မလဝဂ်

၈။ တိဿ ရဟန်းငယ် ဝတ္ထု

ဒဒါတိ ဝေအစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် တိဿအမည်ရှိသော ရဟန်းငယ်တစ်ပါးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အလှူရှင်တို့ကို ကဲ့ရဲ့သော ရဟန်း

ထိုတိဿရဟန်းငယ်သည် အနာထပိဏ် သူဌေးကြီး၏လည်းကောင်း၊ ဝိသာခါ ဒါယိကာမကြီး၏လည်းကောင်း ဤသို့ အစရှိကုန်သော ငါးကုဋေ အတိုင်းအရှည်ရှိသော အရိယာသာဝတို့၏ အလှူကို ကဲ့ရဲ့လျက် သွားလာလှည့်လည်သတတ်။ ကောသလမင်းတရားကြီး၏ အတုမရှိသော အသဒိသဒါန အလှူကြီးကိုသော်လည်း ကဲ့ရဲ့သည်သာလျှင်တည်း။ ထိုထိုအလှူရှင်တို့၏ အလှူပေးလှူရာ၌ အေးသော ခဲဖွယ်ဘောဇဉ်ကို ရသည်ရှိသော် အေးအေးကြီးဟု ကဲ့ရဲ့၏။ ပူသော ခဲဖွယ်ဘောဇဉ်ကိုရသော် ပူပူကြီးဟု ကဲ့ရဲ့၏၊ အနည်းငယ်ကို ပေးလှူရာ၌လည်း အဘယ့်ကြောင့် ဤသူတို့သည် နည်းနည်းကလေး လူကုန်ဘိသနည်းဟု ကဲ့ရဲ့၏။ အများကို လှူရာ၌လည်း ဤသူတို့၏အိမ်၌ ထားစရာနေရာ မရှိယောင်တကား ဟူ၍လည်းကောင်း၊ ရဟန်းတို့အား မျှတလောက်ရုံဖြစ်သော ခဲဖွယ်ဘောဇဉ်ကို လှူအပ်သည် မဟုတ်တုံလော၊ ဤမျှလောက်သော ယာဂုဆွမ်းကို အကျိုးမဲ့သာလျှင် စွန့်ကြဲဘိ၏ဟူ၍လည်းကောင်း ကဲ့ရဲ့ ၏။ မိမိ၏ အဆွေအမျိုးတို့ကို အကြောင်းပြု၍သော်ကား ငါတို့၏ ဆွေမျိုးတို့အိမ်၌ အရပ်လေးမျက်နှာတို့မှ ကြွရောက်လာကြကုန်သော ရဟန်းတို့၏ ရေတွင်းသဖွယ်ဖြစ်၍ဖြစ်၏၊ အံ့သြဖွယ် ရှိပေ၏။ ဤသို့စသော စကားတို့ကို ဆိုလျက် ချီးမွမ်းခြင်းကို ဖြစ်စေလေ၏။

ကဲ့ရဲ့သော ရဟန်းငယ်၏ မျိုးရိုးဇာတိကို စုံစမ်းကြခြင်း

(ထိုရဟန်းငယ်သည်ကား တစ်ယောက်သော တံခါးစောင့်၏ သားဖြစ်၍ ဇနပုဒ်သို့ သွားလာလှည့်လည်ကြကုန်သော လက်သမားတို့နှင့် အတူတကွ လှည့်လည်လတ်သည်ရှိသော် သာဝတ္ထိပြည်သို့ရောက်၍ ရဟန်းပြုသောသူဖြစ်၏။)

ထိုအခါ ရဟန်းတို့သည် ဤသို့ လူတို့၏ အလှူစသည်တို့ကို ကဲ့ရဲ့သော ထိုရဟန်းငယ်ကိုမြင်ရလျှင် ထိုရဟန်းငယ်ကို စူးစမ်းဆင်ခြင်ကြကုန်စို့အံ့ဟု ကြံပြီးလျှင် “ငါ့ရှင်- သင်၏အဆွေအမျိုးတို့သည် အဘယ်အရပ်၌ နေကြကုန်သနည်း”ဟု မေးပြီး၍ “ဤအမည်ရှိသောရွာ၌ နေ၏” ဟူသောစကားကို ကြားသိရ၍သာလျှင် နှစ်ပါးသုံးပါးကုန်သော ပဉ္စင်းငယ်တို့ကို စေလွှတ်ကြလေကုန်၏။ ထိုပဉ္စင်းငယ်တို့သည် ထိုရွာသို့သွား၍ ထိုရွာသားတို့သည် ဆွမ်းစားဇရပ်၌ နေစေကြကုန်လျက် ပြုစုအပ်သော ပူဇော်သက္ကာရ ရရှိကြကုန်သည်ရှိသော် “ဤရွာမှထွက်၍ ရဟန်းပြုသော တိဿအမည်ရှိသော ပဉ္စင်းငယ်တစ်ပါးသည် ရှိ၏၊ ထိုပဉ္စင်းငယ် တိဿ၏ အဆွေအမျိုးတို့သည် အဘယ်သူတို့ပေနည်း”ဟု မေးကြလေကုန်၏။ လူတို့သည် “ဤရွာ၌ အမျိုးသားတို့အိမ်မှထွက်၍ ရဟန်းပြုသောသူငယ်သည် မရှိရပါဘုရား”ဟု လျှောက်၍ “ဤအရှင်တို့သည် အဘယ်သူကို ပြောဆိုကြပါကုန်သနည်း”ဟု ကြံပြီးလျှင် “အရှင်ဘုရား- တစ်ယောက်သော တံခါးစောင့်၏သားသည် လက်သမားတို့နှင့် အတူတကွ လှည့်လည်၍ ရဟန်းပြုသော တိဿအမည်ရှိသော သူတစ်ယောက် ရှိပါသည်၊ ထိုသူကို ရည်စူး၍ ဆိုကြကုန်ယောင်တကား”ဟု လျှောက်ကြားလတ်သော် ပဉ္စင်းငယ်တို့သည် ထိုရွာ၌ တိဿရဟန်း၏ ကုံလုံကြွယ်ဝ အစိုးရသော အဆွေအမျိုးတို့၏ မရှိသည်အဖြစ်ကို သိရလျှင် သာဝတ္ထိပြည်သို့ပြန်သွားကြ၍ “အရှင်ဘုရားတို့- အကြောင်းမဲ့ သက်သက်သာလျှင် တိဿရဟန်းသည် မြည်တမ်းလျက် သွားလာလှည့်လည်ဘိ၏”ဟု ဆို၏။ ထိုအကြောင်းကို ရဟန်းတို့အား လျှောက်ကြားကြလေကုန်၏။ ရဟန်းတို့သည်လည်း ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။

ကဋာဟကဇာတ် အမြွက်

မြတ်စွာဘုရားသည် “ချစ်သား ရဟန်းတို့- ယခုအခါ၌သာလျှင် ကဲ့ရဲ့ရှုတ်ချသော စကားကိုဆိုလျက် လှည့်လည်သွားလာသည် မဟုတ်သေး၊ ရှေး၌လည်း ကဲ့ရဲ့ရှုတ်ချသော စကားကို ဆိုဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ရဟန်းတို့တောင်းပန်သောကြောင့် လွန်လေပြီးသော အတိတ်အကြောင်းကို ဆောင်တော်မူလျက်-

ဗဟုမ္ပိ သော ဝိကတ္ထေယျ၊ အညံ ဇနပဒံ ဂတော။
အနွာဂန္တွာန ဒူသေယျ၊ ဘုဉ္ဇ ဘောဂေ ကဋာဟက။

သော၊ ထိုသူသည်။ အညံ၊ တစ်ပါးသော။ ဇနပဒံ၊ ဇနပုဒ်သို့။ ဂတော၊ သွားသည်ရှိသော်။ ဗဟုမ္ပိ၊ များစွာလည်း။ ဝိကတ္ထေယျ၊ ကဲ့ရဲ့ရှုတ်ချရာ၏။ ကဋာဟက၊ ကဋာဟက အမည်ရှိသောသူ။ အနွာဂန္တွာန၊ နောက်တစ်ဖန် လာလတ်သည်ရှိသော်။ ဒူသေယျ၊ ဖျက်ဆီးရာ၏။ ဘောဂေ၊ စည်းစိမ်ချမ်းသာတို့ကို။ ဘုဉ္စ၊ သုံးဆောင် ခံစားလော့။

ဤကဋာဟကဇာတ်ကို အကျယ်ချဲ့၍ ဟောတော်မူလေ၏။ “ချစ်သားရဟန်းတို့- အကြင်ပုဂ္ဂိုလ်သည် တစ်ပါးသောသူတို့သည် အနည်းငယ်ကိုလည်းကောင်း, အများကိုလည်းကောင်း, ကြမ်းတမ်းသော ခဲဖွယ်ဘောဇဉ်ကိုလည်းကောင်း, မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ကိုလည်းကောင်း ပေးလှူသည်ရှိသော် ထိုသူအားလည်းကောင်း, တစ်ပါးသောသူတို့အားလည်းကောင်း ပေး၍ မိမိအား မပေးလှူသည်ရှိသော် မျက်နှာ မသာမယာ ဖြစ်တတ်၏။ ထိုပုဂ္ဂိုလ်အား ဈာန်သည်လည်းကောင်း, ဝိပဿနာသည်လည်းကောင်း, မဂ်ဖိုလ် စသည်တို့သည်လည်းကောင်း မဖြစ်နိုင်ကြကုန်”ဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၂၄၉] ဒဒါတိ ဝေ ယထာသဒ္ဓံ၊ ယထာ ပသာဒနံ ဇနော။
တတ္ထ ယော စ မင်္ကု ဘဝတိ၊ ပရေသံ ပါနဘောဇနေ။
န သော ဒိဝါ ဝါ ရတ္တိံ ဝါ၊ သမာဓိမဓိဂစ္ဆတိ။

[၂၅၀] ယဿစေတံ သမုစ္ဆိန္နံ၊ မူလဃစ္စံ သမူဟတံ။
သ ဝေ ဒိဝါ ဝါ ရတ္ထိံ ဝါ၊ သမာဓိမဓိဂစ္ဆတိ။

ယထာပသာဒနံ၊ ကြည်ညိုသည်အားလျော်စွာ။ ယထာ သဒ္ဓံ၊ သဒ္ဓါတရားရှိသည် အားလျော်စွာ။ ဝေ၊ စင်စစ်။ ဇနော၊ လူအပေါင်းသည်။ ဒဒါတိ၊ ပေးလှူ၏။ ပရေသံ၊ သူတစ်ပါးတို့၏။ တတ္ထ ပါနဘောဇနေ၊ ထိုအဖျော်,ဘောဇဉ် စသည်ကို လှူရာ၌။ ယောစ၊ အကြင်ပုဂ္ဂိုလ်သည်ကား။ မင်္ကု၊ နည်းပါးလေခြင်း, ကြမ်းတမ်းလေခြင်းဟု မျက်နှာမသာသည်။ ဘဝတိ၊ ဖြစ်၏။ သော၊ ထိုပုဂ္ဂိုလ်သည်။ ဒိဝါဝါ၊ နေ့၌လည်းကောင်း။ ရတ္တိံဝါ၊ ညဉ့်၌လည်းကောင်း။ သမာဓိံ၊ သမာဓိကို။ န အဓိဂစ္ဆတိ၊ မရနိုင်။

ယဿစ၊ အကြင်ပုဂ္ဂိုလ်အားကား။ ဧတံ၊ ဤမျက်နှာမသာခြင်းဟူသော အကုသိုလ်ကို။ သမုစ္ဆိန္နံ၊ ကောင်းစွာဖြတ်အပ်ပြီ။ မူလဃစ္စံ၊ အမြစ်ဖြတ်ခြင်းကို။ ကတွာ၊ ပြု၍။ သမူဟကံ၊ အကြွင်းမရှိ နုတ်အပ်ပြီ။ သော၊ ထိုပုဂ္ဂိုလ်သည်။ ဝေ၊ စင်စစ်။ ဒိဝါဝါ၊ နေ့၌လည်းကောင်း။ ရတ္တိံဝါ၊ ညဉ့်၌လည်းကောင်း။ သမာဓိံ၊ သမာဓိကို။ အဓိဂစ္ဆတိ၊ ရနိုင်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

တိဿ ရဟန်းငယ်ဝတ္ထု ပြီး၏။