3609ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၉။ သန္တတိမဟာမတ္တဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

ဒဏ္ဍဝဂ်

၉။ သန္တတိအမတ်ကြီးဝတ္ထု

အလင်္ကတော စေပိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သန္တတိအမတ်ကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အရက်မူးနေသူကို ရဟန္တာဖြစ်အံ့ဟု မိန့်ခြင်း

ထိုသန္တတိအမတ်ကြီးသည် တစ်ခုသောကာလ၌ ပသေနဒီ ကောသလမင်းကြီး၏ သောင်းကျန်းပုန်ကန်သော ပစ္စန္တရစ်ရွာကို ငြိမ်းစေ၍ ပြန်လာလေ၏။ ထိုအခါ ထိုအမတ်ကြီးအား မင်းကြီးသည် နှစ်သက်အပ်သည်ဖြစ်၍ ခုနစ်ရက်တို့ပတ်လုံး ပြည်စည်းစိမ်ကိုပေး၍ ကခြင်း,သီခြင်း၌ လိမ္မာသော မိန်းမတစ်ယောက်ကိုလည်း ပေးလေ၏။ ထိုအမတ်ကြီးသည် ခုနစ်ရက်တို့ပတ်လုံး သေရည်မူးယစ်သည်ဖြစ်၍ ခုနစ်ရက်မြောက်သောနေ့၌ အလုံးစုံသော တန်ဆာဖြင့် တန်ဆာဆင်သဖြင့် မြတ်သော ဆင်ကျောက်ကုန်း၌နေလျက် ရေချိုးဆိပ်သို့ သွားသည်ရှိသော် ဆွမ်းအလို့ငှာ ကြွဝင်လာသော မြတ်စွာဘုရားကို တံခါးအကြား၌ မြင်ရလျှင် မြတ်သော ဆင်ကျောက်ကုန်းထက်၌ တည်လျက် ဦးခေါင်းကိုလှုပ်၍ ရှိခိုးလေ၏။ မြတ်စွာဘုရားလည်း ပြုံးခြင်းကို ပြုတော်မူသောကြောင့် “ပြုရာ၌ အကြောင်းကား အဘယ်ပါနည်းဘုရား”ဟု အာနန္ဒာမထေရ် မေးအပ်သည်ရှိသော် ပြုံးတော်မူသော အကြောင်းကို ဟောကြားတော်မူလိုသော မြတ်စွာဘုရားသည် “ချစ်သားအာနန္ဒာ- သန္တတိအမတ်ကြီးကို ကြည့်ရှုလော့၊ ယနေ့ပင်လျှင် အလုံးစုံသောတန်ဆာဖြင့် တန်ဆာဆင်လျက် ငါဘုရား၏အထံတော်သို့ လာလတ်၍ လေးပုဒ်ရှိသော ဂါထာ၏အဆုံး၌ အရဟတ္တဖိုလ်သို့ ရောက်ပြီးလျှင် ထန်းခုနစ်ဆင့် ပမာဏမြင့်သော ကောင်းကင်၌ နေထိုင်လျက် ပရိနိဗ္ဗာန်ပြုရပေလတ္တံ့”ဟု မိန့်တော်မူလေ၏။

မိစ္ဆာဒိဋ္ဌိနှင့် သမ္မာဒိဋ္ဌိတို့၏အကြံ

လူများအပေါင်းသည် ရှင်အာနန္ဒာမထေရ်နှင့်တကွ စကားဆိုသော မြတ်စွာဘုရား၏ စကားတော်ကို ကြားရလေ၏။ ထိုလူများအပေါင်းတို့တွင် မှားသော အယူအမြင်ရှိကုန်သော မိစ္ဆာဒိဋ္ဌိတို့သည် “ရဟန်းဂေါတမ၏ အမူအရာကို ကြည့်ရှုကြကုန်လော့၊ ပါးစပ်ဖျားမျှဖြင့်သာလျှင် ပြောဆိုလေ့ရှိ၏။ ယနေ့ ဤသန္တတိအမတ်သည် သေရည်ယစ်မူးလျက် တန်ဆာဆင်မြဲတိုင်းသာလျှင် ထိုရဟန်းဂေါတမ၏အထံတော်၌ တရားကိုကြားနာ၍ ပရိနိဗ္ဗာန်ပြုရပေလတ္တံ့ဟု မိန့်တော်မူ၏။ ယနေ့ပင်လျှင် ထိုရဟန်းဂေါတမကို မုသာဝါဒဖြင့် စွပ်စွဲနှိပ်စက်ကြကုန်စို့အံ့”ဟု ကြံစည်ကြကုန်၏။ ကောင်းသောအယူ အမြင်ရှိကုန်သော သမ္မာဒိဋ္ဌိတို့သည် “မြတ်စွာဘုရားတို့၏ မြတ်သောအာနုဘော်သည် အံ့သြဖွယ်ရှိပေစွ၊ ယနေ့ မြတ်စွာဘုရား၏ တင့်တယ်ခြင်းကိုလည်းကောင်း၊ သန္တတိအမတ်ကြီး၏ တင့်တယ်ခြင်းကိုလည်းကောင်း ရှုမြင်အံ့သောငှာ ရကြပေကုန်လတ္တံ့”ဟု ကြံစည်မိကြကုန်၏။

သန္တတိအမတ်ကြီး ဒုက္ခတွေ့ပုံ

သန္တတိအမတ်ကြီးသည်လည်း ရေချိုးဆိပ်၌ နေ့အဖို့ပတ်လုံး ရေကစားခြင်းကို ကစား၍ ဥယျာဉ်သို့သွားပြီးလျှင် သေသောက်ရာ မြေအပြင်၌ နေလေ၏။ ထိုကချေသည် မိန်းမသည်လည်း သဘင်အလယ်သို့ သက်ဝင်၍ ကခြင်း,သီခြင်းကို ပြအံ့သောငှာ အားထုတ်လေ၏။ ထိုမိန်းမသည် ကိုယ်၏တင့်တယ်ခြင်းကို ပြခြင်းငှာ ခုနစ်ရက်ပတ်လုံး နည်းသောအစာရှိသည်၏အဖြစ်ကြောင့် ထိုနေ့၌ ကခြင်း,သီချင်းကိုပြစဉ် ဝမ်းတွင်း၌ ဓားငယ်နှင့်တူသော လေသင်တုန်းတို့သည် ထ၍ နှလုံးသားကို ခွဲဖြတ်လျက်သွားလေ၏။ ထိုကချေသည်မသည် ထိုခဏ၌ပင်လျှင် ခံတွင်းသည်လည်းကောင်း၊ မျက်စိတို့သည်လည်းကောင်း ဟင်းလင်းပွင့်လျက် သေရှာခဲ့လေ၏။ သန္တတိအမတ်ကြီးသည် “ထိုမိန်းမကို စုံစမ်းကြပါကုန်ဦးလော့”ဟု ဆိုလတ်သဖြင့် “အရှင်- ချုပ်လေပြီ”ဟု ဆိုကာမျှ၌သာလျှင် ကြီးစွာသောစိုးရိမ်ခြင်းဖြင့် နှိပ်စက်အပ်သည်ဖြစ်ရကား ထိုခဏ၌သာလျှင် အမတ်ကြီးအား ခုနစ်ရက်ပတ်လုံး သောက်အပ်သော သေအရက်တို့သည် အိုးကင်းပူ၌ကျသော ရေပေါက်ကဲ့သို့ ခန်းခြောက် ကုန်ပျောက်ခြင်းသို့ ရောက်လေ၏။ ထိုအမတ်ကြီးသည် “ငါ၏စိုးရိမ်ခြင်းကို မြတ်စွာဘုရားကိုထား၍ တစ်ပါးသောသူတို့သည် ငြိမ်းစေခြင်းငှာ မတတ်နိုင်ကြကုန်လတ္တံ့”ဟု ဗိုလ်ပါအပေါင်း ခြံရံလျက် ညချမ်းသောအခါ မြတ်စွာဘုရားအထံတော်သို့ သွားပြီးလျှင် ရှိခိုးလျက် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်အား ဤသို့သဘောရှိသော စိုးရိမ်ခြင်းသည် ဖြစ်ပါသည်ဘုရား၊ တပည့်တော်၏ ထိုစိုးရိမ်ခြင်းကို ရှင်တော်မြတ်ဘုရားတို့သည် ငြိမ်းစေခြင်းငှာ တတ်နိုင်ကြပါလိမ့်မည်ဟု အားထားလာခဲ့ပါသည်ဘုရား၊ တပည့်တော်၏ ကိုးကွယ်ရာဖြစ်တော်မူပါဘုရား”ဟု လျှောက်ကြားလေ၏။

သန္တတိအမတ်ကြီး ရဟန္တာဖြစ်၍ တန်ခိုးပြခြင်း

ထိုအခါ အမတ်ကြီးကို မြတ်စွာဘုရားသည် “စိုးရိမ်ခြင်းကို ငြိမ်းစေခြင်းငှာ စွမ်းနိုင်သောသူ၏ အထံသို့သာလျှင် သင်ရောက်လာခဲ့ပေ၏။ ဤသို့သော အခြင်းအရာဖြင့်သာလျှင် ဤကချေသည်မိန်းမ၏ သေသောကာလ၌ ငိုသောသင်၏ ယိုစီးသောမျက်ရည်တို့သည် လေးစင်းသော မဟာသမုဒ္ဒရာတို့၏ရေထက် အလွန်များပြားလှကုန်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ယံ ပုဗ္ဗေ တံ ဝိသောဓေဟိ၊ ပစ္ဆာ တေ မာဟု ကိဉ္စနံ။
မဇ္ဈေ စေ နော ဂဟေဿသိ၊ ဥပသန္တော စရိဿသိ။

ပုဗ္ဗေ၊ ရှေးအခါ၌။ ယံကိဉ္စနံ၊ အကြင်စိုးရိမ် ကြောင့်ကြခြင်းသည်။ အတ္ထိ၊ ရှိ၏။ တံကိဉ္စနံ၊ ထိုစိုးရိမ်ကြောင့်ကြခြင်းကို။ ဝိသောဓေဟိ၊ သုတ်သင်ဖြတ်တောက်လေလော့။ တေ၊ သင့်အား။ ပစ္ဆာ၊ နောက်အခါ၌။ ကိဉ္စနံ၊ စိုးရိမ်ကြောင့်ကြခြင်းသည်။ မာ အဟု၊ မဖြစ်စေလင့်။ မဇ္ဈေ၊ အလယ်ဖြစ်သော ပစ္စုပ္ပန်၌။ နော စေ ဂဟေဿသိ၊ အကယ်၍ မယူသည်ဖြစ်အံ့။ ဥပသန္တော၊ ငြိမ်းအေးလျက်။ စရိဿသိ၊ သွားရလတ္တံ့။

ဂါထာ၏အဆုံး၌ သန္တတိအမတ်ကြီးသည် အရဟတ္တဖိုလ်သို့ရောက်၍ မိမိ၏ အာယုသင်္ခါရ အသက်အပိုင်းအခြားကို ကြည့်လတ်သည်ရှိသော် ထိုအသက်၏ နည်းပါးခြင်းကို။ ဝါ၊ မဖြစ်တော့လတ္တံ့သောအဖြစ်ကို သိရလျှင် “မြတ်စွာဘုရား- ပရိနိဗ္ဗာန်ပြုခြင်းကို ခွင့်ပြုတော်မူပါဘုရား”ဟု မြတ်စွာဘုရားကို လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည် ထိုအမတ်ကြီးပြုအပ်သော ကောင်းမှုကံကို သိတော်မူသော်လည်း မုသာဝါဒဖြင့် နှိပ်စက်အံ့သောငှာ စည်းဝေးရောက်လာကြကုန်သော မိစ္ဆာဒိဋ္ဌိတို့သည် အခွင့်ကို မရကုန်လတ္တံ့ ဟူ၍လည်းကောင်း၊ ဘုရားရှင်၏ တင့်တယ်ခြင်းကိုလည်းကောင်း၊ သန္တတိအမတ်ကြီး၏ တင့်တယ်ခြင်းကိုလည်းကောင်း မြင်ကြရကုန်အံ့ဟု စည်းဝေးရောက်လာကြကုန်သော သမ္မာဒိဋ္ဌိတို့သည် ဤအမတ်ကြီးပြုအပ်သော ကောင်းမှုကံကို ကြားနာရ၍ ကောင်းမှုတို့၌ ရိုသေစွာပြုကုန်လတ္တံ့ဟူ၍လည်းကောင်း မှတ်သားတော်မူသဖြင့် “ထိုသို့ဖြစ်မူ သင်ပြုအပ်သော ကောင်းမှုကံကို ငါ့အား ဟောပြောဦးလော့”ဟု မိန့်တော်မူ၍ “ဟောပြောသော်လည်း မြေ၌တည်လျက် မဟောတဲ့မူ၍ ထန်းခုနစ်ဆင့်မျှဖြင့် အတိုင်းအရှည်ရှိသော ကောင်းကင်၌တည်လျက် ဟောပြောရမည်”ဟု မိန့်တော်မူ၏။ ထိုအမတ်ကြီးသည် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ကောင်းလှပါပြီဘုရား”ဟု မြတ်စွာဘုရားကို ရှိခိုး၍ တန်းတစ်ဆင့်ပမာဏရှိသော အရပ်သို့ တက်သဖြင့် သက်ဆင်းပြီးလျှင် တစ်ဖန် မြတ်စွာဘုရားကို ရှိခိုး၍ တက်ပြန်သည်ရှိသော် အစဉ်အတိုင်း ထန်းခုနစ်ဆင့် ပမာဏမြင့်သော ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေနေခြင်းဖြင့် ထိုင်နေလျက် “မြတ်စွာဘုရား- တပည့်တော်၏ ရှေးပြုအပ်သော ကောင်းမှုကံကို နာတော်မူကြပါဘုရား”ဟု လျှောက်ထားလေ၏။

အတိတ်ကောင်းမှု ပြန်လျှောက်ခန်း

ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ဝိပဿီမြတ်စွာဘုရား ထင်ရှားပွင့်တော်မူသောအခါ ဘုရားတပည့်တော်သည် ဗန္ဓုမတီမည်သောမြို့၌ တစ်ခုသော အမျိုးအိမ်၌ဖြစ်၍ “သူတစ်ပါးတို့အား ဖြတ်ခြင်းကိုလည်းကောင်း၊ နှိပ်စက်ခြင်းကိုလည်းကောင်း မပြုကြောင်းဖြစ်သော အမှုသည် အဘယ်အမှုပါနည်း”ဟု ကြံစည်မိပါသည်ဘုရား။ ဤသို့ကြံစည်ပြီးလျှင် စူးစမ်းဆင်ခြင်သည်ရှိသော် တရားနာစိမ့်သောငှာ ကြွေးကြော်သောအမှုကို မြင်ရပါသဖြင့် ထိုအခါမှစ၍ ထိုအမှုကိုပြုလျက် လူများအပေါင်းကို ကောင်းစွာဆောက်တည်စေသဖြင့် ကောင်းမှုတို့ကို ပြုခဲ့ပါသည်ဘုရား၊ ဥပုသ်နေ့တို့၌လည်း ဥပုသ်ဆောက်တည်ကြပါကုန်လော့၊ အလှူပေးကြပါကုန်လော့၊ တရားနာကြပါကုန်လော့၊ ဘုရားရတနာ အစရှိသည်တို့နှင့်တူသော တစ်ပါးသော ရတနာမည်သည်မရှိ၊ ရတနာသုံးပါးတို့အား ပူဇော်သက္ကာရ ပြုကြပါကုန်လော့ဟု ကြွေးကြော်ကာ သွားလာလှည့်လည်ပါသည်ဘုရား၊ ထိုတပည့်တော်၏အသံကို ကြားရလျှင် ဘုရားရှင်၏ ခမည်းတော်ဖြစ်သော ဗန္ဓုမတီမင်းကြီးသည် တပည့်တော်ကို ခေါ်စေ၍ “အမောင်- အဘယ်အမှုကိုပြုလျက် သွားလာလှည့်လည်သနည်း”ဟု မေးသောကြောင့် “အရှင်မင်းကြီး- ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို ထင်ရှားစွာပြလျက် လူများအပေါင်းကို ကုသိုလ်ကောင်းမှုတို့၌ ဆောက်တည်စေသဖြင့် သွားလာလှည့်လည်ပါသည်”ဟု လျှောက်တင်သည်ရှိသော် “အဘယ်၌နေလျက် သွားလာဘိသနည်း”ဟု တပည့်တော်ကို မေးပြန်သောကြောင့် “အရှင်မင်းကြီး- ခြေဖြင့်သာလျှင် သွားလာရပါသည်”ဟု တပည့်တော် လျှောက်တင်သည်ရှိသော် “အမောင်- သင်ကား ဤသို့သွားလာခြင်းငှာ မထိုက်၊ ဤပန်းဆိုင်းကိုဆင်မြန်း၍ မြင်းကျောက်ကုန်းထက်၌ နေလျက်သာ သွားလာလှည့်လည်ချေလော့”ဟု တပည့်တော်အား ပုလဲကုံး ပုလဲဆိုင်းနှင့်တူသော ပန်းဆိုင်းကိုပေး၍ ယဉ်ကျေးသောမြင်းကို ပေးပါသည်ဘုရား၊ ထိုအခါ မင်းကြီးသည် ပေးအပ်သော အဆောင်အရွက်ဖြင့် ထို့အတူသာလျှင် ကြွေးကြော်လျက် သွားလာလှည့်လည်သော တပည့်တော်ကို တစ်ဖန် မင်းကြီးသည် ခေါ်စေတော်မူပြန်သဖြင့် “အမောင်- အဘယ်ကိုပြုလျက် လှည့်လည်ဘိသနည်း”ဟု မေးပြန်သောကြောင့် “အရှင်မင်းကြီး- ထိုအမှုကိုသာလျှင်ပြုလျက် လှည့်လည်ပါသည်”ဟု လျှောက်တင်သည်ရှိသော် “မြင်းသည်လည်း သင့်အား မလျောက်ပတ်သေး၊ ဤရထား၌ထိုင်လျက် လှည့်လည်ချေလော့”ဟု သိန္ဓောမြင်းလေးစီးက,သော ရထားကို ပေးပါသည်ဘုရား၊ သုံးကြိမ်မြောက်တိုင်အောင်လည်း တပည့်တော်ကို အသံကြားရလျှင် မင်းကြီး ခေါ်စေသဖြင့် “အမောင်- အဘယ်ကိုပြုလျက် လှည့်လည်ဘိသနည်း”ဟု မေးပြန်သောကြောင့် “အရှင်မင်းကြီး- ထိုအမှုကိုသာလျှင်ပြုလျက် လှည့်လည်ပါသည်”ဟု လျှောက်တင်ပြန်သည်ရှိသော် “အမောင်- ရထားသည်လည်း သင့်အား မလျောက်ပတ်သေး”ဟု ဆို၍ တပည့်တော်အား များစွာသော စည်းစိမ်ဥစ္စာကိုလည်းကောင်း မြတ်သော တန်ဆာကိုလည်းကောင်း ပေး၍ ဆင်တစ်စီးကိုလည်း ပေးပြန်ပါသည်ဘုရား၊ ထိုတပည့်တော်သည် အလုံးစုံသောတန်ဆာဖြင့် တန်ဆာဆင်လျက် ဆင်ကျောက်ကုန်းထက်၌ နေထိုင်သဖြင့် အနှစ်ရှစ်သောင်းတို့ပတ်လုံး တရားနာစိမ့်သောငှာ ကြွေးကြော်ခြင်းအမှုကို ပြုပါသည်ဘုရား၊ ထိုတပည့်တော်၏ကိုယ်မှ ဤမျှလောက်သော ကာလပတ်လုံး စန္ဒကူးနံ့သည် လှိုင်ပါ၏။ ခံတွင်းမှ ကြာညိုနံ့သည် လှိုင်ပါ၏။ တပည့်တော်သည် ဤကောင်းမှုကို ပြုအပ်ပါသည်ဘုရားဟု လျှောက်ထားလေ၏။

သန္တတိအမတ်ကြီး နိဗ္ဗာန်ဝင်ခန်း

ဤသို့လျှင် ထိုသန္တတိ အမတ်ကြီးသည် မိမိရှေး၌ပြုအပ်သော ကောင်းမှုကံကို ဟောပြောပြီးလျှင် ကောင်းကင်၌ နေလျက်သာလျှင် တေဇောကသိုဏ်းဈာန်ကို ဝင်စား၍ ပရိနိဗ္ဗာန်ပြုလေ၏။ ကိုယ်မှ မီးလျှံတို့သည် ထလတ်၍ အသားအသွေးကို လောင်ကျွမ်းစေ၏။ ရွှေဖြင့်ပြီးသော ပန်းတို့ကဲ့သို့သော ဓာတ်တော်တို့သည် ကြွင်းကျန်လေကုန်၏။ မြတ်စွာဘုရားသည် စင်ကြယ်သောအဝတ်တို့ကို ဖြန့်လေ၏။ ထိုအဝတ်၌ ဓာတ်တော်တို့သည် ကျလာကုန်၏။ ထိုဓာတ်တော်တို့ကို သပိတ်၌ထည့်၍ လူအများရှိခိုးရလျှင် ကောင်းမှုအဖို့ရှိသည်ဖြစ်လတ္တံ့ဟု ခရီးလမ်းလေးဆုံ၌ စေတီတည်စေလေ၏။ ရဟန်းတို့သည် တရားသဘင်၌ “ငါ့ရှင်တို့- သန္တတိအမတ်ကြီးသည် ဂါထာ၏အဆုံး၌ အရဟတ္တဖိုလ်သို့ ရောက်သဖြင့် တန်ဆာဆင်ခြင်းနှင့် စပ်သည်ဖြစ်၍သာလျှင် ကောင်းကင်၌နေလျက် ပရိနိဗ္ဗာန်ပြု၏၊ အသို့နည်း၊ ထိုသန္တတိအမတ်ကြီးကို သမဏဟူ၍လည်း ဆိုခြင်းငှာ သင့်မည်လော၊ ထိုသို့မဟုတ် ဗြာဟ္မဏဟူ၍လည်း ဆိုခြင်းငှာ သင့်မည်လော”ဟု စကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သော စကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ငါ့သားတော်ကို သမဏဟူ၍ ဆိုခြင်းငှာလည်း သင့်၏။ ဗြာဟ္မဏဟူ၍ ဆိုခြင်းငှာလည်း သင့်သည်သာတည်း”ဟု မိန့်တော်မူ၍ တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

[၁၄၂] အလင်္ကတော စေပိ သမံ စရေယျ၊
သန္တော ဒန္တော နိယတော ဗြဟ္မစာရိ။
သဗ္ဗေသု ဘူတေသု နိဓာယ ဒဏ္ဍံ၊
သော ဗြာဟ္မဏော သော သမဏော သ ဘိက္ခု။

ယော၊ အကြင်ပုဂ္ဂိုလ်သည်။ အလင်္ကတောပိ၊ တန်ဆာဆင်ယင်လျက် ဖြစ်သော်လည်း။ သမံ၊ ကိုယ်နှုတ်စိတ် ညီညွတ်စွာ။ စေ စရေယျ၊ အကယ်၍ ကျင့်ငြားအံ့။ သန္တော၊ ရာဂစသည် ငြိမ်းခြင်းဖြင့် ငြိမ်း၏။ ဒန္တော၊ ဣန္ဒြေကို ဆုံးမတတ်၏။ နိယတော၊ လေးပါးသော မဂ္ဂနိယာမဖြင့် မြဲ၏။ ဗြဟ္မစာရီ၊ မြတ်သောအကျင့်ကို ကျင့်လေ့ရှိ၏။ သဗ္ဗေသု ဘူတေသု၊ အလုံးစုံသော သတ္တဝါတို့၌။ ဒဏ္ဍံ၊ ကာယဒဏ္ဍ အစရှိသည်ကို။ နိဓာယ၊ ချထားခြင်းကြောင့်။ သော၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏော၊ မကောင်းမှုကို အပပြုသောကြောင့် ဗြာဟ္မဏမည်၏ ဟူ၍လည်းကောင်း။ သော၊ ထိုပုဂ္ဂိုလ်ကို။ သမဏော၊ မကောင်းမှုကို ငြိမ်းစေတတ်သောကြောင့် သမဏဟူ၍လည်းကောင်း။ သ သော၊ ထိုပုဂ္ဂိုလ်ကို။ ဘိက္ခု၊ ကိလေသာစု ကွဲပျက်မှုကြောင့် ဘိက္ခုဟူ၍လည်းကောင်း။ ဝတ္တဗ္ဗော၊ ဆိုအပ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

သန္တတိအမတ်ကြီးဝတ္ထုပြီး၏။