ဒဏ္ဍဝဂ်

၆။ စပါးကြီးမြွေ ပြိတ္တာဝတ္ထု

အထ ပါပါနိ ကမ္မာနိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် စပါးကြီးမြွေပြိတ္တာကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မီးလျှံညီးညီး မြွေပြိတ္တာကြီး

တစ်ပါးသောအခါ ရှင်မောဂ္ဂလာန်မထေရ်သည် လက္ခဏမထေရ်နှင့် အတူတကွ ဂိဇ္ဈကုဋ်တောင်မှ သက်ဆင်းလတ်သည်ရှိသော် ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် နှစ်ဆယ့်ငါးယူဇနာ အတိုင်းအရှည်ရှိသော စပါးကြီးမြွေပြိတ္တာကို မြင်တော်မူလေ၏၊ ထိုစပါးကြီးမြွေပြိတ္တာ၏ ဦးခေါင်းမှ မီးလျှံတို့သည် ထ၍ အဆုံး အမြီးဖျားသို့ သွားကုန်၏။ အဆုံးမှထ၍ ဦးခေါင်းသို့ သွားကုန်၏။ ဦးခေါင်းအမြီးဖျား နှစ်ပါးသော နေရာတို့မှ ထ၍ အလယ်၌ သက်ဝင်စုဝေးကြကုန်၏၊ ရှင်မောဂ္ဂလာန်မထေရ်သည် ထိုစပါးကြီးမြွေပြိတ္တာကို မြင်ရလျှင် ပြုံးရယ်ခြင်းကို ထင်ရှားစွာ ပြုတော်မူလေ၏။ လက္ခဏမထေရ်သည် ပြုံးတော်မူခြင်းအကြောင်းကို မေးအပ်သည်ရှိသော် “ငါ့ရှင်လက္ခဏ- ဤပြဿနာကို ဖြေဆိုခြင်းငှာ အခါမဟုတ်သေး၊ မြတ်စွာဘုရား၏အထံတော်၌ ငါ့ကို မေးလော့”ဟု ဆို၍ ရာဇဂြိုဟ်ပြည်၌ ဆွမ်းအလို့ငှာ လှည့်လည်ပြီးလျှင် မြတ်စွာဘုရား၏အထံတော်သို့ ရောက်သောအခါ ရှင်လက္ခဏမထေရ် မေးအပ်သည်ဖြစ်၍ ဖြေဆိုဟန်ကား “ငါ့ရှင်လက္ခဏ- ငါကား ထိုဂိဇ္ဈကုဋ်တောင်၌ တစ်ကောင်သော မြွေပြိတ္တာကို မြင်ရ၏၊ ထိုပြိတ္တာ၏ အတ္တဘောသည် ဤသို့ သဘောရှိသည်မည်၏၊ ငါသည် ထိုပြိတ္တာကိုမြင်ရလျှင် ဤသို့ သဘောရှိသော အတ္တဘောကို ငါမမြင်စဖူးပါတကားဟု ပြုံးရယ်ခြင်းကို ထင်ရှားစွာ ပြု၏”ဟု ဆိုလေ၏။ မြတ်စွာဘုရားသည်လည်း “ချစ်သားရဟန်းတို့- ငါဘုရား၏ တပည့်သာဝကတို့သည် မျက်စိအမြင် ရှိကြသည်ဖြစ်၍ နေကုန်စွတကား”ဟု ဤသို့ အစရှိသော စကားဖြင့် မိန့်ဆိုတော်မူလျက် ရှင်မောဂ္ဂလာန်မထေရ်၏စကားကို တန့်ရပ်စေပြီးလျှင် “ချစ်သားရဟန်းတို့- ငါဘုရားသည်လည်း ထိုပြိတ္တာကို ဗောဓိမဏ္ဍိုင်၌ နေတော်မူစဉ်သာလျှင် အကယ်၍ကား မြင်အပ်၏၊ ထိုသို့ မြင်သော်လည်း အကြင်သူတို့သည် ငါ့စကားကို မယုံကြည်ကုန်ရာ၊ ထိုမယုံကြည်သောသူတို့အား စီးပွားမရှိခြင်းဖြစ်ရာ၏ဟု ဟောတော်မမူ၊ ယခုအခါ၌ကား မောဂ္ဂလာန်ကို သက်သေရ၍ ဟောတော်မူရ၏”ဟု မိန့်တော်မူ၏၊ ရဟန်းတို့သည် ထိုစပါးကြီးမြွေပြိတ္တာ၏ ရှေးက ပြုအပ်သော မကောင်းမှုကံကို မေးအပ်သည်ရှိသော် ဟောကြားတော်မူလေ၏။

ကျောင်းမီးလောင်၍ ကျောင်းဒါယကာ လက်ပန်းပေါက်ခတ်

ကဿပမြတ်စွာဘုရား၏ လက်ထက်တော်အခါ၌ သုမင်္ဂလ အမည်ရှိသော သူဌေးကြီးသည် ရွှေအုတ်တို့ဖြင့် မြေကို ခင်း၍ ဥသဘနှစ်ဆယ် အတိုင်းအရှည်ရှိသော အရပ်၌ ထိုမျှလောက် အတိုင်းအရှည်ရှိသော ဥစ္စာဖြင့် ကျောင်းကို ဆောက်လုပ်စေပြီးလျှင် ထိုမျှလောက် အတိုင်းအရှည် ရှိသော ဥစ္စာဖြင့် ကျောင်းပူဇော်ခြင်းကိုလည်း ပြုစေလေ၏။ ထိုသုမင်္ဂလသူဌေးကြီးသည် တစ်နေ့သ၌ နံနက်စောစော၌သာလျှင် ကဿပမြတ်စွာဘုရား၏ အထံတော်သို့ သွားလတ်သည်ရှိသော် မြို့တံခါးအနီး တစ်ခုသောဇရပ်၌ ဖန်ရည်စွန်းသောအဝတ်ကို ဦးခေါင်းနှင့်တကွခြုံလျက် ရွှံ့ညွန်အလိမ်းလိမ်း ကပ်ကုန်သော ခြေတို့ဖြင့် အိပ်နေသော ခိုးသူတစ်ယောက်ကို မြင်ရလျှင် “ဤသူကား ရွှံ့ညွန်အလိမ်းလိမ်းကပ်သော ခြေရှိ၏။ ညဉ့်၌ သွားလာလှည့်လည်၍ အိပ်သောသူဖြစ်လတ္တံ့”ဟု ဆိုလိုက်မိလေ၏။ ခိုးသူသည် မျက်နှာကိုဖွင့်သဖြင့် သူဌေးကြီးကို မြင်လေလျှင် “ဆိုတိုင်း ဟုတ်ပါစေ၊ သင့်အား ပြုအပ်သောအမှုကို ငါသိရပေတော့အံ့”ဟု ရန်ငြိုးဖွဲ့ပြီးလျှင် ခုနစ်ကြိမ်တိုင်တိုင် လယ်ကို မီးတိုက်၏။ ခုနစ်ကြိမ်တိုင်တိုင် နွားခြံ၌ နွားတို့၏ခြေတို့ကို ခုတ်ဖြတ်၏။ ခုနစ်ကြိမ်တိုင်တိုင် အိမ်ကိုမီးတိုက်၏။ ထိုခိုးသူသည် ဤမျှဖြင့်လည်း အမျက်ဒေါသကို ငြိမ်းအေးစေခြင်းငှာ မတတ်နိုင်ရကား ထိုသူဌေးကြီး၏ အလုပ်အကျွေးငယ်နှင့် အတူတကွ အဆွေခင်ပွန်းဖွဲ့၍ “သင်၏သူဌေးကြီး နှစ်သက်မြတ်နိုးအပ်သော အရာကား အဘယ်နည်း”ဟု မေးအပ်သည်ရှိသော် “ဂန္ဓကုဋိမှတစ်ပါး ထိုသူဌေးကြီး လွန်စွာ နှစ်သက်မြတ်နိုးအပ်သောအရာ မရှိ”ဟု ဆိုလေ၏။ ထိုစကားကို ကြားရလျှင် “ထိုအတိုင်း ဟုတ်ပါစေ၊ ဂန္ဓကုဋိကို မီးတိုက်ပြီးမှ အမျက်ဒေါသကို ငြိမ်းအေးစေရတော့အံ့”ဟု ကြံ၍ မြတ်စွာဘုရား ဆွမ်းအလို့ငှာ ဝင်လတ်သည်ရှိသော် သောက်ရေ,သုံးဆောင်ရေ အိုးတို့ကိုခွဲ၍ ဂန္ဓကုဋိကျောင်းတော်ကြီး၌ မီးတိုက်လေ၏။ သူဌေးကြီးသည် “ဂန္ဓကုဋိ မီးလောင်သတတ်”ဟု ကြားရလျှင် လာလတ်သည်ရှိသော် မီးကျွမ်းသောအခါမှ ရောက်လာသဖြင့် ဂန္ဓကုဋီမီးလောင်ကျွမ်းသည်ကို ကြည့်ရှုလျက် ဆံချည်တစ်ပင်ဖျားမျှလည်း နှလုံးမသာယာခြင်းကို မပြုမူ၍ လက်ဝဲလက်ရုံးကို ခွေပြီးလျှင် လက်ျာလက်ဖြင့် ကြီးစွာသော လက်ပန်းပေါက်ခတ်ခြင်းကို ခတ်လေ၏။

လက်ပန်းပေါက် ခတ်နိုင်လောက်အောင် ဝမ်းသာပုံ

ထိုအခါ သူဌေးကြီးကို အနီး၌နေသော သူတို့သည် “အရှင်သူဌေးမင်း- အဘယ့်ကြောင့် ဤမျှလောက်သောဥစ္စာကို စွန့်လွှတ်၍ ဆောက်လုပ်အပ်သော ဂန္ဓကုဋိကြီး မီးလောင်ကျွမ်းသောအခါ လက်ပန်းပေါက်ခတ်လေဘိသနည်း”ဟု မေးမြန်းကြလေကုန်၏။ သူဌေးကြီးသည် “အမောင်တို့- ငါသည် ဤမျှလောက်သော ကောင်းမှုကံကိုပြု၍ မီး,အစရှိသည်တို့နှင့် မဆက်ဆံသော ဘုရားရှင်၏ သာသနာတော်၌ ဥစ္စာကို မြှုပ်နှံသိုမှီးသိမ်းဆည်းရအပ်ပေပြီ၊ တစ်ဖန် ဤမျှလောက်သော ဥစ္စာကိုစွန့်၍ မြတ်စွာဘုရား၏အလို့ငှာ ဂန္ဓကုဋိကို ဆောက်လုပ်ခြင်းငှာ ရပေတော့လတ္တံ့”ဟု နှစ်သက်ဝမ်းမြောက်သောစိတ် ရှိသည်ဖြစ်၍ လက်ပန်းပေါက်ခတ်ရပေသည် အမောင်တို့”ဟု ပြောဆိုလေ၏။ ထိုသုမင်္ဂလသူဌေးကြီးသည် တစ်ဖန် ထိုမျှလောက်သော ဥစ္စာကို စွန့်လွှတ်သဖြင့် ဂန္ဓကုဋိကို ဆောက်လုပ်စေပြီးလျှင် နှစ်သောင်းမျှသော ရဟန်းအပေါင်း အခြံအရံရှိသော ကဿပမြတ်စွာဘုရားအား အလှူ လှူဒါန်းပြန်လေ၏။

ရန်သူကို အမျှဝေခြင်း

သူဌေးကြီး ထိုသို့ပြုလုပ်ပုံကို မြင်ရလျှင် ခိုးသူသည် ဤသို့ ကြံစည်လေ၏။ “ငါကား ဤသူဌေးကြီးကို မသတ်မူ၍ မျက်နှာပျက်အောင် ပြုခြင်းငှာ မတတ်နိုင်သေးပါတကား၊ ထိုသို့ မတတ်နိုင်သေးသည် ရှိပါစေ၊ ထိုသူဌေးကြီးကို သတ်တော့အံ့”ဟု ကြံစည်လျက် ဝတ်သော ပုဆိုးအကြား၌ ဓားငယ်ကို ဖွဲ့ချည်လျက် ခုနစ်ရက်ပတ်လုံး ကျောင်း၌ သွားလာလှည့်လည်သော်လည်း အခွင့်ကို မရခဲ့ပေ။ သူဌေးကြီးသည်လည်း ခုနစ်ရက်တို့ပတ်လုံး ဘုရားအမှူးရှိသော ရဟန်းသံဃာအား အလှူကြီးကို ပေးလှူ၍ မြတ်စွာဘုရားကို ရှိခိုးလျက် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ယောက်ျားတစ်ယောက်သည် ခုနစ်ကြိမ်တိုင်တိုင် တပည့်တော်၏လယ်ကို မီးတိုက်အပ်ပါပြီ၊ ခုနစ်ကြိမ်တိုင်တိုင် နွားခြံ၌ နွားတို့၏ခြေတို့ကို ခုတ်ဖြတ်ပါပြီ၊ ခုနစ်ကြိမ်တိုင်တိုင် အိမ်ကို မီးတိုက်အပ်ပါပြီ၊ ယခုအခါ ဂန္ဓကုဋိကိုလည်း ထိုသူသာလျှင် မီးတိုက်သည် ဖြစ်ပါလိမ့်မည်ဘုရား၊ တပည့်တော်သည် ဤအလှူ၌ ရှေးဦးစွာ အလှူအဖို့အမျှကို ထိုယောက်ျားအား ပေးဝေပါ၏ဘုရား”ဟု လျှောက်ဆိုလေ၏။

ခိုးသူယောက်ျား တောင်းပန်ခြင်း

ထိုခိုးသူသည် သူဌေးကြီး လျှောက်ဆိုသော ထိုစကားကို ကြားရလျှင် “ငါပြုအပ်သောအမှုသည် စင်စစ် ဝန်လေးလေစွတကား၊ ဤသို့ အပြစ်ပြုသော ငါ့အပေါ်၌ ဤသူဌေးကြီးအား အနည်းငယ်သော အမျက်ထွက်ခြင်းမျှလည်း မရှိ၊ ဤအလှူ၌လည်း ငါ့အားသာလျှင် ရှေးဦးစွာ အလှူအဖို့ကို ပေးဝေဘိ၏။ ငါသည် ဤသူဌေးကြီးအပေါ် ပြစ်မှားမိ၏။ ဤသို့ သဘောရှိသော ယောက်ျားကို ငါမကန်တော့သည်ရှိသော် နတ်တို့လက်နက် မိုးကြိုးစက်ဟူသော နတ်ဒဏ်သည်လည်း ငါ၏ထိပ်ထက်၌ ကျရာ၏”ဟု ဆိုပြီးလျှင် သူဌေးကြီး၏ခြေရင်း၌ ဝပ်လျက် “အရှင်သူဌေးမင်း- ကျွန်တော်အား သည်းခံတော်မူပါ”ဟု ဆိုသဖြင့် “ဤအမှုကား အဘယ်နည်း”ဟု ဆိုလတ်သော် “အရှင်သူဌေးမင်း- ဤသို့ ဤမျှလောက်သောအမှုကို ကျွန်တော် ပြုလုပ်မိပါသည်၊ ထို့ကြောင့် ကျွန်တော်အား သည်းခံတော်မူပါ”ဟု ဆိုလေ၏။ ထိုအခါ ခိုးသူကို သူဌေးကြီးသည် “ငါ့အား ဤမည်,ဤမည်သော အမှုကို ဤမျှလောက် သင်ပြုသလော”ဟု အလုံးစုံကို မေးမြန်းသည်ရှိသော် “ကျွန်တော် ပြုမိသည် မှန်ပါသည်”ဟု ပြောဆိုလျှင် “သင့်ကို ငါမမြင်အပ်စဖူးပါတကား၊ အဘယ့်ကြောင့် ငါ့အား အမျက်ထွက်၍ ဤသို့ ပြုဘိသနည်း”ဟု မေးပြန်လေ၏။ ထိုခိုးသူသည် တစ်နေ့သ၌ မြို့မှထွက်လာသော ထိုသူဌေးကြီးဆိုအပ်သော စကားကို ပြန်လည် သတိရစေပြီးလျှင် “ဤသို့သော အကြောင်းကြောင့် ကျွန်တော်အား အမျက်ဒေါသကို ဖြစ်စေအပ်ပါသည်”ဟု ဆိုလေ၏။ သူဌေးကြီးသည် မိမိဆိုအပ်သောစကားကို ပြန်လည် သတိရ၍ “အမောင်- ဪ... ဟုတ်ပေ၏။ ငါသည် ဆိုမိ၏၊ ထိုအပြစ်ကို ငါ့အား သည်းခံပါလော့”ဟု ခိုးသူကို သည်းခံစေပြီးလျှင် “အမောင်- ထလော့၊ သင့်အား သည်းခံပါ၏၊ သွားလေတော့ အမောင်”ဟု ဆိုလေ၏။ “အရှင်သူဌေးမင်း- ကျွန်တော်အား အကယ်၍ သည်းခံတော်မူသည်ဖြစ်ပါအံ့၊ သားမယားနှင့်တကွ ကျွန်တော်ကို အိမ်၌ ကျွန်ပြုတော်မူပါ”ဟု ဆိုလတ်သော် “အမောင်- ငါ ဤမျှလောက်သော စကားကို ဆိုသည်ရှိသော် သင်သည် ဤသို့ သဘောရှိသော ဖျက်ဆီးခြင်းကို ပြုဘိ၏၊ အိမ်၌နေသဖြင့်ကား အတူတကွ တစ်စုံတစ်ခုကို ပြောဆိုခြင်းငှာ မတတ်ကောင်း၊ အိမ်၌ သင် နေသဖြင့် ငါ့အား ပြုဖွယ်ကိစ္စမရှိ၊ သင့်အား သည်းခံပါ၏၊ သွားလေတော့ အမောင်”ဟု ဆိုလေ၏။ ခိုးသူသည် ထိုအမှုကို ပြုမိခြင်းကြောင့် အသက်သေဆုံးသောအခါ အဝီစိငရဲ၌ ဖြစ်ရရှာလေ၏။ ရှည်မြင့်စွာသော ကာလပတ်လုံး ထိုအဝီစိငရဲ၌ ကျက်ပြီးမှ ကြွင်းသော အကျိုးအားဖြင့် ယခုအခါ ဂိဇ္ဈကုဋ်တောင်၌ မီးဖြင့်ကျက်လျက် ဆင်းရဲကို ခံစားရလေ၏။ ဤသို့လျှင် မြတ်စွာဘုရားသည် ထိုစပါးကြီးမြွေ ပြိတ္တာ၏ ရှေး၌ပြုအပ်သော မကောင်းမှုကံကို မိန့်တော်မူပြီးလျှင် “ချစ်သားရဟန်းတို့- သူမိုက်တို့မည်သည်ကား ယုတ်မာသောအမှုတို့ကို ပြုကုန်စဉ် မသိတတ်ကြကုန်၊ နောက်အခါ၌ကား မိမိသည် ပြုအပ်သောကံတို့ဖြင့် လောင်ကျွမ်းကုန်လျက် မိမိသည်ပင်လျှင် မိမိ၏ တောမီးနှင့်အတူ ဖြစ်ကြကုန်၏”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

[၁၃၆] အထ ပါပါနိ ကမ္မာနိ၊ ကရံ ဗာလော န ဗုဇ္ဈတိ။
သေဟိ ကမ္မေဟိ ဒုမ္မေဓော၊ အဂ္ဂိဒ ဍ္ဎောဝ တပ္ပတိ။

ဗာလော၊ မလိမ္မာသော သူမိုက်သည်။ ပါပါနိ၊ ယုတ်မာကုန်သော။ ကမ္မာနိ၊ မကောင်းမှုတို့ကို။ ကရံ ကရောန္တော၊ ပြုလုပ်နိုင်၏။ အထ၊ ထိုသို့ ပြုလုပ်နိုင်သော်လည်း။ န ဗုဇ္ဈတိ၊ ပြုအပ်သော မကောင်းမှု၏အကျိုးကို မသိ။ သေဟိ၊ မိမိဥစ္စာ ဖြစ်ကုန်သော။ ကမ္မေဟိ၊ မကောင်းမှုတို့ကြောင့်။ ဒုမ္မေဓော၊ ပညာကင်းသူ လူမိုက်သည်။ အဂ္ဂိဒဍ္ဎောဝ၊ မီးလောင်လျက်သာလျှင်။ နိရယေ၊ ငရဲ၌။ တပ္ပတိ၊ ပူပန်ရ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ်စသည်တို့သို့ ရောက်ကြလေကုန်၏။

စပါးကြီးမြွေပြိတ္တာဝတ္ထု ပြီး၏။