အညတရဥက္ကဏ္ဌိတဘိက္ခုဝတ္ထု
စိတ္တဝဂ်
၃။ မထင်ရှားသော ငြီးငွေ့သောရဟန်း ဝတ္ထု
သုဒုဒ္ဒသံအစရှိသော ဤတရားဒေသနာတော်ကို သဗ္ဗညုမြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သာသနာတော်၌ ပျင်းရိငြီးငွေ့သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောကြားတော်မူလေ၏။
ဆင်းရဲမှ လွတ်စိမ့်သောငှာ တစ်ဆင့်မှတစ်ဆင့် ကုသိုလ်တိုးတက် အားထုတ်သော သူဌေးသားအကြောင်း
ဘုရားရှင်သည် သာဝတ္ထိပြည်၌ နေတော်မူသည်ရှိသော် သူဌေးသားတစ်ယောက်သည် မိမိအိမ်သို့ ကြွလာတော်မူလေ့ရှိသော ဆရာမထေရ်သို့ ချဉ်းကပ်၍ “အရှင်ဘုရား- တပည့်တော်သည် ဆင်းရဲမှလွတ်ခြင်းငှာ အလိုရှိပါသည်၊ တပည့်တော်အား ဆင်းရဲမှ လွတ်အံ့သော အကြောင်းတစ်ခုကို ဟောကြားတော်မူပါဘုရား”ဟု လျှောက်ကြားလေ၏။ “ဒါယကာ- ကောင်းပြီ၊ ဆင်းရဲမှ အကယ်၍ လွတ်လိုသည်ဖြစ်အံ့၊ စာရေးတံဆွမ်း (လဆန်းပက္ခ လဆုတ်ပက္ခ၌ လှူအပ်သောဆွမ်း) ဝါဆိုသင်္ကန်းကို လှူလော့၊ သင်္ကန်းအစရှိသော ပစ္စည်းတို့ကို လှူလော့၊ မိမိ၏ဥစ္စာကို သုံးဖို့,သုံးစုပြု၍ တစ်ဖို့တစ်စုဖြင့် ရောင်းဝယ်ခြင်းစသော အမှုကိုပြု, တစ်ဖို့တစ်စုဖြင့် သားမယားကို ကျွေးမွေး, တစ်ဖို့တစ်စုကို ဘုရားသာသနာတော်၌ အလှူကို ပေးလှူလေလော့”ဟု ဆိုလေ၏။ သူဌေးသားလည်း “အရှင်ဘုရား- ကောင်းပါပြီဘုရား”ဟု ဝန်ခံ၍ ဆိုခဲ့ပြီးသော အစဉ်အတိုင်းအားဖြင့် အလုံးစုံကိုပြုပြီးမှ တစ်ဖန် မထေရ်ကို မေးလျှောက်ပြန်၏။ “အရှင်ဘုရား- ဤဆိုခဲ့ပြီးသော ကောင်းမှုထက်အလွန် အဘယ်ကောင်းမှုကို ပြုရအံ့နည်းဘုရား”ဟု မေးလျှောက်ပြန်သော် “ဒါယကာ- သုံးပါးသော သရဏဂုံတို့ကို ဆောက်တည်၍ ငါးလီသော သီလတို့ကို ခံယူဦးလော့”ဟု မိန့်ဆိုလေ၏။ ထိုသရဏဂုံ ပဉ္စသီလတို့ကိုလည်း ခံယူပြီး၍ ထို့ထက်အလွန် မေးပြန်သော် “ဆယ်ပါးသော သီလတို့ကို ခံယူလော့”ဟု မိန့်ဆိုသဖြင့် “ကောင်းပါပြီဘုရား”ဟု ဝန်ခံကာ ခံယူဆောက်တည်လေ၏။ ထိုသူဌေးသားသည် အစဉ်အားဖြင့် ကုသိုလ်ကောင်းမှုကို ပြုအပ်သည်၏အဖြစ်ကြောင့် အနုပုဗ္ဗသူဌေးသားဟူသော အမည် ထင်ရှားစွာ ဖြစ်လေ၏။
“ထို့ထက်အလွန်လည်း ပြုအပ်သောအမှု ရှိပါသေးသလောဘုရား”ဟု တစ်ဖန်မေးပြန်လျှင် “ထိုသို့ဖြစ်မူ ရဟန်းပြုလော့”ဟု ဆိုအပ်ရကား လူ့ဘောင်မှထွက်၍ ရဟန်းပြုလေ၏။ ထိုရဟန်းအား တစ်ပါးသော အဘိဓမ္မာဆောင် ရဟန်းသည် ကမ္မဝါစာဆရာ နိသျည်းဆရာဖြစ်၏။ တစ်ပါးသော ဝိနည်းဓိုရ်ရဟန်းသည်။ဥပဇ္ဈာယ်ဆရာ ဖြစ်၏။ ထိုရဟန်းအား ပဉ္စင်းအဖြစ်ကို ရပြီးသည်ရှိသော် ကမ္မဝါစာ ဆရာ, နိသျည်းဆရာသည် မိမိထံသို့ လာသောအခါ၌ “ဘုရားသာသနာတော် မည်သည်ကား ဤမည်သောအမှုကို ပြုခြင်းငှာ သင့်လျော်၏၊ ဤမည်သောအမှုကို ပြုခြင်းငှာ မသင့်လျော်”ဟု အဘိဓမ္မာတရား ဟောကြားတော်မူလေ၏။ ထိုရဟန်း၏ ဥပဇ္ဈာယ်ဆရာသည်လည်း မိမိထံသို့ လာသောအခါ၌ “ဘုရားသာသနာတော် မည်သည်ကား ဤအမှုကို ပြုခြင်းငှာ သင့်လျော်၏၊ ဤအမှုကို ပြုခြင်းငှာ မသင့်လျော်၊ ဤအမူအရာကား အပ်၏၊ ဤအမူအရာကားမအပ်”ဟု ဝိနည်တရား ဟောကြားတော်မူလေ၏။
သူဌေးသားရဟန်း ပျင်းရိလာသဖြင့် ကျင့်စရာတရားကို အကျဉ်းဆုံး ချုံးပေးပုံ
သူဌေးသား ရဟန်းလည်း “ဤရဟန်းကိစ္စကား အလွန် ဝန်လေးစွတကား၊ ငါသည် ဆင်းရဲမှ လွတ်လိုသောကြောင့် ရဟန်းပြု၏၊ ဤသာသနာတော်၌ ငါ့အား လက်ဆန့်စရာ အရပ်မျှပင် မထင်၊ အိမ်၌နေ၍သာလျှင် ဆင်းရဲမှ လွတ်စိမ့်သောငှာ တတ်ကောင်း၏၊ ငါသည် လူထွက်ခြင်းငှာ သင့်၏”ဟု ကြံစည်လေ၏။ ထိုရဟန်းသည် ထိုအခါမှစ၍ သာသနာတော်၌ မမွေ့လျော်ခြင်းကြောင့် ဒွတ္တိံသာကာရ ကမ္မဋ္ဌာန်းကိုလည်း စီးဖြန်းသရဇ္ဈာယ်ခြင်းကို မပြု၊ ပါဠိကိုလည်း မသင်ယူ၊ ကြုံလှီသည်ဖြစ်၍ ခေါင်းပါးသည်ဖြစ်၍ အကြောပြိုင်းပြိုင်းထသော ခန္ဓာကိုယ်ရှိသည်ဖြစ်၍ အပျင်းတရား အလွန်နှိပ်စက်အပ်သည် ဖြစ်ရကား ဝဲနာ,ပွေးနာတို့ဖြင့်ပြွမ်းသော ကိုယ်ရှိလျက် နေလေ၏။ ထိုအခါ ထိုရဟန်းကို သာမဏေငယ်တို့သည် “အရှင်ဘုရား- အဘယ်သို့ ဖြစ်ပါသနည်း၊ အရှင်ဘုရားသည် ရပ်၍နေသော နေရာ၌ ရပ်မြဲတိုင်းသာ၊ ထိုင်၍နေသော နေရာ၌ ထိုင်မြဲတိုင်းသာ ဖြစ်သည်။ ဖျော့တော့သောအနာ နှိပ်စက်အပ်သည်ဖြစ်၍ ကြုံလှီသည်ဖြစ်၍ ခေါင်းပါးသည်ဖြစ်၍ ဝဲနာ,ပွေးနာတို့ဖြင့် ပြွမ်းသော ကိုယ်ရှိလျက် နေပါသည်။ အရှင်ဘုရားသည် အဘယ်အမှုကို ပြုမိပါသနည်း”ဟု မေးမြန်းကြလေကုန်၏။
“ငါ့ရှင်တို့- ငါသည် သာသနာတော်၌ ပျင်းရိ ဆန့်ကျင်လှပေ၏”ဟု ဆိုသော် “အဘယ့်ကြောင့် ပျင်းရိ ဆန့်ကျင်ရပါသနည်း”ဟု မေးကြပြန်သောအခါ ထိုရဟန်းသည် ထိုအကြောင်းအရာကို ပြန်ကြားလေ၏။ သာမဏေငယ်တို့သည်လည်း ထိုရဟန်း၏ ဆရာ,ဥပဇ္ဈာယ်တို့အား ပြောကြား လျှောက်ထားကြလျှင် ထိုဆရာ,ဥပဇ္ဈာယ်တို့သည် ဘုရားရှင်အထံသို့ သူဌေးသားရဟန်းကို ခေါ်ဆောင်သွားကြလေကုန်၏။ ဘုရားရှင်သည်လည်း “ချစ်သားရဟန်းတို့- အဘယ်အကြောင်းကြောင့် လာရောက်ကြကုန်သနည်း”ဟု မိန့်တော်မူသဖြင့် “မြတ်စွာဘုရား- ဤရဟန်းသည် ရှင်တော်မြတ်ဘုရားတို့၏ သာသနာတော်၌ ပျင်းရိ ဆန့်ကျင်လျက်နေခြင်းကြောင့် လာရောက်ကြရပါသည်ဘုရား”ဟု လျှောက်ထားအပ်ရကား “ချစ်သားရဟန်း- ဤအတိုင်း ဟုတ်မှန်သလော”ဟု မေးစစ်တော်မူလေ၏။ “ဘုန်းတော် အလွန်ကြီးတော်မူသော မြတ်စွာဘုရား- ဟုတ်မှန်ပါသည်ဘုရား”ဟု ဝန်ခံသောအခါ “အဘယ့်ကြောင့် ပျင်းရိရသနည်း”ဟု မေးစစ်တော်မူပြန်သဖြင့် “မြတ်စွာဘုရား- ဘုရားတပည့်တော်သည် ဆင်းရဲမှ လွတ်လို၍သာလျှင် ရဟန်းပြုပါသည်၊ ဘုရားတပည့်တော်အား ကမ္မဝါစာဆရာ, နိသျည်းဆရာသည် အဘိဓမ္မာတရား ဟောကြားပါသည်၊ ဥပဇ္ဈာယ်ဆရာသည် ဝိနည်းတရား ဟောကြားပါသည်။ ဘုရားတပည့်တော်သည် ဤသာသနာတော်၌ ငါ့အား လက်ဆန့်စရာ အရပ်မျှပင် မရှိ၊ လူထွက်ပါတော့မည်ဟု သန္နိဋ္ဌာန်ချပြီးပါပြီ မြတ်စွာဘုရား”ဟု လျှောက်ထားလေ၏။
“ချစ်သားရဟန်း- သင်သည် တစ်ခုတည်းသော တရားကိုသာ အကယ်၍ စောင့်နိုင်သည်ဖြစ်အံ့၊ ကြွင်းကျန်သော တရားကို စောင့်ဖွယ်ကိစ္စမရှိ”ဟု မိန့်တော်မူလိုက်သောအခါ “မြတ်စွာဘုရား- ဤတရားကား အဘယ်တရားပါနည်းဘုရား”ဟု လျှောက်ထားလေ၏။ “သင်ချစ်သား၏ စိတ်တစ်ခုကိုသာ စောင့်ရှောက်ခြင်းငှာ စွမ်းနိုင်အံ့လော”ဟု မေးမြန်းတော်မူသဖြင့် “စွမ်းနိုင်ပါသည် မြတ်စွာဘုရား”ဟု ဝန်ခံရကား “ထိုသို့ဖြစ်မူ မိမိ၏ စိတ်တစ်ခုကိုသာလျှင် ဆင်းရဲမှလွတ်ခြင်းငှာ စောင့်ရှောက်လေလော့”ဟု မြတ်စွာဘုရားသည် အဆုံးအမကိုပေး၍ ဤဂါထာကို ဟောတော်မူလေ၏။
ဒေသနာတော်
စိတ္တံ ရက္ခေထ မေဓာဝီ၊ စိတ္တံ ဂုတ္တံ သုခါဝဟံ။
ဘိက္ခု၊ ရဟန်း။ သုဒုဒ္ဒသံ၊ အလွန်မြင်နိုင်ခဲထသော။ သုနိပုဏံ၊ အလွန်သိမ်မွေ့စွာထသော။ ယတ္ထကာမနိပါတိနံ၊ အကြင်အမှတ်မရှိ အလိုရှိရာအာရုံ၌ ကျလေ့ရှိထသော။ စိတ္တံ၊ စိတ်ကို။ မေဓာဝီ၊ ပညာရှိသည်။ ရက္ခေထ၊ စောင့်ရှောက်ရာ၏။ ဂုတ္တံ၊ လုံခြုံစွာ စောင့်ရှောက်အပ်သော။ စိတ္တံ၊ စိတ်သည်။ သုခါဝဟံ၊ လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ဆောင်နိုင်၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏အဆုံး၌ ထိုသူဌေးသား ရဟန်းသည် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ သူဌေးသား ရဟန်းမှတစ်ပါး များစွာသော လူတို့သည်လည်း သောတာပန် စသည်တို့ ဖြစ်ကြကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။