သိမ်မျိုးစုံမဟာဋီကာ/ရာဇာဝိနိစ္ဆယ မဟာဋီကာ
ဤပကတိဂါမ နိဂမ နဂရကို နယ်သီးနယ်ခြား ဖြစ်အောင် ပိုင်းခြားနိုင်သော ရာဇာအရ၊ နောက်ပြလတ္တံ့ ဝိသုံဂါမကို ပိုင်း ခြားနိုင်သော ရာဇာအရကို ဤဆိုအပ်လတ္တံ့သော ပါဠိ အဋ္ဌကထာ ဋီကာစကားရပ်တို့ဖြင့် ယုံမှားကင်းကွာ သိကြရာ၏။
ရာဇာနော နာမ ပထဗျာရာဇာ ပဒေသရာဇာ မဏ္ဍလိကာ အန္တရဘောဂိကာ အက္ခဒဿာ မဟာမတ္တာ, ယေ ဝါ ပန ဆေဇ္ဇဘေဇ္ဇံ ကရောန္တာ အနုသာသန္တိ။ ဧတေ ရာဇာနော နာမ။ ( ပါရာဇိကပါဠိတော်၊ ၅၇။)
ပထဗျာ ရာဇာတိ သကလပထဝိယာ ရာဇာ ဒီပစက္ကဝတ္တီ အသောကသဒိသော, ယော ဝါ ပနညောပိ ဧကဒီပေ ရာဇာ, သီဟဠရာဇသဒိသော။ ပဒေသရာဇာတိ ဧကဒီပဿ ပဒေသိဿရော, ဗိမ္ဗိသာရ-ပသေနဒိ-အာဒယော ဝိယ။ မဏ္ဍလိကာ နာမ ယေ ဒီပပဒေသေပိ ဧကမေကံ မဏ္ဍလံ ဘုဉ္ဇန္တိ။ အန္တရဘောဂိကာ နာမ ဒွိန္နံ ရာဇူနံ အန္တရာ ကတိပယဂါမသာမိကာ။ အက္ခဒဿာတိ ဓမ္မဝိနိစ္ဆနကာ, တေ ဓမ္မသဘာယံ နိသီဒိတွာ အပရာဓာနုရူပံ စောရာနံ ဟတ္ထပါဒစ္ဆေဇ္ဇာဒိံ အနုသာသန္တိ။ ယေ ပန ဌာနန္တရပ္ပတ္တာ အမစ္စာ ဝါ ရာဇကုမာရာ ဝါ ကတာပရာဓာ ဟောန္တိ, တေ ရညော အာရောစေန္တိ, ဂရုကံ ဌာနံ သယံ န ဝိနိစ္ဆိနန္တိ။ မဟာမတ္တာတိ ဌာနန္တရပ္ပတ္တာ မဟာအမစ္စာ၊ တေပိ တတ္ထ တတ္ထ ဂါမေ ဝါ နိဂမေ ဝါ နိသီဒိတွာ ရာဇကိစ္စံ ကရောန္တိ။ ယေ ဝါ ပနာတိ အညေပိ ယေ ရာဇကုလနိဿိတာ ဝါ သကိဿရိယနိဿိတာ ဝါ ဟုတွာ ဆေဇ္ဇဘေဇ္ဇံ အနုသာသန္တိ, သဗ္ဗေပိ တေ ဣမသ္မိံ အတ္ထေ ‘‘ရာဇာနော’’တိ ဒဿေတိ။ (ပါရာဇိကအဋ္ဌကထာ၊ ပ၊ ၂၆ဂ။)
အက္ခဒဿာတိ ဧတ္ထ အက္ခ-သဒ္ဒနေ ကိရ ဝိနိစ္ဆယသာလာ ဝုစ္စတိ။ တတ္ထ နိသီဒိတွာ ဝဇ္ဇာဝဇ္ဇံ ပဿန္တီတိ အက္ခဒဿာ ဝုစ္စန္တိ ဓမ္မဝိနိစ္ဆနကာ။ (သာရတ္ထဒီပနီ၊ ဒု၊ ၁၃၁။)
ဤပါဠိတော် အဋ္ဌကထာ ဋီကာတို့၌ ပိဏ္ဍတ္ထကား -
(၁)စကြဝတေးမင်း သီရိဓမ္မာသောကမင်း သီဟိုဠ်မင်းတို့ကဲ့သို့ လေးကျွန်းလုံး တစ်ကျွန်းလုံးကို အစိုးရသော မင်းကို ပထဗျာရာဇာဆိုသည်။
(၂) ဗိမ္ဗိသာရမင်း ပသေနဒီကောသလမင်းစသော မင်းတို့ကဲ့သို့ကျွန်း၏တစ်စိတ်တစ်ဒေသကို အစိုးရသော မင်းကို ပဒေသရာဇ်ဆိုသည်။
(၃ ) ကျွန်း၏တစ်စိတ်မျှ၌ပင် တစ်စ-တစ်စွန်း -တစ်ဝန်း-တစ်လျားကို အစိုးရသော မင်းကို မဏ္ဍလိကာ မဏ္ဍလိဿရာမင်း ဆိုသည်။
(၄) မင်းနှစ်ပါးတို့၏ အကြားတွင် တစ်ရွာ နှစ်ရွာ သုံးရွာ အစိုးရသော တိုင်းကြပ်ရွာစားမင်းကို အန္တရဘောဂိကာ ဆိုသည်။
(၅) တရားသဘင်၌ စီရင်ဆုံးဖြတ်ရသော၊ ရာဇဝတ်ဘက် တရားသူကြီးကို အက္ခဒဿာ ဆိုသည်။
(၆) ရွာနိဂုံးတို့၌ နေ၍ မင်းကိစ္စပြုရသော အမတ်ချုပ်ကြီးများကို မဟာမတ္တဆိုသည်။
(၇) ဖြတ်ခြင်း ခွဲခြင်းစသည်ကို ပြု၍ ဆုံးမစီရင် ရသော မင်းကို သာမညမင်းဆိုသည်။
ဤဒုတိယပါရာဇိကအရာမှာ ခိုးသူသတ်ဖြတ် နှောင်ဖွဲ့သော အရာဖြစ်၍ မင်း (၇)ပါးလုံး ရာဇာအရ ယူရ၏။
ထိုမင်းသည်လည်း မုဒ္ဓါဘိသိတ္တမင်း၊ သာမညမင်းဟူ၍ နှစ်မျိုးရှိ၏။ ရတနာအစု၌ဖြစ်စေ ရေသဖန်းအင်းပျဉ်၌ ဖြစ်စေ မဟာဇနကမင်းကဲ့သို့ မင်္ဂလာကျောက်ဖြာ အပြင်၌ ဖြစ်စေ နေ၍ ရှေးထုံးရှေးနည်းဖြင့် စီရင်ခြင်း၊ ရှေးထုံးရှေးလာ စကားကုန်ဆိုခြင်း၊ ဦးထိပ်၌ လက်ယာရစ်လည်သော ခရုသင်းကို လက်နှစ်ဖက်ဖြင့် ရိုသေစွာကိုင်၍ သွန်းလောင်းအပ်သော အဘိသိက်ရှိသော မင်းကို မုဒ္ဓါဘိသိတ္တမင်း ဆိုသည်။ အဘိသိက် မခံသော မင်းကို မင်းသာမည ရာဇ ခတ္တိယ ဆိုသည်။
ရာဇာနာတိ အဘိသိတ္တာ။
(သုတ်ပါထေယျ လက္ခဏသုတ် အဋ္ဌကထာ၊ ၁၇။)
ရာဇညောတိ အနဘိသိတ္တကရာဇာ။
(သုတ်မဟာဝါ အဋ္ဌကထာ ၃၉၇)
ကဿစိ ဒေတိ -၌ မုဒ္ဓါဘိသိက်ခံသော မင်းပေးမှ ဝိသုံဂါမ မြောက်သည်ဟု ဝိနယဂုဠှတ္ထဒီပနီ မည်သော ဝိနည်းဂဏ္ဌိပုဒ်၌ ဆိုသည်။ မုဒ္ဓါဘိသိက်မခံသော်လည်း သတ်ခြင်း ဖြတ်ခြင်းငှာ ပိုင်ထိုက်လျှင် ဝိသုံဂါမပေးထိုက်၏ဟု သီမဝိသောဓနီကျမ်း၌ ဆိုသည်။
ဆိုပြီး အဋ္ဌကထာများနှင့်-
မုဒ္ဓါဘိသိတ္တော ရာဇာတိ ကထိတော ဣတရော ပန
ရာဇညော ခတ္တိယော စာတိ၊ ဝုတ္တော ခတ္တိယာတိကော။
(သဒ္ဒနီတိ ဓာတုမာလာ၊ ၄၆။) များကို ထောက်၍ ဝိနယ ဂုဠှတ္ထဒီပနီဆရာ ဆိုပုံရ၏။ ရေမြေကို အဘိသိက်မခံစေကာမူ အစိုးရ၍ မိမိပိုင်ဥစ္စာကို ပေးရာ၌ ဒါနမြောက်ရာသည်ကို နှလုံးပိုက်၍ သီမဝိသောဓနီဆရာ ဆိုပုံရ၏။ ဆိုအပ်ပြီးသော ပါရာဇိကဏ်ပါဠိ အဋ္ဌကထာတို့၌ အဘိသိက်ခံ, မခံ မင်းဟူသမျှကို မုချအားဖြင့် ရာဇာ သဒ္ဒါဟောသည်။ ထိုမင်းတို့၏ အမတ်ကြီးဖြစ်သော အက္ခဒဿ မဟာမတ္တတို့ကိုလည်းကောင်း၊ မင်း၏ မှူးမတ်မဟုတ်ပဲလျက် မင်းမျိုးကို မှီ၍ဖြစ်စေ၊ မိမိအစွမ်းကို မှီ၍ဖြစ်စေ သတ်ဖြတ်ဆုံးမနိုင်သော သူတို့ကို မင်းကဲ့သို့ သတ်ဖြတ် ဆုံးဖြတ်ပိုင်ဆိုင်ခြင်းကား မင်းမဟုတ်သော်လည်း မင်းကိစ္စကို ပြုရခြင်း၊ ပြီးစေခြင်း ရှိခြင်းကြောင့် ပရိယာယ်အားဖြင့် ရာဇာသဒ္ဒါဟောသည်ဟု သိနိုင်သည်။
ဤပကတိဂါမ ဝိသုံဂါမအရာ၌ကား မိမိကောင်းမှု၏ အာနုဘော်ကြောင့် မင်းအဖြစ်ကို ပြုစွမ်းနိုင်သော ရေမြေကို အစိုးရသော မင်း။ ထိုမင်းထံမှ နယ်နိမိတ်ကို ပိုင်းခြားနိုင် ဂါမသီး, ရွာသီး, နယ်သီး, မြို့သီး ပြုနိုင်သော ဩဇာအာဏာထူး၊ ဌာနန္တရထူး ရရှိသော မှူးမတ်တို့သာ ရာဇာအရ ယူရသည်။ ထိုမင်း၊ မင်း၏ မှူးမတ်တို့ နယ်နိမိတ်သတ်မှတ်၍ ပိုင်းခြား၍ ပေးအပ်သော မြေအရပ်သည်သာ ပကတိဂါမသီး ဝိသုံဂါမသီး ဖြစ်နိုင်သည်။ နယ်သီး, နယ်ခြား, မြို့သီး, မြို့ခြားဖြစ်အောင် လုပ်နိုင်သော ဩဇာအာဏာ ရာထူး ဌာနန္တရထူး မရ မရှိသော နယ်ပိုင် မြို့အုပ် စသော မင်းတို့ကား ဤအရာ၌ ရာဇာအရ မယူရ။ ထိုရာထူး ဌာနန္တရ ရ,မရကို (၁၈၇၆)ခုနှစ်ထုတ် ဆာကြူလာ အမိန့်တော်ပြန်တမ်းဖြင့် သိရာ၏။
အရေးပိုင်မင်းမှာ အခွန်တော် (၁၀၀) ထက် မပိုလျှင် မိမိ အမိန့်ဖြင့် မြေကိုပေးနိုင်ကြောင်း၊ မြေခွန်တော် (၁၀၀) အထက် (၂၀၀) တွင်းမှာ အခွန်ဌာနချုပ် ဝန်ကြီးက ပေးနိုင်ကြောင်း၊ မြေခွန်တော် (၂၀၀)ထက် ပိုမိုလျှင် အိန္ဒိယအစိုးရက ပေးနိုင်ကြောင်း ၎င်းဆာကြူလာ အမိန့်တော်ပြန်တမ်းဖြင့် သိရာ၏။
ရာဇာ နာမ ယော ကောစိ ရဇ္ဇံ ကာရေတိ။
ရာဇဘောဂ္ဂေါ နာမ ယော ကောစိ ရညော
ဘတ္တဝေတနာဟာရော။
ဗြာဟ္မဏော နာမ ဇာတိယာ ဗြာဟ္မဏော။
ဂဟပတိကော နာမ ဌပေတွာ ရာဇံ ရာဇဘောဂ္ဂံ
ဗြာဟ္မဏံ အဝသေသော ဂဟပတိကော နာမ။
(ပါရာဇိကဏ်ပါဠိတော်၊ ၃၂၆။)
ရာဇာ နာမ ယတ္ထ ရာဇာ အနုသာသတိ၊ ရာဇာ
အပလောကေတဗ္ဗော ။ပ။ ဂဏော နာမ ယတ္ထ ဂဏော
အနုသာသတိ ဂဏော အပလောကေတဗ္ဗာ။
(ပါစိတ်ပါဠိတော်၊ ၂၉၂။)
ဤပါဠိတော်တို့၌ ရာဇသဒ္ဒါသည် ဘိသိက်ခံသည်ဖြစ်စေ၊ မခံသည်ဖြစ်စေ တိုင်းပြည် မြို့ရွာကို ဆုံးမစီရင်အုပ်ချုပ်သော မင်းဟူသမျှကို ဟောသည်။ ထိုနှစ်ရပ်တို့တွင် အကြင်သိက္ခာပုဒ်၌ အဘိသိက်ခံသော မင်းကိုသာ ရာဇသဒ္ဒါဟော၏။ ယင်းမင်းကိုသာ ယူရ၏။ ထိုရာဇသိက္ခာပုဒ်၌ မုဒ္ဓါဘိသိတ္တသဒ္ဒါ အထူးပြု၍ “ယော ပန ဘိက္ခု ရညော ခတ္တိယဿ မုဒ္ဓါဘိသိတ္တဿ ဟုဟောတော်မူသည်။ ယင်းပါဠိတော်၌ ခတ္တိယဿ ဟူသော ဝိသေသနဖြင့် မင်းမျိုးဖြစ်သောမင်း၊ မင်းမျိုးမဖြစ်သောမင်း နှစ်မျိုးရှိရာတွင် မင်းမျိုးဖြစ်သော မင်း၏ အိပ်ရာတိုက်ခန်းသို့ မပန်ကြားပဲ ဝင်သောရဟန်းမှာ ပါစိတ်အာပတ်သင့်သည်။ မင်းမျိုးမဖြစ်သော မင်း၏ အိပ်ရာတိုက်ခန်းသို့ မပန်ကြားပဲ ဝင်သောရဟန်းမှာ ပါစိတ်အာပတ် မသင့်ဟု ဟောတော်မူသည်။ ဗုဒ္ဓါဘိသိတ္တဿ- ဟူသော ဝိသေသနဖြင့် မုဒ္ဓါဘိသိက် ခံသောမင်း၊ မခံသောမင်း နှစ်မျိုးရှိရာတွင် မုဒ္ဓါဘိသိက်ခံသော မင်း၏ အိပ်ရာတိုက်ခန်းသို့ မပန်ကြားပဲ ဝင်သောရဟန်းမှာ ပါစိတ်အာပတ်သင့်သည်။ မုဒ္ဓါဘိသိက် မခံသောမင်း၏ အိပ်ရာတိုက်ခန်းသို့ မပန်ကြားဘဲ ဝင်သောရဟန်းမှာ ပါစိတ်အာပတ်မသင့်ဟု ဟောတော်မူသည်။
ထိုကြောင့် ၎င်းသိက္ခာပုဒ် အနာပတ္တိဝါရ (ပါစိတ်ပါဠိတော်၊ ၂၁ဝ။) ၌
အနာပတ္တိ ပဋိသံဝိဒိတေ, န ခတ္တိယော ဟောတိ, န ခတ္တိယာဘိသေကေန အဘိသိတ္တော ဟောတိ-ဟု ဟောတော်မူသည်။
ဤပါဠိအဋ္ဌကထာတို့၌ ရာဇသဒ္ဒါ ဘိသိက်ခံ မခံသော မင်းကို ဟောသည်မဟုတ်။ အဘိဓာန်မှာလည်း ရာဇာ ဘူပတိ စသော သဒ္ဒါတို့သည် ဘိသိက်ခံ,မခံသော မင်းသာမညကို ဟော ကြောင်း ရာဇည ခတ္တိယ-သဒ္ဒါ (၅)ပါးဖြင့် ဘိသိက်ခံသောမင်း ဝိသေသကို ဟောကြောင်း အဘိဓာန်ဋီကာ (၃၃၄-၅) ၌
ဘူဘုဇန္တံ ရာဇသာမညေ ပဇ္ဇဒ္ဓံ မုဒ္ဓါဘိသိတ္တေ ဇာတိခတ္တိယေ-စသည်ဖြင့် ဖွင့်သတည်း။
ယသ္မာ ပန အဘိသိတ္တဇညာ နာမ အဝဿံ အဋ္ဋကရဏေ နိသီဒိတဗ္ဗံ။ (သုတ္တနိပါတ်အဋ္ဌကထာ၊ ပ၊ ၅၃။)
၎င်း၌ အဋ္ဋကရဏ - ဟူသည် တရားဆုံးဖြတ်ရာ လွှတ်တော် သဘင်ကို ဆိုသည်။
အသာဟသန္တိ ဓမ္မိကဝိနိစ္ဆယေ ဌိတတ္ထာယဝေ သာဟသိက ကိရိယာယ ဝိရဟိတံ။ (သတ္တကနိပါတ် ကုက္ကုဇာတ် အဋ္ဌကထာ၊ တ၊ ၃၀၁။)
ဤအဋ္ဌကထာတို့ဖြင့် အဘိသိက်ခံသော မင်းတို့စသည် မစုံစမ်းမဆင်ခြင်ကြပဲ လျင်မြန်စွာ ပြုတတ်သော အလေ့မျိုးကို ကြဉ်ရှောင်ကြရာသည်။
ဤပကတိဂါမသိမ် ဝိသုံဂါမသိမ်တို့၌ ရာဇာအရကား ရေမြေကို အစိုးရသော မင်း၊ ထိုမင်းထံမှ နယ်သီး ရွာသီး မြို့သီး ပြုနိုင်လောက်အောင် ဩဇာအာဏာထူး ဌာနန္တရထူး ရရှိသော ဘုရင်ခံမင်း ဌာနချုပ် ဝန်ရှင်တော်မင်းကြီး အရေးပိုင်မင်းတို့သာ ရာဇာအရ ယူသင့်သတည်း။ နယ်သီးနယ်ခြား ပြုနိုင်သော အာဏာထူး ဌာနန္တရထူး မရသော ဝန်ထောက် မြို့အုပ်, ပညာအုပ် ပညာဝန်ထောက် အင်စပိတ် ကွင်းစာရေး စသောသူတို့သည်ကား ဤအရာတွင် ရာဇာအရ မပါဝင်ကြောင်း ပါဠိ အဋ္ဌကထာ ဋီကာ အာဂုမ် ယုတ္တိ အမိန့်တော် ပြန်တမ်းတို့ကို ထောက်၍ သိနိုင်ရာသတည်း။ ထိုကြောင့် ထိုနယ်သီး နယ် ခြား ပြုလုပ်နိုင်သော အာဏာမရသော ပညာရေးဆိုင်ရာမင်း ဘဏ္ဍာရေးဆိုင်ရာမင်း စသော အစိုးရမင်းတို့သည် ၎င်းရာထူး ဌာနန္တရကို မရခဲ့သောကြောင့် ထိုမင်းတို့ ပိုင်းခြားကြသော်လည်း ပိုင်းခြားသည်မမည်။ ဂါမသီး၊ ရွာသီး၊ နယ်သီးမဖြစ်သဖြင့် ဝိသုံဂါမ ပကတိဂါမ မဖြစ်ဟု မုချဆတ်ဆတ် သိရာသတည်း။
ထိုကြောင့် ဘိက္ခုနီ သံဃာဒိသေသသိက္ခာပုဒ်အဖွင့်
(ပါစိတျာဒိ၊ အဋ္ဌကထာ၊ ဂ၊ ၁၈၃။) ၌ -
ဂဏံ ဝါတိ မလ္လဂဏဘဋိပုတ္တဂဏာဒိကံ။ ပူဂန္တိ ဓမ္မဂဏံ။ သေဏိန္တိ ဂန္ဓိကသေဏိဒုဿိကသေဏိအာဒိကံ။ ယတ္ထ ယတ္ထ ဟိ ရာဇာနော ဂဏာဒီနံ ဂါမနိဂမေ နိယျာတေန္တိ ‘‘တုမှေဝ ဧတ္ထ အနုသာသထာ’’တိ, တတ္ထ တတ္ထ တေ ဧဝ ဣဿရာ ဟောန္တိ။ တသ္မာ တေ သန္ဓာယ ဣဒံ ဝုတ္တံ -
ဟု ဖွင့်တော်မူသတည်း။ ဤအဋ္ဌကထာ စကားရပ်ဖြင့် ရွာနိဂုံးကို လွှဲအပ်သော အရာမှာ နယ်သီး၊ နယ်ခြား၊ အခွန်သီး၊ အခွန်ခြား ပြုလုပ်နိုင်အောင် လွှဲအပ်သော အခြင်းအရာ ပါရှိရကား ယင်းသို့သော မင်းကိုလည်း ရာဇာအရယူထိုက်ကြောင်း သာဓကမူထိုက်သတည်း။
ထိုသို့ခင်းပြအပ်ပြီးသော ပါဠိ အဋ္ဌကထာစသည်တို့ကို ထောက်ထားသဖြင့် -
ရာဇာတိ လဒ္ဓါဘိသေကပထဝိဿရခတ္တိယရာဇာ အဓိပ္ပေတော ဆေဇ္ဇဘေဇ္ဇရာဇာနော ပန အပ္ပမာဏာ။ ဣဓ နာဓိပ္ပေတာ - ဟူသော ဝိနယဂုဠှတ္ထဒီပနီစကားသည် ဥက္ကဋ္ဌနိဒ္ဒေသအားဖြင့် အနုတ္တရောပုရိသဒမ္မသာရထိ-ကဲ့သို့ ဆိုအပ်သော စကားဟု မှတ်အပ်၏။
ပထဝိဿရော ရာဇာ "ဣမသ္မိံ ဂါမခေတ္တေ ဧတ္တကကရီသမတ္တော ပဒေသော ပုရိမဂါမတော ဝိသုံ ဂါမော ဟောတူ”တိ ပရိစ္ဆိန္ဒိတွာ ဒေတိ -
ဟူသော ဝိနယာလင်္ကာရဋီကာ(ပ၊ ၃၅၁။) စကားမှာလည်း မင်းထံမှ နယ်သီး၊ ရွာသီး၊ မြို့သီးဖြစ်အောင် ပိုင်းခြားနိုင်သော မှူးမတ်တို့ ပိုင်းခြားအပ်သော အရပ်လည်း မင်း၏အာဏာဖြင့် ပိုင်းခြားအပ်ခြင်းကြောင့် မင်းပိုင်းခြားသည်မည်သည်ကိုရည်၍ ဆိုတော်မူသတည်း ဟုမှတ်အပ်၏။ ထိုကြောင့် ဝိသုံဂါမပြ အဋ္ဌကထာကြီး၌လည်းကောင်း ဝိနယသင်္ဂဟအဋ္ဌကထာ၌ လည်းကောင်း ပရိစ္ဆိန္ဒိတွာ ရာဇာ ကဿစိ ဒေတိ-ဟု ပရိစ္ဆိန္ဒန ကြိယာနှင့်တကွ မိန့်တော်မူသတည်း။
ဣဓ ပန အတ္တနော ပုညာနုဘာဝေန ရဇ္ဇံ ကာရေတုံ သမတ္ထော ဧဝ ဘူမိသာမိကော ရာဇာ နာမာတိ အဓိပ္ပေတော။ သောယေဝ ဟိ ယထာဝုတ္တဂုဏသမ္ပန္နတ္တာ ဂါမေ ဝါ နဂရေ ဝါ ပရိစ္ဆိန္ဒိတွာ ပစ္စေကံ ကရောတိ န တဒညေ ရာဇာနော။ လဒ္ဓါဘိသေကာတိ ဣဒံ ဥက္ကဋ္ဌဒဿနံ၊ တေန အလဒ္ဓါဘိသေကရာဇာပိ အဓိပ္ပေတောတိ နိဒ္ဒိသတိ။ ပ ။ နနု စ သတိ ဒါတုံ အနုရူပေ ကာရဏေ ဘူမတ္ထိကဿ ယာစကဿ ဇနဿ တုမှေဝ ဧကသ္မိံယေဝ ဂါမခေတ္တ ယံ ကိဉ္စိ ပဒေသံ ဝိသုံဂါမံ ပရိစ္ဆိန္ဒိတွာ ဒေထာတိ ရညာ ပေသိတေဟိပိ အမစ္ဆေဟိ ပရိစ္ဆန္နီတပဒေသော ဝိသုံဂါမော သိယာ။ ဥဒါဟု အဋ္ဌကထာယံ ပရိစ္ဆိန္ဒိတွာ ရာဇာ ကဿစိ ဒေတီတိ ဧတ္တကမေဝ ဝုတ္တတ္တာ နာတိ၊ န။ ရညာ ဟိ ဝုတ္တနယေန ပေသိတေဟိ အမစ္စေဟိ အယံ ဝိသုံဂါမော ဟောတူ တိ ပရိစ္ဆိန္ဒိတဘူမိဘာဂေါပိ ရာဇာယေဝ ပရိစ္ဆိန္ဒတီတိ ဝုစ္စတိ။ ရညောအာဏာယ ပရိစ္ဆိန္နတ္တာ။ (ဂါမသီမဝိနိစ္ဆယပါဌ်၊ ၂၁၇။)
လောကဝေါဟာရသင်္ကေတဝသေန စာယံ ပဒေသော ဣမဿ ဂါမဿ ပရိစ္ဆေဒေါတိ ဣဿရေဟိ ကတပရိစ္ဆိန္နမေဝ ပမာဏံ ဟောတိ။
(သာသနာနှစ်(၂၁၁၈) နှစ်ထောင့်တစ်ရာ့တစ်ဆယ်ရှစ်ခုနှစ် ပြည်မြို့ အစိုးရသော သတိုးမင်းလက်ထက် သာဂရဗုဒ္ဓိမထေရ်သည် စီရင်အပ်သော သီမဝိသောဓနီပါဌ်။)