4451ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၅။ ဥပေါသထိကဣတ္ထီနံ ဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

ဒဏ္ဍဝဂ်

၅။ ဝိသာခါစသော ဥပါသိကာမတို့၏ ဥပုသ်သုံးသော ဝတ္ထု

ယထာ ဒဏ္ဍေနအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ပုဗ္ဗာရုံကျောင်းတော်၌ နေတော်မူစဉ် ဝိသာခါ အစရှိကုန်သော ဥပါသိကာမတို့၏ ဥပုသ်ကျင့်သုံးသောအမှုကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဥပုသ်သည်မိန်းမတို့၏ ရည်ရွယ်ချက်

သာဝတ္ထိပြည်ဝယ် တစ်ခုသော ဥပုသ်နေ့ကြီး၌ ငါးရာမျှ အတိုင်းအရှည်ရှိကုန်သော မိန်းမတို့သည် ဥပုသ် ဆောက်တည် ကျင့်သုံးလိုကြကုန်သည်ဖြစ်၍ ကျောင်းတော်သို့ သွားကြကုန်သတတ်။ ဝိသာခါ ဒါယိကာမကြီးသည် ထိုငါးရာသော မိန်းမတို့တွင် အသက်အရွယ် ကြီးရင့်ကြကုန်သော မိန်းမကြီးတို့သို့ ချဉ်းကပ်၍ “အမယ်အိုကြီးတို့- ဘယ်အကျိုးငှာ ဥပုသ်ကျင့်သုံးကြပါကုန်သနည်း”ဟု မေးမြန်းလေ၏။ ထိုမိန်းမကြီးတို့သည် “နတ်တို့၏ စည်းစိမ်ချမ်းသာကို လိုလားတောင့်တကြသဖြင့် ဥပုသ်ကျင့်သုံးကြပါကုန်၏”ဟု ဆိုလတ်သည်ရှိသော် အသက်အရွယ် အလယ်အလတ်ဖြစ်သော မိန်းမတို့ကို မေးပြန်လေ၏။ ထိုမိန်းမလတ်တို့သည် “လင်တူမိန်းမတည်းဟူသော ရန်သူမတို့နှင့် အတူနေရခြင်းမှ လွတ်ကင်းပါစိမ့်သော အကျိုးငှာ ဥပုသ်ကျင့်သုံးကြပါကုန်၏”ဟု ဆိုလတ်သည်ရှိသော် အသက်အရွယ် ငယ်ရွယ်နုပျိုသော မိန်းမတို့ကို မေးပြန်လေ၏၊ ထိုမိန်းမငယ်တို့သည် “ရှေးဦးစွာသောကိုယ်ဝန်၌ သားယောက်ျားကို ရပါစိမ့်သောအကျိုးငှာ ဥပုသ်ကျင့်သုံးကြပါကုန်၏”ဟု ဆိုလတ်သည်ရှိသော် သတို့သမီးပျိုတို့ကို မေးပြန်လေ၏။ ထိုသတို့သမီးပျိုတို့သည် “ငယ်ရွယ်နုပျိုစဉ်သာလျှင် အမျိုးကောင်းသား လင်ယောက်ျား၏အိမ်သို့ လိုက်သွားရပါစိမ့်သော အကျိုးငှာ ဥပုသ်ကျင့်သုံးကြပါကုန်၏”ဟု ဆိုလတ်သည်ရှိသော် ထိုငါးရာသော မိန်းမတို့၏ အလုံးစုံသော ထိုစကားကို ကြားရပြီးလျှင် ထိုမိန်းမတို့ကိုခေါ်သဖြင့် ဘုရားရှင်၏အထံတော်သို့သွား၍ အစဉ်အတိုင်းအားဖြင့် နားတော် လျှောက်ကြားလေသတည်း။ ထိုစကားကို ကြားတော်မူရလျှင် မြတ်စွာဘုရားသည် “ဝိသာခါ- ဤသတ္တဝါတို့၏ကိုယ်တွင်း၌ ဇာတိ အစရှိသော တရားတို့မည်သည်ကား လှံတံလက်စွဲသော နွားကျောင်းသားနှင့် တူကုန်၏၊ ပဋိသန္ဓေ နေခြင်းသည် အိုခြင်းအထံသို့၊ အိုခြင်းသည် နာခြင်းအထံသို့၊ နာခြင်းသည် သေခြင်းအထံသို့ ပို့လွှတ်ပြီးလျှင် ဓားမဖြင့် ဖြတ်ပိုင်းကြကုန်သကဲ့သို့ အသက်ကို ဖြတ်ပိုင်းကြ၏။ ဤသို့ပင် ဖြစ်သော်လည်း ဝဋ်ကင်းရာနိဗ္ဗာန်ကို တောင့်တသောသူတို့မည်သည် မရှိကြကုန်၊ သံသရာဝဋ်ကိုသာလျှင် တောင့်တကြကုန်၏”ဟု မိန့်တော်မူ၍ အနုသန္ဓေကိုစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူ၏။

ဒေသနာတော်

[၁၃၅] ယထာ ဒဏ္ဍေန ဂေါပါလော၊ ဂါဝေါ ပါဇေတိ ဂေါစရံ။
ဧဝံ ဇရာ စ မစ္စုစ၊ အာယုံ ပါဇေန္တိ ပါဏိနံ။

ဂေါပါလော၊ နွားကျောင်းသားသည်။ ဒဏ္ဍေန၊ လှံတံဖြင့်။ ဂါဝေါ၊ နွားတို့ကို။ ဂေါစရံ၊ ကျက်စားရာအရပ်သို့။ ပါဇေတိယထာ၊ မောင်းနှင်သကဲ့သို့။ ဧဝံတထာ၊ ထို့အတူ။ ဇရာ စ၊ အိုခြင်းသည်လည်းကောင်း။ မစ္စု စ၊ သေခြင်းသည်လည်းကောင်း။ ပါဏိနံ၊ သတ္တဝါတို့၏။ အာယုံ၊ အသက်ကို။ ပါဇေန္တိ၊ မောင်းနှင်ကြကုန်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဝိသာခါစသော ဥပါသိကာမတို့၏ ဥပုသ်သုံးသောဝတ္ထု ပြီး၏။