သိမ်မျိုးစုံမဟာဋီကာ/အခွန်သီးပမာဏယူရာ၌ လဒ္ဓဒေါသ ထုတ်ပြခန်း
အကယ်၍ အခွန်သီးမှ ဂါမခေတ်တစ်ခု ဖြစ်သည်ဟူ၍လည်းကောင်း၊ အခွန်သီးခြင်း နယ်သီးခြင်း
အင်္ဂါနှစ်ပါးစုံမှ ဂါမခေတ်တစ်ခု အယူတော်ရှိခဲ့မူ -
အသမ္မတာယ ဘိက္ခဝေ သီမာယ အဋ္ဌပိတာယ ယံ ဂါမံ ဝါ နိဂမံ ဝါ ဥပနိဿာယ ဝိဟရတိ။ ယာ တဿ ဝါ ဂါမဿ ဂါမသီမာ၊ နိဂမဿ ဝါ နိဂမသီမာ။ အယံ တတ္ထ သမာနသံဝါသာ ဧကုပေါသထာ -
ဟူသော ဝိနည်းမဟာဝါ ဥပေါသထက္ခန္ဓကပါဠိတော်(၁၅၀)နှင့် မညီ ထိုစကားမှန်၏။ ထိုပါဠိတော်၌ နယ်သီးမှုကိုသာ ဟောတော်မူသည်။ အခွန်သီးမှု အခွန်သီးမှ တစ်ခုသော ဂါမခေတ် ဂါမသိမ်ဖြစ်မှုကို အရိပ်အမြွက်မျှဟောတော်မမူ။ ပါဠိတော် နှင့် မညီရုံသာမကသေး -
ယမ္ပိ ဧကသ္မိံယေဝ ဂါမခေတ္တ ဧကံ ပဒေသံ“အယံ ဝိသုံဂါမော ဟောတူ”တိ ပရိစ္ဆိန္ဒိတွာ ရာဇာ ကဿစိ ဒေတိ၊ သောပိ ဝိသုံဂါမသီမာ ဟောတိယေဝ (ဝိနည်းမဟာဝါ၊ ဋ္ဌ၊ ၃၃၃။)
ဟူသော မိမိဆိုအပ်လတ္တံ့ စကားရပ်နှင့်လည်း ဆန့်ကျင်ရာသတည်း။ ထိုစကား မှန်၏။ ပကတိဂါမနှင့် ဝိသုံဂါမကား အကျဉ်းအကျယ် မျှသာ ထူးခြားသတည်း၊ ကြွင်းသော အရာတစ်ခုမျှ မထူးခြားချေ။ ထိုဝိသုံဂါမပြ ဝါကျ၌ -
(က ) ဧကသ္မိံ ဂါမခေတ္တေ- ဖြင့် ဝိသုံဂါမဟူသော အကျဉ်းဂါမ၏တည်ရာ အကျယ် ပကတိဂါမဖြစ်စေ။
(ခ) ယမ္ပိ ဧကံ ပဒေသံ- ဖြင့် ထိုအကျယ်ဂါမ ခေတ်အတွင်းရှိ တစ်စိတ်သော မြေအရပ်ဖြစ်စေ။
(ဂ) အယံ ဝိသုံဂါမော ဟောတူတိ- ဟူသော အာကာရဖြင့် ယင်း အာကာရအတိုင်း ပါဠိဘာသာ မြန်မာဘာသာ တစ်ခုခုဖြင့် ပိုင်းခြားသည် ဖြစ်စေ။
(ဃ) သတ်မှတ်အပ်သော သူသည် ရေမြေကို အစိုးရသော ခတ္တိယမင်း၊ ထိုမင်းထံ နယ်သီး ရွာသီး ပြုနိုင်သော၊ အခွင့်အာဏာ ရာထူးဌာနန္တရ,ရ မင်းလည်းဖြစ်စေ။
ဤအင်္ဂါ (၄)ပါး ပြည့်စုံမှ ဝိသုံဂါမ ဖြစ်ကြောင်း ပြတော်မူသည်။ ယင်းသို့ပြသဖြင့် ယင်း ဝိသုံဂါမပြ အဋ္ဌကထာ စကားရပ်မှာ နယ်သီးလျှင် ဝိသုံဂါမဖြစ်ကြောင်း ပြတော်မူသည်။ အခွန်သီးမှ ဝိသုံဂါမဖြစ်ကြောင်း ပြတော်မမူ။ အခွန်မသီးနိုင်၊ မသီးသော် လည်း နယ်သီးက မုချ ဝိသုံဂါမဖြစ်၏။ အကျဉ်းမြေအရပ် နယ်သီးက ဝိသုံဂါမ ဖြစ်ခဲ့ပါလျှင် အဘယ်မှာ အကျယ်မြေအရပ်မှာ နယ်သီးခြားပါက ပကတိဂါမ မဖြစ်ပဲ ရှိပါမည်နည်း။
ရွာနယ်အသီးအခြားဖြစ်က အခွန်သီးခြား ဖြစ်သည်သာ နှလုံးပိုက်တော်မူ၍ အခွန်သီးခြင်းဖြင့် ရွာနယ်အသီးကို မှတ်၍ပြလိုသောကြောင့် တတ္ထ ယတ္တကေ-အစရှိသော စကားကို အဋ္ဌကထာဆရာ ဆိုတော်မူသတည်း။ အခွန်သီးခြားသော အရပ်ဟူသမျှသည် ရွာသီး,ရွာခြား နယ်သီး,နယ်ခြားဖြစ်၏ဟု အဋ္ဌကထာဆရာ ပြ၏ဟု မမှတ်မယူသာ။ ဤအဋ္ဌကထာနှင့် လျော်စ္စာသာ ဝိနိစ္ဆယဋီကာဆရာ မိန့်၏ဟု မှတ်ယူသင့်ကြောင်း ငါတို့ကျေးဇူးတော်ရှင် မိုင်းခိုင်းဆရာတော် မိန့်တော်မူ၏။ ငါတို့ကျေးဇူးတော်ရှင် သုဇာတာဘိ သိရီဓဇာဓိပတိပဝရ မဟာဓမ္မရာဇာဓိရာဇဂုရု ကျီဝန် ဆရာတော် ဘုရားသည်လည်း အခွန်သီးက ရွာသီး နယ်သီးမှာ ပါကဋဖြစ်၏ဟု ပြလိုသောကြောင့်သာ အာဗလိံ လဘန္တိ-ဟူသော စကားကို အဋ္ဌကထာ ဆရာဆိုတော်မူကြောင်း မိန့်တော်မူသတည်း။ ဤအတိုင်း ငါတို့ လည်း စရပ်ကြီး ဝိနိစ္ဆယကို ရေးသတည်း။ ။