သိမ်မျိုးစုံမဟာဋီကာ/ထပေတွာဒိ ဋီကာ
ထပေတွာ-ဟူသောပုဒ်၌-ထပေါ စု ထပေန-ဟု ဓာတွတ္ထသင်္ဂဟ လာရကား ဒန္တဇ ဒုတိယက္ခရာ ထဆင်ထူးနှင့် ထပေတွာသာ အမှန်တည်း။ မုဒ္ဓဇ ဒုတိယက္ခရာ ဌဝမ်းဘဲနှင့် ဌပေတွာ ဟူ၍လည်းကောင်း၊ ဒန္တဇ စတုတ္ထက္ခရာ ဓအောက်ချိုက်နှင့် ဓပေတွာ-ဟူ၍လည်းကောင်း ရှိကြသည်ကား ပါဌ်ပျက်ချည်းဟု ဆိုရန်ရှိ၏။ သဒ္ဒနီတိ ဓာတုမာလာ၌လည်း မုဒ္ဓဇ ဒုတိယက္ခရာ ဌဝမ်းဘဲနှင့် ဌပဓာတ် မလာ၊ ဩပ ထပ ထပနေ-ဟု ဒန္တဇ ဒုတိယက္ခရာ ထဆင်ထူးနှင့် ထပဓာတ်သာ လာ သတည်း။
သို့သော်လည်း ဝေါဋ္ဌဗ္ဗနံ-ဟူသောပုဒ်ကို ဝိ အဝ ထပန ပုဒ်ဖြတ်ပြီးလျှင် ဝိ၌ ဣ-ကိုချေ။ အဝကို-သြပြု။ ကပ်။ ထဆင်ထူးကို ဌဝမ်းဘဲပြု။ ဒွေဘော်ပြု။ ပ-စောက်ကို ဗ-ထက်ချိုက်ပြု။ ဒွေဘော်ပြု၍ ဝေါဋ္ဌဗ္ဗနံ ပုဒ်ပြီးကြောင်းကို ဆိုသောကြောင့် ဌပေတွာ-ဟု မုဒ္ဓဇ ဒုတိယ ဌဝမ်းဘဲနှင့်လည်း ဖတ်ရိုးပြုကြသတည်း။ နာထ နာဓ၊ ပြန်သည်ကို ထောက်သဖြင့်လည်းကောင်း၊ ဓပေတွာဟူ၍လည်း ဖတ်ကြသတည်း၊ ငါတို့ကား နာထဓါတ် နာဓဓာတ်၊ အသီးဓာတ်ရှိသကဲ့သို့ ထပဓာတ် ဓပဓာတ်ဟူ၍ အသီးမလာသောကြောင့် ဗျာပါရလွန်သည်ဟူ၍ မှတ်ထင်သတည်း။
တွာပစ္စည်းကိုလည်း အချို့ ဆရာတို့ တဝါ-ဟုခွဲ၍ အများဖတ်ကြသတည်း။ ငါတို့ကျေးဇူးရှင် ဆရာတော်ကြီးတို့ကား တွာ-ဟူ၍ တွာပစ္စည်းအနေနှင့် ပေါင်း၍ဖတ်ရိုးသာ ရှိသတည်း။ ထ,ပေ,တွာ,ဟု
ထ တစ်ပုဒ်၊ ပေ တစ်ပုဒ်၊ တွာ တစ်ပုဒ်ခွဲ၍လည်းကောင်း၊ ထပေ့ တွာ-ဟူ၍ ပေနောင် သံယုဂ်အတွက် အောက်မြစ်သံဖြင့်လည်းကောင်း၊
ယထာ ဌာနေ တံ တဒေဝ အက္ခရံ ဘာသန္တေန အနုက္ကမာဂတံ ပဝေဏိံ အဝိနာသေန္တေန ကမ္မဝါစာ ကာတဗ္ဗာ -ဟူ၍လည်းကောင်း၊
ယထာ ပါဠိယာ နိရုတ္တိံ သောဓေတွာ ဒသဝိဓာယ ဗျဉ္ဇနနိရုတ္တိယာ ဝုတ္တဒေါသေ ပရိဟရန္တေန ကမ္မဝါစာ ကာတဗ္ဗာ။ ဣတရထာ ဟိ သာဝနံ ဟာပေတိ နာမ-
ဟူ၍လည်းကောင်း၊ ပရိဝါ-ကမ္မဝဂ် အဖွင့် အဋ္ဌကထာလာသောကြောင့် ယခုကာလ နှုတ်တက်စဉ်အတိုင်း၊ ထပေတ် တွာ-ဟူ၍ တသတ် သံဖြင့်လည်းကောင်း၊ ထပေစ်တွာ-ဟူ၍ စသတ်သံဖြင့်လည်းကောင်း၊ ထပေတ်တဝါ-ဟူ၍ အများအတိုင်းလည်းကောင်း၊ ငါးမျိုးပင် ဖတ်သတည်း။ မုဒ္ဓဇ ဒုတိယက္ခရာဌဝမ်းဘဲနှင့် ဖတ်ရာ၌လည်း ရှေ့အတူ ငါးချက်စီပင် ဖတ်သတည်း။ ဒန္တဇ စတုတ္ထက္ခရာ ဓအောက်ချိုက်နှင့် ဖတ်ရာ၌လည်း ရှေးအတူ ငါးချက်ပင် ဖတ်သတည်း။ ဤသို့ တဆယ် ငါးကြိမ်ဖတ်သတည်း။
ဂါမဉ္စ ဂါမူပစာရဉ္စ ၌ ဂါမံ စ-ဂါမူပစာရံ စ အချို့ ဆရာတို့-နိဂ္ဂဟိ တန္တနှင့်ဖတ်သည်။ ဂါမင်စ-ဂါမူပစာရင်စ အချို့ဆရာကို ငသတ်သံဖြင့် ဖတ်သည်။ ဂါမည်စ-ဂါမူပစာရည်စ -ဟု အချို့ဆရာတို့ ညသတ်သံနှင့် ဖတ်သည်။ ၎င်းသုံးချက်လုံးတို့၌ အချို့ ဆရာတို့ ဂါမူ-ဟု ဦဒီဃနှင့် ဖတ်သည်။ အချို့ဆရာဟို ဂါမု-ဟု ဥရဿနှင့် ဖတ်သည်။
ဤသို့ နာနာဝါဒဖြစ်ရာ၌ သိထိလနှင့် ဓနိတ တစ်စုံ၊ နိဂ္ဂဟိတနှင့် ဝိမုတ္တ တစ်စုံ။ ၎င်းအက္ခရာ လေးမျိုးတို့သည် အချင်းချင်းပြောင်းလဲရာ ကံပျက်၏။
ဒီဃနှင့် ရဿတစ်စုံ၊ ဂရုနှင့် လဟု တစ်စုံ၊ သမ္ဗန္ဓနှင့် ဝဝတ္ထိတ တစ်စုံ၊ ဤအက္ခရာခြောက်ခုတို့သည် အချင်းချင်း ပြောင်းလဲသော်လည်း ကံမပျက်။
ထိုကြောင့် ပရိဝါအဋ္ဌကထာ၌ -
သိထိလေ ကတ္တဗ္ဗေ ဓနိတံ,ဓနိတေ ကတ္တဗ္ဗေ သိထိလံ ဝိမုတ္တေ ကတ္တဗ္ဗေ နိဂ္ဂဟိတံ နိဂ္ဂဟိတေ ကတ္တဗ္ဗေ ဝိမုတ္တန္တိ ဣမာနိ စတ္တာရိ ဗျဉ္ဇနာနိ အန္တောကမ္မဝါစာယ ကမ္မံ ဒူသေန္တိ။
ဣတရေသု ပန ဒီဃရဿဒီသု ဆသု ဗျဉ္ဇနေသု ဒီဃဋ္ဌာနေ ဒီဃမေဝ ရဿဋ္ဌာနေ စ ရဿမေဝါတိ (ပ)။ ဧဝံဝုတ္တေပိ ကမ္မဝါစာ န ကုပ္ပတိ။ ဣမာနိ ဟိ ဆ ဗျဉ္ဇနာနိကမ္မံ န ကောပေန္တိ- ဟု မိန့်အပ်၏။
ဒီဃ ရဿ စသည်ရွတ်ရာ ကံမပျက်ဆိုရာမှာ အနုရူပဌာနကိုသာ ရည်သည်။ အနနုရူပဌာနဖြစ်ပါမူကား သဘာဝနိရုတ္တိလက္ခဏာ ပျက်သောကြောင့် ကံပျက်၏။
ထိုကြောင့် ပရိဝါ ဝိမတိဝိနောဒနီ၊ ဒု၊ ၃၁၅။ ၌ -
တ-ကာရဿ ထ-ကာရံ အကတွာ ဝဂ္ဂန္တရေ သိထိလမေဝ ကတွာ ‘‘သုဏာဋု မေ’’တိအာဒိံ ဝဒန္တောပိ ဒုရုတ္တံ ကရောတိယေဝ ဌပေတွာ အနုရူပံ အာဒေသံ။ ယဉှိ ‘‘သစ္စိကတ္ထပရမတ္ထေနာ’’တိ ဝတ္တဗ္ဗေ ‘‘သစ္စိကဋ္ဌပရမဋ္ဌေနာ’’တိ စ ‘‘အတ္ထကထာ’’တိ ဝတ္တဗ္ဗေ ‘‘အဋ္ဌကထာ’’တိ စ တတ္ထ တတ္ထ ဝုစ္စတိ, တာဒိသံ ပါဠိအဋ္ဌကထာသု ဒိဋ္ဌပယောဂံ, တဒနုရူပဉ္စ ဝတ္တုံ ဝဋ္ဋတိ, တတော အညံ န ဝဋ္ဋတိ။ တေနာဟ ‘‘အနုက္ကမာဂတံ ပဝေဏိံ အဝိနာသေန္တေနာ’’တိအာဒိ။
ဒီဃေ ဝတ္တဗ္ဗေ ရဿန္တိအာဒီသု ‘‘ဘိက္ခူန’’န္တိ ဝတ္တဗ္ဗေ ‘‘ဘိက္ခုန’’န္တိ ဝါ ‘‘ဗဟူသူ’’တိ ဝတ္တဗ္ဗေ ‘‘ဗဟုသူ’’တိ ဝါ ‘‘နက္ခမတီ’’တိ ဝတ္တဗ္ဗေ ‘‘န ခမတီ’’တိ ဝါ ‘‘ဥပသမ္ပဒါပေက္ခော’’တိ ဝတ္တဗ္ဗေ ‘‘ဥပသမ္ပဒါပေခေါ’’တိ ဝါ ဧဝံ အနုရူပဋ္ဌာနေသု ဧဝ ဒီဃရဿာဒိ ရဿဒီဃာဒိဝသေန ပရိဝတ္တေတုံ ဝဋ္ဋတိ, န ပန ‘‘နာဂေါ’’တိ ဝတ္တဗ္ဗေ ‘‘နဂေါ’’တိ ဝါ ‘‘သံဃော’’တိ ဝတ္တဗ္ဗေ ‘‘သဃော’’တိ ဝါ ‘‘တိဿော’’တိ ဝတ္တဗ္ဗေ ‘‘တိသော’’တိ ဝါ ‘‘ယာစတီ’’တိ ဝတ္တဗ္ဗေ ‘‘ယာစန္တီ’’တိ ဝါ ဧဝံ အနနုရူပဋ္ဌာနေသု ဝတ္တုံ။ သမ္ဗန္ဓံ, ပန ဝဝတ္ထာနဉ္စ သဗ္ဗထာပိ ဝဋ္ဋတီတိ ဂဟေတဗ္ဗံ - ဟု ဖွင့်တော်မူ၏။ ဝိနယာလင်္ကာရ၌လည်း ဤအတူဖွင့်၏။
ဤ၌ ဂါမင်စ -ဟု ဟောရင်းဖြစ်လျက် ဂါမံစ -ဟု ရွတ်မူ၊ ဝိမုတ္တကို နိဂ္ဂဟိတရွတ်ရာကျသောကြောင့် ကံပျက်မည်။ ထိုအတူ ဂါမံစ ဟောရင်းဖြစ်ခဲ့သော်၊ ဂါမင်စ-ရွတ်မူ နိဂ္ဂဟိတကို ဝိမုတ္တရွတ်ရာကျသောကြောင့် ကံပျက်မည်။ ဂါမဉ္စ-စသည်၌ နောက်၌စ-ဝဂ်နှောင်းသောကြောင့် ဉ-ဝဂ္ဂန္တသာ ရောက်ရမည်။ ဝဂ်တစ်ပါး င-ကာရန္တမရောက်နိုင်ကြောင်း (နျာသ ရူပသိဒ္ဓိ သဒ္ဒနီတိ) စသည် ဆိုကြသည်။
အချို့ ဆရာတို့က -
နိဂ္ဂဟိတံ နာသိကဋ္ဌနဇံ င-ဉ-ဏ-န- မာ
သကဋ္ဌာနိကာ၊ နာသိကဋ္ဌာနိကာ စ-
ဟု ရူပသိဒ္ဓိစသည် ဆိုသောကြောင့် ကာရီ ကာရိယ ဖြစ်ရကား နိဂ္ဂဟိတ်နှင့်ရွတ်လျှင် မည်သူမျှ ကြားမဝင်နိုင်၊ ကံမပျက်ဆိုကြ၏။
အထက်ပါ ကမ္မဝါစာ အရာ၌ သဒ္ဒါဆရာတို့က ကံပျက်မှုကို မတားမြစ်နိုင်ရကား စကားရရုံသာ။ ယုံကြည်သင့် မှတ်နာသင့်သော စကားမဟုတ် ။ ဤစကားကို အမှန်စဉ်းစားစေလို၍ ရေးသည်၊ တပါးပုဂ္ဂိုလ်တို့ စကားကို ဖျက်လို၍မရေး။
ထိုကြောင့် ငါတို့ကျေးဇူးရှင် ဆရာတော်ဘုရားကြီးများနှင့် တကွ ငါတို့သည် ဂါမဉ္စ ဂါမူပစာရဉ္စ -ဟု ဉမြီးတိုငဲ့၍လည်းကောင်း၊ ဂါမင်စ ဂါမူပစာရင်စဟု ယခုအသံထက်၊ င-သတ်သံသို့လိုက်၌လည်းကောင်း ဂါမည်စ ဂါမူပစာရည်စ ဟု သဒ္ဒါဆရာတို့ဖွင့်သော စဝဂ္ဂပရ-ညန္တကို ငဲ့၍ လည်းကောင်း၊ ဂါမံစ ဂါမူပစာရံစ-ဟု နိဂ္ဂဟိတန္တနှင့်လည်း ကောင်း၊ ဦဒီဃနှင့် ရှစ်ကြိမ်၊ ဥရဿနှင့် ရှစ်ကြိမ်၊ ပေါင်း(၁၆ )ကြိမ် ဖတ်ရိုးပြုတော်မူကြသတည်း။ (ဒီဃရဿဋီကာမှာ ဧကုပေါသထာ၌ ရေးခဲ့ပြီ။)
ဧသာ ဉတ္တိ-၌ အချို့ စာမှာ ဉာ၌ အာဒီဃနှင့် ရှိ၏။ အချို့ စာ မှာ ဉ၌ အရဿနှင့် ရှိ၏။ ဧသာ ဉတ္တီတိ သံဃော ဉာပေ တဗ္ဗောတိ ဝုတ္တ ဉာပနံ ဧသာ-ဟူသော ဝိနယာလင်္ကာရဋီကာကို ထောက်လျှင် ဉပ ဓာတ်မဟုတ်၊ ဉာဓာတ်ဖြစ်ကြောင်း သိရ၏။ ဉာပနံ-ဖွင့်သောကြောင့် ဏာပေပစ္စည်း ကြေသည်ကိုလည်း သိရ၏။
ထိုကြောင့် ဉာ၌ ဒီဃနှင့် ရှိခြင်းသည် သင့်မြတ်၏။ သံယုဂ်ရှိသော်လည်း ရဿမပြုရာ။ ယထာက္ကမံ ဒီယျတိ-စသော ပုဒ်များကဲ့သို့တည်း။