ဥတ္တမာထေရီ
သင်ခန်းစာ (၁၃)
ဥတ္တမာထေရီ
ပြင်ဆင်ရန်တစ်ခါက သူတစ်ပါးအိမ်တွင် အစေခံလုပ်နေရရှာသော သူဆင်းရဲမလေးတစ်ယောက် ရှိသည်။ သူဆင်းရဲမလေးသည် ပစ္စည်းဥစ္စာ ဆင်းရဲသော်လည်း ဉာဏ်ပညာချမ်းသာသူ ဖြစ်၏။ ဘာသာတရား ကိုင်းရှိုင်းပြီး ဘုရား၊ တရား၊ သံဃာကို ယုံကြည်ကိုးကွယ်သူ ဖြစ်သည်။ ကိုယ်ကျင့်တရားကောင်း မွန်ပြီး ငါးပါးသီလကိုလည်း အမြဲစောင့်ထိန်းသည်။ ညစဉ် ဘုရားရှိခိုးခြင်း၊ ဘုရားဂုဏ်တော်များ ရွတ်ဖတ် ပွားများခြင်း၊ တရားဘာဝနာ ပွားများအားထုတ်ခြင်းတို့ကို ပြုလေ့ရှိပြီး သတ္တဝါများကို မေတ္တာပို့ အမျှဝေသည်။ ဆင်းရဲလွန်းသဖြင့် အလှူဒါန မပြုနိုင်သော်လည်း သူတတ်နိုင်သည့် ကုသိုလ်များကို မရ ရအောင်ယူသည်။ အခြားသူများ၏ အလှူဒါနပြုမှုကိုလည်း ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်လေ့ရှိ၏။
တစ်နေ့တွင် သူဆင်းရဲမလေးက “ငါသည် ဆင်းရဲလှသောကြောင့် သူတစ်ပါးအိမ်တွင် အိမ်စေ ဖြစ်နေရ၏၊ အလှူဒါနလည်း မလုပ်နိုင်၊ ငါလုပ်နိုင်သည်မှာ သီလကို မကျိုးပေါက်အောင် စောင့်ထိန်း ခြင်းဖြစ်သည်၊ ငါးပါးသီလ စောင့်ထိန်းရုံသာမက ဥပုသ်နေ့တိုင်း ရှစ်ပါးသီလ စောင့်ထိန်းနိုင်ရန် သူဌေးထံ ခွင့်တောင်းမည်”ဟု ကြံစည်မိသည်။ သူဌေးထံ ခွင့်တောင်းသောအခါ သူဌေးကလည်း ဘာသာတရား ကြည်ညို ကိုးကွယ်သူ ဖြစ်သောကြောင့် သူဆင်းရဲမလေးအား ဥပုသ်စောင့်ခွင့် ပြုလိုက်သည်။
ဤသို့ဖြင့် သူဆင်းရဲမလေးသည် ဥပုသ်နေ့၌ ဝမ်းမြောက်ဝမ်းသာ သီလခံယူဆောက်တည်သည်။ ဘုရားရှင်ဟောကြားသော တရားတော်များကို နာယူသည်။ သီလကိုလည်း မကျိုးပေါက်အောင် စောင့်ထိန်း သည်။ မိမိ၏သီလကို အမြဲဆင်ခြင်ပွားများကာ ပီတိများ တဖွားဖွား ဖြစ်နေသည်။ သူဆင်းရဲမလေး ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည်၌ နတ်သမီးဖြစ်၍ နတ်စည်းစိမ်တို့ကို ရရှိခံစားခဲ့ရသည်။ ဘဝ များစွာ အပါယ်လေးပါးသို့ မကျရောက်ဘဲ ကောင်းသောဘဝ၊ မြင့်မြတ်သော ဘဝများတွင်သာ ဖြစ်ရလေသည်။ ဂေါတမဘုရားရှင် လက်ထက်တော်၌ ထို သူဆင်းရဲမလေးသည် သူဌေးကြီးတစ်ဦး၏ သမီး ဖြစ်လာပြီး မိဘများက “ဥတ္တမာ”ဟု အမည်ပေး ကြ၏။ ဥတ္တမာသည် ငယ်ရွယ်စဉ်ကတည်းကပင် ဘာသာတရား ကိုင်းရှိုင်းသူဖြစ်သည်။ အသက် ခုနစ်နှစ်အရွယ်ကပင် သာမဏေမ (အမျိုးသမီး သာမဏေ) အဖြစ်ခံယူ၍ တရားဘာဝနာ ပွားများ အားထုတ်လေသည်။
နောင်အခါတွင် ဥတ္တမာသည် “ဥတ္တမာ ထေရီ”ဟူသော ဘွဲ့အမည်ဖြင့် ရဟန်းမဖြစ်လာ ပြီး သူဆင်းရဲမလေးဘဝက ပြုလုပ်ခဲ့သော ကောင်းမှုများကြောင့် တရားထူးကို အလျင် အမြန်ရရှိကာ ရဟန္တာအဖြစ်သို့ ရောက်ရှိခဲ့ လေသည်။
ကောင်းမှုတစ်ခု နေ့စဉ်ပြု
ပြင်ဆင်ရန်ပေးကမ်းစွန့်ကြဲ လှူဒါန်းတာ၊ အဲဒါ ဒါနပါ။
စည်းစိမ်ဥစ္စာ ချမ်းသာဖို့၊ ဒါနပြုကြစို့။
ကိုယ်နှင့် နှုတ်ကိုစောင့်ထိန်းတာ၊ အဲဒါ သီလပါ။
ကောင်းရာဘဝ ရရှိဖို့၊ သီလစောင့်ကြစို့ ။
ကမ္မဋ္ဌာန်းတရား အားထုတ်တာ၊ အဲဒါ ဘာဝနာ။
ဒုက္ခကင်းကွာချုပ်ငြိမ်းဖို့၊ ဘာဝနာတရား ပွားများစို့။
ဒါန သီလ ဘာဝနာ၊ အဲဒါ အားကိုးရာ။
နေ့စဉ်တိုင်းသာ တိုးပွားဖို့၊ အမြဲ ကြိုးစားစို့။ ။