သုဝဏ္ဏသာမဇာတ်တော်ကြီး
by ဦးပညာတိက္ခ
ဇာတ်နိဒါန်း
3965သုဝဏ္ဏသာမဇာတ်တော်ကြီး — ဇာတ်နိဒါန်းဦးပညာတိက္ခ

မဟာကရုဏာ, မေတ္တာတော်တည်းဟူသော မိုးတိမ်တိုက်တစ်ခဲနက် စကြဝဠာကုဋေ ၁-သိန်းလုံး ဖုံးအုပ်သွန်းဖျန်း ရွှင်လန်းငြိမ်းဆေး ပေးတော်မူလျက် ဇမ္ဗူကျွန်းသူ ဗိုလ်လူအပေါင်း သောင်းတိုက်နတ်ဗြဟ္မာတို့အား အမြိုက်ချိုအေး တိုက်ကျွေးနှစ်လို့ အောင်မြို့ငြိမ်းရာ ပြည်သာနိဗ္ဗူ တင်ယူပို့ဆောင် အောင်သူများသခင် သာကီဝင်မင်းတို့အထွတ်ဖြစ်သော မြတ်စွာဘုရားသည် ၈-ပါးသောပရိသတ်တို့၏ ကျင့်ဝတ်ယူရာ သာဝတ္ထိပြည်ကြီး၏ အနောက်တောင်ဝယ် ရန်အောင်ခိုက်ဖွားသော ဇေတဝန်မင်းသား၏ဥယျာဉ်ကို ရန်စင်ကင်းဝေးသော သူဌေးကြီးအနာထပိဏ်သည် ရွှေအချိန် ၁၈-ကုဋေဖြင့်ဝယ်၍ ရန်စွယ်အဆိပ်အတောက် ဖျောက်ချေပယ်နုတ် ဝိမုတ်ငြိမ်းအေး ရှေးရှေးသောဘုရားအဆူဆူ အောင်သူတကာတို့၏ အောင်ရာဘိသိက် ဗျာဒိတ်အောင်ပွဲခံရာ မြေအချက်တွင် နှစ်သက်ဝမ်းမြောက် ဆောက်လှူအပ်သော နှံ့စပ်ကျော်ဝှန် ဇေတဝန်အောင်ထီး ရွှေကျောင်းကြီး၌ ၄-ပါးသော ဣရိယာပုထ်တို့ဖြင့် နေတော်မူသောအခါ အမိအဖကိုကျွေးမွေးသော တစ်ယောက်သောရဟန်းကို အကြောင်းပြု၍ “ကောနု မံ ဥသုနာ ဝိဇ္ဈိ” အစရှိသောဂါထာတို့ဖြင့် တန်ဆာခြယ်စီလျက် ဤ သုဝဏ္ဏသာမဇာတ်တော်ကို ဟောတော်မူပေ၏။

အဘယ်သို့ အကြောင်းဖြစ်သနည်းဟူမူကား သာဝတ္ထိပြည်၌ ၁၈-ကုဋေ ဥစ္စာရှိသော တစ်ယောက်သောသူဌေးမျိုးအား တစ်ယောက်တည်းသောသား ရှိသည်ဖြစ်သတတ်။ ထို တစ်ယောက်တည်းသောသားကို အမိ, အဖတို့သည် အလွန် ချစ်နှစ်လိုကုန်၏။ ထိုသူဌေးသားသည် တစ်နေ့သောနေ့၌ မြတ်သောပြာဿဒ်ထက်နေလျက် “သီဟပဉ္ဇရ” ဟုဆိုအပ်သော ခြင်္သေ့ခံသော မြတ်သောလေသာနန်းတံခါးကိုဖွင့်၍ ခရီးမကိုကြည့်သည်ရှိသော်၊ ပန်းနံ့သာအစရှိသော ဒါနဝတ္ထုတို့ကို လက်ဖြင့်ကိုင်ကုန်လျက် တရားတော်ကိုနာအံ့သောငှာ ဇေတဝန်ကျောင်းတော်သို့သွားသော များစွာသောလူအပေါင်းတို့ကို မြင်လေ၏။

ထိုသို့မြင်လေသည်ရှိသော် “ငါသည်လည်း တရားတော်ကို နာပါအံ့”ဟူ၍ ပန်း, နံ့သာအစရှိသော ဒါနဝတ္ထုတို့ကိုယူစေ၍ ဇေတဝန်ကျောင်းတော်သို့သွားလေ၍၊ ပုဆိုး, ဆေး, အဖျော် အစရှိသော အလှူဝတ္ထုကို ရဟန်းသံဃာတော်တို့အား လှူစေ၏။ မြတ်စွာဘုရားကို ပန်းနံ့သာအစရှိသည်တို့ဖြင့်ပူဇော်၍ တင့်အပ်သောအရပ်၌နေလျက် တရားတော်ကိုနာ၍ ကာမဂုဏ်အပြစ်ကိုလည်းကောင်း၊ ရဟန်းအဖြစ်၌ အကျိုးကိုလည်းကောင်း မှတ်၍ ပရိသတ်တို့ထပြီးသော် မြတ်စွာဘုရားကို ၅-ပါးသောရှိခိုးခြင်းတို့ဖြင့် ရိုသေစွာရှိခိုး၍ ရဟန်းအဖြစ်ကို တောင်းပန်၏။

မြတ်စွာဘုရားသည်လည်း “အမျိုးသား။ အမိ,အဖတို့ ခွင့်မပြုသောသားကို ဘုရားမြတ်စွာတို့သည် ရဟန်းမပြုကုန်”ဟု မိန့်တော်မူ၏။

သူဌေးသားသည် ထိုစကားကိုကြားလျှင် မြတ်စွာဘုရားကို ရိုသေစွာရှိခိုးပူဇော်ခဲ့ပြီးလျှင် အိမ်သို့တစ်ဖန် ပြန်သွားလေ၍ အမိ,အဖတို့အား ရိုသေစွာရှိခိုးလျက် “အို၊ မိခင်, ဖခင်တို့။ အကျွန်ုပ်သည် မြတ်စွာဘုရား၏အထံတော်၌ ရဟန်းပြုပါအံ့”ဟု ဆို၏။

ထိုသို့ ဆိုသောအခါ သူဌေးသား၏ မိခင်,ဖခင်တို့သည် သူဌေးသား၏စကားကိုကြားလျှင် တစ်ယောက်တည်းသောသား၏အဖြစ်ဖြင့် နှလုံး ၇-စိတ် ကွဲအံ့သကဲ့သို့ သား၌ချစ်ခြင်းဖြင့် ကိုယ်အလုံးတုန်လှုပ်လျက် ဤသို့ဆိုကုန်၏။

“ဪ၊ ချစ်လှစွာသော သား။ ဪ၊ အမျိုး၏အညွန့်ဖြစ်သော သား။ ဪ၊ မျက်စိနှင့်တူသောသား။ ဪ၊ အသက်နှင့်တူသော သား။ သင်ချစ်သားနှင့်ကင်း၍ အဘယ်သို့လျှင် ငါတို့ အသက်ရှည်ကုန်အံ့။ သင်ချစ်သားနှင့် ငါတို့၏အသက်သည် စပ်၏။ ချစ်သား။ ငါတို့သည် အိုမင်းဆွေးမြည့်ခြင်းသို့ ရောက်ကုန်ပြီ။ အင်္ဂါကြီးငယ် ရင့်ခြင်းသို့ ရောက်ကုန်ပြီ။ သွားကျိုးခြင်း, ဆံဖြူခြင်း အစရှိသည်ဖြင့် ကြီးခြင်းသို့ ရောက်ကုန်ပြီ။ ချစ်သား၊ ငါတို့သည် ယနေ့လည်းကောင်း, နက်ဖြန်လည်းကောင်း, သန်ဘက်လည်းကောင်း သေခြင်းသို့ရောက်ကုန်အံ့။ ထို့ကြောင့် ချစ်သား ငါတို့ကို စွန့်၍မသွားပါလင့်။ ချစ်သား။ ရဟန်းအဖြစ်မည်သည်ကား အလွန်ပြုခဲလှစွာ၏။ အချမ်းကိုအလိုရှိသော် အပူကို ရတတ်၏။ အပူကိုအလိုရှိသော် အချမ်းကို ရတတ်၏။ ထို့ကြောင့် ချစ်သား ရဟန်းမပြုနှင့်”ဟု ဆိုကုန်၏။

သူဌေးသားသည်လည်း အမိ, အဖတို့ဆိုသော စကားကိုကြားလျှင် နှလုံးမသာခြင်းရှိသည်ဖြစ်၍ ချသောဦးခေါင်းရှိလျက် နောက်ဖီတကိုင် ကြံမှိုင်တွေဝေလျက် ၇-ရက်ပတ်လုံး အစာမစားဘဲ နေလေ၏။ ထိုသို့ အစာမစားဘဲနေသောအခါ သူဌေးသား၏အမိ,အဖတို့သည် “ငါတို့သားကို အကယ်၍ ခွင့်မပြုချေအံ့။ ဤအရပ်၌ပင် သေခြင်းသို့ ရောက်ခဲ့ရာ၏။ တစ်ဖန် ငါတို့သည် မမြင်ရကုန်ပြီ။ ရဟန်းပြုလတ်သော်မူကား တစ်ဖန် ငါတို့ မြင်ရကုန်အံ့”ဟုကြံ၍၊ “ချစ်သား။ ရဟန်းပြုစိမ့်သောငှာ ငါတို့ ခွင့်ပြုကုန်၏။ သင်ချစ်သားသည် ရဟန်းပြုလေတော့”ဟု ခွင့်ပြုကုန်၏။

သူဌေးသားသည် အမိ, အဖတို့စကားကိုကြားလျှင် အလွန်နှစ်သက်ဝမ်းမြောက်သော နှလုံးရှိသည်ဖြစ်၍ အမိ, အဖတို့ကိုရှိခိုး၍ ပန်ကြားခဲ့ပြီးလျှင်၊ ဇေတဝန်ကျောင်းတော်သို့သွားလေ၍ မြတ်စွာဘုရားကို ရိုသေစွာရှိခိုးပြီးလျှင် “အရှင်ဘုရား။ အကျွန်ုပ်ကို ရဟန်းပြုတော်မူပါ”ဟု ရဟန်းအဖြစ်ကိုတောင်းပန်၏။

မြတ်စွာဘုရားသည် တစ်ယောက်သောရဟန်းကို ခေါ်တော်မူ၍ “ချစ်သား။ ဤသူဌေးသားကို ရဟန်းပြုလေလော့”ဟု စေတော်မူ၏။ ထိုရဟန်းသည်လည်း “အရှင်ဘုရား။ ကောင်းပါပြီ”ဟု ဝန်ခံ၍ ထိုသူဌေးသားကို ရဟန်းပြုပေ၏။

ထိုသူဌေးသား ရဟန်းပြုသောအခါမှစ၍ ဆရာဥပဇ္ဈယ်တို့အား များသောလာဘ်သပ်ပကာတို့သည် ဖြစ်ကုန်၏။ ထို သူဌေးသားရဟန်းသည်လည်း ဆရာဥပဇ္ဈယ်တို့ကို နှစ်သက်စေလျက် ပဉ္စင်းအဖြစ်ကိုရပြီးသော် ၅-ဝါပတ်လုံး ပါတိမောက်ကိုသင်၍ “ငါသည် ဤအရပ်၌ ပြွမ်းလျက်နေ၏။ ထိုသို့နေခြင်းသည် ငါ့အားမလျောက်ပတ်”ဟု ဝိပဿနာဓုရကို ဖြည့်ခြင်းငှာ အလိုရှိသည်ဖြစ်၍ ဆရာဥပဇ္ဈာယ်အထံ၌ ကမ္မဋ္ဌာန်းကိုယူ၍ ဇေတဝန်ကျောင်းတော်မှထွက်လေ၍ တစ်ခုသောပစ္စန္တရစ်ရွာကို အမှီပြု၍ တောကျောင်း၌ နေလေ၏။

ထို သူဌေးသားရဟန်းသည် ထိုကျောင်း၌ ဝိပဿနာကိုပွားစေလျက် ၁၂-နှစ်ပတ်လုံး စေ့ဆော်လျက် လုံ့လပြုသော်လည်း မဂ်ကိုလည်းကောင်း, ဖိုလ်ကိုလည်းကောင်း ဖြစ်စိမ့်သောငှာ မတတ်နိုင်။

ထိုသို့ ကမ္မဋ္ဌာန်းစီးဖြန်း၍ ၁၂-နှစ်ပတ်လုံးနေသောအခါ ထို သူဌေးသားရဟန်း၏ အမိ,အဖတို့သည် သား ရဟန်းပြုသောအခါမှစ၍ သူဌေး ၂-ယောက်တို့သည် ဆင်းရဲခြင်းသို့ ရောက်ကုန်၏။ အကြင်သူတို့သည် ထိုသူဌေးတို့၏ လယ်ကိုလည်းကောင်း၊ ကုန်စလယ် သွယ်ခြင်းကိုလည်းကောင်း ယှဉ်စေကုန်၏။ ထိုအမှုကို ပြုကုန်သောသူတို့သည် “ဤသူဌေးမျိုး၌ သားသည်လည်းကောင်း, ညီသည်လည်းကောင်း မြီကို တောင်းခံယူအံ့သောသူမည်သည် မရှိပြီ”ဟု မိမိတို့၏လက်၌ရှိသော ဥစ္စာဘဏ္ဍာတို့ကိုယူ၍ အလိုအလျောက် ပြေးကြလေကုန်၏။ အိမ်၌နေကုန်သော အမှုကြီးငယ်ကိုလုပ်သော ကျွန်တို့သည်လည်း ရွှေ,ငွေ, အဝတ်, ပုဆိုး အစရှိသော ဥစ္စာတို့ကိုယူ၍ အလိုအလျောက် ပြေးကြလေကုန်၏။

နောက်အဖို့ဖြစ်သောကာလ၌ သူဌေး ၂-ယောက်တို့သည် အထီးကျန်ကုန်သည်ဖြစ်၍ ရေဆေးရန်ဖြစ်သော အိုးခွက်ကိုမျှလည်း မရသောကြောင့် အိမ်ကိုရောင်းရသဖြင့် အိမ်မရှိကြကုန်သည်ဖြစ်၍၊ အလွန်သနားဖွယ်ဖြင့် ပုဆိုးညစ်ကိုဝတ်၍ ခွက်လက်စွဲလျက် ထမင်းတောင်း၍ စားရအံ့သောငှာ သွားကြရကုန်၏။

ထိုအခါ ရဟန်းတစ်ပါးသည် ဇေတဝန်ကျောင်းတော်မှထွက်ခဲ့၍ သူဌေးသားရဟန်း၏ နေရာအရပ်သို့သွားလေ၏။ သူဌေးသားရဟန်းသည် ဇေတဝန်ကျောင်းတော်မှ ရောက်လာသောရဟန်းအား နေရာပေးခြင်း၊ သောက်ရေ သုံးဆောင်ရေ တည်ထားခြင်း အစရှိသော အာဂန္တုကဝတ်ကိုပြု၍ ချမ်းသာစွာနေစေပြီးသော် “အရှင်ဘုရား။ အဘယ်အရပ်မှ လာတော်မူသနည်း”ဟု မေး၏။ အာဂန္တုကရဟန်းသည်လည်း “သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှ လာခဲ့သည်”ဟု ဆိုပေ၏။

ထိုသို့သော အာဂန္တုကရဟန်း၏စကားကိုကြားလျှင် အလွန် နှစ်သက်ဝမ်းမြောက်သည်ဖြစ်၍ “အရှင်ဘုရား။ မြတ်စွာဘုရားအားလည်းကောင်း, ၈-ကျိပ်ကုန်သော မဟာသာဝကတို့အားလည်းကောင်း အနာရောဂါမရှိသည် ဖြစ်ပါ၏လော။ ဆွမ်း,သင်္ကန်းစသည် မျှတပါ၏လော”ဟု မေး၏။

ထိုသို့ သူဌေးသားရဟန်း မေးသောအခါ အာဂန္တုကရဟန်းသည်လည်း ဤသို့ ဆိုပေ၏။ “ငါ့ရှင်။ မြတ်စွာဘုရားမှစ၍ အဂ္ဂသာဝက, မဟာသာဝကတို့အား အနာရောဂါမရှိ၊ ခံ့ကျန်းသာယာ မာသည်ဖြစ်ကုန်၏”ဟု ဆိုလေသော်၊ အမိ အဖတို့အကြောင်းကို မေးမြန်းလို၍ “အသုကဿ ဘန္တေ သာဝတ္ထိယံ” စသောပါဌ်ကို ဆို၏။

အဓိပ္ပာယ်ကား

“အရှင်ဘုရား။ သာဝတ္ထိပြည်၌ ဤမည်သော သူဌေးမျိုးအား အနာရောဂါမရှိသည်ဖြစ်၍ ခံ့ကျန်းသာယာပါ၏လော”ဟု မိမိ၏ အမိအဖတို့အကြောင်းကို မေး၏။

“ငါ့ရှင်။ ထိုသူဌေးအမျိုး၏အကြောင်းကို မမေးလင့်”ဟု ဆို၏။

ထိုသို့ အာဂန္တုကရဟန်း ဆိုသောစကားကိုကြားလျှင် သူဌေးသားရဟန်းသည် “အရှင်ဘုရား။ အဘယ့်ကြောင့်နည်း”ဟု မေး၏။

“ငါ့ရှင်။ ထိုသူဌေးမျိုးအား တစ်ယောက်တည်းသောသား ရှိသတည်း။ ထိုသားသည် သာသနာတော်၌ ရဟန်းပြုလေသတတ်။ ထိုသူဌေးသား ရဟန်းပြုသောအခါမှစ၍ ထိုသူဌေးအမျိုးသည် ပြုန်းတီးခဲ့ကုန်၏။ ယခုမူကား ထိုသူဌေး၂-ယောက်တို့သည် အထီးကျန်ကုန်သည်ဖြစ်၍ ကိုးကွယ်ရာမရ အလွန်သနားဖွယ်သောအဖြစ်သို့ ရောက်ကုန်၍ ခွက်လက်စွဲလျက် ထမင်းတောင်း၍စားရအံ့သောငှာ သွားကြကုန်သည်”ဟု ဆိုလေ၏။

ထိုသို့ပြောဆိုသော အာဂန္တုကရဟန်း၏ စကားကိုကြားလျှင် သူဌေးသားရဟန်းသည် မိမိကိုယ်၏အဖြစ်ဖြင့် တည်စိမ့်သောငှာ မတတ်နိုင်သည်ဖြစ်၍ ငိုကြွေးမြည်တမ်း၏။

“ငါ့ရှင်။ အဘယ့်ကြောင့် ငိုသနည်း”ဟု မေး၏။

“အရှင်ဘုရား။ ထိုသူဌေးဆင်းရဲတို့သည် အကျွန်ုပ်၏ အမိ အဖတို့တည်း။ အကျွန်ုပ်သည် ထိုသူဌေးဆင်းရဲတို့၏ သားပင်တည်း”ဟုဆို၏။

“ထိုသို့တပြီးကား ငါ့ရှင့။ သင်၏ မိခင်,ဖခင်တို့သည် သင့်ကိုမှီ၍ ကြီးစွာသောပျက်စီးခြင်းသို့ ရောက်ကုန်၏။ ငါ့ရှင် သွားချေ။ ထိုအမိ,အဖတို့ကို လုပ်ကျွေးချေလော့”ဟု ဆိုပေ၏။

ထို သူဌေးသားရဟန်းသည် ဤသို့ကြံ၏။ “ငါသည် ၁၂-နှစ်ကာလပတ်လုံး စေ့ဆော်လျက် လုံ့လပြုသော်လည်း မဂ်ကိုလည်းကောင်း, ဖိုလ်ကိုလည်းကောင်း ဖြစ်စိမ့်သောငှာ မတတ်နိုင်။ မကျွတ်ထိုက်သည် ဖြစ်လတ္တံ့သတည်း။ ထို့ကြောင့် ငါ့အား ရဟန်းအဖြစ်ဖြင့် အဘယ်အကျိုးရှိအံ့နည်း။ လူထွက်ပြီးလျှင် အမိ, အဖတို့ကိုမွေး၍ အလှူပေးခြင်း, သီလဆောက်တည်ခြင်းကိုပြု၍ နတ်ပြည်သို့လားရသည် ဖြစ်လတ္တံ့သတည်း” ဟု ကြံ၍၊ တောကျောင်းကို ထိုဧည့်သည်ဖြစ်သောရဟန်းအား အပ်နှင်းခဲ့၍၊ မိုးသောက်သောနေ့၌ တောကျောင်းမှထွက်ခဲ့၍ အစဉ်သဖြင့်သွားလေသည်ရှိသော် သာဝတ္ထိပြည်၏အနီး ဇေတဝန်ကျောင်းတော်နောက်သို့ ရောက်လေ၏။

ဇေတဝန်ကျောင်းတော်နောက်၌ ၂-ကြောင်းသောခရီးတို့သည် ရှိကုန်၏။ တစ်ကြောင်းသောခရီးကား ဇေတဝန်ကျောင်းတော်သို့ သွားလေ၏။ တစ်ကြောင်းသောခရီးကား သာဝတ္ထိပြည်သို့ သွားလေ၏။ သူဌေးသားရဟန်းသည် ထိုခရီးအကြား၌ရပ်လျက် ဤသို့ကြံ၏။ “ငါသည် ရှေးဦးစွာ အမိ အဖတို့ကို ဖူးမြင်ရအံ့လော။ ထိုသို့မဟုတ်မူကား အား၁၀-ပါးနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ရှေးဦးစွာ ဖူးမြင်ရအံ့လော”ဟု ကြံ၏။ ဤသို့ကြံပြီးလျှင် “ငါသည် အမိ,အဖတို့ကို အရှည်မြင်ရလတ္တံ့သတည်း။ ဤနေ့မှစ၍ ငါ့အား မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှာ အလွန် ရခဲလတ္တံ့သတည်း။ ထို့ကြောင့် ယနေ့ပင်လျှင် မြတ်စွာဘုရားကိုဖူးမြင်၍၊ တရားတော်ကိုနာ၍ နက်ဖြန်မှလျှင် အမိအဖတို့ကို ဖူးမြင်အံ့”ဟု သာဝတ္ထိပြည်သို့ သွားသောခရီးကိုစွန့်၍ ညချမ်းသောအခါ၌ ဇေတဝန်ကျောင်းတော်သို့ ရောက်လေ၏။

ထို့နေ့ မိုးသောက်သောအခါ၌ မြတ်စွာဘုရားသည် လောကကို ကြည့်ရှုတော်မူသည်ရှိသော် ဤသူဌေးသားရဟန်း၏ မဂ်ဖိုလ်ရအံ့သော ဥပနိဿယ”ကို မြင်တော်မူလေ၏။

ထိုအခါ မြတ်စွာဘုရားသည် ထိုသူဌေးသားရဟန်း လာသောအခါ၌ မာတုပေါသကသုတ်ဖြင့် အမိ,အဖတို့၏ဂုဏ်ကျေးဇူးကို ချီးမွမ်းတော်မူ၏။ ထိုသူဌေးသားရဟန်းသည်လည်း ပရိသတ်၏အဆုံး၌တည်၍ သာယာစွာသောတရားစကားကိုနာလျက် ဤသို့ကြံ၏။

“ငါသည်ကား လူထွက်၍ အမိ,အဖတို့အား လုပ်ကျွေးအံ့သောငှာ တတ်နိုင်၏ဟု မှတ်ဘိ၏။ မြတ်စွာဘုရားသည်ကား ရဟန်းပြု၍ပင်လျှင် အမိအဖတို့အား ကျေးဇူးဆပ်ရာဟု မိန့်တော်မူ၏။ ငါသည် အကယ်၍ မြတ်စွာဘုရားကို မဖူးမြင်မူ၍ သွားချေအံ့။ ဤသို့သဘောရှိသော သာသနာတော်၌ အလွန်ရခဲလှစွာသော ရဟန်းအဖြစ်မှ ယုတ်လေရာ၏။ ဤယခု ငါကား လူမထွက်မူ၍ ရဟန်းဖြစ်လျက်ပင်လျှင် အမိ, အဖတို့ကို လုပ်ကျွေးအံ့”ဟု ကြံ၏။

ထိုသို့ကြံပြီး၍ သူဌေးသားရဟန်းသည် မြတ်စွာဘုရားကို ရိုသေစွာရှိခိုးခဲ့ပြီးလျှင် ဇေတဝန်ကျောင်းတော်မှ ထွက်ခဲ့၍ သာဝတ္ထိပြည်သို့သွားပြီးလျှင်၊ စာရေးတံဖြစ်သော ယာဂုကိုလည်းကောင်း, စာရေးတံဖြစ်သော ဆွမ်းကိုလည်းကောင်း ဆောင်ယူခဲ့၍ ၁၂-နှစ်ပတ်လုံး တော၌နေသောရဟန်းသည် ပါရာဇိကရောက်သကဲ့သို့ဖြစ်၏။

ထို သူဌေးသားရဟန်းသည် နံနက်ကပင်လျှင် သာဝတ္ထိပြည်သို့ ဝင်လေ၏။

“ရှေးဦးစွာ ယာဂုကို ခံရအံ့လော၊ ထိုသို့မဟုတ်မူကား အမိ, အဖတို့အား ဖူးမြင်ရအံ့လော”ဟု ကြံ၏။ “ငါသည် အထီးကျန်သော အမိ, အဖတို့၏ထံသို့ လက်ချည်းသွားအံ့သောငှာ မသင့်ချေ” ဟုကြံ၍ စာရေးတံယာဂုကိုလည်းကောင်း, စာရေးတံဆွမ်းကိုလည်းကောင်း ခံပြီးလျှင်၊ ထိုအမိအဖတို့ အိမ်ဟောင်းတံခါးသို့ သွားလေ၏။

ထိုအခါ သူဌေးသားရဟန်း၏ အမိအဖတို့သည်လည်း ယာဂုထမင်းကိုခံပြီးလျှင် သူတစ်ပါးတို့အိမ်နံရံကို မှီ၍နေကုန်၏။ သူဌေးသားရဟန်းသည်လည်း အနီးသို့ကပ်၍ အထီးကျန်ကုန်သော အမိ,အဖတို့ကိုမြင်လေလျှင် ပြင်းစွာသောစိုးရိမ်ခြင်း ရှိသည်ဖြစ်၍ မျက်ရည်ဖြင့်ပြည့်သောမျက်စိတို့ဖြင့် အမိ,အဖတို့အနီး၌ ရပ်၏။ သူဌေး၂-ယောက်တို့သည်လည်း သားဖြစ်သောရဟန်းကိုမြင်၍ မသိကြကုန်။

ထိုအခါ သူဌေးသားရဟန်းအမိသည် “ဤရဟန်းကား ဆွမ်းအလို့ငှာ ငါတို့၏အထံ၌ ရပ်သည်ဖြစ်လတ္တံ့”ဟူသောအမှတ်ဖြင့်၊ “အရှင်ဘုရား။ အရှင်ဘုရားတို့အား လှူအပ်သည်နှင့်ယှဉ်သော ဝတ္ထုသည် ငါတို့အား မရှိကုန်။ ငါတို့သည် အလွန်ဆင်းရဲခြင်းသို့ ရောက်ကုန်၏။ အရှင်ဘုရား ကန်တော့ပါ၏”ဟု ဆို၏။

ထိုအခါ သူဌေးသားရဟန်းသည် အမိဆိုသောစကားကိုကြားလျှင် ကွဲအံ့သောနှလုံးဖြင့် စိုးရိမ်ခြင်းပြင်းစွာဖြစ်သည်ဖြစ်၍ မျက်ရည်တွေတွေ ခြေဖမိုးသို့ကျလျက် ရပ်၏။ ၂-ကြိမ်, ၃-ကြိမ်တိုင်အောင် အမိဆိုသော်လည်း မသွားမူ၍ ရပ်သည်သာတည်း။

ထိုသို့ ရပ်သောအခါ သူဌေးသားရဟန်း၏အဖသည် အမိကို ဆို၏။ “အဘယ်။ သွား၍ သိအောင်ပြုလော့။ ဤရဟန်းသည် ငါတို့သားပင် ဖြစ်လေသည်မသိ”ဟု ဆို၏။ အမိသည် ထ၍ကြည့်သည်ရှိသော် သား၏အဖြစ်ကိုသိ၍ သူရူးမကဲ့သို့ဖြစ်၍ သား၏ခြေရင်း၌ဝပ်လျက် ပြင်းစွာငိုကြွေး၏။ ထိုသို့ငိုကြွေးသောအသံကို ကြားလျှင် သူဌေးသား ရဟန်း၏အဖသည်လည်း သား၏ခြေကိုဖက်၍ အလွန်သနားဖွယ် ပြင်းစွာငိုကြွေး၏။

သူဌေးသားရဟန်းသည်လည်း အမိ,အဖတို့ ပြင်းစွာငိုကြွေးသည်ကိုသိ၍ မိမိကိုယ်၏အဖြစ်ဖြင့် တည်စိမ့်သောငှာ မတတ်နိုင်သည်ဖြစ်၍ မျက်ရည်တို့ဖြင့် ယိုစီး၏။ သူဌေးသားရဟန်းသည် ပြင်းစွာသောစိုးရိမ်ခြင်းသောကကို သည်းခံ၍- “အို၊ မိခင်ဖခင်တို့၊ မစိုးရိမ်ကြကုန်လင့်။ ငါသည် မိခင်ဖခင်တို့ကို မွေးအံ့”ဟု အမိ,အဖတို့ကို နှစ်သိမ့်စေဦး၍၊ ယာဂုကိုသောက်စေ၍ တင့်အပ်သောအရပ်၌နေစေပြီးလျှင်၊ ဆွမ်းအလို့ငှာသွား၍ ဆွမ်းကိုဆောင်ယူချေပြီးလျှင်၊ တစ်ဖန် အမိ,အဖတို့ကို စားစေ၏။ မိမိအလို့ငှာ ဆွမ်းခံသွား၍၊ ဆွမ်းရပြီးလျှင် အမိ, အဖအနီးသို့ချဉ်းကပ်၍ နောက်မှ စား၏။

ထိုသူဌေးသားရဟန်းသည် အမိ, အဖတို့ကို တွေ့သည်မှစ၍ ဤသို့သောနည်းဖြင့်လျှင် အမိအဖတို့ကို လုပ်ကျွေး၏။ လဆန်းပက္ခ လဆုတ်ပက္ခတို့၌ ရအပ်သောဆွမ်း အစရှိသည်တို့ကို အမိ, အဖတို့အား ပေး၏။ မိမိသည် ဆွမ်းခံ၍ ရသည်ရှိသော် စားရ၏။ မရသော် မစားရ။ ဝါဆိုဖို့ ပုဆိုးကိုလည်းကောင်း, ထိုမှတစ်ပါး အမှတ်မရှိ ရအပ်သော ပုဆိုးကိုလည်းကောင်း ရ၍ အမိ, အဖတို့အားသာလျှင် ပေး၏။ အမိ, အဖတို့ ဝတ်ရုံသုံးဆောင်လေပြီးသည်မှ ဟောင်းနွမ်းဆွေးရိသော ပုဆိုးကိုယူ၍ စပ်ပြီးလျှင် ဆိုးရည်တို့ဖြင့်ဆိုး၍ မိမိသည် သုံးဆောင်ရ၏။

ထိုသူဌေးသားရဟန်းသည် ဆွမ်းရသောနေ့ကား နည်းလှ၏၊ ဆွမ်းမရသောနေ့ကား များ၏။ ဝတ်ရုံသော သင်္ကန်းတို့ကား အလွန်ညစ်နွမ်းကုန်၏။ ထိုသူဌေးသားရဟန်းသည် အမိ, အဖတို့ကို လုပ်ကျွေးမွေးမြူရသောကြောင့်လျှင် နောက်အဖို့ဖြစ်သောကာလ၌ ကြုံပြ၍ ဖက်ရွက်ရော်အဆင်းကဲသို့ ဖျော့တော့လျက် အကြောပြိုင်းပြိုင်းထသောကိုယ် ရှိ၏။

ထိုအခါ သူဌေးသားရဟန်းကို အတူတကွ မြင်ဖူး, စားဖူးသောရဟန်းတို့သည် မေးကုန်၏။ “ငါ့ရှင် ရှေး၌ သင်၏အဆင်းသည် အလွန်တင့်တယ်၏။ ယခုမူကား သင် ကြုံလှီလှ၏တကား၊ ညစ်ညူးလှ၏တကား၊ ဖက်ရွက်ရော်အဆင်းကဲ့သို့ ဖျော့တော့ခြင်းရှိ၏တကား၊ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိ၏တကား။ သင့်အား အဘယ်ရောဂါ ရှိသနည်း”ဟု မေးကုန်၏။

“ငါ့ရှင်တို့။ ငါ့အား တစ်စုံတစ်ခုမျှ အနာရောဂါ မရှိ။ စင်စစ်သော်ကား ငါ့အား တစ်ခုသောကြောင့်ကြသည် ရှိ၏”ဟု ဆို၏။ ထိုအခါ သူဌေးသားရဟန်းကို တစ်ပါးသောရဟန်းတို့သည်- “ငါ့ရှင်။ သဒ္ဓါ၍လှူသောပစ္စည်းကို အဘယ့်ကြောင့် ဖျက်ဆီးလေသနည်း။ သင်သည် သဒ္ဓါ၍လှူသောပစ္စည်းကို လူတို့အားပေး၍ မအပ်သောအမှုကို အဘယ့်ကြောင့် ပြုဘိသနည်း”ဟု ဆိုကုန်၏။

ထိုသူဌေးသားရဟန်းသည် ထိုရဟန်းတို့စကားကိုကြားလျှင် အလွန်ရှက်သည်ဖြစ်၍ ဦးခေါင်းချလျက် ပုန်းလေ၏။ ထိုရဟန်းတို့သည် ဤမျှကဲ့ရဲခြင်းဖြင့်လည်း မရောင့်ရဲကုန်သည်ဖြစ်၍၊ မြတ်စွာဘုရားအထံတော်သို့ သွားကြလေ၍ မြတ်စွာဘုရားအား လျှောက်ကြလေကုန်၏။ “အရှင်ဘုရား။ ဤမည်သောရဟန်းသည် သဒ္ဓါ၍လှူသောပစ္စည်းကို ဖျက်ဆီး၍ လူတို့အား ပေး၏”ဟု လျှောက်ကုန်၏။

မြတ်စွာဘုရားသည် သူဌေးသားရဟန်းကို ခေါ်တော်မူ၍ သိတော်မူလျက်ပင် မေးတော်မူ၏။ “ချစ်သားရဟန်း။ သင်သည် သဒ္ဓါ၍လှူသောပစ္စည်းကို လူတို့အား ကျွေးမွေးသောဟူသည် မှန်၏လော”ဟု မေးတော်မူ၏။ သူဌေးသား ရဟန်းသည်လည်း “အရှင်ဘုရား။ မှန်ပေ၏”ဟု လျှောက်၏။

မြတ်စွာဘုရားသည် ထိုသူဌေးသားရဟန်း၏အပြုအမူကို ချီးမွမ်းတော်မူလိုသည်ဖြစ်၍၊ ကိုယ်တော်၏လည်း ရှေး၌ဖြစ်သောအကျင့်တော်ကို ထင်ရှားပြတော်မူလိုသည်ဖြစ်၍ “ချစ်သားရဟန်း။ လူတို့ကို ကျွေးမွေး၏ဟူသည်ကား အဘယ်မည်သောသူကို ကျွေးမွေးသနည်း”ဟု မေးတော်မူ၏။ “အရှင်ဘုရား။ အကျွန်ုပ်၏ အမိ, အဖတို့ကို ကျွေးမွေးပါသည်”ဟု လျှောက်၏။

မြတ်စွာဘုရားသည် ထိုသူဌေးသားရဟန်းအား အားထုတ်ခြင်းကိုဖြစ်စိမ့်သောငှာ “ချစ်သားရဟန်း၊ သာဓု, သာဓု, သာဓု၊ ကောင်းစွာ ကောင်းစွာ” ဟု ၃-ကြိမ် ကောင်းချီးပေးတော်မူ၍၊ “ချစ်သား။ သင်သည် ငါဘုရား၏ သွားသောခရီး၌ တည်သောသူပေတည်း။ ငါဘုရားသည်လည်း ရှေးသောအခါက အကျင့်ကိုကျင့်သည်ရှိသော် အမိ, အဖတို့ကို ကျွေးမွေးဖူး၏”ဟု မိန့်တော်မူ၏။ ထိုအခါ သူဌေးသားရဟန်းသည် သက်သာရာကို ရလေ၏။

မြတ်စွာဘုရားသည် ထိုရှေး၌ဖြစ်သောအကျင့်တော်ကို ထင်ရှားပြတော်မူအံ့သောငှာ ဆိတ်ဆိတ်နေတော်၏။ ထိုအခါ ရဟန်းတို့သည် “အရှင်ဘုရား။ သူဌေးသားရဟန်း၏ အမိအဖတို့ကို လုပ်ကျွေးမွေးမြူသည်ကို အကျွန်ုပ်တို့သိရပါကုန်ပြီ။ အရှင်ဘုရား၏ ရှေး၌ အမိအဖတို့အား ကျွေးမွေးသောအကြောင်းကို ဟောတော်မူပါ”ဟု လျှောက်ကြကုန်၏။

ထိုသို့ လျှောက်ထားတောင်းပန်သောအခါ မြတ်စွာဘုရားသည် လွန်လေပြီးသောအကြောင်းကို ဆောင်တော်မူ၏။