အနိတ္ထိဂန္ဓကုမာရဝတ္ထု
ပိယဝဂ်
၅။ အနိတ္ထိဂန္ဓသတို့သားဝတ္ထု
ကာမတောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အနိတ္ထိဂန္ဓ အမည်ရသော သတို့သားကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ရွှေရုပ်လိုလှသော မိန်းမကို ရှာစေခြင်း
ထိုအနိတ္ထိဂန္ဓသတို့သားသည် ဗြဟ္မာပြည်မှ စုတေသော သတ္တဝါဖြစ်၍ သာဝတ္ထိပြည်တွင် များစွာသော စည်းစိမ်ရှိသော အမျိုး၌ ဖြစ်သတတ်၊ ဖွားမြင်သောနေ့မှစ၍ မိန်းမ၏အနီးသို့ ကပ်ရောက်ခြင်းကို အလိုမရှိ၊ မိန်းမ ယူချီသည်ရှိသော် ငို၏၊ အဝတ်ခေါင်းခုအခွေဖြင့်ယူ၍ နို့တိုက်ကြရကုန်၏၊ ထိုအနိတ္ထိဂန္ဓ သတို့သားသည် အရွယ်သို့ ရောက်လတ်သည်ဖြစ်၍ မိခင်ဖခင်တို့သည် “ချစ်သား- သင့်အား ထိမ်းမြားခြင်း ပြုအံ့”ဟု ဆိုသည်ရှိသော် “ကျွန်တော်အား မိန်းမဖြင့် အလိုမရှိပါ”ဟု ပယ်ပြီးလျှင် အဖန်တလဲလဲ တောင်းပန်အပ်သည် ဖြစ်ရကား ရွှေပန်းထိမ်သည် ငါးရာတို့ကို ခေါ်စေသဖြင့် ရွှေနီနိက္ခတစ်ထောင်ကို ပေးစေ၍ အလွန်လျှင် ကြည်လင်နှစ်သက်ဖွယ်ရှိသော တစ်ခဲနက် ထုလုပ်အပ်သော မိန်းမရုပ်ကို ပြုလုပ်စေပြီးလျှင် တစ်ဖန် မိခင်ဖခင်တို့သည် “ချစ်သား- သင်ချစ်သားသည် ထိမ်းမြားခြင်းကို မပြုသည်ရှိသော် အမျိုးအနွယ်သည် မတည်တံ့နိုင်လတ္တံ့၊ သင့်အလို့ငှာ သတို့သမီးငယ်ကို ဆောင်ကုန်အံ့”ဟု ဆိုလတ်သည်ရှိသော် “ထိုသို့ဖြစ်မူ ကျွန်တော်အလို့ငှာ ဤသို့ သဘောရှိသော သတို့သမီးကို အကယ်၍ ဆောင်နိုင်ကြကုန်သည်ဖြစ်အံ့၊ မိဘတို့၏စကားကို လိုက်နာပါအံ့”ဟု ဆို၍ ရွှေဖြင့်ပြီးသော မိန်းမရုပ်ကို ပြ၏။ ထိုအခါ သတို့သား၏ မိခင်ဖခင်တို့သည် လိမ္မာသိကြား ထင်ရှားကုန်သော ပုဏ္ဏားတို့ကို ခေါ်စေ၍ “ငါတို့၏သားသည် ကြီးသော ဘုန်းကံရှိ၏၊ မချွတ် ဤသတို့သားနှင့် အတူတကွ ပြုဖူးသော ကုသိုလ်ရှိသော သတို့သမီးသည် ရှိသည်ဖြစ်လတ္တံ့”ဟု ဆို၍ “သွားကြပါကုန်လော့၊ ဤရွှေဖြင့်ပြီးသော မိန်းမရုပ်ကိုယူ၍ ဤသို့ သဘောရှိသော သတို့သမီးကို ဆောင်ယူခဲ့ကြပါကုန်လော့”ဟု စေလွှတ်ကြလေကုန်၏။
ရွှေရုပ်ထက်သာသော မိန်းမကို တွေ့ရှိခြင်း
ထိုပုဏ္ဏားတို့လည်း “ကောင်းပါပြီ”ဟု ဝန်ခံ၍ ခရီး ဒေသစာရီ လှည့်လည်သွားလာကြသဖြင့် မဒ္ဒတိုင်း သာဂလမြို့သို့ ရောက်ကြလေ၏၊ ထိုမြို့၌လည်း တစ်ယောက်သော တစ်ဆယ့်ခြောက်နှစ်ရွယ် တင့်တယ်လှပသော သတို့သမီးသည် ရှိသည် ဖြစ်လေ၏၊ ထိုသတို့သမီးကို ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်၏အထက်အပြင်၌ မိခင်ဖခင်တို့သည် ခြံရံလျက် နေစေကြကုန်၏၊ ထိုပုဏ္ဏားတို့သည်လည်း “ဤမြို့၌ ဤသို့ သဘောရှိသော သတို့သမီးသည် အကယ်၍ ရှိသည်ဖြစ်အံ့၊ ဤရွှေဖြင့်ပြီးသော မိန်းမရုပ်ကို မြင်လျှင် “ဤရွှေရုပ်သည် ဤအမည်ရှိသော အမျိုး၏သမီးကဲ့သို့ အလွန်အဆင်းလှပ၏”ဟူ၍ ဆိုကြကုန်လတ္တံ့”ဟု ရွှေဖြင့်ပြီးသော မိန်းမရုပ်ကို ရေချိုးဆိပ်လမ်းခရီး၌ ထား၍ တင့်အပ်လျောက်ပတ်သော အရပ်၌ နေကြလေကုန်၏။ ထိုအခါ ထိုသတို့သမီး၏ အထိန်းတော်သည် သတို့သမီးကို ရေချိုးပေးပြီးမှ မိမိကိုယ်တိုင်လည်း ရေချိုးလိုသည်ဖြစ်၍ ရေဆိပ်သို့ လာခဲ့လေ၏။ ထိုရွှေဖြင့်ပြီးသော မိန်းမရုပ်ကို မြင်လျှင် “ငါ၏သမီးပါတကား”ဟူသော အမှတ်အသားဖြင့် “ဪ.. ဆုံးမခက်လှချေ၏တကား၊ ယခုပင်လျှင် ငါသည် ရေချိုးပေး၍ ထွက်လာခဲ့၏၊ နင်ကား ငါ့ထက် ရှေးဦးစွာ ဤရေဆိပ်သို့ ရောက်လာရသလော”ဟု လက်ဖြင့် ပုတ်ခတ်ပြီးလျှင် ကြမ်းတမ်းမာတင်းခြင်း ရှိသည်အဖြစ်ကို လည်းကောင်း၊ တုန်လှုပ်ခြင်း မရှိသည့် အဖြစ်ကိုလည်းကောင်း သိရသဖြင့် “ငါကား သမီးဟူသော အမှတ်သညာကို ပြုမိချေပြီ၊ ဤအရုပ်သည် အဘယ်သို့သောအရုပ် ဖြစ်လေဘိသနည်း”ဟု ဆိုလေ၏။
ထိုအခါ အထိန်းတော်ကို ထိုပုဏ္ဏားတို့သည် “အမိ- သင်၏သမီးသည် ဤသို့ သဘောရှိသလော”ဟု မေးကြလေကုန်၏။ “ဤရွှေရုပ်ကား ငါ့သမီးအထံ၌ အဘယ်မျှ အဖိုးထိုက်တန်အံ့နည်း၊ ငါ့သမီးလောက် မလှ”ဟု ဆိုလျှင် “ထိုသို့ဖြစ်မူ သင့်သမီးကို အကျွန်ုပ်တို့အား ပြစမ်းပါလော့”ဟု ပြောဆိုကြလေကုန်၏။
ထိုအထိန်းတော်သည် ပုဏ္ဏားတို့နှင့် အတူတကွ အိမ်သို့ သွား၍ မိဘရှင်တို့အား ပြောကြားသိစေလေ၏၊ မိခင်ဖခင်တို့သည် ပုဏ္ဏားတို့နှင့် အတူတကွ ပြုအပ်သော ဝမ်းမြောက်ဝမ်းသာ ရှိကြကုန်သည်ဖြစ်၍ သမီးကို သက်ဆင်းစေပြီးလျှင် ပြာသာဒ်အောက် ရွှေဖြင့်ပြီးသော မိန်းမရုပ်၏အနီး၌ ယှဉ်ပြိုင်ကာ ထားကြလေကုန်၏၊ ရွှေရုပ်သည် အရောင်အဝါ ကင်းပျောက် မွဲခြောက်လျက်ရှိလေ၏၊ သတို့သမီးကား တောက်ဝင်းထိန်ပြောင် အရောင်နှင့်တကွ ဖြစ်လေ၏။ ပုဏ္ဏားတို့သည် ရွှေဖြင့်ပြီးသော မိန်းမရုပ်ကို မိဘတို့အား အပ်နှင်းခဲ့၍ သတို့သမီးငယ်ကို ဝန်ခံစေပြီးလျှင် အနိတ္ထိဂန္ဓသတို့သား၏ မိခင်ဖခင်တို့အား ပြောကြားကြလေကုန်၏၊ ထိုမိခင်ဖခင်တို့လည်း နှစ်သက်သောစိတ် ရှိကြကုန်သည်ဖြစ်၍ “သွားကြလေကုန်၊ ထိုသတို့သမီးငယ်ကို လျင်မြန်စွာ ဆောင်ယူခဲ့ကြကုန်လော့”ဟု များစွာသော ပူဇော်သက္ကာရဖြင့် ကောင်းစွာ စေလွှတ်ကြလေကုန်၏။
သတို့သမီး သေဆုံးခြင်းနှင့် သတို့သား ဒုက္ခရောက်ခြင်း
သတို့သားသည်လည်း ထိုအကြောင်းအရာကို ကြားသိရလျှင် ရွှေဖြင့်ပြီးသော အရုပ်ထက်သော်လည်း လွန်စွာ အဆင်းလှပသော သတို့သမီးငယ်သည် ရှိသတတ်ဟု ကြားရ၍ ကြားရခြင်း၏ အစွမ်းဖြင့်သာလျှင် ချစ်ခင်ခြင်းကို ဖြစ်စေလျက် “လျင်မြန်စွာ ဆောင်ယူလာပါစေလော့”ဟု ဆိုလေ၏၊ ထိုသတို့သမီးငယ်သည်လည်း ယာဉ်ထက်သို့တင်၍ ဆောင်ယူလာအပ်သည်ရှိသော် အလွန် သိမ်မွေ့နူးညံ့လှသည် အဖြစ်ကြောင့် ယာဉ်တောက်သဖြင့် ဖြစ်စေအပ်သော အနာရောဂါကြောင့် လမ်းခရီးအကြား၌သာလျှင် စုတေမနေ သေရှာခဲ့လေ၏။ သတို့သားသည်လည်း “လာပြီလော, လာပြီလော”ဟု မပြတ် မေးမြန်းရှာ၏။ အလွန်ပင် ချစ်ခင်ခြင်းဖြင့် မေးမြန်းသော ထိုသတို့သားအား အဆောတလျင်သာလျှင် မပြောကြားတဲ့သေးမူ၍ နှစ်ရက် သုံးရက်ပတ်လုံး ပြန့်လွင့်ခြင်းကိုပြုပြီးမှ ထိုသေရှာလေသော အကြောင်းကို ပြောကြားကြကုန်၏၊ သတို့သားသည် “ထိုသို့ သဘောရှိသည်မည်သော မိန်းမနှင့် အတူတကွ ပေါင်းဖော်ခြင်းကို ငါမရလေတကား”ဟု ဖြစ်သော နှလုံးမသာယာခြင်း ရှိသည်ဖြစ်၍ တောင်ကြီး ဖိဘိသကဲ့သို့ စိုးရိမ်ခြင်းဟူသော ဆင်းရဲခြင်းသည် လွှမ်းမိုးကာ ဖိအပ်ရှာလေ၏။
သတို့သား သက်သာရာ ရခြင်း
မြတ်စွာဘုရားသည် ထိုသတို့သား၏အကြောင်း ဥပနိဿယကို မြင်တော်မူ၍ ဆွမ်းအလို့ငှာ ကြွတော်မူသည်ရှိသော် ထိုအိမ်တံခါးသို့ ရောက်သွားတော်မူလေ၏၊ ထိုအခါ သတို့သား၏ မိခင်ဖခင်တို့သည် မြတ်စွာဘုရားကို အိမ်တွင်းသို့ ပင့်ဖိတ်၍ ရိုသေစွာ ဆွမ်းလုပ်ကျွေးကြလေကုန်၏၊ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စ၏အဆုံး၌ “အနိတ္ထိဂန္ဓသတို့သားကား အဘယ်မှာနည်း”ဟု မေးတော်မူ၏၊ “မြတ်စွာဘုရား- သတို့သားသည် အစာအာဟာရ ဖြတ်ခြင်းကိုပြု၍ တိုက်ခန်းတွင်း၌ နေပါသည်ဘုရား”ဟု လျှောက်ဆိုသည်ရှိသော် “ထိုသတို့သားကို ခေါ်ကြကုန်လော့”ဟု မိန့်တော်မူလေ၏၊ သတို့သား လာလတ်၍ ဘုရားရှင်ကို ရှိခိုးလျက် တင့်အပ်လျောက်ပတ်သော အရပ်၌ နေလေ၏၊ ဘုရားရှင်သည် “သတို့သား- အသို့နည်း၊ အားကြီးသော စိုးရိမ်ခြင်း ဖြစ်ဘိသလော”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား- စိုးရိမ်ခြင်းဖြစ်သည် မှန်ပါသည်ဘုရား၊ ဤသို့ သဘောရှိသည်မည်သော မိန်းမသည် လမ်းခရီးအကြား၌ သေသည်ဟု ကြားရပါသောကြောင့် စိုးရိမ်ခြင်းကြီးစွာ ဖြစ်ရပါသည်၊ ထို့ကြောင့် ထမင်းသည်လည်း တပည့်တော်အား မနှစ်သက်စေပါဘုရား”ဟု လျှောက်ကြားလေ၏။ ထိုအခါ သတို့သားကို ဘုရားရှင်သည် “သတို့သား- အဘယ်ကိုမှီ၍ သင့်အား စိုးရိမ်ခြင်းဖြစ်ရဘိနည်း၊ သင်-သိ၏လော”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- မသိပါဘုရား”ဟု လျှောက်ကြားလေ၏၊ “သတို့သား- ဝတ္ထုကာမကိုမှီ၍ အားကြီးသော စိုးရိမ်ခြင်းသည် ဖြစ်ရတတ်၏၊ စိုးရိမ်ခြင်းသည်လည်းကောင်း၊ ဘေးရန်သည်လည်းကောင်း ဝတ္ထုကာမ, ကိလေသာကာမကိုမှီ၍ ဖြစ်တတ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
ကာမတော ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။
ကာမတော၊ ဝတ္ထုကာမ, ကိလေသာကာမကြောင့်။ သောကော၊ စိုးရိမ်ခြင်းသည်။ ဇာယတိ၊ ဖြစ်၏။ ကာမတော၊ ဝတ္ထုကာမ, ကိလေသာကာမကြောင့်။ ဘယံ၊ ဘေးရန်သည်။ ဇာယတိ၊ ဖြစ်၏။ ကာမတော၊ ဝတ္ထုကာမ, ကိလေသာကာမမှ။ ဝိပ္ပမုတ္တဿ၊ လွတ်သောသူအား။ သောကော၊ စိုးရိမ်ခြင်းသည်။ နတ္ထိ၊ မရှိ။ ဘယံ၊ ဘေးရန်သည်။ ကုတော အတ္ထိ၊ အဘယ်မှာ ရှိအံ့နည်း။
ဒေသနာတော်၏အကျိုး
ဒေသနာတော်၏အဆုံး၌ အနိတ္ထိဂန္ဓသတို့သားသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။