ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၇၄။ အမ္ဗဇာတ် (၁)
4240ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၄၇၄။ အမ္ဗဇာတ် (၁)မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်

တေရသကနိပါတ်

၁။ အမ္ဗဇာတ်

ဆရာကိုစွန့်သဖြင့် ပျက်စီးရခြင်းအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အဟာသိ မေ အမ္ဗဖလာနိ ပု ဗ္ဗေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအမ္ဗဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ထိုစကားကို ချဲ့ဦးအံ့၊ ဒေဝဒတ်သည် ငါကား ဘုရားဖြစ်အံ့၊ ထို့ကြောင့် ရဟန်းဂေါတမသည် ငါ၏ဆရာမဟုတ်၊ ဥပဇ္ဈာယ်လည်း မဟုတ်ဟု ဆရာကိုစွန့်၍ ဈာန်မှယုတ်၏။ သံဃာကိုခွဲ၍ အစဉ်သဖြင့် သာဝတ္ထိပြည်သို့ လာသည်ရှိသော် ဇေတဝန်ကျောင်းတော်အပ၌ မြေသည် ဟင်းလင်းအပြင်ကို ပေးသည်ရှိသော် အဝီစိသို့ ဝင်ရလေ၏။ ထိုအခါ တရားသဘင်၌ ရဟန်းတို့သည် ထိုစကားကို ဖြစ်စေကုန်၏။ ငါ့သျှင်တို့ ဒေဝဒတ်သည် ဆရာကိုစွန့်၍ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်သည်ဖြစ်၍ အဝီစိငရဲကြီး၌ ဖြစ်၏ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့- ယခုအခါ၌သာလျှင် ဒေဝဒတ်သည် ဆရာကိုစွန့်သောကြောင့် ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်သည်မဟုတ်သေး၊ ရှေး၌လည်း ဒေဝဒတ်သည် ဆရာကို စွန့်သောကြောင့် ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ဘူးပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ထိုဗြဟ္မဒတ်မင်း၏ ပုရောဟိတ်မျိုးသည် ယဉ်းအနာဖြင့် ပျက်စီးလေ၏။ သားတယောက်သည် နံရံကိုဖောက်၍ ပြေး၏။ ထိုပုရောဟိတ်၏ သားသည် တက္ကသိုလ်ပြည်သို့ သွား၍ ဒိသာပါမောက္ခ ဆရာထံ၌ ဗေဒင်သုံးပုံတို့ကို၎င်း, ဗေဒင်သုံးပုံမှကြွင်းသော အတတ်တို့ကို၎င်း သင်ပြီးလျှင် ဆရာကို ရှိခိုး၍ ထွက်ခဲ့လတ်သော် အရပ်တပါးဖြင့် သွားခြင်းကို သွားအံ့ဟု လှည့်လည်သည်ရှိသော် တခုသော ပစ္စန္တရစ်မြို့သို့ ရောက်၏။ ထိုမြို့ကိုမှီ၍ ကြီးစွာသော ဒွန်းစဏ္ဏားရွာသည် ဖြစ်၏။

ထိုအခါ ဘုရားလောင်းသည် ထိုဒွန်းစဏ္ဍာရွာ၌ နေ၏။ ပညာရှိ၏။ လိမ်မာ၏။ အခါမဲ့ အသီးကို သီးစေနိုင်သော မန္တရားကို တတ်၏။ ထိုဘုရားလောင်းသည် နံနက်ကလျှင် ထမ်းပိုးကိုယူ၍ ထိုရွာမှထွက်ပြီးလျှင် တော၌ သရက်ပင်သို့ ကပ်၍ ခုနစ်လှမ်းအထက်၌ ရပ်လျက် ထိုမန္တရားကို ရွတ်သဖြင့် သရက်ပင်ကို ရေတလက်ဖက်ဖြင့် ဖျန်း၏။ ထိုသရက်ပင်မှ တခဏချင်းလျှင် အရွက်ဟောင်းတို့သည် ကြွေကျကုန်၏။ အရွက်သစ်တို့သည် ပေါက်ကုန်၏။ အပွင့်တို့သည် ပွင့်၍ ကြွေကျကုန်၏။ သရက်သီးတို့သည် တက်၍ တခဏချင်းဖြင့်လျှင် မှည့်ကုန်၍ ချိုကုန်သည် ဩဇာရှိကုန်သည် နတ်သဓာနှင့် တူကုန်သည်ဖြစ်၍ သရက်ပင်မှ ကြွေကျကုန်၏။ ဘုရားလောင်းသည် ထိုသရက်သီးတို့ကို ကောက်၍ အလိုရှိတိုင်း စားပြီးလျှင် ထမ်းပိုးဝန်ကိုပြည့်စေ၍ အိမ်သို့သွား၍ ထိုသရက်သီးတို့ကို ကောက်၍ ရောင်းသဖြင့် သားမယားတို့ကို မွေးကျွေး၏။

ထိုပုဏ္ဏားလုလင်ငယ်သည် အခါမဟုတ်သည်၌ သရက်သီးမှည့်တို့ကိုဆောင်၍ ရောင်းသော ဘုရားလောင်းကို မြင်၍ မချွတ်လျှင် ထိုသရက်သီးမှည့်တို့သည် မန္တရား၏ အာနုဘော်ကြောင့် ဖြစ်သည်ဖြစ်ရာ၏။ ထို့ကြောင့် ဤယောက်ျားကို မှီ၍ အဘိုးများစွာထိုက်သော ဤမန္တရားကို ငါရအံ့ဟု ကြံ၍ ဘုရားလောင်း၏ သရက်သီးတို့ကို ဆောင်သော အမှတ်ကို စုံစမ်းသည်ရှိသော် ဟုတ်မှန်သောအားဖြင့် သိ၍ ဘုရားလောင်းသည် တောမှ မလာမီလျှင် ဘုရားလောင်း၏ အိမ်သို့သွား၍ မသိသကဲ့သို့ပြုလျက် ဘုရားလောင်း မယားကို အရှင်မ ဆရာသည် အဘယ်မှာနည်းဟု မေး၍ တောသို့သွား၏ဟု ဆိုလတ်သော် ဘုရားလောင်းလာခြင်းကို ငံ့လျက်နေ၍ လာလတ်သည်ကိုမြင်လျှင် လက်မှဝန်ကို ကြိုလင့်သဖြင့် ဆောင်ယူ၍ အိမ်၌ထား၏။

ဘုရားလောင်းသည် ထိုလုလင်ကိုကြည့်၍ မယားကို ဆို၏။ ရှင်မ ဤလုလင်သည် မန္တရားအလို့ငှါ လာ၏။ ထိုလုလင်၏လက်၌ မန္တရားသည် မတည်လတ္တံ့၊ ဤလုလင်သည် သူယုတ်မာတည်းဟု ဆို၏။ လုလင်သည်လည်း ငါသည် ဤမန္တရားကို ဆရာအား ကျေးဇူးပြုသည်ဖြစ်၍ ရအံ့ဟု ကြံသဖြင့် ထိုအခါမှစ၍ ဘုရားလောင်း၏အိမ်၌ အလုံးစုံသော ကိစ္စတို့ကို ပြု၏။ ထင်းကို ဆောင်၏။ စပါးကို ထောင်း၏။ ထမင်းကို ချက်၏။ ဒန်ပူ မျက်နှာသစ်ရေ အစရှိသည်တို့ကို ပေး၏။ ခြေကို ဆေး၏။ တနေ့သ၌ ဘုရားလောင်းသည် ထိုလုလင်ကို လုလင် ညောင်စောင်းခြေ၌ အထောက်အခံကို ပေးလော့ဟု ဆိုသည်ရှိသော် တပါးသော အထောက်ခံရာကို မမြင်သောကြောင့် ညဉ့်သုံးယာမ်ပတ်လုံး ပေါင်ပေါ်၌ထား၍ နေ၏။ နောက်အဘို့၌ ဘုရားလောင်း မယားသည် သားကို ဖွား၏။ ထိုဘုရားလောင်းမယား မီးနေသောအခါ၌ အလုံးစုံသော အမှုကြီးငယ်တို့ကို ပြု၏။

ထိုမယားသည် တနေ့သ၌ ဘုရားလောင်းကို ဆို၏။ အရှင်ဤလုလင်သည် အမျိုးနှင့် ပြည့်စုံသည် ဖြစ်လျက် မန္တရားအလို့ငှါ ကျွန်ုပ်တို့၏ အမှုကြီးငယ်ကို ပြု၏။ ထိုလုလင်၏ လက်၌ မန္တရားမတည်သည်ဖြစ်စေ တည်သည်ဖြစ်စေ ထိုလုလင်အား မန္တရားကို ပေးပါလော့ဟု ဆို၏။ ထိုဘုရားလောင်းသည် ကောင်းပြီဟု ဝန်ခံ၍ ထိုလုလင်အား မန္တရားကို ပေးပြီးလျှင် ချစ်သားလုလင် ဤမန္တရားသည် အဘိုးများစွာထိုက်၏။ ဤမန္တရားကို မှီ၍ သင်ချစ်သားအား များစွာသော လာဘ်ပူဇော်သက္ကာရသည် ဖြစ်လတ္တံ့၊ ထို့ကြောင့် မင်းသည်၎င်း, မင်း၏အမတ်သည်၎င်း သင်၏ဆရာ အဘယ်သူနည်းဟု မေးသည်ရှိသော် ငါ၏ဆရာသည် ဒွန်းစဏ္ဍာတည်း၊ ထို့န်းစဏ္ဏားအထံမှ မန္တန်ကို ငါသည် သင်၏ဟု ဆိုခြင်းငှါ ရှက်စနိုး၍ ငါ၏ဆရာကား ပုဏ္ဏားသူကြွယ်တည်းဟု သင်ဆိုအံ့၊ ဤမန္တန်၏ အကျိုးသည် မဖြစ်လတ္တံ့ဟု ဆို၏။

ထိုလုလင်သည် အဘယ်ကြောင့် ဆရာကို လျှို့ဝှက်ရအံ့နည်း၊ တစုံတယောက်သောသူသည် မေးသောအခါ ဆရာတို့ကိုသာလျှင် ဆရာဟူ၍ ပြောဆိုအံ့ဟု ဆို၍ ဆရာဘုရားလောင်းကို ရှိခိုးပြီးလျှင် ဒွန်းစဏ္ဍာရွာမှ ထွက်ခဲ့၍ မန္တရားတို့ကို စုံစမ်းလျက် အစဉ်သဖြင့် ဗာရာဏသီပြည်သို့ ရောက်လျှင် သရက်သီးတို့ကိုရောင်း၍ များစွာသောဥစ္စာကို ရ၏။ ထိုအခါ တနေ့သ၌ မင်း၏ ဥယျာဉ်စောင့်သည် ထိုလုလင်၏လက်မှ သရက်သီးကို ဝယ်၍ မင်းအား ဆက်၏။ မင်းသည် သရက်သီးကိုစား၍ ဥယျာဉ်စောင့် သင်သည် ဤသို့သဘောရှိသော သရက်သီးကို အဘယ်မှရသနည်းဟု မေး၏။ အရှင်မင်းကြီး လုလင်တယောက်သည် အခါမဲ့ သရက်သီးကို ဆောင်ခဲ့၍ ရောင်း၏။ ထိုလုလင်မှ အကျွန်ုပ်သည် ဆောင်အပ်၏ဟု တင်လျှောက်သည်ရှိသော် ထိုသို့တပြီးကား ဤနေ့မှစ၍ ငါတို့နန်းတော်သို့သာ ဆောင်ခဲ့စေလော့ဟု ဆို၏။ ထိုဥယျာဉ်စောင့်သည်လည်း မင်းကြီးဆိုတိုင်း ပြု၏။ လုလင်သည်လည်း ထိုအခါမှစ၍ မင်း၏ နန်းတော်သို့ ဆောင်၏။ ထိုအခါ မင်းသည် ငါ့အား ခစားလော့ဟု ဆိုသည်ရှိသော် မင်ကိုခစားလျက် များစွာသော ဥစ္စာကိုရ၍ အစဉ်သဖြင့် မင်းနှင့် အကျွမ်းဝင်သည် ဖြစ်၏။

ထိုအခါ လုလင်ကို မင်းသည် တနေ့သ၌ မေး၏။ အမောင်လုလင် အမောင်သည် အဘယ်အရပ်မှ အခါမဟုတ်သည်၌ ဤသို့သဘောရှိသော အဆင်းအနံ့အရသာနှင့် ပြည့်စုံသော သရက်သီးတို့ကို ဆောင်ခဲ့သနည်း၊ သင့်အား နဂါးသည်၎င်း, ဂဠုန်သည်၎င်း နတ်သည်၎င်း ပေးသလော၊ ထိုသို့မဟုတ်မူ မန္တရား၏ အာနုဘော်လောဟု မေး၏။ မြတ်သောမင်းကြီး အကျွန်ုပ်အား တစုံတယောက်သောသူသည် မပေး၊ အကျွန်ုပ်၏ ပညာအစွမ်းဖြင့် အကျွန်ုပ်အား အဘိုးများစွာထိုက်သော မန္တရားသည် ရှိ၏။ ထိုမန္တရား၏ အစွမ်းတည်းဟု လျှောက်သည်ရှိသော် ထိုသို့တပြီးကား ငါတို့သည် တနေ့သ၌ သင်၏ မန္တရားအစွမ်းကို ကြည့်လိုကုန်၏ဟု ဆိုသည်ရှိသော် အရှင်မင်းကြီး ကောင်းပြီ၊ ပြပါအံ့ဟု လျှောက်၏။

မင်းသည် တနေ့သ၌ ထိုလုလင်နှင့်တကွ ဥယျာဉ်တော်သို့သွား၍ ပြလော့ဟု ဆို၏။ ထိုလုလင်သည် ကောင်းပြီဟု ဆို၍ သရက်ပင်သို့ သွားပြီးလျှင် ခုနစ်ဘဝါးအထက်၌ ရပ်လျက် မန္တရားကိုရွတ်၍ သရက်ပင်ကို ရေတလက်ဖက်ဖြင့် ဖျန်း၏။ ထိုခဏ၌ သရက်ပင်သည် အောက်၌ ဆိုအပ်သောနည်းဖြင့် အသီးသီး၍ သည်းစွာသော မိုဃ်းကြီးသည် ရွာသကဲ့သို့ သရက်သီးမိုဃ်းသည် ရွာ၏။ လူအများတို့သည် ကောင်းချီးပေး၏။ အဝတ်ပုဆိုး ကြဲခြင်းတို့ကို ဖြစ်စေကုန်၏။ မင်းသည် သရက်သီးကိုစား၍ ထိုလုလင်အား များစွာသော ဥစ္စာကို ပေးတော်မူပြီးလျှင် လုလင် အဘယ်သူသည် သင့်အား ဤသို့သဘောရှိသောအံ့ဘွယ်သရဲဖြစ်သော မန္တရားကို ပေးသနည်း၊ အဘယ်သူ၏ အထံ၌ သင်သည်အံ့ဘွယ်သရဲရှိသော မန္တရားကို သင်သနည်းဟု မေးတော်မူ၏။

လုလင်သည် အကယ်၍ ငါသည် ဒွန်းစဏ္ဍားအထံ၌ သင်၏ဟု ဆိုချေအံ့၊ ရှက်ဘွယ်ဖြစ်လတ္တံ့၊ ထို့ကြောင့် ငါ့ကို ကဲ့ရဲ့လတ္တံ့၊ စင်စစ်သော်ကား မန္တရားသည် နှုတ်တက်ပြီ။ ဤအခါ၌ မပျောက်လတ္တံ့၊ ငါ၏ဆရာသည် ဒိသာပါမောက္ခ ဆရာတည်း၊ ဤသို့ ညွှန်ပြအံ့ဟု ကြံသဖြင့် မုသာဝါဒကို ဆို၍ တက္ကသိုလ်ပြည် ဒိသာပါမောက္ခ ဆရာ့အထံ၌ အကျွန်ုပ်သည် သင်အပ်၏ဟု ဆို၍ ဆရာကိုစွန့်၏။ ထိုသို့ ဆရာကိုစွန့်သော ခဏ၌လျှင် မန္တရားသည် ကွယ်လေ၏။ မင်းသည် ဝမ်းမြောက်ခြင်း ရှိသည်ဖြစ်၍ ထိုလုလင်ကိုယူ၍ နန်းတော်သို့ ဝင်လေ၏။ တနေ့သ၌ သရက်သီးတို့ကို စားအံ့ဟု ဥယျာဉ်တော်သို့ သွားပြီးလျှင် မင်္ဂလာ ကျောက်ဖျာအပြင်၌ နေ၍ လုလင် သရက်သီးတို့ကို ဆောင်ခဲ့လော့ဟု ဆို၏။ ထိုလုလင်သည် ကောင်းပြီဟု သရက်ပင်ကပ်၍ ခုနစ်ဘဝါး အထက်၌ရပ်လျက် မန္တန်ကို ရွတ်အံ့ဟု မန္တန်တို့ကို ဆင်ခြင်သည်ရှိသော် ကွယ်သောအဖြစ်ကိုသိလျှင် ရှက်သည်ဖြစ်၍ ရပ်၏။ မင်းသည် ဤလုလင်သည် ရှေး၌ ပရိသတ်အလယ်၌ သရက်သီးတို့ကို ဆောင်၍ ငါ့အား ပေး၏။ တခဲနက်သော မိုဃ်းကြီးကို ရွာစေသကဲ့သို့ သရက်သီးမိုဃ်းကို ရွာစေ၏။ ယခုမူကား ခက်ထရော် ရှိသည်ဖြစ်၍ ရပ်၏။ အကြောင်းကြား အသို့နည်းဟု ကြံ၍ ထိုလုလင်ကို မေးလိုရကား-

။ အဟာသိ မေ အမ္ဗဖလာနိ ပုဗ္ဗေ။
အဏူနိ ထူလာနိ စ ဗြဟ္မစာရိ။
တေဟေဝ မန္တေဟိ န ဒါနိ တုယှံ၊
ဒုမပ္ဖလာ ပါတုဘဝန္တိ ဗြဟ္မေ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁။ ဗြဟ္မစာရိ၊ မြတ်သောအကျင့်ရှိသော ပုဏ္ဏား။ ပုဗ္ဗေ၊ ရှေး၌။ အဏူနိ ထူလာနိ စ၊ အငယ်အကြီးလည်း ဖြစ်ကုန်သော။ အမ္ဗဖလာနိ၊ သရက်သီးတို့ကို။ မေ၊ ငါ့အား။ အဟာသိ၊ ဆောင်ပြီ။ ဗြဟ္မေ၊ ပုဏ္ဏား။ တုယှံ၊ သင့်အား။ ဒါနိ၊ ယခုအခါ၌။ တေဟေဝ မန္တေဟိ၊ ထိုမန္တရားတို့ဖြင့်သာလျှင်။ ဒုမပ္ဖလာ၊ သရက်သီးတို့သည်။ န ပါတုဘဝန္တိ၊ ထင်ရှားမဖြစ်ကုန်။

ထိုစကားကိုကြား၍ လုလင်သည် ယနေ့ သရက်သီးတို့ကို မပေးနိုင်ပါဟု အကယ်၍ ဆိုချေအံ့၊ မင်းသည် ငါ့အား အမျက်ထွက်လတ္တံ့၊ မုသာဝါဒဖြင့် ကြားအံ့ဟု ကြံ၍ ကြားလျှောက်လိုရကား-

။ နက္ခတ္တယောဂံ ပဋိမာနယာမိ၊
ခဏံ မုဟုတ္တဉ္စ မန္တေ န ပဿံ။
နက္ခတ္တယောဂဉ္စ ခဏဉ္စ လဒ္ဓါ၊
အဒ္ဓါ ဟရိဿမ္ဗဖလံ ပဟူတံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၂။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အဟံ၊ အကျွန်ုပ်သည်။ နက္ခတ္တယောဂံ၊ နက္ခတ်၏ယှဉ်ခြင်းကို။ ပဋိမာနယာမိ၊ မျှော်လင့်၏။ မန္တေ၊ မန္တရား၌။ ခဏဉ္စ၊ ခဏကို၎င်း။ မုဟုတ္တဉ္စ၊ မုဟုတ်ကို၎င်း။ န ပဿံ-န ပဿာမိ၊ အကျွန်ုပ် မမြင်။

နက္ခတ္တယောဂဉ္စ၊ နက္ခတ်၏ယှဉ်ခြင်းကို၎င်း။ ခဏဉ္စ၊ ခဏကို၎င်း။ လဒ္ဓါ၊ ရသည်ရှိသော်။ အဒ္ဓါ၊ စင်စစ်။ ပဟူတံ၊ များစွာသော။ အမ္မဖလံ၊ သရက်သီးကို။ ဟရိဿံ၊ ဆောင်ပါအံ့။

မင်းလည်း ဤလုလင်သည် တပါးသောအခါ၌ နက္ခတ်၏ ယှဉ်ခြင်းကို မဆို၊ ဤအကြောင်းကား အသို့နည်းဟု မေးလိုရကား-

။ နက္ခတ္တယောဂံ န ပုရေ အဘာဏိ၊
ခဏံ မုဟုတ္တံ န ပုရေ အသံသိ။
သယံ ဟရိ အမ္ဗဖလံ ပဟူတံ၊
ဝဏ္ဏေန ဂန္ဓေန ရသေနုပေတံ။
။ မန္တာဘိဇပ္ပေန ပုရေ ဟိ တုယှ၊
ဒုမပ္ဖလာ ပါတုဘဝန္တိ ဗြဟ္မေ။
သွဇ္ဇ န ပါဒေသိ ဇပ္ပမ္ပိ မန္တံ၊
အယံ သော ကော နာမ တဝဇ္ဇ ဓမ္မော။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၃။ ဗြဟ္မေ၊ ပုဏ္ဏား။ ပုရေ၊ ရှေး၌။ နက္ခတ္တယောဂံ၊ နက္ခတ်၏ယှဉ်ခြင်းကို။ န အဘာဏိ၊ သင်မဆို။ ပုရေ၊ ရှေး၌။ ခဏံ၊ ခဏကို၎င်း။ မုဟုတ္တံ၊ မုဟုတ်ကို၎င်း။ န အသံသိ၊ သင်မဆို။ ဝဏ္ဏေန၊ အဆင်းနှင့်၎င်း။ ဂန္ဓေန၊ အနံ့နှင့်၎င်း။ ရသေန၊ အရသာနှင့်၎င်း။ ဥပေတံ၊ ပြည့်စုံသော။ ပဟူတံ၊ များစွာသော။ အမ္ဗဖလံ၊ သရက်သီးကို။ သယံ၊ မိမိသည်။ ဟရိ၊ ဆောင်၏။

၄။ ဗြဟ္မေ၊ ပုဏ္ဏား။ တုယှံ၊ သင့်အား။ ပုရေ ဟိ၊ ရှေး၌လျှင်။ မန္တာဘိဇပ္ပေန၊ မန္တန်ကို ရွတ်သဖြင့်။ ဒုမပ္ဖလာ၊ သရက်သီးတို့သည်။ ပါတုဘဝန္တိ၊ ထင်ရှားဖြစ်ကုန်၏။ သော တွံ၊ ထိုသင်သည်။ အဇ္ဇ၊ ယခု။ မန္တံ၊ မန္တရားကို။ ဇပ္ပမ္ပိ၊ ရွတ်ပါသော်လည်း။ န ပါဒေသိ၊ မစွမ်းနိုင်။ အဇ္ဇ၊ ယခု။ တဝ၊ သင်၏။ အယံ သော ဓမ္မော၊ ဤသဘောသည်။ ကော နာမ၊ အသို့ဖြစ်သနည်း။

ထိုစကားကိုကြား၍ လုလင်သည် မင်းကို မုသာဝါဒဖြင့် လှည့်စားခြင်းငှါ မတတ်နိုင်၊ အကယ်၍ ငါသည် ဟုတ်မှန်သောအတိုင်း ဆိုချေသော် ငါ့အား မင်း၏အာဏာကို ပြုရာ၏။ ထိုသို့ပြုစေ ဟုတ်သောသဘောကိုသာလျှင် ဆိုအံ့ဟု ကြံ၍ ဆိုလိုရကား-

။ စဏ္ဍာလပုတ္တော မမ သမ္ပဒါသိ၊
ဓမ္မေန မန္တေ ပကတိဉ္စ သံသိ။
မာ စဿ မေ ပုစ္ဆိတော နာမဂေါတ္တံ၊
ဂုယှိတ္ထော အတ္ထံ ဝိဇဟေယျ မန္တော။
။ သောဟံ ဇနိန္ဒေန ဇနမှိ ပုဋ္ဌော၊
မက္ခာဘိဘူတော အလိကံ အဘာဏိံ။
မန္တာ ဣမေ ဗြာဟ္မဏဿာတိ မိစ္ဆာ၊
ပဟီနမန္တော ကပဏော ရုဒါမိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၅။ မဟာရာဇ၊ မြတ်သောမင်းကြီး။ စဏ္ဍာလပုတ္တော၊ ဒွန်းစဏ္ဍာသားသည်။ ဓမ္မေန၊ အကြောင်းသဘောဖြင့်။ မန္တေ၊ မန္တန်တို့ကို။ မမ၊ အကျွန်ုပ်အား။ သမ္ပဒါသိ၊ ပေးပေ၏။ ပကတိဉ္စ၊ မှန်သောသဘောကိုလည်း။ သံသိ၊ ဆိုပေ၏။ ပုစ္ဆိတော၊ မေးအပ်သော သင်သည်။ အဿ-မေ၊ ထိုငါ၏။ နာမဂေါတ္တံ၊ အမည်အမျိုးကို။ မာစ ဂုဟသိ၊ မလျှို့ဝှက်လင့်။ ဂုယှိတ္ထော၊ လျှို့ဝှက်အပ်သော။ မန္တော၊ မန္တရားသည်။ အတ္ထံ၊ အကျိုးစီးပွားကို။ ဝိဇဟေယျ၊ စွန့်ရာ၏။

၆။ သော အဟံ၊ ထိုအကျွန်ုပ်ကို။ ဇနိန္ဒေန၊ အရှင်မင်းမြတ်သည်။ ဇနမှိ၊ လူအများအလယ်၌။ ပုဋ္ဌော၊ မေးတော်မူသည်ရှိသော်။ ဣမေ မန္တာ၊ ဤမန္တရားတို့ကို။ ဗြာဟ္မဏဿ၊ ဒိသာပါမောက္ခ ဆရာပုဏ္ဏား၏။ သန္တိကေ၊ အထံ၌။ ဂဟိတာ၊ သင်အပ်ကုန်၏။ ဣတိ၊ ဤသို့။ မိစ္ဆာ၊ မိုက်မှားသဖြင့်။ မက္ခာဘိဘူတော၊ ကျေးဇူးချေခြင်း နှိပ်စက်အပ်သည်ဖြစ်၍။ အလိကံ၊ မဟုတ်မမှန်သော စကားကို။ အဘာဏိံ၊ ဆိုမိ၏။ ပဟီနမန္တော၊ စွန့်သောမန္တန်ရှိသည်ဖြစ်၍။ ကပဏော၊ အထီးကျန်လျက်။ ရုဒါမိ၊ ငိုရ၏။

ထိုစကားကိုကြား၍ မင်းသည် ဤလုလင်သည် ယုတ်မာသော သဘောရှိ၏။ ဤသို့သဘောရှိသော မြတ်သောမန္တရားကို မကြည့်၊ ထိုစကားသည် မှန်၏။ ဤသို့သဘောရှိသော မြတ်သော မန္တရားကို ရသည်ရှိသော် အမျိုးသည် အသို့ပြုအံ့နည်းဟု အမျက်ထွက်၍ ထိုလုလင်အား ကဲ့ရဲ့လိုရကား-

။ ဧရဏ္ဍာ ပုစိမန္ဒာ ဝါ၊ အထ ဝါ ပါဠိဘဒ္ဒကာ။
မဓုံ မဓုတ္ထိကော ဝိန္ဒေ၊ သော ဟိ တဿ ဒုမုတ္တမော။
။ ခတ္တိယာ ဗြာဟ္မဏာ ဝေဿာ၊ သုဒ္ဒါ စဏ္ဍာလ ပုက္ကုသာ။
ယမှာ ဓမ္မံ ဝိဇာနေယျ၊ သော ဟိ တဿ နရုတ္တမော။
။ ဣမဿ ဒဏ္ဍဉ္စ ဝဓဉ္စ ဒတွာ၊
ဂလေ ဂဟေတွာ ဂလယာထ ဇမ္မံ။
ယော ဥတ္တမတ္ထံ ကသိရေန လဒ္ဓါ၊
မာနာတိမာနေန ဝိနာသယိတ္ထ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၇။ ဘောန္တော အမစ္စာ၊ အို-အမတ်တို့။ ဧရဏ္ဍာ ဝါ၊ ကြက်ဆူပင်တို့သည်၎င်း။ ပုစိမန္ဒာ ဝါ၊ တမာပင်တို့သည်၎င်း။ အထ၊ ထိုမြို့။ ပါဠိဘဒ္ဒကာ ဝါ၊ တောင်ကသစ်ပင်တို့သည်၎င်း။ သန္တိ၊ ရှိကုန်၏။ မဓုတ္ထိကော၊ များကိုအလိုရှိသော သူသည်။ တေသု၊ ထိုကြက်ဆူပင် စသည်တို့၌။ မဓုံ၊ ပျားကို။ ဝိန္ဒေ၊ ရ၏။ သော ဟိ၊ ထိုပျားရသော သစ်ပင်သာလျှင်။ တဿ၊ ထိုပျားရှာသော သူအား။ ဒုမုတ္တမော၊ သစ်ပင်မြတ်တည်း။

၈။ ခတ္တိယာ စ၊ မင်းတို့သည်၎င်း။ ဗြာဟ္မဏာ စ၊ ပုဏ္ဏားတို့သည်၎င်း။ ဝေဿာ စ၊ သူကြွယ်တို့သည်၎င်း။ သုဒ္ဒါ စ၊ သူဆင်းရဲတို့သည်၎င်း။ စဏ္ဍာလာ စ၊ ဒွန်းစဏ္ဏားတို့သည်၎င်း။ ပုက္ကုသာ၊ ပန်းမှိုက်စွန့် မျိုးတို့သည်၎င်း။ သန္တိ၊ ရှိကုန်၏။ ယမှာ၊ အကြင်သူမှ။ ဓမ္မံ၊ ကာလ၌ယှဉ်သောအကျိုးကို။ ဝိဇာနေယျ၊ သိရာ၏။ သော ဟိ၊ ထို တရားရှိသော သူသည်သာလျှင်။ တဿ၊ ထိုတရားရှာသောသူအား။ နရုတ္တမော၊ သူမြတ်တည်း။

၉။ ဣမဿ၊ ဤသူယုတ်အား။ ဒဏ္ဍဉ္စ၊ ဥစ္စာဒဏ်ကို၎င်း။ ဝဓဉ္စ၊ သတ်ပုတ်ခြင်းကို၎င်း။ ဒတွာ၊ ပေး၍။ ယော ဇမ္မော၊ အကြင်သူယုတ်သည်။ ဥတ္တမတ္ထံ၊ မြတ်သောအကျိုးကို။ ကသိရေန၊ ငြိုငြင်သဖြင့်။ လဒ္ဓါ၊ ရပါလျက်။ မာနာတိမာနေန၊ အလွန်မာန်မူသဖြင့်။ ဝိနာသယိတ္တ၊ ဖျက်ဆီး၏။ ဣမံ ဇမ္မံ၊ ဤသူယုတ်ကို။ ဂလေ၊ လည်၌။ ဂဟေတွာ၊ ကိုင်၍။ ဂလယာထ၊ နှင်ထုတ်ကုန်လော့။

မင်းချင်းယောက်ျားတို့သည် မင်းကြီးဆိုတိုင်း ပြုကုန်၍ သင်သည် ဆရာ့အထံသို့သွား၍ ဆရာကို နှစ်သက်စေသဖြင့်လျှင် အကယ်၍ တဖန် မန္တရားရအံ့၊ ဤအရပ်သို့ လာလှည့်ရာ၏။ အကယ်၍ မရသည်ဖြစ်အံ့၊ ဤအရပ်သို့ မကြည့်လေလင့်ဟု ဆို၍ ထိုသူယုတ်ကို မာန်မာနဟူသော အဆိပ်မရှိသည်ကို ပြုကုန်၏။ ထိုလုလင်သည် ကိုးကွယ်ရာ မင်သည်ဖြစ်၍ ဆရာကိုထား၍ ငါ့အား တပါးသော ကိုးကွယ်ရာ မရှိ၊ ဆရာ့အထံသို့သွား၍ ဆရာကို နှစ်သက်စေပြီးလျှင် တဖန် မန္တန်ကို တောင်းအံ့ဟုကြံ၍ ငိုလျက် ထိုဒွန်းစဏ္ဍာရွာသို့ သွားလေ၏။ ထိုအခါ လာလတ်သော လုလင်ကိုမြင်လျှင် ဘုရားလောင်းသည် မယားကိုခေါ်၍ ရှင်မ မန္တန်မှယုတ်သည်ဖြစ်၍ တဖန် လာလတ်သော ယုတ်သော သဘောရှိသော လုလင်ကို ကြည့်ပါလော့ဟု ဆို၏။ ထိုလုလင်သည် ဘုရားလောင်းသို့ ကပ်ပြီးလျှင် ရှိခိုး၍ တင့်အပ်သောအရပ်၌ နေလတ်သော် အဘယ့်ကြောင့် လာသနည်းဟု မေးလျှင် မုသာဝါဒကိုဆိုသဖြင့် ဆရာကိုစွန့်၍ ကြီးစွာသော ပျက်စီးခြင်းသို့ရောက်၏ဟု ဆို၍ အပြစ်ကို ကြားပြီးလျှင် တဖန် တောင်းပန်လိုရကား-

၁၀။ ယထာ သမံ မညမာနော ပတေယျ။
သောဗ္ဘံ ဂုဟံ နရကံ ပူတိပါဒံ။
ရဇ္ဇူတိ ဝါ အက္ကမေ ကဏှသပ္ပံ၊
အန္ဓော ယထာ ဇောတိံ ပဝိဋ္ဌဟေယျ။
ဧဝံ မံ တွံ ခလိတံ သပည။
ပဟီနမန္တဿ ပုနပ္ပဒါဟိ။

ဟူသော ဤဂါထာကို ဆို၏။

၁၀။ အာစရိယ၊ ဆရာ။ ပုရိသော၊ ယောက်ျားသည်။ ဣဒံ၊ ဤအရပ်သည်။ သမံ၊ ညီညွတ်၏ ဟူ၍။ မညမာနော၊ ထင်မှတ်သည်ဖြစ်၍။ သောဗ္ဘံ ဝါ၊ ထုံးအိုင်သို့၎င်း။ ဂုဟံ ဝါ၊ လိုဏ်သို့၎င်း။ နရကံ ဝါ၊ ချောက်ကမ်းပါးပြတ်သို့၎င်း။ ပူတိပါဒံ၊ ဆွေးသော သစ်မြစ်ရှိသော တွင်းသို့၎င်း။ ပတေယျ ယထာ၊ ကျသကဲ့သို့၎င်း။ အန္ဓော၊ သူကန်းသည်။ ရဇ္ဇူတိ၊ ကြိုးဟူ၍။ ကဏှသပ္ပံ၊ မြွေဟောက်ကို။ အက္ကမေ ယထာ ဝါ၊ နင်းသကဲ့သို့၎င်း။ ဇောတိံ၊ မီးကို။ ပဝိဋ္ဌဟေယျ ယထာ ဝါ၊ ဝင်သကဲ့သို့၎င်း။ ဧဝံပိ၊ ဤအတူလည်းကောင်းလျှင်။ ခလိတံ၊ ချော်သော။ မံ၊ အကျွန်ုပ်ကို။ ခမိတွာ၊ သည်းခံတော်မူ၍။ သပည၊ ပညာရှိတော်မူသော ဆရာ။ တွံ၊ အရှင်ဆရာသည်။ ပဟီနမန္တဿ၊ မန္တရားမှယုတ်သော အကျွန်ုပ်အား။ ပုနပ္ပဒါဟိ၊ တဖန် ပေးတော်မူပါ။

ထိုအခါ လုလင်ကို ဆရာသည် အမောင် အသို့ဆိုသနည်း။ ထိုစကားသည် မှန်၏။ သူကန်းသည် အမှတ်ပေးသည်ရှိသော် ထုံးအိုင် အစရှိသည်တို့ကို ရှောင်ကြဉ်၏။ ငါသည် ရှေးဦးကလျှင် ဆိုအပ်ပြီ၊ ယခုအခါ အဘယ်အကြောင်းကြောင့် ငါ့အထံသို့ လာသနည်းဟု ဆို၍ အပြစ်တင်သဖြင့် ပယ်လိုရကား-

၁၁။ ဓမ္မေန မန္တံ တဝ သမ္ပဒါသိံ၊
တွံပိ ဓမ္မေနေဝ ပဋိဂ္ဂဟေသိ။
ပကတိံပိ တေ အတ္တမနော အသံသိံ၊
ဓမ္မေ ပတိဋ္ဌံ န ဇဟေယျ မန္တော။
၁၂။ ယော ဗလမန္တံ ကသိရေန လဒ္ဓံ၊
ယံ ဒုလ္လဘံ အဇ္ဇ မနုဿလောကေ။
ကိဉ္စာပိ လဒ္ဓါ ဇီဝိတုံ အပ္ပပညော၊
ဝိနာသယိ အလိကံ ဘာသမာနော။
၁၃။ ဗာလဿ မူဠှဿ အကတညုနော၊
မုသာ ဘဏန္တဿ အသညတဿ။
မန္တေ မယံ တာဒိသကေ န ဒေမ၊
ကုတော မန္တာ ဂစ္ဆ မယှံ န ရုစ္စသိ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၁၁။ မာဏဝ၊ လုလင်။ ဓမ္မေန၊ တရားနှင့်အညီ။ မန္တံ၊ မန္တန်ကို။ တဝ၊ သင့်အား။ သမ္ပဒါသိံ၊ ငါပေးပြီ။ တွံပိ၊ သင်သည်လည်း။ ဓမ္မေနေဝ၊ တရားနှင့်အညီသာလျှင်။ ပဋိဂ္ဂဟေသိ၊ ခံယူ၏။ ပကတိံပိ၊ သဘောဖြစ်သောအကျိုးကိုလည်း။ တေ၊ သင့်အား။ အတ္တမနော၊ နှစ်လိုဝမ်းသာ။ အသံသိ၊ ငါပြောပြီ။ ဓမ္မေ၊ တရား၌။ ပတိဋ္ဌံ၊ တည်သောသင့်ကို။ မန္တော၊ မန္တန်သည်။ န ဇဟေယျ၊ မစွန့်ရာ။

၁၂။ အပ္ပပညော၊ ပညာနည်းသော။ ယော၊ အကြင်သူသည်။ ကသိရေန၊ ငြိုငြင်သဖြင့်။ လဒ္ဓံ၊ ရအပ်သော။ အဇ္ဇ၊ ယခု။ မနုဿလောကေ၊ လူ့ပြည်၌။ ဒုလ္လဘံ၊ ရခဲသော။ ဇီဝိတုံ၊ အသက်မွေးခြင်းငှါ။ သမတ္ထံ၊ စွမ်းနိုင်သော။ ဗလမန္တံ၊ ကြီးသော အာနုဘော်ရှိသော မန္တန်ကို။ ယံ-ယေန၊ အကြင်ကြောင့်။ ကိဉ္စာပိ လဒ္ဓါ၊ အကယ်၍ကား ရ၏။ အထ၊ ထိုသို့ ရသော်လည်း။ အလိကံ၊ မမှန်သော စကားကို။ ဘာသမာနော၊ ဆိုသောသူသည်။ မန္တံ၊ မန္တန်ကို။ ဝိနာသယိ၊ ဖျက်ဆီး၏။

၁၃။ ဗာလဿ၊ မိုက်သော။ မူဠှဿ၊ တွေဝေသော။ အကတညုနော၊ သူ့ကျေးဇူးကို မသိသော။ မုသာ၊ မဟုတ်မမှန်သောစကားကို။ ဘဏန္တဿ၊ ဆိုသော။ အသညတဿ၊ ကိုယ်နှုတ်ကို မစောင့်သော။ တေ၊ သင့်အား။ တာဒိသကေ၊ ထိုသို့ အခါခပ်သိမ်း သရက်သီးကို ပေးတတ်ကုန်သော။ မန္တေ၊ မန္တန်တို့ကို။ မယံ၊ ငါတို့သည်။ န ဒေမ၊ မပေးကုန်။ မန္တာ၊ မန္တန်တို့သည်။ ကုတော အတ္ထိ၊ အဘယ်မှာရှိကုန်အံ့နည်း။ ဂစ္ဆ၊ သွားလေ။ မယှံ၊ ငါသည်။ န ရုစ္စသိ၊ မနှစ်သက်နိုင်။

ထိုလုလင်သည် ဤသို့ ဆရာနှင်လိုက်သည်ရှိသော် ငါ့အား အသက်ရှင်သဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု ကြံ၍ တောသို့ ဝင်ပြီးလျှင် ကိုးကွယ်ရာမရှိသော သေခြင်းဖြင့် သေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာတော်ကို ဆောင်တော်မူ၍ ရဟန်းတို့ ဤဒေဝဒတ်သည် ယခုအခါ၌သာလျှင် ဆရာကိုစွန့်၍ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်သည်မဟုတ်သေး၊ ရှေး၌လည်း ဒေဝဒတ်သည် ဆရာကိုစွန့်၍ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ဘူးပြီဟု မိန့်တော်မူ၍ ရဟန်းတို့-ယခုအခါ ဒေဝဒတ်သည် ထိုအခါ သူ့ကျေးဇူးကိုမသိသော လုလင်ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဒွန်းစဏ္ဍာသားဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မသိကျေးဇူး၊ ပညာရူး၏။ ကျေးဇူးသိမှ၊ ပညာရ၏

ရှေးဦးစွာသော အမ္ဗဇာတ်သည် ပြီး၏။

*****