2012ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၉။ ပဉ္စဥပါသကဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

မလဝဂ်

၉။ ဥပါသကာ ငါးယောက်ဝတ္ထု

နတ္ထိ ရာဂသမော အဂ္ဂိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ငါးယောက်သော ဥပါသကာတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

တရားနာစဉ် အိပ်ပျော်ခြင်း စသည်အကြောင်း

ထိုငါးယောက်သော ဒါယကာတို့သည် တရားတော်ကို နာလိုကုန်သည်ဖြစ်၍ ကျောင်းတော်သို့ သွားပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တင့်အပ်လျောက်ပတ်သော အရပ်၌ နေကြလေကုန်သတတ်။ ဘုရားရှင်တို့အားလည်း ဤသူကား မင်းတည်း၊ ဤသူကား ပုဏ္ဏားတည်း၊ ဤသူကား ကြွယ်ဝသောသူတည်း၊ ဤသူကား ဆင်းရဲသားတည်း၊ ဤသူအား မွန်မွန်မြတ်မြတ်ပြု၍ တရားဟောအံ့၊ ဤသူအား မဟောအံ့၊ ဤသို့ စိတ်တော်သည် မဖြစ်၊ အမှတ်မရှိ တစ်ယောက်ယောက်သောသူကို အကြောင်းပြု၍ တရားဟောတော်မူသည်ရှိသော် တရားတော်၌ ရိုသေခြင်းကို ရှေ့သွားပြုတော်မူ၍ ကောင်းကင်, မြစ်, ရေတံခွန် စီးကျဘိသကဲ့သို့ ဟောကြားတော်မူလေ၏။ ဤသို့ ဟောကြားတော်မူတတ်သော မြတ်စွာဘုရား၏ အထံတော်၌ နေကြကုန်သော ထိုသူတို့တွင် တစ်ယောက်သောသူသည် ထိုင်လျက်သာလျှင် အိပ်ပျော်လျက် နေလေ၏။ တစ်ယောက်သော သူသည် လက်ချောင်းဖြင့် မြေ၌ ရေးခြစ်လျက် နေလေ၏။ တစ်ယောက်သောသူသည် သစ်ပင်တစ်ပင်ကို လှုပ်လျက် နေလေ၏။ တစ်ယောက်သောသူသည် ကောင်းကင်သို့ တမော့မော့ ကြည့်လျက် နေလေ၏။ တစ်ယောက်သောသူသည်ကား ရိုသေစွာ နာကြားရလေ၏။ ရှင်အာနန္ဒာ မထေရ်မြတ်သည် မြတ်စွာဘုရားကို ယပ်ခတ်လျက် ထိုဒါယကာ ငါးဦးတို့၏ အမူအရာကိုကြည့်ကာ မြတ်စွာဘုရားကို “မြတ်စွာဘုရား- ရှင်တော်ဘုရားတို့သည် ဤငါးဦးသောသူတို့အား ကြီးစွာသောမိုးသည် ခြိမ်းသံ ခြိမ်းဘိသကဲ့သို့ တရားတော်ကို ဟောတော်မူကြပါ၏။ ဤသူတို့ကား ရှင်တော်ဘုရားတို့သည် တရားဟောတော်မူကြကုန်သော်လည်း ဤမည်သော အမှုကိုလည်းကောင်း၊ ဤမည်သော အမှုကိုလည်းကောင်း ပြုလုပ်ကာ နေကြပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။

တရားနာငါးဦးတို့၏ အတိတ်

“ချစ်သားအာနန္ဒာ- သင်သည် ဤဒါယကာ ငါးဦးတို့ကို မသိလေသလော”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- မှန်လှပါ၊ မသိပါဘုရား”ဟု လျှောက်ကြားလေ၏။ “ထိုဒါယကာ ငါးဦးတို့တွင် အကြင်ဒါယကာသည် အိပ်ပျော်လျက်နေ၏။ ထိုဒါယကာသည် ဘဝငါးရာတို့ပတ်လုံး မြွေအမျိုး၌ဖြစ်၍ အခွေတို့၌ ဦးခေါင်းထားလျက်သာ အိပ်ပျော်လေ့ရှိဖူး၏၊ ယခုအခါ၌လည်း ထိုဒါယကာအား အိပ်ခြင်းအလေ့ရှိ၏၊ အိပ်ပျော်နေဆဲဖြစ်၏၊ ထို့ကြောင့် ထိုဒါယကာ၏ နားတွင်းသို့ ငါဘုရားဟောသော တရားသံသည် မဝင်နိုင်”ဟု မိန့်တော်မူလတ်သော် “မြတ်စွာဘုရား- အသို့ပါနည်း၊ အစဉ်အတိုင်းအားဖြင့် ဟောကြားတော်မူကြပါသလား၊ ထိုသို့မဟုတ်မူ အကြားအကြားအားဖြင့် ဟောကြားတော်မူကြပါသလားဘုရား”ဟု လျှောက်ကြားပြန်သဖြင့် “ချစ်သား အာနန္ဒာ- ထိုဒါယကာ၏ ရံခါ လူ့အဖြစ်ကိုလည်းကောင်း၊ ရံခါ နတ်အဖြစ်ကိုလည်းကောင်း၊ ရံခါ နဂါးအဖြစ်ကိုလည်းကောင်း ဤသို့ အကြားအကြား၌ ဖြစ်သောသူ၏ ဘဝတို့ကို သဗ္ဗညုတဉာဏ်တော်ဖြင့်သော်လည်း ပိုင်းခြားခြင်းငှာ မတတ်နိုင်၊ အစဉ်အတိုင်းအားဖြင့်သာလျှင် ဤဒါယကာသည် ဘဝငါးရာတို့ပတ်လုံး နဂါးမျိုး၌ဖြစ်၍ အိပ်ပျော်နေရသော်လည်း အိပ်ခြင်း၌ မရောင့်ရဲနိုင်သေးသည်သာလျှင်တည်း၊ လက်ချောင်းတို့ဖြင့် မြေကို ရေးခြစ်လျက်နေသော ယောက်ျားသည်လည်း ဘဝငါးရာတို့ပတ်လုံး တီမျိုး၌ဖြစ်၍ မြေကို တူးနေရလေ၏၊ ယခုအခါ၌လည်း မြေကို တူးလျက်သာလျှင် ငါဘုရားဟောတော်မူသော တရားသံကို မကြားရနိုင်ရှာ၊ သစ်ပင်ကို လှုပ်လျက်နေသော ထိုယောက်ျားသည်လည်း အစဉ်အတိုင်းအားဖြင့် ဘဝငါးရာတို့ပတ်လုံး မျောက်မျိုး၌ ဖြစ်ဖူးလေ၏။ ယခုအခါ၌လည်း ရှေး၌ လေ့ကျက်ဖူးသည်အစွမ်းဖြင့် သစ်ပင်ကို လှုပ်နေသည်သာလျှင်တည်း၊ ထိုယောက်ျား၏ နားတွင်းသို့ ငါဘုရား ဟောတော်မူသော တရားသံသည် မဝင်နိုင်ရှာ၊ ကောင်းကင်သို့ မော့ကြည့်၍နေသော ထိုပုဏ္ဏားသည်လည်း ဘဝငါးရာတို့ပတ်လုံး နက္ခတ်ဖတ်တတ်သောသူ၏အဖြစ်ဖြင့် ဖြစ်ဖူးလေ၏၊ ယခုအခါ ရှေး၌ လေ့ကျက်ဖူးသည်အစွမ်းဖြင့် ယနေ့၌လည်း ကောင်းကင်သို့သာလျှင် မော့ကြည့်နေ၏၊ ထိုပုဏ္ဏား၏ နားတွင်းသို့ ငါဘုရား ဟောတော်မူသော တရားသံသည် မဝင်နိုင်ရှာ၊ ရိုသေစွာ တရားနာလျက် ထိုင်နေသော ဤသူကား အစဉ်အတိုင်းအားဖြင့် ဘဝငါးရာတို့ပတ်လုံး ဗေဒင်သုံးပုံတို့၏ ကမ်းတစ်ဘက်သို့ ရောက်သည်ဖြစ်၍ ဗေဒင်ကို သရဇ္ဈာယ်သော ပုဏ္ဏား၏အဖြစ်ဖြင့် ဖြစ်ဖူးလေ၏။ ယခုအခါ၌လည်း ဗေဒင်ကို ရှေ့နောက် နှီးနှောသကဲ့သို့ ရိုသေစွာ နာကြားဘိ၏”ဟု မိန့်တော်မူလေ၏။

တရားနာရန် လွယ်သလော, ခက်သလော

“မြတ်စွာဘုရား- ရှင်တော်ဘုရားတို့၏ ဟောတော်မူအပ်သော တရားဒေသနာတော်သည် အရေစသည်တို့ကို ဖြတ်လျက် ရိုးတွင်းခြင်ဆီကို ထိခိုက်၍ တည်ပါသည်ဘုရား၊ အဘယ်ကြောင့် ဤဒါယကာတို့သည် ရှင်တော်ဘုရားတို့ တရားဟောတော်မူကြပါကုန်သော်လည်း ရိုသေစွာ မနာနိုင်ကြပါသနည်းဘုရား”ဟု လျှောက်ကြားလေ၏။ “ချစ်သားအာနန္ဒာ- ငါဘုရား၏ တရားတော်ကို ချမ်းသာစွာနာအပ်သော အလွန်တရာ နာချင်စရာကောင်းလှသော တရားဟု အမှတ်ကို ပြုဘိယောင်တကား”ဟု မိန့်တော်မူလတ်သော် “မြတ်စွာဘုရား- အသို့ပါနည်း၊ ဆင်းရဲစွာ နာအပ်သော အလွန်တရာ နာချင်စရာမကောင်းလှသော တရားဖြစ်ပါသလားဘုရား”ဟု လျှောက်ကြားလေ၏။ “ချစ်သားအာနန္ဒာ- ဪ.. ဆင်းရဲစွာနာအပ်သော တရားဟူသည် ဟုတ်မှန်၏”ဟု မိန့်တော်မူလတ်သော် “မြတ်စွာဘုရား- အဘယ်အကြောင်းကြောင့်ပါနည်းဘုရား”ဟု လျှောက်ပြန်လေ၏။ “ချစ်သား အာနန္ဒာ- ဘုရားဟူ၍လည်းကောင်း၊ တရားဟူ၍လည်းကောင်း၊ သံဃာဟူ၍လည်းကောင်း ဤသို့သောပုဒ်ကို ဤသတ္တဝါတို့သည် များစွာသော ကမ္ဘာကုဋေ တစ်သိန်းတို့၌သော်လည်း မကြားအပ်စဖူး၊ ထို့ကြောင့် ဤတရားတော်ကို နာခြင်းငှာ မတတ်နိုင်ကြကုန်၊ မသိအပ်သော အစရှိသော သံသရာ၌ ဤသတ္တဝါတို့သည် တစ်ပါးမက များသောအပြားရှိသော မဂ်ဖိုလ်မှဖီလာ တိရစ္ဆာနကထာဖြစ်သော စကားကိုသာလျှင် ကြားရနာရကုန်လျက် လာကြရကုန်၏၊ ထို့ကြောင့် သေသောက်ရာ, ပျော်ရွှင်စွာ ကစားရာ, တလင်းဝန်း စသည်တို့သို့ သီဆိုကြကုန်လျက်, ကခုန်ကြကုန်လျက် သွားလာလှည့်လည်နိုင်ကြကုန်၏။ တရားတော်ကို နာခြင်းငှာ မတတ်နိုင်ကြကုန်”ဟု မိန့်တော်မူလတ်သော် “မြတ်စွာဘုရား- အဘယ်တရားကိုမှီ၍ ထိုသူတို့သည် မတတ်နိုင်ကြပါကုန်သနည်းဘုရား”ဟု မေးလျှောက်ပြန်လေ၏။ ထိုအခါ ရှင်အာနန္ဒာအား မြတ်စွာဘုရားသည် “ချစ်သားအာနန္ဒာ- ရာဂကိုမှီ၍, ဒေါသကိုမှီ၍, မောဟကိုမှီ၍, တဏှာကိုမှီ၍ မတတ်နိုင်ကြကုန်၊ ရာဂမီးနှင့်တူသော မီးမည်သည်မရှိ၊ ထိုရာဂမီးသည် ပြာကို မကြွင်းစေမူ၍ သတ္တဝါတို့ကို လောင်၏။ နေခုနစ်စင်း ထင်ရှားစွာ ထွက်ခြင်းကို မှီ၍ဖြစ်သော ကမ္ဘာဖျက်မီးသည်လည်း တစ်စုံတစ်ခုကို မကြွင်းစေမူ၍လျှင် လောကကို အကယ်၍ကား လောင်၏၊ ထိုသို့ပင် လောင်သော်လည်း ထိုကမ္ဘာဖျက်မီးသည် ရံခါ လောင်သည်သာတည်း၊ ရာဂဟူသောမီး၏ မလောင်သောကာလမည်သည် မရှိ၊ ထို့ကြောင့် ရာဂနှင့်တူသော မီးသည်လည်းကောင်း၊ ဒေါသနှင့်တူသော ဖမ်းယူတတ်သော သူသည်လည်းကောင်း၊ မောဟနှင့်တူသော ကွန်ရက်သည်လည်းကောင်း၊ တဏှာနှင့်တူသော မြစ်သည်လည်းကောင်း မရှိ”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၂၅၁] နတ္ထိ ရာဂသမော အဂ္ဂိ၊ နတ္ထိ ဒေါသသမော ဂဟော။
နတ္ထိ မောဟသမံ ဇာလံ၊ နတ္ထိ တဏှာသမာ နဒီ။

ရာဂသမော၊ ရာဂနှင့်တူသော။ အဂ္ဂိ၊ မီးသည်။ နတ္ထိ၊ မရှိ။ ဒေါသသမော၊ ဒေါသနှင့်တူသော။ ဂဟော၊ ဖမ်းယူတတ်သောသူသည်။ နတ္ထိ၊ မရှိ။ မောဟသမံ၊ မောဟနှင့်တူသော။ ဇာလံ၊ ကွန်ရက်သည်။ နတ္ထိ၊ မရှိ။ တဏှာသမာ၊ တဏှာနှင့်တူသော။ နဒီ၊ မြစ်သည်။ နတ္ထိ၊ မရှိ။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ရိုသေစွာ တရားတော်ကို နာကြားသော ဥပါသကာသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော သူတို့အားလည်း အကျိုးရှိသော ဒေသနာဖြစ်တော်မူလေ၏။

ဥပါသကာငါးယောက် ဝတ္ထု ပြီး၏။