ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၃၆၇။ သာဠိယဇာတ် (၅-၂-၇)
3709ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၃၆၇။ သာဠိယဇာတ် (၅-၂-၇)မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်


ပဉ္စကနိပါတ် - ဝဏ္ဏာရောဟဝဂ်

၇။ သာဠိယဇာတ်

သူများမနာလို ကိုယ့်အကျိုးမရှိကြောင်း

ဟောတော်မူရာဌာန... နှင့် ပစ္စုပ္ပန်ဝတ္ထု

နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်ဘုရားသည် ယွာယံ သာဠိယဆာပေါ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသာဠိယဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ငါ့ရှင်တို့... ဒေဝဒတ်သည် သဗ္ဗညူ မြတ်စွာဘုရားအား ထိတ်လန့်ခြင်းကို ဖြစ်စိမ့်သောငှာ မတတ်နိုင် ဟူသော ရဟန်းတို့၏စကားကို အကြောင်းပြု၍ ဟောတော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ရွာငယ်၌ သူကြွယ်မျိုး၌ဖြစ်၍ ငယ်သောကာလ မြေမှုန့်ကစားဖက်ဖြစ်သော သူငယ်တို့နှင့်တကွ ရွာတံခါး၏အနီး ပညောင်ပင်ရင်း၌ ကစား၏။

သူ့မကောင်းကြံ ကိုယ်ဘေးဒဏ်ထိ

ထိုအခါ တစ်ယောက်သော အားနည်းသော ဆေးသမားသည် ရွာ၌ တစ်စုံ စ်ခုသောအမှုကို မရဘဲ ထွက်လတ်သော် ထိုအရပ်သို့ ရောက်၍ သစ်ခွကြားမှ ဦးခေါင်းကိုထုတ်၍ အိပ်သော မြွေကိုမြင်၍ ငါသည် တစ်ခုသာရွာ၌လည်း တစ်စုံ တစ်ခုကို မရ၊ ဤသူငယ်တို့ကို လှည့်စား၍ မြွေကိုက်စေ၍ ဆေးကု၍ တစ်စုံတစ်ခုကိုလျှင် ယူအံ့ ဟု ကြံ၍ ဘုရားလောင်းကို အမောင်... ဆက်ရက်ငယ်ကို မြင်သော် ယူအံ့လော့ဟု ဆို၏။ ယူအံ့ဟု ဆိုလတ်သော် ကြည့်လော့၊ ထိုဆက်ရက်ငယ်သည် သစ်ခွကြား၌ အိပ်၏ဟု ဆို၏။ ဘုရားလောင်းသည် မြွေ၏အဖြစ်ကို မသိရကား သစ်ပင်သို့ တက်၍ ထိုမြွေကို လည်၌ ဆုပ်ကိုင်၍ မြွေ ဟုသိ၍ ဆုတ်နစ်စိမ့်သောငှာ မပေးမူ၍ ကောင်းစွာကိုင်၍ လျင်မြန်သော အဟုန်ဖြင့်ပစ်၏။ ထိုမြွေသည် ဆေးသမား၏ လည်၌ ကျ၍ လည်ကိုရစ်၍ ကရ ကရ ဟု ခဲ၍ ထိုအရပ်၌လျှင် ထိုဆေးသများကို လဲစေ၍ ပြေး၏။ လူတို့သည် ခြံရံကုန်၏။

ဘုရားလောင်းသည် ရောက်လာသော ပရိသတ်အား တရားဟောလိုရကား-

၉၀။ ယွာယု သာဠိယဆာပေါတိ၊ ကဏှသပ္ပံ အဂါဟယိ။
တေန သပ္ပေနယံ ဒဋ္ဌော၊ ဟတော ပါပါနုသာသကော။
၉၁။ အဟန္တာရ မဟန္တာရံ၊ ယော နရော ဟန္တုမိစ္ဆတိ၊
ဧဝံ သော နိဟတော သေတိ၊ ယထာယံ ပုရိသော ဟတော။
၉၂။ အဟန္တာရမဃာတေန္တံ၊ ယော နရော ဟန္တုမိစ္ဆတိ၊
ဧဝံ သော နိဟတော သေတိ၊ ယထာယံ ပုရိသာ ဟတော။
၉၃။ ယထာ ပံသုမုဋ္ဌိံ ပုရိသော၊ ပဋိဝါတံ ပဋိက္ခိပေ။
တမေဝ သော ရဇော ဟန္တိ၊ တထာယံ ပုရိသော ဟတော။
၉၄။ ယော အပ္ပဒုဋ္ဌဿ နရဿ ဒုဿတိ၊
သုဒ္ဓဿ ပေါသဿ အနင်္ဂဏဿ။
တမေဝ ဗာလံ ပစ္စေတိ ပါပံ၊
သုခုမော ရဇော ပဋိဝါတံဝ ခိတ္တော။

ဟူသော ဤဂါထာတို့ကို ဆို၏။

၉၀။ ယွာယံ၊ အကြင်ဆေးသမားသည်။ ကဏှသပ္ပံ၊ မြွေ ဟောက်ကို။ သာဠိယဆာပေါတိ၊ ဆက်ရက်ငယ်ဟူ၍။ အဂါဟယိ၊ ယူစေ၏။ ပါပါနုသာသကော၊ မကောင်းသည်ကို ဆုံးမတတ်သော။ အယံ၊ ဤဆေးသမားသည်။ တေန သပွေန၊ ထိုမြွေဟောက်သည်။ ဒဋ္ဌော၊ ခဲအပ်သည်ဖြစ်၍။ ဟတော၊ သေ၏။

၉၁။ ယော နရော၊ အကြင်သူသည်။ အဟန္တာရံ၊ ညှဉ်းဆဲခြင်းငှာ မထိုက်သော။ အဟန္တာရံ၊ သတ်ခြင်းငှာ မထိုက်သောသူကို။ ဟန္တုံ၊ သတ်ခြင်းငှာ။ ဣစ္ဆတိ၊ အလိုရှိ၏။ အယံ ပုရိသော၊ ဤဆေး သမားယောက်ျားသည်။ ဟတော ယထာ၊ သေ၍ အိပ်ရသကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ သော နရော၊ ထိုသူသည်။ နိဟတော၊ သေ၍။ သေတိ၊ အိပ်ရ၏။

၉၂။ ယော နရော၊ အကြင်သူသည်။ အဟန္တာရံ၊ ညှဉ်းဆဲခြင်းငှာမထိုက်သော။ အဃာတေန္တံ၊ သတ်ခြင်းငှာ မထိုက်သောသူကို။ ဟန္တုံ၊ ညှဉ်းဆဲသတ်ဖြတ်ခြင်းငှာ။ ဣစ္ဆတိ၊ အလို ရှိ၏။ အယံ ပုရိသော၊ ဤဆေးသမား ယောက်ျားသည်။ ဟတော ယထာ၊ သေ၍ အိပ်ရသကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ သော နရော၊ ထိုသူသည်။ နိဟတော၊ သေ၍။ သေတိ၊ အိပ်ရ၏။

၉၃။ ပုရိသော၊ ယောက်ျားသည်။ ပသုမုဋ္ဌိံ၊ မြေမှုန့်ဆုပ်ကို။ ပဋိဝါတံ၊ လေညာသို့။ ပဋိက္ခိပေ၊ ပစ်လွှတ်ငြားအံ့။ သောရဇော၊ ထိုမြူသည်။ တမေဝ၊ ထိုယောကျ်ားကိုသာလျှင်။ ဟန္တိ ယထာ၊ ညှဉ်းဆဲသကဲ့သို့။ တထာ၊ ထို့အတူ။ အယံ ပုရိသော၊ ဤဆေးသမားယောက်ျားသည်။ ဟတော၊ မိမိသည်လျှင် မိမိကိုယ်ကို သတ်အပ်သည်ဖြစ်၍။ သေတိ၊ အိပ်ရ၏။

၉၄။ ယော နရော၊ အကြင်သူသည်။ အပ္ပဒုဋ္ဌဿ၊ မပြစ်မှားအပ်သော။ သုဒ္ဓဿ၊ စင်ကြယ်သော။ ပေါသဿ၊ သတ္တဝါဖြစ်သော။ အနင်္ဂဏဿ၊ အပြစ်မရှိသော။ နရဿ၊ လူ အား။ ဒုဿတိ၊ ပြစ်မှား၏။ ပဋိဝါတံ၊ လေညာသို့။ ခိတ္တော၊ ပစ်အပ်သော။ သုခုမော ရဇော ဣဝ၊ သိမ်မွေ့သော မြူကဲ့သို့။ တမေဝ ဗာလံ၊ ထိုလူမိုက်သို့သာလျှင်။ ပါပံ၊ မကောင်း မှုသည်။ ပစ္စေတိ၊ တစ်ဖန်လာ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ဆေးသမားဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပညာရှိသောသူငယ် ဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကိုယ့်ရှူးအတတ်၊ ကိုယ့်ကိုခတ်၊ ကိုယ့်ပတ်စူးတတ်သည်

ခုနစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သာဠိယဇာတ်သည် ပြီး၏။

*****