ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၅၃၆။ ကုဏာလဇာတ် (၄)
766ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၅၃၆။ ကုဏာလဇာတ် (၄)မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်

အသီတိနိပါတ်

၄။ မဟာကုဏာလဇာတ်

ငြင်းခုံခိုက်ရန် မပြုသင့်ခြင်းအကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဧဝမက္ခာယတိ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဟာကုဏာလဇာတ်ကို ကုဏာလအိုင်၌ သီတင်းသုံးနေတော်မူစဉ် မမွေ့လျော်ခြင်းဖြင့် နှိပ်စက်ကုန်သော ရဟန်းငါးရာတို့ကိုအကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကား၌ ဤဆိုလတ္တံ့ သည်ကား အစဉ်ဖြစ်သော စကားတည်း။

ပစ္စုပ္ပန်ဝတ္ထု... သာကီဝင်မင်း၊ ကောလိယမင်းတို့သည် ကပိလဝတ်ပြည်၏လည်းကောင်း၊ ကောလိယပြည်၏လည်းကောင်း အကြား၌ ရောဟိနီမည်သောမြစ်ကို တခုသောဆည်ဖြင့်ဆည်၍ ကောက်တို့ကိုလုပ်ကုန်၏။

အစည်းအဝေးပဋိပက္ခ

ထိုအခါ၌ နယုန်လအခါဝယ် ကောက်ပင်တို့သည် ညှိုးကုန်လတ်သော် နှစ်ပြည်သားတို့၏ လယ်လုပ်သားတို့သည် စည်းဝေးကြကုန်၏။ ထိုနှစ်ပြည်သားတို့တွင် ကောလိယပြည်သားတို့သည် ဤသို့ဆိုကုန်၏။ ဤရေကို ငါတို့နှစ်ဦးသား ဆောင်ယူသည်ရှိသော် သင်တို့အားလည်းမလောက်၊ ငါတို့အားလည်းမလောက်၊ ငါတို့ ကောက်သည်ကား ရေတစ်ကြိမ်သွင်းသဖြင့် အောင်ပါလတ္တံ့၊ ဤရေကို ငါတို့အား ပေးကုန်လော့ ဟု ဆိုကုန်၏။ ကပိလဝတ်ပြည်သားတို့သည် ဤသို့ ဆိုကုန်၏။ သင်တို့သည် ကျီတို့ကိုပြည့်စေ၍ တည်ကုန်သည်ရှိသော် ငါတို့သည် ရွှေ ငွေ နီလာ ပတ္တမြား သလွဲမည်း အသပြာတို့ကိုယူ၍ တောင်းပခြုပ်စသည် လက်စွဲကုန်လျက် သင်တို့အိမ်တံခါးသို့ သွားအံ့သောငှာ မတတ်နိုင်ကုန်၊ ငါတို့ကောက်သည်လည်း ရေတစ်ကြိမ်သွင်းသဖြင့်လျှင် အောင်လတ္တံ့၊ ဤရေကို ငါတို့အားသာလျှင် ပေးကုန်လော့ ဟု ဆိုကုန်၏။ ငါတို့သည် မပေးကုန်အံ့။ ငါတို့သည် မပေးကုန်အံ့ဟု ဆို၍ ခိုက်ရန်ကိုပွားစေသဖြင့် တစ်ယောက်သောသူသည် ထ၍ တစ်ယောက်သောသူကို ပုတ်ခတ်၏။ ထိုသူသည်လည်း တစ်ယောက်သောသူကို ပုတ်ခတ်၏။ ဤသို့ အချင်းချင်း ပုတ်ခတ်ကုန်သဖြင့် မင်းမျိုးတို့ ဇာတ်အနွယ်ကို ထိခိုက်၍ တိုက်ခိုက်၍ ခိုက်ရန်ကို ဖြစ်စေကုန်၏။

ကောလိယပြည် လယ်လုပ်သားတို့သည် ဤသို့ ဆိုကုန်၏။ သင်တို့သည် ကပိလဝတ်မြို့၌နေကုန်သော သာကီဝင်မင်းသားတို့ကိုယူ၍ ကြုံးဝါးကြကုန်၏။ အကြင် ကပိလဝတ်မြို့နေ သာကီဝင်မင်းသားတို့သည် ခွေး၊ မြေခွေး အစရှိသည်တို့ကဲ့သို့ မိမိတို့၏နှမတို့နှင့်တကွ ပေါင်းဖော်ကြကုန်၏။ ထိုသာကီဝင်မင်းသားတို့၏ ဆင်၊ မြင်း အစရှိသည်တို့သည်လည်းကောင်း၊ ဗိုလ်ပါ လက်နက်တို့သည်လည်းကောင်း ငါတို့အား အဘယ်ပြုကုန်လတ္တံ့နည်းဟု ဆိုကုန်၏။ ကပိလဝတ်ပြည် လယ်လုပ်သားတို့သည် ဤသို့ ဆိုကုန်၏။ သင်တို့သည် ယခုအခါ၌ အနူမျိုးဖြစ်ကုန်သော မင်းသားတို့ကိုယူ၍ ကြုံးဝါးကြကုန်၏။ အကြင် ကောလိယမင်းသားတို့သည် နှင်ထုတ်အပ်ကုန်သည်ဖြစ်၍ ကိုးကွယ်ရာမရှိကုန်သဖြင့် တိရစ္ဆာန်ကဲ့သို့ ကလောပင်အောက်၌ နေရကုန်၏။ ထိုကောလိယမင်းတို့၏ ဆင်၊ မြင်း အစရှိသည်တို့သည်လည်းကောင်း၊ ဗိုလ်ပါ လက်နက်သည်လည်းကောင်း ငါတို့အား အဘယ်ပြုကုန်အံ့ည်း ဟု ဆိုကုန်၏။ ထိုနှစ်ဦးသော လယ်လုပ်သားတို့သည် သွားကုန်၍ ထိုအမှု၌ယှဉ်သော အမတ်တို့အား လျှောက်ကုန်၏။ ထိုအမတ်တို့သည် မင်းမျိုးတို့အား ကြားလျှောက်ကုန်၏။ ထို့နောင်မှ သာကီဝင်မင်းသားတို့သည် နှမနှင့် ပေါင်းဖော်သောသူတို့၏ အစွမ်းကိုလည်းကောင်း၊ ခွန်အားကိုလည်းကောင်း ပြကုန်အံ့ဟု စစ်ထိုးအံ့သော အစီအရင်ရှိကုန်သည်ဖြစ်၍ ထွက်ကြကုန်၏။ ကောလိယမင်းတို့သည်လည်း ကလောပင်အောက်၌ နေကုန်သောသူတို့၏ အစွမ်းကိုလည်းကောင်း၊ ခွန်အားကို လည်းကောင်း ပြကုန်အံ့ဟု စစ်ထိုးအံ့သော အစီအရင်ရှိကုန်သည်ဖြစ်၍ ထွက်ကြကုန်၏။

မှာထားချက်

တစ်ပါးကုန်သော ဆရာတို့သည်ကား သာကီဝင်မင်း, ကောလိယမင်းတို့၏ ကျွန်မတို့သည် ရေခပ်အံ့သောငှာ မြစ်သို့သွား၍ ခေါင်းခုတို့ကို မြေ၌ချထား၍ ချမ်းသာသောစကားဖြင့် နေကုန်သည်ရှိသော် တစ်ယောက်သောမိန်းမ၏ ခေါင်းခုကို တစ်ယောက်သောမိန်းမသည် မိမိခေါင်းခုအမှတ်ဖြင့် ယူမိ၏။ ထိုခေါင်းခုကိုမှီ၍ ငါ့ခေါင်းခု သင့်ခေါင်းခုဟုငြင်းခုံ၍ ခိုက်ရန်ဖြစ်ကြသည်ရှိသော် အစဉ်သဖြင့် ထိုနှစ်ပြည်၌နေကုန်သော ကျွန်အမှုလုပ်တို့သည်လည်းကောင်း၊ ရွာစားတို့သည်လည်းကောင်း၊ အမတ်တို့သည်လည်းကောင်း၊ အိမ်ရှေ့မင်းတို့သည်လည်းကောင်း၊ ဤသို့ အလုံးစုံသောသူတို့သည် စစ်ထိုးအံ့သော အစီအရင်ရှိကုန်သည်ဖြစ်၍ ထွက်ကြကုန်၏ဟု ဆိုကုန်၏။ ဤနောက်နည်းထက် ရှေးနည်းသာလျှင် များစွာကုန်သော မဟာအဋ္ဌကထာတို့၌ လာ၏။ သင့်လည်းသင့်၏။ ထို့ကြောင့် ထိုရှေးနည်းကိုသာလျှင် ယူအပ်၏။

ထိုသာကီဝင်မင်း, ကောလိယမင်းတို့သည် ညချမ်းအခါ၌ စစ်ထိုးအံ့သော အစီအရင်ရှိကုန်သည်ဖြစ်၍ ထွက်ကြကုန်၏။

မြတ်စွာဘုရား ငြိမ်းစေခြင်း

ထိုအခါ သဗ္ဗညူမြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည်၌ နေတော်မူလျက် မိုးသောက်ထသောအခါ၌ သတ္တလောကကို ကြည့်တော်မူလတ်သော် ဤသို့ စစ်ထိုးအံ့သော အစီအရင်ရှိသည်ဖြစ်၍ ထွက်ကုန်သော ဤသာကီဝင်မင်းတို့ကို မြင်တော်မူ၏။ မြင်တော်မူပြီးလျှင် ငါကြွသွားတော်မူသည်ရှိသော် ဤခိုက်ရန်သည် ငြိမ်းလတ္တံ့လော၊ မငြိမ်းလတ္တံ့လောဟု စုံစမ်းဆင်ခြင်တော်မူသည်ရှိသော် ငါသည်လျှင် ထိုအရပ်သို့သွား၍ ထိုခိုက်ရန်ကို ငြိမ်းစေသောငှာ ဇာတ်သုံးဇာတ်တို့ကို ဟောအံ့၊ ထိုသို့ဟောသောကြောင့် ခိုက်ရန်သည် ငြိမ်းလတ္တံ့၊ ထိုသို့ ငြိမ်းသောအခါ ညီညွတ်ခြင်းကို ပြအံ့သောငှာ နှစ်ဇာတ်တို့ကိုဟော၍ အတ္တဒဏ္ဍသုတ်ကို ဟောအံ့၊ ဓမ္မဒေသနာကို ကြားနာရ၍ နှစ်ပြည်သားတို့သည် နှစ်ရာ့ငါးဆယ်, နှစ်ရာ့ငါးဆယ်စီသော မင်းသားတို့ကို ပေးကုန်လတ္တံ့၊ ငါသည် ထိုငါးရာသော မင်းသားတို့ကို ရဟန်းပြုအံ့၊ များစွာသော အစည်းအဝေးသည် ဖြစ်လတ္တံ့ဟု ဆုံးဖြတ်ခြင်းကို ပြုတော်မူ၍ နံနက်ကလျှင် ကိုယ်လက်သုတ်သင်ခြင်းကို ပြုတော်မူပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းခံကြွတော်မူ၍ ဆွမ်းခံရွာမှ ဖဲခဲ့ပြီးသည်ရှိသော် ညချမ်းအခါ ဂန္ဓကုဋိတိုက်မှ ထွက်တော်မူခဲ့၍ တစ်စုံတစ်ယောက်သောသူအား ကြားတော်မမူဘဲ ကိုယ်တော်တိုင်သာလျှင် သပိတ်သင်္ကန်းတော်ကိုယူ၍ နှစ်ဦးသောစစ်သည်တို့၏ အကြားဖြစ်သော ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူလျှင် နှစ်ဦးသော စစ်သည်တို့အား ထိတ်လန့်စိမ့်သောငှာ နေ့အခါ၌ အမိုက်တိုက်ပြုအံ့သောငှာ ဆံတော်မှ ညိုသောရောင်ခြည်တော်ကို လွှတ်တော်မူလျက် နေတော်မူ၏။

ထိုအခါ ထိတ်လန့်သော စိတ်ရှိကုန်သော ထိုနှစ်ဦးသော စစ်သည်တို့အား ကိုယ်တော်ကိုပြလျက် ခြောက်ပါးသောအဆင်းရှိသော ဘုရားရောင်ခြည်တော်တို့ကို လွှတ်တော်မူ၏။ ကပိလဝတ် ပြည်သားတို့သည်လည်း မြတ်စွာဘုရားကို မြင်ကုန်လျှင် ငါတို့အမျိုးမြတ်ဖြစ်သော မြတ်စွာဘုရားသည် ကြွတော်မူလာ၏။ ထိုမြတ်စွာဘုရားသည် ငါတို့ကို ခိုက်ရန်ပြုသောအဖြစ်ကို မြင်တော်မူလေသလော ဟု ကြံ၍ စင်စစ်သော်ကား မြတ်စွာဘုရား ကြွလာတော်မူသည်ရှိသော် ငါတို့သည် သူတစ်ပါးတို့၌ လက်နက်ဖြင့် တိုက်ခိုက်အံ့သောငှာ မတတ်ကောင်း၊ ကောလိယပြည်သားတို့သည် ငါတို့ကို သတ်မူလည်း သတ်ပစေကုန်၊ နှောင်ဖွဲ့မှုလည်း နှောင်ဖွဲ့ပစေကုန်ဟု လက်နက်တို့ကို စွန့်ကုန်၏။ ကောလိယ ပြည်သားတို့သည်လည်း ထို့အတူလျှင် ပြုကုန်၏။

ထိုအခါ သဗ္ဗညူဘုရားသခင်သည် ကောင်းကင်မှ သက်တော်မူ၍ မွေ့လျော်ဖွယ်ရှိသော သဲစု၌ခင်းအပ်သော မြတ်သော ဘုရားနေရာ၌ နှိုင်းယှဉ်စရာ ဥပမာမရှိသော ဘုရားအသရေတော်ဖြင့် တင့်တယ်လျက် နေတော်မူ၏။ ထိုနှစ်ဦးသော မင်းတို့သည်လည်း သဗ္ဗညူမြတ်စွာဘုရားကို ရှိခိုးလျက် နေကုန်၏။ ထိုသို့နေကုန်သောအခါ ထိုနှစ်ဦးသောမင်းတို့ကို သဗ္ဗညူဘုရားသခင်သည် သိတော်မူလျက်လျှင် မြတ်သောမင်းမျိုးတို့ အဘယ်ကြောင့် သင်မင်းမြတ်တို့သည် လာကြကုန်သနည်းဟု မေးတော်မူ၏။ အရှင်ဘုရား မြစ်ကိုရှုအံ့သောငှာ မလာပါကုန်၊ မြစ်၌ ကစားအံ့သောငှာလည်း မလာပါကုန်၊ စင်စစ်သော်ကား ဤအရပ်၌ စစ်ထိုးခြင်းကို ဖြစ်စေလိုသောကြောင့် လာပါကုန်၏ဟု ကြားလျှောက်ကြကုန်၏။ “မြတ်သောမင်းမျိုးတို့... သင်တို့သည် အဘယ်ကိုမှီ၍ ခိုက်ရန်ဖြစ်ကြကုန်သနည်း” ဟု မေးတော်မူ၏။ အရှင်ဘုရား ရေကိုအမှီပြု၍ ဖြစ်ပါကုန်၏ဟု လျှောက်ကြကုန်၏။ မြတ်သောမင်းမျိုးတို့... ရေသည် အဘယ်မျှ အဖိုးထိုက်သနည်းဟု မေးတော်မူ၏။ အရှင်ဘုရား... ရေသည် နည်းသောအဖိုးကို ထိုက်ပါ၏ဟု လျှောက်ကုန်၏။ မြတ်သောမင်းမျိုးတို့... မြေသည်ကား အဖိုး အဘယ်မျှထိုက်သနည်းဟု မေးတော်မူ၏။ အရှင်ဘုရား... မြေသည် အဖိုးအတိုင်းမသိ ထိုက်ပါဟု လျှောက်ကုန်၏။ မြတ်သော မင်းမျိုးတို့... မင်းတို့သည် အဖိုးအဘယ်မျှ ထိုက်ကုန်သနည်းဟု မေးတော်မူ၏။ အရှင်ဘုရား... မင်းတို့မည်သည်ကား အဖိုးအတိုင်းမသိ ထိုက်ကုန်၏ဟု လျှောက်ကုန်၏။ မြတ်သောမင်းမျိုးတို့... အဘယ့်ကြောင့် အဖိုးမထိုက်သောရေကို အမှီပြု၍ အဖိုးများစွာထိုက်သော မင်းတို့ကို ဖျက်ဆီးကုန်ဘိသနည်း၊ ခိုက်ရန်ပြုခြင်း၌ စိတ်ချမ်းသာခြင်းမည်သည် မရှိ၊ မြတ်သောမင်းမျိုးတို့... ထိုစကားသည် မှန်၏။ ခိုက်ရန်ပြုခြင်း၏ အစွမ်းအားဖြင့် တစ်ယောက်သော ကြိုပင်စောင့်နတ်သည် ဝံနှင့်တကွ ရန်ငြိုးဖွဲ့၍ အလုံးစုံသော ဤကမ္ဘာလုံးလည်း ပျက်စီးခြင်းသို့ ရောက်သည်သာလျှင်တည်းဟု မိန့်တော်မူ၍ ဖန္ဒနဇာတ်ကို ဟောတော်မူ၏။ (ဤဖန္ဒနဇာတ်ကိုကား တေရသကနိပါတ်၌ ဟောတော်မူ၏။ )

ထို့နောင်မှ မြတ်သောမင်းမျိုးတို့ သူတစ်ပါးစကားကို ယုံကြည်လိုက်နာခြင်းမည်သည် မဖြစ်ရာ။ ထိုစကားသည် မှန်၏။ သူတစ်ပါးစကားကို ယုံကြည်လိုက်နာသည်ဖြစ်၍ ယုန်ငယ်တစ်ကောင်၏ စကားကြောင့် ယူဇနာသုံးထောင် အပြောကျယ်သော ဟိမဝန္တာတော၌ အခြေလေးချောင်းရှိသော သားအပေါင်းတို့သည် မဟာသမုဒ္ဒရာသို့ချည်း ပြေးဆင်း၍ ဝင်ရကုန်၏။ ထို့ကြောင့် သူတစ်ပါးစကားကို လိုက်နာသည် မဖြစ်ရာဟု မိန့်တော်မူ၍ ဒုဒ္ဒရဇာတ်ကို ဟောတော်မူ၏။ (ဤ ဒုဒ္ဒရဇာတ်ကိုကား စတုက္ကနိပါတ်၌ ဟောတော်မူ၏။ )

ထို့နောင်မှ မြတ်သောမင်းမျိုးတို့... ရံခါ အားနည်းသော သူသည်လည်း အားကြီးသောသူ၏ အကျိုးမဲ့ကို ပြုနိုင်၏။ ထိုစကားသည်မှန်၏။ နှံစုတ်ငှက်ငယ်စင်လျက် ဆင်ပြောင်ကြီးကို သတ်နိုင်၏ဟု မိန့်တော်မူ၍ လဋုကိက ဇာတ်ကို ဟောတော်မူ၏။ (ဤလဋုကိကဇာတ်ကိုကား ပဉ္စကနိပါတ်၌ ဟောတော်မူ၏။ )

ဤသို့လျှင် ခိုက်ရန်ငြိမ်းစိမ့်သောငှာ သုံးဇာတ်ကို ဟောတော်မူ၍ ထိုမှတစ်ပါး သင့်တင့်ညီညွတ်ခြင်းကို ပြအံ့သောငှာ နှစ်ဇာတ်ကိုဟောတော်မူ၏။ မြတ်သောမင်းမျိုးတို့... ထိုစကားသည် မှန်၏။ သင့်တင့် ညီညွတ်ကုန်သောသူတို့အား တစ်စုံတစ်ယောက်သောသူသည် အပေါက်အကြားမည်သည်ကို မြင်ခြင်းငှာ မတတ်နိုင်ဟု မိန့်တော်မူ၍ ရုက္ခဓမ္မဇာတ်ကို ဟောတော်မူ၏။ (ဤရုက္ခဓမ္မဇာတ်ကိုကား ဧကကနိပါတ်၌ ဟောတော်မူ၏။ )

ထိုမှတစ်ပါးလည်း မြတ်သောမင်းမျိုးတို့... သင့်တင့်ညီညွတ်သောသူတို့အား တစ်စုံ တစ်ယောက်သောသူသည် ကွဲပြားသည်ကို မြင်ခြင်းငှာ မတတ်နိုင်။ အကြင်အခါ၌ကား အချင်းချင်း ငြင်းခုံခြင်း ခိုက်ရန်ကို ပြုကုန်၏။ ထိုအခါ၌ ထိုငုံးတို့ကို တစ်ယောက်သောမုဆိုးသည် အသက်ကုန်ခြင်းသို့ ရောက်စေပြီးလျှင် ယူ၍သွားလေ၏။ ခိုက်ရန်ပြုခြင်း၌ ချမ်းသာခြင်းမည်သည် မရှိဟု မိန့်တော်မူ၍ ဝဋ္ဋကဇာတ်ကို ဟောတော်မူ၏။ (ဤဝဋ္ဋကဇာတ်ကို သမ္မာဒမာနဇာတ် ဟူသောအမည်ဖြင့် ဧကကနိပါတ်၌ ဟောတော်မူ၏။ )

ရဟန်းငါးရာရ

ဤသို့လျှင် ငါးဇာတ်တို့ကို ဟောတော်မူပြီး၍အဆုံး၌ အတ္တဒဏ္ဍသုတ်ကို ဟောတော်မူ၏။ ထိုအခါ သာကီဝင်မင်းတို့သည် ကြည်ညိုကုန်သည်ဖြစ်၍ မြတ်စွာဘုရားသည် အကယ်၍ ကြွတော်မမူလာသည်ဖြစ်အံ့၊ ငါတို့သည် အချင်းချင်းသတ်၍ သွေးချောင်းစီးသည်ကို ဖြစ်စေကုန်လတ္တံ့၊ ဘုရားသခင်ကိုမှီ၍ ငါတို့သည် အသက်ကိုရအပ်၏။ ဘုရားသခင်သည် အိမ်ရာထောင်သော လူ၏ဘောင်၌ အကယ်၍ နေတော်မူအံ့၊ ကျွန်းငယ်နှစ်ထောင် အရံရှိသော ကျွန်းကြီးလေးကျွန်း၌ဖြစ်သော မင်းစည်းစိမ်သည် လက်တော်သို့ ရောက်သည်ဖြစ်ရာ၏။ စင်စစ်သော်ကား ထိုမြတ်စွာဘုရားအား တစ်ထောင်အလွန်ရှိကုန်သော သားတို့သည် ဖြစ်ကုန်ရာ၏။ ထိုကျွန်းကြီးလေးကျွန်းကို အစိုးရသောကြောင့် မင်းအပေါင်း အခြံအရံရှိသည်ဖြစ်၍လျှင် သွားရာ၏။ မြတ်ဘုရားသည် ထိုသဘောရှိသော စကြာမင်းစည်းစိမ်ကိုစွန့်၍ တောထွက်တော်မူသဖြင့် သဗ္ဗညူဘုရားအဖြစ်သို့ ရောက်တော်မူ၏။ ယခုခါ၌လည်း မင်းမျိုးအပေါင်း အခြံအရံရှိသည်ဖြစ်၍လျှင် ကြွတော်မူစသတည်း ဟု နှစ်ပြည်ထောင်သားတို့ နှစ်ရာ့ငါးဆယ် နှစ်ရာ့ငါးဆယ်စီသော မင်းသားတို့ကို လှူကြကုန်၏။

သဗ္ဗညူ ဘုရားသခင်သည် ထိုငါးရာသော မင်းသားတို့ကို ရဟန်းပြုတော်မူ၍ မဟာဝုန်သို့ ကြွတော်မူ၏။ မိုးသောက်သောနေ့မှစ၍ ထိုငါးရာသော သာကီဝင်မင်းသား ရဟန်းတို့ဖြင့်ခြံရံလျက် ရံခါ ကပိလဝတ် ပြည်တော်၌၊ ရံခါ ကောလိယပြည်တော်၌၊ ဤသို့ နှစ်ပြည်တို့၌ ဆွမ်းခံကြွတော်မူ၏။ နှစ်ပြည်ထောင်သားတို့သည် ကြီးစွာသော ပူဇော်သက္ကာရကို ပြုကြကုန်၏။ အလွန် ရိုသေလေးမြတ်ကြသည်ဖြစ်၍ မိမိတို့အလိုအားဖြင့် ရဟန်းပြုကြသည် မဟုတ်ကုန်သော ထိုငါးရာကုန်သော ရဟန်းတို့အား မမွေ့လျော်ခြင်းတို့သည်ဖြစ်၏။ မယားဟောင်းတို့သည် ထိုရဟန်းတို့အား မမွေ့လျော်ခြင်း ဖြစ်စိမ့်သောငှာ ထိုထိုသို့သောအကြောင်းကို ပြောဆို၍ သတင်းစကား စေလိုက်ကြကုန်၏။ ထိုရဟန်းတို့သည် လွန်စွာ ငြီးငွေ့ကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ဆင်ခြင်တော်မူလတ်သော် ထိုငါးရာသော သာကီဝင်မင်းသား ရဟန်းတို့ မမွေ့လျော်သောအဖြစ်ကို သိတော်မူ၍ ဤရဟန်းတို့သည် ငါကဲ့သို့သော ဘုရားသဗ္ဗညူနှင့် အတူတကွနေကုန်လျက် ငြီးငွေ့ကုန်ဘိ၏။ ထိုရဟန်းတို့အား အဘယ်သို့သော တရားစကားသည် သင့်လျော်ပါအံ့နည်း၊ လျောက်ပတ်ပါအံ့နည်းဟု စုံစမ်းဆင်ခြင်တော်မူလတ်သော် ကုဏာလဇာတ် ဓမ္မဒေသနာကို မြင်တော်မူ၏။ ထိုအခါ ဘုရားသခင်အား ဤသို့သောအကြံသည် ဖြစ်တော်မူ၏။ ငါသည် ဤငါးရာသော ရဟန်းတို့ကို ဟိမဝန္တာသို့ ဆောင်ယူ၍ ကုဏာလဇာတ် ဓမ္မဒေသနာဖြင့် ထိုရဟန်းတို့အား မိန်းမတို့၏ အပြစ်ကို ပြသဖြင့် မမွေ့လျော်ခြင်းကိုဖျောက်၍ သောတာပတ္တိဖိုလ်ကို ပေးအံ့ဟု အကြံဖြစ်တော်မူ၏။ အကြံဖြစ်တော်မူပြီး၍ ထိုဘုရားသခင်သည် နံနက်အခါ၌ သင်းပိုင်ကို ပြင်ဝတ်တော်မူပြီးလျှင် သပိတ်သင်္ကန်းကို ယူတော်မူ၍ ကပိလဝတ်ပြည်သို့ ဆွမ်းခံကြွတော်မူ၍ ဆါမ်းဘုဉ်းပေးပြီးသော် ဆွမ်းခံရွာမှ ဖဲခဲ့ပြီးသော် ဆွမ်းဘုဉ်းပေးသောကာလ (နံနက်ချိန်) ၌လျှင် ငါးရာကုန်သော ထိုရဟန်းတို့ကို ခေါ်တော်မူ၍ ရဟန်းတို့... သင်တို့သည် မွေ့လျော်ဖွယ်သော ဟိမဝန္တာအရပ်ကို မြင်ဖူးကုန်၏လော ဟု မေးတော်မူ၏။

ဟိမဝန္တာသို့ ကြွခြင်း

အရှင်ဘုရား... ထိုဟိမဝန္တာကို အကျွန်ုပ်တို့ မမြင်ဖူးပါကုန်ဟု နားတော် လျှောက်ကုန်၏။ ဟိမဝန္တာ၌ လှည့်လည်ခြင်းကို လှည့်လည်ကုန်အံ့လောဟု မေးတော်မူလတ်သော် အရှင်ဘုရား... ဘုန်းတန်ခိုးမရှိကုန်သော အကျွန်ုပ်တို့သည် အသို့လျှင် သွားနိုင်ကုန်အံ့နည်းဟု တင်လျှောက်ကုန်၏။ အကယ်၍ သင်တို့ကို တစ်စုံတစ်ယောက်သောသူသည် ခေါ်၍ သွားငြားအံ့၊ လိုက်ကြကုန်အံ့လောဟု မေးတော်မူ၏။ အရှင်ဘုရား... လိုက်ပါကုန်အံ့ဟု နားတော်လျောက်ကြကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ထိုအလုံးစုံသော ရဟန်းငါးရာတို့ကိုလည်း ကိုယ်တော်မြတ် တန်ခိုးတော်ဖြင့် ဆောင်ယူ၍ ကောင်းကင်သို့တက်၍ ဟိမဝန္တာသို့သွား၍ ကောင်းကင်ပြင်၌ ရပ်တော်မူလျက်လျှင် မွေ့လျော်ဖွယ်ရှိသော ဟိမဝန္တာအရပ်၌ ရွှေတောင်၊ ငွေတောင်၊ မြတောင်၊ ဟင်္သာပြဒါးတောင်၊ မျက်စဉ်းတောင်ထ ဖလ်တောင်၊ တောင်လျဉ်တောင်ဝှမ်း၊ ဤသို့ အထူးထူး အပြားပြားရှိသော တောင်တို့ကိုလည်းကောင်း, ဂင်္ဂါ ယမုနာ အစိရဝတီ မဟီ သရဘူဟူကုန်သော မြစ်ကြီးငါးစင်းတို့ကိုလည်းကောင်း, ကဏ္ဏမုဏ္ဍအိုင် ရထကာရအိုင် သီဟပပါတအိုင် ဆဒ္ဒန္တအိုင် တိယင်္ဂလအိုင် အနဝတတ်အိုင် ကုဏာလအိုင်ဟူသော အိုင်ကြီးခုနစ်အိုင်တို့ကိုလည်းကောင်း ပြတော်မူ၏။ ဟိမဝန္တာမည်သည်ကား ကြီးကျယ်စွာ၏။ ယူဇနာငါးရာ အစောက်မြင့်၏။ ယူဇနာသုံးထောင် အပြောကျယ်၏။ ထိုဟိမဝန္တာ၏ မွေ့လျော်ဖွယ်ရှိသော ဤတစ်စိတ်သောအရပ်ကို ကိုယ်တော်၏ အာနုဘော်ဖြင့် ပြတော်မူ၏။

ထိုဟိမဝန္တာ၌ ပြုအပ်သော နေခြင်းရှိကုန်သော ခြင်္သေ့မျိုး ကျားမျိုး ဆင်မျိုး အစရှိကုန်သော အခြေလေးချောင်းရှိသော သားတို့ကိုလည်း တစ်စိတ်အားဖြင့် ပြတော်မူ၏။ ထိုဟိမဝန္တာ၌ နှလုံးမွေ့လျော်ဖွယ်ရှိသော အရံအစရှိသည်တို့ကိုလည်းကောင်း, အပွင့်အသီးကို ဆောင်ကုန်သော သစ်ပင်တို့ကိုလည်းကောင်း၊ အထူးထူး အပြားပြားရှိကုန်သော ငှက်အပေါင်းတို့ကိုလည်းကောင်း ရေပန်း ကြည်းပန်းတို့ကိုလည်းကောင်း ဟိမဝန္တာတောင်၏ အရှေ့နံပါး၌ ရွှေအပြင်ကိုလည်းကောင်း အနောက်နံပါး၌ ဟင်္သာပြဒါး အပြင်ကိုလည်းကောင်း ပြတော်မူ၏။ ဤသို့သဘောရှိကုန်သော မွေ့လျော်ဖွယ်တို့ကို မြင်ရသောအခါမှစ၍ ထိုငါးရာကုန်သော ရဟန်းတို့အား မယားဟောင်းတို့၌ အားကြီးစွာသော တပ်ခြင်းရာဂကို ပယ်အပ်ကုန်၏။

ဥဩငှက်မင်း

ထိုအခါ သဗ္ဗညူ ဘုရားသခင်သည် ထိုငါးရာကုန်သော ရဟန်းတို့ကိုယူ၍ ကောင်းကင်မှ သက်တော်မူပြီးလျှင် ဟိမဝန္တာ အနောက်နံပါး၌ ယူဇနာခြောက်ဆယ်ရှိသော မြင်းသီလာ ကျောက်ဖျာအပြင်၌ ခုနှစ်ယူဇနာရှိသော တစ်ကမ္ဘာလုံးတည်သော အင်ကြင်းပင်အောက်၌ သုံးယူဇနာရှိသော မြင်းသီလာ ကျောက်ဖျာအပြင်၌ ထိုငါးရာသော ရဟန်းအပေါင်းခြံရံလျက် ခြောက်ပါးသော အဆင်းရှိသော ဘုရား၏ ရောင်ခြည်တော်တို့ကို လွှတ်တော်မူလျက် သမုဒ္ဒရာအဝှမ်းကို ချောက်ချားစေ၍ ထွန်းပသော နေလုလင်ကဲ့သို့ နေတော်မူ၍ သာယာစွာသော အသံတော်ကို မြွက်တော်မူလျက် ထိုရဟန်းတို့ကို ခေါ်တော်မူ၏။ ရဟန်းတို့... ဤဟိမဝန္တာအရပ်၌ သင်တို့မမြင်ဖူးသည်ကို မေးကြကုန်လော့ဟု မိန့်တော်မူ၏။

ထိုခဏ၌ ဆန်းကြယ်သော ဥဩမ နှစ်ကောင်တို့သည် လှံတံကို အစွန်းနှစ်ဖက်တို့၌ နှုတ်သီးဖြင့်ကိုက်ယူလျက် အလယ်၌ မိမိတို့လင်ဖြစ်သော ဥဩမင်းကိုနေစေ၍ ဆန်းကြယ်ကုန်သော ဥဩတို့ကို ရှေ့ကရှစ်ကောင်၊ နောက်က ရှစ်ကောင်၊ လက်ဝဲက ရှစ်ကောင်၊ လက်ယာက ရှစ်ကောင်၊ အောက်က ရှစ်ကောင်၊ အထက်က ရှစ်ကောင်၊ အရိပ်ပြု၍ ဤသို့ဆန်းကြယ်သော ဥဩမင်းကိုခြံရံလျက် ကောင်းကင်ဖြင့် လာလတ်ကုန်၏။

ထိုရဟန်းတို့သည် ထိုငှက်အပေါင်းကိုမြင်၍ ဘုရားသခင်ကို မေးလျှောက်ကြကုန်၏။ အရှင်ဘုရား ဤငှက်တို့ကား အဘယ်မည်သော ငှက်တို့နည်းဟု မေးလျှောက်ကြကုန်၏။ ရဟန်းတို့... ဤငှက်အပေါင်းတို့သည် ငါဘုရား၏ အနွယ်တည်း၊ ငါသည် ထားအပ်သော အစဉ်အဆက်တည်း၊ ငါ့ကို ရှေးဦးစွာ ရှေး၌ ဤသို့ လုပ်ကျွေးဖူးကုန်၏။ ထိုအခါ၌ ဤငှက်အပေါင်းသည် အလွန်များ၏။ သုံးထောင့်ငါးရာသော ငှက်မတို့သည် ငါ့ကို လုပ်ကျွေးကုန်၏။ အစဉ်သဖြင့် ဆုတ်ယုတ်၍ ယခုအခါ၌ ဤမျှသာလျှင် ဖြစ်၏ဟု မိန့်တော်မူ၏။ အရှင်ဘုရား ဤသို့သဘောရှိသော တောအုပ်၌ ထိုငှက်မတို့သည် အရှင်ဘုရားတို့ကို အသို့လုပ်ကျွေးကြကုန်သနည်းဟု မေးလျှောက်ကြကုန်၏။

အတိတ်ဝတ္ထု... ထိုအခါ ထိုရဟန်းတို့အား သဗ္ဗညူ ဘုရားသခင်သည် ရဟန်းတို့... ထိုတပြီးကား နာကြကုန်လော့ဟု သတိကို ဖြစ်စေတော်မူ၍ လွန်လေပြီးသောအကြောင်းကို ထုတ်ဆောင်၍ ပြတော်မူလိုရကား

ဧဝ မက္ခာယတိ၊ ဧဝ မနုသူယတိ... အစရှိသော ဤဂါထာတို့ကို ဟောတော်မူ၏။

ဟိမဝန္တ သားကောင်များ

ထိုဂါထာတို့၏ အနက်ကား-

ဘောန္တော၊ အို ရဟန်းအပေါင်းတို့။ ခလု၊ စင်စစ်သဖြင့်။ သဗ္ဗော သဓဓရဏိဓရေ၊ အလုံးစုံသော ဆေးကို ဆောင်သော မြေနှင့်ပြည့်စုံသော။ အနေကပုပ္ဖမာလျဝိတတေ၊ မြားစွာသော အသီးအလို့ငှာ ပွင့်သောပန်း, ပန်စရာမရှိသော ပန်းတို့ဖြင့် ပြည့်စုံထသော။ ဂဇ၊ ဆင်။ ဂဝဇ၊ နွားနောက်။ မဟိံသ၊ ကျွဲ။ ရုရု၊ ဆတ်။ စာမရ၊ စာမရီမည်သောသား။ ပသဒ၊ ချေ။ ခဂ္ဂ၊ ကြံ့။ ဂေါကဏ္ဏ၊ စိုင်။ သီဟ၊ ခြင်္သေ့။ ဗျဂ္ဃ၊ ကျား။ ဒီပိ၊ ကျားသစ်။ အစ္ဆ၊ ဝံ။ ကောက၊ သစ်ကြုတ်။ တရစ္ဆ၊ အောင်း။ ဥဒ္ဒါရ၊ ဖျံ။ ကဒလီမိဂ၊ ဝံပိုင့်။ ဗိဠာရ၊ ကြောင်။ သသ၊ ယုန်။ ကဏ္ဏိကာနုစရိတေ၊ ဒရယ်တို့၏ ကျင်လည်ရာလည်း ဖြစ်ထသော။ အာကိဏ္ဏ နေလ မဏ္ဍလ မဟာဝရာဟ နာဂကုလ ကရေဏု သင်္ဃာဓိဝုဋ္ဌေ၊ ပြည့်သော ဆင်ငယ်-ဆင်ကြီးအပေါင်း ဆယ်ပါးသော ဆင်မျိုးအပေါင်းတို့၏ နေရာလည်း ဖြစ်ထသော။

ဣဿမိဂ၊ ဝံ။ သာခမိဂ၊ မျောက်။ သရဘမိဂ၊ သမင်ဆီးဆောက်။ ဧဏီမိဂ၊ ဧဏီမည်သောသား။ ဝါတမိဂ၊ သမင်ပျံ။ ပသဒမိဂ၊ ချေ။ ပုရိသာလု၊ ဝါလဝါမည်သော ဘီလူး။ ကိံပုရိသ၊ ဒေဝကိန္နရာ, စန္ဒကိန္နရာ, ဒုမကိန္နရာ စသည်ပြားသော ကိန္နရာမျိုး။ ယက္ခ၊ ဘီလူး။ ရက္ခသနိသေဝိတေ၊ ရက္ခိုသ်ဘီလူးတို့၏ မှီဝဲရာလည်း ဖြစ်သသော။ အမဇ္ဇဝ မဉ္ဇရီ ဓရ ပဟဋ္ဌ ပုပ္ဖ ဖုသိတဂ္ဂါ နေကပါဒပ ဂဏဝိကတေ၊ ပန်းငုံ ပန်းတံတို့နှင့်ပြည့်စုံသော ထိသော အပွင့်အဖျားရှိသော များစွာသော ပန်းပင်အပေါင်းဖြင့် ဆန်းကြယ်ထသော။

ကုရရ၊ ဝန်လိုငှက်။ စကောရ၊ စင်ရော်။ ဝါရဏ၊ ငှက်ဆင်။ မယူရ၊ ဥဒေါင်း။ ပရဘတ၊ ဥဩ။ ဇီဝဇီဝက၊ ဇီဝဇိုးငှက်။ စေလာဝက၊ ထီးလိုင်ကာငှက်။ ဘိင်္ကာရ၊ ဘိင်္ကရာဇ်ငှက်။ ကရဝိကမတ္တ ဝိဟင်္ဂဂဏ သတသမ္ပဃုဋ္ဌေ၊ ယစ်ကုန်သော ကရဝိက်ငှက်အပေါင်းတို့၏ မပြတ်ကောင်းစွာ တွန်မြူရာလည်း ဖြစ်ထသော။

ဓာတ်သတ္တု ရတနာများ

အဉ္ဇန၊ မျက်စဉ်း။ မနောသိလာ၊ မြင်းသီလာ။ ဟရီတာလ၊ ဆေးဒန်း။ ဟိင်္ဂုလက၊ ဟင်္သာပြဒါး။ ဟေမ၊ ရွှေ။ ရဇတ၊ ငွေ။ ကနကာနေက ဓာတုသတဝိနဒ္ဓပဋိမဏ္ဍိတပ္ပဒေသေ၊ ရွှေဟူသော များစွာသောဓာတ်တို့ဖြင့် မပြတ် မြှေးယှက်အပ်သည်ဖြစ်၍ တန်ဆာဆင်အပ်သော အရပ်လည်းရှိထသော။ ဧဝရူပေ၊ ဤသို့သဘောရှိသော။ ရမ္မေ၊ မွေ့လျော်ဖွယ်ရှိသော။ ဝနသဏ္ဍေ၊ တောအုပ်၌။ အတိဝိယစိတ္တော၊ အထူးသဖြင့်ဆန်းကြယ်သော အဆင်းလည်းရှိထသော။ အတိဝိယစိတ္တပတ္တစ္ဆေဒနော၊ အလွန်အထူးသဖြင့် ဆန်းကြယ်သော အတောင်ဖြင့် ဖုံးလွှမ်းအပ်သော။ ကုနာလော နာမ၊ ကုဏာလအမည်ရှိသော။ သကုဏော၊ ငှက်မင်းသည်။ ပဋိဝသတိ၊ နေ၏။ သော ဝနသဏ္ဍော၊ ထိုကုဏာလငှက်မင်း နေရာတောအုပ်ကို။ ဧဝံ၊ ဤဆိုအပ်ခဲ့ပြီးသော အခြင်းအရာဖြင့်။ အက်ခာယတိ၊ ဆိုအပ်၏။ ဧဝံ၊ ဤဆိုအပ်ခဲ့ပြီးသော အခြင်းအရာဖြင့်။ အနုသူယတိ၊ ကြားအပ်၏။

ဘောန္တော၊ အို ရဟန်းအပေါင်းတို့။ ခလု-ဧကန္တေန၊ စင်စစ်သဖြင့်။ ကုဏာလဿ၊ ကုဏာလအမည်ရှိသော။ တဿေဝ သကုဏဿ၊ ထိုဥဩငှက်မင်း၏လျှင်။ ပါရိစာရိကာ၊ အလုပ် အကျွေး ဖြစ်ကုန်သော။ ဒိဇကညာယော၊ ငှက်မဖြစ်ကုန်သော။ အဍ္ဎုဍ္ဎာနိ ဣတ္ထိသဟဿာနိ၊ သုံးထောင့်ငါးရာကုန်သော ဥဩမတို့သည်။ သန္တိ၊ ရှိကုန်၏။

ဘောန္တော၊ အို ရဟန်းတို့။ အထ၊ ထိုအခါ၌။ ခလု-ဧကန္တေန၊ စင်စစ်သဖြင့်။ ဒွေ ဒိဇကညာယော၊ နှစ်ကောင်ကုန်သော ဥဩမတို့သည်။ ကဋ္ဌံ၊ လှံတံကို။ မုခေန၊ နှုတ်သီဖြင့်။ ဍံသိတွာ၊ ကိုက်၍။ ကုဏာလံ၊ ကုဏာလအမည်ရှိသော။ တံ သကုဏံ၊ ထိုဥဩငှက်မင်းကို။ မဇ္ဈေ၊ အလယ်၌။ နီသီဒါပေတွာ၊ နေစေ၍။ ကုဏာလံ၊ ကုဏာလအမည်ရှိသော။ သကုဏံ၊ ထိုငှက်မင်းကို။ အဒ္ဓါနပရိယာယပထေ၊ အဓွန့်ရှည်သောခရီးကို သွားခြင်း၌။ ကိလမထော၊ ပင်ပန်းခြင်းသည်။ မာ ဥဗ္ဗာဟေတ္ထ၊ မဖြစ်စေသတည်း။ ဣတိ မနသိကတွာ၊ ဤသို့ နှလုံးပိုက်၍။ ဥဍ္ဍေန္တိ၊ ပျံသွားကုန်၏။

ပဉ္စသတာ၊ ငါးရာကုန်သော။ ဒိဇကညာယော၊ ငှက်မတို့သည်။ သစေ၊ အကယ်၍။ ကုဏာလော၊ ကုဏာလ အမည်ရှိသော။ အယံ သကုဏော၊ ဤငှက်မင်းသည်။ အာသနာ၊ နေရာမှ။ ပရိပတိဿတိ၊ လျှောကျသည်ဖြစ်အံ့။ မယံ၊ ငါတို့သည်။ တံ၊ ထိုငှက်မင်းကို။ ပက္ခေဟိ၊ အတောင်တို့ဖြင့်။ ပဋိဂ္ဂဟေဿာမ၊ ခံကုန်အံ့။ ဣတိ၊ ဤသို့ နှလုံးသွင်း၍။ ဟေဋ္ဌတော ဟေဋ္ဌတော၊ အောက်မှ အောက်မှ။ ဍေန္တိ၊ သွားကုန်၏။

ပဉ္စသတာ၊ ငါးရာကုန်သော။ ဒီဇယညာယော၊ ငှက်မတို့သည်။ ကုဏာလံ၊ ကုဏာလအမည်ရှိ။ နံ သကုဏံ၊ ထိုငှက်မင်းကို။ အာတပေါ၊ နေပူသည်။ မာ ပရိယာပေသိ၊ မပူစေသနည်း။ ဣတိ၊ ဤသို့နှလုံးသွင်း၍။ ဥပရူပရိ၊ အဆင့်ဆင့်။ ဍေန္တိ၊ ပျံကုန်၏။

ပဉ္စသတာ၊ ငါးရာကုန်သော။ ဒိဇကညာယော၊ ငှက်မတို့သည်။ ကုဏာလံ၊ ကုဏာလ အမည်ရှိသော။ နံ သကုဏံ၊ ထိုငှက်မင်းကို။ သီတံ ဝါ၊ အချမ်းသည်လည်းကောင်း။ ဥဏှံ ဝါ၊ အပူသည်လည်းကောင်း။ တိဏံ ဝါ၊ မြက်သည်လည်းကောင်း။ ရဇော ဝါ၊ မြူသည်လည်းကောင်း။ ဝါတော ဝါ၊ လေသည်လည်းကောင်း။ ဥဿာဝေါ ဝါ၊ ဆီးနှင်းသည်လည်းကောင်း။ မာ ဥပပ္ဖုသိ၊ မထိစေသတည်း။ ဣတိ၊ ဤသို့နှလုံးသွင်း၍။ ဥဘတော ပဿေန၊ နံပါးနှစ်ဖက်ဖြင့်။ ဍေန္တိ၊ ပျံသွားကုန်၏။

ပဉ္စသတာ၊ ငါးရာကုန်သော။ ဒီဇကညာယော၊ ငှက်မတို့သည်။ ကုဏာလံ၊ ကုဏာလအမည်ရှိသော။ နံ သကုဏံ၊ ထိုငှက်မင်းကို။ ဂေါပါလကာ ဝါ၊ နွားကျောင်းသားတို့သည်လည်းကောင်း။ ပသုပါလကာ ဝါ၊ ဆိတ်ကျောင်းသားတို့သည်လည်းကောင်း။ တိဏဘာရကာ ဝါ၊ မြက်ရိတ်သော သူတို့သည်လည်းကောင်း။ ကဋ္ဌဟာရကာ ဝါ၊ ထင်းခွေသော သူတို့သည်လည်းကောင်း။ ဝနကမ္မိကာ ဝါ၊ တောကို လုပ်သောသူတို့သည်လည်းကောင်း။ ကဋ္ဌေန ဝါ၊ သစ်သားဖြင့်လည်းကောင်း။ ကဌလေန ဝါ၊ အိုးခြမ်းကွဲဖြင့်လည်းကောင်း။ ပါဏိနာ ဝါ၊ လက်ဖြင့်လည်းကောင်း။ လေဍ္ဍုနာ ဝါ၊ ခဲဖြင့်လည်းကောင်း။ ဒဏ္ဍေန ဝါ၊ တုတ်လှံတံဖြင့်လည်းကောင်း။ သတ္တေန ဝါ၊ လက်နက်ဖြင့်လည်းကောင်း။ သက္ခရာဟိ ဝါ၊ ကျောက်စရစ်တို့ဖြင့်လည်းကောင်း။ ပဟာရံ၊ ပုတ်ခက်ခြင်းကို။ မာ အဒံသု၊ မပေးစေကုန်သတည်း။

ကုဏာလော၊ ကုဏာလအမည်ရှိသော။ အယံ သကုဏော၊ ဤငှက်မင်းသည်။ ဂစ္ဆေဟိ ဝါ၊ ချုံတို့ဖြင့်လည်းကောင်း။ လတာဟိ ဝါ၊ နွယ်တို့ဖြင့်လည်းကောင်း။ ရုက္ခေဟိ ဝါ၊ သစ်ပင်တို့ဖြင့်လည်းကောင်း။ သာခါဟိ ဝါ၊ သစ်ခက်တို့ဖြင့်လည်းကောင်း။ ထမ္ဘေဟိ ဝါ၊ တိုင်တို့ဖြင့်လည်းကောင်း။ ပါသာဏေဟိ ဝါ၊ ကျောက်တို့ဖြင့်လည်းကောင်း။ ဗလဝန္တေဟိ၊ အားကြီးကုန်သော။ ပက္ခီဟိ၊ ငှက်တို့ဖြင့်လည်းကောင်း။ မာ သင်္ဂမေသိ၊ မထိစေသတည်း။ ဣတိ၊ ဤသိုနှလုံးသွင်း၍။ ပုရော ပုရတော၊ ရှေ့မှ ရှေ့မှ။ ဍေန္တိ၊ ပျံသွားကုန်၏။

ပဉ္စသတာ၊ ငါးရာကုန်သော။ ဒိဇကညာယော၊ ငှက်မတို့သည်။ သဏှာဟိ၊ ပြေပြစ်ကုန်သော။ သခိလာဟိ၊ ချစ်ဖွယ်ရှိကုန်သော။ မဉ္ဇူဟိ၊ သာယာကုန်သော။ မဓုရာဟိ၊ ချိုသာကုန်သော။ ဝါစာဟိ၊ စကားတို့ဖြင့်။ သမုဒါစရန္တိယော၊ ပြောဟောကုန်လျက်။ ကုဏာလော၊ ကုဏာလ အမည်ရှိသော။ အယံ သကုဏောထ၊ ဤငှက်မင်းသည်။ အာသနေ၊ နေရာ၌။ မာပရိယုက္ကဏ္ဌိ၊ မငြီးငွေ့စေသတည်း။ ဣတိ၊ ဤသိုနှလုံးသွင်း၍။ ပစ္ဆတော ပစ္ဆတော၊ နောက်မှ နောက်မှ။ ဍေန္တိ၊ ပျံသွားကုန်၏။

ပဉ္စသတာ၊ ငါးရာကုန်သော။ ဒိဇကညာယော၊ ဥဩမတို့သည်။ ကုဏာလော၊ ကုဏာလ အမည်ရှိသော။ အယံ သကုဏော၊ ဤငှက်မင်းသည်။ ခုဒါယ၊ မွတ်သိပ်ခြင်းဖြင့်။ မာ ပရိကိလမိတ္ထ၊ မပင်ပန်းစေသတည်း။ ဣတိ၊ ဤသို့နှလုံးသွင်း၍။ ဒိသောဒိသံ၊ အရပ်ထက်ဝန်းကျင်။ အနေက ရုက္ခဝိဝိဓဝိကတိဖလံ၊ များစွာသောသစ်ပင်တို့မှ အထူးထူးသော သစ်သီးကို။ အာဟရန္တိယော၊ ဆောင်ယူကုန်၍။ ဍေန္တိ၊ ပျံသွားကုန်၏။

ဘောန္တော၊ အို ရဟန်းအပေါင်းတို့။ အထ၊ ထိုအခါ၌။ ခလု-ဧကန္တေန၊ စင်စစ်သဖြင့်။ တာ ဒိဇကညာယော၊ ထို ငှက်မတို့သည်။ ကုဏာလံ၊ ကုဏာလ အမည်ရှိသော။ တံ သကုဏံ၊ ထိုငှက်မင်းကို။ အာရာမေနေဝ၊ အရံတစ်ခုမှလျှင်။ အာရာမံ၊ အရံတစ်ခုသို့။ ဥယျာနေနေဝ၊ ဥယျာဉ်တစ်ခုမှလျှင်။ ဥယျာနံ၊ ဥယျာဉ်တစ်ခုသို့။ နဒီတိတ္ထေနေဝ၊ မြစ်ဆိပ်တစ်ခုမှလျှင်။ နဒီတိတ္ထံ၊ မြစ်ဆိပ်တစ်ခုသို့။ ပဗ္ဗတသိခရေနေဝ၊ ဧတောင်ထွဋ်တစ်ခုမှလျှင်။ ပဗ္ဗတသိခရံ၊ တောင်ထွဋ်တစ်ခုသို့။ အမ္ဗဝနေနေဝ၊ သရက်တော တစ်ခုမှလျှင်။ အမ္ဗဝနံ၊ သရက်တောတစ်ခုသို့။ ဇမ္ဗုဝနေနေဝ၊ သပြေတောတစ်ခုမှလျှင်။ ဇမ္ဗုဝနံ၊ သပြေတောတစ်ခုသို့။ လဗုဇဝနေနေဝ၊ တောင်ပိန္နဲတော တစ်ခုမှလျှင်။ လဗုဇဝနံ၊ တောင်ပိန္နဲတော တစ်ခုသို့။ နာဠိကေရသဉ္စာရိယေနေဝ၊ အုန်းတောတစ်ခုမှလျှင်။ နာဠိကေရသဉ္စာရိယံ၊ အုန်းတောတစ်ခုသို့။ ခိပ္ပမေဝ၊ လျင်စွာလျှင်။ ရတိတ္ထာယ၊ ကာမဂုဏ်၌ မွေ့လျော်စိမ့်သောငှာ။ အဘိသမ္ဘောန္တိ၊ ရောက်စေကုန်၏။

ဘော၊ အို... ရဟန်းအပေါင်းတို့။ အထ၊ ထိုအခါ၌။ ခလု-ဧကန္တေန၊ စင်စစ်သဖြင့်။ ကုဏာလော၊ ကုဏာလအမည်ရှိသော။ သကုဏော၊ ငှက်မင်းသည်။ တာဟိ ဒိဇ ကညာဟိ၊ ထို သုံးထောင့်ငါးရာကုန်သော ငှက်မတို့ဖြင့်။ ဒိဝသံ၊ တစ်နေ့ပတ်လုံး။ ပရိဗျူဠှော၊ ထက်ဝန်းကျင် ခြံရံအပ်သည် ဖြစ်၍။ ဝသလိယော၊ ယုတ်မာကုန်သော။ စောရိယော၊ ခိုးသူနှင့်တူကုန်သော။ ဓုတ္တိယော၊ များသော မာယာရှိကုန်သော။ အသတိယော၊ ပျက်သော သတိရှိကုန်သော။ လဟုစိတ္တာယော၊ မတည်ကြည်သည်ဖြစ်၍ လျင်သောစိတ်ရှိကုန်သော။ ကတဿ၊ ပြုအပ်သော ကျေးဇူးကို။ အပ္ပဋိကာရိယော၊ ပြုတုံ့ မပြုတတ်ကုန်သော။ အနိလော ဝိယ၊ လေကဲ့သို့။ ယေန၊ အကြင်အရပ်၌။ ကာမံ၊ အလိုသည်။ အတ္ထိ၊ ရှိ၏။ တေန၊ ထိုအရပ်သို့။ ဂမာယော၊ သွားတတ်ကုန်သော။ တုမှေဝ၊ သင်တို့သည်သာလျှင်။ နဿထ၊ ပျက်ကြလေကုန်။ ဝသလိယော၊ ယုတ်မာကုန်သော။ တုမှေဝ၊ သင်တို့သည်သာလျှင်။ ဝိနဿထ၊ ပျက်လေကုန်။ ဣတိ ဧဝံ၊ ဤသို့။ အပသာဒတိ၊ ကြိမ်းမောင်း၏။

ဤသို့သောစကားကို မိန့်တော်မူပြီး၍ ရဟန်းတို့... ဤသို့လျှင် ငါဘုရားသည် တိရစ္ဆာန်မျိုး၌ ဖြစ်သော်လည်း မိန်းမတို့၏ သူ့ကျေးဇူးကို မသိတတ်သော အဖြစ်ကိုလည်းကောင်း၊ မာယာများသောအဖြစ်ကို လည်းကောင်း၊ အကျင့်မကောင်းသောအဖြစ်ကို လည်းကောင်း၊ သီလမရှိသော အဖြစ်ကိုလည်းကောင်း သိတော်မူ၏။ ထိုအခါ၌လည်း ငါဘုရားသည် ထိုမိန်းမတို့၏ အလိုသို့မလိုက်မူ၍ ထိုမိန်းမတို့ကိုသာလျှင် ငါ၏အလိုသို့ လိုက်စေ၏ဟု မိန့်တော်မူ၍ ဤဂါထာတို့ဖြင့် ထိုရဟန်းတို့၏ မမွေ့လျော်ခြင်းကို ပယ်ဖျောက်တော်မူ၍ ဆိတ်ဆိတ်နေတော်မူ၏။

ဖုဿဥဩမင်း

ထိုခဏ၌ မည်းသော ဥဩမနှစ်ကောင်တို့သည် မိမိတို့လင်ကို လှံတံဖြင့်ချီ၍ အောက်အဖို့ အစရှိသည်တို့၌ လေးကောင် လေးကောင်ကုန်သော ဥဩမတို့သည်ဖြစ်ကုန်၍ ထိုအရပ်သို့ လာလတ်ကုန်၏။ ထိုရဟန်းတို့သည် ထိုငှက်မတို့ကိုလည်း မြင်ကုန်၍ သဗ္ဗညူဘုရားသခင်ကို မေးလျှောက်ကြကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို... ရှေး၌ ငါ၏ အဆွေခင်ပွန်းဖြစ်သော ပုဏ္ဏေးမုခ အမည်ရှိသော ဖုဿဥဩသည် ရှိ၏။ ဤအနွယ်သည် ပုဏ္ဏမုခဥဩ၏ အနွယ်တည်းဟု မိန့်တော်မူ၍ ရှေးနည်းဖြင့်လျှင် ထိုရဟန်းတို့သည် မေးလျှောက်အပ်သည်ဖြစ်၍ ဖြေဆိုတော်မူလိုရကား-

တဿေဝ ခလု ဘော ဟိမဝတော ပဗ္ဗတရာဇဿ ပုရတ္ထိမေ ဒိသာဘာဂေ သုသုခုမ သုနိပုဏာ ဂီရိပ္ပဘဝဟရိတုပယန္တိယော- ဟူသော ဤဂါထာကို ဟောတော်မူ၏။

ဘော၊ အို... ရဟန်းအပေါင်းတို့။ တဿဝ ဟိမဝတော ပဗ္ဗတရာဇဿ၊ ထိုဟိမဝန္တာတောင်မင်း၏လျှင်။ ပုရတ္ထိမေ ဒိသာဘာဂေ၊ အရှေ့အရပ်မျက်နှာအဖို့၌။ သုသုခုမ သုနိပုဏာ၊ အလွန်သိမ်မွေ့သော ကြည်လင်သော ရေရှိကုန်သော။ ဂိရိပ္ပဘဝါ၊ တောင်မှစီးကုန်သော။ ဟရိတုပယန္တိယော၊ စိမ်းသောမြက်နှင့် ရောသော ရေအလျဉ်ရှိသော မြစ်တို့သည်။ သန္ဒန္တိ၊ စီးကုန်၏။

ယခုအခါ၌ အကြင်ကုဏာလအိုင်ကိုလည်၍ သွားကုန်သော မြစ်တို့ကို ချီးမွမ်းတော်မူပြီး၍ ထိုကုဏလအိုင်၌ ရောက်ကုန်သော ပန်းတို့ကို ချီးမွမ်းတော်မူလိုရကား-

ဥပ္ပလ ပဒုမ ကုမုဒ နဠိန သတပတ္တ သောဂန္ဓိက မန္ဒာလက သမ္ပတိဝိရူဠှ သုစိဂန္ဓ မနုညမာဝကပ္ပဒေသေ- ဟူသော ဤဂါထာကို ဟောတော်မူ၏။

ဘော၊ အိုရဟန်းအပေါင်းတို့။ သမ္ပတိဝိရူဠှ သုစိဂန္ဓမနုညာဝကပ္ပဒေသေ၊ ကောင်းစွာရောက်ကုန်သော စင်ကြယ်သောအနံ့တို့ဖြင့် နှလုံးကိုဖွဲ့တတ်သောအရပ်နှင့် ပြည့်စုံသောအိုင်၌။ ဥပ္ပလ ပဒုမ နဠိန၊ ကြာညို, ပဒုမ္မာကြာနီ, ကုမုဒြာကြာ, ပဒုမ္မာကြာဖြူသည်လည်းကောင်း။ သတ္တပတ္တ သောဂန္ဓိက မန္ဒာလက၊ သတပတ်ကြာ, ကြာသိမ်, ကြာခေါင်းလောင်းသည်လည်းကောင်း။ သမ္ပတိ၊ ပွင့်၏။

ထိုကုဏာလအိုင်၌ ရောက်ကုန်သော အထူးထူးသော ကြာပန်းမျိုးတို့ကို ချီးမွမ်းတော်မူပြီး၍ ယခုအခါ ထိုကုဏာလအိုင်၏ ထက်ဝန်းကျင်၌ ရောက်ကုန်သော သစ်ပင်အစရှိသည်တို့ကို ချီးမွမ်းခြင်းနှင့်တကွ ဖုဿဥဩ၏ စည်းစိမ်အခြံအရံ အခြင်းအရာတို့ကို ပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

ကုရဝက မုစလိန္ဒကေတက ဝေဒိသ ဝဉ္စုလ
ပုန္နာဂ ဗကုလ တိလက ပိယက အသန
သာလသလဠစမ္ပက အသောက နာဂရုက္ခ။
တိရီဋိဘုဇပတ္တ လောဒ္ဒ စန္ဒနောဃဝနေ
။ လ။
အထ ခလု ဘော ကုဏာလော သကုဏော
တံ ပုဏ္ဏမုခံ ဖုဿကောကိလံ ပက္ခေဟိ စ မုခတုဏ္ဍကေန စ ပရိဂ္ဂဟေတွာ ဝုဋ္ဌာပေတွာ နာနာဘေသဇ္ဇာနိ ပါယာပေသိ။
အထ ခလု ဘော ပုဏ္ဏမုခဿ ဖုဿ ကောကိလဿ သော အာဗာဓော ပဋိပ္ပဿမ္ဘိ။

ဟူသော ဤနှစ်ဆယ့်ခြောက်ဂါထာတို့ကို ဟောတော်မူ၏။

သစ်ပင်မျိုးစုံ

ကုရဝက၊ ကုရဝကမည်သော သစ်ပင်။ မုစလိန္ဒ၊ ကျည်းပင်။ ကေတက၊ ဆတ်သွားပင်။ ဝေဒိသ၊ ဝေဒိသမည်သော သစ်ပင်။ ဝဉ္ဇုလ၊ ရင်းရဲပင်။ ပုန္နာဂ၊ ပုန်းညက်ပင်။ ဗကုလ၊ ချယားပင်။ တိလက၊ ပြည့်စင်ပင်။ ပိယက၊ မအူပင်။ အသန၊ ပိတောက်ပင်။ သလဠ၊ ထင်းရှူးပင်။ စမ္ပက၊ စကားပင်။ အသောက၊ ပန်းသုဉ်းပင်။ နာဂရုက္ခ၊ ကံကော်ပင်။ တိရိဋိ၊ တိရိဋိ အမည်ရှိသောသစ်ပင်။ ဘုဇပတ္တ၊ ဘုဇပတ်ပင်။ လောဒ္ဓ၊ တောက်ရပ်ပင်။ စန္ဒနောဃဝနေ၊ စန္ဒကူးနီပင် အပေါင်းဟူသော တောရှိထသော။

ကာဠာဂရု၊ ကြဇုပင်။ ပဒ္ဓက၊ ကြက်မောက်ပင်။ ပိယင်္ဂု၊ ဥပါသကာပင်။ ဒေဝဒါရုကာ၊ နတ်သစ်ပင်။ စောစဂဟနေ၊ ငှက်ပျောတောလည်း ရှိထသော။ ကကုဓ၊ ရေခံတက်ပင်။ ကုဋဇ၊ လက်ထုပ်ကြီးပင်။ အင်္ကောလ၊ မှန်ကူပင်။ ကစ္စိကာရ၊ စွန်လက်သည်းပင်။ ကဏိကာရ၊ မဟာလှေကားပင်။ ကဏ္ဏိကာရ၊ ကုလားဇလပ်ပင်။ ကောရဏ္ဍကာ၊ လိပ်ဆူးသို့ပင်။ ကောဝိဠာရ၊ ပင်လယ် ကသစ်ပင်။ ကိံသုက၊ ပေါက်ပင်။ ယောဓိက၊ စမ္ပယ်ပင်။ ဝနမလ္လိက၊ တောကြက်ရုံးပင်။ အနင်္ဂဏာ၊ အနင်္ဂဏအမည်ရှိသော သစ်ပင်။ အနဝဇ္ဇ၊ အနဝဇ္ဇမည်သော သစ်ပင်။ ဘဏ္ဍိ၊ ဇီဇဝါပင်။ သုရုစိရ ဘဂိနိမာလာ မာလျဓရေ၊ အလွန်နှစ်သက်ဖွယ်ရှိသော ဘဂိနီမည်သော ပန်းကိုလည်း ဆောင်ထသော။

ဇာတိသုမန၊ မြတ်လေး။ မဓုဂန္ဓိက၊ သင်းခွေ။ ဓနု၊ ဆူးကျင့်။ တက္ကာရီ၊ ရာသကျဉ်း။ တာလီသ၊ ပစ္စည်းပင်။ တဂရ၊ တောင်ဇလပ်။ မုသိရ၊ ပန်းရင်း။ ကောဋ္ဌ ကစ္ဆ ဝိဘတေ၊ ပန်းချုံတို့ဖြင့် တင့်တယ်ထသော။ အဓိမုတ္တက သံကုသုမိတ လတာ ဝိတတ ပဋိမဏ္ဍိတပ္ပဒေသေ၊ အပွင့်ကိုဆောင်သော အထူးထူးသော ပန်းနွယ်တို့ဖြင့် တန်ဆာဆင်အပ်သော အရပ်လည်းရှိထသော။

ငှက်မျိုးစုံ

ဟံသ၊ ဟင်္သာ။ ပိလဝ၊ ငှက်ဘီလူး။ ကာဒမ္ဗ၊ ဒီးဒုတ်။ ကာရဏ္ဍဝါ ဘိနာဒိတေ၊ ဝမ်းဘဲ ဟင်္သာတို့၏ အလွန်တွန်မြူးရာလည်း ဖြစ်ထသော။ ဝိဇ္ဇာဓရ သိဒ္ဓိသမဏ တာပသဂဏာဓိဝုဋ္ဌေ၊ ဝိဇ္ဇာဓိုရ်အတတ်ဖြင့် ပြီးသောသူ, ရဟန်းရသေ့အပေါင်းတို့၏ နေရာလည်းဖြစ်ထသော။ ဝရဒေဝယက္ခ ရက္ခသဒနဝဂန္ဓဗ္ဗကိန္နရ မဟောရဂါနုစိဏ္ဏပ္ပဒေသေ၊ မြတ်ကုန်သောနတ် ရက္ခိုသ် ဒါနောဘီလူး ဂန္ဓဗ္ဗနတ် ကိန္နရာ နဂါးတို့၏ မပြတ်ကျင်လည်ရာ အရပ်လည်းဖြစ်ထသော။

ဧဝရူပေ၊ ဤသို့သဘောရှိသော။ ရမ္မေ၊ မွေ့လျော်ဖွယ်ရှိသော။ ဝနသဏ္ဍေ၊ တောအုပ်၌။ ဘော၊ အို... ရဟန်းအပေါင်းတို့။ ခလု-ဧကန္တေန၊ စင်စစ်သဖြင့်။ အတိဝိယ မဓုရဂိရော၊ အလွန် သာယာသော အသံရှိသော။ ဝိလာသိတ နယန မတ္တက္ခော၊ တင့်တယ်စံပယ်သောမျက်စိ သုရာယစ်သောသူကဲ့သို့ နီသောမျက်စိရှိသော။ ပုဏ္ဏမုခေါ နာမ၊ ပုဏ္ဏမုခအမည်ရှိသော။ ဖုဿ ကောကိလော၊ ဖုဿဥဩသည်။ ပဋိဝသတိ၊ နေ၏။

ငှက်မတို့ လုပ်ကျွေးကြပုံ

ဘော၊ အို... ရဟန်းအပေါင်းတို့။ ခလု-ဧကန္တေန၊ စင်စစ်သဖြင့်။ ပုဏ္ဏမုခဿ၊ ပုဏ္ဏမုခအမည်ရှိသော။ တဿေဝ ဖုဿ ကောကိလဿ၊ ထိုဖုဿဥဩမင်း၏လျှင်။ ပရိစာရိကာ၊ အလုပ် အကျွေး ဖြစ်ကုန်သော။ ဒိဇကညာယော၊ ငှက်မဖြစ်ကုန်သော။ အဍ္ဎုဍ္ဎာနိ ဣတ္ထိသတနိ၊ သုံးရာ့ငါးဆယ်ကုန်သော မိန်းမတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

ဘော၊ အိုရဟန်းအပေါင်းတို့။ အထ၊ ထိုအခါ၌။ ခလု- ဧကန္တေန၊ စင်စစ်သဖြင့်။ ဒွေ၊ နှစ်ကောင်ကုန်သော။ ဒိဇကညာယော၊ ငှက်မတို့သည်။ ကဋ္ဌံ၊ သစ်သားလှံတံကို။ မုခေန၊ နှုတ်သီးဖြင့်။ ဍံသိတွာ၊ ကိုက်၍။ ပုဏ္ဏမုခံ၊ ပုဏ္ဏမုခ အမည်ရှိသော။ တံ ဖုဿ ကောကိလံ၊ ထိုဖုဿဥဩမင်းကို။ မဇ္ဈေ၊ အလယ်၌။ နိသီဒါပေတွာ၊ နေစေ၍။ ပုဏ္ဏမုခံ၊ ပုဏ္ဏမုခအမည်ရှိသော။ နံ ဖုဿ ကောကိလံ၊ ထိုဖုဿဥဩကို။ အဒ္ဓါနပရိယာယပထေ၊ အဓွန့်ရှည်သော ခရီးကို သွားခြင်း၌။ ကိလမထော၊ ပင်ပန်းခြင်းသည်။ မာ ဥဗ္ဗာဟေတ္ထ၊ မဖြစ်စေသတည်း။ ဣတိ၊ ဤသို့နှလုံးသွင်း၍။ ဍေန္တိ၊ ပျံသွားကုန်၏။

ပညာသ ဒီဇကညာယော၊ ငါးဆယ်ကုန်သော ငှက်မတို့သည်။ ပုဏ္ဏမုခေါ၊ ပုဏ္ဏမုခမည်သော။ အယံ ဖုဿ ကောကိလော၊ ဤဖုဿဥဩသည်။ အာသနာ၊ နေရာမှ။ သစေ ပရိပတိဿတိ၊ အကယ်၍ လျှောကျငြားအံ့။ မယံ၊ ငါတို့သည်။ တံ၊ ထိုပုဏ္ဏမုခဥဩမင်းကို။ ပက္ခေဟိ၊ အတောင်တို့ဖြင့်။ ပဋိဂ္ဂဟေသာမ၊ ခံကုန်အံ့။ ဣတိ၊ ဤသို့ နှလုံးသွင်းကုန်၍။ ဟေဋ္ဌတော ဟေဋ္ဌတော၊ အောက်မှ အောက်မှ။ ဍေန္တိ၊ ပျံသွားကုန်၏။

ပညာသ ဒိဇကညာယော၊ ငါးဆယ်ကုန်သော ငှက်မတို့သည်။ ပုဏ္ဏမုခံ၊ ပုဏ္ဏမုခ အမည်ရှိသော။ နံ ဖုဿ ကောကိလံ၊ ထို ဖုဿဥဩမင်းကို။ အာတပေါ၊ နေပူသည်။ မာ ပရိတာပေသိ၊ မပူစေသတည်း။ ဣတိ၊ ဤနှလုံးသွင်း၍။ ဥပရူပရိ၊ အဆင့်ဆင့်။ ဍေန္တိ၊ ပျံသွားကုန်၏။

ပညာသ ဒိဇကညာယော၊ ငါးဆယ်ကုန်သော ငှက်မတို့သည်။ ပုဏ္ဏမုခံ၊ ပုဏ္ဏမုခအမည်ရှိသော။ ဖုဿ ကောကိလံ၊ ဖုဿဥဩမင်းကို။ သီတံ၊ အချမ်းသည်လည်းကောင်း။ ဥဏှံ၊ အပူသည်လည်းကောင်း။ တိဏံ ဝါ၊ မြက်သည်လည်းကောင်း။ ရဇော ဝါ၊ မြူသည်လည်းကောင်း။ ဝါတော ဝါ၊ လေသည်လည်းကောင်း။ ဥဿာဝေါ ဝါ၊ ဆီးနှင်းပေါက်သည်လည်းကောင်း။ မာ ဥပပ္ဖုသိ၊ မထိစေသတည်း။ ဣတိ၊ ဤသို့နှလုံးသွင်း၍။ ဥဘတာ ပဿေ၊ နံပါးနှစ်ဖက်၌။ ဍေန္တိ၊ ပျံသွားကုန်၏။

ပညာသ ဒိဇကညာယော၊ ငါးဆယ်ကုန်သော ငှက်မတို့သည်။ ပုဏ္ဏမုခံ၊ ပုဏ္ဏမုခ အမည်ရှိသော။ နံ ဖုဿ ကောကိလံ၊ ထို ဖုဿဥဩမင်းကို။ ဂေါပါလကာ ဝါ၊ နွားကျောင်းသားတို့သည်လည်းကောင်း။ ပသုပါလကာ ဝါ၊ ဆိတ်ကျောင်းသားတို့သည်လည်းကောင်း။ တိဏဟာရကာ ဝါ၊ မြက်ရိတ်သောသူတို့သည်လည်းကောင်း။ ကဋ္ဌဟာရကာ ဝါ၊ ထင်းခွေသောသူတို့သည်လည်းကောင်း။ ဝနကမ္မိကာ ဝါ၊ တောလုပ်သော သူတို့သည်လည်းကောင်း။ ကဋ္ဌေန ဝါ၊ သစ်သားဖြင့်လည်းကောင်း။ ကဌလာယ ဝါ၊ အိုးခြမ်းကွဲဖြင့်လည်းကောင်း။ ပါဏီနာ ဝါ၊ လက်ဖြင့်လည်းကောင်း။ လေဍ္ဍုနာ ဝါ၊ ခဲဖြင့်လည်းကောင်း။ ဒဏ္ဍေန ဝါ၊ တုတ် လှံတံဖြင့်လည်းကောင်း။ သတ္ထေန ဝါ၊ လက်နက်ဖြင့်လည်းကောင်း။ သက္ခရာဟိ ဝါ၊ ကျောက်ဆစ်တို့ဖြင့်လည်းကောင်း။ ပဟာရံ၊ ပုတ်ခတ်ခြင်းကို။ မာ အဒံသု၊ မပေးစေကုန်သတည်း။

ပုဏ္ဏမုခေါ၊ ပုဏ္ဏမုခ အမည်ရှိသော။ အယံ ဖုဿ ကောကိလော၊ ဤ ဖုသဥဩမင်းသည်။ ဂစ္ဆေဟိ ဝါ၊ ချုံတို့ဖြင့်လည်းကောင်း။ လတာဟိ ဝါ၊ နွယ်တို့ဖြင့်လည်းကောင်း။ ရုက္ခေဟိ ဝါ၊ သစ်ပင်တို့ဖြင့်လည်းကောင်း။ သာခါဟိ ဝါ၊ သစ်ခက်တို့ဖြင့်လည်းကောင်း။ ထမ္ဘေဟိ ဝါ၊ တိုင်တို့ဖြင့် လည်းကောင်း။ ပါသာဏေဟိ ဝါ၊ ကျောက်တို့ဖြင့်လည်းကောင်း။ ဗလဝန္တေဟိ၊ အားကြီးကုန်သော။ ပက္ခီဟိဝါ၊ ငှက်တို့ဖြင့်လည်းကောင်း။ မာ သင်္ဂမေသိ၊ မထိစေသတည်း။ ဣတိ၊ ဤသို့နှလုံးသွင်း၍။ ပုရတော ပုရတော၊ ရှေ့မှ ရှေ့မှ။ ဍေန္တိ၊ ပျံသွားကုန်၏။

ပညာသ ဒီဇကညာယော၊ ငါးဆယ်ကုန်သော ငှက်မတို့သည်။ သဏှာဟိ၊ ပြေပြစ်ကုန်သော။ သခိလာဟိ၊ ချစ်ဖွယ်ကုန်သော။ မဉ္ဇူဟိ၊ သာယာကုန်သော။ မဓုရာဟိ၊ ချို သာကုန်သော။ ဝါစာဟိ၊ စကားတို့ဖြင့်။ သမုဒါစရန္တိယော၊ ပြောဟောကုန်လျက်။ ပုဏ္ဏမုခေါ၊ ပုဏ္ဏမုခ အမည်ရှိသော အယံ ဖုဿ ကောကိလော၊ ဤဖုဿဥဩမင်းသည်။ အာသနေ၊ နေရာ၌။ မာ ပရိယုက္ကဏ္ဌိ၊ မငြီးငွေ့စေသတည်း။ ဣတိ၊ ဤသို့ နှလုံးသွင်းကုန်၍။ ပစ္ဆတော ပဏ္ဏတော၊ နောက်မှနောက်မှ။ ဍေန္တိ၊ ပျံသွားကုန်၏။

ပညာသ ဒိဇကညာယော၊ ငါးဆယ်ကုန်သော ငှက်မတို့သည်။ ပုဏ္ဏမှခေါ၊ ပုဏ္ဏမုခ အမည်ရှိသော။ အယံ ဖုဿကောကိလော၊ ဤ ဖုသဥဩမင်းသည်။ ခုဒါယ၊ မွတ်သိပ်ခြင်းဖြင့်။ မာပရိကိလမိတ္ထ၊ မပင်ပန်းစေသတည်း။ ဣတိ၊ ဤသို့ နှလုံးသွင်းကုန်၍။ ဒိသောဒိသံ၊ အရပ်ထက်ဝန်းကျင်မှ။ အနေကရုက္ခဝိဝိဓဝိကတိဖလံ၊ များစွာသောသစ်ပင်တို့မှ အထူးထူး အပြားပြား ထူးဆန်းသော သစ်သီးကို။ အာဟရန္တိယော၊ ဆောင်ယူကုန်လျက်။ ဍေန္တိ၊ ပျံသွားကုန်၏။

ဘော၊ အို ရဟန်းအပေါင်းတို့။ အထ၊ ထိုအခါ၌။ ခလု- ဧကန္တေန၊ စင်စစ်သဖြင့်။ ဒီဇကညာယော၊ ထိုငှက်မတို့သည်။ ပုဏ္ဏမုခံ၊ ပုဏ္ဏမုခအမည်ရှိသော။ တံ ဖုဿ ကောကိလံ၊ ထိုဖုဿဥဩမင်းကို။ အာရာမေနေဝ၊ အရန်တစ်ခုမှလျှင်။ အာရာမံ၊ အရန်တစ်ခုသို့။ ဥယျာနေနေဝ၊ ဥယျာဉ်တစ်ခုမှလျှင်။ ဥယျာနံ၊ ဥယျာဉ်တစ်ခုသို့။ နဒီတိတ္ထေနေဝ၊ မြစ်ဆိပ်တစ်ခုမှလျှင်။ နဒီတိတ္ထံ၊ မြစ်ဆိပ်တစ်ခုသို့။ ပဗ္ဗတ သိခရေနေဝ၊ တောင်ထွတ်တစ်ခုမှသာလျှင်။ ပဗ္ဗတသိခရံ၊ တောင်ထွတ်တစ်ခုသို့။ အမ္ဗဝနေနေဝ၊ သရက်တော တစ်ခုမှလျှင်။ အမ္ဗဝနံ၊ သရက်တောတစ်ခုသို့။ ဇမ္ဗုဝနေနေဝ၊ သပြေတော တစ်ခုမှလျှင်။ ဇမ္ဗုဝနံ၊ သပြေတောတစ်ခုသို့။ လဗုဇဝနေနေဝ၊ တောင်ပိန္နဲတော တစ်ခုမှလျှင်။ လဗုဇဝနံ၊ တောင်ပိန်တော တစ်ခုသို့။ နာဠိကေရ သဉ္စရိယေနေဝ၊ အုန်းတော တစ်ခုမှလျှင်။ နာဠိကေရသဉ္စာရိယံ၊ အုန်းတောတစ်ခုသို့။ ခိပ္ပမေဝ၊ လျင်စွာလျှင်။ ရတိတ္ထာယ၊ ကာမဂုဏ်၌ မွေ့လျော်စိမ့်သောငှာ။ အဘိသမ္ဘောန္တိ၊ ရောက်စေကုန်၏။

ဘော၊ အိုရဟန်းအပေါင်းတို့။ အထ၊ ထိုအခါ၌။ ခလု- ဧကန္တေန၊ စင်စစ်သဖြင့်။ ပုဏ္ဏမုခေါ၊ ပုဏ္ဏမုခမည်သော။ ဖုဿ ကောကိလော၊ ဖုသ ဥဩမင်းသည်။ တာဟိ ဒီဇ ကညာဟိ၊ ထိုငှက်မအပေါင်းတို့ဖြင့်။ ဒိဝသံ၊ နေ့ပတ်လုံး။ ပရိဗျူဠှော၊ ထက်ဝန်းကျင် ခြံရံအပ်သည်ဖြစ်၍။ ဘဂိနိ၊ နှမတို့။ သာဓု သာဓု၊ ကောင်းစွ ကောင်းစွ။ တုမှေ၊ သင်တို့သည်။ ဘတ္တာရံ၊ လင်ကို။ ယံ ပရိစရေယျာထ၊ အကြင်လုပ်ကျွေးကုန်၏။ ဧတံ၊ ဤသို့ လုပ်ကျွေးခြင်းသည်။ ကုလဓီတာနံ၊ အမျိုးကောင်းသမီး ဖြစ်ကုန်သော။ တုမှာကံ၊ သင်တို့အား။ ပတိရူပံ၊ လျောက်ပတ်ပေ၏။ ဧဝံ၊ ဤသို့။ ပသံသတိ၊ ချီးမွမ်း၏။

ကုဏာလငှက်မင်းထံ သွားခြင်း

ဘော၊ အိုရဟန်းအပေါင်းတို့။ အထ၊ ထိုအခါ၌။ ခလု- ဧကန္တေန၊ စင်စစ်သဖြင့်။ ပုဏ္ဏမုခေါ၊ ပုဏ္ဏမုခ အမည်ရှိသော။ ဖုဿ ကောကိလော၊ ဖုဿ ဥဩမင်းသည်။ ယေန၊ အကြင်အရပ်၌။ ကုဏာလော၊ ကုဏာလ အမည်ရှိသော။ သကုဏော၊ ငှက်မင်းသည်။ အတ္ထိ၊ ရှိ၏။ တေန၊ ထိုအရပ်သို့။ ဥပသင်္ကမိ၊ ကပ်လေ၏။ ကုဏာလဿ၊ ကုဏာလအမည်ရှိသော။ သကုဏဿ၊ ငှက်မင်း၏။ ပရိစာရိကာ၊ အလုပ် အကျွေးဖြစ်ကုန်သော။ ဒိဇကညာယော၊ ငှက်မတို့သည်။ ပုဏ္ဏမုခံ၊ ပုဏ္ဏမုခ မည်သော။ တံ ဖုဿ ကောကိလံ၊ ထိုဖုဿ ဥဩမင်းကို။ ဒူရတောဝ၊ အဝေးမှလျှင်။ အာဂစ္ဆန္တံ၊ လာလတ်သည်ကို။ အဒ္ဒသံသုခေါ၊ မြင်ကုန်သလျှင်ကတည်း။ ဒိသွာန၊ မြင်ကုန်ပြီး၍။ ယေန၊ အကြင်အရပ်၌။ ပုဏ္ဏမုခေါ၊ ပုဏ္ဏမုခ အမည်ရှိသာ။ ဖုဿ ကောကိလော၊ ဖုဿ ဥဩသည်။ အတ္ထိ၊ ရှိ၏။ တေန၊ ထိုအရပ်သို့။ ဥပသင်္ကမိံသု၊ ကပ်ကုန်၏။ ဥပသင်္ကမိတွာ၊ ကပ်ကုန်ပြီး၍။ ပုဏ္ဏမုခံ၊ ပုဏ္ဏမုခ အမည်ရှိသော။ တံ ဖုဿ ကောကိလံ၊ ထို ဖုဿဥဩကို။ ဧတံ ဝစနံ၊ ဤစကားကို။ အဝေါစုံ၊ ဆိုကုန်၏။

သမ္မ ပုဏ္ဏမုခ၊ အမောင်ပုဏ္ဏမုခ။ ကုဏာလော၊ ကုဏာလအမည်ရှိသော။ အယံ သကုဏော၊ ဤငှက်မင်းသည်။ အတိဝိယ ဖရုသော၊ အလွန်ကြမ်းကြုတ်၏။ အတိဝိယ ဖရုသဝါစော၊ အလွန်ကြမ်းကြုတ်သော စကားရှိ၏။ တုဝမ္ပိ၊ သင့်ကိုလည်း။ အာဂမ္မ၊ စွဲ၍။ ပိယဝါစံ၊ ချစ်ဖွယ်သော စကားကို။ မယံ၊ ငါတို့သည်။ အပ္ပေ နာမ လဘာနာ၊ ရပါကုန်ငြားအံ့လည်း မသိ။ ဣတိ၊ ဤသို့။ အဝေါစုံ၊ ဆိုကုန်၏။

ဘဂိနိယော၊ နှမတို့။ တုမှေ၊ သင်တို့သည်။ အပ္ပေဝ နာမ လဘာမ၊ ရပါကုန်အံ့လည်း မသိ။ ဣတိ၊ ဤသို့။ ဝတွာ၊ ဆို၍။ ယေန၊ အကြင်အရပ်၌။ ကုဏာလော၊ ကုာလ အမည်ရှိသော။ သကုဏော၊ ငှက်မင်းသည်။ အတ္ထိ၊ ရှိ၏။ တေန၊ ထိုအရပ်၌။ ဥပသင်္ကမိ၊ ကပ်လေ၏။ ဥပသင်္ကမိတွာ၊ ကပ်လေပြီး၍။ ကုဏာလေန၊ ကုဏာလအမည်ရှိသော။ သကုဏေန၊ ငှက်မင်းနှင့်။ သဒ္ဓိံ၊ တကွ။ ပဋိသမ္မောဒိတွာ၊ နှစ်သက်ဝမ်းသာ ပြောဟော၍။ ဧကမန္တံ၊ တင့်အပ်သော အရပ်၌။ နိသီဒိ၊ နေ၏။ ဧကမန္တံ၊ တင့်အပ်သောအရပ်၌။ နိသိန္နော၊ နေပြီးသော။ ပုဏ္ဏမုခေါ၊ ပုဏ္ဏမုခအမည်ရှိသော။ ဖုဿ ကောကိလော၊ ဖုဿဥဩသည်။ ကုဏာလံ၊ ကုဏာလ အမည်ရှိသော။ တံ သကုဏံ၊ ထိုငှက်မင်းကို။ ဧတံ ဝစနံ၊ ဤစကားကို။ အဝေါစ၊ ဆို၏။

မိန်းမကောင်းတွေ

သမ္မကုဏာလ၊ အဆွေကုဏာလ။ တွံ၊ သင်သည်။ ကိဿ၊ အဘယ့်ကြောင့်။ သုဇာတာနံ၊ တူသော ဇာတ်ရှိကုန်သော။ ကုလဓီတာနံ၊ ဥဩသမီး ဖြစ်ကုန်သော။ ဣတ္ထီနံ၊ မိန်းမတို့ကို။ သမ္မာပဋိပန္နာနံ၊ ကောင်းစွာ ကျင့်ပါကုန်လျက်။ မိစ္ဆာပဋိပန္နောတိ၊ မကောင်းသော အကျင့်ရှိ၏ဟူ၍။ ဝဒသိ၊ ဆိုဘိသနည်း။ သမ္မ ကုဏာလ၊ အဆွေကုဏာလ။ ဟိ သစ္စံ၊ မှန်၍။ ဣတ္ထီနံ၊ မိန်းမတို့သည်။ အမနာပဘာဏိနံပိ၊ မနှစ်သက်ဖွယ်သော စကားကို ဆိုကုန်သော်လည်း။ မနာပဘာဏိနာ၊ နှစ်သက်ဖွယ်သော စကားကို ဆိုကုန်သကဲ့သို့။ ပုရိသေဟိ၊ ယောက်ျားတို့သည်။ ဘဝိတဗ္ဗံ၊ ဖြစ်ရာ၏။ မနာပဘာဏိနံ၊ နှစ်သက်ဖွယ်သောစကားကို ဆိုလတ်သော်။ ကိုမင်္ဂံပန၊ အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ ဣတိ၊ ဤသို့။ အဝေါစ၊ ဆို၏။

မယားကြောက် သွားစမ်း

ဧဝံ၊ ဤသို့။ ဝုတ္တ၊ ဆိုလတ်သော်။ ကုဏာလော၊ ကုဏာလမည်ရှိသော။ သကုဏော၊ ငှက်မင်းသည်။ ပုဏ္ဏမုခံ၊ ပုဏ္ဏမုခအမည်ရှိသော။ တံ ဖုဿ ကောကိလံ၊ ထိုဖုဿဥဩမင်းကို။ ဧဝံ၊ ဤသို့။ အပသာဒေတိ၊ ကြိမ်းမောင်း၏။ ဝသလ၊ ယုတ်မာသော။ သမ္မ၊ အဆွေ။ တွံ၊ သင်သည်။ နဿ၊ ပျက်လေလော့။ ဇမ္မဝသလ၊ အလွန်ယုတ်မာသော။ သမ္မ၊ အဆွေ။ တွံ၊ သင်သည်။ ဝိနဿ၊ ပျက်လေလော့။ ဇာယာဇိနေန၊ မယားနိုင်သော။ တယ၊ သင်နှင့်။ သဒိသော၊ တူသော။ ဝိယတ္တော၊ လိမ္မာသောသူသည်။ ကောနုအတ္ထိ၊ အဘယ်မှာရှိအံ့နည်း။ ဣတိ၊ ဤသို့။ အပသာဒေတိ၊ ကြိမ်းမောင်း၏။ ဧဝံ၊ ဤသို့။ အပသာဒိတော ပန၊ ကြိမ်းမောင်းအပ်သည် ရှိသော်ကား။ ပုဏ္ဏမုခေါ၊ ပုဏ္ဏမုခ အမည်ရှိသော။ ဖုဿ ကောကိလာ၊ ဖုဿဥဩသည်။ တတောယေဝ၊ ထိုအရပ်မှလျှင်။ ပဋိဝတ္တိ၊ ပြန်လေ၏။

ဖုဿဥဩ မကျန်းမာ

ဘော၊ အိုရဟန်းအပေါင်းတို့။ အထ၊ ထိုအခါ၌။ ခလု-ဧကန္တေန၊ စင်စစ်သဖြင့်။ ပုဏ္ဏမုခဿ၊ ပုဏ္ဏမုခ အမည်ရှိသော။ ဖုဿ ကောကိလဿ၊ ဖုဿဥဩအား။ အပရေန သမယေန၊ နောက်အခါ၌။ နစိရဿေဝ၊ မကြာမြင့်သော ကာလ၏လျှင်။ အစ္စယေန၊ လွန်သဖြင့်။ ခရော၊ ပြင်းစွာသော။ အာဗာဓော၊ အနာသည်။ ဥပ္ပဇ္ဇိ၊ ဖြစ်၏။ လောဟိတပက္ခန္ဒိကာ၊ ဝမ်းသွေးကျကုန်သော။ မာရဏန္တိကာ၊ သေခါနီးကုန်သော။ ဗာဠှာ၊ ပြင်းစွာကုန်သော။ ဝေဒနာ၊ ဒုက္ခဝေဒနာတို့သည်။ ဝတ္တန္တိ၊ ဖြစ်ကုန်၏။

မယားတို့ ကုဏာလထံ လာကြ

ဘော၊ အို ရဟန်းအပေါင်းတို့။ အထ၊ ထိုအခါ၌။ ခလု၊ စင်စစ်။ ပုဏ္ဏမုခဿ၊ ပုဏ္ဏမုခအမည်ရှိသော။ ဖုဿ ကောကိလဿ၊ ဖုဿ ဥဩ၏။ ပရိစာရိကာနံ၊ အလုပ်အကျွေး ဖြစ်ကုန်သော။ ဒိဇကညာနံ၊ ငှက်မတို့အား။ ဧဝံ၊ ဤသို့သော အကြံသည်။ အဟောသိ၊ ဖြစ်၏။ ပုဏ္ဏမုခေါ၊ ပုဏ္ဏမုခအမည်ရှိသော။ အယံ ဖုဿ ကောကိလော၊ ဤဖုဿဥဩသည်။ အာဗာဓိကော ခေါ၊ အနာဖြင့် နှိပ်စက်အပ်လျှင်ကတည်း။ ဣမမှာ အာဗာဓာ၊ ဤအနာမှ။ အပ္ပေဝ နာမ ဝုဋ္ဌဟေယျ၊ ထမြောက် နိုင်ငြားအံ့လည်း မသိ။ ဣတိ၊ ဤသို့။ ဧကံ၊ တစ်ယောက်အထီးတည်း။ အဒုတိယံ၊ အဖော်မရှိဘဲ။ ဩဟာယ၊ စွန့်ကုန်၍။ ယေန၊ အကြင်အရပ်၌။ ကုဏာလော၊ ကုဏာလအမည်ရှိသော။ သကုဏော၊ ငှက်မင်းသည်။ အတ္ထိ၊ ရှိ၏။ တေန၊ ထိုအရပ်သို့။ ဥပသင်္ကမိံသု၊ ကပ်ကုန်၏။

ကြိမ်းမောင်း၍ လွှတ်

ညကုဏာလော၊ ကုဏာလအမည်ရှိသော။ သကုဏော၊ ငှက်မင်းသည်။ ဒူရတောဝ၊ အဝေးမှလျှင်။ အာဂစ္ဆန္တယော၊ လာလတ်ကုန်သော။ တာ ဒိဇကညာယော၊ ထိုငှက်မတို့ကို။ အဒ္ဒသ၊ မြင်လေ၏။ ဒိသွာန၊ မြင်ပြီး၍။ တာ ဒိဇကညာယော၊ ထိုငှက်မတို့ကို။ ဧတံ ဝစနံ၊ ဤစကားကို။ အဝေါစ၊ ဆို၏။ ဝသလိယော၊ အယုတ်မတိုဘ။ တုမှံ၊ သင်တို့၏။ ဘတ္တာ၊ လင်သည်။ ကဟံ ပန၊ အတီမှာနည်း။ ဣတိ၊ ဤသို့။ အဝေါစ၊ ဆို၏။ သမ္မကုဏာလ၊ အရှင်ကုဏာလ။ ပုဏ္ဏမုခေါ၊ ပုဏ္ဏမုခအမည်ရှိသော။ ဖုဿ ကောကလော၊ ဖုဿဥဩသည်။ ခေါ၊ စင်စစ်။ အာဗာဓိကော၊ အနာဖြင့် နှိပ်စက်အပ်၏။ တမှာ အာဗာဓာ၊ ထိုအနာမှ။ အပ္ပေဝ နာမ ဝုဋ္ဌဟေယျ၊ ထနိုင်ငြားအံ့လည်း မသိ။ ဣတိ၊ ဤသို့။ အဝေါစ၊ ဆိုကုန်၏။

ဧဝံ၊ ဤသို့။ ဝုတ္တေ၊ ဆိုကုန်လတ်သော်။ ကုဏာလော၊ ကုဏာလူအမည်ရှိသော။ သကုဏော၊ ငှက်မင်းသည်။ တာ ဒိဇကညာယော၊ ထိုငှက်မတို့ကို။ ဧဝံ၊ ဤသို့။ အပသာဒေတိ၊ ခြိမ်းခြောက်၏။ ဝသလိယော၊ အယုတ်မာမတို့။ တုမှေ၊ သင်တို့သည်။ နဿထ၊ ပျက်လေကုန်။ ဝသလိယော၊ ယုတ်မာကုန်သော။ စောရိယော၊ ခိုးသူနှင့်တူကုန်သော။ ဓုတ္ထိယော၊ လှည့်ပတ်တတ်ကုန်သော။ အသတိယော၊ သတိမရှိကုန်သော။ လဟုစိတ္တာ၊ လျင်သော စိတ်ရှိကုန်သော။ ကဿ၊ ပြုအပ်သော ကျေးဇူးကို။ အပ္ပဋိကာရိကာယော၊ အတုံ့ မပြုတတ်ကုန်သော။ အနိလော ဝိယ၊ လေကဲ့သို့။ ယေန၊ အကြင်အရပ်၌။ ကာမံ၊ အလိုရှိသည်။ အတ္ထိ၊ ရှိ၏။ တေန၊ အရပ်သို့။ ဂမာယော၊ သွားတတ်ကုန်သော။ တုမှေ၊ သင်တို့သည်။ ဝိနဿထ၊ ပျက်လေကုန်။

ဖုဿကို ဆေးကု

ဣတိ၊ ဤသို့။ ဝတွာ၊ ဆို၍။ ယေန၊ အကြင်အရပ်၌။ ပုဏ္ဏမုခေါ၊ ပုဏ္ဏမုခ အမည်ရှိသော။ ဖုဿ ကောကိလော၊ ဖုဿဥဩသည်။ အတ္ထိ၊ ရှိ၏။ တေန၊ ထိုအရပ်သို့။ ဥပသင်္ကမိ၊ ချဉ်းကပ်လေ၏။ ဥသင်္ကမိတွာ၊ ချဉ်းကပ်လေပြီး၍။ ပုဏ္ဏမုခံ၊ ပုဏ္ဏမုခ အမည်ရှိသော။ တံ ဖုဿ ကောကိလံ၊ ထိုဖုဿဥဩကို။ ဧတံ ဝစနံ၊ ဤစကားကို။ အဝေါစ၊ ဆို၏။ သမ္မပုဏ္ဏမုခ၊ အဆွေပုဏ္ဏမှခ။ ကိံ၊ အသို့နည်း။ ဇီဝသိ၊ အသက် ရှိပါသေး၏လော။ ဣတိ၊ ဤသို့။ အဝေါစ၊ ဆို၏။ သမ္မကုဏာလ၊ အဆွေကုဏာလ။ အဟံ၊ ငါသည်။ ဇီဝါမိ၊ အသက်ရှိပါသေး၏။ ဣတိ၊ ဤသို့။ အဝေါစ၊ ဆို၏။

ဘော၊ အို... ရဟန်းအပေါင်းတို့။ အထ၊ ထိုအခါ၌။ ခလု၊ စင်စစ်။ ကုဏာလော၊ ကုဏာလ အမည်ရှိသော။ သကုဏော၊ ငှက်မင်းသည်။ ပုဏ္ဏမုခံ၊ ပုဏ္ဏမုခအမည်ရှိသော။ တံ ဖုဿ ကောကိလံ၊ ထိုဖုဿဥဩကို။ ပက္ခေဟိ စ၊ အတောင်တို့ဖြင့်လည်းကောင်း။ မုခတုဏ္ဍကေန စ၊ နှုတ်သီးဖြင့်လည်းကောင်း။ ပရိဂ္ဂဟေတွာ၊ ပိုက်ဖက်၍။ ဝုဋ္ဌာပေတွာ၊ ထစေ၍။ နာနာဘေသဇ္ဇာနိ၊ အထူးထူးသော ဆေးတို့ကို။ ပါယာပေသိ၊ သောက်စေ၏။ ဘော၊ အို... ရဟန်းအပေါင်းတို့။ အထ၊ ထိုအခါ၌။ ခလု၊ စင်စစ်။ ပုဏ္ဏမုခဿ၊ ပုဏ္ဏမုခ အမည်ရှိသော။ ဖုဿ ကောကိလဿ၊ ဖုဿဥဩအား။ သော အာဗာဓော၊ ထိုအနာသည်။ ပဋိပ္ပဿမ္ဘိ၊ ငြိမ်း၏။

ကုဏာလဥဩမင်း တရားဟောခြင်း

ထိုငှက်မအပေါင်းတို့သည်လည်း ပုဏ္ဏမုခမည်သော ဖုဿဥဩသည် အနာကင်းသည်ရှိသော် လာလတ်ကုန်၏။ ကုဏာလငှက်မင်းသည်လည်း ပုဏ္ဏမုခမည်သော ဖုဿဥဩကို နှစ်ရက်သုံးရက် သစ်သီးကြီးငယ်တို့ကို စားစေ၍ ဥဩ၏ အားရှိခြင်းသို့ ရောက်သောကာလ၌ အဆွေ... ယခုအခါ၌ သင်သည် အနာကင်းပြီ၊ သင့်အလုပ်အကျွေးတို့နှင့်တကွ နေရစ်လော့၊ ငါသည်လည်း ငါ၏နေရာအရပ်သို့ သွားတော့အံ့ဟု ဆို၏။ ထိုအခါ ကုဏာလငှက်မင်းကို ဖုဿဥဩသည် အဆွေဤမိန်းမတို့သည် ပြင်းစွာနာနေသော ငါ့ကိုစွန့်ပစ်၍ ပြေးကုန်၏။ ငါ့အား ဤကာမကျူးကုန်သော မိန်းမတို့ဖြင့် အလိုမရှိ ဟု ဆို၏။ ထိုစကားကိုကြား၍ ဘုရားလောင်း ကုဏာလငှက်မင်းသည် အဆွေ... ထိုသို့ဖြစ်လျှင်ကား သင့်အား မိန်းမ၏ ယုတ်မာသောအဖြစ်ကို ဟောအံ့ဟု ပုဏ္ဏမုခကိုခေါ်၍ ဟိမဝန္တာ၏ နံပါး၌ မြင်းသီလာ ကျောက်ဖျာနေရာ၌ နေ၏။ ပုဏ္ဏမုခသည် တစ်ခုသောနံပါး၌ မိမိအခြံအရံနှင့်တကွ နေ၏။ အလုံးစုံသော ဟိမဝန္တာတော၌ နတ်အပေါင်းသည်လည်း ကြွေးကြော်၏။ ယခုအခါ ကုဏာလငှက်မင်းသည် ဟိမဝန္တာဝယ် မြင်းသီလာ ကျောက်ဖျာနေရာ၌နေ၍ ဘုရား၏ တင့်တယ်စံပယ်ခြင်းဖြင့် တရားဟောလတ္တံ့၊ ထိုတရားကို နာကုန်လော့ဟု အဆင့်ဆင့် ကြွေးကြော်သဖြင့် နတ်ပြည်ခြောက်ထပ်နတ်တို့သည် ကြားကုန်၍ များသောအားဖြင့် ထိုမြင်းသီလာ ကျောက်ဖျာနေရာ၌ စည်းဝေးကုန်၏။

များစွာသော နဂါးဂဠုန် ကိန္နရာ ဝိဇ္ဇာဓိုရ် အစရှိသည်တို့အားလည်း နတ်တို့သည် ထိုအကြောင်းကို ကြွေးကြော်ကုန်၏။ ထိုအခါ အာနန္ဒာ အမည်ရှိသော လင်းတမင်းသည် လင်းတတစ်သောင်းခြံရံလျက် ဂိဇ္ဈကုဋ်တောင်၌ နေ၏။ ထိုအာနန္ဒာ လင်းတမင်းသည်လည်း ထိုအုတ်အုတ် ကျက်ကျက်သော အသံကိုကြား၍ တရားနာအံ့ဟု မိမိအခြံအရံနှင့်တကွ လာလတ်၍ တင့်အပ်သော အရပ်၌နေ၏။ နာရဒ အမည်ရှိသော အဘိညာဉ်ငါးပါးနှင့် ပြည့်စုံသော ရသေ့သည်လည်း ရသေ့တစ်သောင်းခြံရံလျက် ဟိမဝန္တာ၌ နေသည်ရှိသော် ထိုနတ်တို့ ကြွေးကြော်သံကိုကြား၍ ငါ၏ အဆွေဖြစ်သော ကုဏာလငှက်မင်းသည် မိန်းမတို့၏ကျေးဇူးမဲ့ကို ဟောလိမ့်သတတ်၊ များစွာသော အစည်းအဝေးသည် ဖြစ်လတ္တံ့သတတ်၊ ငါသည်လည်း ထိုတရားကို နာခြင်းငှာ သင့်၏ဟု အခြံအရံ ရသေ့တစ်သောင်းနှင့်တကွ တန်ခိုးဖြင့် ထိုအရပ်သို့သွား၍ တင့်အပ်သောအရပ်၌ နေ၏။ သဗ္ဗညူဘုရားသခင်တို့၏ တရားဟောတော်မူသော အစည်းအဝေးနှင့်တူသော များသော အစည်းအဝေးသည် ဖြစ်၏။

ထိုအခါ ဘုရားလောင်း ကုဏာလငှက်မင်းသည် ဇာတိဿရဉာဏ်ဖြင့် မိန်းမတို့၏ အပြစ်နှင့်ယှဉ်သော ရှေးဘဝ၌ မြင်ဖူးသောအကြောင်းကို ပုဏ္ဏမုခကို သက်သေပြု၍ ဟော၏။ ထိုအကြောင်းကို ထင်ရှားပြလိုတော်မူသော သဗ္ဗညူမြတ်စွာဘုရားသည်-

အထ ခလု ဘော ကုဏာလော သကုဏော၊
တံ ပုဏ္ဏမုခံ ဖုဿ ကောကိလံ။
ဂိလာနဝုဋ္ဌိတံ အစိရဝုဋ္ဌိတံ၊
ဂေလညာ ဧတဒဝေါစ။
။ လ။
ယထာ သိခီ ဒနီ ဝါတော နေရုနာဝ သမသာဂတာ။
ဝိသရုက္ခော ဝိယ နိစ္စဖလော။
နာသယန္တိ ဃရေ ဘောဂံ။
ရတနာ နန္တကရိတ္ထိယော။

ဟူသော ဤတစ်ဆယ့်လေးဂါထာတို့ကို ဟောတော်မူ၏။

ဘော၊ အို... ရဟန်းအပေါင်းတို့။ အထ၊ ထိုအခါ၌။ ခလု၊ စင်စစ်။ ကုဏာလော၊ ကုဏာလ အမည်ရှိသော။ သကုဏော၊ ငှက်မင်းသည်။ ဂိလာနဝုဋ္ဌိတံ၊ အနာမှထသော။ ဂေလညာ၊ နာသောအဖြစ်မှ။ အစိရဝုဋ္ဌိတံ၊ ထ၍ မကြာမြင့်သေးသော။ ပုဏ္ဏမုခံ၊ ပုဏ္ဏမုခအမည်ရှိသော။ ဖုဿကောကိလံ၊ ထိုဖုဿဥဩကို။ ဧတံ၊ ထိုစကားကို။ အဝေါစ၊ ဆို၏။

မိန်းမယုတ် ကဏှာဒေဝီ

သမ္မပုဏ္ဏမုခ၊ အဆွေပုဏ္ဏမုခ။ ဒွေပိတိကာ၊ အဖနှစ်ယောက်ရှိသော။ ပဉ္စပတိကာယ၊ လင်ငါးယောက်ရှိသော။ ကဗန္ဓေ၊ လည်တိုပြိတ္တာနှင့်တူသော။ ပီဌသပ္ပိမှိ၊ ဆွံ့သော။ ဆဋ္ဌေ၊ ခြောက်ယောက်မြောက်သော။ ပုရိသေ၊ ယောက်ျား၌။ စိတ္တံ၊ စိတ်သည်။ ပဋိဗန္ဓန္တိယာ၊ တပ်စွန်းသော။ ယဒိဒံ-ယာ ဧသော ကဏှာဒေဝီ၊ အကြင်ကဏှာဒေဝီသည်။ အတ္ထိ၊ ရှိ၏။ သာ ကဏှာဒေဝီ၊ ထိုကဏှာဒေဝီကို။ မယာ၊ ငါသည်။ ဒိဋ္ဌာ၊ မြင်ဖူး၏။ ဧတ္ထု၊ ဤအရာ၌။ အနုတ္တရံ၊ အတုမရှိသော။ ဝါကျံစ၊ စကားသည်လည်း။ ဘဝတိ၊ ဖြစ်၏။

အထ၊ ထိုအခါ၌။ အဇ္ဇုနော၊ အဇ္ဇုန မင်းသားသည်လည်းကောင်း။ နကုလော၊ နကုလမင်းသားသည်လည်းကောင်း။ ဘီမသေနော၊ ဘီမသေန မင်းသားသည်လည်းကောင်း။ ယုဓိဋ္ဌိလော၊ ယုဓိဋ္ဌိလမင်းသားသည်လည်းကောင်း။ သဟဒေဝေါ စ ရာဇာ၊ သဟဒေဝ မင်းသားသည်လည်းကောင်း။ ဧတေ ပဉ္စပတိကာ၊ ဤငါးယောက်ကုန်သော လင်တို့ကို။ အတိစ္စ၊ လွန်၍။ နာရီ၊ ကဏှာဒေဝီ မည်သော မင်းသမီးသည်။ ခုဇ္ဇဝါမနကေန၊ ကုန်းလည်းကုန်း ကွလည်းကွသော။ ပီဌသပ္ပိနာ၊ ငဆွံ့နှင့်။ သဒ္ဓိံ၊ တကွ။ ပါပံ၊ မကောင်းသော အမှုကို။ အကာသိ၊ ပြု၏။

သစ္စတပါပီ

သမ္မပုဏ္ဏမုခ၊ အဆွေပုဏ္ဏမုခ။ မယာ၊ ငါသည်။ ဒိဋ္ဌာ၊ မြင်ဖူးသည်ကား။ သစ္စတပါပီ နာမ၊ သစ္စတပါပီ အမည်ရှိသော။ သုသာနမဇ္ဈေ၊ သုသာန်အလယ်၌။ ဝသန္တီ၊ နေလေ့ ရှိသော။ စတုတ္ထဘတ္တံ၊ လေးရက်မြောက်ဖြစ်သော ထမင်းကို။ ပရိဏာမယမာနာ၊ လွန်စေသော။ သေတသမဏီ၊ အဝတ်ဖြူဝတ်သော ပရိဗိုဇ်မသည်။ အတ္ထိ၊ ရှိ၏။ သာ၊ ထိုပရိဗိုဇ်မသည်။ သုရာဓုတ္တကေန၊ သေသောက်ကြူးနှင့်။ သဟ၊ တကွ။ ပါပံ၊ မကောင်းမှုကို။ အကာသိ၊ ပြု၏။

ကာကဝတီ

သမ္မပုဏ္ဏမုခ၊ အဆွေပုဏ္ဏမုခ။ မယာ၊ ငါသည်။ ဒိဋ္ဌာ၊ မြင်ဖူးသည်ကား။ သမုဒ္ဒမဇ္ဈေ၊ သမုဒ္ဒရာအလယ်၌။ ဝသန္တီ၊ နေသော။ ဘရိယာ၊ ဗြဟ္မဒတ်မင်း၏ မယားဖြစ်သော။ ကာကဝတီ နာမ၊ ကာကဝတီ အမည်ရှိသော။ ဒေဝီ၊ မိဖုရားသည်။ ဝေနတေယျဿနဋကုဝေရေန၊ ဝေနတေယျ အမည်ရှိသော ကချေသည် စောင်းသမားနှင့်။ သဒ္ဓိံ၊ တကွ။ ပါပံ၊ မကောင်းမှုကို။ အကာသိ၊ ပြု၏။

ကုရုင်္ဂဒေဝီ

သမ္မပုဏ္ဏမုခ၊ အဆွေပုဏ္ဏမုခ။ မယာ၊ ငါသည်။ ဒိဋ္ဌာ၊ မြင်ဖူးသည်ကား။ လောမသုဒ္ဒရီ၊ အမွေးအရေတည်းဟူသော ဆန်းကြယ်သော ဝမ်းရှိသော။ ဧဠိကကုမာရံ၊ ဧဠိကသတို့သားကို။ ကာမယမာနာ၊ တောင့်တသော။ ကုရုင်္ဂဒေဝီ နာမ၊ ကုရုင်္ဂဒေဝီအမည်ရှိသော မင်းသမီးသည်။ ဆဠင်္ဂကုမာရဓနန္တေဝါသိနာ၊ ဆဠင်္ဂကုမာရ အမည်ရှိသောဆရာ, ဓနန္တေဝါသီ အမည်ရှိသော အလုပ်အကျွေးနှင့်။ သဒ္ဓိံ၊ တကွ။ ပါပံ၊ မကောင်းသောအမှုကို။ အကာသိ၊ ပြု၏။

ဗြဟ္မဒတ်မင်းမယ်တော်

သမ္မပုဏ္ဏမုခ၊ အဆွေ ပုဏ္ဏမုခ။ ဗြဟ္မဒတ္တဿ၊ ဗြဟ္မဒတ်မင်း၏။ ဧတံ မာတရံ၊ ထိုအမိကို။ မယာ၊ ငါသည်။ ဧဝဉ္စ၊ ဤသို့လျှင်။ ဉာတံ၊ သိအပ်ပြီ။ သာ မာတာ၊ ထိုဗြဟ္မဒတ်မင်း၏ အမိသည်။ ကောသလရာဇံ၊ ကောသလမင်းကို။ ဩဟာယ၊ စွန့်၍။ ပဉ္စာလစဏ္ဍေန၊ ပဉ္စာလစဏ္ဍနှင့်။ ပါပံ၊ မကောင်းသော အမှုကို။ အကာသိ၊ ပြု၏။

မိန်းမတို့ကို မခင်ရ

ဧတာစ၊ ထိုငါးယောက်သော မိန်းမတို့သည်လည်းကောင်း။ အညာ စ၊ ထိုငါးယောက်မှ တစ်ပါးသော မိန်းမတို့သည်လည်းကောင်း။ ပါပံ၊ မကောင်းမှုကို။ အကံသု၊ ပြုကုန်သည်ချည်းတည်း။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ ငါသည်။ ဣတ္ထိနံ၊ မိန်းမတို့အား။ န ဝိဿသေ၊ အကျွမ်းဝင်။ နပ္ပသံသေ၊ မချီးမွမ်း။ ဇဂတိ၊ ဇဂတိဟု ဆိုအပ်သော။ သမာနရတ်တာ၊ တူသောတပ်ခြင်းရှိသော။ ဝသုန္ဓရာ၊ ရတနာအပေါင်းတို့၏ တည်ရာဖြစ်သော။ ဣတရီတရာပတိဋ္ဌာ၊ အမြတ်အယုတ်တို့၏ တည်ရာဖြစ်သော။ မဟီ၊ မြေသည်။ သဗ္ဗသဟာ၊ အလုံးစုံသော မကောင်းမှုကို သည်းခံနိုင်သည်။ အဖန္ဒနာ၊ မတုန်မလှုပ်သည်။ အကုပ္ပါ၊ မမျက်သည်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။ တထာ၊ ထို့အတူ။ ဣတ္ထိယော၊ မိန်းမတို့သည်။ ဣတရီတရာပတိဋ္ဌာ၊ အမြတ်အယုတ်တို့၏ တည်ရာရှိသည်။ သဗ္ဗသဟာ၊ အလုံးစုံသော မကောင်းမှုကို သည်းခံနိုင်ကုန်သည်။ အဖန္ဒနာ၊ မတုန်မလှုပ်ကုန်သည်။ အကုပ္ပါ၊ မမျက်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တာယော၊ ထိုမိန်းမတို့ကို။ နရော၊ ယောက်ျားသည်။ နဝိဿသ၊ အကျွမ်းမဝင်ရာ။

လောဟိတမံသဘောဇနော၊ အသားအသွေးကို စားတတ်သော။ ဝါဠိမိဂေါ၊ သားရဲဖြစ်သော။ ပဉ္စာဝုဓော၊ ငါးပါးသော လက်နက်ရှိ။ သုရုဒ္ဓေါ၊ အလွန်ကြမ်းကြုတ်သော။ ပသယှခါဒီ၊ နိုင်ထက်မူ၍ စားလေ့ရှိသော။ သီဟော၊ ခြင်္သေ့သည်။ ပရဟိံသနေ၊ သူတစ်ပါးကို ညှဉ်းဆဲခြင်း၌။ ရတော၊ မွေ့လျော်သည်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။ တထာ၊ ထို့အတူ။ ဣတ္ထိယော၊ မိန်းမတို့သည်။ ပရဟိံသနေ၊ သူတစ်ပါးကို ညှဉ်းဆဲခြင်း၌။ ရတာ၊ မွေ့လျော်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တာယော၊ ထိုမိန်းမတို့ကို။ နရော၊ ယောက်ျားသည်။ န ဝိဿသေ၊ အကျွမ်းမဝင်ရာ။

မိန်းမတို့အပြစ်များ

သမ္မပုဏ္ဏမုခ၊ အဆွေ ပုဏ္ဏမုခ။ တဒိဒံ - ယာ ဧတာ၊ အကြင် မိန်းမတို့ကို။ ဝေသိယော၊ ဝေသီတို့ဟူ၍ လည်းကောင်း။ နာရိယော၊ နာရီတို့ဟူ၍ လည်းကောင်း။ ဂမနိယော၊ ဂမနီယတို့ဟူ၍ လည်းကောင်း။ ဗန္ဓကယော၊ ဗန္ဓကီတို့ဟူ၍ လည်းကောင်း။ န ဝုစ္စန္တိ၊ မဆိုအပ်ကုန်။ ဧတောယော၊ ထိုမိန်းမတို့သည်။ န ဝေသိယော၊ ဝေသီမည်သည်သာလျှင် မဟုတ်ကုန်။ န နာရိယော၊ နာရီမည်သည်သာလျှင် မဟုတ်ကုန်။ သဘာဝတော ပန၊ သဘောအားဖြင့်ကား။ ဧတာယော၊ ထိုမိန်းမတို့သည်။ ဝဓိကာယော နာမ၊ လင်သတ်မတို့ မည်ကုန်၏။

စောရော ဝိယ၊ ခိုးသူကဲ့သို့။ ဝေဏိကတာ၊ ဆံထုံးခြင်းကို ပြုတတ်ကုန်၏။ ဒိဒ္ဓါ၊ ဒိဒ္ဓါဟု ဆိုအပ်သော။ မဒိရာဝ၊ အဆိပ်နှင့်ရောသော သုရာနှင့်တူ၏။ ဝါဏိဇော ဝိယ၊ ကုန်သည်ကဲ့သို့။ ဝါစာသန္ထုတိယော၊ နှုတ်ဖြင့်သာ ချီးမွမ်းတတ်ကုန်၏။ ဣဿသိင်္ဂမိဝ၊ ဝက်ဝံ၏လျင်ခြင်းကဲ့သို့။ ဝိပရိဝတ္တာယော၊ လျင်သောအပြန်ရှိကုန်၏။ (အပြောင်းအလဲ မြန်ကုန်၏)။ ဥရဂမိဝ၊ မြွေကဲ့သို့။ ဒုဇိဝှါယော၊ လျှာနှစ်ခွရှိကုန်၏။ သောဗ္ဘမိဝ၊ မစင်တွင်းကဲ့သို့။ ပဋိစ္ဆန္နာ၊ ဖုံးလွှမ်းအပ်ကုန်၏။ ပါတာလမိဝ၊ သမုဒ္ဒရာ၌ ပါတာလမုခကဲ့သို့။ ဒုပ္ပုရာ၊ ပြည့်နိုင်ခဲကုန်၏။ ရက္ခသီဝိယ၊ ရက္ခိုသ်ဘီလူးမကဲ့သို့။ ဒုတ္တောသာ၊ ရောင့်ရဲနိုင်ခဲကုန်၏။

ယမောဝ၊ ယမမင်းကဲ့သို့။ ဧကန္တဟာရိယော၊ စင်စစ်လျှင် ဆောင်ယူတတ်ကုန်၏။ သိခီရိဝ၊ မီးကဲ့သို့။ သဗ္ဗဘက္ခာ၊ အလုံးစုံ ကောင်းမကောင်းကို စားတတ်ကုန်၏။ နဒီရိဝ၊ မြစ်ကဲ့သို့။ သဗ္ဗဝါဟီ၊ အလုံးစုံကို မျှောတတ်ကုန်၏။ အနီလော ဝိယ၊ လေကဲ့သို့။ ယေန၊ အကြင်အရပ်၌။ ကာမံ၊ အလိုသည်။ အတ္ထိ၊ ရှိ၏။ တေန၊ ထိုအရပ်သို့။ စရာ၊ သွားတတ်ကုန်၏။ နေရုဝိယ၊ နေရုမည်သော ရွှေတောင်ကဲ့သို့။ အဝိသေသကရာ၊ အထူးမရှိသည်ကို ပြုတတ်ကုန်၏။ တာယော၊ ထိုမိန်းမတို့သည်။ ဝိသရုက္ခော ဝိယ၊ အဆိပ်ပင်ကဲ့သို့။ နိစ္စဖလိတာယော၊ အမြဲလျှင် အသီးသီးတတ်ကုန်၏။ ဧတ္ထ၊ ဤအရာ၌။ အနုတ္တရံ၊ အတုမရှိသော။ ဝါကျံ စ၊ စကားသည်လည်း။ ဘဝတိ၊ ဖြစ်၏။

ဣတ္ထိယော၊ မိန်းမတို့သည်။ စောရော ယထာ၊ ခိုးသူနှင့်တူ၏။ ဒိဒ္ဓေါ ယထာ၊ အဆိပ်နှင့်ရောသော သုရာနှင့်တူ၏။ ဝါဏိဇောဝ၊ ကုန်သည်ကဲ့သို့။ ဝိကတ္ထနီ၊ အထူးထူးသော စကားတို့ကို ဆိုတတ်ကုန်၏။ ဣဿသိင်္ဂမိဝ၊ ဝက်ဝံ၏ လျင်ခြင်းကဲ့သို့။ ပရိဝတ္တာ၊ လျင်သာအပြန် ရှိကုန်၏။ ဥရဂေါ ယထာ၊ မြွေကဲ့သို့။ ဒုဇိဝှါ၊ လျှာနှစ်ခွရှိကုန်၏။ သောဗ္ဘမိဝ၊ မစင်တွင်းကဲ့သို့။ ပဋိစ္ဆန္နာ၊ ဖုံးလွှမ်းအပ်ကုန်၏။ ပါတာလမိဝ၊ ပါတာလမုခကဲ့သို့။ ဒုပ္ပုရာ၊ လိုအင်ဆန္ဒ ပြည့်နိုင်ခဲကုန်၏။ ရက္ခသီ ဝိယ၊ ရက္ခိုသ်ဘီလူးမကဲ့သို့။ ဒုတ္တောသာ၊ ရောင့်ရဲနိုင်ကုန်၏။ ယမောဝ၊ ယမမင်းကဲ့သို့။ ဧကန္တဟာရိယော၊ စင်စစ်လျှင် ယူဆောင်တတ်ကုန်၏။

သိခီယထာ၊ မီးနှင့်တူကုန်၏။ နဒီယထာ၊ မြစ်နှင့်တူကုန်၏။ ဝါတော ယထာ၊ လေနှင့်တူကုန်၏။ နေရုနာဝ၊ နေရုမည်သော ရွှေတောင်နှင့်လျှင်။ သမဂတာ၊ တူသောအဖို့ ရှိကုန်၏။ ဝိသရုက္ခော ဝိယ၊ အဆိပ်ပင်ကဲ့သို့။ နိစ္စဖလာ၊ အမြဲလျှင် အသီးသီး၏။ ဃရေ၊ အိမ်၌။ ဘောဂံ၊ စည်းစိမ်ကို။ နာသယန္တိ၊ ဖျက်ဆီးတတ်ကုန်၏။ ရတနန္တကရာ၊ ရွှေ ငွေ အစရှိသော ရတနာတို့၏အန္တရာယ်ကို ပြုတတ်ကုန်၏။

(ဤပါဠိတော်ဂါထာတို့၌ အကျဉ်းအားဖြင့် ဟောတော်မူအပ်သော ကဏှာဒေဝီ အစရှိသော မိန်းမငါးယောက်တို့၏ အကြောင်းကို အဋ္ဌကထာ၌ ဤသို့ အကျယ်ပြဆောင်အပ်၏။ )

(၁) ကဏှာဒေဝီ

ဇာတ်အမျိုးအနွယ် အဆင်းသဏ္ဌာန် ဥစ္စာစည်းစိမ် အခြံအရံနှင့်ပြည့်စုံသော လင်ငါးယောက်ရှိလျက် ခြောက်ယောက်မြောက် ငကုန်းနှင့် ယုတ်မာသောအကျင့်ကို လွန်ကျူး၍ကျင့်သော ရှေးဦးစွာသော ကဏှာဒေဝီ၏အကြောင်းကား

လွန်လေပြီးသောအခါ ဗြဟ္မဒတ်မည်သော ကာသိမင်းသည် ပြည့်စုံသော ဗိုလ်ပါဆင်မြင်း ရှိသည်၏အဖြစ်ကြောင့် ကောသလတိုင်းကို သိမ်းယူပြီးလျှင် ကောသလမင်းကိုသတ်၍ နုသော ကိုယ်ဝန်ရှိသော ထိုကောသလမင်း၏ မိဖုရားကို ဆောင်ယူ၍ ဗာရာဏသီပြည်သို့ သွားပြီးလျှင် မိမိ၏မိဖုရားကြီးပြု၏။ ထိုမိဖုရားကြီးသည် နောက်အဖို့၌ သမီးကိုဖွား၏။ ဗြဟ္မဒတ်မင်းအားကား ပကတိအားဖြင့်လည်း သားတော်သမီးတော်မရှိ။ ထိုဗြဟ္မဒတ်မင်းသည် အလွန်နှစ်သက်သည်ဖြစ်၍ ရှင်မိဖုရား... ဆုကိုယူလော့ဟု ဆို၏။ ထိုမိဖုရားသည် ယူအပ်သည်ကိုပြု၍ထား၏။ ထိုသမီးငယ်အားကား ကဏှာဒဝီဟူသော အမည်ကိုမှည့်ကုန်၏။ ထိုအခါ ကဏှာဒေဝီသည် အရွယ်ရောက်သည်ရှိသော် မယ်တော်မိဖုရားကြီးသည် သမီးတော် ကဏှာဒေဝီကို ဆို၏။ ချစ်သမီး... သင့်ခမည်းတော်သည် သင့်အား ဆုပေးတော်မူအပ်၏။ ထိုဆုကို ငါသည် ယူ၍ထားအပ်၏။ သင်သည် နှစ်သက်သောဆုကို ယူလော့ ဟု ဆို၏။ ထိုသမီးတော် ကဏှာဒေဝီသည် မိခင်... အကျွန်ုပ်အား တစ်ပါးသော မရှိသောဥစ္စာမည်သည် မရှိ၊ လင်ကိုယူအံ့သောငှာ မိခင်သည် ကိုယ်တိုင်ဆုကိုပြုလော့ ဟု ဆို၏။ ထိုကဏှာဒေဝီသည် ကိလေသာ များသည်၏ အဖြစ်ကြောင့် အရှက်အကြောက်ကိုဖျက်၍ မယ်တော်မိဖုရားကြီးကို ဆို၏။ ထိုမယ်တော်မိဖုရားကြီးသည် ခမည်းတော်တော် ဗြဟ္မဒတ်မင်းအား ထိုအကြောင်းကို ကြားလျှောက်၏။ ခမည်းတော် ဗြဟ္မဒတ်မင်းသည် နှစ်သက်သော လင်ကို ယူစေလော့ဟု မိန့်တော်မူ၍ မိမိသည် ဆုကို ကြွေးကြော်စေ၏။ မင်းရင်ပြင်၌ ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သော များစွာသော ယောက်ျားတို့သည် စည်းဝေးကြကုန်၏။

လင်ပြိုင် ၅-ယောက်

ကဏှာဒေဝီမင်းသမီးသည် ပန်းပခြုပ်ကိုယူ၍ ခြင်္သေ့ခံသော မြောက်လေသာနန်းတံခါး၌ရပ်လျက် ကြည့်လတ်သော် တစ်ယောက်ကိုမျှလည်း မနှစ်သက်။ ထိုအခါပဏ္ဍုမင်းမျိုးမှ အဇ္ဇုမင်းသား, နကုလမင်းသား ဘီမသေနမင်းသား, ယုဓိဋ္ဌိလမင်းသား, သဟဒေဝမင်းသား ဟူကုန်သော ညီနောင်ငါးယောက် ဖြစ်ကုန်သော ဤပဏ္ဍုမင်းသားတို့သည် တက္ကသိုလ်ပြည်ဝယ် ဒိသာပါမောက္ခ ဆရာအထံ၌ အတတ်သင်ပြီး၍ အရပ်ဒေသတို့၏ အလေ့အကျက်ကို သိကုန်အံ့ဟု လှည့်လည်ကုန်သည်ရှိသော် ဗာရာဏသီပြည်သို့ ရောက်ကုန်၍ မြို့တွင်း၌ အုတ်အုတ် ကျက်ကျက်ကို ကြားသဖြင့် မေး၍ ထိုအကြောင်းကို သိကုန်လျှင် ငါတို့သည်လည်း သွားကြကုန်အံ့ဟု ရွှေအဆင်းနှင့်တူသော အဆင်းရှိကုန်သော ငါးယောက်ကုန်သော ပဏ္ဍုမင်းသားတို့သည်လည်း ထိုမင်းရင်ပြင်အရပ်သို့ သွားကုန်၍ အစဉ်အတိုင်း တည်ကုန်၏။ ထိုအခါ ကဏှာဒေဝီမင်းသမီးသည် ထိုငါးယောက်သော မင်းသားညီနောင်တို့ကို မြင်၍ ထိုငါးယောက်သော မင်းသားတို့၌ တပ်စွန်းသောစိတ် ရှိသည်ဖြစ်၍ ငါးယောက်ကုန်သော မင်းသားတို့၏ လည်, ဦးခေါင်းတို့၌ ပန်းကုံးတို့ကို စွပ်၍ မိခင် ဤငါးယောက်သောသူတို့ကို အကျွန်ုပ်အား ဆုကို ပေးလော့ဟု ဆို၏။ ထိုမယ်တော် မိဖုရားကြီးသည်လည်း ခမည်းတော် ဗြဟ္မဒတ်မင်းအား ကြားလျှောက်၏။ ခမည်းတော်ဗြဟ္မဒတ်မင်းသည် ဆုကို ပေးမိသည်၏ အဖြစ်ကြောင့် မရလတ္တံ့ဟု မဆိုမူ၍ နှလုံးမသာလျက်လျှင် အဘယ် အမျိုးအနွယ်ရှိကုန်သနည်း၊ အဘယ်သူ၏ သားတို့နည်းဟု မေးတော်မူ၍ ပဏ္ဍုမင်းသားအဖြစ်ကို သိလျှင် ထိုမင်းသားတို့အား ပူဇော် သက္ကာရကိုပြု၍ သမီးတော် ကဏှာဒေဝီကို ပေးတော်မူ၏။ ထိုကဏှာဒေဝီ မင်းသမီးသည် ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်၌ ကိလေသာ၏အစွမ်းဖြင့် ဖမ်းယူ၏။

ကဏှာဒေဝီ ဖောက်ပြန်ပုံ

ထိုကဏှာဒေဝီမင်းသမီးအား တစ်ယောက်သော အလုပ်အကျွေးဖြစ်သော ကုန်းကွသော ငဆွံ့သည် ရှိ၏။ ထိုကဏှာဒေဝီမင်းသမီးသည် မင်းသား ငါးယောက်တို့ကို ကိလေသာ၏အစွမ်းဖြင့် ဖမ်းယူပြီး၍ ထိုမင်းသားငါးယောက်တို့ အပသို့ ထွက်သွားသောကာလ၌ အခွင့်ရလျှင်

ကိလေသာ၏အစွမ်းဖြင့် ပူလောင်သည်ဖြစ်၍ ငကုန်းနှင့်တကွ ယုတ်မာသောအကျင့်ကို ကျင့်၏။ ထိုငကုန်းနှင့်တကွလည်း စကားပြောသည်ရှိသော် ငါ့အား သင်နှင့်တူသော ချစ်သူသည်မရှိ၊ မင်းသားတို့ကို သတ်၍ မင်းသားတို့၏ လည်ချောင်းသွေးဖြင့် ခြေတို့ကို ဆေးစေအံ့ဟု ဆို၏။ မင်းသားငါးယောက်တို့တွင်လည်း မင်းသားကြီးနှင့် အတူတကွ ရောယှက်ခြင်းဖြစ်သောကာလ၌ ဤမင်းသား လေးယောက်တို့ထက် သင့်ကိုသာလျှင် ငါသည် သာလွန်၍ ချစ်၏။ ငါအသက်ကိုသော်လည်း သင်၏အကျိုးငှာ စွန့်၏။ ငါခမည်းတော် မင်းကြီးလွန်သဖြင့် သင့်အားသာလျှင် မင်းအဖြစ်ကို ပေးအံ့ဟု ဆို၏။ ကြွင်းသော မင်းသားလေးယောက်နှင့် အတူတကွ ပေါင်းဖက်ရောယှက်သော ကာလ၌လည်း ဤနည်းဖြင့်သာလျှင် ပြောဆို၏။ ထိုမင်းသားတို့သည် ဤမင်းသမီးသည်ကား ငါတို့ကို အလွန် ချစ်မြတ်နိုးပေ၏။ ငါတို့အား စည်းစိမ်ချမ်းသာသည်လည်း ဤမင်းသမီးကိုမှီ၍ ဖြစ်၏ဟု ထိုမင်းသမီးအား အလွန်လျှင် နှစ်သက်ကုန်၏။ ထိုကဏှာဒေဝီမင်းသမီးသည် တစ်နေ့သ၌ အနာနှိပ်စက်သည် ဖြစ်၏။ ထိုအခါ ထိုမင်းသမီးကိုခြံရံ၍ မင်းသားတစ်ယောက်ကား ဦးခေါင်းကို ဆုပ်နယ်လျက် နေ၏။ ကြွင်းသော မင်းသားတို့သည်ကား တစ်ယောက် တစ်ယောက်စီ လက်ခြေတို့ကို ဆုပ်နယ်ကုန်၏။ ငကုန်းသည်ကား ခြေရင်း၌ နေ၏။

ထိုကဏှာဒေဝီ မင်းသမီးသည် ဦးခေါင်းကို ဆုပ်နယ်နေသော အစ်ကိုကြီးဖြစ်သော အဇ္ဇုနမင်းသားအား ကျွန်ုပ်အား အရှင့်သားထက် သာလွန်၍ ချစ်သောသူသည် မရှိပြီ၊ ကျွန်ုပ် အသက်ရှင်ပါသည်ရှိသော် ရှင်မင်းသားအား အသက်ရှင်လတ္တံ့၊ ခမည်းတော်လွန်သဖြင့် မင်းအဖြစ်ကို ရှင်မင်းသားအား ပေးအံ့ဟု ဦးခေါင်းအမူအရာဖြင့် အမှတ်ပေးလျက် ထိုမင်းသားကို သိမ်းသွင်း၏။ လေးယောက်ကုန်သော မင်းသားတို့အားလည်း လက်ခြေအမူအရာတို့ဖြင့် ထိုရှေးအတူလျှင် အမှတ်သညာပေး၏။ ငကုန်းအားကား သင့်ကိုသာလျှင် ငါသည် ချစ်မြတ်နိုး၏။

သင်၏အကျိုးငှာ ငါသည် အသက်ရှင်အံ့ဟု လျှာအမူအရာဖြင့် အမှတ်သညာပေး၏။ ထိုအလုံးစုံသောသူတို့သည်လည်း ရှေး၌ ဆိုဖူးသည်၏အဖြစ်ကြောင့် ထိုအမှတ်သညာဖြင့် ထိုအကြောင်းကို သိကြကုန်၏။ ထိုသူတို့တွင် အဇ္ဇုနမင်းသားမှ ကြွင်းကုန်သောသူတို့သည် မိမိတို့အား ပေးအပ်သော အမှတ်သညာဖြင့်သာလျှင် သိကြကုန်၏။ အဇ္ဇုနမင်းသားသည်ကား ထိုကဏှာဒေဝီ မင်းသမီး၏ လက် ခြေ လျှာ ဖောက်ပြန်ခြင်းတို့ကိုမြင်၍ ငါ့အား အမှတ်သညာ ပေးသကဲ့သို့ ငါမှကြွကုန်သော သူတို့အားလည်း အမှတ်ပေးသည် ဖြစ်လတ္တံ့၊ ငကုန်းနှင့်လည်း ထိုမင်းသမီး ပေါင်းဖော်ခြင်းရှိသည် ဖြစ်ရာ၏ဟု ကြံ၍ ညီတော်မင်းသားတို့ကို ခေါ်ပြီးလျှင် အပသို့ထွက်၍ မေး၏။

မင်းသားငါးယောက် ရဟန်းပြုခြင်း

သင်တို့သည် လင်ငါးယောက်ရှိသော မိန်းမသည် ငါ့အား ဦးခေါင်း ဖောက်ပြန်ခြင်းကိုပြု၍ ပြသည်ကို မြင်ကြကုန်၏လော ဟု မေး၏။ မြင်ပါကုန်၏ဟု ဆိုကုန်လတ်သော် အကြောင်းကို သိကြကုန်၏လောဟု မေးပြန်၍ မသိပါကုဟု ဆိုကုန်သဖြင့် ဤအရာ၌ ဤမည်သည်ကား အကြောင်းတည်း၊ သင်တို့အားကား လက်ခြေတို့ဖြင့် ပေးအပ်သော အမှတ်၏အကြောင်းကို သိကုန်၏လောဟု မေး၏။ သိပါကုန်၏ဟု ဆိုသဖြင့် ငါ့အားလည်း ထိုအကြောင်းဖြင့် အမှတ်သညာပေး၏။ ငကုန်းအား လျှာဖောက်ပြန်ခြင်းဖြင့် အမှတ်သညာပေးခြင်း၏ အကြောင်းကို သိကုန်၏လောဟု မေး၏။ မသိပါကုန် ဟု ဆိုလုတ်သော် ထိုအခါ ညီတော်တို့အား ထိုအကြောင်းကိုကြား၍ ဤငကုန်းနှင့်လည်း အတူတကွ ထိုမင်းသမီးသည် ယုတ်မာသောအမှုကို ပြု၏ဟုဆို၍ ထိုညီတော်လေးယောက်တို့သည် မယုံကြည်ကုန်သည်ရှိသော် ငကုန်းကို ခေါ်စေ၍ မေး၏။ ထိုငကုန်းသည် အလုံးစုံသောအကြောင်းကို ပြောဆို၏။ ထိုမင်းသားတို့သည် ငကုန်းစကားကို ကြားရလျှင် ထိုမင်းသမီးအား တပ်စွန်းခြင်း ကင်းကုန်သည်ဖြစ်၍ မိန်းမတို့မည်သည်ကား ဪ... ယုတ်မာစွ၊ ဩာ်... သီလမရှိကုန်စွ၊ ငါတို့ကဲ့သို့သော အမျိုးအနွယ်နှင့် ပြည့်စုံသော တင့်တယ်ခြင်းအစုသို့ ရောက်သော မင်းသားတို့ကို စွန့်၍ ဤသို့သဘောရှိသော စက်ဆုပ်ရွံရှာဖွယ်သော ငကုန်းနှင့်တကွ ယုတ်မာသောအမှုကို ပြု၏။ ပညာရှိသော သဘောရှိသော အဘယ်မည်သောသူသည် ဤသို့ အရှက်အကြောက်မရှိသော ယုတ်မာသော အကျင့်ရှိကုန်သော မိန်းမတို့နှင့်တကွ မွေ့လျော်လတ္တံ့နည်းဟု များစွာသော အကြောင်းဖြင့် မိန်းမတို့ကိုကဲ့ရဲ၍ ငါတို့အား အိပ်ရာထောင်ခြင်းဖြင့် အလိုမရှိဟု ငါးယောက်ကုန်သော မင်းသားတို့သည် ဟိမဝန္တာသို့ဝင်၍ ရဟန်းပြုကုန်ပြီးလျှင် ကသိုဏ်းပရိကံကိုပြု၍ အသက်၏အဆုံး၌ ကံအားလျော်စွာ လားကုန်၏။

ကုဏာလငှက်မင်းသည်ကား ထိုအခါ နောင်တော်ကြီး အဇ္ဇုနမင်းသား ဖြစ်၏။ ထို့ကြောင့် မိမိသည် မြင်ဖူးသော အကြောင်းကို ပြလိုသည်ဖြစ်၍ ဒိဋ္ဌာ မယာ အစရှိသော နှစ်ဂါထာတို့ကို ဆို၏။

(၂) သစ္စတပါပီ

နှစ်ခုမြောက်သော သစ္စတပါပီမည်သော ပရိဗိုဇ်မ၏ အကြောင်းကား...

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ကိုမှီ၍ သစ္စတပါပီမည်သော အဝတ်ဖြူဝတ်သော ပရိဗိုဇ်မသည် သုသာန်၌ သစ်ရွက်မိုးသောကျောင်းကို ဆောက်စေ၍ ထိုသုသာန်ကျောင်း၌ နေလျက် လေးရက်သော ထမင်းတို့ကိုလွန်၍ စား၏။ အလုံးစုံသော ဗာရာဏသီပြည်၌ နေလကဲ့သို့ ထင်ရှား၏။

ဗာရာဏသီပြည်အလုံး၌ နေကုန်သောသူတို့သည် ချေသော်လည်းကောင်း, ချေချွတ်သော်လည်းကောင်း နမော သစ္စတပါပိယာ ဟူ၍ ဆိုကုန်၏။

ကျပ်တစ်ထောင်ကြေးလောင်း

ထိုအခါ တစ်ခုပွဲသဘင်ဝယ် ရှေးဦးစွာသောနေ့၌ ရွှေပန်းထိမ်သည်တို့သည် အပေါင်းဖွဲ့သဖြင့် တစ်ခုသော အရပ်၌ မဏ္ဍပ်ဆောက်၍ ငါးအမဲကိုလည်းကောင်း သုရာ နံ့သာ အစရှိသည်တို့ကိုလည်းကောင်း ဆောင်ယူခဲ့၍ သုရာသောက်ခြင်းကို အားထုတ်ကုန်၏။ ထိုအခါ တစ်ယောက်သော ရွှေပန်းထိမ်သည်သည် သုရာအိုးကို စွန့်သည်ရှိသော် နမော သစ္စတပါပိယာဟုဆိုရာ တစ်ယောက်သော ပညာရှိသည် အလွန်မိုက်သောအချင်း... တုန်လှုပ်သောစိတ်ရှိသော မိန်းမအား ရှိခိုးခြင်းကို ပြုဘိ၏။ အလွန် မိုက်စွတကားဟု ဆိုလတ်သော် အချင်း... ဤသို့ မဆိုပါလင့်၊ ငရဲ၌ဖြစ်စေတတ်သော အမှုကို မပြုလင့်ဟု ဆို၏။ ထိုအခါ ထိုရွှေပန်းထိမ်သည်ကို ထိုပညာရှိသည် ပညာနည်းသောသူ... ဆိတ်ဆိတ်နေလော့၊ ဥစ္စာတစ်ထောင် လောင်းတမ်းကို သင်ပြုလော့၊ ငါသည် သင်၏ သစ္စတပါပီကို ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ တန်ဆာဆင်ခြင်းနှင့်စပ်သော ဤနေရာမဏ္ဍပ်၌လျှင် နေလျက် သုရာအိုးကို ရွက်ခဲ့စေ၍ သုရာကိုသောက်အံ့၊ မိန်းမသည် မြဲသောသီလရှိသောသူမည်သည် မရှိဟု ဆို၏။ ထိုရွှေပန်းထိမ်သည်သည် သင် မတတ်နိုင်လတ္တံ့ ဟုဆို၍ ထိုပညာရှိနှင့်တကွ ဥစ္စာတစ်ထောင် လောင်းခြင်းကို ပြု၏။

ရသေ့ယောင်ဆောင်၍ ပိုးသော်

ထိုပညာရှိသည် ထိုရွှေပန်းထိမ်သည်ကို တစ်ပါးသော ရွှေပန်းထိမ်သည်တို့အား ပန်ကြား၍ နက်ဖြန်နေ့၌ နံနက်စောစောကလျှင် ရသေ့အသွင်ဖြင့် သုသာန်သို့ဝင်၍ ထိုသစ္စတပါပီ ပရိဗိုဇ်မ၏ နေရာအရပ်မှ မနီးမဝေးသောအရပ်၌ နေကို ရှိခိုးလျက်ရပ်၏။ ထိုပရိဗိုဇ်မသည် ဆွမ်းအလို့ငှာ သွားသည်ရှိသော် ထိုရသေ့ အယောင်ဆောင်သော ပညာရှိကိုမြင်၍ တန်ခိုးကြီးသော ရှင်ရသေ့ ဖြစ်လတ္တံ့၊ ငါသည် ရှေးဦးစွာ သုသာန်နံပါး၌ နေ၏။ ဤရှင်ရသေ့သည်ကား သုသာန်အလယ်၌ နေ၏။ ထိုရှင်ရသေ့ကိုယ်တွင်း၌ နိဗ္ဗာန်တရားသည် ရှိသည်ဖြစ်ရာ၏။ ထိုရှင်ရသေ့ကို ရှိခိုးအံ့ဟု ချဉ်းကပ်၍ ရှိခိုး၏။ ထိုရသေ့သည် ကြည့်လည်းမကြည့်၊ စကားလည်းမပြော၊ နှစ်ရက်မြောက်သောနေ့၌လည်း ရှေးအတူလျှင် ပြု၏။ သုံးရက်မြောက်သောနေ့၌ ရှိခိုးသောအခါ၌ မျက်နှာအောက်ချလျက် သွားလေလော့ဟု ဆို၏။

လေးရက်မြောက်သောနေ့၌ကား အသို့နည်း၊ ဆွမ်းခံသဖြင့် မပင်ပန်းလောဟု စကားပြောဟောခြင်းကို ပြု၏။ ထိုပရိဗိုဇ်မသည် စကားပြောခြင်းကို ရပေပြီဟု အလွန်နှစ်သက်သည်ဖြစ်၍ ဖဲလေ၏။ ငါးရက်မြောက်သော နေ့၌ကား အလွန်များစွာသော စကားပြောဟာခြင်းကိုရသဖြင့် အတန်ငယ်နေ၍ သွားလေ၏။ ဆက်ရက်မြောက်သော နေ့၌ကား လာလတ်၍ ရှိခိုးလျက်နေသော ထိုသစ္စတပါပီကို နှမ... ယနေ့ ဗာရာဏသီသီမြို့၌ သီချင်းသံ တီးမှုတ်သံများစွာ၏။ အသို့နည်းဟု မေး၍ အရှင်ဘုရား... အရှင်ဘုရားတို့သည် သိတော်မမူကုန်လော၊ ဗာရာဏသီမြို့၌ ပွဲသဘင်ကြွေးကြော်၏။ ဤအသံသည် ထိုပွဲသဘင်၌ ကစားကုန်သောသူတို့၏ အသံတည်း ဟု ပြောဆိုလတ်သော် ဤအသံသည် ထိုသဘင်၌ အသံမည်၏ဟု မသိသကဲ့သို့ဖြစ်၍ နှမ သင်သည် အဘယ်မျှသော ထမင်းတို့ကို လွန်စေသနည်းဟု မေး၏။ အရှင်ဘုရား... လေးရက်ထမင်းတို့ကို လွန်ပါစေ၏ ဟုဆို၍ အရှင်ဘုရားတို့သည်ကား အဘယ်မျှသော ထမင်းတို့ကို လွန်စေတော်မူကုန်သနည်းဟု မေး၏။ နှမ... ခုနစ်ရက်သော ထမင်းတို့ကို လွန်စေ၏ဟု ဤစကားကို ထိုရသေ့သည် လိမ်ညာ၍ဆို၏။

ထိုရသေ့သည် နေ့တိုင်းနေ့တိုင်း အခါခပ်သိမ်း ညဉ့်၌စား၏။ ထိုရသေ့သည် ပရိဗိုဇ်မကို နှမ... ရဟန်းပြုသည်မှာ အဘယ်မျှ ဝါရပြီနည်းဟု မေး၍ ထိုပရိဗိုဇ်မသည် တစ်ဆယ့်နှစ်ဝါရပြီဟု ဆို၏။ အရှင်ဘုရားတို့အား... အဘယ်မျှ ဝါရပြီနည်းဟု မေးလတ်သော် ဤဝါသည် ငါ့အား ခြောက်ခုမြောက်သော ဝါတည်းဟု ဆို၏။ ထိုအခါ ထိုပရိဗိုဇ်မကို နှမ... နှမအား နိဗ္ဗာန်တရားကို ရခြင်းသည် ရှိပါ၏လော ဟု မေး၏။ အရှင်ဘုရား မရှိပါဟု ပြောဆို၍ အရှင်ဘုရားတို့အား နိဗ္ဗာန်တရားကိုရခြင်းသည် ရှိပါ၏လောဟု မေးလတ်သော် ငါ့နှမ... ငါ့အားလည်း မရှိ ဟုပြောဆို၍ နှမ... ငါတို့သည်ကား ကာမချမ်းသာကိုလည်း မရကုန်၊ ရဟန်းချမ်းသာကိုလည်း မရကုန်၊ ငါတို့အားသာလျှင် ငရဲသည်ပူသလော၊ လူအပေါင်းတို့၏ အမူအကျင့်ကို ပြုကုန်အံ့၊ ငါသည်လည်း လူထွက်အံ့၊ ငါ့အား မိဘတို့၏အမွေဖြစ်သော ဥစ္စာသည်ရှိ၏။ ငါသည် ဆင်းရဲကို ခံစားအံ့သောငှာ မတတ်နိုင်ဟု ဆို၏။

ရသေ့မ လူထွက်ပြီ

ထိုပရိဗိုဇ်မသည် ထိုရသေ့စကားကိုကြားရ၍ မိမိ၏ တုန်လှုပ်သောစိတ် ရှိသည်၏အဖြစ်ကြောင့် ထိုရသေ့၌ တပ်စွန်းသောစိတ်ရှိသည်ဖြစ်၍ အရှင်ဘုရား... အကျွန်ုပ်သည်လည်း ငြီးငွေ့၏။ အကယ်၍ အကျွန်ုပ်ကို အရှင်ဘုရားသည် မစွန့်အံ့၊ အကျွန်ုပ်သည်လည်း လူထွက်အံ့ဟု ဆို၏။ ထိုအခါ ပရိဗိုဇ်မကို ထိုရသေ့ယောင်ဆောင်သော ပညာရှိသည် နှမ... လာလှည့်၊ သင့်ကို မစွန့်အံ့၊ ငါ၏မယား ဖြစ်လတ္တံ့ ဟုဆို၍ မြို့သို့သွား၍ သုရာသောက်သော မဏ္ဍပ်သို့သွား၍ ထိုသစ္စတပါပီ ပရိဗိုဇ်မကို သုရာအိုးကိုယူခဲ့စေ၍ သုရာသောက်၏။ ရွှေပန်းထိမ်သည်သည် ဥစ္စာတစ်ထောင်မှ ရှုံးလေ။ ထိုသစ္စတပါပီသည် သေသောက်ကြူးကိုစွဲ၍ သားသမီးတို့ဖြင့် ပွား၏။

ထိုအခါ၌ ကုဏာလငှက်မင်းသည် သေသောက်ကြူး ဖြစ်၏။ ထို့ကြောင့် မိမိသည် မြင်ဖူးသည်ကို ပြလိုသည်ဖြစ်၍ ဒိဋ္ဌာ မာယာ အစရှိသော ဂါထာကို ဆို၏။

(၃) ကာကဝတီမိဖုရား

သုံးခုမြောက်ဖြစ်သော ကာကဝတီမိဖုရား၏ အကြောင်း အတိတ်စကားကို စတုက္ကနိပါတ် ကာကဝတီဇာတ် အဋ္ဌကထာ၌ ချဲ့ဆိုအပ်ပြီ၊ ထိုအခါ ကုဏာလငှက်မင်းသည် ဂဠုန်မင်းဖြစ်၏။ ထို့ကြောင့် မိမိမြင်ဖူးသည်ကို ပြလိုသည်ဖြစ်၍ ဒိဋ္ဌာ မာယာ အစရှိသော ဂါထာကို ဆို၏။

(၄) ကုရုင်္ဂဒေဝီမင်းသမီး

လေးခုမြောက်သော ကုရုင်္ဂဒေဝီမင်းသမီး အကြောင်းကား...

လွန်လေပြီးသောအခါ ဗြဟ္မဒတ်မင်းသည် ကောသလမင်းကိုသတ်၍ တိုင်းပြည်ကိုသိမ်းပြီယူလျှင် ကိုယ်ဝန်ရှိသော ထိုကောသလမင်း၏ မိဖုရားကြီးကိုယူ၍ ဗာရာဏသီပြည်သို့ ပြန်လည်ခဲ့ပြီးလျှင် ထိုမိဖုရားကြီးအား ကိုယ်ဝန်ရှိသောအဖြစ်ကို သိလျက်လည်း ထိုကောသလမင်း၏ မိဖုရားကြီးကို မိမိ၏မိဖုရားကြီး ပြု၏။

သားကို ပစ်ထားစေခြင်း

ထိုမိဖုရားသည် ရင့်သောကိုယ်ဝန်ရှိသဖြင့် ရွှေအဆင်းနှင့်တူသော အဆင်းရှိသောသားကို ဖွား၍ ကြီးခြင်းသို့ ရောက်လတ်သော် ထိုငါ့သားကို ဗာရာဏသီမင်းသည် ဤမင်းသား ရန်သူ၏ သားတည်း၊ ဤမင်းသားဖြင့် အဘယ်မူအံ့နည်းဟု နှလုံးသွင်း၍ သတ်စေလတ္တံ့၊ ငါ့သားသည် သူတစ်ပါးလက်၌ မသေစေသတည်းဟု ကြံပြီးလျှင် အထိန်းမိန်းမကို ခေါ်၍ မိခင် ဤသူငယ်ကို ပုဆိုးနွမ်းခင်း၍ သူကောင်ပစ်ရာသင်္ချိုင်း၌ အိပ်စေ၍ လာခဲ့လော့ဟု ဆို၏။ အထိန်းမိန်းမသည် မိဖုရားကြီး ဆိုတိုင်းပြုပြီးလျှင် ရေချိုး၍ ပြန်ခဲ့၏။

ရေ၌ မျှောခံရခြင်း

ကောသလမင်းသည်လည်းသေ၍ သား၏ ကိုယ်စောင့်နတ်ဖြစ်၏။ ထိုနတ်၏ အာနုဘော်ကြောင့် တစ်ယောက်သော ဆိတ်ကျောင်းသား၏ ဆိတ်တို့သည် ထိုအရပ်၌ ကျက်စားကုန်သည်ရှိသော် ဆိတ်မတစ်ခုသည်

ထိုမင်းသားကိုမြင်လျှင် ချစ်ခြင်းကိုဖြစ်စေလျက် နို့တိုက်၍ အတန်ငယ် ကျက်စားသဖြင့် တစ်ဖန်လာလတ်၍ နှစ်ကြိမ် သုံးကြိမ် လေးကြိမ် နို့တိုက်၏။ ဆိတ်ကျောင်းသားသည် ထိုဆိတ်မအမူအရာကိုမြင်လျှင် ထိုအရပ်သို့သွားသဖြင့် သူငယ်ကိုမြင်၍ သားဟူသောချစ်ခြင်းကို ဖြစ်စေပြီးလျှင် ရေချိုး၍ မိမိမယားအား ပေး၏။ ထိုမယားသည်ကား သားမရှိ။ ထို့ကြောင့် ထိုမယားအား နို့ရည်မရှိ။ ထိုအခါ ထိုသူငယ်ကို ဆိတ်နို့ရည်ကိုသာလျှင် တိုက်၏။ ထိုနေ့မှစ၍ နေ့တိုင်းနေ့တိုင်း နှစ်ခုသုံးခုသော ဆိတ်မတို့သည် သေကုန်၏။ ဆိတ်ကျောင်းသားသည် ဤသူငယ်ကို မွေးမြူသည်ရှိသော အလုံးစုံသောဆိတ်မတို့သည် သေကုန်လတ္တံ့၊ ငါတို့အား ဤသူငယ်ဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု ကြံ၍ ထိုသူငယ်ကို တစ်လုံးသောမြေအိုး၌ အိပ်စေပြီးလျှင် စလောင်းတစ်ခုဖြင့်ပိတ်၍ ပဲမှုန့်ညက်ဖြင့် အိုးဝကို ဟင်းလင်းမရှိအောင် လိမ်းကျံ၍ မြစ်၌ မျှော၏။

ဒွန်းစဏ္ဍားသား ဖြစ်ရခြင်း

မြစ်၌မျှောသော ထိုအိုးကို အောက်ဆိပ်၌ မင်းအိမ်၌ ဆွေးမြည့်သည်ကို တစ်ဖန်ပြုပြင်တတ်သော ဒွန်းစဏ္ဍားတစ်ယောက်သည် မယားနှင့်တကွ ခဝါဖွပ်သည်ရှိသော် မြင်၍ လျင်မြန်စွာသွားသဖြင့် ဆောင်ယူဆယ်တင်၍ ကမ်း၌ထားပြီးလျှင် ဤအိုး၌ အသို့နည်းဟု ဖွင့်၍ကြည့်လတ်သော် သူငယ်ကို မြင်လေ၏။ ထိုဒွန်းစဏ္ဍား မယားသည်လည်း သားမရှိ။ ထို့ကြောင့် သူငယ်၌ သားဟူသော ချစ်ခြင်းသည် ဖြစ်၏။ ထိုအခါ သူငယ်ကို အိမ်သို့ဆောင်ယူ၍ မွေးကျွေး၏။ ထိုသူငယ်ကို ခုနစ်နှစ် ရှစ်နှစ်အရွယ်မှစ၍ မိဘတို့သည် မင်းအိမ်သို့ သွားကုန်သည်ရှိသော် ခေါ်၍ သွားကုန်၏။

မင်းသမီးကို ရခြင်း

တစ်ဆယ့်ခြောက်နှစ်အရွယ် ရှိသောအခါမှစ၍ ထိုသတို့သားသာလျှင် များစွာသွား၍ ဆွေးမြည့်ဟောင်းနွမ်းသည်တို့ကို တစ်ဖန်ပြုပြင်ခြင်းကို ပြု၏။ မင်း၏ မိဖုရားကြီးအားလည်း ကိုရုင်္ဂဒေဝီ အမည်ရှိသော မြတ်သောအဆင်းကိုဆောင်သော သမီးတော်သည် ရှိ၏။ ထိုကုရုင်္ဂဒေဝီ မင်းသမီးသည် ထိုသတို့သားကို မြင်ရသောအခါမှ စ၍ ထိုသတို့သား၌ တပ်စွန်းသောစိတ် ရှိသည်ဖြစ်၍ တစ်ပါးသောအရပ်၌ မမွေ့လျော်။ ထိုသတို့သား အမှုလုပ်ဆောင်ရာ အရပ်သို့သာလျှင် လာ၏။ မပြတ်မြင်ရသဖြင့် အချင်းချင်း တပ်စွန်းသောစိတ်ရှိကုန်သော ထိုသူနှစ်ယောက်တို့သည် မင်းအိမ်အတွင်း၌သာလျှင် ဖုံးလွှမ်းအပ်သောအရပ်၌ လွန်ကျူးခြင်းသည် ဖြစ်၏။ ကာလရှည်ခြင်းသို့ ရောက်လတ်သော် အလုပ်အကျွေးမိန်းမတို့သည် သိကုန်၍ ခမည်းတော်မင်းကြီးအား ကြားလျှောက်ကြကုန်၏။ ခမည်းတော်မင်းကြီးသည် အမျက်ထွက်၍ မှူးတော် မတ်တော်တို့ကို စည်းဝေးစေပြီးလျှင် ဤဒွန်းစဏ္ဍားသားသည် ဤမည်သောအမှုကို ပြုကျင့်၏။ ဤဒွန်းစဏ္ဍားသားအား ပြုအပ်သည်ကို သိကုန်လော့ဆို၏။

မှူးတော် မတ်တော်တို့သည် ဤသူကား အပြစ်ကြီး၏။ အထူးထူးအပြားပြားသော မင်းဒဏ်ပေးခြင်းကို ပြုစေပြီး၍ နောက်မှ သတ်ခြင်းငှာ သင့်၏ဟု ဆိုကုန်၏။ ထိုခဏ၌ မင်းသား၏ အဖဖြစ်သော ကိုယ်စောင့်နတ်သည် ထိုမင်းသား၏ မယ်တော်မိဖုရားကြီးကိုယ်၌ ပူးဝင်၏။ ထိုမိဖုရားကြီးသည် နတ်၏အာနုဘော်ကြောင့် မင်းသို့ကပ်၍ မြတ်သောမင်းကြီး... ဤသတို့သားသည် ဒွန်းစဏ္ဍားသား မဟုတ်ပါ၊ ဤသတို့သားသည် အကျွန်ုပ်၏ ဝမ်း၌ဖြစ်သော ကောသလမင်းသားတည်း၊ အကျွန်ုပ်သည် ငါ့သားသေပြီဟု အရှင်မင်းကြီးအား မုသာဝါဒဖြင့် ပြောဆို၏။ အကျွန်ုပ်သည် ဤမင်းသားကို အရှင်မင်းကြီး၏ ရန်သူသယးတည်းဟု အထိန်းတော်တို့ကို ပေး၍ သူသေကောင်ပစ်ရာ သုသာန်၌ စွန့်စေ၏။ ထိုအခါ ထိုသူငယ်ကို တစ်ယောက်သော ဆိတ်ကျောင်းသားသည် မွေးကျွေး၏။ ထိုဆိတ်ကျောင်းသားသည် မိမိဆိတ်မတို့သည် သေကုန်သည်ရှိသော် မြစ်၌မျှောလိုက်၏။ ထိုအခါ မြစ်၌မျှောသော ထိုသူငယ်ကို အရှင်မင်းကြီးတို့နန်းတော်၌ ဆွေးမြည့်ဟောင်းနွမ်းသည်တို့ကို တစ်ဖန် ပြုပြင်တတ်သော ဒွန်းစဏ္ဍားသည်မြင်၍ မွေးမြူပါ၏။ အကယ်၍ ယုံတော်မမူကုန်အံ့၊ ထိုအလုံးစုံသောသူတို့ကို ခေါ်စေတော်မူ၍ မေးတော်မူကုန်လော့ဟု တင်လျှောက်၏။ မင်းသည် အထိန်းကိုအစပြု၍ အလုံးစုံသောသူတို့ကို ခေါ်စေတော်မူ၍မေးလျှင် ထိုမိဖုရားကြီးဆိုတိုင်း အကြောင်းကို အဟုတ်အမှန်အားဖြင့် သိတော်မူ၍ ဤမင်းသားသည် အမျိုးနှင့်ပြည့်စုံသော မင်းသားပေတည်းဟု နှစ်သက်သည်ဖြစ်၍ ထိုမင်းသားကို ရေချိုးစေပြီးလျှင် တန်ဆာဆင်၍ ထိုမင်းသားအားသာလျှင် သမီးတော် ကုရုင်္ဂဒေဝီကို ပေးတော်မူ၏။

မိဖုရား ယုတ်မာပုံ

ထိုမင်းသားအားကား ဆိတ်မတို့သေသည်၏ အဖြစ်ကြောင့် ဧဠိကကုမာရ ဟူသောအမည်ကို မှည့်ကုန်၏။ ထိုအခါ မင်းသားအား ခမည်းတော်မင်းကြီးသည် စစ်သည်ဗိုလ်ပါ ဆင်မြင်းနှင့်တကွ ပေးတော်မူ၍ မောင့်ခမည်းတော်၏ ဥစ္စာဖြစ်သော ကောသလတိုင်း သာဝတ္ထိပြည်ကြီးကို ယူချေလော့ဟု ဧဠိကမင်းသားကို လွှတ်လိုက်၏။ ထိုဧဠိကမင်းသားသည် ကုရုင်္ဂဒေဝီ မင်းသမီးကိုယူ၍ သွားပြီးလျှင် ကောသလမင်း အဖြစ်၌တည်လေ၏။ ထိုအခါ ထိုကောသလမင်းသားအား ဗာရာဏသီမင်းကြီးသည် ဤ ကောသလမင်းသားသည် အတတ်ပညာ မသင်ရသေး ဟု အတတ်ပညာ သင်စိမ့်သောငှာ ဆဠင်္ဂကုမာရ အမည်ရှိသော ဆရာကို စေလိုက်၏။ ထိုမင်းသားသည် ဆဠင်္ဂကုမာရ ဆရာအား ဤသူသည် ငါ၏ဆရာပေတည်းဟု စစ်သူကြီးအရာကို ပေး၏။ နောက်အဖို့၌ ကုရုင်္ဂဒေဝီသည် ထိုဆဠင်္ဂကုမာရဆရာနှင့်တကွ လွန်ကျူးသောအမှုကို ပြု၏။ ထိုဆဠင်္ဂဆရာ စစ်သူကြီးအားလည်း ဓနန္တေဝါသီ အမည်ရှိသော အလုပ်အကျွေးသည် ရှိ၏။ ထိုစစ်သူကြီးသည် ထိုအလုပ်အကျွေးလက်၌ အဝတ်တန်ဆာ စသည်တို့ကို ပေးအပ်၍ ကုရုင်္ဂဒေဝီအား ပို့စေ၏။ ထိုကုရုင်္ဂဒေဝီသည် ထိုစစ်သူကြီး အလုပ်အကျွေးဖြစ်သော ဓနန္တေဝါသီနှင့်လည်းတကွ ယုတ်မာသောအကျင့်ကို ကျင့်၏။

ထိုအခါ၌လည်း ကုဏာလငှက်မင်းသည် ဆဠင်္ဂကုမာရ ဆရာဖြစ်၏။ ထို့ကြောင့် မိမိမြင်ဖူးသော ထိုအကြောင်းကို ထုတ်ဆောင်ပြလိုသည်ဖြစ်၍ ဒိဋ္ဌာ မာယာ အစရှိသော ဂါထာကို ဆို၏။

(၅) ဗြဟ္မဒတ်မင်း မယ်

ငါးခုမြောက်သော ဗြဟ္မဒတ်မင်း မယ်တော်အကြောင်းကား...

လွန်လေပြီးသောအခါ၌ ကောသလမင်းသည် ဗာရာဏသီပြည်ကို သိမ်းယူပြီးလျှင် ဗာရာဏသီမင်း၏ ကိုယ်ဝန်ရှိသော မိဖုရားကို မိမိမိဖုရားကြီးပြု၍ မိမိပြည်သို့လျှင် ပြန်ခဲ့၏။ ထိုမိဖုရားကြီးသည် နောက်အဖို၌ သားယောကျ်ား ဖွား၏။ ကောသလမင်းသည် သားမရှိသည်၏ အဖြစ်ကြောင့် သားဟူသောချစ်ခြင်းဖြင့် မွေးမြူ၍ ခပ်သိမ်းသောအတတ်တို့ကို သင်စေပြီးလျှင် အရွယ်ရောက်လတ်သော် မိမိခမည်းတော်၏ ဥစ္စာဖြစ်သော ဗာရာဏသီပြည်ကို ယူချေလော့ဟု စေလိုက်၏။ ထိုဗြဟ္မဒတ်မင်းသားသည် ဗာရာဏသီပြည်သို့သွား၍ မင်းပြု၏။

မယ်တော် ယုတ်မာပုံ

ထိုအခါ ဗြဟ္မဒတ်မင်းသား၏ မယ်တော်မိဖုရားကြီးသည် သားတော် ဗြဟ္မဒတ်မင်းသားကို ဖူးမြင်လိုသည်ဖြစ်၏ဟု ကောသလမင်းကို ပန်ကြားပြီးလျှင် များစွာသောအခြံအရံဖြင့် ဗာရာဏသီပြည်သို့ သွားသည်ရှိသော် ကာသိတိုင်း ကောသလတိုင်း နှစ်တိုင်းတို့၏ အကြားဝယ် တစ်ခုသောနိဂုံး၌ တည်းနေခြင်းကို ပြု၏။ ထိုနိဂုံး၌ ပဉ္စာလစဏ္ဍ အမည်ရှိသော ပုဏ္ဏားသတို့သားတစ်ယောက် ရှိသည်။ အလွန် အဆင်းလှ၏။ ထိုပဉ္စာလစဏ္ဍ ပုဏ္ဏားသည် ထိုမိဖုရားအား လက်ဆောင်ပဏ္ဏာတို့ကို ဆက်၏။ မိဖုရားကြီးသည် ပဉ္စာလစဏ္ဍ ပုဏ္ဏားကိုမြင်လျှင် တပ်စွန်းသော စိတ် ရှိသည်ဖြစ်၍ ထိုပဉ္စာလစဏ္ဍနှင့်တကွ ယုတ်မာသောအကျင့်ကို ကျင့်ပြီးလျှင် ထိုနိဂုံး၌ နှစ်ရက်သုံးရက်လွန်စေ၍ ဗာရာဏသီပြည်သို့သွား၍ သားတော်ကို ဖူးမြင်ခဲ့ပြီးလျှင် လျင်မြန်စွာပြန်ခဲ့၍ တစ်ဖန် နိဂုံး၌သာလျှင် တည်းနေခြင်းကိုပြု၍ နှစ်ရက်သုံးရက် ထိုပဉ္စာလစဏ္ဍနှင့်တကွ လွန်ကျူးသော အကျင့်ကိုကျင့်ပြီး၍ ကောသလတိုင်းသို့ သွားလေ၏။ ထိုမိဖုရားကြီးသည် ထိုအခါမှစ၍ မကြာမြင့်မီသာလျှင် ထိုထိုသို့သော အကြောင်းကို ပြောဆို၍ သားတော်အထံသို့ သွားပါအံ့ ဟု မင်းကိုပန်ကြား၍ သွားသော်လည်းကောင်း၊ ပြန်သော်လည်းကောင်း ထိုနိဂုံး၌သာလျှင် လခွဲအတိုင်းအရှည်ကာလ ထိုပဉ္စာလစဏ္ဍနှင့်တကွ လွန်ကျူးအကျင့်ကို ကျင့်လေ၏။

ထိုအခါ၌လည်း ကုဏာလ ငှက်မင်းသည် ပဉ္စာလစဏ္ဍဖြစ်၏။ ထို့ကြောင့် မိမိသည် သိမြင်ဖူးသော ထိုအကြောင်းကို ထုတ်ဆောင်ပြလိုသည်ဖြစ်၍ ဧဝဉ္စေတံ မယာ ဉာတံ အစရှိသော ဂါထာကို ဆို၏။

ဧတာ စ အညာ စ အကံသု ပါပံ အစရှိသော ဂါထာတို့၏ အဓိပ္ပာယ်ကို အဋ္ဌကထာ၌ ဤသို့ အကျယ်ပြအပ်၏။

မိန်းမအားလုံး ယုတ်မာကြောင်း

အဆွေပုဏ္ဏမုခဤ ငါးယောက်ကုန်သော မိန်းမတို့သည်သာလျှင် ယုတ်မာသောအကျင့်ကို ကျင့်ကုန်၏။ ဤငါးယောက်မှ တစ်ပါးသော မိန်းမတို့သည်ကား ယုတ်မာသောအကျင့်ကို မကျင့်ကုန်ဟု မမှတ်လေနှင့်။ စင်စစ်သော်ကား ဤငါးယောက်သော မိန်းမတို့သည်လည်းကောင်း၊ တစ်ပါးသော မိန်းမတို့သည်လည်းကောင်း များစွာသော မကောင်းမှုတို့ကို ပြုတတ်ကုန်၏။ ဖဂတိဟု ဆိုအပ်သော ဤမြေကြီးသည် အမျက်ဒေါသ မရှိသောကြောင့် အလုံးစုံသောဝတ္ထုတို့၌ တူမျှသော တပ်ခြင်းရှိသည်ဖြစ်၍ အလုံးစုံသော အယုတ်အမြတ် ဖြစ်ကုန်သောဝတ္ထုတို့၏ တည်ရာဖြစ်သကဲ့သို့ ထို့အတူ မိန်းမတို့သည်လည်း ကိလေသာ၏ အစွမ်းဖြင့် အလုံးစုံသော အယုတ်အမြတ် ဖြစ်ကုန်သော ယောက်ျားတို့၏တည်ရာ ဖြစ်ကုန်၏။ ထိုစကားသည် မှန်၏။ ထိုမိန်းမတို့သည် အခွင့်ရကုန်သည်ရှိသော် တစ်စုံတစ်ယောက်သော သူနှင့်တကွ ယုတ်မာသော အကျင့်ကို ကျင့်ကုန်၏။ ဤမြေကြီးသည် အလုံးစုံကိုသာလျှင် သည်းခံသကဲ့သို့ မတုန်လှုပ်သကဲ့သို့ မပျက်စီးသကဲ့သို့ ထို့အတူ မိန်းမတို့သည်လည်း အလုံးစုံ အယုတ်အမြတ် ဖြစ်ကုန်သော ယောက်ျားတို့ကို ကိလေသာ၌ သာယာခြင်း၏ အစွမ်းဖြင့်လျှင် သည်းခံတတ်ကုန်၏။ အကယ်၍ ထိုမိန်းမတို့၏စိတ်၌ တစ်စုံတစ်ယောက်သော ယောက်ျားသည် တည်ငြားအံ့၊ ဤသို့ စိတ်၌တည်သည်ရှိသော် ထိုယောက်ျားကို စောင့်အံ့သောငှာ စဉ်းငယ်မျှလည်း မတုန်လှုပ်၊ မရွှေ့မပြောင်း အုတ်အုတ်ကျက်ကျက်ကို မပြု၊ ဤမြေကြီးသည် မပျက်စီးသကဲ့သို့ မတုန်လှုပ်သကဲ့သို့ ထို အတူ မိန်းမတို့သည် မေထုန်ကာမအကျင့်ဖြင့် မပျက်စီးကုန်၊ မတုန်လှုပ်ကုန်၊ ထိုမေထုန်ကာမအကျင့်ဖြင့် ပြည့်ခြင်းငှာ မတတ်နိုင်ကုန်။

မိန်းမတို့ခြင်္သေ့နှင့်တူပုံ

သားအပေါင်းတို့၏ အသွေးအသားကို သောက်ထုတ် ဖမ်းစားတတ်သော အလွန်ရက်ရော ကြမ်းကြုတ် ခက်ထန်သော ခြင်္သေ့အား ခြေလက်လေးဘက် နှုတ်သီးဟူသော လက်နက်ငါးပါးရှိသကဲ့သို့ ထို့အတူ မိန်းမတို့အား အဆင်း အသံ အနံ့ အရသာ အတွေ့ဟူသော လက်နက်ငါးပါးတို့သည် ရှိကုန်၏။

ထိုခြင်္သေ့သည် မိမိအစာဖြစ်သော သားငါးတိရစ္ဆာန်တို့ကို ဖမ်းယူသည်ရှိသော် ထိုလက်နက်ငါးပါးတို့ဖြင့် ဖမ်းယူသကဲ့သို့ ထို့အတူ မိန်းမတို့သည်လည်း ကိလေသာတည်းဟူသောအစာကို ဆောင်ယူလိုသည်ရှိသော် အဆင်းအစရှိကုန်သော လက်နက်ငါးပါးတို့ဖြင့် ပစ်ခတ်၍ ဆောင်ယူတတ်ကုန်၏။ ထိုခြင်္သေ့သည် ကြမ်းကြုတ် ခက်ထန်သည်ဖြစ်၍ နိုင်ထက်မူလျက် စားတတ်သကဲ့သို့ ထို့အတူ မိန်းမတို့သည်လည်း ကြမ်းကြုတ် ခက်ထန်ကုန်၏။ နိုင်ထက်မူ၍ စားတတ်ကုန်၏။ ထိုစကားသည်လျှင် မှန်၏။ ထိုမိန်းမတို့သည် သီလရှိကုန်သော ယောက်ျားတို့ကိုလည်း မိမိတို့၏အစွမ်းဖြင့် နိုင်ထက်မူခြင်းကိုပြု၍ သီလ၏ပျက်စီးခြင်းသို့ ရောက်စေတတ်ကုန်၏။ ထိုခြင်္သေ့သည် သူတစ်ပါးကို ညှဉ်းဆဲခြင်း၌ မွေ့လျော်သကဲ့သို့ ထို့အတူ မိန်းမတို့သည်လည်း ကိလေသာ၏ အစွမ်းဖြင့် သူတစ်ပါးကို ညှဉ်းဆဲခြင်း၌ မွေ့လျော်ကုန်၏။ ဤသို့သော မကောင်းသော ဂုဏ်ကျေးဇူးမဲ့နှင့် ပြည့်စုံကုန်သော မိန်းမတို့ကို ယောက်ျားဖြစ်သောသူသည် အကျွမ်းမဝင်ရာ။ အဆွေပုဏ္ဏမုခ ထိုမိန်းမတို့အား ဝေသီအစရှိကုန်သော အကြင်အမည်တို့သည် ထိုမိန်းမတို့အား သဘောအားဖြင့် အမည် မဟုတ်ကုန်။ အကြင်မိန်းမတို့ကို ဝေသီဟူ၍ လည်းကောင်း၊ နာရီဟူ၍ လည်းကောင်း၊ ဂမနီဟူ၍ လည်းကောင်း၊ ဗန္ဓကီဟူ၍ လည်းကောင်း မဆိုအပ်ကုန်။

(ဤဝေသီ အစရှိသည်တို့ကား မိန်းမဟော ပရိယာယျသဒ္ဒါခညြျးတည်း။ )

မိန်းမအလိုလိုက် မင်းလူမိုက်

ထိုမိန်းမတို့သည် ဝေသီမည်သည် မဟုတ်ကုန်၊ ဂမနီမည်သည် မဟုတ်ကုန်၊ ဗန္ဓကီမည်သည် မဟုတ်ကုန်။ သဘောအားဖြင့်ကား မိန်းမတို့သည် လင်ကိုသတ်တတ်သည် မည်ကုန်၏။ လင်ကို သတ်တတ်ကုန်၏။ ထိုအနက်ကိုကား-

မာယာ စေတာ မရီစီစ၊ သောကာ ရောဂါ စုပဒ္ဒဝါ။
ခရာ စ ဗန္ဓနာ စေတာ၊ မစ္စုပါသာ ဂုဟာသယာ။
တာသု ယော ဝိဿသေ ပေါသော၊ သော နရေသု နရာဓမော။

ဟူသော မဟာဟံသဇာတ်ဂါထာဖြင့် ပြအပ်၏။

ဂါထာ အနက်ကား...

ဧတော ဣတ္ထိယော၊ ထိုမိန်းမတို့သည်။ မာယာ၊ လှည့်ပတ်တတ်ကုန်၏။ မရီစီ၊ တံလှပ်နှင့်တူကုန်၏။ သောကာ၊ စိုးရိမ်ကြောင့်ကြခြင်းကို ပြုတတ်၏။ ရောဂါ၊ အနာရောဂါကို ပြုတတ်၏။ ဥပဒ္ဒဝါ စ၊ ဘေးရန်ကိုလည်းပြုတတ်၏။ ဧတာ၊ ထိုမိန်းမတို့သည်။ ခရာ စ၊ အမျက်ဒေါသအားဖြင့် ကြမ်းကြုတ်ကုန်၏။ ဗန္ဓနာ စ၊ သတ်ခြင်း နှောင်ဖွဲ့ခြင်း၏ အကြောင်းလည်း ဖြစ်ကုန်၏။ ဧတာ၊ ထိုမိန်းမတို့သည်။ မစ္စုပါသာ၊ သေမင်း၏ကျော့ကွင်း မည်ကုန်၏။ ဂုဟာသယာ၊ ကိုယ်တည်းဟူသော လိုဏ်ကိုမှီကုန်၏။ တာသု၊ ထိုမိန်းမတို့၌။ ယော ပေါသော၊ အကြင်ယောက်ျားသည်။ ဝိဿသေ၊ အကျွမ်းဝင်အံ့။ သော ပေါသော၊ ထိုယောက်ျားသည်။ နရေသု၊ ယောက်ျားတို့တွင်။ နရာဓမော၊ ယောက်ျားယုတ်သည်။ ဟောတိ၊ ဖြစ်၏။

မိန်းမတို့ မရောင့်ရဲမှု သုံးပါး

ဦးသျှောင်ကိုထုံး၍ တောအုပ်၌တည်သော ခိုးသူသည် ဥစ္စာကို လုယက်ဘိသကဲ့သို့ ထို့အတူ ထိုမိန်းမတို့သည်လည်း ကိလေသာနိုင်ငံသို့ ဆောင်ယူ၍ ယောက်ျားအပေါင်းကို လုယက်ဖျက်ဆီးတတ်ကုန်၏။ အဆိပ်နှင့်ရောသော သုရာသည် ဖောက်ပြန်ခြင်းကို ပြုတတ်သကဲ့သို့ ထို အတူ ထိုမိန်းမတို့သည်လည်း ယောက်ျားတစ်ပါးတို့၌ တပ်စွမ်းသောစိတ် ရှိသည်ဖြစ်၍ ပြုအပ်သည်။ မပြုအပ်သည်ကို မသိကုန်သည်ဖြစ်၍ တစ်ပါးကို ပြုသည်ရှိသော် တစ်ပါးကိုလျှင် ပြုကုန်သည်ဖြစ်၍ ဖောက်ပြန်ခြင်းကို ပြုတတ်ကုန်၏။ ကုန်သည်သည် မိမိကုန်၏ ကျေးဇူးကိုသာလျှင် ချီးမွမ်းပြောပသကဲ့သို့ ထို့အတူ ထိုမိန်းမတို့သည်လည်း မိမိတို့ ဂုဏ်ကျေးဇူးမဲ့ကို ဖုံးလွှမ်း၍ ဂုဏ်ကျေးဇူးကိုသာလျှင် ပြတတ်ကုန်၏။ ဝက်ဝံသည် လျင်မြန်စွာပြန်၍ တည်သကဲ့သို့ ထို့အတူ မိန်းမတို့သည်လည်း လျင်သောစိတ်ရှိသည်၏ အဖြစ်ကြောင့် လျင်သောအပြန် ရှိသည်သာလျှင် ဖြစ်ကုန်၏။ မြွေသည် လျှာနှစ်ခွရှိသကဲ့သို့ ထိုမိန်းမတို့သည်လည်း မုသားဆိုတတ်သည်၏ အဖြစ်ကြောင့် လျှာနှစ်ခွရှိသည် မည်ကုန်၏။ ပျဉ်ဖြင့်ဖုံးအုပ်သော မစင်တွင်းကဲ့သို့ ထို့အတူ ထိုမိန်းမတို့သည်လည်း အဝတ်တန်ဆာဖြင့် ဖုံးလွှမ်းအပ်သည်ဖြစ်၍ သွားတတ်ကုန်၏။ အမှိုက်ဖြင့် ဖုံးလွှမ်းအပ်သောတွင်းသည် နင်းမိသည်ရှိသော် သူတစ်ပါး၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သကဲ့သို့ ထို့အတူ ထိုမိန်းမတို့သည်လည်း အကျွမ်းဝင်သဖြင့် မှီဝဲသည်ရှိသော် သူတစ်ပါး၏ ဆင်းရဲကို ဖြစ်စေတတ်ကုန်၏။ မဟာသမုဒ္ဒရာ၌ ပါတာလမုခသည် ရေဖြင့်ပြည့်နိုင်ခဲသကဲ့သို့။ (ပါတာလမုခဟူသည် ဗလဝမုခပင်တည်း။ ) ထို့အတူ မိန်းမတို့သည်လည်း မေထုန် ကာမအကျင့်ကိုလည်းကောင်း၊ သားဖွားခြင်းဖြင့်လည်းကောင်း၊ တန်ဆာဆင်ခြင်းဖြင့် လည်းကောင်း၊ ဤသုံးပါးသော အကြောင်းတို့ဖြင့် ပြည့်နိုင်ခဲကုန်၏။ ထို့ကြောင့်လျှင် သဗ္ဗညူ မြတ်စွာဘုရားသည်

တိဏ္ဏံ ဘိက္ခဝေ ဓမ္မာနံ အတိတ္တော မာတုဂါမာ- အစရှိသည်တို့ကို ဟောတော်မူ၏။

ဘိက္ခဝေ၊ ရဟန်းတို့။ တိဏ္ဏံ ဓမ္မာနံ၊ မေထုန်အကျင့် သားဖွားခြင်း တန်ဆာဆင်ခြင်း ဟူသော သုံးပါးသော အကြောင်းအရာတို့ဖြင့်။ အတိတ္တော၊ မရောင့်ရဲသည်ဖြစ်၍။ မာတုဂါမော၊ မိန်းမသည်။ ကာလံ ကရောတိ၊ သေရ၏။

အဆိပ်နှင့် မိန်းမ

ရက္ခိုသ် ဘီလူးမသည် သားဟင်းမျိုးကိုသာ တပ်မက်မောသောကြောင့် ဥစ္စာဖြင့်ရောင့်ရဲခြင်းငှာ မတတ်နိုင်။ များစွာသော ဥစ္စာကိုလည်းပယ်၍ ဟင်းမျိုးကိုသာလျှင် တောင့်တသကဲ့သို့ ထို့အတူ ထိုမိန်းမတို့သည်လည်း မေထုန်ကာမ၌ တပ်မက်မောသောကြောင့် များစွာသော ဥစ္စာဖြင့်လည်း မရောင့်ရဲနိုင်ကုန်၊ ဥစ္စာကို မရေတွက်မူ၍ မေထုန်အကျင့်ကိုသာလျှင် တောင့်တကုန်၏။ ယမမင်းသည် စင်စစ်လျှင် စိစစ်တတ်သည်ဖြစ်၍ တစ်စုံတစ်ယောက်ကိုမျှ မရှောင်ကြဉ်သကဲ့သို့ ထို့အတူ မိန်းမသည်လည်း အမျိုးနှင့်ပြည့်စုံခြင်း အစရှိသောသူတို့တွင် တစ်စုံတစ်ယောက်သောသူကိုမျှ မရှောင်ကြဉ်ကုန်။ အလုံးစုံသော ယောက်ျားကို ကိလေသာ၏အစွမ်းဖြင့် သီလ၏ပျက်စီးခြင်း အစရှိသည်သို့ရောက်စေ၍ နှစ်ကြိမ်ဖြစ်မြောက်သော ပဋိသန္ဓေစိတ်အလှည့်၌ ငရဲသို့ ဆောင်တတ်ကုန်၏။ မီးသည် စင်ကြယ်သော ဝတ္ထုကိုလည်းကောင်း၊ မစင်ကြယ်သောဝ တ္ထုကိုလည်းကောင်း အလုံးစုံ ကောင်းမကောင်းကို လောင်တတ်သကဲ့သို့ ထို့အတူ ထိုမိန်းမတို့သည်လည်း အယုတ်အမြတ် ဖြစ်ကုန်သော အလုံးစုံသော ယောက်ျားတို့ကို မှီဝဲတတ်ကုန်၏။ မြစ်သည် အလုံးစုံ ကောင်းမကောင်းဖြစ်သော ဝတ္ထုကို မျှောတတ်သကဲ့သို့ ထို့အတူ ထိုမိန်းမတို့သည်လည်း အလုံးစုံ အယုတ်အမြတ် ဖြစ်ကုန်သော ယောက်ျားတို့နှင့် ဆက်ဆံတတ်ကုန်၏။ လေသည် မိမိအလိုရှိရာအရပ်သို့ ပြေးသွားတတ်သကဲ့သို့ ထို့အတူ ထိုမိန်းမတို့သည်လည်း အကြင်အရပ်၌ အလိုရှိ၏။ ထိုအရပ်သို့သာလျှင် ပြေးသွားတတ်ကုန်၏။ ဟိမဝန္တာ၌ နေရုမည်သော တစ်ခုသောရွှေတောင်ရှိ၏။ ထိုရွှေတောင်သို့ ကပ်ရောက်လာကုန်သော ကျီးတို့သည်လည်း ရွှေအဆင်းနှင့်တူသော အဆင်းရှိကုန်သည်သာလျှင် ဖြစ်ကုန်၏။ ထိုနေရုမည်သော ရွှေတောင်သည် အထူးမရှိသည်ကိုပြု၍ မိမိသို့ကပ်ရောက်လာကုန်သော သူတို့ကို ထပ်တူထပ်မျှပြုသကဲ့သို့ ထို့အတူ ထိုမိန်းမတို့သည်လည်း အထူးမရှိသည်ကိုပြု၍ မိမိသို့ရောက်လာကုန်သော ယောက်ျားတို့ကို ထပ်တူထပ်မျှပြု၍ ရှုတတ်ကြကုန်၏။ သရက်ပင်နှင့် တူသော ကိံပက္ကမည်သော အဆိပ်ပင်သည် အမြဲလျှင် အသီးသီး၏။ အဆင်း အစရှိသည်တို့နှင့်လည်း ပြည့်စုံ၏။ ထို့ကြောင့် ထိုအဆိပ်သီးကို ရွံရှာခြင်းကင်းကုန်သဖြင့် စားကုန်၍လျှင် သေကုန်သကဲ့သို့ ထို့အတူ ထိုမိန်းမတို့သည်လည်း အဆင်းအစရှိသည်တို့၏ အစွမ်းဖြင့် အမြဲ အသီးသီးကုန်သောကြောင့် မွေ့လျော်ဖွယ်ကဲ့သို့ ထင်ကုန်၏။ မိမိတို့ကို မှီဝဲကုန်သောသူတို့အား မေ့လျော့ခြင်းကို ဖြစ်စေ၍ အပါယ်လေးပါးတို့၌ ချတတ်ကုန်၏။ ထို့ကြောင့် သဗ္ဗညူ မြတ်စွာဘုရားသည်-

အာယတိံ ဒေါသံ နာညာယ၊ ယေ ကာမေ ပဋိသေဝတိ။
ဝိပါကန္တေ ဟနန္တိ နံ၊ ကိံပက္ကမိဝ ဘက္ခိတံ။

ဟူ၍ ဟောတော်မူ၏။

ဘိက္ခဝေ၊ ရဟန်းတို့။ ယော၊ အကြင်သူသည်။ အာယတိံ၊ နောင်အခါ၌။ ဒေါသံ၊ အပြစ်ကို။ နာညာယ၊ မသိမူ၍။ ယေ ကာမေ၊ အကြင် ကာမဂုဏ်တို့ကို။ ပဋိသေဝတိ၊ မှီဝဲ၏။ ဝိပါကံ၊ မှည့်သော။ ဘက္ခိတံ၊ စားအပ်သော။ ကိံပက္ကမိဝ၊ ကိံပက္ကမည်သော အဆိပ်သီးကဲ့သို့။ တေ၊ ထိုကာမဂုဏ်တို့သည်။ နံ၊ ထိုမှီဝဲသောသူကို။ ဟနန္တိ၊ သတ်တတ်ကုန်၏။

မိန်းမတို့သည် အိမ်ရှင်ဖြစ်သော လင်တို့သည် ဆင်းရဲ ငြိုငြင်စွာ ဆည်းပူးအပ်သော ဥစ္စာရတနာတို့၏ အန္တရာယ်ကို ပြုတတ်ကုန်၏။ ထိုလင်တို့သည် ဆင်းရဲငြိုငြင်စွာ ဆည်းပူးအပ်သော ဥစ္စာရတနာကိုလည်း သူတစ်ပါးအားပေး၍ ယုတ်မာသောအကျင့်ကို ကျင့်တတ်ကုန်၏။ (ဤသို့ အဋ္ဌကထာ၌ အကျယ်ပြအပ်၏။ )

ပျက်တတ်ကြောင်း လေးပါး

ဤမှနောက်၌လည်း ကုဏာလငှက်မင်းသည် မိမိ၏ တရားဓမ္မဒေသနာကို တင့်တယ်စေသဖြင့် ထိုမိန်းမနှင့်တကွ ပျက်ရာသော အကြောင်းလေးပါးတို့ကို ထိုပုဏ္ဏမုခအား ပြပြန်လိုရကား- စတ္တာရိမာနိ သမ္မပုဏ္ဏမုခ- အစရှိသော သုံးဂါထာတို့ကို ဆို၏။

သမ္မပုဏ္ဏမုခ၊ အဆွေပုဏ္ဏမုခ။ စတ္တာရိ၊ လေးပါးကုန်သော။ ယာနိ ဣမာနိ ဝတ္ထူနိ၊ အကြင်ဝတ္ထုတို့သည်။ ကိစ္စေ၊ ပြုဖွယ်ကိစ္စသည်။ ဇာတေ၊ ဖြစ်လတ်သော်။ အနတ္ထစရာနိ၊ အစီးအား မရှိကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ တာနိ၊ ထိုလေးပါးသော ဝတ္ထုတို့ကို။ ပရကုလေ၊ သူတစ်ပါးတို့အိမ်၌။ န ဝါသေတဗ္ဗာနိ၊ မနေစေအပ်ကုန်။ ဂေါဏံ၊ နွားထီးလည်းကောင်း။ ဓေနု၊ နွားမလည်းကောင်း။ ယာနံ၊ ယာဉ် လည်းကောင်း။ ဘရိယာ၊ မယားလည်းကောင်း။ ဣတိ၊ ဤသို့။ စတ္တာရိ၊ လေးပါးကုန်သော။ ယာနိ ဓနာနိ၊ အကြင်ဥစ္စာတို့သည်။ သန္တိ၊ ရှိကုန်၏။ ဧတာနိ၊ ထိုဥစ္စာတို့ကို။ ပဏ္ဍိတာ၊ ပညာရှိသောသူသည်။ ဃရာ၊ အိမ်မှ။ န ဝိပ္ပဝါသယေ၊ ကင်း၍မနေစေရာ။ ဧတ္ထ၊ ဤအရာ၌။ ပုန စ၊ တစ်ဖန်လည်း။ ဥတ္တရံ၊ အလွန်သော။ ဝါကျံ၊ ဂါထာစကားသည်။ ဘဝတိ၊ ဖြစ်၏။

ဂေါဏံ စ၊ နွားလားလည်းကောင်း ဓေနုစ၊ နွားမလည်းကောင်း။ ယာနဉ္စ၊ ယာဉ်လည်းကောင်း။ ဉာတိကုလေ၊ မိဘအိမ်၌။ ဘရိယံ စ၊ မယားလည်းကောင်း။ ဣတိ၊ ဤသို့။ စတ္တာရိ၊ လေးပါးကုန်သော။ ဣမာနိ ဝတ္ထူနိ၊ ဤဝတ္ထုတို့ကို။ န ဝါသယေ၊ မိမိအိမ်မှကင်း၍ မနေစေရာ။ အယာနကာ၊ ယဉ်မရှိသော သူတို့သည်။ ရထံ၊ လှည်းရထားကို။ ဘဉ္ဇန္တိ၊ ဖျက်ဆီးကုန်၏။ အတိဝါဟေန၊ အလွန် လေးသောဝန်ကို ဆောင်စေခြင်းဖြင့်။ ပုင်္ဂဝံ၊ နွားလားကို။ ဟနန္တိ၊ သတ်တတ်ကုန်၏။ ဒေါဟေန၊ နို့ညှစ်သဖြင့်။ ဝစ္ဆကံ၊ နွားငယ်ကို။ ဟနန္တိ၊ သတ်တတ်ကုန်၏။ ဉာတိကုလေ၊ မိဘအိမ်၌ရှိသော။ ဘရိယာ၊ မယားသည်။ ပဒုဿတိ၊ ပျက်တတ်၏။

ပျက်ရာအကြောင်း ၆-ပါး

ပျက်ရာသည်အကြောင်း လေးပါးတို့ကို ပြပြီး၍ ပျက်ရာသည်အကြောင်း ခြောက်ပါးကို ပြပြန်လိုရကား-ဆယိမာနိ ပုဏ္ဏမုခ အစရှိသော အခွဲနှင့်တကွ နှစ်ဂါထာတို့ကို ဆို၏။

သမ္မပုဏ္ဏမုခ၊ အဆွေပုဏ္ဏမုခ။ ၊ ခြောက်ပါးကုန်သော။ ယာနိ ဣမာနိ ဝတ္ထူနိ၊ အကြင်ဝတ္ထုတို့သည်။ သန္တိ၊ ရှိကုန်၏။ တာနိ၊ ထိုခြောက်ပါးသော ဝတ္ထုတို့သည်။ ကိစ္စေ၊ ပြုဖွယ်ကိစ္စသည်။ ဇာတေ၊ ဖြစ်လတ်သော်။ အနတ္ထစရာနိ၊ အကျိုးမဲ့ စီးပွားကို ကျင့်တတ်ကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

အဂုဏံ၊ ညှို့မရှိသော။ ဓနုဉ္စ၊ လေးလည်းကောင်း။ ဉာတိကုလေ၊ မိဘအိမ်၌။ ဘရိယာ စ၊ မယားလည်းကောင်း။ ပါရံ၊ ထိုမှာဘက်ကမ်း၌။ နာဝါ စ၊ လှေလည်းကောင်း။ အက္ခဘဂ္ဂံ၊ ဝင်ရိုးကျိုးသော။ ယာနဉ္စ၊ လှည်းရထားလည်းကောင်း။ ဒူရေ၊ အဝေး၌ရှိသော။ မိတ္တော စ၊ အဆွေခင်ပွန်းလည်းကောင်း။ ပါပသဟာယကော စ၊ မကောင်းသော အဆွေခင်ပွန်းလည်းကောင်း။ ဣမာနိ ဆ၊ ဤခြောက်ပါးတို့သည်။ ကိစ္စေ၊ ပြုဖွယ်ကိစ္စသည်။ ဇာတေ၊ ဖြစ်လတ်သော်။ အနတ္ထစရာနိ၊ အကျိုးစီးပွားမဲ့ကို ကျင့်တတ်ကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

လင်ကိုမထီမဲ့သော အကြောင်း ဂ-ပါး

ပျက်ရာသည် အကြောင်းခြောက်ပါးတို့ကို ပြပြီး၍ ထို မိန်းမတို့သည် လင်ကို မထီမဲ့မြင်ပြုရာသည် အကြောင်းရှစ်ပါးကို ပြပြန်လိုရကား-အဋ္ဌဟိ ခလု သမ္မပုဏ္ဏမုခ အစရှိသော ဤနှစ်ဂါထာတို့ကို ဆို၏။

သမ္မပုဏ္ဏမုခ၊ အဆွေပုဏ္ဏမုခ။ ခလု၊ စင်စစ်။ အဋ္ဌဟိ၊ ရှစ်ပါးကုန်သော။ ဌာနေဟိ၊ အကြောင်းတို့ဖြင့်။ ဣတ္ထီ၊ မိန်းမသည်။ သာမိကံ၊ လင်ကို။ အဝဇာနာတိ၊ မထီမဲ့မြင် ပြုတတ်၏။ လိဒ္ဒတာ၊ ဆင်းရဲသည်၏ အဖြစ်ဖြင့်လည်းကောင်း။ အာတုရတာ၊ ရောဂါ နှိပ်စက်သည်၏ အဖြစ်ဖြင့်လည်းကောင်း။ ဇိဏ္ဏတာ၊ အိုသည်၏ အဖြစ်ဖြင့်လည်းကောင်း။ သုရာသောဏ္ဍတာ၊ သေသောက် ကြူးသည်၏ အဖြစ်ဖြင့်လည်းကောင်း။ မုဒ္ဓတာ၊ အလွန်တွေဝေသည်၏ အဖြစ်ဖြင့်လည်းကောင်း။ ပမတ္တတာ၊ သုရာယစ်သည်၏ အဖြစ်ဖြင့်လည်းကောင်း။ သဗ္ဗကိစ္စေသု၊ အလုံးစုံသော ကိစ္စတို့၌။ အနုဝတ္တနတာ၊ မယားအလိုသို့ လိုက်သည်၏ အဖြစ်ဖြင့်လည်းကောင်း။ သဗ္ဗဓနံ၊ အလုံးစုံသော ဥစ္စာကို။ အနုပ္ပဒါနေန၊ ပေးသဖြင့်လည်းကောင်း။ သမ္မပုဏ္ဏမုခ၊ အဆွေ ပုဏ္ဏမုခ။ ဣမေဟိ အဋ္ဌဟိ ဌာနေဟိ၊ ဤရှစ်ပါးသော အကြောင်းတို့ဖြင့်။ ဣတ္ထီ၊ မိန်းမသည်။ သာမိကံ၊ လင်ကို။ အဝဇာနာတိ၊ မထီမဲ့မြင် ပြုတတ်၏။ ဧတ္ထ၊ ဤအရာ၌။ အနုတ္တရံ၊ အတုမရှိ။ ဝါကျံ၊ ဤဂါထာစကားသည်။ ဘဝတိ၊ ဖြစ်၏။

ဒလိဒ္ဒံ စ၊ ဆင်းရဲခြင်းလည်းကောင်း။ အာတုရဉ္စာပိ၊ ရောဂါ နှိပ်စက်ခြင်းလည်းကောင်း။ ဇိဏ္ဏကဉ္စ၊ အိုခြင်းလည်းကောင်း။ သုရာသောဏ္ဍကံ စ၊ သေသောက်ကြူးခြင်းဖြင့်လည်းကောင်း။ ပတ္တမတ္တံ စ၊ သေယစ်ခြင်းလည်းကောင်း။ မုဒ္ဓပတ္တဉ္စ၊ တွေဝေသောအဖြစ်သို့ ရောက်ခြင်းလည်းကောင်း။ ရတ္တံ၊ တပ်စွန်းသည်ဖြစ်၍။ သဗ္ဗကိစ္စေသု၊ အလုံးစုံသော ကိစ္စတို့၌။ ဟာပနံ၊ မိန်းမအလိုသို့ လိုက်ခြင်းလည်းကောင်း။ သဗ္ဗကာမပဒါနေန၊ အလုံးစုံသော အလိုကို ပေးခြင်းဖြင့်လည်းကောင်း။ ဣတိ- ဣမေဟိ၊ ဤ ရှစ်ပါးသော အကြောင်းတို့ဖြင့်။ ဣတ္ထိယော၊ မိန်းမတို့သည်။ သာမိကံ၊ လင်ကို။ အဝဇာနန္တိ၊ မထီမဲ့မြင် ပြုတတ်ကုန်၏။

ဤဂါထာတို့ဖြင့် လင်ကို မထီမဲ့မြင်ပြုရာသော အကြောင်း ရှစ်ပါးကို ပြပြီးလျှင် လင်၌ အပြစ်ကိုဆောင်ရာသည့် အကြောင်းကိုးပါးကို ပြပြန်လိုရကား-

ရောင့်တက်ကြောင်း ၉-ပါး

နဝဟိ ခလု သမ္မပုဏ္ဏမုခ ဌာနေဟိ- အစရှိသော ဤသုံးဂါထာတို့ကို ဆို၏။

သမ္မပုဏ္ဏမုခ၊ အဆွေပုဏ္ဏမုခ။ ခလု၊ စင်စစ်။ နဝဟိ ဌာနေဟိ၊ ကိုးပါးသော အကြောင်းတို့ဖြင့်။ ဣတ္ထိ၊ မိန်းမသည်။ ပဒေါသံ၊ လင်၌အပြစ်ကို။ အာဟရန္တိ၊ ဆောင်တတ်ကုန်၏။ အာရာမဂမနသီလာ စ၊ ပန်းအရံ အစရှိသည်သို့ သွားလေ့ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ ဥယျာနဂမနသီလာ စ၊ ဥယျာဉ်သို့ သွားလေ့ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ နဒီတိတ္တဂမနသီလာ စ၊ မြစ်ဆိပ်သို့ သွားလေ့ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ ဉာတိကုလဂမနသီလာ စ၊ မိဘအိမ်သို့ သွားလေ့ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ ပရကုလဂမနသီလာ စ၊ သူတစ်ပါးအိမ်သို့ သွားလေ့ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ အာဒါသဒုဿမဏ္ဍနာနုယောဂ မနုယုတ္တသီလာ စ၊ မှန်ကြည့်ခြင်း အဝတ်တန်ဆာဆင်ခြင်း၌ အလွန်လုံ့လပြုလေ့ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ မဇ္ဇပါယိနီစ၊ သေအရက်ကို သောက်လေ့ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ နိလ္လောကနသီလာ စ၊ လေသာပြတင်းပေါက် စသည်ဖြင့် ကြည့်လေ့ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ သဒွါရဌာယိနီ စ၊ မိမိ၏ အင်္ဂါကြီးငယ်တို့ကိုပြလျက် အရာအကြောင်းမဟုတ်သည်၌ တည်လေ့ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ သမ္မပုဏ္ဏမုခ၊ အဆွေ ပုဏ္ဏမုခ။ ခလု၊ စင်စစ်။ ဣမေဟိ နဝဟိ ဌာနေဟိ၊ ဤကိုးပါးသော အကြောင်းတို့ဖြင့်။ ဣတ္ထီ၊ မိန်းမသည်။ ပဒေါသံ၊ လင်၌ အပြစ်ကို။ အာဟရန္တိ၊ ဆောင်တတ်ကုန်၏။ ဧတ္ထ၊ ဤအရာ၌။ အနုတ္ထရံ၊ အတုမရှိသော။ ဝါကျံ၊ ဂါထာစကားသည်။ ဘဝတိ၊ ဖြစ်၏။

အာရာမသီလာ၊ ပန်းအရံ အစရှိသည်သို့ သွားလေ့ရှိ၏။ ဥယျာနံ၊ ဥယျာဉ်သို့ သွားလေ့ရှိ၏။ နဒီ၊ မြစ်ဆိပ်သို့ သွားလေ့ရှိ၏။ ဉာတီ၊ မိဘအိမ်သို့ သွားလေ့ရှိ၏။ ပရကုလံ၊ သူတစ်ပါးအိမ်သို့ သွားလေ့ရှိ၏။ အာဒသဒုဿမဏ္ဍနအနုယုတ္တာ၊ မှန်ကြည့်ခြင်း အဝတ်တန်ဆာဆင်ယင်ခြင်း၌ အလွန်အားထုတ်လေ့ရှိ၏။ ယာ စ ဣတ္ထိ၊ အကြင်မိန်းမသည်လည်း။ မဇ္ဇပါယိနီ၊ သေအရက်ကိုသောက်လေ့ရှိ၏။

ယာ စ၊ အကြင်မိန်းမသည်လည်း။ နိလ္လောကနသီလာ၊ လေသာပြတင်းပေါက် စသည်ဖြင့် ကြည့်လေ့ရှိ၏။ ယာ စ၊ အကြင်မိန်းမသည်လည်း။ သဒွါရဋ္ဌာယိနီ၊ မိမိအင်္ဂါကိုကြီးငယ်ကိုပြလျက် အကြောင်းမဟုတ်သည်၌ တည်လေ့ရှိ၏။ နဝဟိ၊ ကိုးပါးကုန်သာ။ ဧတေဟိ ဌာနေဟိ၊ ထိုအကြောင်းတို့ဖြင့်။ ဣတ္ထိ၊ မိန်းမတို့သည်။ ပဒေါသံ၊ လင်၌အပြစ်ကို။ အာဟရန္တိ၊ ဆောင်တတ်ကုန်၏။

မာယာ-၄၀

ဤဂါထာတို့ဖြင့် လင်၌အပြစ်ကို ဆောင်ရာသည် အကြောင်းကိုးပါးကို ပြပြီး၍ လေးဆယ်သော မာယာတို့ဖြင့် ယောကျ်ားတို့ကိုလွန်၍ ကျင့်ရာသည်ကို ပြလိုရကား- စတ္တာလီသာယ ခလု သမ္မပုဏ္ဏမုခ-အစရှိသော ပါဌ်တို့ကို ဆို၏။

သမ္မပုဏ္ဏမုခ၊ အဆွေပုဏ္ဏမုခ။ ခလု၊ စင်စစ်။ စတ္တာလီသာယ၊ လေးဆယ်သော။ ဌာနေဟိ၊ အကြောင်းတို့ဖြင့်။ ဣတ္ထီ၊ မိန်းမတို့သည်။ ပုရိသံ၊ ယောက်ျားကို။ အစ္စာစရတိ၊ လွန်ကျူး၍ကျင့်၏။ ဝိဇမ္ဘတိ၊ ကိုယ်လက်ဆန့်၏။ ဝိနမတိ၊ ညွတ်၏။ ဝိလသတိ၊ တင့်တယ်စံပယ်၏။ ဝိလဇ္ဇတိ၊ ရှက်နိုးသကဲ့သို့ ပြု၏။ နခေန၊ လက်သည်း ခြေသည်းဖြင့်။ နခံ၊ လက်သည်း ခြေသည်းကို။ ဃဍ္ဍေတိ၊ ခြစ်၏။ ပါဒေန၊ ခြေဖြင့်။ ပါဒံ၊ ခြေကို။ အက္ကမတိ၊ နင်း၏။ ကဋ္ဌေန၊ သစ်သားလှံတံဖြင့်။ ပထဝိံ၊ မြေကို။ ဝိလိခတိ၊ ခြစ်၏။ ဒါရကံ၊ သူငယ်ကို။ ဥလ္လင်္ဃတိ၊ မြှောက်၏။ ဥလ္လင်္ဃာပေတိ၊ မြှောက်စေ၏။ ဥက္ခိပတိ၊ ချီ၏။ ကီဠတိ၊ ကစား၏။ ကီဠာပေတိ၊ ကစားစေ၏။ စုမ္ဗတိ၊ နမ်း၏။ စုမ္ဗာပေတိ၊ နမ်းစေ၏။ ဘုဉ္ဇတိ၊ စား၏။ ဘုဉ္ဇာပေတိ၊ စားစေ၏။ ဒဒါတိ၊ ပေး၏။ ယာစတိ၊ တောင်း၏။ ကတံ၊ ပြုသည်ကို။ အနုကရောတိ၊ အတုလိုက်၍ပြု၏။ ဥစ္စံ ဘာသတိ၊ မြှင့်၍ဆို၏။

နီစံ ဘာသတိ၊ နှိမ့်၍ဆို၏။ နစ္စေန၊ ကခြင်းဖြင့်။ ဂီတေန၊ သီခြင်းဖြင့်။ ဝါဒိတေန၊ တီးမှုတ်ခြင်းဖြင့်။ ရောဒိတေန၊ ငိုခြင်းဖြင့်။ ဝိလာသိတေန၊ တင့်တယ်စံပယ်ခြင်းဖြင့်။ ဝိဘူသိတေန၊ တန်ဆင်ဆင်ခြင်းဖြင့်။ အဝိစ္စံ ဘာသတိ၊ ထင်စွာဆို၏။ ဝိဝိစ္စံ ဘာသတိ၊ ကွယ်၍ဆို၏။ ဇဂ္ဃတိ၊ ပြင်းစွာရယ်၏။ ပေက္ခတိ၊ စောင်း၍ကြည့်၏။ ကဋိံ၊ ခါးကို။ စာလေတိ၊ လှုပ်ရှား၏။ ဂုယှ ဘဏ္ဍကံ၊ လျှို့ဝှက်အပ်သော အင်္ဂါကို။ သဉ္စာလေတိ၊ ထက်ဝန်းကျင်လှုပ်၏။ ဦရုံ၊ ပေါင်ကို။ ဝိဝရတိ၊ ဖွင့်၏။ ဦရုံ၊ ပေါင်ကို။ ပိဒဟတိ၊ ဖုံး၏။ ထနံ၊ သားမြတ်ကို။ ဒဿေတိ၊ ပြ၏။ ကစ္ဆံ၊ လက်ကတီးကို။ ဒဿေတိ၊ ပြ၏။ နာဘိံ၊ ချက်ကို။ ဒဿေတိ၊ ပြ၏။ အက္ခိံ၊ မျက်စိကို။ နိခနတိ၊ မှိတ်၏။ ဘမုကံ၊ မျက်မှောင်ကို။ ဥက္ခိပတိ၊ ချီ၏။ ဩဋ္ဌံ၊ နှုတ်ခမ်းကို။ ဥပလိခတိ၊ ကိုက်၏။ ဇိဝှံ၊ လျှာကို။ နိလ္လာလေတိ၊ ထုတ်၏။ ဒုဿံ၊ အဝတ်ကို။ မုဉ္စတိ၊ ကျွတ်အောင်ပြု၏။ ဒုဿံ၊ အဝတ်ကို။ ပဋိဗန္ဓတိ၊ ပြင်၍ ဝတ်၏။ သိရသံ၊ ဆံပင်ကို။ မုဉ္စတိ၊ ဖြေ၏။ သိရသံ၊ ဆံပင်ကို။ ဗန္ဓတိ၊ ထုံး၏။ သမ္မပုဏ္ဏမုခ၊ အဆွေပုဏ္ဏမုခ။ စတ္တာလီသာယ၊ လေးဆယ်သော။ ဣမေဟိ ဌာနေဟိ၊ ဤအကြောင်းတို့ဖြင့်။ ဣတ္ထိ၊ မိန်းမတို့သည်။ ပုရိသံ၊ ယောက်ျားတကာကို။ အစ္စာစရတိ၊ လွန်ကျူး၍ ကျင့်၏။

မိန်းမပျက်အင်္ဂါ ၂၅-ပါး

လေးဆယ်သောအကြောင်းတို့ဖြင့် ထိုမိန်းမတို့သည် ယောက်ျားတို့ကို လွန်ကျူး၍ကျင့်ရာသည်ကို ပြပြီး၍ ထို မိန်းတို့၏ ပျက်ရာသည်အကြောင်း နှစ်ဆယ့်ငါးပါးတို့ကို ပြပြန်လိုရကား-ပဉ္စဝီသာယ ခလု အစရှိသော တစ်ဆယ့်တစ်ဂါထာတို့ကို ဆို၏။

သမ္မပုဏ္ဏမုခ၊ အဆွေပုဏ္ဏမုခ။ ခလု၊ စင်စစ်။ ပဉ္စဝီသာယ၊ နှစ်ဆယ့်ငါးပါးကုန်သော။ ဌာနေဟိ၊ အကြောင်းတို့ဖြင့်။ ဣတ္ထိပဒုဋ္ဌာ၊ မိန်းမတို့၏ ပျက်စီးခြင်းတို့ကို။ ဝေဒိတဗ္ဗာ၊ သိအပ်ကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ သာမိကဿ၊ လင်၏။ ပဝါသံ၊ အရပ်တစ်ပါးသို့ သွားခြင်းကို။ ဝဏ္ဏေတိ၊ ချီးမွမ်း၏။ ပဝုဋ္ဌံ၊ အရပ်တစ်ပါးမှရောက်လာသောလင်ကို။ န သရတိ၊ မအောက်မေ့။ အာဂတံ၊ အရပ်တစ်ပါးမှ ရောက်လာသောလင်ကို။ နာဘိနန္ဒတိ၊ မနှစ်သက်။ တဿ၊ ထိုလင်၏။ အဝဏ္ဏံ၊ ကျေးဇူးမဲ့ကို။ ဘဏတိ၊ ဆို၏။ တဿ၊ ထိုလင်၏။ ဝဏ္ဏံ၊ ကျေးဇူးကို။ န ဘဏတိ၊ မပြောဆို။ တဿ၊ ထိုလင်၏။ အနတ္ထံ၊ အကျိုးမဲ့ကို။ စရတိ၊ ကျင့်၏။ တဿ၊ ထိုလင်၏။ အတ္ထံ၊ အကျိုးစီးပွားကို။ န စရတိ၊ မကျင့်၊ တဿ၊ ထိုလင်အား။ အကိစ္စံ၊ မပြုအပ်သည်ကို။ ကရောတိ၊ ပြု၏။ တဿ၊ ထိုလင်အား။ ကိစ္စံ၊ ပြုအပ်သည်ကို။ န ကရောတိ၊ မပြု။ ပရိဒဟိတွာ၊ အဝတ်ကို မြဲစွာဝတ်၍။ သယတိ၊ အိပ်၏။ ပရမ္မုခီ၊ လင်ကိုကျောပေး၍။ နိပ္ပဇ္ဇတိ၊ အိပ်၏။ ပရိဝတ္တကဇာတာ ခေါ ပန၊ တပြောင်းပြန်ပြန် လူးလဲတတ်သည်။ ဟောတိ၊ ဖြစ်၏။ ကုင်္ကုမိယ ဇာတာ၊ အုတ်အုတ်ကျက်ကျက်ဖြစ်၍။ ဒီဃံ၊ ရှည်စွာ။ အဿာသတိ၊ ထွက်သက် ဝင်သက်ကို ဖြစ်စေ၏။ ဒုက္ခံ၊ ဆင်းရဲဝေဒနာကို။ ဝေဒယတိ၊ ပြောကြားတတ်၏။ ဥစ္စာရပဿာဝံ၊ ကျင်ကြီး ကျင်ငယ်ကို။ အဘိဏှံ၊ မပြတ်။ ဂစ္ဆတိ၊ သွား၏။ ဝိလောပံ၊ ဖောက်ပြန်သောအကျင့်ကို။ အာစရတိ၊ ကျင့်တတ်၏။ ပရပုရိသသဒ္ဒံ၊ တစ်ပါးသော ယောက်ျား၏ အသံကို။ သုတွာ၊ ကြား၍။ ကဏ္ဏသောတံ၊ နားတွင်းကို။ ဝိဝရ၊ ဖွင့်၍။ တံ၊ ထိုတစ်ပါးသော ယောက်ျား၏အသံကို။ ဩဒဟတိ၊ နားထောင်တတ်၏။ ခေါ ပန၊ စင်စစ်။ နိဟတဘောဂါ၊ စည်းစိမ်ဥစ္စာကို ဖျက်ဆီးတတ်သည်။ ဟောတိ၊ ဖြစ်၏။ ပဋိဝိဿကေဟိ၊ အိမ်နီးချင်း ယောက်ျားတို့နှင့်။ သန္ထဝံ၊ ကိလေသာ၏အစွမ်းဖြင့် ပေါင်းဖက်ရောယှက်ခြင်းကို။ ကရောတိ၊ ပြု၏။ နိက္ခန္တပါဒါ၊ ထွက်သွားသော ခြေရှိသည်။ ဟောတိ၊ ဖြစ်၏။ ဝိသိခါနုစာရိနီ၊ အခါမဲ့ဖြစ်သော ညဉ့်မှ သွားလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။ အတိစာရိနီခေါပန၊ သယောက်လင်စောင် ထားတတ်သည်လျှင်။ ဟောတိ၊ ဖြစ်၏။ နိစ္စံ၊ အမြဲ။ သာမိကေ၊ လင်၌။ အဂါရဝါ၊ ရိုသေခြင်း မရှိသည်ဖြစ်၍။ ပဒုဋ်ဌမာနသင်္ကပ္ပါ၊ ပြစ်မှားလိုသော စိတ်အကြံ ရှိသည်ဖြစ်၍။ အဘိဏှံ၊ မပြတ်။ ဒွါရေ၊ တံခါးဝ၌။ တိဋ္ဌတိ၊ တည်၏။ ကစ္ဆာဒီနိ။ လက်ကတီးကြား အစရှိကုန်သော။ အင်္ဂါနိ၊ အင်္ဂါကြီးငယ်ဖြစ်ကုန်သော။ ထနာနိ၊ သားမြတ်တို့ကို။ ဒဿေတိ၊ ပြတတ်၏။ ဒိသောဒိသံ၊ ထိုမှဤမှ။ ဂန္တွာ၊ သွား၍။ ပေက္ခတိ၊ ကြည့်တတ်၏။ သမ္မပုဏ္ဏမုခ၊ အဆွေပုဏ္ဏမုခ။ ပဉ္စဝီသာယ၊ နှစ်ဆယ့်ငါးပါးကုန်သော။ ဣမေဟိ ဌာနေဟိ၊ ဤအကြောင်းတို့ဖြင့်။ ဣတ္ထိပဒုဋ္ဌာ၊ မိန်းမတို့၏ ပျက်စီးခြင်းတို့ကို။ ဝေဒိတဗ္ဗာ၊ သိအပ်ကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ဧတ္ထ၊ ဤအရာ၌။ အနုတ္တရံ၊ အတုမရှိသော။ ဝါကျံ၊ ဂါထာစကားသည်။ ဘဝတိ၊ ဖြစ်၏။

တဿ၊ ထိုလင်၏။ ပဝါသံ၊ ကွေကွင်းခြင်းကို။ ဝဏ္ဏေတိ၊ ချီးမွမ်း၏။ တဿ၊ ထိုလင်၏။ ဂတံ၊ သွားလေသည်ကို။ န သောစတိ၊ မစိုးရိမ်။ အာဂတံ၊ ရောက်လာသော။ ပတိံ၊ လင်ကို။ ဒိသွာ၊ မြင်ရ၍။ နာဘိနန္ဒတိ၊ မနှစ်သက်။ ဘတ္တာရဝတ္တံ၊ လင်၏ကျေးဇူးကို။ ကဒါစိ၊ တစ်ရံတစ်ဆစ်။ န ဘာသတိ၊ မပြောဆို။ ဧတေ၊ ဤသည်တို့ကား။ ပဒုဋ္ဌာယ၊ ပျက်စီးခြင်း၏။ လက္ခဏာ၊ လက္ခဏာတို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

တဿ၊ ထိုလင်၏။ အနတ္ထံ၊ အကျိုးမဲ့ကို။ စရတိ၊ ကျင့်၏။ အသညတာ၊ ပျင်းရိသည်ဖြစ်၍။ အတ္ထံ၊ အစီးအပွားကို။ ဟာပေတိ၊ ယုတ်စေ၏။ အကိစ္စကာရိနီ၊ မပြုအပ်သည်ကို ပြုလေ့ရှိ၏။ ပရိဒဟိတွာ၊ အဝတ်ကို မြဲစွာဝတ်၍။ ပရမ္မုခီ၊ လင်ကို ကျောပေး၍။ သယတိ၊ အိပ်၏။ ဧတေ၊ ဤသည်တို့ကား။ ပဒုဋ္ဌာယ၊ ပျက်စီးခြင်း၏။ လက္ခဏာ၊ လက္ခဏာတို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

ပရိဝတ္တကဇာတာ စ၊ တပြောင်းပြန်ပြန် လူးလဲကုန်သည်လည်း။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ကုင်္ကုမီ၊ အုတ်အုတ်ကျက်ကျက်ဖြစ်၍။ ဒီယံစ၊ ရှည်စွာလည်း။ အဿာသတိ၊ ထွက်သက် ဝင်သက်ကို ဖြစ်စေ၏။ ဒုက္ခဝေဒိနီ၊ ဆင်းရဲဝေဒနာကို ပြောကြားတတ်၏။ ဥစ္စာရပဿာဝံ၊ ကျင်ကြီး ကျင်ငယ်ကို။ အဘိဏှံ၊ မပြတ်။ ဂစ္ဆတိ၊ သွားတတ်၏။ ဧတေ၊ ဤသည်တို့ကား။ ပဒုဋ္ဌာယ၊ ပျက်ခြင်း၏။ လက္ခဏာ၊ လက္ခဏာတို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

ဝိလောပံ၊ ဖောက်ပြန်သော အကျင့်ကို။ အာစရတိ၊ ကျင့်၏။ အကိစ္စကာရိနီ၊ မပြုအပ်သည်ကို ပြုလေ့ရှိ၏။ ဘာသတော၊ ပြောဆိုသော။ ပရဿ၊ ယောက်ျားတစ်ပါး၏။ သဒ္ဒံ၊ အသံကို။ နိသာမေတိ၊ နားထောင်တတ်၏။ နိဟတဘောဂါ စ၊ ဥစ္စာစည်းစိမ်တို့ကိုလည်း ဖျက်ဆီးတတ်၏။ သန္ထဝံ၊ ကိလေသာ၏အစွမ်းဖြင့် ပေါင်းဖက် ရောယှက်ခြင်းကို။ ကရောတိ၊ ပြုတတ်၏။ ဧတေ၊ ဤသည်ကိုကား။ ပဒုဋ္ဌာယ၊ ပျက်ခြင်း၏။ လက္ခဏာ၊ လက္ခဏာတို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

ကိစ္ဆေန၊ ငြိုငြင်သဖြင့်။ လဒ္ဓံ၊ ရအပ်သော။ ကသိရာဘတံ၊ ဆင်းရဲစွာ ဆောင်အပ်သော။ ဒုက္ခေန၊ ဆင်းရဲငြိုငြင်သဖြင့်။ သမ္ဘဝံ၊ ဖြစ်စေအပ်သော။ ဝိတ္တံ၊ စည်းစိမ်ချမ်းသာဟု ဆိုအပ်သော။ ဓနံ၊ ဥစ္စာကို။ ဝိနာသေတိ၊ ဖျက်ဆီးတတ်၏။ ပဋိဝိဿကေဟိ စ၊ အိမ်နီးချင်းများတို့နှင့်လည်း။ သန္တဝံ၊ ပေါင်းဖက် ရောယှက်ခြင်းကို။ ကရောတိ၊ ပြု၏။ ဧတေ၊ ဤသည်ကိုကား။ ပဒုဋ္ဌာယ၊ ပျက်ခြင်း၏။ လက္ခဏာ၊ လက္ခဏာတို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

နိက္ခန္တပါဒ၊ ထွက်သွားသောခြေ ရှိ၏။ ဝိသိခါနုစာနီ၊ အခါမဲ့ ညဉ့်မှ သွားလေ့ရှိ၏။ နိစ္စံ၊ အမြဲ။ သာမိမှိ၊ မိမိလင်၌။ ပဒုဋ္ဌမာနသာ၊ ပြစ်မှားလိုသောစိတ် ရှိသည်ဖြစ်၍။ အတိစာရိနီ၊ သယောက်လင်စောင် ထားတတ်သည်။ ဟောတိ၊ ဖြစ်၏။ အပေတဂါရဝါ၊ ရိုသေခြင်း ကင်းသည်။ ဟောတိ၊ ဖြစ်၏။ ဧတေ၊ ဤသည်တို့ကား။ ပဒုဋ္ဌာယ၊ ပျက်ခြင်း၏။ လက္ခဏာ၊ လက္ခဏာတို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

အဘိက္ခဏံ၊ မပြတ်။ ဒွါရမူလေ၊ တံခါးဝ၌။ တိဋ္ဌတိ၊ တည်၏။ ထနာနိ စ၊ သားမြတ်တို့ကို လည်းကောင်း။ ကစ္ဆာနိ စ၊ လက်ကတီးကြားတို့ကို လည်းကောင်း။ ဒဿယန္တီ၊ ပြလျက်။ ဒိသောဒိသံ၊ ထိုမှဤမှ။ ဘန္တစိတ္တာ၊ တုန်လှုပ်သော စိတ်ရှိသည်ဖြစ်၍။ ပေက္ခတိ၊ ကြည့်တတ်၏။ ဧတေ၊ ဤသည်တို့ကား။ ပဒုဋ္ဌာယ၊ ပျက်ခြင်း၏။ လက္ခဏာ၊ လက္ခဏာတို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

သဗ္ဗာ၊ ခပ်သိမ်းကုန်သော။ နဒီ၊ မြစ်တို့သည်။ ဝင်္ကဂတီ၊ ကောက်သဖြင့်သာ သွားကုန်၏။ သဗ္ဗေ၊ အလုံးစုံကုန်သော။ ဝနာ၊ တောတို့သည်။ ကဋ္ဌမယာ၊ ထင်းဖြင့် ပြီးကုန်၏။ သဗ္ဗာ၊ အလုံးစုံကုန်သော။ ဣတ္ထိယော၊ မိန်းမတို့သည်။ နိဝါတကေ၊ ဆိတ်ကွယ်ရာအရပ်ကို။ လဘမာနေ၊ ရသည်ရှိသော်။ ပါပံ၊ ယုတ်မာသော အမှုကို။ ကရေ၊ ပြုကုန်၏။

ခဏံ ဝါ၊ အခွင့်ကို လည်းကောင်း။ ရဟော ဝါ၊ ဆိတ်ကွယ်ရာကို လည်းကောင်း။ နိဝါတကံဝါပိ၊ ဖျက်ဆီးအံ့သော သူကိုလည်းကောင်း။ သစေ လဘထ၊ အကယ်၍ ရကုန်အံ့။ တာဒိသံ၊ ထိုသို့ သဘောရှိသော သူကို။ လဘေထ၊ ရကုန်ငြားအံ့။ သဗ္ဗာဝ၊ အလုံးစုံသာလျှင် ဖြစ်ကုန်သော။ ဣတ္ထီ၊ မိန်းမတို့သည်။ အညံ၊ တစ်ပါးသောသူကို။ အလဒ္ဓါ၊ မရသည်ရှိသော်။ ပီဌသပ္ပိနာပိ၊ ဆွံ့သောသူနှင့်လည်း။ သဒ္ဓိံ၊ တကွ။ ပါပံ၊ ယုတ်မာသော အမှုကို။ ကယိရုံနု၊ ပြုကုန်ရာ၏။

နရာနံ၊ ယောကျ်ားတို့၏။ အာရမကရာသု၊ မမွေ့လျော်ခြင်းကို ပြုတတ်ကုန်သော။ အနေကစိတ္တာသု၊ များသောစိတ်ရှိကုန်သော။ အနိဂ္ဂဟာသု၊ နှိပ်သဖြင့် ဆုံးမနိုင်ခဲကုန်သော။ နာရီသု၊ မိန်းမတို့၌။ သဗ္ဗတ္ထ၊ အလုံးစုံ၌။ နာပီတိကရာပိ၊ နှစ်သက်ခြင်းကို မပြုတတ်သည်လည်း။ စေ သိယာ၊ အကယ်၍ ဖြစ်ငြားအံ့။ န ဝိဿသေ၊ အကျွမ်းမဝင်ရာ။ ဟိသစ္စံ၊ မှန်၏။ နာရိယော၊ မိန်းမတို့သည်။ တိတ္ထသမာ၊ မြစ်ဆိပ်နှင့် တူကုန်၏။

(ဤပါဠိတော် ဂါထာတို့ဖြင့် မိန်းမတို့၏ များစွာသော မာယာရှိသည်၏အဖြစ်၊ များစွာသော အပြစ်ရှိသည်၏ အဖြစ်တို့ကို ဟောတော်မူရာ၌ အဋ္ဌကထာ၌ ဤဝတ္ထုကို ပြဆောင်အပ်၏။ ) ပြအပ်သောဝတ္ထုသည်ကား-

ကိန္နရဒေဝီ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ကဏ္ဍရီမည်သော မင်းသည် မင်းပြု၍ မြက်သောအဆင်းကို ဆောင်၏။ ထိုမင်းအား နေ့တိုင်း နေ့တိုင်း အမတ်တစ်ထောင်တို့သည် နံ့သာကြုတ်တစ်ထောင်ကို ဆောင်ခဲ့ကုန်၏။ ထို့ကြောင့် ထိုမင်း၏ နန်းတော်၌ အရံအကာကိုပြုပြီးလျှင် နံ့သာကြုတ်တို့ကို ခွဲ၍ နံ့သာကိုထင်းပြု၍ ထမင်းချက်ကုန်၏။ ထိုမင်း၏ မိဖုရားကြီးသည်လည်း အလွန် အဆင်းလှ၏။ အမည်အားဖြင့် ကိန္နရဒေဝီ အမည်ရှိ၏။ ထိုမင်းအား အရွယ်တူဖြစ်သော ပညာနှင့်ပြည့်စုံသော ပဉ္စာလစဏ္ဍ အမည်ရှိသော ပုရောဟိတ်သည် ရှိ၏။ မင်း၏နန်းတော် ပြာဿာဒ်ကို မှီ၍ မြို့တံတိုင်းအတွင်း၌ သပြေပင်သည် ရှိ၏။ ထိုသပြေ၏ အခက်သည် တံတိုင်းအထက်၌ကား တွဲလျားကျ၏။ ထိုသပြေပင်၏အရိပ်၌ စက်ဆုပ်ရွံရှာဖွယ်ရှိသော၊ မကောင်းသော အဆင်းသဏ္ဌာန်ရှိသော ငဆွံ့သည်နေ၏။ ထိုအခါ တစ်နေ့သ၌ ကိန္နရဒေဝီ မိဖုရားသည် လေသွန်တံခါးဖြင့် ကြည့်လတ်သော် ထိုငဆွံ့ကိုမြင်၍ တပ်စွန်းသောစိတ် ရှိသည်ဖြစ်၍ ညဉ့်၌ မင်းကို ကာမဂုဏ် မွေ့လျော်ခြင်းဖြင့် ဖြေဖျော်၍ ထိုမင်း အိပ်ပျော်ခြင်းသို့ ရောက်လတ်သော် အသာအယာ နေရာမှထ၍ အထူးထူးသော မြတ်သော အရသာရှိသော ဘောဇဉ်ကို ရွှေခွက်၌ထည့်၍ ခါးပိုက်ဖြင့် ဆောင်ယူခဲ့ပြီးလျှင် ပုဆိုးကြိုးဖြင့် လေညွှန်တံခါးမှ ဆင်းသက်၍ သပြေပင်သနု့တက်၍

သပြေခက်ဖြင့် ဆင်းသက်ပြီးလျှင် ငဆွံ့ကို ကျွေးမွေး၍ ယုတ်မာသောအကျင့်ကို ကျင့်ပြီးလျှင် လာသောလမ်းခရီးဖြင့် နန်းတော် ပြာသာဒ်ထက်သို့တက်၍ နံ့သာတို့ဖြင့် ကိုယ်ကိုလိမ်းကျံပြီးလျှင် မင်းနှင့်တကွအိပ်၏။

ဤနည်းဖြင့်လျှင် မပြတ် ငဆွံ့နှင့်တကွ ယုတ်မာသော အကျင့်ကိုကျင့်၏။ မင်းသည်ကား မသိ။ ထိုမင်းသည် တစ်နေ့သ၌ မြို့ကို လက်ယာရစ် လှည့်သည်ကိုပြု၍ နန်းတော်သို့ ဝင်သည်ရှိသော် သပြေပင်ရိပ်၌ အလွန်သနားဖွယ်ရှိသော အဖြစ်သို့ရောက်သော ထိုငဆွံ့ကိုမြင်၍ ပုရောဟိတ်ကို ဤလူပြိတ္တာကို ဆရာ မြင်၏လောဟု ဆို၏။ အရှင်မင်းမြတ် မြင်ပါ၏ ဟု လျှောက်တင်လတ်သော် ဆရာ ဤသို့သဘောရှိသော စက်ဆုပ်ရွံရှာဖွယ်ရှိသောသူကို တစ်စုံတစ်ယောက်သော မိန်းမတို့သည် ဆန္ဒရာဂ၏အစွမ်းဖြင့် ချဉ်းကပ်အံ့လောဟု ဆို၏။ ထိုစကားကိုကြား၍ ငဆွံ့သည် မာနကိုဖြစ်စေ၍ ဤမင်းသည် အသို့ ဆိုဘိသနည်း၊ မိမိ မယားဖြစ်သော ကိန္နရဒေဝီသည် ငါ့အထံသို့ လာရောက်သည်ကို မသိလေယောင်တကား ဟု သပြေပင်အား လက်အုပ်ချီ၍ အရှင်သပြေပင်စောင့်နတ် နာတော်မူပါလော့၊ အရှင်နတ်မင်းကိုထား၍ အရှင်နတ်မင်းမှ တစ်ပါးသောသူသည် ထိုအကြောင်းကို မသိပါ ဟု ဆို၏။ ပုရောဟိတ်သည် ထိုငဆွံ့အမူအရာကိုမြင်၍ မချွတ်လျှင် မင်း၏ မိဖုရားကြီးသည် သပြေပင်ဖြင့်သွား၍ ဤငဆွံ့နှင့်တကွ ယုတ်မာသောအမှုကို ပြု၏ဟု ကြံ၍ ထိုပုရောဟိတ်သည် မင်းကိုမေး၏။ အရှင်မင်းမြတ်... အရှင်မင်းမြတ်အား ညဉ့်အဖို့၌ မိဖုရားကြီး၏ ကိုယ်အတွေ့သည် အသို့ရှိသနည်းဟု မေး၏။ ဆရာ... တစ်ပါးကို ငါမမြင်၊ သန်းခေါင်ယံ၌ကား ထိုမိဖုရား၏ ကိုယ်အတွေ့သည် အလွန်အေး၏ ဟု ဆို၏။ အရှင်မင်းမြတ်... ထိုသို့ဖြစ်သော်ကား တစ်ပါးသော မိန်းမကိုထားဘိဦး၊ အရှင်မင်းမြတ်၏ မိဖုရားကြီးဖြစ်သော ကိုန္နရဒေဝီသည် ဤငဆွံ့နှင့်တကွ ယုတ်မာသော အကျင့်ကိုကျင့်၏ဟု တင်လျှောက်၏။ ဆရာ... အသို့ ဆိုဘိသနည်း၊ ဤသို့သဘောရှိသော အလွန် တင့်တယ်စံပယ်ခြင်းနှင့်ပြည့်စုံသော မိဖုရားကြီးသည် အဘယ့်ကြောင့် အလွန် စက်ဆုပ်ရွံရှာဖွယ်ရှိသော ဤငဆွံ့နှင့်တကွ မွေ့လျော်လတ္တံ့နည်း ဟု ဆို၏။ အရှင်မင်းမြတ်... ထိုသို့ဖြစ်လျှကား ထိုမိဖုရားကြီးကို စုံစမ်းတော်မူလော့ဟု တင်လျှောက်လတ်သော် ထိုမင်းသည် ကောင်းပြီ ဟု ဝန်ခံ၍ ညစာစားပြီးသော် ထိုမိဖုရားကြီးနှင့်တကွ အိပ်၍ ထိုမိဖုရားကြီးကို စုံစမ်းအံ့ဟု ပကတိအားဖြင့် အိပ်သောအချိန်၌ အိပ်ပျော်သောအခါကဲ့သို့ ဖြစ်၏။ ထိုမိဖုရားကြီးသည်လည်း ထ၍ ထိုရှေးအတူလျင် ပြု၏။ မင်းသည် ထိုမိဖုရားကြီးခြေရာသို့ လျှောက်၍ သပြေပင်ရိပ်ကိုမှီလျက် ရပ်၏။ ငဆွံ့သည် မိဖုရားအား အမျက်ထွက်၍ နင်သည် ယနေ့ အလွန်ကြာမြင့်မှ လာ၏ ဟု နားတောင်းဖြင့် တန်ဆာဆင်ယင်အပ်သော နားကို လက်ဖြင့် ပုတ်ခတ်၏။ ထိုအခါ ငဆွံ့ကို အရှင်... အကျွန်ုပ်ကို အမျက်မထွက်ပါလင့်၊ မင်း၏ အိပ်ပျော်ခြင်းကို ကြည့်ရပါသည်ဟု ဆို၍ ထိုငဆွံ့၌ မယားကဲ့သို့ ဖြစ်၏။ ထိုသို့ ပုတ်ခတ်သဖြင့် ထိုမိဖုရာကြီး၏ ခြင်္သေ့ခံတွင်းခံသော နားတောင်းသည် နားမှလျှော၍ မင်း၏ခြေရင်း၌ ကျ၏။ မင်းသည် ဤမျှသည် ဖြစ်လတ္တံ့ဟု ထိုနားတောင်းကိုယူ၍ သွားလေသည်။ ထိုမိဖုရားကြီးသည်လည်း ငဆွံ့နှင့်တကွ လွန်ကျူးသောအကျင့်ကို ကျင့်ပြီးလျှင် ရှေးနည်းဖြင့်သာလျှင် သွား၍ မင်းနှင့်တကွ အိပ်အံ့သောငှာ အားထုတ်၏။

မင်းသည် နက်ဖြန်နေ့၌ ကိန္နရဒေဝီသည် ငါပေးသော အလုံးစုံသော တန်ဆာကို ဆင်ယင်၍ လာစေ ဟု စေလိုက်၏။ ထိုကိန္နရဒေဝီသည် အကျွန်ုပ်၏ ခြင်္သေ့ခံတွင်းခံသော နားတောင်းသည် ရွှေပန်းထိမ်သည် အထံပါး၌ ရှိ၏ဟု ဆို၍ မလာ။ တစ်ဖန်စေလတ်သော်ကား နားတောင်းတစ်ဖက် ဝတ်လျက်လျှင် လာ၏။ မင်းသည် သင်၏နားတောင်းသည် အဘယ်မှာနည်းဟု မေး၏။ ရွှေပန်းထိမ်သည်အထံ၌ ရှိပါ၏ဟု တင်လျှောက်လတ်သော် ရွှေပန်းထိမ်သည်ကို ခေါ်စေ၍ သင်သည် အဘယ့်ကြောင့် ဤမိဖုရားနားတောင်းကို မပေးသနည်း ဟု ဆို၏။ အရှင်မင်းမြတ် အကျွန်ုပ်မယူပါဟု တင်လျှောက်လတ်သော် မင်းသည် မိဖုရားကိုအမျက်ထွက်၍ ဟယ်ယုတ်မာသော ဒွန်းစာဏ္ဍားမ... ငါကဲ့သို့သောသူသည် နင်၏ ရွှေပန်းထိမ်သည် ဖြစ်ရာသလောဟု ဆို၍ ထိုနားတောင်းကို မိဖုရားရှေ့မှချ၍ ပုရောဟိတ်ကို ဆရာ... ဆရာဆိုသောစကားသည် အလွန်မှန်ပေ၏။ သွားချေ၊ ထိုမိဖုရားကြီးဦးခေါင်းကို ဖြတ်ချေလော့ဟု ဆို၏။

သတို့သမီးပျက်

ပုရောဟိတ်သည် ထိုမိဖုရားကြီးကို မင်း၏ နန်းတော်၌သာလျှင် တစ်ခုသောအရပ်၌ထားပြီးလျှင် မင်းသို့ကပ်၍ အရှင်မင်းမြတ်... ကိုန္နရဒေဝီအား အမျက်ထွက်တော် မမူပါလင့်၊ ခပ်သိမ်းကုန်သော မိန်းမတို့သည် ဤသို့ သဘောရှိကုန်သည်သာလျှင်တည်း၊ အကယ်၍လျှင် မိန်းမတို့၏ သီလမရှိသောအဖြစ်ကို သိတော်မူလိုအံ့၊ ထိုမိန်းမ၏ ယုတ်မာသော အကျင့်ကိုလည်းကောင်း၊ များသော မာယာ ရှိသော အဖြစ်ကိုလည်းကောင်း၊ အရှင်မင်းမြတ်အား ပြပါအံ့၊ ကြွတော်မူလော့၊ မထင်ရှားသောအသွင်ဖြင့် ဇနပုဒ်သို့ လှည့်လည်ကုန်အံ့ဟုတင်လျှောက်၏။ မင်းသည် ကောင်းပြီဟု ဝန်ခံ၍ မယ်တော်အား တိုင်းပြည်ကိုအပ်နှင်းခဲ့ပြီးလျှင် ထိုပုရောဟိတ်နှင့်တကွ ဒေသစာရီလှည့်လည်၏။ ထို မင်း, ပုရောဟိတ်တို့သည် တစ်ယူဇနာမျှလောက်သော အရပ်သို့ရောက်၍ ခရီးမ၌ နားနေကုန်စဉ်လျှင် တစ်ယောက်သောသူကြွယ်သည် မိမိသားအား သတို့သမီးတစ်ယောက်ကို မင်္ဂလာပြု၍ ဖုံးလွှမ်းသောယာဉ်၌ နေစေလျက် များစွာသောအခြံအရံဖြင့် သွား၏။

ထိုသို့ သွားသည်ကိုမြင်၍ ပုရောဟိတ်သည် မင်းကို တင်လျှောက်၏။ အရှင်မင်းမြတ် အကယ်၍ အလိုတော်ရှိအံ့၊ ဤသတို့သမီးကို အရှင်မင်းမြတ်နှင့်တကွ ယုတ်မာသောအမှုကို ပြုစိမ့်သောငှာ အကျွန်ုပ်တတ်နိုင်ပါ၏ဟု တင်လျှောက်၏။ ဆရာ... အသို့ဆိုဘိသနည်း၊ များစွာသော အခြံအရံ ရှိ၏။ မတတ်နိုင်ကုန်ရာဟု ဆိုလတ်သော် အရှင်မင်းမြတ်... ထိုသို့တပြီးကား ကြည့်တော်မူလော့ ဟု ဆို၍ ရှေ့ကသွားနှင့်ပြီးလျှင် ခရီးမှ မနီးမဝေးသောအရပ်၌ တင်းထိမ်ကိုကာရံ၍ မင်းကို တင်းတိမ်တွင်း၌ ထားပြီးလျှင် မိမိသည် ခရီးအပါး၌ ငိုလျက်နေ၏။ ထိုအခါ ပုရောဟိတ်ကို သူကြွယ်သည်မြင်၍ အမောင်... အဘယ့်ကြောင့် ငိုသနည်း ဟု မေး၏။ ဖခင်... ကျွန်ုပ်မယားသည် လေးသော ကိုယ်ဝန်ရှိသည်ဖြစ်၍ မိဘအိမ်သို့ ဆောင်ယူအံ့သောငှာ ခရီးသို့သွားပါ၏။ ထိုမယား၏ ကိုယ်ဝန်သည် ခရီးအကြား၌ လှုပ်၏။ ဤကျွန်ုပ်မယားသည် တင်းထိမ်တွင်း၌ အလွန်ပင်ပန်းလျက် ရှိပါ၏။ ထိုအကျွန်ုပ် မယား၏ အထံ၌ တစ်စုံတစ်ယောက်သော မိန်းမသည် မရှိပါ၊ ကျွန်ုပ်သည်လည်း ထိုအရပ်သို့သွားခြင်းငှာ မတတ်ကောင်း၊ အသို့ဖြစ်လတ္တံ့သည်ကို မသိ၊ တစ်ယောက်သော မိန်းမကိုရခြင်းငှာ သင့်ပါ၏ ဟု ပြောဆို၏။ သူကြွယ်သည်လည်း အမောင်... မငိုလင့်၊ ငါ့အား မိန်းမတို့သည် များပါကုန်၏။ တစ်ယောက်သော မိန်းမသည် သွားလတ္တံ့ ဟု ဆို၏။

ဖခင်... ထိုသို့ဖြစ်လျှင်ကား ဤသတို့သမီးကိုလျှင် သွားပါစေ၊ ဤသတို့သမီးအားလည်း စီးပွားကြောင်းဖြစ်သော မင်္ဂလာသည် ဖြစ်လတ္တံ့ ဟု ဆိုလတ်သော် ထိုသူကြွယ်သည် ဤပုဏ္ဏားသည် ဟုတ်မှန်သော စကားကို ဆိုပေရာ၏။ ချွေးမအားလည်း စီးပွားကြောင်းဖြစ်သော မင်္ဂလာကိုသာလျှင် အလိုရှိ၏။ ဤနိမိတ်ဖြင့် ထိုချွေးမသည် သားသမီးတို့ဖြင့် ပွားများလတ္တံ့ ဟု ကြံ၏။ ထိုချွေးမကိုပင်လျှင် စေ၏။ ထိုသတို့သမီးသည် တင်းထိမ်တွင်းသို့ဝင်၍ မင်းကိုမြင်လျှင် တပ်စွန်းသော စိတ်ရှိသည်ဖြစ်၍ ယုတ်မာသော အမှုကိုပြု၏။ မင်းသည်လည်း ထိုသတို့သမီးအား လက်စွပ်ကိုပေး၏။ ထိုအခါ ပြုအပ်သော ကိစ္စပြီးလတ်သော် တင်းထိမ်တွင်းမှ ထွက်ခဲ့၍ လာလတ်သော ထိုသတို့သမီးကို အသို့ ဖွားသနည်း ဟု မေးကြကုန်၏။ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော သားကိုဖွား၏ ဟု ပြောဆို၏။ သူကြွယ်သည် ထိုသတို့သမီးကိုယူ၍ သွားလေ၏။ ပုရောဟိတ်သည်လည်း မင်း၏အထံသို့သွား၍ အရှင်မင်းမြတ်... အရှင်မင်းမြတ်သည် သတို့သမီးစင်လျက်လည်း ဤသို့ ယုတ်မာသောအမှုကို ပြုသည်ကို မြင်တော်မူရပြီ၊ တစ်ပါးသော မိန်းမတို့သည်ကား အဘယ်ဆိုဖွယ်ရှိအံ့နည်း၊ စင်စစ်သော်ကား အရှင်မင်းမြတ်သည် တစ်စုံတစ်ခုကို ပေးတော်မူလိုက်သလော ဟု မေး၏။

ဆရာ... ငါသည် လက်စွပ်ကို ပေးလိုက်၏ ဟု ဆိုလတ်သော် ထိုသတို့သမီးအား ထိုလက်စွပ်ကို မပေးအံ့ ဟု လျင်မြန်စွာသွား၍ ယာဉ်ကိုကိုင်၏။ ဤယာဉ်ကို ကိုင်သည်ကား အသူနည်း ဟု ဆိုလတ်သော် ဤသတို့သမီးသည် ငါ၏ပုဏ္ဏေးမ ဦးခေါင်းရင်း၌ ထားအပ်သော လက်စွပ်ကိုယူ၍ သွားသောကြောင့် လာပါ၏။ ချစ်သမီး... လက်စွပ်ကို ပေးပါလော့ ဟု ဆို၏။ ထိုသတို့သမီးသည် လက်စွပ်ကို ပေးသည်ရှိသော် ပုဏ္ဏားလက်ကို လက်သည်းဖြင့် ထိုးခြစ်၍ ခိုးသူ... ယူလော့ ဟု ဆို၍ ပေးလိုက်၏။

ဤသို့လျှင် ပုရောဟိတ် ပုဏ္ဏားသည် အထူးထူး အပြားပြားကုန်သော ဥပါယ်တံမျဉ်ဖြင့် တစ်ပါးလည်း ဖြစ်ကုန်သော များစွာကုန်သော လွန်ကျူး၍ ကျင့်တတ်ကုန်သော မိန်းမတို့ကို မင်းအားပြ၍ ဤအရပ်၌ ဤမျှသည် ဖြစ်စေဦး၊ အရှင်မင်းမြတ် တစ်ပါးသောအရပ်သို့ သွားကုန်ဦးအံ့ ဟု ဆို၏။ မင်းသည် အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်းကို လှည့်လည်သော်လည်း အလုံးစုံသော မိန်းမတို့သည် ဤသို့သဘောရှိသည်သာလျှင် ဖြစ်ကုန်လတ္တံ့၊ ငါတို့အား ထိုမိန်းမတို့ဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ပြန်လည်ကုန်အံ့ ဟု ဆို၍ ဗာရာဏသီပြည်သို့သာလျှင် ပြန်လည်ခဲ့၍ အရှင်မင်းမြတ်... ထိုမိန်းမတို့မည်သည်ကား ဤသို့ ယုတ်မာသော အကျင့်ရှိကုန်၏။ ဤသို့ ယုတ်မာသော အကျင့်ရှိသည်ကား ထိုမိန်းမတို့၏ ပြကတော့ သဘောတည်း၊ အရှင်မင်းမြတ် ကိန္နရဒေဝီ၏အပြစ်ကို သည်းခံတော်မူကုန်လော့ ဟု ပုရောဟိတ်သည် တောင်းပန် အပ်သည်ဖြစ်၍ သည်းခံသဖြင့် မင်းအိမ်မှ နှင်ထုတ်စေ၏။ ထိုမိဖုရားကြီး ကိန္နရဒေဝီကို အရာမှချ၍ တစ်ပါးသောမိန်းမကို မိဖုရားကြီးပြု၏။ ထိုငဆွံ့ကိုလည်း နှင်ထုတ်စေ၍ သပြေခက်ကိုလည်း ဖြတ်စေ၏။

ထိုအခါ ကုဏာလငှက်မင်းသည် ပဉ္စာလစဏ္ဍ ပုဏ္ဏားဖြစ်၏။ ထို့ကြောင့် မိမိမြင်ဖူးသည်ကိုသာလျှင် ထုတ်ဆောင်၍ ပြလိုရကား-

ယံ ဒိသွာ ကဏ္ဍရီ ကိန္နရာနံ၊
သဗ္ဗတ္ထိယော န ရမန္တိ အဂါရေ။
တံ တာဒိသံ မစ္စံ စဇိတွာ ဘရိယာ၊
အညံ ဒိသွာ ပုရိသံ ပီဌသပ္ပိံ။

ဟူသော ဤဂါထာကို ဆို၏။

ကဏ္ဍရီ ကိန္နရာနံ၊ ကဏ္ဍရီမင်း ကိန္နရာမိဖုရားတို့၏။ ယဉ္စ၊ အကြင်အကြောင်းကိုလျှင်။ ဒိသွာ၊ မြင်၍။ ဇာနိတဗ္ဗံ၊ သိအပ်၏။ သဗ္ဗိတ္ထိယော၊ အလုံးစုံသော မိန်းမတို့သည်။ အဂါရေ၊ လင်အိမ်၌။ န ရမန္တိ၊ မမွေ့လျော်ကုန်။ အညံ၊ တစ်ပါးသော။ ပရပုရိသံ၊ တစ်ပါးသော ယောက်ျားဖြစ်သော။ ပီဌသပ္ပိံ၊ ငဆွံ့ကို။ ဒိသွာ၊ မြင်၍။ တာဒိသံ၊ ထိုသို့ မွေ့လျော်ခြင်း၌ လိမ္မာသော သဘောရှိသော။ တံ၊ ထိုကဏ္ဍရီမင်းကို။ မစ္စံစဇိတွာ၊ လွန်ကျူး၍။ ဘရိယာ၊ မယားဖြစ်သော ကိန္နရာမသည်။ မနုဿပေတေ၊ လူ့ပြိတ္တာဖြစ်သော ငဆွံ့နှင့်။ သဒ္ဓိံ၊ တကွ။ ပါပံ၊ မကောင်းမှုကို အကာသိ၊ ပြု၏။

ပဉ္စပါပီ

အကြောင်းတစ်ပါးလည်း လွန်လေပြီးသောအခါ တစ်ယောက်သော ဗကအမည်ရှိသော ဗာရာဏသီမင်းသည် တရားနှင့်အညီ မင်းပြု၏။ ထိုအခါ ဗာရာဏသီပြည်၏ အရှေ့တံခါး၌နေသော တစ်ယောက်သော သူဆင်းရဲအား ပဉ္စပါပီ အမည်ရှိသော သမီးသည် ရှိ၏။

ဘဝအကုသိုလ်

ထိုပဉ္စပါပီသည် ရှေးဘဝ၌လည်း တစ်ယောက်သော သူဆင်းရဲသမီးဖြစ်၍ မြေကိုနယ်၍ အိမ်နံရံကို လိမ်းကျံ၏။ ထိုအခါ အရှင်ပစ္စေကဗုဒ္ဓါ တစ်ပါးသည် မိမိလိုဏ်ကို လိမ်းကျံခြင်းကို ပြုအံ့သောငှာ အဘယ်အရပ်၌ မြေကို ရအံ့နည်းဟု ကြံ၍ ဗာရာဏသီပြည်၌ ရအံ့သောငှာ တတ်ကောင်း၏ဟု သင်္ကန်းကိုရုံလျက် သပိတ်လက်စွဲလျက် ဗာရာဏသီပြည်သို့ဝင်၍ ထိုသတို့သမီး၏ မနီးမဝေး၌ ရပ်တော်မူ၏။ ထိုသတို့သမီးသည် အမျက်ထွက်သဖြင့် ကြည့်လျက် ပြစ်မှားလိုသောစိတ်ဖြင့် မြေမျှကိုလည်း တောင်းဘိ၏ဟု ဆို၏။ မတုန်မလှုပ်လျှင် ရပ်တော်မူ၏။ ထိုအခါ ထိုသတို့သမီးသည် မတုန်မလှုပ်ရပ်၍နေသော အရှင်ပစ္စေကဗုဒ္ဓါကိုမြင်၍ တစ်ဖန် ထိုသတို့သမီးအား စိတ်ကိုကြည်ညိုစေ၍ ရှင်ရဟန်း မြေကိုလည်း မရသလော ဟု ဆို၍ ကြီးစွာသော မြေစိုင်ကိုယူ၍ သပိတ်၌ထည့်၏။ ထိုအရှင်ပစ္စေကဗုဒ္ဓါသည် ထိုမြေစိုင်ဖြင့် လိုဏ်၌လိမ်းကျံခြင်းကို ပြုတော်မူ၏။ ထိုသတို့သမီးသည် မကြာမြင့်မီလျှင် ထိုဘဝမှစုတေ၍ ထိုမြို့၌သာလျှင် မြို့ပဖြစ်သော တံခါးရွာဝယ် သူဆင်းရဲမဝမ်း၌ ပဋိသန္ဓေယူ၏။ ထိုသတို့သမီးသည် ဆယ်လလွန်သဖြင့် အမိဝမ်းမှ ဖွား၏။ ထိုသတို့သားအား မြေစိုင်လှူဖူးသော အကျိုးကြောင့် ကိုယ်သည် အတွေ့နှင့် ပြည့်စုံ၏။ အမျက်ထွက်၍ ကြည့်သောကြောင့်ကား လက်, ခြေ, ခံတွင်း, မျက်စိ, နှာခေါင်းတို့သည် ယုတ်မာကုန်သည်။ အဆင်းမလှကုန်သည် ဖြစ်ကုန်၏။ ထို့ကြောင့် ထိုသတို့သမီးကို ပဉ္စပါပီဟူ၍ သာလျှင် သိကြကုန်၏။

မင်းကြီး ကြိုက်သွားပြီ

ထိုအခါ တစ်နေ့သ၌ ဗာရာဏသီမင်းသည် ညဉ့်အဖို့၌ မထင်ရှားသော အသွင်ဖြင့် မြို့ကိုစုံစမ်းသည်ရှိသော် ထိုအရပ်သို့ ရောက်လေ၏။ ထိုပဉ္စပါပီသည်လည်း ရွာသူသားငယ်တို့နှင့်တကွ ကစားသည်ဖြစ်၍ မသိဘဲလျှင် မင်းလက်၌ ကိုင်မိ၏။ ထိုမင်းသည် ပဉ္စပါပီ၏ လက်အတွေ့ကြောင့် မိမိကိုယ်အဖြစ်ဖြင့် တည်အံ့သောငှာ မတတ်နိုင်။ နတ်အတွေ့ဖြင့် တွေ့သကဲ့သို့ ဖြစ်၏။ ထိုမင်းသည် ဖဿရာဂဖြင့် တပ်စွန်းသည်ဖြစ်၍ ထိုသို့ ဖောက်ပြန်သော အဆင်းရှိသော်လည်း ထိုပဉ္စပါပီကို လက်၌ကိုင်၍ အဘယ်သူ့ သမီးနည်းဟု မေး၍ တံခါးရွာ၌ နေသောသူ၏ သမီးတည်းဟု ပြောဆိုလတ်သော် လင်မရှိသောအဖြစ်ကို မေး၍ ငါသည် သင်၏လင်ပြုအံ့၊ သွားချေ မိဘတို့ကို အခွင့်ပြုစေလော့ဟု ဆို၏။ ထိုပဉ္စပါပီသည် မိဘတို့ကိုကပ်၍ မိခင်ဖခင်တို့... တစ်ယောက်သော ယောက်ျားသည် အကျွန်ုပ်ကိုမြင်၍ အလိုရှိ၏ ဟု ပြောဆို၍ ထိုယောက်ျားသည်လည်း ဆင်းရဲသည် ဖြစ်လတ္တံ့၊ အကယ်၍ ထိုသို့သောသူကိုလည်း အလိုရှိအံ့၊ ကောင်းပြီဟု ဆိုကုန်လတ်သော် သွား၍ မိဘတို့သည် ခွင့်ပြုသောအဖြစ်ကို ကြား၏။ ထိုမင်းသည် ထိုအိမ်၌သာလျှင် ထိုပဉ္စပါပီနှင့်တကွနေ၍ နံနက်စောစောကလျှင် နန်းတော်သို့ ဝင်၏။ ထိုအခါမှ စ၍လျှင် မထင်မှားသောအသွင်ဖြင့် မပြတ် ထိုအိမ်သို့သွား၏။ တစ်ပါးသောမိန်းမကို ကြည့်ခြင်းငှာလည်း အလိုမရှိ။

နန်တော်သို့ ခေါ်ရန်ကြံခြင်း

ထိုအခါ တစ်နေ့သ၌ ပဉ္စပါပီ၏ အဖအား ဝမ်းသွေးကျသော အနာသည် ဖြစ်၏။ မွန်မြတ်သော နို့ရည်ထောပတ် ပျားသကာနှင့်ယှဉ်သော နို့ဃနာသည်လျှင် ထိုအနာ၏ ဆေးတည်း။ ထိုဆေးကို ထိုသူတို့သည် ဆင်းရဲသောကြောင့် ရအံ့သောငှာ မတတ်နိုင်ကုန်။ ထို့နောင်မှ ပဉ္စပါပီအမိသည် သမီးပဉ္စပါပီကို ချစ်သမီး... အသို့နည်း၊ ချစ်သမီးလင်သည် နို့ဃနာကို ဖြစ်စိမ့်သောငှာ တတ်နိုင်ပါလတ္တံ့လောဟု ဆို၏။ မိခင် အကျွန်ုပ်လင်သည် အကျွန်ုပ်တို့ထကျလည်း အလွန်ဆင်းရဲသည် ဖြစ်ရာ၏။ ထိုသို့ဖြစ်သော်လည်း အကျွန်ုပ်လင်ကို မေးပါဦးအံ့၊ မစိုးရိမ်လင့် ဟုဆို၍ ထိုမင်းလာသောကာလ၌ နှလုံးမသာသကဲ့သို့ ဖြစ်၍ နေလင့်၏။ ထိုအခါ ပဉ္စပါပီကို မင်းသည် လာလတ်၍ ရှင်မ... အဘယ့်ကြောင့် နှလုံး မသာသနည်းဟု မေး၏။ ပဉ္စပါပီသည် ထိုအကြောင်းကိုကြား၏။ မင်းသည် ထိုစကားကိုကြား၍ ရှင်မ... ဤအလွန်အရသာရှိသော ဆေးကို အဘယ်မှာ ရကုန်အံ့နည်းဟုဆို၍ ကြံ၏။ ငါသည် အခါခပ်သိမ်း ဤသို့သွားအံ့သောငှာ မတတ်ကောင်း၊ ခရီးအကြား၌ ဘေးရန်ကိုလည်း ရှုအပ်၏။ စင်စစ်သော်ကား ဤမိန်းမကို နန်းတော်သို့ အကယ်၍ ဆောင်ယူအံ့၊ ဤသို့ဆောင်ယူသည်ရှိသော် ဤပဉ္စပါပီ၏ အတွေ့နှင့်ပြည့်စုံခြင်းကို မသိကုန်သော သူတို့သည် ငါတို့မင်းသည် ဘီလူးမကိုယူ၍ လာ၏ဟု ပြက်ရယ်ပြုကုန်လတ္တံ့၊ မြို့အလုံး၌ နေကုန်သောသူတို့ကို ပဉ္စပါပီ၏အတွေ့ကို သိစေ၍သာလျှင် ကဲ့ရဲ့ခြင်းကို လွှတ်စေအံ့ဟု ကြံ၍ ထိုအခါ ပဉ္စပါပီကို ရှင်မ... မစိုးရိမ်လင့်၊ သင့်အဖဖို့ နို့ဃနာကို ဆောင်ယူခဲ့အံ့ ဟု ဆို၍ ထိုပဉ္စပါပီနှင့်တကွ မွေ့လျော်ပြီးလျှင် နန်းတော်သို့သွား၍ နက်ဖြန်နေ့၌ ထိုသို့သဘောရှိသော နို့ဃနာကို ချက်စေပြီးလျှင် ဖက်ရွက်တို့ကို ဆောင်ယူစေ၍ နှစ်ထုပ်ပြုပြီးလျှင် တစ်ထုပ်၌ နို့ဃနာကိုထည့်၍ တစ်ထုပ်၌ ပတ္တမြားဦးသျှောင်ကျင်ကိုထား၍ ထုပ်ပြီးလျှင် ညဉ်အဖို့၌သွား၍ ရှင်မငါတို့သည် ဆင်းရဲကုန်၏။ ငြိုငြင်သဖြင့် ပြည့်စုံစေရ၏။ သင့်အဖကို ယနေ့ ဤအထုပ်မှ နို့ဃနာကို စားစေလော့၊ နက်ဖြန် ဤအထုပ်မှပေးလော့ ဟုဆို၏။

ထိုပဉ္စပါပီသည် မင်းမှာဆိုတိုင်းပြု၏။ ထိုအခါ ပဉ္စပါပီ၏ အဖသည် ဤသို့သော ဩဇာအရသာနှင့် ပြည့်စုံသော နို့ဃနာကို အတန်ငယ်စားပြီးလျှင် ရောင့်ရဲသည် ဖြစ်၏။ အကြွင်းကို အမိအားပေး၍ မိမိလည်းစား၏။ သုံးယောက်သော သူတို့သည်လည်း ဝသည်ဖြစ်ကုန်၏။ ပတ္တမြား ဦးသျှောင်ကျင်ထည့်သော အထုပ်ကိုကား နက်ဖြန်အလို့ငှာ ထားကုန်၏။

ဦးသျှောင်ကျင်သူခိုး

မင်းသည် နန်းတော်သို့သွား၍ မျက်နှာသစ်ပြီးလျှင် ငါ၏ ပတ္တမြား ဦးသျှောင်ကျင်ကို ဆောင်ခဲ့ကြကုန်လော့ ဟု ဆို၍ အရှင်မင်းမြတ်... မမြင်ပါကုန် ဟု ဆိုကုန်လတ်သော် မြို့အလုံး၌ စိစစ်ကြလေကုန် ဟု ဆို၏။ မင်းချင်းတို့သည် စုံစမ်းရှာဖွေသော်လည်း မမြင်ကုန်။ ထိုသို့ဖြစ်လျှင်ကား မြို့အပ၌နေကုန်သော သူဆင်းရဲအိမ်တို့၌ ထမင်းထုပ်ကိုအစပြု၍ ရှာလေကုန် ဟု ဆို၍ ရှာကုန်သည်ရှိသော် ပဉ္စပါပီအိမ်၌ ပတ္တမြား ဦးသျှောင်ကျင်ကိုမြင်၍ ထိုပဉ္စပါပီမိဘတို့ကို ခိုးသူဟု နှောင်ဖွဲ့၍ ဆောင်ယူခဲ့ကြကုန်၏။ ထိုအခါ ပဉ္စပါပီမိဘတို့သည် မင်းအား အရှင်မင်းမြတ်... အကျွန်ုပ်တို့သည် မခိုးယူပါကုန်၊ တစ်ပါးသောသူသည် ပတ္တမြားဦးသျှောင်ကျင်ကို ဆောင်ယူခဲ့ပါ၏ ဟု တင်လျှောက်ကုန်၍ အဘယ်သူသည် ဆောင်ယူခဲ့သနည်းဟု မေးလတ်သော် အကျွန်ုပ်သမကျသည် ဆောင်ယူခဲ့ပါ၏ ဟု တင်လျှောက်ကုန်၏။ ထိုသမက်သည် အဘယ်မှာနည်း ဟု မေးလျှင် အကျွန်ုပ်တို့ သမီးသည် သိပါ၏ ဟု တင်လျှောက်ကုန်၏။ ထို့နောင်မှ သမီးနှင့်တကွ ပြောဆို၏။ ချစ်သမီး ချစ်သမီးလင်ကို သိပါ၏လော ဟု မေး၏။ မသိပါဟု ပြောဆိုလတ်သော် ဤသို့ မသိသည်ဖြစ်ခဲ့က ငါတို့အသက်မရှိပြီ ဟု ဆိုသဖြင့် ဖခင်... အကျွန်ုပ်လင်သည် မိုက်သောအခါမှ လာလတ်၍ မိုက်သောအခါကပင်လျှင် သွား၏။ ထို့ကြောင့် ထိုလင်၏ ရုပ်အဆင်းကို မသိပါ၊ လက်အတွေ့ဖြင့်ကား ထိုလင်ကိုသိခြင်းငှာ တတ်နိုင်ပါ၏ ဟု ဆို၍ ပဉ္စပါပီသည် မင်းချင်းတို့အား ကြား၏။

သူခိုးရှာဖွေစေ

ထိုမင်းချင်းတို့သည်လည်း မင်းအား တင်လျှောက်ကြကုန်၏။ မင်းသည် မသိသကဲ့သို့ဖြစ်၍ ထိုသို့ဖြစ်လျှင်ကား ထိုမိန်းမကို မင်းရင်ပြင်ဝယ် တင်းထိပ်တွင်း၌ထား၍ တင်းတိမ်ကို လက်ဆန့်ရုံမျှသော အပေါက်ကိုဖောက်၍ မြို့အလုံး၌နေသော သူတို့ကို စည်းဝေး၍ လက်အတွေ့ဖြင့် ခိုးသူကို ဖမ်းကြကုန်လော့ ဟု ဆို၏။ မင်းချင်းတို့သည် မင်းဆိုတိုင်း ပြုအံ့သောငှာ ထိုပဉ္စပါပီ အထံသို့သွား၍ အဆင်းကိုမြင်ကုန်၍လျှင် နှလုံးမသာသည်ဖြစ်၍ လမ်းခရီး၌ နေသော မြေဘုတ်ဘီလူးမလော ဟု ဆိုကုန်၍ စက်ဆုပ် ရွံရွာကုန်သည်ဖြစ်၍ ထိအံ့သောငှာ မဝံ့ကုန်။ ဆောင်ယူ၍မူကား ထိုပဉ္စပါပီကို မင်းရင်ပြင်ဝယ် တင်းထိမ်တွင်း၌ထား၍ မြို့အလုံး၌ နေကုန်သောသူတို့ကို စည်းဝေးစေကုန်၏။ ထိုပဉ္စပါပီသည် လာတိုင်း လာတိုင်းကုန်သော သူတို့၏ တင်းတိမ်ပေါက်ဖြင့် ဆန့်သောလက်ကိုကိုင်၍သာလျှင် ဤသူသည် ခိုးသူမဟုတ် ဟု ဆို၏။ ယောက်ျားတို့သည် ထိုပဉ္စပါပီ၏ နတ်အတွေ့နှင့်တူသော အတွေ့၌ တပ်စွန်းသဖြင့် သွားအံ့သောငှာ မတတ်နိုင်ကုန်။ အကယ်၍ ဤမိန်းမသည် မင်း ဒဏ်ထိုက်အံ့၊ ဒဏ်ကိုပေး၍ လည်းကောင်း၊ ကျွန်အမှုလုပ်အဖြစ်သို့ ကပ်၍ လည်းကောင်း၊ ဤမိန်းမကို အိမ်၌သာလျှင် ပြုကုန်အံ့ ဟု ကြံကြကုန်၏။ ထိုအခါ မင်းချင်းတို့သည် တုတ်လှံတံဖြင့် ပုတ်ခတ်၍ ထိုသူတို့ကို ပြေးစေကုန်၏။ အိမ်ရှေ့မင်းကိုအစပြု၍ အလုံးစုံသော ယောကျ်ားတို့သည် ရူးကုန်သကဲ့သို့ ဖြစ်ကုန်၏။

သူခိုးမိပြီ

ထိုအခါ မင်းသည် အသို့နည်း၊ ငါသည် ဖြစ်လေသလော ဟု လက်ကို တင်းတိမ်တွင်းသို့ သွင်း၏။ ထိုမင်းကို လက်၌ကိုင်၍လျှင် ငါသည် ခိုးသူကိုဖမ်းမိပြီ ဟု သည်းစွာသော အသံကိုပြု၏။ မင်းသည် ထိုမြို့နေသူ အပေါင်းတို့အား သင်တို့သည် ဤမိန်းမသည် သင်တို့လက်တို့၌ ကိုင်သည်ရှိသော် အသို့ကြံကြကုန်သနည်း ဟု မေး၏။ ထိုမြို့နေသူ အပေါင်းတို့သည် ဟုတ်မှန်သောအတိုင်း တင်လျှောက်ကြကုန်၏။ ထိုအခါ ထိုသူတို့ကို မင်းသည် ဤသို့ပြောဆို၏။ ငါသည် ဤမိန်းမကို နန်းတော်သို့ ဆောင်ယူခြင်းငှာ ဤသို့ပြု၏။ ဤမိန်းမ၏အတွေ့ကို မသိကုန်သောသူတို့သည် ငါ့ကိုကဲ့ရဲ့ကုန်ရာ၏ ဟု ကြံ၏။ ထို့ကြောင့် ငါသည် အလုံးစုံကုန်သော သင်တို့ကို သိစေအပ်ကုန်ပြီ။ ဆိုကြကုန်လော့၊ ယခုအခါ ထိုမိန်းမသည် အဘယ်သူ၏ အိမ်၌ဖြစ်ခြင်းငှာ သင့်မည်နည်း ဟု မေးတော်မူ၏။ အရှင်မင်းမြတ်... အရှင်မင်းမြတ်တို့၏ နန်းတော်၌ ဖြစ်ခြင်းငှာ သင့်ပါ၏ ဟု တင်လျှောက်ကြကုန်၏။

မိဖုရားကြီး ဖြစ်ပြီ

ထိုအခါ ပဉ္စပါပီကို အဘိသိက်သွန်း၍ မိဖုရားကြီး ပြု၏။ ထိုပဉ္စပါပီ မိဘတို့အားလည်း များစွာသော စည်းစိမ်ဥစ္စာကို ပေးတော်မူ၏။ ထိုအခါမှစ၍ကား ထိုပဉ္စပါပီကို အလွန် မြတ်နိုးသောကြောင့် တရားဆုံးဖြတ်ခြင်းကို မဖြစ်စေ၊ တစ်ပါးသော မိန်းမကိုလည်း မကြည့်ပြီ။

မိဖုရားကြီး ဖြစ်ပြန်ခြင်း

ထိုအခါ တစ်ပါးသော မိန်းမတို့သည် ထိုပဉ္စပါပီ၌ အခွင့်ကိုရှာကြကုန်၏။ ထိုပဉ္စပါပီသည် တစ်နေ့သ၌ မင်းနှစ်ပါးတို့ မိဖုရားကြီးဖြစ်ခြင်း၏ နိမိတ်ကို အိပ်မက်၌မြင်မက်၍ မင်းအား ကြားလျှောက်၏။ မင်းသည် အိပ်မက် ဖတ်ကတ်ကုန်သောသူတို့ကို၍ ဤသို့ သဘောရှိသော အိပ်မက်ကို မြင်မက်သည်ရှိသော် အသို့ဖြစ်လတ္တံ့နည်းဟု မေးတော်မူ၏။ ထိုအိပ်မက် ဖတ်တတ်သော သူတို့သည် တစ်ပါးကုန်သော မိန်းမတို့၏အထံမှ တံစိုးကိုယူ၍ အရှင်မင်းမြတ်၊ မိဖုရားကြီးသည် ကိုယ်လုံးဖြူသော ဆင်ကျောက်ကုန်းထက်၌ နေရသည်ဟုမက်သော အဖြစ်သည် အရှင်မင်းမြတ်တို့၏ သေရလတ္တံ့သော ပုဗ္ဗနိမိတ်တည်း၊ ဆင်ကျောက်ကုန်းထက်၌နေလျက် လကိုသုံးသပ် မက်ခြင်းသည် အရှင်မင်းတို့အား ရန်သူမင်းတို့ ဆောင်ခြင်း၏ ပုဗ္ဗနိမိတ်တည်းဟု ဖတ်ဆို၍ ယခုအခါ အသို့ပြုအပ်သနည်းဟု မေးလတ်သော် အရှင်မင်းမြတ်... မိဖုရားကြီးကို သတ်ခြင်းငှာ မတတ်ကောင်း၊ ဤမိဖုရားကို လှေ၌ထား၍ မြစ်၌စွန့်အံ့သော သင့်၏ဟု တင်လျှောက်ကြကုန်၏။ မင်းသည် အစာအာဟာရ အဝတ်တန်ဆာတို့နှင့်တကွ ညဉ့်အဖို့ဝယ် လှေ၌ထား၍ မြစ်၌လွှတ်၏။ ထိုမိဖုရားသည် မြစ်၌မျောသည်ရှိသော် အကြေ၌ လှေဖြင့် ရေကစားသာ ဗာဝရိကမင်း၏ ရှေးရှုအရပ်သို့ ရောက်လေ၏။ ထိုဗာဝရိကမင်း၏ စစ်သူကြီးသည် ထိုလှေကို မြင်၍ ဤလှေသည် ငါ့လှေဟု ဆို၏။ မင်းသည် လှေ၌ ဘဏ္ဍာသည် ငါ့ဥစ္စာဟု ဆို၏။ လှေသည် ရောက်လတ်သော် ထိုပဉ္စပါပီကိုမြင်၍ သင်သည် ရက္ခိုသ်ဘီလူးမနှင့် တူ၏။ အဘယ်အမည် ရှိသနည်း ဟု မေး၏။ ထိုပဉ္စပါပီသည် ပြုံးရယ်ခြင်းကိုပြု၍ ဗကမင်း မိဖုရားကြီးအဖြစ်ကို ပြောဆိုလျက် အလုံးစုံသော ထိုအကြောင်းကို ထိုဗာဝရိကမင်းအား ကြား၏။ ထိုမိဖုရားသည်ကား ပဉ္စပါပီဟူ၍ အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်းအပြင်၌ ထင်ရှား၏။ ထိုအခါ ထိုပဉ္စပါပီကို ဗာဝရိကမင်းသည် လက်၌ ကိုင်၍ ချီ၏။ ကိုင်မိသည်နှင့်တကွလျှင် ဖဿရာဂ တပ်စွန်းသည်ဖြစ်၍ တစ်ပါးကုန်သော မိန်းမတို့၌ မိန်းမဟူသောအမှတ်ကို မပြုမူ၍ ထိုပဉ္စပါပီကို မိဖုရားကြီးအရာ၌ထား၏။ ထိုပဉ္စပါပီသည် ဗာဝရိကမင်း၏ အသက်နှင့်အတူ ဖြစ်၏။

မင်းနှစ်ပါး၏ မိဖုရားကြီး

ဗကမင်းသည် ထိုအကြောင်းကို ကြား၍ ငါသည် ထိုဗာဝရိကမင်းအား ပဉ္စပါပီကို မိဖုရားကြီး ပြုစိမ့်သောငှာ မပေးအံ့ဟု စစ်သည်ဗိုလ်ပါကို စုရုံး၍ မြစ်ဆိပ်၌ နန်းဆောက်၍ ထိုဗာဝရိကမင်းအား ငါ၏မယားကိုလည်း ပေးမည်လော၊ စစ်ကိုတည်း ထိုးမည်လောဟု မှာစာကို စေလိုက်၏။ ထိုဗာဝရိကမင်းသည် စစ်ထိုးခြင်းကိုသာ ပေးအံ့၊ မယားကို မပေးဟု မှာလိုက်၍ စစ်ထိုးအံ့သော အစီအရင်ကို ပြု၏။ ထိုမင်းနှစ်ပါးတို့၏ မှူးမတ်တို့သည် မိန်းမကိုမှီ၍ သေရအံ့သော ကိစ္စသည် မရှိ၊ ရှေးဦးစွာ လင်ဖြစ်သောကြောင့် ဤမိဖုရားသည် ဗကမင်းအားလည်း ရောက်သင့်၏။ လှေ၌ရသောကြောင့် ဗာဝရိကမင်းအားလည်း ရောက်သင့်၏။ ထို့ကြောင့် တစ်ယောက်တစ်ယောက်သော မင်း၏ နန်းတော်၌ ခုနစ်ရက်စီ ခုနစ်ရက်စီ ဖြစ်စေလော့ဟု တိုင်ပင်၍ မင်းနှစ်ပါးတို့ကိုလည်း သိစေကုန်၏။ ထိုမင်းနှစ်ပါးတို့သည်လည်း နှစ်သက်ကုန်သည်ဖြစ်၍ မြစ်ဆိပ်တစ်ဖက်စီဖြင့် မြို့တည်၍ နေကုန်၏။ ထို ပဉ္စပါပီသည်လည်း မင်းနှစ်ပါးတို့၏ မိဖုရားကြီးအဖြစ်ကို ပြု၏။ မင်းနှစ်ပါးတို့သည်လည်း ထိုပဉ္စပါပီအား အလွန် မြတ်နိုးကုန်၏။

လင်ငယ်နေပြီ

ထိုပဉ္စပါပီသည်ကား မင်းတစ်ပါး နန်းတော်၌ ခုနစ်ရက်နေပြီး၍ လှေဖြင့် မင်းတစ်ပါး နန်းတော်သို့ သွားသည်ရှိသော် လှေကိုလှော်၍ ဆောင်သွားသော အိုမင်းပြီးသော တံငါငကုန်းနှင့်တကွ မြစ်လယ်၌ ယုတ်မာသော အကျင့်ကို ကျင့်၏။

ထိုအခါ ကုဏာလငှက်မင်းသည် ဗကအမည်ရှိသော ဗာရာဏသီမင်း ဖြစ်၏။ ထို့ကြောင့် မိမိသည် မြင်ဖူးသောအကြောင်းကို ထုတ်ဆောင်ပြလိုရကား-

ဗကဿစ ဗာဝရိကဿစ ရညော၊
အစ္စန္တကာမာနုဂတဿ ဘရိယာ။
အဝါစရီ ပဋ္ဌဝသာနုဂဿ၊
ကံ ဝါ ပိ ဣတ္ထီ နာတိစရေ တဒညံ။

ဟူသော ဤဂါထာကို ဆို၏။

ဗကဿစ ရညော၊ ဗကမင်း၏ လည်းကောင်း။ ဗာဝရိကဿ စ ရညော၊ ဗာဝရိကမင်း၏ လည်းကောင်း။ အစ္စန္တကာမာနုဂတသ၊ စင်စစ်လျှင် အလိုသို့လိုက်ရသော။ အဝါစရီ၊ ယုတ်မာသော အကျင့်ရှိသော။ ဘရိယာ၊ မယားသည်။ ပဋ္ဌဝသာနုဂဿ၊ တောင့်တ၍ မိမိအလိုသို့ လိုက်ရသောသူနှင့်။ သဒ္ဓိံ၊ တကွ။ ပါပံ၊ ယုတ်မာသော အကျင့်ကို။ အကာသိ၊ ပြု၏။ ကံ ဝါ၊ အဘယ်မည်သော။ အညံ၊ တစ်ပါးသော။ တံပိ၊ ထိုယောက်ျားကိုလည်း။ ဣတ္ထီ၊ မိန်းမတို့သည်။ နာတိစရေ၊ မလွန်ကျူးဘဲ ရှိအံ့နည်း။

ပိင်္ဂိယာနီမိဖုရား

အကြောင်းတစ်ပါးလည်း လွန်လေပြီးသောအခါ တစ်ယောက်သော ဗြဟ္မဒတ်မင်း၏ မယားဖြစ်သော ပိင်္ဂိယာနီ အမည်ရှိသော မိဖုရားကြီးသည် ခြင်္သေ့ခံသော လေသွန်နန်းတံခါးကိုဖွင့်၍ ကြည့်လတ်သော် မင်္ဂလာမြင်ထိန်းတော်ကိုမြင်၍ မင်းအိပ်ပျော်သောအခါ လေသွန်နန်းတံခါးဖြင့် နန်းတော်မှဆင်းသက်၍ ထိုမြင်ထိန်းနှင့်တကွ လွန်ကျူးပြီးလျှင် တစ်ဖန် နန်းတော်ထက်သို့တက်၍ နံ့သာတို့ဖြင့် ကိုယ်ကိုလိမ်းကျံ၍ မင်းနှင့်တကွ အိပ်၏။ ထိုအခါ တစ်နေ့သ၌ မင်းသည် အဘယ်ကြောင့် ဤမိဖုရားကြီးကိုယ်သည် သန်းခေါင်ယံအခါ၌ အေးလေသနည်း၊ မိဖုရားကြီးကို စုံစမ်းအံ့ဟု တစ်နေ့သ၌ အိပ်ပျော်သကဲ့သို့ဖြစ်၍ ထ၍သွားသော ထိုမိဖုရားသို့လိုက်၍ မြင်းထိန်းနှင့်တကွ လွန်ကျူးသောအမှုကို ပြုသည်ကိုမြင်လျှင် ပြန်ခဲ့၍ အိပ်ရာသို့တက်၏။ ထိုမိဖုရားကြီးသည်လည်း လွန်သောအမှုကို ပြုခဲ့ပြီးလျှင် လာလတ်၍ နိမ့်သောအိပ်ရာ၌ အိပ်၏။ မိုးသောက်နေ့၌ မင်းသည် မှူးတော်မတ်တော် အပေါင်တို့၏အလယ်၌

ထိုမိဖုရားကိုခေါ်စေ၍ အမှုကို ထင်စွာပြုပြီးလျှင် ခပ်သိမ်းကုန်သောမိန်းမတို့သည် ယုတ်မာသော အကျင့်ရှိကုန်၏ ဟု ထိုမိဖုရားကြီးအား သတ်ခြင်း နှောင်ဖွဲ့ခြင်း ခြေလက်တို့ကိုဖြတ်ခြင်းငှာ ထိုက်သောအပြစ်ကို သည်းခံ၍ မိဖုရားကြီးအရာမှ ချပြီးလျှင် တစ်ပါးသောမိန်းမကို မိဖုရားကြီးမြှောက်၏။

ထိုအခါ ကုဏာလငှက်မင်းသည် ဗြဟ္မဒတ်မင်း ဖြစ်၏။ ထို့ကြောင့် မိမိသည် မြင်ဖူးသော ထိုအကြောင်းကို ထုတ်ဆောင်၍ပြလိုရကား-

ပိင်္ဂိယာနီ သဗ္ဗလောကိဿရဿ၊
ရညော ပိယာ ဗြဟ္မဒတ္တဿ ဘရိယာ။
အဝါစရီ ပဋ္ဌဝသာနုဂဿ၊
တံ ဝါပိသာ နာဇ္ဈဂါ ကာမကာမိနီ။

ဟူသော ဤဂါထာကို ဆို၏။

ဗြဟ္မဒတ္တဿ၊ ဗြဟ္မဒတ်အမည်ရှိသော။ သဗ္ဗလောကိဿရဿ၊ အလုံးစုံသောလူကို အစိုးရသော။ ရညော၊ မင်း၏။ ဘရိယာ၊ မဖြစ်သော။ ပိယာ၊ ချစ်အပ်သော။ ပိင်္ဂိယာနီ၊ ပိင်္ဂိယာနီ အမည်ရှိသော မိဖုရားကြီးသည်။ ပဋ္ဌဝသာနုဂဿ၊ တောင့်တ၍ မိမိအလိုသို့ လိုက်ရသော မြင်းထိန်းနှင့်။ အဝါစရီ၊ ယုတ်မာသောအကျင့်ကို လွန်ကျူး၍ ကျင့်သည်ဖြစ်၍။ ကာမကာမိနီ၊ ကာမဂုဏ်ကို တောင့်တသော။ သာ၊ ထိုမိဖုရားသည်။ တံဝါပိ၊ ထိုတောင့်တသော ကာမဂုဏ်ကိုလည်းကောင်း။ မဟေသိဋ္ဌာနံ ဝါ၊ မိဖုရားကြီးအရာကို လည်းကောင်း။ နာဇ္ဈဂါ၊ မရပြီ။ ဥဘတော၊ နှစ်ပါးစုံမှ။ ဘဋ္ဌာ၊ လျှောကျပျက်စီးရလေ၏။

မပေါင်းအပ်သောမိန်းမများ

ဤသို့လျှင် ဘုရားလောင်း ကုဏာလငှက်မင်းသည် ဤအတိတ်ဝတ္ထုတို့ဖြင့် မိန်းမတို့၏ အပြစ်ကို ပြပြီး၍ တစ်ပါးသောအကြောင်းဖြင့်လည်း ထိုမိန်းမတို့၏ အပြစ်ကိုပင်လျှင် ဟောပြောလိုကား-

လုဒ္ဓါနံ လဟုစိတ္တာနံ၊ အကတညူန ဒုဗ္ဘိနံ။
နာဒေဝသတ္တော ပုရိသော၊ ထီနံ သဒ္ဓါတုမရဟတိ။
။ လ။
နာစ္စန္တဝဏ္ဏာ န ဗဟူ န ကန္တာ၊
နဒက္ခိဏာပမဒါ သေဝိတဗ္ဗာ။
န ပရဿ ဘရိယာ န ဓနဿ ဟေတု၊
ဧတိတ္ထိယော ပဉ္စ န ထေဝိတဗ္ဗာ။

ဟူသော ဤတစ်ဆယ့်နှစ်ဂါထာတို့ကို ဆို၏။

လုဒ္ဓါနံ၊ တပ်မက်မောတတ်ကုန်သော။ လဟုစိတ္တာနံ၊ လျင်သော စိတ်အပြန်ရှိကုန်သော။ အကတညူနံ၊ သူ့ ကျေးဇူးကို မသိတတ်ကုန်သော။ ဒုဗ္ဘိနံ၊ အဆွေခင်ပွန်းကို ပြစ်မှားတတ်ကုန်သော။ ထီနံ၊ မိန်းမတို့၏။ သီလဝန္တဝါဒံ၊ သီလရှိ၏ဟူသော စကားကို။ သဒ္ဓါတုံ၊ ယုံကြည်အံ့သောငှာ။ အဒေဝသတ္တော၊ ရာဂနတ်မဖမ်းသော။ ပုရိသော၊ ယောကျ်ားသည်။ န အရဟဟိ၊ မထိုက်။

တာ၊ ထိုမိန်းမတို့သည်။ ကတံ၊ မိမိအား ပြုအပ်ပြီးသောကျေးဇူးကို။ နပ္ပဇာနန္တိ၊ မသိကုန်။ ကိစ္စံ၊ ပြုအပ်သော ကျေးဇူးတုံ့ကို။ နပ္ပဇာနန္တိ၊ မသိကုန်။ မာတရံ၊ အမိကိုလည်းကောင်း။ ပိတရံ၊ အဖကိုလည်းကောင်း။ အထ၊ ထိုမှတစ်ပါး။ ဘာတရံဝ၊ မောင် အစ်မ ညီမကိုလည်းကောင်း။ န ဇာနန္တိ၊ မသိကုန်။ အနရိယာ၊ ယုတ်မာသောအကျင့်၌ မရှက်ကုန်။ သမတိက္ကန္တဓမ္မာ၊ လွန်ကျူး၍ ကျင့်တတ်သော သဘောရှိကုန်၏။ သဿေဝ၊ မိမိ၏လျှင်။ စိတ္တဿ၊ စိတ်၏။ ဝသံ၊ အလိုသို့။ ဝဇန္တိ၊ လိုက်ကုန်၏။

စိရာနုဝုဋ္ဌံပိ၊ မြင့်ရှည်စွာ အတူနေ၍လည်း။ ပိယံ၊ ချစ်အပ်သော။ မနာပံ၊ နှစ်လိုအပ်သော။ အနုကမ္ပကံ၊ သနားတတ်သော။ ပါဏသမံ၊ အသက်နှင့်တူသော။ နံ ဘတ္တုံပိ၊ ထိုလင်ကိုသော်လည်း။ အာဝါသုစ၊ ဘေးရန်တို့ကြောင့် လည်းကောင်း။ ကိစ္စေသု စ၊ ထိုထိုကိစ္စတို့ကြောင့်လည်းကောင်း။ ဇဟန္တီ၊ စွန့်တတ်ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ ငါသည်။ ဣတ္ထီနံ၊ မိန်းမတို့ကို။ န ဝိဿသာမိ၊ အကျွမ်းမဝင်။

ဟိ သစ္စံ၊ မှန်၏။ ထီနံ၊ မိန်းမတို့၏။ စိတ္တံ၊ စိတ်သည်။ ဝါနရဿ၊ မျောက်၏။ စိတ္တံယထာ၊ စိတ်နှင့်တူ၏။ ရုက္ခဆာယာ၊ သစ်ပင်ရိပ်သည်။ ကန္နပ္ပကဏ္ဏံ၊ သက်တိုင်းသက်တိုင်းသောသူကို။ အဘိရုယှတိ ယထာ၊ တက်သကဲ့သို့တည်း။ ဣတ္ထီနံ၊ မိန်းမတို့၏။ ဟဒယံ၊ နှလုံးသည်။ စလာစလံ၊ အလွန်တုန်လှုပ်၏။ စက္ကသ၊ လှည်းဘီးစက်၏။ နေမိဝိယ၊ အကွပ်ကဲ့သို့။ ပရိဝတ္တတိ၊ လည်တတ်၏။

ယဒါ၊ အကြင်အခါ၌။ တာ၊ ထိုမိန်းမတို့သည်။ သမေက္ခမာနာ၊ ကြည့်ရှုအပ်ကုန်သည် ဖြစ်၍။ အာဒေယျရူပံ၊ ယူအပ်သော သဘောရှိသော။ ပုရိသဿ၊ ယောက်ျား၏။ ဝိတ္တံ၊ ဥစ္စာကို။ ပဿန္တိ၊ မြင်ကုန်၏။ တဒါ၊ ထိုအခါ၌။ သဏှာဟိ၊ သိမ်မွေ့ပြေပြစ်ကုန်သော။ ဝါစာဟိ၊ စကားတို့ဖြင့်။ ဓနံ၊ ဥစ္စာကို။ နယန္တိ၊ ဆောင်တတ်ကုန်၏။ ကိမိဝ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ ကမ္ဗောဇကာ၊ ကမ္ဘောဇတိုင်းသားတို့သည်။ ဇလဇေန၊ ရေ၌ဖြစ်သော မှော်ဖြင့်။ အဿံ၊ မြင်းကို။ နယန္တိ ဣဝ၊ ဆောင်ကုန်သကဲ့သို့တည်း။

ယဒါ၊ အကြင်အခါ၌။ တာ၊ ထိုမိန်းမတို့သည်။ သမေက္ခမာနာ၊ ရှုကုန်သည်ဖြစ်၍။ အာဒေယျရူပံ၊ ယူအပ်သော သဘောရှိသော။ ပုရိသဿ၊ ယောက်ျား၏။ ဝိတ္တံ၊ ဥစ္စာကို။ န ပဿန္တိ၊ မမြင်ကုန်။ တဒါ၊ ထိုအခါ၌။ သမန္တာ၊ ထက်ဝန်းကျင်မှ။ နံ၊ ထိုယောက်ျားကို။ ပရိဝဇ္ဇယန္တိ၊ ကြဉ်ရှောင်ကုန်၏။ တိဏ္ဏော၊ ကူးမြောက်ပြီးသော။ နဒီပါရဂတော၊ မြစ်တစ်ဘက်သို့ ရောက်သောသူသည်။ ကုလ္လံ၊ ဖောင်ကို။ န ပဋိဣက္ခတိ ဣဝ၊ မကြည့်သကဲ့သို့တည်း။

ဣတ္ထိယော၊ မိန်းမတို့သည်။ သိလေသူပမာ၊ မျောက်နှဲစေးနှင့် တူကုန်၏။ သဗ္ဗဘက်ခာ၊ အလုံးစုံ ကောင်း, မကောင်းကို စားတတ်သော။ သိခီရိဝ၊ မီးနှင့်တူကုန်၏။ သီဃသောတာ၊ လျင်သော အလျဉ်ရှိသော။ နဒီရိဝ၊ မြစ်ကဲ့သို့။ တိက္ခမာယာ၊ ထက်သောမာယာရှိကုန်၏။ ဟိသစ္စံ၊ မှန်၏။ နာဝါ၊ လှေသည်။ ဩရကုလံ၊ ဤမှာ ဘက်ကမ်းကိုလည်းကောင်း။ ပရဉ္စကုလံ၊ ထိုမှာ ဘက်ကမ်းကိုလည်းကောင်း။ သေဝတိ ယထာ၊ မှီဝဲသကဲ့သို့။ တထာ၊ ထို အတူ။ ဧတာ၊ ထိုမိန်းမတို့သည်။ ပိယဉ္စ၊ ချစ်မြတ်နိုးသော ယောက်ျားကိုလည်းကောင်း။ အပ္ပိယဉ္စ၊ မုန်းသောယောက်ျားလည်းကောင်း။ သေဝန္တိ၊ မှီဝဲတတ်ကုန်၏။

တာ၊ ထိုမိန်းမတို့သည်။ ဧကဿ၊ တစ်ယောက်သောသူအား။ န ဟောန္တိ၊ မဖြစ်ကုန်။ ဒိန္နံ၊ နှစ်ယောက်သောသူတို့အား။ န ဟောန္တိ၊ မဖြစ်ကုန်။ ပသာရိတော၊ ခင်းကျင်းအပ်သော။ အာပဏောဝ၊ အိမ်ဈေးနှင့်တူ၏။ ယော၊ အကြင်ယောက်ျားသည်။ တာ၊ ထိုမိန်းမတို့ကို။ မယှံ၊ ငါ၏။ ဘရိယာတိ၊ မယားဟူ၍။ မညေယျ၊ အောက်မေ့ငြားအံ့။ သော၊ ထိုယောက်ျားသည်။ ဝါတံ၊ လေကို။ ဇာလေန၊ ကွန်ဖြင့်။ ဗာဓယေ၊ ဖွဲ့မိရာ၏။

လောကေ၊ လောက၌။ ဣတ္ထိယော နာမ၊ မိန်းမတို့မည်သည်ကား။ ဧဝံ၊ ဤသို့သဘောရှိကုန်၏။ နဒီ ယထာ စ၊ မြစ်ဆိပ်ကဲ့သို့လည်းကောင်း။ ပန္ထော ယထာ စ၊ ခရီးလမ်းမကဲ့သို့ လည်းကောင်း။ ပါနာဂါရံ ယထာ စ၊ သေသောက်ရာ တင်းကုပ်ကဲ့သို့ လည်းကောင်း။ သဘာ ယထာ စ၊ သဘင်ကဲ့သို့ လည်းကောင်း။ ပပါ ယထာ စ၊ ရေအိုးစင်ကဲ့သို့လည်းကောင်း။ တာသံ၊ ထိုမိန်းမတို့အား။ ဝေလာ၊ သတ်မှတ်အပ်သော အချိန်အခါသည်။ န ဝိဇ္ဇတိ၊ မရှိ။

ဧတာ၊ ထိုမိန်းမတို့သည်။ ဃတာသနပမာ၊ မီးနှင့်တူကုန်၏။ ကဏှသပ္ပသိရူပမာ၊ မြွေဟောက်ဦးခေါင်းနှင့် တူကုန်၏။ ဂါဝေါ၊ နွားတို့သည်။ တိဏသ၊ မြက်၏။ ဗဟိ၊ အပ၌။ ဝရာဝရံ၊ ကောင်းနိုးရာရာကို။ ဩမသန္တိ ဣဝ၊ ရှာ၍စားသည်နှင့် တူကုန်၏။

ဃတာသနံ၊ မီးကိုလည်းကောင်း။ ကုဉ္ဇရံ၊ ဆင်ကို လည်းကောင်း။ ကဏှသပ္ပံ၊ မြွေဟောက်ကိုလည်းကောင်း။ မုဒ္ဓါဘိသိတ်တံ၊ မင်းကိုလည်းကောင်း။ သဗ္ဗာ၊ အလုံးစုံကုန်သော။ ပမဒါစ၊ မိန်းမကိုလည်းကောင်း။ ဧတေပဉ္စ၊ ထိုငါးယောက်တို့ကို။ နရော၊ လူသည်။ နိစ္စယတော၊ မြဲသော သတိရှိသည်ဖြစ်၍။ ဘဇေထ၊ ဆည်းကပ်ရာ၏။ ဟဝေ၊ စင်စစ်။ တေသံ၊ ထိုငါးယောက်တို့၏။ သဗ္ဗဘာဝေါ၊ အလုံးစုံသောအလိုကို။ ဒုဗ္ဗိဒူ၊ သိနိုင်ခဲ၏။

မချစ်သင့်သော မိန်းမများ

အစ္စန္တဝဏ္ဏာ၊ အလွန်အဆင်းနှင့် ပြည့်စုံသောမိန်းမကို။ န သေဝိတဗ္ဗာ၊ မမှီဝဲအပ်ကုန်။ ဗဟူနကန္တာ၊ များစွာသောသူတို့ ချစ်နှစ်သက်သောမိန်းမကို။ န သေဝိတဗ္ဗာ၊ မမှီဝဲအပ်ကုန်။ ဒက္ခိဏာ၊ ကခြင်းသီခြင်း၌ လိမ္မာကုန်သော။ ပမဒါ၊ မိန်းမတို့ကို။ နသေဝိတဗ္ဗာ၊ မမှီဝဲအပ်ကုန်။ ပရဿ၊ သူတစ်ပါး၏။ ဘရိယာ၊ မယားကို။ န သေဝိတဗ္ဗာ၊ မမှီဝဲအပ်ကုန်။ ယာ စ၊ အကြင်မိန်းမသည်ကား။ ဓနဿ၊ ဥစ္စာ၏။ ဟေတု၊ အကြောင်းကြောင့်။ ဘဇတိ၊ မိမိသို့ဆည်းကပ်၏။ သာ၊ ထိုမိန်းမကို။ အပရိဂ္ဂဟာပိ၊ သိမ်းဆည်းသောသူပင် မရှိသော်လည်း။ န သေဝိတဗ္ဗာ၊ မမှီဝဲအပ်။ ပဉ္စ၊ ငါးယောက်ကုန်သော။ ဧတာ ဣတ္ထိယော၊ ထိုမိန်းမတို့ကို။ န သေဝိတဗ္ဗာ၊ မမှီဝဲအပ်ကုန်။

အာနန္ဒာလင်းတမင်း၏ မိန်းမတရား

ဤသို့ ဟောသည်ရှိသော် လူများသည် ဘုရားလောင်း ကုဏာလငှက်မင်းအား ဪ... အံ့ဖွယ်ရှိစွ... ကောင်းစွာဟောပေ၏ဟု ကောင်းချီးပေးကြ၏။ ထိုဘုရားလောင်း ကုဏာလ ငှက်မင်းသည်လည်း ဤမျှသော အကြောင်းတို့ဖြင့် မိန်းမတို့၏ကျေးဇူးမဲ့ကို ဟောပြီးလျှင် ဆိတ်ဆိတ်နေတော်မူ၏။ ထိုကုဏာလငှက်မင်း၏ တရားစကားကို ကြား၍ အာနန္ဒလင်းတမင်းသည် အဆွေကုဏာလငှက်မင်း... ငါသည်လည်း ငါ၏ဉာဏ်စွမ်းဖြင့် မိန်းမတို့၏ ကျေးဇူးမဲ့ကို ဟောအံ့ဟု ဆို၍ မိန်းမတို့၏ ကျေးဇူးမဲ့စကားကို ပြောဆိုဖို့ရာအားထုတ်၏။ ထိုအကြောင်းကို ပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်

အထ ခလု ဘော အာနန္ဒော ဂိဇ္ဈရာဇာ- အစရှိသော တစ်ဆယ့်ငါးဂါထာတို့ကို ဟောတော်မူ၏။

ဘော၊ အိုရဟန်းအပေါင်းတို့။ အထ၊ ထိုအခါ၌။ ခလု၊ စင်စစ်။ အာနန္ဒော၊ အာနန္ဒာအမည်ရှိသော။ ဂိဇ္ဈရာဇာ၊ လင်းတမင်းသည်။ ကုဏာလဿ၊ ကုလအမည်ရှိသော။ သကုဏဿ၊ ငှက်မင်း၏။ အာဒိမဇ္ဈကထာ ပရိယောသာနံ၊ စကား၏ အစ, အလယ်, အဆုံးကို။ ဝိဒိတွာ၊ သိပြီး၍။ တာယံ ဝေလာယံ၊ ထိုအခါ၌။ ဣမာ ဂါထာ၊ ဤဂါထာတို့ကို။ အဘာသိ၊ ရွတ်၏။

ပုရိသော၊ ယောကျ်ားသည်။ သမ္မတာယ၊ မြတ်နိုးအပ်သော။ ဣတ္ထိယာ၊ မိန်းမအား။ ဓနေန၊ ဥစ္စာဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ပထဝိံ၊ ဤမြေကြီးကို။ စေဒဇ္ဇာပိ၊ အကယ်၍ ပေးသော်လည်း။ ခဏံ၊ အခွင့်ကို။ လဒ္ဓါ၊ ရသည်ရှိသော်။ တမ္ပိ၊ ထိုယောက်ျားကိုလည်း။ အတိမညေယျ၊ မထီမဲ့မြင်ပြုရာ၏။ အသတီနံ၊ သူယုတ်မာ ဖြစ်ကုန်သော။ တာသံ၊ ထိုမိန်းမတို့၏။ ဝသံ၊ နိုင်ငံသို့။ န ဂစ္ဆေ၊ မလိုက်ရာ။

စေပိ၊ အကယ်၍လည်း။ အလီနဝုတ္တိံ၊ မတွန့်တိုသော ဖြစ်ခြင်းရှိသည် ဖြစ်၍။ ဥဋ္ဌာဟကံ၊ လုံ့လပြုရာ၏။ ပိယံ၊ ချစ်အပ်သော။ မနာပံ၊ နှစ်လိုအပ်သော။ နံ ကောမာရဘတ္တာရံပိ၊ ထိုသတို့သားငယ်ဖြစ်သော လင်ကိုသော်လည်း။ အာဝါသု စ၊ ဘေးရန်တို့ကြောင့် လည်းကောင်း။ ကိစ္စေသု စ၊ ထိုထိုကိစ္စတို့ကြောင့်လည်းကောင်း။ ဇဟန္တိ၊ စွန့်တတ်ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ ငါသည်။ ဣတ္ထီနံ၊ မိန်းမအား။ န ဝိဿာသာမိ၊ အကျွမ်းဝင်။

ပေါသော၊ ယောက်ျားသည်။ အယံ၊ ဤမိန်းမသည်။ မံ၊ ငါ့ကို။ ဣစ္ဆတိ၊ အလိုရှိ၏။ ဣတိ၊ ဤသို့ထင်မှတ်၍။ န ဝိဿသေ၊ အကျွမ်းမဝင်ရာ။ မေ၊ ငါ၏။ သကသေ၊ အထံ၌။ ရောဒတိ၊ ကြင်နာ၏။ ဣတိ၊ ဤသို့။ န ဝိဿသေ၊ အကျွမ်းမဝင်ရာ။ ဧတာ၊ ထိုမိန်းမတို့သည်။ ပိယမပ္ပိယဉ္စ၊ ချစ်သောသူ မချစ်သောသူကိုလည်း။ သေဝန္တိ၊ မှီဝဲတတ်ကုန်၏။ နာဝါ၊ လှေသည်။ ဩရကုလံ၊ ဤမှာဘက်ကမ်းသို့လည်းကောင်း။ ပရဉ္စကုလံ၊ ထိုမှာဘက်ကမ်းသို့လည်းကောင်း။ နေတိ ယထာ၊ ပို့ဆောင် သကဲ့သို့တည်း။

အကျွမ်းမဝင်သင့် ၄-ပါး

သာခပုရာဏသန္ထတံ၊ ဟောင်းလေပြီးသော သစ်ခက်အခင်းကို။ န ဝိဿသေ၊ အကျွမ်းမဝင်ရာ။ မိတ္တပုရာဏစောရံ၊ အဆွေခင်ပွန်းဟောင်းဖြစ်သော ခိုးသူကို။ န ဝိဿ သေ၊ အကျွမ်း မဝင်ရာ။ ရာဇာနံ၊ မင်းကို။ မမ၊ ငါ၏။ သခါ၊ အဆွေခင်ပွန်းတည်း။ ဣတိ၊ ဤသို့။ န ဝိဿသေ၊ အကျွမ်းမဝင်ရာ။ ဒသန္နမာတရံ၊ သားတစ်ကျိပ်၏ အမိဖြစ်သော်လည်း။ ဣတ္ထိံ၊ မိန်းမကို။ န ဝိဿသေ၊ အကျွမ်းမဝင်ရာ။

ရာမကရာသု၊ လူမိုက်တို့၏ မွေ့လျော်ခြင်းကို ပြုတတ်ကုန်သော။ အစ္စန္တသီလာသု၊ လွန်ကျူး၍ ကျင့်လေ့ရှိကုန်သော။ အသညတာသု၊ ကိုယ်နှုတ်နှလုံးကို မစောင့်ကုန်သော။ နာရီသု၊ မိန်းမတို့၌။ န ဝိဿသေ၊ အကျွမ်းမဝင်ရာ။ ဘရိယာ၊ မယားသည်။ အစ္စန္တပေမာနုဂတာ၊ စင်စစ်လျှင် အတုလိုက်သော ချစ်ခြင်းရှိသည်။ အဿ၊ ဖြစ်ငြားအံ့။ န ဝိဿသေ၊ အကျွမ်းမဝင်ရာ။ ဟိ-သစ္စံ၊ မှန်၏။ နာရိယော၊ မိန်းမတို့သည်။ တိတ္ထသမာ၊ မြစ်ဆိပ်နှင့် တူကုန်၏။

ဣတ္ထိယော၊ မိန်းမတို့သည်။ သာမိကံ၊ လင်ကို။ ဟနေယျုံပိ၊ သတ်မူလည်း သတ်ကုန်၏။ ဆိန္ဒေယျုံပိ၊ ဖြတ်မူလည်း ဖြတ်ကုန်ရာ၏။ ဆေဒါပေယျုံပိ၊ ဖြတ်စေမူလည်း ဖြတ်စေကုန်ရာ၏။ ကဏ္ဌေပိ၊ လည်း၌လည်း။ ဆေတွာ၊ ဖြတ်၍။ ရုဟိရံ၊ သွေးကို။ ပိဝယျုံ၊ သောက်ကုန်ရာ၏။ ဒီနကာမာသု၊ ယုတ်မာသောအလိုရှိကုန်သော။ အသညတာ သု၊ မစောင့်စည်းကုန်သော။ ဂင်္ဂတိတ္ထူပမာသု၊ ဂင်္ဂါဆိပ်နှင့် တူကုန်သော။ နာရီသု၊ မိန်းမတို့၌။ ဘာဝံ၊ ချစ်ခြင်းကို။ မာ ကရေ၊ မပြုရာ။

မိန်းမသစ္စာ မုသားသာ

တာသံ၊ ထိုမိန်းမတို့အား။ မုသာ၊ မုသာဝါဒသည်။ သစ္စံ ယထာ၊ သစ္စာနှင့်တူ၏။ တာသံ၊ ထိုမိန်းမတို့၏။ သစ္စံ၊ သစ္စာသည်။ မုသာ ယထာ၊ မုသာဝါဒနှင့် တူ၏။ ဂါဝေါ၊ နွားတို့သည်။ တိဏဿ၊ မြက်၏။ ဗဟိ၊ အပ၌။ ဝရာဝရံ၊ ကောင်းနိုးရာရာကို။ ဩမသန္တ ဣဝ၊ ရှာစားကုန်သကဲ့သို့တည်း။

ဧတာ၊ ထိုမိန်းမတို့သည်။ ဂတေန၊ သွားခြင်းဟူသော။ နိမိတ္တေန စ၊ နိမိတ်ဖြင့်လည်းကောင်း။ ပေက္ခိတေန၊ ကြည့်ရှုခြင်းဟူသော။ နိမိတ္တေန စ၊ နိမိတ်ဖြင့်လည်းကောင်း။ မှိတေန၊ ပြုံးခြင်းဟူသော။ နိမိတ္တေနစ၊ နိမိတ်ဖြင့်လည်းကောင်း။ အထောပိ၊ ထိုမှတစ်ပါးလည်း။ ဒုန္နိဝတ္ထေနစ၊ မကောင်းသောဝတ်ခြင်းဖြင့်လည်းကောင်း။ မဉ္ဇုနာ ဘဏိတေန စ၊ သာယာစွာ ပြောဆိုခြင်းဖြင့်လည်းကောင်း။ ပလောဘေန္တိ၊ ဖြားယောင်းတတ်ကုန်၏။

ဟိ-သစ္စံ၊ မှန်၏။ ဧတာ၊ ထိုမိန်းမတို့သည်။ စောရိယော၊ ခိုးသူနှင့်တူကုန်၏။ ကထိနာ၊ ခက်ထန်သောစိတ် ရှိကုန်၏။ ဝါဠာ၊ ကြမ်းကြုတ်ကုန်၏။ တာ၊ ထိုမိန်းမတို့သည်။ လပသက္ခရာ၊ အကျိုးမဲ့ ပြောဆိုသဖြင့် သကာခဲကဲ့သို့ နှုတ်ဖြင့် ချိုသာကုန်သည်ဖြစ်၍။ ကိဉ္စိ၊ စိုးစဉ်းသော စိတ်အကြံအစည်ကို။ တာ၊ ထိုမိန်းမတို့သည်။ န ဇာနန္တိ၊ မသိနိုင်ကုန်။ မနုဿေသု၊ လူတို့၌။ ယံ ဝဉ္စနံ၊ အကြင် လှည့်ပတ်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ တံ ဝဉ္စနံ၊ ထိုလှည့်ပတ်ခြင်းကို။ န ဇာနန္တိ၊ မသိနိုင်ကုန်။

လောကေ၊ လောက၌။ ဣတ္ထိယော နာမ၊ မိန်းမတို့မည်သည်ကား။ အသာ၊ သတိမရှိသည်ဖြစ်၍ ယုတ်မာကုန်၏။ တာသံ၊ ထိုမိန်းမတို့အား။ ဝေလာ၊ အပိုင်းအခြားသည်။ န ဝိဇ္ဇတိ၊ မရှိ။ သာရတ္တာ စ၊ အခါခပ်သိမ်း တပ်စွန်းခြင်းနှင့်တကွ ဖြစ်ကုန်၏။ ပဂဗ္ဘာ စ၊ ကိုယ်နှုတ်နှလုံးလည်း ကြမ်းတမ်းကုန်၏။ သဗ္ဗဃသော၊ အလုံးစုံ ကောင်း မကောင်းကို စားတတ်သော။ သိခီ ယထာ၊ မီးနှင့်တူကြကုန်၏။

ထီနံ၊ မိန်းမတို့အား။ ပိယာ နာမ၊ ချစ်ခြင်းမည်သည်။ နတ္ထိ၊ မရှိ။ အပ္ပိယောပိ၊ မချစ်ခြင်းသည်လည်း။ န ဝိဇ္ဇတိ၊ မရှိ။ ဟိ-သစ္စံ၊ မှန်၏။ နာဝါ၊ လှေသည်။ ဩရကုလဉ္စ၊ ဤမှာဘက်ကမ်းကို လည်းကောင်း။ ပရဉ္စကုလံ၊ ထိုမှာဘက်ကမ်းကို လည်းကောင်း။ သေဝတိ ယထာ၊ မှီဝဲသကဲ့သို့။ တထာ၊ ထို့အတူ။ ဧတာ၊ ထိုမိန်းမတို့သည်။ ပိယဉ္စ၊ ချစ်သောယောက်ျားကို လည်းကောင်း။ အပ္ပိယဉ္စ၊ မချင်သောယောက်ျားကို လည်းကောင်း။ သေဝန္တိ၊ မှီဝဲတတ်ကုန်၏။

ထီနံ၊ မိန်းမတို့အား။ ပိယော နာမ၊ ချစ်ခြင်းမည်သည်။ န ဝိဇ္ဇတိ၊ မရှိ။ အပ္ပိယောပိ၊ မချစ်ခြင်းသည်လည်း။ န ဝိဇ္ဇတိ၊ မရှိ။ ဒုမနိဿိတာ၊ သစ်ပင်ကိုမှီသော။ လတာ၊ နွယ်သည်။ ဒုမံ၊ အလုံးစုံ ကောင်းမကောင်းဖြစ်သော သစ်ပင်အပေါင်းကို။ ပဝေဌတိ ဣဝ၊ ရစ်ပတ်၍ နွယ်သကဲ့သို့။ တထာ၊ ထို့အတူ။ ဓနတ္ထာ၊ ဥစ္စာဟူသော အကြောင်းကြောင့်။ ပဋိဝလ္လန္တိ၊ မှီဝဲရစ်ပတ်တတ်ကုန်၏။

မိန်းမတို့ကြိုက်တတ်ရာ

ဟတ္ထိဗန္ဓံ၊ ဆင်ထိန်းကိုလည်းကောင်း။ အဿဗန္ဓံ၊ မြင်းထိန်းကို လည်းကောင်း။ ဂေါပုရိသံ၊ နွားကျောင်းသားကို လည်းကောင်း။ ဆဝဍာဟကံ၊ သူကောင်ဖုတ်ဖြစ်သော။ စဏ္ဍာလဉ္စ၊ ဒွန်းစဏ္ဍားကို လည်းကောင်း။ ပုပ္ဖဆဍ္ဍကံ၊ မစင်ကျုံးသောသူကို လည်းကောင်း။ သဓနံ၊ ဥစ္စာရှိသော။ ပုရိသမဏ္ဍလံ၊ ယောက်ျားအပေါင်းကို။ နာရိယော၊ မိန်းမတို့သည်။ အနုပတန္တိ၊ အစဉ် လိုက်တတ်ကုန်၏။

နာရိယော၊ မိန်းမတို့သည်။ အကိဉ္စနံ၊ ဥစ္စာမရှိသော။ ကုလပုတ္တံ၊ အမျိုးကောင်းသားကိုလည်း။ ဇဟန္တိ၊ စွန့်တတ်ကုန်၏။ ဆဝကသမသဒိသံ၊ ခွေးသားကိုစားသော ဒွန်းစဏ္ဍားနှင့်တူသော။ သဓနံ၊ ဥစ္စာရှိသောသူကို။ ဓနဟေတု၊ ဥစ္စာဟူသောအကြောင်းကြောင့်။ ဂစ္ဆန္တိ-အနုပတန္တိ၊ အစဉ်လိုက်တတ်ကုန်၏။

နာရဒရသေ့၏ မိန်းမတရား

ဤသို့လျှင် အာနန္ဒာမည်သော လင်းတမင်းသည် မိမိဉာဏ်၌တည်၍ မိန်းမတို့၏ကျေးဇူးမဲ့ကို ဟောပြီးလျှင် ဆိတ်ဆိတ်နေ၏။

ထိုအာနန္ဒာ လင်းတမင်း တရားစကားကိုကြား၍ နာရဒရသေ့သည်လည်း မိမိဉာဏ်၌ တည်၍ ထိုမိန်းမတို့၏ ကျေးဇူးမဲ့ကို ဟော၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်- အထ ခလု ဘော နာရဒေါ- အစရှိသော တစ်ဆယ့်နှစ်ဂါထာတို့ကို ဟောတော်မူ၏။

ဘော၊ အို ရဟန်းအပေါင်းတို့။ အထ၊ ထိုအခါ၌။ ခလု၊ စင်စစ်။ ဒေဝဗြဟ္မာဏော၊ မြတ်သောပုဏ္ဏားဖြစ်သော။ နာရဒေါ၊ နာရဒရသေ့သည်။ အာနန္ဒဂိဇ္ဈရာဇဿ၊ အာနန္ဒာအမည်ရှိသော လင်းတမင်း၏။ အာဒိမဇ္ဈကထာ ပရိယောနံ၊ စကား၏ အစ, အလယ်, အဆုံးကို။ ဝိဒိတွာ၊ သိပြီး၍။ တာယံ ဝေလာယံ၊ ထိုအခါ၌။ ဣမာ ဂါထာ၊ ဤဂါထာတို့ကို။ အဘာသိ၊ ရွတ်၏။

မပြည့်နိုင်သော အရာများ

ဒိဇမ္ပတိ၊ ငှက်တကာတို့၏ မင်းဖြစ်သော ဥဩမင်းသည်။ ဘာသဘော၊ ဆိုလတ္တံ့သော။ မမ၊ ငါ၏။ ဝစနံ၊ စကားကို။ သုဏာထ၊ နာလင့်ကုန်။ သမုဒ္ဒေါ၊ မဟာသမုဒ္ဒရာလည်းကောင်း။ ဗြာဟ္မဏော၊ ပုဏ္ဏားလည်းကောင်း။ ရာဇာ၊ မင်းလည်းကောင်း။ ဣတ္ထီစာပိ၊ မိန်းမလည်းကောင်း။ ဣမေ စတ္တာရော၊ ဤလေးယောက်သော သူတို့သည်။ န ပူရေန္တိ၊ မပြည့်နိုင်ကုန်။

ယာကာစိ၊ အလုံးစုံကုန်သော။ ပထဝိဿိတာ၊ မြေကိုမှီကုန်သော။ သရိတာ၊ မြစ်တို့သည်။ သာဂရံ၊ သမုဒ္ဒရာသို့။ ယန္တိ၊ စီးဝင်ကုန်၏။ တာ၊ ထိုမြစ်တို့သည်။ သမုဒ္ဒံ၊ မဟာသမုဒ္ဒရာကို။ န ပူရေန္တိ၊ မပြည့်စေနိုင်ကုန်။ ဦနတ္တာဟိ၊ ယုတ်သည်၏အဖြစ်ကြောင့်လျှင်။ န ပူရတိ၊ မပြည့်နိုင်။

ဗြာဟ္မဏော စ၊ ပုဏ္ဏားသည်လည်း။ ပဉ္စမံ၊ ဣတိဟာသကျမ်းလျှင် ငါးခုမြောက်ဖြစ်သော။ ဝေဒမက္ခာနံ၊ ဗေဒင်လေးပုံကို။ အဓိယာန၊ သင်၍။ ဘိယျောပိ၊ လွန်စွာလည်း။ သုတံ၊ အကြားအမြင်ကို။ ဣစ္ဆေယျ၊ အလိုရှိရာ၏။ ဦနတ္တာဟိ၊ ယုတ်သည်၏ အဖြစ်ကြောင့်လျှင်။ န ပူရတိ၊ မပြည့်နိုင်။

ရာဇာ စ၊ မင်းသည်လည်း။ သသမုဒ္ဒါ၊ သမုဒ္ဒရာနှင့်တကွသော။ သပဗ္ဗတံ၊ စကြဝဠာတောင်နှင့်တကွသော။ အဇ္ဈာဝသံ၊ နေရာဖြစ်သော။ သဗ္ဗံ၊ အလုံးစုံသော။ ပထဝိံ၊ မြေကို။ ဝိဇိနိတွာပိ၊ အောင်မြင်ပြီးသော်လည်း။ အနန္တရတနောစိတံ၊ အထူးထူးများသော ရတနာတို့ဖြင့် ပြည့်သော။ ပါရံ သမုဒ္ဒံ၊ သမုဒ္ဒရာ၏ ကမ်းတစ်ဖက်ကို။ ပတ္ထေတိ၊ တောင့်တ၏။ ဦနတ္တာဟိ၊ ယုတ်သည်၏ အဖြစ်ကြောင့်လျှင်။ န ပူရတိ၊ မပြည့်နိုင်။

ဧကမေကာယ ဣတ္ထိယာ၊ တစ်ယောက် တစ်ယောက်သော မိန်းမအား။ သူရာ စ၊ ကာမ၌ အလွန်ရဲရင့်သည်လည်း ဖြစ်ကုန်သော။ ဗလဝန္တော စ၊ ကာမ၌ အားကြီးသည်လည်း ဖြစ်ကုန်သော။ သဗ္ဗကာမရသာဟရာ၊ အလုံးစုံသော ကာမအရသာကို ဆောင်နိုင်ကုန်သော။ အဋ္ဌဋ္ဌပတိနော၊ ရှစ်ယောက် ရှစ်ယောက်သော လင်တို့သည်။ သိယာ- သိယုံ၊ ရှိသည်ဖြစ်ကုန်ငြားအံ့။ နဝမေ၊ ကိုးယောက်မြောက်သောလင်၌။ ဆန္ဒံ၊ ဆန္ဒကို။ ကရေယျ၊ ပြုသည်သာတည်း။ ဦနတ္တာတိ၊ ယုတ်သည်၏ အဖြစ်ကြောင်းလျှင်။ န ပူရတိ၊ မပြည့်နိုင်။

သဗ္ဗတ္ထိယော၊ ခပ်သိမ်းသော မိန်းမတို့သည်။ သဗ္ဗဘက္ခာ၊ အလုံးစုံကို စားတတ်သော။ သိခီရိဝ၊ မီးနှင့်တူကုန်၏။ သဗ္ဗိတ္ထိယော၊ ခပ်သိမ်းသော မိန်းမတို့သည်။ သဗ္ဗဝါဟီ၊ အလုံးစုံကို မျှောတတ်သော။ နဒီရိဝ၊ မြစ်နှင့်တူကုန်၏။ သဗ္ဗိတ္ထိယော၊ ခပ်သိမ်းသော မိန်းမတို့သည်။ ကဏ္ဋကာနံဝ သာခါ၊ အဆူးရှိသောသစ်ခက်နှင့် တူကုန်၏။ သဗ္ဗတ္ထိယော၊ ခပ်သိမ်းကုန်သော မိန်းမတို့သည်။ ဓနဟေတု၊ ဥစ္စာဟူသော အကြောင်းကြောင့်။ ဝဇန္တိ၊ ယောကျ်ားတစ်ပါးသို့ ကပ်တတ်ကုန်၏။

ယော နရော၊ အကြင်ယောက်ျားသည်။ သဗ္ဗဘာဝံ၊ အလုံးစုံသောအလိုကို။ ပမဒါသု၊ မိန်းမတို့၌။ ဩဿဇေ၊ လွှတ်ငြားအံ့။ သော နရော၊ ထိုယောက်ျားသည်။ ဝါတံ၊ လေကို။ ဇာလေန၊ ကွန်ဖြင့်။ ပရာမသေ၊ ဖမ်းရာ၏။ သာဂရံ၊ မဟာသမုဒ္ဒရာကို။ ဧကပါဏိနာ၊ လက်တစ်ဖက်တည်းဖြင့်။ ဩသိဉ္စယျေ၊ သွန်ရာ၏။ သကေန ဟတ္တေန၊ မိမိလက်ဖြင့်။ ဃောသံ၊ အသံကို။ ကရေယျ၊ ပြုရာ၏။

ယာသု၊ အကြင်မိန်းမတို့၌။ သစ္စံ၊ မှန်သောစကားကို။ သုဒုလ္လဘံ၊ အလွန်ရခဲ၏။ စောရီနံ၊ ခိုးသူနှင့်တူကုန်သော။ ဗဟုဗုဒ္ဓီနံ၊ များသော ဥပါယ်တံမျဉ်ရှိကုန်သော။ ထီနံ၊ မိန်းမတို့၏။ ဘာဝေါ၊ အလိုကို။ ဒုရာဇာနော၊ သိနိုင်ခဲကုန်၏။ ဥဒကေ၊ ရေ၌။ မစ္ဆဿ၊ ငါး၏။ ဂတံ၊ သွားခြင်းကဲ့သို့တည်း။

အနလာ၊ သုံးပါးကုန်သော တရားတို့ဖြင့် တန်ပြီဟု မဆိုကုန်။ မုဒုသမ္ဘာသာ၊ နူးညံ့ချိုသာသော စကားရှိကုန်၏။ တာ၊ ထိုမိန်းမတို့သည်။ ဒုပ္ပူရာ၊ ကိလေသာဖြင့် ပြည့်နိုင်ခဲသည်ဖြစ်၍။ နဒီသမာ၊ မြစ်နှင့်တူကုန်၏။ ဣတ္ထိယာ၊ မိန်းမတို့သည်။ အပါယေသု၊ အပါယ်လေးပါးတို့၌။ သီဒန္တိ၊ နစ်တတ်ကုန်၏။ ဣတိ၊ ဤသို့။ ဝိဒိတွာန၊ သိ၍။ အာရကာ၊ ဝေးစွာ။ ပရိဝဇ္ဇယေ၊ ကြဉ်ရှောင်ရာ၏။

ဣတ္ထိယော၊ မိန်းမတို့သည်။ မဟာမာယာ၊ များစွာသော မာယာရှိကုန်သည်ဖြစ်၍။ အာဝဋ္ဋနီ၊ မျက်လှည့်သည်နှင့် တူကုန်၏။ ဗြဟ္မစရိယဝိကောပနာ၊ မြတ်သောအကျင့်ကို ဖျက်ဆီးတတ်ကုန်၏။ သီဒန္တိ၊ အပါယ်လေးပါး၌ နစ်တတ်ကုန်၏။ ဣတိ၊ ဤသို့။ ဝိဒိတွာန၊ သိ၍။ အာရကာ၊ ဝေးစွာ။ ပရိဝဇ္ဇယေ၊ ကြဉ်ရှောင်ရာ၏။

ဧတာ၊ ထိုမိန်းမတို့သည်။ ယံ၊ အကြင်ယောက်ျားကို။ ဆန္ဒသာဝါ၊ ချစ်မြတ်နိုးသောကြောင့် လည်းကောင်း။ ဓနေန ဝါ၊ ဥစ္စာကြောင့် လည်းကောင်း။ ဥပသေဝန္တိ၊ မှီဝဲတတ်ကုန်၏။ ဇာတဝေဒေါ၊ မီးသည်။ သဏ္ဌာနံ၊ မိမိတည်ရာကို။ ဒဟတိ ဣဝ၊ လောင်သကဲ့သို့။ တထာ၊ ထို့အတူ။ နံ၊ ထိုမိန်းမကို မှီဝဲသော ယောက်ျားကို။ ခိပ္ပံ၊ လျင်စွာ။ အနုဒဟန္တိ၊ လောင်တတ်ကုန်၏။

ကုဏာလဥဩမင်း၏ မိန်းမတရား

ဤသို့ နာရဒရသေ့သည် မိန်းမတို့၏ ကျေးဇူးမဲ့ကို ပြသည်ရှိသော် တစ်ဖန် ဘုရားလောင်း ကုဏာလငှက်မင်းသည် အထူးပြု၍ ထိုမိန်းမတို့၏ ကျေးဇူးမဲ့ကို ပြတော်မူ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်- အထ ခလု ကုဏာလော- အစရှိသော ဂါထာနှစ်ဆယ်တို့ကို ဟောတော်မူ၏။

ဘော၊ အို ရဟန်းအပေါင်းတို့။ အထ၊ ထိုအခါ၌။ ခလု၊ စင်စစ်။ ကုဏာလော၊ ကုဏာလ အမည်ရှိသော။ သကုဏာ၊ ငှက်မင်းသည်။ ဒေဝဗြာဟ္မဏဿ၊ မြတ်သော ပုဏ္ဏားဖြစ်သော။ နာရဒဿ၊ နာရဒရသေ့၏။ အာဒိမဇ္ဈကထာ ပရိယာသာနံ၊ စကား၏ အစ, အလယ်, အဆုံးကို။ ဝိဒိတွာန၊ သိပြီး၍။ တာယံ ဝေလာယံ၊ ထိုအခါ၌၊ ဣမာ ဂါထာယော၊ ဤဂါထာတို့ကို။ အဘာသိ၊ ဟော၏။

ပဏ္ဍိတော၊ ပညာရှိသောသူသည်။ နိသိတခဂ္ဂပါဏိနာအပိ၊ ထက်စွာ သွေးအပ်ပြီးသော သန်လျက်လက်စွဲသော သူနှင့်လည်းကောင်း။ ပိသာစဒေါသိနာအပိ၊ ဒေါသထွက်သော ဘီလူးနှင့်လည်းကောင်း။ သလ္လပေ၊ စကားပြောရာ၏။ ဥဂ္ဂတေဇံ၊ ထက်သော အဆိပ်ရှိသော။ ဥရဂံ၊ မြွေကိုသော်လည်း။ အာသိဒေ၊ ကိုင်ရာ၏။ ဧကောဧကာယ၊ တစ်ယောက်တည်းချင်း။ ပမဒါယ၊ မိန်းမနှင့်။ နာလပေ၊ ဆိတ်ကွယ်ရာ၌ စကားမပြောရာ။

မိန်းမတို့ လက်နက်များ

ဟိ သစ္စံ၊ မှန်၏။ နာရိယော၊ မိန်းမတို့သည်။ လောကစိတ္တမထနာ၊ လူတို့၏စိတ်ကို ညှဉ်းဆဲတတ်ကုန်၏။ နစ္စ ဂီတ ဘဏိတမှိတာဝုဓာ၊ ကခြင်း သီချင်း စကားပြောခြင်း ပြုံးရယ်ခြင်း လက်နက်ရှိကုန်သည်ဖြစ်၍။ တာ၊ ထိုမိန်းမတို့သည်။ အနုပဋိတသတိံ၊ မထင်သော သတိရှိသော ယောက်ျားကို။ ဗာဓယန္တိ၊ နှိပ်စက်တတ်ကုန်၏။ ဒီပေ၊ သမုဒ္ဒရာကျွန်းငယ်၌။ ရက္ခသိဂဏော၊ ရက္ခိုသ်ဘီလူးအပေါင်းသည်။ ဝါဏိဇေ၊ ကုန်သည်တို့ကို။ ခါဒန္တိ ဣဝ၊ စားကုန်သကဲ့သို့တည်း။

တာသံ၊ ထိုမိန်းမတို့အား။ ဝိနယော၊ ကောင်းသောအကျင့်သည်။ နတ္ထိ၊ မရှိ။ သံဝရော၊ စောင့်စည်းခြင်းသည်။ နတ္ထိ၊ မရှိ။ မဇ္ဇမံသာနိရတာ၊ သေအရက် ငါး, အမဲနှင့် မွေ့လျော်ကုန်၏။ အသညတာ၊ ကိုယ် နှုတ် နှလုံးကို မစောင့်ကုန်။ တာ၊ ထိုမိန်းမတို့သည်။ ပုရိသဿ၊ ယောက်ျားသည်။ ပါဘတံ၊ ဆင်းရဲစွာ ဆည်းပူးအပ်သော ဥစ္စာကို။ ဂိလန္တိ၊ ဖျက်ဆီးတတ်ကုန်၏။ တိမင်္ဂလော၊ တိမင်္ဂလအမည်ရှိသော ငါးကြီးသည်။ သာဂရေ၊ သမုဒ္ဒရာ၌။ မကရံ၊ မကရ်းကို။ ဂိလတိ ဣဝ၊ မျိုသကဲ့သို့တည်း။

ပဉ္စကာမဂုဏသာတဂေါစရာ၊ ငါးပါးကုန်သော ကာမဂုဏ်၌ သာယာခြင်း၏အာရုံဖြစ်ကုန်၏။ ဥဒ္ဓတာ၊ ထက်သောစိတ် ရှိကုန်၏။ အနိယတာ၊ မမြဲကုန်။ အသညတာ၊ မစောင့်စည်းကုန်။ ပမဒါ၊ မိန်းမတို့သည်။ ပမာဒီနံ၊ မေ့လျော့သော ယောကျ်ားတို့အား။ ဩသရန္တိ၊ အနီးသို့ ကပ်တတ်ကုန်၏။ အာပကာ၊ မြစ်တို့သည်။ လောဏတောယဝတိယံ၊ ဆားငန်ရေ အတိပြီးသော မဟာသမုဒ္ဒရာသို့။ ဩသရန္တိ ဣဝ၊ စီးဝင်ကုန်သကဲ့သို့တည်း။

မိန်းမကပ်ဆေး

နာရိယော၊ မိန်းမတို့သည်။ ဆန္ဒသာ ဝါ၊ ချစ်ခင်လေးမြတ်သဖြင့်လည်းကောင်း။ ရတိယာ ဝါ၊ ကာမဂုဏ်၌ မွေ့လျော်လိုသဖြင့်လည်းကောင်း။ ဓနေန ဝါ၊ ဥစ္စာဟူသော အကြောင်းကြောင့်လည်းကောင်း။ ယံ နရံ၊ အကြင်ယောက်ျားကို။ ဥပလပေန္တိ၊ ဖြားယောင်းတတ်ကုန်၏။ ရာဂဒေါသဝဓိယော၊ ရာဂ ဒေါသတို့ဖြင့် နှိပ်စက်တတ်ကုန်သော မိန်းမတို့သည်။ ဇာတဝေဒသဒိသံ၊ မီးကဲ့သို့ ထင်ရှားသော။ တာဒိသံ၊ ထိုသို့ သဘောရှိသော။ နံ-နရံပိ၊ ထိုယောက်ျားကိုလည်း။ ဒဟန္တိ၊ လောင်တတ်ကုန်၏။

အဍ္ဎံ၊ ကြွယ်ဝကုံလုံ ပြည့်စုံသော။ မဟဒ္ဓနံ၊ များသောဥစ္စာရှိသော။ ပုရိသံ၊ ယောက်ျားကို။ ဉတွာ၊ သိ၍။ သဓနံ၊ မိမိဥစ္စာကို။ ဒတွာ၊ ပေး၍။ သဟတ္တနာ၊ အတ္တဘောတည်းဟူသော ကိုယ်နှင့်တကွ။ ဩသရန္တိ၊ အနီးသို့ ကပ်တတ်ကုန်၏။ ရတ္တစိတ္တံ၊ တပ်စွန်းသော စိတ်ရှိသော။ နံ ပုရိသံ၊ ထိုယောက်ျားကို။ အတိဝေဌယန္တိ၊ အလွန် ရစ်ပတ်တတ်ကုန်၏။ ကာနနေ၊ တောကြီး၌။ မာလုဝလတာ၊ ပြိတ်နွယ်သည်။ သာလံ၊ အင်ကြင်း ပင်ကို။ အတိဝေဌသိ ဣဝ၊ ရစ်ပတ်သကဲ့သို့တည်း။

တာ၊ ထိုမိန်းမတို့သည်။ အလင်္ကတာ၊ တန်ဆာဆင်ကုန်သောကြောင့်။ စိတြဗိမ္ဗမုခိယော၊ ဆန်းကြယ်သော ကိုယ်မျက်နှာ ရှိကုန်သည်ဖြစ်၍။ ဝိဝိဓေန၊ အထူးထူးအပြားပြားသော။ ဆန္ဒသာ၊ အလိုဆန္ဒဖြင့်။ ဥပေန္တိ၊ ကပ်ကုန်၏။ နာရိယော၊ မိန်းမတို့သည်။ ဥဟသန္တိ၊ ပြင်းစွာရယ်ကုန်၏။ ပဟသန္တိ၊ ညှင်းညှင်းသာသာရယ်ကုန်၏။ သမ္ဗရောဣဝ၊ မျက်လှည့်သည် ရာဟုအသူရှိန်နှင့် တူကုန်၏။ သတမာယကောဝိဒါ၊ များသော မာယာ၌ လိမ္မာကုန်၏။

ဇာတရူပ မဏိမုတ္တဘူသိတာ၊ ရွှေ ပတ္တမြား ပုလဲတို့ဖြင့် တန်ဆာဆင်အပ်ကုန်သည် ဖြစ်၍။ ပတိကူလေသု၊ လင့်အိမ်တို့၌၊ သက္ကတာ၊ အရိုအသေပြုကုန်သော်လည်း။ နာရိယော၊ မိန်းမတို့သည်။ အရက္ခိတာ၊ မစောင့်ရှောက်အပ်ကုန်သည်ဖြစ်၍။ သာမိကံ၊ လင်ကို။ အတိစရန္တိ၊ လွန်ကျူးတတ်ကုန်၏။ ကိမိဝ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ ဟဒယန္တရဿိတာ၊ ဒါနောဘီလူး၏ဝမ်း၌ ထားအပ်သော မိန်းမသည်။ ဒါနဝံ၊ ဒါနောဘီလူးကို။ အတိစရတိ ဣဝ၊ လွန်ကျူး၍ ကျင့်သကဲ့သို့။ အတိစရန္တိ၊ လွန်ကျူး၍ ကျင့်ကုန်၏တည်း။

ဟိ-သစ္စံ၊ မှန်၏။ တေဇဝါ၊ တန်ခိုးကြီးသော။ ဝိစက္ခဏော၊ ပညာအဆင်ခြင်နှင့် ပြည့်စုံသော။ ဗဟုဇနဿ၊ များစွာသော သူသည်။ သက္ကတော၊ အရိုအသေပြုအပ်သော။ ပူဇိတော၊ ပူဇော်အပ်သော။ နရောပိ၊ ယောက်ျားသည်လည်း။ နာရီနံ၊ မိန်းမတို့၏။ ဝသံ၊ အလိုသို့။ ဂတော၊ လိုက်သည်ရှိသော်။ န သောဘတိ၊ မတင့်တယ်။ ကိမိဝ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ ရာဟုနာ၊ ရာဟု အသူရိန်သည်။ ဥပဟတော၊ ဖမ်းအပ်သော။ စန္ဒိမာ၊ လသည်။ န သောဘတိ ဣဝ၊ မတင့်တယ်သကဲ့သို့တည်း။

ကုပိတော၊ အမျက်ထွက်သော သူသည်။ ဒုဋ္ဌစိတ္တော၊ ပျက်စီးသော စိတ်ရှိသည်ဖြစ်၍။ ဒိသောဒိသံ၊ အရပ်ထက်ဝန်းကျင်မှ။ ဝသံ၊ မိမိနိုင်ငံသို့။ အာဂတံ၊ ရောက်လာသော။ အရိံ၊ ရန်သူကို။ ယံ ဗျသနံ၊ အကြင်ပျက်စီးခြင်းကို။ ကရေယျ၊ ပြုရာ၏။ တေနဘိယျောဗျသနံ၊ ထိုရန်သူပျက်စီးသောထက်။ နာရီနံ၊ မိန်းမတို့၏။ ဝသံ၊ နိုင်ငံသို့။ ဂတော၊ လိုက်သော။ အပေက္ခဝါ၊ တဏှာကိုငဲ့သောသူသည်။ ဘိယျော၊ လွန်စွာ။ ဗျသနံ၊ ပျက်စီးခြင်းသို့။ နိဂစ္ဆတိ၊ ရောက်၏။

ကေသလူနနခဆိန္နတဇ္ဇိတာ၊ ဆံကိုနုတ်ခြင်း, ခြေသည်း လက်သည်းတို့ဖြင့် ကုတ်ဖဲ့ခြင်းတို့ဖြင့် ခြိမ်းခြောက်ကုန်သည် ဖြစ်၍။ ပါဒပါဏိကသဒဏ္ဍတာဠိတာ၊ ခြေ လက် တတောင် ကြိုး လှံတံတို့ဖြင့် ပုတ်ခတ်ကုန်သော်လည်း။ နာရိယော၊ မိန်းမတို့သည်။ ဟီနမေဝ၊ အယုတ်ကိုသာလျှင်။ ဥပဂတာ၊ ကပ်တတ်ကုန်၏။ တာ၊ ထိုမိန်းမတို့သည်။ မက္ခိကာ၊ ယင်တို့သည်။ ကုဏပေ၊ အပုပ်၌။ ရမန္တိ ဣဝ၊ မွေ့လျပ်ကုန်သကဲ့သို့။ ဟီနေယေဝ၊ အယုတ်၌သာလျှင်။ ရမန္တိ၊ မွေ့လျော်တတ်ကုန်၏။

တာ၊ ထိုမိန်းမတို့သည်။ ကုလေသု ဝါ၊ လင့်အိမ်တို့၌လည်းကောင်း။ ဝိသိခန္တရေသုဝါ၊ ခရီးလမ်းမတို့၌လည်းကောင်း။ ရာဇဌာနီ နိဂမေသု ဝါ၊ မင်းနေပြည် ရွာနိဂုံးတို့၌လည်းကောင်း။ ပုန၊ တစ်ဖန်။ ဩဍ္ဍိတံ၊ ထောင်အပ်သော။ နမုစိပါသဝါကရံ၊ ကိလေသာမာရ်၌ ကျော့ကွင်းကုပ်ညွတ်ကို။ ဩဍ္ဍန္တိ၊ ထောင်ကုန်၏။ တံ၊ ထိုကျော့ကွင်းကုပ်ညွတ်ကို။ သုခတ္ထိကော၊ ချမ်းသာကို အလိုရှိသော။ စက္ခုမာ၊ ပညာမျက်စိနှင့် ပြည့်စုံသောသူသည်။ ပရိဝဇ္ဇေ၊ ကြဉ်ရှောင်ရာ၏။

ကုသလံ၊ ကုသိုလ်ဟုဆိုအပ်သော။ တပေါဂုဏံ၊ အကျင့်ဂုဏ်ကျေးဇူးကို။ ဩဿဇိတွာ၊ စွန့်၍။ ယော၊ အကြင်သူသည်။ အနရိယစရိယာနိ၊ ကာမဂုဏ်၌ မကောင်းသောအကျင့်တို့ကို။ စရိ၊ ကျင့်အံ့။ သော၊ ထိုသူကို။ ဒေဝတာဟိ၊ နတ်တို့သည်။ နိရယံ၊ ငရဲသို့။ နယိဿတိ၊ ဆောင်လတ္တံ့။ ဝါဏိဇော၊ ကုန်သည်သည်။ သတသဟဿဂ္ဃဘဏ္ဍံ၊ အဖိုးတစ်သိန်းထိုက်သော ဥစ္စာကို။ ဒတွာ၊ ပေး၍။ ဆေဒဂါမိမဏိယံ၊ စဉ်းကောက်ကို။ ဂဏှတိ ဣဝ၊ ယူသကဲ့သို့တည်း။

သော ဒုမ္မတီ၊ ထိုပညာနည်းသောသူသည်။ ဣဓ စ၊ ဤပစ္စုပ္ပန်လောက၌လည်း။ ဂဟရိတော၊ ကဲ့ရဲ့အပ်သည်ဖြစ်၍။ ပရတ္ထ စ၊ တမလွန်ဘဝ၌လည်း။ သကမ္မုနာ၊ မိမိပြုသော မကောင်းမှုသည်။ ဥပဟတော၊ ဖျက်ဆီးအပ်သည်ဖြစ်၍။ ဂဠာဂဠံ၊ လူ့ပြည် နတ်ပြည်မှ လျှောကျ၍။ အနိယတော၊ ရှည်မြင့်သော ကာလပတ်လုံး။ အပါယေသု၊ အပါယ်တို့၌။ ပစ္စိဿတိ၊ ကျက်ရလတ္တံ့။ ဒုဋ္ဌဂဒြဘရထော၊ မြင်းဆိုးမြင်းယုတ် က, သောရထားသည်။ ဥပ္ပထေ၊ ခရီးမဟုတ်သည်၌။ ဂစ္ဆတိ ဣဝ၊ သွားသကဲ့သို့တည်း။

တပ်မက်လွန်းသူ့ ငရဲ

သော၊ ထိုကာမဂုဏ်၌ မက်မောသောသူသည်။ ပတာပနံ၊ ပတာပန အမည်ရှိသော။ နိရယံ၊ ငရဲကြီးသို့။ ဥပေတိ၊ ရောက်ရ၏။ အာယသံ၊ သံဖြင့်ပြီးသော။ သတ္တိသိမ္ဗလိဝနဉ္စ၊ လှံသွားကဲ့သို့ ဆူးရှိသော လက်ပံတောသို့လည်း။ ဥပေတိ၊ ရောက်ရ၏။ တိရစ္ဆာနယောနိယံ၊ တိရစ္ဆာန်အမျိုး၌။ အာဝသိတွာန၊ ဖြစ်ပြီး၍။ ပေတရာဇဝိသယံ၊ ပြိတ္တာအသုရကာယ်မှ။ န မုစ္စတိ၊ မလွတ်။

ပမဒါ၊ မိန်းမတို့သည်။ ပမာဒီနံ၊ မေ့လျော့သော ယောက်ျားတို့အား။ နန္ဒနေ၊ နန္ဒဝန် ဥယျာဉ်၌။ ဒိဗျခိဍ္ဍရတိယော၊ နတ်ပြည်၌ဖြစ်သော မြူးထူးခြင်း မွေ့လျော်ခြင်းတို့ကိုလည်းကောင်း။ မာနုသေ၊ လူ့ပြည်၌။ စက္ကဝတ္တိစရိတဉ္စ၊ စကြဝတေးမင်း၏ စည်းစိမ်ချမ်းသာကို လည်းကောင်း။ နာသယန္တိ၊ ဖျက်ဆီးတတ်ကုန်၏။ နံ၊ ထိုမေ့လျော့သော ယောကျ်ားကို။ ဒုဂ္ဂတိဉ္စ၊ အပါယ်လေးပါးသို့လည်း။ ပဋိပါဒယန္တိ၊ ရောက်စေတတ်ကုန်၏။

ယေ ပုရိသာ၊ အကြင် ယောကျ်ားတို့သည်။ ပမဒါဟိ၊ မိန်းမတို့ဖြင့်။ အနတ္ထိကာ၊ အလိုမရှိကုန်သည်ဖြစ်၍။ ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ကို။ စရန္တိ၊ ကျင့်ကုန်၏။ တေဟိ ပုရိသေဟိ၊ ထိုယောက်ျားတို့သည်။ ဒိဗျခိဍ္ဍရတိယော၊ နတ်၌ဖြစ်သော မြူးထူးခြင်း မွေ့လျော်ခြင်းတို့ကို။ န ဒုလ္လဘာ၊ ရလွယ်ကုန်၏။ မနုဿေ၊ လူ့ပြည်၌။ စက္ကဝတ္တိစရိတဉ္စ၊ စကြဝတေးမင်း စည်းစိမ်ကိုလည်း။ န ဒုလ္လဘံ၊ ရလွယ်၏။ သောဝဏ္ဏဗျမှနိလယာ၊ ရွှေဗိမာန်၌ နေကုန်သော။ အစ္ဆရာ စ၊ နတ်သမီးတို့ကိုလည်း။ န ဒုလ္လဘာ၊ ရလွယ်ကုန်၏။

ယေ ပုရိသာ၊ အကြင် ယောက်ျားတို့သည်။ ပမဒါဟိ၊ မိန်းမတို့ကို။ အနတ္ထိကာ၊ အလိုမရှိကုန်သည် ဖြစ်၍။ ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ကို။ စရန္တိ၊ ကျင့်ကုန်၏။ တေဟိ ပုရိသေဟိ၊ ထိုယောက်ျားတို့သည်။ ကာမဓာတု သမတိက္ကမာ၊ ကာမဓာတ်ကို လွန်ခြင်းဟု ဆိုအပ်သော။ ယာ ဂတိ၊ အကြင်ဖြစ်ခြင်းကိုလည်းကောင်း။ ရူပဓာတုယာ၊ ရူပဘုံ၌။ ယော ဘာဝေါ၊ အကြင်ဖြစ်ခြင်းကိုလည်းကောင်း။ န ဒုလ္လဘော၊ ရခဲသည်မဟုတ်။ ဝီတရာဂဝိသယူပပတ္တိယာ၊ သုဒ္ဓါဝါသဘုံ၌ ဖြစ်ခြင်းငှာ။ န ဒုလ္လဘာ၊ ရခဲသည်မဟုတ်။ သုလဘာ ဧဝ၊ ရလွယ်သည်သာလျှင်တည်း။

ယေ ပုရိသာ၊ အကြင် ယောက်ျားတို့သည်။ ပမဒါဟိ၊ မိန်းမတို့ကို။ အနတ္ထိကာ၊ အလိုမရှိကုန်သည် ဖြစ်၍။ ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ကို။ စရန္တိ၊ ကျင့်ကုန်၏။ နိဗ္ဗုတေဟိ၊ ကိလေသာတို့မှ ငြိမ်းကုန်ပြီးသော။ သုစီဟိ၊ ကိလေသာတို့မှ စင်ကြယ်ကုန်ပြီးသော။ တေဟိ ပုရိသေဟိ၊ ထိုယောကျ်ားတို့သည်။ သဗ္ဗဒုက္ခာ၊ ခပ်သိမ်းသော ဆင်းရဲအပေါင်းမှ။ သမတိက္ကမံ၊ လွန်ရာဖြစ်သော။ သိဝံ၊ ငြိမ်သက်ခြင်းကိုပြုတတ်သော။ အစ္စန္တံ၊ စင်စစ်။ အစလိတံ၊ ကိလေသာတို့ဖြင့် တုန်လှုပ်ခြင်း မရှိသော။ အသင်္ခတံ၊ ကံ စိတ် ဥတု အာဟာရတည်း ဟူသော အကြောင်းတရား လေးပါးတို့သည် မပြုပြင်အပ်သော။ နိဗ္ဗာနံပိ၊ နိဗ္ဗာန်ကိုသော်လည်း။ န ဒုလ္လဘံ၊ ရခဲသည်မဟုတ်။ သုလဘံ ဧဝ၊ ရလွယ်သည်သာလျှင်တည်း။

ဤသို့လျှင် ဘုရားလောင်း ကုဏာလငှက်မင်းသည် အမြိုက်နိဗ္ဗာန်သို့ ရောက်စေသဖြင့် ဓမ္မဒေသနာတော်ကို ပြီးစေတော်မူ၏။ ဟိမဝန္တာအရပ်၌ နေကုန်သော ကိန္နရာ နဂါးအစရှိသည်တို့သည်လည်းကောင်း, ကောင်းကင်၌ တည်ကုန်သော နတ်တို့သည်လည်းကောင်း ဪ... အံ့ဖွယ်ရှိစွ၊ သဗ္ဗညူဘုရားရှင်၏ တင့်တယ်စံပယ်ခြင်းဖြင့် ဟောပေ၏ဟု ချီးမွမ်းကုန်လျက် ကောင်းချီးပေးကြကုန်၏။ အာနန္ဒာအမည်ရှိသော လင်းတမင်းသည်လည်းကောင်း, နာရဒရသေ့သည်လည်းကောင်း ပုဏ္ဏမုခအမည်ရှိသော ဖုဿဥဩသည်လည်းကောင်း မိမိ မိမိတို့၏ ပရိသတ်တို့ကိုယူ၍ မိမိတို့နေရာ အရပ်သို့သာလျှင် သွားကြကုန်၏။ ဘုရားလောင်း ကုဏာလ ငှက်မင်းသည် မိမိနေရာအရပ်သို့ သွားလေ၏။ အာနန္ဒာ မည်သော လင်းတမင်း, နာရဒရသေ့, ပုဏ္ဏမုခ ဥဩတို့သည်ကား ကြိုးကြား ကြိုးကြား လာလတ်ကုန်၍ ဘုရားလောင်း ကုဏာလငှက်မင်းထံ၌ အဆု့းအမကိုယူ၍ ထိုအဆုံးအမ၌ တည်ကုန်၍လျှင် နတ်ပြည်သို့ လားကြကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီး၍ ဇာတ်ကို ပေါင်းပြန်တော်မူလိုရကား-

ကုဏာလောဟံ တဒါ အာသိံ ဥဒါယီ ဖုဿကောကိလော။
အာနန္ဒော ဂိဇ္ဈရာဇာသိ၊ သာရိပုတ္တော စ နာရဒေါ။
ပရိသာ ဗုဒ္ဓပရိသာ၊ ဧဝံ ဓာရေထ ဇာကတံ။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဟောတော်မူ၏။

ဘိက္ခဝေ၊ ရဟန်းတို့။ ဧတရဟိ၊ ယခုအခါ၌။ အဟံ၊ ငါသည်။ တဒါ၊ ထိုအခါ၌။ ကုဏာလော၊ ကုဏာလငှက်မင်းသည်။ အာသိံ၊ ဖြစ်ဖူးပြီ။ ဧတရဟိ၊ ယခုအခါ၌။ ဥဒါယီ၊ ဥဒါယီသည်။ တဒါ။ ထိုအခါ၌။ ဖုဿကောကိလော၊ ပုဏ္ဏမုခအမည်ရှိသော ဖုဿဥဩသည်။ အသိ၊ ဖြစ်ဖူးပြီ။ ဧတရဟိ၊ ယခုအခါ၌။ အာနန္ဒော၊ အာနန္ဒာသည်။ တဒါ၊ ထိုအခါ၌။ ဂိဇ္ဈရာဇာ၊ အာနန္ဒာအမည်ရှိသော လင်းတမင်းသည်။ အသိ၊ ဖြစ်ဖူးပြီ။ ဧတရတိ၊ ယခုအခါ၌။ သာရိပုတ္တော စ၊ သာရိပုတ္တရာသည်ကား။ တဒါ၊ ထိုအခါ၌။ နာရဒေါ၊ နာရဒရသေ့သည်။ အသိ၊ ဖြစ်ဖူးပြီ။ ဧတရဟိ၊ ယခုအခါ၌။ ဗုဒ္ဓပရိသာ၊ ဘုရားပရိသတ်တို့သည်။ တဒါ၊ ထိုအခါ၌။ ပရိသာ၊ ကုဏာလငှက်မင်း ပရိသတ်တို့သည်။ အဟေသုံ၊ ဖြစ်ဖူးကုန်ပြီ။ ဧဝံ၊ ဤသို့။ ဇာတကံ၊ ဇာတ်ပေါင်းခြင်းကို။ ဓာရေထ၊ မှတ်လေကုန်။

ထိုငါးရာကုန်သော သာကီဝင်မင်းသားတို့သည်ကား သွားသောအခါ မြတ်စွာဘုရား အာနုဘော်တော်ဖြင့် သွားကုန်၍ လာသောအခါ၌ကား မိမိ မိမိတို့၏ အာနုဘော်ဖြင့်သာလျှင် လာကြကုန်၏။ ထိုငါးရာကုန်သော သာကီဝင် မင်းသား ရဟန်းတို့အား သဗ္ဗညူမြတ်စွာဘုရားသည် မဟာဝုန်တော၌ ကမ္မဋ္ဌာန်းကို ဟောတော်မူ၏။ အလုံးစုံသော ရဟန်းတို့သည်လည်း ထိုနေ့၌ပင်လျှင် အရဟတ္တဖိုလ်သို့ ရောက်ကြကုန်၏။ များစွာသော နတ်တို့၏ အစည်းအဝေးသည် ဖြစ်၏။ ထိုများစွာသော နတ်တို့ အစည်းအဝေး၌ မြတ်စွာဘုရားသည် မဟာသမယသုတ်ကို ဟောတော်မူ၏။

မိန်းမတို့မှာ၊ ပြစ်များစွာ၊ သိကာ ချမ်းသာရ

လေးခုမြောက်ဖြစ်သော မဟာကုဏာလဇာတ်သည်ပြီး၏။

*****