ဥတ္တရာဥပါသိကာဝတ္ထု
ကောဓဝဂ်
၃။ ဥတ္တရာဥပါသိကာမဝတ္ထု
အက္ကောဓေန ဇိနေ ကောဓံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ဥတ္တရာ၏အိမ်၌ ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုတော်မူပြီးသည်ရှိသော် ဥတ္တရာမည်သော ဒါယိကာမကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ဆင်းရဲသား မောင်ပုဏ္ဏ လယ်ထွန်သွားခြင်း
ထိုဂါထာကို ဟောတော်မူရာ၌ ဤဆိုလတ္တံ့သည်ကား စကားအစဉ်တည်း၊ ရာဇဂြိုဟ်ပြည်၌ သုမနအမည်ရှိသော သူဌေးကိုမှီ၍ ပုဏ္ဏအမည်ရှိသော သူဆင်းရဲသည် အခစားအမှုပြုလျက် အသက်မွေးသတတ်၊ ထိုပုဏ္ဏအား မယားသည်လည်းကောင်း, ဥတ္တရာအမည်ရှိသော သမီးသည်လည်းကောင်း ဤသို့ နှစ်ယောက်ကုန်သော အိမ်၌နေသော သူတို့သည် ရှိကုန်၏။ ထိုအခါ တစ်နေ့သ၌ ခုနစ်ရက်ပတ်လုံး နက္ခတ်သဘင်ကစားရမည်ဟု ရာဇဂြိုဟ်ပြည်၌ ကြွေးခြင်းကို ပြုကြကုန်၏။ ထိုစကားကိုကြားရလျှင် သုမနသူဌေးသည် နံနက်စောစောကသာလျှင် ရောက်လာသော ပုဏ္ဏကိုခေါ်၍ “အမောင်- ငါတို့၏ ထက်ဝန်းကျင် အမှုလုပ် လူအပေါင်းသည် နက္ခတ်သဘင်ကို ကစားခြင်းငှာ အလိုရှိ၏။ အမောင်- အသို့နည်း၊ နက္ခတ်သဘင်ကို ကစားအံ့လော၊ သို့တည်းမဟုတ် အခစားအမှုကို ပြုလုပ်အံ့လော”ဟု ဆိုလေ၏။ “အရှင်သူဌေးကြီး- နက္ခတ်သဘင် ပျော်ရွှင်ကစားခြင်းမည်သည် ဥစ္စာရှိသူတို့အလို့ငှာ ဖြစ်ပေါ်ရပါသည်။ ကျွန်တော်၏အိမ်၌ကား နက်ဖြန်အလို့ငှာ ယာဂုကျိုစရာ ဆန်မျှလည်း မရှိသေးပါ။ ကျွန်တော်အား နက္ခတ်သဘင် ကစားခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း။ နွားတို့ကို ရသည်ရှိသော် လယ်ထွန်ခြင်းငှာ သွားပါမည်”ဟု ဆိုရကား “ထိုသို့ဖြစ်မူ နွားတို့ကို ယူလော့”ဟု ဆိုလေ၏။ ထိုပုဏ္ဏသည် အားရှိသောနွားတို့ကိုလည်းကောင်း၊ ထွန်ကိုလည်းကောင်း ယူခဲ့ပြီးလျှင် “နှမ-- မြို့သူမြို့သားတို့သည် နက္ခတ်သဘင်ကို ပျော်ရွှင်စွာ ကစားကြကုန်၏။ ငါကား ဆင်းရဲခြင်းကြောင့် အခစားအမှု ပြုလုပ်ခြင်းငှာ သွားပေအံ့၊ ငါ၏အလို့ငှာလည်း ယနေ့ များများနှစ်ဆဖြစ်သော ရိက္ခာကိုချက်၍ ထမင်းကို ဆောင်ခဲ့လေလော့”ဟု ဆိုလျက် မယားအား မှာထား၍ လယ်တောသို့ သွားလေ၏။
ရှင်သာရိပုတ္တရာအား ရေ,ဒန်ပူလှူခြင်း
ရှင်သာရိပုတ္တရာ မထေရ်သည်လည်း ခုနစ်ရက်ပတ်လုံး နိရောဓသမာပတ်ကို ဝင်စားတော်မူသည်ဖြစ်၍ ထိုနေ့၌ ထပြီးလျှင် “ငါသည် အဘယ်သူအား ယနေ့ ချီးမြှောက်ခြင်းကို ပြုသင့်ပေသနည်း”ဟု ကြည့်ရှုလတ်သည်ရှိသော် မိမိ၏ ဉာဏ်တည်းဟူသော ကွန်ရက်အတွင်းသို့ ဝင်ရောက်လာသော ပုဏ္ဏကို မြင်တော်မူလျှင် “ဤပုဏ္ဏသည် သဒ္ဓါတရားရှိအံ့လော၊ ငါ့အား ချီးမြှောက်ခြင်းကို ပြုခြင်းငှာ တတ်နိုင်ကောင်းအံ့လော”ဟု ကြည့်ရှုပြန်သည်ရှိသော် ထိုပုဏ္ဏ၏ သဒ္ဓါတရားရှိသည့် အဖြစ်ကိုလည်းကောင်း၊ ချီးမြှောက်ခြင်းငှာ စွမ်းနိုင်သည့် အဖြစ်ကိုလည်းကောင်း၊ ထိုချီးမြှောက်ခြင်းဟူသော အကြောင်းကြောင့်သာလျှင် ပုဏ္ဏအား များစွာသော စည်းစိမ်ချမ်းသာ ရအံ့သည်ကိုလည်းကောင်း သိတော်မူသဖြင့် သပိတ်,သင်္ကန်းကို ယူတော်မူလျက် ထိုပုဏ္ဏ၏ လယ်ထွန်ရာအရပ်သို့ သွားပြီးလျှင် ရေတွင်း၏ ကမ်းပါး၌ ချုံတစ်ခုကို ကြည့်ရှုကာ ရပ်တော်မူလေ၏။ ပုဏ္ဏသည် ရှင်သာရိပုတ္တရာမထေရ်ကို မြင်လျှင်မြင်ချင်း လယ်ထွန်ခြင်းကို ရပ်ထား၍ ငါးပါးသော တည်ခြင်းဖြင့် ရှင်သာရိပုတ္တရာမထေရ်ကို ရှိခိုးပြီးလျှင် “ဒန်ပူဖြင့် အလိုတော်ရှိသည် ဖြစ်လတ္တံ့”ဟု နှလုံးပြု၍ ဒန်ပူကို ဖြတ်တောက်ခြင်းကိုပြု၍ ပေးလှူလေ၏။ ထိုအခါ ပုဏ္ဏအား မထေရ်မြတ်သည် သပိတ်ကိုလည်းကောင်း၊ ရေစစ်ကိုလည်းကောင်း ထုတ်၍ ပေးတော်မူလေ၏။ ပုဏ္ဏသည် “သောက်ရေဖြင့် အလိုတော်ရှိသည်ဖြစ်လတ္တံ့”ဟု သပိတ်နှင့်ရေစစ်ကို ယူပြီးလျှင် သောက်ရေကိုစစ်၍ လှူဒါန်းဆက်ကပ်လေ၏။
ရှင်သာရိပုတ္တရာမထေရ်သည် “ဤသူကား သူတစ်ပါးတို့၏ အိမ်နောက်၌ နေရရှာ၏။ ထိုအိမ်တံခါးသို့ အကယ်၍ ငါသွားခဲ့ငြားအံ့၊ ဤသူ၏မယားသည် ငါ့ကိုဖူးမြင်ခြင်းငှာ မရနိုင်လတ္တံ့၊ အကြင်မျှလောက် ကာလပတ်လုံး ဤပုဏ္ဏ၏ အလို့ငှာ ထမင်းကိုယူ၍ ခရီးလမ်းမသို့ ရောက်လာ၏။ ထိုမျှလောက် ကာလပတ်လုံး ဤအရပ်၌သာလျှင် ဖြစ်ဦးအံ့၊ ဆိုင်းငံ့ကာနေဦးအံ့”ဟု ကြံစည်တော်မူလေ၏။
မောင်ပုဏ္ဏ၏မယား ဆွမ်းလှူခြင်း
ထိုရှင်သာရိပုတ္တရာသည် ထိုအရပ်၌သာလျှင် အတန်ငယ်ကာလကို လွန်စေတော်မူပြီးလျှင် သူဆင်းရဲမ၏ ခရီးလမ်းမသို့ တက်သည်အဖြစ်ကို သိတော်မူသဖြင့် မြို့တွင်းသို့ ရှေးရှု ကြွသွားတော်မူလေ၏။ သူဆင်းရဲမသည် ခရီးလမ်းမအလယ်၌ ရှင်သာရိပုတ္တရာမထေရ်ကို မြင်ရလျှင် ဤသို့ကြံမိလေ၏။ “ငါသည် တစ်ရံတစ်ခါ လှူဖွယ်ဝတ္ထုရှိလျက် အရှင်မြတ်ကိုမမြင်၊ တစ်ရံတစ်ခါ ငါ၏အရှင်မြတ်ကို မြင်ရပါ၏။ လှူဖွယ်ဝတ္ထုမရှိ၊ ယနေ့မူကား ငါသည် အရှင်မြတ်ကိုလည်း မြင်ရ၏။ ဤလှူဖွယ်ဝတ္ထုသည်လည်း ရှိခဲ့၏။ ငါ့အား ချီးမြှင့်ခြင်း ပြုပါလိမ့်မည်လော”ဟု ကြံပြီးလျှင် ထိုသူဆင်းရဲမသည် ထမင်းခွက်ကိုချ၍ မထေရ်မြတ်ကို ငါးပါးသော တည်ခြင်းဖြင့် ရှိခိုးပြီးလျှင် “အရှင်ဘုရား- ဤဆွမ်းကို ညံ့ဖျင်း၏ဟူ၍လည်းကောင်း၊ မွန်မြတ်၏ဟူ၍လည်းကောင်း ကြံစည်တော်မမူပါဘဲ အရှင်ဘုရားတို့၏ ကျေးကျွန် တပည့်မွဲအား ချီးမြှောက် ထောက်ပံ့ခြင်းအမှုကို ပြုတော်မူကြပါဘုရား”ဟု လျှောက်ကြားလေ၏။ မထေရ်မြတ်သည် သပိတ်ကို ညွှတ်တော်မူပြီးလျှင် ထိုသူဆင်းရဲမသည် လက်တစ်ဖက်ဖြင့် ထိုထမင်းခွက်မှ (ထမင်းကို) ဆွမ်းကို လှူဒါန်းစဉ် ထက်ဝက်သောဆွမ်းကို လှူအပ်သည်ရှိသော် တန်ပြီဟူ၍ လက်တော်ဖြင့် သပိတ်ကို ပိတ်တော်မူ၏။ ထိုသူဆင်းရဲမသည် “အရှင်ဘုရား- တစ်ယောက်စာအတွက် တစ်ခုသောအဖို့ကို နှစ်ဖို့ပြုခြင်းငှာ မတတ်ကောင်းပါဘုရား၊ အရှင်ဘုရားတို့၏ ကျေးကျွန်အား ဤပစ္စုပ္ပန်လောကအတွက် ချီးမြောက်သင်္ဂြိုဟ်ခြင်းကို ပြုတော်မမူပါဘဲ တမလွန်လောကအတွက် ချီးမြှောက်သင်္ဂြိုဟ်ခြင်းကို ပြုတော်မူကြပါဘုရား၊ အကြွင်းမဲ့သာလျှင် လှူခြင်းငှာ အလိုရှိပါသည်ဘုရား”ဟု လျှောက်ကြားပြီးလျှင် အလုံးစုံသော ဆွမ်းကိုသာလျှင် ရှင်သာရိပုတ္တရာ မထေရ်မြတ်၏ သပိတ်တော်၌ လောင်းထည့်သဖြင့် “အရှင်ဘုရားတို့ သိမြင်အပ်သော တရား၏သာလျှင် အဖို့ရှိသည် ဖြစ်ပါစေသော”ဟု ပတ္ထနာအမှု ဆုတောင်းခြင်းကို ပြုလေ၏။ ရှင်သာရိပုတြာမထေရ်သည် “ဤသို့ တောင်းသည့်ဆုအတိုင်း ပြည့်စုံစေသော”ဟု မိန့်တော်မူပြီးလျှင် ရပ်တော်မူလျက်သာလျှင် အနုမောဒနာကိုပြု၍ ရေရလွယ်၍ ချမ်းသာရာအရပ် တစ်ခု၌ နေထိုင်ကာ ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုတော်မူလေ၏။
မောင်ပုဏ္ဏ၏မယား ကုသိုလ်ပွားအောင် ပြောပြပုံ
သူဆင်းရဲမသည်လည်း အိမ်သို့ပြန်လည်၍ ဆန်တို့ကို ရှာပြီးလျှင် ထမင်းကို ချက်ရပြန်လေ၏။ ပုဏ္ဏသည်လည်း ရှစ်မင်းပယ်မျှလောက်သော အရပ်ကို လယ်ထွန်ပြီးလျှင် မွတ်သိပ်ဆာလောင်ခြင်းကို သည်းခံခြင်းငှာ မတတ်နိုင်ရကား နွားတို့ကို လွှတ်လိုက်၍ တစ်ခုသော သစ်ပင်ရိပ်သို့ဝင်သဖြင့် လမ်းခရီးကို မျှော်ကြည့်ကာ နေရှာလေ၏။ ထိုအခါ ပုဏ္ဏ၏မယားသည် ထမင်းကိုယူ၍ သွားသည်ရှိသော် ထိုပုဏ္ဏကို မြင်လျှင်မြင်ချင်း “ဤပုဏ္ဏသည် မွတ်သိပ်ဆာလောင်ခြင်းဖြင့် နှိပ်စက်ခြင်းကြောင့် လမ်းခရီးကို မျှော်ကြည့်ကာ နေရှာလေ၏။ ငါ့ကို အလွန်လျှင် ကြာမြင့်လှဘိ၏ဟု မောင်းမဲ၍ နှင်တံရိုးဖြင့် အကယ်၍ ပုတ်ခတ်သည်ဖြစ်အံ့၊ ငါပြုအပ်သော ကောင်းမှုသည် အကျိုးမရှိဖြစ်တော့အံ့၊ ထိုခင်ပွန်းသည် ပုဏ္ဏအား ရှေးဦးမဆွ ကြိုတင်၍သာလျှင် ပြောကြားပေတော့အံ့”ဟုကြံ၍ “အရှင်- ယနေ့တစ်နေ့ပတ်လုံး စိတ်ကို ကြည်ဖြူစေပါလော့၊ ကျွန်မပြုအပ်သော ကောင်းမှုကို အကျိုးမဲ့ မပြုပါလင့်၊ ကျွန်မသည် နံနက်စောစောကသာလျှင် ထမင်းကိုဆောင်ယူခဲ့လေရာ လမ်းခရီးအကြား၌ တရားစစ်သူကြီးဖြစ်သော ရှင်သာရိပုတ္တရာကို ဖူးမြင်ရ၍ ထိုထမင်းကို ထိုရှင်သာရိပုတ္တရာအား လှူဒါန်းပြီးမှ တစ်ဖန် ပြန်သွား၍ ထမင်းချက်ပြီး လာရပါသည်။ စိတ်ကို ကြည်ဖြူစေပါလော့”ဟု တင်ကြိုကာ ဆိုရှာလေ၏။
ထိုသူဆင်းရဲပုဏ္ဏသည် “ချစ်နှမ- သင်သည် အဘယ်စကားကို ဆိုသနည်း”ဟု မေးလေသောကြောင့် တစ်ဖန် ထိုအကြောင်းကို ကြားပြန်လတ်သော် “ချစ်နှမ- ငါ့အလို့ငှာ ဆောင်ခဲ့သော ထမင်းကို ရှင်သာရိပုတ္တရာအား ပေးလှူခြင်းအားဖြင့် သင်ပြုအပ်သောအမှုသည် ကောင်းလေစွတကား၊ ငါသည်လည်း ရှင်သာရိပုတ္တရာအား ယနေ့ နံနက်စောစောကပင်လျှင် ဒန်ပူနှင့် မျက်နှာသစ်တော်ရေကိုလည်း လှူရလေပြီ”ဟု ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ထိုမယားဆိုသော စကားကို အလွန်နှစ်သက် ဝမ်းမြောက်လေ၏။ အလွန်နေမြင့်သော အခါကာလ၌ ရအပ်သော ထမင်းရှိသောကြောင့် ပင်ပန်းသောကိုယ် ရှိသည်ဖြစ်ရကား ထိုမယား၏ရင်ခွင်၌ ဦးခေါင်းထားသည်ကိုပြု၍ အိပ်ပျော်ခြင်းသို့ ရောက်လေ၏။
ရွှံ့မှ ရွှေဖြစ်ခြင်း
ထိုအခါ မောင်ပုဏ္ဏ၏ နံနက်စောစောကပင်လျှင် လယ်ထွန်သော နေရာအရပ်တစ်ခုလုံးသည် မြေမှုန့်ကို အစပြု၍ နီသောရွှေဖြစ်၍ မဟာလှေကားပန်းပွင့် အစုကဲ့သို့ တင့်တယ်လျက် တည်လေ၏။ မောင်ပုဏ္ဏ နိုးလတ်သဖြင့် ကြည့်ရှုပြီးလျှင် မယားကို “ချစ်နှမ- ထိုလယ်ထွန်ရာ အရပ်တစ်ခုလုံးသည် ငါ့အား ရွှေဖြစ်၍ ထင်၏”ဟု ဆိုပြီးလျှင် “အသို့နည်း၊ အလွန်နေမြင့်သော အခါကာလ၌ ရအပ်သော ထမင်းရှိသည် အဖြစ်ကြောင့် ငါ၏မျက်စိတို့သည် လည်လေကုန်သလော”ဟု ဆိုလေ၏။ မယားသည်လည်း “အရှင်- ကျွန်မအားလည်း ဤအတူသာလျှင် ထင်၏”ဟု ဆိုလတ်သော် မောင်ပုဏ္ဏသည် ထတဲ့၍ ထိုလယ်ထွန်ထားရာအရပ်သို့ သွားပြီးလျှင် တစ်ခုသော အစိုင်အခဲကို ယူသဖြင့် ထွန်တုံးစွန်း၌ ပုတ်ခတ်လိုက်သည်ရှိသော် ရွှေ၏အဖြစ်ကို သိရသောကြောင့် “ဪ- အံ့ဖွယ်ရှိလှပေ၏တကား၊ တရားစစ်သူကြီးဖြစ်သော ရှင်သာရိပုတ္တရာအား ပေးလှူအပ်သော အလှူဒါနသည် ယနေ့ပင်လျှင် အကျိုးကို ပြအပ်ပေပြီ၊ ဤမျှလောက်သော ဥစ္စာကို ဖုံးလွှမ်း၍ သုံးဆောင်ခြင်းငှာ မတတ်ကောင်းပေတကား”ဟု နှလုံးပြုလျက် မယားသည် ဆောင်ယူခဲ့သော ထမင်းခွက်ကို ရွှေဖြင့်ပြည့်စေ၍ မင်းအိမ်သို့သွားပြီးလျှင် မင်း၏ ပြုအပ်သော အခွင့်ရရှိလတ်သည်ရှိသော် ဝင်သွားသဖြင့် မင်းကြီးကို ရှိခိုးလေသောကြောင့် “အမောင်တို့- အကြောင်းအဘယ်သို့ ရှိသနည်း”ဟု မိန့်ဆိုလတ်သည်ရှိသော် “အရှင်မင်းကြီး- ယနေ့ အရှင့်ကျွန်တော်မျိုး လယ်ထွန်ရာ အရပ်တစ်ခုလုံးသည် ရွှေဖြင့်ပြည့်သည်သာလျှင်ဖြစ်၍ တည်နေပါသည်၊ ဤရွှေကို ဆောင်ယူစေခြင်းငှာ သင့်လျော်ပါသည်ဘုရား”ဟု သံတော်ဦးတင်လေ၏။
“သင်-အဘယ်သူဖြစ်သနည်း”ဟု မိန့်လတ်သော် “ကျွန်တော်မျိုးသည် ပုဏ္ဏမည်သောသူ ဖြစ်ပါသည်ဘုရား”ဟု လျှောက်တင်လေ၏။ “သင်သည် ယနေ့ အဘယ်သို့သော ကောင်းမှုကို ပြုလေဘိသနည်း”ဟု မေးပြန်လတ်သော် “ကျွန်တော်မျိုးသည် ယနေ့ နံနက်စောစောကပင်လျှင် ရှင်သာရိပုတြာအား ဒန်ပူကိုလည်းကောင်း၊ မျက်နှာသစ်တော်ရေကိုလည်းကောင်း လှူဒါန်းပါသည်၊ ကျွန်တော်မျိုး၏ မယားသည်လည်း ပို့ဆောင်လာသော ထမင်းကို ရှင်သာရိပုတ္တရာအားသာလျှင် လှူဒါန်းရပါသည်ဘုရား”ဟု လျှောက်တင်လေ၏။ ထိုစကားကို ကြားရလျှင် မင်းကြီးသည် “အချင်းတို့- ယနေ့ပင်လျှင် တရားစစ်သူကြီးဖြစ်တော်မူသော ရှင်သာရိပုတ္တရာအား ပေးလှူအပ်သောအလှူသည် အကျိုးကို ပြလေသတတ်”ဟု မိန့်ဆိုတော်မူ၍ “အမောင်ပုဏ္ဏ- ငါ-အဘယ်သို့ ပြုရအံ့နည်း”ဟု မေးလေ၏။ “များစွာ လှည်းအထောင်တို့ကို စေလွှတ်၍ ရွှေကို ဆောင်ယူစေတော်မူကြပါဘုရား”ဟု လျှောက်တင်သဖြင့် မင်းကြီးသည် လှည်းတို့ကို စေလွှတ်တော်မူလေ၏။
မောင်ပုဏ္ဏ သူဌေးရာထူး ရရှိခြင်း
မင်းချင်းယောက်ျားတို့သည် “မင်းကြီး၏ ဥစ္စာ”ဟု ဆို၍ ယူကြကုန်သည်ရှိသော် ယူတိုင်းယူတိုင်းသော ရွှေသည် မြေစိုင်ခဲသာလျှင် ဖြစ်၏။ မင်းချင်းယောက်ျားတို့သည် ပြန်သွား၍ မင်းကြီးအား လျှောက်ကြားခြင်းကြောင့် “သင်တို့သည် အဘယ်သို့ဆို၍ ယူဘိသနည်း”ဟု မေးမြန်းအပ်သည်ရှိသော် “အရှင်မင်းကြီးတို့၏ ဥစ္စာဟုဆို၍ ယူပါသည်”ဟု လျှောက်တင်ကြလေကုန်၏။ “အမောင်တို့- ငါသည် အဘယ်အရပ်မှ ရလတ္တံ့နည်း”ဟု မိန့်ဆိုပြီးလျှင် “မောင်ပုဏ္ဏ၏ ဥစ္စာဟုဆို၍ ယူကြကုန်လော့”ဟု မိန့်တော်မူလိုက်သည်ရှိသော် ထိုမင်းချင်းယောက်ျားတို့သည် မင်းကြီးဆိုတိုင်း ပြုကြလေကုန်၏။ ယူတိုင်းယူတိုင်းသော ဥစ္စာသည် ရွှေသာလျှင် ဖြစ်လေ၏။ အလုံးစုံသော ရွှေတို့ကို ဆောင်ယူပြီးလျှင် မင်းရင်ပြင်၌ အစုအပုံပြုကြကုန်၏။ အတောင်ရှစ်ဆယ်မြင့်သော အစုအပုံသည် ဖြစ်လေ၏။ မင်းကြီးသည် မြို့သူမြို့သားတို့ကို စည်းဝေးစေပြီးလျှင် “ဤမင်းနေပြည်တော်၌ တစ်စုံတစ်ယောက်သောသူအား ဤမျှလောက်သော ရွှေသည် ရှိသလော”ဟု မေးလေ၏။ “အရှင်မင်းကြီး- မရှိပါ”ဟု လျှောက်တင်လတ်သော် “ထိုသူအား အဘယ်ရာထူးကို ပေးကမ်းချီးမြှောက်ခြင်းငှာ သင့်မည်နည်း”ဟု မေးတော်မူပြန်လေ၏။ “အရှင်မင်းကြီး- သူဌေးတို့ ဆောင်းသောထီးကို ပေးကမ်းချီးမြှောက်ခြင်းငှာ သင့်လျော်လျောက်ပတ်ပါသည်”ဟု လျှောက်တင်လတ်သော် မင်းကြီးသည် များသော ဥစ္စာရှိသည်ကို အစွဲပြု၍ “ဗဟုဓနသူဌေး မည်သောသူ ဖြစ်စေ”ဟု များစွာသော စည်းစိမ်နှင့်တကွ ထိုပုဏ္ဏအား သူဌေးဆောင်းသောထီးကို ပေးသနားတော်မူ၍ သူဌေးရာထူးဖြင့် ချီးမြှောက်လေ၏။
သောတာပန် တည်ခြင်း
ထိုအခါ မင်းကြီးကို သူဌေး မောင်ပုဏ္ဏက “အရှင်မင်းကြီး- ကျွန်တော်မျိုးတို့သည် ဤမျှလောက်သော ကာလပတ်လုံး သူတစ်ပါးအိမ်၌ နေကြပါကုန်၏။ ကျွန်တော်မျိုးအား နေရာအရပ်ကို သနား ကယ်မတော်မူကြပါဦး”ဟု လျှောက်တင်လေ၏။ “ထိုသို့ဖြစ်မူ ကြည့်ရှုစမ်းလော့၊ ထိုချုံသည် ထင်ရှား၏၊ ထိုချုံကို သုတ်သင်ရှင်းလင်းပြီးလျှင် အိမ်ဆောက်ချေလော့”ဟု ရှေးသူဌေးတစ်ဦး၏ အိမ်နေရာအရပ်ကို ညွှန်ကြားတော်မူလေ၏။ ထိုပုဏ္ဏသူဌေးသည် ထိုအရပ်၌ နှစ်ရက်သုံးရက်ဖြင့်သာလျှင် အိမ်ရာကို သုတ်သင်စေသဖြင့် ထိုအိမ်နေရာ၌ ရွှေအိုးအပေါင်းသည် တစ်အိုးနှင့်တစ်အိုး ထိခိုက်လျက်ရှိ၏။ ထိုရွှေအိုးအပေါင်းကို ထုတ်ဖော်၍ မင်းကြီးကို “အရှင်မင်းကြီး- ရွှေအိုးအပေါင်းကို ယူငင်သိမ်းပိုက်တော်မူပါဘုရား”ဟု သိသာအောင် လျှောက်တင်လေ၏။ “သင်၏ကောင်းမှုကြောင့် ရအပ်သော ရွှေအိုးအပေါင်းကို သင်သာ ယူလေလော့”ဟု မိန့်တော်မူပြန်သဖြင့် များစွာသော ဥစ္စာကိုရ၍ အိမ်ကို ဆောက်လုပ်စေပြီးလျှင် အိမ်တက်မင်္ဂလာကိုလည်းကောင်း၊ ထီးဆောင်းမင်္ဂလာကိုလည်းကောင်း တစ်ပြိုင်နက်တည်းသာလျှင် ပြုလုပ်လျက် ခုနစ်ရက်ပတ်လုံး ဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းအား အလှူကို လှူဒါန်းလေ၏။ ထိုအခါ ပုဏ္ဏသူဌေးအား မြတ်စွာဘုရားသည် အနုမောဒနာ ပြုတော်မူလျက် အစဉ်အတိုင်းသော တရားစကားကို ဟောကြားတော်မူလေ၏။ တရားစကားကို ဟောကြားတော်မူပြီးသည့် အဆုံး၌ ပုဏ္ဏသူဌေးသည်လည်းကောင်း၊ ပုဏ္ဏသူဌေး၏ မယားသည်လည်းကောင်း၊ သမီး ဥတ္တရာသည်လည်းကောင်း ဤသုံးယောက်သော သူတို့သည် သောတာပန် ဖြစ်ကြလေကုန်၏။
သမီးဥတ္တရာ မိစ္ဆာဒိဋ္ဌိအိမ်၌ စိတ်ဆင်းရဲရခြင်း
နောက်အဖို့၌ ရာဇဂြိုဟ်သူဌေးကြီးသည် ပုဏ္ဏသူဌေး၏သမီး ဥတ္တရာကို မိမိ၏သားအား ပေးစိမ့်သောငှာ အလိုရှိသည်ဖြစ်၍ ပုဏ္ဏသူဌေးအား ဖိတ်ကြားတောင်းရမ်းလေ၏။ ပုဏ္ဏသူဌေးသည် “ကျွန်ုပ်ကား မပေးနိုင်ပါ”ဟု ဆိုလတ်သော် “ဤသို့ မပြုစေချင်ပါ၊ ဤမျှလောက်သော ကာလပတ်လုံး ငါတို့ကိုမှီ၍ နေသဖြင့်သာလျှင် သင်သည် စည်းစိမ်ချမ်းသာကို ရအပ်ပေ၏၊ ငါ့သားအား သမီးဥတ္တရာကို ပေးစေချင်ပါသည်”ဟု ဆိုလေ၏။ “ထိုသူဌေးမင်း၏ သားသည် မှားသောအယူရှိသော မိစ္ဆာဒိဋ္ဌိ ဖြစ်ပါသည်၊ အကျွန်ုပ်၏သမီးသည် ရတနာသုံးပါးတို့နှင့် ကင်း၍နေခြင်းငှာ မတတ်နိုင်ပါ။ ထို့ကြောင့် ထိုသူဌေးမင်း၏သားအား သမီးဥတ္တရာကို မပေးနိုင်ပါ”ဟု ဆိုလေ၏။ ထိုအခါ ပုဏ္ဏသူဌေးကို များစွာသော သူဌေးအပေါင်းစသော အမျိုးကောင်းသားတို့သည် “ရာဇဂြိုဟ်သူဌေးကြီးနှင့် ချစ်ကျွမ်းဝင်ခြင်းကို မဖျက်ပါလင့် (မိတ်မဖျက်ပါလင့်)။ ထိုသူဌေးသားအား သမီးဥတ္တရာကို ပေးပါလော့”ဟု တောင်းပန်စကား ပြောကြားကြလေကုန်၏။
ထိုပုဏ္ဏသူဌေးသည် သူဌေးအပေါင်းစသော အမျိုးကောင်းသားတို့၏ စကားကို ဝန်ခံပြီးလျှင် ဝါဆိုလပြည့်နေ့၌ သမီးကို ပေးရလေ၏။ ထိုသမီးဥတ္တရာသည် လင့်အိမ်သို့ ရောက်သွားသောအခါမှစ၍ ရဟန်းယောက်ျားကိုလည်းကောင်း၊ ရဟန်းမိန်းမကိုလည်းကောင်း ဆည်းကပ်ခြင်းငှာလည်းကောင်း၊ အလှူပေးခြင်းငှာလည်းကောင်း၊ တရားနာခြင်းငှာလည်းကောင်း မရရှာခဲ့လေပြီ။ ဤသို့လျှင် နှစ်လခွဲတို့သည် လွန်လတ်ကုန်သည်ရှိသော် အနီးအပါး၌နေသော အလုပ်အကျွေးကို “ယခုအခါ ဝါတွင်းကာလ၏ အကြွင်းဖြစ်သော နေ့ရက်သည် အဘယ်မျှရှိသေးသနည်း”ဟု မေးလေ၏။ “အရှင်မ- တစ်ဆယ့်ငါးရက် ရှိပါသေး၏”ဟု ပြောဆိုလတ်သော် ဥတ္တရာသည် ဖခင်၏အထံသို့ “အဘယ့်ကြောင့် သမီးဖြစ်သူ ကျွန်တော်မကို ဤသို့ သဘောရှိသော နှောင်အိမ်၌ ထည့်သွင်းထားကြပါကုန်သနည်း၊ သံပူကပ်ခြင်းဖြင့် တံဆိပ်ခတ်သည်ကိုပြု၍ သူတစ်ပါး၏ကျေးကျွန်မဟု ပြောကြားခြင်းသည် သမီးအား မြတ်ပါသေး၏။ ဤသို့သဘောရှိသော မိစ္ဆာဒိဋ္ဌိအမျိုးအား ပေးခြင်းသည် မသင့်လှပါ၊ ရောက်လာသောအခါမှစ၍ ရဟန်းတော်ကို ဖူးမြင်ရခြင်းစသော ကုသိုလ်ကောင်းမှုတို့တွင် တစ်ခုမျှလည်းဖြစ်သော ကုသိုလ်ကောင်းမှုကို ပြုလုပ်ခြင်းငှာ မရပါ”ဟု သတင်းစကားကို စေလွှတ်လိုက်လေ၏။
ဥတ္တရာခွင့်ပန်၍ ကုသိုလ်ရေး အားထုတ်ခြင်း
ထိုအခါ ဥတ္တရာ၏ဖခင်ဖြစ်သော ပုဏ္ဏသူဌေးသည် “ငါ့သမီးကား ဆင်းရဲလေစွတကား”ဟု နှလုံးမသာယာသည်အဖြစ်ကို ပြောကြားသိစေလျက် တစ်သောင်းငါးထောင်သော အသပြာတို့ကို ပို့လိုက်လေ၏။ အဘယ်သို့ဆို၍ ပို့သနည်းဟူမူကား “ဤရာဇဂြိုဟ်ပြည်၌ သီရိမာ အမည်ရှိသော ပြည့်တန်ဆာမသည် ရှိ၏၊ နေ့တိုင်း တစ်ထောင်သော ဥစ္စာကို ယူလေ့ရှိ၏၊ ဤအသပြာတို့ဖြင့် ထိုသီရိမာကို ခေါ်စေပြီးလျှင် လင်ယောက်ျား၏အလို့ငှာ ခြေရင်းစောင့် အလုပ်အကျွေး ပြုလုပ်ထားပြီးမှ မိမိကိုယ်တိုင် ကုသိုလ်ကောင်းမှုတို့ကို ပြုစေသတည်း”ဟု ဆို၍ ပို့လိုက်လေ၏။ ထိုဥတ္တရာသည် သီရိမာကို ခေါ်စေပြီးလျှင် “သူငယ်ချင်းမ- ဤအသပြာတို့ကိုယူ၍ တစ်ဆယ့်ငါးရက်ပတ်လုံး ညည်း၏မိတ်ဆွေကို အလေးဂရု လုပ်ကျွေးမှုဖြင့် ပြုစုစမ်းပါလေလော့”ဟု ဆိုလေ၏။ သီရိမာသည် “ကောင်းပါပြီ”ဟု ဝန်ခံလေ၏။ ဥတ္တရာသည် သီရိမာကို ခေါ်ဆောင်လျက် လင်ယောက်ျား၏ အထံသို့ သွားရောက်လတ်သော် လင်ယောက်ျားက သီရိမာကိုမြင်ရလျှင် “ဤကား အဘယ်သို့သော အကြောင်းအရာနည်း”ဟု ဆိုလတ်သော် “အရှင့်သား- တစ်ဆယ့်ငါးရက်ပတ်လုံး ကျွန်မ၏သူငယ်ချင်း သီရိမာသည် အရှင့်သားတို့ကို လုပ်ကျွေးသမှု ပြုစုပါစေ၊ ကျွန်မသည်ကား ဤတစ်ဆယ့်ငါးရက်ပတ်လုံး အလှူဒါနကိုလည်း လှူဒါန်းလိုပါသည်၊ တရားတော်ကိုလည်း နာကြားလိုပါသည်”ဟု ခွင့်ပန်စကားပြောကြားလေ၏။ သူဌေးသားသည် အလွန်အဆင်းလှသော သီရိမာဟူသော မိန်းမကိုမြင်ရလျှင် ဖြစ်သော ချစ်ခင်နှစ်သက်ခြင်းရှိသည်ဖြစ်၍ “ကောင်းပေပြီ”ဟု ဝန်ခံလေ၏။
ဥတ္တရာသည်လည်း ဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းကို ပင့်ဖိတ်ပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤတစ်ဆယ့်ငါးရက်ပတ်လုံး တစ်ပါးသောအရပ်သို့ မကြွမူ၍ ဤအိမ်၌သာလျှင် ဆွမ်းကို ခံယူတော်မူအပ်ပါသည်ဘုရား”ဟု လျှောက်ကြား၍ မြတ်စွာဘုရား၏ ဝန်ခံခြင်း ပဋိညာဉ်ကို ယူသဖြင့် “ယခုအခါ ဤနေ့မှစ၍ အကြင်ရွေ့လောက် သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့သည် ရှိ၏၊ ထိုရွေ့လောက် သဗ္ဗညုဘုရားကို ဆည်းကပ်ခြင်းငှာလည်းကောင်း၊ တရားတော်ကို နာခြင်းငှာလည်းကောင်း ရပေတော့အံ့”ဟု ဝမ်းမြောက်သော စိတ်ရှိလျက် “ဤသို့ ယာဂုကို ကျိုကြပါကုန်လော့၊ ဤသို့သဘောရှိသော မုန့်တို့ကို ကြော်ချက်ကြပါကုန်လော့”ဟု စားဖိုအိမ်၌ အလုံးစုံသော ကိစ္စတို့ကို စီရင်လျက် လှည့်လည်သွားလာနေ၏။ ထိုအခါ ဥတ္တရာ၏လင်သည် “နက်ဖြန် သီတင်းကျွတ်လပြည့် ပဝါရဏာနေ့ ဖြစ်လတ္တံ့”ဟု စားဖိုအိမ်သို့ ရှေးရှုလျက် လေသာပြတင်း၌ရပ်၍ “အဘယ်အမှုကိုပြုလျက် ထိုအမိုက်မ ဥတ္တရာသည် လှည့်လည်နေဘိသနည်း”ဟု ကြည့်ရှုလတ်သည်ရှိသော် ချွေးအလိမ်းလိမ်းကပ်လျက် ပြာဖြင့်ပြွမ်းလျက် မီးသွေး,အိုးမဲတို့ဖြင့် လိမ်းကျံလျက် ထိုအခြင်းအရာဖြင့် စီမံလျက် သွားလာလှည့်လည်နေသော ပုဏ္ဏသူဌေး၏သမီး ထိုဥတ္တရာကို မြင်ရလျှင် “ဪ.. အလွန်မိုက်စွတကား၊ ဤသို့သဘောရှိသော အရပ်၌ ဤစည်းစိမ် ချမ်းသာကို မခံစား၊ ဦးပြည်းရဟန်းတို့ကို လုပ်ကျွေးအံ့ဟု ဝမ်းမြောက်သော စိတ်ရှိလျက် သွားလာလှည့်လည်ဘိ၏”ဟု ရယ်လျက် ဖဲသွားလေ၏။
သီရိမာ၏ ဒေါသနှင့် ဥတ္တရာ၏ မေတ္တာဓာတ်
ထိုဥတ္တရာ၏လင်ယောက်ျား ဖဲသွားသည်ရှိသော် ထိုလင်ယောက်ျား၏ အထံ၌နေသော သီရိမာသည် “အဘယ်ကို ကြည့်ရှု၍ ဤသူဌေးသား ရယ်ရွှင်ဘိသနည်း”ဟု ထိုလေသာပြတင်းဖြင့်သာလျှင် ကြည့်ရှုလတ်သည်ရှိသော် ဥတ္တရာကို မြင်ရ၍ “ဤဥတ္တရာကိုကြည့်လျက် ဤသူဌေးသား ရယ်ဘိ၏၊ မချွတ်လျှင် ဤသူဌေးသားအား ဤဥတ္တရာနှင့်တကွ အကျွမ်းတဝင် ပေါင်းဖော်ယဉ်ပါးခြင်းရှိ၏”ဟု ကြံမိလေ၏။
ထိုသီရိမာသည် ဥတ္တရာအပေါ်၌ ရန်ငြိုးဖွဲ့လျက် “ဥတ္တရာအား ဆင်းရဲခြင်းကို ဖြစ်စေအံ့”ဟု ပြာသာဒ်မှ ဆင်းသက်၍ စားဖိုအိမ်သို့ ဝင်ပြီးလျှင် မုန့်ကြော်ရာ၌ ကျိုက်ကျိုက်ဆူသော ထောပတ်ကို ယောက်မ (ယောက်ချို)ဖြင့် ခပ်ယူ၍ ဥတ္တရာရှိရာသို့ ရှေးရှုသွားလေ၏။ ဥတ္တရာသည် လာသော ထိုသီရိမာကိုမြင်ရလျှင် “ငါ့သူငယ်ချင်းမသည် ငါ့အား များစွာ ကျေးဇူးရှိသောသူ ဖြစ်ပေ၏၊ စကြဝဠာသည် အလွန် ကျဉ်းမြောင်းလှသေး၏၊ ဗြဟ္မာပြည်သည် အလွန်နိမ့်လှသေး၏၊ ငါ၏ သူငယ်ချင်းမ၏ ဂုဏ်ကျေးဇူးကား များလှပေ၏၊ ငါသည် ဤသီရိမာကိုမှီ၍ အလှူကို လှူဒါန်းခြင်းငှာလည်းကောင်း၊ တရားကို နာခြင်းငှာလည်းကောင်း ရဘိလေ၏၊ ဤသီရိမာအပေါ်၌ ငါ၏ အမျက်ထွက်ခြင်း အကယ်၍ ရှိသည်ဖြစ်အံ့၊ ဤထောပတ်သည် ငါ့ကို ပူလောင်ပါစေသတည်း၊ အကယ်၍ မရှိသည်ဖြစ်အံ့၊ မပူလောင်ပါစေသတည်း”ဟု သီရိမာကို မေတ္တာဖြင့် ပျံ့နှံ့စေလေ၏။ သီရိမာသည် ဥတ္တရာ၏ ဦးခေါင်းထိပ်ထက်၌ သွန်းလောင်းအပ်သော ကျိုက်ကျိုက်ဆူလှသော ထောပတ်သည် အေးသောရေကဲ့သို့ ဖြစ်လေ၏။
သီရိမာအား ဝိုင်းရိုက်ကြခြင်း
ထိုအခါ ထိုထောပတ်ကို “ဤထောပတ်သည် အေးပြီးသော ထောပတ် ဖြစ်လတ္တံ့”ဟု အောက်မေ့၍ ယောက်မကို ပြည့်စေလျက် ယူလာပြန်သော သီရိမာကို ဥတ္တရာ၏ကျွန်မတို့ မြင်ကြလျှင် “မိမဆုံးမ ဖမဆုံးမ ဟယ်သူယုတ်မ- ဖဲလေလော့၊ နင်သည် ငါတို့၏သခင်မအား ကျိုက်ကျိုက်ဆူသော ထောပတ်ကို သွန်းလောင်းခြင်းငှာ မလျော်ပါတကား”ဟု ကြိမ်းမောင်းကုန်လျက် ထိုမှဤမှထ၍ လက်တို့ဖြင့်လည်းကောင်း၊ ခြေတို့ဖြင့်လည်းကောင်း ကန်ကျောက် ပုတ်ခတ်ပြီးလျှင် မြေ၌ လဲစေကြလေကုန်၏။ ဥတ္တရာသည် တားမြစ်ပါသော်လည်း တားမြစ်ခြင်းငှာ မတတ်နိုင်ရှာ။ ထိုအခါ ဥတ္တရာသည် သီရိမာ၏ အထက်၌နေလျက် အလုံးစုံသော ကျွန်မတို့ကို တားမြစ်ပြီးလျှင် “အဘယ့်ကြောင့် သင်သည် ဤသို့သဘောရှိသော ဝန်လေးသော အမှုကို ပြုဘိသနည်း”ဟု သီရိမာကို ပြောဆိုဆုံးမ၍ ရေနွေးဖြင့် ရေချိုးစေသဖြင့် အကြိမ်တစ်ရာ ချက်ပြီးသော ဆီဖြင့် ဆုပ်နယ်ပေးလေသောကြောင့် ထိုခဏ၌ သီရိမာသည် မိမိ၏ သူစိမ်းပြင်ပ မိန်းမ၏အဖြစ်ကို သိရသဖြင့် “ငါကား သူဌေးသား လင်ယောက်ျား၏ ပြုံးရယ်ခြင်းမျှ ဟူသောအကြောင်းကြောင့် ဤဥတ္တရာ၏ အထက်၌ ကျိုက်ကျိုက်ဆူသော ထောပတ်ကို သွန်းလောင်းခြင်းအားဖြင့် ဝန်လေးသောအမှုကို ပြုမိချေပြီ၊ ဥတ္တရာသည် “ထိုသီရိမာကို ဖမ်းဆီးကြဟဲ့”ဟု ကျွန်မတို့ကို မစေခိုင်းပါတကား၊ ငါ့ကို ညှဉ်းဆဲခြင်းပြုသော ကာလ၌လည်း အလုံးစုံသော ကျွန်မတို့ကို တားမြစ်ပြီးလျှင် ငါ့အား ပြုသင့်ပြုထိုက်သော အမှုကိုသာလျှင် ပြုပေ၏၊ ငါသည် ဤဥတ္တရာကို အကယ်၍ မကန်တော့ မတောင်းပန်သည် ဖြစ်အံ့၊ ငါ၏ဦးခေါင်းသည် ခုနစ်စိတ် ကွဲရာ၏တကား”ဟု ကြံ၍ ထိုဥတ္တရာ၏ ခြေရင်း၌ ဝပ်လျက် “အရှင်မ- အကျွန်ုပ်အား သည်းခံပါလော့”ဟု ဆိုရှာလေ၏။
ဘုရားရှင်ကို ကန်တော့ရမည် ဆိုခြင်း
“ငါကား ဖခင်ရှိသော သမီးဖြစ်သည်။ ဖခင် သည်းခံသည်ရှိသော် ငါလည်း သည်းခံပါ၏”ဟု ဆိုလတ်သော် “သခင်မ- ထိုသို့ဖြစ်ပါစေ၊ သင်၏ဖခင်ဖြစ်သော ပုဏ္ဏသူဌေးကိုလည်း တောင်းပန်ကန်တော့ပါမည်”ဟု ဆိုလေ၏။ “ပုဏ္ဏသူဌေးကား ငါ၏ သံသရာဝဋ်၌ ဖြစ်စေတတ်သော ဖခင်ဖြစ်၏၊ သံသရာဝဋ်ပြတ်ခြင်းကို ဖြစ်စေတတ်သော ဖခင် သည်းခံသည်ရှိသော်ကား ငါသည်းခံအံ့”ဟု ဆိုလျှင် “သံသရာဝဋ်ပြတ်ခြင်းကို ဖြစ်စေတတ်သော် သင်၏ဖခင်ကား အဘယ်သူနည်း”ဟု မေးလေ၏။ “သစ္စာလေးပါးကိုသိသော သဗ္ဗညုမြတ်စွာဘုရားတည်း”ဟု ဆိုလတ်သော် “အကျွန်ုပ်အား ထိုဘုရားရှင်နှင့် အတူတကွ အကျွမ်းဝင်ခြင်းမရှိပါ”ဟု ဆိုလေ၏။ “ငါပြုလုပ်ပေးမည်၊ မြတ်စွာဘုရားသည် နက်ဖြန် ရဟန်းသံဃာအပေါင်းကို ခေါ်၍ ဤအိမ်သို့ ကြွလာလတ္တံ့၊ သင်သည် အကြင်အကြင်ရအပ်သော ပူဇော်သက္ကာရကိုယူ၍ ဤအိမ်သို့သာ လာပြီးလျှင် ဘုရားရှင်ကို တောင်းပန်ကန်တော့ပါလော့”ဟု ဆိုလတ်သော် ထိုသီရိမာသည် “သခင်မ- ကောင်းပါပြီ”ဟု ဝန်ခံပြီးမှ ထ၍ မိမိအိမ်သို့သွားပြီးလျှင် အခြံအရံဖြစ်သော ငါးရာသောမိန်းမတို့ကို စေခိုင်းသဖြင့် အထူးထူးအပြားပြားသော ခဲဖွယ်တို့ကိုလည်းကောင်း၊ ဟင်းလျာတို့ကိုလည်းကောင်း ပြည့်စုံစေ၍ တစ်ဖန် မိုးသောက်သောနေ့၌ ထိုပူဇော်သက္ကာရကိုယူလျက် ဥတ္တရာ၏အိမ်သို့ လာတဲ့၍ ဘုရားအမှူးရှိသော ရဟန်းသံဃာတော် အပေါင်း၏သပိတ်၌ ထည့်ခြင်းငှာမဝံ့ဘဲ ရပ်နေလေ၏။ ထိုအလုံးစုံသော လှူဖွယ်ဝတ္ထုကိုယူ၍ ဥတ္တရာသည်သာလျှင် စီမံပြုလုပ်လေ၏။ သီရိမာသည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးသောအဆုံး၌ အခြံအရံနှင့်တကွ ဘုရားရှင်၏ ခြေတော်ရင်း၌ ဝပ်လျက် နေရှာလေ၏။
ဥတ္တရာ၏ မေတ္တာ
ထိုအခါ သီရိမာကို မြတ်စွာဘုရားသည် “သင်၏အဖြစ်ကား အဘယ်နည်း”ဟု မေးတော်မူလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်မသည် ယမန်နေ့က ဤမည်သောအမှုကို ပြုမိပါသည်ဘုရား၊ ထိုအခါ တပည့်တော်မ၏ သူငယ်ချင်းမ ဥတ္တရာသည် တပည့်တော်မကို ပုတ်ခတ်ညှဉ်းဆဲကုန်သော ကျွန်မတို့ကို တားမြစ်၍ တပည့်တော်မအား ကျေးဇူးဥပကာရကိုသာလျှင် ပြုပါသည်။ ထိုတပည့်တော်မသည် ဤဥတ္တရာ၏ ဂုဏ်ကျေးဇူးကိုသိ၍ ဥတ္တရာကို တောင်းပန်ကန်တော့ပါသည်ဘုရား၊ ထိုအခါ တပည့်တော်မကို ဤဥတ္တရာသည် ရှင်တော်မြတ်ဘုရားတို့ သည်းခံကုန်သည်ရှိသော် သည်းခံပါမည်ဟူ၍ ဆိုပါသည်ဘုရား”ဟု လျှောက်ထားလေ၏။ “ချစ်သမီးဥတ္တရာ- ဤသို့ သီရိမာ လျှောက်ချက်အတိုင်း ဟုတ်မှန်လေသလော”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- ဟုတ်မှန်ပါသည်။ တပည့်တော်မ၏ ဦးခေါင်း၌ သူငယ်ချင်းမ သီရိမာသည် ကျိုက်ကျိုက်ဆူသော ထောပတ်ကို သွန်းလောင်းပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ “ထိုအခါ သင်သည် အဘယ်သို့ ကြံစည်ဘိသနည်း”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- စကြဝဠာသည် အလွန်ကျဉ်းမြောင်းလှသေး၏၊ ဗြဟ္မာပြည်သည် အလွန်နိမ့်လှသေး၏၊ ငါ၏သူငယ်ချင်းမ သီရိမာ၏ ဂုဏ်ကျေးဇူးသည်သာလျှင် များလှပေ၏ဟူ၍လည်းကောင်း၊ ငါကား ဤသီရိမာကိုမှီ၍ အလှူလှူဒါန်းခြင်းငှာလည်းကောင်း၊ တရားတော်ကို နာကြားခြင်းငှာလည်းကောင်း ရခဲ့ပေ၏။”
“ဤသီရိမာ၏အပေါ်၌ ငါ၏အမျက်ထွက်ခြင်းသည် အကယ်၍ ရှိသည်ဖြစ်အံ့၊ ဤထောပတ်သည် ငါ့ကို ပူလောင်ပါစေသတည်း၊ အကယ်၍ မရှိသည်ဖြစ်အံ့၊ မပူလောင်ပါစေသတည်း ဟူ၍လည်းကောင်း ကြံစည်ပြီးလျှင် ဤသီရိမာကို မေတ္တာဖြင့် ပျံ့နှံ့စေပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည် “ချစ်သမီး ဥတ္တရာ- ကောင်းပေစွ၊ ကောင်းပေစွ၊ ဤသို့ အမျက်ဒေါသကို အောင်ခြင်းငှာ သင့်လျော်ပေ၏”ဟု မိန့်တော်မူပြီးလျှင် “အမျက်ထွက်သောသူမည်သည်ကို အမျက်မထွက်ခြင်းဖြင့် အောင်အပ်ပေ၏၊ ဆဲရေးရေရွတ်သောသူကို မဆဲရေးခြင်း မရေရွတ်ခြင်းဖြင့် အောင်အပ်ပေ၏။ မပေးကမ်းလို လွန်စွာ ဝန်တိုသောသူကို မိမိ၏ဥစ္စာကို ပေးကမ်းခြင်းဖြင့် အောင်အပ်ပေ၏၊ မမှန်စကား ဆိုတတ်သောသူကို အဟုတ်အမှန် မဖောက်ပြန်သော သစ္စာစကား ပြောကြားခြင်းဖြင့် အောင်အပ်ပေ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
ဇိနေ ကဒရိယံ ဒါနေန၊ သစ္စေနာလိကဝါဒိနံ။
ကောဓံ၊ အမျက်ထွက်သောသူကို။ အက္ကောဓေန၊ အမျက်မထွက်ခြင်းဖြင့်။ ဇိနေ-ဇိနာတိ၊ အောင်မြင်နိုင်၏။ အသာဓုံ၊ မကောင်းသောသူကို။ သာဓုနာ၊ ကောင်းခြင်းဖြင့်။ ဇိနေ-ဇိနာတိ၊ အောင်မြင်နိုင်၏။ ကဒရိယံ၊ မပေးကမ်းလို လွန်စွာဝန်တိုသောသူကို။ ဒါနေန၊ ပေးကမ်းခြင်းဖြင့်။ ဇိနေ-ဇိနာတိ၊ အောင်မြင်နိုင်၏။ အလိကဝါဒိနံ၊ မမှန်ချွတ်ယွင်း ပြောဆိုခြင်းရှိသောသူကို။ သစ္စေန၊ မှန်သောစကားကို ဆိုခြင်းဖြင့်။ ဇိနေ-ဇိနာတိ၊ အောင်မြင်နိုင်ရာ၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏အဆုံး၌ သီရိမာသည် ငါးရာသော မိန်းမတို့နှင့် အတူတကွ သောတာပတ္တိဖိုလ်၌ တည်လေ၏။