်က “(၂) အပြင်အပအိမ်က မီးကို မိမိအိမ်တွင်းသို့ မသွင်းဆောင်ရ”ဟူ၍ ပြောဆိုမှာကြားလိုက်ပါသည်။ ကျွန်ုပ်တို့သည် အိမ်တွင်းကမီး ငြိမ်းနေလျှင် အပြင်အပအိမ်ကမီးကို မဆောင်ယူခြင်းငှါ အဘယ်မှာ စွမ်းနိုင်ပါမည်နည်း = ဆောင်ယူရမည်သာဖြစ်၏။
၂၆၈
(လူကြီးများ)
သမီး.. ဤယခု သူဌေးကြီး တင်ပြပြောဆိုသည့်အတိုင်း မှန်ပါသလော။
(ဝိသာခါ)
ဖခင်တို့.. သမီး၏ဖခင် ဓနဉ္ဇယသူဌေးကြီးက ဤယခု ယောက္ခမသူဌေးကြီး တင်ပြပြောဆိုသည့် ပကတိမီးကို ရည်ရွယ်၍ ပြောသည်မဟုတ်ပါ၊ စင်စစ်သော်ကား ကျွန်အလုပ်သမားတို့က ပြောဆိုအပ်သော အပြစ်ကို အိမ်နေ အတွင်းလူများအား မပြောကြားသင့်ပါ။ ပြောကြား၍ စကားကျယ်ပွါးလာလျှင် ခိုက်ရန်ငြင်းခုံမှု ဖြစ်နိုင်ပါသည်။ ဤအပြင်မီးကို ရည်စူး၍ သမီး၏ဖခင်က ပြောဆိုမှာကြားလိုက်ခြင်း ဖြစ်ပါသည်။ ။သမီး၏ဖခင် သူဌေးကြီးက “(၃) ပြန်ပေးသော သူတို့အားသာ ပေးရမည်”ဟူသော ဤအမှာစကားကိုလည်း “မိမိအိမ်မှ ငှါးရမ်းအပ်သော အသုံးအဆောင်ကို တဖန် ပြန်ပေးသော သူတို့သာလျှင် နောက်ထပ်တဖန် ငှါးရမ်းပေးကမ်းရမည်”ဟူသော ဤအနက်အဓိပ္ပါယ်ကို ရည်ရွယ်၍ ပြောဆို မှာကြားလိုက်ပါသည်။ ။“(၄) ပြန်မပေးသော သူတို့အား မပေးရ”ဟူသော ဤအမှာစကားကိုလည်း “မိမိအိမ်မှ ငှါးရမ်းအပ်သော အသုံးအဆောင်ကို တဖန်ပြန်၍ မပေးသောသူတို့အား နောက်ထပ်တဖန် မငှါးရမ်းရ မပေးကမ်းရ”ဟူသော ဤအနက်အဓိပ္ပါယ်ကို ရည်ရွယ်၍ ပြောဆို မှာကြားလိုက်ပါသည်။ ။“(၅) ပေးသော်၎င်း, မပေးသော်၎င်း ပေးရမည်”ဟူသော ဤအမှာစကားကိုကား “ဆင်းရဲနွမ်းပါးသည့် ဆွေမျိုးမိတ်သင်္ဂဟများ မိမိတို့ထံမှောက် ရောက်လာကြလျှင် တဖန်ပြန်၍ ပေးခြင်းငှါ စွမ်းနိုင်ကြသည်ဖြစ်စေ, မစွမ်းနိုင်ကြသည်ဖြစ်စေ ပေးကမ်းမှသာ သင့်လျော်မည်”ဟူသော ဤအနက်အဓိပ္ပါယ်ကို ရည်ရွယ်၍ ပြောဆို မှာကြားလိုက်ပါသည်။ ။“(၆) ချမ်းသာစွာ ထိုင်နေရမည်”ဟူသော ဤအမှာစကားကိုလည်း “ယောက္ခမ ယောက်ျားသူ, ယောက္ခမ မိန်းမသူတို့ကို
၂၆၉
မြင်လျှင် ကိုယ်က မတ်တတ်ထရမည့်နေရာ၌ ထိုင်နေရန် မသင့်လျော် = အလျင်လက်ဦး ကိုယ်ကထ၍ အရိုအသေ ပြုရမည်”ဟူသော ဤအနက်အဓိပ္ပါယ်ကို ရည်ရွယ်၍ ပြောဆို မှာကြားလိုက်ပါသည်။ ။“(၇) ချမ်းသာစွာ စားရမည်”ဟူသော ဤအမှာစကားကိုကား “ယောက္ခမ ယောက်ျားသူ, ယောက္ခမ မိန်းမသူ, အရှင်သခင် လင်ယောက်ျားတို့ အလျင်လက်ဦး ကိုယ်ကမစားမူ၍ ထိုသူတို့ကို ပြုစုကျွေးမွေး၍ အားလုံးရှိ ခဲဖွယ်ဘောဇဉ် ရ,မရကို ကိုယ်တိုင်သိမြင်ပြီးနောက်မှ မိမိက စားသုံးမှ သင့်လျော်မည်”ဟူသော အနက်အဓိပ္ပါယ်ကို ရည်ရွယ်၍ ပြောဆို မှာကြားလိုက်ပါသည်။ ။“(၈) ချမ်းသာစွာ အိပ်ရမည်”ဟူသော ဤအမှာစကားကိုလည်း “ယောက္ခမ ယောက်ျားသူ, ယောက္ခမ မိန်းမသူ, အရှင်သခင် လင်ယောက်ျားတို့ အလျင်လက်ဦး ကိုယ်က အိပ်ရာသို့ တက်ရောက်ကာ မအိပ်စက်ရ၊ ထိုသူတို့အတွက် ပြုရန်သင့်လျော် သော ဝတ်ကြီးဝတ်ငယ်များကို ပြုပြီးနောက်မှ မိမိက အိပ်စက်မှ သင့်လျော်မည်”ဟူသော အနက်အဓိပ္ပါယ်ကို ရည်ရွယ်၍ ပြောဆို မှာကြားလိုက်ပါသည်။ ။“(၉) မီးကို ရိုသေစွာ လုပ်ကျွေးရမည်”ဟူသော ဤအမှာစကားကိုကား “ယောက္ခမ ယောက်ျားသူကို၎င်း, ယောက္ခမ မိန်းမသူကို၎င်း, အရှင်သခင် ယောက်ျားကို၎င်း ဤသူများကို မီးပုံကြီးကဲ့သို့၎င်း, မြွေနဂါးမင်းကဲ့သို့၎င်း အောက်မေ့ပြုလုပ်ကာ ရိုသေလေးခန့်စွာ ကြည့်ရှုမှ သင့်လျော်မည်”ဟူသော အနက်အဓိပ္ပါယ်ကို ရည်ရွယ်၍ ပြောဆို မှာကြားလိုက်ပါသည်။
(မိဂါရ)
လူကြီးမင်းတို့.. ဤယခု ပြောဆိုခဲ့သည့် အချက်ကြီး ရှစ်ချက်တို့မှာ အပြစ်မဟုတ် = ဂုဏ်ကျေးဇူး တို့ပင် ဖြစ်ကြသည် ထားပါဦးတော့၊ ဤဝိသာခါသူငယ်မ၏
၂၇၀
ဖခင်သည် အိမ်တွင်းနတ်တို့ကို ရှိခိုးရန် စေခိုင်းလိုက်ပါ၏။ ဤအချက်၏ အနက်အဓိပ္ပါယ်ကား အဘယ်ပါနည်း။
(လူကြီးများ)
သမီး.. ဤယခု သူဌေးကြီး တင်ပြပြောဆိုသည့်အတိုင်း မှန်ပါသလော။
(ဝိသာခါ)
ဖခင်တို့.. သမီး၏ဖခင် သူဌေးကြီးက အိမ်တွင်းနတ်များကို ရှိခိုးရန် စေခိုင်းလိုက်သည် မှန်ပါ၏။ မှန်ပါပေသည်- “(၁၀) အိမ်တွင်းနတ်တို့ကို ရှိခိုးရမည်”ဟူသော ဤအမှာစကားကိုလည်း သမီး၏ဖခင်သည် “အသီးအခြား အိမ်ရာကိုစိုးအုပ် နေထိုင်သောအချိန်ကစ၍ မိမိ၏ အိမ်တံခါးဝသို့ ကြွရောက်လာသော ရဟန်းတော်ကို မြင်ရလျှင် မိမိအိမ်မှာရှိသော ခဲဖွယ်ဘောဇဉ်မှ တတ်နိုင်သလောက် ရဟန်းတော် များအား လှူဒါန်းပြီးမှသာလျှင် မိမိ စားသင့်သည်”ဟူသော ဤအနက်အဓိပ္ပါယ်ကို ရည်ရွယ်၍ ပြောဆို မှာကြားလိုက်ပါသည်။
ထို့နောက် အာမခံလူကြီးများက “သူဌေးကြီး.. သင့်အဖို့မှာကား ရဟန်းတော်တို့ကို မြင်ရလျှင် မပေးမကမ်း မလှူဒါန်းရခြင်းကိုသာ နှစ်သက်အပ်သည် ထင်ပါ၏”ဟူ၍ မှတ်ချက်ချ ရှုတ်ချစကား ပြောကြားကြသောအခါ မိဂါရသူဌေးသည် အခြားချေပ ပြောဆိုရန်စကားကို မတွေ့မမြင်တော့ရကား မျက်နှာအောက်ချလျက်သာ ထိုင်နေလေတော့၏။
ဝိသာခါ၏ နောက်ပိုင်းအရေးဆို အောင်မြင်ပွဲ
ထို့နောက် အာမခံလူကြီးရှစ်ဦး, မိဂါရသူဌေးကြီးနှင့် ချွေးမ ဝိသာခါတို့ ဆက်၍ အရေးဆိုကြပြန်သည်မှာ-
(လူကြီးများ)
အသို့နည်း = ဘယ့်နှယ်လဲ သူဌေးကြီး.. ကျွန်ုပ်တို့၏ သမီးအဖို့ရာ အခြားသော အပြစ်များကော ရှိပါသေးသလော။
(မိဂါရ)
မရှိတော့ပါ လူကြီးမင်းတို့..။
၂၇၁
(လူကြီးများ)
သူဌေးမင်း.. ထိုသို့ဖြစ်ပါလျက် အဘယ့်ကြောင့် အပြစ်မရှိသော ကျွန်ုပ်တို့၏သမီးကို အကြောင်းမရှိပဲ အိမ်မှ နှင်ထုတ်စေဘိသနည်း။
(ထိုခဏ၌ ဝိသာခါက ထ၍ ပြောသည်မှာ)- ဖခင်တို့.. သမီး၏အဖို့ရာ သမီး၏ ယောက္ခမကြီး (မဆင်မခြင်)ပြောသော စကားဖြင့် အလျင်လက်ဦး ဤအိမ်မှ ထွက်ခွါသွားရန် မသင့်လျော်ချေ။ အမှန်မှာ သမီး ဤအိမ်သို့ လိုက်ပါလာသောနေ့က သမီး၏အပြစ် ရှိ,မရှိ (အရေးပေါ်ခဲ့သော်) သုတ်သင်ရှင်းလင်းရန် သမီး၏ဖခင် သူဌေးကြီးက ဖခင်တို့လက်၌ ထည့်အပ်၍ ပေးလိုက်ပါသည်၊ (ယခုမူ သမီးအပြစ် မရှိကြောင်း သုတ်သင်ရှင်းလင်း၍ ပြီးပြီ)၊ ယခုအခါ သမီးအဖို့ရာ သွားဖို့ရန် ချမ်းသာပေပြီ–
ဤကဲ့သို့ ပြောဆို၍ ဝိသာခါသည် (မိမိနေရာ တိုက်ခန်းသို့ လာရောက်ကာ)ကျွန်မိန်းမ ကျွန်ယောက်ျားတို့ကို “ယာဉ်စသည်တို့ကို စီရင်ပြင်ဆင်မှု ပြုကြလော့”ဟု အမိန့်ပေးလေ၏၊ ထိုအခါ မိဂါရသူဌေးသည် အာမခံသူကြွယ်ကြီး ရှစ်ဦးတို့ကို ခေါ်ယူခဲ့ကာ ချွေးမဝိသာခါကို “သမီး.. ငါသည် မသိမဆင်ခြင်၍ ပြောမှားအပ်ခဲ့ပါပြီ၊ ငါ့အား သည်းခံပါလော့”ဟု တောင်းပန်စကား ပြောကြားလေ၏။ ထိုအခါ ဝိသာခါသည် အခွင့်ကောင်း ကြုံပြီဖြစ်ရကား “အိုဖခင်တို့.. ဖခင်တို့အပေါ်မှာ သည်းခံသင့်သောအရာကို သမီး စောစီးစွာပင် သည်းခံပါ၏၊ သမီး အထူးတင်ပြ ပြောဆိုလိုပါသည်မှာ- သမီးကား ဘုရားမြတ်စွာ သာသနာ၌ မတုန်မလှုပ် သက်ဝင်ယုံကြည်သည့် သဒ္ဓါတရားရှိသော အမျိုး၏သမီး ဖြစ်ပါသည်၊ သမီးတို့သည် ရဟန်းသံဃာနှင့် ကင်းကွာ၍ နေထိုင်ရန် မဖြစ်နိုင်ပါ၊ အကယ်၍ သမီးအလိုကျအတိုင်း ရဟန်းသံဃာကို ပြုစုလုပ်ကျွေးခွင့် ရပါမူ သမီး ဤအိမ်၌ ဆက်၍နေပါမည် = မရလျှင် မနေနိုင်ပါ”ဟု အရေးဆိုစကား ပြောကြားလေ၏၊ မိဂါရသူဌေးကြီးသည်လည်း “ချစ်သမီး.. သင်ချစ်သမီးသည်
၂၇၂
အလိုရှိတိုင်း သမီး၏ ရဟန်းတို့ကို ပြုစုလုပ်ကျွေးပါလော့”ဟု ကြည်ကြည်ဖြူဖြူ ခွင့်ပြုစကား ပြောကြားလေ၏။
မိဂါရသူဌေး သောတာပန်ဖြစ်ခြင်း
ထို့နောင်မှ ဝိသာခါသူဌေးမသည် မြတ်စွာဘုရားရှင်ကို (နက်ဖြန် ဆွမ်းအလှူခံတော်မူရန်) ပင့်ဖိတ်စေပြီးလျှင် နောက်တနေ့၌ သူဌေးအိမ်ကြီးအပြည့် ဘုရားအမှူးရှိသော သံဃာတော်ကို ထိုင်နေစေလေသည်။ အဝတ်မလွှမ်း တက္ကတွန်း ပရိသတ်တို့သည်လည်း မြတ်စွာဘုရား မိဂါရသူဌေးအိမ်သို့ ကြွတော်မူကြောင်း သတင်းကြားကြ၍ ထိုအရပ်သို့ သွားရောက်ကြလျက် အိမ်ကို ဝန်းရံကာ ထိုင်နေကြလေကုန်၏။
ဝိသာခါသူဌေးမသည် အလှူရေစက်ကို သွန်ချလှူဒါန်းပြီးလျှင် ယောက္ခမသူဌေးကြီးထံသို့ “ပူဇော်ဖွယ်မှု အစုစုအားလုံး စီမံ၍ပြီးပါပြီ။ ကျွန်တော်မ၏ ယောက္ခမကြီးသည် လာရောက်၍ မြတ်စွာဘုရားကို ကိုယ်တိုင်ကိုယ်ကြပ် ပြုစုလုပ်ကျွေးစေချင်ပါသည်”ဟု သတင်းပို့စေလေ၏။ မိဂါရသူဌေးသည် တက္ကတွန်းဆရာတို့၏ စကားကို လိုက်နာ၍ “ငါ့သမီးပဲ မြတ်စွာဘုရားကို ပြုစုလုပ်ကျွေးပါတော့”ဟု တိမ်းရှောင်စကား ပြန်ကြားလိုက်လေ၏။ ဝိသာခါသူဌေးမသည် ထူးထွေစုံစွာ များမြတ်သော အရသာတို့ဖြင့် မြတ်စွာဘုရားကို ပြုစုလုပ်ကျွေး၍ ဆွမ်းကိစ္စ ပြီးဆုံးလတ်သော် တဖန်ထပ်၍ ယောက္ခမ သူဌေးကြီးထံသို့ “ဆွမ်းကပ်လှူခြင်းကိစ္စ ပြီးပါပြီ၊ ကျွန်တော်မ၏ ယောက္ခမကြီးသည် လာရောက်၍ တရားစကားကို နာကြားစေချင်ပါသည်”ဟု သတင်းပို့စေပြန်လေ၏။
ထိုအခါ မိဂါရသူဌေးသည် ရှေးကုသိုလ်ကံ ဆော်ဖန်တိုက်တွန်းအပ်ပြီဖြစ်ရကား “ငါ့အဖို့ရာ ယခုအခါ၌ မသွားရောက်ခြင်းမည်သည် အလွန်လျှင် အကြောင်းမဟုတ်စွာ့တကား”ဟု စဉ်းစားဆင်ခြင်မိ၍ တရားနာယူလိုသောဆန္ဒ ပြင်းပြစွာ ဖြစ်ရှိကာ မြတ်စွာဘုရား တရားဟောတော်မူမည့် နေရာသို့ သွားလေ၏။
၂၇၃
ထိုသို့ သွားနေဆဲသော မိဂါရသူဌေးကို တက္ကတွန်းဆရာတို့က “ရဟန်းဂေါတမ၏ တရားကို နာကြားလျှင် တင်းထိမ်ကန့်လန့်ကာ၏ အပြင်ဖက်၌ ထိုင်နေ၍ နာကြားလော့”ဟု အကြံပေးစကား ပြောကြားကြလေ၏။ ထိုပြောကြားချက်အတိုင်းပင် သူဌေး၏လူများသည် ရှေးဦးစွာ သွားနှင့်ကြ၍ တင်းထိမ်ကန့်လန့်ကာဖြင့် ဝန်းရံကာကြလေကုန်၏။
မြတ်စွာဘုရားသည် “သင် မိဂါရသူဌေးကား တင်းထိန်ကန့်လန့်ကာ အပြင်ဖက်၌ နေလိုမူလည်း နေစေ၊ နံရံတဖက်, သို့မဟုတ် တောင်တဖက်, သို့မဟုတ် စကြဝဠာတိုက် တဖက်၌ နေလိုမူလည်း နေစေ၊ ငါကား ဘုရားစင်စစ် ဖြစ်ချေသည်၊ မည်မျှပင် ခရီးဝေးကွာ ခြားနေစေကာမူ သင့်ကို ငါဘုရား၏ အသံတော်ကို ကြားစေခြင်းငှါ စွမ်းနိုင်၏”ဟု မိန့်ဆိုတော်မူသည့်ပမာ ရွှေရောင်အဆင်း မှည့်ဝင်းသော အသီးရှိသည့် သရက်ပင်ကြီးကို ပင်စည်မှ ဆွဲကိုင်၍ လှုပ်လိုက်သကဲ့သို့ မိဂါရသူဌေးအား ဒါနကထာ, သီလကထာ, သဂ္ဂကထာ- အစရှိသော မဂ်ဖိုလ်ရကြောင်း တရားစကားကို ဟောကြားတော်မူလေ၏။
(အထူးမှတ်ရန်မှာ- မြတ်စွာဘုရား တရားဟောတော်မူလျှင် ရှေ့တော်၌ တည်နေသူများ, နောက်တော်၌ တည်နေသူများ, စကြဝဠာတိုက် အရာအထောင်ကို ကျော်လွန်၍ တည်နေသူများ, အကနိဋ္ဌ ဗြဟ္မာ့ပြည်၌ တည်နေသူများ အားလုံးတို့သည်ပင် “မြတ်စွာဘုရားသည် ငါ့ကိုသာလျှင် ကြည့်နေတော်မူ၏၊ ငါ့အားသာလျှင် တရားဟောတော်မူ၏”ဟု ပြောဆိုကြရလေသည်။ မှန်၏- မြတ်စွာဘုရားသည် တရားဟောနေတော်မူသောအခါ ထိုထို တရားနာပရိသတ်ကို ကြည့်နေတော်မူသကဲ့သို့၎င်း, ထိုထို တရားနာပရိသတ်နှင့် အတူတကွ စကားပြောနေတော်မူသကဲ့သို့၎င်း ဖြစ်ရှိလေသည်။
အနည်းငယ်ချဲ့၍ ဖော်ပြရလျှင်- မြတ်စွာဘုရားတို့သည် လစန်းနှင့် တူတော်မူကြကုန်၏၊ လစန်းသည် ကောင်းကင်အလယ် သူ၏လမ်း၌ တည်လျက်ကပင် “လစန်းသည် ငါ့အထက်၌ တည်ရှိ၏၊ လစန်းသည် ငါ့အထက်၌ တည်ရှိ၏”ဟု လူတိုင်းလူတိုင်း၏ စိတ်ဝယ် ထင်ရသကဲ့သို့ ဤအတူပင် မြတ်ဘုရားတို့ တရား ဟောတော်မူနေသောအခါ
၂၇၄
ဝဲ,ယာ,ရှေ့,နောက်, အထက်အရပ်ရှိ တရားနာပရိသတ် အားလုံးတို့၏ စိတ်သန္တာန်ဝယ် မိမိတို့၏ မျက်နှာရှေးရှူ တည်နေတော်မူသကဲ့သို့ ထင်ရကုန်၏။
ဤသို့ ဖြစ်ခြင်းသည် ထိုဘုရားရှင်တို့ ပါရမီဖြည့်စဉ်အခါက ဦးခေါင်းကိုဖြတ်၍, မျက်ရေးကွင်းအပ်သည့် မျက်လုံးတော်အစုံကို ထုတ်၍, နှလုံးသားကို ထုတ်၍, သူတပါး၏ အစေအပါး ကျွန်ဖြစ်စေရန် ဇာလီမင်းသားကဲ့သို့သော သားတော်များ ကဏှာဇိန်မင်းသမီးကဲ့သို့သော သမီးတော်များ မဒ္ဒီဒေဝီတို့ကဲ့သို့သော ဇနီးများကို ရက်ရက်ကြီး စွန့်၍ အလှူခံတို့အား လှူဒါန်းအပ်ခဲ့သည့် ဒါနကောင်းမှု၏ အကျိုးဖြစ်သည်။ ။ဓမ္မပဒ ဋ္ဌ ၁၊ စာမျက်နှာ ၂၅၆-မှ)။
ဒေသနာနိဂုံး ဆုံးသောအခါ မိဂါရသူဌေးသည် သောတာပတ္တိဖိုလ်၌ တည်၍ (=သောတာပန် အရိယာဖြစ်၍) တင်းထိမ်ကန့်လန့်ကာကို မ-ချီပြီးလျှင် မြတ်စွာဘုရား၏ ခြေတော်တို့ကို တည်ခြင်းငါးပါးဖြင့် ရိုသေမြတ်နိုး ရှိခိုးလျက် မြတ်စွာဘုရား၏ မျက်မှောက်တော်မှာပင် “ချစ်သမီး.. သင်ချစ်သမီးသည် ယနေ့ကို အစပြု၍ ငါ၏မိခင်ပါ”ဟု ဝမ်းမြောက်စကား ပြောကြားကာ ချွေးမဝိသာခါကို မိမိ၏ အမိအရာ၌ ထားလေ၏။ ထိုအချိန်မှစ၍ ဝိသာခါသူဌေးမသည် “မိဂါရမာတာ = မိဂါရသူဌေး၏ မယ်တော်” အမည်ရှိသူ ဖြစ်လေတော့၏။
ဤကား- အင်္ဂုတ္တိုရ်အဋ္ဌကထာ ဖွင့်ပြချက်တည်း။ ဓမ္မပဒအဋ္ဌကထာ၌မူ ဘာဏကမထေရ်များ၏ အလိုသို့လိုက်၍ “မိဂါရသူဌေးသည် သောတာပန်အရိယာ ဖြစ်ပြီးနောက် တင်းတိမ်ကန့်လန့်ကာအနားကို ချီမ၍ လာရောက်ကာ ချွေးမ၏သားမြတ်ကို ခံတွင်းဖြင့်ငုံ၍ “သင်သည် ယနေ့မှစ၍ ငါ့မိခင်ပါပေ”ဟု ပြောဆို၍ အမိအရာ၌ ထားလေ၏။ ထိုအချိန်မှစ၍ ဝိသာခါသည် “မိဂါရမာတာ = မိဂါရသူဌေး၏ မယ်တော်” အမည်ရှိသူ ဖြစ်လေတော့၏။ နောက်အဖို့ဝယ် သားကို ရသည်ရှိသော် (မိဂါရမယ်တော်-ဟူသော အမည်နှင့် လိုက်လျောစွာ) ထိုသား၏ အမည်ကို “မိဂါရသူဌေးသား”ဟု မှည့်ခေါ်လေသည်”- ဤသို့စသည် ဖွင့်ပြ၏။
ဤအရာဝယ် ဝိသာခါ၏ အကြောင်းအရာကို အင်္ဂုတ္တိုရ်အဋ္ဌကထာ၌ လိုရင်းအကျဉ်းမျှကိုသာ ဖွင့်ပြသဖြင့် ဗုဒ္ဓဝင်စာဖတ် ပရိသတ်
၂၇၅
သူတော်စင်တို့ အခြား သိမှတ်သင့်သော ဝိသာခါ၏ အကြောင်းအရာတို့ကိုလည်း ဓမ္မပဒအဋ္ဌကထာ ပဌမအုပ်မှ ထုတ်နုတ်၍ ပြဆိုဦးအံ့)–
ယောက္ခမ သူဌေးကတော်ကြီးလည်း သောတာပန်အရိယာဖြစ်ခြင်း
မိဂါရသူဌေးကြီးသည် ချွေးမကို မိခင်အရာ၌ထားပြီးသော် မြတ်စွာ ဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ကာ မြတ်စွာဘုရား၏ ခြေတော်အစုံတို့၌ ဦးတိုက်ပြီးနောက် ခြေတော်တို့ကို လက်ဖြင့် ဆုပ်နယ်လျက်၎င်း, ခံတွင်းဖြင့် စုပ်လျက်၎င်း “မြတ်စွာဘုရား.. တပည့်တော်သည် မိဂါရဖြစ်ပါသည်ဘုရား၊ တပည့်တော်သည် မိဂါရဖြစ်ပါသည်ဘုရား”ဟု သုံးကြိမ်တိုင်တိုင် မိမိအမည်ကို ထုတ်ဖော်လျှောက်ထား၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်သည် ဤလွန်ခဲ့ပြီးသမျှ ကာလပတ်လုံး အဘယ်မည်သော အလှူခံပုဂ္ဂိုလ်၌ လှူအပ်သော အလှူသည် အကျိုးကြီးမြတ်၏ဟု မသိခဲ့ပါ၊ ယခုအခါ၌မူ တပည့်တော်သည် ချွေးမကို အမှီပြု၍ သိအပ်ပါပြီ၊ အလုံးစုံသော အပါယ်ဆင်းရဲမှ လွတ်မြောက်ရပါပြီ၊ တပည့်တော်၏ ဤအိမ်သို့ ချွေးမဝိသာခါ လာရောက်သည်မှာ တပည့်တော်၏ အကျိုးစီးပွါး, ချမ်းသာဖြစ်ဖို့ရန် လာရောက်ခဲ့ပါပြီ”ဟု လျှောက်ထားပြီးနောက် ဤဆိုလတ္တံ့သော ဂါထာကိုလည်း ရွတ်ဆို လျှောက်ထားလေ၏-
သောဟံ အဇ္ဇ ပဇာနာမိ၊ ယတ္ထ ဒိန္နံ မဟပ္ဖလံ။
အတ္ထာယ ဝတ မေ ဘဒ္ဒါ၊ သုဏိသာ ဃရမာဂတာ။
ဘန္တေ = မြတ်စွာဘုရား..။ သော အဟံ = ထိုတပည့်တော်သည်။ ယတ္ထ = အကြင် အလှူခံပုဂ္ဂိုလ်၌။ ဒိန္နံ = လှူအပ်သော အလှူဒါနသည်။ မဟပ္ဖလံ = အကျိုးကြီးမြတ်၏။ (တံ = ထိုသို့သဘောရှိသော အလှူခံပုဂ္ဂိုလ်ကို)။ အဇ္ဇ = ယနေ့။ ပဇာနာမိ = ခွဲခြမ်းစိတ်ထွင် သိမြင်ရပါပြီဘုရား။ ဘဒ္ဒါ = ကောင်းခြင်းအင်္ဂါ လက္ခဏာနှင့် ပြည့်စုံသော။ သုဏိသာ = ချွေးမလိမ္မာ ဝိသာခါသည်။ မေ = တပည့်တော်၏။ အတ္ထာယ = အကျိုးငှါ။ မေ = မိဂါရတွင်ခေါ် တပည့်တော်၏။ ဃရံ = အိမ်သို့။
၂၇၆
အာဂတာ ဝတ = ရှေးကုသိုလ် ကံကောင်းထောက်၍ ရောက်ခဲ့ပါပြီဘုရား။
ချွေးမလိမ္မာ ဝိသာခါသည် နောက်တနေ့အတွက်လည်း မြတ်စွာဘုရားကို ပင့်ဖိတ်ပြန်လေ၏။ ထိုအခါ နောက်တနေ့၌လည်း ဝိသာခါ၏ ယောက္ခမမိန်းမသူ သူဌေးကတော်ကြီးသည် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်လေ၏ = သောတာပန်အရိယာ ဖြစ်လေ၏။ ထိုအချိန်မှစ၍ မိဂါရသူဌေးကြီး၏အိမ်သည် ဘုရားမြတ်စွာ သာသနာတော်အတွက် တံခါးဟင်းလင်းဖွင့်ပြီးသား ဖြစ်လေတော့၏။
သူမြတ်တယောက်၊ အိမ်သို့ရောက်က၊ မြားမြောက်ပြောထူ၊ အိမ်နေလူတို့၊ နိဗ္ဗူနန်းခွင်၊ အသော့ဝင်ဖို့၊ မဂ္ဂင်ရှစ်ဆင့်၊ တံခါးပွင့်၏။
ဝိသာခါအား ယောက္ခမကြီး ချီးမြှောက်ခြင်း
ထို့နောက် မိဂါရသူဌေးကြီးသည် “ဩ.. ငါ့ချွေးမကား ငါ့အပေါ်ဝယ် ဥပကာရကျေးဇူး အထူးများလှဘိ၏၊ ထိုချွေးမလိမ္မာအတွက် ငါသည် ကြည်ညိုသူတို့ ပြုမြဲအမှု အမူအရာကို ပြုပေတော့အံ့၊ ဤငါ့ချွေးမလိမ္မာအဖို့ရာ ဝန်လေးလှစွာသော မဟာလတာ တန်းဆာကြီးကို အမြဲဆင်ထားခြင်းငှါ မတတ်နိုင်၊ ချွေးမလိမ္မာအတွက် နေ့နေ့ညဉ့်ညဉ့် ဣရိယာပုထ်လေးပါးတို့၌ ဆင်ယင်နိုင်မည့် အဆင်တန်ဆာကို ပြုပေအံ့”ဟု ကြံစည်ဆင်ခြင်ပြီးလျှင် အဖိုးတသိန်းထိုက်သော “ဃနမဋ္ဌက = တခဲနက် ပြေပြစ်သည့်” အဆင်တန်းဆာကို ပြုလုပ်စေပြီးနောက် ထိုအဆင်တန်းဆာ ပြီးလတ်သည်ရှိသော် ဘုရားအမှူးရှိသော သံဃာကို ပင့်ဖိတ်၍ ရိုသေစွာ ဆွမ်းဆက်ကပ်ပြီးလျှင် ချွေးမလိမ္မာ ဝိသာခါကို နံ့သာရေအိုး (၁၆) တဆယ့်ခြောက်လုံးတို့ဖြင့် ရေချိုးစေ၍ မြတ်စွာဘုရား ရှေ့တော်မှောက်၌ထားကာ တန်းဆာဆင်ပေး၍ မြတ်စွာဘုရားကို ရှိခိုးစေလေသည်။ မြတ်စွာဘုရားသည် အနုမောဒနာတရား ဟောကြားတော်မူပြီးလျှင် ကျောင်းတော်သို့ တဖန် ပြန်ကြွတော်မူလေ၏။
၂၇၇
ဝိသာခါ သူဌေးမသည်လည်း ထိုအချိန်မှစ၍ ဒါန-အစရှိသော ကောင်းမှုတို့ကို စိတ်အလိုရှိတိုင်း ပြုလုပ်လျက် မြတ်စွာဘုရားရှင် အထံတော်မှ *ဆုရှစ်ပါးတို့ကို ရ၍ ကောင်းကင်အပြင်ဝယ် လစန်းအရေးကဲ့သို့ အထူးထင်ရှားကာ သား,သမီးတို့ဖြင့် ပွါးစီးစည်ပင်ခြင်းသို့ ရောက်လေ၏။ ထင်ရှားစေဦးအံ့- ဝိသာခါသူဌေးမမှာ သားတကျိပ်, သမီးတကျိပ်တို့ ထွန်းကားခဲ့လေသည်။ ထိုသား,သမီး နှစ်ကျိပ်တို့တွင် တယောက်တယောက်မှာ သားတကျိပ်, သမီးတကျိပ်စီ ထွန်းကားပြန်လေသည်၊ (သို့ရကား ဝိသာခါမှာ မြေးလေးရာတို့ ရှိကြလေသည်)။ ထိုမြေးလေးရာတို့တွင်လည်း တယောက် တယောက်မှာ သားတကျိပ်စီ, သမီးတကျိပ်စီပင် ထွန်းကားလေပြန်သောကြောင့် မြစ်ပေါင်း ရှစ်ထောင်တို့ ရှိကြလေသည်။ ထို့ကြောင့် ရှေးမထေရ်မြတ်တို့သည်-
ဝိသာခါ ဝီသတိ ပုတ္တာ၊
နတ္တာ စ စတုရော သတာ။
ပနတ္တာ အဋ္ဌသဟဿာ၊
ဇမ္ဗုဒီပေ သုပါကဋာ။
ဝိသာခါ = မိဂါရသူဌေး၏ ချွေးမလိမ္မာ ဝိသာခါသည်။ ဝီသတိ ပုတ္တာ = သားသမီးနှစ်ကျိပ် ရှိသည်ဖြစ်၍၎င်း။ စတုရော သတာ နတ္တာ စ = မြေးလေးရာ ရှိသည်ဖြစ်၍၎င်း။ အဋ္ဌသဟဿာ ပနတ္တာ စ = မြစ်ရှစ်ထောင် ရှိသည်ဖြစ်၍၎င်း။
* ဆုရှစ်ပါးဟူသည်မှာ- (၁) သံဃာအား အသက်ထက်ဆုံး မိုးရေခံသင်္ကန်း လှူဒါန်းခွင့်ရခြင်း၊ (၂) ဧည့်သည် = အာဂန္တု ရဟန်းတို့အား ဆွမ်းလှူဒါန်းခွင့်ရခြင်း၊ (၃) ခရီးသွားရဟန်းတို့အား ဆွမ်းလှူဒါန်းခွင့်ရခြင်း၊ (၄) သူနာရဟန်းတို့အား ဆွမ်းလှူဒါန်းခွင့်ရခြင်း၊ (၅) သူနာပြုရဟန်းတို့အား ဆွမ်းလှူဒါန်းခွင့်ရခြင်း၊ (၆) သူနာရဟန်းတို့အား ဆေးလှူဒါန်းခွင့်ရခြင်း၊ (၇) အမြဲယာဂုလှူဒါန်းခွင့်ရခြင်း၊ (၈) ဘိက္ခုနီသံဃာအား ရေသနုပ်သင်္ကန်း လှူဒါန်းခွင့်ရခြင်း = ဤရှစ်ပါးတို့တည်း။ ဤဆုရှစ်ပါး အကြောင်းအရာဝတ္ထု အကျယ်ကို ဝိနယ မဟာဝဂ်ပါဠိတော် မြန်မာပြန် စာမျက်နှာ (၄၀၇) ဝိသာခါဝတ္ထုမှစ၍ ကြည့်ရှု မှတ်ယူကုန်ရာ၏။
၂၇၈
ဇမ္ဗုဒီပေ = ဇမ္ဗူဒိပ်ခေါ်တွင် ကျွန်းအပြင်၌။ သုပါကဋာ = အလွန်ထင်ရှား ကျော်ကြားလှစွာ၏။
ဟူသော ဤဂါထာကို ဖွဲ့ဆိုချီးကျူးတော်မူကြလေသည်။
ဝိသာခါ၏ ထူးခြားချက်များ
ဝိသာခါသည် အသက်နှစ်ပေါင်း (၁၂၀) တရာ့နှစ်ဆယ် ရှည်သူဖြစ်၏။ ဦးခေါင်း၌ ဆံပင်ဖြူ တပင်မျှ မပေါက်ရောက်ချေ။ အမြဲတစေ (၁၆) တဆယ့်ခြောက်နှစ် အရွယ်ရှိသူကဲ့သို့ ပျိုနုလျက် နေ၏။ သား, သမီး, မြေး, မြစ်တို့ ခြံရံလျက် ဝိသာခါ ကျောင်းသို့သွားသည်ကို မြင်ရလျှင် “ဤအမျိုးသမီးများ အလယ်တွင် အဘယ်သူသည် ဝိသာခါပါနည်း”ဟု မေးယူရလောက်အောင်ပင် ပျိုမျစ်နုနယ်၏။
ဝိသာခါသွားနေသည်ကို မြင်ကြသောသူတို့သည် “ယခုအခါ ဖြေးဖြေးသွားပါစေ၊ ငါတို့၏အရှင်မ ဝိသာခါသည် သွားနေမှသာ တင့်တယ်လှဘိ၏”ဟု ကြံစည် ဆင်ခြင် အောက်မေ့ကြလေသည်။ ဝိသာခါ ရပ်နေသည်ကို ၊(ပ)၊ ထိုင်နေသည်ကို ၊ပ၊ လျောင်းစက်နေသည်ကို မြင်ကြသောသူတို့သည် “ယခုအခါ အနည်းငယ် ဆက်၍ လျောင်းစက်ပါစေ၊ ငါတို့၏အရှင်မ ဝိသာခါသည် လျောင်းစက်နေမှသာ တင့်တယ်လှဘိ၏”ဟု ကြံစည် ဆင်ခြင် အောက်မေ့ကြလေသည်။ ဤသို့လျှင် ဝိသာခါကား သွား,ရပ်,ထိုင်,လျောင်း = ဣရိယာပုထ် လေးပါးတို့အနက် “ဤမည်သော ဣရိယာပုထ်ဖြင့်တော့ မတင့်တယ်ဘူး”ဟု ပြောဆိုဖွယ်မရှိအောင်ပင် တင့်တယ်လေသည်။
(ဆင်ပြောင်ငါးစီး အားရှိသည်)- ဝိသာခါကား ဆင်ပြောင်ငါးစီးတို့၏ အားကို ဆောင်နိုင်သည်။ တချိန်က ကောသလမင်းကြီးသည် “ဝိသာခါကား ဆင်ပြောင်ငါးစီးတို့၏အားကို ဆောင်သတဲ့”ဟူသော သတင်းစကားကို ကြားသိရ၍ ဝိသာခါ ကျောင်းသို့သွား၍ တရားနာပြီး ပြန်လာသောအချိန်၌ အားအစွမ်းကို စုံစမ်းလိုရကား ဆင်ပြောင်ကြီးတစီးကို အလွှတ်ခိုင်းလေသည်။
၂၇၉
ဆင်ပြောင်သည် နှာမောင်းကို ချီမြှောက်၍ ဝိသာခါသို့ရှေးရှု ထိုးသတ်မည့်အမှုဖြင့် ပြေးလာနေ၏။ ဝိသာခါ၏ အခြွေအရံ မိန်းမငါးရာတို့သည် အချို့က ကြောက်လန့်၍ ထွက်ပြေး တိမ်းရှောင်ကြလေသည်။ (ဤမှ နောက်ဝါကျ၌ သီဟိုဠ်မူဝယ် ဧကစ္စာ န ပရိစ္စဇိတွာ-ရှိ၏၊ ဆဋ္ဌမူဝယ် ဧကစ္စာ န ပရိဿဇ္ဇိတွာ ရှိ၏။ ဧကစ္စာ ပန ပရိဿဇ္ဇိတွာ-ဟုရှိသော ပါဌ်သည် ပို၍ ယုတ္တိတန်၏၊ ထိုအတိုင်း မြန်မာပြန်၍ ဖော်ပြပေအံ့)။ အချို့သော အခြွေအရံ မိန်းမတို့ကမူကား ဝိသာခါကို ဝိုင်းဝန်းဖက်ကြ၍ ဝိသာခါက “အဘယ့်ကြောင့် ဤသို့ဖြစ်သနည်း”ဟု မေးအပ်လေသော် “အရှင်မ.. မင်းကြီးသည် အရှင်မ၏ အားအစွမ်းကို စုံစမ်းလိုသည်ဖြစ်၍ ဆင်ပြောင်ကို အလွှတ်ခိုင်းသတဲ့”ဟု ပြောဆိုကြလေ၏။
ဝိသာခါသူဌေးမသည် “ဤဆင်ပြောင်ကို မြင်ရ = တွေ့ရ၍ ပြေးသဖြင့် အဘယ်အကျိုးရှိအံ့နည်း (=အကျိုးမရှိ)၊ ထိုဆင်ပြောင်ကို အဘယ်ပုံ ဖမ်းယူရမည်နည်း”ဟု ကြံစည်၍ “ငါသည် အကယ်၍ ထိုဆင်ပြောင်ကို အားရှိသလောက် တင်းတင်းကြပ်ကြပ် ဖမ်းယူလိုက်လျှင် ထိုဆင်ပြောင်သည် ပျက်စီးသေဆုံးလေရာ၏”ဟု ဆင်ခြင်မိ၍ မိမိအနီးသို့ ရောက်လာသော ထိုဆင်ပြောင်ကို လက်ချောင်းကလေး ၂-ချောင်းတို့ဖြင့်သာ နှာမောင်း၌ ညှပ်ကိုင်ကာ အသာအယာ တွန်းလှဲလိုက်လေသည်။ ဆင်ပြောင်သည် မိမိကိုယ်ကိုဆောင်၍ ကြံ့ကြံ့ရပ်တည်ခြင်းငှါ မစွမ်းနိုင်ချေ။ (=ဗိုင်းဗိုင်းလဲ၍ သွားလေ၏)။ လူများအပေါင်းသည် သာဓုကောင်းကြီး ပေးကြလေ၏။ ဝိသာခါသည်လည်း မိမိအခြွေအရံ ပရိသတ်နှင့်တကွ ချမ်းသာစွာ အိမ်သို့ပြန်သွားလေ၏။
ပုဗ္ဗာရုံကျောင်းဆောက်ရန် အကြောင်းဖန်ခြင်း
ထိုအချိန်၌ သာဝတ္ထိပြည်ဝယ် မိဂါရမယ်တော် ဝိသာခါသူဌေးမသည် သား,မြေးများသူဖြစ်၍ ကျန်းမာသန်စွမ်းသော သားများ, မြေးများ ရှိသူဖြစ်၍ “အလွန် မင်္ဂလာရှိသော အမျိုးသမီး သူဌေးကတော်ကြီး”ဟူ၍ လူတိုင်းက အသိအမှတ်ပြု သမုတ်အပ်လေသည်။
၂၈၀
ထိုမျှလောက်သော သား,မြေးတို့အနက် တယောက်မျှလည်း အကြားကာလ သေပျောက်သူဟူ၍ မရှိဘူးသေးချေ။ သာဝတ္ထိ ပြည်သူပြည်သားတို့သည် မင်္ဂလာပွဲသဘင်တို့၌ ဝိသာခါကို ရှေးဦးစွာ ဖိတ်ကြား၍ ကျွေးမွေးကြလေသည်။ ထို့နောက် တရက်သော ပွဲသဘင်နေ့ဝယ် လူအများ ဝတ်စား တန်းဆာစုံလင် ဆင်ယင်ကြလျက် တရားနာရန် ကျောင်းသို့သွားကြစဉ် ဝိသာခါသည်လည်း ဖိတ်ကြားအပ်သော အရပ်၌ ဧည့်ခံကျွေးမွေးသည်ကို စားသောက်ပြီးလျှင် မဟာလတာ တန်းဆာကြီးကို ဆင်ယင်၍ လူများနှင့် အတူတကွ တရားနာရန် ကျောင်းသို့ လိုက်ပါခဲ့လျက် ကျောင်းတိုက်သို့ ဝင်လုလတ်သော် “မြတ်စွာဘုရားရှင်တို့၏ အထံတော်သို့ ဤကဲ့သို့သော ပြန့်လွင့်သူတို့၏ အသွင်အပြင်ဖြင့် သွားရောက်ရန် မသင့်လျော်”ဟု ဆင်ခြင်မိ၍ ထိုမဟာလတာ တန်းဆာကို ချွတ်ပြီးလျှင် အထုပ်ထုပ်လျက် မိမိဘုန်းကံကြောင့် ဖြစ်ပေါ်လာသော ဆင်ပြောင်ငါးစီးအားကို ဆောင်နိုင်သည့် ကျွန်မ၏လက်၌ ပေးအပ်လေ၏။
(ထိုမဟာလတာ တန်းဆာကို ထိုကျွန်မသာလျှင် ရွက်နိုင်သယ်နိုင်၏၊ အခြားသူများ မရွက်နိုင် မသယ်နိုင်။ ထို့ကြောင့် ဝိသာခါသည် ထိုကျွန်မကို “အမိ.. ဤတန်းဆာကို ယူထားလော့၊ မြတ်စွာဘုရား အထံတော်မှ တရားနာပြီး ပြန်သောအခါကျမှ ထိုတန်းဆာကို ဆင်ယင်ပေအံ့”ဟု ပြောဆို၍ ကျွန်မ၏လက်၌ ပေးအပ်လေသည်။)
ဝိသာခါသည် မဟာလတာတန်းဆာကို ကျွန်မလက်၌ ပေးအပ်ပြီးနောက် ဃနမဋ္ဌကတန်းဆာကို ဆင်၍ မြတ်စွာဘုရားသို့ ဆည်းကပ်ပြီးလျှင် တရားနာလေသည်။ တရားနာ၍ ပြီးဆုံးသောအခါ ဝိသာခါသည် မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုး၍ နေရာမှထကာ ဖဲသွားခဲ့လေသည်။ ကျွန်မသည်လည်း ထိုမဟာလတာ တန်းဆာကြီးကို တရားနာရာနေရာ၌ပင် မေ့၍ထားခဲ့လေသည်။ အထူးအားဖြင့် တရားနာပြီး ပြန်သွားသော ပရိသတ်၏ တစုံတရာသောဝတ္ထု မေ့ကျန်နေရစ်ခဲ့လျှင် ထိုဝတ္ထုကို အရှင်အာနန္ဒာမထေရ်သည် သိမ်းဆည်း၍ ထားတော်မူမြဲဖြစ်သည်။ ဤသို့လျှင် အရှင်အာနန္ဒာသည် ထိုနေ့၌ ဝိသာခါ၏ မဟာလတာ တန်ဆာကြီးကို
၂၈၁
တွေ့ရသဖြင့် မြတ်စွာဘုရားအား “မြတ်စွာဘုရား.. ဝိသာခါသည် မဟာလတာ တန်းဆာကြီးကို မေ့၍ သွားခဲ့ပါသည်ဘုရား”ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားရှင်က “ချစ်သားအာနန္ဒာ.. သင့်လျော်ရာအရပ်၌ သိမ်းထားလော့”ဟု မိန့်တော်မူသဖြင့် အရှင်အာနန္ဒာ မထေရ်သည် ထိုမဟာလတာ တန်းဆာကြီးကို မ-ချီ၍ စောင်းတန်းလှေကားတဖက်၌ ချိတ်ဆွဲ၍ ထားတော်မူလိုက်လေ၏။
ဝိသာခါ သူဌေးမသည်လည်း *သုပ္ပိယာ ဥပါသိကာမနှင့် အတူတကွ အာဂန္တုရဟန်း, ခရီးသွားရဟန်း, သူနာရဟန်း- စသည်တို့အတွက် ပြုသင့်ပြုထိုက်သည်ကို သိရအောင်ဟူ၍ ဇေတဝန် ကျောင်းတိုက်တော်အတွင်း၌ လှည့်လည်လေ၏။ အထူးအားဖြင့် ဝိသာခါ ဒါယိကာမကြီးနှင့် သုပ္ပိယာ ဒါယိကာမကြီးတို့ ကျောင်းတိုက်အတွင်း လှည့်လည်ကြသည်တို့ကို မြင်ကြရလျှင် ထောပတ်, ပျား, ဆီ-စသည်ကို အလိုရှိကုန်သော ရဟန်းငယ်များ, သာမဏေများသည်
* သုပ္ပိယာဒါယိကာမ- ဟူသည်မှာ ဗာရာဏသီပြည်မှ သုပ္ပိယဥပါသကာ၏ ဇနီးဖြစ်သည်၊ သူတို့ ဇနီးမောင်နှံ နှစ်ဦးလုံးတို့သည် ရတနာသုံးပါးကို အလွန် ကြည်ညိုကုန်၏၊ သံဃာအား ပစ္စည်း၄-ပါးကို လှူလေ့ရှိကုန်၏၊ သံဃအမှုခပ်သိမ်းကို ရွက်ဆောင်လေ့ရှိကုန်၏။ တချိန်က (မြတ်စွာဘုရား ဗာရာဏသီပြည် မိဂဒါဝုန်တော၌ သီတင်းသုံး နေတော်မူစဉ်က) သုပ္ပိယာ ဒါယိကာမကြီးသည် မိဂဒါဝုန်ကျောင်းတိုက်သို့ သွား၍ မမာကျန်းသော ရဟန်းတပါးကို တွေ့ရလျှင် “အရှင်ဘုရားအား အဘယ်ဓာတ်စာဖြင့် အလိုရှိပါသနည်း”ဟု မေး၍ ရဟန်းက “သားဟင်းမျိုးရည် = အသားစွတ်ပြုတ်ဖြင့် အလိုရှိ၏”ဟု ဆိုလေသော် “ရှိပါစေအရှင်ဘုရား.. ပို့လိုက်ပါမည်”ဟု လျှောက်ထားခဲ့၍ နောက်နေ့၌ ကပ္ပိယအသားကို မရနိုင်သည်ဖြစ်၍ မိမိ၏ ပေါင်သားဖြင့် ရဟန်းအတွက် သားဟင်းမျိုးရည် = အသားစွတ်ပြုတ်ရည် ကျိုချက်ကာ လှူဒါန်း၍ တဖန် မြတ်စွာဘုရား၌ ကြည်ညိုခြင်း ပြင်းစွာသောကြောင့် အမာရွတ်မျှမထင် ပကတိ နဂိုရ်ကိုယ်ရှိသူ ဖြစ်ခဲ့လေသည်။ အကြောင်းအရာ အကျယ်ကို ဝိနည်း မဟာဝဂ်ပါဠိတော် မြန်မာပြန် မျက်နှာ ၃၁၁-မှစ၍ ကြည့်ရှု ကုန်ရာ၏။
၂၈၂
ခွက်,ပန်းကန်-စသည်ကို စွဲကိုင်ကြလျက် ထိုဒါယိကာမကြီးတို့ထံ ချဉ်းကပ်ကြစမြဲ ဖြစ်လေသည်၊ ထိုနေ့မှာလည်း ထို့အတူပင် ပြုကြလေသည်။
ဝိသာခါ ဒါယိကာမကြီးသည်လည်း သူနာရဟန်းများ, ရဟန်းငယ်များ, သာမဏေများကို ကြည့်ရှုကာ လိုအပ်ရာရာကို လှူဒါန်းပြီးလျှင် အခြားတံခါးတခုဖြင့် ဇေတဝန် ကျောင်းတိုက်တော်မှ ထွက်၍ ကျောင်းတိုက်ဥပစာ၌ ရပ်တည်လျက်ပင် မိမိ၏ကျွန်မကို “အမိ.. မဟာလတာ တန်းဆာကို ယူခဲ့လော့၊ ဆင်ယင်ပေအံ့”ဟု ပြောဆိုလေ၏။ ထိုအချိန်ကျမှ ကျွန်မသည် မိမိမေ့၍ ကျောင်းတိုက်မှ ထွက်ခဲ့မိကြောင်း ကောင်းစွာ အမှတ်ရသိရှိ၍ “ဟော.. အရှင်မ.. ကျွန်တော်မ မေ့ထားခဲ့ပြီ”ဟူ၍ ပြောဆိုလေ၏။ ထိုအခါ ဝိသာခါ သူဌေးမသည် “ထိုသို့ဖြစ်လျှင် သွား၍ယူပြီး ပြန်ခဲ့လော့၊ အထူးအားဖြင့် အကယ်၍များ အရှင်အာနန္ဒာ မထေရ်မြတ်က ထိုမဟာလတာ တန်းဆာကို ချီမ၍ အခြားတနေရာရာ၌ သိမ်းထားအပ်ခဲ့လျှင် မယူခဲ့လင့်၊ အရှင်မြတ်အားသာလျှင် ထိုတန်းဆာကို ငါသည် စွန့်လှူအပ်ပြီး ဖြစ်သည်”ဟု မှာကြားပြောဆို၍ ကျွန်မကို လွှတ်လိုက်လေ၏၊ ဝိသာခါကား “အမျိုးလေးပါး လူအများတို့ ကျောင်းတိုက်အတွင်းဝယ် မေ့ကျန်၍ ထားခဲ့သော ပစ္စည်းဘဏ္ဍာများကို မပျောက်မပျက်ရအောင် အရှင်အာနန္ဒာမထေရ်သည် သိမ်းဆည်း၍ ထားတော်မူ၏”ဟူသော ဤအချက်ကို ကြိုတင်၍ သိပြီးဖြစ်သောကြောင့် ဤသို့ မှာကြားပြောဆိုလိုက်လေသည်။
အရှင်အာနန္ဒာ မထေရ်သည်လည်း ကျွန်မကို မြင်လျှင်ပင် “အဘယ်အကျိုးငှါ လာသနည်း”ဟု မေးတော်မူ၍ ကျွန်မက “တပည့်တော်မ အရှင်မ၏ မဟာလတာ တန်းဆာကို မေ့ထားခဲ့သောကြောင့် လာပါသည်ဘုရား”ဟု လျှောက်ထားလေလျှင် “ထိုမည်သော စောင်းတန်းလှေကား နံပါးတဖက်၌ ငါချိတ်၍ ထားအပ်သည်၊ သွားလော့, ထိုတန်းဆာကို ယူချေလော့”ဟု မိန့်တော်မူလေ၏။ ကျွန်မသည် “အရှင်ဘုရား.. အရှင်ဘုရားတို့၏လက်ဖြင့် သုံးသပ်ပြီးသော ဘဏ္ဍာကို တပည့်တော်မ၏ အရှင်မသည်
၂၈၃
(လှူအပ်ပြီးသား နှလုံးထား၍) တဖန် ပြန်မယူအပ်သောဝတ္ထု ပြုအပ်ပါပြီဘုရား”ဟု လျှောက်ထားခဲ့၍ လက်အချည်းနှီးသာ ဝိသာခါထံသို့ ပြန်လာခဲ့၍ ဝိသာခါက “ဘယ့်နှယ်လဲ အမိ..”ဟု မေးအပ်လေလျှင် ထိုအကြောင်းကို ဝိသာခါအား ပြန်ကြား ပြောဆိုလေ၏။
ထိုအခါ ဝိသာခါသည် ကျွန်မကို “အမိ.. ငါသည် အရှင်မြတ် သုံးသပ်ကိုင်တွယ်အပ်ပြီးသော မဟာလတာ အဆင်ဘဏ္ဍာကို မဆင်မြန်းတော့ပါ။ ငါသည် စွန့်လှူအပ်ပြီးသားပင် ဖြစ်ပါ၏။ သို့သော် အရှင်မြတ်များအဖို့ရာ စောင့်ရှောက်ထိန်းသိမ်းရန် ဝန်လေးလှ ဆင်းရဲလှပါသည်၊ ထိုတန်းဆာကို စွန့်ကြဲရောင်းချ၍ သံဃာအား အပ်စပ်သော ပစ္စည်းဘဏ္ဍာကို ဆက်ကပ် လှူဒါန်းပေအံ့၊ သွားချေ, ထိုမဟာလတာ တန်းဆာကို ယူခဲ့လော့”ဟု ပြောဆို စေလွှတ်လိုက်လေ၏။ ကျွန်မသည်လည်း ကျောင်းတိုက်သို့သွား၍ မဟာလတာ တန်းဆာကို ယူဆောင်ခဲ့လေ၏၊ ဝိသာခါသည် မဟာလတာ တန်းဆာကို မဆင်မြန်းပဲသာလျှင် ရွှေပန်းထိမ်သည်တို့ကို အခေါ်ခိုင်း၍ တန်ဖိုးပြတ်စေလေသည်။ ရွှေပန်းထိမ်သည်တို့က “ဤတန်းဆာသည် ကိုးကုဋေ အဖိုးထိုက်တန်၏။ လက်ခကား တသိန်းတန်၏”ဟု တန်ဖိုးဖြတ် ပြောဆိုအပ်လေသော် ဝိသာခါသည် ထိုတန်းဆာကို ယာဉ်၌ တင်ထားစေ၍ “ထိုသို့ဖြစ်လျှင် ထိုမဟာလတာ တန်းဆာကို ရောင်းချကြကုန်လော့”ဟု ပြောဆိုလေသည်။
ထိုမျှလောက်သော အဖိုးဥစ္စာကို ပေး၍ ဝယ်ယူခြင်းငှါ တဦးတယောက်မျှ စွမ်းနိုင်လိမ့်မည်မဟုတ်၊ မှန်၏- ထိုမဟာလတာ တန်းဆာကို ဆင်ယင်ရန် ထိုက်တန်သော အမျိုးသမီးမိန်းမတို့ကား ရခဲလှစွာကုန်၏၊ မှန်ပါပေသည်- မဟာပထဝီ ဤမြေအဝန်း၌ (၁) ဝိသာခါ ဒါယိကာမကြီး၊ (၂) ဗန္ဓုလစစ်သေနာပတိကတော် မလ္လိကာ (=မလ္လတိုင်းသူ)နှင့် (၃) ဗာရာဏသီ သူဌေးကြီး၏သမီး = ဤသုံးယောက်သော မိန်းမတို့သည်သာလျှင် မဟာလတာ တန်းဆာကို ရရှိကြလေသည်။
၂၈၄
သို့ရကား ဝိသာခါ သူဌေးမသည် မိမိကိုယ်တိုင်သာလျှင် မဟာလတာ တန်းဆာ၏ အဖိုး (ကိုးကုဋေနှင့် တသိန်း)ကို ပေး၍ ထိုကိုးကုဋေနှင့် တသိန်းသော အသပြာကျပ်တို့ကို လှည်း၌ တင်စေကာ ကျောင်းတော်သို့ ယူဆောင်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် “မြတ်စွာဘုရား.. တပည့်တော်မ၏ အရှင်အာနန္ဒာ မထေရ်မြတ်သည် တပည့်တော်မ၏ မဟာလတာ တန်းဆာကို မပျောက်ပျက်အောင် သိမ်းဆည်းရန် လက်ဖြင့် သုံးသပ်အပ်ခဲ့ပါပြီ၊ မထေရ်မြတ် သုံးသပ်ပြီးချိန်မှစ၍ ထိုတန်းဆာကို တပည့်တော်မသည် ဆင်မြန်းခြင်းငှါ မစွမ်းနိုင်တော့ပါ။ သို့အတွက် ထိုမဟာလတာ တန်းဆာကို စွန့်ကြဲ၍ သံဃာတော်အား အပ်စပ်သော = ကပ္ပိယပစ္စည်းကို ဆက်ကပ်မည်ဟု ရောင်းစေရမည်မှာ တပည့်တော်မမှတပါး ထိုတန်းဆာကို ဝယ်ယူစွမ်းနိုင်မည့် အခြားသူတဦးကိုမျှ မတွေ့ရ၍ တပည့်တော်မသည်ပင်လျှင် ထိုတန်းဆာ၏တန်ဖိုး (ကိုးကုဋေနှင့်ကျပ်တသိန်း)ကို ယူဆောင်စေ၍ လာခဲ့ပါသည်ဘုရား၊ သက်န်း, ဆွမ်း, ကျောင်း, ဆေး = ပစ္စည်းလေးပါးတို့တွင် အဘယ်ပစ္စည်းဖြင့် ဆက်ကပ်ရလျှင် သင့်လျော်ပါမည်နည်းဘုရား”ဟု လျှောက်ထား မေးမြန်းလေ၏၊ မြတ်စွာဘုရားရှင်က “ဝိသာခါ.. ဤသာဝတ္ထိမြို့ အရှေ့တံခါးအနီး၌ သံဃာတော်များ နေထိုင်ရန်အလို့ငှာ ကျောင်းဆောက်လုပ်ရန် သင့်အဖို့ရာ သင့်လျော်၏”ဟု မိန့်တော်မူလေလျှင် ဝိသာခါသူဌေးမသည် “သင့်လျော်ပါသည် မြတ်စွာဘုရား..”ဟု လျှောက်ထား၍ အားရဝမ်းမြောက်သော စိတ်ရှိလျက် ပုဗ္ဗာရုံကျောင်းနေရာ မြေအရပ်ကိုပင် (၉၀၀၀၀၀၀၀) ကိုးကုဋေသော ကျပ်အသပြာတို့ဖြင့် ဝယ်ယူလေ၏၊ အခြားကိုးကုဋေသော ဥစ္စာတို့ဖြင့် ပုဗ္ဗာရုံကျောင်းတိုက်ကြီးကို စတင် တည်ဆောက်လေ၏။
အရှင်မောဂ္ဂလာန်ထေရ် ကြီးကြပ်တော်မူ၍ ကိုးလဖြင့်အပြီး ပုဗ္ဗာရုံကျောင်းတိုက်ကြီး ဆောက်လုပ်ခြင်း
တနေ့သ၌ မြတ်စွာဘုရားသည် မိုးသောက်ထအခါ သတ္တလောကကို ကြည့်ရှုတော်မူလေသော် နတ်ပြည်မှ စုတေ၍
၂၈၅
ဘဒ္ဒိယမြို့ဝယ် သူဌေးမျိုး၌ဖြစ်လာသော ဘဒ္ဒိယသူဌေးသား၏ မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှု ဥပနိဿယနှင့် ပြည့်စုံခြင်းကို မြင်တော်မူ၍ အနာထပိဏ်သူဌေးအိမ်၌ ဆွမ်းဘုဉ်းပေးပြီးလျှင် သာဝတ္ထိပြည် မြောက်တံခါးသို့ရှေးရှု ကြွတော်မူလေ၏။
(အထူးမှတ်ရန်မှာ- ပြုလုပ် ရွက်ဆောင်တော်မူနေကျ ပကတိအားဖြင့် မြတ်စွာဘုရားသည် ဝိသာခါ၏အိမ်၌ ဆွမ်းခံ၍ တောင်တံခါးဖြင့် ထွက်ကြွတော်မူပြီးလျှင် ဇေတဝန်ကျောင်းတိုက်၌ သီတင်းသုံး နေထိုင်တော်မူ၏။ အနာထပိဏ်သူဌေးအိမ်၌ ဆွမ်းခံတော်မူပြီးလျှင် အရှေ့တံခါးဖြင့် ထွက်ကြွတော်မူ၍ ပုဗ္ဗာရုံကျောင်းတိုက်၌ သီတင်းသုံး နေထိုင်တော်မူ၏၊ မြောက်တံခါးသို့ရှေးရှု မြတ်စွာဘုရား ကြွတော်မူသည်ကို မြင်ကြ ရလျှင်ပင် “ဒေသစာရီ ကြွချီတော်မူလိမ့်မည်”ဟု အားလုံးသိကြရ၏)။
ဝိသာခါ သူဌေးမသည်လည်း ထိုနေ့၌ “မြတ်စွာဘုရား မြောက်တံခါးသို့ရှေးရှု ကြွတော်မူ၏”ဟူသော သတင်းစကားကို ကြားသိရ၍ လျင်မြန်စွာ မြတ်စွာဘုရားထံတော်သို့ သွားရောက်ရှိခိုးပြီးလျှင် “ဒေသစာရီ ကြွချီတော်မူလိုကြပါသလား ဘုရား”ဟု လျှောက်ထား၍ မြတ်စွာဘုရားရှင်က “အိမ်း.. ဟုတ်ပေသည် ဝိသာခါ..”ဟူ၍ မိန့်တော်မူလေလျှင် “မြတ်စွာဘုရား.. ဤမျှ(=ကိုးကုဋေ)သော ဥစ္စာကိုစွန့်၍ အရှင်ဘုရားတို့အတွက် ကျောင်းဆောက်နေဆဲ ရှိပါသည်၊ ပြန်နစ်တော်မူကြပါဦး မြတ်စွာဘုရား..”ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားရှင်က “ဝိသာခါ.. ဤယခု သွားခြင်းကား ပြန်နစ်၍မဖြစ်သော သွားခြင်းဖြစ်သည်”ဟု မိန့်တော်မူလေလျှင် ဝိသာခါသည် “ဧကန်ပင် မြတ်စွာဘုရားသည် မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှုနှင့် ပြည့်စုံသူတဦးဦးကို မြင်တော်မူလိမ့်မည်”ဟု ဆင်ခြင်စဉ်းစားမိ၍ “မြတ်စွာဘုရား.. ထိုသို့ဖြစ်လျှင် တပည့်တော်မ၏အဖို့ရာ ကျောင်းဆောက်ရာ၌ ပြုပြီး, မပြုရသေးသည်ကို ခွဲခြမ်းသိမြင် စီရင်ပေးမည့် ရဟန်းတော်တပါးကို ပြန်နစ်စေပြီးမှ (=ထားခဲ့ပြီးမှ) ကြွတော်မူကြပါဘုရား”ဟု လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က
၂၈၆
ဝိသာခါကို “ဝိသာခါ.. သင် သဘောကျသည့် ရဟန်း၏သပိတ်ကို ယူလော့”ဟု မိန့်တော်မူလေ၏။
ဝိသာခါသူဌေးမသည် ပကတိအားဖြင့် အရှင်အာနန္ဒာမထေရ်ကို ချစ်ခင် သဘောကျသော်လည်း “အရှင်မဟာမောဂ္ဂလာန် မထေရ်သည် တန်ခိုးကြီးတော်မူ၏၊ ထိုမထေရ်ကို အမှီပြုရလျှင် ငါ၏ ကျောင်းဆောက်ခြင်းကိစ္စသည် လျင်မြန်စွာ ပြီးစီးပေလိမ့်မည်”ဟု ကြံစည်မိ၍ အရှင်မောဂ္ဂလာန်မထေရ်၏ သပိတ်ကို တောင်းယူလေ၏။ မထေရ်မြတ်သည် မြတ်စွာဘုရားကို ကြည့်လျက်နေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က “ချစ်သားမောဂ္ဂလာန်.. သင်ချစ်သား၏ အခြံအရံ ရဟန်းငါးရာတို့ကို ခေါ်ယူ၍ သင်ချစ်သား ပြန်နစ်လော့”ဟု မိန့်တော်မူသဖြင့် မထေရ်မြတ်သည် မြတ်စွာဘုရား မိန့်တော်မူသည့်အတိုင်း မိမိ၏တပည့် ရဟန်းငါးရာတို့ကို ခေါ်ယူ၍ ပြန်နစ် ကျန်ရစ်တော်မူလေ၏။
မထေရ်မြတ်၏ အာနုဘော်ကြောင့် ယူဇနာငါးဆယ်, ခြောက်ဆယ်တိုင်တိုင် သစ်သား, ကျောက်တို့အလို့ငှါ သွားရောက်ကြသူ လူတို့သည်လည်း ကြီးကုန်, ကြီးကုန်သော သစ်သား, ကျောက်များကို ယူခဲ့ကြ၍ ထိုနေ့၌ပင်လျှင် (=နေ့ချင်းပြန်) ပြန်လာနိုင်ကြကုန်၏။ လှည်းပေါ်၌ သစ်သားများ, ကျောက်များကို တင်ကြရာမှာလည်း မပင်ပန်းကြကုန်၊ လှည်းဝင်ရိုး ကျိုးသောဟူ၍ မရှိ။ မကြာမီပင် ဘုံနှစ်ဆင့်ရှိသော (=၂-ထပ်)ပြာသာဒ်ကျောင်းကြီး ဆောက်လုပ်၍ ပြီးကြလေသည်။ ထိုပြာသာဒ်ကျောင်းကြီးမှာ အောက်ထပ်၌ တိုက်ခန်း ၅ဝဝ, အထက်ထပ်၌ တိုက်ခန်း ၅ဝဝ = ဤသို့ တိုက်ခန်းပေါင်း (၁၀၀၀) တထောင်တို့ဖြင့် တန်းဆာဆင် အပ်သော ပြာသာဒ်ကြီး ဖြစ်လေသည်။ ဝိသာခါ ကျောင်းအမကြီးသည် ရှစ်မင်းပယ်မျှ ကျယ်ဝန်းသန့်ရှင်းသော မြေအပြင်၌ ပြာသာဒ်ကျောင်းကြီးကို ဆောက်လုပ်စေလေသည်။ ထို့ပြင်လည်း “ပြာသာဒ်တော်ကြီး ထီးထီးသက်သက်ကား မတင့်တယ်ချေ”ဟု ကြံစည်ဆင်ခြင်မိ၍ ထိုပြာသာဒ်မကြီးကို ဝန်းရံလျက် ကမ္မဋ္ဌာန်းကျောင်းပေါင်း ၅၀၀,
၂၈၇
ပြာသာဒ်ငယ် ၅၀၀, တန်ဆောင်းရှည်ပေါင်း ၅၀၀-တို့ကိုလည်း ဆောက်လုပ် ပြီးပြေစေပြန်လေ၏။
ကျောင်းရေစက်ချပွဲကြီး ၄-လကြာ ကျင်းပခြင်း
ထို့နောက် မြတ်စွာဘုရားသည် ကိုးလကြာ ဒေသစာရီ လှည့်လည်တော်မူပြီး၍ သာဝတ္ထိပြည်သို့ တဖန် ပြန်ကြွတော်မူလာလေ၏။ ဝိသာခါ ကျောင်းအမကြီး၏ ပုဗ္ဗာရုံ ကျောင်းပြာသာဒ်ကြီး၌လည်း ပြုဖွယ်ကိစ္စ အဝဝသည် အရှင်မောဂ္ဂလာန်မထေရ်၏ စောင့်ရှောက်ခြင်း ခံရသည့်အတွက် ကိုးလဖြင့် အလုံးစုံ ပြီးစီးလေ၏။ ကျောင်းအမကြီးသည် ပြာသာဒ်အတွက် ထုပိကာကို ရေအိုးအလုံး ခြောက်ဆယ်ခန့် ဆံ့ဝင်လောက်အောင် တခဲနက် ခတ်အပ်သော ရွှေနီဖလံဖြင့် ပြုလုပ်စေလေသည်။ ဝိသာခါ ကျောင်းအမကြီးသည် “မြတ်စွာဘုရားရှင် ဇေတဝန် ကျောင်းတော်သို့ ကြွရောက်တော်မူလာ၏”ဟူသော သတင်းစကားကို ကြားရလျှင် ခရီးဦးကြိုဆို၍ မြတ်စွာဘုရားကို မိမိ၏ကျောင်းတိုက်သို့ ပင့်ဆောင်သွားပြီးလျှင် “မြတ်စွာဘုရား.. ဤမိုးလေးလပတ်လုံး ရဟန်းသံဃာကိုပါ ခေါ်ယူတော်မူ၍ ဤတပည့်တော်မ၏ ပုဗ္ဗာရုံတိုက်ကျောင်း၌သာ သီတင်းသုံး နေတော်မူကြပါဘုရား။ ကျောင်းလွှတ်ပူဇော်ပွဲ ပြုလုပ်ပါမည်ဘုရား”ဟု လျှောက်ထား၍ မြတ်စွာဘုရား သီတင်းသုံး နေထိုင်တော်မူရန် ခံဝန်ချက်ကို တောင်းယူလေ၏။ မြတ်စွာဘုရားသည် ဝိသာခါ ကျောင်းအမကြီး လျှောက်ထားချက်ကို လက်ခံတော်မူလေ၏။
ဝိသာခါ ကျောင်းအမကြီးသည် ထိုနေ့မှအစပြု၍ ဘုရားအမှူးရှိသော ရဟန်းသံဃာအား ကျောင်းတိုက်မှာပင် အလှူဒါနကြီး ပေးလှူလေ၏။ ထို့နောက် ဝိသာခါ၏ သူငယ်ချင်းမတယောက်သည် အဖိုးတသိန်းတန်သော အဝတ်တထည်ကို ယူဆောင်ခဲ့၍ ဝိသာခါထံ လာရောက်ပြီးလျှင် “သူငယ်ချင်းမ.. ငါသည်
၂၈၈
ဤအဝတ်ကို သင်၏ ပြာသာဒ်ကျောင်းတော်၌ မြေအခင်းအနေဖြင့် ခင်းလှူလိုပါသည်။ ခင်းရမည့်နေရာကို ငါ့အား ပြောကြားကြစေချင်ပါသည်”ဟု ပြောဆိုလာ၏။ ထိုအခါ ဝိသာခါ ကျောင်းအမကြီးက “ကောင်းပါပြီ သူငယ်ချင်း.. အကယ်၍ ငါက သင့်အား ‘ခင်းရန် နေရာမရှိ’ဟု ဟုတ်မှန်သည့်အတိုင်း ပြောဆိုလျှင် သင်က ငါ့အပေါ်မှာ ‘အခွင့်မပေးလို၍’ဟု အထင်လွဲပေလိမ့်မည်၊ သို့ရကား ကိုယ်တိုင်သာလျှင် ပြာသာဒ် ကျောင်းကြီး၏ အထက်ထပ်, အောက်ထပ် အခန်းတထောင်လုံး နှံ့စပ်အောင် ကြည့်ပြီးလျှင် ခင်းရမည့်နေရာကို စဉ်းစား ရှာကြံပါလော့”ဟု ခွင့်ပြုစကား ပြောကြားသဖြင့် ထိုသူငယ်ချင်းမသည် အဖိုးတသိန်းတန်သော အဝတ်ကို ယူဆောင်၍ အထက်ထပ်, အောက်ထပ် ထိုထိုအရပ်တို့၌ နှံ့စပ်အောင် လှည့်လည် ရှာကြံကြည့်ရှုလေသော် သူမ ယူဆောင်လာသည့် အဝတ်အောက် အဖိုးလျော့၍တန်သော အခင်းအဝတ်ကို မတွေ့ရ၍ “ငါကား ဤသူငယ်ချင်းမ၏ ကောင်းမှု ပြာသာဒ်ကျောင်းတော်ကြီး၌ ကုသိုလ်ကောင်းမှု အဖို့ အစုကို မရနိုင်တော့ချေ”ဟု ဆင်ခြင်မိကာ နှလုံးမသာယာခြင်းသို့ရောက်လျက် တနေရာ၌ ငိုကြွေးလျက်သာ ရပ်နေလေ၏။
ထိုအခါ ထိုသူငယ်ချင်းမကို အရှင်အာနန္ဒာမထေရ် မြင်တော်မူ၍ “အဘယ့်ကြောင့် ငိုကြွေးသနည်း”ဟု မေးတော်မူလေ၏။ ထိုသူငယ်ချင်းမက ထိုအကြောင်းကို ပြန်ကြား လျှောက်ထားလေလျှင် အရှင်အာနန္ဒာမထေရ်သည် “အကြံပြောထူ စိတ်ပူ၍ မနေလင့်၊ ငါသည် သင့်အား ခင်းရမည့်နေရာကို ပြောကြားပေအံ့”ဟု မိန့်တော်မူ၍ “စောင်းတန်း = လှေကားခြေရင်း သံဃာတော်များ ခြေဆေးကြမည့် နေရာအနီးဝယ် ဤသင်၏အဝတ်ကို ခြေသုတ်စရာပြု၍ ခင်းလေလော့၊ ရဟန်းတို့သည် ခြေဆေးကြပြီးလျှင် ရှေးဦးစွာ ဤသင်၏အဝတ်၌ ခြေကိုသုတ်ပြီးမှ ကျောင်းတွင်းသို့ ဝင်ကြလိမ့်မည်။ ဤသို့ဖြစ်သည်ရှိသော် သင့်အဖို့ရာ အကျိုးကြီးမြတ်သည် ဖြစ်ပေလိမ့်မည်”ဟု အကြံပေးစကား
၂၈၉
မိန့်ကြားတော်မူလေ၏။ (ဤနေရာကား ဝိသာခါ အမှတ်တမဲ့ မစဉ်းစားမိသောနေရာ ဖြစ်သတဲ့။)
ပစ္စည်း ၄-ပုံ စုံအောင်လှူခြင်း
ဝိသာခါ ကျောင်းအမကြီးသည် မိုးလေးလတို့ ကာလပတ်လုံး ကျောင်းတိုက်အတွင်း၌ မြတ်စွာဘုရား အမှူးရှိသော ရဟန်းသံဃာအား ကြီးစွာသော အလှူဒါနကို လှူဒါန်းလေသည်။ နောက်ဆုံး (တန်ဆောင်မုန်း လပြည့်နေ့)၌ ရဟန်းသံဃာအား သင်္ကန်းလျာ အထည်အဝတ်တို့ကို လှူဒါန်းလေ၏။ အငယ်ဆုံး သံဃာ (=သင်္ဃနော) ရအပ်သော သင်္ကန်းလျာ အဝတ်တို့သည်ပင် အဖိုးတထောင် ထိုက်တန်ကုန်၏။ အားလုံးသော ရဟန်းတို့အား သပိတ်နှင့် အပြည့်ထည့်၍ စတုမဓုဆေးကို လှူဒါန်းလေ၏။ လေးလကြာ ကျောင်းလွှတ်ပူဇော်ပွဲ ကျင်းပရာ၌ (၉ဝ,ဝဝဝ,ဝဝဝိ) ကိုးကုဋေသော အသပြာတို့ ကုန်လေသည်။
ဤသို့လျှင် ကျောင်းမြေရာ ဝယ်ရာ၌ ကိုးကုဋေ, ကျောင်းဆောက်စေရာ၌ ကိုးကုဋေ, ကျောင်းလွှတ်ပူဇော်ပွဲ (=ကျောင်းရေစက်ချပွဲ) လေးလကြာ ကျင်းပရာ၌ ကိုးကုဋေ = ပေါင်း နှစ်ဆယ့်ခုနစ်ကုဋေသော ဥစ္စာတို့ကို ဝိသာခါ ကျောင်းအမကြီးသည် ဘုရားသာသနာ၌ စွန့်ကြဲ လှူဒါန်းခဲ့လေသည်။ မိန်းမအဖြစ်၌ တည်လျက် မိစ္ဆာဒိဋ္ဌိအယူရှိသူ ယောက္ခမအိမ်ဝယ် နေထိုင်ပြီး ဤသို့စဉ် ကြီးစွာသော စွန့်ကြဲလှူဒါန်းမှုမည်သည် အခြား မိန်းမများအဖို့ရာ မရှိချေ။
ကျောင်းရေစက်ချပွဲအပြီး ဥဒါန်းကျူးရင့်ခြင်း
ကျောင်းအမကြီး ဝိသာခါသည် ကျောင်းရေစက်ချပွဲကြီး ပြီးဆုံးသောနေ့ ညနေချမ်းအခါဝယ် သား, သမီး, မြေး, မြစ်အပေါင်း ခြံရံလျက် “ငါ တောင့်တခဲ့သမျှ ဆုတောင်းခဲ့သမျှဥဿုံ အလုံးစုံ အထွတ်အထိပ်သို့ အပြီးအဆုံးသို့ ရောက်လေပြီ”ဟု ကြံစည် အောက်မေ့ ဝမ်းမြောက်ကာ ပြာသာဒ်ကျောင်းတော်ကြီးကို
၂၉၀
လှည့်လည်လျက် ၅-ဂါထာတို့ဖြင့် အလွန်ချိုမြိန် သာယာသော အသံဖြင့် ဤဆိုလတ္တံ့သောအတိုင်း ဥဒါန်း ကျူးရင့်လေသည်။
ကဒါဟံ ပါသာဒံ ရမ္မံ၊ သုဓာမတ္တိကလေပနံ။
ဝိဟာရဒါနံ ဒဿာမိ၊ သင်္ကပ္ပေါ မယှံ ပူရိတော။ (၁)
အဟံ = သိန်းကမ္ဘာတည့် အခါပြည့်အောင် အဘိနီဟာရ ပုညသမ္ဘာ ဆည်းပူးခဲ့ပါသော အကျွန်ုပ် ဝိသာခါသည်။ ရမ္မံ = ရောက်လာသသူ ရှင်ရှင်လူတို့ ကြည်ဖြူနှလုံး ရွှင်ပြုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်သော။ သုဓာမတ္တိကလေပနံ = အင်္ကတေ, မြေသရွတ်တို့ဖြင့် ချောမွတ်အောင် မွမ်းမံ လိမ်းကျံအပ်ပေထသော။ ပါသာဒံ = ပုဗ္ဗာရုံတွင်ခေါ် ပြာသာဒ်ကျောင်းတော် တည်းဟူသော။ ဝိဟာရဒါနံ = သံဃာတော် အရှင်မြတ်တို့ ကိန်းဝပ်ပျော်စံရာ မဟာဝိဟာရ ကျောင်းအလှူဒါနကို။ ကဒါ = ဘယ်ခါသမယ ဘယ်ကာလများမှာမှ။ ဒဿာမိ = နှလုံးစိတ်ဝမ်း ပီတိလွှမ်း၍ လှူဒါန်းကော်ရော် ပူဇော်ရပါမည်နည်း။ ဣတိ = ဤသို့။ မယှံ = ဝိသာခါသမုတ် ကျောင်းအမအကျွန်ုပ်၏။ သင်္ကပ္ပေါ = လွန်ခဲ့သည့်သိန်းကမ္ဘာ ရှည်မြင့်လှထိုအခါက သဒ္ဓါ,ပညာ နှစ်ဖြာညီမျှ ကြံစည်တောင့်တချက် အ၀၀သည်။ ပူရိတော = အလိုရှိတိုင်း မဆိုင်းပြည့်မြောက် သိဒ္ဓိပေါက်ခဲ့လေပြီတကား။
ကဒါဟံ မဉ္ဇပီဌဉ္စ၊ ဘိသိဗိမ္ဗောဟနာနိ စ။
သေနာသနဘဏ္ဍံ ဒဿာမိ၊ သင်္ကပ္ပေါ မယှ ပူရိတော။ (၂)
အဟံ = တသိန်းကမ္ဘာ ရှည်မြင့်ကြာအောင် မဟာပုည ကုသလကို လုံ့လကြိုးကုတ် အကျွန်ုပ် ဝိသာခါသည်။ မဉ္ဇပီဌဉ္စ = ညောင်စောင်း, အင်းပျဉ် = ခဋင်နှင့် ထိုင်စရာ သင်္ချာမြားမြောင် သံဃအသုံးအဆောင်ကို၎င်း။ ဘိသိဗိမ္ဗောဟနာနိ စ = သံဃအသုံး ဘုံလျှို (=ဖုံနှင့်)
၂၉၁
ခေါင်းအုံးတို့ကို၎င်း။ သေနာသနဘဏ္ဍံ = ဆိုပြီး,မပြီး ကျောင်းအသုံးအဆောင် အသီးသီးကို။ ကဒါ = ဘယ်ခါသမယ ဘယ်ကာလများမှာမှ။ ဒဿာမိ = နှလုံးစိတ်ဝမ်း ပီတိလွှမ်း၍ အားရမ်းကော်ရော် ပူဇော် လှူဒါန်းရပါမည်နည်း။ (ဣတိ = ဤသို့)။ မယှံ = ကျောင်းအမ- ဟု အပေါင်းကခေါ်သမုတ် အကျွန်ုပ် ဝိသာခါ၏။ သင်္ကပ္ပေါ = ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါက ပဌမာဒိက လက်မွန်စခဲ့သည့် တောင့်တကြံစည်ချက် ဝိဝဋ္ဋကုသိုလ်စက်သည်။ ပူရိတော = လူနတ်နုမော် သာဓုခေါ်လျက် ရည်မြော်သည့်တိုင်း လူ့သမိုင်းတွင် ကြံတိုင်းပြည့်မြောက် (ယခုဖြင့်) သိဒ္ဓိပေါက်ခဲ့လေပြီတကား။
ကဒါဟံ သလာကဘတ္တံ၊ သုစိံ မံသူပသေစနံ။
ဘောဇနဒါနံ ဒဿာမိ၊ သင်္ကပ္ပေါ မယှ ပူရိတော။ (၃)
အဟံ = ပုဗ္ဗာရုံကျောင်းအမဟု အပေါင်းကသမုတ် အကျွန်ုပ် ဝိသာခါသည်။ သုစိံ = ဆန်ကွဲဆန်ညှာ စပါးလုံးနှင့် ခဲမပါအောင် ကောင်းစွာရွေးဆယ် စင်ကြယ်စွာထသော။ မံသူပသေစနံ = ဟင်းလျာအခန်းခန်း အသားတို့ဖြင့်ပြွမ်းပေထသော (=ဒန်ပေါက်ဆွမ်း အမျိုးမျိုးကို ဆိုလိုသည်)။ သလာကဘတ္တံ = စာရေးတံခေါ်မှတ် ဆွမ်းဟူ၍ သမုတ်အပ်သော။ (ဝါ) သလာကဘတ္တံ = စာရေးတံဆွမ်းအစ ခုနစ်ဝသော။ ဘောဇနဒါနံ = အာယု, ဝဏ္ဏ, သုခ, ဗလံ, ပဋိဘာန်ဟု ငါးတန်ကျိုးရ ဆွမ်းအလှူဒါနကို။ ကဒါ = ဘယ်ခါသမယ ဘယ်ကာလများမှာမှ။ ဒဿာမိ = နှလုံးစိတ်ဝမ်း ပီတိလွှမ်း၍ အားရမ်းကော်ရော် သံဃာတော်အား ပူဇော် လှူဒါန်းရပါမည်နည်း။ (ဣတိ = ဤသို့)။ မယှံ = ကျောင်းအမ- ဟု အပေါင်းကခေါ်သမုတ် အကျွန်ုပ် ဝိသာခါ၏။ သင်္ကပ္ပေါ = ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါက ပဌမာဒိက လက်မွန်စခဲ့သည့် တောင့်တကြံစည်ချက် ဝိဝဋ္ဋကုသိုလ်စက်သည်။
၂၉၂
ပူရိတော = လူနတ်နုမော် သာဓုခေါ်လျက် ရည်မြော်သည့်တိုင်း လူ့သမိုင်းတွင် ကြံတိုင်းပြည့်မြောက် (ယခုဖြင့်) သိဒ္ဓိပေါက်ခဲ့လေပြီတကား။
ကဒါဟံ ကာသိကဝတ္ထံ၊ ခေါမကပ္ပါသိကာနိ စ။
စီဝရဒါနံ ဒဿာမိ၊ သင်္ကပ္ပေါ မယှ ပူရိတော။ (၄)
အဟံ = သံဃဒါယိကာ အကျွန်ုပ် ဝိသာခါသည်။ ကာသိကဝတ္ထံ = ကာသိတိုင်းဖြစ် အသစ်စက်စက် အနဂ္ဃ မျိုးမှန် အဖိုးတန်အဝတ်လည်းဖြစ်သော။ ခေါမကပ္ပါသိကာနိ စ = ခုံချည်သက်န်း, ဝါချည်သင်္ကန်းများလည်းဖြစ်သော။ စီဝရဒါနံ = ဆိုပြီး,မပြီး အသီးသီးအဝဝ သင်္ကန်းအလှူဒါနကို။ ကဒါ = ဘယ်ခါသမယ ဘယ်ကာလများမှာမှ။ ဒဿာမိ = နှလုံးစိတ်ဝမ်း ပီတိလွှမ်း၍ အားရမ်းကော်ရော် သံဃာတော်အား ပူဇော် လှူဒါန်းရပါမည်နည်း။ (ဣတိ = ဤသို့)။ မယှံ = မေဏ္ဍက၏မြေး ဓနဉ္ဇယ၏ရင်သွေး သူဌေးမ ကျောင်းဒါယိကာ အကျွန်ုပ် ဝိသာခါ၏။ သင်္ကပ္ပေါ = ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါက ပဌမာဒိက လက်မွန်စခဲ့သည့် တောင့်တကြံစည်ချက် ဝိဝဋ္ဋကုသိုလ်စက်သည်။ ပူရိတော = လူနတ်နုမော် သာဓုခေါ်လျက် ရည်မြော်သည့်တိုင်း လူ့သမိုင်းတွင် ကြံတိုင်းပြည့်မြောက် (ယခုဖြင့်) သိဒ္ဓိပေါက်ခဲ့လေပြီတကား။
ကဒါဟံ သပ္ပိနဝနီတံ၊ မဓုတေလဉ္စ ဖာဏိတံ။
ဘေသဇ္ဇဒါနံ ဒဿာမိ၊ သင်္ကပ္ပေါ မယှ ပူရိတော။ (၅)
အဟံ = သာသနမာတာ အကျွန်ုပ် ဝိသာခါသည်။ သပ္ပိနဝနီတံ = ထောပတ်ကြည်နု ဩဇာစုသား ဆီဥလည်းဖြစ်သော။ မဓုတေလဉ္စ = ပျားနှင့်နှမ်းဆီ နှစ်မည်လည်းဖြစ်သော။ ဖာဏိတဉ္စ = ရသာချိုကဲ တင်လဲလည်းဖြစ်သော။ ဘေသဇ္ဇဒါနံ = သမားတို့ဥစ္စာ ရသာယန
၂၉၃
ဆေးအလှူဒါနကို။ ကဒါ = ဘယ်ခါသမယ ဘယ်ကာလများမှာမှ။ ဒဿာမိ = နှလုံးစိတ်ဝမ်း ပီတိလွှမ်း၍ အားရမ်းကော်ရော် သံဃာတော်အား ပူဇော် လှူဒါန်းရပါမည်နည်း။ (ဣတိ = ဤသို့)။ မယှံ = မိဂါရမာတာ အကျွန်ုပ် ဝိသာခါ၏။ သင်္ကပ္ပေါ = ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါက ပဌမာဒိက လက်မွန်စခဲ့သည့် တောင့်တကြံစည်ချက် ဝိဝဋ္ဋကုသိုလ်စက်သည်။ ပူရိတော = လူနတ်နုမော် သာဓုခေါ်လျက် ရည်မြော်သည့်တိုင်း လူ့သမိုင်းတွင် ကြံတိုင်းပြည့်မြောက် (ယခုဖြင့်) သိဒ္ဓိပေါက်ခဲ့လေပြီတကား။ ။(ဤဆိုအပ်ပြီးသော စကားရပ်စုကို ဓမ္မပဒအဋ္ဌကထာမှ ထုတ်နုတ်ဖော်ပြအပ်သည်)။
(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း
ကျောင်းအမကြီး ဝိသာခါ၏ အိမ်သည်ကား နံနက်အခါဝယ် (သံဃာအဝင်အထွက် များလှသောကြောင့်) သင်္ကန်းရောင်တို့ဖြင့် ပြောင်ပြောင်ဝင်းဝင်း ထွန်းလင်းလျက်ရှိသည့်ပြင် အထွက်အဝင် သံဃာတော်တို့ သွားလာလှုပ်ရှားသဖြင့် ဖြစ်ပေါ်လာသော လေ, ဖန်ရည်ရနံ့တို့ဖြင့် သင်းပျံ့ကြိုင်လှိုင်လျက် ရှိပေ၏။ အနာထပိဏ် သူဌေးအိမ်မှာကဲ့သို့ ကျောင်းအမကြီး ဝိသာခါ၏ အိမ်မှာလည်း အာဂန္တုဆွမ်း, ခရီးသွားဆွမ်း- အစရှိသော ဆွမ်းမျိုးစုံတို့သည် အသင့်စီမံ ချက်ပြုတ်ပြီးသာလျှင် ရှိကုန်၏။
ကျောင်းအမကြီးသည် နံနက်အခါဝယ် ရဟန်းသံဃာအား ဆိုင်ရာဆိုင်ရာ ဆွမ်းများ လှူဒါန်း ဆက်ကပ်ပြီးနောက် နေမွန်းလွဲသောအခါ မိမိ၏ တပည့်များကို ထောပတ်, ဆီဦး, ပျား, ဆီ, တင်လဲ-ဟူသော ဆေးပစ္စည်းများကို၎င်း (သပြေ, သရက်၊ မုဒရက်၊ ဖက်သက်, သစ်မည်စည်။ ငှက်ပျောနှစ်မျိုး၊ ကြာစွယ်တိုး၊ ရှစ်မျိုး အဖျော်ရည်-ဟူသော) အဖျော်ရှစ်မျိုးတို့ကို၎င်း ထမ်း,ရွက်ယူဆောင်ခဲ့စေပြီးလျှင် ဘုရားသီတင်းသုံးတော်မူရာ ကျောင်းတိုက်တော်သို့ သွားရောက်ကာ ရဟန်းသံဃာအား လိုအပ်သလို
၂၉၄
ဆေးပစ္စည်းများ, အဖျော်ယမကာများကို လှူဒါန်းဆက်ကပ်လေသည်။ ထို့နောင်မှ မြတ်စွာဘုရား၏ တရားတော်ကို နာကြားပြီးလျှင် အိမ်သို့ ပြန်လာလေ၏။ (ဤကား ဝိသာခါ၏ နိဗဒ္ဓ ကောင်းမှုဝတ် ဖြစ်သည်)။
ထို့ကြောင့်ပင် မြတ်စွာဘုရားသည် နောက်အဖို့ဝယ် ဥပါသိကာ ဒါယိကာမကြီးများကို အစဉ်အတိုင်း ဧတဒဂ်ရာထူး = ဌာနန္တရတို့၌ ထားတော်မူသည်ရှိသော် မိဂါရမယ်တော် ဤကျောင်းအမကြီး ဝိသာခါကို-
“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဥပါသိကာနံ ဒါယိကာနံ ယဒိဒံ ဝိသာခါ မိဂါရမာတာ = ရဟန်းတို့.. စွန့်ကြဲပေးကမ်း လှူဒါန်းရခြင်း၌ နှစ်ခြိုက်မွေ့လျော်ကြသည့် ငါဘုရား၏ တပည့်မ = သာဝိကာ ဥပါသိကာတို့တွင် မိဂါရမယ်တော် ဝိသာခါ သူဌေးမသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-
ဟု ချီးကျူး မိန့်မြွက်တော်မူကာ “ဒါယိက = လှူဒါန်းရခြင်း၌ မွေ့လျော်သော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။
ဤကား ဝိသာခါကျောင်းအမကြီး အကြောင်းတည်း။
**********