အရှင်သီဝလိ မထေရ်အကြောင်း

4296မဟာဗုဒ္ဓဝင် — (၁၈) အရှင်သီဝလိ မထေရ်အကြောင်းမင်းကွန်းဆရာတော်

(၁၈) အရှင်သီဝလိမထေရ်အကြောင်း

(က) မထေရ်၏ ရှေးဆုတောင်း

     ဤအရှင်သီဝလိမထေရ်အလောင်း အမျိုးကောင်းသားသည်လည်း ပဒုမုတ္တရ မြတ်စွာဘုရားရှင် လက်ထက်တော်အခါ၌ ရှေးမထေရ်အလောင်းများနည်းတူပင် ကျောင်းတော်သို့ သွားရောက်၍ ပရိသတ်အစွန်အဖျား၌ ရပ်တည်လျက် တရားနာနေစဉ် မြတ်စွာဘုရားက ရဟန်းတော်တပါးကို လာဘ်လာဘပေါများ ကြသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ “ငါသည်လည်း နောက်အခါဝယ် ဤရဟန်းကဲ့သို့ပင် လာဘ်လာဘ ပေါများကြသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ထူးရပုဂ္ဂိုလ် ဖြစ်မှ သင့်တော့မည်”ဟု ကြံစည်ဆင်ခြင်၍ မြတ်စွာဘုရားကို မိမိအိမ်သို့ ပင့်ဖိတ်ပြီးလျှင် ရှေးမထေရ်အလောင်းများနည်းတူပင် ခုနစ်ရက်ကြာ မဟာဒါနကြီး ပေးလှူပြီးနောက် “မြတ်စွာဘုရား.. တပည့်တော်သည်လည်း ဤအဓိကာရကောင်းမှု ကုသိုလ်ကံကြောင့် အခြားတပါးသော စည်းစိမ်ကို မတောင့်တပါ၊ စင်စစ်သော်ကား နောက်အခါဝယ် တဆူဆူသော ဘုရားရှင်၏ သာသနာ၌ တပည့်တော်သည်လည်း အရှင်ဘုရားတို့ လွန်ခဲ့သော ခုနစ်ရက်က ဧတဒဂ်ထားအပ်သော ရဟန်းနည်းတူ လာဘ်လာဘ ပေါများကြသော



၃၀၆

ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ရ-ရဟန်း ဖြစ်ရပါလို၏”ဟု ဆုတောင်းပတ္ထနာမှု ပြုလေ၏။

     မြတ်စွာဘုရားသည် ထိုအမျိုးကောင်းသား၏ ဆုတောင်းပတ္ထနာချက် အန္တရာယ်မရှိ ပြည့်စုံမည်ကို မြင်တော်မူ၍ “သင် ဒါယကာ၏ ဤဆုတောင်းချက်သည် နောက်အခါ ဂေါတမမြတ်စွာ သာသနာ၌ ပြည့်စုံလိမ့်မည်”ဟု ဗျာဒိတ်ကြား၍ ကျောင်းတော်သို့ ဖဲကြွ ပြန်သွားတော်မူလေ၏။

တောရွာသားဘဝ

     ရှင်သီဝလိအလောင်း ထို အမျိုးကောင်းသားသည်လည်း အသက် ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြု၍ (အပါယ်လေးပါး မလားမရောက်ရပဲ) နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် (ဤကမ္ဘာမှ အထက် ကိုးဆယ့်တကမ္ဘာ၌ ပွင့်ထွန်းတော်မူသော) ဝိပဿီမြတ်စွာဘုရားရှင် လက်ထက်တော် အခါဝယ် ဗန္ဓုမတီ မင်းနေပြည်မှ မနီးမဝေး တခုသောရွာ၌ အမျိုးကောင်းသား ဖြစ်လာ၏။

     ထိုအချိန်၌ ဗန္ဓုမတီ မြို့သူမြို့သားတို့သည် ဗန္ဓုမမင်းကြီးနှင့် သူရှုံး၍ ငါနိုင်ရန် အပြိုင်သဘော အချင်းချင်း နှီးနှောဆွေးနွေး တိုင်ပင်ကြ၍ ဝိပဿီမြတ်စွာဘုရားအား ကြီးစွာသော အလှူဒါနကို ပေးလှူကြကုန်၏။ ထိုမြို့သူမြို့သားတို့သည် တနေ့သ၌ အားလုံးပင် စုပေါင်းကြ၍ အလှူပေးကြသည်ရှိသော် “ငါတို့၏ အလှူမျက်မှောက်ဝယ် အဘယ်ဝတ္ထု မပါရှိသနည်း”ဟု လိုက်လံကြည့်ရှုကြသည်တွင် ပျားရည်နှင့် နွားနို့ခဲ မပါရှိသည်ကို သိကြရသဖြင့် “တနည်းနည်းဖြင့် ရရာအရပ်မှ ထိုပျားရည်နှင့် နွားနို့ခဲကို ရအောင် ယူဆောင်ကြကုန်အံ့”ဟု တိုင်ပင်ညီညွတ်ကြကာ ဇနပုဒ် = တိုက်နယ်မှ မြို့တွင်းသို့ ဝင်ရာလမ်း၌ အစောင့်ယောက်ျားကို ထားကြလေကုန်၏။

     ထိုအခါ ဤအရှင်သီဝလိအလောင်း တောရွာသား အမျိုးကောင်းသားသည် မိမိ၏ရွာမှ နွားနို့ခဲအိုးကို ယူဆောင်ခဲ့၍



၃၀၇

“တစုံတခု လူ့အသုံးအဆောင်ကို လဲလှယ် ဝယ်ဆောင်ခဲ့မည်”ဟူသော အကြံဖြင့် မြို့သို့ သွားလေသော် “ငါသည် မျက်နှာသစ်ပြီး လက်ခြေများကို ဆေးကြောပြီးမှ မြို့တွင်းသို့ ဝင်အံ့”ဟု ကြံစည်၍ ရေချမ်းသာရာအရပ်ကို ထိုမှဤမှ ကြည့်ရှုလတ်သော် ထွန်တုံးဦးမျှ ပမာဏရှိသည့် ပျားကောင်များမပါသော (မစုတ်)ပျားတံကြီးကို တွေ့မြင်ရလေလျှင် “ဤမစုတ်ပျားသည် ငါ၏ ကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာသည်”ဟု အောက်မေ့၍ ယူဆောင်ခဲ့ကာ မြို့သို့ဝင်လေ၏။

     မြို့သူမြို့သားတို့က အစောင့်ထားသော ယောက်ျားသည် ထိုတောရွာသား အမျိုးကောင်းသားကို မြင်လေလျှင် “အမောင်.. ဤပျားရည်နှင့် နွားနို့ခဲကို အဘယ်သူ့အတွက် အမောင် ယူဆောင်လာပါသနည်း”ဟု မေးလေ၏။ တောရွာသားက “အရှင်.. မည်သူတဦးတယောက်၏ အတွက်မျှ ဤပျားရည်နှင့် နွားနို့ခဲကို ယူဆောင်လာခဲ့သည် မဟုတ်ပါ၊ စင်စစ်သော်ကား ရောင်းချရန် ယူဆောင်အပ်ခဲ့ပါသည်”ဟု ပြောလေလျှင် အစောင့်ထားသော မြို့သား ယောက်ျားသည် “အမောင်.. ထိုသို့ဖြစ်လျှင် ဤကျွန်ုပ်လက်မှ အသပြာတကျပ်ကိုယူ၍ အမောင်၏ ထိုပျားရည်နှင့် နွားနို့ခဲကို ပေးပါ”ဟု ပြောဆိုလေ၏။

     ထိုအခါ အရှင်သီဝလိအလောင်း တောရွာသား အမျိုးကောင်းသားသည် “ဤယခု ယူဆောင်လာသည့် ပျားရည်နှင့် နွားနို့ခဲသည် များစွာ အဖိုးမထိုက်ချေ။ ဤယောက်ျားကလည်း ပဌမအကြိမ်မှာပင် အဖိုးများစွာပေး၍ ဝယ်ယူဘိ၏၊ စုံစမ်းဦးမှ သင့်တော့မည်”ဟု ကြံစည်ပြီးနောက် ထိုမြို့သား ယောက်ျားကို “အိုအရှင်.. အကျွန်ုပ်သည် ငွေတကျပ်နှင့်တော့ဖြင့် မပေးနိုင်ပါ မရောင်းနိုင်ပါ”ဟု ပြောဆိုလေ၏။ မြို့သားက “ယင်းသို့ တကျပ်နှင့် မရောင်းနိုင်ပါလျှင် ငွေနှစ်ကျပ်တို့ကို အမောင်ယူ၍ ထိုပျားရည်နှင့် နွားနို့ခဲကို ငါ့အား ပေးပါလော့” ဟု ဈေးတက်၍ ပေးလေလျှင် တောရွာသားသည် “ငွေနှစ်ကျပ်ဖြင့်လည်း မပေးနိုင်ပါ”ဟု ဈေးဆွဲစကား ပြောဆိုလေ၏။ ဤနည်းဖြင့်



၃၀၈

တိုး၍ တိုး၍ ဈေးတက်ပေးလာသည်မှာ ငွေကျပ်တထောင်သို့ပင် ရောက်ရှိလာလေ၏။

     တောရွာသားသည် “အချိန်ကြာမြင့်စွာ ဆွဲထား၍ဖြင့် မသင့်လျော်ချေ၊ ရှိစေဦးတော့၊ ဤယောက်ျား၏ အလုပ်ကိစ္စကို မေးပေအံ့”ဟု ကြံစည်၍ မြို့သားယောက်ျားကို “ဤပျားရည်နှင့် နွားနို့ခဲကား အဖိုးများစွာ မထိုက်တန်လှပါ၊ သို့ပါလျက် အရှင်ကလည်း အဖိုးများစွာ မတန်တဆပေးဘိ၏၊ အဘယ်အမှုကိစ္စကြောင့် ပျားရည်နှင့် နွားနို့ခဲကို အဆမတန် အဖိုးပေး၍ ယူလိုပါသနည်း”ဟု မေးလေ၏။ ထိုအခါ မြို့သားယောက်ျားသည် “အမောင်.. ဤဗန္ဓုမတီ မင်းနေပြည်၌ မြို့သူမြို့သားတို့သည် မင်းကြီးနှင့် အပြိုင်ပြုကာ ဝိပဿီမြတ်စွာဘုရားအား အလှူဒါန ပေးလှူကြသည်ရှိသော် ဤပျားရည်နှင့် နွားနို့ခဲ နှစ်မျိုးကို မိမိတို့၏ အလှူမျက်မှောက်၌ မတွေ့မမြင်ကြ၍ မရအရရှာမှီးနေကြပါသည်။ အကယ်၍ ဤနှစ်မျိုးကို မရလျှင် မြို့သူမြို့သားတို့က ရှုံးကြရပါလိမ့်မည်၊ ထို့ကြောင့် အသပြာတထောင်ကိုပေး၍ ငါယူလိုပါသည်”ဟု အကြောင်းအရာ အလုံးစုံကို ပြန်ပြောဆိုလေသော် တောရွာသားသည် “အိုအရှင်.. ဤအလှူဒါန ကောင်းမှုကို မြို့သူမြို့သားများသာ ပြုလုပ်ကောင်းသလော၊ အခြား တောရွာသားတို့ကမူ မပေးလှူကောင်းဘူးလော”ဟု မေးပြန်လေ၏။

     ထိုအခါ မြို့သားယောက်ျားက “အမောင်.. မည်သူတဦးတယောက်၏ ပေးလှူခြင်းကိုမျှ မတားမြစ်အပ်ပါ၊ (=မြို့သား ရွာသား မည်သူမဆို ပေးလှူနိုင်ပါသည်)”ဟု ပြောဆိုလေလျှင် တောရွာသားသည် “အို အရှင်.. မြို့သူမြို့သားများ၏ ဤယခု အလှူဒါန ပေးလှူကြရာ၌ တနေ့တည်းဖြင့် အသပြာတထောင် ပေးလှူတတ်သူ တဦးတယောက်များ ရှိပါသလော”ဟူ၍ မေးမြန်းလေ၏။ မြို့သားယောက်ျားက “မရှိပါ အဆွေ..”ဟု ဖြေကြားလေလျှင် တောရွာသားသည် “အိုအရှင်.. ဤယခု အကျွန်ုပ် ယူဆောင်လာသော ပျားရည်နှင့် နွားနို့ခဲတို့၏ အသပြာတထောင် အဖိုးထိုက်သောအဖြစ်ကို အရှင်သိ၏မဟုတ်လော”ဟု



၃၀၉

ထပ်၍ အခိုင်အမာ မေးမြန်းပြန်လေ၏။ မြို့သားယောက်ျားက “အိမ်း.. သိပါသည် အဆွေ..”ဟု ဆိုလေလျှင် တောရွာသားသည် “အိုအရှင်.. ထိုသို့ဖြစ်လျှင် သွားပါချေ။ မြို့သူမြို့သား လူအများတို့အား ‘တောရွာသား ယောက်ျားတယောက်သည် ဤပျားရည်နှင့် နွားနို့ခဲ = နှစ်မျိုးတို့ကို အဖိုးဥစ္စာဖြင့် မပေးပါ။ သူ့ကိုယ်တိုင် မိမိလက်ဖြင့်ပင် ပေးလှူလိုပါသည်။ အသင် မြို့သူမြို့သားတို့သည် ဤပျားရည်နှင့် နွားနို့ခဲ နှစ်မျိုးတို့ကို ရဖို့ရန်အကြောင်းကြောင့်တော့ဖြင့် ကြောင့်ကြမဲ့သာ နေကြပါလော့’ဟု ပြောကြားပါလေ။ အရှင်သည်ကား ဤအလှူမျက်မှောက်၌ (=ဤအလှူပွဲကြီး၌) အကျွန်ုပ်က အကြီးဆုံး အများဆုံး အဖိုးအတန်ဆုံး လှူဒါန်းသူဖြစ်ကြောင်းအတွက် ကိုယ်ဖြင့် သက်သေခံသူ (=ကိုယ်တိုင်သက်သေခံသူ) ဖြစ်တော်မူစေချင်ပါသည်”ဟု ပြောကြားလေ၏။

ပျားရည်နှင့် ဒိန်ရည် ရောစပ်လှူခြင်း

     တောရွာသားသည် ထိုသို့ ပြောကြားပြီးနောက် မိမိရိက္ခာအတွက် အိမ်မှ ယူဆောင်ခဲ့သော တပဲသောဥစ္စာ အသပြာဖြင့် အစပ်ငါးပါး (=အမွှေးအကြိုင်ဘဏ္ဍာ)ကို ဝယ်ယူပြီးလျှင် အမှုန့်ပြု၍ နွားနို့ခဲမှ နို့ဓမ်းကြည် (=ဒိန်ရည်)ကို ညှစ်ယူပြီးနောက် ထိုဒိန်ရည်၌ ပျားလဘို့ကို ညှစ်ချ၍ အစပ်ငါးပါးအမှုန့်နှင့် ရောစပ်လျက် ပဒုမာကြာရွက်တခု၌ ထည့်ပြီးသော် ကောင်းစွာပြုပြင် စီရင်ယူဆောင်ခဲ့၍ မြတ်စွာဘုရားရှင်နှင့် မနီးမဝေးသောအရပ်၌ မိမိလှူခွင့်လှူလှည့်ကို စောင့်မျှော်ထိုင်နေလေ၏။

     မြို့သူမြို့သားများ အသီးအသီးယူဆောင်အပ်ခဲ့သော ပူဇော်သက္ကာရ ဒါနဝတ္ထုများ အကြား၌ မိမိ၏ လှူရန် အခွင့်အလှည့်ကို စောင့်မျှော်နေစဉ် အခွင့်အလှည့် ကျရောက်လာပြီကို သိရှိ၍ မြတ်စွာဘုရားရှင် ထံတော်ပါးသို့ သွားရောက်ပြီးလျှင်“ဘုန်းတော် ကြီးသော မြတ်စွာဘုရား.. ဤပူဇော်သက္ကာရကား တပည့်တော်၏ ဆင်းရဲသားလက်ဆောင် ဖြစ်ပါသည်ဘုရား၊ တပည့်တော်၏



၃၁၀

ဤဆင်းရဲသား လက်ဆောင် = လှူဖွယ်ဝတ္ထုကို ကရုဏာရှေးရှူ အလှူခံတော်မူပါဘုရား”ဟု တောင်းပန် လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် ထိုတောရွာသားအား သနားသမှု အကြောင်းပြု၍ စတုမဟာရာဇ် နတ်မင်းကြီးတို့ လှူဒါန်းအပ်သော ကျောက်သပိတ်ဖြင့် ထိုပူဇော်သက္ကာရကို ခံယူတော်မူပြီးလျှင် ထိုအလှူဝတ္ထုကို ရဟန်းပေါင်း ခြောက်သန်း ရှစ်သိန်း (၆,၈ဝဝ,ဝဝဝ)အား လှူဒါန်း၍ မကုန်နိုင်အောင် အဓိဋ္ဌာန်တော်မူလေ၏။

     ထိုတောရွာသား အမျိုးကောင်းသားသည်လည်း မြတ်စွာဘုရားရှင် ဆွမ်းဘုဉ်းပေးပြီးသောအခါ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုး၍ အပြစ်လွတ်ရာအရပ်၌ ရပ်တည်လျက် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဤယနေ့ တပည့်တော်သည် အရှင်ဘုရားတို့အား ပူဇော်သက္ကာရ ဒါနဝတ္ထု ရှေးရှူဆောင်လှူအပ်သည်ကို ဗန္ဓုမတီ မင်းနေပြည်တော်သူ နေပြည်တော်သား အားလုံးတို့ ဒိဋ္ဌမျက်မြင် အသိပင်ဖြစ်ပါသည်ဘုရား၊ တပည့်တော်သည်လည်း ဤကောင်းမှု ကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ဖြစ်လေရာရာ သံသရာဘဝ၌ လာဘ်လာဘ အထွတ်အမြတ်ရောက်သူ, အခြံအရံ အကျော်အစော အထွတ်အမြတ်ရောက်သူ ပုဂ္ဂိုလ်စင်စစ် ဖြစ်ရပါလို၏ဘုရား”ဟု ဆုတောင်းပန်ထွာလေ၏။ ဝိပဿီ မြတ်စွာဘုရားသည် “ဧဝံ ဟောတု ကုလပုတ္တ = ဤသင်ဆုတောင်းသည့်အတိုင်း ဖြစ်ပါစေ အမျိုးကောင်းသား..”ဟု မိန့်ကြားတော်မူ၍ ထိုအမျိုးကောင်းသားနှင့်တကွ မြို့သူမြို့သားတို့အား ဆွမ်းအနုမောဒနာတရား ဟောကြားတော်မူပြီးသော် ကျောင်းတော်သို့ ပြန်ကြွတော်မူလေ၏။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

     ထိုအမျိုးကောင်းသားသည် အသက်ထက်ဆုံး ကုသိုလ် ကောင်းမှုကို ပြုလုပ်၍ နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စား၍ လာခဲ့ရာ ဤအကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူရာ အခါကာလ၌ ကောလိယ သာကီဝင်မင်းမျိုးဝယ်



၃၁၁

သုပ္ပဝါသာ-မည်သော ကောလိယသာကီဝင် မင်းသမီး၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေ ယူနေလာလေ၏။

ပဋိသန္ဓေ တည်နေစဉ်အချိန် အံ့ဖွယ်များ

     ထိုအမျိုးကောင်းသား ပဋိသန္ဓေတည်နေသော အချိန်မှစ၍ မယ်တော် သုပ္ပဝါသာ သာကီဝင် မင်းသမီးအထံသို့ ရာပေါင်းများစွာသော လက်ဆောင်ပဏ္ဏာတို့ ညဉ်,နံနက် ဆက်ကာ ဆက်ကာ ရောက်၍လာကုန်၏။ သုပ္ပဝါသာ မင်းသမီးသည် ရှေးကထက် ပြည့်စုံခြင်းသို့ ရောက်လေ၏။ (သီဟိုဠ်မူအလို- ညဉ့်,နံနက် လက်ဆောင်ပဏ္ဍာ ငါးရာ ငါးရာတို့ကို သုပ္ပဝါသာမင်းသမီးသည် လက်ခံရရှိလေ၏)။

     ထို့နောက် တနေ့သ၌ သုပ္ပဝါသာမင်းသမီးကို (သူ၏) ဘုန်းကံအစွမ်း စုံစမ်းသိရှိရန် မဟာဆွေတော် မျိုးတော်များက မင်းသမီး၏လက်ဖြင့် မျိုးစေ့များ ထည့်ထားသော တောင်း(=မျိုးစေ့တောင်း)ကို ထိစေကြ, တို့စေကြကုန်၏။ ထိုမျိုးစေ့များကို ကြဲချသောအခါ မျိုးစေ့ တစေ့တစေ့မှ အပင်အညှောက်ပေါင်း အရာ အထောင်ပင် ပေါက်၍ ထွက်လာလေ၏။ မင်းပယ်တပယ် ကျယ်ဝန်းသော လယ်မြေတကွက်မှပင် လှည်းအစီးပေါင်း ငါးဆယ်, ခြောက်ဆယ်တိုက် ကောက်စပါးများ ဖြစ်ပွါးထွက်ရှိကြကုန်၏။

     စပါးကျီအတွင်း ကောက်စပါးများ ဖြည့်သွင်းသောအခါ၌လည်း မဟာဆွေတော် မျိုးတော်များက မင်းသမီး၏လက်ဖြင့် ကျီတံခါးကို ထိစေကြ, တို့စေကြကုန်၏။ မင်းသမီး၏ ဘုန်းကံကြောင့် ကောက်စပါးကို ထုတ်ယူကြသည်ရှိသော် ယူတိုင်း ယူတိုင်းသော နေရာသည် တဖန်ထပ်၍ ပြည့်မြဲပြည့်လေ၏။ ထို့ပြင်လည်း ပြည့်သော ထမင်းအိုးမှ (ထမင်းကို ခူးကာ ခူးကာ) “မင်းသမီး၏ ဘုန်းကံတည်း”ဟု ပြောဆိုကြ၍ အလုံးစုံ ရောက်လာသမျှသော လူအပေါင်းအား ပေးလှူကြသည်ရှိသော် ပေးလိုသမျှ ကာလပတ်လုံး ထိုထမင်းသည် မကုန်နိုင်ချေ။



၃၁၂

သတို့သား အမိဝမ်း၌ ကိန်းတည်နေစဉ်မှာပင် ခုနစ်နှစ် အချိန်ကာလတို့ လွန်၍ သွားကုန်၏။

     ခုနစ်နှစ်စေ့ရောက်၍ ကိုယ်ဝန်သား ရင့်ကျက်သောအခါ ခုနစ်ရက်ကြာ မင်းသမီးသည် ကြီးစွာသော ဂဗ္ဘမူဠှဒုက္ခ (ကိုယ်ဝန်ကြောင့် မိန်းမောတွေဝေရခြင်း ဆင်းရဲဒုက္ခ)ကို ခံစားရလေ၏။ သုပ္ပဝါသာ မင်းသမီးသည် ထိုကြီးစွာသော ဆင်းရဲဒုက္ခကို-

“သမ္မာသမ္ဗုဒ္ဓေါ ၀တ သော ဘဂဝါ၊ ယော ဣမဿ ဧဝရူပဿ ဒုက္ခဿ ပဟာနာယ ဓမ္မံ ဒေသေတိ။ = အကြင် ငါတို့ဆရာ မြတ်စွာဘုရားသည် ဤသို့သဘောရှိသော ဆင်းရဲဒုက္ခ အမျိုးမျိုးကို ပယ်စွန့်ဖို့ရန် တရားဟောတော်မူပါပေ၏၊ ထိုငါတို့ဆရာ မြတ်စွာဘုရားသည် သစ္စာဉေယျ ဓမ္မခပင်း လင်းလင်းသိမြင် သဗ္ဗညုတ ရွှေဉာဏ်တော်နှင့် ပြည့်စုံတော်မူပါပေစွာ့တကား..(၁),

သုပ္ပဋိပန္နော ၀တ တဿ ဘဂဝတော သာဝကသံဃော၊ ယော ဣမဿ ဧဝရူပဿ ဒုက္ခဿ ပဟာနာယ ပဋိပန္နော။ = အကြင်မြတ်ဘုရား၏ တပည့်သားသာဝက သံဃာတော်သည် ဤသို့သဘောရှိသော ဆင်းရဲဒုက္ခ အမျိုးမျိုးကို ပယ်စွန့်ဖို့ရန် ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူပါပေ၏၊ ထိုမြတ်ဘုရား၏ တပည့်သားသာဝက သံဃာတော်သည် (သုံးပါးသိက္ခာ ကျင့်ဖွယ်ရာကို) ကောင်းစွာ ကျင့်တော်မူပါပေစွာ့တကား..(၂),

သုသုခံ ၀တ တံ နိဗ္ဗာနံ၊ ယတ္ထိဒံ ဧဝရူပံ ဒုက္ခံ န သံဝိဇ္ဇတိ။ = အကြင်တရားမြတ်၌ ဤသို့ သဘောရှိသော ဤဆင်းရဲဒုက္ခ ဝေဒနာမျိုး တစိုးတစိ မရှိပေ၊ ထိုနိဗ္ဗာန်တရားမြတ်သည် အလွန့်အလွန် ချမ်းသာပါပေစွာ့တကား..(၃)”-

ဤဖော်ပြအပ်ပြီးသော (၁) မြတ်စွာဘုရား၏ ဂုဏ်တော်နှင့်စပ်သော ကောင်းသောအကြံ၊ (၂) သံဃာတော်၏



၃၁၃

သုပ္ပဋိပန္န ဂုဏ်တော်နှင့်စပ်သော ကောင်းသောအကြံ၊ (၃) နိဗ္ဗာန်၏ သန္တိသုခဂုဏ်နှင့်စပ်သော ကောင်းသောအကြံ = ဤအကြံ သုံးမျိုးတို့ဖြင့် အောင့်အည်း သည်းခံလေသည် (=ကြီးစွာသော ဂဗ္ဘမူဠှဒုက္ခကို ဖော်ပြရာပါအတိုင်း ဘုရားဂုဏ်, သံဃာဂုဏ်, နိဗ္ဗာန်တရားဂုဏ်တို့ကို အပြန်ပြန် အောက်မေ့ ဆင်ခြင်၍ မညည်းမညူ သည်းခံလေသည်)။

     ခုနစ်ရက်မြောက် ရောက်သောအခါ သုပ္ပဝါသာ ကောလိယ မင်းသမီးသည် မိမိ၏ အရှင်သခင်ဖြစ်သော ကောလိယမင်းသားကို အနီးသို့ခေါ်၍ “မသေခင် အသက်ရှင်စဉ်ပင် ငါသည် အလှူဒါန ပေးဦးအံ့”ဟု ကြံစည်ကာ “အိုအရှင့်သား.. သွားပါတည့်ချေ၊ ဤကျွန်တော်မ၏ ဖြစ်ရပ်ကို မြတ်စွာဘုရားအား လျှောက်ထားပြီးလျှင် မြတ်စွာဘုရားကို ပင့်ဖိတ်တော်မူခဲ့ပါ။ မြတ်စွာဘုရား မိန့်ကြားတော်မူလိုက်သည်များကိုလည်း ကောင်းစွာ မှတ်သား၍ ပြန်လာပြီးလျှင် အကျွန်ုပ်အား ပြောကြားတော်မူပါ”ဟု ပြောဆိုလွှတ်လိုက်လေသည်။ ကောလိယမင်းသည် သွားရောက်၍ သုပ္ပဝါသာမင်းသမီး၏ အကြောင်းအရာ သတင်းစကားကို မြတ်စွာဘုရားအား လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် “ကောလိယမင်းသမီး သုပ္ပဝါသာသည် ရောဂါမရှိ ပကတိ ချမ်းသာစေသတည်း၊ ရောဂါမရှိ ပကတိချမ်းသာလျက် ရောဂါကင်းသော သားကို ဖွားစေသတည်း”ဟု မိန့်တော်မူလေ၏။ မြတ်စွာဘုရား မိန့်ကြားတော်မူလိုက်သည်နှင့် တပြိုင်နက် ကောလိယမင်းသမီး သုပ္ပဝါသာသည် ရောဂါမရှိ ပကတိ ချမ်းသာလျက် ရောဂါကင်းသောသားကို ဖွားမြင်လေ၏။ ဝန်းရံ၍ နေကြသော လူအပေါင်းသည် ငိုရသည့်အဖြစ်မှ တခေတ်ကူးပြောင်းကာ ဝမ်းမြောက်ဝမ်းသာ ကောလိယမင်းအား သား၏သတင်းကို လျှောက်ထားရန် သွားရောက်လေ၏။ ကောလိယမင်းသည်ကား မြတ်စွာဘုရား မိန့်ကြားတော်မူသည်ကို နာယူပြီးနောက် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ရွာတွင်းသို့ ရှေးရှူ ပြန်လာလေ၏။



၃၁၄

     ကောလိယမင်းသည် ထိုမင်းချင်းယောက်ျားတို့ အားရဝမ်းသာ ပြေးလာ ဆီးကြိုကြပုံ အခြင်းအရာကို မြင်ရလျှင်ပင် “မြတ်စွာဘုရား မိန့်ကြားအပ်သော စကားတော်သည် ပြီးစီးအောင်မြင်ပြီ ထင်၏”ဟု ဆင်ခြင်ကြံစည်မိလေ၏။ ကောလိယမင်းသည် သုပ္ပဝါသာ မင်းသမီးထံသို့ လာရောက်၍ မြတ်စွာဘုရား၏ မိန့်ကြားတော်မူလိုက်သော သတင်းစကားကို မင်းသမီးအား ပြန်ကြား ပြောဆိုလေ၏။ မင်းသမီးသည် “အရှင့်သား ပင့်ဖိတ်အပ်ခဲ့သော အသက်ရှင်ဆွမ်းသည်ပင် မင်္ဂလာဆွမ်း ဖြစ်လိမ့်မည်၊ တဖန် ပြန်သွားပါဦး၊ ခုနစ်ရက်ပတ်လုံး (ဆွမ်းဘုဉ်းပေးတော်မူရန်) မြတ်စွာဘုရားကို ပင့်လျှောက်ချေပါဦး”ဟူ၍ ပြောဆိုလေ၏။ ကောလိယမင်းသည် မင်းသမီးပြောဆိုတိုင်း ပြုလုပ်လေ၏။ ထိုမင်း, မင်းသမီးတို့သည် ခုနစ်ရက်ပတ်လုံး မြတ်စွာဘုရား အမှူးရှိသော ရဟန်းသံဃာအား ကြီးစွာသော အလှူဒါနကို ဖြစ်စေကြလေကုန်၏။

     သူငယ်သည် ခပ်သိမ်းသော ဆွေမျိုးတို့၏ ပူပန်သောစိတ်ကို ငြိမ်းအေးစေလျက် ဖွားမြောက် သန့်စင်လာလေသည်၊ ထို့ကြောင့် ထိုသူငယ်၏အမည်ကို “သီဝလိသူငယ်”ဟု အမည်မှည့်ကြလေကုန်၏။ သီဝလိသူငယ်သည် ခုနစ်နှစ်အကြာ အမိဝမ်း၌ ကိန်းနေခဲ့ရကြောင့် ဖွားမြောက်သောအချိန်မှ အစပြုကာ ခုနစ်နှစ် အရွယ်ရှိ လူငယ်တို့ ပြုလုပ်ရမည့် ခပ်သိမ်းသော အမှုများကို ပြုစွမ်းနိုင်သူ ဖြစ်လေသည်။ ထို့ကြောင့်ပင် သီဝလိသူငယ်သည် ခုနစ်ရက်ပတ်လုံး မဟာဒါနကြီး ပေးလှူအပ်သည်ရှိသော် မွေးဖွားသည့်နေ့မှစ၍ ဓမကရိုဏ် = ရေစစ်ကိုယူကာ သံဃာတော်အား ရေကိုစစ်၍ ဆက်ကပ်လှူဒါန်းလေ၏။

     တရားစစ်မှူး ဖြစ်တော်မူသော အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ခုနစ်ရက်မြောက်သောနေ့၌ သီဝလိသူငယ်နှင့် စကားနှီးနှော ပြောဆိုတော်မူ၏။ ထိုသို့ ပြောဆိုသောအခါ မထေရ်မြတ်က “သီဝလိ.. သင်သည် ဤသို့သဘောရှိသော ဒုက္ခအစုကို ခံစားရပြီးလျှင် ရှင်ရဟန်းပြုရန် မသင့်လျော်ဘူးလော”ဟု



၃၁၅

မေးမြန်းတော်မူလေလျှင် သီဝလိသူငယ်သည် “အရှင်ဘုရား.. တပည့်တော်သည် မိဖထံမှ ရှင်ရဟန်းပြုခွင့်ရလျှင် ရှင်ရဟန်း ပြုလိုလှပါသည်ဘုရား”ဟု ပြန်ကြား လျှောက်ထားလေ၏။ သုပ္ပဝါသာ မင်းသမီးသည် မိမိသား သီဝလိသူငယ် မထေရ်မြတ်နှင့် အတူတကွ စကားပြောနေသည်ကို မြင်ရ၍ “အသို့နည်း = ဘယ့်နှယ်လဲ ငါ့သားသည် တရားစစ်မှူး ဖြစ်တော်မူသော မထေရ်မြတ်နှင့် အတူတကွ စကားပြောနေပါတကား”ဟု အားရဝမ်းသာစွာ မထေရ်မြတ်ထံသို့ ဆည်းကပ်၍ “အရှင်ဘုရား.. တပည့်တော်မသားက အရှင်ဘုရားတို့နှင့် အတူတကွ အဘယ်စကားများကို ပြောဆိုနေပါသနည်းဘုရား”ဟု မေးလျှောက်လေ၏။ အရှင်သာရိပုတ္တရာ မထေရ်မြတ်က “မိမိခံစားခဲ့ရသော အမိဝမ်းခေါင်း ကိန်းအောင်းရသည့် ဒုက္ခကို ပြောပြ၍ အသင်မိဖနှစ်ပါးတို့က ခွင့်ပြုအပ်ပါလျှင် ရှင်ရဟန်းပြုပါအံ့ဟူ၍ ပြောဆိုပေ၏”ဟု မိန့်ကြားတော်မူလေလျှင် သုပ္ပဝါသာ မင်းသမီးသည် “ကောင်းပါပြီ အရှင်ဘုရား.. ထိုသီဝလိသူငယ်ကို ရှင်ပြုပေးတော်မူကြပါဘုရား”ဟု ခွင့်ပြုစကား ပြန်ကြား လျှောက်ထားလေ၏။

     ထိုအခါ မထေရ်မြတ်သည် သီဝလိသူငယ်ကို ကျောင်းတော်သို့ ခေါ်ဆောင်သွား၍ တစပဉ္စကကမ္မဋ္ဌာန်းကို ပေးပြီးလျှင် ရှင်ပြုပေးတော်မူလတ်သော် “သီဝလိ.. သင့်အဖို့ရာ အခြားတပါးသော အဆုံးအမ ဩဝါဒဖြင့် ပြုလုပ်ဖွယ်မရှိ၊ (တခြားဩဝါဒ ပေးရန်မလို-ဟု ဆိုလိုသည်)၊ ခုနစ်နှစ်တို့ ကာလပတ်လုံး မိမိ ခံစားခဲ့ရသော ဆင်းရဲဒုက္ခ ဝေဒနာကိုပင် ဆင်ခြင်စဉ်းစားလော့”ဟု မိန့်တော်မူလေ၏။ သီဝလိသူငယ်သည် “အရှင်ဘုရား.. ရှင်ပြုပေးခြင်းသည်သာ အရှင်ဘုရားတို့၏ တာဝန်ဖြစ်ပါသည်။ တပည့်တော် ပြုစွမ်းနိုင်သမျှသော တရားနှလုံးသွင်းခြင်းအမှုကို တပည့်တော်ပင် ဆင်ခြင်စဉ်းစား ပွါးများပါမည်ဘုရား”ဟု ပြန်ကြား လျှောက်ထားလေ၏။

     ထိုရှင်သီဝလိ သူငယ်သည် ပဌမဆံဝန်းကို ရိတ်ချလိုက်သော ခဏမှာပင် သောတာပတ္တိဖိုလ်၌ တည်လေ၏၊ ဒုတိယဆံဝန်းကို



၃၁၆

ရိတ်ချလိုက်သောအခါ သကဒါဂါမိဖိုလ်၌ တည်၍ တတိယဆံဝန်းကို ရိတ်ချလိုက်သောအခါ အနာဂါမိဖိုလ်၌ တည်ပြီးလျှင် အားလုံးသောဆံဝန်းကို ရိတ်ချပြီးသည်နှင့် တပြိုင်နက် အရဟတ္တဖိုလ်၌ တည်လေ၏။ (=အားလုံးသော ဆံတို့ကို ရိတ်ချပြီးခြင်းနှင့် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရခြင်းသည် မရှေးမနှောင်းပင် ဖြစ်လေ၏)။

     ထိုသီဝလိသူငယ်ကို ရှင်ရဟန်းပြုပေးသော နေ့မှစ၍ ရဟန်းသံဃာအား သင်္ကန်း, ဆွမ်း, ကျောင်း, ဆေး = ပစ္စည်းလေးပါးတို့သည် အလိုရှိတိုင်း ဖြစ်ပေါ်ပေါများ၍ လာကုန်၏။ ဤသို့လျှင် ရှင်သီဝလိ၏ အကြောင်းအရာဝတ္ထုကား ကုဏ္ဍိကာမြို့၌ ဖြစ်ပေါ်လေသည်။

(ဤ၌။ ။အရှင်သီဝလိ၏ ပစ္စုပ္ပန်ဝတ္ထုကို ဥဒါန်းပါဠိတော် ပိဋကတ်မြန်မာပြန် (ခုမြန် ၁၊ စာမျက်နှာ ၈၆-မှစ၍) ထုတ်နုတ်မှတ်ယူကုန်ရာ၏။ ထိုအရှင်မြတ် သားအမိတို့၏ ခုနစ်နှစ် ခုနစ်ရက်ကြာ ဂဗ္ဘဝါသဒုက္ခ = အမိဝမ်းခေါင်း ကိန်းအောင်းရခြင်း ဆင်းရဲဒုက္ခ, ဂဗ္ဘမူဠှဒုက္ခ = ကိုယ်ဝန်ကြောင့် မိန်းမောတွေဝေရခြင်း ဆင်းရဲဒုက္ခ ခံစားရခြင်း၏ အကြောင်း အကုသိုလ်ကံနှင့်စပ်သော ဖြစ်ရပ်ဝတ္ထု အကျယ်ကို ဥဒါန်းအဋ္ဌကထာမှ ထုတ်နုတ်မှတ်ယူကုန်ရာ၏။

အကျဉ်းမှတ်ရန်မှာ- ထိုအရှင်မြတ် သားအမိတို့သည် တခုသော အတိတ်ဘဝက ဗာရာဏသီမင်း၏ မိဖုရားကြီးနှင့် သားတော် ဖြစ်ခဲ့ကြ၍ တချိန်တွင် ကောသလမင်းက စစ်တပ်အလုံးအရင်းဖြင့် ဗာရာဏသီမင်းကို တိုက်ဖျက် လုပ်ကြံ၍ ထိုမင်း၏ မိဖုရားကြီးကို သိမ်းပိုက်ကာ မိဖုရားကြီးရာထူး၌ ထားရှိလေသည်။

ဗာရာဏသီ မင်းသားသည် ခမည်းတော် စစ်ရှုံး၍ နတ်ရွာစံသောအခါ ရေထုတ်ပြွန်မှ တိတ်တဆိတ် ထွက်ပြေး၍ ဗိုလ်ပါအလုံးအရင်းကို စုရုံးပြီးလျှင် ဗာရာဏသီပြည်သို့ လာ၍ ထီးနန်းပြန်အပ်ရန် (သို့မဟုတ်) စစ်တိုက်ရန် ရာဇသံပေး အရေးဆိုလေလျှင် အတွင်းမှာရှိနေသော မယ်တော်မိဖုရားကြီးက စစ်တိုက်လျှင် လူအများ ဆင်းရဲကြမည်ဖြစ်၍ မြို့ကို ပိတ်ဆို့ဝန်းရံထားရန် အကြံပေးလေသည်။ မယ်တော် အကြံပေးသည့် အတိုင်း မင်းသားသည် မြို့တံခါးမကြီး လေးပေါက်တို့ကို အထွက်အဝင် မရှိရအောင် ပိတ်ဆို့ စောင့်ရှောက်လျက် ခုနစ်နှစ်ကြာ မြို့ကို ဝန်းရံ

၃၁၇

ပိတ်ဆို့ထားသော်လည်း မြို့သူမြို့သားတို့သည် တံခါးငယ်များမှ ထွက်၍ မြက်,ထင်း-စသည် သယ်ဆောင် သွင်းယူကြသဖြင့် အကြောင်းမထူးပဲ ရှိလေရာ ထိုသတင်းကို မယ်တော်မိဖုရား ကြားသိရ၍ တဖန်ထပ်ပြီးလျှင် တံခါးငယ်များကိုပါ ပိတ်ဆို့ရန် အကြံပေးပြန်လေသည်။

ထိုအကြံပေးချက်အရ တံခါးငယ်များကိုပါ ပိတ်ဆို့ဝန်းရံသဖြင့် ခုနစ်ရက်ရှိသောအခါ မြို့သူမြို့သားတို့ အနေကြပ်သဖြင့် ကောသလမင်း၏ ဦးခေါင်းကိုဖြတ်၍ မင်းသားအား ဆက်သကြလေသည်။ မင်းသားသည် မြို့ကိုဝင်၍ မင်းအဖြစ်ကို ခံယူသိမ်းပိုက်လေသည်။

ဤဆိုအပ်ပြီးသော မကောင်းမှု အကုသိုလ်ကံကြောင့် ထိုအရှင်မြတ် သားအမိတို့သည် ခုနစ်နှစ်ကြာ ကိုယ်ဝန်ကိုဆောင်ရခြင်း ဆင်းရဲဒုက္ခ, အမိဝမ်းခေါင်း ကိန်းအောင်ရခြင်း ဆင်းရဲဒုက္ခ, မယ်တော်မှာ ကိုယ်ဝန်ကြောင့် ခုနစ်ရက်ကြာ မိန်းမောတွေဝေရခြင်း ဆင်းရဲဒုက္ခကို ခံစားကြရလေသည်)။

မထေရ်မြတ် မိမိဘုန်းကံကို စုံစမ်းကြည့်ခြင်း

     နောက်တချိန်၌ မြတ်စွာဘုရားရှင် သာဝတ္ထိပြည်သို့ ရောက်တော်မူသောအခါ အရှင်သီဝလိမထေရ်သည် မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုးဦးညွတ်၍ “မြတ်စွာဘုရား.. တပည့်တော်၏ ဘုန်းကံကို လက်တွေ့စုံစမ်းပါအံ့၊ တပည့်တော်အား ရဟန်းတော် ငါးရာတို့ကို အဖော်အဖြစ် ထည့်ပေးတော်မူပါဘုရား”ဟု လျှောက်ထား တောင်းပန်လေ၏။ မြတ်စွာဘုရားရှင်သည်လည်း “ချစ်သားသီဝလိ.. ခေါ်ယူ၍ သွားလော့”ဟု ခွင့်ပြုတော်မူလေသည်။

     အရှင်သီဝလိမထေရ်သည် အဖော်ရဟန်း ငါးရာတို့ကို အတူတကွ ခေါ်ယူ၍ ဟိမဝန္တာသို့ရှေးရှု သွားလတ်သည်ရှိသော် တောလမ်းခရီးအတိုင်း ကြွတော်မူလေ၏။ (၁) ထိုအခါ ရှေးဦးစွာ ခရီးစခန်း၌ ပညောင်ပင်ကြီးကို တွေ့ရလေသည်၊ ညောင်စောင့်နတ်မင်းသည် မထေရ်မြတ်အား ခုနစ်ရက် အလှူဒါနကို ပေးလှူလေသည်။ ဤနည်းဖြင့် ထိုအရှင်သီဝလိမထေရ်သည်-

(၁) ရှေးဦးစွာ (ဖော်ပြရာပါ) ပညောင်ပင်ကြီးကို တွေ့ရလေသည်။



၃၁၈

(၂) နှစ်ကြိမ်မြောက်၌ ပဏ္ဍဝတောင်,

(၃) သုံးကြိမ်မြောက်၌ အစိရဝတီမြစ်,

(၄) လေးကြိမ်မြောက်၌ ဝရသာဂရမည်သော သမုဒြာ,

(၅) ငါးကြိမ်မြောက်၌ ဟိမဝန္တာတောင်,

(၆) ခြောက်ကြိမ်မြောက်၌ ဆဒ္ဒန်အိုင်,

(၇) ခုနစ်ကြိမ်မြောက်၌ ဂန္ဓမာဒနတောင်,

(၈) ထို့နောက် ရှစ်ကြိမ်မြောက်၌ အရှင်ရေ၀တနေရာသို့-

ဆိုက်ရောက် တွေ့မြင်ရလေသည်။ နေရာဌာန အားလုံးတို့၌ပင် ခုနစ်ရက်စီ ခုနစ်ရက်စီ နတ်တို့က အရှင်သီဝလိမထေရ်အား အလှူဒါန ကြီးစွာ လှူဒါန်းကြလေသည်။

     အထူးအားဖြင့် ဂန္ဓမာဒနတောင်သို့ ရောက်ဆိုက်သောအခါ၌ နာဂဒတ္တမည်သော နတ်မင်းသည် ခုနစ်ရက်ကြာ အလှူဒါန ပေးလှူရာဝယ် နွားနို့ဆွမ်းတရက် ထောပတ်ဆွမ်းတရက် ဤသို့ အလှည့်အလည် ပေးလှူလေသည်။ ထိုအခါ ရဟန်းသံဃာသည် “ငါ့ရှင်တို့.. ဤနတ်မင်းက နို့စားနွားမများကို နို့ညှစ်အပ်သည်ကိုလည်း ငါတို့သည် မတွေ့မထင် မမြင်အပ်ကုန်၊ ထောပတ်ဖြစ်ရန် နို့ဓမ်းကို မွှေနေသည်ကိုလည်း ငါတို့သည် မတွေ့မထင် မမြင်အပ်ချေ။ ဒါယကာနတ်မင်း.. သင့်အဖို့ရာ ဤနွားနို့ဆွမ်း ထောပတ်ဆွမ်းများသည် အဘယ်ကောင်းမှုကြောင့် ဖြစ်ပွါး ပြည့်စုံသနည်း”ဟု မေးမြန်းလေ၏။ နာဂဒတ္တနတ်မင်းသည် “အရှင်ဘုရားတို့.. ဤသို့ နို့စားနွားမများလည်း မရှိပါပဲလျက် နို့ဓမ်းမွှေနေရခြင်းလည်း မရှိပါပဲလျက် နွားနို့ဆွမ်း ထောပတ်ဆွမ်းကို လှူဒါန်း ဆက်ကပ်နိုင်ခြင်းမှာ ကဿပမြတ်စွာ လက်ထက်တော်အခါ၌ စာရေးတံ နွားနို့ဆွမ်း လှူဒါန်းခဲ့သော ဒါနကောင်းမှု၏အကျိုး ဖြစ်ပါသည်ဘုရား”ဟု ပြန်ကြား လျှောက်ထားလေ၏။



၃၁၉

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

     နောက်တချိန်ဝယ် မြတ်စွာဘုရားသည် (ရှေး ခဒိရဝနိယ ရေဝတမထေရ်ဝတ္ထု၌ ဆိုအပ်ခဲ့ပြီးသောအတိုင်း) အရှင်ခဒိရ၀နိယ ရေဝတမထေရ်အထံ ကြွရောက်တော်မူရာဝယ် လူသူမနီး ဘေးရန်တွေကာဆီးသော လမ်းခရီးအကြား၌ နတ်များက အရှင်သီဝလိမထေရ်အားသာ ဦးတည်၍ နေ့ရက်မပြတ် အလှူဒါန လှူဒါန်း ဆက်ကပ်ကြသည်ကို အဋ္ဌုပ္ပတ်ဝတ္ထု အကြောင်းပြု၍ အရှင်သီဝလိမထေရ်မြတ်ကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ လာဘီနံ ယဒိဒံ သီဝလိ = ရဟန်းတို့.. ပစ္စည်းလေးရပ် လာဘ်လာဘ ပေါများကြသည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် သီဝလိရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “လာဘီ = လာဘ်လာဘ ပေါများသောအရာ”ဝယ် ဧတဒဂ် ထားတော်မူလေ၏။

     (ဤအရှင်သီဝလိမထေရ်နှင့်စပ်သော တရားစကားရပ်တို့ကို အပဒါန် ပါဠိ အဋ္ဌကထာ, ဓမ္မပဒအဋ္ဌကထာ- စသည်တို့မှ ထုတ်နုတ် မှတ်ယူကုန်ရာ၏။ ဤနည်းအတူပင် နောက်နောက်ဖြစ်သော မထေရ်တို့နှင့်စပ်သော တရားစကားရပ်တို့ကိုလည်း မှတ်ယူကုန်ရာ၏။ ဤမဟာဗုဒ္ဓဝင်ကျမ်း၌ကား (က) မထေရ်မြတ်တို့၏ ရှေးဆုတောင်း၊ (ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း၊ (ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း = ဤ သုံးချက်ကိုသာ ဦးတည်၍ ရေးသားဖော်ပြပေအံ့)။

ဤကား အရှင်သီဝလိမထေရ်အကြောင်းတည်း။