ကောဓဝဂ်

၂။ မထင်ရှားသော ရဟန်းဝတ္ထု

ယောဝေ ဥပ္ပတိတံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် အဂ္ဂါဠဝစေတီ၌ နေတော်မူစဉ် အမှတ်မရှိသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သစ်ပင်စောင့်နတ် စိတ်ချုပ်တည်းပုံ

မြတ်စွာဘုရားသည် ရဟန်းသံဃာအား ကျောင်းကို ခွင့်ပြုတော်မူလတ်သည်ရှိသော် (ဝါ) ခွင့်ပြုတော်မူခြင်းကြောင့် ရာဇဂြိုဟ်ပြည်၌ သူဌေးစသော သူတို့သည် ကျောင်းတို့ကို ဆောက်လုပ်ကြကုန်သည်ရှိသော် အာဠဝီတိုင်းသား ရဟန်းတစ်ပါးသည် မိမိအလို့ငှာ ကျောင်းကို ဆောက်လုပ်လိုသောကြောင့် နှစ်လိုဖွယ်ကောင်းသော သစ်ပင်တစ်ပင်ကိုမြင်လျှင် ဖြတ်ခြင်းငှာ အားထုတ်လေ၏။ ထိုသစ်ပင်၌ဖြစ်သော နေသော ငယ်ရွယ်နုပျိုသော တစ်ဦးသော နတ်သည် နုပျိုသောသားငယ်ကို ရင်ခွင်ဖြင့် ပိုက်ချီကာ ရပ်လျက် “အရှင်မြတ်- တပည့်တော်၏ဗိမာန်ကို မဖြတ်ပါလင့်၊ သားငယ်ကို ပိုက်ချီလျက် နေစရာမရှိသဖြင့် သွားလာလှည့်လည်ခြင်းငှာ မတတ်နိုင်ပါဘုရား”ဟု လျှောက်ထားတောင်းပန်ရှာလေ၏။ ထိုရဟန်းသည် “တစ်ပါးသောအရပ်၌ ဤသို့သဘောရှိသော သစ်ပင်ကို မရနိုင်လတ္တံ့”ဟု ထိုနတ်၏စကားကို နားမထောင်ရကား နတ်သည် “ဤသားငယ်ကိုလည်း ရှေးဦးစွာ ကြည့်ရှုရလျှင် ရှောင်ကြဉ်ပေလတ္တံ့”ဟု နှလုံးပြု၍ သားငယ်ကို သစ်ကိုင်း၌ ထားလေ၏။ ထိုရဟန်းသည်လည်း မြှောက်ချီအပ်သော ပုဆိန်ကို တည်တံ့စိမ့်သောငှာ မတတ်နိုင်ရကား နတ်သူငယ်၏ လက်ရုံးကို ဖြတ်မိလေ၏။ နတ်သည် အားကြီးစွာဖြစ်သော အမျက်ဒေါသရှိခြင်းကြောင့် “ပုတ်ခတ်၍ ထိုရဟန်းကို သတ်တော့အံ့”ဟု လက်နှစ်ဖက်တို့ကို မြှောက်ချီပြီးမှ ရှေးဦးစွာ ဤသို့ကြံလေ၏။ “ဤရဟန်းသည်လည်း သီလရှိသော ရဟန်းဖြစ်၏။ ငါသည် ဤရဟန်းကို အကယ်၍ သတ်မိငြားအံ့၊ ငရဲသို့ လားရပေတော့အံ့၊ ကြွင်းသော နတ်တို့သည်လည်း မိမိ၏သစ်ပင်ကို ဖြတ်ကုန်သော ရဟန်းတို့ကိုမြင်လျှင် ဤမည်သောနတ်သည် ရဟန်းကို ဤသို့သတ်လေ၏ဟု ငါ့ကို နှိုင်းယှဉ်ခြင်းကိုပြု၍ ရဟန်းတို့ကို သတ်ကြကုန်လတ္တံ့။ ဤရဟန်းသည်လည်း အရှင်သခင်ရှိသော ရဟန်းဖြစ်၏။ အရှင်သခင်ဖြစ်သော မြတ်စွာဘုရားအားသာလျှင် လျှောက်ကြားတော့အံ့”ဟု ကြံပြီးလျှင် မြှောက်ချီသောလက်တို့ကိုပယ်၍ ငိုကြွေးလျက် မြတ်စွာဘုရား၏ အထံတော်သို့သွားသဖြင့် ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သောအရပ်၌ ရပ်တည်နေလေ၏။

ထိုအခါ နတ်ကို မြတ်စွာဘုရားသည် “နတ်- အဘယ်သို့ ဖြစ်ဘိသနည်း”ဟု မိန့်တော်မူလေ၏။ နတ်သည် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ရှင်တော်မြတ်ဘုရားတို့၏ တပည့်ရဟန်းသည် တပည့်တော်အား ဤမည်သောအမှုကို ပြုပါသည်ဘုရား၊ တပည့်တော်သည် ထိုရဟန်းကို သတ်ခြင်းငှာ အလိုရှိသည်ဖြစ်လျက် ဤမည်သောအကြောင်းကို ကြံစည်ပြီးလျှင် မသတ်မူ၍သာလျှင် ဤဘုရားရှင်ရှိတော်မူရာ အရပ်သို့ လာပါသည်ဘုရား”ဟု အလုံးစုံသော ထိုအကြောင်းကို အကျယ်အားဖြင့် လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည် ထိုလျှောက်ချက်စကားကို ကြားတော်မူရလျှင် “နတ်- ကောင်းပေစွ, ကောင်းပေစွ၊ သင်သည် ကောင်းသောအမှုကို ပြုအပ်ပေ၏။ ပြေးသောရထားကို ရပ်တား နှိမ်နင်းနိုင်ဘိသကဲ့သို့ ဤသို့ထွက်သော အမျက်ဒေါသကို ရပ်တား နှိမ်နင်းလျက်လာခဲ့ပေသည်တကား”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၂၂၂] ယော ဝေ ဥပ္ပတိတံ ကောဓံ၊ ရထံ ဘန္တံဝ ဝါရယေ။
တမဟံ သာရထိံ ဗြူမိ၊ ရသ္မိဂ္ဂါဟော ဣတရော ဇနော။

ယော၊ အကြင်သူသည်။ ဝေ၊ စင်စစ်။ ဥပ္ပတိတံ၊ ဖြစ်သော။ ကောဓံ၊ အမျက်ဒေါသကို။ ဘန္တံ၊ အဟုန်ဖြင့် လျင်စွာပြေးသွားသော။ ရထံ၊ ရထားကို။ ဝါရယေ ဣဝ၊ တားမြစ်နိုင်ဘိသကဲ့သို့။ ဝါရယေ၊ တားမြစ်နိုင်ရာ၏။ တံ၊ ထိုသူကို။ သာရထိံ၊ လိမ္မာသော ရထားထိန်းဟူ၍။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟောတော်မူ၏။ ဣတရော၊ ဤသူမှတစ်ပါးသော။ ဇနော၊ ပြည့်ရှင်မင်း အိမ်ရှေ့မင်း စသည်တို့၏ ရထားထိန်းသည်။ ရသ္မိဂ္ဂါဟော၊ ကြိုးဆွဲသမား ကြိုးကိုင်သမားသာမည်၏။ (မြတ်သော ရထားထိန်းမမည်ဟူလို။)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ နတ်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသော ဒေသနာ ဖြစ်တော်မူ၏။

ဘုရားသခင်သည် နတ်အား သစ်ပင်ကို ညွှန်ပြတော်မူခြင်း

နတ်သည် သောတာပန်ဖြစ်ပြီးသော်လည်း ငိုကြွေး မြည်တမ်းလျက်သာ နေလေ၏။ ထိုအခါ ထိုနတ်ကို မြတ်စွာဘုရားသည် “နတ်- အကြောင်းကား အသို့နည်း”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- တပည့်တော်၏ ဗိမာန်သည် ပျက်စီးခဲ့ပါပြီ၊ ယခုအခါ အဘယ်သို့ ပြုရပါအံ့နည်းဘုရား”ဟု လျှောက်လတ်သော် “နတ်- မကြံစည်လင့်၊ မစိုးရိမ်လင့်၊ ငါဘုရားသည် သင့်အား ဗိမာန်ကို ပေးအံ့”ဟု မိန့်တော်မူ၏။ ဇေတဝန်ကျောင်းတော် ဂန္ဓကုဋိအနီး ရှေးဖြစ်သောနေ့၌ စုတေလေပြီးသော နတ်ရှိသော သစ်ပင်တစ်ပင်ကို ညွှန်ပြတော်မူလျက် “ဤမည်သောအရပ်၌ရှိသော သစ်ပင်သည် နတ်သားမှ ဆိတ်၏၊ ထိုသစ်ပင်သို့ ချဉ်းကပ်ချေလော့”ဟု မိန့်တော်မူလေ၏။ နတ်သည် သစ်ပင်သို့ ချဉ်းကပ်လေ၏။ ထိုနေ့မှစ၍ “ဤနတ်၏ဗိမာန်သည် ဘုရားရှင်ပေးအပ်သော ဗိမာန်တည်း”ဟု တန်ခိုးကြီးသော နတ်တို့သော်လည်း လာ၍ ထိုနတ်ကို တုန်လှုပ်စေခြင်းငှာ မတတ်နိုင်ကြ၊ မြတ်စွာဘုရားသည် ထိုအကြောင်းကို အကြောင်းရင်းပြု၍ ရဟန်းတော်တို့အား ဘူတဂါမ်သိက္ခာပုဒ်ကို ပညတ်တော်မူလေ၏။

မထင်ရှားသော ရဟန်းဝတ္ထုပြီး၏။