သုဝဏ္ဏသာမဇာတ်တော်ကြီး
by ဦးပညာတိက္ခ
၂။ ဒုကူလ, ပါရိကာတို့ တောထွက်ခန်း
3970သုဝဏ္ဏသာမဇာတ်တော်ကြီး — ၂။ ဒုကူလ, ပါရိကာတို့ တောထွက်ခန်းဦးပညာတိက္ခ

ထို ဒုကူလ, ပါရိကာတို့သည် အမိ, အဖတို့စကားကိုကြားလျှင် အလွန်ဝမ်းမြောက်သောစိတ် ရှိကုန်သည်ဖြစ်၍ အမိ, အဖတို့ကို ရိုသေစွာ ရှိခိုးပန်ကြားခဲ့ပြီးလျှင် နေသာဒဂါမ ဟုဆိုအပ်သော တံငါရွာမှထွက်ခဲ့၍ အစဉ်သဖြင့် သွားလေကုန်သည်ရှိသော်၊ ဂင်္ဂါမြစ်နားသို့ရောက်၍ ဟိမဝန္တာသို့ ဝင်ကြလေကုန်၏။

အကြင်အရပ်၌ မိဂသမ္မတာမြစ်သည် ရှိ၏။ ထိုမိဂသမ္မတာမြစ်သည် ဟိမဝန္တာမှသက်လတ်၍ ဂင်္ဂါမြစ်သို့ စီးလာ၏။ ထိုစီးရာမြစ်နားသို့ ရောက်လာလျှင် ထိုဂင်္ဂါမြစ်ကိုစွန့်၍ မိဂသမ္မတာမြစ်သို့ ရှေးရှုတက်လေကုန်၏။

ထိုသို့ တက်လေကုန်သော ခဏ၌ပင်လျှင် သိကြားမင်း၏နေရာ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာသည် ပူပြင်းမာချော် ခက်တရော်ရှိသောအခြင်းအရာကို ပြပေ၏။ သိကြားမင်းသည် “အဘယ်အကြောင်းကြောင့်နည်း”ဟု ကြည့်ရှုဆင်ခြင်လတ်သည်ရှိသော်၊ ဒုကူလ, ပါရိကာတို့သည် နေသာဒဂါမဟုဆိုအပ်သော တံငါရွာမှထွက်ခဲ့သော အကြောင်းအရာကို သိမြင်သဖြင့် “ငါကား မျက်စိ ၁၀၀၀ အမြင်ဆောင်သော သိကြားနတ်မင်းဖြစ်လျက် မဆင်ခြင်၍ မသိ။ အသက်မရှိသော ဤကျောက်ဖျာကား ထိုသူမြတ် ၂-ယောက်တို့၏ဂုဏ်ထူးကို သိသကဲ့သို့ ဖြစ်လေ၏။ ယခုပင် ထိုသူမြတ် ၂-ယောက်တို့၏ နေရာဖြစ်သော ကျောင်းသင်္ခမ်းကို ပြီးစေအံ့”ဟု ဝိသကြုံနတ်သားကိုခေါ်တော်မူ၍၊ “အချင်းဝိသကြုံနတ်သား။ ဒွေမဟာပုရိသ ဟုဆိုအပ်သော ယောက်ျားမြတ် ၂-ယောက်တို့သည် ရွာမှထွက်၍ ရသေ့ရဟန်းအဖြစ်ဖြင့် ရဟန်းပြုအံ့သောငှာ အလိုရှိသည်ဖြစ်၍ ဟိမဝန္တာသို့ ဝင်ကုန်၏။ ထိုယောက်ျားမြတ် ၂-ယောက်တို့၏နေရာ ကျောင်းသင်္ခမ်းကို လည်းကောင်း, ရဟန်းတို့၏ပရိက္ခရာတို့ကိုလည်းကောင်း ဖန်ဆင်း၍ပေးချေ”ဟု စေလိုက်၏။

ထို ဝိသကြုံနတ်သားသည် “ကောင်းပါပြီ အရှင်မင်း”ဟု သိကြားမင်း၏အမိန့်တော်ကို ဦးထိပ်ထက်ဆင်ရွက်ပြီးလျှင် ဟိမဝန္တာသို့လာလတ်၍၊ ထိုသူမြတ်တို့၏နေရာ ကျောင်းသင်္ခမ်းကိုလည်းကောင်း၊ ရဟန်းတို့ပရိက္ခရာကိုလည်းကောင်း၊ ထိုသင်္ခမ်း၌ ညီလာခံရာ, လေညှင်းခံရာ, ကမ္မဌာန်းရှုရာ, သမာပတ်ဝင်စားရာစသော ညဉ့်သန့်စင်ရာ နေ့သန့်စင်ရာတိုက်ခန်း ပြတင်း, လေသာ, စမုတ်, တပြင်ကျယ်, ကုဋီတို့ကိုလည်းကောင်း၊ ကျောင်းဦး၌ ထုပ်အကျယ် ၂၄-တောင်ရှိသော စင်္ကြံကိုလည်းကောင်း၊ ကျောင်းနှင့်မနီးမဝေး အာရာမ်အတွင်း၌ ကြာမျိုး ၅-ပါးတို့ဖြင့် ဖုံးလွှမ်းအပ်သော ၄-ထောင့်ရေကန်တို့ကိုလည်းကောင်း၊ ၁၂-ရာသီ အခါမရွေး ချိုမြိန်စွာသော အသီးနှင့်ပြည့်စုံသော သစ်မည်စည်, တည်, လွန်, သရက်, ပိန္နဲ၊ ငှက်ပျောစသော အထူးထူးအပြားပြား များစွာသော သစ်ပင်မျိုးတို့ကိုလည်းကောင်း ဖန်ဆင်း၍၊ အာရာမ်အတွင်း စကြံတွင်းတို့၌ ဖန်ရောင်မကအလျှံထွက်သော ရတနာသဲဖြူးခင်းခြင်း၊ သပိတ်, သင်္ကန်း, သင်းပိုင်, ကိုယ်ဝတ်, ဒုကုဋ်, ရေသနုပ်, ဝါးရင်းတောင်ဝှေး, တံချူ ခြင်းတောင်း, သစ်သီးသစ်ရွက်ချက်ပြုတ်ရန် တည်ရန် ရေအိုးစသည်မကြွင်း အလုံးစုံသော ရသေ့ရဟန်းတို့ အသုံးအဆောင် ပရိက္ခရာတို့ကိုလည်းကောင်း ဖန်ဆင်းစီရင်ပြီးလျှင်၊ ကျောင်း၏အတွင်းနံရံ၌ “အကြင်မင်းမျိုး ပုဏ္ဏားမျိုး, သူဌေးမျိုး, သူကြွယ်မျိုး စသောသူတို့သည် ကာမဂုဏ်ကိုငြီးငွေ့၍ ရသေ့ရဟန်း ပြုလိုကြငြားအံ့၊ ထိုသူတော်ကောင်းတို့သည် ဤကျောင်း၌ အလုံးစုံသောရဟန်းအသုံးအဆောင်တို့ကို အလိုရှိတိုင်းယူ၍ ရဟန်းပြုပါစေသတည်း”ဟု ကမ္ပည်းအက္ခရာတို့ကို ရေးသား၍ထားပြီးသော် ခြင်္သေ့, ကျား, သစ်, , အောင်း, ကြံ့, ဆင်, စိုင်, ပြောင်, တောင်ကြောင်, ဝက်ဝံအစရှိသော သားရဲတို့ကို လည်းကောင်း၊ မနှစ်လိုဖွယ်သောအသံကို မြည်တွန်ကုန်သော ငှက်ယုတ်, ငှက်ကြမ်းတို့ကိုလည်းကောင်း ဝေးစွာသောအရပ်သို့ ဖယ်ခွာစေပြီး၍ တစ်ယောက်သွားလောက်ရုံသော ခြေကြောင်းခရီးကို ဖန်ဆင်းပြီးလျှင် မိမိနေရာ တာဝတိံသာသို့ တက်သွားလေ၏။

ဒုကူလ, ပါရိကာတို့သည်လည်း ရဟန်းပြုအံ့သောငှာ သွားကြလေကုန်သော် တစ်ယောက်သွားလောက်ရုံခရီးကို မြင်လေ၏။ ထိုခရီးကို အစဉ်သဖြင့်သွားကြလေ၍ ဝိသကြုံနတ်သား ဖန်ဆင်းအပ်သော ထိုကျောင်းသင်္ခမ်းသို့ ရောက်ကြလေ၏။

ဒုကူလသုခမိန်သည် ရေတွင်း၊ ရေကန်၊ ဥယျာဉ်, ပန်းမန်နှင့်တကွ ကျောင်းသင်္ခမ်းကိုမြင်လျှင် ထိုကျောင်းသင်္ခမ်းတွင်းသို့ဝင်၍ ထိုမှဤမှ ကြည့်ရှုသည်ရှိသော် ကမ္ပည်းအက္ခရာတို့ကိုဖတ်၍၊ အတပ်အမှန် အရှင်မရှိသော သက္ကဒတ္တိယ ကျောင်း၏အဖြစ်သိ၍ မိမိဝတ်ခဲ့သောပုဆိုးကို ချွတ်စွန့်၍ နတ်၏တန်ခိုးကြောင့်ဖြစ်သော ချိပ်ရည်ကဲ့သို့ ရဲရဲနီလျက် ညံ့သက်သိမ်မွေ့စွာအတွေ့ရှိသော လျှော်တေသင်္ကန်းတစ်ထည်ကို သင်းပိုင်ဝတ်တော်မူပြီးမှ တစ်ထည်သော လျှော်တေသင်္ကန်းကို လက်ကန်တော့စံပယ်တင်ကာ ကိုယ်၌ဝတ်ရုံတော်မူ၍ သစ်နက်ရေသင်္ကန်းကို လက်ဝဲပခုံးထက် ဒုကုဋ်တင်တော်မူပြီးလျှင် ဆံကျစ်ဦးစွန်းကိုပြုတော်မူ၍ ရသေ့၏အသွင်ကို ယူတော်မူပြီးလျှင်၊ ပါရိကာအားလည်း ရသေ့အဖြစ်ကို ပေး၏။

ထို ၂-ဦးကုန်သော ရသေ့တို့သည် ဝါးရင်းတောင်ဝှေးကိုကိုင်စွဲကာ ရဟန်း၏ကျက်သရေကို ဖြစ်စေလျက် ငြိမ်သက်သောဣနြေဖြင့် ကျောင်းသင်္ခမ်းမှထွက်၍ စင်္ကြံ၌ ထိုမှဤမှ လူးလာပြန်ခေါက်သွား၍ “အဟောသုခံ ဝတ၊ အဟောသုခံဝတ။ ဪ ချမ်းသာစွာ့တကား၊ ဪ ချမ်းသာစွာ့တကား”ဟု ဝမ်းမြောက်သောစကားဖြင့် ဥဒါန်းကျူး၍ စင်္ကြံသွားပြီးမှ ကျောင်းသင်္ခမ်းတွင်းသို့ဝင်၍ အင်းပျဉ်ပေါ်၌ အသီးသီးနေကြကုန်ပြီးသော် သတ္တဝါပညတ်ကို အာရုံပြု၍ ကာမာဝစရဟုဆိုအပ်သော ဗြဟ္မဝိဟာရကမ္မဋ္ဌာန်းကိုပွားစေ၍ ထိုကျောင်းသင်္ခမ်း၌ နေကြကုန်၏။

ထို ၂-ယောက်ကုန်သော ဒုကူလ,ပါရိကာတို့သည် မေတ္တာဘာဝနာ အာနုဘော်ကြောင့် ခပ်သိမ်းသောငှက်တို့သည်လည်း အချင်းချင်း မေတ္တာစိတ်သာလျှင် ရှိကုန်၏။ တစ်ခုတစ်ခုသောသားငှက်သည် တစ်ခုတစ်ခုသောသားငှက်ကို ညှဉ်းဆဲခြင်း မရှိကုန်။

ထိုအခါမှစ၍ ပါရိကာသည် သောက်ရေ၊ သုံးဆောင်ရေတို့ကိုဆောင်၍ ကျောင်းသင်္ခမ်းကို တံမြက်လှည်း၏။ ခပ်သိမ်းသောအမှုကိစ္စတို့ကို ပြု၏။ ထို ၂-ယောက်ကုန်သော ဒုကူလ, ပါရိကာတို့သည် သစ်သီး, သစ်မြစ်တို့ကိုဆောင်ယူ၍ စားကြကုန်ပြီးလျှင်၊ မိမိတို့၏ ကျောင်းသင်္ခမ်းသို့ အသီးသီးဝင်၍ ရဟန်းတရားကိုပြုကုန်လျက် ထိုကျောင်းသင်္ခမ်း၌ပင်လျှင် နေကြကုန်၏။

ထိုအခါ သိကြားနတ်မင်းသည်လည်း ထိုဒုကူလ, ပါရိကာတို့အား ခစားအံ့သောငှာ လာ၏။ ထိုသို့လာသောအခါ တစ်နေ့သ၌ သိကြားနတ်မင်းသည် ကြည့်ရှုဆင်ခြင်လတ်သော် “ဤ ဒုကူလ, ပါရိကာတို့၏ မျက်စိတို့သည် ယုတ်ကုန်လတ္တံ့တည်း”ဟု ထိုဒုကူလ, ပါရိကာတို့၏အန္တရာယ်ကို မြင်၏။ ထိုသို့ မြင်သောအခါ သိကြားနတ်မင်းသည် ဒုကူလသုခမိန်သို့ကပ်၍ ရှိခိုးလျက် ဤသို့လျှောက်၏။

“အရှင်ဒုကူလ အရှင်ရသေ့တို့အား အန္တရာယ်သည် ထင်၏။ ရှင်ရသေ့တို့အား လုပ်ကျွေးစိမ့်သောငှာ, သားကိုရအံ့သောငှာ အပ်၏။ ထို့ကြောင့် လူတို့၏အကျင့်ဖြစ်သော မေထုန်ကို မှီဝဲကုန်လော့”ဟု ဆို၏။

ထိုသို့ သိကြားမင်းဆိုသောအခါ ဒုကူလသုခမိန်သည် သိကြားမင်းအား “သိကြားမင်း။ အဘယ့်ကြောင့် ဤစကားကို ဆိုဘိသနည်း။ ငါတို့သည် လူတို့ဘောင်၌ နေသည်ရှိသော်လည်း ဤယုတ်မာသောအမှုကို ပိုးလောက်အစုကဲ့သို့ စက်ဆုပ်ရွံရှာကုန်၏။ ယခုတောသို့ဝင်၍ ရသေ့ရဟန်းအဖြစ်ကိုယူပြီးလျှင် ရဟန်းပြုပြီးလျက် အသို့မူ၍ ဤသို့သဘောရှိသောအမှုကို ပြုနိုင်အံ့နည်း”ဟု ဆို၏။

ထိုသို့သော ဒုကူလသုခမိန်စကားကို သိကြားမင်းကြားလျှင် တစ်ဖန် သိကြားမင်းသည် “အရှင်ရသေ့တို့။ ဤသို့သဘောရှိသောအမှုကို အကယ်၍ မပြုနိုင်ကုန်အံ့။ ပါရိကာရသေ့မ၏ ဥတုလာသောအခါ၌ ချက်ကို လက်ဖြင့် သုံးသပ်ကုန်လော့”ဟု ဆို၏။

ထိုသို့ သိကြားမင်းဆိုသောအခါ ဒုကူလသုခမိန်သည် “ဤသို့ ချက်ကို သုံးသပ်သောအမှုကို ပြုအံ့သောငှာတတ်ကောင်း၏”ဟု ဝန်ခံ၏။ သိကြားမင်းသည် ဒုကူလသုခမိန်ကိုရှိခိုး၍ မိမိနေရာ တာဝတိံသာနတ်ပြည်သို့ တက်သွားလေ၏။

ဒုကူလသုခမိန်သည်လည်း ပါရိကာရသေ့မအား ထိုအကြောင်းကိုကြား၏။ ပါရိကာသည်လည်း “အရှင်ဒုကူလ။ ကောင်းပါပြီ”ဟု ဝန်ခံ၏။

ထို့နောင်မှ ပါရိကာသည် ဥတုလာသောအခါ၌ ဒုကူလသုခမိန်အား ကြားပေ၏။ ဒုကူလသုခမိန်သည် ချက်ကို လက်ဖြင့် သုံးသပ်လေ၏။ ထိုသို့သုံးသပ်သောအခါ ဘုရားလောင်းသည် နတ်ပြည်မှစုတေခဲ့၍ ပါရိကာရသေ့မ၏ဝမ်း၌ ပဋိသန္ဓေစွဲယူလေ၏။

ပါရိကာရသေ့မသည် ၁၀-လလွန်သဖြင့် ရွှေအဆင်းနှင့်တူသောသားကို ဖွား၏။ ထိုသို့ ရွှေအဆင်းနှင့်တူသော အဆင်းရှိသောကြောင့် ဘုရားလောင်းအား “သုဝဏ္ဏသာမ”ဟူသောအမည်ကို မှည့်ကြလေကုန်၏။

ပါရိကာသည် ဟိမဝန္တာတောသို့ သစ်သီး၊ သစ်မြစ်အလို့ငှာ သွား၏။ ထိုသို့သွားသောအခါ တောင်ကြား၌ ကိန္နရီတို့သည် နို့ထိန်းကိစ္စကို ပြုကြကုန်၏။ ထိုသို့ ၂-ယောက်သော ဒုကူလ, ပါရိကာတို့သည်လည်း ဘုရားလောင်းကို ရေချိုးစေ၍ သင်္ခမ်းအတွင်း၌အိပ်စေပြီးလျှင် သစ်သီး, သစ်မြစ်အလို့ငှာ ဟိမဝန္တာသို့ သွားကြလေကုန်၏။

ထိုသို့ သွားသောအခါ ကိန္နရာမတို့သည် သတို့သားကိုယူ၍ တောင်, မြှောင်, ချောက်ကြား စသည်တို့၌ နံ့သာရေဖြင့်ချိုးစေ၍၊ တောင်ထိပ်သို့တင်ပြီးလျှင် အထူးထူးသောပန်းတို့ဖြင့် တန်ဆာဆင်ယင်ပြီးလျှင် ဆေးဒန်းမြင်းသီလာ အစရှိသည်တို့ကို ကျောက်ပြင်၌သွေး၍ နဖူးပြင်၌ မှန်ကူလျက်ဆောင်ခဲ့၍ သင်္ခမ်းတွင်း၌သိပ်ထားပြီးလျှင် ကိန္နရာမတို့သည် သွားကြလေကုန်၏။ ပါရိကာလည်း ဟိမဝန္တာမှလာလတ်၍ သတို့သားကိုယူပြီးလျှင် ရင်ခွင်၌ထား၍ နို့စို့စေ၏။

ထို “သုဝဏ္ဏသာမ”သတို့သားသည် နောက်အဖို့ဖြစ်သောကာလ၌ ကြီးလတ်၍ ၁၆-နှစ်ရှိပြီးသော် အမိ,အဖတို့သည် အစဉ်စောင့်ရှောက်လျက် သင်္ခမ်း၌နေစေ၍ မိမိတို့အလိုလိုသာလျှင် တောသစ်သီး, တောသစ်မြစ်တို့ကိုရှာအံ့သောငှာ တောသို့သွားကြလေကုန်၏။ ထိုသို့သွားလေသောအခါ ဘုရားလောင်းသည် “ငါ၏ အမိ,အဖတို့အား တရံရောအခါ၌ တစ်စုံတစ်ခုသောအန္တရာယ် ဖြစ်ရာ၏ဟု အမိအဖတို့သွားသောခရီးကိုမှတ်၏။

ထိုသို့မှတ်ပြီးသော နောက်ကာလ တစ်နေ့သ၌ ထို ဒုကူလ, ပါရိကာတို့သည် တောသစ်မြစ်၊ တောသစ်သီးကြီးငယ်ကို ဆောင်ချေ၍ ညချမ်းသောအခါ ပြန်ခဲ့ကုန်သည်ရှိသော်၊ ကျောင်းသင်္ခမ်းနှင့် မနီးမဝေးသောအရပ်သို့ရောက်လျှင် မိုးကြီးသည် တက်လတ်၏။ ထိုသို့ မိုးကြီးတက်လတ်သောအခါ ၂-ယောက်ကုန်သောရသေ့တို့သည် တစ်ခုသောသစ်ပင်ရင်းသို့ကပ်၍ တစ်ခုသောတောင်ပို့ထက်၌ ရပ်ကုန်၏။

ထိုတောင်ပို့၏အတွင်း၌ကား- အဆိပ်ထန်သောမြွေဟောက်သည် ရှိ၏။ ထိုရသေ့တို့၏ကိုယ်မှ ချွေးအနံ့နှင့်ရောသော ကိုယ်ရေသည် ဆင်းသက်လေ၍ ထိုမြွေဟောက်နှာခေါင်းတွင်းသို့ ဝင်လေ၏။ ထိုသို့ဝင်သောအခါ မြွေဟောက်သည် အမျက်ထွက်လတ်၍ နှာခေါင်းလေဖြင့် မှုတ်လေ၏။ ထိုဒုကူလ, ပါရိကာတို့သည် ကန်းကုန်သည်ဖြစ်၍ တစ်ယောက်သည် တစ်ယောက်ကို မမြင်ကြလေကုန်။

ဒုကူလသုခမိန်သည် ပါရိကာကိုခေါ်၍ “ပါရိကာ။ ငါ၏မျက်စိတို့သည် ကန်းခဲ့ကုန်ပြီ။ သင့်ကိုမျှလည်း ငါမမြင်ပြီ” ဟု ဆို၏။ ပါရိကာသည်လည်း ထို့အတူလည်းကောင်းလျှင် “ငါမမြင်ပြီ”ဟု ဆို၏။ ထို ဒုကူလ,ပါရိကာတို့သည် “ငါတို့၏ အသက်မရှိပြီ။ ခရီးကိုမျှလည်း မမြင်ကုန်ပြီ”ဟု ငိုကြွေးကြကုန်လျက် ရပ်ကုန်၏။

(ထိုဒုကူလ, ပါရိကာတို့သည် ရှေး၌ အဘယ်မကောင်းမှုကို ပြုမိလေသောကြောင့် ကန်းကုန်သနည်းဟူမူကား- ထို ဒုကူလ, ပါရိကာတို့သည် ရှေး၌ ဆေးသမားအမျိုး၌ ဖြစ်ကုန်၏။ ထိုသို့ ဆေးသမားအမျိုး၌ဖြစ်သောအခါ ထိုဆေးသမားသည် တစ်ယောက်သော ဥစ္စာများသောယောက်ျား၏ မျက်စိနာကို ဆေးကု၏။ ထိုသူကြွယ်သည်လည်း ဆေးသမားအား တစ်စုံတစ်ခုသောဆေးအခကို မပေး။ ထိုသို့ မပေးသောအခါ ထိုဆေးသမားသည် အမျက်ထွက်၍ မိမိအိမ်သို့သွားပြီးလျှင် မယားအား ကြားလေ၏။ “အဘယ်။ ငါသည် ဤမည်သောသူကြွယ်၏ မျက်စိနာကို ဆေးကု၏။ ယခု ထိုသူကြွယ်သည် ငါ့အား တစ်စုံတစ်ခုသောဆေးခကို မပေး။ အဘယ်သို့ ပြုရအံ့နည်း”ဟု ဆို၏။ ထို ဆေးသမားမယားသည်လည်း လင်၏စကားကိုကြားလျှင် အမျက်ထွက်၍ “ငါတို့အား ထိုသူကြွယ်၏ဥစ္စာဖြင့် အဘယ်ပြုအံ့နည်း။ သင်သည် ထိုသူကြွယ်အား တစ်ပါးသော မကောင်းသောဆေးကိုဖော်၍ မျက်စိကန်းအောင်ပြုလော့”ဟု ဆို၏။ ထိုဆေးသမားသည် “ကောင်းပါပြီ”ဟု အိမ်မှထွက်ခဲ့၍ မျက်စိကန်းစေတတ်သောဆေးကို ယူပြီးလျှင် ထိုသူကြွယ်၏အထံသို့သွား၍ မယားဆိုတိုင်းပင် ပြု၏။ ထိုသူကြွယ်သည်လည်း မကြာမြင့်မီပင် ကန်းလေ၏။ ဤသို့ ရှေး၌ပြုခဲ့ဖူးသော မကောင်းမှုကံကြောင့် ဒုကူလ, ပါရိကာတို့ မျက်စိကန်းကုန်သတည်း။)

ထိုသို့ အမိ, အဖတို့သည် ရောက်ချိန်တန်၍ မရောက်သောအခါ ဘုရားလောင်းသည် ဤသို့ကြံ၏။ “ငါ၏အမိ, အဖတို့သည် တစ်ပါးသောနေ့တို့၌ ဤမည်သောအခါ လာလတ်ကုန်၏။ ယခု အမိ, အဖတို့အကြောင်းကို မသိ။ ခရီးဦးကြိုဆိုအံ့သောငှာ သွားအံ့”ဟုကြံ၏။ ထိုသို့ကြံပြီးလျှင် ခရီးကြိုဆိုခြင်းငှာ သွားလေ၏။

“အို၊ မိခင်, ဖခင်တို့”ဟု အသံပြု၏။ ထို ဒုကူလ, ပါရိကာတို့သည် ဘုရားလောင်း၏အသံကိုကြားလျှင် အသံတို့ကိုပြုကုန်၏။ သား၌ချစ်ခြင်းဖြင့် “ချစ်သားသုဝဏ္ဏသာမ။ ဤအရပ်၌ ဘေးရန်ရှိ၏။ မလာလင့်”ဟု ဆိုကုန်၏။ ထိုသို့ဆိုသောအခါ အမိအဖတို့အား “ထိုသို့တပြီးကား ဤနွယ်စွန်းကိုကိုင်၍ လာလတ်ကုန်လော့”ဟုဆို၍ ရှည်စွာသောနွယ်ကြိုး၏အစွန်းကို ပေးလေ၏။ ထို ဒုကူလ, ပါရိကာတို့သည်လည်း နွယ်စွန်းကိုကိုင်၍ ဘုရားလောင်းအထံသို့ လာကြကုန်၏။

ထိုသို့ လာရောက်သောအခါ အမိ, အဖတို့ကို “အဘယ်အကြောင်းကြောင့် သင်မိခင်, ဖခင်တို့၏မျက်စိတို့သည် ပျက်ကုန်သနည်း”ဟု မေး၏။ ထိုသို့ ဘုရားလောင်းမေးသောအခါ အမိ, အဖတို့သည် ဤသို့ဆိုပေကုန်၏။

“ချစ်သားသုဝဏ္ဏသာမ။ ငါတို့သည် မိုးကြီးသည်းစွာရွာသောကြောင့် ဤမည်သောသစ်ပင်ရင်းသို့ချဉ်းကပ်၍ တောင်ပို့ထက်၌ ရပ်ကြကုန်၏။ ထိုသို့ရပ်နေကြသောကြောင့် ငါတို့သည် မျက်စိပျက်ကုန်၏”ဟု ဆို၏။

ဘုရားလောင်းသည် အမိ, အဖတို့စကားကို ကြားကတည်းကလျှင် “ထို အမိ,အဖတို့ကိုယ်၌ဖြစ်သော ချွေးတို့သည်ယိုစီးလျက် ထိုတောင်ပို့အခေါင်း၌ မြွေဟောက်သည် ရှိရာ၏။ ထိုမြွေဟောက်သည် အမျက်ထွက်၍ နှာခေါင်းလေဖြင့် မှုတ်သည်ဖြစ်လတ္တံ့”ဟု သိလေ၏။

ဘုရားလောင်းသည် မျက်စိကန်းသော အမိ, အဖတို့ကိုမြင်၍ ငိုလည်းငို, ရယ်လည်းရယ်၏။ ထိုသို့ ငိုလည်းငို, ရယ်လည်းရယ်သောအခါ ဘုရားလောင်းကို ဒုကူလ, ပါရိကာတို့သည် မေးကုန်၏။ “ချစ်သားသုဝဏ္ဏသာမ။ အဘယ့်ကြောင့် ငိုလည်းငို, ရယ်လည်းရယ်သနည်း”ဟု မေးကုန်၏။

ထိုသို့ အမိ,အဖတို့မေးသောအခါ ဘုရားလောင်းသည်-

“အို၊ မိခင် ဖခင်တို့။ သင်တို့မျက်စိသည် ပျိုရွယ်သောအခါကပင် ပျက်စီးခြင်းသို့ ရောက်ကြကုန်၏။ ထို့ကြောင့် ငိုသတည်း။ ယခုအခါ၌ကား ငါသည် မိခင်ဖခင်တို့ကို လုပ်ကျွေးအံ့သောငှာ ရလတ္တံ့သတည်း။ ထို့ကြောင့် ရယ်သတည်း။ အို၊ မိခင်, ဖခင်တို့။ သင်တို့ မစိုးရိမ်ကြကုန်လင့်။ ငါသည် မိခင်, ဖခင်တို့ကို လုပ်ကျွေးအံ့”ဟု ဆို၏။

ဤသို့ဆိုပြီး၍ ဘုရားလောင်းသည် အမိ အဖတို့ကို နှစ်သိမ့်စေပြီးလျှင် ကျောင်းသင်္ခမ်းသို့ ဆောင်လေ၏။ ထို ဒုကူလ,ပါရိကာတို့၏ ညဉ့်သန့်စင်ရာ နေ့သန့်စင်ရာ၌လည်းကောင်း၊ စင်္ကြံ၌လည်းကောင်း၊ သင်္ခမ်း၌လည်းကောင်း၊ ကျင်ကြီး ကျင်ငယ်သွားရာအရပ်၌ လည်းကောင်း၊ ဤသို့အစရှိသော ခပ်သိမ်းသောအရပ်တို့၌ ကြိုးတန်းကိုဖွဲ့၏။ ဘုရားလောင်းသည် ထိုနေ့မှစ၍ အမိ, အဖတို့ကို (အဿမပုဒ်) သင်္ခမ်း၌ထား၍ မိမိသည် တောသစ်မြစ်, တောသစ်သီးကို ရှာချေ၍ စားစေ၏။

ဘုရားလောင်းသည် နံနက်စောစောကလျှင် အမိအဖတို့နေရာအရပ်ကို တံမြက်လှည်း၍၊ အမိအဖတို့ကို ရှိခိုးခဲ့ပြီးလျှင် အိုးကိုယူလျက် မိဂသမ္မတာမြစ်ကိုသွား၍ ရေကိုဆောင်ချေ၍ သောက်ရေ၊ သုံးဆောင်ရေကို ကပ်ပေ၏။ ဒန်ပူမျက်သစ်ရေတို့ကိုပေး၍ ကောင်းမြတ်သောသစ်သီးကြီးငယ်တို့ကို စားစေ၏။ အမိအဖတို့သည် ခံတွင်းကိုလုတ်ဆေးပြီးလျှင် အမိ, အဖတို့၏အကြွင်းကို မိမိသည် စား၏။ အမိ အဖတို့ကိုရှိခိုး၍ သမင်အပေါင်း ခြံရံလျက် သစ်သီးကြီးငယ်အလို့ငှာ တောသို့ဝင်လေ၏။

ထိုသို့ ဘုရားလောင်း တောသို့ဝင်သောအခါ တောင်ခြေရင်း၌နေကုန်သော ကိန္နရာကိန္နရီတို့သည် ဘုရားလောင်းကိုခြံရံ၍ သစ်သီးကြီးငယ်တို့ကိုဆွတ်ယူ၍ ဘုရားလောင်းအား ပေးကုန်၏။ ဘုရားလောင်းလည်း ညချမ်းသောအခါ ကျောင်းသင်္ခမ်းသို့လာ၍ သစ်သီးကြီးငယ်တို့ကို ကျောင်းသင်္ခမ်း၌ထားခဲ့ပြီးလျှင် ရေအိုးဖြင့် ရေကိုဆောင်ယူ၍ ရေချမ်းရေပူတို့ဖြင့် အမိအဖတို့ကို အလိုအားလျော်စွာ ရေချိုးခြင်းကိုလည်းကောင်း၊ ခြေဆေးခြင်းကိုလည်းကောင်း ပြု၍ မီးမယ်ဖျူးတို့ကို ကပ်ပေ၏။ ထို ဒုကူလ, ပါရိကာတို့သည် လက်ခြေတို့ကိုကင်၍ ဆုပ်နယ်၍ နေကုန်၏။ ထိုသို့နေကုန်သော အမိ,အဖတို့အား သစ်သီးကြီးငယ်တို့ကို ပေး၏။ အမိအဖတို့ စားပြီးသောအဆုံး၌ မိမိသည်စား၍ ကြွင်းသောသစ်သီးတို့ကို ထားပေ၏။ ဤသို့ ဆိုအပ်ခဲ့ပြီးသောနည်းဖြင့်လျှင် အမိ အဖတို့ကို လုပ်ကျွေး၍ အမြဲနေ၏။