သုဝဏ္ဏသာမဇာတ်တော်ကြီး
by ဦးပညာတိက္ခ
၁။ ဒုကူလ, ပါရိကာတို့ ဖွားမြင်ခန်း
3969သုဝဏ္ဏသာမဇာတ်တော်ကြီး — ၁။ ဒုကူလ, ပါရိကာတို့ ဖွားမြင်ခန်းဦးပညာတိက္ခ

သံသရာဘေးကို ရှုလေ့ရှိကုန်သော ချစ်သားရဟန်းများတို့။ ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်မှ မနီးမဝေးသောအရပ်၌ အမွန်ရှည်သော တစ်ခုသောမြစ်သည် ရှိ၏။ ထိုမြစ်၏ ဤမှာဘက်ကမ်းနား၌ နေသာဒဂါမဟုဆိုအပ်သော တစ်ခုသောတံငါရွာသည် ရှိ၏။ ထိုမှာဘက်ကမ်းနား၌လည်း တစ်ခုသောတံငါရွာသည် ရှိ၏။ တစ်ရွာ တစ်ရွာ၌လည်း ၅၀၀, ၅၀၀-သော တံငါမျိုးတို့သည် နေကြကုန်၏။

ထို ၂-ရွာတို့၌လည်း တံငါကြီး ၂-ယောက်တို့သည် ရှိကုန်၏။ အဆွေခင်ပွန်းပြု၍ နေကြကုန်၏။ ထိုတံငါကြီး ၂-ယောက်တို့သည် ငယ်သောအခါကပင်လျှင် ကတိကဝတ်ကို ပြုကြကုန်၏။ “အဆွေ။ ငါတို့သည် တစ်ယောက်သောသူအား သားမိန်းမ ရှိသည်ဖြစ်အံ့။ တစ်ယောက်သောသူအား သားယောက်ျားရှိသည်ဖြစ်အံ့။ ထိုသားသမီးတို့အား ထိမ်းမြားခြင်းမင်္ဂလာကို ပြုကြကုန်အံ့”ဟု ကတိကဝတ်ကိုပြုပြီးသော်၊ ထိုသို့ ကတိကဝတ်ကိုပြုပြီးသောကာလ၌ ဤမှာဘက်၌ရွာသူကြီးအား သားယောက်ျား ဖွား၏။ ထိုသတို့သား ဖွားသောခဏ၌ ဘွဲ့ဖြူပုဆိုးဖြင့် ခံ၏။ ထိုသတို့သားအား အမည်မှည့်သည်ရှိသော် ဘွဲ့ဖြူပုဆိုးဖြင့်ခံသောကြောင့် “ဒုကူလ”သတို့သား ဟူသောအမည်ကို မှည့်ကုန်၏။

ဤမှာဘက်မှတစ်ပါး ရွာသူကြီးအိမ်၌ သမီးမိန်းမဖွားလေ၏။ ထိုသတို့သမီးအား ထိုမှာဘက်၌ဖွားသောကြောင့် “ပါရိကာ” ဟူသောအမည်ကို မှည့်ကုန်၏။ ထို ၂-ယောက်သော ဒုကူလ, ပါရိကာတို့သည် အလွန်အဆင်းလှကုန်၏။ ကြည်ညိုဖွယ် ရှိကုန်၏။ ရွှေအဆင်းနှင့်တူသော အဆင်းရှိကုန်၏။ ထို၂-ယောက်ကုန်သော ဒုကူလ, ပါရိကာတို့သည် တံငါမျိုး၌ဖြစ်သော်လည်း အသက်သတ်ခြင်း အစရှိသောအကုသိုလ်ဒုစရိုက်ကို မပြုကုန်။

နောက်အဖို့ဖြစ်သောကာလ၌ ၁၆-နှစ်အရွယ်ရောက်သော ဒုကူလသတို့သားကို အမိအဖတို့သည် “ချစ်သားဒုကူလ။ ငါတို့အဆွေခင်ပွန်း၏သမီးသည် အလွန်အဆင်းလှ၏။ ရှုဖွယ်ကြည်ညိုဖွယ်ရှိ၏။ ရွှေအဆင်းနှင့် တူသောအဆင်း ရှိ၏။ ထိုသတို့သမီးကို သင့်အား ဆောင်နှင်းအံ့”ဟု ဆိုကုန်၏။

ဒုကူလသတို့သားသည်ကား ဗြဟ္မာ့ပြည်မှလာ၍ စင်ကြယ်သော သတ္တဝါဖြစ်သောကြောင့် နား၂-ဘက်ကိုပိတ်၍၊ “ငါ့အား အိမ်ရာထောင်ခြင်းကို အလိုမရှိ။ မိခင်, ဖခင်တို့။ ဤသို့သောစကားကို မဆိုကြကုန်လင့်”ဟုဆို၏။ ၂-ကြိမ်, ၃-ကြိမ်မြောက်အောင်ဆိုသော်လည်း “အိမ်ရာထောင်ခြင်းကို အလိုမရှိ”ဟု ဆို၏။

ပါရိကာကို အမိ, အဖတို့လည်း ဒုကူလအတူ ဆိုကုန်၏။ “ချစ်သမီးပါရိကာ။ ငါတို့အဆွေခင်ပွန်း၏သားသည် ရှိ၏။ ထိုသတို့သားသည် အလွန်အဆင်းလှ၏။ ကြည်ညိုဖွယ်ရှိ၏။ ရွှေအဆင်းနှင့် တူသောအဆင်းရှိ၏။ ထိုသတို့သားအား သင့်ကို ပေးကုန်အံ့”ဟုဆိုကုန်၏။

ထိုသို့ အမိ, အဖတို့ဆိုသော စကားကိုကြားလျှင် ပါရိကာသည် နား၂-ဘက်ကိုပိတ်၍ ဒုကူလအတူပင် ဆိုလေ၏။ ထိုပါရိကာသည်လည်း ဗြဟ္မာပြည်မှလာသည်ဖြစ်၍ စင်ကြယ်သောသတ္တဝါ ဖြစ်သောကြောင့် “အိမ်ရာထောင်ခြင်းကို အလိုမရှိ”ဟုဆို၏။

ထိုရောအခါ ဒုကူလသတို့သားသည် ပါရိကာအား “လျှို့ဝှက်သောသတင်းစကားကို အကြောင်းကြားချေ”ဟု စေလိုက်၏။ “ပါရိကာ။ သင်သည် အကယ်၍ မေထုန်သဘောဖြင့် အလိုရှိသည်ဖြစ်အံ့။ တစ်ပါးသောယောက်ျား၏အိမ်သို့ သွားလေလော့။ ငါ့အား မေထုန်သဘောဖြင့် အလိုမရှိ”ဟု စေလိုက်၏။

ပါရိကာသည်လည်း ထိုဒုကူလသတို့သားအား “လျှို့ဝှက်သောသတင်းစကားကို အကြောင်းကြားချေ”ဟု စေလိုက်၏။ “ဒုကူလသတို့သား။ သင်သည် အကယ်၍ မေထုန်သဘောဖြင့် အလိုရှိသည်ဖြစ်အံ့။ တစ်ပါးသော အမျိုးသမီးအိမ်သို့ သွားလေလော့။ ငါ့အား မေထုန်သဘောဖြင့် အလိုမရှိ”ဟု စေလိုက်၏။

ထို ဒုကူလ,ပါရိကာတို့သည် အလိုမရှိကုန်ဘဲလျက် အမိန့်အဖတို့သည် ထိမ်းမြားပေးစားခြင်းကို ပြုကုန်၏။ ထိုသို့ပြုကုန်သော်လည်း ကိလေသာတည်းဟူသော မဟာသမုဒ္ဒရာသို့ မသက်မူ၍ ၂-ယောက်သော ဗြဟ္မာကြီးတို့ကဲ့သို့ တကွနက်လျှင် နေကြကုန်၏။ ဒုကူလသတို့သားသည် ငါးကိုလည်းကောင်း, သမင်ကိုလည်းကောင်း မသတ်မပုတ်။ အယုတ်သဖြင့် ဆောင်ခဲ့သောဟင်းမျိုးတို့ကိုမျှလည်း ရောင်းခြင်းကိုမပြု။

ထိုသို့မပြုနေသောအခါ အမိ, အဖတို့သည် ဒုကူလကို ဆိုကုန်၏။ “ချစ်သား ဒုကူလ။ သင်သည် မုဆိုး,တံငါမျိုးတို့၌ပင်ဖြစ်လျက် အသက်သတ်ခြင်းကို မပြု။ အယုတ်သဖြင့် ဆောင်ခဲ့သော ငါး, အမဲကိုမျှလည်း ရောင်းခြင်းငှာ အလိုမရှိ။ အဘယ်အမှုကိုပြု၍ အသက်ရှည်ကုန်အံ့နည်း”ဟု ဆိုကုန်၏။

“မြင်းမိုရ် စကြဝဠာ, မဟာမြေစိုင်မက ကြီးလှသောကျေးဇူး ရှိပေသော မိခင်, ဖခင်တို့။ သင်တို့သည် အကယ်၍ အနူးအညွတ် ခွင့်လွှတ်ပါကုန်သည်ဖြစ်အံ့။ အကျွန်ုပ်တို့ ရဟန်းပြုပါကုန်အံ့”ဟု ဆို၏။

အမိအဖတို့သည်လည်း ဒုကူလ, ပါရိကာတို့စကားကိုကြားလျှင်- “ချစ်သားတို့။ ထိုသို့ ရဟန်းပြုလိုပြီးတကား၊ ကောင်းစွာ့, ကောင်းစွာ့။ ရဟန်းပြုကြလေကုန်လော့”ဟု ခွင့်ပြုကြကုန်၏။