2056ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၃။ ပဓာနိကတိဿတ္ထေရဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

အတ္တဝဂ်

၃။ ပဓာနိကတိဿမထေရ်ဝတ္ထု

အတ္တာနဉ္စေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ကမ္မဋ္ဌာန်းစီးဖြန်းသူဟု အမည်ရသော ပဓာနိကတိဿမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ကိုယ်ချင်းမစာ တိုက်တွန်းနှိုးဆော်တတ်သောဆရာ

ထိုပဓာနိကတိဿမထေရ်သည် ဘုရားရှင်၏အထံတော်၌ ကမ္မဋ္ဌာန်းကိုယူ၍ ငါးရာသော ရဟန်းတို့ကိုခေါ်လျက် တော၌ ဝါကပ်ပြီးလျှင် “ငါ့ရှင်တို့- သင်တို့သည် သက်တော်ထင်ရှားရှိသော ဘုရားရှင်၏အထံတော်၌ ကမ္မဋ္ဌာန်းကို ယူအပ်ခဲ့ပေ၏၊ မမေ့မလျော့မူ၍သာလျှင် ရဟန်းတရားကို အားထုတ်ကြကုန်လော့”ဟု ဆုံးမသဖြင့် မိမိမူကား သွား၍ တုံးလုံးလှဲကာ အိပ်စက်လေ၏။ ထိုရဟန်းတို့သည် ပထမယာမ်၌ စင်္ကြံသွား၍၊ မဇ္ဈိမယာမ်၌ ကျောင်းသို့သွား၍ ဝင်ကြကုန်၏။ ထိုတိဿမထေရ်သည် အိပ်ပျော်ပြီးမှ နိုးလာသောအခါ ထိုရဟန်းတို့၏အထံသို့သွား၍ “သင်တို့သည် တုံးလုံးလှဲကာ အိပ်စက်ကုန်အံ့ဟု နှလုံးပြု၍ လာကြကုန်သလော၊ လျင်မြန်စွာထွက်၍ ရဟန်းတရားကို အားထုတ်ကြကုန်လော့”ဟု ပြောဆိုပြီးလျှင် မိမိကိုယ်တိုင်ကား သွား၍ ရှေးနည်းအတူသာ အိပ်ပြန်၏။ တစ်ပါးသော ရဟန်းတို့သည် မဇ္ဈိမယာမ်တွင် ကျောင်းအပြင်၌ စင်္ကြံသွား၍ ပစ္ဆိမယာမ်၌ ကျောင်းတွင်းသို့ ဝင်ကြကုန်၏။ ထိုတိဿမထေရ်သည် တစ်ဖန်လည်း နိုးပြန်သဖြင့် ရဟန်းတို့၏အထံတော်သို့သွား၍ ရဟန်းတို့ကို ကျောင်းတွင်းမှ ထုတ်ပြီးလျှင် မိမိကိုယ်တိုင်ကား တစ်ဖန် သွား၍ ထို့အတူသာလျှင် အိပ်ပြန်၏။ ထိုမထေရ်သည် အခါခပ်သိမ်း ဤသို့ ပြုလတ်သည်ရှိသော် ရဟန်းတို့သည် သရဇ္ဈာယ်ခြင်းကိုလည်းကောင်း၊ ကမ္မဋ္ဌာန်းကိုလည်းကောင်း နှလုံးသွင်းခြင်းငှာ မတတ်နိုင်ကြကုန်၊ စိတ်သည် ချွတ်ယွင်းဖောက်ပြန်ခြင်းသို့ ရောက်ရလေ၏။ ထိုရဟန်းတို့သည် “ငါတို့၏ ဆရာတော်ကား အလွန်လျှင် အားထုတ်အပ်သော လုံ့လရှိ၏၊ ထိုဆရာကို စူးစမ်းကြကုန်ဦးအံ့”ဟု စူးစမ်းကြသည်ရှိသော် ထိုဆရာ၏အမူအရာကို မြင်ရလျှင် “ငါ့ရှင်တို့- ငါတို့ကား ပျက်စီးကြလေကုန်ပြီ၊ ငါတို့၏ဆရာသည် အချည်းနှီးသော မြည်တွန်ခြင်းဖြင့် မြည်တွန်ဘိသည်”ဟု ပြောဆိုကြလေကုန်၏၊ အလွန်လျှင် ငိုက်မျဉ်းခြင်းဖြင့် ပင်ပန်းကြကုန်သော ထိုတပည့်ရဟန်းတို့တွင် ရဟန်းတစ်ပါးမျှလည်း မဂ်ဖိုလ်တရားထူးကို ဖြစ်စေခြင်းငှာ မစွမ်းနိုင်။

အခါမဲ့တွန်သော ကြက်ဖ

ထိုရဟန်းတို့သည် ဝါကျွတ်လတ်ကုန်သည်ရှိသော် ဘုရားရှင်၏အထံတော်သို့ သွားကြသဖြင့် ပြုအပ်သော ပဋိသန္ဓာရ အစေ့အစပ် စကားရှိကုန်သည်ဖြစ်၍ “ချစ်သား ရဟန်းတို့- အသို့နည်း၊ မမေ့မလျော့ ရဟန်းတရားကို အားထုတ်နိုင်ကြကုန်၏လော”ဟု မေးတော်မူလျှင် ထိုရဟန်းတို့သည် ထိုအကြောင်းအရာကို လျှောက်ကြားကြလေကုန်၏၊ မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ယခုသာလျှင် မဟုတ်သေး၊ ရှေး၌လည်း ဤရဟန်းသည် သင်တို့၏အန္တရာယ်ကို ပြုဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူခြင်းကြောင့် ထိုရဟန်းတို့ တောင်းပန်အပ်ရကား-

အမာတာပိတုသံဝဍ္ဎော၊ အနာစရိယကုလေ ဝသံ။
နာယံ ကာလမကာလံ ဝါ၊ အဘိဇာနာတိ ကုက္ကုဋော။

အမာတာပိတုသံဝဍ္ဎော၊ မိဘတို့ကိုမှီလျှက် အဆုံးအမယူကာ ကြီးပွားရသည် မဟုတ်ရှာသော။ အနာစရိယကုလေ ဝသံ၊ ဆရာသမားအိမ်၌ မနေဖူးသော။ အယံ ကုက္ကုဋော၊ ဤကြက်ဖသည်။ ကာလံ၊ တွန်ချိန်ကာလ ဟုတ်သည်ကိုလည်းကောင်း။ အကာလံ ဝါ၊ တွန်ချိန်ကာလ မဟုတ်သည်ကိုလည်းကောင်း။ နာဘိဇာနာတိ၊ မသိတတ်ရှာ။

ဧကနိပါတ် ၁၂၊ ဟံစိဝဂ်၌ ဤအကာလရာဝိကြက်ဇာတ်ကို အကျယ်ချဲ့၍ ဟောတော်မူလေ၏။ ထိုအခါ အခါမဟုတ်သည်၌ တွန်လေ့ရှိသော ထိုကြက်ဖသည် ဤပဓာနိကတိဿမထေရ် ဖြစ်လာ၏၊ ဤငါးရာသော ရဟန်းတို့သည် ထိုလုလင်တို့ ဖြစ်ဖူးလေကုန်ပြီ၊ အရပ်မျက်နှာ၏ အကြီးဖြစ်သော ဒိသာပါမောက္ခဆရာသည် ငါဘုရားသာလျှင် ဖြစ်တော်မူလာ၏ဟု ဇာတ်ကို ပေါင်းတော်မူလေ၏။ မြတ်စွာဘုရားသည် ဤဇာတ်ကိုချဲ့ထွင်၍ ဟောကြားတော်မူပြီးလျှင် “ချစ်သားရဟန်းတို့- သူတစ်ပါးကို ဆုံးမလိုသော သူမည်သည်ကား မိမိကိုယ်ကို ကောင်းစွာယဉ်ကျေးအောင် ပြုအပ်၏။ ဤသို့ ဆုံးမသော သူသည်သာလျှင် မိမိကိုမိမိ ကောင်းစွာ ယဉ်ကျေးပြီးသည်ဖြစ်၍ ဆုံးမသည် မည်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူ၏။

ဒေသနာတော်

[၁၅၉] အတ္တာနဉ္စေ တထာ ကယိရာ၊ ယထာညမနုသာသတိ။
သုဒန္တော ဝတ ဒမေထ၊ အတ္တာ ဟိ ကိရ ဒုဒ္ဒမော။

ယထာ၊ အကြင်အခြင်းအရာဖြင့်။ အညံ၊ သူတစ်ပါးကို။ အနုသာသတိ၊ ဆုံးမ၏။ တထာ၊ ထိုအခြင်းအရာဖြင့်။ အတ္တာနဉ္စေ-အတ္တာနဉ္စေဝ၊ မိမိကိုယ်ကိုသာလျှင်လည်း။ ကယိရာ၊ ထိုနည်းတူစွာ ပြုကျင့်ရာ၏။ သုဒန္တော ဝတ၊ မိမိကိုယ်ကိုပင် ယဉ်ကျေးပြီးသည် ဖြစ်၍သာလျှင်။ ဒမေထ၊ ဆုံးမရာ၏။ ဟိ၊ သင့်စွာ့။ အတ္တာ၊ မိမိကိုယ်သည်။ ဒုဒ္ဒမော ကိရ၊ ဆုံးမခြင်းငှာ ခဲယဉ်းသတတ်။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ငါးရာစလုံးလည်း ဖြစ်ကုန်သော ထိုရဟန်းတို့သည် အရဟတ္တဖိုလ်သို့ ရောက်ကြလေကုန်၏။

ပဓာနိကတိဿမထေရ်ဝတ္ထု ပြီး၏။