ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၅၃၅။ သုဓာဘောဇနဇာတ် (၃)
3928ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၅၃၅။ သုဓာဘောဇနဇာတ် (၃)မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်


အသီတိနိပါတ်

၃။ သုဓာဘောဇနဇာတ်

ဝန်တိုမစ္ဆရိယ ကင်းဝေးကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် နေဝ ကိဏာမိအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုဓာဘောဇနဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အလှူဒါနကိုအလိုရှိသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုရဟန်းသည် သာဝတ္ထိပြည်၌ တစ်ယောက်သော အမျိုးသားဖြစ်၍ ဘုရားသခင်တရားတော်ကို ကြားနာရလျှင် ကြည်ညိုသောစိတ်ရှိသဖြင့် ရဟန်းပြု၍ သီလတို့၌ ဖြည့်လေ့ရှိသည်။ ဓုတင်ကျေးဇူးနှင့်ပြည့်စုံသည်။ မြတ်သောအကျင့်ကို ကျင့်လေ့ရှိသည်။ ကောင်းစွာဖြစ်စေအပ်သော မေတ္တာစိတ်ရှိသည်။ နေ့၌သုံးကြိမ် ဘုရား, တရား, သံဃာကို လုပ်ကျွေးခစားခြင်း၌ မမေ့မလျော့သည်။ အကျင့်သီလနှင့် ပြည့်စုံသည်။ အလှူဒါနကို အလိုရှိသည်ဖြစ်၏။ သာရဏီယဝတ်ကို ဖြည့်၏။ မိမိသည်ရအပ်သောပစ္စည်းကို အလှူခံတို့သည် ရှိကုန်လတ်သော် မိမိအတွက် ပြတ်သောဆွမ်းရှိသည် ဖြစ်သော်လည်း လှူသည်သာလျှင်တည်း။ ထို့ကြောင့် ထိုရဟန်း၏ အလှူဒါန၌ အလိုရှိသောအဖြစ်၊ အလှူဒါန၌ မွေ့လျော်သောအဖြစ်သည် ရဟန်းသံဃာအပေါင်း၌ ထင်ရှား၏။

အလှူရှင်ရဟန်း

ထိုအခါ တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်ဝယ် စကားကို ဖြစ်စေကုန်၏။ ငါ့ရှင်တို့... ဤအမည်ရှိသော ရဟန်းသည် အလှူဒါနကို အလိုရှိ၏။ အလှူ၌မွေ့လျော်၏။ မိမိသည်ရအပ်သော တစ်လက်ဖက်မျှလောက်သော ရေကိုသော်လည်း လောဘကိုဖြတ်၍ သီတင်းသုံးဖော်တို့အား ပေးလှူ၏။ ထိုရဟန်း၏အလိုသည် ဘုရားလောင်း၏ အလိုဆန္ဒကဲ့သို့ ဖြစ်၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ထိုစကားကို နတ်တို့နားနှင့်တူသော ဒိဗ္ဗသောတအဘိညာဉ်ဖြင့် ကြားတော်မူလျှင် ဂန္ဓကုဋိတော်မှ ထွက်တော်မူခဲ့သဖြင့် ကြွလာတော်မူလတ်၍ ရဟန်းတို့... ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်ကုန်လတ်သော် ရဟန်းတို့... ဤရဟန်းသည် ရှေး၌ကား ပေးလှူလေ့မရှိသည် ဝန်တိုမစ္ဆရိယရှိသည် ဖြစ်၏။ မြက်ဖျားဖြင့် ဆီပေါက်မျှလောက်ကိုသော်လည်း မပေးမလှူ၊ ထိုအခါ ထိုရဟန်းကို ငါဘုရားသည် ဆုံးမတော်မူသဖြင့် ယဉ်ကျေးသည်ကိုပြု၍ အလှူဒါန၏အကျိုးကို ချီးမွမ်းလျက် အလှူပေးခြင်း၌ တည်စေတော်မူ၏။ ထိုရဟန်းသည် တစ်လက်ဖက်မျှလောက်သော ရေကိုသော်လည်း ရသည်ရှိသော် မလှူမူ၍ မသောက်ပါပြီဟု ငါဘုရားအထံ၌ ဆုကိုယူ၏။ ထိုသို့ယူဖူးသော ဆု၏အစွမ်းကြောင့် အလှူဒါန၌ အလိုရှိသည်။ အလှူဒါန၌ မွေ့လျော်သည်ဖြစ်၏ ဟု မိန့်တော်မူ၍ ဆိတ်ဆိတ်နေတော်မူလျှင် ထိုရဟန်းတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် တစ်ယောက်သော သူကြွယ်သည် များသော ဥစ္စာနှစ်ရှိသည်ဖြစ်၍ ကုဋေရှစ်ဆယ် ကြွယ်ဝ၏။ ထိုအခါ ဗာရာဏသီမင်းသည် ထို သူကြွယ်အား သူဌေးအရာကို ပေးတော်မူ၏။ ထိုသူကြွယ်သည် မင်း, ပြည်သူ, ဇနပုဒ်သူတို့သည် ပူဇော်အပ်သည်ဖြစ်၍ တစ်နေ့သ၌ မိမိစည်းစိမ်ကိုကြည့်၍ ဤ စည်းစိမ် ချမ်းသာကို ငါသည် ရှေးဘဝ၌ အိပ်သဖြင့်လည်းမရ၊ ကာယဒုစရိုက် အစရှိသည်တို့ကို ပြုသဖြင့်လည်းမရ၊ စင်စစ်သော်ကား သုစရိုက်တရားကိုဖြည့်၍ ရအပ်၏။ နောင်အခါ၌လည်း ငါသည် ငါ၏တည်ရာကို ပြုခြင်းငှာ သင့်၏ ဟု ကြံ၏။ ကြံပြီး၍ ထိုသူကြွယ်သည် မင်း၏အထံသို့သွား၍ အရှင်မင်းမြတ်... အကျွန်ုပ်အိမ်၌ ဥစ္စာကုဋေရှစ်ဆယ်ရှိပါ၏။ ထိုဥစ္စာကို အရှင်မင်းမြတ်သည် ယူတော်မူပါလော့ ဟု တင်လျှောက်လတ်သော် သူဌေး... ငါသည် သင့်ဥစ္စာဖြင့်အလိုမရှိ၊ ငါ့အား ဥစ္စာသည် များစွာ၏။ ဤငါ၏နန်းတော်မှသည် အကြင်ဥစ္စာကို သင် အလိုရှိ၏။ ထိုဥစ္စာကို သင်ယူလော့ ဟု ဆိုလတ်သော် အရှင်မင်းမြတ်... အသို့နည်း၊ အကျွန်ုပ်ဥစ်စာကို အကျွန်ုပ်သည် လှူခြင်းငှာ ရပါမည်လော ဟု တင်လျှောက်ပြန်၏။ ထိုအခါ သူဌေးကို ဗြဟ္မဒတ်မင်းသည် သင့်ဥစ္စာကို သင်အလိုရှိတိုင်းပြုပါလော့ ဟု ဆိုလတ်သော် မြို့တံခါးလေးမျက်နှာတို့၌လည်းကောင်း၊ မြို့လယ်၌ လည်းကောင်း၊ နေအိမ်တံခါး၌ လည်းကောင်း ဤသို့ ခြောက်ဌနတို့၌ ခြောက်ဆောင်သော အလှူတင်းကုပ်တို့ကို ဆောက်စေ၍ နေ့တိုင်းနေ့တိုင်း ခြောက်သိန်းသော ဥစ္စာတို့ကို စွန့်ကြဲလျက် ကြီးစွာသောအလှူကို ဖြစ်စေ၏။

မစ္ဆရိယသူဌေး

ထိုသူဌေးသည် အသက်ထက်ဆုံး အလှူပေး၍ ငါ၏ ဤအလှူအစဉ်အဆက်ကို မဖြတ်ကြကုန်လင့် ဟု သားတို့ကို ဆုံးမ၍ အသက်၏အဆုံး၌ နတ်သိကြားဖြစ်၏။ ထို ပထမသူဌေး၏ သားသည်လည်း ထို့အတူလျှင် အလှူပေး၍ စန္ဒနတ်သား ဖြစ်၏။ ထိုဒုတိယသူဌေး၏ သားသည်လည်း ထို့အတူ အလှူပေး၍ သူရိယနတ်သား ဖြစ်၏။ ထိုတတိယသူဌေး၏ သားသည်လည်း ထို့အတူ အလှူပေး၍ မာတလိနတ်သားဖြစ်၏။ ထိုစတုတ္ထသူဌေး၏ သားသည်လည်း ထို့အတူ အလှူပေး၍ ပဉ္စသီခနတ်သား ဖြစ်၏။ ထိုပဉ္စမသူဌေး၏သားဖြစ်သော ခြောက်ယောက်မြောက်သော သူဌေးသားသည်ကား သူဌေးအရာကိုရသည်ရှိသော် မစ္ဆရိယကောသိယ အမည်ရှိသော သူဌေးဖြစ်၏။ ကုဋေရှစ်ဆယ် ကြွယ်ဝသည်သာလျှင်တည်း။

ခြိုးခြံလွန်းလှသူ

ထိုမစ္ဆရိယကောသိယ သူဌေးသည် ငါ၏ အဘ အဘိုးတို့သည် မိုက်သည်ဖြစ်ကုန်၏။ ဆင်းရဲငြိုငြင်စွာ ဆည်းပူးအပ်သောဥစ္စာကို စွန့်ကုန်၏။ ငါမူကား ဤဥစ္စာကို စောင့်ရှောက်အံ့၊ တစ်စုံတစ်ယောက်သောသူအား အနည်းငယ်မျှသော ဥစ္စာကို ငါမပေးအံ့ ဟု ကြံ၍ အလှူ တင်းကုပ်တို့ကိုဖျက်ဆီး၍ မီးတိုက်ပြီးလျှင် ခက်ထန်ဝန်တို့သည်ဖြစ်၏။ ထိုအခါ ထိုမစ္ဆရိယကောသိယ သူဌေးအိမ်တံခါး၌ အလှူခံ ဖုန်းတောင်းယာစကာတို့သည် စည်းဝေးကုန်၍ လက်နှစ်ဖက်တို့ကို ချီးမြှောက်ကြကုန်လျက် သူဌေးကြီး... မိမိ၏အဘအဘိုး အဆက်ဆက်တို့၏ အလှူဝတ်အစဉ်ကို မဖျက်ဆီးပါလင့်၊ အလှူပေးပါလော့ ဟု ဆို၍ များစွာသောအသံဖြင့် ငိုကြွေးကုန်၏။ ထိုငိုကြွေးသံကိုကြား၍ လူများသည် မစ္ဆရိယကောသိယ သူဌေးသည် မိမိ အလှူဝတ်အစဉ်ကို ဖြတ်၏ ဟု ထိုသူဌေးကို ကဲ့ရဲ့ကြကုန်၏။ ထိုမစ္ဆရိယကောသိယ သူဌေးသည် ရှက်သည်ဖြစ်၍ အိမ်တံခါးသို့ လာကုန်လာကုန်သော အလှူခံတို့ကို တားမြစ်စိမ့်သောငှာ အစောင့်အရှောက်ကိုထား၏။ ထိုအလှူခံ ဖုန်းတောင်းယာစကာတို့သည် အထောက်အပံ့ မရှိကုန်သည်ဖြစ်၍ တစ်ဖန် ထိုသူဋ္ဌေးအိမ်တံခါးကို မကြည့်ကုန်ပြီ။ ထိုသူဌေးသည် ထိုအခါမှစ၍ ဥစ္စာကိုသာလျှင် ဆည်းပူး၏။ ထိုဥစ္စာကို မိမိလည်း မသုံးဆောင်၊ သားမယားအစရှိသော သူတို့အားလည်း မပေး၊ ပအုံးရည်လျှင် နှစ်ခုမြောက်သော ဆန်ကွဲထမင်းကိုသာလျှင် စား၏။ ဝါချည်ဖြင့် ရက်အပ်ကုန်သော ရုန့်ကြမ်းသော ပုဆိုးတို့ကိုသလျှင်ဝတ်၏။ သစ်ရွက်ထီးကို ဦးခေါင်းထက်၌ဆောင်း၍ နွားအိုက, သော ဆွေးမြည့်ဟောင်းနွမ်းသော ရထားအိုကိုသာလျှင် စီး၍သွား၏။ ဤသို့လျှင် သူဌေးယုတ်၏ဥစ္စာသည် ခွေးသည်ရအပ်သော အုန်းသီးကဲ့သို့ ဖြစ်၏။

အာဟာရချို့ပြီ

ထိုသူဌေးသည် တစ်နေ့သ၌ မင်းခစားအံ့သောငှာ သွားသည်ရှိသော် သူဌေးငယ်ကိုခေါ်၍ သွားအံ့ ဟု ထိုသူဌေးငယ်အိမ်သို့သွား၏။ ထိုခဏ၌ သူဌေးငယ်သည် သားသမီးတို့ဖြင့်ခြံရံလျက် ထောပတ်သစ်, ပျားလဖို့, သကာမှုန့်တို့ဖြင့် စီရင်အပ်သော နို့ဃနာကို စားလျက်နေ၏။ ထိုသူဌေးငယ်သည် မစ္ဆရိကောသိယ သူဌေးကြီးကိုမြင်လျှင် နေရာမှထ၍ အရှင်သူဌေးကြီး... ကြွတော်မူလှည့်၊ ဤပလ္လင်၌နေ၍ နို့ဃနာကို စားကြကုန်အံ့ ဟု ဆို၏။ ထိုဃနာကိုမြင်လျှင် ထိုမစ္ဆရိယကောသိယသူဌေး အာခံတွင်း၌ တံတွေးသည်ဖြစ်၏။ စားလို၏။ ဤသို့ စားလိုသော်လည်း တစ်ဖန်ကြံပြန်၏။ အကယ်၍ ငါသည် ဤဃနာကို စားအံ့၊ ဤသို့ စားသည်ရှိသော် သူဌေးငယ်သည် အိမ်သို့လာသောအခါ ပူဇော်သက္ကာရ အတုံ့ပြုရလတ္တံ့၊ ဤသို့ ပြုတုံ့ပြုရသည်ရှိသော် ငါ၏ဥစ္စာသည် ပျက်စီးလတ္တံ့ ဟု ကြံ၍ မစားအံ့ ဟု ဆို၏။ အဖန်တလဲလဲ တောင်းပန်သော်လည်း ယခုအခါ ငါ ထမင်းဝသည်ဖြစ်၏ ဟု ဆို၍ အလိုမရှိ။ သူဌေးငယ် စားသည်ရှိသော်ကား ကြည့်လျက် ခံတွင်း၌ များစွာသော တံတွေးရှိလျက်နေ၍ ထိုသူဌေးငယ် စားခြင်းကိစ္စအဆုံး၌ ထိုသူဌေးငယ်နှင့်တကွ မင်း၏နန်းတော်သို့သွား၍ မင်းကိုဖူးမြင်ပြီးလျှင် မင်းအိမ်မှသက်ခဲ့၍ မိမိအိမ်သို့ ရောက်လတ်သော် နို့ဃနာကို စားချင်ခြင်းတဏှာဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ ကြံ၏။ အကယ်၍ ငါသည် နို့ဃနာကို စားလို၏ဟု ဆိုအံ့၊ လူများသည်လည်း စားလိုသည် ဖြစ်လတ္တံ့၊ များစွာကုန်သော ဆန်အစရှိသည်တို့သည် ပျက်စီးကုန်လတ္တံ့၊ တစ်စုံ တစ်ယောက်သော သူကိုမျှ မပြောမဆို ဟု ကြံ၏။ ကြံပြီး၍ ထိုသူဌေးသည် နေ့ညဉ့်မပြတ် နို့ခနာကိုသာလျှင် ကြံလျက် လွန်စေသော်လည်း ဥစ္စာပျက်စီးခြင်းမှ ကြောက်သောကြောင့် တစ်စုံ တစ်ယောက်သောသူအား မပြောမဆိုမူ၍လျှင် ငတ်မွတ်ခြင်းကိုသည်းခံ၏။ အစဉ်သဖြင့် သည်းခံခြင်းငှာ မတတ်နိုင်ရကား ဖက်ရွက်ရော်ကဲ့သို့ ဖျော့တော့သော အဆင်းရှိသည်ဖြစ်၏။ ဤသို့ ဖျော့တော့သော အဆင်းရှိသည် ဖြစ်သော်လည်း ဥစ္စာပျက်စီးခြင်းမှ ကြောက်သောကြောင့် မပြောဆို။ နောက်အဖို့၌ အားနည်းသည်ဖြစ်၍ အိပ်ရာညောင်စောင်းကိုဖက်၍ အိပ်၏။

ပုန်း၍ နို့ဃနာချက်ပုံ

ထိုအခါ ထိုမစ္ဆရိယကောသိယ သူဌေးကို မယားသည် ချဉ်းကပ်၍ လက်ဖြင့် ကျောကိုသုံးသပ်လျက် အရှင်... အရှင့်အား အဘယ်မချမ်းသာသနည်းဟု မေး၏။ ရှင်မ... သင်၏ကိုယ်၌သာလျှင် မချမ်းသာခြင်းကို ပြုလော့၊ ငါ့အား မချမ်းသာခြင်းသည် မရှိဟု ဆို၏။ အရှင်... အရှင်သည် ဖက်ရွက်ရော်ကဲ့သို့ ဖျော့တော့သော အဆင်းရှိ၏။ အရှင့်အား တစ်စုံတစ်ခုသော အကြံသည် ရှိသလော၊ ထိုသို့မဟုတ်မူ အရှင်၏မင်းမြတ်သည် အမျက်ထွက်တော် မူသလော၊ ထိုသို့မဟုတ်မူ သားသမီးတို့သည် မထီမဲ့မြင်ပြုသလော၊ ထိုသို့မဟုတ်မူ တစ်စုံတစ်ခုသော ချင်ခြင်းတဏှာသည် ဖြစ်သလောဟု မေး၏။ ရှင်မ... ငါ့အား ချင်ခြင်းတဏှာသည် ဖြစ်၏ဟု ဆိုလတ်သော် အရှင်... ဖြစ်သောချင်ခြင်းကို ဆိုပါလော့ဟု ဆို၏။ ရှင်မ... ထိုချင်ခြင်းကို ငါ မဆိုအံ့ဟု ဆိုလတ်သော် အရှင်... ထိုချင်ခြင်းတဏှာကို စောင့်ခြင်းငှာ တတ်နိုင်လတ္တံ့လောဟု မေး၏။ စောင့်အပ်သည်နှင့် လျော်သောအခါသည် အကယ်၍ ဖြစ်ငြားအံ့၊ ငါ စောင့်အံ့ဟုဆို၍ ဤသို့ဖြစ်သော်လည်း ဥစ္စာပျက်စီးအံ့သည်မှ ကြောက်သောကြောင့် ပြောဆိုခြင်းငှာမဝံ့၊ ထိုမယားသည် အဖန်တလဲလဲနှိပ်စက်၍ မေးသည်ရှိသော် ပြောဆို၏။ ရှင်မ... ငါသည် တစ်နေ့သ၌ ထောပတ်သစ် ပျား သကာတို့ဖြင့် ကောင်းစွာ စီရင်အပ်သော နွားနို့ဃနာထမင်းကို သူဌေးငယ်စားသည်ကို မြင်ရလျှင် ထိုအခါမှစ၍ ထိုနို့ဃနာနှင့်တူသော ဃနာထမင်းကို စားလိုသည်ဖြစ်၏ ဟု ပြောဆိုလတ်သော် အိုသူယုတ်... အသို့နည်း၊ သင်သည် ဆင်းရဲပါသလော၊ ဗာရာဏသီမြို့လုံးလောက်အောင် နို့ဃနာထမင်းကို ချက်အံ့ဟု ဆို၏။ ထိုသို့ဆိုသောအခါ ထိုသူဌေးအား ဦးခေါင်း၌ လှင်တံဖြင့် ပုတ်ခတ်သကဲ့သို့ ဖြစ်၏။

ထိုသူဌေးသည် မယားအား အမျက်ထွက်၍ ငါသည် သင်ဥစ္စာများသောအဖြစ်ကို သိပါ၏။ သင့်အား မိဘအိမ်မှ ဆောင်ယူခဲ့သောဥစ္စာသည် အကယ်၍ ရှိအံ့၊ ထိုဥစ္စာဖြင့် နို့ဃနာချက်၍ အလုံးစုံသော မြို့နေသူတို့အား ပေးလော့ဟု ဆို၏။ ထိုသို့တပြီးကား တစ်ခုသော လမ်းခရီး၌နေသော သူတို့အား စားလောက်သည်ကို ပြု၍ ချက်အံ့ ဆိုလတ်သော် သင့်အား ထိုသူတို့ကို မိမိဥစ္စာကို စားစေသဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု ဆို၏။ ထိုသို့တပြီးကား ထိုမှ ဤမှ ခုနစ်အိမ် ခုနစ်အိမ်၌ နေကုန်သောသူတို့အား စားလောက်သည်ကိုပြု၍ ချက်အံ့ဟု ဆို၏။ ထိုသူတို့ဖြင့် သင့်အား အဘယ်အကျိုးရှိအံ့နည်းဟု ဆိုလတ်သော် ဤ ငါတို့အိမ်၌နေသော ပရိသတ်အပေါင်းအား စားလောက်ရုံချက်အံ့ဟု ဆို၏။ သင့်အား ထိုသူတို့ဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု ဆို၏။ ထိုသို့တပြီးကား ငါတို့သားသမီး အဆွေအမျိုးတစ်စုအားသာလျှင် စားလောက်ရုံ ချက်အံ့ဟု ဆို၏။ သင့်အား ဤသားသမီးဆွေမျိုးတို့ဖြင့် အဘယ်အကျိုးရှိအံ့နည်းဟုဆို၏။ ထိုသို့တပြီးကား ငါတို့လင်မယား စားလောက်ရုံချက်အံ့ဟု ဆိုသည်ရှိသော် သင့်အား အဘယ်ပြုအံ့နည်း၊ သင့်အား မသင့်ဟု ဆို၏။ ထိုသို့ဖြစ်လျှင် အရှင်တစ်ယောက်တည်း စားလောက်ရုံသာ ချက်အံ့ဟု ဆိုလတ်သော် ငါ့ဖို့ကိုလည်း သင် မချက်ပါလင့်၊ စင်စစ်သော်ကား ဤဃနာကို ဤအိမ်၌ ချက်သည်ရှိသော် များစွာသော လူတို့သည် တောင့်တကုန်လတ္တံ့၊ ငါ့အား တစ်ခွက်သောဆန်ကိုလည်းကောင်း၊ ဆန်၏လေးစုတစ်စုသော နို့ရည်ကိုလည်းကောင်း၊ နို့ရည်အားလျော်သော သကာခွက်ကိုလည်းကောင်း ထောပတ်ခွက်ကိုလည်းကောင်း ပျားခွက်ကိုလည်းကောင်း ဃနာချက်စရာ အိုးတစ်လုံးကိုလည်းကောင်း ပေးလော့၊ တောသို့ဝင်၍ ထိုတော၌ချက်၍ စားချေအံ့ဟု ဆိုလတ်သော် ထိုမယားသည် သူဌေးဆိုတိုင်းပြု၏။

ထိုသူဌေးသည် အလုံးစုံကို အစေအပါးတစ်ယောက်ကို ယူခဲ့စေ၍ ထိုသူဌေးသည် အစေအပါးကို သွားချေ၊ ဤမည်သောအရပ်၌ သင်နေနှင့်လော့ဟု မှာထားပြီးလျှင် ထိုအလုပ်အကျွေးကို ရှေ့ကသွားစေ၍ တစ်ယောက်တည်းသာလျှင် လျှို့ဝှက်သည်ကိုပြု၍ မထင်ရှားသောအသွင်ဖြင့် ထိုမှာထားလိုက်ရာအရပ်သို့ သွား၍ မြစ်နားဝယ် တစ်ခုသောတွင်း၌ ခုံလောက်လုပ်ပြီးလျှင် ထင်းရေကိုဆောင်ယူစေ၍ သင်သည် သွား၍ တစ်ခုသော လမ်းခရီး၌နေ၍ တစ်စုံတစ်ယောက်သောသူကိုမြင်လျှင် ငါ့အား အမှတ်ပေးလှည့်လော့၊ ငါခေါ်မှသာလျှင် သင်လာခဲ့လော့ဟု ဆို၍ ထိုအလုပ်အကျွေးကို စေလိုက်ပြီးလျှင် မီးညှိ၍ နို့ဃနာချက်၏။

သိကြားမင်း အလှူခံလာခြင်း

ထိုခဏ၌ သိကြားနတ်မင်းသည် ယူဇနာတစ်ထောင်ရှိသော တန်ဆာဆင်အပ်သော သုဒဿနနတ်မြို့ကိုလည်းကောင်း, ယူဇနာခြောက်ဆယ်ရှိသော ရွှေဖြင့်ပြီးသော နတ်လမ်းကိုလည်းကောင်း ယူဇနာ တစ်ထောင်မြင့်သော ဝေဇယန္တာပြာသာဒ်ကို လည်းကောင်း ယူဇနာငါးရာရှိသော သုဓမ္မာနတ်သဘင်ကို လည်းကောင်း ယူဇနာ ခြောက်ဆယ်ရှိသော ပဏ္ဍုကမ္ဗလာ ကျောက်ဖျာနေရာကို လည်းကောင်း အဝန်း ငါးယူဇနာရှိသော ရွှေပန်းကိုလည်းကောင်း ထီးဖြူကိုလည်းကောင်း နှစ်ကုဋေငါးသန်း အရေအတွက်ရှိသော နတ်သမီးအပေါင်းတို့ကိုလည်းကောင်း တန်ဆာဆင်ခြင်းနှင့်စပ်သော မိမိကိုယ်အဖြစ်ကိုလည်းကောင်း၊ ဤသို့ မိမိ၏ ဘုန်းကျက်သရေအစုကို ကြည့်၍ အဘယ်ကောင်းမှုကိုပြု၍ ငါသည် ဤကဲ့သို့သော နတ်မင်းစည်းစိမ်ချမ်းသာကို ရလေသနည်းဟု ကြံဆင်ခြင်လတ်သော် ဗာရာဏသီပြည်၌ သူဌေးဖြစ်စဉ် မိမိသည် ဖြစ်စေအပ်သော အလှူဒါနကို မြင်၏။

ထို နောင်မှ ငါ၏သား အစရှိကုန်သောသူတို့သည် အဘယ်အရပ်၌ ဖြစ်လေသနည်းဟု ကြည့်ပြန်လတ်သော် မိမိသားသည် စန္ဒနတ်သားဖြစ်၏။ စန္ဒနတ်သား၏သားသည် သူရိယနတ်သား ဖြစ်၏။ ထိုသူရိယနတ်သား၏ သားသည် မာတလိနတ်သား ဖြစ်၏။ ထိုမာတလိနတ်သား၏သားသည် ပဉ္စသိခနတ်သားဖြစ်၏။ ဤသို့ အလုံးစုံသော ဖြစ်ခြင်းကိုမြင်၍ ပဉ္စသီခနတ်သား၏ သားသည် အဘယ်သို့ သဘောရှိအံ့သနည်း ဟု ကြည့်ပြန်လတ်သော် မိမိအနွယ်ကိုဖြတ်သောအဖြစ်ကို မြင်၏။ ထိုအခါ ထိုသိကြားနတ်မင်းအား ဤသို့ အကြံသည် ဖြစ်၏။ ဤသူယုတ်သည် ဝန်တိုပိတ်ပင်သည်ဖြစ်၍ မိမိလည်း မသုံးဆောင်၊ သူတစ်ပါးတို့အားလည်း မပေး၊ ငါ၏အနွယ်အဆက်ကို ထိုသူယုတ်သည်ဖြတ်၏။ သေလျှင် ငရဲ၌ဖြစ်လတ္တံ့၊ ထိုသူယုတ်အား ဆုံးမသဖြင့် ငါ၏အနွယ်အဆက်ကို တည်စေ၍ သူယုတ်၏ ဤငါတို့နတ်ပြည်၌ဖြစ်အံ့သော အကြောင်းကို ပြုအံ့ ဟု ကြံ၏။ ကြံပြီး၍ ထိုသိကြားနတ်မင်းသည် စန္ဒနတ်သား အစရှိသောသူတို့ကို ခေါ်စေ၍ အမောင်တို့... လာကြကုန်၊ လူ့ပြည်သို့သွားကုန်အံ့၊ မစ္ဆရိယကောသိယသူဌေးသည် ငါတို့အနွယ်အဆက်ကို ဖြတ်၏။ အလှူတင်းကုပ်တို့ကို ဖျက်ဆီး၍ မီးတိုက်အပ်ကုန်၏။ ဥစ္စာပစ္စည်းတို့ကို မိမိလည်း မသုံးဆောင်၊ သူတစ်ပါးတို့အားလည်း မပေး၊ ယခုအခါ နို့ဃနာကို စာလိုသည်ဖြစ်၍ အိမ်၌ ချက်သည်ရှိသော် တစ်ပါးသောသူအားလည်း နို့ဃနာကို ပေးရလတ္တံ့ဟု ကြံ၍ တောသို့ဝင်ပြီးလျှင် တစ်ယောက်တည်းသာလျှင် ချက်၏။ ထိုသူယုတ်ကို ဆုံးမသဖြင့် အလှူ၏အကျိုးကို သိစေ၍ လာကြကုန်အံ့၊ စင်စစ်သော်ကား အလုံးစုံသောငါတို့သည် တစ်ပေါင်းတည်း တောင်းကြကုန်သည်ရှိသော် ထိုအရပ်၌ပင်လျှင် သေရာ၏။

ငါသည် ရှေးဦးစွာသွား၍ ဃနာကိုတောင်း၍ နေသောကာလ၌ သင်တို့သည် ပုဏ္ဏားအသွင်ဖြင့် အစဉ်အတိုင်း လာကုန်၍ တောင်းကြကုန်လော့ ဟု မှာထားခဲ့ပြီးလျှင် မိမိသည်ကား ရှေးဦးစွာ ပုဏ္ဏားအသွင်ဖြင့် ထိုမစ္ဆရိယကောသိယ သူဌေးအထံသို့ချဉ်းကပ်၍ အို ရှင်သူဌ... ဗာရာဏသီသို့ သွားရာလမ်းခရီးသည် အဘယ်နည်းဟု မေး၏။ ထိုအခါ သိကြားနတ်မင်းကို မစ္ဆရိယသိယသူဌေးသည် သင်သည် ရူးသလော၊ ဗာရာဏသီပြည် လမ်းခရီးကိုမျှ မသိ၊ အဘယ့်ကြောင့် ဤအရပ်သို့ လာသနည်း၊ ဤအရပ်မှသွားလော့ဟု ဆို၏။

သိကြားမင်းသည် ထိုသူဌေးဆိုသောစကားကို ကြားလျက်လည်း မကြားဤကဲ့သို့ အသို့ဆိုသနည်းဟု ဆို၍ ထိုသူဌေးသို့ ချဉ်းကပ်သည်သာတည်း။ ထိုသူဌေးသည်လည်း ဟယ်ပုဏ္ဏားနားပင်း... အဘယ့်ကြောင့် ဤအရပ်သို့လာသနည်း၊ ရှေ့သို့သွားလော့ဟု ဆိုမြည်ရေရွတ်၏။ ထိုအခါ သူဌေးကို သိကြားမင်းသည် အိုသူဌေး... အဘယ့်ကြောင့် သင်မြည်တမ်းသနည်း၊ မီးခိုးသည် ထင်၏။ မီးသည် ထင်၏။ နို့ဃနာချက်သလော၊ ပုဏ္ဏားတို့အား ပင့်ဖိတ်ရာအရပ်သည် ဖြစ်ရာ၏။ ငါသည်လည်း ပုဏ္ဏားတို့အား ဆွမ်းကျွေးသောအခါ အတန်ငယ်ရလတ္တံ့၊ အဘယ့်ကြောင့် ငါ့ကို နှင်ထုတ်သနည်းဟု ဆိုလတ်သော် ဤအရပ်၌ ပုဏ္ဏားတို့အား ပင့်ဖိတ်ခြင်းသည် မရှိ၊ ရှေ့သို့ အသင်သွားလေလော့ဟု ဆိုသဖြင့် ထိုသို့ဖြစ်လျှင် အဘယ့်ကြောင့် သင်အမျက်ထွက်သနည်း၊ သင်စားသောကာလ၌ အတန်ငယ် ငါရလတ္တံ့ဟု ဆို၏။ ထိုအခါ သိကြားမင်းကို သူဌေးသည် ပုဏ္ဏား... ငါသည် ထမင်းတစ်လုတ်ကိုလည်း သင့်အားမပေးလတ္တံ့၊ ဤဃနာသည် အနည်းငယ်သာတည်း၊ ငါတစ်ယောက်မျှ လောက်ရုံသာ ချက်၏။ တောင်း၍သာလျှင် ငါသည် ရအပ်၏။ အသို့နည်း၊ သင်သည် တစ်ပါးသောအစာကို ရှာလေလော့ ဟု ဆို၍ မယားကိုတောင်း၍ ရသောအဖြစ်ကို ရည်၍သာလျှင် ပြောဆိုသဖြင့် ထိုအကြောင်းကို ပုဏ္ဏားအား ကြားလိုရကား-

၁၉၂။ နေဝ ကိဏာမိ နပိ ဝိက္ကိဏာမိ၊
န စာ ပိ မေ သန္နိစယော စ အတ္ထိ။
သုကိစ္ဆရူပံ ဝတိဒံ ပရိတ္တံ၊
ပတ္တောဒနာ နာလမယံ ဒုဝိန္နံ။

ဟူသော ဤဂါထာကို ဆို၏။

၁၉၂။ ဗြာဟ္မဏ၊ ပုဏ္ဏား။ အဟံ၊ ငါသည်။ ပါယာသံ၊ နို့ဃနာကို။ နေဝ ကိဏာမိ၊ ဝယ်လည်းမဝယ်။ နပိ ဝိက္ကိဏာမိ၊ ရောင်းလည်းမရောင်း။ မေ၊ ငါ့အား။ သန္နိစယော စာပိ၊ စု၍ထားသော နို့ဃနာသည်လည်း။ န အတ္ထိ၊ မရှိ။ ဣဒံ၊ ဤနို့ဃနာကို။ သုကိစ္ဆရူပံ၊ အလွန်ငြိုငြင်စွာ ရှာမှီးရ၏။ ပရိတ္တံ၊ အနည်းငယ်သာတည်း။ အယံ၊ ဤ နိုဃနာသည်။ ပတ္တောဒနော၊ တစ်ကွမ်းစားချက်သာတည်း။ ဒုဝိန္နံ၊ နှစ်ယောက်ကုန်သော ငါတို့အား။ နာလံ၊ မစားလောက်။

ထိုစကားကိုကြား၍ သိကြားမင်းသည် ငါသည်လည်း သင့်အား သာယာသော အသံဖြင့် တစ်ခုသောဂါထာကို ဟောအံ့၊ ထိုဂါထာကိုနာလော့ဟု ဆို၍ ငါသည် သင့်ဂါထာဖြင့် အလိုမရှိဟု သူဌေးမြစ်စဉ်ပင်လျှင်-

၁၉၃။ အပ္ပမှာ အပ္ပကံ ဒဇ္ဇာ၊ အနုမဇ္ဈတော မဇ္ဈကံ။
ဗဟုမှာ ဗဟုကံ ဒဇ္ဇာ၊ အဒါနံ နူပပဇ္ဇတိ။
၁၉၄။ တံ တံ ဝဒါမိ ကောသိယ၊ ဒေဟိ ဒါနာနိ ဘုဉ္စ စ။
အရိယမဂ္ဂံ သမာရုဟ၊ နေကာသီ လဘတေ သုခံ။

ဟူသော ဤနှစ်ဂါထာတို့၏ အပေါင်းကို ဆို၏။

၁၉၃။ ကောသိယ၊ ကောသိယသူဌေး။ အပ္ပမှာ၊ အနည်းငယ်သောဝတ္ထုမှ။ အပ္ပကံ၊ အနည်းငယ်သော ဝတ္ထုကို။ ဒဇ္ဇာ၊ ပေးလှူအံ့။ အနုမဇ္ဈတာ၊ အနည်းငယ်သော ဝတ္ထု ထက်ဝက်မှ။ မဇ္ဈကံ၊ အနည်းငယ်ထက်ဝက်သော အဖို့ကို။ ဒဇ္ဇာ၊ ပေးလှူရာ၏။ ဗဟုမှာ၊ များသောဝတ္ထုမှ။ ဗဟုကံ၊ များသောဝတ္ထုကို။ ဒဇ္ဇာ၊ ပေးလှူအပ်၏။ အဒါနံ၊ မပေးမလှူသည်။ န ဥပပဇ္ဇတိ၊ မဖြစ်ရာ။

၁၉၄။ ကောသိယ၊ ကောသိယသူဌေး။ တံ-တသ္မာ၊ ထိုကြောင့်။ တံ၊ သင့်ကို။ ဝဒါမိ၊ ငါဆို၏။ အရိယမဂ္ဂံ၊ မြတ်သောပုဂ္ဂိုလ်တို့ သွားရာလမ်းခရီးကို။ သမာရုဟ၊ ကောင်းစွာတက်၍။ ဒါနာနိ၊ အလှူတို့ကို။ ဒေဟိ၊ ပေးလှူလော့။ ဘုဉ္ဇ စ၊ မိမိလည်း သုံးဆောင်လော့။ ဧကောပိ၊ မိမိတစ်ယောက်တည်း။ ဘုဉ္ဇန္တော၊ သုံးဆောင်စားသောက်သောသူသည်။ သုခံ၊ ချမ်းသာသုံးပါးကို။ န လဘတေ၊ မရရာ။

ထိုသူဌေးသည် သိကြားမင်း စကားကိုကြား၍ ပုဏ္ဏား... သင်သည် နှစ်သက်ဖွယ်သော စကားကို ဆိုပေ၏။ နို့ဃနာ ကျက်လတ်သော် အတန်ငယ်ရလတ္တံ့၊ နေလော့ဟု ဆို၏။ သိကြားမင်းသည် သင်တင့်သောအရပ်၌ နေ၏။

စန္ဒနတ်သား အလှူခံလာခြင်း

သိကြားမင်းနေပြီးသော် စန္ဒနတ်သားသည် ထိုရှေးနည်းဖြင့်သာလျှင် သူဌေးအထံသို့ကပ်၍ ထိုရှေးအတူလျှင် စကားကို ဖြစ်စေ၍ ထိုသူဌေး တားမြစ်စဉ်မှာပင်လျှင်-

၁၉၅။ မောဃဉ္စဿ ဟုတံ ဟောတိ၊
မောဃဉ္စာပိ သမီဟိတံ။
အတိထိသ္မိံ ယော နိသိန္နသ္မိံ၊
ဧကော ဘုဉ္ဇတိ ဘောဇနံ။
၁၉၆။ တံ တံ ဝဒါမိ ကောသိယ၊ ဒေဟိ ဒါနာနိ ဘုဉ္ဇ စ။
အရိယမဂ္ဂံ သမာရုဟ၊ နေကာသီ လဘတေ သုခံ။

ဟူသော ဤဂါထာနှစ်ခုတို့၏ အပေါင်းကို ဆို၏။

၁၉၅။ ကောသိယ၊ ကောသိယသူဌေး။ ယော၊ အကြင် သူသည်။ အတိထိသ္မိံ၊ ဧည့်သည်သည်။ နိသိန္နသ္မိံ၊ ရှိပါလျက်။ ဧကော၊ တစ်ယောက်တည်း။ ဘောဇနံ၊ ဘောဇဉ်ကို။ ဘုဉ္ဇတိ၊ စား၏။ အဿ၊ ထိုသူအား။ ဟုတံ၊ လှူအပ်သော အလှူသည်။ မောဃဉ္စ၊ အကျိုးမရှိသည်သာလျှင်။ ဟောတိ၊ ဖြစ်၏။ သမီဟိတံပိ၊ ဥစ္စာကို ဆည်းပူးအပ်သော လုံ့လသည်လည်း။ မောဃဉ္စ၊ အကျိုးမရှိသည်သာလျှင်။ ဟောတိ၊ ဖြစ်၏။

၁၉၆။ ကောသိယ၊ ကောသိယသူဌေး။ တံ-တသ္မာ၊ ထို့ကြောင့်။ တံ၊ သင့်ကို။ ဝဒါမိ၊ ငါဆို၏။ အရိယမဂ္ဂံ၊ အရိယာတို့ သွားရာလမ်းခရီးကို။ သမာရုဟ၊ ကောင်းစွာတက်၍။ ဒါနာနိ၊ အလှူတို့ကို။ ဒေဟိ၊ ပေးလှူလော့။ ဘုဉ္ဇ စ၊ မိမိလည်းသုံးဆောင်လော့။ ဧကော၊ တစ်ယောက်တည်း။ ဘုဉ္ဇာပိ၊ သုံးဆောင်သောသူသည်လည်း။ သုခံ၊ ချမ်းသာသုံးပါးကို။ န လဘတေ၊ မရရာ။

ထိုသူသည် ထိုစန္ဒနတ်သား စကားကိုကြား၍ ထို ရှေးနည်းအတူသာလျှင် စကားကိုဖြစ်စေ၍ ဆင်းရဲငြိုငြင်သဖြင့် ထိုသို့ဖြစ်လျှင်ကား နေလော့၊ အတန်ငယ် သင်ရလတ္တံ့ဟု ဆို၏။ ထိုစန္ဒနတ်သားသည်သွား၍ သိကြားမင်း အထံ၌ နေ၏။

သူရိယနတ်သား အလှူခံလာခြင်း

ထို့နောင်မှ သူရိယနတ်သားသည် ထိုရှေးနည်းဖြင့်သာလျှင် သူဌေးသို့ကပ်၍ ရှေးနည်းအတူသာလျှင် စကားကိုဖြစ်စေ၍ ထိုသူဌေးသည် တားမြစ်စဉ်ပင်လျှင်-

၁၉၇။ သစ္စဉ္စဿ ဟုတံ ဟောတိ၊ သစ္စဉ္စာပိ သမီဟိတံ။
အတိထိသ္မိံ ယော နိသိန္နသ္မိံ၊
နေကော ဘုဉ္ဇတိ ဘောဇနံ။
၁၉၈။ တံတံ ဝဒါမိ ကောသိယ၊ ဒေဟိ ဒါနာနိ ဘုဉ္ဇ စ။
အရိယမဂ္ဂံ သမာရုဟ၊ နေကာသီ လဘတေ သုခံ။

ဟူသော ဤဂါထာနှစ်ခုတို့၏ အပေါင်းကို ဆို၏။

၁၉၇။ ကောသိယ၊ ကာသိယသူဌေး။ ယော၊ အကြင်သူသည်။ အတိထိသ္မိံ၊ ဧည့်သည်သည်။ နိသိန္နသ္မိံ၊ နေပါသည်ရှိသော်။ ဧကော၊ တစ်ယောက်တည်း။ ဘောဇနံ၊ ဘောဇဉ်ကို။ န ဘုဉ္ဇတိ၊ မစား။ အဿ၊ ထိုသူအား။ ဟုတံ၊ အလှူသည်။ သစ္စဉ္စ၊ မှန်သည်သာလျှင်။ ဟောတိ၊ ဖြစ်၏။ သမီဟိတံပိ၊ ဥစ္စာကိုဖြစ်စေသော လုံ့လသည်လည်း။ သစ္စဉ္စ၊ မှန်သည်သာလျှင်။ ဟောတိ၊ ဖြစ်၏။

၁၉၈။ ကာသိယ၊ ကောသိယသူဌေး။ တံ-တသ္မာ၊ ထို့ကြောင့်။ တံ၊ သင့်ကို။ ဝဒါမိ၊ ငါဆို၏။ အရိယမဂ္ဂံ၊ သူတော်ကောင်းတို့ သွားရာလမ်းခရီးသို့။ သမာရုဟ၊ ကောင်းစွာတက်၍။ ဒါနာနိ၊ အလှူတို့ကို။ ဒေဟိ၊ ပေးလှူလော့။ ဘုဉ္ဇ စ၊ မိမိလည်း သုံးဆောင်လော့။ ဧကော၊ တစ်ယောက်တည်း။ ဘုဉ္ဇန္တော၊ စားသောက်သောသူသည်။ သုခံ၊ ချမ်းသာသုံးပါးကို။ န လဘတေ၊ မရရာ။

ထိုသူရိယနတ်သားစကားကို ကြား၍လည်း ဆင်းရဲငြိုငြင်သဖြင့် ထိုသို့ဖြစ်လျှင် နေလော့၊ အတန်ငယ် သင်ရလတ္တံ့ဟု ဆို၏။ ထိုသူရိယနတ်သားသည် သွား၍ စန္ဒနတ်သားအထံ၌ နေ၏။

မာတလိ အလှူခံလာခြင်း

ထိုအခါ ထိုသူဌေးကို မာတလိနတ်သားသည် ထိုရှေးနည်းဖြင့်လျှင်ချဉ်းကပ်၍ ရှေးအတူ စကားကိုဖြစ်စေ၍ ထိုသူဌေးသည် တားမြစ်စဉ်ပင်လျှင်-

၁၉၉။ သရဉ္စ ဇုဟတိ ပေါသော၊ ဗဟုကာယ ဂယာယ စ။
ဒေါဏေ တိမ္ဗရုတိတ္ထသ္မိံ၊
သီဃသောတေ မဟာဝဟေ။
၂၀၀။ အတြ စဿ ဟုတံ ဟောတိ၊
အတြ စဿ သမီဟိတံ။
အတိထိသ္မိံ ယော နိသိန္နသ္မိံ၊
နေကော ဘုဉ္ဇတိ ဘောဇနံ။
၂၀၁။ တံတံ ဝဒါမိ ကောသိယ၊ ဒေဟိ ဒါနာနိ ဘုဉ္ဇ စ။
အရိယမဂ္ဂံ သမာရုဟ၊ နေကာသီ လဘတေ သုခံ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၁၉၉။ ကောသိယ၊ ကောသိယသူဌေး။ ပေါသော၊ သတ္တဝါသည်။ သရဉ္စ၊ ရေအိုင်သို့လည်း။ ဥပသင်္ကမိတွာ၊ ကပ်၍။ ဇုဟတိ၊ ပူဇော်၏။ ဗဟုကာယ စ၊ ဗဟုကာအမည်ရှိသော မြစ်၌လည်းကောင်း။ ဂယာယ စ၊ ဂယာအမည်ရှိသော ရေကန်၌လည်းကောင်း။ ဒေါဏေ၊ ဒေါဏမည်သော မြစ်ဆိပ်၌လည်းကောင်း။ တိမ္ဗရုတိတ္ထသ္မိံ၊ တိမ္ဗရုမည်သော မြစ်ဆိပ်၌လည်းကောင်း။ သီဃသောတေ၊ လျင်သော အလျဉ်ရှိသော။ မဟာဝဟေ၊ ကြီးစွာသောရေအလျဉ်၌ လည်းကောင်း။ ဇုဟတိ၊ ပူဇော်၏။

၂၀၀။ ကောသိယ၊ ကောသိယသူဌေး။ ယော၊ အကြင်သူသည်။ အတိထိသ္မိံ၊ ဧည့်သည်သည်။ နိသိန္နသ္မိံ၊ ရှိလတ်သော်။ ဧကော၊ တစ်ယောက်တည်း။ ဘောဇနံ၊ ဘောဇဉ်ကို။ န ဘုဉ္ဇတိ၊ မစား။ အဿ၊ ထိုသူအား။ အတြ၊ ဤမြစ်အစရှိသည်တို့၌။ ဟုတဉ္စ၊ ပူဇော်အပ်သည်လည်း။ ဟောတိ၊ ဖြစ်၏။ အဿ၊ ထိုသူအား။ အတြ၊ ဤမြစ်အစရှိသည်တို့၌။ သမီဟိတဉ္စ၊ ဥစ္စာကိုဖြစ်စေသော လုံ့လသည်လည်း။ ဟောတိ၊ ဖြစ်၏။

၂၁၁။ တံ-တသ္မာ၊ ထို့ကြောင့်။ တံ၊ သင့်ကို။ ဝဒါမိ၊ ငါဆို၏။ ကောသိယ၊ ကောသိယသူဌေး။ အရိယမဂ္ဂံ၊ ဘုရားအစရှိသော သူတော်ကောင်းတို့ သွားရာလမ်းခရီးသို့။ သမာရုဟ၊ ကောင်းစွာတက်၍။ ဒါနာနိ၊ အလှူတို့ကို။ ဒေဟိ၊ ပေးလှူလော့။ ဘုဉ္ဇ စ၊ မိမိလည်း သုံးဆောင်လော့။ ဧကော၊ တစ်ယောက်တည်း။ ဘုဉ္ဇမာနောပိ၊ စားသောသူသည်လည်း။ သုခံ၊ ချမ်းသာသုံးပါးကို။ န လဘတေ၊ မရရာ။

ထိုသူဌေးသည် မာတလိနတ်သားစကားကို ကြားရှိသော် တောင်ထွတ်ဖြင့်ဖိသကဲ့သို့ ဆင်းရဲငြိုငြင်စွာဖြင့် ထိုသို့ဖြစ်လျှင်ကား နေလော့၊ အတန်ငယ် သင်ရလတ္တံ့ဟု ဆို၏။ မာတလိနတ်သားသည် သွား၍ သူရိယနတ်သားအထံ၌နေ၏။

ပဉ္စသိခ အလှူခံလာခြင်း

ထိုနောက်မှ ပဉ္စသိခနတ်သားသည် ထိုရှေးနည်းဖြင့်လျှင်ကပ်၍ ထိုရှေးအတူ စကားကိုဖြစ်စေ၍ ထိုသူဌေးသည် တားမြစ်စဉ်ပင်လျှင်-

၂၀၂။ ဗလိသံ ဟိ သော နိဂိလတိ၊ ဒီသသုတ္တံ သဗန္ဓနံ။
အတိထိသ္မိံ ယော နိသိန္နသ္မိံ၊
ဧကော ဘုဉ္ဇတိ ဘောဇနံ။
၂၀၃။ တံ တံ ဝဒါမိ ကောသိယ၊ ဒေဟိ ဒါနာနိ ဘုဉ္ဇ စ။
အရိယမဂ္ဂံ သမာရုဟ၊ နေကာသီ လဘတေ သုခံ။

ဟူသော ဤဂါထာနှစ်ခုတို့၏ အပေါင်းကိုဆို၏။

၂၀၂။ ကောသိယ၊ ကောသိယသူဌေး။ ယော၊ အကြင်သူသည်။ အတိထိသ္မိံ၊ ဧည့်သည်သည်။ နိသိန္နသ္မိံ၊ နေပါလျက်။ ဧကော၊ တစ်ယောက်တည်း။ ဘောဇနံ၊ ဘောဇဉ်ကို။ ဘုဉ္ဇတိ၊ စား၏။ သော၊ ထိုဧည့်သည်သည် ရှိလျက် တစ်ယောက်တည်း စားသောသူသည်။ ဒီဃသုတ္တံ၊ ရှည်သောကြိုးရှိသော။ သဗန္ဓနံ၊ ချိတ်နှင့်တကွသော။ ဗလိသံ၊ သံမြားကောက်ကို။ နိဂိလတိ၊ မျိုသည်နှင့်တူ၏။

၂၀၃။ ကောသိယ၊ ကောသိယသူဌေး။ တံ တသ်မာ၊ ထို့ကြောင့်။ တံ၊ သင့်ကို။ ဝဒါမိ၊ ငါဆို၏။ အရိယမဂ္ဂံ၊ ဘုရားအစရှိသော သူတော်ကောင်းတို့ သွားရာလမ်းခရီးသို့။ သမာရုဟ၊ ကောင်းစွာတက်၍။ ဒါနာနိ၊ အလှူတို့ကို။ ဒေဟိ၊ ပေးလှူလော့။ ဘုဉ္ဇ စ၊ မိမိလည်းသုံးဆောင်လေလော့။ ဧကော၊ တစ်ယောက်တည်း။ ဘုဉ္ဇမာနော၊ စားသောသူသည်။ သုခံ၊ လူနတ်နိဗ္ဗာန်ဟူသော ချမ်းသာသုံးပါးကို။ နလဘတေ၊ မရရာ။

နို့ဃနာများ လှူခြင်း

မစ္ဆရိယကောသိယသူဌေးသည် ထိုစကားကိုကြား၍ စိတ်ဆင်းရဲလျက် ညည်းတွားကာ ထိုသို့ဖြစ်လျှင်ကား နေလော့၊ အတန်ငယ် ရလတ္တံ့ဟု ဆို၏။ ပဉ္စသိခနတ်သားသည်သွား၍ မာတလိနတ်သားအထံ၌ နေ၏။

ဤသို့ ထိုပုဏ္ဏားငါးယောက်တို့ နေကာမျှ၌လျှင် နို့ဃနာသည်ကျက်၏။ ထိုအခါ နို့ဃနာကို ကောသိယသူဌေးသည် ခုံလောက်မှချ၍ သင်တို့ခွက်တို့ကို ဆောင်ခဲ့ကြကုန်လော့ ဟု ဆို၏။ ထိုပုဏ္ဏားငါးယောက်တို့သည် မထကုန်ဘဲ ထိုင်ကုန်လျက်လျှင် လက်တို့ကိုဆန့်၍ ဟိမဝန္တာမှ အင်ရွက်တို့ကို ဆောင်ကုန်၏။ ကောသိယသူဌေးသည် အင်ရွက်တို့ကိုမြင်၍ သင်တို့အား ဤသစ်ရွက်တို့၌ ထည့်၍ပေးအပ်သော နို့ဃနာသည် မရှိ၊ ရှားပင်အစရှိသည်တို့၏ အရွက်တို့ကို ဆောင်ခဲ့ကြကုန်လော့ဟု ဆိုလတ်သော် ထိုပုဏ္ဏားတို့သည် ထိုရှားရွက် အစရှိသည်တို့ကိုလည်း ဆောင်ခဲ့ကြကုန်၏။ တစ်ရွက် တစ်ရွက်သော ရှားရွက်သည် ရထားပျဉ်ချပ် အတိုင်းအရှည်ရှိ၏။ ထိုသူဌေးသည် အလုံးစုံသောပုဏ္ဏားတို့ကို ယောက်မဖြင့်ယူ၍ နို့ဃနာကိုပေး၏။ အလုံးသောပုဏ္ဏားတို့အား ပေးပြီးလျက်လည်း ချက်သောအိုး၏ လျော့ခြင်းသည် မရှိ။ ငါးယောက်ကုန်သော ပုဏ္ဏားတို့အား ပေးပြီး၍ မိမိသည် ချက်သောအိုးကို ကိုင်၍နေ၏။ ထိုခဏ၌ ပဉ္စသိခနတ်သားသည်ထ၍ ပုဏ္ဏားအသွင်ကိုစွန့်ပြီးလျှင် ခွေးယောင်ဖန်ဆင်း၍ ထိုသူ၏ရှေ့မှ ကျင်ငယ်ကိုစွန့်လျက် သွား၏။ ပုဏ္ဏားတို့သည် မိမိတို့နို့ဃနာထမင်းကို သစ်ရွက်ဖြင့်ပိတ်ကုန်၏။ ကောသိယသူဌေးလက်ဖမိုး၌ ကျင်ငယ်ပေါက်သည် ကျ၏။

ခွေးလိုက်ခံရခြင်း

ပုဏ္ဏားတို့သည် ကရားတို့မှရေဖြင့် လက်ဆေး၍ နို့ဃနာကို စားသကဲ့သို့ ဖြစ်ကုန်၏။ ကောသိယသူဌေးသည် ငါအားလည်း ရေကိုပေးကြပါကုန်၊ လက်ဆေး၍ စားပါအံ့ဟု ဆို၏။ သင်သည် ရေကိုဆောင်၍ လက်ကိုဆေးလော့ ဟု ဆိုကုန်၏။ ငါသည် သင်တို့အား နို့ဃနာကိုပေးအပ်ပြီ၊ ငါ့အား အတန်ငယ်သောရေကို ပေးကြကုန်လော့ ဟု ဆိုသဖြင့် ငါတို့သည် အတုံ့ပေးသော အမှုမည်သည်ကို မပြုကုန်ဟု ဆိုသည်ရှိသော် ထိုသို့ဖြစ်လျှင်ကား ဤနို့ဃနာကို ကြည့်ရစ်ကြပါကုန်၊ လက်ဆေး၍ ငါလာပါအံ့ဟု ဆို၍ မြစ်သို့ဆင်း၏။ ထိုခဏ၌ ခွေးသည် နို့ဃနာကို ကျင်ငယ်ဖြင့် ပြည့်စေ၏။ ထိုသူဌေးသည် ကျင်ငယ်စွန့်သော ထိုခွေးကိုမြင်လျှင် ကြီးစွာသော လှံတံကိုယူ၍ ထိုခွေးကိုခြိမ်းခြောက်လျက် လာ၏။ ထိုခွေးသည် အာဇာနည်မြင်း အတိုင်းအရှည်ရှိသည်ဖြစ်၍ ထိုသူဌေးကို လိုက်သည်ရှိသော် အတူးထူးသော အဆင်းရှိသည်ဖြစ်၏။ မည်းနက်သော အဆင်းရှိသည်လည်း ဖြစ်၏။ ဖြူလည်း ဖြူ၏။ ရွှေအဆင်းနှင့်တူသော အဆင်းရှိသည်လည်း ဖြစ်၏။ ပြောက်ကျားသော အဆင်းရှိသည်လည်း ဖြစ်၏။ မြင့်လည်း မြင့်၏။ နိမ့်လည်း နိမ့်၏။ ဤသို့လျှင် အထူးထူးသော အဆင်းရှိသည်ဖြစ်၍ မစ္ဆရိယကောသိယ သူဌေးကိုလိုက်၏။ ထိုသူဌေးသည် သေဘေးမှကြောက်သည်ဖြစ်၍ ပုဏ္ဏားတို့သို့ ကပ်၏။ ထိုပုဏ္ဏားတို့သည်လည်း ပျံတက်၍ ကောင်းကင်၌ တည်ကုန်၏။

နတ်များဟု သိလေပြီ

ထိုသူဌေးသည် ထိုပုဏ္ဏားတို့၏တန်ခိုးကိုမြင်၍ ထိုပုဏ္ဏားတို့ကိုမေးလိုရကား-

၂၀၄။ ဥဠာရဝဏ္ဏာ ဝတ ဗြာဟ္မဏာ ဣမေ၊
အယဉ္စ ဝေါ သုနခေါ ကိဿ ဟေတု။
ဥစ္စာဝစံ ဝဏ္ဏနိဘံ ဝိကုဗ္ဗတိ၊
အက္ခာထ နော ဗြာဟ္မဏာ ကေ နု တုမှေ။

ဟူသော ဤဂါထာကို ဆို၏။

၂၀၄။ ဗြာဟ္မဏာ၊ ပုဏ္ဏားတို့။ ဣမေ ဗြာဟ္မဏာ၊ ဤ ပုဏ္ဏားတို့သည်။ ဥဠာရဝဏ္ဏာ ဝတ၊ အလွန် တင့်တယ်သော အဆင်းရှိကုန်စွာ့တကား။ ဝေါ၊ အရှင်ပုဏ္ဏားတို့၏။ အယဉ္စ သုနခေါ၊ ဤခွေးသည်လည်း။ ကိဿဟေတု၊ အဘယ်အကြောင်းကြောင့်။ ဥစ္စာဝစံ၊ ယုတ်ယုတ်မြတ်မြတ်သော။ ဝဏ္ဏနိဘံ၊ အရောင်အဆင်းကို။ ဝိကုဗ္ဗတိ၊ ဖန်ဆင်းသနည်း။ နော၊ ငါတို့အား။ အက္ခာထ၊ ကြားကြကုန်လော့။ တုမှေ၊ သင်သည်။ ကေ နု၊ အဘယ်မည်သော သူတို့နည်း။

ထိုသူဌေးစကားကိုကြား၍ သိကြားနတ်မင်းသည် ထိုသူဌေးအား ပြောကြားလိုရကား-

၂၀၅။ စန္ဒော စ သူရိယော စ ဥဘော ဣဓာဂတာ၊
အယံ ပန မာတလိ ဒေဝသာရထိ။
သက္ကောဟမသ္မိ တိဒသာနမိန္ဒော၊
ဧသော စ ခေါ ပဉ္စသိခေါတိ ဝုစ္စတိ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၂၀၅။ မဟာသေဋ္ဌိ၊ သူဌေးကြီး စန္ဒော စ၊ စန္ဒနတ်သား လည်းကောင်း။ သူရိယော စ၊ သူရိယနတ်သားလည်းကောင်း။ ဣတိ၊ ဤသို့။ ဥဘော၊ နှစ်ယောက်ကုန်သော နတ်သားတို့သည်။ ဣဓ၊ ဤအရပ်သို့။ အာဂတာ၊ လာကုန်၏။ အယံ ပန၊ ဤသူသည်ကား။ ဒေဝသာရထိ၊ နတ်၏ ရထားထိန်းဖြစ်သော။ မာတလိ၊ မာတလိနတ်သားတည်း။ အဟံ၊ ငါသည်ကား။ တိဒသာနံ၊ တာဝတိံသာနတ်တို့ကို။ ဣန္ဒော၊ အစိုးရသော။ သက္ကော၊ သိကြားနတ်မင်းသည်။ အသ္မိ၊ ဖြစ်၏။ ဧသော စ၊ ဤသူကိုကား။ ပဉ္စသိခေါတိ၊ ပဉ္စသိခနတ်သားဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

သိကြားနတ်မင်းသည် ဤဂါထာဖြင့်ပြောဆိုပြီး၍ တစ်ဖန် ထိုနတ်တို့၏ စည်းစိမ်ချမ်းသာကို ချီးမွမ်းပြောဆိုလိုရကား-

၂၀၆။ ပါဏိဿရာ မုဒိင်္ဂါ စ၊ မုရဇာလမ္ဗရာနိ စ။
သုတ္တမေနံ ပဗောဓေန္တိ၊ ပဋိဗုဒ္ဓေါ စ နန္ဒတိ။

ဟူသော ဤဂါထာကို ဆို၏။

၂၀၆။ မဟာသေဋ္ဌိ၊ သူဌေးကြီး။ ပါဏိဿရာ စ၊ ခွက်ခွင်းသံတို့သည်လည်းကောင်း။ မုဒိင်္ဂါ စ၊ မုရိုးစည်တို့သည်လည်းကောင်း။ မုရဇာ စ၊ မုရဇမည်သော စည်တို့သည်လည်းကောင်း။ အာလမ္ဗရာနိ စ၊ ထက်စည်တို့သည်လည်းကောင်း။ သုတ္တံ၊ အိပ်ပျော်သော။ ဧနံ မံ၊ ထိုငါ့ကို။ ပဗောဓေန္တိ၊ နိုးစေကုန်၏။ ပဋိဗုဒ္ဓေါစ၊ နိုးသောငါသည်လည်း။ နန္ဒတိ၊ နှစ်သက်၏။

စဉ်းလဲသူများ ငရဲလား

ထိုသူဌေးသည် သိကြားမင်းစကားကိုကြား၍ အရှင်နတ်မင်း... ဤသို့သဘောရှိသော နတ်စည်းစိမ်ကို အဘယ်အမှုပြု၍ ရသနည်း ဟု မေး၏။ သိကြားမင်းသည် ပေးကမ်းလှူဒါန်းလေ့ မရှိကုန်သော, ယုတ်မာသော အကျင့်ရှိကုန်သော ဝန်တိုစဉ်းလဲ ပိတ်ပင်တတ်ကုန်သော သူတို့သည် နတ်ပြည်သို့ မရောက်ရကုန်၊ ငရဲ၌သာလျှင် ဖြစ်ကုန်၏ဟုဆို၍ ထိုအကြောင်းကို သူဌေးအား ပြလိုရကား-

၂၀၇။ ယေကေစိ မေ မစ္ဆရိနော ကဒရိယာ၊
ပရိဘာသကာ သမဏဗြာဟ္မဏာနံ။
ဣဓေဝ နိက္ခိပ္ပ သရီရဒေဟံ၊
ကာယဿ ဘေဒါ နိရယံ ဝဇန္တိ။

ဟူသော ဤဂါထာကို ဆို၏။

၂၀၇။ မဟာသေဋ္ဌိ၊ သူဌေးကြီး။ မစ္ဆရိနော၊ ဝန်တိုပိတ်ပင်တတ်ကုန်သော။ ကဒရိယာ၊ စဉ်းလဲခက်ထန်ကုန်သော။ ယေကေစိ၊ အလုံးစုံကုန်သော။ ဣမေ၊ ဤသူတို့သည်လည်းကောင်း။ သမဏဗြာဟ္မဏာနံ၊ မကောင်းမှုကို ငြိမ်းစေပြီးသောသူ မကောင်းမှုကို အပပြုပြီးသောသူတို့ကို။ ပရိဘာသကာ၊ ဆဲရေးရေရွတ်တတ်ကုန်သော သူတို့သည်လည်းကောင်း။ ဣဓေဝ၊ ဤလူ့ပြည်၌သာလျှင်။ သရီရဒေဟံ၊ သရီရဟူ၍ဆိုအပ်သော ကိုယ်ကို။ နိက္ခိပ္ပ၊ စွန့်၍။ ကာယသ၊ ကရဇကာယ၏။ ဘေဒါ၊ ပျက်သည်မှ။ ပရံ၊ နောက်၌။ နိရယံ၊ ငရဲသို့။ ဝဇန္တိ၊ သွားရကုန်၏။

ကုသိုလ်ပြုကံ နတ်ပြည်စံ

ဤဂါထာဖြင့် ဝန်တိုစဉ်းလဲသောသူသည် ငရဲသို့ လားရခြင်းကိုဆိုပြီး၍ ဝန်တိုခြင်းကင်းသဖြင့် ကုသိုလ်ကမ္မပထတရားဆယ်ပါး၌ တည်ကုန်သောသူတို့၏ နတ်ပြည်သို့ ရောက်ခြင်းကို ပြလိုရကား-

၂၀၈။ ယေကေစိမေ သုဂ္ဂတိမာသမာနာ၊
ဓမ္မေ ဋ္ဌိတာ သံယမေ သံဝိဘာဂေ။
ဣမေ နိက္ခိပ္ပ သရီဒေဟံ၊
ကာယဿ ဘေဒါ သုဂတိံ ဝဇန္တိ။

ဟူသော ဤဂါထာကို ဆို၏။

၂၀၈။ မဟာသေဋ္ဌိ၊ သူဌေးကြီး။ သုဂတိံ၊ သုဂတိဘဝကို။ အာသမာနာ၊ တောင့်တကုန်သော။ ဓမ္မေ စ၊ ကုသိုလ်ကမ္မပထတရား ဆယ်ပါး၌လည်းကောင်း။ သံယမေ စ၊ ကိုယ်နှုတ်နှလုံး စောင့်စည်းခြင်း၌လည်းကောင်း။ သံဝိဘာဂေ စ၊ ခွဲခြမ်းဝေဖန်၍ သုံးဆောင်ခြင်း၌လည်းကောင်း။ ဌိတာ၊ တည်ကုန်သော။ ယေကေစိ၊ ခပ်သိမ်းကုန်သော။ ဣမေ၊ ဤသူတို့သည်။ ဣဓေဝ၊ ဤလူ့ပြည်၌သာလျှင်။ သရီရဒေဟံ၊ သရီရဟုဆိုအပ်သော ကိုယ်ကို။ နိက္ခိပ္ပ၊ စွန့်၍။ ကာယဿ ဘေဒါ၊ ကိုယ်ခန္ဓာ ပျက်သည်မှ။ ပရံ၊ နောက်၌။ သုဂတိံ၊ သုဂတိဘဝသို့။ ဝဇန္တိ၊ လားကုန်၏။

အမှန်ကို ပြောပြခြင်း

ဤသို့ ပြဆိုပြီး၍ ကောသိယသူဌေး... ငါတို့သည် သင့်အထံသို့ နို့ဃနာအလိုငှာ မလာကုန်၊ စင်စစ်သော်ကား သနားသောကြောင့် သင့်ကို စောင့်ရှောက်လိုသည်ဖြစ်၍ လာကုန်၏ဟုဆို၍ ထိုသူဌေးအား အကြောင်းကို ကြားလို

ရကား-

၂၀၉။ တွံ နောသိ ဉာတိ ပုရိမာသု ဇာတိသု၊
သော မစ္ဆရီ ရောသကော ပါပဓမ္မော။
တဝေဝ အတ္ထာယ ဣဓာဂတမှာ၊
မာ ပါပဓမ္မော နိရယံ ဂမိတ္ထ။

ဟူသော ဤဂါထာကို ဆို၏။

၂၀၉။ မဟာသေဋ္ဌိ၊ သူဌေးကြီး။ တွံ၊ သင်သည်။ ပုရိမာသု ဇာတိသု၊ ရှေးဘဝတို့၌။ နော၊ ငါတို့၏။ ဉာတိ၊ အဆွေအမျိုးသည်။ အသိ၊ ဖြစ်၏။ ရောသကော၊ ချုပ်ချယ်တတ်သော။ သော တွံ၊ ထိုသင်သည်။ မစ္ဆရီ၊ ဝန်တိုပိတ်ပင်တတ်၏။ ပါပဓမ္မော၊ ယုတ်မာသော အကျင့်ရှိ၏။ တဝေဝ၊ သင်၏သာလျှင်။ အတ္ထာယ၊ အကျိုးငှာ။ ဣဓ၊ ဤအရပ်သို့။ အာဂတာ၊ လာကုန်သည်။ အမှာ၊ ဖြစ်ကုန်၏။ ပါပဓမ္မော၊ ယုတ်မာသော အကျင့်ရှိသောသင်သည်။ နိရယံ၊ ငရဲသို့။ မာ ဂမိတ္ထ၊ မရောက်စေသတည်း။

ဆုံးမတော်မူကြပါ

ထိုစကားကိုကြား၍ ကောသိယသူဌေးသည် ဤသူတို့သည် ငါ၏အကျိုးစီးပွားကို အလိုရှိကုန်သတတ်၊ ငါ့ကို အပါယ်ငရဲမှ ထုတ်ဆောင်၍ နတ်ပြည်၌ တည်စေလိုကုန်သတတ်ဟု နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ မိမိကိုဆုံးမစိမ့်သောငှာ သိကြားမင်းအား တိုက်တွန်းလိုရကား-

၂၁၀။ အဒ္ဓါ မံ ဝေါ ဟိတကာမာ၊ ယံ မံ သမနုသာသထ။
သောဟံ တထာ ကရိဿာမိ၊
သဗ္ဗံ ဝုတ္တံ ဟိတေသိဘိ။
၂၁၁။ ဧသာဟ မဇ္ဇေဝ ဥပရမာမိ၊
န စာဟံ ကိဉ္စိ ကရေယျ ပါပံ။
န စာပိ မေ ကိဉ္စိ အဒေယျ မတ္ထိ၊
န စာပိ ဒတွာ ဥဒကံ ပိဝါမိ။
၂၁၂။ ဧဝဉ္စ မေ ဒဒတော သဗ္ဗကာလံ၊
ဘောဂါ ဣမေ ဝါသဝ ခီယိဿန္တိ။
တတော အဟံ ပဗ္ဗဇိဿာမိ သက္က၊
ဟိတွာန ကာမာနိ ယထောဓိကာနိ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၂၁၀။ သက္က၊ သိကြားနတ်မင်း။ အဒ္ဓါ၊ စင်စစ်။ ဝေါ၊ အရှင်နတ်မင်းတို့သည်။ မံ၊ အကျွန်ုပ်ကို။ ယံ-ယေန၊ အကြင့်ကြောင့်။ သမနုသာသထ၊ ဆုံးမတော်မူကုန်၏။ တေန၊ ထိုသို့ ဆုံးမတော်မူသောကြောင့်လျှင်။ မံ-မမ၊ အကျွန်ုပ်၏။ ဟိတကာမာ၊ အစီးအပွားကို အလိုရှိတော်၏။ ယထာ၊ အကြင်အခြင်းဖြင့်။ ဝဒထ၊ ဆိုတော်မူပါကုန်။ တထာ၊ ထိုအခြင်းဖြင့်။ ဟိတေသီဘိ၊ စီးပွားကို အလိုရှိကုန်သော အရှင်နတ်မင်းတို့သည်။ ဝုတ္တံ၊ မိန့်တော်မူအပ်သော။ သဗ္ဗံ၊ အလုံးစုံကို။ အဟံ၊ ထိုအကျွန်ုပ်သည်။ ကရိဿာမိ၊ လိုက်နာပါအံ့။

၂၁၁။ သက္က၊ သိကြားမင်း။ သော အဟံ၊ ထိုအကျွန်ုပ်သည်။ အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ မစ္ဆရိယဘာဝတော၊ ဝန်တိုပိတ်ပင်သည်၏အဖြစ်မှ။ ဥပရမာမိ၊ ရှောင်ကြဉ်ပါအံ့။ အဟံ၊ အကျွန်ုပ်သည်။ ကိဉ္စိ၊ အနည်းငယ်သော။ ပါပံ၊ မကောင်းမှုကို။ န ကရေယျုံ၊ မပြုပါပြီ။ မေ၊ အကျွန်ုပ်အား။ အဒေယျံ၊ မပေးမလှူသော။ ကိဉ္စိပိ၊ အနည်းငယ်သော ဝတ္ထုသည်လည်း။ န စ အတ္ထိ၊ မရှိရပါပြီ။ ဥဒကံပိ၊ တလက်ဖက်မျှသော ရေကိုလည်း။ အဒတွာ၊ မပေးမလှူမူ၍။ န စ ပိဝါမိ၊ မသောက်ပါအံ့။

၂၁၂။ ဝါသဝ၊ သိကြားမင်း။ ဧဝဉ္စ၊ ဤဆိုအပ်ပြီးသော အပြားအားဖြင့်။ သဗ္ဗကာလေ၊ ခပ်သိမ်းသောကာလ၌။ ဒဒတော၊ ပေးလှူသော။ မေ၊ အကျွန်ုပ်၏။ ဣမေ ဘောဂါ၊ ဤဥစ္စာတို့သည်။ ခီယိဿန္တိ၊ ကုန်ကုန်လတ္တံ့။ သက္က၊ သိကြားမင်း။ တတော၊ ထိုသို့ကုန်သောအခါမှ။ အဟံ၊ အကျွန်ုပ်သည်။ ယထာဓိကာနိ၊ အကြင်အကြင် အဖို့ဖြစ်ကုန်သော။ ကာမာနိ၊ ကာမဂုဏ်တို့ကို။ ဟိတွာန၊ စွန့်၍။ ပဗ္ဗဇိဿာမိ၊ ရဟန်းပြုပါအံ့။

သိကြားနတ်မင်းသည် မစ္ဆရိယကောသိယသူဌေးကို ဆုံးမသဖြင့် ယဉ်ကျေးသည်ကိုပြု၍ တရားဟောသဖြင့် အလှူဒါန၏အကျိုးကို သိစေပြီးလျှင် ငါးပါးသောသီလတို့၌ တည်စေ၍ ထိုနတ်သား လေးယောက်တို့နှင့်တကွ နတ်ပြည်သို့သာလျှင် ကြွတော်မူ၏။

ရသေ့ဝတ်လေပြီ

မစ္ဆရိယကောသိယ သူဌေးသည်လည်း မြို့သို့ဝင်ပြီးလျှင် မင်းကိုခွင့်ပြုစေ၍ ယူခဲ့တိုင်း ယူခဲ့တိုင်းသော ခွက်တို့ကိုပြည့်စေ၍ အလိုရှိတိုင်း ယူစေကုန်သတည်းဟု ဆို၍ အလှူခံဖုန်းတောင်း ယာစကာတို့အား ဥစ္စာကိုပေးစွန့်၍ ထိုဥစ္စာကုန်ပြီးသော် တောထွက်၍ ဟိမဝန္တာမှ တောင်ဘက်နံပါး၌ ဂင်္ဂါ၏လည်းကောင်း၊ တစ်ခုသာ ဇာတသရအိုင်၏ လည်းကောင်း၊ အလယ်ကြား၌ သစ်ရွက်မိုးသောကျောင်းကို ဆောက်ပြီးလျှင် ရဟန်းပြု၍ တောသစ်မြစ်သစ်သီးဟု ဆိုအပ်သော အစာရှိသည်ဖြစ်၍ ထိုဟိမဝန္တာ၌ ကြာမြင့်စွာနေ၍ အိုခြင်းသို့ ရောက်၏။

နာရဒရသေ့ ပြဿနာပြုခြင်း

ထိုအခါ သိကြားမင်းအား အာသာ, သဒ္ဓါ, သိရီ, ဟိရီ ဟူသော သမီးတော်လေးယောက်တို့သည် ရှိကုန်၏။ ထို နတ်သမီးလေးယောက်တို့သည် များစွာကုန်သော နတ်ပန်းတို့ကိုယူခဲ့၍ ရေကစားအံ့သောငှာ အနဝတတ်အိုင်သို့ သွားကုန်၍ ထိုအနဝတတ်အိုင်၌ ရေကစားပြီးလျှင် ဆေးဒန်းမြင်းသီလာ ကျောက်အပြင်၌ နေကုန်၏။ ထိုခဏ၌ နာရဒအမည်ရှိသော ပုဏ္ဏားရသေ့သည် တာဝတိံသာနတ်ပြည်သို့ နေ့သန့်ခြင်းငှာသွား၍ နန္ဒဝန်ဥယျာဉ် စိတ္တလတာဥယျာဉ်တို့၌ နေ့သန့်ခြင်းကိုပြုပြီးလျှင် ပင်လယ်ကသစ်ပွင့်ကို ထီးကဲ့သို့ အရိပ်အလို့ငှာဆောင်းလျက် နတ်သမီးတို့နေသော ကျောက်ဖျာအပြင်၏ အထက်အဖို့ဖြင့် မိမိနေရာဖြစ်သော ရွှေဂူသို့သွား၏။ ထိုအခါ ထိုနတ်သမီး လေးယောက်တို့သည် နာရဒရသေ့လက်၌ ထိုပင်လယ်ကသစ်ပွင့်ကိုမြင်၍ တောင်းကြကုန်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၂၁၃။ နဂုတ္တမေ ဂိရိဝရေ ဂန္ဓမာဒနေ၊
မောဒန္တိ တာ ဒေဝဝရာဘိပါလိတာ။
အထာဂမာ ဣသိဝရော သဗ္ဗလောကဂူ၊
သုပုပ္ဖိတံ ဒုမဝရသာခမာဒိယ၊
၂၁၄။ သုစိံ သုဂန္ဓံ တိဒသေဟိ သက္ကတံ။
ပုပ္ဖုတ္တမံ အမရဝရေဟိ သေဝိတံ။
အလဒ္ဓ မစ္စေဟိ ဝ ဒါနဝေဟိ ဝါ။
အညတြ ဒေဝေဟိ တဒါရဟံ ဟိဒံ။
၂၁၅။ တတော စတဿော ကနကတ္တစူပမာ၊
ဥဋ္ဌာယ နာရိယော ပမဒါဓိပါ မုနိံ။
အာသာ စ သဒ္ဓါ စ သိရီ တတော ဟိရီ၊
ဣစ္စဗြဝုံ နာရဒ ဒေဝ ဗြာဟ္မဏံ။
၂၁၆။ သစေ အနုဒ္ဒိဋ္ဌံ တယာ မဟာမုနိ၊
ပုပ္ဖံ ဣမံ ပါရိစ္ဆတ္တသ ဗြာဟ္မေ။
ဒဒါဟိ နော သဗ္ဗာ ဂတိ တေ ဣဇ္ဈတု၊
တုဝမ္ပိ နော ဟောတိ ယထေဝ ဝါသဝေါ။
၂၁၇။ တံ ယာစမာနာ ဘိသမေက္ခ နာရဒေါ၊
ဣစ္စဗြဝီ သံကလဟံ ဥဒီရယိ။
န မယှမတ္ထတ္ထိ ဣမေဟိ ကောစိ နံ၊
ယာယေဝ ဝေါ သေယျသိသာ ပိဠန္ဓထ။

ဟူသော ဤငါးဂါထာတို့ကို ဟောတော်မူ၏။

၂၁၃။ ဘိက္ခဝေ၊ ရဟန်းတို့။ ဂိရိဝရေ၊ ဂိရိဝရဟုဆိုအပ်သော။ ဂန္ဓမာဒနေ၊ ဂန္ဓမာဒနအမည်ရှိသော။ နဂုတ္တမေ၊ မြတ်သောတောင်၌။ ဒေဝဝရာဘိပါလိတာ၊ သိကြားမင်းသည် စောင့်အပ်သာ။ တာ၊ ထိုနတ်သမီးလေးယောက်တို့သည်။ မောဒန္တိ၊ ဝမ်းမြောက်စွာ ရေကစားကုန်၏။ သဗ္ဗလောကဂူ၊ အလုံးစုံသော လူ့ပြည်နတ်ပြည်သို့ သွားခြင်းငှာ စွမ်းနိုင်သော။ ဣသိဝရော၊ နာရဒရသေ့မြတ်သည်။ သုပုပ္ဖိတံ၊ ကောင်းစွာပွင့်သော။ ဒုမဝရသာခံ၊ ပင်လယ်ကသစ်ခက်ကို။ အဒိယ၊ ယူ၍။ ဣဓ၊ ဤအရပ်သို့။ အာဂမာ၊ ကြွလာ၏။

၂၁၄။ ဘိက္ခဝေ၊ ရဟန်းတို့။ သုစိံ၊ စင်ကြယ်သော။ သုဂန္ဓံ၊ ကောင်းသော အနံ့ရှိသော။ တိဒသေဟိ၊ တာဝတိံသာ နတ်တို့သည်။ သက္ကတံ၊ အရိုအသေပြုအပ်သော။ အမရဝရေဟိ၊ နတ်မြတ်တို့သည်။ သေဝိတံ၊ မှီဝဲအပ်သော။ ဥတ္တမံ၊ မြတ်သော။ ပုပ္ဖံ၊ ပင်လယ်ကသစ်ပန်းကို။ ဒေဝေဟိ၊ နတ်တို့ကို။ အညတြ၊ ထား၍ မစ္စေဟိ ဝါ၊ နတ်တို့မှတစ်ပါးသော လူတို့သည်လည်းကောင်း။ ဒါနဝေဟိ ဝါ၊ ဒါနောဘီလူးတို့သည်လည်း။ အလဒ္ဓံ၊ မရအပ်။ ဣဒံ၊ ဤပင်လယ်ကသစ်ပန်းသည်။ တဒါရဟံ၊ ထိုနတ်တို့အားသာလျှင် ထိုက်၏။

၂၁၅။ ဘိက္ခဝ၊ ရဟန်းတို့။ တတော၊ ထို့နောင်မှ။ ကနကတ္တစူပမာ၊ ရွှေအဆင်းနှင့်တူသော အရေရှိကုန်သော။ ပမဒါဓိပါ၊ မိန်းမတကာတို့ထက် မြတ်ကုန်သော။ အာသာ စ၊ အာသာလည်းကောင်း။ သဒ္ဓါ စ၊ သဒ္ဓါလည်းကောင်း။ သိရီစ၊ သိရီလည်းကောင်း။ တတော၊ ထိုမှတစ်ပါး။ ဟိရီ စ၊ ဟိရီလည်းကောင်း။ ဣတိ၊ ဤသို့။ စတဿော၊ လေးယောက်ကုန်သာ။ နာရိယော၊ နတ်တမီးတို့သည်။ ဥဋ္ဌာယ၊ နေရာမှထကုန်၍။ မုနိံ၊ ရသေ့ဖြစ်သော။ ဗြာဟ္မဏံ၊ မကောင်းမှုကို အပပြုပြီးသော။ နာရဒံ ဧဝ၊ နာရဒကိုသာလျှင်။ ဣတိ ဣဒံ၊ ဤစကားကို။ အဗြဝုံ၊ ဆိုကုန်၏။

၂၁၆။ ဗြာဟ္မေ၊ မကောင်းမှုကို အပပြုတော်မူပြီးသော။ မဟာမုနိ၊ မြတ်သောရှင်ရသေ့။ တယာ၊ ရှင်ရသေ့သည်။ သစေ၊ အကယ်၍။ အနုဒ္ဒိဋ္ဌံ၊ မရည်သေးသည် ဖြစ်အံ့။ ဧဝံ၊ ဤသို့ မရည်သေးသည်ရှိသော်။ ပါရိစ္ဆတ္တဿ၊ ပင်လယ်ကသစ်ပင်၏။ ဣမံ ပုပ္ဖံ၊ ဤအပွင့်ကို။ နော၊ အကျွန်ုပ်တို့အား။ ဒဒါဟိ၊ ပေးတော်မူလော့။ တေ၊ အရှင်ဘုရားအား။ သဗ္ဗာ၊ အလုံးစုံသော။ ဂတိ၊ စိတ်အလိုရှိတိုင်းသည်။ ဣဇ္ဈတု၊ ပြည့်စုံပါစေသတည်း။ နော၊ အကျွန်ုပ်တို့၏။ ဝါသဝေါ ယထေဝ၊ အဖသိကြားမင်းကဲ့သို့လျှင်။ တုဝမ္ပိ၊ အရှင်ဘုရားသည်လည်း။ ဟောဟိ၊ ဖြစ်တော်မူပါလော့။

၂၁၇။ ဘိက္ခဝေ၊ ရဟန်းတို့။ တံ၊ ထိုပင်လယ်ကသစ်ပွင့်ကို။ ယာစမာနာ၊ တောင်းကုန်သောနတ်သမီးတို့ကို။ နာရဒေါ၊ နာရဒရသေ့သည်။ အဘိသမေက္ခ၊ စုံစမ်းဆင်ခြင်၍။ ဣတိ ဣဒံ၊ ဤစကားကို။ အဗြဝိ၊ ဆိုလေ၏။ သင်္ကလဟံ၊ ငြင်းခုံခြင်းနှင့်တကွသော စကားကို။ ဥဒီရယိ၊ မြွက်ဆို၏။ ဒေဝဓီတာယော၊ နတ်သမီးတို့။ မယှံ၊ ငါ့အား။ ဣမေဟိ၊ ဤပင်လယ်ကသစ်ပန်းတို့ဖြင့်။ ကောစိနံ၊ အနည်းငယ်သော။ အတ္ထိ၊ အလိုသည်။ န အတ္ထိ၊ မရှိ။ ဝေါ၊ သင်တို့ လေးယောက်တို့တွင်။ ယာယေဝ၊ အကြင်နတ်သမီးသည်လျှင်။ သေယျာ၊ အထူးသဖြင့်မြတ်သည်။ အသိ၊ ဖြစ်၏။ သာယေဝ၊ ထိုအထူးသဖြင့်မြတ်သော နတ်သမီးသည်သာလျှင်။ ဣမံ ပုပ္ဖံ၊ ဤကသစ်ပန်းတို့ကို။ ပိဠန္ဓထ၊ ပန်ဆင်လေကုန်။

ထိုလေးယောက်ကုန်သော နတ်သမီးတို့သည် ထိုနာရဒစကားကိုကြားကုန်၍ ထိုအယုတ်အမြတ်ကို ထိုရသေ့ကိုပင်လျှင် စုံစမ်းစိစစ်စိမ့်သောငှာ ပြန်လျှောက်ကြပြန်လိုရကား-

၂၁၈။ တွံ နောတ္တမေဝါဘိသမေက္ခ နာရဒ၊
ယဿိစ္ဆသိ တဿာ အနုပ္ပဝေစ္ဆသု။
ယဿာ ဟိ နော နာရဒ တွံ ပဒဿသိ၊
သာ ယေဝ နော ဟေဟိတိ သေဋ္ဌသမ္မတာ။

ဟူသော ဤဂါထာကို ဆို၏။

၂၁၈။ နာရဒ၊ နာရဒရှင်ရသေ။ တွံ ဧဝ၊ အရှင်ဘုရားသည်သာလျှင်။ ဥတ္တမံ၊ မြတ်သောသူကို။ အဘိသမေက္ခ၊ ရှုတော်မူလော့။ ယဿာ၊ အကြင်နတ်သမီးအား။ တွံ၊ အရှင်ဘုရားသည်။ ဣစ္ဆသိ၊ ပေးခြင်းငှာ အလိုရှိတော်မူ၏။ တဿာ၊ ထိုနတ်သမီးအား။ အနုပ္ပဝေစ္ဆသု၊ ပေးတော်မူလော့။ နာရဒ၊ နာရဒရှင်ရသေ့။ တွံ၊ အရှင်ဘုရားသည်။ နော၊ အကျွန်ုပ်တို့၏။ အန္တရေ၊ အလယ်၌။ ယဿာ၊ အကြင်နတ်သမီးအား။ ပဒဿသိ၊ ပေးတော်မူလတ္တံ့။ သာယေဝ၊ ထိုနတ်သမီးသည်သာလျှင်။ နော၊ အကျွန်ုပ်တို့၏။ အန္တရေ၊ အလယ်၌၊ သေဋ္ဌသမ္မတာ၊ အမြတ်ဟူ၍ သမုတ်အပ်သည်။ ဟေဟိတိ၊ ဖြစ်လတ္တံ့။

သိကြားမင်းထံ မေးကြ

ထိုနတ်သမီးတို့၏ စကားကိုကြား၍ နာရဒရှင်ရသေ့သည် ထိုနတ်သမီးတို့ကိုခေါ်၍ သိကြားမင်းကို မေးစေလိုကား-

၂၁၉။ အကလ္လမေတံ ဝစနံ သုဂတ္တေ၊
ကော ဗြာဟ္မဏော ကလဟံ ဥဒိရယေ။
ဂန္တွာန ဘူတာဓိပမေဝ ပုစ္ဆထ၊
သစေ န ဇာနာထ ဣဓုတ္တမာဓမံ။

ဟူသော ဤဂါထာကို ဆို၏။

၂၁၉။ သုဂတ္တေ၊ ကောင်းသောကိုယ်ရှိသော နတ်သမီးတို့။ ဧတံဝစနံ၊ ဤသင်တို့စကားသည်။ မေ၊ ငါ့အား။ အကလ္လံ၊ မသင့်။ ကော ဗြာဟ္မဏော၊ အဘယ်ရသေ့ရဟန်းသည်။ ကလဟံ၊ ငြင်းခုံခြင်းကို။ ဥဒီရယေ၊ ပွားစေအံ့နည်း။ ဣဓ၊ ဤအရပ်၌။ တုမှ၊ သင်တို့သည်။ ဥတ္တမာဓမံ၊ အမြတ်အယုတ်ကို။ သစေ န ဇာနာထ၊ အကယ်၍ မသိကြကုန်အံ့။ ဧဝံ၊ ဤသို့ မသိကြကုန်သည်ရှိသော်။ ဣတော၊ ဤအရပ်မှ။ ဂန္တွာန၊ သွားကုန်၍။ ဘူတာဓိပမေဝ၊ အဖသိကြားမင်းကိုသာလျှင်။ ပုစ္ဆထ၊ မေးကြကုန်လော့။

ထို့နောင်မှ နတ်သမီးတို့သည်သွား၍ အဖသိကြားမင်းကို မေးလျှောက်ကြကုန်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၂၂၀။ တာ နာရဒေန ပရမပ္ပကောပိတာ၊
ဥဒီရိတာ ဝဏ္ဏမဒေန မတ္တာ။
သံကာသံ ဂန္တွာန သဟဿစက္ခုနော၊
ပုစ္ဆိံသု ဘူတာဓိပံ ကာ နု သေယျသိ-

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၂၂၀။ ဘိက္ခဝေ၊ ရဟန်းတို့။ နာရဒေန၊ နာရဒရသေ့သည်။ ဥဒီရိတာ၊ ဆိုအပ်ကုန်သော။ တာ၊ ထိုနတ်သမီးတို့သည်။ ပရမပ္ပကောပိတာ၊ လွန်စွာ အမျက်ထွက်ကုန်သည်ဖြစ်၍။ ဝဏ္ဏမဒေန၊ အဆင်းမာန်ယစ်ခြင်းဖြင့်။ မတ္တာ၊ ယစ်ကုန်သည်ဖြစ်၍။ သဟသစက္ခုနော၊ သိကြားနတ်မင်း၏။ သံကာသံ၊ အထံသို့။ ဂန္တွာန၊ သွားကုန်၍။ တာတ၊ ဖခင်။ အမှေသု၊ အကျွန်ုပ်တို့တွင်။ ကာ၊ အဘယ်သူသည်။ သေယျာ၊ အထူးသဖြင့် မြတ်သည်။ အသိ နု၊ ဖြစ်သနည်း။ ဣတိ၊ ဤသို့။ ဘူတာဓိပံ၊ အဖသိကြားမင်းကို။ ပုစ္ဆိံသု၊ မေးလျှောက်ကြ၏။

သိကြားမင်းသည် သမီးတော်တို့ကိုမြင်၍ ချစ်သမီးတို့၏ အငြင်းအခုံကို အဘယ်သူပြုသနည်းဟု မေးတော်မူ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်

၂၂၁။ တာ ဒိသွာ အာယတ္တမနာ ပုရိန္ဒဒေါ၊

ဣစ္စဗြဝိ ဒေဝဝရော ကတဉ္ဇလီ။

သဗ္ဗာ စ ဝေါ ဟောထ သုဂတ္တေ သာဒိသီ၊

ကောနေဝ ဘဒ္ဒေ ကလဟံ ဥဒီရယိ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၂၂၁။ ဘိက္ခဝေ၊ ရဟန်းတို့။ တာ၊ ထိုနတ်သမီးတို့ကို။ ဒိသွာ၊ မြင်၍။ အာယတ္တမနာ၊ ကြောင့်ကြသော စိတ်ရှိကုန်သည်ဖြစ်၍။ ဒေဝဝရော၊ နတ်မြတ်ဖြစ်သော။ ကတဉ္ဇလီ၊ နတ်တို့သည် လက်အုပ်ချီအပ်သော။ ပုရိန္ဒဒေါ၊ အဖသိကြားမင်းသည်။ ဣတိ ဣဒံ၊ ဤစကားကို။ အဗြဝိ၊ ဆိုလေ၏။ သုဂတ္တေ၊ ကောင်းသောကိုယ်ရှိသော ချစ်သမီးတို့။ သဗ္ဗာ စ၊ အလုံးစုံလည်းဖြစ်ကုန်သာ။ ဝေါ၊ သင်တို့သည်။ သာဒိသီ၊ တူမျှကုန်သည်။ ဟောထ၊ ဖြစ်ကုန်လော့။ ဘဒ္ဒေ၊ ချစ်သမီးတို့။ ဣဓ၊ ဤအရပ်၌။ ကောနေဝ၊ အဘယ်သူသည်လျှင်။ ကလဟံ၊ ငြင်းခုံခြင်းကို။ ဥဒီရယိ၊ ပွားစေသနည်း။

ထိုအခါ သမီးတော်တို့သည် အဖသိကြားမင်းအား ထင်ရှားစွာ တင်လျှောက်ကုန်လိုရကား-

၂၂၂။ ယော သဗ္ဗလောကစ္စရိတော မဟာမုနိ၊
ဓမ္မေ ဌိတော နာရဒေါ သစ္စနိက္ကမော။
သော နောဗြဝိ ဂိရိဝရေ ဂန္ဓမာဒနေ၊
ဂန္တွာန ဘူတာဓိပမေဝ ပုစ္ဆထ။
သစေ န ဇာနာထ ဣဓုတ္တမာဓမံ။

ဟူသော ဤဂါထာကို ဆို၏။

၂၂၂။ ဘူတာဓိပ၊ နတ်တို့၏အရှင်ဖြစ်တော်မူသော။ တာတ၊ ဖခင်နတ်မြတ်။ သဗ္ဗလောကစ္စရိတော၊ အလုံးစုံသော လူ့ပြည်နတ်ပြည်သို့ ကြွသွားနိုင်သော။ ဓမ္မေ၊ ကျင့်ဝတ်တရား၌။ ဌိတော၊ တည်သော။ နာရဒေါ၊ နာရဒအမည်ရှိသော။ သစ္စနိက္ကမော၊ မချွတ်သော လုံ့လရှိသော။ ယော မဟာမုနိ၊ အကြင်ရသေ့မြတ်သည်။ အတ္ထိ၊ ရှိ၏။ သော မဟာမုနိ၊ ထိုရသေ့မြတ်သည်။ ဂန္ဓမာဒနေ၊ ဂန္ဓမာဒန အမည်ရှိသော။ ဂီရိဝရေ၊ တောင်မြတ်၌။ နော၊ အကျွန်ုပ်တို့ကို။ အဗြဝိ၊ ဆို၏။ တုမှေ၊ သင်တို့သည်။ ဣဓ၊ ဤအရပ်၌။ ဥတ္တမာဓမံ၊ မြတ်သည် ယုတ်သည်ကို။ သစေ န ဇာနာထ၊ အကယ်၍ မသိကြကုန်အံ့ ဂန္တွာန၊ သွားကုန်၍။ ဘူတာဓိပမေဝ၊ သင်တို့အဖသိကြားမင်းကိုသာလျှင်။ ပုစ္ဆထ၊ မေးကြလေကုန်။ ဣတိ၊ ဤသို့။ နော၊ အကျွန်ုပ်တို့ကို။ နာရဒေါ၊ နာရဒရသေ့သည်။ အဗြဝိ၊ ဆို၏။

ကောသိယရှင်ရသေ့ထံ သွားမေးကြ

ထိုသို့သမီးတော်တို့ တင်လျှောက်သောစကားကို ကြား၍ အဖသိကြားမင်းသည် ဤလေးယောက်သော နတ်သမီးတို့သည်လည်း ငါ့သမီးတော်ချည်းတည်း၊ အကယ်၍ ငါသည် ဤငါ့သမီးတော် လေးယောက်တို့တွင် တစ်ယောက်သောသမီးသည် ဂုဏ်ကျေးဇူးနှင့် ပြည့်စုံ၏။ မြတ်၏ဟု အကယ်၍ ဆိုငြားအံ့၊ ကြွင်းကုန်သော သမီးတို့သည် ငါ့ကို အမျက်ထွက်ကုန်လတ္တံ့၊ ဤတရားကို ငါသည် ဆုံးဖြတ်ခြင်းငှာ မတတ်ကောင်း၊ ဤငါ့သမီးတော်တို့ကို ဟိမဝန္တာ၌ ကောသိယ ရသေ့အထံသို့ စေလိုက်အံ့၊

ထိုကောသိယရသေ့သည် ထိုနတ်သမီးတို့၏ တရားကို ဆုံးဖြတ်စီရင်လတ္တံ့ ဟုကြံ၍ ငါသည် ချစ်သမီးတို့ အငြင်းအခုံတရားကို မဆုံးဖြတ်အံ့၊ ဟိမဝန္တာ၌ ကောသိယ အမည်ရှိသော ရသေ့သည်ရှိ၏။ ထိုကောသိယရသေ့အား ငါသည် နတ်သုဓာဘုတ်ကို ပို့စေအံ့၊ ထိုကောသိယရသေ့သည် သူတစ်ပါးအား မပေးလှူမူ၍ မစား၊ ပေးလှူ၍သာလျှင် စား၏။ ထိုသို့ ပေးလှူသော်လည်း ရွေးချယ်စိစစ်၍ ဂုဏ်ရှိသောသူတို့အားသာလျှင် ပေးလှူ၏။ သင်တို့လေးယောက်တို့တွင် အကြင်နတ်သမီးသည် ထိုကောသိယရသေ့လက်မှ နတ်သုဓာဘုတ်ကိုရအံ့၊ ထိုနတ်သမီးသည် မြတ်သည် ဖြစ်ပါလတ္တံ့ဟု ဆို၍ ထိုအကြောင်းကို သမီးတော်တို့အား ကြားလိုရကား-

၂၂၃။ အသု ဗြဟာရညစရော မဟာမုနိ၊
နာဒတွာ ဘတ္တံ ဝရဂတ္တေ ဘုဉ္ဇတိ။
ဝိစေယျ ဒါနာနိ ဒဒါတိ ကောသိယော။
ယဿာ ဟိ သော ဒဿတိ သာဝ သေယျသိ။

ဟူသော ဤဂါထာကို ဆို၏။

၂၂၃။ ဝရဂတ်တ၊ မြတ်သောကိုယ်ရှိသော ချစ်သမီးတို့။ ဗြဟာရညစရော၊ တောကြီး၌ နေလေ့ရှိသော။ အသု၊ ဤအမည်ရှိသော။ မဟာမုနိ၊ ကောသိယရသေ့မြတ်သည်။ အဒတွာ၊ သူတစ်ပါးအား မပေးလှူမူ၍။ ဘတ္တံ၊ ထမင်းကို။ န ဘုဉ္ဇတိ၊ မစား။ ဒတွာဝ၊ ပေးလှူ၍သာလျှင်။ ဘုဉ္ဇတိ၊ စား၏။ ကောသိယော၊ ကောသိယ ရှင်ရသေ့သည်။ ဝိစေယျ၊ ရွေးချယ်စိစစ်၍။ ဒါနာနိ၊ အလှူတို့ကို။ ဒဒါတိ၊ ပေးလှူ၏။ ဟိ သစ္စံ၊ မှန်၏။ သော၊ ထိုကောသိယရသေ့သည်။ ယဿာ၊ အကြင်နတ်သမီးအား။ ဒဿတိ၊ ပေးအံ့။ သာဧဝ၊ ထိုနတ်သမီးသည်သာလျှင်။ သေယျာ၊ အထူးသဖြင့် မြတ်သည်။ အသိ၊ ဖြစ်၏။

သိကြားမင်းထံ မေးကြ

ထိုနတ်သမီးတို့၏ စကားကိုကြား၍ နာရဒရှင်ရသေ့သည် ထိုနတ်သမီးတို့ကိုခေါ်၍ သိကြားမင်းကို မေးစေလိုကား-

၂၁၉။ အကလ္လမေတံ ဝစနံ သုဂတ္တေ၊
ကော ဗြာဟ္မဏော ကလဟံ ဥဒိရယေ။
ဂန္တွာန ဘူတာဓိပမေဝ ပုစ္ဆထ၊
သစေ န ဇာနာထ ဣဓုတ္တမာဓမံ။

ဟူသော ဤဂါထာကို ဆို၏။

၂၁၉။ သုဂတ္တေ၊ ကောင်းသောကိုယ်ရှိသော နတ်သမီးတို့။ ဧတံဝစနံ၊ ဤသင်တို့စကားသည်။ မေ၊ ငါ့အား။ အကလ္လံ၊ မသင့်။ ကော ဗြာဟ္မဏော၊ အဘယ်ရသေ့ရဟန်းသည်။ ကလဟံ၊ ငြင်းခုံခြင်းကို။ ဥဒီရယေ၊ ပွားစေအံ့နည်း။ ဣဓ၊ ဤအရပ်၌။ တုမှ၊ သင်တို့သည်။ ဥတ္တမာဓမံ၊ အမြတ်အယုတ်ကို။ သစေ န ဇာနာထ၊ အကယ်၍ မသိကြကုန်အံ့။ ဧဝံ၊ ဤသို့ မသိကြကုန်သည်ရှိသော်။ ဣတော၊ ဤအရပ်မှ။ ဂန္တွာန၊ သွားကုန်၍။ ဘူတာဓိပမေဝ၊ အဖသိကြားမင်းကိုသာလျှင်။ ပုစ္ဆထ၊ မေးကြကုန်လော့။

ထို့နောင်မှ နတ်သမီးတို့သည်သွား၍ အဖသိကြားမင်းကို မေးလျှောက်ကြကုန်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၂၂၀။ တာ နာရဒေန ပရမပ္ပကောပိတာ၊
ဥဒီရိတာ ဝဏ္ဏမဒေန မတ္တာ။
သံကာသံ ဂန္တွာန သဟဿစက္ခုနော၊
ပုစ္ဆိံသု ဘူတာဓိပံ ကာ နု သေယျသိ-

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၂၂၀။ ဘိက္ခဝေ၊ ရဟန်းတို့။ နာရဒေန၊ နာရဒရသေ့သည်။ ဥဒီရိတာ၊ ဆိုအပ်ကုန်သော။ တာ၊ ထိုနတ်သမီးတို့သည်။ ပရမပ္ပကောပိတာ၊ လွန်စွာ အမျက်ထွက်ကုန်သည်ဖြစ်၍။ ဝဏ္ဏမဒေန၊ အဆင်းမာန်ယစ်ခြင်းဖြင့်။ မတ္တာ၊ ယစ်ကုန်သည်ဖြစ်၍။ သဟသစက္ခုနော၊ သိကြားနတ်မင်း၏။ သံကာသံ၊ အထံသို့။ ဂန္တွာန၊ သွားကုန်၍။ တာတ၊ ဖခင်။ အမှေသု၊ အကျွန်ုပ်တို့တွင်။ ကာ၊ အဘယ်သူသည်။ သေယျာ၊ အထူးသဖြင့် မြတ်သည်။ အသိ နု၊ ဖြစ်သနည်း။ ဣတိ၊ ဤသို့။ ဘူတာဓိပံ၊ အဖသိကြားမင်းကို။ ပုစ္ဆိံသု၊ မေးလျှောက်ကြ၏။

သိကြားမင်းသည် သမီးတော်တို့ကိုမြင်၍ ချစ်သမီးတို့၏ အငြင်းအခုံကို အဘယ်သူပြုသနည်းဟု မေးတော်မူ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်

၂၂၁။ တာ ဒိသွာ အာယတ္တမနာ ပုရိန္ဒဒေါ၊

ဣစ္စဗြဝိ ဒေဝဝရော ကတဉ္ဇလီ။

သဗ္ဗာ စ ဝေါ ဟောထ သုဂတ္တေ သာဒိသီ၊

ကောနေဝ ဘဒ္ဒေ ကလဟံ ဥဒီရယိ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၂၂၁။ ဘိက္ခဝေ၊ ရဟန်းတို့။ တာ၊ ထိုနတ်သမီးတို့ကို။ ဒိသွာ၊ မြင်၍။ အာယတ္တမနာ၊ ကြောင့်ကြသော စိတ်ရှိကုန်သည်ဖြစ်၍။ ဒေဝဝရော၊ နတ်မြတ်ဖြစ်သော။ ကတဉ္ဇလီ၊ နတ်တို့သည် လက်အုပ်ချီအပ်သော။ ပုရိန္ဒဒေါ၊ အဖသိကြားမင်းသည်။ ဣတိ ဣဒံ၊ ဤစကားကို။ အဗြဝိ၊ ဆိုလေ၏။ သုဂတ္တေ၊ ကောင်းသောကိုယ်ရှိသော ချစ်သမီးတို့။ သဗ္ဗာ စ၊ အလုံးစုံလည်းဖြစ်ကုန်သာ။ ဝေါ၊ သင်တို့သည်။ သာဒိသီ၊ တူမျှကုန်သည်။ ဟောထ၊ ဖြစ်ကုန်လော့။ ဘဒ္ဒေ၊ ချစ်သမီးတို့။ ဣဓ၊ ဤအရပ်၌။ ကောနေဝ၊ အဘယ်သူသည်လျှင်။ ကလဟံ၊ ငြင်းခုံခြင်းကို။ ဥဒီရယိ၊ ပွားစေသနည်း။

ထိုအခါ သမီးတော်တို့သည် အဖသိကြားမင်းအား ထင်ရှားစွာ တင်လျှောက်ကုန်လိုရကား-

၂၂၂။ ယော သဗ္ဗလောကစ္စရိတော မဟာမုနိ၊
ဓမ္မေ ဌိတော နာရဒေါ သစ္စနိက္ကမော။
သော နောဗြဝိ ဂိရိဝရေ ဂန္ဓမာဒနေ၊
ဂန္တွာန ဘူတာဓိပမေဝ ပုစ္ဆထ။
သစေ န ဇာနာထ ဣဓုတ္တမာဓမံ။

ဟူသော ဤဂါထာကို ဆို၏။

၂၂၂။ ဘူတာဓိပ၊ နတ်တို့၏အရှင်ဖြစ်တော်မူသော။ တာတ၊ ဖခင်နတ်မြတ်။ သဗ္ဗလောကစ္စရိတော၊ အလုံးစုံသော လူ့ပြည်နတ်ပြည်သို့ ကြွသွားနိုင်သော။ ဓမ္မေ၊ ကျင့်ဝတ်တရား၌။ ဌိတော၊ တည်သော။ နာရဒေါ၊ နာရဒအမည်ရှိသော။ သစ္စနိက္ကမော၊ မချွတ်သော လုံ့လရှိသော။ ယော မဟာမုနိ၊ အကြင်ရသေ့မြတ်သည်။ အတ္ထိ၊ ရှိ၏။ သော မဟာမုနိ၊ ထိုရသေ့မြတ်သည်။ ဂန္ဓမာဒနေ၊ ဂန္ဓမာဒန အမည်ရှိသော။ ဂီရိဝရေ၊ တောင်မြတ်၌။ နော၊ အကျွန်ုပ်တို့ကို။ အဗြဝိ၊ ဆို၏။ တုမှေ၊ သင်တို့သည်။ ဣဓ၊ ဤအရပ်၌။ ဥတ္တမာဓမံ၊ မြတ်သည် ယုတ်သည်ကို။ သစေ န ဇာနာထ၊ အကယ်၍ မသိကြကုန်အံ့ ဂန္တွာန၊ သွားကုန်၍။ ဘူတာဓိပမေဝ၊ သင်တို့အဖသိကြားမင်းကိုသာလျှင်။ ပုစ္ဆထ၊ မေးကြလေကုန်။ ဣတိ၊ ဤသို့။ နော၊ အကျွန်ုပ်တို့ကို။ နာရဒေါ၊ နာရဒရသေ့သည်။ အဗြဝိ၊ ဆို၏။

ကောသိယရှင်ရသေ့ထံ သွားမေးကြ

ထိုသို့သမီးတော်တို့ တင်လျှောက်သောစကားကို ကြား၍ အဖသိကြားမင်းသည် ဤလေးယောက်သော နတ်သမီးတို့သည်လည်း ငါ့သမီးတော်ချည်းတည်း၊ အကယ်၍ ငါသည် ဤငါ့သမီးတော် လေးယောက်တို့တွင် တစ်ယောက်သောသမီးသည် ဂုဏ်ကျေးဇူးနှင့် ပြည့်စုံ၏။ မြတ်၏ဟု အကယ်၍ ဆိုငြားအံ့၊ ကြွင်းကုန်သော သမီးတို့သည် ငါ့ကို အမျက်ထွက်ကုန်လတ္တံ့၊ ဤတရားကို ငါသည် ဆုံးဖြတ်ခြင်းငှာ မတတ်ကောင်း၊ ဤငါ့သမီးတော်တို့ကို ဟိမဝန္တာ၌ ကောသိယ ရသေ့အထံသို့ စေလိုက်အံ့၊

ထိုကောသိယရသေ့သည် ထိုနတ်သမီးတို့၏ တရားကို ဆုံးဖြတ်စီရင်လတ္တံ့ ဟုကြံ၍ ငါသည် ချစ်သမီးတို့ အငြင်းအခုံတရားကို မဆုံးဖြတ်အံ့၊ ဟိမဝန္တာ၌ ကောသိယ အမည်ရှိသော ရသေ့သည်ရှိ၏။ ထိုကောသိယရသေ့အား ငါသည် နတ်သုဓာဘုတ်ကို ပို့စေအံ့၊ ထိုကောသိယရသေ့သည် သူတစ်ပါးအား မပေးလှူမူ၍ မစား၊ ပေးလှူ၍သာလျှင် စား၏။ ထိုသို့ ပေးလှူသော်လည်း ရွေးချယ်စိစစ်၍ ဂုဏ်ရှိသောသူတို့အားသာလျှင် ပေးလှူ၏။ သင်တို့လေးယောက်တို့တွင် အကြင်နတ်သမီးသည် ထိုကောသိယရသေ့လက်မှ နတ်သုဓာဘုတ်ကိုရအံ့၊ ထိုနတ်သမီးသည် မြတ်သည် ဖြစ်ပါလတ္တံ့ဟု ဆို၍ ထိုအကြောင်းကို သမီးတော်တို့အား ကြားလိုရကား-

၂၂၃။ အသု ဗြဟာရညစရော မဟာမုနိ၊
နာဒတွာ ဘတ္တံ ဝရဂတ္တေ ဘုဉ္ဇတိ။
ဝိစေယျ ဒါနာနိ ဒဒါတိ ကောသိယော။
ယဿာ ဟိ သော ဒဿတိ သာဝ သေယျသိ။

ဟူသော ဤဂါထာကို ဆို၏။

၂၂၃။ ဝရဂတ္တ၊ မြတ်သောကိုယ်ရှိသော ချစ်သမီးတို့။ ဗြဟာရညစရော၊ တောကြီး၌ နေလေ့ရှိသော။ အသု၊ ဤအမည်ရှိသော။ မဟာမုနိ၊ ကောသိယရသေ့မြတ်သည်။ အဒတွာ၊ သူတစ်ပါးအား မပေးလှူမူ၍။ ဘတ္တံ၊ ထမင်းကို။ န ဘုဉ္ဇတိ၊ မစား။ ဒတွာဝ၊ ပေးလှူ၍သာလျှင်။ ဘုဉ္ဇတိ၊ စား၏။ ကောသိယော၊ ကောသိယ ရှင်ရသေ့သည်။ ဝိစေယျ၊ ရွေးချယ်စိစစ်၍။ ဒါနာနိ၊ အလှူတို့ကို။ ဒဒါတိ၊ ပေးလှူ၏။ ဟိ သစ္စံ၊ မှန်၏။ သော၊ ထိုကောသိယရသေ့သည်။ ယဿာ၊ အကြင်နတ်သမီးအား။ ဒဿတိ၊ ပေးအံ့။ သာဧဝ၊ ထိုနတ်သမီးသည်သာလျှင်။ သေယျာ၊ အထူးသဖြင့် မြတ်သည်။ အသိ၊ ဖြစ်၏။

ဤသို့ ထိုသိကြားမင်းသည် ကောသိယ ရသေ့အထံသို့ သမီးတော်တို့ကို စေလိုက်ပြီးလျှင် မာတလိနတ်သားကိုခေါ်၍ ထိုရသေ့အထံသို့ စေလိုက်ပြန်လိုရကား-

၂၂၄။ အသူ ဟိ ယော သမ္မတိ ဒက္ခိဏဒိသံ၊
ဂင်္ဂါယ တီရေ ဟိမဝန္တပဿနိ။
သ ကောသိယော ဒုလ္လဘပါနဘောဇနော၊
တဿ သုဓံ ပါပယ ဒေဝသာရထိ။

ဟူသော အခြားမရှိသော ဤဂါထာကို ဆို၏။

၂၂၄။ ဒေဝသာရထိ၊ နတ်၏ရထားထိန်းဖြစ်သော။ မာတလိ၊ အမောင်မာတလိ နတ်သား။ အသု၊ ဤအမည်ရှိသော။ ယော ကာသိယော၊ အကြင်ကောသိယ ရသေ့သည်။ ဂင်္ဂါယ၊ ဂင်္ဂါမြစ်၏။ တီရေ၊ ကမ်းနား၌။ ဟိမဝန္တပဿနိ၊ ဟိမဝန္တာ၏နံပါး၌။ ဒက္ခိဏဒိသံ၊ တောင်အရပ်မျက်နှာ၌။ သမ္မတိ၊ နေ၏။ သော ကောသိယော၊ ထိုကောသိယ ရသေ့သည်။ ဒုလ္လဘပါနဘောဇနော၊ ရခဲသော ဘောဇဉ် အဖျာ်ရှိ၏။ မာတလိ၊ အမောင်မာတလိနတ်သား။ တွံ၊ သင်သည်။ တဿ၊ ထိုကောသိယ ရသေ့အား။ သုဓံ၊ နတ်သုဓာဘုတ်ကို။ ပါပယ၊ ပို့လှူပါချေလော့။

နတ်သုဓာဘုတ် အလှူခံရပြီ

မာတလိနတ်သားသည် နတ်သုဓာဘုတ်ကို ဆောင်ယူ၍ ကောသိယရသေ့အား ကပ်လှူ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၂၂၅။ သ မာတလိ ဒေဝဝရေန ပေသိတော၊
သဟဿယုတ္တံ အဘိရုယှ သန္ဒနံ။
သုခိပ္ပမေဝ ဥပဂမ္မ အဿမံ၊
အဒိဿမာနော မုနိနော သုဓံ အဒါသိ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၂၂၅။ ဘိက္ခဝေ၊ ရဟန်းတို့။ တဒါ၊ ထိုအခါ၌။ ဒေဝဝရေန၊ သိကြားနတ်မင်းသည်။ ပေသိတော၊ စေအပ်သော။ သော မာတလိ၊ ထိုမာတလိနတ်သားသည်။ သဟဿယုတ္တံ၊ သိန္ဓောမြင်း တစ်ထောင်ကသော။ သန္ဒနံ၊ ရထားကို။ အဘိရုယှ၊ တက်စီး၍။ သုခိပ္ပံမေဝ၊ အလွန်လျင်မြန်စွာလျှင်။ အဿမံ၊ ကောသိယရသေ့ ကျောင်းသို့။ ဥပဂမ္မ၊ ကပ်ရောက်၍။ အဒိဿမာနော၊ မထင်ရှားသော ကိုယ်ရှိသည်ဖြစ်၍။ မုနိနော၊ ကောသိယရသေ့အား။ သုဓံ၊ နတ်သုဓာဘုတ်ကို။ အဒါသိ၊ လှူလေ၏။

ကောသိယရသေ့သည် ထိုနတ်သုဓာဘုတ်ခွက်ကို ကိုင်၍ ရပ်လျက်လျှင် ထိုမာတလိနတ်သားအား အကြောင်းကို မေးလိုရကား-

၂၂၆။ ဥဒဂ္ဂိဟုတ္တံ ဥပတိဋ္ဌတော ဟိ မေ၊
ပဘင်္ကရံ လောကတမောနုဒုတ္တမံ။
သဗ္ဗာနိ ဘူတာနိ အဓိစ္စ ဝါသဝေါ။
ကော နေဝ မေ ပါဏိသု ကိံ သုဓောဒဟိ။
၂၂၇။ သင်္ခူပမံ သေတမတုလျဒဿနံ၊
သုစိံ သုဂန္ဓံ ပိယရူပမဗ္ဘုတံ။
အဒိဋ္ဌပုဗ္ဗံ မမ ဇာတု စက္ခုဘိ၊
ကာ ဒေဝတာ ပါဏိသု ကိံ သုဓောဒဟိ။

ဟူသော ဤနှစ်ဂါထာတို့၏အပေါင်းကို ဆို၏။

၂၂၆။ ဘော၊ အချင်းတို့။ ဥဒဂ္ဂိ၊ ရေမီးကို။ ဟုတ္တံ၊ ပူဇော်အပ်သည်ဖြစ်၍။ လောကတမောနုဒံ၊ လောက၌ အမိုက်ကို ဖျောက်တတ်သော။ ဥတ္တမံ၊ မြတ်သော။ ပဘင်္ကရံ၊ နေမင်းကို။ ဟိ-သစ္စံ၊ အကယ်လျှင်။ မေ၊ ငါသည်။ ဥပတိဋ္ဌတော၊ ရှိခိုးစဉ်။ သဗ္ဗာနိ၊ အလုံးစုံကုန်သော။ ဘူတာနိ၊ သတ္တဝါတို့ကို။ အဓိစ္စ၊ လွန်၍။ ဝတ္တမာနော၊ ဖြစ်သောသူသည်။ ဝါသဝေါ၊ သိကြားလော။ ကော ဧဝ၊ အဘယ်သူသည်သာလျှင်။ မေ၊ ငါ၏။ ပါဏိသု၊ လက်တို့၌။ ကိံ၊ အဘယ့်ကြောင့်။ သုဓံ၊ နတ်သုဓာဘုတ်ကို။ ဩဒဟိ နု၊ ထားဘိသနည်း။

၂၂၇။ သင်္ခူပမံ၊ ခရုသင်းနှင့်တူသော။ သေတံ၊ ဖွေးဖွေးဖြူသော။ အတုလျဒဿနံ၊ အတုမရှိသော အဆင်းရှိသော။ သုစိံ၊ စင်ကြယ်စွာသော။ သုဂန္ဓံ၊ ကောင်းသောအနံ့ရှိသော။ ပိယရူပံ၊ နှစ်သက်ဖွယ်သော အဆင်းရှိသော။ အဗ္ဘုတံ၊ မဖြစ်ဘူးမြဲသော။ ဇာတု၊ စင်စစ်သဖြင့်။ မမ၊ ငါ၏။ စက္ခုဘိ၊ မျက်စိတို့ဖြင့်။ အဒိဋ္ဌပုဗ္ဗံ၊ ဤဘဝတွင် မမြင်ဖူးသော။ သုဓံ၊ နတ်သုဓာဘုတ်ကို။ ကာ ဒေဝတာ၊ အဘယ်နတ်သားသည်။ ပါဏိသု၊ ငါ၏လက်တို့၌။ ကိံ၊ အဘယ့်ကြောင့်။ ဩဒဟိ၊ ထားဘိသနည်း။

ထို့နောင်မှ မာတလိနတ်သားသည် ကောသိယရသေ့အား အကြောင်းကို လျှောက်လိုရကား -

၂၂၈။ အဟံ မဟိန္ဒေန မဟေသိ ပေသိတော၊
သုဓာဘိဟာသိံ တုရိတော မဟာမုနိ။
ဇာနာသိ မံ မာတလိ ဒေဝသာရထိ၊
ဘုဉ္ဇဿု ဘတ္တုတ္တမ မာဘိဝါရယိ။
၂၂၉။ ဘုတ္တာ စသာ ဒွါဒသ ဟန္တိ ပါပကေ၊
ခုဒ္ဒံ ပိပါသံ အရတိံ ဒရက္လမံ။
ကောဓူပနာဟဉ္စ ဝိဝါဒပေသုဏံ၊
သိတုဏှ တန္ဒိဉ္စ ရသုတ္တမံ ဣဒံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၂၂၈။ မဟေသိ၊ မြတ်သော ကျေးဇူးတရားကို ရှာလေ့ရှိသော။ မဟာမုနိ၊ မြတ်သော ရှင်ရသေ့။ မဟိန္ဒေန၊ သိကြား နတ်မင်းသည်။ ပေသိတော၊ စေတော်မူအပ်သော။ အဟံ၊ အကျွန်ုပ်သည်။ တုရိတော၊ အဆောတလျင်။ သုဓာ၊ နတ်သုဓာဘုတ်တို့ကို။ အဘိဟာသိံ၊ ရှေးရှုဆောင်၏။ ဒေဝသာရထိ၊ နတ်၏ ရထားထိန်းဖြစ်သော။ မာတလိ၊ မာတလိနတ်သားဟူ၍။ မံ၊ အကျွန်ုပ်ကို။ ဇာနာသိ၊ သိတော်မူလော့။ ဥတ္တမံ၊ မြတ်သော။ ဘတ္တံ၊ သုဓာဘုတ်ကို။ ဘုဉ္ဇဿု၊ ဘုဉ်းပေးတော်မူပါလော့။ မာဘိဝါရယိ၊ တားမြစ်တော်မမူပါလင့်။

နတ်ဩဇာ၏စွမ်းအင်

၂၂၉။ ဘ​န္တေ၊ အရှင်ဘုရား။ ဘုတ္တာ၊ သုံးဆောင် အပ်သော။ သာ စ၊ ထိုနတ်သုဓာဘုတ်သည်ကား။ ခုဒ္ဒံ၊ ထမင်းမွတ်ခြင်းကိုလည်းကောင်း။ ပိပါသံ၊ ရေမွတ်ခြင်းကိုလည်းကောင်း။ အရတိံ၊ မမွေ့လျော်ခြင်းကိုလည်းကောင်း။ ဒရက္လမံ၊ ပူပန်ခြင်း ပင်ပန်းခြင်းကိုလည်းကောင်း။ ကောဓံ၊ အမျက်ထွက်ခြင်းကိုလည်းကောင်း။ ဥပနာဟဉ္စ၊ ရန်ငြိုးဖွဲ့ခြင်းကိုလည်းကောင်း။ ဝိဝါဒံ၊ ငြင်းခုံခြင်းကိုလည်းကောင်း။ ပေသုဏံ၊ ကုန်းတိုက်ချောပစ်ခြင်းကိုလည်းကောင်း။ သီတံ၊ အေးခြင်းကိုလည်းကောင်း။ ဥဏှံ၊ အပူကိုလည်းကောင်း။ တန္ဒိဉ္စ၊ ပျင်းရိခြင်းကိုလည်းကောင်း။ ဣတိ၊ ဤသို့။ ပါပကေ ဒွါဒသ၊ တစ်ဆယ့်နှစ်ပါးကုန်သော ယုတ်မာကုန်သော မကောင်းကျိုးတို့ကို။ ဟန္တိ-ဟနတိ၊ ပယ်ဖျောက်တတ်၏။ ဣဒံ၊ ဤနတ်သုဓာဘုတ်သည်။ ရသုတ္တမံ၊ မြတ်သောအရသာတည်း။

ထိုစကားကိုကြား၍ ကောသိယရသေ့သည် မိမိဆောက်တည်သော အကျင့်ဝတ်ကို ထင်ရှားပြလိုရကား-

၂၃၅။ န ကပ္ပတိ မာတလိ မယှ ဘုဉ္ဇိတုံ၊
ပုဗ္ဗေ အဒတွာ ဣတိ မေ ဝတုတ္တမံ။
နစာပိ ဧကာသ္နမရိယပူဇိတံ၊
အသံဝိဘာဂီ စ သုခံ န ဝိန္ဒတိ။

ဟူသော ဤဂါထာကို ဆို၏။

၂၃၀။ မာတလိ၊ မာတလိနတ်သား။ ပုဗ္ဗေ၊ မစားမီ ရှေ့အဖို့၌။ အဒတွာ၊ မပေးလှူဘဲ။ မယှံ၊ ငါ့အား။ ဘုဉ္ဇိတုံ၊ စားခြင်းငှာ။ န ကပ္ပတိ၊ မသင့်။ ဣတိ၊ ဤသို့။ မေ၊ ငါသည်။ ဥတ္တမံ၊ မြတ်သော။ ဝတံ၊ ကျင့်ဝတ်ကို။ သမာဒိန္နံ၊ ဆောက်တည်အပ်၏။ ဧကာသ္နံပိ၊ တစ်ယောက်တည်း စားခြင်းကိုလည်း။ န စ အရိယပူဇိတံ၊ ဘုရားအစရှိသော သူတော်ကောင်းတို့သည် မချီးမွမ်း။ အသံဝိဘာဂီ စ၊ ဝေဖန်ခွဲခြမ်းလေ့ မရှိသောသူသည်လည်း။ သုခံ၊ လူနတ်နိဗ္ဗာန်ချမ်းသာကို။ န ဝိန္ဒတိ၊ မရ။

ဤဂါထာကိုဆိုပြီး၍ အရှင်ဘုရား... အရှင်ဘုရားတို့သည် သူတစ်ပါးတို့အား မပေးလှူမူ၍ စားခြင်း၌ အဘယ်အပြစ်ကိုမြင်၍ ဤကျင့်ဝတ်ကို ဆောက်တည်တော် မူသနည်းဟု မာတလိနတ်သား မေးအပ်သည်ရှိသော် ထိုမာတလိနတ်သားအား ထိုအကြောင်းကို ကြားပြန်လိုရကား-

၂၃၁။ ထီ ဃာတကာ ယေစိမေ ပါရဒါရိကာ၊
မိတ္တဒ္ဒုနော ယေစ သပန္တိ သုဗ္ဗတေ။
သဗ္ဗေ စ တေ မစ္ဆရိယပဉ္စမာဓမာ၊
တသ္မာ အဒတွာ ဥဒကံပိ နာသ္နိယေ။
၂၃၂။ သောဟိတ္ထိယာ ဝါ ပုရိသဿ ဝါ ပန၊
ဒဿာမိ ဒါနံ ဝိဒုသမ္ပဝဏ္ဏိတံ။
သဒ္ဓါ ဝဒညု ဣဓ ဝီတမစ္ဆရာ၊
ဘဝန္တိ ဟေတေ သုစိသစ္စသမ္မတာ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၂၃၀။ မာတလိ၊ မာတလိနတ်သား။ ယေ ဣမေ စ၊ အကြင်သူတို့သည်ကား။ ထီဃာတကာ၊ မိန်းမတို့ကို ညှဉ်းဆဲတတ်ကုန်၏။ ယေစ၊ အကြင်သူတို့သည်ကား။ ပါရဒါရိကာ၊ သူတစ်ပါးမယားကို ပြစ်မှားတတ်ကုန်၏။ ယေစ၊ အကြင်သူတို့သည်ကား။ မိတ္တဒ္ဒုနော၊ အဆွေ ခင်ပွန်းကို ပြစ်မှားတတ်ကုန်၏။ ယေစ၊ အကြင်သူတို့သည်ကား။ သုဗ္ဗတေ၊ ကောင်းသောအကျင့်ရှိကုန်သော ရသေ့ရဟန်းတို့ကို။ သပန္တိ၊ ကျိန်ဆဲရေရွတ်တတ်ကုန်၏။ ယေ၊ အကြင်သူတို့သည်။ မစ္ဆရိယပဉ္စမာ၊ ဝန်တိုခြင်းလျှင် ငါးယောက်မြောက် ရှိကုန်၏။ သဗ္ဗေဝ၊ အလုံးစုံသာလျှင်ဖြစ်ကုန်သာ။ တေ၊ ထိုသူတို့သည်။ အဓမာ၊ သူယုတ်မည်ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ ဥဒကံပိ၊ ရေမျှကိုသော်လည်း။ အဒတွာ၊ သူတစ်ပါးအား မပေးလှူမူ၍။ နာသ္နိယေ၊ ငါမသုံးဆောင်။

၂၃၂။ မာတလိ၊ မာတလိနတ်သား။ သော အဟံ၊ ထိုငါသည်။ ဣတ္ထိယာ ဝါ၊ မိန်းမအားလည်းကောင်း။ ပုရိသဿ ဝါ၊ ယောက်ျားအားလည်းကောင်း။ ပန၊ စင်စစ်။ ဝိဒူသမ္ပဝဏ္ဏိတံ၊ ဘုရားအစရှိသော ပညာရှိသူတော်ကောင်းတို့သည် ချီးမွမ်းအပ်သော။ ဒါနံ၊ အလှူကို။ ဒဿာမိ၊ ပေးလှူအံ့။ ဣဓ၊ ဤလောက၌။ သဒ္ဓါ၊ သဒ္ဓါတရားနှင့်ပြည့်စုံသော။ ဝဒညူ၊ ကောင်းသောစကားကို သိတတ်ကုန်သော။ ဝီတမစ္ဆရာ၊ ဝန်တိုခြင်းကင်းကုန်သော။ ဧတေ၊ ဤသူတို့သည်။ သုစီ၊ စင်ကြယ်ကုန်သည်လည်းကောင်း။ သစ္စသမ္မတာ၊ သူမြတ်ဟူ၍ သမုတ်အပ်ကုန်သည်လည်းကောင်း။ ဘဝန္တိ၊ ဖြစ်ကုန်၏။

ရှင်ရသေ့နှင့် နတ်သမီးများ

ထိုစကားကိုကြား၍ မာတလိနတ်သားသည် ထင်ရှားသောကိုယ်ဖြင့် တည်၏။ ထိုခဏ၌ လေးယောက်ကုန်သော နတ်သမီးတို့သည် အရပ်လေးမျက်နှာတို့၌ ရပ်လာကုန်၏။ သိရီနတ်သမီးသည် အရှေ့အရပ်၌ ရပ်၏။ အာသာနတ်သမီးသည် တောင်အရပ်၌ ရပ်၏။ သဒ္ဓါနတ်သမီးသည် အနောက်အရပ်၌ ရပ်၏။ ဟိရီနတ်သမီးသည် မြောက်အရပ်၌ ရပ်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၂၃၃။ အထော မတာ ဒေဝဝရေန ပေသိတာ၊
ကညာ စတဿော ကနကတ္တစူပမာ။
အာသာ စ သဒ္ဓါ စ သိရီ တတော ဟိရီ၊
တံ အဿမံ အာဂမု ယတ္ထ ကောသိယော။
။ လ။
၂၃၇။ ယဿာဟမိစ္ဆာမိ သုဓံ မဟာမုနိ၊
သော သဗ္ဗကာမေဟိ နရော ပမောဒတိ။
သိရီတိ မံ ဇာနာတိ ဇုဟတုတ္တမ၊
တံ မံ သုဓာယ ဝရပည ဘာဇယ။

ဟူသော ဤငါးဂါထာတို့ကို ဟောတော်မူ၏။

၂၃၃။ ဘိက္ခဝေ၊ ရဟန်းတို့။ အထော၊ ထို့နောင်မှ။ ဒေဝဝရေန၊ သိကြားနတ်မင်းသည်။ မတာ၊ ခွင့်ပြုအပ်ကုန်သော။ ပေသိတာ၊ စေအပ်ကုန်သော။ ကနကတ္တစူပမာ၊ ရွှေအဆင်းနှင့်တူသော အရေရှိကုန်သော။ အာသာ စ၊ အာသာ လည်းကောင်း။ သဒ္ဓါ စ၊ သဒ္ဓါလည်းကောင်း။ သိရီ စ၊ သိရီလည်းကောင်း။ တတော၊ ထိုမှတစ်ပါး။ ဟိရီ စ၊ ဟိရီလည်းကောင်း။ ဣတိ၊ ဤသို့။ စတဿော၊ လေးယောက်ကုန်သော။ ကညာ၊ နတ်သမီးတို့သည်။ ယတ္ထ၊ အကြင်ကျောင်း၌။ ကောသိယော၊ ကောသိယရှင်ရသေ့သည်။ အတ္ထိ၊ ရှိ၏။ တံ အဿမံ၊ ထိုကျောင်းသို့။ အာဂမုံ၊ လာကြကုန်၏။

၂၃၄။ ဘိက္ခဝေ၊ ရဟန်းတို့။ သုဘေန၊ တင့်တယ်စံပယ်သော။ ဝဏ္ဏေန၊ အဆင်းဖြင့်။ အဂ္ဂိနော၊ မီး၏။ သိခါရိဝ၊ အလျှံကဲ့သို့။ စတုဒ္ဒိသာ၊ အရပ်လေးမျက်နှာတို့၌။ စာတုရော၊ တင့်တယ်ခြင်းနှင့် ပြည့်စုံကုန်သော။ စတဿော၊ လေးယောက်ကုန်သော။ တာ ကညာ၊ ထိုနတ်သမီးတို့ကို။ ဒိသွာ၊ မြင်၍။ ကောသိယော၊ ကောသိယရှင်ရသေ့သည်။ သဗ္ဗော ပရမပ္ပမောဒိတော၊ အလုံးစုံ အကြွင်းမရှိ ဝမ်းမြောက်သည်ဖြစ်၍။ မာတလိနော၊ မာတလိနတ်သား၏။ သမ္မုခါဝ၊ မျက်မှောက်၌လျှင်။ ဣတိ-ဣဒံ၊ ဤစကားကို။ အဗြပိ၊ ဆိုလေ၏။

၂၃၅။ ဒေဝတေ၊ နတ်သမီး။ တွံ၊ သင်သည်။ ပုရိမံဒိသံ၊ အရှေ့မျက်နှာ၌။ ပဘာသိ၊ ထွန်းတောက်ပ၏။ ကာ၊ အဘယ်သူနည်း။ အလင်္ကတာ၊ တန်ဆာဆင်သည်ဖြစ်၍။ တာရဝရာ၊ ကြယ်တကာတို့ထက် မြတ်သော။ ဩသဓီဝ၊ သောက်ရှူးကြယ်နှင့် တူ၏။ ကဉ္စနဝေလ္လဝိဂ္ဂဟေ၊ ရွှေရုပ်ကဲ့သို့ ကိုယ်ရှိသော။ ဒေဝတေ၊ နတ်သမီး။ တံ၊ သင့်ကို။ ပုစ္ဆာမိ၊ ငါမေး၏။ တွံ၊ သင်သည်။ ကတမာ၊ အဘယ်မည်သော။ ဒေဝတာ၊ နတ်သ္မီးသည်။ အသိ၊ ဖြစ်သနည်း။ တွံ၊ သင်သည်။ မေ၊ ငါအား။ အာစိက္ခ၊ ပြောကြားလာ။

သိရီနတ်သမီး

၂၃၆။ ဝရပည၊ မြတ်သော ပညာရှိတော်မူသော ရှင်ရသေ့။ အဟံ၊ အကျွန်ုပ်သည်။ သိရီ၊ သိရီအမည်ရှိသော။ ဒေဝီ၊ နတ်သမီးတည်း။ အဟံ၊ အကျွန်ုပ်ကို။ မနုဇေဟိ၊ လူတို့သည်။ ပူဇိတာ၊ ပူဇော်အပ်ကုန်၏။ သဒါ၊ အခါခပ်သိမ်း။ အပါပသတ္တူပနိသေဝိနီ၊ မြတ်သော သတ္တဝါတို့သည်သာ မှီဝဲဆည်းကပ်အပ်ကုန်၏။ သုဓာဝိဝါဒေန၊ သုဓာဘုတ် အငြင်းအခုံကြောင့်။ တဝန္တိံ၊ အရှင်ဘုရား အထံတော်သို့။ အာဂတာ၊ လာရောက်ပါကုန်၏။ တံ တသ္မာ၊ ထို့ကြောင့်။ မံ၊ အကျွန်ုပ်ကို။ သုဓာယံ၊ သုဓာဘုတ်ကို။ ဘာဇယ၊ ပေးတော်မူပါလော့။

၂၃၇။ မဟာမုနိ၊ မြတ်သောရှင်ရသေ့။ အဟံ၊ အကျွန်ုပ်သည်။ ယဿနရဿ၊ အကြင်သူ၏။ သုခံ၊ နတ်သုဓာဘုတ်ကို။ ဣစ္ဆာမိ၊ အလိုရှိ၏။ သော နရော၊ ထိုသူသည်။ သဗ္ဗကာမေဟိ၊ အလုံးစုံသော အလိုဆန္ဒတို့ဖြင့်။ ပမောဒတိ၊ မွေ့လျော်၏။ ဇုဟတံ၊ မီးပူဇော်သောသူတို့ထက်။ ဥတ္တမ၊ မြတ်တော်မူသော အရှင်ရသေ့။ မံ၊ အကျွန်ုပ်ကို။ သိရီတိ၊ သိရီနတ်သမီးဟူ၍။ ဇာနာဟိ၊ သိတော်မူလော့။ ဝရပည၊ မြတ်သော ပညာရှိတော်မူသော ရှင်ရသေ့။ တံ တသ္မာ၊ ထိုကြောင့်။ မံ၊ အကျွန်ုပ်ကို။ သုဓာယံ၊ သုဓာဘုတ်ကို။ ဘာဇယ၊ ပေးတော်မူပါလော့။

ထိုစကားကိုကြား၍ ကောသိယရသေ့သည် ထိုသိရီ နတ်သမီး၏စကားကို ပယ်လိုရကား-

၂၃၈။ သိပ္ပေန ဝိဇ္ဇာစရဏေန ဗုဒ္ဓိယာ၊
နရာ ဥပေတာ ပဂုဏာ သကမ္မုနာ။
တယာ ဝိဟီနာ နလဘန္တိ ကိဉ္စနံ၊
တယိဒံ န သာဓု ယဒိဒံ တယာ ကတံ။
၂၃၉။ ပဿာမိ ပေါသံ အလသံ မဟဂ္ဃသံ၊
သုဒုက္ကုလီနမ္ပိ အရူပိမံ နရံ။
တယာနုဂုတ္တော သိရိ ဇာတိမာမပိ၊
ပေသေတိ ဒါသံ ဝိယ ဘောဂဝါ သုခီ။
၂၄၀။ တံ တံ အသစ္စံ အဝိဘဇ္ဇသေဝိနိံ၊
ဇာနာမိ မူဠှံ ဝိဒုရာနုပါတိနိံ။
န တာဒိသီ အရဟတိ အာသနူဒကံ၊
ကုတော သုဓာ ဂစ္ဆ န မယှ ရုစ္စသိ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၂၃၈။ ဒေဝတေ၊ နတ်သမီး။ သိပ္ပေန၊ ဆင် မြင်း အစရှိသော အတတ်ဖြင့်လည်းကောင်း။ ဝိဇ္ဇာစရဏေန၊ ဗေဒင် သုံးပုံဟုဆိုအပ်သော အတတ်သီလနှင့်လည်းကောင်း။ ဗုဒ္ဓိယာ၊ ပညာနှင့်လည်းကောင်း။ ပဂုဏာ သကမ္မုနာ၊ အားထုတ်အပ်သော မိမိအမှုနှင့်လည်းကောင်း။ ဥပေတာ၊ ပြည့်စုံကုန်သော။ နရာ၊ သတ္တဝါတို့သည်။ သုခံ၊ ချမ်းသာကို။ လဘန္တိ၊ ရကုန်၏။ တယာ၊ သင်သည်ကား။ ဧတေဟိ၊ ထိုအတတ်အစရှိသည်တို့မှ။ ဝိဟီနာ၊ ကင်း၍။ ကိဉ္စနံ၊ စိုးစဉ်းမျှသောဥစ္စာကို။ န လဘန္တိ၊ မရကုန်။ တယာ၊ သင်သည်။ ယံ ဣဒံ၊ အကြင်အမှုကို။ ကတံ၊ ပြုအပ်၏။ တယာ၊ သင်သည်။ ကတံ၊ ပြုအပ်သော။ တံ ဣဒံ၊ ထိုအမှုသည်။ န သာဓု၊ မကောင်း။

၂၃၉။ ပေါသံ၊ ပေါသဟုဆိုအပ်သော။ အလသံ၊ ပျင်းရိသော။ မဟဂ္ဃသံ၊ အစားကြီးသော။ သုဒုက္ကုလိနမ္ပိ၊ အမျိုးယုတ်သည်လည်း ဖြစ်သော။ အရူပိယံ၊ အဆင်းမလှသည်ဖြစ်သော။ နရံ၊ သတ္တဝါကို။ ပဿာမိ၊ ငါမြင်၏။ တယာ၊ သင်သည်။ အနုဂုတ္တော၊ စောင့်ရှောက်အပ်သော။ သိရီ၊ ဘုန်းကျက်သရေရှိသော။ ဇာတိမာအပိ၊ အမျိုးမြတ်သည်လည်းဖြစ်သော။ ဘောဂဝါ၊ ဥစ္စာရှိသော။ သုခီ၊ ချမ်းသာခြင်းရှိသော။ နရော၊ သတ္တဝါကို။ ဒါသံ ဝိယ၊ ကျွန်ကိုကဲ့သို့။ ပေသေတိ၊ စေ၏။

၂၄၀။ တံ-တသ္မာ၊ ထို့ကြောင့်။ အသစ္စံ၊ သစ္စာမစောင့်သော။ အဝိဘဇ္ဇသေဝိနိံ၊ ဝေဖန်ခွဲခြမ်း၍ ဆည်းကပ်လေ့မရှိသော။ မူဠှံ၊ မိုက်မဲတွေဝေသော။ ဝိဒုရာနုပါတိနိံ၊ ပညာရှိကို မဆည်းကပ်တတ်သော။ တံ၊ သင့်ကို။ ဇာနာမိ၊ ငါသိ၏။ တာဒိသီ၊ သင်ကဲ့သို့သောသူသည်။ အာသနူဒကံ၊ နေရာရေကိုမျှလည်း။ န အရဟတိ၊ မထိုက်။ သုဓာ၊ နတ်သုဓာဘုတ်ကို။ ကုတော အရဟတိ၊ အတီမှာထိုက်အံ့နည်း။ မယှံ၊ ငါသည်။ တံ၊ သင့်ကို။ န ရုစ္စတိ၊ မနှစ်သက်။ ဂစ္ဆ၊ သွားလေလော့။

အာသာနတ်သမီး

ထိုသိရီနတ်သမီးသည် ထိုအရပ်၌သာလျှင် ကွယ်လေ၏။ ထို့နောင်မှ အာသာနတ်သမီးနှင့်တကွ စကားပြောလိုရကား-

၂၄၁။ ကာ သုက္ကဒါဌာ ပဋိမုက္ကကုဏ္ဍလာ၊
စိတ္တင်္ဂဒါ ကမ္ဗုဝိမဋ္ဌဓာရိနီ။
ဩသိတ္တဝဏ္ဏံ ပရိဒယှ သောဘသိ။
ကုသဂ္ဂိရတ္တံ အပိဠယှ မဉ္ဇရိံ။
၂၄၂။ မိဂီဝ ဘန္တာ သရစာပဓာရိနာ၊
ဝိရာဓိတာ မန္ဒမိဝ ဥဒိက္ခသိ။
ကော တေ ဒုတိယော ဣဓ မန္ဒလောစနေ၊
န ဘာယသိ ဧကိကာ ကာနနေ ဝနေ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၂၄၁။ ဒေဝတေ၊ နတ်သမီး။ သုက္ကဒါဌာ၊ ဖြူစင်စွာသော သွားရှိသော။ ပဋိမုက္ကကုဏ္ဍလာ၊ ပတ္တမြားနားတောင်းဝတ်သော။ စိတ္တင်္ဂဒါ၊ ဆန်းကြယ်သော ရတနာခုနစ်ပါးတို့ဖြင့် တန်ဆာဆင်ထသော။ ကမ္ဗုဝိမဋ္ဌဓာရိနီ၊ အလွန်ပြေပြစ်သော ရွှေတန်ဆာလည်း ဆင်ထသော။ တွံ၊ သင်ကား။ ကာ၊ အဘယ်သူနည်း။ ဩသိတ္တဝဏ္ဏံ၊ သွန်းလောင်းအပ်သော ရေအယဉ်အဆင်းနှင့်တူသော နတ်ဘွဲ့ဖြူပုဆိုးကို။ ပရိဒယှ၊ ဝတ်ရုံ၍။ ကုသဂ္ဂိ၊ သမန်းမြက်မီးလျံကဲ့သို့။ ရတ္တံ၊ နီသော။ မဉ္ဇရိံ၊ အငုံနှင့်တကွသော အသောကပန်းကုံးကို။ အပိဠယှ၊ ပန်ဆင်၍။ သောဘသိ၊ တင့်တယ်၏။

၂၄၂။ မန္ဒလောစနေ၊ ညှင်းညှင်းသာယာ ပြုံးရယ်၍ ကြည့်တတ်သော။ ဒေဝတေ၊ နတ်သမီး။ သရစာပဓာရိနာ၊ မုဆိုးသည်။ ဝိရာဓိတာ၊ မြားဖြင့်ပစ်၍ ချွတ်ယွင်းသော။ မိဂီ၊ သခင်မသည်။ ဘန္တာ၊ တုန်လှုပ်လျက်။ ဥဒိက္ခသိ ဣဝ၊ ကြည့်သကဲ့သို့။ တွံ၊ သင်သည်။ မန္ဒမိဝ၊ ပြုံးရယ်သကဲ့သို့ ဖြစ်၏။ ဥဒိက္ခသိ၊ ကြည့်၏။ ဣဓ၊ ဤအရပ်၌။ တေ၊ သင်၏။ ဒုတိယာ၊ အဖော်ကား။ ကာ၊ အဘယ်သူနည်း။ ကာနနေ ဝနေ၊ တောကြီး၌။ ဧကိကာ၊ တစ်ယောက်အထီးတည်း။ န ဘာယသိ၊ သင် မကြောက်သလော။

ထို့နောင်မှု အာသာနတ်သမီးသည် မိမိလာသောအကြောင်းကို ရသေ့အား လျှောက်လိုရကား-

၂၄၃။ န မေ ဒုတိယော ဣဓမတ္ထိ ကောသိယ၊
မသက္ကသာရပ္ပဘဝမှိ ဒေဝတာ။
အာသာ သုဓာသာယ တဝန္တိမာဂတာ၊
တံ မံ သုဓာယ ဝရပည ဘာဇယ။

ဟူသော ဤဂါထာကို ဆို၏။

၂၄၃။ ကောသိယ၊ ကောသိယရှင်ရသေ့။ ဣဓ၊ ဤအရပ်၌။ မေ၊ အကျွန်ုပ်အား။ ဒုတိယော၊ အဖော်သည်။ န အတ္ထိ၊ မရှိ။ မသက္ကသာရပ္ပဘဝါ၊ တာပတိံသာ နတ်ရွာ၌ဖြစ်သော။ ဒေဝတာ၊ နတ်သမီးသည်။ အမှိ၊ ဖြစ်၏။ အာသာ၊ အာသာအမည်ရှိသော အကျွန်ုပ်သည်။ သုဓာသာယ၊ နတ်သုဓာဘုတ်ကို အလိုရှိသောကြောင့်။ တဝန္တိံ၊ အရှင်ဘုရားအထံသို့။ အာဂတာ၊ လာရောက်ပါ၏။ ဝရပည၊ မြတ်သော ပညာရှိတော်မူသော ရှင်ရသေ့။ တံ တသ္မာ၊ ထို့ကြောင့်။ မံ မမ၊ အကျွန်ုပ်အား။ သုဓာယ၊ နတ်သုဓာဘုတ်ကို။ ဘာဇယ၊ သနားတော်မူလော့။

ထိုအာသာနတ်သမီးစကားကို ကြား၍ ကောသိယရသေ့သည် သင်သည် အကြင်သူကို နှစ်သက်၏။ ထိုနှစ်သက်သော သူအားသာလျှင် တောင့်တခြင်းအကျိုးကို ပြီးစေသဖြင့် အလိုအသာကို ပေးသတတ်၊ အကြင်သူကို သင်သည် မနှစ်သက်၊ ထိုမနှစ်သက်သောသူအား အလို

အာသာကို မပေး၊ သင်သည် အညီအမျှဖြစ်ခြင်းမရှိ၊ အညီအမျှကို ဖျက်ဆီးတတ်၏ဟု ဆို၍ ထိုအကြောင်းကို ပြလိုရကား-

၂၄၄။ အာသာယ ယန္တိ ဝါဏိဇာ ဓနေသိနော၊
နာဝံ သမာရုယှ ပရေန္တိ အဏ္ဏဝေ။
တေ တတ္ထ သီဒန္တိ အထောပိ ဧကဒါ၊
ဇိနာဓနာ ဧန္တိ ဝိနဋ္ဌမာဂတာ။
။ လ။
၂၄၈။ အာသာ ဝိသံဝါဒိကသမ္မတာ ဣမေ၊
အာသေ သုဓာသံ ဝိနယဿု အတ္တနိ။
န တာဒိသီ အရဟတိ အာသနူဒကံ၊
ကုတော သုဓာ ဂစ္ဆ န မယှံ ရုစ္စသိ။

ဟူသော ဤငါးဂါထာတို့ကို ဆို၏။

၂၄၄။ ဒေဝတေ၊ နတ်သမီး။ ဓနေသိနော၊ ဥစ္စာကိုရှာကုန်သော။ ဝါဏိဇာ၊ ကုန်သည်တို့သည်။ အာသာယ၊ အလိုအာသာကြောင့်။ ယန္တိ၊ သွားကုန်၏။ အဏ္ဏဝေ၊ သမုဒ္ဒရာ၌။ နာဝံ၊ လှေသင်္ဘောကို။ သမာရုယှ၊ စီးကုန်၍။ ပရေန္တိ၊ သွားကုန်၏။ တေ၊ ထိုကုန်သည်တို့သည်။ တတ္ထ၊ ထိုသမုဒ္ဒရာ၌။ သီဒန္တိ၊ နစ်ကုန်၏။ အထောပိ၊ ထိုမှတပါးလည်း။ ဧကဒါ၊ တစ်ရံတစ်ခါ၌။ ဇီနာဓနာ၊ ဥစ္စာရှုံးကုန်သည်ဖြစ်၍။ ဧန္တိ၊ လာရကုန်၏။ ဝိနဋ္ဌံ၊ ပျက်စီးခြင်းသို့။ အာဂတာ၊ ရောက်ကုန်၏။

၂၄၅။ ဒေဝတေ၊ နတ်သမီး။ ကဿကာ၊ လယ်လုပ်သော သူတို့သည်။ အာသာယ၊ အလိုအာသာကြောင့်။ ခေတ္တာနိ၊ လယ်တို့ကို။ ကသန္တိ၊ ထွန်ကုန်၏။ ဗီဇာနိ၊ မျိုးစေ့တို့ကို။ ဝပန္တိ၊ စိုက်ပျိုးကုန်၏။ ဥပါယသော၊ အကြောင်းဖြင့်။ ကိစ္စံ၊ အမှုကိစ္စကို။ ကရောန္တိ၊ ပြုကုန်၏။ ဤတိနိပါတေန ဝါ၊ လေဆိုးဖျက်ခြင်း ကြွက်ခဲခြင်း နှံကျခြင်း ကျေးကိုက်ခြင်း, ငမြောင်တောင်ကျခြင်း, ပိုးကျခြင်းဖြင့်လည်းကောင်း။ အဝုဋ္ဌိတာယ ဝါ၊ မိုးခေါင်သဖြင့်လည်းကောင်း။ တေ၊ ထိုလယ်လုပ်သော သူတို့သည်။ တတော၊ ထိုကောက်စပါးမှ။ ကိဉ္စိ၊ အနည်းငယ်သော။ ဖလာဂမံ၊ စပါးသီးကို။ န ဝိန္ဒန္တိ၊ မရကုန်။

၂၄၆။ အထ၊ ထိုမှတစ်ပါး။ အတ္တကာရာနိ၊ မိမိသည် ပြုအပ်သော ယောကျ်ားအမှုတို့ကို။ ကတွာ၊ ပြု၍။ ဘတ္တူသု၊ အရှင်သခင်တို့၏။ ကရောန္တိ၊ အမှုထမ်းကုန်၏။ သုခေသိနော၊ စီးပွားချမ်းသာကို ရှာလေ့ရှိကုန်သော။ နရာ၊ လူတို့သည်။ အာသံ၊ အလိုအာသာကို။ ပုရက္ခတွာ၊ ရှေ့သွားပြု၍။ ကရောန္တိ၊ မင်းမှုထမ်းကုန်၏။ တေ နရာ၊ ထိုသူတို့သည်။ ဘတ္တုရတ္ထာယ၊ အရှင်သခင်အကျိုးငှာ။ အတိဂါဠှိတာ၊ ရန်သူတို့သည် နှိပ်စက်အပ်ကုန်သည်ဖြစ်၍။ ပုန၊ တစ်ဖန်။ ကိဉ္စနံ၊ အနည်းငယ်သော ဥစ္စာကိုမျှ။ အလဒ္ဓ၊ မရမူ၍။ ဒိသာ၊ အရပ်ထက်ဝန်းကျင်တို့သို့။ ပနဿန္တိ၊ ထိုမှ ဤမှ ပြေးဝင်ကုန်၏။

၂၄၇။ ဒေဝတေ၊ နတ်သမီး။ သုခေသိနော၊ ချမ်းသာကို ရှာလေ့ရှိကုန်သော သူတို့သည်။ ဓညဉ္စ၊ စပါးကိုလည်းကောင်း။ ဓနဉ္စ၊ ဥစ္စာကိုလည်းကောင်း။ ဉာတကေ စ၊ အဆွေအမျိုးတို့ကိုလည်းကောင်း။ ဇဟိတွာ၊ စွန့်၍။ အာသာယ၊ တဏှာအာသာကြောင့်။ သဂ္ဂါဓိဂမနာ၊ နတ်ရွာကို ရလိုသည်ဖြစ်၍။ လူခံ၊ ဆင်းရဲငြိုငြင်သော။ တပမ္ပိ၊ ပဉ္စာတပအစရှိသော အကျင့်ကိုလည်း။ စိရတရံ၊ အလွန်ကြာမြင့်စွာ။ တပန္တိ၊ ကျင့်ကုန်၏။ တေ၊ ထိုပဉ္စာတပ အစရှိသောအကျင့် ကျင့်ကုန်သောသူတို့သည်။ ကုမဂ္ဂံ၊ မကောင်းသော ခရီးသို့။ အာရုယု၊ တက်၍။ ဒုဂ္ဂတိံ၊ အပါယ်

လေးပါးကို။ ပူရေန္တိ၊ ပြည့်စေကုန်၏။

၂၄၈။ ဒေဝတေ၊ နတ်သမီး။ ဣမေ၊ ဤသတ္တဝါတို့သည်။ အာသာယ၊ တဏှာအာသာကြောင့်။ ဒုဂ္ဂတိံ၊ အပါယ်လေးပါးသို့။ ဂစ္ဆန္တိ၊ သွားရကုန်၏။ အာသာ၊ အာသာအမည်ရှိသော သင့်ကို။ ဝိသံဝါဒိကသမ္မတာ၊ ချတ်ယွင်းသောစကားကို ဆိုတတ်၏ဟု သမုတ်အပ်၏။ အာသေ၊ အာသာနတ်သမီး။ အတ္တနိ၊ မိမိ၌။ သုဓာယ၊ နတ်သုဓာဘုတ်ကို။ ဝိနယဿု၊ စွန့်လော့။ တာဒိသီ၊ သင်ကဲ့သို့သောသူသည်။ အသနူဒကံပိ၊ နေရာရေကိုမျှလည်း။ န အရဟတိ၊ မထိုက်။ သုဓာ၊ နတ်သုဓာဘုတ်သည်ကား။ ကုတော အရဟသိ၊ အတီမှာထိုက်အံ့နည်း။ မယှံ၊ ငါသည်။ တံ၊ သင့်ကို။ န ရုစ္စတိ၊ မနှစ်သက်။ ဂစ္ဆ၊ သင်သွားလေလော့။

သဒ္ဓါ နတ်သမီး

ထိုအာသာ နတ်သမီးသည်လည်း ထိုကောသိယရသေ့သည် ပယ်အပ်သည်ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်လေ၏။ ထို့နောင်မှ သဒ္ဓါနတ်သမီးနှင့်တကွ စကားပြောပြန်လိုရကား -

၂၄၉။ ဒဒ္ဒလ္လမာနာ ယသသာ ယသဿိနီ၊
ဇိဃညနာမဝှယနံ ဒိသမ္ပတိ။
ပုစ္ဆာမိ တံ ကဉ္စနဝေလ္လိဝိဂ္ဂဟေ၊
အာစိက္ခ မေ တွံ ကတမာသိ ဒေဝတေ။

ဟူသော ဤဂါထာကို ဆို၏။

၂၄၉။ ကဉ္စနဝိဂ္ဂဟေ၊ ရွှေအဆင်းနှင့်တူသော ကိုယ်ရှိသောနတ်သမီး။ ဒဒ္ဒလ္လမာနာ၊ ထွန်းတောက်ပသည်ဖြစ်၍။ ယသသာ၊ အခြံအရံဖြင့်။ ယသဿိနီ၊ များသော အခြံအရံရှိသော။ ဇိဃညနာမဝှယနံ၊ အနောက်ဟူ၍ ယုတ်သောအမည်ဖြင့် ခေါ်ဝေအပ်သော။ ဒိသမ္ပတိ၊ အရပ်မျက်နှာ၏ အကြီးအကဲဖြစ်သော။ ဒေဝဘေ၊ နတ်သမီး။ တွံ၊ သင်သည်ကား။ ကာ၊ အဘယ်မည်သော သူနည်း။ တံ၊ သင့်ကို ပုစ္ဆာမိ၊ ငါမေး၏။ တွံ၊ သင်သည်။ ကတမာ၊ အဘယ်မည်သော နတ်သမီးသည်။ အသိ၊ ဖြစ်သနည်း။ မေ၊ ငါ့အား။ အာစိက္ခ၊ ကြားလော့။

ထို့နောင်မှ ထိုသဒ္ဓါနတ်သမီးသည် ထိုကောသိယရသေ့အား အကြောင်းကို ကြားလျှောက်လိုရကား-

၂၅၀။ သဒ္ဓါဟ ဒေဝီ မနုဇေဟိ ပူဇိတာ၊
အပါပသတ္တူပနိသေဝိနီ သဒါ။
သုဓာဝိဝါဒေန တဝန္တိမာဂတာ၊
တံ မံ သုဓာယ ဝရပည ဘာဇယ။

ဟူသော ဤဂါထာကို ဆို၏။

၂၅၀။ ဝရပည၊ မြတ်သော ပညာရှိတော်မူသော ရှင်ရသေ့။ အဟံ၊ အကျွန်ုပ်သည်။ သဒ္ဓါ၊ သဒ္ဓါအမည်ရှိ၏။ ဒေဝမနုဇေဟိ၊ နတ်လူတို့သည်။ သဒါ၊ အခါခပ်သိမ်း။ ပူဇိတာ၊ ပူဇော်အပ်သော။ ဒေဝီ၊ နတ်သမီးပါတည်း။ အပါပသတ္တူပနိသေဝိနီ၊ မြတ်သောသတ္တဝါတို့သည် ဆည်းကပ်အပ်၏။ ဝရပည၊ မြတ်သော ပညာရှိတော်မူသော အရှင်ရသေ့။ သုဝိဝါဒေန၊ နတ်သုဓာဘုတ်ကို ရသင့် မရသင့် အငြင်းအခုံကြောင့်။ တဝန္တိံ၊ အရှင်ဘုရား၏ အထံသို့။ အာဂတာ၊ လာရောက်ပါ၏။ တံ တသ္မာ၊ ထို့ကြောင့်။ မံ၊ အကျွန်ုပ်ကို။ သုဓာယ၊ နတ်သုဓာဘုတ်ကို။ ဘာဇယ၊ ပေးတော်မူပါလော့။

ထိုအခါ ကောသိယရသေ့သည် ထိုသဒ္ဓါနတ်သမီးကို ပယ်လိုရကား...

၂၅၁။ ဒါနံ ဒမံ စာဂမထောပိ သံယမံ၊

အာဒါယ သဒ္ဓါယ ကရောန္တိ ဟေကဒါ။

ထေယျံ မုသာ ကူဋမထောပိ ပေသုဏံ၊

ကရောန္တိ ဟေကေ ပုန ဝိစ္စုတာ တယာ။

၂၅၂။ ဘရိယာသု ပေါသော သဒိသီသု ပေက္ခဝါ၊

သီလူပပန္နာသု ပတိဗ္ဗတာသုပိ။

ဝိနေတွာန ဆန္ဒံ ကုလိတ္ထိယာသုပိ၊

ကရောတိ သဒ္ဓံ ပုန ကုမ္ဘဒါသိယာ။

၂၅၃။ တွမေဝ သဒ္ဓေ ပရဒါရသေဝိနီ။

ပါပံ ကရောသိ ကုသလမ္ပိ ရိဉ္စသိ။

န တာဒိသီ အရဟတိ အာသနူဒကံ၊

ကုတော သုဓာ ဂစ္ဆ န မယှံ ရုစ္စသိ။

ဟူသော သုံးဂါထာတို့ကို ဆို၏။

၂၅၁။ ဒေဝတေ၊ နတ်သမီး။ ဒါနံ၊ ပေးလှူခြင်းကိုလည်းကောင်း။ ဒမံ၊ ဣန္ဒြေကို ဆုံးမခြင်းကိုလည်းကောင်း။ စာဂံ၊ စွန့်ကြဲခြင်းကိုလည်းကောင်း။ အထောပိ၊ ထိုမှတပါးလည်း။ သံယမံ၊ သီလကို စောင့်ခြင်းကိုလည်းကောင်း။ အာဒါယ၊ အကြောင်းပြု၍။ သဒ္ဓါယ၊ ယုံကြည်သဖြင့်။ ဧကေ၊ အချို့သောသူတို့သည်။ ဧကဒါ၊ တစ်ရံတစ်ခါ၌။ ကရောန္တိ၊ ပြုကုန်၏။ တယာ၊ သင်သည်။ ဝိစ္စုတာ၊ ရွေ့လျားစေအပ်ကုန်သော။ ဧက၊ အချို့သောသူတို့သည်။ ပုန၊ တစ်ဖန်။ ထေယျံ၊ ခိုးဝှက်ခြင်းကိုလည်းကောင်း။ မုသာ၊ ချွတ်လွဲသာစားကိုလည်းကောင်း။ ကူဋံ၊ ချိန်စဉ်းလဲ အသပြာစဉ်းလဲကိုလည်းကောင်း။ အထောပိ၊ ထိုမှတပါးလည်း။ ပေသုဏံ၊ ချောပစ်သော စကားကိုလည်းကောင်း။ ကရောန္တိ၊ ပြုကုန်၏။

၂၅၂။ ဒေဝတေ၊ နတ်သမီး။ ပေက္ခဝါ၊ ဝဏှာနှင့်တကွသော။ ပေါသော၊ ယောကျ်ားသည်။ သဒိသီသု၊ အမျိုးအနွယ် စသည်ဖြင့်တူကုန်သော။ သီလူပပန္နာသု၊ သီလနှင့် ပြည့်စုံကုန်သော။ ပတိဗ္ဗဘာသု၊ လင်ဝတ်နှင့် ပြည့်စုံကုန်သော။ ဘရိယာသုပိ၊ မိမိမယားတို့၌လည်းကောင်း။ ကုလိတ္ထိယာသုပိ၊ အမျိုးနှင့်ပြည့်စုံသော မိန်းမတို့၌လည်းကောင်း။ ဆန္ဒံ၊ တပ်စွန်းခြင်းဆန္ဒကို။ ဝိနေတွာန၊ စွန့်၍။ ပုန၊ တစ်ဖန်။ ကုမ္ဘဒါသိယာ၊ ကျွန်မ၏။ ဝစနံ၊ စကားကို။ သဒ္ဓံ၊ ယုံကြည်ခြင်းကို။ ကရောသိ၊ ပြု၏။

၂၅၃။ သဒ္ဓေ၊ သဒ္ဓါနတ်သမီး။ တွမေဝ၊ သင်သည်သာလျှင်။ ပရဒါရသေဝိနီ၊ သူတစ်ပါးမယားကို သွားလာစေတတ်၏။ တွံ၊ သင်သည်။ ပါပံ၊ မကောင်းမှုကို။ ကရောတိ၊ ပြု၏။ ကုသလံ၊ ကုသိုလ်ကို။ ရိဉ္စသိ၊ အလိုမရှိ။ တာဒိသီ၊ သင်ကဲ့သို့သောသူသည်။ အာသနူဒကံ၊ နေရာရေကိုမျှလည်း။ န အရဟတိ၊ မထိုက်။ သုဓ၊ နတ်သုဓာဘုတ်သည်ကား။ ကုတော အရဟသိ၊ အဘယ်မှာ ထိုက်အံ့နည်း။ မယှံ၊ ငါသည်။ တံ၊ သင့်ကို။ န ရုစ္စတိ၊ မနှစ်သက်။ ဂစ္ဆ၊ သွားလော့။

ဟိရီနတ်သမီး

ကောသိယရသေ့သည် ထိုသဒ္ဓါနတ်သမီးကို ဤသတ္တဝါတို့သည် တစ်စုံတစ်ယောက်သောသူ၏ စကားကိုယုံကြည်၍ ထိုသို့သောအမှုကို ပြုသည်ရှိသော် ပြုအပ်သောအမှုထက် မပြုအပ်သောအမှုကိုလျှင် အလွန်များစွာ ပြုကုန်၏။ ထိုထိုအလုံးစုံကို သင်သည် ပြုစေအပ်သည်မည်၏ ဟု ဆိုလတ်သော် ထို သဒ္ဓါနတ်သမီးသည် ထို အရပ်၌သာလျှင် ကွယ်လေ၏။ ကောသိယရသေ့သည်လည်း မြောက်အရပ်၌တည်သော ဟိရီနတ်သမီးနှင့်တကွ စကားပြောပြန်လိုရကား-

၂၅၄။ ဇိဃညရတ္တိံ အရုဏသ္မိမူဟတေ၊
ယာ ဒိဿတိ ဥတ္တမရူပဝဏ္ဏိနီ။
တထူပမာ မံ ပဋိဘာတိ ဒေဝတေ၊
အာစိက္ခ မေ တွံ ကတမာသိ အစ္ဆရာ။
၂၅၅။ ကာဠာ နိဒါဃေရိဝ အဂ္ဂိဇာရိဝ၊
အနိလေရိတာ လောဟိတပတ္တမာလိနီ။
ကာ တိဋ္ဌသိ မန္ဒ မိဂါဝလောကယံ။
ဘာသေသမာနာဝ ဂိရံ န မုဉ္စသိ။

ဟူသော ဤဂါထာနှစ်ခုတို့၏ အပေါင်းကို ဆို၏။

၂၅၄။ ဒေဝတေ၊ နတ်သမီး။ ဇိဃညရတ္တိံ၊ မိုးသောက်ယံ၌။ အရုဏသ္မိံ၊ နေအရုဏ်သည်။ ဥဟတေ၊ တက်လတ်သော်။ ဥတ္တမရူပဝဏ္ဏိနီ၊ မြတ်သော ကိုယ်အဆင်းကိုဆောင်သော ယာ၊ အကြင် အရှေ့အရပ်၌တည်သော နတ်သမီးနှင့်တူသော နတ်သမီးသည်။ ဒိဿတိ၊ ထင်၏။ အယံ၊ ဤအရပ်၌တည်သော နတ်သမီးသည်။ တထူပမာ၊ ထိုအရှေ့အရပ်၌တည်သော နတ်သမီးနှင့်တူသည်ဖြစ်၍။ ပဋိဘာသိ၊ ထင်၏။ မေ၊ ငါအား။ အာစိက္ခ၊ ကြားလော့။ တွံ၊ သင်သည်။ ကတမာ၊ အဘယ်မည်သော။ အစ္ဆရာ၊ နတ်သမီးသည်။ အသိ၊ ဖြစ်သနည်း။

၂၅၅။ ဒေဝတေ၊ နတ်သမီး။ နိဒါဃေ၊ နွေကာလ၌။ ကာဠာရိဝ၊ ညိုသောနွယ်ကဲ့သို့လည်းကောင်း။ အနိလေရိတာ၊ လေညင်းခတ်အပ်သော။ အဂ္ဂိဇာလာရိဝ၊ မီးလျှံကဲ့သို့လည်းကောင်း။ လောဟိတပတ္တမာလိနီ၊ နီသော အရွက်ရှိသော ပန်းကို ပန်ဆင်သည်ဖြစ်၍။ မန္ဒမိဂါ ဣဝ၊ သမင်ငယ်ကဲ့သို့။ လောကယံ၊ ကြည့်လျက်။ တိဋ္ဌသိ၊ တည်သည်ကား။ ကာ၊ အဘယ်သူနည်း။ ဘာသေသမာနာဝ၊ ငါနှင့်စကားပြောလိုသည် ဖြစ်လျက်လျှင်။ ဂိရံ၊ စကားကို။ န မုဉ္စသိ၊ မလွှတ်။

ထို့နောင်မှ ဟိရီနတ်သမီးသည် ထိုကောသိယရသေ့အား အကြောင်းကို ကြားလျှောက်လိုရကား-

၂၅၆။ ဟိရာဟ ဒေဝီ မနုဇေဟိ ပူဇိတာ။
အပါပသတ္တူပနိသေဝိနီ သဒါ။
သုဓာဝိဝါဒေန တဝန္တိမာဂတာ၊
သာဟံ န သက္ကောမိ သုဓမ္ပိ ယာစိတုံ။
ကောပီနရူပါ ဝိယ ယာစနိတ္ထိယာ။

ဟူသော ဤဂါထာကို ဆို၏။

၂၅၆။ ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ အကျွန်ုပ်သည်။ ဟိရီ၊ ဟိရီအမည်ရှိသော နတ်သမီးတည်း။ အဟံ၊ အကျွန်ုပ်ကို။ ဒေဝနုဇေဟိ၊ နတ်လူတို့သည်။ ပူဇိတာ၊ ပူဇော်အပ်ကုန်၏။ သဒါ၊ အခါခပ်သိမ်း။ အပါပသတ္တူပနိသေဝိနီ၊ မြတ်သောသတ္တဝါတို့ကိုသာ ဆည်းကပ်လေ့ရှိ၏။ သုဓာဝိဝါဒေန၊ နတ်သုဓာဘုတ်ကို ရသင့် မရသင့် အငြင်းအခုံရှိသောကြောင့်။ တဝန္တိံ၊ အရှင်ဘုရား၏အထံသို့။ အာဂတာ၊ လာရောက်ပါ၏။ သာ အဟံ၊ ထိုအကျွန်ုပ်သည်။ သုဓမ္ပိ၊ နတ်သုဓာဘုတ်ကိုလည်း။ ယာစိတုံ၊ တောင်းခြင်းငှာ။ န သက္ကောမိ၊ မဝံ့ပါ။ ဣတ္ထိယာ၊ မိန်းမ၏။ ယာစနာ၊ တောင်းခြင်းသည်။ ကောပီနရူပါ ဝိယ၊ အရှက်မရှိသည်နှင့်တူ၏။

ထိုဟိရီနတ်သမီး ကြားလျှောက်သောစကားကို ကြား၍ ကောသိယရသေ့သည် ထိုဟိရီနတ်သမီးအား ချီးမွမ်းသဖြင့် နတ်သုဓာဘုတ်ကိုပေးလိုရကား-

၂၅၇။ ဓမ္မေန ဉာယေန သုဂတ္တေ လစ္ဆသိ။
ဧသော ဟိ ဓမ္မော န ဟိ ယာစနာ သုဓာ။
တံ တံ အာယာစန္တိမဟံ နိမန္တယေဖ
သုဓာယ ယဉ္စိစ္ဆသိ တမ္ပိ ဒမ္မိ တေ။
၂၅၈။ သာ တွံ မယာ အဇ္ဇ သကမှိ အဿမေ၊
နိမန္တိတာ ကဉ္စနဝေလ္လဝိဂ္ဂဟေ။
တုဝံ ဟိ မေ သဗ္ဗရသေဟိ ပူဇိယာ၊
တံ ပူဇယိတွာန သုဓမ္ပိ အသ္နိယေ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၂၅၇။ သုဂတ္တေ၊ ကောင်းသောကိုယ်ရှိသော နတ်သမီး။ တွံ၊ သင်သည်။ ဓမ္မေန၊ သဘောအားဖြင့်။ ဉာယေန၊ အကြောင်းအားဖြင့်။ လစ္ဆသိ၊ ရပေ၏။ ဧသော ဟိ၊ ဤသို့ ရခြင်းသည်လျှင်။ ဓမ္မော၊ ကောင်းသော သဘောတည်း။ ယာစနာ၊ တောင်းသဖြင့်။ သုဓာ၊ နတ်သုဓာဘုတ်ကို။ ဟိ ယသ္မာ၊ အကြင့်ကြောင့်။ န လဘိဘဗ္ဗာ၊ မရအပ်။ တံ တသ္မာ၊ ထို့ကြောင့်။ အယာစန္တိံ၊ မတောင်းသော။ တံ၊ သင့်ကို။ အဟံ၊ ငါသည်။ နိမန္တယေ၊ ဖိတ်အံ့။ ယဉ္စ သုဓာယ၊ အကြင်နတ်သုဓာဘုတ်ကို။ ဣစ္ဆတိ၊ သင်အလိုရှိ၏။ တံ သုဓံ၊ ထိုနတ်သုဓာဘုတ်ကို။ တေ၊ သင့်အား။ ဒမ္မိ၊ ငါပေးအံ့။

၂၅၈။ ကဉ္စနဝေလ္လိဝိဂ္ဂဟေ၊ ရွှေအဆင်းနှင့် တူသော အဆင်းရှိသော။ ဟိရီ၊ ဟိရီနတ်သမီး။ သာ တွံ၊ ထိုသင့်ကို။ မာ၊ ငါသည်။ အဇ္ဇ၊ ယနေ့။ သကမှိ အဿမေ၊ မိမိကျောင်း၌။ နိမန္တိတာ၊ ပင့်ဖိတ်အပ်၏။ ဟိ-သစ္စံ၊ မှန်၏။ မေ၊ ငါသည်။ တုဝံ၊ သင့်ကို။ သဗ္ဗရသေဟိ၊ အလုံးစုံသော အရသာတို့ဖြင့်။ ပူဇိယာ၊ ပူဇော်ထိုက်၏။ တံ၊ သင့်ကို။ ပူဇယိတွာ၊ ပူဇော်ပြီး၍။ သုဓမ္ပိ၊ ကြွင်းသော သုဓာဘုတ်ကိုလည်း။ အသ္နိယေ၊ ငါစားအံ့။

ရှင်ရသေ၏ သင်္ခမ်းကျောင်း

ထို့နောင်မှ ကောသိယရှင်ရသေ့သည် ခွင့်ပြုအပ်သော ဘုန်းတန်ခိုးအာနုဘော်နှင့် ပြည့်စုံသော ထိုဟိရီနတ်သမီးသည် နှလုံးမွေ့လျော်ဖွယ်ရှိသော ရေ အစာ, သစ်သီးနှင့် ပြည့်စုံသော သူတော်ကောင်းတို့သည် ပူဇော်အပ်သောအခါခပ်သိမ်းမြတ်သော သတ္တဝါတို့သည် မပြတ်မှီဝဲဆည်းကပ်အပ်သော ကောသိယရှင်ရသေ့ကျောင်းသို့ ဝင်လေ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကောသိယရှင်ရသေ့ကျောင်းကို ချီးမွမ်းခြင်းနှင့်တကွ ထိုအကြောင်းကို ထင်ရှား ပြတော်မူလိုရကား ဘုရားဖြစ်တော်မူပြီး၍-

၂၅၉။ သာ ကောသိယေနနုမတာ ဇုတိမတာ၊
အဒ္ဓါ ဟိရီ ရမ္မံ ပါဝိသိ ယဿမံ။
ဥဒကဝန္တံ ဖလမရိယပူဇိတံ၊
အပါပသတ္တူပနိသေဝိတံ သဒါ။
။ လ။
၂၆၈။ ကဒလိမိဂါ ဗဟူကေတ္ထ၊ ဗိဠရာ သသကဏ္ဏိကာ။
ဆမာ ဂိရိ ပုဗ္ဗဝိစိတြသန္ထတာ၊
ဒီဇာဘိဃုဋ္ဌာ ဒိဇသံဃသေဝိတာ

ဟူသော ဤဆယ်ဂါထာတို့ကို ဟောတော်မူ၏။

၂၅၉။ ဘိက္ခဝေ၊ ရဟန်းတို့။ တဒါ၊ ထိုအခါ၌။ ကောသိယေန၊ ကောသိယ ရှင်ရသေ့သည်။ အနုမတာ၊ အခွင့်ပြုအပ်သော။ ဇုတိမတာ၊ အရောင်အဝါနှင့် ပြည့်စုံသော။ သာ ဟိရီ၊ ထိုဟိရီနတ်သမီးသည်။ အဒ္ဓါ၊ စင်စစ်။ ရမ္မံ၊ နှလုံး မွေ့လျော်ဖွယ်ရှိသော။ ဥဒကဝန္တံ၊ ရေနှင့်ပြည့်စုံသော။ ဖလံ၊ သစ်သီးနှင့် ပြည့်စုံသော။ အရိယပူဇိတံ၊ သူတော်ကောင်းတို့သည် ပူဇော်အပ်သော။ သဒါ၊ အခါခပ်သိမ်း။ အပါပသတ္တူပနိသေဝိတံ၊ မြတ်သော သတ္တဝါတို့သည် မှီဝဲအပ်သော။ အဿမံ၊ ကောသိယ ရှင်ရသေ့ကျောင်းသို့။ ပါဝိသိ၊ ဝင်လေ၏။

၂၆၀။ ဘိက္ခဝေ၊ ရဟန်းတို့။ ဧတ္ထ၊ ဤကောသိယ ရှင်ရသေ့ကျောင်း၌။ ဗဟုကာ၊ များစွာကုန်သော။ ပုပ္ဖိတာ၊ ကောင်းစွာပွင့်ကုန်သော။ ရုက္ခဂ္ဂဟဏာ၊ အပွင့်အသီးကို ဆောင်ကုန်သော သစ်ပင်တောတို့သည်။ သန္တိ၊ ရှိကုန်၏။ အမ္ဗာ စ၊ သရက်ပင်တို့သည်လည်းကောင်း။ ပိယာလာ စ၊ လွန်ပင်တို့သည်လည်းကောင်း။ ပနသာ စ၊ ပိန္နဲပင်တို့သည်လည်းကောင်း။ ကိံသုကာ စ၊ ပေါက်ပင်တို့သည်လည်းကောင်း။ သောဘဉ္ဇနာ စ၊ အိမ်ဒန့်သလွန်ပင်တို့သည်လည်းကောင်း။ လောဒ္ဓံ၊ တောက်ရပ်ပင်တို့သည်လည်းကောင်း။ အထော၊ ထိုမှတပါး။ ပဒ္ဓမာပိ၊ ပဒုမ္မာကြာပင်တို့သည်လည်းကောင်း။ ကေကာ၊ ထောက်ရှာပင်တို့သည်လည်းကောင်း။ ဘင်္ဂါ စ၊ အင်ပင်တို့သည်လည်းကောင်း။ တိလကာ စ၊ ပြည့်စင်ပင်တို့သည်လည်းကောင်း။ သုပုပ္ဖိတာ၊ ကောင်းစွာပွင့်ကုန်၏။

၂၆၁။ ဧတ္ထ၊ ဤကောသိယရှင်ရသေ့ကျောင်း ထက်ဝန်းကျင်၌။ ဗဟုကာ၊ များစွာကုန်သော။ သာလာ စ၊ အင်ကြင်းပင်တို့သည်လည်းကောင်း။ ကရေရီ စ၊ ရေခံတတ်ပင်တို့သည်လည်းကောင်း။ ဇမ္ဗုယော စ၊ သပြေပင်တို့သည်လည်းကောင်း။ အဿတ္ထနိဂြောဓမဓုကာစ၊ ညောင်ဗုဒ္ဓဟေပင် ပညောင်ပင် သစ်မြည်စည်ပင်တို့သည်လည်းကောင်း။ ဝေဒိသာ၊ ရင်းရဲပင်တို့သည်လည်းကောင်း။ ဥဒ္ဒါလကာ စ၊ ငုရွှေပင်တို့သည်လည်းကောင်း။ ပါဋလိ၊ သံသတ်ပင်လည်းကောင်း။ သိန္ဒုဝါရိကာ၊ ကြောင်ပန်းပင်တို့သည်လည်းကောင်း။ မနုညဂန္ဓာ၊ နှစ်သက်ဖွယ်သော အနံ့ရှိကုန်သော။ မုစလိန္ဒကေတကာ၊ ကျည်းပင် ဆတ်သွားပင်တို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။

၂၆၂။ ဘိက္ခဝေ၊ ရဟန်းတို့။ ဧတ္ထ၊ ဤကျောင်းထက်ဝန်းကျင်၌။ ဟရေဏုကာ၊ ပဲမျိုးတို့သည်လည်းကောင်း။ ဝေဠုကာ၊ ဝါးမျိုးတို့သည်လည်းကောင်း။ ကေနု၊ တောပဲတို့သည်လည်းကောင်း။ တိန္ဒုကာ၊ တည်ပင်တို့သည်လည်းကောင်း။ သာမာကနီဝါရော၊ ကျိတ်လမန်းပင်တို့သည်လည်းကောင်း။ အထောပိ၊ ထိုမှတပါးလည်း။ စိနကာ၊ မင်းပဲငယ်တို့သည်လည်းကောင်း။ မောစာ၊ တောငှက်ပျောပင်တို့သည်လည်းကောင်း။ ကဒလီ၊ အိမ်ငှက်ပျောပင်တို့သည်လည်းကောင်း။ ဗဟုကာ၊ များစွာကုန်သော။ သာလိယော စ၊ သလေးတို့သည်လည်းကောင်း။ ဝီဟယော စ၊ ကောက်တို့သည်လည်းကောင်း။ အာဘူဇိနောစ၊ ဘူဇပတ်ပင်တို့သည်လည်းကောင်း။ တဏ္ဍုလာ စ၊ ဖွဲ့မရှိသောဆန်နှံတို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။

၂၆၃။ ဘိက္ခဝေ၊ ရဟန်းတို့။ တဿ စ၊ ထိုကျောင်း၏လည်း။ ဥတ္တရပဿေ၊ မြောက်ဘက်နံပါး၌။ ဇာတာ၊ အလိုလိုဖြစ်သော အကက္ကသာ၊ ငါးပုပ် ယောက်သွားပုပ် မှော်ညှိ စသည်ကင်းသော ရေရှိသော။ အပဗ္ဘာရာ၊ ချိုင့်ဝှမ်းခြင်းမရှိသော။ သာဓု၊ ကောင်းသော။ အပ္ပဋိဂန္ဓိကာ၊ မစက်ဆုပ်ဖွယ်သော အနံ့ရှိသော ရေရှိသော။ ပေါက္ခရဏီဝါပိ၊ ကြာမျိုးငါးပါးတို့ဖြင့် ဖုံးလွှမ်းအပ်သော ရေကန်သည်လည်း။ အတ္ထိ၊ ရှိ၏။

၂၆၄။ တတ္ထ၊ ထိုရေကန်၌။ သန္နိရတာ၊ အလွန် မွေ့လျော်ကုန်သော။ ခေမိနော၊ ဘေးမရှိကုန်သော။ ဗဟုဘောဇနာ၊ များသောအစာရှိကုန်သော။ မစ္ဆာ၊ ငါးတို့သည်။ သန္တိ၊ ရှိကုန်၏။ သိင်္ဂူ၊ သိင်္ဂုမည်သော ငါးတို့သည်လည်းကောင်း။ သဝင်္ကာ၊ သဝင်္ကမည်သော ငါးတို့သည်လည်းကောင်း။ သင်္ကုလာ၊ သင်္ကုလာ မည်သောငါးတို့သည်လည်းကောင်း။ သတဝင်္ကာ စ၊ သတဝင်္ကဝာမည်သော ငါးတို့သည်လည်းကောင်း။ ရောဟိတာ စ၊ ရောဟိတမည်သော ငါးတို့သည်လည်းကောင်း။ အာဠိဝဂ္ဂရကာကိဏ္ဏာ၊ အာဠဝဂ္ဂရမည်သောငါး, ကာကိဏ္ဏမည်သော ငါးတို့သည်လည်းကောင်း။ ပါဌီနာ၊ ပါဌီန မည်သော ငါးတို့သည်လည်းကောင်း။ ကာကမစ္ဆကာ၊ ကာကမစ္ဆကမည်သော ငါးတို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။

၂၆၅။ ဘိက္ခဝေ၊ ရဟန်းတို့။ တတ္ထ၊ ထိုဇာတဿရ ရေကန်၌။ သန္နိရတာ၊ အလွန်မွေ့လျော်ကုန်သော။ ခေမိနော၊ ဘေးမရှိကုန်သော။ ဗဟုဘောဇနာ၊ များစွာသော အစာရှိကုန်သော။ ပက္ခီ၊ ငှက်မျိုးအပေါင်းဝို့သည်။ သန္တိ၊ ရှိကုန်၏။ ဟံသာ၊ ဟင်္သာတို့သည်လည်းကောင်း။ ကောဉ္စာ၊ ကြိုးကြာတို့သည်လည်းကောင်း။ မယူရာ စ၊ ဥဒေါင်းတို့သည်လည်းကောင်း။ စက္ကဝါကာ စ၊ စက္ကဝါက်ငှက်တို့သည်လည်းကောင်း။ ကုက္ကုဟာ၊ ဘုတ်ငှက်တို့သည်လည်းကောင်း။ ဗဟူ၊ များစွာကုန်သော။ ကုဏာလကာ၊ ဥဩတို့သည်လည်းကောင်း။ စိတြာ၊ ဆန်းကြယ်ကုန်သော။ သိခဏ္ဍိဇီဝဇီဝကာ၊ ဦးစွန်းရှိသောငှက်, ဇီဝဇိုးငှက်တို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။

၂၆၆။ ဘိက္ခဝေ၊ ရဟန်းတို့ တတ္ထ၊ ထိုဇာတဿရရေကန်၌။ ဗဟူ၊ များစွာကုန်သော။ နာနာမိဂဂဏာ၊ အထူးထူးအပြားပြား ရှိကုန်သော သားအပေါင်းတို့သည်။ ပါနာယ၊ ရေသောက်အံ့သောငှာ။ အာယန္တိ၊ လာကုန်၏။ သီဟာစ၊ ခြင်္သေ့တို့သည်လည်းကောင်း။ ဗြဂ္ဃါ၊ ကျားတို့သည်လည်းကောင်း။ ဝရာဟာစ၊ ဝက်တို့သည်လည်းကောင်း။ အစ္ဆကောကတရစ္ဆယော၊ ဝံ သစ်ကျုတ် အောင်းတို့သည်လည်းကောင်း။ ပါနာယ၊ ရေသောက်အံ့သောငှာ။ အာယန္တိ၊ လာကုန်၏။

၂၆၇။ ဘိက္ခဝေ၊ ရဟန်းတို့။ ပလာသာဒါ စ၊ ကြံ့တို့သည်လည်းကောင်း။ ဂဝဇာ စ၊ နွားနောက်တို့သည်လည်းကောင်း။ မဟိံသာ စ၊ ကျွဲတို့သည်လည်းကောင်း။ ရောဟိတာ၊ သမင်တို့သည်လည်းကောင်း။ ရုရူ၊ ဆတ်တို့သည်လည်းကောင်း။ ဧဏေယျာ စ၊ ဧဏီမြည်သော သားတို့သည်လည်းကောင်း။ ဝရာဟာ စေဝ၊ ဝက်တို့သည်လည်းကောင်း။ ဂဏိနော စ၊ စိုင်တို့သည်လည်းကောင်း။ နီကသူကရာ၊ သိုး ဝက်ဝံတို့သည်လည်းကောင်း။ တတ္ထ၊ ထိုဇာတဿရရေအိုင်၌။ ပါနာယ၊ ရေသောက်အံ့သောငှာ။ အာယန္တိ၊ လာကုန်၏။

၂၆၈။ ဘိက္ခဝေ၊ ရဟန်းတို့။ ဧတ္ထ၊ ထိုကောသိယရသေ့ ကျောင်းထက်ဝန်းကျင်၌။ ကဒလိမိဂါ၊ ဝံပိုင်တို့သည်လည်းကောင်း။ ဗိဠာရာ၊ ကြောင်တို့သည်လည်းကောင်း။ သသကဏ္ဏိကာ၊ ယုန်ငယ်, ဒရယ်တို့သည်လည်းကောင်း။ ဗဟုကာ၊ များစွာကုန်၏။ ဆမာဂိရီ၊ မြေပြင်ကဲ့သို့ ညီညွတ်သော ကျောက်ဖျာရှိ၏။ ပုပ္ဖဝိစိတြသန္ထတာ၊ ဆန်းကြယ်သောပန်းတို့ဖြင့် ကောင်းစွာခင်းအပ်၏။ ဒိဇာဘိဃုဋ္ဌာ၊ ငှက်အပေါင်းတို့၏ အလွန်တွန်ကျူးမြူးထူးရာဖြစ်၏။ ဒိဇသံဃသေဝိသာ၊ ငှက်အပေါင်းတို့၏ မှီဝဲရာ ဖြစ်၏။

ဤဆိုအပ်ခဲ့ပြီးသော ဂါထာတို့ဖြင့် သဗ္ဗညူဘုရားသခင်သည် ကောသိယရသေ့၏ ကျောင်းကို ချီးမွမ်းတော်မူ၏။ ယခုအခါ ဟိရီနတ်သမီး၏ ထိုကျောင်းသို့ဝင်ခြင်း အစရှိသည်တို့ကို ပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်

၂၆၉။ သာ သုတ္တစာ နီလဒုမာဘိလမ္ဗိတာ၊

ဝိဇ္ဇူ မဟာမေဃရိဝါနုပဇ္ဇထ။

တဿာ သုသမ္ဗန္ဓသိရံ ကုသာမယံ၊

သုစိံ သုဂန္ဓံ အဇိနူပသေဝိတံ။

အတြိစ္စ ကောစ္ဆံ ဟိရိမေတဒဗြဝိ၊

နိသီဒ ကလျာဏီ သုခယိဒ မာသနံ။

။ လ။

၂၇၃။ တမေန သက္ကာပိ တဒါ အပူဇယိ၊

သဟိန္ဒဒေဝါ သုရကညမုတ္တမံ။

သာ ပဉ္ဇလီ ဒေဝမနုဿပူဇိတာ၊

နဝမှိ ကောစ္ဆမှီ ယဒါ ဥပါဝိသိ။

ဟူသော ဤငါးဂါထာတို့ကို ဟောတော်မူ၏။

၂၆၉။ ဘိက္ခဝေ၊ ရဟန်းတို့။ သုတ္တစာ၊ ကောင်းသော အရေရှိသော။ သာ၊ ထိုဟိရီနတ်သမီးသည်။ နီလဒုမာဘိလမ္ဗိတာ၊ စိမ်းညိုသော သစ်ပင်သစ်ခက်၌ ဆွဲသကဲ့သို့ တင့်တယ်၏။ မဟာမေဃံ၊ မိုးကြီးစွာ ရွာသောအခါ၌။ ဝိဇ္ဇူ ဣဝ၊ လျှပ်စစ်ရောင်ကဲ့သို့။ အနုပဇ္ဖထ၊ ကျောင်းသို့ဝင်လေ၏။ တဿာ၊ ထိုဟိရီနတ်သမီး။ သုသမ္ဗန္ဓသိရံ၊ ကောင်းစွာဖွဲ့အပ်သော ဦးခေါင်းရှိသော။ ကုသာမယံ၊ ပန်းရင်း အစရှိသည်နှင့်ရောသော သမန်းမြက်ဖြင့်ပြီးသော။ သုစိံ၊ စင်ကြယ်စွာသော။ သုဂန္ဓံ၊ ကောင်းသောအနံ့ရှိသော။ အဇိနူပသေဝိတံ၊ သစ်နက်ရေဖြင့် တင့်တယ်စွာပြုအပ်သော။ အတြိစ္ဆကောစ္ဆံ၊ အလွန် အလိုရှိအပ်သော ကောင်းမြတ်သော ထိုင်စရာအင်းပျဉ်ကို။ ပဏသာလဒွါရေ၊ ကျောင်းတံခါးဝ၌။ အတ္ထရိတွာ၊ ခင်း၍။ ကလျာဏိ၊ ကောင်းခြင်းငါးပါးနှင့် ပြည့်စုံသော နတ်သမီး။ သုခံ၊ ကောင်းမြတ်သော။ ဣဒံ အာသနံ၊ ဤနေရာ၌၊ နိသီဒ၊ နေလော့။ ဣတိ၊ ဤသို့။ ဟိရိ၊ ဟိရီနတ်သမီးကို။ ဧတံ၊ ဤစကားကို။ အဗြဝိ၊ ဆိုလေ၏။

၂၇၀။ ဘိက္ခဝေ၊ ရဟန်းတို့။ ကောသိယော၊ ကောသိယ အမည်ရှိသော။ ဇဋာ၊ ဆံကျစ်ထုံးသော။ ဇုတိန္ဓရော၊ တန်ခိုးအရောင်ကို ဆောင်သော။ မဟာမုနိ၊ ရသေ့မြတ်သည်။ တဒါ၊ ထိုအခါ၌။ ကောစ္ဆဂတာယ၊ မြတ်သော အင်းပျဉ်အခင်းနေရာ၌ နေပြီးသော။ ယံ-ယာဝဒတ္တံ၊ အကြင်အကြင် ပေးတိုင်းသော နတ်သုဓာဘုတ်ကို။ ဣစ္ဆမာနာယ၊ အလိုရှိသော။ တဿာ၊ ထိုဟိရီနတ်သမီးအား။ နဝေဟိ ပတ္တေဟိ၊ ကြာပဒုမ္မာအိုင်မှ ခူးယူစဖြစ်၍ စိမ်းစိုသော ပဒုမ္မာရွက်တို့ဖြင့်။ သယံ၊ မိမိလက်ဖြင့်။ ပဟုဒကံ၊ ရေနှင့်တကွသော။ သုဓံ၊ နတ်သုဓာဘုတ်ကို။ တုရိတော၊ အဆောတလျင်။ အဘိဟာသိ၊ ရှေးရှုဆောင်၏။

၂၇၁။ သာ၊ ထိုဟိရီနတ်သမီးသည်။ တံ၊ ထိုနတ်သုဓာဘုတ်ကို။ ဥဘောဟိ ပါဏိဘိ၊ လက်နှစ်ဖက်တို့ဖြင့်။ ပဋိဂ္ဂယှ၊ ခံယူပြီး၍။ အတ္တမနာ၊ နှစ်သက်ဝမ်းမြောက်သည် ဖြစ်၍။ ဇဋာဓရံ၊ ကောသိယ ရှင်ရသေ့ကို။ ဣတိ၊ ဤသို့။ အဗြဝိ၊ ဆိုလေ၏။ ဗြဟ္မေ၊ ရှင်ရသေ့။ အဟံ၊ အကျွန်ုပ်သည်။ ဧတရဟိ၊ ယခုအခါ၌။ တယာ၊ ရှင်ရသေ့သည်။ ပူဇိတာ၊ ပူဇော်အပ်သည်ဖြစ်၍။ ဇိတာဝိနီ၊ အောင်အပ်သည်ဖြစ်၍။ တိဒိဝံ၊ တာဝတိံသာ နတ်ရွာသို့။ ဂစ္ဆေယျံ၊ ပြန်သွားတော့အံ့။ ဣတိ၊ ဤသို့။ အဗြဝိ၊ ဆိုလေ၏။

၂၇၂။ ဘိက္ခဝေ၊ ရဟန်းတို့။ ကောသိယေန၊ ကောသိယရှင်ရသေ့သည်။ အနုမတာ၊ ခွင့်ပြုအပ်သော။ ဇုတိမတာ၊ အရောင်အဆင်းနှင့်ပြည့်စုံသော။ သာ၊ ထိုဟိုရီနတ်သမီးသည်။ ဝဏ္ဏမဒေန၊ အဆင်းမာန်ယစ်ခြင်းဖြင့်။ မတ္တာ၊ ယစ်သည်ဖြစ်၍။ သဟဿစက္ခုနော၊ သိကြားနတ်၏။ သံကာသေ၊ အထံသို့။ ဂန္တွာန၊ သွား၍။ ဥဒီရယိ၊ ဆိုလေ၏။ ဝါသဝ၊ ဖခင်သိကြားမင်း။ အယံ သုဓာ၊ ဤနတ်သုဓာဘုတ်သည်။ မေ၊ အကျွန်ုပ်အား။ ဇယံ၊ အောင်ခြင်းကို။ ဒေဟိ၊ ပေးတော်မူလော့။ ဣတိ၊ ဤသို့။ ဥဒီရယိ၊ ဆိုလေ၏။

၂၇၃။ ဘိက္ခဝေ၊ ရဟန်းတို့။ တဒါ၊ ထိုအခါ၌။ သက္ကောပိ၊ သိကြားမင်းသည်လည်း။ တမေနံ၊ ထိုဟိရီနတ်သမီးကို အပူဇယိ၊ ပူဇော်လေ၏။ ယဒါ၊ အကြင်အခါ၌။ နဝမှိ၊ အသစ်ဖြစ်သော။ ကောစ္ဆမှိ၊ မြတ်သော အင်းပျဉ်အခင်း နေရာ၌။ ပဉ္ဇလီ၊ လက်အုပ်ချီလျက်။ ဒေဝမနုဿပူဇိတာ၊ နတ်လူတို့သည် ပူဇော်အပ်သော။ သာ၊ ထိုဟိရီနတ်သမီးသည်။ ဥပါဝိသိ၊ ဝင်၍နေ၏။ တဒါ၊ ထိုအခါ၌။ သဟိန္ဒဒေဝါ၊ သိကြားနတ်မင်းနှင့်တကွသော နတ်တို့သည်။ ပါရိစ္ဆတ္တကပုပ္ဖာဒီဟိ၊ ပင်လယ်ကသစ်ပန်း အစရှိသည်တို့ဖြင့်။ ဥတ္တမံ၊ မြတ်သော။ သုရကညံ၊ ဟိရီနတ်သမီးကို။ အပူဇယိ-ပူဇယိံသု၊ ပူဇော်ကုန်၏။

ဟိရီနတ်သမီး၏ဂုဏ်ပုဒ်များ

ဤသို့လျှင် သိကြားနတ်မင်းသည် ထိုဟိရီနတ်သမီးကို ပူဇော်ပြီး၍ အဘယ်အကြောင်းကြောင့် ကောသိယရသေ့သည် ဟိရီနတ်သမီးမှကြွင်းသော နတ်သမီးတို့အား မပေးမူ၍ ဤဟိရီနတ်သမီးအားသာလျှင် နတ်သုဓာဘုတ်ကို ပေးလေသနည်းဟု ကြံ၏။ ကြံပြီး၍ ထိုသိကြားနတ်မင်းသည် ထိုအကြောင်းကို သိစိမ့်သောငှာ တစ်ဖန် မာတလိနတ်သားကို စေလိုက်၏။ ထိုအကြောင်းကို ထင်ရှား ပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်

၂၇၄။ တမေဝ သံသီ ပုနဒေဝ မာတလိံ၊

သဟူနတျေတော တိဒသာနမိန္ဒော။

ဂန္တွာန ဝါကျံ မမ ဗြူဟိ ကောသိယံ၊

အာသာယ သဒ္ဓါ သိရိယာ စ ကောသိယ၊

ဟိရီ သုဓံ ကေန မလတ္ထ ဟေတုနာ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၂၇၄။ ဘိက္ခဝေ၊ ရဟန်းတို့။ သဟဿေနေတ္ဆော၊ မျက်စိတစ်ထောင် အမြင်ဆောင်သော။ တိဒသာနံ၊ တာဝတိံသာနတ်တို့ကို။ ဣန္ဒော၊ အစိုးရသော သိကြားနတ်မင်းသည်။ ပုနဒဝ၊ တစ်ဖန်။ တမေဝ မာတလိံ၊ ထိုမာတလိနတ်သားကိုလျှင်။ သံသိ၊ ဆိုလေ၏။ မာတလိ၊ အမောင်မာတလိ။ တွံ၊ သင်သည်။ ဂန္တွာန၊ သွား၍။ မမ၊ ငါ၏။ ဝါကျံ၊ စကားကို။ ကောသိယံ၊ ကောသိယ ရှင်ရသေ့ကို။ ဗြူဟိ၊ မေးလျှောက်ပါချေလော့။ ကောသိယ၊ ကောသိယ ရှင်ရသေ့။ အာသာယစ၊ အာသာနတ်သမီးမှ လည်းကောင်း။ သဒ္ဓါစ၊ သဒ္ဓါနတ်သမီးမှ လည်းကောင်း။ သိရိယာစ၊ သိရီနတ်သမီးမှလည်းကောင်း။ ကေန ဟေတုနာ၊ အဘယ်အကြောင်းကြောင့်။ ဟိရီ၊ ဟိရီနတ်သမီးသည်။ သုဓံ၊ နတ်သုဓာဘုတ်ကို။ အလတ္ထ၊ ရလေသနည်း။ ဣတိ၊ ဤသို့။ သံသိ၊ လျှောက်လေလော့။

ထိုမာတလိနတ်သားသည် မိမိအရှင်သိကြားနတ်မင်း စကားကို ဝန်ခံပြီးလျှင် ဝေဇယန္တာရထားကိုစီး၍ ကောသိယ ရှင်ရသေ့အထံသို့ သွားလေ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၂၇၅။ တံ သုပ္လဝတ္တံ ဥဒတာရယိ ရထံ၊
ဒဒ္ဒလ္လမာနံ ဥပကာရိယသာဒိသံ။
ဇမ္မောနဒီသံ တပနေယျသန္နိဘံ၊
အလင်္ကတံ ကဉ္စနစိတ္တသန္နိဘံ။
။ လ။
၂၈၀။ ဣန္ဒဿ ဝါကျံ နိသာမေဟိ ကောသိယ၊
ဒူတော အဟံ ပုစ္ဆတိ တံ ပုရိန္ဒဒေါ။
အာသာယ သဒ္ဓါ သိရိယာ စ ကောသိယ၊
ဟိရီ သုဓံ ကေန မလတ္ထ ဟေတုနာ။

ဟူသော ဤခြောက်ဂါထာတို့ကို ဟောတော်မူ၏။

၂၇၅။ ဘိက္ခဝေ၊ ရဟန်းတို့။ သုပ္လဝတ္တံ၊ အလွန်လျင်မြန်သော။ ဒဒ္ဒလ္လမာနံ၊ ထွန်းတောက်ပသော။ ဥပကာရိယသာဒိသံ၊ အဆောက်အဦဘဏ္ဍာနှင့်တူသော။ ဇမ္ဗောနဒီသံ၊ ဇမ္ဗူရာဇ်ရွှေဖြင့်ပြီးသော ဝက်စွယ်ရှိထသော။ တပနေယျသန္နိဘံ၊ နှစ်သက်အပ်သော ရွှေနှင့်တူသော အရောင်ရှိထသော။ အလင်္ကတံ၊ တန်ဆာဆင်အပ်သော။ ကဉ္စနစိတ္တသန္နိဘံ၊ ရွှေဖြင့်ပြီးသော ဆန်းကြယ်သော ရတနာခုနစ်ပါးနှင့် ပြည့်စုံသော။ တံ ရထံ၊ ထိုဝေဇယန္တရထားကို။ ဥဒတာရယိ၊ သွားအံ့သော အစီအရင်ကိုပြု၏။

ဝေဇယန္တာရထား

၂၇၆။ ဘိက္ခဝေ၊ ရဟန်းတို့။ ဧတ္ထ၊ ဤဝေဇယန္တာရထား၌။ ဗဟူနိ၊ များစွာကုန်သော။ သုဝဏ္ဏစန္ဒကာ၊ ရွှေဖြင့်ပြီးသော ဒေါင်းမြီးကွက်တို့သည်လည်းကောင်း။ ဟတ္ထိဂဝဿာကိံပုရိသဗျဂ္ဃဒီပိယော၊ ရွှေငွေပတ္တမြားဖြင့်ပြီးသော ဆင်ရုပ်, နွားရုပ်မြင်းရုပ် ကိန္နရာရုပ် ကျားရုပ်သစ်ရုပ်တို့သည်လည်းကောင်း။ ဧဏေယျကာ၊ ဧဏီမည်သော သားရုပ်တို့သည်လည်းကောင်း။ ဧတ္ထ၊ ဤဝေဇယန္တာရထား၌၊ လင်္ဃမယာ၊ ပျံအံ့သကဲ့သို့ ထင်ကုန်သော။ ပက္ခိနော၊ အထူးထူးသော ရတနာတို့ဖြင့် ပြီးကုန်သော ငှက်ရုပ်အပေါင်းတို့သည်လည်းကောင်း။ ပဋိပါဋိယာ၊ အစဉ်အတိုင်း။ ဌိတာ၊ တည်ကုန်။ ဧတ္ထ၊ ဤဝေဇယန္တာရထား၌။ ဝေဠုရိယမယာ၊ ကျောက်မျက်ရွဲဖြင့် ပြီးကုန်သော။ မိဂါ၊ သမင်အစရှိသော သားရဲရုပ်တို့သည်။ ယုဓာ၊ တိုက်ကြကုန်သကဲ့သို့။ ယုတ္တာ၊ ယှဉ်ကုန်၏။

၂၇၇။ ဘိက္ခဝေ၊ ရဟန်းတို့။ တတ္ထ၊ ထိုဝေဇယန္တာရထား၌။ သုသုနာဂသာဒိသေ၊ ဆင်ပျို ဆင်ပေါက်ငယ်နှင့် တူကုန်သော။ အလင်္ကတေ၊ တန်ဆာဆင်အပ်ကုန်သော။ ကဉ္စနဖာလုရစ္ဆဒေ၊ ရွှေကွန်ရက်ဖြင့် ဖုံးလွှမ်းအပ်ကုန်သော ရင်လွှမ်းတန်ဆာ ရှိကုန်သော။ အာဝေဠိနေ၊ နားတန်ဆာနှင့် ယှဉ်ကုန်သော။ သဒ္ဒဂမေ၊ နှင်တံမကိုင်ဘဲ အသံဖြင့်သာ သွားကုန်သော။ အသင်္ဂိတေ၊ ငြိတွယ်ခြင်း မရှိကုန်သော။ ဒသသတာနိ၊ တစ်ထောင်ကုန်သော။ အဿရာဇဟရယော၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော မနောမယသိန္ဓောမြင်းမင်းတို့ကို။ အယောဇယုံ၊ ကကုန်၏။

၂၇၈။ ဘိက္ခဝေ၊ ရဟန်းတို့။ တဒါ၊ ထိုအခါ၌။ မာတလိ၊ မာတလိနတ်သားသည်။ သေဋ္ဌံ၊ အထူးသဖြင့် မြတ်သော။ တံ ယာနံ၊ ထိုဝေဇယန္တာရထားကို။ အဘိရုယှ၊ တက်စီး၍။ ဣမာ ဒသဒိသာ၊ ဤအရပ် ဆယ်မျက်နှာတို့ကို။ အဘိနာဒယိတ္ထ၊ ပဲ့တင်ထပ်စေ၏။ နဘဉ္စ၊ ကောင်းကင်ကိုလည်းကောင်း။ သေလဉ္စ၊ တောင်ကိုလည်းကောင်း။ ဝနပ္ပတီနဉ္စ၊ တောစိုးသစ်ပင်တို့ကို လည်းကောင်း။ ဝနသဏ္ဍဉ္စ၊ တောအုပ်ကိုလည်းကောင်း။ သသာဂရံ၊ သမုဒ္ဒရာနှင့်တကွသော။ မေဒနိံ စ၊ မြေကြီးကိုလည်းကောင်း။ ပဗျထယိတ္ထ၊ တုန်လှုပ်စေ၏။

၂၇၉။ ဘိက္ခဝေ၊ ရဟန်းတို့။ သော မာတလိ၊ ထိုမာတလိနတ်သားသည်။ အဿမံ၊ ကောသိယ ရှင်ရသေ့ကျောင်းသို့။ ခိပ္ပမေဝ၊ လျင်စွာလျှင်။ ဥပဂမ္မ၊ ကပ်၍။ ပါဝါရံ၊ စုလျားတဘက်ကို။ ဧကံသကတော၊ ပခုံးတစ်ဖက်၌ တင်၍။ ကတဉ္ဇလီ၊ လက်အုပ်ချီလျက်။ ဗဟုဿုတံ၊ များသော အကြားအမြင်ရှိသော။ ဝုဒ္ဓံ၊ ဂုဏ်ဖြင့် ကြီးမြတ်သော။ ဝိနီတဝန္တံ၊ ကောင်းစွာ ဆုံးမအပ်သော အကျင့်ရှိသော။ ဗြာဟ္မဏံ၊ ကောသိယရသေ့မြတ်ကို။ ဣတိ၊ ဤသို့။ အဗြဝိ၊ မေး လျှောက်၏။

၂၈၀။ ကောသိယ၊ ကောသိယ ရသေ့။ ဣန္ဒဿ၊ သိကြားနတ်မင်း၏။ ဝါကျံ၊ စကားကို။ နိသာမေဟိ၊ နာတော်မူလေ။ အဟံ၊ အကျွန်ုပ်သည်။ တဿ၊ ထိုသိကြားနတ်မင်း၏။ ဒူတော၊ တစ်မန်တည်း။ ပုရိန္ဒဒေါ၊ သိကြားနတ်မင်းသည်။ တံ၊ အရှင်ဘုရားကို။ ပုစ္ဆတိ၊ မေးလျှောက်၏။ ကောသိယ၊ ကောသိယ ရသေ့။ အာသာယ စ၊ အာသာမှလည်းကောင်း။ သဒ္ဓါ စ၊ သဒ္ဓါမှလည်းကောင်း။ သိရိယာ စ၊ သိရီမှလည်းကောင်း။ ကေန ဟေတုနာ၊ အဘယ်အကြောင်းကြောင့်။ ဟိရီ၊ ဟိရီနတ်သမီးသည်။ သုဓံ၊ နတ်သုဓာဘုတ်ကို။ အလတ္ထ၊ ရလေသနည်း။

ကောသိယ ရှင်ရသေ့သည် ထိုမာတလိနတ်သား မေးလျှောက်သော စကားကိုကြား၍ ထိုမာတလိနတ်သားအား အကြောင်းကို ပြန်ကြားလိုရကား-

၂၈၁။ အန္ဓာ သိရီ မံ ပဋိဘာတိ မာဘလိ၊
သဒ္ဓါ အနိစ္စာ ပန ဒေဝသာရထိ။
အာသာ ဝိသံဝါဒိကသမ္မတာ ဟိ မေ၊
ဟိရီစ အရိယမှိ ဂုဏေ ပတိဋ္ဌိတာ။

ဟူသော ဤဂါထာကို ဆို၏။

၂၈၁။ ဒေဝသာရထိ၊ နတ်၏ ရထားထိန်းဖြစ်သော။ မာတလိ၊ မာတလိနတ်သား။ သိရီ၊ သိရီနတ်သမီးသည်။ အန္ဓာ၊ မိုက်၏ဟူ၍။ မံ၊ ငါ၏။ ပဋိဘာတိ၊ ဉာဏ်၌ထင်၏။ သဒ္ဓါ ပန၊ သဒ္ဓါနတ်သမီးသည်ကား။ အနိစ္စာ၊ အဖြစ်မမြဲ။ အာသာ ပန၊ အာသာနတ်သမီးကား။ မေ၊ ငါသည်။ ဝိသံဝါဒိကသမ္မတာတိ၊ ချွတ်ယွင်းသောစကားကို ဆိုတတ်၏ဟူ၍ သမုတ်အပ်၏။ ဟိရီ စ၊ ဟိရီနတ်သမီးသည်ကား။ အရိယမှိ၊ မြတ်သော။ ဂုဏေ၊ ဂုဏ်ကျေးဇူး၌။ ပတိဋ္ဌိတာ၊ အမြဲတည်၏။

ယခုအခါ၌လည်း ထိုဟိရီနတ်သမီး၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းပြန်လိုရကား-

၂၈၂။ ကုမာရိယော ယာစိမာ ဂေါတ္တရက္ခိတာ၊
ဇိဏ္ဏာ စ ယာယာ စ သဘတ္တုဣတ္ထိယော။
တာ ဆန္ဒရာဂံ ပုရိသေသု ဥဂ္ဂတံ၊
ဟိရိယာ နိဝါရေန္တိ စိတ္တမတ္တနော။
၂၈၃။ သင်္ဂါမသီသေ သရသတ္တိသံယုတေ၊
ပရာဇိတာနံ ပတတံ ပလာယိနံ။
ဟိရိယာ နိဝတ္တန္တိ ဇဟိတွာ ဇီဝိတံ၊
တေ သမ္ပဋိစ္ဆန္တိ ပုန ဟိရီမနာ။
၂၈၄။ ဝေလာ ယထာ သာဂရဝေဂဝါရိနီ၊
ဟိရာယတိ ပါပဇနံ နိဝါရိနီ။
တံ သဗ္ဗလောကေ ဟိရိမရိယပူဇိတံ၊
ဣန္ဒဿ တံ ဝေဒယ ဒေဝသာရထိ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၂၈၂။ မာတလိ၊ မာတလိနတ်သား။ ဂေါတ္တရက္ခိတာ၊ အမျိုးအနွယ်ကို စောင့်တတ်သော။ ယာ စ ဣမာ ကုမာရိယော၊ အကြင် အပျိုအရွယ်ဖြစ်ကုန်သော မိန်းမတို့သည်လည်းကောင်း။ ဇိဏ္ဏာ၊ အိုမင်းကုန်သော။ ယာ စ ဣတ္ထိယော၊ အကြင် လင်ကွာ မိန်းမတို့သည်လည်းကောင်း။ သဘတ္တု၊ လင်ရှိမယား ဖြစ်ကုန်သော။ ယာ စ ဣတ္ထိယော၊ အကြင် မိန်းမတို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။ တာ၊ ထိုအလုံးစုံကုန်သော မိန်းမတို့သည်။ ပုရိသေသု၊ တစ်ပါးသော ယောက်ျားတို့၌။ ဥဂ္ဂတံ၊ လွန်စွာသော။ ဆန္ဒရာဂံ၊ အားကြီးစွာသော တပ်စွန်းခြင်းကို။ ဝိဒိတွာ၊ သိ၍။ အတ္တနောစိတ္တံ၊ မိမိစိတ်ကို။ ဟိရိယာ၊ အရှက်ဖြင့်။ နိဝါရေန္တိ၊ တားမြစ်ကုန်၏။

၂၈၃။ မာတလိ၊ မာတလိနတ်သား။ သရသတ္တိသံယုတေ၊ မြားဖျားချင်း ဓားလှံချင်းယှက်သော။ သင်္ဂါမသီသေ၊ စစ်မြေဦး၌။ ပတတံ၊ ဆုတ်နစ်ခဲ့ကုန်သော။ ပလာယိနံ၊ ပြေးကုန်သော။ ပရာဇိတာနံ၊ စစ်ရှုံးကုန်သော သူတို့အား။ ဟိရိယာ၊ အရှက်ဖြင့်။ ဇီဝိတံ၊ မိမိတို့အသက်ကို။ ဇဟိတွာ၊ စွန့်ကုန်၏။ နိဝတ္တန္တိ၊ ပြန်၍ခံကုန်၏။ တေ၊ ထိုစစ်ရှုံး၍ ပြေးသောသူတို့သည်။ ပုန၊ တစ်ဖန်။ ဟိရိမနာ၊ ရှက်သော စိတ်ရှိကုန်သည်ဖြစ်၍။ သမ္ပဋိစ္ဆန္တိ၊ ခံကုန်၏။

၂၈၄။ ဒေဝသာရထိ၊ နတ်၏ ရထားထိန်းဖြစ်သော။ မာတလိ၊ မာတလိနတ်သား။ ဝေလာ၊ သမုဒ္ဒရာကမ်းသည်။ သာဂရဝေဂံ၊ သမုဒ္ဒရာ လှိုင်းတံပိုးအဟုန်ကို။ ဝါရိနီ ယထာ၊ တားမြစ်သကဲ့သို့။ အယံ ဟိရီ၊ ဤဟိရီနတ်သမီးသည်။ ဇနံ၊ သတ္တဝါအပေါင်းကို။ ပါပါ၊ မကောင်းမှုမှ။ နိဝါရိနီ၊ တားမြစ်တတ်၏။ သဗ္ဗလောကေ၊ အလုံးစုံသော လူ့ပြည် နတ်ပြည်၌။ တံ ဟိရိံ၊ ထိုဟိရိနတ်သမီးကို။ အရိယပူဇိတံ၊ ဘုရားအစရှိသော သူတော်ကောင်းတို့သည် ချီးမွမ်းအပ်၏။ တံ၊ ထိုအကြောင်းကို။ ဣန္ဒဿ၊ သိကြားနတ်မင်းအား။ ဝေဒယ၊ သင်ကြားလျှောက်လေလော့။

ထိုစကားကိုကြား၍ မာတလိနတ်သားသည် ကောသိယ ရှင်ရသေ့မိန့်ဆိုတိုင်း ဝန်ခံလိုရကား-

၂၈၅။ ကော တေ ဣဒံ ကောသိယ ဒိဋ္ဌိမောဒဟိ၊
ဗြဟ္မာ မဟိန္ဒော အထဝါ ပဇာပတိ။
ဟိရာယ ဒေဝေသု ဟိ သေဋ္ဌသမ္မတာ။
ဓီတာ မဟိန္ဒဿ မဟေသိ ဇာယထ။

ဟူသော ဤဂါထာကို ဆို၏။

၂၈၅။ ကောသိယ၊ ကောသိယ ရှင်ရသေ့။ တေ၊ အရှင်ဘုရားအား။ ကော၊ အဘယ်ကြောင့်။ ဣမံဒိဋ္ဌိံ၊ ဤအယူကို။ ဩဒဟိ၊ ယူတော်မူသနည်း။ မဟိန္ဒော၊ သိကြားနတ်မင်းသည်။ ဗြဟ္မာ၊ မြတ်စွာ၏။ အထဝါ၊ ထိုမှတစ်ပါးလည်း။ ပဇာပတိ၊ သတ္တဝါတို့၏ အရှင်ဖြစ်၏။ မဟိန္ဒဿ၊ မြတ်သော သိကြားနတ်မင်း၏။ ဓီတာ၊ သမီးတော်ဖြစ်သော။ မဟေသီ၊ မြတ်သောကျေးဇူးကို ရှာလေ့ရှိသော။ အယံ ဟိရီ၊ ဤဟိရီနတ်သမီးသည်။ ဒေဝေသု၊ နတ်ပြည်တို့၌။ သေဋ္ဌသမ္မတာ၊ အထူးသဖြင့် မြတ်သည်ဟု သမုတ်အပ်သည်။ ဇာယထ၊ ဖြစ်လေ၏။

ကောသိယရှင်ရသေ့ နတ်သားဖြစ်ပြီ

ဤသို့ ထိုမာတလိနတ်သား စကားပြောဆိုစဉ်ပင်လျှင် ကောသိယရသေ့အား ကွယ်လွန် ပျက်စီးခြင်းသဘောသည် ဖြစ်လာ၏။ ထိုအခါ မာတလိနတ်သားသည် ထိုကောသိယရသေ့ကို အရှင်ဘုရား... အာယုသင်္ခါရသည် စွန့်လွှတ်ပြီ၊ အရှင်ဘုရားအား စုတေရအံ့သော သဘောသည်လည်း ရောက်လာပြီ၊ အရှင်ဘုရားအား လူ့ပြည်ဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ နတ်ပြည်သို့ သွားကုန်အံ့ ဟု ဆို၍ ထိုနတ်ပြည်သို့ ယူဆောင်လိုရကား -

၂၈၆။ ဟန္ဒေဟိ ဒါနိ တိဒိဝံ အပက္ကမ၊
ရထံ သမာရုယှ မမာယိတံ ဣမံ။
ဣန္ဒော စ တံ ဣန္ဒသဂေါတ္တ ကင်္ခတိ၊
အဇ္ဇေဝ တွံ ဣန္ဒသဟဗျတံ ဝဇ။

ဟူသော ဤဂါထာကို ဆို၏။

၂၈၆။ ဣန္ဒသဂေါတ္တ၊ သိကြားနတ်မင်းနှင့်တူသော အမျိုးအနွယ်ရှိသော ရှင်ရသေ့။ ဟန္ဒ၊ အကျွန်ုပ် တိုက်တွန်းပါ၏။ ဧဟိ၊ လာလှည့်။ ဣဒါနိ၊ ယခုအခါ၌။ တီဒိဝံ၊ တာဝတိ့သာ နတ်ရွာသို့။ အက္ကမ၊ ကြွတော်မူလော့။ မမာယိတံ၊ မြတ်နိုးအပ်သော။ ဣမံ ရထံ၊ ဤဝေဇယန္တာရထားကို။ သမာရုယှ၊ တက်စီပါလော့။ ဣန္ဒော စ၊ သိကြားနတ်မင်းသည်လည်း။ တံ၊ အရှင်ဘုရားကို။ ကင်္ခတိ၊ အလိုရှိတော်မူ၏။ တွံ၊ အရှင်ဘုရားသည်။ အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ ဣန္ဒသဟဗျတံ၊ သိကြားနတ်မင်း၏ အပေါင်းအဖော်အဖြစ်သို့။ ဝဇ၊ ကြွတော်မူလော့။

ဤသို့ ထိုမာတလိနတ်သားသည် ကောသိယရသေ့နှင့်တကွ စကားပြောစဉ်လျှင် ကောသိယရသေ့သည် စုတေ၍ ဥပပါတ် ပဋိသန္ဓေဖြစ်သော နတ်သားဖြစ်၍ တက်စီးသဖြင့် ဝေဇယန္တာနတ်ရထား၌ တည်၏။

ဟိရီနတ်သမီးနှင့် ထိမ်းမြားခြင်း

ထိုအခါ ထိုကောသိယရသေ့ကို မာတလိနတ်သားသည် သိကြားမင်းအထံသို့ ဆောင်ယူလေ၏။ သိကြားနတ်မင်းသည် ထိုကောသိယနတ်သားကိုမြင်လျှင် အလွန်နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ မိမိသမီးတော်ဖြစ်သော ဟိရီနတ်သမီးကို ထိုကောသိယနတ်သားအား မိဖုရားကြီးပြု၍ ပေးတော်မူ၏။ ထိုကောသိယနတ်သားအား အတိုင်းအရှည်မရှိသော များစွာသော စည်းစိမ်အခြံအရံ ရှိသည်ဖြစ်၍ သဗ္ဗညူဘုရားသခင်သည် ထိုအကြောင်းကို သိတော်မူ၍ မြတ်ကုန်သော သတ္တဝါတို့၏ ကံမည်သည်ကား ဤသို့လျှင် စင်ကြယ်၏ဟု မိန့်တော်မူ၍ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုရကား-

၂၈၇။ ဧဝံ ဝိသုဇ္ဈန္တိ အပါပကမ္မိနော၊
အထော သုစိဏ္ဏဿ ဖလံ န နဿတိ။
ယေကေစိ မဒ္ဒက္ခု သုဓာယ ဘောဇနံ၊
သဗ္ဗေဝ တေ ဣန္ဒသဟဗျတံ ဂတာ။

ဟူသော အဆုံးဖြစ်သော ဂါထာကို ဟောတော်မူ၏။

၂၈၇။ ဘိက္ခဝေ၊ ရဟန်းတို့။ ဧဝံ၊ ဤဆိုအပ်ပြီးသော အပြားအားဖြင့်။ အပါပကမ္မိနော၊ မကောင်းမှုကို မပြုကုန်သော။ သတ္တာ၊ သတ္တဝါတို့သည်။ ဝိသုဇ္ဈန္တိ၊ အထူးသဖြင့် စင်ကြယ်ကုန်၏။ အထော၊ ထိုမှတပါး။ သုစိဏ္ဏဿ၊ ကောင်းစွာကျင့်အပ်သော အမှု၏။ ဖလံ၊ အကျိုးသည်။ န နဿတိ၊ မပျက်။ ယေကေစိ၊ အလုံးစုံကုန်သော သူတို့သည်။ သုဓာယဘောဇနံ၊ နတ်သုဓာဘုတ်ကို။ ဟိရိ၊ ဟိရီနတ်သမီးအား။ ဒိယျာနံ၊ ပေးလှူသည်ကို။ အဒ္ဒက္ခု၊ မြင်ရကုန်၏။ တေသဗ္ဗေစ၊ ထိုအလုံးစုံကုန်သော သူတို့သည်လည်း။ တံ ဒါနံ၊ ထိုအလှူကို။ အနုမောဒိတွာ၊ ဝမ်းမြောက်ကုန်သောကြောင့်။ ဣန္ဒသဟဗျတံ၊ သိကြားနတ်မင်း၏ အပေါင်းအဖော်အဖြစ်သို့။ ဂတာ၊ ရောက်ကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤသုဓာဘောဇနဇာတ် ဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့... ယခုအခါ၌သာလျှင် အလှူဒါန၌ မမွေ့လျော်သော ဝန်တို ခက်ထန်သည်လျှင်ဖြစ်သော ဤရဟန်းကို ဆုံးမတော်မူသည် မဟုတ်သေး၊ ရှေး၌လည်း ဤရဟန်းကို ငါဘုရားသည် ဆုံးမတော် မူဖူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ ဟိရီနတ်သမီး ဖြစ်ဖူးပြီ။ ယခုအခါ အလှူဒါန၌ မွေ့လျော်သော အလှူရှင်ဖြစ်သော ဤရဟန်းသည် ထိုအခါ ကောသိယရသေ့ ဖြစ်ဖူးပြီ။ ယခုအခါ အနုရုဒ္ဓါသည် ထိုအခါ ပဉ္စသိခနတ်သား ဖြစ်ဖူးပြီ။ ယခုအခါ အာနန္ဒာသည် ထိုအခါ မာတလိနတ်သား ဖြစ်ဖူးပြီ။ ယခုအခါ မဟာကဿပသည် ထိုအခါ သူရိယနတ်သားဖြစ်ဖူးပြီ။ ယခုအခါ မဟာမောဂ္ဂလာန်သည် ထိုအခါ စန္ဒနတ်သားဖြစ်ဖူးပြီ။ ယခုအခါသာရိပုတ္တရာသည် ထိုအခါ နာရဒရသေ့ ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သိကြားနတ်မင်း ဖြစ်ဖူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

ဝန်တိုသသူ၊ ငရဲယူ၊ အလှူရှင်မှ နတ်ပြည်ကြွ

သုံးခုမြောက်ဖြစ်သော သုဓာဘောဇနဇာတ်သည် ပြီး၏။

*****