ဝိသုံဂါမ သီမာဝိနိစ္ဆယ/ဝိနည်းသဘော
ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ ပရိယတ္တိသာသနဟိတ ဓမ္မာစရိယ မန္တလေးမြို့ အဘယာရာမဆရာတော် ၏
ဝိသုံဂါမ သီမာဝိနိစ္ဆယ
ပြင်ဆင်ရန်နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဝိနည်းသဘော
ပြင်ဆင်ရန် သဗ္ဗညုမြတ်စွာဘုရား ဟောကြားတော်မူအပ်သော သုတ္တန္တ, အဘိဓမ္မ, ဝိနယ ဟူသော ဒေသနာသုံးရပ်တွင် ဝိနယဒေသနာသည် အာဏာရဟဖြစ်တော်မူသော မြတ်စွာဘုရားသည် အာဏာအားဖြင့် ဟောကြားတော်မူအပ်သောကြောင့် အာဏာဒေသနာမည်၏။ အပြစ် ကျူးလွန်သူတို့ကို အပြစ်အားလျော်စွာ ဆုမ္မနှိပ်ကွပ်ရန် ဟောတော် မူအပ်သောကြောင့် ယထာပရာဓသာသနာ (ရာဇဝတ်ဥပဒေတော်ကြီး) လည်းမည်၏။ ထိုဝိနယ၌ ပညတ်တော်မူအပ်သော သိက္ခာပုဒ်တို့သည် အနုညာတ, ပဋိက္ခိတ္တဟု နှစ်မျိုးရှိကုန်၏၊ ထိုတွင် အနုညာတသည် သာမည, ဝိသေသဟု နှစ်မျိုးရှိ၏။ ပဋိက္ခိတ္တလည်း ထို့အတူတည်း။ ၎င်းတို့၏အထူးကို ဥပေါသထက္ခန္ဓက သီမကထာပါဠိဖြင့်ပင် ထင်ရှားအောင်ပြပေအံ့။
(၁) ဝိသေသအနုညာတကား-
“ဧဝဉ္စ ပန ဘိက္ခဝေ သမ္မန္နိတဗ္ဗာ ပဌမံ နိမိတ္တာ ကိတ္တေတဗ္ဗာ ပဗ္ဗတနိမိတ္တံ ပါသာဏနိမိတ္တံ ဝနနိမိတ္တံ ရုက္ခနိမိတ္တံ မဂ္ဂနိမိတ္တံ ဝမ္မိကနိမိတ္တံ နဒီနိမိတ္တံ ဥဒကနိမိတ္တံ၊ နိမိတ္တေ ကိတ္တေတွာ” ဟူသည်တည်း။ ဤ(ဝိ၊ ၃။ ၁၄၄။)၌ သိမ်သမုတ်ရာ ရှစ်ပါးသောနိမိတ်တို့ကို အထူး ခွင့်ပြုခြင်းကြောင့် ထိုရှစ်ပါးသော နိမိတ်တို့ဖြင့်သာ သမုတ်အပ်၏ဟုမှတ်။
(၂) သာမညအနုညာတကား-
“တေန ဟိ, ဘိက္ခဝေ, သံဃော ယာဝ မဟန္တံ ဥပေါသထပ္ပမုခံ အာကင်္ခတိ, တာဝ မဟန္တံ ဥပေါသထပ္ပမုခံ သမ္မန္နတုံ။ ဧဝဉ္စ ပန, ဘိက္ခဝေ, သမ္မန္နိတဗ္ဗံ။ ပဌမံ နိမိတ္တာ ကိတ္တေတဗ္ဗာ။ ” ဟူသည်တည်း။ ဤ (ဝိ၊ ၃။ ၁၄၆။)၌ ဥပေါသထာဂါရပ္ပမုခကို သမုတ်ရာ “ပဌမံ နိမိတ္တာ ကိတ္တေတဗ္ဗာ”ဟု နိမိတ်သာမညကိုသာ ခွင့်ပြုခြင်းကြောင့် ဆိုအပ်ပြီးသော နိမိတ်ရှစ်ပါးတို့ဖြင့်ဖြစ်စေ, တစ်ပါးသော နိမိတ်တို့ဖြင့်ဖြစ်စေ သမုတ်အပ်၏။ ထို့ကြောင့် အဋ္ဌကထာ(ဝိ၊ ဋ္ဌ၊ ၃။ ၃၃၀။)၌ “နိမိတ္တာ ကိတ္တေတဗ္ဗာတိ ဥပေါသထပ္ပမုခဿ ခုဒ္ဒကာနိ မဟန္တာနိ ဝါ ပါသာဏ ဣဋ္ဌကဒါရုက္ခဏ္ဍ ဒဏ္ဍကာဒီနိ ယာနိ ကာနိစိ နိမိတ္တာနိ ယတ္ထ ကတ္ထစိ သညာဏံ ကတွာ ကိတ္တေတုံ ဝဋ္ဋတိ” ဟု မိန့်တော်မူ၏။
ဤအဋ္ဌကထာစကား၌ ယုံမှားမကင်းသူတို့၏ ယုံမှားခြင်းကင်းစေခြင်းငှာ ဝဇိရဗုဒ္ဓိဋီကာဆရာသည်
“ယာနိ ကာနိစိ နိမိတ္တာနိ ကိတ္တေတုံ ဝဋတီတိ ဣဒံ ကထံ ပညာယတီတိ ပဌမံ နိမိတ္တာ ကိတ္တေတဗ္ဗာ နိမိတ္တေ ကိတ္တေတွာတိ ဧတ္တကမေဝ ဝုတ္တတ္တာ၊ ပဌမံ ဝုတ္တတ္တာ န ဝုစ္စန္တီတိ စေ၊ တံ ပန အကာရဏံ၊ န ဟိ ဗုဒ္ဓါနံ ဒေသနာယ အာလသိယံ အတ္ထိ”(ဝဇိရ၊ ၄၅၆။) ဟု မိန့်ဆို၏။
သီမာသမ္မုတိ၌ နိမိတ်ရှစ်ပါးတို့ကို ဝိသေသအားဖြင့် ဟောပြီးဖြစ်၍ ဤ၌ မဟောပါ၊ ဤ၌လည်း နိမိတ်ရှစ်ပါးသာ အပ်ပါသည်ဟုမစောဒနာအပ်၊ အဘယ့်ကြောင့်နည်း? မြတ်စွာဘုရားတို့အား ဒေသနာတော်၌ ပျင်းရိခြင်းမရှိ။ ဟောပြီးဖြစ်သော်လည်း ဖြစ်သင့်က အထပ်ထပ် ဟောတော်မူအပ်သည်သာ ဖြစ်သောကြောင့်ဟူလို။
(၃) ဝိသေသပဋိက္ခိတ္တကား-
“န ဘိက္ခဝေ အတိမဟတီ သီမာ သမ္ဗန္နိတဗ္ဗာ စတုယောဇနိကာ ဝါ ပဉ္စယောဇနိကာ ဝါ ဆယောဇနိကာ ဝါ၊ ယော သမ္မန္ဓေယျ၊ အာပတ္တိ ဒုက္ကဋဿ” (ဝိ၊ ၃။ ၁၄၅။) ဟူသည်တည်း။
ဤ(ဝိ၊ ၃။ ၁၄၅။) ၌ စတုယောဇနိကစသော သိမ်ကို အထူးပယ်မြစ်အပ်သောကြောင့် သုံးယူဇနာထက် တစ်ဆံချည်မျှ လွန်လျှင် ဝိပတ္တိသိမ်(သိမ်ပျက်)ဖြစ်၏။ သုံးယူဇနာအောက် ယုတ်လျော့မူကား နှစ်ကျိပ်တစ်ယောက် စည်းဝေးလောက်သော သိမ်တိုင်အောင် အပ်၏။ နှစ်ကျိပ်တစ်ယောက် မစည်းဝေးလောက်မူကား “အတိခုဒ္ဒကံ သိမံ သမ္မန္နတိ”ဟု ပရိဝါရကမ္မဝဂ်၌ ဝိပတ္တိသိမ် တစ်ဆယ့်တစ်ပါးတွင် သွင်း၍ ဟောတော်မူအပ်သောကြောင့် မအပ်။
(၄) သာမညပဋိက္ခိတ္တကား-
“န ဘိက္ခဝေ သီမာယသီမာ သမ္ဘိန္တိတဗ္ဗာ၊ ယော သမ္ဘိဒ္ဒေယျ၊ အာပတ္တိ ဒုက္ကဋဿ” (ဝိ၊ ၃။ ၁၅ဝ။) ဟူသည်တည်း။
ဤ (ဝိ၊ ၃။ ၁၅ဝ။) ၌ ဗဒ္ဓသိမ်ချင်းချင်း မစပ်အပ်ဟု သာမညအားဖြင့် ဟောတော်မူအပ်သောကြောင့် အယုတ်သဖြင့် တစ်ဆံချည်ဖျားမျှပင် မစပ်အပ်၊ စပ်လျှင် ဝိပတ္တိသိမ်ဖြစ်၏။
(ဤ၌ ဥဒ္ဒေသက္ကမအားလျော်စွာ နိဒဿနကို မပြခြင်းသည် ပါဠိတော်၌ လာသော အစဉ်ကိုမလွန်မု၍ ဆိုသဖြင့် အဓိပ္ပါယ်ကို သိလွယ်စေခြင်းငှာတည်း။)
ဤလေးပါးသော သာမည ,ဝိသေသ, အနုညာတ, ပဋိက္ခိတ္တ တို့ကို ကောင်းစွာမှတ်သား၍ သာမညအားဖြင့် ဟောတော်မူအပ်သည်ကို သာမညအားဖြင့်၊ ဝိသေသအားဖြင့် ဟောတော်မူအပ်သည်ကို ဝိသေသအားဖြင့် မှတ်အပ်၏။ သာမညကို ဝိသေသ၊ ဝိသေသကို သာမည မပြုအပ်၊ ပြင်ဆင်ထည့်သွင်းခွင့်မရှိဟူလို။ အထူးကားပဏ္ဏတ္တိ ဝဇ္ဇသိက္ခာပုဒ်တို့သည် ပဋိက္ခေပမရှိလျှင် များသောအားဖြင့် အနုညာတ သို့ ဝင်ကုန်၏ဟုမှတ်။
ပါဠိတော်၌ မထင်ရှားသော အရာတို့ကိုလည်း အဋ္ဌကထာ ဆရာတို့သည်ပင် ထင်ရှားသိသာအောင် ဘွင့်ပြတော်မူကြကုန်ပြီ၊ အဋ္ဌကထာဟူသည်လည်း မြတ်စွာဘုရားလက်ထက်တော်၌ပင် ထင်ရှား ရှိ၍ ထိုထိုအရာ၌ မြတ်စွာဘုရားကိုယ်တော်တိုင် ဘွင့်ပြတော်မူအပ်သော ပကိဏ္ဏကဒေသနာတော်နှင့် မြတ်စွာဘုရား၏ အလိုတော်ကို သိတော် မူကုန်သောအရှင်မဟာ ကဿပ , အရှင်ဥပါလိစသော ရဟန္တာအရှင် မြတ်တို့၏ ဒေသနာဖြစ်၍ ဘုရားစကားတော်ပင်၊ ပါဠိတော်ကဲ့သို့ ယုံကြည်အပ်၏။
ထို့ကြောင့် အရှင်ဗုဒ္ဓဃောသဆရာသည် -
“ဗုဒ္ဓေန ဓမ္မော ဝိနယော စ ဝုတ္တော၊ ယော တဿ ပုတ္တေဟိ တထေ စ ဉာတော”စသည်ဖြင့်၎င်း၊ (ဝိ၊ ဋ္ဌ ၊၁၊ ၃။ )
အရှင်ဓမ္မပါလဆရာသည် ဓမ္မသင်္ဂဏီ အနုဋီကာ၊ ၁။ ၁၁။ ၌ -
“ပဌမသင်္ဂီတိယံ ယာ အဋ္ဌကထာ သင်္ဂီတာတိစစနေနေ သာ ဘဂဝတော ဓရမာနကာလေပိ အဋ္ဌကထာ သံဝိဇ္ဇတိ ဝိယ ဘဂဝံမူလိကာဝါတိ ဝိညာယတိ” ဟူ၍၎င်း။
အရှင်သာရိပုတြာ ဆရာသည် သာရတ္ထဒီပနီဋီကာ၊ ၁၊ ၂၁။ ၌ -
“န ဟိ ဘဂဝတာ အဗျာကတံ နာမ တန္တိပဒံ အတ္ထိ၊ သဗ္ဗေသံယေဝ အတ္ထော ကထိတော၊ တသ္မာ သမ္ဗုဒ္ဓေနေဝ တိဏ္ဏံ ပိဋကာနံ အတ္ထဝဏ္ဏနာက္ကမောပိ ဘာသိတောတိ ဒဋ္ဌဗ္ဗံ၊ တတ္ထ တတ္ထ ဘဂဝတာ ပဝတ္တိတာ ပကိဏ္ဏကဒေသနာယေဝ ဟိ အဋ္ဌကထာ” ဟူ၍၎င်း မိန့်ဆိုတော်မူကြကုန်ပြီ။
အရှင်ဗုဒ္ဓဃောသဆရာ စီရင်အပ်သော အဋ္ဌကထာသစ်၌လည်း ဒီပဝံသ မဟာဝံသ, ထူပဝံသစသည်တို့မှ ထုတ်နုတ်၍ ပြအပ်သော ဗာဟိရနိဒါနဝဏ္ဏနာ, သီဟဠတ္ထေရဝါဒ, သီဟဠဝတ္ထု, ‘အမှာကံ ခန္တီ အမှာကံ မတိ”ဟုဆိုအပ်သော မိမိ၏ဝါဒနှင့် မဟာပစ္စရိ, ကုရုန္ဒီ,အန္ဓကဋ္ဌကထာဝါဒတို့မှတပါးကြွင်းသောစကားတို့သည် သင်္ဂါယနာ သုံးတန်တင်အပ်သော မဟာဋ္ဌကထာစကားတို့ချည်းပင်ဟု မှတ်အပ်၏။ ထိုအဋ္ဌကထာ၌လည်း ယုံမှားဘွယ်မရှိစေခြင်းငှါ သုတ္တ သုတ္တာနုလောမ, အာစရိယဝါဒ, အတ္တနောမတိတို့ဖြင့် အကြွင်းမရှိ ဆိုပြီးဖြစ်၍ ဋီကာဆရာကြီးတို့သည်ပင် တပါးသော ပါဠိအဋ္ဌကထာ သာဓကမရှိလျှင် အဋ္ဌကထာဆရာ၏ သာမညစကားကို ဝိသေသပြု၍ ဘွင့်ပြခြင်းငှါ မစွမ်းနိုင်ကုန်၊ ထိုကိုရည်၍ ဝဇိရဗုဒ္ဓိဋီကာဆရာက
“န ဟိ ဗုဒ္ဓါနံ ဒေသနာယ အာလသိယံ အတ္ထိ။”ဟု၎င်း၊ သာရတ္ထဒီပနီဋီကာဆရာက “အဋ္ဌကထာစရိယာ ဧဝေတ္ထ ပမာဏံ၊ ဘဂဝတော အဓိပ္ပါယညုနော ဟိ အဋ္ဌကထာစရိယာ”ဟု၎င်း၊ ဝိမတိဝိနောဒနီ ဋီကာဆရာနှင့် ဝိနယာလင်္ကာရဋီကာဆရာတို့က “န ဟိ ဝိနယေ သဗ္ဗတ္ထယုတ္တိ သက္ကာ ဉာတုံ ဗုဒ္ဓဂေါစရတ္တာတိ ဝေဒိတဗ္ဗံ”ဟု၎င်း၊ “ဝိပတ္တိပရိဟာရတ္ထိ ဟိ အာစရိယာ နိရာသင်္ကဋ္ဌာနေသုပိ ‘ဘိတ္တိံ အကိတ္တေတွာ’တိ အာဒိနာ သိဒ္ဓမေဝတ္ထိံ ပုနပ္ပုနံ အဝေါစုံ” ဟု၎င်း မိန့်ဆိုတော်မူကြကုန်၏။
ထို့ကြောင့် အဋ္ဌကထာဆရာ၏ သာမညစကားကိုလည်း သာမညအားဖြင့်သာ မှတ်အပ်၏၊ ပြင်ဆင်ထည့်သွင်းခွင့်မရှိဟူလို။
“ဥပမာယ မိဓေကစ္စေ ဝိညူ ပုရိသာ ဘာသိတဿ အတ္ထံ ဇာနန္တိ” ဟူသည်နှင့်အညီ ထိုစကားကို ထင်ရှားအောင် ဥပမာဖြင့် ပြပေအံ့။ ဝိနည်းဒေသနာတော်သည် အာဏာဒေသနာတော်ဖြစ်၍ ထိုထိုအစိုးရတို့၏ ရာဇဝတ်ဥပဒေနှင့်တူ၏၊ ထိုရာဇဝတ်ဥပဒေကို အမှုသည်ကသော်၎င်း, ထိုသူ၏ရှေ့နေကသော်၎င်း ပြင်ဆင် ထည့်သွင်းခွင့်မရှိ၊ မိမိအမှုသည် အပြစ်မှလွတ်ရန် သို့မဟုတ် တဖက်အမှုသည် အပြစ်ရောက်ရန် ပြင်ဆင်ထည့်သွင်း၍ လဲ့လျှောက်သော ရှေ့နေကို လူအပေါင်းတို့က ရူးသွပ်သူ သို့မဟုတ် ဥုးနှောက် ပျက်သူဟု ဆိုကုန်ရာ၏၊ ထိုထို လူ,အစိုးရတို့ထက် အဆပေါင်းများစွာ မြင့်မြတ်တော်မူသော မြတ်စွာဘုရား၏ ဥပဒေတော်ကို ပြင်ဆင် ထည့်စွက်၍ လိုရာဘက်သို့ ယူဆောင်သူကိုကား ပြောဆိုဘွယ်ရာ စကားပင်မရှိတော့ချေ။ ဤစကားရပ်တို့ကား “ဝိနည်းဒေသနာတော်ကို ပါဠိအဋ္ဌကထာရှိတိုင်းသာ မှတ်အပ်၏၊ ပြင်ဆင်ဖြည့်စွက်ခြင်း မပြုအပ်” ဟု ပြဆိုသော ရေးလတံ့သော ဝိသုံဂါမဝိနိစ္ဆယ၏ အခြေပါဒ စကားရပ်တို့တည်း။