4356ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၄။ အာနန္ဒတ္ထေရပဉှဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

ဗုဒ္ဓဝဂ်

၄။ အာနန္ဒာမထေရ်၏ ဥပုသ်ပြဿနာဝတ္ထု

သဗ္ဗပါပဿ အကရဏံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်အာနန္ဒာမထေရ်တော်၏ ပြဿနာမေးခြင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဘုရားရှင် ခုနှစ်ဆူတို့၏ ဥပုသ်

ထိုပြဿနာကို ရှင်အာနန္ဒာမထေရ်သည် နေ့သန့်စင်ရာအရပ်၌ နေလျက် “မြတ်စွာဘုရားသည် ခုနစ်ဆူသော ဘုရားရှင်တို့၏ မယ်တော်,ခမည်းတော်တို့ကိုလည်းကောင်း၊ အသက်အပိုင်းအခြားကိုလည်းကောင်း၊ ပွင့်ရာ ဗောဓိပင်ကိုလည်းကောင်း၊ သာဝကအစည်းအဝေးကိုလည်းကောင်း၊ အဂ္ဂသာဝက အစည်းအဝေးကိုလည်းကောင်း၊ မြတ်သောတပည့် အလုပ်အကျွေးကိုလည်းကောင်း ထိုအလုံးစုံကို ဟောကြားတော်မူ၏။ ဥပုသ်ကိုကား ဟောတော်မမူသေး၊ အဘယ်သို့နည်း၊ ထိုဘုရားရှင်တို့၏ ဥပုသ်သည်လည်း ဤဥပုသ်ပင် ဖြစ်သလော၊ တစ်ပါးသော ဥပုသ်ဖြစ်သလော”ဟု ကြံစည်တော်မူလေသတတ်။ ထိုအာနန္ဒာမထေရ်သည် ဘုရားရှင်သို့ ချဉ်းကပ်၍ ထိုအကြောင်းကို မေးလျှောက်လေ၏။ အကြင်ကြောင့် ထိုမြတ်စွာဘုရားတို့၏ ကာလအပြားသည်သာလျှင် ရှိ၏၊ ဩဝါဒ ဂါထာစကား အပြားကား မရှိ၊ ချဲ့ဦးအံ့၊ ဝိပဿီ မြတ်စွာဘုရားသည် ခုနစ်ခုမြောက် ခုနစ်ခုမြောက်ဖြစ်သော နှစ်၌ တစ်ကြိမ်တစ်ကြိမ် ဥပုသ်ပြုတော်မူ၏။ ထိုဝိပဿီဘုရားရှင်၏ တစ်နေ့ ပေးအပ်သော အဆုံးအမသည်သာလျှင် ခုနစ်နှစ်တို့ပတ်လုံး စွမ်းနိုင်သည် ဖြစ်လေ၏။ သိခီမြတ်စွာဘုရားသည်လည်းကောင်း၊ ဝေဿဘူ မြတ်စွာဘုရားသည်လည်းကောင်း၊ ခြောက်ခုမြောက် ခြောက်ခုမြောက်ဖြစ်သော နှစ်၌ ဥပုသ်ပြုတော်မူကြကုန်၏။ ကကုသန် မြတ်စွာဘုရားသည်လည်းကောင်း၊ ကောဏဂုံ မြတ်စွာဘုရားသည်လည်းကောင်း နှစ်တိုင်း နှစ်တိုင်း ဥပုသ်ပြုတော်မူကြကုန်၏။ ကဿပ မြတ်စွာဘုရားသည် ခြောက်ခုမြောက် ခြောက်ခုမြောက်ဖြစ်သော ကာလ၌ တစ်ကြိမ်တစ်ကြိမ် ဥပုသ်ပြုတော်မူ၏။ ထိုကဿပမြတ်စွာဘုရား၏ တစ်နေ့ ပေးအပ်သော အဆုံးအမသည်သာလျှင် ခြောက်လပတ်လုံး စွမ်းနိုင်သည်ဖြစ်လေ၏။ ထို့ကြောင့် ငါတို့ မြတ်စွာဘုရားသည် ထိုရှေးဘုရားရှင်တို့၏ ဤကာလ အထူးအပြားကို ဟောကြားတော်မူပြီးလျှင် ထိုရှေးဘုရားရှင်တို့၏ အဆုံးအမ ဂါထာသည်ကား ဤဂါထာသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အလုံးစုံသော ဘုရားရှင်တို့၏ တူသည်သာလျှင်ဖြစ်သော ဥပုသ်ကို ထင်ရှားပြတော်မူလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။

ဘုရားရှင်တို့၏ သြဝါဒ

[၁၈၃] သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။
သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။

[၁၈၄] ခန္တီ ပရမံ တပေါ တိတိက္ခာ၊
နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊
န သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။

[၁၈၅] အနူပဝါဒေါ အနူပဃာတော၊ ပါတိမောက္ခေ စ သံဝရော။
မတ္တညုတာ စ ဘတ္တသ္မိံ ၊ ပန္တဉ္စ သယနာသနံ။
အဓိစိတ္တေ စ အာယောဂေါ၊ ဧတံ ဗုဒ္ဓါန သာသနံ။

သဗ္ဗပါပဿ၊ အလုံးစုံသော အကုသိုလ်ကို။ ယံ အကရဏံ၊ အကြင်မပြုခြင်းသည်လည်းကောင်း။ ကုသလဿ၊ ကုသိုလ်ကို။ ယာ ဥပသမ္ပဒါ၊ အကြင်ပြည့်စုံစေခြင်းသည်လည်းကောင်း။ ယံ သစိတ္တပရိယောဒပနံ၊ အကြင် မိမိစိတ်ကို ဖြူစင်စေခြင်းသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤအလုံးစုံသည်။ ဗုဒ္ဓါန-ဗုဒ္ဓါနံ၊ အလုံးစုံသော မြတ်စွာဘုရားတို့၏။ သာသနံ၊ အဆုံးအမတော်တည်း။

တိတိက္ခာ၊ သည်းခံခြင်းဟု ဆိုအပ်သော။ ခန္တီ-ခန္တိ ၊ သည်းခံခြင်း ခန္တိသည်။ ပရမံ၊ မြတ်သော။ တပေါ၊ အကျင့်တည်း။ နိဗ္ဗာနံ၊ ကိလေသာမှ ငြိမ်းခြင်းနိဗ္ဗာန်ကို။ ပရမံ၊ မြတ်၏ဟူ၍။ ဗုဒ္ဓါ၊ ဘုရား,ပစ္စေက,သာဝကတို့သည်။ ဝဒန္တိ၊ ဟောကြားတော်မူကြကုန်၏။ ပရူပဃာတီ၊ သူတစ်ပါးကို သတ်ဖြတ်ညှဉ်းဆဲလေ့ရှိသောသူသည်။ ပဗ္ဗဇိတော၊ ရဟန်းမည်သည်။ န ဟိ ဟောတိ၊ မဖြစ်။ ပရံ၊ သူတစ်ပါးကို။ ဝိဟေဌယန္တော၊ ညှဉ်းဆဲသောသူသည်။ သာမဏော၊ ရဟန်းမည်သည်။ န ဟောတိ၊ မဖြစ်။

အနူပဝါဒေါ၊ မစွပ်စွဲ, မကဲ့ရဲ့ခြင်းသည်လည်းကောင်း။ အနူပဃာတော၊ မညှဉ်းဆဲ မသတ်ဖြတ်ခြင်းသည်လည်းကောင်း။ ပါတိမောက္ခေ၊ အကြီးဖြစ်သော ပါတိမောက္ခ သံဝရသီလ၌။ သံဝရော စ၊ စောင့်စည်း ပိတ်ပင်ခြင်းသည်လည်းကောင်း။ ဘတ္တသ္မိံ၊ ဆွမ်းဘောဇဉ်၌။ မတ္တညုတာစ၊ အတိုင်းအရှည်ကို သိသည်၏အဖြစ်သည်လည်းကောင်း။ ပန္တဉ္စ သယနာသနံ၊ ဆိတ်ငြိမ်ရာဖြစ်သော ကျောင်း၌ နေခြင်းသည်လည်းကောင်း။ အဓိစိတ္တေ၊ ရှစ်ပါးသော သမာပတ်ဟုဆိုအပ်သော စိတ်ကို အစိုးရခြင်း အဓိစိတ္တသိက္ခာ၌။ အာယောဂေါ စ၊ လုံ့လပြုခြင်းသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤအလုံးစုံသည်။ ဗုဒ္ဓါနံ၊ အလုံးစုံသော မြတ်စွာဘုရားတို့၏။ သာသနံ၊ အဆုံးအမတော်တည်း။

(အနူပဝါဒဖြင့် နှုတ်၌ဖြစ်သော သီလကို ဟောအပ်၏။ အနူပဃာတဖြင့် ကိုယ်၌ဖြစ်သော သီလကို ဟောအပ်၏။ ပါတိမောက္ခေစ သံဝရောဖြင့် ပါတိမောက္ခသံဝရသီလ, ဣန္ဒြိယသံဝရသီလကို ဟောအပ်၏။ မတ္တညုတာဖြင့် အာဇီဝ ပါရိသုဒ္ဓိသီလ, ပစ္စယသန္နိဿိတသီလကို ဟောအပ်၏။ ပန္တဉ္စ သယနာသနဖြင့် လျောက်ပတ်သော အိပ်ရာနေရာကျောင်းကို ဟောအပ်၏။ အဓိစိတ္တဖြင့် သမာပတ်ရှစ်ပါးကို ဟောအပ်၏။ ဤသို့လျှင် ဤဂါထာဖြင့် သိက္ခာသုံးပါးတို့ကိုလည်း ဟောအပ်ကုန်သည်သာလျှင်တည်း။)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

အာနန္ဒာမထေရ်၏ ဥပုသ်ပြဿနာဝတ္ထု ပြီး၏။