သံဃရက္ခိတဘာဂိနေယျတ္ထေရဝတ္ထု

4042ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၄။ သံဃရက္ခိတဘာဂိနေယျတ္ထေရဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

စိတ္တဝဂ်

၄။ သံဃရက္ခိတမထေရ်၏တူ မထေရ်ငယ် ဝတ္ထု

ဒူရင်္ဂမံ ဧကစရံအစရှိသော ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သံဃရက္ခိတအမည်ရှိသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သံဃရက္ခိတ ရဟန်းငယ်သည် ဦးရီး ဥပဇ္ဈာယ်မထေရ်ကြီးအား သင်္ကန်းလှူခြင်း

သာဝတ္ထိပြည်၌ အမျိုးသားတစ်ယောက်သည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ကြားနာရ၍ လူ့ဘောင်မှ ထွက်ပြီးလျှင် ရဟန်းပြုလေသတတ်။ ပဉ္စင်းအဖြစ်ကို ရပြီးသည်ရှိသော် သံဃရက္ခိတ မထေရ်ဟူသော အမည်ရှိသည်ဖြစ်၍ နှစ်ရက်သုံးရက်ဖြင့်သာ ရဟန္တာအဖြစ်သို့ ရောက်လေ၏။ ထိုမထေရ်မြတ်၏ နှမငယ်သည်လည်း သားယောက်ျားကို ရသည်ဖြစ်၍ မထေရ်မြတ်၏ အမည်ကိုသာလျှင် မှည့်လေ၏။ ထိုသူငယ်သည် တူဖြစ်သောကြောင့် ဘာဂိနေယျ သံဃရက္ခိတဟူသော အမည်ရှိသည်ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် မထေရ်မြတ်၏ အထံ၌သာလျှင် ရှင်ပြုပြီး ရဟန်းအဖြစ် ရသည်ဖြစ်၍ မထင်ရှားသော ရွာငယ်အရံကျောင်း၌ ဝါကပ်လေ၏။ ထိုသို့ဝါကပ်ရာတွင် ခုနစ်တောင်ရှိသော သင်္ကန်းလျာ ပုဆိုးတစ်ထည်၊ ရှစ်တောင်ရှိသော သင်္ကန်းလျာ ပုဆိုးတစ်ထည် ပေါင်း နှစ်ထည်သော ဝါဆိုဝတ်သင်္ကန်းလျာ ပုဆိုးတို့ကိုရ၍ ရှစ်တောင်ရှိသောပုဆိုးကို “ငါ၏ ဥပဇ္ဈာယ်အလို့ငှာ ဖြစ်လတ္တံ့ဟု”ကြံ၍ ဝါကျွတ်သဖြင့် ဥပဇ္ဈာယ်ဆရာကို ဖူးမြင်အံ့ဟု လာစဉ် လမ်းခရီးအကြား၌ ဆွမ်းအလို့ငှာ လှည့်လည်ကာလာ၍ မထေရ်ကြီးသည် ကျောင်းသို့ မရောက်သေးမီပင်လျှင် ကျောင်းသို့ဝင်၍ မထေရ်ကြီး၏ နေ့သန့်ရာအရပ်ကို တံမြက်လှည်းလျက် ခြေဆေးရေကို တည်ထား၍ နေရာကိုခင်းပြီးမှ ကြွလာအံ့သော လမ်းခရီးကို ကြည့်မျှော်ကာ နေလေ၏။

ထိုအခါ ဥပဇ္ဈာယ်မထေရ်ကြီး၏ ကြွလာသည့်အဖြစ်ကိုသိ၍ ခရီးကြိုဆိုလျက် သပိတ်သင်္ကန်းကို လှမ်းယူပြီးလျှင် “အရှင်ဘုရား- ထိုင်နေ သီတင်းသုံးတော်မူပါဘုရား”ဟု မထေရ်ကြီးကို ထိုင်နေစေပြီးသော် ထန်းရွက်ယပ်ကိုယူ၍ ယပ်လေခတ်ပြီးလျှင် သောက်ရေကပ်ခြင်း၊ ခြေဆေးခြင်းတို့ကိုပြု၍ ထိုရှစ်တောင်ရှိသော ပုဆိုးကိုဆောင်ယူကာ ခြေရင်း၌ထား၍ “အရှင်ဘုရား- ဤသင်္ကန်းကို သုံးဆောင်တော်မူပါဘုရား”ဟု လျှောက်ထား၍ ယပ်ခတ်ကာ နေလေ၏။ ထိုအခါ ထိုရဟန်းငယ်ကို “ငါ့ရှင် သံဃရက္ခိတ- ငါ့အား သင်္ကန်းပြည့်စုံပြီ၊ သင်သည်သာလျှင် သုံးဆောင်လော့”ဟု ပြောဆိုလေ၏။ “အရှင်ဘုရား- တပည့်တော်သည် ရသောအခါမှစ၍ ဤသင်္ကန်းလျာပုဆိုးကို အရှင်ဘုရားတို့၏ အလို့ငှာဟူ၍သာ မှတ်သားထားပါသည်၊ သုံးဆောင်ခြင်းကို ပြုတော်မူပါဘုရား”ဟု လျှောက်ထားပြန်လေ၏။ ထိုသို့ လျှောက်ထားပြန်သော်လည်း “ငါ့ရှင် သံဃရက္ခိတ- ငါ့အား သင်္ကန်းပြည့်စုံပြီ၊ သင်သည်သာလျှင် သုံးဆောင်လော့”ဟု ပြောဆိုပြန်လေ၏။ “အရှင်ဘုရား- ဤသို့ မပြုပါလင့်၊ အရှင်ဘုရားတို့ သုံးဆောင်သည်ရှိသော် တပည့်တော်အား များသော အကျိုးရှိသည် ဖြစ်ပါလိမ့်မည် ဘုရား”ဟု လျှောက်ထားပြန်လေ၏။ ထိုအခါ တူရဟန်းသည် အဖန်တလဲလဲ လျှောက်သော်လည်း မထေရ်သည် အလိုမရှိသည်သာလျှင်တည်း။

လူထွက်ရန် ကြံစည်ရာမှ ဥပဇ္ဈာယ်၏ ဦးခေါင်းတော်ကို ယပ်ဝန်းဖြင့် ရိုက်မိခြင်း

ဤသို့လျှင် ထိုသံဃရက္ခိတ ရဟန်းငယ်သည် ယပ်ခတ်ကာ နေလျက်သာလျှင် ဤသို့ ကြံစည်လေ၏။ “ငါကား မထေရ်မြတ်၏ လူဖြစ်စဉ်အခါ၌ တူဖြစ်၏၊ ရဟန်းဖြစ်သောအခါ၌လည်း အတူနေ သဒ္ဓိဝိဟာရိက တပည့်ဖြစ်၏။ ဤသို့ဖြစ်ပါလျက်လည်း ငါနှင့်အတူတကွ ဥပဇ္ဈာယ်ဆရာသည် သုံးဆောင်ခြင်းကို ပြုခြင်းငှာ အလိုမရှိ၊ ဤမထေရ်မြတ်သည် ငါနှင့်အတူတကွ သုံးဆောင်ခြင်းမပြုသည်ရှိသော် ငါ့အား ရဟန်းအဖြစ်ဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ လူထွက်တော့အံ့”ဟု ကြံစည်လေ၏။ ထို့နောက်မှ ထိုရဟန်းငယ်အား ဤသို့ အကြံဖြစ်ပြန်လေ၏။ “အိမ်ရာတည်ထောင် လူ့ဘောင်မည်သည် တည်တံ့ခြင်းငှာ ခဲယဉ်းစွာ၏၊ လူဖြစ်လတ်သည်ရှိသော် အဘယ်အမှုပြု၍ အသက်မွေးရပါအံ့နည်း”ဟု ကြံပြန်သော် “ရှစ်တောင်သောပုဆိုးကို ရောင်း၍ ဆိတ်မတစ်ကောင်ကို ဝယ်ပေအံ့၊ ဆိတ်မမည်သည်ကား လျင်စွာ မွေးလွယ်၏၊ ထိုငါသည် မွေးတိုင်း,မွေးတိုင်းသော ဆိတ်ကို ရောင်းချ၍ အရင်းငွေပြုအံ့၊ အရင်းငွေပြုပြီးလျှင် မယားတစ်ယောက်ကို ဆောင်ယူပေအံ့၊ ထိုမယားသည်လည်း သားငယ်တစ်ယောက်ကို ဖွားမြင်လတ္တံ့။ ထိုအခါ သားငယ်အား ဦးရီးမထေရ်၏ သံဃရက္ခိတဟူသော အမည်ကိုပင် မှည့်၍ လှည်းယာဉ်ငယ်တစ်ခု၌ ထိုင်စေလျက် ငါ၏ သားကိုလည်းကောင်း၊ မယားကိုလည်းကောင်း ယူဆောင်ပြီး ဦးရီးမထေရ်မြတ်ကို ဖူးမြော်ရန် လာပေအံ့၊ လာစဉ် လမ်းခရီးအကြား၌ ငါ့မယားကို ဤသို့ဆိုပေအံ့၊ “ငါ့သား ငါ့ကိုပေးလော့၊ ငါချီဦးမည်”ဟု ဆိုလိုက်လျှင် ထိုမိန်းမက “အရှင့်အား သားကိုချီသဖြင့် အဘယ်အကျိုးရှိမည်နည်း၊ လာ၍ ဤလှည်းယာဉ်ငယ်ကိုသာ မောင်းနှင်ပါ”ဟု ဆို၍ သားငယ်ကိုချီကာ ယူဆောင်ပါမည်ဟု ယူဆောင်ရာ ကောင်းကောင်း မထားနိုင်သဖြင့် လှည်းဘီးလမ်း၌ (လွတ်)ချလိုက်မိပေလတ္တံ့၊ ထိုအခါ သားငယ်၏ ကိုယ်ပေါ်ကို လှည်းဘီးတက်၍ ကြိတ်သွားလတ္တံ့၊ ထိုအခါ မိန်းမကို “နင်သည် ငါ့သားငယ်ကို ငါ့ကိုလည်း မပေး၊ ကောင်းကောင်း ချီထားခြင်းငှာလည်း မတတ်နိုင်၊ နင်သည် ငါ့ကို နှိပ်စက်ဖျက်ဆီးဘိ၏တကား”ဟုဆို၍ ကြိမ်တံပြာ လှင်တံဖြင့် မိန်းမ၏ကျောက်ကုန်း၌ ရိုက်နှက်ပေအံ့”ဟု စိတ်ကူးအကြံ ဖြစ်ပေါ်ပြန်လေ၏။ ထိုရဟန်းငယ်သည် ဤသို့ ကြံစည်လျက်သာနေ၍ ယပ်ခတ်နေစဉ်ဖြစ်ရကား မထေရ်မြတ်၏ ဦးခေါင်းတော်ကို ထန်းရွက်ယပ်ဖြင့် အကြိမ်ကြိမ် ပုတ်ခတ်မိလေ၏။

မထေရ်ကြီး သိသွားသဖြင့် ရှက်၍ ထွက်ပြေးရာမှ ဘုရားရှင် ဆုံးမတော်မူခြင်း

မထေရ်မြတ်သည် “ဤသံဃရက္ခိတကား ငါ၏ဦးခေါင်းကို ပုတ်ခတ်၏။ အကြောင်း အဘယ်သို့ ရှိသနည်း”ဟု စူးစမ်းသည်ရှိသော် ရဟန်းငယ် ကြံတိုင်း,ကြံတိုင်း အလုံးစုံကိုသိ၍ “ငါ့ရှင် သံဃရက္ခိတ- သင်၏မယား မာတုဂါမကို ရိုက်နှက်ပုတ်ခတ်ခြင်းငှာ မစွမ်းနိုင်ဘဲ ဤအရာ၌ အိုမင်း ကြီးရင့်လေပြီးသော ငါ့အား အဘယ်အပြစ်ရှိပါသနည်း”ဟု မေးလေ၏။ တူရဟန်းငယ်သည်လည်း “အံ့ဖွယ်ရှိစွ၊ ငါသည် ပျက်စီးခြင်းသို့ ရောက်ချေပြီ၊ ငါ၏ဥပဇ္ဈာယ်ဆရာကား ငါကြံသမျှကို သိခဲ့ပြီ၊ ငါ့အား ရဟန်းအဖြစ်ဖြင့် အကျိုးမရှိပြီ”ဟု ထန်းရွက်ယပ်ကို စွန့်ပစ်၍ ပြေးအံ့သောငှာ အားထုတ်လေ၏။ ထိုအခါ သံဃရက္ခိတရဟန်းငယ်ကို ပဉ္စင်းငယ်, သာမဏေငယ်တို့သည် အစဉ်လိုက်၍ ခေါ်ဆောင်ပြီးလျှင် ဘုရားရှင်အထံတော်သို့ သွားကြကုန်၏။ ဘုရားရှင်သည်လည်း ထိုရဟန်းတို့ကို မြင်တော်မူ၍ “ရဟန်းတို့- အဘယ့်ကြောင့် လာရောက်ကြသနည်း၊ ရဟန်းတစ်ပါးကို အသင်တို့ ရလာသလော”ဟု မေးတော်မူလတ်သော် “မှန်လှပါ မြတ်စွာဘုရား”ဟု လျှောက်၍ “သာသနာတော်၌ ပျင်းရိငြီးငွေ့သဖြင့် ထွက်ပြေးသော ဤရဟန်းငယ်ကိုဖမ်း၍ မြတ်စွာဘုရားထံသို့ ရောက်လာရပါကြောင်း”နှင့် လျှောက်ထားကြလေကုန်၏။

ထိုအခါ ဘုရားရှင်သည် “ချစ်သားရဟန်း- ဤသာသနာတော်၌ ပျင်းရိငြီးငွေ့သောဟူသည် မှန်သလော”ဟု မေးတော်မူသည်ရှိသော် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- မှန်လှပါသည်ဘုရား”ဟု လျှောက်ထားသဖြင့် “ချစ်သားရဟန်း- အဘယ်အကျိုးငှာ ဤသို့ ဝန်လေးသောအမှုကို သင်ပြုလေဘိသနည်း။ သင်သည် အားထုတ်အပ်သော လုံ့လရှိသော တစ်ဆူသော ငါဘုရား၏သားတော် မဟုတ်သလော၊ ငါကဲ့သို့သော ဘုရားရှင်၏ သာသနာတော်၌ ရဟန်းပြုသည်ဖြစ်ပါလျက် မိမိကိုယ်ကို သောတာပန်ဟူ၍လည်းကောင်း၊ သကဒါဂါမ် ဟူ၍လည်းကောင်း၊ အနာဂါမ်ဟူ၍လည်းကောင်း၊ ရဟန္တာဟူ၍လည်းကောင်း ဆိုစေခြင်းငှာ မစွမ်းနိုင်လေဘဲ အဘယ့်ကြောင့် ဤသို့ ဝန်လေးစွာသောအမှုကို ပြုလေဘိသနည်း”ဟု တစ်ဖန် မေးတော်မူပြန်၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ပျင်းရိငြီးငွေ့လှပါသည်ဘုရား”ဟု လျှောက်သော် “အဘယ့်ကြောင့် ပျင်းရိခြင်း ဖြစ်သနည်း”ဟု မေးတော်မူပြန်သဖြင့် ထိုရဟန်းငယ်သည် ဝါဆိုသင်္ကန်းတို့ကို ရသောအခါမှစ၍ ထန်းရွက်ယပ်ဖြင့် ဆရာဥပဇ္ဈာယ်မထေရ်အား ပုတ်ခတ်မိသည်တိုင်အောင် အလုံးစုံသော ထိုအကြောင်းကို လျှောက်ကြား၍ “ဤသို့သောအကြောင်းကြောင့် ထွက်ပြေးခြင်း ဖြစ်ပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ ထိုအခါ ပဉ္စင်းငယ်ကို ဘုရားရှင်သည် “ချစ်သားရဟန်း-လာခဲ့လော့၊ အထူးထူးအထွေထွေ မကြံလေလင့်၊ ဤစိတ်မည်သည်ကား ဝေးသောအရပ်၌ ထင်ရှားရှိသော အာရုံကိုလည်း လက်ခံတတ်သောသဘောရှိ၏။ ရာဂ,ဒေါသ,မောဟဟူသော အနှောင်အဖွဲ့မှ လွတ်စိမ့်သောငှာ လုံ့လပြုသင့်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

[၃၇] ဒူရင်္ဂမံ ဧကစရံ၊ အသရီရံ ဂုဟာသယံ။
ယေ စိတ္တံ သံယမေဿန္တိ၊ မောက္ခန္တိ မာရဗန္ဓနာ။

ဒုရင်္ဂမံ၊ ဝေးသောအရပ်၌တည်သော အာရုံသို့လည်း သွားရောက်တတ်သော။ ဧကစရံ၊ တစ်ခုချုပ်ပြီးမှ တစ်ခုဖြစ်တတ်သော။ အသရီရံ၊ ကိုယ်သဏ္ဌာန်မရှိထသော။ ဂုဟာသယံ၊ ဟဒယဝတ္ထုဟုဆိုအပ်သော လိုဏ်ဥမင်ကိုမှီ၍ ဖြစ်တတ်သော။ စိတ္တံ၊ စိတ်ကို။ ယေ၊ အကြင် ယောက်ျား,မိန်းမ, လူ,ရှင်,ရဟန်းတို့သည်။ သံယမေဿန္တိ၊ လုံခြုံစွာ စောင့်စည်းနိုင်ကြကုန်လတ္တံ့။ တေ၊ ထိုယောက်ျား,မိန်းမ, လူ,ရှင်,ရဟန်းတို့သည်။ မာရဗန္ဓနာ၊ ကိလေသာမာရ် အနှောင်အဖွဲ့ဟူသော တေဘူမက ဝဋ်ဒုက္ခမှ။ မောက္ခန္တိ၊ လွတ်မြောက်ကြကုန်လတ္တံ့။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ တူဖြစ်သော သံဃရက္ခိတမထေရ်သည် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ ထိုမှတစ်ပါး များစွာသောသူတို့သည်လည်း သောတာပန်စသည်တို့ ဖြစ်ကြကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

သံဃရက္ခိတမထေရ်၏တူ မထေရ်ငယ်ဝတ္ထုပြီး၏။