၁၉၆၂ ခုနှစ်၊ ဘဏ္ဍာတော်ဥပဒေ

4525၁၉၆၂ ခုနှစ်၊ ဘဏ္ဍာတော်ဥပဒေ1962ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ

၁၉၆၂ ခုနှစ်၊ ဘဏ္ဍာတော်ဥပဒေ။

[၁၉၆၂ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီဥပဒေ အမှတ် ၃၂။]

၁၉၆၂ ခုနှစ်

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီဥက္ကဋ္ဌသည်၊ အောက်ပါဥပဒေကို ပြဋ္ဌာန်း လိုက်သည်။


၁။ ။ အမည်နှင့် စတင်အာဏာတည်သည့်နေ့ရက်။ ။ (၁) ဤဥပဒေကို ၁၉၆၂ ခုနှစ်၊ ဘဏ္ဍာတော်ဥပဒေ ဟုခေါ်တွင်စေရမည်။

(၂) ဤဥပဒေသည်၊ ၁၉၆၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင်စတင်အာဏာတည်ရမည်။


၂။ ။ အမြတ်တော်ခွန်နှင့် နောက်ထပ်အခွန်တော် စည်းကြပ်သည့်နှုန်းများ။ ။ (၁) ပုဒ်မခွဲ (၃) နှင့် (၄) ပါပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ၁၉၆၂ ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့မှအစပြုသည့် ဘဏ္ဍာတော်နှစ်အတွက် အောက်ပါအတိုင်း အခွန်တော်စည်းကြပ်ရမည်။

(က) ဤဥပဒေ၏ ပဌမဇယား၊ အပိုင်း ၁ တွင် သီးခြားဖေါ်ပြထားသည့် နှုန်းများအတိုင်း အမြတ်တော် ခွန်နှင့်
(ခ) မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေ ပုဒ်မ ၅၅ ပါကိစ္စများအလို့ငှါ၊ ဤဥပဒေ၏ ပဌမဇယား၊ အပိုင်း ၂ တွင်သီးခြားဖေါ်ပြထားသည့် နှုန်းများအတိုင်း နောက်ထပ်အခွန်တော်။
(၂) ၁၉၆၃ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသည့်ဘဏ္ဍာတော်နှစ်အတွက် အခွန်တော်စည်း ကြပ်ခြင်း၊ သို့တည်းမဟုတ် ပြန်ပေးခြင်းပြုလုပ်ရာ၌ စည်းကြပ်ခံရသူ၏စုစုပေါင်းဝင်ငွေတွင်၊ အလုပ် လုပ်၍ရသည့်ဝင်ငွေပါဝင်လျှင်၊ ထိုဝင်ငွေ၏ ငါးပုံတပုံနှင့် ညီမျှသောငွေကို၊ ထိုသူ၏ စုစုပေါင်းဝင်ငွေမှ မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ ၁၅-က (၁) ပါပြဋ္ဌာန်းချက်များနှင့်အညီ နုတ်ရမည်။ သို့ရာတွင် ထိုသို့နုတ်သောကျပ်ငွေမှာ၊ မည်သည့်အချက်တွင်မျှ ကျပ်ငွေလေးထောင်ထက် မပိုစေရ။ ထို့ပြင် စည်းကြပ်ခံရသူမှာ၊ ကုန်ဖက်စပ်လုပ်ငန်းတွင်ပါဝင်သူဖြစ်လျှင်၊ ထိုကုန်ဖက်စပ် လုပ်ငန်း အပေါ်တွင် အခွန်တော်စည်းကြပ်ရာ၌ အလုပ်လုပ်၍ရသည့် ဝင်ငွေအတွက်ခွင့်ပြုသမျှငွေကို၊ အဆိုပါ နုတ်ရမည့်ငွေထဲမှ လျှော့ရမည်။ ထိုခွင့်ပြုသည့်ငွေမှာလည်း၊ ကုန်ဖက်စပ်လုပ်ငန်း၏ အမြတ်ငွေများတွင် ထိုသူ၏ အမြတ်ဝေစုနှင့် သက်ဆိုင်သမျှသောငွေသာဖြစ်ရမည်။
(၃) ၁၉၆၂ ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့မှ အစပြုသည့်ဘဏ္ဍာတော်နှစ်အတွက် မြန်မာနိုင်ငံ အမြတ် တော်ခွန် အက်ဥပဒေ ပုဒ်မ ၁၈၊ ပုဒ်မခွဲ (၂)၊ သို့တည်းမဟုတ် ပုဒ်မခွဲ (၂-ခ) အရ၊ “လစာငွေများ” ခေါင်းစဉ်အောက်တွင်၊စည်းကြပ်နိုင်သည့် အလုပ်လုပ်၍ရသောဝင်ငွေမှ အမြတ်တော်ခွန်နုတ်ရန်အလို့ငှါ၊ နုတ်ရမည့်အမြတ်တော်ခွန် (နောက်ထပ်အခွန်တော်မပါ)ကိုတွက်သောအခါ၊ ဤခေါင်းစဉ်အောက်ရှိစည်း ကြပ်ခံရသူ၏ ခန့်မှန်းခြေစုစုပေါင်းဝင်ငွေမှ ထိုအလုပ်လုပ်ရသောဝင်ငွေ၏ ငါးပုံတပုံနှင့်ညီမျှသောငွေကို လျှော့ရမည်။ သို့ရာတွင် ထိုသို့လျှော့သောငွေမှာမည်သည့်အခါတွင်မျှ ကျပ်ငွေလေးထောင်ထက်မပိုစေရ။
(၄) ၁၉၆၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှအစပြုသည့် ဘဏ္ဍာတော်နှစ်အတွက် မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေပုဒ်မ ၁၈၊ ပုဒ်မခွဲ (၂) အရ၊ “လစာငွေများ”ခေါင်းစဉ်အောက်တွင်စည်းကြပ် နိုင်သည့်ဝင်ငွေမှ အမြတ်တော်ခွန်နုတ်ရန်အလို့ငှါ၊ နုတ်ရမည့် အမြတ်တော်ခွန် (နောက်ထပ်အခွန်တော်မ ပါ) ကိုတွက်သောအခါ၊ ဤခေါင်းစဉ်အောက်ရှိ စည်းကြပ်ခံရသူ၏ခန့်မှန်းခြေစုစုပေါင်းဝင်ငွေမှ မြန်မာနိုင်ငံအမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ ၁၅-က (၂) အရ၊ မယားနှင့်သားသမီးများအတွက် ခွင့်ပြုသည့်ငွေကို လျှော့ရမည်။
(၅) ဤပုဒ်မပါ ကိစ္စများအတွက်၎င်း၊ ဤပုဒ်မအရစည်းကြပ်သည့် အခွန်တော်နှုန်းများအတွက်၎င်း “စုစုပေါင်းဝင်ငွေ” ဆိုသည့်စကားရပ်မှာ၊ မြန်မာနိုင်ငံအမြတ်တော်ခွန်အက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ၊ အမြတ်တော်ခွန်၊ သို့တည်းမဟုတ် နောက်ထပ်အခွန်တော်ဆိုင်သင့်ရာရာ ကိစ္စများအတွက် သတ်မှတ်သည့်အတိုင်း စုစုပေါင်းဝင်ငွေကိုဆိုလိုသည်။ ထို့ပြင် “အလုပ်လုပ်၍ရသည့်ဝင်ငွေ” ဆိုသည့် စကားရပ်မှာ၊ ထိုအက်ဥပဒေ ပုဒ်မ ၂၊ အပိုဒ် (၆-က) တွင်၊ ထိုစကားရပ်ကို အဓိပ္ပါယ်ဖေါ်ပြထားသည့် အတိုင်းပင်ဖြစ်သည်။


၃။ ။ ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန်။ ။ (၁) ၁၉၆၃ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသည့် ဘဏ္ဍာတော်နှစ်အတွက် မြန်မာနိုင်ငံအမြတ်တော်ခွန် အက်ဥပဒေအရ၊ အခွန်တော် စည်းကြပ်ခြင်းနှင့်သက်ဆိုင်သော မည်သည့်အထက်နှစ်အတွက်မဆို၊ ၁၉၄၈ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန် အက်ဥပဒေပုဒ်မ ၂၊ အပိုဒ် (၁)၊ အပိုဒ်ခွဲ (စ) အရ သတ်မှတ်ရန် အခွန်တော်ကင်း လွတ်ခွင့်ပြုသည့်ငွေသည် ကျပ်ငွေတသိန်းဖြစ်ရမည်။

(၂) ၁၉၆၃ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသည့် ဘဏ္ဍာတော်နှစ်အတွက်၊ မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေအရ၊ အခွန်စည်းကြပ်ခြင်းနှင့် သက်ဆိုင်သောမည်သည့် အထက်နှစ်အတွက် မဆို၊ ၁၉၄၈ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန်အက်ဥပဒေ ပုဒ်မ ၄ အရ စည်းကြပ်သော အခွန်တော်သည်၊ စည်းကြပ်ထိုက်သည့် အမြတ်အစွန်း၏ ဆယ်ခြောက်နှင့်သုံးပိုင်းနှစ်ပိုင်း ရာခိုင်နှုန်း နှင့်ညီမျှရမည်။


၄။ စာပို့တိုက်နှုန်းများသတ်မှတ်ခြင်း။ ။ ၁၉၆၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစသော ဘဏ္ဍာတော် နှစ်အတွက်၊ ဤဥပဒေ၏ ဒုတိယဇယားကို မြန်မာနိုင်ငံ စာပို့တိုက်အက်ဥပဒေတွင်၊ ထိုအက်ဥပဒေ၏ ပဌမဇယားအဖြစ်ထည့်သွင်းရမည်။