2123ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၁၀။ ပိလောတိကတိဿတ္ထေရဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

ဒဏ္ဍဝဂ်

၁၀။ ပိလောတိကတိဿမထေရ်ဝတ္ထု

ဟိရီနိသေဓောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ပိလောတိကမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အဝတ်ဟောင်းပိုင်းကို ဆရာပြုခြင်း

တစ်ပါးသောအခါ၌ ရှင်အာနန္ဒာမထေရ်သည် တစ်ယောက်သော ပုဆိုးနွမ်းတပိုင်းကိုဝတ်လျက် ခွက်လက်စွဲသဖြင့် ထမင်းအလို့ငှာ လှည့်လည်သောသူငယ်ကို မြင်ရလျှင် “အသို့နည်း- သင်အား ဤသို့လှည့်လည်ကာ အသက်မွေးရသောထက် ရှင်သာမဏေပြုရခြင်းသည် အလွန်မြတ်သည် မဟုတ်လော”ဟု ဆိုလျှင် “အရှင်ဘုရား- တပည့်တော်ကို အဘယ်သူသည် ရှင်သာမဏေပြုပေးပါအံ့နည်းဘုရား”ဟု လျှောက်သည်ရှိသော် “ငါသည် ရှင်သာမဏေ ပြုပေးအံ့”ဟု ထိုသူငယ်ကို ခေါ်သွားသဖြင့် မိမိလက်ဖြင့် ရေချိုးပေးပြီးလျှင် ကမ္မဋ္ဌာန်းကိုပေး၍ ရှင်သာမဏေ ပြုပေးလေ၏။ ဝတ်အပ်သော ထိုပုဆိုးနွမ်းပိုင်းကို ဖြန့်၍ကြည့်ရှုသည်ရှိသော် ရေစစ်ကြက်စရာ ပြုလောက်ရုံကိုမျှ ယူစရာ တစ်စုံတစ်ခုသောအရပ်ကို မမြင်ရသော်လည်း ခွက်နှင့်အတူတကွ တစ်ခုသော သစ်ကိုင်းထက်၌ ထားလေ၏။ ထိုသူငယ်သည်လည်း ရှင်ပြုပြီး၍ ပဉ္စင်းအဖြစ်ကို ရလတ်သည်ဖြစ်ရကား မြတ်စွာဘုရားရှင်တို့အားဖြစ်သော လာဘ်ပူဇော်သက္ကာရကို ဘုဉ်းပေးသုံးဆောင်လျက် အဖိုးများစွာ ထိုက်ကုန်သော သင်္ကန်းတို့ကို ဝတ်ဆင်ကာ လှည့်လည်လျက် ဆူဖြိုးသောကိုယ်ရှိလတ်သော် သာသနာတော်၌ ပျင်းရိခြင်းကြောင့် “ငါ့အား လူများအပေါင်းသည် သဒ္ဓါကြည်ဖြူ ပေးလှူအပ်သော သင်္ကန်းကို ဝတ်ဆင်ကာ လှည့်လည်ခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း။ မိမိ၏ ပုဆိုးနွမ်းကိုသာလျှင် ဝတ်ဆင်ပေတော့အံ့”ဟု ထိုအရပ်သို့သွား၍ ပုဆိုးနွမ်းကိုယူပြီးလျှင် “မရှက်တတ်၍ အရှက်ကင်းမဲ့သောသူ ဤသို့သဘောရှိသော အဝတ်တို့ ဝတ်ဆင်ရာဌာနကို စွန့်ပစ်၍ ဤပုဆိုးနွမ်းပိုင်းကို ဝတ်ဆင်သဖြင့် ခွက်လက်စွဲလျက် ထမင်းအလို့ငှာ လှည့်လည်ရခြင်းသို့ သွားရောက်လိုဘိသလော”ဟု ထိုပုဆိုးနွမ်းကို အာရုံပြု၍ မိမိသည်ပင်လျှင် မိမိကိုယ်ကို ဆုံးမလေ၏။ ဆုံးမစဉ်သာလျှင် စိတ်ငြိမ်သက်လေ၏။ ထိုမထေရ်သည် ထိုပုဆိုးနွမ်းကို ထိုအရပ်၌သာလျှင် သိုမှီးကာ ပြန်နစ်၍ ကျောင်းသို့သာလျှင် သွားလေ၏။ ထိုရဟန်းသည် နှစ်ရက်,သုံးရက် လွန်ပြန်သောအခါ တစ်ဖန် ပျင်းရိပြန်ခြင်းကြောင့် ထို့အတူပင် ဆို၍ပြန်နစ်ခဲ့ပြန်၏။ တစ်ဖန်လည်း ထို့အတူသာလျှင်တည်း။ ဤသို့လျှင် ထိုပိလောတိကမထေရ် လူးလားတုံ့ခေါက် အဖန်ဖန် လမ်းလျှောက်သည်ကို မြင်ရလျှင် “ရဟန်းတို့သည် ငါ့ရှင်- အဘယ်အရပ်သို့သွားသနည်း”ဟု မေးမြန်းကြကုန်၏။ ထိုမထေရ်သည် “ငါ့ရှင်တို့- ဆရာ၏အထံသို့ သွားပါသည်”ဟု ဆို၍ ဤသို့သောနည်းဖြင့်သာလျှင် မိမိ၏ ပုဆိုးနွမ်းအပိုင်းကိုသာ အာရုံပြု၍ မိမိကိုယ်ကို တားမြစ်ခြင်းကြောင့် နှစ်ရက်,သုံးရက်ဖြင့်သာလျှင် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ ရဟန်းတို့သည် “ငါ့ရှင်- အသို့နည်း၊ ဤယခုအခါ ဆရာ၏အထံသို့ အဘယ့်ကြောင့် မသွားဘိသနည်း၊ ဤခရီးသည် သင်၏သွားရာ လမ်းခရီးမဟုတ်လော”ဟု ဆိုကြကုန်၏။ “ငါ့ရှင်တို့- ဆရာနှင့်အတူတကွ ရောနှောဆက်ဆံခြင်း ရှိလတ်သော် သွားရ၏။ ယခုမူကား ရောနှောဆက်ဆံခြင်းကို တပည့်တော် ဖြတ်အပ်ပြီ။ ထို့ကြောင့် ဆရာ့အထံသို့ မသွားနိုင်”ဟု ဆိုသဖြင့် ထိုရဟန်းတို့သည် မြတ်စွာဘုရားအား “မြတ်စွာဘုရား- ပိလောတိကမထေရ်သည် အရဟတ္တဖိုလ်ကို ပြောကြားပါသည်ဘုရား”ဟု လျှောက်ကြားကြလေကုန်၏။ “ရဟန်းတို့- အဘယ်စကားကို ဆိုလတ်သနည်း”ဟု မေးလျှင် “မြတ်စွာဘုရား- ဤမည်သောစကားကို ဆိုပါသည်ဘုရား”ဟု လျှောက်ကြားကြကုန်၏။ ထိုစကားကိုကြားတော်မူရလျှင် ဘုရားရှင်သည် “ချစ်သားရဟန်းတို့- ငါ့သားတော်သည် ရောနှောဆက်ဆံခြင်း ရှိလတ်သော် ဆရာ၏အထံသို့ သွားရပေ၏။ ယခုမူကား ထိုသားတော်သည် ရောနှောဆက်ဆံခြင်းကို ဖြတ်အပ်ပြီ၊ မိမိသည်ပင်လျှင် မိမိကိုယ်ကို တားမြစ်ခြင်းကြောင့် အရဟတ္တဖိုလ်သို့ ရောက်လေပြီ”ဟု မိန့်တော်မူ၍ ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

[၁၄၃] ဟိရီနိသေဓော ပုရိသော၊ ကောစိ လောကသ္မိံ ဝိဇ္ဇတိ။
ယော နိဒ္ဒံ အပဗောဓေတိ၊ အဿော ဘဒြော ကသာမိဝ။

[၁၄၄] အဿော ယထာ ဘဒြော ကသာနိဝိဋ္ဌော၊
အာတာပိနော သံဝေဂိနော ဘဝထ။
သဒ္ဓါယ သီလေန စ ဝီရိယေန စ၊
သမာဓိနာ ဓမ္မဝိနိစ္ဆယေန စ။
သမ္ပန္နဝိဇ္ဇာစရဏာ ပတိဿတာ၊
ဇဟိဿထ ဒုက္ခမိဒံ အနပ္ပကံ။

ဘဒြော၊ ကောင်းသော။ အဿော၊ မြင်းသည်။ ကသာ၊ ကိုယ်ပေါ်ကျလတ္တံ့သော ကြိမ်လုံးမှ။ ဝါ၊ ကြိမ်လုံးကို။ အပဟရတိ ဣဝ၊ ပယ်သကဲ့သို့။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ နိဒ္ဒံ၊ အိပ်ခြင်းကို။ အပဗောဓေတိ၊ ပယ်သောအားဖြင့် နိုးကြားစေ၏။ ဟိရီနိသေဓော၊ အကြံဆိုးကို အရှက်ဖြင့် တားမြစ်တတ်သော။ သော ပုရိသော၊ ထိုယောက်ျားသည်။ လောကသ္မိံ၊ လောက၌။ ကောစိ၊ တစ်ယောက်တလေသာ။ ဝိဇ္ဇတိ၊ ရှိ၏။ ဝါ၊ တနည်းကား။ ကောစိ ဝိဇ္ဇတိ၊ ရခဲ၏။

ဘဒြော၊ ကောင်းသော။ အဿော၊ မြင်းသည်။ ကသာနိဝိဋ္ဌော၊ ကြိမ်လုံးဖြင့် ပုတ်ခတ်အပ်သည်ရှိသော်။ အာတာပီ ယထာ၊ လုံ့လရှိသကဲ့သို့။ သံဝေဂီ ယထာ၊ ထိတ်လန့်သကဲ့သို့။ တုမှေ၊ သင်ချစ်သားတို့သည်။ အာတာပိနော၊ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိကြကုန်သည်။ သံဝေဂိနော၊ ထိတ်လန့်ခြင်း သံဝေဂရှိကြကုန်သည်။ ဘဝထ၊ ဖြစ်ကြကုန်လော့။ သဒ္ဓါယ စ၊ လောကီ လောကုတ္တရာ သဒ္ဓါတရားနှင့်လည်းကောင်း။ သီလေန စ၊ စတုပါရိသုဒ္ဓိသီလနှင့်လည်းကောင်း။ ဝီရိယေန စ၊ ဝီရိယနှင့်လည်းကောင်း။ သမာဓိနာ စ၊ သမာဓိနှင့်လည်းကောင်း။ ဓမ္မဝိနိစ္ဆယေန စ၊ အကြောင်းဟုတ်သည် မဟုတ်သည်ကို သိခြင်းလက္ခဏာရှိသော ဆုံးဖြတ်ခြင်းဉာဏ်နှင့်လည်းကောင်း။ သမ္ပန္နာ၊ ပြည့်စုံကြကုန်သည်ဖြစ်၍။ ဝိဇ္ဇာစရဏာ၊ ဝိဇ္ဇာ သုံးပါး, ဝိဇ္ဇာ ရှစ်ပါး, စရဏတစ်ဆယ့်ငါးပါး ရှိကြကုန်သည်ဖြစ်၍။ ပတိဿတာ၊ ထင်သောသတိရှိကြကုန်သည်ဖြစ်၍။ အနပ္ပကံ၊ အတိုင်းမသိသော။ ဣဒံ ဒုက္ခံ၊ ဤသံသရာဆင်းရဲကို။ ဇဟိဿထ၊ စွန့်ကြရကုန်လတ္တံ့။

(ဝိဇ္ဇာသုံးပါး- ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်၊ ဒိဗ္ဗစက္ခု အဘိညာဉ်၊ အာသဝက္ခယအဘိညာဉ်။ ဝိဇ္ဇာရှစ်ပါး- ဝိပဿနာဉာဏ်၊ မနောမယိဒ္ဓိ၊ ဣဒ္ဓိဝိဓ၊ ဒိဗ္ဗသောတ၊ စေတောပရိယ၊ ပုဗ္ဗေနိဝါသ၊ ဒိဗ္ဗစက္ခု၊ အာသဝက္ခယအဘိညာဉ်။ စရဏတစ်ဆယ့်ငါးပါး- သီလစောင့်ခြင်း၊ ဣန္ဒြေလုံခြင်း၊ ဘောဇဉ် အတိုင်းအရှည်သိခြင်း၊ နိုးကြားခြင်း၊ သဒ္ဓါ၊ ဟိရီဩတ္တပ္ပ၊ ဗာဟုသစ္စ၊ ဝီရိယ၊ သတိ၊ ပညာ၊ပဌမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်။ (စတုက္ကနည်း)။)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာကုန်သောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ပိလောတိကတိဿမထေရ်ဝတ္ထုပြီး၏။