ဝိသုံဂါမ သီမာဝိနိစ္ဆယ/ပကတိဂါမ ဝိသုံဂါမဖြစ်ပုံ

3475ဝိသုံဂါမ သီမာဝိနိစ္ဆယ — ၉။ ပကတိဂါမ ဝိသုံဂါမဖြစ်ပုံအဘယာရာမဆရာတော်

     ပကတိဂါမ, ဝိသုံဂါမနှစ်ရပ်တွင် ပကတိဂါမသည်သာ ပါဠိတော်၌ တိုက်ရိုက်လာ၏။ အဋ္ဌကထာ၌ပြအပ်သော ဝိသုံဂါမဟူသည်မှာ ထိုပကတိဂါမနှင့် အကျဉ်းအကျယ်, ပကတိ ဝိကတိမျှသာ ထူး၍ ပကတိဂါမဖြစ်ပုံအခြင်းအရာကို အကျယ်စပ်ဟပ် နှီးနှောမိက ဝိသုံဂါမဖြစ်ပုံ အခြင်းအရာကိုလည်း အလွယ်တကူ မှတ်ယူချင့်ချိန်နိုင်ရန်ရှိသောကြောင့် ပကတိဂါမ ဖြစ်ပုံအခြင်းအရာနှင့်တကွပြဆိုပေအံ့။

     “အသမ္မတာယ ဘိက္ခဝေ သီမာယ အဋ္ဌပိတာယ ယံ ဂါမံ ဝါ နိဂမံ ဝါ ဥပနိဿာယ ဝိရဟတိ၊ ယာ တဿ ဝါ ဂါမဿ ဂါမသီမာ၊ နိဂမဿ ဝါ နိဂမသီမာ အယံ တတ္ထ သမာနသံဝါသာ ကူပေါသထာ” ဟူသော ဥပေါသထက္ခန္ဓကပါဠိတော် (ဝိ၊ ၃။ ၁၅ဝ။) ၌ ရဟန်းမှီနေသောရွာ၏ ရွာတစ်ပါးနှင့် မရောမယှက်သော နယ်နိမိတ်အပိုင်းအခြားသည် ဂါမသီမာမည်၏။ နိဂမဟူသောရွာကြီး၏ ရွာတစ်ပါးနှင့် မရောမယှက်သော နယ်နိမိတ်အပိုင်းအခြားသည် နိဂမသီမာ မည်၏။ ဤသို့ ရွာနယ်နိမိတ် အသီးအသီးတို့ဖြင့် ပိုင်းခြားရာ ပိုင်းခြားအပ်သော တစ်ခုတစ်ခုသော ဂါမခေတ်သည် ဂါမသိမ်မည်၏ဟူလို။ (အထူးမှတ်ရန်။ ဤပါဠိတော်၌ အခွန်ဖြင့် သီးခြားဖြစ်ခြင်းကို မဟောမူ၍ ရွာနယ်အားဖြင့် သီးခြားဖြစ်ခြင်းကိုသာ ဟောသည်။)

     အဋ္ဌကထာ (ဝိ၊ဋ္ဌ၊ ၃။ ၃၃၃။)၌ကား ရွာနယ်အသီးအခြားဖြစ်က ရွာစားတို့ရအပ်သော အခွန်အတုတ်လည်း သီးခြားဖြစ်တော့သည်သာဟု နှလုံးပိုက်တော်မူ၍ အခွန်အတုတ် သီးခြားဖြစ်ခြင်းဖြင့် ရွာနယ်သီးခြားဖြစ်ခြင်းကိုပင် မှတ်၍ပြလိုသောကြောင့်“တတ္ထ ယတ္တကေ ပဒေသေ တဿ ဂါမဿ ဘောဇကာ ဗလိံ လဘန္တိ၊ သော ပန ပဒေသော အပ္ပေါ ဝါ ဟောတု မဟန္တော ဝါ ဂါမသီမာတွေဝ သင်္ချံ ဂစ္ဆတိ၊ နဂရနိဂမသီမာ သုပိ ဧသေဝ နယော”ဟု ဘွင့်ပြတော်မူ၏။ ဤ၌ “ယတ္တကေ ၊ပေ၊ လဘန္တိ” ဟူသောစကားဖြင့် လောကဝေါဟာရအားဖြင့်ပြီးသော ဂါမခေတ် အပိုင်းအခြားကို ရွာစားတို့၏ အခွန်ခြင်းအားဖြင့် မှတ်သားအပ်၏၊ အဘိဓမ္မာ၌ကဲ့သို့ တံခါးခုံတည်ရာအရပ်ဖြင့်၎င်း, အဒိန္နာဒါန သိက္ခာပုဒ်၌ကဲ့သို့ တံခါးခုံတည်ရာအရပ်ဖြင့်၎င်း, အဒိန္နာနာဒါန သိက္ခာပုဒ်၌ ကဲ့သို့ ပရိက္ခေပ ပရိက္ခေပါရဟဋ္ဌာနဖြင့်၎င်း, အာရညကသိက္ခာပုဒ်၌ ကဲ့သို့ လေးအတာ အပြန်ငါးရာအားဖြင့်၎င်း မမှတ်အပ်ဟု ပြတော်မူ၏။

     ထိုသို့ပြသဖြင့် တစ်ခုသောရွာကြီး၏ နယ်အတွင်း၌ နှစ်ရွာသုံးရွာ စသောရွာတို့ကို အသစ်တည်ထောင်၍ ထိုရွာသစ်တို့၏ နယ်အပိုင်းအခြားကို အစိုးရမင်းတို့က ပိုင်းခြားဝေဘန်၍ မပေးမထားသမျှ ကာလပတ်လုံး ရွာနယ်ရွာစားမကွဲပြားသောကြောင့် ရွာကြီး၏နယ်နိမိတ် အပိုင်းအခြားအားဖြင့် တစ်ခုသောဂါမခေတ် ဂါမသိမ်သာဖြစ်သည်ဟုလည်း ပြတော်မူ၏။

     “သော ပန ပဒေသာ အပ္ပေါ ဝါ ဟောတု မဟန္တော ဝါ” ဟူသောစကားဖြင့် ဗဒ္ဓသိမ်၌ အငယ်ဆုံး နှစ်ကျိပ်တစ်ယောက် စည်းဝေးလောက်သော ပမာဏ , အကြီးဆုံး သုံးယူဇနာ ပမာဏရှိရသကဲ့သို့ ဤဂါမသိမ်၌ အကျဉ်းအကျယ်ပမာဏမရှိဟု ပြတော်မူ၏။ ဤအဋ္ဌကထာ၌ ရာဇပဏ္ဏဟူသော မြေပုံ၌တင်၍ နယ်သီးမပြုလုပ်သော်လည်း အခွန်သီးပြုလုပ်က ဂါမသိမ်သီးဖြစ်၏ဟု မမှတ်ယူအပ်၊ ထို့ကြောင့် ဝိနယဝိနိစ္ဆယဋီကာ၌ နယ်သီး, အခွန်သီးပြုခြင်း နှစ်ရပ်ကို စပ်၍ “ဂါမပရိစ္ဆေဒေါတိ သဗ္ဗဒိသာသု သီမံ ပရိစ္ဆိန္ဒိတွာ ဣမဿ ပဒေသဿ ဧတ္တကော ကရောတိ ဧဝံ ကရေန နိယမိတော ဂါမပ္ပဒေသော” ဟုမိန့်ဆို၏။ ထိုသို့ နယ်သီးပိုင်းခြား ပြုလုပ်မှသာ ဂါမသိမ် သီးခြားဖြစ်ခြင်းကြောင့် ပကတိဂါမ၏အတွင်း၌ ဝိသုံဂါမ ဖြစ်ပုံကိုပြသော အဋ္ဌကထာ၌ အခွန်သီးပြု၍ပေးခြင်းကို မပြမူ၍ နယ်သီးနယ်ခြားပြု၍ ရာဇပဏ္ဏသို့တင်ပြီးလျှင် ပေးခြင်းကိုသာ နီတတ္ထ ပဓာနပြု၍ “ယမ္ပိ ဧကသ္မိံ ယေဝ ဂါမက္ခေတ္တေ ဧကံ ပဒေသံ “အယမ္ပိ ဝိသုံ ဂါမော ဟောတူ'တိ ပရိစ္ဆိန္ဒိတွာ ရာဇာ ကဿစိ ဒေတိ၊ သောပိ ဝိသုံဂါမသီမာ ဟောတိယေဝ”ဟု (ဝိ၊ ဋ္ဌ၊ ၃။ ၃၃၃။ )ဆိုတော်မူ၏။

     (ဤ၌ လူ, ရဟန်းနှစ်ပါးကို သိမ်းယူနိုင်သော “ကဿစိ” ဟူသော သဗ္ဗနာမ်ပုဒ်ဖြင့် ဆိုအပ်သောကြောင့် ရဟန်းလည်း ပါဝင်သင့်၏။ ထိုစကားမှန်၏ “ခေတ္တံ ဒေမိ၊ ဝတ္ထုံ ဒေမိ”ဟု အကပ္ပိယ ဝေါဟာရဖြင့်သော်၎င်း ရဟန်းအား “အာရာမံ ဒေမိ”ဟု ကပ္ပိယ ဝေါဟာရဖြင့်သော်၎င်း ရဟန်းအားလှူရာ ရဟန်းသည် လယ်,ယာ, အာရာမ်တို့ကို ပိုင်း၍ အလိုရှိတိုင်း ထိုကိုပြုလုပ်နိုင်သကဲ့သို့ ဝိသုံဂါမ ပြု၍ပေးရာ ထိုဝိသုံဂါမမြေကွက်ကို ရဟန်းမပိုင် အလိုရှိတိုင်းမသုံးစွဲနိုင်၊ ထိုဝိသုံဂါမမှ အခွန်ရလျှင် ၎င်းကို ရဟန်းပိုင်၏၊ မရလျှင် မူလသူကြီး၏ အခွန်ကောက်ယူခြင်းမှ လွတ်ငြိမ်းခြင်း, နယ်သီးခြားဖြစ်သွားခြင်းကြောင့် ဝိနည်းကံ ပြုလွယ်ခြင်း အကျိုးရှိ၏။ မြေရှင်တခြား ရွာစားတခြား၏ အဖြစ် လောက၌ထင်ရှားလှ၏။ သို့သော်လည်းရဟန်းကို သူကြီးခန့်ရိုး ထုံးစံ လောက၌ မရှိသောကြောင့်၎င်း, “အနုဇာနာမိ ဘိက္ခဝေ အာရာမံ ပဋိဂ္ဂဟေတုံ”ဟူသော သိက္ခပုဒ်ကိုမှီ၍ ပရူပဝါဒဖြစ်ရာသောကြောင့်၎င်း လေသမတ္တဖြစ်သော အပြစ်ကိုပင် နှစ်သက်တော်မမူကြသော ဝိနယဂရုကမဟာထေရ်တို့သည် ဝိသုံဂါမကို ကိုယ်တိုင်မခံကြကုန်။) အဓိပ္ပါယ်ရှင်းလင်းစွာ သိသာစေခြင်းငှါပြန်၍ ပေါင်းပြအံ့။

     (၁) ပကတိဂါမကိုပြသော ပါဠိတော်၌ နယ်သီးခြားပြုခြင်းကိုသာဟော သည်။

     (၂) ပကတိဂါမကိုပြသောအဋ္ဌကထာ ဝိနိစ္ဆယဋီကာတို့၌ အခွန်သီးခြား ပြုခြင်းကိုလည်း ဆိုသည်။

     (၃) ဝိသုံဂါမကိုပြသောအဋ္ဌကထာ၌ နယ်သီးပြုခြင်းကိုသာဆိုသည်။

     ဤသို့လာသော ပါဠိ, အဋ္ဌကထာ, ဋီကာသုံးရပ်ကိုစပ်၍ နယ်သီးခြားပြုခြင်း ပဓာနလက္ခဏာ, အခွန်သီးပြုခြင်း အပဓာနလက္ခဏာ တို့ဖြင့်မှတ်အပ်သော တစ်ခုသော ဂါမခေတ်ကို တစ်ခုသော ပကတိဂါမသိမ်၊ ထို၏အတွင်း အစိုးရမင်းတို့၏ အလိုဖြင့် ပိုင်းခြားအပ်သော တစ်စိတ်သောအရပ်ကို ဝိသုံဂါမသိမ်ဟု မှတ်အပ်၏။ အောက်၌ ပြအပ်ပြီးသော နဒီ, သမုဒ္ဒ,ဇာတဿရ တို့၌တည်ရှိသော ကျောက်ဆောင်, ကျွန်း, တောင်, ရေတွင်း,ဘူး,သခွားခင်းတို့ကို လူတို့၏စားကျက် မနုဿဂေါစရ မနုဿူပစာရအတွင်းသို့ ကျခါမျှဖြင့် ဂါမသိမ်ဟုဆိုသော အဋ္ဌကထာစကားဖြင့်လည်း အခွန်သီးပြုခြင်း၏ လိုရင်းပဓာန မဟုတ်ကြောင်းသည် ထင်ရှား၏။ ထို့ကြောင့် ကလျာဏီကျောက်စာ၌ “ယသ္မိံ ပကတိဂါမက္ခေတ္တေကဒေသံ ယံကိဉ္စိ ကရဂ္ဂါဟပရိစ္ဆိန္နဋ္ဌာနံ ကရဂ္ဂါဟံ ဒါတုမိစ္ဆယံ ရာဇာဒီဟိ ပရိစ္ဆိန္ဒိတွာ ဒိန္နံ တံ ယေဝ ဝိသုံဂါမ သင်္ချံ ဂစ္ဆတိ”ဟု အခြေအမြစ်မရှိ ထင်မိထင်ရာဆိုသောစကားကို မမှတ်အပ်။

     ဤ၌ “ကရဂ္ဂါဟံ ဒါတုမိစ္ဆယံ”ဟူသောစကားကို ယုံကြည်၍ “အခွန်ကောက်ယူရန် ပေးအပ်သော ရွာတစ်စိတ်သာ ဝိသုံဂါမဖြစ်၏၊ သိမ်သမုတ်ရန် ပေးအပ်သော မြေကွက်သည် ဝိသုံဂါမ မဖြစ်”ဟု ပါဠိ,အဋ္ဌကထာ, ဋီကာ သာဓကအရိပ်အရောင်မျှမရှိဘဲလျက် အဋ္ဌကထာစကား၌ မိမိအလိုကိုထည့်စွက်သော ပရဝါဒီသည် အောက်၌ ပြဆိုပြီးသော ဝိနည်း၏စည်းကမ်းကို လွန်ကြူးခြင်းကြောင့် အစိုးရ၏ ဥပဒေကို ပြင်ဆင်၍ လျှောက်လဲသော ရှေ့နေထက်ပင် ဆိုးဝါးလေ၏။