အရှင်ဝက္ကလိ မထေရ်အကြောင်း
၃၂၀
(၁၉) အရှင်ဝက္ကလိမထေရ်အကြောင်း
(က) မထေရ်၏ ရှေးဆုတောင်း
ဤမထေရ်မြတ်သည်လည်း ရှေးလွန်လေပြီးသောအခါ ပဒုမုတ္တရ မြတ်စွာဘုရားရှင် လက်ထက်တော်၌ ဆိုအပ်ပြီးသော နည်းအတိုင်း ကျောင်းတော်သို့ သွားရောက်ကာ ပရိသတ်အစွန်၌ ရပ်တည်လျက် တရားနာစဉ် မြတ်စွာဘုရားရှင်က ရဟန်းတော်တပါးကို သဒ္ဓါတရား ကြီးမားလွန်ကဲသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို မြင်လတ်၍ “ငါသည်လည်း နောက်အခါဝယ် ဤရဟန်းကဲ့သို့ သဒ္ဓါဓိမုတ္တ = သဒ္ဓါတရား ကြီးမားလွန်ကဲသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ထူးရပုဂ္ဂိုလ်ဖြစ်မှ သင့်လျော်တော့မည်”ဟု ကြံစည်၍ ဆိုအပ်ပြီးသောနည်းအတိုင်း မြတ်စွာဘုရားရှင်ကို ပင့်ဖိတ်ပြီးလျှင် ခုနစ်ရက်ကြာ မဟာဒါနကြီး ပေးလှူပြီးနောက် မြတ်စွာဘုရားကို ရှိခိုး၍ “မြတ်စွာဘုရား.. တပည့်တော်သည်လည်း ဤအဓိကာရကောင်းမှု ကုသိုလ်ကံကြောင့် ရှင်တော်ဘုရားတို့သည် သဒ္ဓါဓိမုတ္တရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားအပ်သော ရဟန်းကဲ့သို့ နောက် အခါဝယ် တဆူဆူသော မြတ်စွာဘုရား၏ သာသနာ၌ သဒ္ဓါဓိမုတ္တရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ထူးရပုဂ္ဂိုလ် ဖြစ်ရပါလို၏”ဟု ဆုတောင်းပတ္ထနာမှု ပြုလေသည်။ မြတ်စွာဘုရားသည် ထိုအမျိုးကောင်းသား၏ ဆုတောင်းပတ္ထနာချက် အန္တရာယ်မရှိ ပြည့်စုံမည်ကို သိမြင်တော်မူ၍ ဗျာဒိတ်စကား မိန့်ကြားပြီးလျှင် ကျောင်းတော်သို့ တဖန် ဖဲကြွတော်မူလေ၏။
(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း
ထိုအမျိုးကောင်းသားသည်လည်း အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကိုပြု၍ နတ်ပြည် လူ့ပြည်တို့၌သာ ကျင်လည်ကျက်စားခဲ့ကာ အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် လက်ထက်တော်အခါ၌ သာဝတ္ထိပြည်ဝယ် ပုဏ္ဏားမျိုး၌ ပဋိသန္ဓေ တည်နေ ဖြစ်ပွါးခဲ့လေသည်။
၃၂၁
ထိုသူငယ်၏ အမည်ကို “ဝက္ကလိ”ဟု မိဖဆွေမျိုးတို့က မှည့်ခေါ်ကြလေသည်။
ဝက္ကလိသူငယ်သည် အရွယ်ကြီးခြင်းသို့ ရောက်လတ်သော် ဗေဒင်သုံးပုံတို့ကို သင်ကြား တတ်မြောက်ပြီးနောက် တချိန်တွင် ရဟန်းအပေါင်း ခြံရံလျက် သာဝတ္ထိပြည်အတွင်း ကြွချီတော်မူသော မြတ်စွာဘုရားကို ဖူးမြော်ရ၍ မြတ်စွာဘုရား၏ ရူပကာယ အသရေတော်ကို ဖူးမြော်ကြည့်ရှုရလေသော် ထိုရူပကာယ အသရေတော်ကို ဖူးမြော်ရခြင်းဖြင့် အားမရ တင်းမတိမ်နိုင်ရကား မြတ်စွာဘုရားနှင့် အတူတကွ (တပါတည်း)သာလျှင် လိုက်ပါ လှည့်လည်ခဲ့လေ၏။ မြတ်စွာဘုရား ကျောင်းတော်သို့ ကြွသွားသောအခါမှာလည်း ဘုရားနှင့်အတူတကွ ကျောင်းတော်သို့ လိုက်ပါ၍ ရူပကာယ အသရေတော်ကို ဖူးမြော်လျက်သာလျှင် ရပ်တည်နေလေ၏။ တရားသဘင်၌ မြတ်စွာဘုရားရှင် တရားဟောတော်မူလတ်သည်ရှိသော် ဘုရားရှင်၏ မျက်မှောက် (ရှေ့တည့်တည့်)အရပ်၌ တည်နေလျက် တရားကို နာယူလေသည်။
ဝက္ကလိ အမျိုးသားသည် သဒ္ဓါတရား ကြီးမားလွန်ကဲစွာ ဖြစ်ရှိလာရကား “အိမ်ရာတည်ထောင် လူ့ဘောင်၌ ငါနေလျှင် မြတ်စွာဘုရားရှင်ကို အမြဲမပြတ် ဖူးမြော်ခွင့်ကို ရလိမ့်မည်မဟုတ်၊ (ရဟန်းပြုမှသာ ရလိမ့်မည်)”ဟု ကြံစည် ဆင်ခြင်ပြီးလျှင် ရှင်ရဟန်းပြုပေးရန် တောင်းပန် လျှောက်ထား၍ မြတ်စွာဘုရားရှင် အထံတော်၌ ရှင်ရဟန်းပြုလေ၏။
ထိုသို့ ရဟန်းပြုပြီးသော အချိန်မှစ၍ အရှင်ဝက္ကလိ မထေရ်သည် ဆွမ်းဘုဉ်းပေးသောအချိန်ကို ထား၍ ကြွင်းကျန်သော အခါများ၌ မြတ်စွာဘုရားရှင်ကို ဖူးမြင်နိုင်လောက်ရာအရပ်၌ တည်နေကာ စာပေသင်အံခြင်း, ကမ္မဋ္ဌာန်းတရား နှလုံးသွင်းခြင်း အမှုများကို အလျှင်းမပြုပဲ ပယ်စွန့်၍ မြတ်စွာဘုရားကို ဖူးမြော်လျက်သာလျှင် နေလေ၏။ မြတ်စွာဘုရားသည်လည်း အရှင်ဝက္ကလိ၏ ဉာဏ်ပညာ ရင့်ကျက်ချိန်ကို စောင့်ဆိုင်း ငံ့လင့်တော်မူလျက် အချိန်ကြာမြင့်စွာ ထိုအရှင်ဝက္ကလိရဟန်း ရူပကာယအသရေတော်ကို
၃၂၂
ဖူးမြော်လျက်သာ လှည့်လည်ကျက်စား သွားလာနေစဉ် တစုံတရာ မိန့်ကြားမှု ပြုတော်မမူပဲ နေတော်မူခဲ့ရာမှ အချိန်တန်လတ်သော် “ယခုအခါ ဤဝက္ကလိရဟန်း၏ ဉာဏ်သည် ရင့်ကျက်ခြင်းသို့ ရောက်ခဲ့လေပြီ၊ ဤရဟန်းကို အသိတရားရစေရန် တတ်နိုင်လောက်ပြီ”ဟု သိတော်မူပြီးလျှင်-
“ချစ်သားဝက္ကလိ.. ဤကိုယ်ပုပ်ကို ရှုကြည့်နေသဖြင့် သင်ချစ်သား၏ အဖို့ရာ အဘယ်အကျိုးရှိအံ့နည်း၊ = အကျိုးမရှိသည်သာ။ ချစ်သားဝက္ကလိ.. စင်စစ်တော့ အကြင်သူသည် တရားကိုမြင်၏၊ ထိုသူသည် ငါဘုရားကို မြင်သည်မည်၏။ အကြင်သူသည် ငါဘုရားကိုမြင်၏၊ ထိုသူသည် တရားကို မြင်သူဖြစ်၏။ ချစ်သား ဝက္ကလိ.. တရားကို ရှုကြည့်သောသူမှသာ ဘုရားကို ရှုကြည့်သောသူ ဖြစ်ပေ၏၊ ငါဘုရားကို ရှုကြည့်သောသူသည် တရားကို ရှုကြည့်သောသူ ဖြစ်ရပေမည်”—
ဟု အရှင်ဝက္ကလိ တရားအားထုတ်ရန်အတွက် ကိုယ်တော်၏ ရူပကာယကိုယ်ကိုပင် အပုပ်ကောင်ကြီးအနေ မိန့်ကြားတော်မူလေသည်။
မြတ်စွာဘုရားရှင်က ဤသို့ပင် ဆုံးမတော်မူပါသော်လည်း အရှင်ဝက္ကလိမထေရ်သည် မြတ်စွာဘုရားရှင်အား ဖူးမြင်လောက်ရာ အရပ်ကို ပယ်စွန့်၍ အရပ်တပါးသို့ မည်သည့်နည်းနှင့်မျှ မသွားနိုင်ပဲ ရှိလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “ဤရဟန်းကား ထိတ်လန့်ခြင်း = သံဝေဂကို မရလျှင် သစ္စာလေးပါးတရားကို သိလိမ့်မည်မဟုတ်”ဟု ဆင်ခြင် သိမြင်တော်မူကာ ဝါဆိုရက် နီးကပ်လတ်သော် ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူ၍ ဝါဆိုဝါကပ်သောနေ့၌ “ဝက္ကလိရဟန်း.. (ငါဘုရား၏အနီးမှ) လွတ်ရာဖယ်ရှား သင် သွားလော့”ဟု တိုက်ရိုက်ပင် အရှင်ဝက္ကလိကို နှင်ထုတ်တော်မူလိုက်လေ၏။
မြတ်စွာဘုရားတို့မည်သည် သူတဖက်သားတို့က လိုက်နာအပ်သောစကား ရှိတော်မူကုန်၏ = သူတဖက်သားတို့သည်
၃၂၃
ဘုရားရှင်တို့စကားကို မပယ်လှန်နိုင်ကုန်။ သို့ရကား အရှင်ဝက္ကလိ မထေရ်သည် မြတ်စွာဘုရားရှင်ကို ဆန့်ကျင်ဖက်ပြုကာ တည်နေခြင်းငှါ မတတ်နိုင်တော့ပဲ ဝါတွင်းသုံးလပတ်လုံး မြတ်စွာဘုရား၏ မျက်မှောက်တော်သို့ လာရောက်ရန် မဝံ့တော့ရကား “ယခုအခါ ငါ ဘယ်အမှု ပြုနိုင်တော့မည်နည်း = မပြုနိုင်တော့သည်သာ၊ မြတ်စွာဘုရားရှင်သည် ငါ့ကို နှင်ထုတ်အပ်လေပြီ၊ ရှင်တော်ဘုရားနှင့် မျက်နှာချင်းဆိုင်ခွင့်ကို ငါ ဘယ်နည်းမှ ရနိုင်မည်မဟုတ်၊ ငါ့အဖို့ရာ အသက်ရှင်နေခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း = အကျိုးမရှိတော့ပြီ”ဟု ကြံစည်စိတ်ပျက်၍ ဂိဇ္ဈကုဋ်တောင်ဝယ် ချောက်ကမ်းပါး ပေါများရာအရပ်သို့ တက်ရောက်လေ၏။
မြတ်စွာဘုရားရှင်သည် အရှင်ဝက္ကလိ၏စိတ် အလွန် ပင်ပန်းနွမ်းလျ အားငယ်နေသည်ကို သိတော်မူ၍ “ဤဝက္ကလိရဟန်းသည် ငါဘုရားအထံမှ သက်သာကွက်ကို မရလျှင် မဂ်ဖိုလ်၏ ဥပနိဿယည်း ရှေးကောင်းမှု ကုသိုလ်ပစ္စည်းကို ဖျက်ဆီးပစ်လေရာ၏”ဟု ဆင်ခြင်တော်မူ၍ “ကိုယ်တော်မြတ်ကို အထင်အရှားပြရန် ရှင်ဝက္ကလိရှိရာအရပ်သို့ ဗုဒ္ဓရောင်ခြည်တော်ကို လွှတ်လိုက်လေ၏။ (လျှပ်စစ် = ဆပ်ခ်ျလိုက် အရောင်အစွန်းမှ ဗုဒ္ဓရုပ်ပုံတော်ကို မှန်းမျှော်၍ အာရုံပြုကြည့်ပါ)။ ထိုသို့ ဗုဒ္ဓရောင်ခြည်တော်ကို လွှတ်လိုက်သောအခါ မြတ်စွာဘုရားရှင်ကို မျက်ဝါးထင်ထင် ဖူးမြင်လိုက်ရသော အချိန်မှစ၍ အရှင်ဝက္ကလိမထေရ်မြတ်သည် သို့စင်ကလောက် ကြီးမားလှသော စိတ်ပူပန်မှု = သောကမြှားငြှောင့်ကြီး ပယ်အပ်ပြီးသား ဖြစ်လေတော့၏။
မြတ်စွာဘုရားရှင်သည် ခြောက်သွေ့နေသော တဖက်ဆည်ကန်ကြီး၌ ရေအယဉ်ကြီးစွာကို ဆောင်ယူ လောင်းထည့်လိုက်သကဲ့သို့ အရှင်ဝက္ကလိမထေရ်၏ သန္တာန်၌ အားကြီးသော နှစ်သက်ခြင်း = ပီတိ, ဝမ်းမြောက်ခြင်း = သောမနဿ = တရားနှစ်ပါး ဖြစ်ပွါးစေခြင်းငှါ ဓမ္မပဒကျမ်း၌လာသော-
“ပါမောဇ္ဇဗဟုလော ဘိက္ခု၊ ပသန္နော ဗုဒ္ဓသာသနေ။
အဓိဂစ္ဆေ ပဒံ သန္တံ၊ သင်္ခါရူပသမံ သုခံ။
၃၂၄
ဝက္ကလိ = ချစ်သားဝက္ကလိ..။ ပါမောဇ္ဇဗဟုလော = မြတ်စွာဘုန်းတောက် အာရုံရောက်၍ ဝမ်းမြောက်ခြင်း = ပါမောဇ္ဇတရား ပြောများလှသော။ ဘိက္ခု = သံသရာဘေး ခန္ဓာရေးကို ထောက်တွေးမြော်မှန်း ရှင်ရဟန်းသည်။ ဗုဒ္ဓသာသနေ = သုံးပါးသိက္ခာ ဘုရားသာသနာ၌။ ပသန္နော = သဒ္ဓါရွှန်းစို ကြည်ညိုသည်ဖြစ်၍။ သန္တံ = သန္တိလက္ခဏာ ငြိမ်းအေးလှစွာသော။ သင်္ခါရူပသမံ = သင်္ခါရခပ်သိမ်း ချုပ်ငြိမ်းရာဖြစ်သော။ သုခံ = ချမ်းသာဧကန် စင်စစ်မှန်သော။ ပဒံ = အသင်္ခတဓာတ် နိဗ္ဗာန်ပရမတ်ကို။ အဓိဂစ္ဆေ = ကိုယ်တိုင်မျက်မှောက် အရဟတ္တဖိုလ်ပေါက်အောင် ဆိုက်ရောက်နိုင်ပေ၏” -
ဟူသော ဤဂါထာကို ဟောကြားတော်မူလေ၏။ ဤတွင်မျှမကသေး (အင်္ဂုတ္တိုရ် အဋ္ဌကထာ အဆိုအားဖြင့်) မြတ်စွာဘုရားသည် အရှင်ဝက္ကလိမထေရ်အား “ဧဟိ ဝက္ကလိ = လာလော့ ချစ်သားဝက္ကလိ..”ဟု မိန့်တော်မူကာ ရွှေလက်တော်ကို ဆန့်တန်း ခေါ်တော်မူလိုက်လေသည်။
(ဓမ္မပဒအဋ္ဌကထာ အဆိုအားဖြင့်) ဤ“ပါမောဇ္ဇဗဟုလော ဘိက္ခု” အစရှိသော ဂါထာကို ဟောကြားတော်မူပြီးနောက် မြတ်စွာဘုရားသည် အရှင်ဝက္ကလိမထေရ်အား ရွှေလက်တော်ကို ဆန့်တန်း၍-
“ဧဟိ ဝက္ကလိ မာ ဘာယိ၊ ဩလောကေဟိ တထာဂတံ။
အဟံ တံ ဥဒ္ဓရိဿာမိ၊ ပင်္ကေ သန္နံဝ ကုဉ္ဇရံ။
ဝက္ကလိ = ချစ်သားဝက္ကလိ..။ ဧဟိ = ငါဘုရားထံမှောက် ယခုပင် လာရောက်လော့။ မာ ဘာယိ = စိတ်ထား နောက်တွန့်၍ မကြောက်ရွံ့ပါလင့်။ တထာဂတံ = ရှေးဘုရားတို့အတူ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရားကို။ ဩလောကေဟိ = စိတ်နေရွှင်ပျော်
၃၂၅
သင်ချစ်သား ဖူးမြော်လော့။ (ဤကား ဂါထာ ရှေ့ထက်ဝက် အနက်တည်း)။
အဟံ = လူသုံးပါးတို့ဆရာ ဘုရားငါသည်။ ပင်္ကေ = ညွန်ပျောင်း ညွန်ပျစ် ညွန်ပျော့၌။ သန္နံ = နစ်မြုပ်၍နေသော။ ကုဉ္ဇရံ ဣဝ = ဆင်ပြောင်ကြီးကိုကဲ့သို့။ ပင်္ကေ = သံသရာနက်ရှောင်း ရွှံ့ညွန်ပျောင်း၌။ သန္နံ = အနမတဂ္ဂ အစမထင် သင်္သရာတခေတ် နစ်မြုပ်၍နေသော။ တံ = သင်ချစ်သားကို။ ဥဒ္ဓရိဿာမိ = နိဗ္ဗာန်ကြည်းခေါင် ဘေးမဲ့ဘောင်သို့ ရောက်အောင် ဆယ်ထုတ်ပေအံ့။
ဧဟိ ဝက္ကလိ မာ ဘာယိ၊ ဩလောကေဟိ တထာဂတံ။
အဟံ တံ မောစယိဿာမိ၊ ရာဟုဂ္ဂဟံဝ သူရိယံ။
(ဂါထာ ရှေ့ထက်ဝက် ရှေးနည်းအတူ အနက်ပေးလေ၊) နောက်ထက်ဝက် အနက်ကား - အဟံ = လူသုံးပါးတို့ဆရာ ဘုရားငါသည်။ ရာဟုဂ္ဂဟံ = ရာဟုလက်တွင်း သက်ဆင်း ဖမ်းမိနေသော။ သူရိယံ ဣဝ = ဖလ်ဝါရောင်ရွှန်း နေစက်ဝန်းကိုကဲ့သို့။ ရာဟုဂ္ဂဟံ = ကိလေသာ တည်းဟူသော ရာဟုလက်တွင်း သက်ဆင်း ဖမ်းမိနေသော။ တံ = သင်ချစ်သား နေရထားကို။ မောစယိဿာမိ = ယခုပင်လျှင်ထွေ ကျွတ်လွတ်အောင် ကယ်မပေအံ့။
ဧဟိ ဝက္ကလိ မာ ဘာယိ၊ ဩလောကေဟိ တထာဂတံ။
အဟံ တံ မောစယိဿာမိ၊ ရာဟုဂ္ဂဟံဝ စန္ဒိမံ။
(ဂါထာ ရှေ့ထက်ဝက် ရှေးနည်းအတူ အနက်ပေးလေ၊) နောက်ထက်ဝက်အနက်ကား- အဟံ = လူသုံးပါးတို့ဆရာ ဘုရားငါသည်။ ရာဟုဂ္ဂဟံ = ရာဟုလက်တွင်း သက်ဆင်းဖမ်းမိနေသော။ စန္ဒိမံ ဣဝ = ပြာသာဒ်ယာဉ်သာ လ-စကြာကိုကဲ့သို့။ ရာဟုဂ္ဂဟံ = ကိလေသာ တည်းဟူသော ရာဟုလက်တွင်း သက်ဆင်း ဖမ်းမိ၍နေသော။
၃၂၆
တံ = သင်ချစ်သား လ- ရထားကို။ မောစယိဿာမိ = ယခုပင်လျှင်ထွေ ကျွတ်လွတ်အောင် ကယ်မပေအံ့” -
ဟူသော ဤဂါထာတို့ကို ဟောကြား မိန့်ဆိုတော်မူလေ၏။
ထိုအခါ အရှင်ဝက္ကလိမထေရ်သည် “ဩ.. ငါကား မြတ်စွာဘုရားကိုလည်း ဖူးမြော်ရလေပြီ၊ ချစ်သား.. လာလော့-ဟူ၍လည်း အခေါ်တော်ခံရလေပြီ”ဟု အလွန်အားကြီးသော နှစ်သက်ခြင်း = ပီတိတရားကို ဖြစ်စေပြီးလျှင် “အဘယ်အရပ်မှ သွားရမည်”ဟူ၍ မိမိသွားရမည့်လမ်းကိုပင် မမြင်နိုင်တော့ပဲ မြတ်စွာဘုရားရှင်နှင့် မျက်နှာမူမိရာ (=မျက်နှာချင်းဆိုင်မိရာ) အဇဋာပြင် မိုးကောင်းကင်သို့ ပျံတက်၍ ပဌမခြေ တောင်ပေါ်၌ တည်နေစဉ်ပင် မြတ်စွာဘုရား ဟောကြားအပ်သော ဂါထာတို့ကို ဆင်ခြင်လျက် ကောင်းကင်၌ပင် ပီတိကိုခွါ၍ ဝိပဿနာနှလုံး ကျင့်သုံးတော်မူလေရာ ပဋိသမ္ဘိဒါပတ္တရဟန္တာဖြစ်၍ မြတ်စွာဘုရားကို ရှိခိုးလျက်သာ မြေသို့သက်ကာ မြတ်စွာဘုရား၏ အထံတော်၌ ရပ်တည်လာလေ၏။
(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း
မြတ်စွာဘုရားသည် နောက်အဖို့ဝယ် အရိယာသံဃာတော်တို့အလယ်၌ ထိုင်နေတော်မူလျက် ရဟန်းတော်တို့အား ဧတဒဂ်ဘွဲ့ထူး အသီးအသီး ချီးကျူး အပ်နှင်းတော်မူသောအခါ အရှင်ဝက္ကလိမထေရ်မြတ်ကို-
“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ သဒ္ဓါဓိမုတ္တာနံ ယဒိဒံ ဝက္ကလိ = ရဟန်းတို့.. သက်ဝင်စုပ်စုပ် နစ်မြုပ်လုမတတ် သဒ္ဓါယုံကြည်ခြင်းရှိကြသည့် (=သဒ္ဓါတရား ကြီးမားလွန်ကဲကြသည့်) ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် ဝက္ကလိရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-
၃၂၇
ဟု ချီးကျူး မိန့်ဆိုတော်မူကာ “သဒ္ဓါဓိမုတ္တ = သဒ္ဓါတရား ကြီးမား လွန်ကဲသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။
(ဤ၌။ ။အခြားတပါးသော ရဟန်းတို့၏ သဒ္ဓါတရားသည် ပင်ကိုယ်အား လျော့ပါးနေသည့်အတွက် တိုးပွါးစေရလေသည် = တိုးပွါးအောင်ပင် တမင်ဟောပြ ပွါးများကျင့်ကြံ၍ ယူရလေသည်။ အရှင်ဝက္ကလိ မထေရ်၏ သဒ္ဓါတရားကား ပင်ကိုယ်အား အလွန်ကြီးမားနေသောကြောင့် လျော့စေရလေသည် = လျော့သွားအောင် တနည်းဆင်၍ နှင်ထုတ်ခြင်းအမှုပင် ပြုရလေသည်။ ထို့ကြောင့် မထေရ်မြတ်သည် သဒ္ဓါဓိမုတ္တအရာဝယ် ဧတဒဂ်ရာထူးကို ရတော်မူလေသည်ဟု အထူးမှတ်ယူရာ၏)။
ဤကား အရှင်ဝက္ကလိမထေရ်အကြောင်းတည်း။
**********