ဝိသုံဂါမ သီမာဝိနိစ္ဆယ/အစိုးရမင်းတို့ မြေကိုပိုင်ဆိုင်ပုံ
မင်းတို့သည်ကား ဆင်းရဲသားတို့ကဲ့သို့ တစ်စိတ်တစ်ဒေသကိုသာ အစိုးရသည်မဟုတ်ကုန်၊ မိမိအာဏာပျံ့နှံ့ရာ အတွင်း၌ အလုံးစုံသောမြေကို အစိုးရကြကုန်၏။ ထိုသို့ အစိုးရသော်လည်း မြေရှင်တိုင်းသူ ပြည်သားတို့ကဲ့သို့ ရောင်းချပိုင်, အမွေသိမ်းယူပိုင်အားဖြင့် အစိုးရကြသည် မဟုတ်၊ ဆယ်ဘို့တစ်ဘို့ အခွန်ကောက်ယူခြင်း , မတရားသဖြင့် ပြုကျင့်သူတို့ကို ကဲ့ရဲ့ပြစ်တင် စီရင်ဆုံးမနိုင်ခြင်း, ထိုမြေပေါ်မှ နှင်ထုတ်နိုင်ခြင်း, ဆင်းရဲ သားတို့ပိုင်သောမြေပေါ်၌ ထုံးစံအပိုင်းအခြား တရားဥပဒေကို ထားနိုင်ခြင်းတည်းဟူသော အာဏာပိုင်အားဖြင့် အစိုးရကြကုန်၏။
ထို့ကြောင့် အဂ္ဂညသုတ်ပါဠိတော် (ဒီ၊ ၃။ ရ၆-၇၇။)၌ “အထ ခေါ တေ, ဝါသေဋ္ဌ, သတ္တာ ယော နေသံ သတ္တော အဘိရူပတရော စ ဒဿနီယတရော စ ပါသာဒိကတရော စ မဟေသက္ခတရော စ တံ သတ္တံ ဥပသင်္ကမိတွာ ဧတဒဝေါစုံ – ‘ဧဟိ, ဘော သတ္တ, သမ္မာ ခီယိတဗ္ဗံ ခီယ, သမ္မာ ဂရဟိတဗ္ဗံ ဂရဟ, သမ္မာ ပဗ္ဗာဇေတဗ္ဗံ ပဗ္ဗာဇေဟိ။ မယံ ပန တေ သာလီနံ ဘာဂံ အနုပ္ပဒဿာမာ’တိ။ ‘ဧဝံ, ဘော’တိ ခေါ, ဝါသေဋ္ဌ, သော သတ္တော တေသံ သတ္တာနံ ပဋိဿုဏိတွာ သမ္မာ ခီယိတဗ္ဗံ ခီယိ, သမ္မာ ဂရဟိတဗ္ဗံ ဂရဟိ, သမ္မာ ပဗ္ဗာဇေတဗ္ဗံ ပဗ္ဗာဇေသိ။ တေ ပနဿ သာလီနံ ဘာဂံ အနုပ္ပဒံသု။ မဟာဇနသမ္မတောတိ ခေါ, ဝါသေဋ္ဌ, ‘မဟာသမ္မတော, မဟာသမ္မတော’ တွေဝ ပဌမံ အက္ခရံ ဥပနိဗ္ဗတ္တံ။ ခေတ္တာနံ အဓိပတီတိ ခေါ, ဝါသေဋ္ဌ, ‘ခတ္တိယော, ခတ္တိယော’ တွေဝ ဒုတိယံ အက္ခရံ ဥပနိဗ္ဗတ္တံ။ ဓမ္မေန ပရေ ရဉ္ဇေတီတိ ခေါ, ဝါသေဋ္ဌ, ‘ရာဇာ, ရာဇာ’ တွေဝ တတိယံ အက္ခရံ ဥပနိဗ္ဗတ္တံ။” ဟု ဟောတော်မူအပ်၏။
၎င်း အဋ္ဌကထာ (ဒီ၊ ဋ္ဌ၊ ၃။ ၅၃-၄။) ၌လည်း “ခိယီတဗ္ဗံ ခီယေယျာတိ ပကာသေတဗ္ဗံ ပကာသေယျ၊ ခိပိတဗ္ဗံ ခိပေယျ၊ ဟာရေတဗ္ဗံ ဟာရေယျာတိ ဝုတ္တံ ဟောတိ။ ၊ပေ၊ သာလီနံ ဘာဂံ အနုပဒဿာမာတိ မယံ ဧကေ ကဿ ခေတ္တတော အမ္ဗဏံ အမ္ဗဏံ အာဟရိတွာ တုယှံ သာလိဘာဂံ ဒဿာမ၊ တယာ ကိဉ္စိ ကမ္မံ န ကတ္တဗ္ဗံ၊ တွံ အမှာကံ ဇေဋ္ဌကဋ္ဌာနေ (သေဋ္ဌဋ္ဌာနေ) တိဋ္ဌာတိ” ဟု ဘွင့်ဆိုတော်မူ၏။
မဟာသမ္မတမင်းကပင် လူတို့မလွန်ကျူးအပ် မလွန်ကျူးနိုင်သော အပိုင်းအခြား ထုံးစံစည်းကမ်းများ ထားခဲ့ကြောင်းကို သီလက္ခန္ဒဝဂ် အမ္မဋ္ဌသုတ်ဋီကာဟောင်း, ဋီကာသစ်( ဒီ၊ ဋီ၊ ၁၊ ၃၀၁။ သီ၊ ဋီ၊ သစ်၊ ၂။ ၂၅၆။)တို့၌ -
“ဌပိတာ ယေန မရိယာဒါ၊
လောကေ လောကဟိတေသိနာ။
ဝ ဝတ္ထိတာ သက္ကုဏန္တိ၊
န ဝိလင်္ဃယိတုံ ဇနာ။” ဟု သာဓကပြကြကုန်၏။
ယင်းသို့အခွန်အတုတ် ကောက်ခံပိုင်ခြင်း, မတရားသဖြင့် ပြုကျင့် သူတို့ကို ထိုသူတို့ပိုင်မြေပေါ်မှ နှင်ထုတ်နိုင်ခြင်း, မြေယာတို့၌ စည်းကမ်းအပိုင်းအခြား တရားဥပဒေကို ထားနိုင်ခြင်း, နယ်ပယ်တို့ကို ပေါင်းနိုင် ခွဲစိတ်နိုင်ခြင်းသည် တိုင်းပြည်ကို အစိုးရသောမင်းတို့၏ ရေမြေကို အစိုးရခြင်းတည်းဟူသော ပထဝိဿရဘာဝဂုဏ်ဖြစ်သောကြောင့် ထိုပထဝိဿရဘာဝဂုဏ်သည် အဘိသိက်ခံ မခံသောမင်းတို့၌ ဖြစ်သင့်ဖြစ်ထိုက်၏။ ထိုမင်းတို့သည် မိမိတို့၏ ပထဝိဿရဘာဝဂုဏ်ကို မှူးမတ်အရာရှိတို့အား မလွှဲအပ် မခန့်ထားနိုင်သည်မဟုတ်၊ အလိုရှိရာ လွှဲအပ်ခန့်ထားနိုင်သည်သာ ဖြစ်သောကြောင့် ထိုမင်းတို့ထံမှ အာဏာအခွင့်ကို ရရှိသော မှူးမတ်အရာရှိတို့သည်လည်း နယ်မြေကို ခွဲစိတ်ပေါင်းထားပိုင် စီရင်ခန့်ထားပိုင်ကြောင်းကို သန္နိဋ္ဌာန်ကျ မှတ်ယူအပ်၏။ ရဟန်းတို့ပိုင် သံဃသန္တက အာရာမ်ကျောင်းတိုက်သည်လည်း အစိုးရတို့၏ အာဏာအောက် ကျရောက်ခြင်းမှမလွတ်၊ ထို့ကြောင့် ထိုခွဲစိတ်ခြင်းကို ပြုနိုင်ကုန်၏ဟု မှတ်အပ်၏။