၁၉၆၁ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
သမတအိမ်တော်၊ ရန်ကုန်မြို့
၁၉၆၁ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ။
[၁၉၆၁ ခုနှစ်၊ အက်ဥပဒေ အမှတ် ၂၃။]
၁၃၂၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ရက်။
(၁၉၆၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။)
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ၊ အောက်ဖေါ်ပြပါအက်ဥပဒေကို ထုတ်ပြန် ကျေညာသည်။
အောက်ပါအတိုင်း အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်။
၁။ ။ အမည်နှင့်စတင် အာဏာတည်သည့်နေ့ရက်။ ။ (၁) ဤအက်ဥပဒေကို ၁၉၆၁ ခုနှစ်၊ ဘဏ္ဍာတော် အက်ဥပဒေဟု ခေါ်ရမည်။
- (၂) ဤအက်ဥပဒေသည်၊ ၁၉၆၁ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်အာဏာတည်ရမည်။
၂။ ။ အမြတ်တော်ခွန်နှင့်နောက်ထပ်အခွန်တော် စည်းကြပ်သည့်နှုန်းများ။ ။ (၁) ပုဒ်မခွဲ (၃) နှင့် (၄) ပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ၊ ၁၉၆၁ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှအစပြုမည့် ဘဏ္ဍာတော် နှစ်အတွက် အောက်ပါအတိုင်း အခွန်တော်စည်းကြပ်ရမည်-
- (က) ဤအက်ဥပဒေ၏ ပဌမ ဇယား၊ အပိုင်း ၁တွင် သီးခြားဖေါ်ပြထားသည့်နှုန်းများအတိုင်း အမြတ် တော်ခွန်၊နှင့်
- (ခ) မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ ၅၅ပါ ကိစ္စများ အလို့ငှါ၊ ဤအက်ဥပဒေ၏ ပဌမ ဇယား၊ အပိုင်း၂ တွင်သီးခြားဖေါ်ပြထားသည့်နှုန်းများ အတိုင်းနောက်ထပ် အခွန်တော်။
- (၂) ၁၉၆၂ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင်ကုန်ဆုံးသည့် ဘဏ္ဍာတော်နှစ်အတွက် အခွန်တော်စည်း ကြပ်ခြင်း၊ သို့တည်းမဟုတ် ပြန်ပေးခြင်းပြုလုပ်ရာ၌ စည်းကြပ်ခံရသူ၏ စုစုပေါင်းဝင်ငွေတွင်၊ အလုပ်လုပ်၍ ရသည့်ဝင်ငွေပါဝင်လျှင်၊ ထိုဝင်ငွေ၏ ငါးပုံတပုံနှင့် ညီမျှသောငွေကို၊ ထိုသူ၏စုစုပေါင်းဝင် ငွေမှ မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေပုဒ်မ ၁၅-က (၁) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ နုတ်ရမည်။ သို့ရာတွင် ထိုသို့နုတ်သောကျပ်ငွေမှာ၊ မည်သည့်အချက်တွင်မျှ ကျပ်ငွေလေးထောင်ထက် မပိုစေရ။ ထို့ပြင် စည်းကြပ်ခံရသူမှာ၊ ကုန်ဖက်စပ်လုပ်ငန်းတွင်ပါဝင်သူဖြစ်လျှင်၊ ထိုကုန်ဖက်စပ်လုပ်ငန်း အပေါ်တွင် အခွန်တော်စည်းကြပ်ရာ၌ အလုပ်လုပ်၍ရသည့်ဝင်ငွေအတွက်ခွင့်ပြုသမျှငွေကို၊ အဆိုပါ နုတ်ရမည့်ငွေထဲမှ လျှော့ရမည်။ ထိုခွင့်ပြုသည့် ငွေမှာလည်း၊ ကုန်ဖက်စပ်လုပ်ငန်း၏ အမြတ်ငွေများ တွင် ထိုသူ၏အမြတ်ဝေစုနှင့် သက်ဆိုင်သမျှသော ငွေသာဖြစ်ရမည်။
- (၃) ၁၉၆၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှအစပြုသည့် ဘဏ္ဍာတော်နှစ်အတွက် မြန်မာနိုင်ငံ အမြတ် တော်ခွန် အက်ဥပဒေ ပုဒ်မ ၁၈၊ ပုဒ်မခွဲ (၂)၊ သို့တည်းမဟုတ် ပုဒ်မခွဲ (၂-ခ) အရ၊ “လစာငွေများ” ခေါင်းစဉ်အောက်တွင် စည်းကြပ်နိုင်သည့် အလုပ်လုပ်၍ ရသောဝင်ငွေမှ အမြတ်တော်ခွန်နုတ်ရန်အလို့ငှါ၊ နုတ်ရမည့်အမြတ်တော်ခွန် (နောက်ထပ်အခွန်တော်မပါ)ကို တွက်သောအခါ၊ ဤခေါင်းစဉ်အောက်ရှိ စည်းကြပ်ခံရသူ၏ခန့်မှန်းခြေစုစုပေါင်းဝင်ငွေမှ ထိုအလုပ်လုပ်ရသောဝင်ငွေ၏ငါးပုံတပုံနှင့် ညီမျှသောငွေကို လျှော့ရမည်။ သို့ရာတွင် ထိုသို့လျှော့သောငွေမှာ မည်သည့်အခါတွင်မျှ ကျပ်ငွေလေးထောင်ထက် မပိုစေရ။
- (၄) ၁၉၆၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှအစပြုသည့် ဘဏ္ဍာတော်နှစ်အတွက် မြန်မာနိုင်ငံ အမြတ် တော်ခွန်အက်ဥပဒေပုဒ်မ ၁၈၊ ပုဒ်မခွဲ (၂) အရ၊ “လစာငွေများ” ခေါင်းစဉ်အောက်တွင် စည်းကြပ်နိုင် သည့်ဝင်ငွေမှ အမြတ်တော်ခွန်နုတ်ရန်အလို့ငှါ၊ နုတ်ရမည့် အမြတ်တော်ခွန် (နောက်ထပ် အခွန်တော် မပါ) ကို တွက်သောအခါ၊ ဤခေါင်းစဉ်အောက်ရှိ စည်းကြပ်ခံရသူ၏ ခန့်မှန်းခြေစုစု ပေါင်းဝင်ငွေမှ မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေ ပုဒ်မ ၁၅-က (၂) အရ၊ မယားနှင့်သား သမီးများ အတွက် ခွင့်ပြုသည့်ငွေကို လျှော့ရမည်။
- (၅) ဤပုဒ်မပါ ကိစ္စများအတွက်၎င်း၊ ဤပုဒ်မအရ စည်းကြပ်သည့်အခွန်တော်နှုန်းများအတွက်၎င်း “စုစုပေါင်းဝင်ငွေ” ဆိုသည့်စကားရပ်မှာ၊ မြန်မာနိုင်ငံအမြတ်တော်ခွန်အက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ၊ အမြတ်တော်ခွန်၊ သို့တည်းမဟုတ် နောက်ထပ်အခွန်တော်ဆိုင်သင့်ရာရာ ကိစ္စများအတွက် သတ်မှတ်သည့်အတိုင်း စုစုပေါင်းဝင်ငွေကိုဆိုလိုသည်။ ထို့ပြင် “အလုပ်လုပ်၍ရသည့်ဝင်ငွေ” ဆိုသည့် စကားရပ်မှာ၊ ထိုအက်ဥပဒေ ပုဒ်မ ၂၊ အပိုဒ် (၆-က) တွင်၊ ထိုစကားရပ်ကို အဓိပ္ပါယ် ဖေါ်ပြထားသည့် အတိုင်းပင်ဖြစ်သည်။
၃။ ။ ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန်။ ။ (၁) ၁၉၆၂ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသည့်ဘဏ္ဍာတော်နှစ်အတွက် မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေအရ၊ အခွန်တော် စည်းကြပ်ခြင်းနှင့်သက်ဆိုင်သော မည်သည့် အထက်နှစ်အတွက်မဆို၊ ၁၉၄၈ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင် မှု အမြတ်အစွန်းခွန် အက်ဥပဒေပုဒ်မ ၂၊ အပိုဒ် (၁)၊ အပိုဒ်ခွဲ (စ) အရသတ်မှတ်ရန် အခွန်တော်ကင်း လွတ်ခွင့်ပြုသည့်ငွေသည် ကျပ်ငွေတသိန်းဖြစ်ရမည်။
- (၂) ၁၉၆၂ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင်ကုန်ဆုံးသည့် ဘဏ္ဍာတော်နှစ်အတွက်၊ မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေအရ၊ အခွန်စည်းကြပ်ခြင်းနှင့် သက်ဆိုင်သောမည်သည့် အထက်နှစ်အတွက် မဆို၊ ၁၉၄၈ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှုအမြတ်အစွန်းခွန်အက်ဥပဒေ ပုဒ်မ ၄အရ စည်းကြပ်သော အခွန်တော်သည်၊ စည်းကြပ်ထိုက်သည့် အမြတ်အစွန်း၏ ဆယ့်ခြောက်နှင့်သုံးပိုင်းနှစ်ပိုင်းရာခိုင်နှုန်းနှင့် ညီမျှရမည်။
၄။ ။ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းချက်လုပ်သည့်ဆားအပေါ်အကောက်တော်။ ။ မြန်မာနိုင်ငံဆားခွန်တော်အက်ဥပဒေ ပုဒ်မ ၇တွင်ဖြစ်စေ၊ အခြားတည်ဆဲတရားဥပဒေတရပ်ရပ်တွင်ဖြစ်စေ မည်သို့ပင် ပါရှိ စေကာမူ ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်းချက်လုပ်သည့်ဆားအပေါ် အကောက်တော်ကိုဆားပိဿာ အချိန် တရာလျှင်ငွေငါးကျပ် နှုန်းဖြင့် စည်းကြပ်ရမည်။
၅။ ။ စာပို့တိုက်နှုန်းများသတ်မှတ်ခြင်း။ ။ ၁၉၆၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစသော ဘဏ္ဍာတော်နှစ်အတွက်၊ ဤအက်ဥပဒေ၏ ဒုတိယဇယားကို မြန်မာနိုင်ငံ စာပို့တိုက်အက်ဥပဒေတွင်၊ ထိုအက်ဥပဒေ၏ ပဌမဇယားအဖြစ်ထည့်သွင်းရမည်။
၆။ ။ မော်တော်ဓါတ်ဆီပေါ်တွင်အကောက်တော်။ ။ မော်တော်ဓါတ်ဆီ နိုင်ငံတွင်းအကောက်တော် အက်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (၁)တွင်ဖြစ်စေ၊ အခြားတည်ဆဲတရားဥပဒေတရပ်ရပ်တွင်ဖြစ်စေ မည်သို့ပင် ပါရှိစေကာမူ မော်တော်ဓါတ်ဆီပေါ်တွင် အကောက်တော်ကို အင်ပီရီရယ် တဂါလံလျှင် ငွေတကျပ်နှင့် တဆယ့်ငါးပြားနှုန်းဖြင့် စည်းကြပ်ရမည်။
၇။ ။ လောင်းကစားခွန်။ ။ လောင်းကစားခွန်အက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (၁) တွင်ဖြစ်စေ၊ အခြားတည်ဆဲ တရားဥပဒေတရပ်ရပ်တွင်ဖြစ်စေ မည်သို့ပင်ပါရှိစေကာမူ ရန်ကုန်မြို့တွင်းနှင့် မန္တလေးမြို့တွင်ကျင်းပသော မြင်းပွဲများ၌ စွပ်ဒိုင်တွင်လောင်းကြေးအဖြစ် ပေးသွင်းသောငွေအားလုံးပေါ်တွင် အခွန်တော်ကို၊ ထိုလောင်းကြေးများ၏ ၂၅ နှင့် ၁၅ ရာခိုင်နှုန်းများဖြင့် အသီးသီးစည်းကြပ်ရမည်။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
ဦးဝင်းမောင်၊
နိုင်ငံတော်သမတ၊
ပြည်ထောင်စုမြန်မာနိုင်ငံတော်။
ရန်ကုန်မြို့၊ ၁၃၂၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်။
(၁၉၆၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။ )
အမိန့်အရ၊
သာထက်၊
နိုင်ငံတော်သမတ၏အတွင်းဝန်။
[အမှတ် ၂၇]