1118ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၅။ စိတ္တဟတ္ထတ္ထေရဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

စိတ္တဝဂ်

၅။ စိတ္တဟတ္ထမထေရ် ဝတ္ထု

အနဝဋ္ဌိတစိတ္တဿအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ နေတော်မူစဉ် စိတ္တဟတ္ထမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ခြောက်ကြိမ်တိုင်အောင် ရဟန်းပြုလိုက် လူထွက်လိုက်ပြုသောသူ အကြောင်း

သာဝတ္ထိပြည်၌နေလေ့ရှိသော တစ်ယောက်သော အမျိုးသားသည် ပျောက်သောနွားကို ရှာမီးရန် တောအုပ်သို့ဝင်၍ မွန်းတည့်သောအခါ၌ နွားကိုတွေ့မြင်ရသဖြင့် နွားအုပ်ထဲ၌ လွှတ်ခဲ့၍ “အရှင်ကောင်းတို့၏အထံ၌ အနည်းငယ်မျှ အာဟာရကို မချွတ်ရလိမ့်မည်”ဟု ငတ်မွတ်ခြင်း နှိပ်စက်သည်ဖြစ်၍ ကျောင်းသို့ဝင်လာပြီးလျှင် ရဟန်းတို့အထံသို့သွား၍ ရှိခိုးပြီးမှ သင့်တင့်လျောက်ပတ်သောအရပ်၌ နေလေ၏။ ထိုအခါ ရဟန်းတို့၏ဆွမ်းတောင်း၌ စားပြီးသည်မှ ကြွင်းကျန်သော ထမင်းသည် ရှိသတတ်။ ရဟန်းတို့သည်လည်း ငတ်မွတ်ခြင်းဖြင့် နှိပ်စက်ခြင်းရှိသော ထိုအမျိုးသားကိုမြင်လျှင် “ဤဆွမ်းတောင်းမှ ထမင်းကိုယူ၍ စားလော့”ဟု ဆိုကြကုန်၏။

ထိုအမျိုးသား ယောက်ျားသည် ထိုဆွမ်းတောင်းမှ စားလောက်ရုံမျှသော ထမင်းကိုယူကာ စားပြီး ရေသောက်လက်ဆေးပြီးလျှင် ရဟန်းတို့ကိုရှိခိုးလျက် “အရှင်ဘုရားတို့- ယနေ့ ပင့်ဖိတ်ရာအရပ်သို့ ကြွကြရကုန်သလော”ဟု မေးလျှောက်သော် “ဒါယကာ- ပင့်ဖိတ်ရာအရပ်ကား မရှိ၊ ဤသို့ မရှိသော်လည်း အမြဲမပြတ် ရဟန်းတို့သည် ဤနည်းအတိုင်း ရကြကုန်၏”ဟု ဆိုကြကုန်၏။ အမျိုးသား ယောက်ျားသည် ကြံစည်သည်မှာ “ငါတို့သည် ထထကြွကြွ လွန်စွာ လုံ့လပြုခြင်းဖြင့် ညဉ့်နေ့ပတ်လုံးမပြတ် အလုပ်ကို ကြိုးစား၍ လုပ်ဆောင်ပါသော်လည်း ဤအရှင်ကောင်းတို့၏ ဆွမ်းနှင့်အတူ ကောင်းသောဟင်းလျာရှိသော ထမင်းကို မရကြကုန်၊ ဤရဟန်းတို့ကား စင်စစ်အားဖြင့် မပြတ် ဘုဉ်းပေးကြရကုန်၏။ ငါ့အား လူ၏အဖြစ်ဖြင့် အဘယ်အကျိုးရှိအံ့နည်း။ ရဟန်းပြုအံ့”ဟု ကြံစည်၍ ရဟန်းတို့အထံသို့ချဉ်းကပ်ကာ ရဟန်းအဖြစ်ကို တောင်းပန်လေ၏။ ထိုအခါ ထိုအမျိုးသားကို ရဟန်းတို့သည် “ဒါယကာ- ကောင်းပြီ”ဟု ဆို၍ ရဟန်းခံပေးကြကုန်၏။ ထိုအမျိုးသားသည် ရဟန်းဖြစ်ပြီးသည်ရှိသော် အလုံးစုံသော ဝတ်ကြီးတ်ငယ်ကို ပြုစုဖော်ရလေ၏။ ထိုရဟန်းသည် ဘုရားရှင်တို့အားဖြစ်သော လာဘ်ပူဇော်သက္ကာရကို စားရသဖြင့် နှစ်ရက်,သုံးရက် လွန်လတ်သော် ဆူဖြိုးသောကိုယ် ရှိလေ၏။

ထို့နောက် ကြံပုံကား “ငါ့အား ဆွမ်းအတွက် အရပ်ထဲ၌ လှည့်လည်ကာ အသက်မွေးရခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ လူထွက်အံ့”ဟု ကြံပြီးလျှင် လူထွက်သွား၍ အိမ်(အလုပ်)သို့ ဝင်လေ၏။ အိမ်၌ အမှုကြီးငယ်တို့ကို ပြုစုလုပ်ကိုင်ရသော ထိုယောက်ျားအား နှစ်ရက်,သုံးရက်ကြာလျှင်ပင် ဝဖြိုးသောကိုယ်သည် ညှိုးနွမ်း ပိန်ချုံးပြန်လေ၏။ ထို့နောက်မှ “ငါ့အား ဤဆင်းရဲခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ရဟန်းပြုအံ့”ဟု ကြံပြန်၍ တစ်ဖန်သွား၍ ရဟန်းပြုပြန်လေ၏။ ထိုရဟန်းသည် နှစ်ရက်,သုံးရက် လွန်ပြန်လျှင် တစ်ဖန် ငြီးငွေ့၍ လူထွက်ပြန်လေ၏။ ရဟန်းပြုသောအခါ၌ကား ရဟန်းတို့အား ကျေးဇူးများသောသူတစ်ယောက် ဖြစ်ပေ၏။ ထိုရဟန်းလူထွက်သည် နှစ်ရက်,သုံးရက်ဖြင့်သာလျှင် တစ်ဖန် ငြီးငွေ့၍ “ငါ့အား လူ၏အဖြစ်ဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ရဟန်းပြုဦးအံ့”ဟု သွား၍ ရဟန်းတို့အား ရှိခိုးပြီးလျှင် ရဟန်းအဖြစ်ကို တောင်းပြန်လေ၏။ ထိုအခါ ထိုလူထွက်ကို ရဟန်းတို့သည် ကျေးဇူးဥပကာရ၏အစွမ်းဖြင့် တစ်ဖန် ရဟန်းပြုပေးကြပြန်လေ၏။ ဤသို့သောနည်းဖြင့် ထိုယောက်ျားသည် ခြောက်ကြိမ်၊ ခြောက်ခါ ရဟန်းပြုပြီး လူထွက်ခဲ့လေ၏။ ထိုသူအား ရဟန်းတို့သည် “ဤသူကား စိတ်သွားရာအာရုံသို့ လိုက်တတ်သော။ ဝါ၊ စိတ်အလိုသို့ လိုက်တတ်သောသူဖြစ်၍ သွားလာလှည့်ပတ်တတ်သောကြောင့် “စိတ္တဟတ္ထမထေရ်”ဟု အမည်ကို မှည့်ခေါ်ကြလေကုန်၏။

မယား အအိပ်ဆိုးလှသဖြင့် သောတာပန်တည်သော ယောက်ျားအကြောင်း

ထိုအမျိုးသားသည် ရဟန်းဘဝ, လူ့ဘဝသို့ ခဏခဏ တုံ့ခေါက်မကြာ လူးလာစဉ်ပင် မယား ကိုယ်ဝန်ရှိခဲ့လေ၏။ ထိုအမျိုးသားသည် ခုနစ်ကြိမ်မြောက် ရဟန်းပြုလတ္တံ့သောအကြိမ်၌ တောမှ ထွန်တုံးစသော ဘဏ္ဍာကိုယူ၍ အိမ်သို့ပြန်သွားပြီးလျှင် ထွန်တုံးစသော ဘဏ္ဍာကိုထား၍ မိမိသင်္ကန်းကို ယူမည်ဟု အိမ်ခန်းထဲသို့ ဝင်သွားလေ၏။ ထိုခဏ၌ ထိုအမျိုးသား၏မယားသည် လျောင်းလျက် အိပ်ပျော်နေ၏။ ထိုမိန်းမအား ဝတ်သောအဝတ် ကင်းကျွတ်လျက်ရှိ၏။ ခံတွင်းမှလည်း အရိအရွဲ ယိုစီး၏။ နှာခေါင်းမှ ဃုရ-ဃုရ အသံမြည်၏။ (တရှုတ်ရှုတ်မြည်၏။) ခံတွင်းသည် ဟင်းလင်းပွင့်လျက်နေ၏။ ထိုအခါ အမျိုးကောင်းသားသည် ထိုမိန်းမအား ဖူးဖူးရောင်သော အကောင်ပုပ်၏ ကိုယ်ကဲ့သို့ ရွံရှာစက်ဆုပ်ဖွယ်ဟု ထင်လေ၏။ အမျိုးကောင်းသားသည် ဤခန္ဓာကိုယ်သည် အမြဲမရှိ၊ ဆင်းရဲခြင်းသဘောရှိ၏ဟု အမှတ်သညာကိုရ၍ “ငါသည် ဤမျှလောက်သော ကာလပတ်လုံး ရဟန်းပြုပြီးလျှင် ဤမိန်းမကိုအမှီပြု၍ ရဟန်းအဖြစ်၌ တည်တံ့ခြင်းငှာ မတတ်နိုင်”ဟု ကြံ၍ သင်္ကန်းစွန်း၌ကိုင်ကာ ရင်၌ဖွဲ့လျက် အိမ်မှ ထွက်ခွာသွားလေ၏။ ထိုအခါ အခြားမဲ့သောအိမ်၌နေသော ယောက္ခမသည် ထိုသို့သော အခြင်းအရာဖြင့်သွားသော ထိုသားမက်ကိုမြင်လျှင် “ဤသားမက်ကား လူ့အဖြစ်၌ တစ်ဖန်ငြီးငွေ့ပြန်ပြီ ဖြစ်လတ္တံ့၊ ယခုပင် တောမှပြန်လာ၍ ဖန်ရည်စွန်းသောသင်္ကန်းကို ရင်၌ဖွဲ့ပြီးလျှင် အိမ်မှထွက်၍ ကျောင်းသို့ ရှေးရှုသာ သွား၏။ အကြောင်း အသို့နည်း”ဟု အိမ်သို့ဝင်၍ကြည့်သော် အိပ်ပျော်၍နေသောသမီးကို မြင်ရလေ၏။

ထိုအခါ ယောက္ခမသည် “ငါ့သားမက်ကား ငါ့သမီးအိပ်သည်ကိုမြင်ရာ နှလုံးမသက်သာသည်ဖြစ်၍ သွားချေသည်”ဟု သိရကား သမီးကိုပုတ်ခတ်၍ “ဟဲ့.. သူယုတ်မ-ထလော့၊ သင်၏လင်သည် အိပ်ပျော်သောနင့်ကို မြင်ရာ နှလုံးမသက်သာသည်ဖြစ်၍ သွားလေပြီ၊ ထိုသူသည် ဤနေ့မှစ၍ သင်နှင့် ပေါင်းသင်းဆက်ဆံခြင်း မရှိတော့ပြီ”ဟု ပြစ်တင်စကား ပြောဆိုလေ၏။ ထိုသမီးကလည်း “အမိ- ဖဲသွားပါလော့ (အသာနေပါ)၊ ဤယောက်ျားသွားခြင်းကား အတည်ဘယ်မှာရှိအံ့နည်း၊ နှစ်ရက်,သုံးရက်ဖြင့်သာ တစ်ဖန် ပြန်လာလတ္တံ့”ဟု ဆိုလေ၏။ ထိုအမျိုးသားသည်လည်း “အနိစ္စ, ဒုက္ခ”ဟု ရွတ်ဆိုကာ သွားစဉ်ပင်လျှင် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ ထိုယောက်ျားသည် ကျောင်းသို့သွား၍ ရဟန်းတို့ကိုရှိခိုးပြီးလျှင် ရဟန်းအဖြစ်ကို ပေးသနားတော်မူပါမည့်အကြောင်းနှင့် လျှောက်တောင်းပြန်လေ၏။ ထိုအခါ ရဟန်းတို့က “ငါတို့သည် သင့်ကို ရဟန်းပြုပေးခြင်းငှာ မတတ်နိုင်၊ သင်၏ရဟန်းအဖြစ်သည် အဘယ်မှာနည်း၊ သင်၏ဦးခေါင်းသည် ဓားသွေးကျောက်နှင့် တူ၏၊ ထို့ကြောင့် ရဟန်းပြုပေးခြင်းငှာ မတတ်နိုင်”ဟု ဆိုလတ်သော် “အရှင်ဘုရား- ယခုတစ်ကြိမ်သာ တပည့်တော်ကို ရဟန်းပြုပေးတော်မူကြပါဘုရား”ဟု လျှောက်ကြားလေ၏။ ရဟန်းတို့လည်း ထိုအမျိုးသား၏ ကျေးဇူးများသည်အဖြစ်ကြောင့် ရဟန်းပြုပေးကြလေကုန်၏။ ထိုအမျိုးသားရဟန်းသည် နှစ်ရက်,သုံးရက်ဖြင့်ပင်လျှင် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏။

ထိုအခါ ရဟန်းတို့သည် ထိုအမျိုးသားရဟန်းကို “ငါ့ရှင် စိတ္တဟတ္ထ- သင်၏အိမ်သို့ ပြန်သွားမည့်အခါကို သင်သည်သာလျှင် သိရာ၏”ဟုဆို၍ “ဤအကြိမ်၌ သင် ရဟန်းပြုခြင်းကား ကြာမြင့်စွ”ဟု ဆိုကြသော် “အရှင်ဘုရားတို့- ပေါင်းသင်းဆက်ဆံလိုသောစိတ် ရှိသောအခါ၌ သွားခဲ့ကြရပါပြီ၊ ထိုပေါင်းသင်း ဆက်ဆံခြင်းသည် တပည့်တော်တို့အား ပြတ်ခဲ့ပြီ၊ ယခုအခါ မသွားသောသဘောရှိသောသူတို့ ဖြစ်ကြရပါပြီ”ဟု လျှောက်လေ၏။ ရဟန်းတို့လည်း မြတ်စွာဘုရားအထံသို့သွား၍ “မြတ်စွာဘုရား- ဤရဟန်းသည် တပည့်တော်တို့ ဤသို့ဆိုအပ်သည်ရှိသော် ဤမည်သောစကားကို ဆိုပါသည်၊ အရဟတ္တဖိုလ်ကို ဖြေကြားပါသည်။ မဟုတ်မမှန်သည်ကို ပြောဆိုပါသည်ဘုရား”ဟု လျှောက်ကြားကြသောအခါ ဘုရားရှင်သည်လည်း “ချစ်သား ရဟန်းတို့- ထိုရဟန်းဆိုတိုင်း မှန်၏။ ဤငါ့သားသည် မိမိ၏ တည်တံ့သော စိတ်မရှိသောအခါ၌လည်းကောင်း၊ သူတော်ကောင်းတရားကို မသိသေးသောအခါ၌လည်းကောင်း အိမ်နှင့်ကျောင်းသို့ လူးလာတုံ့နှင်း သွားလာခြင်းကို ပြု၏၊ ယခုအခါ၌ ထိုငါ့သားရဟန်းသည် ကောင်းမှု,မကောင်းမှုကို ပယ်အပ်ပြီ”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောတော်မူလေ၏။

ဒေသနာတော်

[၃၈] အနဝဋ္ဌိတစိတ္တဿ၊ သဒ္ဓမ္မံ အဝိဇာနတော။
ပရိပ္လဝပသာဒဿ၊ ပညာ န ပရိပူရတိ။
[၃၉] အနဝဿုတစိတ္တဿ၊ အနနွာဟတစေတသော။
ပုညပါပပဟီနဿ၊ နတ္ထိ ဇာဂရတော ဘယံ။

အနဝဋ္ဌိတစိတ္တဿ၊ တည်တံ့သောစိတ် မရှိသော။ သဒ္ဓမ္မံ၊ သူတော်ကောင်းတရားကို။ အဝိဇာနတော၊ မသိတတ်သော။ ပရိပ္လဝပသာဒဿ၊ နည်းပါးသောကြောင့် ပက်လက်ပေါလောမျောသော သဒ္ဓါယုံကြည်ခြင်းရှိသော။ ပုဂ္ဂလဿ၊ ပုဂ္ဂိုလ်အား။ ပညာ၊ လောကီ လောကုတ္တရာပညာသည်။ န ပရိပူရတိ၊ မပြည့်စုံ။

အနဝဿုတစိတ္တဿ၊ ရာဂဖြင့် မစွတ်စိုသော စိတ်ရှိထသော။ အနနွာဟတစေတသော၊ ဒေါသဖြင့် မထိပါးသော စိတ်ရှိထသော။ ပုညပါပပဟီနဿ၊ ကောင်းမှု,မကောင်းမှုကို ပယ်ပြီးထသော။ ဇာဂရတော၊ သဒ္ဓါစသော ငါးပါးသော နိုးကြားခြင်းဂုဏ်နှင့် ပြည့်စုံထသော။ ခီဏာသဝဿ၊ ရဟန္တာပုဂ္ဂိုလ်အား။ ဘယံ၊ ကိလေသာဟူသော ဘေးရန်သည်။ နတ္ထိ၊ မရှိ။

ဒေသနာတော်၏ အကျိုး

လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

စိတ္တဟတ္ထမထေရ်အကြောင်းနှင့် စပ်လျဉ်း၍ ကိလေသာ၏ အပြစ်ပြခြင်း

ထိုအခါ တစ်နေ့သ၌ တရားသဘင်ဝယ် ရဟန်းတို့သည် “ငါ့ရှင်တို့-ကိလေသာတို့မည်သည်ကား ဝန်လေးလေစွတကား။ ဤသို့သဘောရှိသော အရဟတ္တဖိုလ်၏ အကြောင်းဥပနိဿယနှင့် ပြည့်စုံသော အမျိုးကောင်းသားကို ကိလေသာတို့သည် လှုပ်ချောက်ချားအပ်သည်ဖြစ်၍ ခုနစ်ကြိမ် လူဖြစ်၍ ခုနစ်ကြိမ် ရဟန်းပြုရ၏”ဟု စကားကို ဖြစ်စေကြကုန်၏။ ဘုရားရှင်သည် ထိုရဟန်းတို့ စကားပြောဆိုသည်ကို ကြားတော်မူ၍ ထိုခဏအား လျောက်ပတ်သော ကြွသွားတော်မူခြင်းဖြင့် တရားသဘင်သို့ ကြွသွားတော်မူပြီးလျှင် ဘုရားနေရာ၌ နေတော်မူလျက် “ချစ်သား ရဟန်းတို့- ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကာနေကြသနည်း”ဟု မေးမြန်းတော်မူသဖြင့် “ဤမည်သော စကားဖြင့် စည်းဝေးကြပါကုန်၏”ဟု လျှောက်ကြားအပ်သည်ရှိသော် “ချစ်သား ရဟန်းတို့- ကိလေသာတို့မည်သည်ကား ဤသို့သာလျှင် ဝန်လေးကြကုန်၏။ ထိုကိလေသာတို့သည် အကယ်၍ ရုပ်အစိုင်အခဲဖြစ်၍ တစ်စုံတစ်ခုသောနေရာ၌ စုပုံထားခြင်းငှာ တတ်ကောင်းသည် ဖြစ်ကုန်ငြားအံ့၊ စကြဝဠာသည် အလွန်ကျဉ်းသေး၏၊ ဗြဟ္မာ့ပြည်သည် အလွန်နိမ့်သေး၏။ ထို့ကြောင့် ကိလေသာတို့၏တည်ရှိရန် အရပ်ပင် မရှိရာ၊ ထိုကိလေသာတို့သည် ဤမျှလောက် ဝန်လေးကုန်၏။ ပညာနှင့်ပြည့်စုံ၍ ယောက်ျားအာဇာနည်ဖြစ်သော ငါကဲ့သို့သောသူကိုပင် ချောက်ချားစေကုန်၏။ ကြွင်းသောသူတို့၌ ဆိုဖွယ်မရှိ”ဟု မိန့်တော်မူပြီးလျှင် “ငါကိုယ်တိုင်ပင် တစ်ကွမ်းစားဝက် (တစ်စလယ်ဝက်)မျှသော ပြောင်းမျိုးနှင့် အသွားတုံးသော ပေါက်တူးကို အမှီပြု၍ ခြောက်ကြိမ်တိုင်အောင် ရသေ့ရဟန်းပြုပြီး လူထွက်ဖူးလေပြီ”ဟု မိန့်တော်မူလေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အဘယ်အခါကပါနည်းဘုရား၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား- အဘယ်အခါကပါနည်းဘုရား”ဟု လျှောက်ထားကြသဖြင့် “နာလိုကြကုန်သလော ချစ်သားတို့”ဟု မေးမြန်းတော်မူရာ “နာလိုကြပါသည်ဘုရားဟု လျှောက်ကြားကြပြန်သဖြင့် “ထိုသို့ဖြစ်မူ နာကြကုန်လော့”ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူလေ၏။

ကုဒါလပဏ္ဍိတသည် ရသေ့ရဟန်းပြု၍ ခြောက်ကြိမ် လူထွက်ခြင်းအကြောင်း

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ကုဒါလပဏ္ဍိတ အမည်ရှိသောသူသည် သာသနာတော်မှအပ ရသေ့ရဟန်းပြု၍ ရှစ်လတို့ပတ်လုံး ဟိမဝန္တာ၌နေလျက် မိုးစွတ်သောအခါ မြေစိုလတ်သည်ရှိသော် “ငါ့အိမ်၌ ကွမ်းစားဝက်မျှသော ပြောင်းမျိုးနှင့် အသွားတုံးသော ပေါက်တူးသည်ရှိ၏။ ထိုပြောင်းမျိုးသည် မပျက်ပါစေလင့်”ဟု လူထွက်၍ တစ်ခုသောအရပ်ကို ပေါက်တူးဖြင့် ပေါက်ဆွကာ ထွန်လျက် မျိုးစေ့ကိုပျိုး၍ စောင်းရန်ကာပြီး၍ မှည့်သောအခါ ရိတ်၍ တစ်ကွမ်းစား (တစ်စလယ်)မျှလောက်သော မျိုးစေ့ကိုထား၍ အကြွင်းကို စားသုံးလေ၏။ ထိုကုဒါလပဏ္ဍိတသည် “ငါ့အား ယခုအခါ အိမ်၌နေသဖြင့် အဘယ်အကျိုး ရှိအံ့နည်း”ဟု တစ်ဖန် ရှစ်လတို့ပတ်လုံး တောထွက်၍ ရဟန်းပြုအံ့ဟု ကြံပြီးလျှင် ထွက်၍ ရဟန်းပြုပြန်၏။ ဤသို့သောနည်းဖြင့်သာလျှင် တစ်ကွမ်းစားမျှသော ပြောင်းမျိုးနှင့် ပေါက်တူးတုံးတို့ကိုမှီ၍ ခြောက်ကြိမ် လူဖြစ်၍ ခြောက်ကြိမ် ရဟန်းပြုပြီးလျှင် ခုနစ်ခုမြောက်သော အကြိမ်၌ “ငါသည် ခြောက်ကြိမ်တိုင်အောင် ဤပေါက်တူးတုံးကိုမှီ၍ လူဖြစ်ပြီး ရဟန်းပြုရ၏။ တစ်ခုသောနေရာ၌ ဤပေါက်တူးတုံးကို စွန့်ပစ်တော့အံ့”ဟု ကြံစည်ပြီးလျှင် ဂင်္ဂါမြစ်ကမ်းနားသို့သွား၍ “ကျရာအရပ်ကို မြင်သည်ရှိသော် တစ်ဖန်ဆင်း၍ ယူရာ၏၊ အကြင်သို့သော အခြင်းအရာဖြင့် စွန့်ပစ်သည်ရှိသော် ကျရာအရပ်ကိုမမြင်၊ ထိုသို့သောအခြင်းအရာဖြင့် စွန့်ပစ်တော့အံ့”ဟု ကြံ၍ တစ်ကွမ်းစားမျှသော ပြောင်းမျိုးကို ပုဆိုးပိုင်းဖြင့်ထုပ်ပြီးလျှင် ပုဆိုးပိုင်းကို ပေါက်တူးသွားနှင့် ဖွဲ့ချည်၍ ပေါက်တူးကို အရိုးဖျားက ကိုင်ဆွဲလျက် ဂင်္ဂါမြစ်ကမ်းနား၌ရပ်ပြီးမှ မျက်စိတို့ကိုမှိတ်ကာ ဦးခေါင်းထက်၌ သုံးကြိမ်လှည့်ယမ်း ရစ်ပတ်လျက် ဂင်္ဂါမြစ်၌ပစ်ပြီး ပြန်လှည့်ကြည့်လိုက်သည်ရှိသော် ကျရာအရပ်ကို မမြင်သဖြင့် “ငါသည် အောင်အပ်လေပြီ၊ ငါသည် အောင်အပ်လေပြီ”ဟု သုံးကြိမ် အသံပြုလေ၏။

ခုနှစ်ပြည်ထောင်မင်းတို့ အတုလိုက်၍ ရသေ့ရဟန်းပြုကြခြင်း

ထိုခဏ၌ ဗာရာဏသီ ပြည့်ရှင်မင်းကြီးသည် ပစ္စန္တရစ်ကိုရန်ငြိမ်းစေ၍ ပြန်လာသည်ရှိသော် ဂင်္ဂါမြစ်ကမ်းနား၌ သစ်ခက်တဲနန်းဖြင့် တည်းခိုနေ၍ ရေချိုးခြင်းငှာ မြစ်သို့ဆင်းသက်စဉ် ထိုအသံကို ကြားရလေ၏။ မင်းတို့မည်သည်ကား “ငါသည် အောင်အပ်လေပြီ”ဟူသော အသံသည် မနှစ်သက်အပ်သော အသံဖြစ်၏။ ထိုမင်းသည် ကုဒါလပဏ္ဍိတအထံသို့ သွား၍ “အကျွန်ုပ်သည် ယခုအခါ ရန်သူကိုဆုံးမ၍ ငါအောင်ပြီဟု လာခဲ့၏၊ ရှင်ရသေ့သည်ကား ငါအောင်ပြီ ငါအောင်ပြီဟုဆိုဘိ၏၊ ဤအောင်ခြင်းကား အဘယ်အောင်ခြင်းနည်း”ဟု မေးလေ၏။ ကုဒါလပဏ္ဍိတ ရသေ့သည်လည်း “အရှင်မင်းကြီးကား အပဖြစ်သော ခိုးသူတို့ကို အောင်တော်မူ၏။ အရှင်မင်းကြီး အောင်အပ်သောရန်သူသည် နောက်၌ တစ်ဖန် မအောင်အပ်သေးသည်သာလျှင် ဖြစ်တတ်၏၊ အကျွန်ုပ်ကား ကိုယ်တွင်း၌ဖြစ်သော လောဘဟူသော ခိုးသူကို အောင်အပ်၏၊ ထိုလောဘဟူသော ခိုးသူသည် တစ်ဖန် အကျွန်ုပ်ကို မအောင်နိုင်လတ္တံ့၊ ထိုအတွင်းရန်သူကို အောင်ခြင်းသည်သာလျှင် ကောင်းသော အောင်ခြင်းမည်၏”ဟု ဆို၍ ဤဂါထာကို ရွတ်ဆိုပြန်လေ၏။

န တံ ဇိတံ သာဓုဇိတံ၊ ယံ ဇိတံ အဝဇီယတိ။
တံ ခေါ ဇိတံ သာဓုဇိတံ၊ ယံ ဇိတံ နာဝဇီယတိ။

မဟာရာဇ၊ အိုမင်းမြတ်။ ယံ ဇိတံ၊ အကြင်အောင်ခြင်းသည်။ အဝဇီယတိ၊ ယုတ်သောအားဖြင့် အောင်၏။ ဝါ၊ အပရန်ကိုအောင်၏။ တံ ဇိတံ၊ ထိုအောင်ခြင်းသည်။ န သာဓုဇိတံ၊ ကောင်းသော အောင်ခြင်းမမည်။ ယံ ဇိတံ၊ အကြင်အောင်ခြင်းသည်။ နာဝဇီယတိ၊ မယုတ်သောအားဖြင့် အောင်၏။ ဝါ၊ အတွင်းရန်ကို အောင်၏။ ခေါ၊ စင်စစ်။ တံ ဇိတံ၊ ထိုအောင်ခြင်းသည်။ သာဓုဇိတံ၊ ကောင်းသောအောင်ခြင်းမည်၏။

ထိုခဏ၌ပင်လျှင် ဂင်္ဂါမြစ်(ရေ)ကို ကြည့်လျက် အာပေါကသိုဏ်းကို ဖြစ်စေပြီးလျှင် ရအပ်သော ဈာန်အထူးရှိသည်ဖြစ်၍ ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေနေခြင်းဖြင့် နေလေ၏။ မင်းကြီးသည်လည်း ဘုရားလောင်း ယောက်ျားမြတ်၏ တရားစကားကို ကြားနာရသဖြင့် ရှိခိုးကာ ရဟန်းအဖြစ်ကို တောင်းပန်ပြီးလျှင် ဗိုလ်ပါအပေါင်းနှင့်တကွ ရဟန်းပြုလေ၏။ ထိုအခါ တစ်ယူဇနာမျှလောက်သော ပရိသတ်သည် ဖြစ်လေ၏။ ဗာရာဏသီပြည်နှင့် နီးသောပြည်၌ စိုးစံသော ပြည်နီးချင်း မင်းတစ်ပါးသည် ဗာရာဏသီမင်း ရဟန်းပြုသောအဖြစ်ကို ကြားရ၍ ထိုမင်း၏တိုင်းပြည်ကို ယူအံ့ဟု လာပြီးသော် ထိုသို့သဘောရှိသော ပြည့်စုံကြွယ်ဝ ပြန့်ပြောလှသောပြည်သည် အချည်းနှီး ဆိတ်ငြိမ်လျက်ရှိသည်ကို မြင်ရ၍ “ဤသို့သဘောရှိသော ပြည်ကြီးကိုပင်စွန့်၍ ရသေ့ရဟန်းပြုပေ၏။ ယုတ်ညံ့သော နေရာဌာန၌မူကား ရသေ့ရဟန်း မပြုပေလတ္တံ့၊ ငါသည်လည်း ရဟန်းပြုခြင်းငှာ သင့်လျော် လျောက်ပတ်ပေ၏”ဟု ကြံဆင်ခြင်ပြီးလျှင် ဘုရားလောင်း၏ သီတင်းသုံးရာအရပ်သို့ သွားရောက်၍ ဘုရားလောင်း ယောက်ျားမြတ်ကို တောင်းပန်ပြီးလျှင် ပရိသတ် အခြံအရံနှင့်တကွ ရဟန်းပြုလေ၏။ ဤသို့သော နည်းအားဖြင့်သာလျှင် မင်းခုနစ်ယောက်တို့သည် စည်းစိမ်ချမ်းသာတို့ကိုစွန့်၍ ဤမျှအတိုင်းအရှည်ရှိသော လူအပေါင်းကို ခေါ်ယူပြီးလျှင် ရဟန်းပြုကြလေကုန်၏။ ဘုရားလောင်း ယောက်ျားမြတ်သည်လည်း မြတ်သောအကျင့် ကျင့်သုံးကာနေ၍ ဗြဟ္မာ့ပြည်သို့ လားလေ၏။

ဘုရားရှင်သည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ “ချစ်သားရဟန်းတို့- ငါဘုရားသည် ထိုအခါ ကုဒါလပဏ္ဍိတ ဖြစ်ဖူးပြီ၊ ဤကိလေသာတို့မည်သည်ကား ဤသို့သော အခြင်းအရာဖြင့် ဝန်လေးသောတရားတို့ ဖြစ်ကြကုန်၏”ဟု ဟောတော်မူလေ၏။

စိတ္တဟတ္ထမထေရ်ဝတ္ထု ပြီး၏။