၁၉၄၈ ခုနှစ်၊ အမှတ် ၉ စစ်ဥပဒေထုတ်ပြန်ကျေညာချက်

4500စစ်ဥပဒေကျေညာချက်1948စဝ်ရွှေသိုက်

သမတအိမ်တော်၊ ရန်ကုန်မြို့။

စစ်ဥပဒေကျေညာချက်။

၁၉၄၈ ခုနှစ်၊ ထုတ်ပြန်ကျေညာချက်အမှတ် ၉။

၁၃၁၀ ခု၊ နတ်တော်လဆန်း ၉ ရက်။

(၁၉၄၈ ခု၊ ဒီဇင်္ဘာလ ၉ ရက်။)


လူမသမာများနှင့် လူမသမာများပါဝင်သည့် အဖွဲ့အစည်းများ၏ ထကြွသောင်းကျန်းမှု ကြောင့်၊ ပြည်ထောင်စုနိုင်ငံတော်၏ လုံခြုံရေးကို၎င်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အာဏာလွှမ်းမိုးမှုကို၎င်း၊ ထိခိုက်မည့်အလွန်အရေးကြီးသည့်အခြေအနေသို့ ရောက်ရှိနေသည်တကြောင်း။

ဤသို့ ထကြွသောင်းကျန်းမှုကြောင့် များလှစွာသော တိုင်းသူပြည်သားတို့သည်၊ သတ်ဖြတ်ခြင်းခံရသည့်ပြင်၊ ဥစ္စာပစ္စည်းများလည်း အမြောက်အမြား ဖျက်ဆီးခြင်း ခံရသည်ဖြစ်သော ကြောင့်လည်းတကြောင်း။

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ လုံခြုံမှုအတွက်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတည်မြဲရေးအတွက် စစ်ဥပဒေ ထုတ်ပြန်ကျေညာရန် လိုအပ်သည်လည်းတကြောင်း။

ထိုအကြောင်းများကြောင့်၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်သမတ ကျွန်ုပ်စဝ်ရွှေသိုက်က၊ ကျွန်ုပ်အား အပ်နှင်းထားသည့် အာဏာများအရ၊ အောက်ပါအတိုင်းအမိန့်ထုတ်ပြန်သည်။

၁။ ဤထုတ်ပြန်သည့်အမိန့်ကို ၁၉၄၈ ခုနှစ်၊ အမှတ် ၉ စစ်ဥပဒေထုတ်ပြန်ကျေညာချက် ဟုခေါ်ရမည်။

၂။ ၁၉၄၈ ခုနှစ်၊ စစ်ဥပဒေကျေညာချက်အမှတ် ၄ အရ၊ ကျိုက္ခမီခရိုင်နှင့် သထုံခရိုင်များတွင်၊ ၁၉၄၈ ခုနှစ်၊ စက်တင်္ဘာလ ၁၅ ရက်နေ့မှစ၍၊ သုံးလအပိုင်းအခြားအဘို့ စစ်ဥပဒေအတည်ဖြစ်စေခဲ့ရာ၊ ၎င်းခရိုင်များတွင် ၁၉၄၉ ခုနှစ်၊ ဇန္နာဝါရီလကုန်ထိ၊ စစ်ဥပဒေဆက်လက်အတည်ဖြစ်စေရမည်။

၃။ ငြိမ်ဝပ်ပိပြားရေးနှင့် ပြည်သူ့လုံခြုံရေးကို တည်မြဲအောင် ဆောင်ရွက်ရာ၌ကူညီရန်၎င်း၊ ဤထုတ်ပြန်ချက်အရ၊ စစ်ဘက်ဆိုင်ရာအာဏာပိုင်များက ပြဋ္ဌာန်းသတ်မှတ်သည့်အမိန့်နှင့် စည်းမျဉ်းဥပဒေများကို လိုက်နာဆောင်ရွက်ရန်၎င်း၊ တရားဥပဒေစောင့်သိရိုသေသော တိုင်းသူပြည်သားအားလုံးတို့အား ဆင့်ဆိုလိုက်သည်။


စဝ်ရွှေသိုက်၊
နိုင်ငံတော်သမတ၊
ပြည်ထောင်စုမြန်မာနိုင်ငံတော်။

ရန်ကုန်မြို့၊ ၁၃၁၀ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက်။
(၁၉၄၈ ခုနှစ်၊ ဒီဇင်္ဘာလ ၉ ရက်။)

အမိန့်အရ၊
ရွှေဘော်၊
နိုင်ငံတော်သမတအတွင်းဝန်။
[အမှတ် ၂၃၆]