4481ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၃။ ဧရကပတ္တနာဂရာဇဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

ဗုဒ္ဓဝဂ်

၃။ ဧရကပတ္တနဂါးမင်းဝတ္ထု

ကိစ္ဆော မနုဿပဋိလာဘောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဗာရာဏသီပြည်ကို အမှီပြု၍ ကုက္ကိုပင် ခုနစ်ပင်အနီး၌ နေတော်မူစဉ် ဧရကပတ္တ အမည်ရှိသော နဂါးမင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဘုရားပွင့်ခြင်းကို ရှာဖွေသော သီချင်း

နဂါးမင်းသည် ရှေးအခါ ကဿပမြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းငယ်တစ်ပါးဖြစ်၍ ဂင်္ဂါမြစ်၌ လှေကို စီးသွားသည်ရှိသော် တစ်ခုသော ပြိတ်မြက်ခြုံမှ ပြိတ်ရွက်ကို ဆွဲကိုင်ပြီးလျှင် လှေ၏အဟုန်ဖြင့် သွားသော်လည်း မလွှတ်လိုက်မိ၊ ပြိတ်ရွက်သည် ပြတ်သွားလေသတတ်၊ ထိုရဟန်းငယ်သည် “ဤပြိတ်မြက်ပြတ်သော အာပတ်ကား အနည်းငယ်သာတည်း”ဟု နှလုံးသွင်း၍ အာပတ်ကို ဒေသနာမကြားမိဘဲ အနှစ်နှစ်သောင်းတို့ပတ်လုံး တော၌ ရဟန်းတရားကို အားထုတ်သော်လည်း သေခါနီးကာလ၌ ပြိက်ရွက်သည် လည်ပင်း၌ ဆွဲရစ်အပ်သကဲ့သို့ဖြစ်ရကား အာပတ်ကို ဒေသနာကြား ကုစားလိုသော်လည်း တစ်ပါးသောရဟန်းကို မမြင်ရခြင်းကြောင့် “ငါ၏သီလသည် မစင်ကြယ်”ဟု ဖြစ်သော နှလုံးမသာယာခြင်းရှိသဖြင့် ထိုရဟန်းအဖြစ်မှ စုတေ ပျံလွန်လေသည်ရှိသော် တစ်ခုသော သစ်သားကျင်းဟု ဆိုအပ်သော တစ်လုံးထွင်းလှေ ပမာဏရှိသော နဂါးမင်း၏အဖြစ်ဖြင့် ဖြစ်လေ၏။ ထိုနဂါးမင်း၏ အမည်သည် ဧရကပတ္တ (ဧရက+ပတ္တ= ပြိတ်မြက်အရွက်)ဟူသော အမည်သာလျှင် ဖြစ်လေ၏။ ထိုဧရကပတ္တနဂါးမင်းသည် နဂါးမင်းဖြစ်သော ခဏ၌သာလျှင် အတ္တဘောကို ကြည့်ရှုပြီးလျှင် “ဤမျှလောက်သော ကာလပတ်လုံး ရဟန်းတရားကို အားထုတ်ပါလျက် အဟိတ်ပဋိသန္ဓေနေသော အမျိုးဖြစ်သော ဖားလျှင် အစာရှိသောအရပ်၌ ဖြစ်ရလေသည်”ဟု နှလုံးမသာယာသည် ဖြစ်လေ၏၊ ထိုနဂါးမင်းသည် နောက်အဖို့၌ သမီးတစ်ယောက်ရ၍ ဂင်္ဂါမြစ်လယ် ရေအပြင်၌ ကြီးစွာသော ပါးပျဉ်းကို ဖြန့်မိုးလျက် သမီးကို ထိုပါးပျဉ်း၌ ထားပြီးလျှင် က,စေလျက် သီချင်းကို သီဆိုစေလေ၏။

(ထိုနဂါးမင်း၏အကြံကား “ဤအရပ်၌ ဤသို့သော အကြောင်းအားဖြင့် ဘုရားရှင် ပွင့်တော်မူသည်ရှိသော် ထိုဘုရားရှင်၏ ပွင့်တော်မူခြင်းအကြောင်းကို ငါမချွတ် ကြားရလတ္တံ့”ဟု ဤသို့သောအကြံသည် ဖြစ်လေသတတ်။)

“အကြင်သူသည် ငါ၏သီချင်း၏ အဖြေသီချင်းတုံ့ကို ဆောင်နိုင်၏၊ ထိုသူအား ကြီးစွာသော နဂါးစည်းစိမ်နှင့်တကွ သမီးကိုပေးအံ့”ဟု ဆို၍ လခွဲတစ်ကြိမ် ဥပုသ်နေ့၌ ထိုသမီးကို ပါးပျဉ်း၌ ထားလေ၏။ ထိုသမီးသည် ပါးပျဉ်း၌ရပ်ကာ က,ပြလျက်-

ကိံသု အဓိပ္ပတီ ရာဇာ၊ ကိံသု ရာဇာ ရဇ္ဇိဿရော။
ကထံသု ဝိရဇော ဟောတိ၊ ကထံ ဗာလောတိ ဝုစ္စတိ။

ကိံသု၊ အဘယ်ကို။ အဓိပ္ပတီ၊ အစိုးရသောသူသည်။ ရာဇာ၊ မင်းမည်ပါသနည်း။ ကိံသု၊ အဘယ်သို့လျှင်။ ရာဇာ၊ မင်းသည်။ ရဇိဿရော၊ မြူကိုသာ အစိုးရသောသူ ဖြစ်ပါသနည်း။ ဝါ၊ မြူကသာ အစိုးရခြင်းရှိသောသူ ဖြစ်ပါသနည်း။ ကထံသု-ကေန ကာရဏေန၊ အဘယ်သို့သော အကြောင်းဖြင့်။ ဝိရဇော၊ မြူကင်းသောသူ မည်သည်။ ဟောတိ၊ ဖြစ်ပါသနည်း။ ကထံ၊ အဘယ်သို့သော အကြောင်းကြောင့်။ ဝါ၊ အဘယ်သူကို။ ဗာလောတိ၊ ဗာလဟူ၍။ ဝုစ္စတိ၊ ဆိုအပ်ပါသနည်း။

ဟူသော ဤသီချင်းကို သီဆိုလေ၏။

အလုံးစုံ ဇမ္ဗူဒီပါကျွန်း၌ နေကြကုန်သော သူတို့သည် “နဂါးသတို့သမီးပျိုကို ယူကြကုန်အံ့”ဟု သွား၍ မိမိ၏ပညာအစွမ်းဖြင့် အဖြေသီချင်းတို့ကို ပြုလျက် သီဆိုကြကုန်၏။ ထိုနဂါးသတို့သမီးပျိုသည် ထိုအဖြေသီချင်းကို ပယ်၏။ ထိုနဂါးပျိုမသည် လခွဲတစ်ကြိမ် ပါးပျဉ်း၌ရပ်၍ ဤသို့ သီချင်းဆိုစဉ်ပင် နှစ်ဆူသော ဘုရားရှင်တို့ တစ်ခုသော အကြားကာလသည် ကုန်လွန်လေ၏။

ဘုရားပွင့်ကြောင်း သတင်းကောင်းရ

ထိုအခါ မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ၍ တစ်နေ့သ၌ နံနက်စောစောအခါ လောကကို ကြည့်ရှုတော်မူလတ်သည်ရှိသော် ဧရကပတ္တနဂါးကို အစပြု၍ ဥတ္တရအမည်ရှိသော လုလင်ကို ကိုယ်တော်မြတ်၏ သဗ္ဗညုတဉာဏ် ကွန်ရက်အတွင်းသို့ ဝင်ရောက်လာသည်ကို မြင်တော်မူလေသဖြင့် “အဘယ်သို့ ဖြစ်လတ္တံ့နည်း”ဟု ဆင်ခြင်တော်မူပြန်သည်ရှိသော် “ယနေ့ကား ဧရကပတ္တနဂါးမင်း၏ သမီးကို ပါးပျဉ်း၌ထား၍ က,စေသောနေ့ ဖြစ်၏။ ဤဥတ္တရလုလင်သည် ငါပေးအပ်သော အဖြေသီချင်းတို့ကို သင်ယူလျက်သာလျှင် သောတာပန်ဖြစ်၍ ထိုအဖြေသီချင်းတို့ကို ယူပြီးလျှင် နဂါးမင်း၏အထံသို့ သွားလတ္တံ့၊ ထိုဧရကပတ္တနဂါးမင်းသည် ထိုအဖြေသီချင်းတို့ကို ကြားရလျှင် ဘုရားပွင့်တော်မူပြီဟု သိသဖြင့် ငါဘုရား၏ အထံတော်သို့ လာလတ္တံ့၊ ငါဘုရားသည် ထိုနဂါးမင်းလာသည်ရှိသော် များစွာသော အစည်းအဝေးကြီး၌ ဂါထာကို ဟောကြားရပေအံ့၊ ဂါထာ၏အဆုံး၌ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့အား သစ္စာလေးပါးတရားကို ထိုးထွင်း၍သိခြင်းသည် ဖြစ်လတ္တံ့”ဟု မြင်တော်မူလေ၏။ မြတ်စွာဘုရားသည် ထိုအရပ်သို့ ကြွသွားတော်မူ၍ ဗာရာဏသီပြည်မှ မနီးမဝေးသောအရပ်၌ ကုက္ကိုပင် ခုနစ်ပင်ရှိ၏။ ထိုကုက္ကိုပင်တို့၏ အနီး၌ သီတင်းသုံးနေတော်မူလေ၏။

ဇမ္ဗူဒီပါကျွန်း၌နေကုန်သော သူတို့သည် သီချင်း၏ အဖြေသီချင်းတုံ့ကို ယူလို၍ စည်းဝေးကြလေကုန်၏။ မြတ်စွာဘုရားသည် မနီးမဝေးသောအရပ်၌သွားသော ဥတ္တရလုလင်ကို မြင်တော်မူရလျှင် “ဥတ္တရလုလင်- လာဦးလော့”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- အဘယ်ပါနည်းဘုရား”ဟု မေးလျှောက်လတ်သော် “ဤအရပ်သို့ ရှေးဦးစွာ လာလှည့်ဦးလော့”ဟု မိန့်တော်မူလေ၏။ ထိုအခါ လာ၍ ရှိခိုးလျက် ထိုင်နေသော ဥတ္တရလုလင်ကို “အဘယ်သို့ သွားအံ့နည်း”ဟု မေးတော်မူလေ၏။ “ဧရကပတ္တနဂါးမင်းသမီး၏ သီချင်းသီဆိုရာအရပ်သို့ သွားပါအံ့ဘုရား”ဟု လျှောက်လတ်သော် “သီချင်း၏ အဖြေသီချင်းတို့ကို သင်သိ၏လော”ဟု မေးတော်မူလေ၏။ “မြတ်စွာဘုရား- သိပါသည်ဘုရား”ဟု လျှောက်လတ်သော် “ရှေးဦးစွာ ထိုသင်သိသော အဖြေသီချင်းတို့ကို ရွတ်ဆိုဦးလော့”ဟု မိန့်တော်မူလေ၏။ ထိုအခါ ထိုအဖြေသီချင်းတုံ့ကို မိမိသိသော အမှတ်ဖြင့်သာလျှင် လျှောက်တင်သောအခါ ဥတ္တရလုလင်ကို “ချစ်သားဥတ္တရ- ဤအဖြေသီချင်းတုံ့သည် မဟုတ်သေး၊ ငါသည် သင့်အား အဖြေသီချင်းတုံ့ကို သင်ပေးဦးအံ့၊ ထိုအဖြေသီချင်းတုံ့ကို ယူ၍ သင်သွားလတ္တံ့လော”ဟု မိန့်တော်မူလေ၏။

ဘုရားရှင် သင်ပေးသော သီချင်းအဖြေများ

“မြတ်စွာဘုရား- ကောင်းပါပြီဘုရား”ဟု ဝန်ခံသဖြင့် ထိုအခါ ဥတ္တရလုလင်ကို မြတ်စွာဘုရားသည် “ချစ်သား ဥတ္တရ- သင်သည် နဂါးသတို့သမီးပျိုမ သီချင်းဆိုပြီးသောကာလ၌-

ဆဒွါရာဓိပ္ပတီ ရာဇာ၊ ရဇ္ဇမာနော ရဇ္ဇိဿရော။
အရဇ္ဇံ ဝိရဇော ဟောတိ၊ ရဇ္ဇံ ဗာလောတိ ဝုစ္စတိ။

ဆဒွါရာဓိပ္ပတီ၊ ခြောက်ဒွါရကို အစိုးရသောသူသည်။ ရာဇာ၊ မင်းမည်၏။ ရဇ္ဇမာနော၊ တပ်ခြင်းရှိသော သူသည်။ ရဇ္ဇိဿရော၊ မြူကိုသာ အစိုးရသောသူဖြစ်၏။ ဝါ၊ မြူကသာ အစိုးရခြင်းရှိသောသူ ဖြစ်၏။ အရဇ္ဇံ-အရဇ္ဇမာနော၊ တပ်ခြင်းမရှိသော သူသည်။ ဝိရဇော၊ မြူကင်းသောသူမည်သည်။ ဟောတိ၊ ဖြစ်၏။ ရဇ္ဇံ-ရဇ္ဇမာနော၊ ကာမဂုဏ်၌ တပ်သောကြောင့်။ ဝါ၊ တပ်သောသူကို။ ဗာလောတိ၊ ဗာလဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

ဟူသော ဤအဖြေ သီချင်းတို့ကို သီဆိုလေလော့”ဟု မိန့်တော်မူလေ၏။

(နဂါးပျိုမဆိုသော သီချင်း၏ အနက်အဓိပ္ပာယ်ကား-
၁။ ကိံသု အဓိပ္ပတီ ရာဇာ ဟူသည်- အဘယ်ကို အစိုးရသော သူသည် မင်းမည်သောသူ ဖြစ်ပါသနည်း။
၂။ ကိံသု ရာဇာ ရဇ္ဇိဿရော ဟူသည်- အဘယ်သို့လျှင် မင်းသည် မြူကိုသာ အစိုးရသောသူမည်သည် ဖြစ်ပါသနည်း။ ဝါ၊ မြူကသာ အစိုးရခြင်းရှိသောသူမည်သည် ဖြစ်ပါသနည်း။
၃။ ကထံသု ဝိရဇော ဟောတိ ဟူသည်- အဘယ်အကြောင်းကြောင့် ထိုမင်းသည် မြူကင်းသောသူမည်သည် ဖြစ်ပါသနည်း။
၄။ ကထံ ဗာလောတိ ဝုစ္စတိ ဟူသည်- အဘယ်အကြောင်းကြောင့်။ ဝါ၊ အဘယ်သူကို ဗာလဟူ၍ ဆိုအပ်ပါသနည်း။ ဤကား အနက်အဓိပ္ပာယ်တည်း။
အဖြေဖြစ်သော သီချင်းတုံ့၏ အနက်အဓိပ္ပာယ်ကား-
၁။ ဆဒွါရာဓိပတိ ရာဇာ ဟူသည်- အကြင်သူသည် ခြောက်ပါးသော ဒွါရတို့ကို အစိုးရသော အရှင်ဖြစ်၏။ တစ်ခုသော ဒွါရ၌သော်လည်း ရူပါရုံ စသည်တို့သည် မနှိပ်စက်အပ်၊ ဤသူသည် မင်းမည်၏။
၂။ ရဇ္ဇမာနော ရဇ္ဇိဿရော ဟူသည်- အကြင်သူသည်ကား ထိုထိုအာရုံတို့၌ တပ်နှစ်သက်လေ့ရှိ၏၊ ထိုသို့ တပ်နှစ်သက်လေ့ရှိသောသူသည် မြူအညစ်အကြေးကိုသာ အစိုးရသောသူ မည်၏။ ဝါ၊ မြူကသာ အစိုးရခြင်းရှိသောသူမည်၏။
၃။ အရဇ္ဇံ ဟူသည်- တပ်ခြင်းမရှိသောသူသည် မြူကင်းသောသူ မည်သည် ဖြစ်၏။
၄။ ရဇ္ဇံ ဟူသည်- တပ်ခြင်းရှိသောကြောင့်။ ဝါ၊ တပ်ခြင်းရှိသောသူကို ဗာလဟူ၍ ဆိုအပ်၏။ ဤကား အနက်အဓိပ္ပာယ်တည်း။)

ဤသို့ ဥတ္တရလုလင်အား မြတ်စွာဘုရားသည် အဖြေသီချင်းတို့ကို သင်ပေး၍ “ချစ်သား ဥတ္တရ- သင်သည် ဤအဖြေသီချင်းကို သီဆိုသည်ရှိသော် ဤအဖြေသီချင်း၏ အတုံ့ဖြစ်သော ဤသီချင်းတစ်ပုဒ်ကို နဂါးပျိုမက သီဆိုလိမ့်ဦးမည်။

ကေနဿု ဝုယှတိ ဗာလော၊ ကထံ နုဒတိ ပဏ္ဍိတော။
ယောဂက္ခေမီ ကထံ ဟောတိ၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။

ဗာလော၊ လူမိုက်ကို။ ကေန၊ အဘယ်တရားသည်။ ဝုယှတိ၊ မျှောအပ်သနည်း။ ပဏ္ဍိတော၊ ပညာရှိသောသူသည်။ ကထံ၊ အဘယ်သို့သော အကြောင်းဖြင့်။ နုဒတိ၊ မျှောတတ်သောတရားကို ဖျက်ဆီးပယ်နုတ်ပါသနည်း။ ယောဂက္ခေမီ၊ ယောဂလေးပါး ကုန်ခြင်းရှိသောသူ မည်သည်။ ကထံ ဟောတိ၊ အဘယ်သို့ ဖြစ်ပါသနည်း။ တံ၊ ထိုပြဿနာကို။ ပုစ္ဆိတော၊ မေးအပ်သော သင်သည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ဖြေကြားပါဦးလော့။

ဤသို့ သီဆိုအပ်သည်ရှိသော် ထိုနဂါးမင်းအား သင်သည် ဤအဖြေ သီချင်းတုံ့ကို သီဆိုလေလော့”ဟု မိန့်တော်မူလေ၏။

သြဃေန ဝုယှတိ ဗာလော၊ ယောဂါ နုဒတိ ပဏ္ဍိတော။
သဗ္ဗယောဂဝိသံယုတ္တော၊ ယောဂက္ခေမီတိ ဝုစ္စတိ။

ဗာလော၊ သူမိုက်ကို။ သြဃေန၊ သြဃလေးပါးသည်။ ဝုယှတိ၊ မျှောအပ်၏။ ပဏ္ဍိတော၊ ပညာရှိသောသူသည်။ ယောဂါ-ယောဂေန၊ သမ္မပ္ပဓာန်ဟူသော လုံ့လဖြင့်။ နုဒတိ၊ သြဃလေးပါးကို ဖျက်ဆီးပယ်နုတ်၏။ သဗ္ဗယောဂဝိသံယုတ္တော၊ အလုံးစုံသော ယောဂလေးပါးနှင့် မယှဉ်သော ပုဂ္ဂိုလ်ကို။ ယောဂက္ခေမီတိ၊ ယောဂလေးပါး ကုန်ခြင်းရှိသောသူဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

(ထိုအဖြေသီချင်းဂါထာ၏ အနက်အဓိပ္ပာယ်ကား- ကာမောဃ အစရှိသော လေးပါးသော သြဃဖြင့် သူမိုက်ကို မျှောအပ်၏။ ထိုသြဃလေးပါးကို ပညာရှိသောသူသည် သမ္မပ္ပဓာန်ဟု ဆိုအပ်သော လုံ့လဖြင့် ပယ်နုတ်၏။ အကြင်ပုဂ္ဂိုလ်သည် အလုံးစုံသော ကာမယောဂ စသည်တို့ဖြင့် ယှဉ်ခြင်းမရှိ၊ ထိုပုဂ္ဂိုလ်ကို ယောဂလေးပါး ကုန်ခြင်းရှိသောသူ မည်၏ဟု ဆိုအပ်၏။ ဤကား အနက်အဓိပ္ပာယ်တည်း။)

နဂါးမင်း ဝမ်းမြောက်၍ လူအများ ရေနစ်ခြင်း

ဥတ္တရလုလင်သည် ဤအဖြေသီချင်းတုံ့ကို သင်ယူစဉ်ပင်လျှင် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ထိုဥတ္တရလုလင်သည် သောတာပန်ဖြစ်၍ ထိုဂါထာကို ယူသွားပြီးလျှင် “အိုအချင်းတို့- ငါကား သီချင်း၏ အဖြေသီချင်းတုံ့ကို ယူဆောင်ခဲ့၏၊ ငါ့အား အခွင့်ပေးကြပါကုန်လော့”ဟု ဆိုလျက် အကြားကွက်လပ်မရှိ တည်သော များစွာသော လူအပေါင်းအား ပုဆစ်ဒူးဖြင့်နင်းလျက် သွားလေ၏။ နဂါးပျိုမသည် ဖခင်နဂါးမင်းကြီး၏ ပါးပျဉ်း၌တည်လျက် က,စဉ် ကိံသု အဓိပတီ ရာဇာဟူသော သီချင်းကို သီဆို၏။ ဥတ္တရလုလင်သည် ဆဒွါရာဓိပတီ ရာဇာဟူသော အဖြေသီချင်းကို သီဆိုလေ၏။ တစ်ဖန် နဂါးပျိုမသည် ကေနဿု ဝုယှတိဟူ၍ ဥတ္တရလုလင်အား သီချင်းကို သီပြန်လေ၏။ ထို့နောက်မှ နဂါးပျိုမအား အဖြေသီချင်းတုံ့ကို သီဆိုသော ဥတ္တရလုလင်သည် သြဃေန ဝုယှတိဟူသော ဤဂါထာကို ဆိုလေ၏။ နဂါးမင်းသည် ထိုအဖြေသီချင်းတုံ့ကို ကြားရလျှင် ကြားရချင်း ဘုရားရှင်၏ ပွင့်တော်မူကြောင်းကို သိရ၍ “ငါကား နှစ်ဆူသော ဘုရားရှင်တို့၏ တစ်ခုသော အကြားကာလပတ်လုံး ဤသို့ သဘောရှိသောသူ၏ စကားသံမည်သည်ကို မကြားရစဖူး၊ အိုအချင်းတို့- စင်စစ် လောက၌ ဘုရားရှင် ပွင့်တော်မူပြီ”ဟု နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ အမြီးဖြင့် ရေကိုပုတ်ခတ်လေ၏။ ကြီးစွာသော လှိုင်းတံပိုးတို့သည် ထကြလေကုန်၏။ ကမ်းနှစ်ဘက်တို့သည် ပြိုပျက်လေကုန်၏။ ထိုမှာဘက်မှလည်းကောင်း၊ ဤမှာဘက်မှလည်းကောင်း တစ်ဥသဘမျှလောက်သော အရပ်၌ လူတို့သည် ရေ၌ နစ်မြုပ်ကြလေကုန်၏။ နဂါးမင်းကြီးသည် ဤမျှလောက်သော များစွာသော လူအပေါင်းကို ပါးပျဉ်း၌ထားကာ ဆယ်ယူလျက် ကြည်းကုန်း၌ တည်စေလေ၏။

ဘုရားထံ၌ နဂါးမင်း ဝမ်းနည်းခြင်း

နဂါးမင်းသည် ဥတ္တရလုလင်သို့ ချဉ်းကပ်၍ “အရှင်- မြတ်စွာဘုရားသည် အဘယ်အရပ်၌ ရှိပါသနည်း”ဟု မေးလေ၏။ “မြတ်သောနဂါးမင်းကြီး တစ်ခုသော သစ်ပင်ရင်း၌ သီတင်းသုံးနေတော်မူ၏”ဟု ဆိုလတ်သော် နဂါးမင်းသည် “အရှင်- လာပါလော့၊ သွားကြကုန်စို့အံ့”ဟု ဥတ္တရလုလင်နှင့် အတူတကွ သွားလေ၏။ လူများအပေါင်းသည်လည်း နဂါးမင်းနှင့် အတူသာလျှင် လိုက်သွားလေ၏။ နဂါးမင်းသည် သွားသဖြင့် ခြောက်သွယ်သော အဆင်းရှိသော ရောင်ခြည်တော်တို့၏ အတွင်းသို့ဝင်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ငိုကြွေးမြည်တမ်းကာနေလေ၏။ ထိုအခါ နဂါးမင်းကို မြတ်စွာဘုရားသည် “မြတ်သောနဂါးမင်းကြီး- ဤသို့ နှလုံးကြေကွဲခြင်းကား အဘယ်နည်း”ဟု မိန့်ဆိုတော်မူလေ၏။ “မြတ်စွာဘုရား တပည့်တော်သည် ရှင်တော်မြတ်ဘုရားကဲ့သို့သော ကဿပမြတ်စွာဘုရား၏ တပည့်သာဝကဖြစ်၍ အနှစ်နှစ်သောင်းတို့ကာလပတ်လုံး ရဟန်းတရားကို အားထုတ်ပါသည်ဘုရား၊ ထိုအားထုတ်အပ်သော ရဟန်းတရားသည် တပည့်တော်ကို အဟိတ်တိရစ္ဆာန်ဘဝမှ ထုတ်ဆောင်ခြင်းငှာ မတတ်နိုင်ပါဘုရား၊ အနည်းငယ်မျှသော ပြိတ်မြက်ရွက်ကို ဖြတ်မိခြင်းမျှကိုမှီ၍ အဟိတ်ပဋိသန္ဓေကိုယူလျက် ရင်ဖြင့်တွား၍ သွားရာဖြစ်သော အရပ်၌ ဖြစ်ရပါသည်ဘုရား၊ ဘုရားရှင်နှစ်ဆူတို့၏ တစ်ခုသောအကြား ကာလပတ်လုံး လူ၏အဖြစ်ကိုလည်း မရပါ၊ သူတော်တရား ကြားနာရခြင်းကိုလည်း မရပါ၊ ရှင်တော်မြတ်ဘုရားကဲ့သို့သော ဘုရားအား ဖူးမြင်ခြင်းကိုလည်း မရခဲ့ပါဘုရား”ဟု လျှောက်ကြားလတ်သော် မြတ်စွာဘုရားသည် ထိုနဂါးမင်း၏ လျှောက်ချက်စကားကို ကြားနာရ၍ “မြတ်သောနဂါးမင်းကြီး- လူ၏အဖြစ်မည်သည်ကား ရခဲသည်သာလျှင်တည်း၊ သူတော်ကောင်းတရားကို နာကြားရခြင်းသည်လည်း ထို့အတူ ရခဲ၏၊ ဘုရားပွင့်တော်မူသော ကာလလည်း ထို့အတူ ရခဲ၏၊ ဤလူ၏အဖြစ် စသည်ကို ငြိုငြင်သဖြင့် ပင်ပန်းသဖြင့် ရအပ်၏”ဟု မိန့်တော်မူ၍ တရားစကား ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

[၁၈၂] ကိစ္ဆော မနုဿပဋိလာဘော၊ ကိစ္ဆံ မစ္စာန ဇီဝိတံ။
ကိစ္ဆံ သဒ္ဓမ္မဿဝနံ၊ ကိစ္ဆော ဗုဒ္ဓါနမုပ္ပါဒေါ။

မနုဿပဋိလာဘော၊ လူ၏အဖြစ်ကို ရခြင်းသည်။ ကိစ္ဆော၊ ငြိုငြင်၏။ မစ္စာနံ၊ သတ္တဝါတို့၏။ ဇီဝိတံ၊ အသက်ရှည်ခြင်းသည်။ ကိစ္ဆံ၊ ငြိုငြင်၏။ ဝါ၊ ရခဲ၏။ သဒ္ဓမ္မဿဝနံ၊ သူတော်ကောင်းတရားကို နာရခြင်းသည်။ ကိစ္ဆံ၊ ငြိုငြင်၏။ ဝါ၊ ရခဲ၏။ ဗုဒ္ဓါနံ၊ ဘုရားရှင်တို့၏။ ဥပ္ပါဒေါ၊ ပွင့်တော်မူခြင်းသည်။ ကိစ္ဆော၊ ငြိုငြင်၏။ ဝါ၊ အလွန်တရာ ရခဲ၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့အား သစ္စာလေးပါးကို ထိုးထွင်း၍သိခြင်းသည်ဖြစ်လေ၏။ နဂါးမင်းသည်လည်း ထိုနေ့၌ သောတာပတ္တိဖိုလ်ကို ရသင့်လေရာ၏။ ထိုသို့ပင် ရသင့်သော်လည်း တိရစ္ဆာန်ဖြစ်သောကြောင့် မရရှာလေ။ ထိုဧရကပတ္တနဂါးမင်းသည် ပဋိသန္ဓေနေခြင်း, အရေဟောင်းစွန့်ခြင်း, လွတ်လွတ်ကျွတ်ကျွတ် အိပ်ပျော်ခြင်း, ဇာတ်တူ နဂါးမနှင့် မေထုန်မှီဝဲခြင်း, စုတိခြင်းဟု ဆိုအပ်သော အကြင်ငါးပါးသော အရာဌာနတို့၌ နဂါးတို့မည်သည် နဂါး၏ကိုယ်ကိုသာလျှင် ယူရခြင်းကြောင့် ပင်ပန်းကြရကုန်၏။ ထိုငါးပါးသော အရာဌာနတို့၌ မပင်ပန်းသောသူ၏အဖြစ်သို့ ရောက်ရသဖြင့် လုလင်၏ အသွင်အားဖြင့်သာလျှင် လှည့်လည်သွားလာခြင်းငှာ ရလေ၏။

ဧရကပတ္တနဂါးမင်း ဝတ္ထုပြီး၏။