သုခဝဂ်

၈။ သိကြားမင်း လုပ်ကျွေးသောဝတ္ထု

သာဟုဒဿနအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝရွာ၌ နေတော်မူစဉ် သိကြားမင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဘုရားရှင်၏ အညစ်အကြေး သိကြားမင်း ရွက်ဆောင်ခြင်း

မြတ်စွာဘုရားအား အာယုသင်္ခါရကို လွှတ်တော်မူပြီးသည်ရှိသော် သွေးသွန်သော အနာရောဂါ၏ ဖြစ်သည့်အဖြစ်ကို သိရလျှင် သိကြားနတ်မင်းသည် “ငါကား မြတ်စွာဘုရား၏ အထံတော်သို့သွား၍ သူနာအလုပ်အကျွေးပြုခြင်းငှာ သင့်၏”ဟု ကြံ၍ သုံးဂါဝုတ် အတိုင်းအရှည်ရှိသော အတ္တဘောကို စွန့်သဖြင့် မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် လက်တို့ဖြင့် ခြေတော်တို့ကို သုံးသပ်ဆုပ်နယ်ကာ နေလေ၏။ ထိုအခါ သိကြားမင်းကို မြတ်စွာဘုရားသည် “ဤသူကား အဘယ်သူနည်း”ဟု မိန့်တော်မူလေ၏၊ “မြတ်စွာဘုရား- တပည့်တော်ကား သိကြားနတ်မင်း ဖြစ်ပါသည်ဘုရား”ဟု လျှောက်လတ်သော် “အဘယ့်ကြောင့် လာသနည်း”ဟု မိန့်တော်မူပြန်၏။ “မြတ်စွာဘုရား- မကျန်းမမာဖြစ်ကုန်သော ရှင်တော်မြတ်ဘုရားတို့ကို လုပ်ကျွေးခြင်းငှာ လာပါသည်ဘုရား”ဟု လျှောက်သည်ရှိသော် “သိကြားမင်း- နတ်တို့အား လူတို့၏အနံ့သည် ယူဇနာ တစ်ရာမှစ၍ လည်ပင်း၌ ဆွဲထားအပ်သော အကောင်ပုပ်ကဲ့သို့ ဖြစ်ဘိ၏၊ သင်သိကြားမင်းသည် ပြန်သွားလေလော့၊ ငါ့အား သူနာပြု အလုပ်အကျွေးဖြစ်သော ရဟန်းတို့သည် ရှိကုန်၏”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- တပည့်တော်သည် ယူဇနာ ရှစ်သောင်း လေးထောင် မြင့်သော မြင်းမိုရ်တောင်ထိပ်၌ တည်နေလျက် ရှင်တော်မြတ်ဘုရားတို့၏ သီလဟူသော အနံ့ကို နမ်းရှုပ်ရပါသောကြောင့် ရောက်လာပါသည်၊ တပည့်တော်သာလျှင် လုပ်ကျွေးပါမည်ဘုရား”ဟု လျှောက်ကြားပြီးလျှင် သိကြားမင်းသည် မြတ်စွာဘုရား၏ ကိုယ်လက်တော်သုတ်သင်ရာ အညစ်အကြေးအိုးကို သူတစ်ပါးအား လက်ဖြင့်သော်လည်း ထိစိမ့်သောငှာ မပေးဘဲ ဦးခေါင်း၌သာလျှင် ထားတဲ့၍ ထုတ်ဆောင်သဖြင့် မျက်နှာ၏ ရှုံးခြင်း,တွန့်ခြင်းမျှကိုလည်း မပြု၊ နံ့သာအိုးကို ရွက်ဆောင်ရဘိသကဲ့သို့ ဖြစ်လေ၏၊ ဤသို့ မြတ်စွာဘုရားကို စောင့်ရှောက်သုတ်သင်၍ မြတ်စွာဘုရား ချမ်းချမ်းသာသာ ရှိသောအခါ၌သာလျှင် ပြန်သွားလေ၏။ ရဟန်းတို့သည် “မြတ်စွာဘုရား၌ သိကြားမင်း၏ ချစ်ကြည်မြတ်နိုးခြင်းကား အံ့သြစဖွယ် ကြီးကျယ်လေစွ၊ ဤသို့ သဘောရှိသည်မည်သော နတ်၌ဖြစ်သော စည်းစိမ်ကို စွန့်၍ မျက်နှာရှုံ့ခြင်း, တွန့်ခြင်းမျှကိုလည်း မပြုသဖြင့် နံ့သာအိုးကို ထုတ်ဆောင်ဘိသကဲ့သို့ မြတ်စွာဘုရား၏ ကိုယ်လက်တော်သုတ်သင် အညစ်အကြေးအိုးကို ဦးခေါင်းဖြင့် ရွက်ဆောင်လျက် လုပ်ကျွေးခြင်းကို ပြုဘိ၏”ဟု စကားကို ဖြစ်စေကြလေကုန်၏။

(အာယု+သင်္ခါရ = အသက်ကို+ပြုပြင်တတ်သော ဖလသမာပတ်။ နေရာအချို့၌ အသက်ကိုပင် အာယုသင်္ခါရဟု ခေါ်သေး၏၊ ဤနေရာ၌ အသက်ဟူသော အာယုသင်္ခါရကို မလို၊ အသက် ပြုပြင်သော ဖလသမာပတ်ဟူသော အာယုသင်္ခါရကိုသာ အလိုရှိအပ်၏။ နောက်ဆုံး ဝါကို ဝေဠုဝရွာ၌ ဝါကပ်စ ဝါဆိုလကစ၍ မကျန်းမမာ ဖြစ်ခဲ့လေရာ ဖလသမာပတ်ဟူသော အာယုသင်္ခါရဖြင့် စောင့်ရှောက်လာခဲ့ပြန်လျှင် တပို့တွဲလ ရောက်သောအခါ နောက်သုံးလထက် ပို၍ မဝင်စားတော့ပြီဟု ဖလသမာပတ်ဟူသော အာယုသင်္ခါရကို လွှတ်တော်မူလေသည် ဟူလို။)

သောတာပန်တည်၍ သိကြားပျိုဖြစ်ခြင်း

မြတ်စွာဘုရားသည် ထိုရဟန်းတို့၏စကားကို ကြားရလျှင် “ချစ်သားရဟန်းတို့- အဘယ်သို့ ပြောဆိုကြကုန်ဘိသနည်း၊ သိကြားနတ်မင်းသည် ငါဘုရား၌ အကြင် ချစ်ကြည်မြတ်နိုးခြင်းကို ပြု၏၊ ဤသို့ ချစ်ကြည်မြတ်နိုးခြင်းကို ပြုခြင်းသည် အံ့သြဖွယ်မရှိ၊ ဤသိကြားနတ်မင်းသည် ငါဘုရားကိုမှီ၍ အိုလေပြီးသော သိကြား၏အဖြစ်ကို စွန့်လျက် သောတာပန်ဖြစ်သဖြင့် နုပျိုသော သိကြား၏အဖြစ်သို့ ရောက်ပေ၏၊ ငါဘုရားသည် သေဘေးမှ ထိတ်လန့်ကြောက်ရွံ့သည်ဖြစ်၍ ပဉ္စသီခမည်သော ဂန္ဓဗ္ဗနတ်သားကို ရှေ့သွားပြုသဖြင့် ရောက်လာသောအခါ ဣန္ဒသာလမည်သော လိုဏ်ဂူ၌ နတ်ပရိသတ်၏ အလယ်တွင်နေသော ထိုသိကြားမင်းအား-

ပုစ္ဆ ဝါသဝ မံ ပဉှ၊ ယံကိဉ္စိ မနသိစ္ဆသိ။
တဿ တဿေဝ ပဉှဿ၊ အဟံ အန္တံ ကရောမိ တေ။

ဝါသဝ၊ သိကြားနတ်မင်း။ မနသိ၊ သင်၏စိတ်၌။ ယံကိဉ္စိ၊ အမှတ်မရှိ တစ်စုံတစ်ခုသော ပြဿနာကို။ ဣစ္ဆသိ၊ မေးမြန်းရန် အလိုရှိ၏။ မံ၊ ငါဘုရားကို။ တံပဉှံ၊ ထိုပြဿနာကို။ ပုစ္ဆ၊ မေးဘိလော့။ အဟံ၊ ငါဘုရားသည်။ တဿ တေ၊ ထိုသင့်အား။ တဿေဝ ပဉှဿ၊ ထိုပြဿနာ၏သာလျှင်။ အန္တံ၊ အဆုံးကို။ ကရောမိ၊ ပြုပေအံ့။

ဤသို့ မိန့်တော်မူပြီးလျှင် ထိုသိကြားမင်း၏ ယုံမှားသံသယကို ပယ်ဖျောက်တော်မူလျက် တရား ဟောကြားတော်မူလေပြီ၊ တရားဒေသနာတော်၏အဆုံး၌ တစ်ဆယ့်လေးကုဋေသော သတ္တဝါတို့အား သစ္စာလေးပါးတရားကို ထိုးထွင်း၍သိခြင်းသည် ဖြစ်လေ၏၊ သိကြားမင်းသည်လည်း ထိုင်၍ နေမြဲတိုင်းသာလျှင် သောတာပတ္တဖိုလ်သို့ ရောက်၍ စုတေကာ ဥပါပတ်ပဋိသန္ဓေဖြင့် ပျိုနုသော သိကြားမင်း ဖြစ်လေ၏။ ဤသို့လျှင် ထိုသိကြားမင်းအား ငါဘုရားသည် များသော ကျေးဇူးရှိဖူး၏၊ သိကြားမင်း၏ ငါဘုရား၌ ချစ်ကြည်မြတ်နိုးခြင်းမည်သည် အံ့သြဖွယ်မရှိ၊ ချစ်သားရဟန်းတို့- အရိယာပုဂ္ဂိုလ်တို့အား ဖူးမြင်ရခြင်းသည်လည်း ချမ်းသာ၏၊ ထိုအရိယာပုဂ္ဂိုလ်တို့နှင့် အတူတကွ တစ်ခုတည်းသောအရပ်၌ အတူနေထိုင်ရခြင်းသည်လည်း ချမ်းသာ၏၊ မလိမ္မာကုန်သော သူမိုက်တို့နှင့် အတူတကွ ဖြစ်၍ကား ဤအလုံးစုံသည် ဆင်းရဲ၏”ဟု မိန့်တော်မူ၍ ဤဂါထာအပေါင်းကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၂၀၆] သာဟု ဒဿန မရိယာနံ၊ သန္နိဝါသော သဒါ သုခေါ။
အဒဿနေန ဗာလာနံ၊ နိစ္စမေဝ သုခီ သိယာ။

[၂၀၇] ဗာလသင်္ဂတစာရီဟိ၊ ဒီဃမဒ္ဓါန သောစတိ။
ဒုက္ခော ဗာလေဟိ သံဝါသော၊ အမိတ္တေနေဝ သဗ္ဗဒါ။
ဓီရောစ သုခသံဝါသော၊ ဉာတီနံဝ သမာဂမော။

[၂၀၈] တသ္မာ ဟိ ဓီရဉ္စ ပညဉ္စ၊
ဗဟုဿုတဉ္စ ဓောရယှ သီလံဝတဝန္တမရိယံ။
တံ တာဒိသံ သပ္ပုရိသံ သုမေဓံ၊
ဘဇေထ နက္ခတ္တပထံဝ စန္ဒိမာ။

အရိယာနံ၊ အရိယာဖြစ်သော သူတော်ကောင်းတို့ကို။ ဒဿနံ၊ ဖူးမြင်ရခြင်းသည်။ သာဟု၊ ကောင်း၏။ သန္နိဝါသော၊ သူတော်ကောင်းတို့နှင့် အတူတကွ နေရခြင်း, ဝတ်ကြီးဝတ်ငယ်ကို ပြုခွင့်ရခြင်းသည်။ သဒါ၊ အခါခပ်သိမ်း။ သုခေါ၊ ချမ်းသာ၏။ ဗာလာနံ၊ သူမိုက်တို့ကို။ အဒဿနေန၊ မမြင်ရခြင်းကြောင့်။ နိစ္စမေဝ၊ အမြဲသာလျှင်။ သုခီ၊ ချမ်းသာခြင်းရှိသည်။ သိယာ၊ ဖြစ်ရာ၏။

ဟိ၊ ထိုစကားသင့်စွ။ ဗာလသင်္ဂတစာရီ၊ မလိမ္မာသူ လူမိုက်နှင့် အတူတကွ လှည့်လည်သွားလာခြင်းရှိသော သူသည်။ ဒီဃံ၊ ရှည်မြင့်စွာသော။ အဒ္ဓါနံ၊ ကာလပတ်လုံး။ သောစတိ၊ စိုးရိမ်ရ၏။ အမိတ္တေန၊ လက်နက်ရှိသော ရန်သူ, မြွေဆိုးစသော ရန်သူနှင့်။ သံဝါသော၊ အတူတကွ နေရခြင်းသည်။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ ဒုက္ခော ဣဝ၊ ဆင်းရဲသကဲ့သို့။ ဧဝံ၊ ဤအတူ။ ဗာလေဟိ၊ မလိမ္မာသောသူ လူမိုက်တို့နှင့်။ သံဝါသော၊ အတူတကွ နေရခြင်းသည်။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ ဒုက္ခော၊ ဆင်းရဲ၏။

ဉာတီနံ၊ မိဘစသော ဆွေမျိုးတို့နှင့်။ သမာဂမော၊ အတူတကွ ပေါင်းဖော်ရခြင်းသည်။ သုခသံဝါသော၊ ချမ်းသာစွာ ပေါင်းဖော်ရခြင်း ရှိသကဲ့သို့။ ဓီရောဝ၊ ပညာရှိသော သူသည်သာလျှင်။ သုခသံဝါသော၊ ချမ်းသာစွာ ပေါင်းဖော်ရခြင်းရှိသည်။ ဟောတိ၊ ဖြစ်၏။

တသ္မာဟိ၊ ထို့ကြောင့်သာလျှင်။ ဓီရဉ္စ၊ တည်ကြည်သော သမာဓိလည်း ရှိထသော။ ပညဉ္စ၊ လောကုတ်လောကီ နှစ်လီသော ပညာလည်း ရှိထသော။ ဗဟုသုတဉ္စ၊ အရအမိ ဗဟုဿုတလည်း ရှိထသော။ ဓောရယှ၊ အရဟတ္တဖိုလ်သို့ ရောက်စေတတ်သောဝန်ကို ဆောင်တတ်သော အလေ့အထရှိသော။ သီလံဝတဝန္တံ၊ သီလအကျင့်, ဓုတင်အကျင့်လည်း ရှိထသော။ အရိယံ၊ ကိလေသာတို့မှ ဝေးကွာသည်လည်း ဖြစ်ထသော။ တံတာဒိသံ၊ ထိုသို့သဘောရှိသော။ သုမေဓံ၊ ကောင်းမြတ် တင့်တယ်သော ပညာရှိသော။ သပ္ပုရိသံ၊ သူတော်ကောင်းကို။ နက္ခတ္တပထံ၊ နက္ခတ်တာရာ ကြယ်တကာပျံသန်း ကောင်းကင်လမ်းသို့။ စန္ဒိမာ၊ လမင်းသည်။ ဘဇတိ ဣဝ၊ ဆည်းကပ်သကဲ့သို့။ ဘဇေထ၊ ဆည်းကပ်ရာ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

သိကြားမင်း လုပ်ကျွေးသောဝတ္ထု ပြီး၏။