နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/မဟာသတိပဋ္ဌာနသုတ္တန် ရှင်းလင်းချက်

မဟာသတိပဋ္ဌာနသုတ္တန် ရှင်းလင်းချက်

ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန်ကို ကာယာနုပဿနာပိုင်း၌ အခန်းပေါင်း (၁၄)ခန်း၊ ဝေဒနာနုပဿနာပိုင်း၌ ဝေဒနာကိုးမျိုးတို့ဖြင့် တန်ဆာဆင်ကာ အခန်း (၁)ခန်း၊ စိတ္တာနုပဿနာပိုင်း၌ တစ်ဆယ့်ခြောက်မျိုး သော စိတ်တို့ဖြင့် တန်ဆာဆင်ကာ အခန်း (၁)ခန်း၊ ဓမ္မာနုပဿနာပိုင်း၌ ဓမ္မသဘောတရားတို့ကို အုပ်စုကြီး ငါးပိုင်းတို့ဖြင့် တန်ဆာဆင်ကာ အခန်း (၅)ခန်း၊ အားလုံးပေါင်းသော် အခန်းပေါင်း (၂၁)ခန်းတို့ဖြင့် တန်ဆာဆင်ကာ ဟောကြားထားတော်မူပေသည်။ အခန်းတိုင်း အခန်းတိုင်း၌ ဝိပဿနာပိုင်းဝယ် အရဟတ္တဖိုလ်ဆိုက်သည်အထိ ဟောကြားထားတော်မူပေသည်။

ရှေးရှေးအဋ္ဌကထာတို့၏ ဖွင့်ဆိုချက်အတိုင်း ဆိုရမူ .. သမထပိုင်းဝယ် အာနာပါနအခန်း၌ အာနာပါနကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်ရောက်သည်အထိ ရှုပွားသုံးသပ်ရန် ညွှန်ကြားထားတော်မူ၏၊ (၃၂)ကောဋ္ဌာသတို့ကို ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့် နှလုံးသွင်းရှုပွားသုံးသပ်သည့် ပဋိကူလမနသိကာရအခန်း၌ ယင်း ကောဋ္ဌာသတို့၏ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောကို အာရုံယူကာ ပထမစျာန်သမာဓိသို့ ဆိုက်ရောက်သည့် တိုင်အောင် ရှုပွားသုံးသပ်ရန် ညွှန်ကြားထားတော်မူ၏၊ သူသေ အလောင်းကောင် (၉)မျိုးအခန်း၌ သူသေ အလောင်းကောင် (၉)မျိုးကို အာရုံယူကာ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့် နှလုံးသွင်းကာ ပထမစျာန် သမာဓိသို့ ဆိုက်ရောက်သည့်တိုင်အောင် ရှုပွားသုံးသပ်ရန် ညွှန်ကြားထားတော်မူ၏၊

သို့သော် မဟာသီဝမထေရ်မြတ်ကြီး၏ အယူအဆအရမူ ဘုရားရှင်သည် အာနာပါနကမ္မဋ္ဌာန်းနှင့် ပဋိကူလမနသိကာရကမ္မဋ္ဌာန်းတို့ကိုသာ အပ္ပနာစျာန်သမာဓိသို့ ဆိုက်သည့်တိုင်အောင် ရှုပွားသုံးသပ်ရန် ညွှန်ကြားထားတော် မူခြင်း ဖြစ်၏၊ သူသေ အလောင်းကောင် (၉)မျိုးတို့ကိုကား အပ္ပနာစျာန်သမာဓိသို့ ဆိုက်သည့်တိုင်အောင် ရှုပွား သုံးသပ်ရန် ညွှန်ကြားထားတော်မူသည်ကား မဟုတ်၊ မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ အပြစ်အာဒီနဝကို ရှုမြင်ရန် အာဒီနဝါနုပဿနာအဖြစ် ရှုပွားရန် ညွှန်ကြားထားတော်မူခြင်းဖြစ်၏ဟု ဆုံးဖြတ်ထားတော်မူပေသည်။[မှတ်စု ၁] အာဒီနဝါနုပဿနာဟူသည် ဝိပဿနာပိုင်းတွင် လာရှိသည့် “ဘာဝနာ (၄၀) ခေါ် တော (၄၀) ရှုကွက်”တို့ဝယ် ဒုက္ခလက္ခဏာ (၂၅)ချက်တို့တွင် အကျုံးဝင်သည့် အာဒီနဝါနုပဿနာရှုကွက်ပင် ဖြစ်သည်။[မှတ်စု ၂] ဝိဇယသုတ္တန်[မှတ်စု ၃]တွင် လာရှိသည့် ရဟန်းယောက်ျား ပရိသတ်, ရဟန်းမိန်းမ ပရိသတ်, အမျိုးသားဥပါသကာ ပရိသတ်, အမျိုးသမီးဥပါသိကာ ပရိသတ် ဟူသည့် ပရိသတ် (၄)မျိုးတို့ကို သိရိမာ၏ အလောင်းကို စံထားကာ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန် နှစ်မျိုးစလုံးတို့၌ “သိရိမာ၏ အလောင်းကဲ့သို့ ရွံရှာစက်ဆုပ်ဖွယ် အသုဘအလောင်းကောင်အဖြစ် ဉာဏ်ဖြင့် မြင်အောင် ကပ်ဆောင် ကြည့်ရှုလျက် အသုဘဘာဝနာကို ပွားများရန်” ညွှန်ကြားထားတော်မူ၏၊ ယင်းအသုဘဘာဝနာမှာ မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ ခန္ဓာအိမ်၏ အပြစ်အာဒီနဝကို ဉာဏ်ဖြင့် မြင်အောင် ရှုပွားရသည့် အာဒီနဝါနုပဿနာပင် ဖြစ်သည်။ ဤမဟာသတိပဋ္ဌာနသုတ္တန်၌လည်း ဘုရားရှင်သည် ပုံစံတူပင် ညွှန်ကြားထားတော်မူပေသည်။ ထိုကြောင့် မဟာသီဝ မထေရ်မြတ်ကြီးက ဤမဟာသတိပဋ္ဌာနသုတ္တန်၌ လာရှိသော သူသေ အလောင်းကောင် (၉)မျိုး ရှုကွက်မှာ အာဒီနဝါနုပဿနာဖြစ်ကြောင်းကို ဆုံးဖြတ်ထားတော်မူခြင်း ဖြစ်ပေသည်။

“ ကြွင်းကျန်သော ကမ္မဋ္ဌာန်းတို့သည် ဥပစာရကမ္မဋ္ဌာန်းတို့ ဖြစ်ကြကုန်၏” – ဟု အဋ္ဌကထာများ[မှတ်စု ၄]က ဆုံးဖြတ်ထားတော်မူကြ၏၊ ဤမဟာသတိပဋ္ဌာနသုတ္တန်တွင် အခန်းပေါင်း (၂၁)ခန်းရှိရာ ကာယာနုပဿနာပိုင်း၌ (၁၄)ခန်း ရှိပေသည်။ ထိုတွင် အာနာပါနကမ္မဋ္ဌာန်း ပဋိကူလမနသိကာရကမ္မဋ္ဌာန်း သူသေ အလောင်းကောင် (၉)မျိုး ကမ္မဋ္ဌာန်းတို့မှာ ရှေးရှေးအဋ္ဌကထာတို့၏ အယူအဆအရ အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း အပ္ပနာစျာန်သမာဓိသို့ ဆိုက်သည့်တိုင်အောင် ပွားများအားထုတ်ရမည့် အပ္ပနာကမ္မဋ္ဌာန်းတို့ ဖြစ်ကြ၏၊ ကြွင်းကုန်သော ဓာတုမနသိကာရ (= ဓာတ်ကြီးလေးပါးကို စတင်ကာ နှလုံးသွင်း ရှုပွားရသည့် ဓာတ်ကမ္မဋ္ဌာန်း)အခန်း၊ အဓွန့်ကာလ ရှည်လျားသည့် ဣရိယာပုထ် လေးပါးစလုံး၌ (ရုပ်နာမ်တို့ကို) သိမ်းဆည်း ရှုပွားရသည့် ဣရိယာပထအခန်း၊ အဓွန့်ကာလ အလယ်အလတ်ဖြစ်သည့်, အဓွန့်ကာလ တိုတောင်းသည့် ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်းစသည့် ဣရိယာပုထ် အမျိုးမျိုးတို့၌ (ရုပ်နာမ်တို့ကို) သမ္ပဇဉ်ဉာဏ်ဖြင့် သိမ်းဆည်းရှုပွားရသည့် သမ္ပဇဉ်အခန်း - ဤအခန်း (၃)ခန်းတို့ကား ဥပစာရကမ္မဋ္ဌာန်းတို့ ဖြစ်ကြ၏၊

သမထကမ္မဋ္ဌာန်းပိုင်း၌ ကမ္မဋ္ဌာန်း (၄၀) ရှိသည်ကား မှန်၏၊ သို့သော် ဝိပဿနာပိုင်းသို့ ရောက်ရှိလာသော အခါ၌မူကား ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းဟု ကမ္မဋ္ဌာန်း နှစ်မျိုးသာ ရှိပေသည်။ ထိုတွင် ရုပ်ကမ္မဋ္ဌာန်းရှုကွက်ကို ဟောကြားတော်မူရာ၌ ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်း ဓာတ်ကမ္မဋ္ဌာန်းအကျယ်နည်း ဤနည်း နှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော နည်းလမ်းဖြင့် ရုပ်တရားကို စတင်ကာ သိမ်းဆည်း ရှုပွားရန် ညွှန်ကြားထားတော်မူ၏၊[မှတ်စု ၅]ဓာတ်ကမ္မဋ္ဌာန်းကို စနစ်တကျ သိမ်းဆည်းရှုပွားလိုက်သော ယောဂီသည် ဓာတ်ကြီးလေးပါးအာရုံ၌ သမာဓိ နက်ရှိုင်းလာသောအခါ သဒိသူပစာရအားဖြင့် ဥပစာရသမာဓိအမည်ရသည့် ဥပစာရသမာဓိသို့ ဆိုက်ရောက်သွား၏၊[မှတ်စု ၆]ရုပ်ကလာပ်များကို ဉာဏ်ဖြင့် တွေ့မြင်ပြီးနောက် ရုပ်ကလာပ်တစ်ခု တစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးအာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော သမာဓိမျိုးကို ဆိုလိုသည်။

ဤဖော်ပြပါ အခန်း (၃)ခန်း ကမ္မဋ္ဌာန်း (၃)မျိုးတို့၌ ဓာတ်ကြီးလေးပါးကို ဦးတည်ကာ ဥပစာရသမာဓိသို့ ဆိုက်ရောက်သည့်တိုင်အောင် ရှေးဦးစွာ သမာဓိကို စတင်ထူထောင်ရမည့် ကမ္မဋ္ဌာန်းများ ဖြစ်ကြခြင်းကြောင့် ယင်း ကမ္မဋ္ဌာန်းတို့ကို ဥပစာရကမ္မဋ္ဌာန်းတို့ဟူ၍ ဖွင့်ဆိုထားတော်မူကြခြင်း ဖြစ်သည်။ ရုပ်ကလာပ်တစ်ခု တစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သောအခါ ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်မှ သမထပိုင်းတွင် အဆုံးဖြစ်၍ ဝိပဿနာပိုင်းတွင်လည်း အစ ဖြစ်ပေသည်။ ရုပ်ပရမတ်တရားတို့ကို စတင်ကာ ထိုးထွင်းသိမြင်သောအပိုင်း ဖြစ်သောကြောင့်တည်း။ သို့အတွက် ဤဓာတ်ကမ္မဋ္ဌာန်းမှာ သမထ ဝိပဿနာ နှစ်ဘက်ရ ကမ္မဋ္ဌာန်း ဖြစ်ပေသည်။

တစ်ဖန် မဟာသီဝမထေရ်မြတ်ကြီး၏ အယူအဆအရ ပြောဆိုရမူ သူသေ အလောင်းကောင် (၉)မျိုးနှင့် ဆက်စပ်နေသည့် အသုဘဘာဝနာ ရှုကွက်မှာလည်း ဥပစာရကမ္မဋ္ဌာန်းပင် ဖြစ်၏၊ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန် နှစ်မျိုးလုံးတို့၌ မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ သေပြီးပုပ်ပွနေသည့် အလောင်းကောင်အဖြစ် ဉာဏ်ဖြင့် မြင်အောင် ကပ်ဆောင် ကြည့်ရှုကာ မိမိအလောင်းကောင်၏ ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘော သူတစ်ပါးအလောင်းကောင်၏ ရွံရှာ စက်ဆုပ်ဖွယ် အသုဘသဘောတို့ကို ဉာဏ်ဖြင့် ကပ်ဆောင်ကာ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပွားသုံးသပ်ရမည့် လုပ်ငန်းခွင် ဖြစ်သည်။ ဗဟိဒ္ဓ သေနေသည့် အလောင်းကောင်၏ ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောကို ရှုပွားပြီးနောက် အသက်ထင်ရှား ရှိနေကြသည့် မိမိနှင့်တကွ အခြားအခြားသော သက်ရှိသတ္တဝါတို့၏ (တကယ် သေနေသည့် အလောင်းကောင်အတူ) သေနေသည့် အလောင်းကောင်အဖြစ် ဉာဏ်ဖြင့် မြင်အောင် ကပ်ဆောင်၍ အသုဘဘာဝနာကို ပွားများရမည်ဖြစ်ရာ ထိုကဲ့သို့ ရှုနိုင်ရေးမှာ သမာဓိနှင့် ယှဉ်သော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသည့် ဉာဏ်အရောင်အလင်း၏ အကူအညီကို ရရှိပါမှသာလျှင် ရှုပွားနိုင်မည် ဖြစ်ပေသည်။ သို့သော် ထိုသို့ ရှုနေသော အရှုခံအလောင်းကောင်အာရုံမှာ အဇ္ဈတ္တအလောင်းကောင်တစ်လှည့် ဗဟိဒ္ဓအလောင်းကောင် တစ်လှည့် လှည့်လည်ကာ ရှုပွားနေရသဖြင့် အပ္ပနာစျာန်သမာဓိသို့ မဆိုက်ရောက်နိုင်ဘဲ သဒိသူပစာရအားဖြင့် ဥပစာရသမာဓိအမည်ရသည့် သမာဓိတစ်မျိုးသို့သာ ဆိုက်ရောက်နိုင်သည့်အတွက် ဤကမ္မဋ္ဌာန်းကို ဥပစာရကမ္မဋ္ဌာန်း ဟု မဟာသီဝမထေရ်မြတ်ကြီးက မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။

သို့သော် ရှေးရှေးအဋ္ဌကထာကြီးများကလည်း ဤ ကမ္မဋ္ဌာန်း (၉)မျိုးတို့သည် ပထမစျာန်ကဲ့သို့သော အပ္ပနာစျာန် သမာဓိကို ရရှိနိုင်ကြသည့် အပ္ပနာကမ္မဋ္ဌာန်းများ ဖြစ်ကြောင်းကို ဖွင့်ဆိုထားတော်မူကြ၏၊ အကြောင်းမှာ ဤသို့ ဖြစ်၏၊ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် သုသာန်သင်္ချိုင်း၌ စွန့်ပစ်ထားအပ်သည့် သိရိမာအလောင်းကဲ့သို့ ပုပ်ပွနေသည့် လိင်တူ အလောင်းကောင်တစ်ခုကို တွေ့မြင်သောအခါ ယင်း လိင်တူ အလောင်းကောင်၏ ရွံရှာစက်ဆုပ်ဖွယ် အသုဘ သဘောကို အာရုံယူကာ သမာဓိကို ဆက်လက်ထူထောင်ခဲ့သော် ပထမစျာန်သမာဓိသို့ ဆိုက်ရောက်နိုင်၏၊ တစ်ဖန် ယင်းပထမစျာန်သမာဓိနှင့် ယှဉ်တွဲနေသည့် ဉာဏ်ကြောင့် ဖြစ်ပေါ်လာသည့် ဉာဏ်အလင်းရောင် အကူအညီဖြင့် မိမိလည်း ထိုအလောင်းကောင်ကဲ့သို့ ပုပ်ပွပြီး သေနေသည့် အလောင်းကောင် ဖြစ်နေပုံကို ဉာဏ်ဖြင့် မြင်အောင် ကပ်ဆောင်ကြည့်ရှုပါက ပုပ်ပွပြီး သေနေသည့် မိမိ၏ အလောင်းကောင်ကိုလည်း ဉာဏ်ဖြင့် တွေ့မြင်နိုင်ပေသည်။ အလားတူပင် အခြားအခြားသော မိမိနှင့် နီးစပ်ရာ သက်ရှိသတ္တဝါတို့၏ တစ်နေ့တွင် အလားတူ သေကျေပျက်စီးပြီးနောက် ပုပ်ပွနေသည့် အလောင်းကောင်များ ဖြစ်နေကြပုံကို ဉာဏ်ဖြင့် မြင်အောင် ကပ်ဆောင်ကြည့်ရှုပါကလည်း ဉာဏ်ဖြင့် တွေ့မြင်နိုင်သည်သာ ဖြစ်သည်။ ထိုသို့ တွေ့မြင်သောအခါ အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း အဇ္ဈတ္တ အလောင်းကောင်ကို အာရုံယူကာ အသုဘဘာဝနာကိုလည်း ပွားနိုင်၏၊ ဗဟိဒ္ဓအလောင်းကောင်ကို အာရုံယူကာ အသုဘဘာဝနာကိုလည်း ပွားနိုင်၏၊ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့်လည်း အသုဘဘာဝနာကို ပွားနိုင်၏၊ ထိုသို့ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် အလောင်းကောင်များကို ပြောင်းကာ ပြောင်းကာ အာရုံယူလျက် အသုဘဘာဝနာကို ပွားရာ၌ကား လိင်တူအလောင်းကောင် လိင်မတူအလောင်းကောင်ဟု ခွဲခြားနေရန် မလိုပေ။ လိင်တူသည်ဖြစ်စေ လိင်မတူသည်ဖြစ်စေ အလောင်းကောင် အားလုံးကိုပင် အာရုံယူကာ အသုဘဘာဝနာအဖြစ် စီးဖြန်းနိုင်ပေသည်။ ထိုကြောင့် ရှေးရှေးအဋ္ဌကထာကြီးများက ဤ သူသေကောင် (၉)မျိုးနှင့် ဆက်စပ်နေသည့် ကမ္မဋ္ဌာန်းကို ပထမစျာန် သမာဓိသို့လည်း ဆိုက်ရောက်အောင် ရှေးဦးစွာ ပွားများအားထုတ်နိုင်သည့် နည်းပရိယာယ် တစ်မျိုး ထင်ရှားရှိနေသဖြင့် ဤ သူသေကောင် (၉)မျိုးနှင့် ဆက်စပ်နေသည့် ကမ္မဋ္ဌာန်းကို အပ္ပနာကမ္မဋ္ဌာန်းအဖြစ် ဖွင့်ဆိုထားတော်မူခြင်း ဖြစ်ပေသည်။ ရှုကွက်ကို ဤကျမ်းစာ”လုပ်ငန်းခွင်အပိုင်း”တွင် ကြည့်ရှုပါ။

တစ်ဖန် ဝေဒနာနုပဿနာပိုင်း အခန်း (၁)ခန်း, စိတ္တာနုပဿနာပိုင်း အခန်း (၁)ခန်း, ဓမ္မာနုပဿနာပိုင်း အခန်း (၅)ခန်း - အားလုံးပေါင်းသော် အခန်း (၇)ခန်းတို့၌ လာရှိသော ဝေဒနာနုပဿနာကမ္မဋ္ဌာန်း စသည်တို့ကိုလည်း ဥပစာရကမ္မဋ္ဌာန်းများသာ ဖြစ်ကြောင်းကိုလည်း အဋ္ဌကထာများက ဖွင့်ဆိုထားတော်မူလျက် ရှိကြ၏၊ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏ ..။

ဝေဒနာနုပဿနာကမ္မဋ္ဌာန်း စိတ္တာနုပဿနာကမ္မဋ္ဌာန်း ဓမ္မာနုပဿနာကမ္မဋ္ဌာန်းတို့ကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် –– ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေ[မှတ်စု ၇]–– ရုပ်ကမ္မဋ္ဌာန်းကို ဉာဏ်ဖြင့် ပိုင်းခြားယူထားပြီး သိမ်းဆည်းထားပြီး ရှုပွားထားပြီး ဖြစ်ရမည်ဟု စည်းကမ်းသတ်မှတ်ချက် ပေးထား၏၊ အထက်တွင် ရှင်းလင်းတင်ပြခဲ့ပြီးသည့်အတိုင်း ရုပ်ကမ္မဋ္ဌာန်းကို စတင်အားသစ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ဓာတ်ကမ္မဋ္ဌာန်းကို စတင်ကာ အားထုတ်ရတော့မည် ဖြစ်၏၊ ယင်းဓာတ်ကမ္မဋ္ဌာန်းမှာလည်း သဒိသူပစာရအားဖြင့် ဥပစာရသမာဓိ အမည်ရသည့် ဥပစာရကမ္မဋ္ဌာန်း တစ်မျိုးသာ ဖြစ်ပေသည်။ ထိုကြောင့် ယင်းဥပစာရသမာဓိကို ဝိပဿနာ၏ အခြေခံပါဒက သမာဓိအဖြစ် ထူထောင်ကာ ဝေဒနာနုပဿနာကမ္မဋ္ဌာန်း စိတ္တာနုပဿနာကမ္မဋ္ဌာန်း ဓမ္မာနုပဿနာကမ္မဋ္ဌာန်းတို့ကို ဆက်လက်ပွားများရမည် ဖြစ်သည်။ ထိုသို့ ပွားများရာ၌လည်း ထိုရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို သိမ်းဆည်းရှုပွားသော အခါ ဉာဏ်အရောင်အလင်းကား ရှိတန်သလောက် ရှိနေ၏၊ သမာဓိလည်း ရှိတန်သလောက် ရှိနေ၏၊ ယင်းကဲ့သို့ ဉာဏ်အရောင်အလင်းကို ဖြစ်စေတတ်သည့် သမာဓိကိုလည်း သဒိသူပစာရအားဖြင့် ဥပစာရသမာဓိ ဟူ၍ပင် ခေါ်ဆိုပေသည်။ (မုချအားဖြင့်ကား ဝိပဿနာခဏိကသမာဓိသာ ဖြစ်သည်ဟု ဆိုလိုပေသည်။) [မှတ်စု ၈]

တစ်ဖန် အာနာပါနစတုတ္ထစျာန်သမာဓိကဲ့သို့သော စျာန်သမာဓိတစ်ခုခုကို ဝိပဿနာ၏ အခြေခံ ပါဒကစျာန် အဖြစ် သမာဓိကို ထူထောင်ကာ ယင်း ဝေဒနာနုပဿနာကမ္မဋ္ဌာန်း စိတ္တာနုပဿနာကမ္မဋ္ဌာန်း ဓမ္မာနုပဿနာ ကမ္မဋ္ဌာန်းတို့ကို ပွားများအားထုတ်ရာ၌လည်း ဝေဒနာ စိတ္တ ဓမ္မ အမည်ရသည့် ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို သိမ်းဆည်းရှုပွားရာ၌ ဉာဏ်အရောင်အလင်းကား ဆက်လက်တည်ရှိနေသည်သာ ဖြစ်သည်။ ထိုကဲ့သို့ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို သိမ်းဆည်းရှုပွားခိုက်၌လည်း သမာဓိကား ဆက်လက်တည်ရှိနေသည်သာ ဖြစ်သည်။ ယင်းသမာဓိနှင့် ယှဉ်သော ဉာဏ်ကြောင့် ဉာဏ်အရောင်အလင်းများ ဆက်လက်ကာ အဆက်မပြတ် ဖြစ်ပေါ်နေခြင်း ဖြစ်၏၊ ယင်း သမာဓိကိုလည်း သဒိသူပစာရအားဖြင့် ဥပစာရသမာဓိဟူ၍ပင် ခေါ်ဆိုပေသည်။ ဝိပဿနာကို ဆက်လက် ပွားများ အားထုတ်ရာ၌လည်း နည်းတူပင်သဘောပေါက်ပါ။

သဒိသူပစာရဟူသည်

အိမ်၏ အနီးအပါး၌ တည်ရှိသော မြေအဖို့ကိုသာ အိမ်ဥပစာဟု ခေါ်ဆိုသကဲ့သို့ ရွာ၏ အနီးအပါး၌ တည်ရှိသော မြေအရပ်ကိုသာ ရွာဥပစာဟု ခေါ်ဆိုသကဲ့သို့ အလားတူပင် စျာန်၏ အနီးအပါး၌ တည်ရှိသော (စျာနဝီထိတွင် အကျုံးဝင်သော ပရိကံ ဥပစာ အနုလုံ ဂေါတြဘူကဲ့သို့သော) သမာဓိမျိုးကိုသာ ဥပစာရသမာဓိဟု ခေါ်ဆိုအပ်၏၊ သို့သော် အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ဓာတ်ကမ္မဋ္ဌာန်းစသည်ကို ပွားများအားထုတ်ခြင်းကြောင့် အထွတ်အထိပ်သို့ ရောက်ရှိလာသော သမာဓိမှာ ကပ်စရာ စျာန်ကား မရှိ ဖြစ်ခဲ့၏၊ ဓာတ်ကမ္မဋ္ဌာန်း ဝေဒနာကမ္မဋ္ဌာန်း စသည်တို့ကို ပွားများအားထုတ်ခြင်းကြောင့် စျာန်သမာဓိသို့ကား မဆိုက်ရောက်နိုင်။ သို့သော် ဓာတ်ကမ္မဋ္ဌာန်း ဝေဒနာကမ္မဋ္ဌာန်း စသည်တို့ကို ပွားများအားထုတ်ခြင်းကြောင့် အထွတ်အထိပ်သို့ ရောက်ရှိလာသော သမာဓိမှာ စျာန်၏ အနီးအပါး၌ တည်ရှိသော တကယ့် ဥပစာရသမာဓိအစစ်နှင့် သမာဓိဒီဂရီစံချိန်ချင်း တူညီနေသောကြောင့် သဒိသူပစာရအားဖြင့် တင်စားကာ ယင်းသမာဓိများကိုလည်း ဥပစာရသမာဓိဟု ခေါ်ဆိုခြင်း ဖြစ်သည်။ အကယ်စင်စစ်မှာမူ ယင်းသမာဓိတို့မှာ ခဏိကစိတ္တေကဂ္ဂတာ အမည်ရသည့် ခဏိကသမာဓိ တစ်မျိုးသာ ဖြစ်ပေသည်။[မှတ်စု ၉]

အာနာပါန သမထပိုင်း

အာနာပါန သမထကျင့်စဉ်ပိုင်းတွင် ..
၁။ ဝင်သက်လေ-ထွက်သက်လေ၏ အရှည်ကို သိအောင် ကြိုးစားအားထုတ်ရန်
၂။ ဝင်သက်လေ-ထွက်သက်လေ၏ အတိုကို သိအောင် ကြိုးစားအားထုတ်ရန်
၃။ ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ကြိုးစား အားထုတ်ရန်
၄။ ဝင်သက်လေ-ထွက်သက်လေကို ငြိမ်အောင် ငြိမ်းအောင် ချုပ်ငြိမ်းအောင် ကြိုးစားအားထုတ်ရန် –– ဤသို့လျှင် အဆင့် (၄)ဆင့် ခွဲကာ ညွှန်ကြားထားတော်မူပေသည်။ ထိုတွင် “အရှည်-အတို”ကို အဋ္ဌကထာ ဋီကာများ[မှတ်စု ၁၀]က ဤသို့ ရှင်းလင်းတင်ပြထားကြ၏၊

အရှည်-အတို

“အချိန်ကာလ ခပ်ကြာကြာဖြစ်နေသော ဝင်သက်လေ-ထွက်သက်လေကို ‘အရှည်’ဟုလည်းကောင်း, အချိန်ကာလ ခပ်တိုတို ဖြစ်နေသော ဝင်သက်လေ-ထွက်သက်လေကို ‘အတို’ဟုလည်းကောင်း သိရှိပါလေ။”[မှတ်စု ၁၁]

ပဿမ္ဘယံ = အာနာပါနချုပ်ငြိမ်းမည့်အချိန်

အနုပုဗ္ဗနိရောဓသုတ္တန်[မှတ်စု ၁၂]

ရဟန်းတို့...အစဉ်အတိုင်း ချုပ်ငြိမ်းခြင်းတို့သည် ဤကိုးမျိုးတို့တည်း။ အဘယ်ကိုးမျိုးတို့နည်းဟူမူ ..
၁။ ပထမစျာန်ကို ဝင်စားသောပုဂ္ဂိုလ်အား ကာမသညာသည် ချုပ်ငြိမ်း၏၊
၂။ ဒုတိယစျာန်ကို ဝင်စားသော ပုဂ္ဂိုလ်အား ဝိတက်-ဝိစာရတို့သည် ချုပ်ငြိမ်းကုန်၏၊
၃။ တတိယစျာန်ကို ဝင်စားသော ပုဂ္ဂိုလ်အား နှစ်သိမ့်မှု ‘ပီတိ’ သည် ချုပ်ငြိမ်း၏၊
၄။ စတုတ္ထစျာန်ကို ဝင်စားသော ပုဂ္ဂိုလ်အား ဝင်သက်လေ-ထွက်သက်လေတို့သည် ချုပ်ငြိမ်းကုန်၏၊
၅။ အာကာသာနဉ္စာယတနစျာန်ကို ဝင်စားသော ပုဂ္ဂိုလ်အား ရူပသညာသည် ချုပ်ငြိမ်း၏၊
၆။ ဝိညာဏဉ္စာယတနစျာန်ကို ဝင်စားသော ပုဂ္ဂိုလ်အား အာကာသာနဉ္စာယတနသညာသည် ချုပ်ငြိမ်း၏၊
၇။ အာကိဉ္စညာယတနစျာန်ကို ဝင်စားသော ပုဂ္ဂိုလ်အား ဝိညာဏဉ္စာယတနသညာသည် ချုပ်ငြိမ်း၏၊
၈။ နေဝသညာနာသညာယတနစျာန်ကို ဝင်စားသော ပုဂ္ဂိုလ်အား အာကိဉ္စညာယတနသညာသည် ချုပ်ငြိမ်း၏၊
၉။ သညာ ဝေဒနာတို့ ချုပ်ငြိမ်းရာ နိရောဓသမာပတ်ကို ဝင်စားသောပုဂ္ဂိုလ်အား သညာသည်လည်းကောင်း, ဝေဒနာသည်လည်းကောင်း ချုပ်ငြိမ်း၏၊
ရဟန်းတို့... အစဉ်အတိုင်း ချုပ်ငြိမ်းခြင်းတို့သည် ဤကိုးမျိုးတို့တည်းဟု မိန့်ကြားတော်မူ၏၊[မှတ်စု ၁၃]

ဤအာနာပါနကမ္မဋ္ဌာန်းကို သမထပိုင်း၌ အာနာပါန ချုပ်ငြိမ်းသည့်တိုင်အောင် ကျင့်ရန် ညွှန်ကြားထားတော် မူ၏၊ အာနာပါနသည်လည်း အထက်ပါသုတ္တန်အရ စတုတ္ထစျာန်သမာဓိသို့ ဆိုက်ရောက်သည့်အခါမှသာလျှင် ချုပ်ငြိမ်းမည်ဖြစ်၏၊ သို့အတွက် ဤအာနာပါနကမ္မဋ္ဌာန်းကို သမထပိုင်း၌ စတုတ္ထစျာန်သို့ ဆိုက်သည့်တိုင်အောင် ရှုပွားရန် ဘုရားရှင်က ညွှန်ကြားထားတော်မူသည်ဟု သဘောပေါက်ပါ။ ကျင့်စဉ်အရပ်ရပ်ကိုကား ဤကျမ်းစာ လုပ်ငန်းခွင်အပိုင်းတွင် ဆက်လက် ကြည့်ရှုပါ။

အာနာပါန ဝိပဿနာပိုင်း - ပထမအဆင့်

ဝိပဿနာပိုင်းတွင် ဘုရားရှင်သည် အဇ္ဈတ္တ၌လည်းကောင်း, ဗဟိဒ္ဓ၌လည်းကောင်း, အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးစလုံး၌ လည်းကောင်း ကာယကို ကာယဟု အဖန်ဖန် အထပ်ထပ် ရှုပွားသုံးသပ်ရန် ညွှန်ကြားထားတော်မူ၏၊ ထိုတွင် ကာယ၏ အဓိပ္ပါယ်ကို ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးက ဤသို့ ရှင်းပြထားတော်မူ၏ ..။

ကာယဟူသည်

ကာယဟူသည် ..
၁။ နာမကာယ = နာမ်တရားအပေါင်းအစု၊
၂။ ရူပကာယ = ရုပ်တရားအပေါင်းအစုကို ဆိုလိုသည်။

၁။ နာမကာယ = ဝေဒနာ သညာ စေတနာ ဖဿ မနသိကာရ ဝိတက် ဝိစာရ စသည့် စိတ်+စေတသိက် နာမ်တရားအပေါင်းအစုသည် နာမကာယ မည်၏၊

၂။ မဟာဘုတ် ဓာတ်ကြီး (၄)ပါး, ယင်းမဟာဘုတ် ဓာတ်ကြီး (၄)ပါးကို မှီတွယ်ကာ ဖြစ်ပေါ်နေကြကုန်သော (၂၄)မျိုးသော ဥပါဒါရုပ်တို့သည်လည်းကောင်း၊ အဿာသ-ပဿာသသည်လည်းကောင်း၊ စိတ်ကို (= ဥပစာရ+ အပ္ပနာဘာဝနာစိတ်ကို) အာရုံတစ်ပါးသို့ လွင့်ပါးမသွားအောင် ဖွဲ့ချည်ထားကြောင်းဖြစ်သည့် နိမိတ် (= အာနာပါန ဥဂ္ဂဟနိမိတ်+အာနာပါနပဋိဘာဂနိမိတ်)သည်လည်းကောင်း ရူပကာယ ရုပ်တရားအပေါင်းအစု မည်၏၊

ယင်းရုပ်တရားတို့ကား ကံကြောင့်ဖြစ်သည့် ကမ္မဇရုပ်၊ စိတ်ကြောင့်ဖြစ်သည့် စိတ္တဇရုပ်၊ ရုပ်ကလာပ်တို့တွင် ပါဝင် တည်ရှိသော တေဇောဓာတ် (= ဥတု)ကြောင့်ဖြစ်သည့် ဥတုဇရုပ်၊ ရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော ဩဇာကြောင့် ဖြစ်သည့် အာဟာရဇရုပ်ဟု (၄)မျိုး ရှိ၏၊ ယင်း(၄)မျိုးကို ကရဇကာယဟု ခေါ်ဆို၏၊ ဆိုင်ရာ ဆိုင်ရာ အကြောင်းတရား ကြောင့် ထင်ရှားဖြစ်ပေါ်လာရသော ရုပ်တရားအစုအပုံဟု ဆိုလို၏၊ ဤအပိုင်းသည်ကား အာနာပါနစတုတ္ထစျာန်ကို ဝိပဿနာ၏ အခြေပါဒကစျာန်အဖြစ် သမာဓိကို ထူထောင်ကာ ဝိပဿနာကျင့်စဉ်ကို ညွှန်ကြားပြသနေသောအပိုင်း ဖြစ်သဖြင့် စိတ္တဇရုပ်ကလာပ်တို့တွင် အကျုံးဝင်သော အဿာသ-ပဿာသနှင့် အာနာပါနနိမိတ်တို့ကိုပါ ရုပ်တရား စာရင်းတွင် ထည့်သွင်းကာ အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီးက ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးတွင် ဟောကြား သွားတော်မူခြင်း ဖြစ်ပေသည်။[မှတ်စု ၁၄]

အဿာသ ပဿာသ

အဿာသ-ပဿာသ = ဝင်သက်လေ-ထွက်သက်လေဟူသည် ဟဒယဝတ္ထုရုပ်ကို မှီတွယ်ဖြစ်ပေါ်နေသည့် စိတ်ကြောင့်ဖြစ်သည့် စိတ္တဇရုပ်ကလာပ်တို့၏ အပေါင်းအစု ဖြစ်သည်။ ယင်း ရုပ်ကလာပ်တို့ကို ဝိပဿနာဉာဏ်ဖြင့် ဓာတ်ခွဲကြည့်လိုက်ပါက ရုပ်ကလာပ် တစ်ခု တစ်ခု၌ ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ (= အရောင်အဆင်း) ဂန္ဓ (= အနံ့) ရသ (= အရသာ) ဩဇာ (= အဆီအစေး) သဒ္ဒ (= အသက်ရှူသံ) - ဟု ရုပ်သဘောတရား (၉)မျိုးစီ ရှိ၏၊[မှတ်စု ၁၅] ယင်းရုပ်တရားတို့ကိုပါ ရူပကာယ (= ရုပ်တရားအပေါင်းအစု) စာရင်းတွင် ထည့်သွင်းကာ ထပ်မံ ဟောကြား သွားတော်မူခြင်း ဖြစ်ပေသည်။

အာနာပါနနိမိတ်

အာနာပါနနိမိတ် ဟူသည်မှာ စျာန်သမာဓိကဲ့သို့သော မွန်မြတ်သော သမထ ဘာဝနာစိတ်နှင့် ယှဉ်တွဲလျက်ရှိသော ဘာဝနာသညာကြောင့် ဖြစ်ပေါ်လာရသော ဝင်သက်လေ-ထွက်သက်လေနှင့် တစ်သားတည်း ရောနှောနေသော ရူပါရုံ အရောင်အဆင်းတို့၏ အပေါင်းအစု ဖြစ်၏၊ ဘာဝနာသညာ ကွဲပြားခြင်းကြောင့် နိမိတ်၏ အရောင်အဆင်းနှင့် ပုံသဏ္ဌာန်တို့ ကွဲပြားသွားသဖြင့် နိမိတ်အမျိုးမျိုးကို ယောဂါဝစရပုဂ္ဂိုလ်က တွေ့မြင်နေခြင်း ဖြစ်၏၊[မှတ်စု ၁၆] သို့သော် ဤအပိုင်း၌ ယောဂါဝစရပုဂ္ဂိုလ်က မိမိ၏ စိတ်ကို ရှုပွားနေသည့်အပိုင်း မဟုတ်သဖြင့် မိမိ၏ ဘာဝနာသညာ ကွဲပြား သွားသည်ကို သတိမပြုမိ ရှိတတ်ပေသည်။ ခိုင်ခံ့နေသည့် ဤအာနာပါနပဋိဘာဂနိမိတ်ကိုပင် ရည်ညွှန်းတော်မူကာ ဤသို့ ထပ်မံ ဟောကြားထားတော်မူပေသည်။

နိမိတ္တဉ္စ ဥပနိဗန္ဓနာ[မှတ်စု ၁၇] ––- စျာန်သမာဓိနှင့် ယှဉ်တွဲနေသည့် စျာန်စိတ်ကဲ့သို့သော စိတ်ဓာတ်ကို အာရုံ၌ ခိုင်မြဲစွာ အရှည် ခိုင်ခံ့ တည်တံ့အောင် ဖွဲ့ချည်ကြောင်းဖြစ်သည့် ယင်းအာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော နိမိတ်ကိုလည်း အာနာပါနအပိုင်း ဖြစ်သည့်အတွက်ကြောင့် ရူပကာယ (= ရုပ်တရားအပေါင်းအစု) စာရင်းတွင် ထည့်သွင်းကာ ထပ်မံ ဟောကြားသွားတော်မူခြင်း ဖြစ်ပေသည်။ အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ပကတိသော အာနာပါန = ဝင်သက်လေ-ထွက်သက်လေဟူသည် စိတ္တဇရုပ်ကလာပ်တို့၏ အပေါင်းအစုပင် ဖြစ်သည်။ အာနာပါန နိမိတ်ဟူသည် ယင်းဝင်သက်လေ-ထွက်သက်လေဟူသော ရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိကြသော ဝဏ္ဏဓာတ် ရူပါရုံ အရောင်အဆင်းတို့၏ အပေါင်းအစုနှင့် နောက်တွင် ဆက်လက်တင်ပြမည့် ယင်းစိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင် တည်ရှိသော တေဇောဓာတ် (= ဥတု) အသီးအသီးကြောင့် ဆင့်ကဲဖြစ်ပွားလာကြကုန်သော စိတ္တပစ္စယ-ဥတုဇရုပ်တို့၏ အပေါင်းအစုပင် ဖြစ်သည်။ ယောဂီပုဂ္ဂိုလ်သည် ဤအပိုင်းတွင် ဓာတ်ကမ္မဋ္ဌာန်းကို စနစ်တကျ မရှုပွားရသေးသဖြင့် ရုပ်ကလာပ်တို့ကို မမြင်နိုင်သေးဘဲ ရုပ်ကလာပ်တို့၏ အရောင်အဆင်းကို အတုံးလိုက် အခဲလိုက် အစုလိုက် အပုံလိုက် မြင်တွေ့နေခြင်း ဖြစ်၏၊ စျာန်စိတ်ကဲ့သို့သော စိတ်တစ်ခု တစ်ခုသည် စိတ္တဇရုပ်ကလာပ်ပေါင်း များစွာကို ဖြစ်စေနိုင်သည့် စွမ်းအား ရှိ၏၊ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း၌လည်း စိတ်တို့မည်သည် အကြိမ် ကုဋေတစ်သိန်းမက ဖြစ်နိုင်သည့် စွမ်းအားရှိကြသဖြင့် ဟဒယဝတ္ထုရုပ်ကို မှီတွယ်ဖြစ်ပေါ်နေကြသည့် စိတ်တိုင်းစိတ်တိုင်းကလည်း စိတ္တဇရုပ်ကလာပ်ပေါင်း များစွာကို ဖြစ်စေနိုင်ရကား ယင်းစိတ္တဇရုပ်ကလာပ်တို့၏ အရေအတွက်မှာ အလွန့်အလွန် များပြားလှပေသည်။ တစ်ဖန် ရုပ်တို့၏ သက်တမ်းမှာ စိတ္တက္ခဏ (၁၇)ချက် သက်တမ်းရှည်ကြသဖြင့် ရှေးရှေးစိတ္တက္ခဏကြောင့် ဖြစ်သော ရုပ်တို့၏ သက်တမ်း မကုန်ဆုံးမီ နောက်နောက်စိတ္တက္ခဏကြောင့်ဖြစ်သည့် ရုပ်တို့ကား ဆင့်ကာဆင့်ကာ ထပ်ကာထပ်ကာ အဆက်မပြတ် တရစပ် ဖြစ်နေကြသဖြင့် ယင်းရုပ်ကလာပ်တို့၏ အရောင်အဆင်းမှာ ရုပ်ဃနအတုံးအခဲကို မဖြိုခွဲနိုင်သေးသူတို့အတွက် အစဉ်အတန်း တစ်ခုတည်းကဲ့သို့ ဖြစ်ပေါ်နေ၏၊

တစ်ဖန် ယင်းစိတ္တဇရုပ်ကလာပ်တိုင်းတွင် ပါဝင်တည်ရှိသော တေဇောဓာတ် (= ဥတု)တိုင်းကလည်း ရုပ်ကလာပ် အသစ်အသစ်ကို အဆက်မပြတ် တရစပ် များစွာ ဖြစ်စေကြပြန်၏၊ သို့သော် ယင်း တေဇောဓာတ် (= ဥတု)ကြောင့် အဆက်မပြတ် ဖြစ်ပွားနေသော ဥတုဇရုပ်တို့ကား အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့တိုင်အောင် ပျံ့နှံ့ကာ ဖြစ်ပွားနေကြ၏၊ ယင်းဥတုဇရုပ်ကလာပ်တိုင်းတွင် ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် ရူပါရုံကလည်း ဘာသုရရူပ = ကြည်လင်တောက်ပ လျက်ပင် ရှိ၏၊ ယင်းဥတုဇရုပ်ကလာပ်တို့မှာ စျာန်သမာဓိကဲ့သို့သော မွန်မြတ်သော သမထဘာဝနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာကြသည့် စိတ္တဇရုပ်ကလာပ်တို့တွင် တည်ရှိသော တေဇောဓာတ် (= ဥတု)ကြောင့် ဆင့်ကဲ ဖြစ်ပွား လာကြရသော ဥတုဇရုပ်တို့ ဖြစ်ခြင်းကြောင့် ယင်းတို့ကို စိတ္တပစ္စယ-ဥတုဇရုပ်တို့ဟူ၍ ခေါ်ဆိုပေသည်။

နိမိတ်ဟူသည် အထက်တွင် တင်ပြထားသည့် စိတ္တဇရုပ်ကလာပ်တို့နှင့် စိတ္တပစ္စယ-ဥတုဇရုပ်တို့၌ ပါဝင် တည်ရှိသော ဝဏ္ဏဓာတ် ရူပါရုံ အပေါင်းအစုတို့၏ အရောင်အဆင်းပင်တည်း။ သို့သော် ယင်းနိမိတ်မှာ ဝင်သက်လေ ထွက်သက်လေနှင့် တစ်သားတည်း ရောနှောကာ ဖြစ်ပေါ်လျက်ရှိ၏၊ တစ်နည်းဆိုရသော် နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်း ပတ်ဝန်းကျင်တွင် တည်ရှိနေသော ဝင်သက်လေ-ထွက်သက်လေဟု ခေါ်ဆိုအပ်သော ယင်း စိတ္တဇရုပ်ကလာပ်တို့နှင့် စိတ္တပစ္စယ-ဥတုဇရုပ်ကလာပ်တို့၏ ဝဏ္ဏဓာတ် ရူပါရုံ အပေါင်းအစုတို့၏ ရုပ်တုံး ရုပ်ခဲ မပြိုကွဲသေးသည့် အတုံးလိုက် အခဲလိုက် တည်ရှိနေသော အရောင်အဆင်းပင်တည်း။

ဤနေရာ၌ အထူးသတိပြုရန်အချက်မှာ သမထဘာဝနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာကြသော စိတ္တဇရုပ်ကလာပ် တို့ကား အဇ္ဈတ္တတွင်သာ ပျံ့နှံ့တည်ရှိကြ၏၊ ယင်းစိတ္တပစ္စယ-ဥတုဇရုပ်ကလာပ်တို့မှာကား အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့တိုင်အောင် ယောဂါဝစရပုဂ္ဂိုလ်၏ ဝန်းကျင်ပတ်ချာ အရပ် (၁၀)မျက်နှာ၌ ပျံ့နှံ့တည်ရှိနေကြ၏၊ စျာန်သမာဓိ ကဲ့သို့သော သမထဘာဝနာသမာဓိသည် နက်ရှိုင်းလျှင် နက်ရှိုင်းသလို ယင်းအရောင်အလင်းမှာလည်း ပို၍ ပို၍ တောက်ပ၏၊ ခန္ဓာအိမ်၏ ဝန်းကျင်ပတ်ချာ အရပ် (၁၀)မျက်နှာ၌ ပျံ့နှံ့တည်ရှိနေသော ယင်းအရောင်အလင်းကို ဉာဏာလောက = ဉာဏ်ရောင်ဟု ခေါ်ဆိုပေသည်။[မှတ်စု ၁၈] သို့သော် အာနာပါနပဋိဘာဂနိမိတ်မှာကား ဝင်သက်လေ ထွက်သက်လေနှင့် တစ်သားတည်း ရောနှောကာ ဖြစ်ပေါ်လျက်ရှိနေသော အရောင်အဆင်းတို့၏ အပေါင်းအစုသာ ဖြစ်၏၊ နိမိတ်နှင့် ဉာဏ်ရောင်တို့၏ အကြောင်းအရင်းမှာ စျာန်သမာဓိကဲ့သို့သော မွန်မြတ်သော သမထဘာဝနာ စိတ်သာ ဖြစ်ပေသည်။ ဝိပဿနာဘာဝနာစိတ်ကြောင့် ထင်ရှားဖြစ်ပေါ်လာသော ဝိပဿနာဉာဏ် အရောင်အလင်းကိုလည်း အလားတူပင် မှတ်သားပါလေ။[မှတ်စု ၁၉]

ဤအထက်ပါ ရှင်းလင်းချက်များအရ ကာယာနုပဿနာပိုင်းတွင် ရုပ်တရားသက်သက်ကိုသာ ဝိပဿနာ ရှုရသည် မဟုတ်သေး၊ ဆိုင်ရာဆိုင်ရာ ရုပ်တရားတွေကို မှီတွယ်ကာ အာရုံ (၆)မျိုးကို ထိုက်သလို အာရုံယူနေကြသည့် နာမ်တရားတို့ကိုလည်း ဝိပဿနာ ရှုပွားရမည်ဟု မှတ်သားပါ။ အကြောင်းမှာ ...

ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်ရောက်နိုင်၊ နာမ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်ရောက်နိုင်။ သို့အတွက် ရံခါ ရုပ်တရားကို အာရုံယူ၍ ရံခါ နာမ်တရားကို အာရုံယူ၍ လက္ခဏာရေးသုံးတန်သို့ တင်ကာ တွင်တွင်ကြီး ဝိပဿနာ ရှုရမည် ဖြစ်၏၊ အလားတူပင် အဇ္ဈတ္တ ခန္ဓာငါးပါး (= ရုပ်တရား နာမ်တရား) သက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်ရောက်နိုင်၊ ဗဟိဒ္ဓ ခန္ဓာငါးပါး (= ရုပ်တရား နာမ်တရား) သက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်ရောက်နိုင်။ သို့အတွက် ရံခါ အဇ္ဈတ္တ ခန္ဓာငါးပါး (= ရုပ်တရား နာမ်တရား)ကို အာရုံယူ၍ ရံခါ ဗဟိဒ္ဓ ခန္ဓာငါးပါး (= ရုပ်တရား နာမ်တရား)ကို အာရုံယူ၍ လက္ခဏာရေးသုံးတန်သို့တင်ကာ တွင်တွင်ကြီး ဝိပဿနာ ရှုရမည် ဖြစ်၏၊[မှတ်စု ၂၀]

ထို့ကြောင့် ဘုရားရှင်က ဤသတိပဋ္ဌာန်ဒေသနာတော်၌ အခန်းပေါင်း (၂၁)ခန်းရှိရာ အခန်းတိုင်း အခန်းတိုင်း၌ ရူပကာယ နာမကာယ ဟု ခေါ်ဆိုသည့် ရုပ်တရား နာမ်တရား နှစ်မျိုးစလုံးကိုလည်းကောင်း၊ အဇ္ဈတ္တ ခန္ဓာငါးပါး (= ရုပ်တရား နာမ်တရား) ဗဟိဒ္ဓ ခန္ဓာငါးပါး (= ရုပ်တရား နာမ်တရား) နှစ်မျိုးစလုံးကိုလည်းကောင်း ဝိပဿနာ ရှုရန် ညွှန်ကြားထားတော်မူခြင်း ဖြစ်ပေသည်။ အလုံးစုံသော ခန္ဓာငါးပါး (= ရုပ်တရား နာမ်တရား)တို့ကို ဉာတပရိညာ တီရဏပရိညာ ပဟာနပရိညာဟူသော ပရိညာပညာသုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား မသိရှိပါက သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ဆုံးခြင်းငှာ မထိုက်၊ သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ဆုံးရာဖြစ်သည့် နိဗ္ဗာန်သို့ မရောက်ရှိနိုင်ဟူသော အထက်တွင် ရှင်းပြခဲ့သည့် အပရိဇာနနသုတ္တန်[မှတ်စု ၂၁] အဆိုအမိန့်ကိုလည်း ပြန်လည်ကာ သတိပြုပါ။

ပရိညာပညာ (၃) မျိုး

ဤတွင် ဝိပဿနာပိုင်းဆိုင်ရာ လောကီပရိညာ (၃)ပါးအကြောင်း[မှတ်စု ၂၂]ကို ရှင်းလင်းတင်ပြပေအံ့ ..။

၁။ ဉာတပရိညာ –– ရုပ်တရားတို့၏ ဖောက်ပြန်ပျက်စီးတတ်သော ရုပ္ပနလက္ခဏာကိုလည်းကောင်း၊ နာမ်တရားတို့၏ မိမိတို့၏ ဆိုင်ရာဆိုင်ရာအာရုံသို့ ညွတ်ကိုင်းရှိုင်းတတ်သော နမနလက္ခဏာကိုလည်းကောင်း၊ ရုပ်တရားအသီးအသီး၏ ကိုယ်ပိုင်သဘာဝလက္ခဏာ နာမ်တရားအသီးအသီး၏ ကိုယ်ပိုင်သဘာဝလက္ခဏာကိုလည်းကောင်း၊ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂)ရပ်တို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးကိုလည်းကောင်း ထိုးထွင်းသိမြင်တတ်သော ဉာဏ်ပညာသည် ဉာတပရိညာ မည်၏၊ ထို ဉာတပရိညာပညာသို့ ဆိုက်ရောက်ရေးအတွက် ယောဂါဝစရပုဂ္ဂိုလ်သည် လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် ရုပ်တရား နာမ်တရား အသီးအသီးကိုလည်းကောင်း, ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကို လည်းကောင်း ဉာဏ်ဖြင့် ပိုင်းခြားယူရမည် သိမ်းဆည်းရှုပွားရမည် ဖြစ်ပေသည်။ ဉာဏ်စဉ်နည်းအားဖြင့် နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးတို့သည် ဉာတပရိညာဟူသော အမည်ကို ရရှိကြပေသည်။ သိသင့် သိထိုက်သည့် ရုပ်နာမ်ပရမတ်တို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးကိုလည်းကောင်း အကြောင်းတရားနှင့် အကျိုးတရားတို့ကိုလည်းကောင်း ပိုင်းပိုင်းခြာခြား သိသောကြောင့် ဤ ဉာဏ် နှစ်ပါးတို့သည် ဉာတပရိညာဟူသော အမည်ကို ရရှိကြပေသည်။

၂။ တီရဏပရိညာ ––- ရုပ်တရား နာမ်တရားတို့ကို ပေါင်းစုခြုံငုံကာ အုပ်စုအလိုက် လက္ခဏာရေးသုံးတန်သို့ တင်ကာ ရှုပွားသုံးသပ်တတ်သော ဝိပဿနာဉာဏ်ကိုလည်းကောင်း, အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတို့ကို ပေါင်းစုခြုံငုံလျက် လက္ခဏာရေးသုံးတန်သို့ တင်ကာ ရှုပွားသုံးသပ်တတ်သော ဝိပဿနာဉာဏ်ကိုလည်းကောင်း ကလာပသမ္မသနဉာဏ်ဟု ခေါ်ဆိုပေသည်။ ယင်းကလာပသမ္မသနဉာဏ်မှစ၍ အကြောင်းတရားနှင့်တကွသော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၏ ဖြစ်မှု-ပျက်မှုကို ခဏပစ္စုပ္ပန်သို့ ဆိုက်သည့်တိုင်အောင် ထိုးထွင်းသိမြင်လျက် လက္ခဏာရေးသုံးတန်သို့ တင်ကာ ရှုပွားသုံးသပ်တတ်သော ဥဒယဗ္ဗယဉာဏ်သို့တိုင်အောင်သော ဝိပဿနာဉာဏ်တို့ကို တီရဏပရိညာဟု ခေါ်ဆိုပေသည်။ ယင်းသမ္မသနဉာဏ်နှင့် ဥဒယဗ္ဗယဉာဏ် နှစ်မျိုးတို့သည် သိသင့်သိထိုက်သော သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာတို့ကို ပိုင်ပိုင်နိုင်နိုင် ထိုးထွင်းသိမြင်လျက် ယင်းသင်္ခါရ တရားတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု စူးစမ်းဆင်ခြင် ဆုံးဖြတ်ချက် ချနိုင်သော ဉာဏ်များ ဖြစ်ခြင်းကြောင့် တီရဏပရိညာဟူသော အမည်ကို ရရှိကြပေသည်။

၃။ ပဟာနပရိညာ ––- သင်္ခါရတရားတို့၏ အပျက်သက်သက်ကိုသာ ရှုမြင်၍ လက္ခဏာရေးသုံးတန်သို့ တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုနေသော ဘင်္ဂါနုပဿနာဉာဏ်မှစ၍ အထက်ပိုင်း ဝိပဿနာဉာဏ်အားလုံးတို့ကို ပဟာန ပရိညာဟု ခေါ်ဆိုပေသည်။ သင်္ခါရတရားတို့၏ အပျက်သက်သက်ကို အာရုံယူကာ အနိစ္စဟု ရှုပွားသုံးသပ်တတ်သော, အနိစ္စအခြင်းအရာကို ပိုင်ပိုင်နိုင်နိုင် ထိုးထွင်းသိမြင်နေသော အနိစ္စာနုပဿနာဉာဏ်က သင်္ခါရတို့၌ နိစ္စဟု စွဲယူသော နိစ္စသညာကို ပယ်စွန့်နိုင်၏၊ အလားတူပင် ယင်း သင်္ခါရတို့၏ အပျက်ကိုပင် အာရုံယူကာ ဒုက္ခဟု ရှုပွားသုံးသပ် တတ်သော, ဒုက္ခအခြင်းအရာကို ပိုင်ပိုင်နိုင်နိုင် ထိုးထွင်းသိမြင်နေသော ဒုက္ခာနုပဿနာဉာဏ်က သင်္ခါရတို့၌ သုခဟု စွဲယူသော သုခသညာကို ပယ်စွန့်နိုင်၏၊ အလားတူပင် ယင်းသင်္ခါရတို့၏ အပျက်ကိုပင် အာရုံယူကာ အနတ္တဟု ရှုပွားသုံးသပ်တတ်သော, အနတ္တအခြင်းအရာကို ပိုင်ပိုင်နိုင်နိုင် ထိုးထွင်းသိမြင်နေသော အနတ္တာနုပဿနာဉာဏ်က သင်္ခါရတို့၌ အတ္တဟု စွဲယူသော အတ္တသညာကို ပယ်စွန့်နိုင်၏၊

အလားတူပင် ယင်းသင်္ခါရတို့၏ အပျက်ကိုပင် အာရုံယူကာ အနိစ္စဟု ဒုက္ခဟု အနတ္တဟု ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပွားသုံးသပ်နေသည့်အတွက် ယင်းသင်္ခါရတရားတို့အပေါ်၌ ငြီးငွေ့မှု နိဗ္ဗိန္ဒဉာဏ်သည် ထင်ရှား ဖြစ်ပေါ်လာ၏၊ သင်္ခါရတရားတို့အပေါ်၌ ငြီးငွေ့ဖွယ်အဖြစ် ရှုမြင်တတ်သော ယင်းနိဗ္ဗိဒါနုပဿနာဉာဏ်က သင်္ခါရ တရားတို့အပေါ်၌ နှစ်သက်မှု နန္ဒီတရားကို ပယ်စွန့်နိုင်၏၊

အလားတူပင် ယင်းသင်္ခါရတို့၏ အပျက်ကိုပင် အာရုံယူကာ အနိစ္စဟု ဒုက္ခဟု အနတ္တဟု ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပွားသုံးသပ်နေသည့်အတွက် ယင်းသင်္ခါရတရားတို့အပေါ်၌ ငြီးငွေ့ဖွယ်အဖြစ် ရှုမြင်ကာ ယင်းသင်္ခါရ တရားတို့၌ တပ်မက်မှု တဏှာသည် ကင်းပြတ်သွား၏၊ ယင်းသို့ တပ်မက်မှု တဏှာ ကင်းပြတ်စေသည့်, အနိစ္စဟု ဒုက္ခဟု အနတ္တဟု ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပွားသုံးသပ်နေသည့် ဝိပဿနာဉာဏ်ကို ဝိရာဂါနုပဿနာ ဉာဏ်ဟု ခေါ်ဆို၏၊ ယင်းဝိရာဂါနုပဿနာဉာဏ်က သင်္ခါရတရားတို့အပေါ်၌ တွယ်တာမက်မောနေသည့် ရာဂကို ပယ်စွန့်လိုက်ခြင်း ဖြစ်၏၊

အလားတူပင် ယင်းသင်္ခါရတို့၏ အပျက်ကိုပင် အာရုံယူကာ အနိစ္စဟု ဒုက္ခဟု အနတ္တဟု ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပွားသုံးသပ်နေသည့်အတွက် ယင်းသင်္ခါရတရားတို့၌ တပ်မက်မှု တဏှာသည် ချုပ်ငြိမ်းသွား၏၊ ယင်းတဏှာကား ဒုက္ခသစ္စာအမည်ရသည့် သင်္ခါရတရားတို့ကို ဖြစ်ပေါ်စေတတ်သည့် အကြောင်းရင်း သမုဒယသစ္စာ ဖြစ်ပေသည်။ ယင်းသမုဒယကို ချုပ်ငြိမ်းစေတတ်သော, သင်္ခါရတို့၏ အပျက်ကိုပင် အာရုံယူကာ အနိစ္စဟု ဒုက္ခဟု အနတ္တဟု ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပွားသုံးသပ်နေသည့် ဝိပဿနာဉာဏ်ကို နိရောဓာနုပဿနာဉာဏ်ဟု ခေါ်ဆို၏၊ ယင်းနိရောဓာနုပဿနာဉာဏ်က သမုဒယကို ပယ်စွန့်နိုင်၏၊

အလားတူပင် ယင်းသင်္ခါရတို့၏ အပျက်ကိုပင် အာရုံယူကာ အနိစ္စဟု ဒုက္ခဟု အနတ္တဟု ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပွားသုံးသပ်နေသည့် ဝိပဿနာဉာဏ်သည် ယင်းသင်္ခါရတရားတို့၌ “ငါ ငါ့ဥစ္စာ”စသည်ဖြင့် စွဲယူတတ်သော အာဒါနတရားကို ပယ်စွန့်လျက် ယင်းသင်္ခါရတရားတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်ဘက်သို့ ညွတ်ကိုင်းရှိုင်းသော အားဖြင့် ပြေးသွားသက်ဝင်နေ၏၊ ယင်းဝိပဿနာဉာဏ်ကို ပဋိနိဿဂ္ဂါနုပဿနာဉာဏ်ဟု ခေါ်ဆို၏၊ ယင်း ပဋိနိဿဂ္ဂါနုပဿနာဉာဏ်က သင်္ခါရတရားတို့၌ “ငါ ငါ့ဥစ္စာ”စသည်ဖြင့် စွဲယူတတ်သော အာဒါနတရားကို ပယ်စွန့်လိုက်ပေသည်။

ဤကဲ့သို့ ဘင်္ဂါနုပဿနာဉာဏ်စသော အထက်ပိုင်း ဝိပဿနာဉာဏ်များက ကိလေသာတို့ကို ပယ်စွန့်ရာ၌ တဒင်္ဂအားဖြင့်သာ = ဝိပဿနာဉာဏ် အဆက်မပြတ် ဖြစ်နေခိုက်၌သာ ပယ်စွန့်နိုင်၏၊ ထိုသို့ ကိလေသာတို့ကို တဒင်္ဂအားဖြင့် ပယ်စွန့်လျက် .. သင်္ခါရတရားတို့၏ အပျက်သက်သက်ကို အာရုံယူကာ သိသင့်သိထိုက်သည့် ယင်းသင်္ခါရတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာတို့ကို ထိုးထွင်းသိမြင်နေသောကြောင့် ယင်းဝိပဿနာဉာဏ်တို့သည် ပဟာနပရိညာဟူသော အမည်ကို ရရှိကြပေသည်။[မှတ်စု ၂၃]

ဝိပဿနာပိုင်း - ဒုတိယအဆင့်

သမုဒယဓမ္မာနုပဿီ + ဝယဓမ္မာနုပဿီ

ရူပက္ခန္ဓာ၌ ဥဒယဉာဏ် (၅) ပါး

ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသောသူသည် အဘယ်ငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုသနည်း။[မှတ်စု ၂၄]၁။ အဝိဇ္ဇာဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏ဟု အကြောင်းတရားထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရားထင်ရှားဖြစ်ခြင်း ဟူသော အနက်သဘောအားဖြင့် ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၂။ တဏှာဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏ဟု အကြောင်းတရားထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရားထင်ရှားဖြစ်ခြင်း ဟူသော အနက်သဘောအားဖြင့် ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၃။ ကံဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏ဟု အကြောင်းတရားထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရားထင်ရှားဖြစ်ခြင်းဟူသော အနက်သဘောအားဖြင့် ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၄။ အာဟာရဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏ဟု အကြောင်းတရားထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရားထင်ရှားဖြစ်ခြင်း ဟူသော အနက်သဘောအားဖြင့် ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၅။ ဖြစ်ပေါ်ခြင်း(= နိဗ္ဗတ္တိ) လက္ခဏာကို ရှုသောသူသည်လည်း ရူပက္ခန္ဓာ၏ ခဏအားဖြင့် ဖြစ်ခြင်း (= ဥဒယ)ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသောသူသည် ဤငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊

ရူပက္ခန္ဓာ၌ ဝယဉာဏ် (၅) ပါး

ရူပက္ခန္ဓာ၏ ချုပ်+ပျက်ခြင်းကို ရှုသောသူသည် အဘယ်ငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုသနည်း။
၁။ အဝိဇ္ဇာချုပ်ခြင်းကြောင့် ရုပ်ချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် ရူပက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၂။ တဏှာချုပ်ခြင်းကြောင့် ရုပ်ချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် ရူပက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၃။ ကံချုပ်ခြင်းကြောင့် ရုပ်ချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက် သဘောအားဖြင့် ရူပက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၄။ အာဟာရချုပ်ခြင်းကြောင့် ရုပ်ချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် ရူပက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၅။ ဖောက်ပြန်တတ်သော ( = ဝိပရိဏာမ) လက္ခဏာကို ရှုသောသူသည်လည်း ရူပက္ခန္ဓာ၏ ခဏအားဖြင့် ပျက်ခြင်း (= ဝယ) ကို ဝိပဿနာ ဉာဏ်ဖြင့် မြင်အောင် ရှု၏၊
ရူပက္ခန္ဓာ၏ ချုပ်+ပျက်ခြင်းကို ရှုသောသူသည် ဤငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊ (ဤ၌ ဝယ-သဒ္ဒါသည် ချုပ်ခြင်းအနက်+ပျက်ခြင်းအနက် နှစ်မျိုးကို ဟော၏၊)
ဖြစ်ခြင်း (= ဥဒယ)နှင့် ချုပ်+ပျက်ခြင်း (= ဝယ)ကို ရှုသော သူသည် ဤဆယ်ပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊

ဝေဒနာက္ခန္ဓာ၌ ဥဒယဉာဏ် (၅) ပါး

ဝေဒနာက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသောသူသည် အဘယ်ငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုသနည်း။
၁။ အဝိဇ္ဇာဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏ဟု အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ခြင်းဟူသော အနက်သဘောအားဖြင့် ဝေဒနာက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၂။ တဏှာဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏ဟု အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ခြင်းဟူသော အနက်သဘောအားဖြင့် ဝေဒနာက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၃။ ကံဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏ဟု အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ခြင်းဟူသော အနက်သဘောအားဖြင့် ဝေဒနာက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၄။ ဖဿဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏ဟု အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ခြင်းဟူသော အနက်သဘောအားဖြင့် ဝေဒနာက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၅။ ဖြစ်ပေါ်ခြင်း(= နိဗ္ဗတ္တိ)လက္ခဏာကို ရှုသောသူသည်လည်း ဝေဒနာက္ခန္ဓာ၏ ခဏအားဖြင့် ဖြစ်ခြင်း (= ဥဒယ) ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
ဝေဒနာက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသော သူသည် ဤငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊

ဝေဒနာက္ခန္ဓာ၌ ဝယဉာဏ် (၅) ပါး

ဝေဒနာက္ခန္ဓာ၏ ချုပ်+ပျက်ခြင်းကို ရှုသောသူသည် အဘယ်ငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုသနည်း။
၁။ အဝိဇ္ဇာချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် ဝေဒနာက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၂။ တဏှာချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် ဝေဒနာက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၃။ ကံချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် ဝေဒနာက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၄။ ဖဿချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် ဝေဒနာက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၅။ ဖောက်ပြန်သော ( = ဝိပရိဏာမ) လက္ခဏာကို ရှုသောသူသည်လည်း ဝေဒနာက္ခန္ဓာ၏ ခဏအားဖြင့် ပျက်ခြင်း (= ဝယ) ကို ဝိပဿနာ ဉာဏ်ဖြင့် မြင်အောင် ရှု၏၊
ဝေဒနာက္ခန္ဓာ၏ ချုပ်+ပျက်ခြင်းကို ရှုသောသူသည် ဤငါးပါးသော လက္ခဏာတို့ကို မြင်၏၊
ဖြစ်ခြင်း (= ဥဒယ)နှင့် ချုပ်+ပျက်ခြင်း (= ဝယ)ကို ရှုသောသူသည် ဤဆယ်ပါးသော လက္ခဏာတို့ကို ဝိပဿနာ ဉာဏ်ဖြင့် မြင်အောင် ရှု၏၊

သညာက္ခန္ဓာ၌ ဥဒယဉာဏ် (၅) ပါး

သညာက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသောသူသည် အဘယ်ငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုသနည်း။
၁။ အဝိဇ္ဇာဖြစ်ခြင်းကြောင့် သညာဖြစ်၏ဟု အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ခြင်းဟူသော အနက်သဘောအားဖြင့် သညာက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၂။ တဏှာဖြစ်ခြင်းကြောင့် သညာဖြစ်၏ဟု အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ခြင်းဟူသော အနက်သဘောအားဖြင့် သညာက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၃။ ကံဖြစ်ခြင်းကြောင့် သညာဖြစ်၏ဟု အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ခြင်းဟူသော အနက်သဘောအားဖြင့် သညာက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၄။ ဖဿဖြစ်ခြင်းကြောင့် သညာဖြစ်၏ဟု အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ခြင်းဟူသော အနက်သဘောအားဖြင့် သညာက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၅။ ဖြစ်ပေါ်ခြင်း (= နိဗ္ဗတ္တိ)လက္ခဏာကို ရှုသောသူသည်လည်း သညာက္ခန္ဓာ၏ ခဏအားဖြင့် ဖြစ်ခြင်း (= ဥဒယ)ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
သညာက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသောသူသည် ဤငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ရှု၏၊

သညာက္ခန္ဓာ၌ ဝယဉာဏ် (၅) ပါး

သညာက္ခန္ဓာ၏ ချုပ်+ပျက်ခြင်းကို ရှုသောသူသည် အဘယ်ငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုသနည်း။
၁။ အဝိဇ္ဇာချုပ်ခြင်းကြောင့် သညာချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် သညာက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၂။ တဏှာချုပ်ခြင်းကြောင့် သညာချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် သညာက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၃။ ကံချုပ်ခြင်းကြောင့် သညာချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် သညာက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၄။ ဖဿချုပ်ခြင်းကြောင့် သညာချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် သညာက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၅။ ဖောက်ပြန်သော ( = ဝိပရိဏာမ) လက္ခဏာကို ရှုသောသူသည်လည်း သညာက္ခန္ဓာ၏ ခဏအားဖြင့် ပျက်ခြင်း (= ဝယ) ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
သညာက္ခန္ဓာ၏ ချုပ်+ပျက်ခြင်းကို ရှုသောသူသည် ဤငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
ဖြစ်ခြင်း (= ဥဒယ)နှင့် ချုပ်+ပျက်ခြင်း (= ဝယ)ကို ရှုသောသူသည် ဤဆယ်ပါးသော လက္ခဏာတို့ကို ဝိပဿနာ ဉာဏ်ဖြင့် မြင်အောင် ရှု၏၊

သင်္ခါရက္ခန္ဓာ၌ ဥဒယဉာဏ် (၅) ပါး

သင်္ခါရက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသောသူသည် အဘယ်ငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုသနည်း။
၁။ အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရဖြစ်၏ဟု အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ခြင်းဟူသော အနက်သဘောအားဖြင့် သင်္ခါရက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၂။ တဏှာဖြစ်ခြင်းကြောင့် သင်္ခါရဖြစ်၏ဟု အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ခြင်းဟူသော အနက်သဘောအားဖြင့် သင်္ခါရက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၃။ ကံဖြစ်ခြင်းကြောင့် သင်္ခါရဖြစ်၏ဟု အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ခြင်းဟူသော အနက်သဘောအားဖြင့် သင်္ခါရက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၄။ ဖဿဖြစ်ခြင်းကြောင့် သင်္ခါရဖြစ်၏ဟု အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ခြင်းဟူသော အနက်သဘောအားဖြင့် သင်္ခါရက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၅။ ဖြစ်ပေါ်ခြင်း (= နိဗ္ဗတ္တိ)လက္ခဏာကို ရှုသောသူသည်လည်း သင်္ခါရက္ခန္ဓာ၏ ခဏအားဖြင့် ဖြစ်ခြင်း (= ဥဒယ)ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
သင်္ခါရက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသောသူသည် ဤငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊

သင်္ခါရက္ခန္ဓာ၌ ဝယဉာဏ် (၅) ပါး

သင်္ခါရက္ခန္ဓာ၏ ချုပ်+ပျက်ခြင်းကို ရှုသော သူသည် အဘယ်ငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုသနည်း။
၁။ အဝိဇ္ဇာချုပ်ခြင်းကြောင့် သင်္ခါရချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် သင်္ခါရက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၂။ တဏှာချုပ်ခြင်းကြောင့် သင်္ခါရချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် သင်္ခါရက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၃။ ကံချုပ်ခြင်းကြောင့် သင်္ခါရချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် သင်္ခါရက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၄။ ဖဿချုပ်ခြင်းကြောင့် သင်္ခါရချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် သင်္ခါရက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၅။ ဖောက်ပြန်သော ( = ဝိပရိဏာမ) လက္ခဏာကို ရှုသောသူသည်လည်း သင်္ခါရက္ခန္ဓာ၏ ခဏအားဖြင့် ပျက်ခြင်း (= ဝယ) ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
သင်္ခါရက္ခန္ဓာ၏ ချုပ်+ပျက်ခြင်းကို ရှုသောသူသည် ဤငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
ဖြစ်ခြင်း (= ဥဒယ)နှင့် ချုပ်+ပျက်ခြင်း (= ဝယ)ကို ရှုသော သူသည် ဤဆယ်ပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊

ဝိညာဏက္ခန္ဓာ၌ ဥဒယဉာဏ် (၅) ပါး

ဝိညာဏက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသောသူသည် အဘယ်ငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုသနည်း။
၁။ အဝိဇ္ဇာဖြစ်ခြင်းကြောင့် ဝိညာဏ်ဖြစ်၏ဟု အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ခြင်းဟူသော အနက်သဘောအားဖြင့် ဝိညာဏက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၂။ တဏှာဖြစ်ခြင်းကြောင့် ဝိညာဏ်ဖြစ်၏ဟု အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ခြင်းဟူသော အနက်သဘောအားဖြင့် ဝိညာဏက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၃။ ကံဖြစ်ခြင်းကြောင့် ဝိညာဏ်ဖြစ်၏ဟု အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ခြင်းဟူသော အနက်သဘောအားဖြင့် ဝိညာဏက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၄။ နာမ်ရုပ်ဖြစ်ခြင်းကြောင့် ဝိညာဏ်ဖြစ်၏ဟု အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ခြင်းဟူသော အနက်သဘောအားဖြင့် ဝိညာဏက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၅။ ဖြစ်ပေါ်ခြင်း (= နိဗ္ဗတ္တိ)လက္ခဏာကို ရှုသောသူသည်လည်း ဝိညာဏက္ခန္ဓာ၏ ခဏအားဖြင့် ဖြစ်ခြင်း(= ဥဒယ) ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
ဝိညာဏက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသောသူသည် ဤငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊

ဝိညာဏက္ခန္ဓာ၌ ဝယဉာဏ် (၅) ပါး

ဝိညာဏက္ခန္ဓာ၏ ချုပ်+ပျက်ခြင်းကို ရှုသော သူသည် အဘယ်ငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုသနည်း။
၁။ အဝိဇ္ဇာချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် ဝိညာဏက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၂။ တဏှာချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် ဝိညာဏက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၃။ ကံချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် ဝိညာဏက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၄။ နာမ်ရုပ်ချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် ဝိညာဏက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၅။ ဖောက်ပြန်သော ( = ဝိပရိဏာမ) လက္ခဏာကို ရှုသောသူသည်လည်း ဝိညာဏက္ခန္ဓာ၏ ခဏအားဖြင့် ပျက်ခြင်း (= ဝယ) ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
ဝိညာဏက္ခန္ဓာ၏ ချုပ်+ပျက်ခြင်းကို ရှုသောသူသည် ဤငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
ဖြစ်ခြင်း (= ဥဒယ)နှင့် ချုပ်+ပျက်ခြင်း (= ဝယ)ကို ရှုသောသူသည် ဤဆယ်ပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊

ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်း (= ဥဒယ) ကို ရှုသောသူသည် ဤနှစ်ဆယ့်ငါးပါးသော လက္ခဏာတို့ကို ဝိပဿနာ ဉာဏ်ဖြင့် မြင်အောင် ရှု၏၊

ခန္ဓာငါးပါးတို့၏ ချုပ်+ပျက်ခြင်း (= ဝယ) ကို ရှုသောသူသည် ဤနှစ်ဆယ့်ငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊

ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်း (= ဥဒယ)နှင့် ချုပ်+ပျက်ခြင်း (= ဝယ)ကို ရှုသောသူသည် ဤငါးဆယ်သော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊[မှတ်စု ၂၅]

အတိုချုပ်ရှင်းလင်းချက်

အထက်တွင် ဖော်ပြထားသော ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးကိုပင် ကိုးကားတော်မူလျက် မဟာသတိပဋ္ဌာနသုတ္တန် ကို ဖွင့်ဆိုတော်မူကြသော အဋ္ဌကထာကြီးများက မဟာသတိပဋ္ဌာနသုတ္တန်တွင် ဘုရားရှင် ဟောကြားထားတော်မူသည့် ဝိပဿနာပိုင်း ဒုတိယဆင့်ဖြစ်သည့် သမုဒယဓမ္မာနုပဿီ ဟူသော ရှုကွက်မှာ အထက်တွင် တင်ပြထားသော ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ လာရှိသော ဥဒယဉာဏ် (၂၅)ပါးကို ဆိုလိုကြောင်းကိုလည်းကောင်း၊ ဝယဓမ္မာနုပဿီ ဟူသော ရှုကွက်မှာ အလားတူပင် အထက်တွင် တင်ပြထားသော ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ လာရှိသော ဝယဉာဏ် (၂၅)ပါးကို ဆိုလိုကြောင်းကိုလည်းကောင်း ရှင်းလင်းတင်ပြထားတော်မူကြ၏၊[မှတ်စု ၂၆]

တစ်ဖန် သမုဒယဓမ္မာနုပဿီပိုင်းတွင် ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးက အဝိဇ္ဇာ တဏှာ ကံ အာဟာရဟု ရူပက္ခန္ဓာအတွက် အကြောင်းတရား (၄)မျိုးကိုလည်းကောင်း၊ အဝိဇ္ဇာ တဏှာ ကံ ဖဿဟု ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာတို့အတွက် အကြောင်းတရား (၄)မျိုးစီကိုလည်းကောင်း၊ အဝိဇ္ဇာ တဏှာ ကံ နာမ်ရုပ်ဟု ဝိညာဏက္ခန္ဓာ အတွက် အကြောင်းတရား (၄)မျိုးကိုလည်းကောင်း အသီးအသီး ဟောကြားထားတော်မူ၏၊

ထိုတွင် အဝိဇ္ဇာ တဏှာကို တိုက်ရိုက်ဟောကြားတော်မူလိုက်လျှင် ကိလေသဝဋ်ချင်း တူညီနေသည့် ဥပါဒါန်ကိုလည်း ဟောကြားတော်မူပြီးပင် ဖြစ်၏၊ ကံကို တိုက်ရိုက် ဟောကြားတော်မူလိုက်လျှင် ကမ္မဝဋ်ချင်း တူညီနေသည့် သင်္ခါရကိုလည်း ဟောကြားတော်မူပြီးပင် ဖြစ်၏၊ သို့အတွက် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်၌ လာရှိသည့်အတိုင်း အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အတိတ်အကြောင်းတရားငါးပါး သမုဒယသစ္စာတရားကြောင့် ဤပစ္စုပ္ပန်ဘဝတွင် ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ထင်ရှားဖြစ်ပေါ်လာပုံကိုလည်းကောင်း၊ ဤပစ္စုပ္ပန်ဘဝတွင် ထပ်မံပြုစုပျိုးထောင် လိုက်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော ပစ္စုပ္ပန်အကြောင်းတရားငါးပါး သမုဒယသစ္စာတရားကြောင့် နောင်အနာဂတ်ဘဝတွင် ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ထင်ရှားဖြစ်ပေါ်ပုံကိုလည်းကောင်း သိအောင် မြင်အောင် ရှုရမည့်အပိုင်း ဖြစ်သည်ဟု မှတ်သားပါ။ အတိတ် အဆက်ဆက် အနာဂတ်အဆက်ဆက်တို့၌လည်း နည်းတူသဘောပေါက်ပါ။

တစ်ဖန် ရူပက္ခန္ဓာ၏ ပစ္စုပ္ပန်အကြောင်းတရားတို့တွင် အာဟာရကို တိုက်ရိုက်ယူကာ ဟောကြားတော် မူလိုက်သဖြင့် ပစ္စုပ္ပန်အကြောင်းတရားချင်း တူညီနေသည့် စိတ်နှင့် ဥတုတို့ကိုလည်း ဟောကြားတော်မူပြီးပင် ဖြစ်၏၊ သို့အတွက် စိတ်ကြောင့် စိတ္တဇရုပ်ဖြစ်ပုံ, ဥတုကြောင့် ဥတုဇရုပ်ဖြစ်ပုံ, အာဟာရကြောင့် အာဟာရဇရုပ်ဖြစ်ပုံတို့ကို ဝိပဿနာဉာဏ်ဖြင့် သိအောင် မြင်အောင် ရှုရမည့်အပိုင်း ဖြစ်သည်ဟုလည်း မှတ်သားပါ။

တစ်ဖန် ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာတို့အတွက် ပစ္စုပ္ပန်အကြောင်းတရားပိုင်းတွင် ဖဿကို တိုက်ရိုက် ယူကာ ဟောကြားထားတော်မူ၏၊ ဝိညာဏက္ခန္ဓာအတွက် ပစ္စုပ္ပန်အကြောင်းတရားပိုင်းတွင် နာမ်ရုပ်ကို တိုက်ရိုက် ယူကာ ဟောကြားထားတော်မူ၏၊ ထိုသို့ တိုက်ရိုက်ယူကာ ဟောကြားတော်မူလိုက်သဖြင့် ပစ္စုပ္ပန်အကြောင်းတရားချင်း တူညီနေသည့် ယင်းနာမ်တရားစုတို့၏ မှီ၍ဖြစ်ရာ ဝတ္ထုရုပ်နှင့် စွဲမှီရာ အာရုံတရားတို့ကိုလည်း ဟောကြားတော်မူပြီးပင် ဖြစ်၏၊ သို့အတွက် နာမ်ခန္ဓာ (၄)ပါးတို့၏ အကြောင်းတရားတို့ကို သိမ်းဆည်းရှုပွားရာ၌ ယင်းနာမ်တရားစုတို့၏ သက်ဆိုင်ရာ မှီ၍ဖြစ်ရာ ဝတ္ထုရုပ်နှင့် သက်ဆိုင်ရာ စွဲမှီရာအာရုံတရားတို့ကိုလည်း သိမ်းဆည်းရှုပွားရမည်ဟု မှတ်ပါ။ ခန္ဓာ (၅)ပါးရှိသည့် ပဉ္စဝေါကာရဘုံဝယ် ဆိုင်ရာ ဆိုင်ရာ မှီရာဝတ္ထုရုပ် မရှိက နာမ်တရားတို့ မဖြစ်နိုင်ပုံကိုလည်းကောင်း သက်ဆိုင်ရာ အာရုံ မရှိက နာမ်တရားတို့ မဖြစ်နိုင်ပုံကိုလည်းကောင်း သတိပြုပါလေ။

ဝယဓမ္မာနုပဿီအပိုင်းတွင်လည်း အလားတူပင် မှတ်သားပါလေ။ တစ်ဖန် အထက်တွင် ရှင်းလင်းတင်ပြခဲ့သည့် အတိုင်း အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကား နောင်အရဟတ္တမဂ် ရမည့်အချိန်တွင် အကြွင်းအကျန် မရှိ ကုန်စင်အောင် နောက်ထပ်တစ်ဖန် ဖြစ်ပေါ်ခြင်း အလျှင်းမရှိသော အသေသဝိရာဂသဘော အနုပ္ပါဒနိရောဓသဘော အားဖြင့် ချုပ်ငြိမ်းကြမည် ဖြစ်၏၊ အကြောင်းတရားတို့၏ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းခြင်းကြောင့် အကျိုးခန္ဓာငါးပါးတို့၏လည်း ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားကာ အကြွင်းအကျန်မရှိ ကုန်စင်အောင် နောက်ထပ် တစ်ဖန် ဖြစ်ပေါ်ခြင်း အလျှင်းမရှိသော အသေသဝိရာဂသဘော အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းကြမည် ဖြစ်၏၊ ယင်းအကြောင်းအကျိုး နှစ်ရပ်စလုံးတို့၏ ထိုကဲ့သို့ ချုပ်ငြိမ်းမှုကို သိအောင် မြင်အောင် ရှုရမည့်အပိုင်း ဖြစ်ပေသည်။ ဆရာ့အပြောနှင့် အလွမ်းကြီး လွမ်း, အဆွေးကြီး ဆွေးကာ ကျေနပ်နေရမည့်အပိုင်းမျိုးကား မဟုတ်ပေ။ ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုပွားရမည့်အပိုင်းသာ ဖြစ်ပေသည်။ လက်တွေ့ရှုပွားရမည့် ရှုပုံနည်းစနစ်ကို လုပ်ငန်းခွင်အပိုင်းတွင် ဆက်လက်ကြည့်ရှုပါ။

ဝိပဿနာပိုင်း ဒုတိယအဆင့်တွင် ဘုရားရှင်သည် ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်း သမ္မသနဉာဏ်ပိုင်း ဥဒယဗ္ဗယဉာဏ်ပိုင်းတည်းဟူသော ဝိပဿနာဉာဏ် (၃)မျိုးတို့ကို တစ်ပေါင်းတည်း စုစည်းကာ ဟောကြားထားတော်မူခဲ့ပေသည်။

ဝိပဿနာပိုင်း - တတိယအဆင့်

“ထို့ပြင် ‘ကာယသည်သာလျှင် ရှိ၏’ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏၊ (ထိုသတိသည်) ဝိပဿနာဉာဏ် အဆင့်ဆင့် တိုးပွားခြင်းငှာသာ ဖြစ်၏၊ ဝိပဿနာဉာဏ်နှင့် ယှဉ်သော သတိ အဆင့်ဆင့် တိုးပွားခြင်းငှာသာ ဖြစ်၏၊”

ဤ၌ သတိပြုရန် အချက်တစ်ရပ်ကို ဆိုပေအံ့ ..။ အထက်တွင် တင်ပြထားသော ဝိပဿနာပိုင်း ပထမအဆင့်နှင့် ဝိပဿနာပိုင်း ဒုတိယအဆင့်တွင် ဘုရားရှင်သည် ဥဒယဗ္ဗယဉာဏ်သို့ တိုင်အောင်သော ဝိပဿနာဉာဏ်တို့ကို ဟောကြားထားတော်မူခဲ့၏၊ လာမည့် ဝိပဿနာပိုင်း စတုတ္ထအဆင့်တွင် အရိယမဂ်ဉာဏ် အရိယဖိုလ်ဉာဏ်တို့ကို ဟောကြားထားတော်မူ၏၊ သို့အတွက် ဤ ဝိပဿနာပိုင်း တတိယအဆင့်တွင်ကား ဘင်္ဂဉာဏ်မှ စ၍ အထက်ပိုင်း ဝိပဿနာဉာဏ်အားလုံးကို ရည်ညွှန်းထားတော်မူပေသည်ဟု မှတ်သားပါ။

ထိုကြောင့် ယောဂီပုဂ္ဂိုလ်သည် ဤအပိုင်းတွင် ကာလ သုံးပါး, သန္တာန် နှစ်ပါးအတွင်း၌ တည်ရှိကြကုန်သော ဥပါဒါနက္ခန္ဓာငါးပါး ရုပ်တရားနာမ်တရားတို့၏ ဖြစ်မှု ပျက်မှုကို ခဏပစ္စုပ္ပန်သို့ ဆိုက်သည့်တိုင်အောင် ဝိပဿနာ ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီ တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုနိုင်သဖြင့် ဝိပဿနာ၏ ညစ်ညူးကြောင်း ဥပက္ကိလေသတရားတို့ကို ကျော်လွွှားလွန်မြောက်သွားသောအခါ ယင်းခန္ဓာငါးပါး ရုပ်တရားနာမ်တရားတို့၏ ဖြစ်မှုကို မရှုတော့ဘဲ နှလုံးမသွင်းတော့ဘဲ ယင်းတို့၏ အပျက်သက်သက်ကိုသာ အာရုံယူ၍ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ဆက်လက်ကာ စီးဖြန်းလိုက်သောအခါ ယင်းရုပ်နာမ်တို့၏ အဖြစ်ကို မမြင်တော့ဘဲ အပျက်သက်သက်ကိုသာ ရှုမြင်နေတော့မည် ဖြစ်သည်။ ထိုအခါတွင် ယင်းဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏..

(က) အပျက်သက်သက်ကို အာရုံယူ၍ အနိစ္စဟုလည်းကောင်း၊
( ခ ) ပြိုပြို ပျက်ပျက်နေသဖြင့် ကြောက်လန့်ဖွယ်ကောင်းသည့် အနက်သဘောကို အာရုံယူ၍ ဒုက္ခဟု လည်းကောင်း၊
( ဂ ) မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တဟူသည့် အနှစ်သာရ မရှိမှုသဘောကို အာရုံယူ၍ အနတ္တဟုလည်းကောင်း –

ဤသို့ လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီ တင်ကာ တွင်တွင်ကြီး ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ဆက်လက်ကာ စီးဖြန်းနိုင်သောအခါ ရင့်ကျက်လာသော ယင်းဘင်္ဂဉာဏ်၏နောက်တွင် ဘယဉာဏ်စသော အထက်ပိုင်းဝိပဿနာ ဉာဏ်များ တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်ကာ ဖြစ်ပေါ်လာကြမည် ဖြစ်ပေသည်။ ထိုအပိုင်း၌ကား ယောဂါဝစရ ပုဂ္ဂိုလ်သည် ရုပ်ပရမတ်သက်သက် နာမ်ပရမတ်သက်သက်ကိုသာ ဝိပဿနာဉာဏ်ဖြင့် တွေ့မြင်သိရှိနေမည် ဖြစ်သည်။ ရုပ်ကလာပ်ကဲ့သို့သော တစ်စုံတစ်ခုသော အစိုင်အခဲမျှကိုသော်လည်း တွေ့မြင် သိရှိတော့မည် မဟုတ်ပေ။ ကာလ သုံးပါး, သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိကြကုန်သော ဥပါဒါနက္ခန္ဓာငါးပါး ရုပ်တရားနာမ်တရားတို့၏ နိစ္စ သုခ အတ္တ သုဘဟူသည့် အနှစ်သာရတို့မှ ဆိတ်သုဉ်းနေသည့် သုညသဘောကိုသာ ဝိပဿနာဉာဏ်ဖြင့် တွေ့မြင်သိရှိနေမည်သာ ဖြစ်ပေသည်။ ယင်းကဲ့သို့သော သုညသဘောတရားကိုပင် ရည်ရွယ်တော်မူကာ .. “ရှင်သေမင်း မမြင်နိုင်သည့်အရပ်သို့ အရောက်သွားလိုသော သူသည်(ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော ရုပ်နာမ်ဓမ္မသင်္ခါရ) လောကကို သုညမြင်အောင် ဝိပဿနာဉာဏ်ဖြင့် ကြည့်ရှုပါ”ဟု ဘုရားရှင်က မောဃရာဇ ရှင်ရသေ့အား ညွှန်ကြားတော်မူခြင်း ဖြစ်ပေသည်။[မှတ်စု ၂၇]

ဝိပဿနာပိုင်း - စတုတ္ထအဆင့်

“(ထိုရဟန်းသည် တဏှာ-ဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏၊ (ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော) လောက၌ တစ်စုံတစ်ခုသော တရားကိုမျှလည်း (ငါ, ငါ၏ ဥစ္စာဟု) စွဲလည်း မစွဲလမ်း။”

ဤအပိုင်းကား ရင့်ကျက်လာသော အဆင့်ဆင့်သော ဝိပဿနာဉာဏ်တို့၏ အဆုံး၌ ဖြစ်ပေါ်လာကြကုန်သော လေးဆင့်ကုန်သော အရိယမဂ်ဉာဏ်တို့နှင့် လေးဆင့်ကုန်သော အရိယဖိုလ်ဉာဏ်တို့ အဆင့်ဆင့် ဖြစ်ပေါ်လာပုံကို ညွှန်ပြတော်မူသော အပိုင်း ဖြစ်ပေသည်။ ထိုလေးဆင့်သော အရိယမဂ်ဉာဏ်တို့က အဆင့်ဆင့် ဆိုင်ရာ ဆိုင်ရာ ကိလေသာတို့ကို ပယ်သတ်လိုက်ကြသဖြင့် အရဟတ္တမဂ်သို့ ဆိုက်ရောက်သောအခါ ယင်း အရဟတ္တမဂ်က အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့ကို အကြွင်းအကျန်မရှိ ကုန်စင်အောင် ပယ်သတ်လိုက်ပေသည်။ သို့အတွက် ဥပါဒါနက္ခန္ဓာငါးပါးတို့ အပေါ်၌ စွဲလမ်းမှုများ လုံးဝ မရှိတော့ပေ၊ “အစွဲပြုတ် တဲကုပ် ရွှေနန်းတော်”ဘဝသို့ ရောက်ရှိသွားပြီ ဖြစ်ပေသည်။

သတိပြုရန် –– မဟာသတိပဋ္ဌာနသုတ္တန်၌ လာရှိသော အခန်းပေါင်း (၂၁)ခန်းတို့ဝယ် ဝိပဿနာပိုင်းဆိုင်ရာ ညွှန်ကြားချက်တို့မှာ ညွှန်ကြားတော်မူပုံစကားလုံး ကွဲပြားသော်လည်း အနက်အဓိပ္ပါယ်အားဖြင့်ကား တူညီလျက်ပင် ရှိပေသည်။ ကာယာနုပဿနာသတိပဋ္ဌာန်ပိုင်း၌ အခန်းတိုင်း အခန်းတိုင်းဝယ် ‘ကာယ’ဟူသော စကားလုံးကို အသုံးပြုကာ ကာယဟူသော အမည်ဖြင့် ရုပ်တရား ဦးဆောင်နေသည့် ဥပါဒါနက္ခန္ဓာငါးပါး ရုပ်တရားနာမ်တရားတို့ကို အဆင့် လေးဆင့်တို့ဖြင့် ပိုင်းခြားကာ ဝိပဿနာရှုကွက်ကို ညွှန်ကြားထားတော်မူ၏၊[မှတ်စု ၂၈]

ဝေဒနာနုပဿနာသတိပဋ္ဌာန်ပိုင်းတွင် ‘ဝေဒနာ’ဟူသော စကားလုံးကို အသုံးပြုကာ ဝေဒနာဟူသော အမည်ဖြင့် ဝေဒနာ (၉)မျိုး ဦးဆောင်နေသည့် ဥပါဒါနက္ခန္ဓာငါးပါး ရုပ်တရားနာမ်တရားတို့ကို အဆင့် လေးဆင့်တို့ဖြင့် ပိုင်းခြားကာ ဝိပဿနာရှုကွက်ကို ညွှန်ကြားထားတော်မူ၏၊[မှတ်စု ၂၉]

စိတ္တာနုပဿနာသတိပဋ္ဌာန်ပိုင်းတွင် ‘စိတ္တ’ဟူသော စကားလုံးကို အသုံးပြုကာ စိတ္တဟူသော အမည်ဖြင့် (၁၆)မျိုးသော အသိစိတ် (ဝိညာဏ်) ဦးဆောင်နေသည့် ဥပါဒါနက္ခန္ဓာငါးပါး ရုပ်တရားနာမ်တရားတို့ကို အဆင့် လေးဆင့်တို့ဖြင့် ပိုင်းခြားကာ ဝိပဿနာရှုကွက်ကို ညွှန်ကြားထားတော်မူ၏၊[မှတ်စု ၃၀]

ဓမ္မာနုပဿနာသတိပဋ္ဌာန်ပိုင်းတွင် ‘ဓမ္မ’ဟူသော စကားလုံးကို အသုံးပြုကာ ဓမ္မဟူသော အမည်ဖြင့် အခန်း (၅)ခန်း ခွဲခြားကာ ဖဿ ဦးဆောင်နေသည့် သို့မဟုတ် ဓမ္မသဘောတရားများ ဦးဆောင်နေသည့် ဥပါဒါနက္ခန္ဓာငါးပါး ရုပ်တရားနာမ်တရားတို့ကို အဆင့် လေးဆင့်တို့ဖြင့် ပိုင်းခြားကာ ဝိပဿနာရှုကွက်ကို ညွှန်ကြားထားတော်မူ၏၊[မှတ်စု ၃၁]

သို့အတွက် သတိပဋ္ဌာန်ပိုင်းဆိုင်ရာ အခန်းတိုင်း အခန်းတိုင်း၌ ဥပါဒါနက္ခန္ဓာငါးပါး ရုပ်တရားနာမ်တရားတို့ကို အဆင့် လေးဆင့်တို့ဖြင့် ပိုင်းခြားကာ ဝိပဿနာရှုကွက်ကို ရှုပွားရမည်ဟု နာယူမှတ်သားပါလေ။ ထိုကြောင့် သတိပဋ္ဌာန် တစ်ပါးကို ပွားများပါက သတိပဋ္ဌာန် (၄)ပါးစလုံး စုံညီစွာ ပါဝင်လျက် ရှိနေသည်ကို သဘောပေါက်ပါလေ ....။

ဣရိယာပထပိုင်း အခန်း နှင့် သမ္ပဇဉ်ပိုင်း အခန်း

“မည်သည့်ကမ္မဋ္ဌာန်းကိုမဆို ပွားများ အားထုတ်သောအခါ သတိသမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံပါမှသာလျှင် ယင်းကမ္မဋ္ဌာန်းဘာဝနာသည် ပြီးစီးပြည့်စုံနိုင်၏၊”[မှတ်စု ၃၂]

ဤအထက်ပါ အဋ္ဌကထာ၏ ဖွင့်ဆိုချက်များနှင့်အညီ သမထကမ္မဋ္ဌာန်းကိုပင်ဖြစ်စေ, ဝိပဿနာကမ္မဋ္ဌာန်းကိုပင် ဖြစ်စေ မည်သည့်ကမ္မဋ္ဌာန်းကိုမဆို ပွားများအားထုတ်ရာ၌ ဣရိယာပထပိုင်းဆိုင်ရာရှုကွက်, သမ္ပဇဉ်ပိုင်းဆိုင်ရာ ရှုကွက်တို့ကို စနစ်တကျ ရှုသင့်ပေသည်။ ထိုသို့ ရှုတတ်ရန် ဤတွင် အကျဉ်းချုပ်၍ ရေးသားတင်ပြပေအံ့ ..။

ရှုကွက် ညွှန်ကြားချက်

ဘုရားရှင်က ဣရိယာပထပိုင်းဆိုင်ရာ ရှုကွက်ကို ဤသို့ ညွှန်ကြားထားတော်မူ၏ ..။

ရဟန်းတို့... နောက်တစ်မျိုးသော်ကား ယောဂါဝစရရဟန်းသည် ..
၁။ သွားလျှင်လည်း “သွား၏”ဟု ကွဲကွဲပြားပြား သိ၏၊
၂။ ရပ်လျှင်လည်း “ရပ်၏”ဟု ကွဲကွဲပြားပြား သိ၏၊
၃။ ထိုင်လျှင်လည်း “ထိုင်၏”ဟု ကွဲကွဲပြားပြား သိ၏၊
၄။ အိပ်လျှင်လည်း = လျောင်းလျှင်လည်း “အိပ်၏ = လျောင်း၏”ဟု ကွဲကွဲပြားပြား သိ၏၊

ဘုရားရှင်က သမ္ပဇဉ်ပိုင်းဆိုင်ရာရှုကွက်ကို ဤသို့ ညွှန်ကြားထားတော်မူ၏ ..။

ရဟန်းတို့... နောက်တစ်မျိုးသော်ကား ယောဂါဝစရရဟန်းသည် ..
၁။ ရှေ့သို့တက်ရာ နောက်သို့ဆုတ်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊
၂။ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊
၃။ ကွေးရာ ဆန့်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊
၄။ ဒုကုဋ် သပိတ် သင်္ကန်းကို ကိုင်ဆောင်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊
၅။ စားရာ သောက်ရာ ခဲရာ လျက်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊
၆။ ကျင်ကြီးစွန့်ရာ ကျင်ငယ်စွန့်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊
၇။ သွားရာ ရပ်ရာ ထိုင်ရာ အိပ်ပျော်ရာ နိုးလာရာ စကားပြောရာ ဆိတ်ဆိတ်နေရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ ရှိ၏၊[မှတ်စု ၃၃]

ဤအထက်ပါ စာပိုဒ် နှစ်ပိုဒ်တို့တွင် ပထမစာပိုဒ်ကား ဣရိယာပထပိုင်းဆိုင်ရာ ပထမဆင့်ရှုကွက်ဖြစ်၍ ဒုတိယစာပိုဒ်ကား သမ္ပဇဉ်ပိုင်းဆိုင်ရာ ပထမဆင့်ရှုကွက် ဖြစ်သည်။ ယင်းရှုကွက်တို့ကား တစ်ခုနှင့်တစ်ခု ဆက်စပ်မှု ရှိနေ၏၊ ယင်းရှုကွက်တို့ကို ဘုရားရှင်၏ အလိုတော်ကျအတိုင်း မည်သို့ မည်ပုံရှုရန် ဖြစ်သည်ကို အဋ္ဌကထာ ဋီကာတို့၌ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းတင်ပြထားတော်မူကြ၏၊ ယင်းရှင်းလင်း ဖွင့်ဆိုချက်များကို အကျဉ်းချုပ်၍ ရေးသား တင်ပြအပ်ပါသည်။

ဘုရားရှင်သည် ဣရိယာပထပဗ္ဗ (= ဣရိယာပထပိုင်း) ရှုကွက်၌လည်း သွား-ရပ်-ထိုင်-လျောင်း ဣရိယာပုထ် အခိုက်တို့၌ ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူ၏၊ တစ်ဖန် - သမ္ပဇဉ်ပိုင်းဝယ် အဘိက္ကန္တေ ပဋိက္ကန္တေ= ရှေ့သို့တက်ရာ နောက်သို့ဆုတ်ရာစသည့် ထိုထိုဣရိယာပုထ်အခိုက်တို့၌လည်း ဝိပဿနာရှုရန် ညွှန်ကြားထားတော် မူ၏၊ တစ်ဖန် သမ္ပဇဉ်ပိုင်းဝယ် ဂတေ ဌိတေ .. စသည်ဖြင့် သွားရာ ရပ်ရာ ထိုင်ရာ အိပ်ရာ စသည့် ဣရိယာပုထ် အခိုက်တို့၌ ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူ၏၊ ဣရိယာပထပိုင်း၌ တစ်ကြိမ်, သမ္ပဇဉ်ပိုင်း၌ နှစ်ကြိမ် အားလုံး သုံးကြိမ်တိုင်တိုင် သွား ရပ် ထိုင် လျောင်း စသည့် ထိုထို ဣရိယာပုထ်အခိုက်အတန့်တို့၌ ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူ၏၊ ယင်းညွှန်ကြားချက်နှင့် ပတ်သက်၍ အဋ္ဌကထာ[မှတ်စု ၃၄]က ရှင်းလင်းတင်ပြထား၏၊ ယင်းအဋ္ဌကထာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏ ..။

၁။ ဣရိယာပထပဗ္ဗ၌ သွား-ရပ်-ထိုင်-လျောင်း ဣရိယာပုထ် လေးပါးတို့၌ကား အဓွန့်ရှည်သော ဣရိယာပုထ်တို့ကို ရည်ညွှန်းထားတော်မူ၏၊ အဓွန့်ရှည်စွာ သွားရာ ရပ်ရာ ထိုင်ရာ အိပ်ရာတို့၌ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို သိမ်းဆည်းလျက် အကြောင်းတရားနှင့်တကွသော ယင်းခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာရှုရန် ရည်ညွှန်းထားတော်မူ၏၊

၂။ “ရှေ့သို့တက်ရာ နောက်သို့ဆုတ်ရာ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ ကွေးရာ ဆန့်ရာ” ဤ(၆)ဌာနတို့၌ကား အလယ်အလတ်စား ဣရိယာပုထ်များကို ရည်ညွှန်းထားတော်မူ၏၊ ဆွမ်းခံသွားရာ စသည့် ထိုထိုဣရိယာပုထ် အခိုက်အတန့်တို့၌လည်း ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို သိမ်းဆည်းလျက် အကြောင်းတရားနှင့် တကွသော ယင်းခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာရှုရန် ရည်ညွှန်းထားတော်မူ၏၊

၃။ သမ္ပဇဉ်ပိုင်းဝယ် အမှတ် (၇)အဖြစ် တင်ပြထားသော “သွားရာ ရပ်ရာ ထိုင်ရာ အိပ်ပျော်ရာ နိုးလာရာ”ဟူသော ဤ (၅)ဌာနတို့၌ကား ကျောင်းအတွင်း ထိုထိုဤဤ အရပ်သို့ သွားခြင်း စင်္ကြံလျှောက်ခြင်း တရားထိုင်စဉ် ရှေ့တိုး နောက်ဆုတ်ပြုခြင်း စသည့် အသေးစား ဣရိယာပုထ်တို့ကို ရည်ညွှန်းထားတော်မူ၏၊ ကျောင်းအတွင်း ထိုထိုဤဤ သွားရပ် ထိုင်လျောင်း ဟူသော အသေးစား အတိုစား ဣရိယာပုထ်တို့ အခိုက်၌လည်း ယောဂါဝစရပုဂ္ဂိုလ်သည် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို သိမ်းဆည်းလျက် အကြောင်းတရားနှင့်တကွသော ယင်းခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာရှုရမည် ဖြစ်ပေသည်။[မှတ်စု ၃၅]

သို့သော် အဋ္ဌကထာတွင် မဟာသီဝ မထေရ်မြတ်ကြီး၏ အယူအဆကိုလည်း တင်ပြထား၏၊ မဟာသီဝ ရဟန္တာအရှင်မြတ်ကြီး၏ အယူအဆမှာ ဤသို့ ဖြစ်၏၊ သွား-ရပ်-ထိုင်-လျောင်းဟူသော ဣရိယာပထရှုကွက်, ရှေ့သို့တက်ရာ နောက်သို့ဆုတ်ရာ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ ကွေးရာ ဆန့်ရာဟူသော သမ္ပဇဉ်ရှုကွက်တို့၌ ထိုထို သွားဆဲ ရပ်ဆဲ ထိုင်ဆဲ လျောင်းဆဲ ရှေ့သို့တက်ဆဲ နောက်သို့ဆုတ်ဆဲ တည့်တည့်ကြည့်ဆဲ စောင်းငဲ့ကြည့်ဆဲ ကွေးဆဲ ဆန့်ဆဲ ဟူသော ထိုထိုဣရိယာပထ အခိုက်အတန့်တို့၌လည်း ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို သိမ်းဆည်းလျက် အကြောင်းတရားနှင့် တကွသော ယင်းခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာဝိပဿနာ ရှုပွားသုံးသပ်ရန် ရည်ညွှန်းတော်မူ၏၊ အမှတ် (၇)အဖြစ် သတ်မှတ်လျက် ဖော်ပြထားသော ဂတေ-ဌိတေ-နိသိန္နေသုတ္တေ-ဇာဂရိတေ-ဘာသိတေ-တုဏှီဘာဝေ = သွားပြီးရာ ရပ်ပြီးရာ ထိုင်ပြီးရာ အိပ်ပြီးရာ နိုးလာရာ စကားပြောဆိုရာ စကားမပြော ဆိတ်ဆိတ်နေရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလုပ်ရန် ညွှန်ကြားချက်မှာ ထိုထိုဣရိယာပုထ်ကို ပြုပြီးရာအခါ၌ ထိုထိုဣရိယာပုထ်အခိုက်အတန့်က ဖြစ်ခဲ့ပြီးသော ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုရန် ရ ည် ညွှ န်း ထား တော် မူ ၏၊ ––- ဤ သို့လျှင် မဟာသီဝ မထေရ်မြတ်ကြီးက မိန့်ဆိုတော်မူကြောင်းကို အဋ္ဌကထာ၌ ဖွင့်ဆိုထားတော်မူ၏၊ (အကျယ်ကို အဋ္ဌကထာတွင် ကြည့်ပါ။)[မှတ်စု ၃၆]

၁။ ဤညွှန်ကြားချက်များအရ ယောဂီသူတော်ကောင်းသည် .. သွားဆဲ ရပ်ဆဲ ထိုင်ဆဲ အိပ်ဆဲ ရှေ့သို့ တက်ဆဲ နောက်သို့ဆုတ်ဆဲ တည့်တည့်ကြည့်ဆဲ စောင်းငဲ့ကြည့်ဆဲ ကွေးဆဲ ဆန့်ဆဲ စသည့် ထိုထိုဣရိယာပုထ် အခိုက်အတန့် တို့၌လည်း ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုပါ။

၂။ သွားပြီးရာ ရပ်ပြီးရာ ထိုင်ပြီးရာ အိပ်ပြီးရာ (= လျောင်းပြီးရာ) နိုးပြီးရာအခါတို့၌လည်း ထိုထိုသွားဆဲ ရပ်ဆဲ ထိုင်ဆဲ အိပ်ဆဲ လျောင်းဆဲ နိုးဆဲအချိန်ကာလက ဖြစ်ခဲ့သော အတိတ် ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုပါ။ သွားဆဲ၌လည်း ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို ဝိပဿနာ ရှုရ၏၊ သွားပြီးလျှင်လည်း သွားဆဲအချိန်က ဖြစ်ခဲ့ပြီးသော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို တစ်ဖန် ပြန်သိမ်းဆည်းလျက် ဝိပဿနာရှုရ၏၊ မည်သို့ ရှုရမည်နည်း၊ အဖြေမှာ အောက်ပါအတိုင်း ဖြစ်သည် ..။

ထိုဣရိယာပထရှုကွက် (သမ္ပဇညရှုကွက်)တို့၌ အိမ်ခွေး မြေခွေးစသော တောသားတိရစ္ဆာန်တို့သည်သော်မှလည်း သွားလျှင် “ငါတို့ သွားကုန်၏”ဟု အကယ်၍ကား သိကြပါကုန်၏၊ သို့သော် ဤကဲ့သို့သော အိမ်ခွေး မြေခွေး စသည့် တောသားတိရစ္ဆာန်တို့သော်မှလည်း သိနိုင်သည့် သိနည်းမျိုးမျှလောက်ကို ရည်ရွယ်တော်မူ၍ ဘုရားရှင်သည် ဤ ဣရိယာပထရှုကွက် (သမ္ပဇညရှုကွက်)တို့ကို ဟောကြားတော်မူသည်ကား မဟုတ်ပေ။ အိမ်ခွေး မြေခွေး စသော တောသားတိရစ္ဆာန်တို့၏ သိပုံဟူသော သိနည်းမျိုးကား သတ္တဝါဟူသော အယူအဆ အစွဲအလမ်းကို မပယ်စွန့်နိုင်၊ အတ္တရှိ၏ဟု ထင်မှတ် စွဲလမ်းနေသော အတ္တသညာကို မပယ်ခွာနိုင်၊ ဝိပဿနာကမ္မဋ္ဌာန်းလည်း မဖြစ်၊ သတိပဋ္ဌာန ဘာဝနာလည်း မဖြစ်ပေ။ သို့သော် ဤယောဂါဝစရရဟန်းတော်၏ သိနည်း သိပုံသည်ကား သတ္တဝါဟူသော အယူအဆ အစွဲအလမ်းကိုလည်း ပယ်စွန့်နိုင်၏၊ အတ္တရှိ၏ဟု ထင်မှတ်စွဲလမ်းနေသော အတ္တသညာကိုလည်း ပယ်ခွာနိုင်၏၊ ဝိပဿနာကမ္မဋ္ဌာန်းလည်း ဖြစ်၏၊ သတိပဋ္ဌာနဘာဝနာလည်း ဖြစ်၏၊ မှန်ပေသည် ဤရဟန်းတော်၏ အသိကား..

၁။ အဘယ်သူသည် သွားသနည်း၊
၂။ အဘယ်သူ၏ သွားခြင်းနည်း၊
၃။ အဘယ်အကြောင်းကြောင့် သွားသနည်း ––

ဤကဲ့သို့သော အသိမျိုးတည်း။ ယင်းကဲ့သို့သော သိနည်း သိပုံမျိုးကို ရည်ရွယ်တော်မူ၍ ဤဣရိယာပထရှုကွက် (သမ္ပဇညရှုကွက်)တို့ကို ဘုရားရှင်ကိုယ်တော်တိုင်က ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပေသည်၊ ရပ်ခြင်းစသည်တို့၌လည်း ဤနည်းပင်တည်း။[မှတ်စု ၃၇]

၁။ ထိုစကားရပ်၌ –– အဘယ်သူသည် သွားသနည်းဟူမူ - တစ်စုံတစ်ယောက်သော သတ္တဝါသည်လည်းကောင်း, ပုဂ္ဂိုလ်သည်လည်းကောင်း မသွားပေ။ (သွားတတ်သော ပုဂ္ဂိုလ် သတ္တဝါကား မရှိ ဟူလို။)

၂။ အဘယ်သူ၏ သွားခြင်းနည်းဟူမူ - တစ်စုံတစ်ယောက်သော သတ္တဝါ၏လည်းကောင်း, ပုဂ္ဂိုလ်၏လည်းကောင်း သွားခြင်း မဟုတ်။ (မည်သည့်ပုဂ္ဂိုလ် သတ္တဝါ တစ်စုံတစ်ယောက်၏မျှ သွားခြင်းမဟုတ် ဟူလို။)

၃။ ယင်းသို့ဖြစ်လျှင် အဘယ်အကြောင်းကြောင့်သွားသနည်းဟူမူ - စိတ်ကြောင့် (= သွားလိုသောစိတ်ကြောင့်) ဖြစ်သော ဝါယောဓာတ်၏ (= ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း၏) တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍ သွားခြင်းကြောင့် သွား၏ (= ရုပ်နာမ်တို့သည် သွားခြင်းကိရိယာကို ပြီးစီးစေ၏ ဟူလို)။ ထို့ကြောင့် ဤယောဂါဝစရရဟန်းသည် ဤသို့ သိ၏၊

၁။ သွားအံ့ဟူသော စိတ်သည် ဖြစ်ပေါ်လာ၏၊ (စိတ်ပြဓာန်းသော သမ္ပယုတ်တရားစုသည် ဖြစ်ပေါ်လာ၏၊)

၂။ ထိုစိတ်သည် ဝါယောဓာတ်ကို ဖြစ်စေ၏ (= ဝါယောဓာတ်၏ သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း ရုပ်တရားအပေါင်းကို ဖြစ်စေ၏၊ ဤ၌ ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင်လွန်ကဲမှု ထက်မြက်မှုကိုသာ ဆိုလိုသည်၊ အရေအတွက် အတိုင်းအတာ ပမာဏအားဖြင့် လွန်ကဲမှုကို မဆိုလိုပါ။)

၃။ ယင်း သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေသော ဝါယောဓာတ်သည် (= ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော မဟာဘုတ်သည်) ကာယဝိညတ်ရုပ်ကို ဖြစ်စေ၏၊ (ကာယဝိညတ္တိ နဝကကလာပ်, ကာယဝိညတ္တိ လဟုတာဒိဒွါဒသက ကလာပ်ဟူသော ရုပ်အပေါင်းကို ဖြစ်စေ၏၊)

၄။ စိတ်သည် ပြုပြင်အပ်သော, စိတ်ကြောင့် ဖြစ်သော သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ဝါယောဓာတ်၏ (= သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ဝါယောဓာတ်ပြဓာန်းသော ရုပ်ကလာပ်အပေါင်း ရုပ်တရားအပေါင်း၏) တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍ သွားခြင်းကြောင့် ..

၅။ အလုံးစုံသော စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်း၏ ရှေ့သို့ သယ်ဆောင်သော အခြင်းအရာ အားဖြင့် ဖြစ်ခြင်းကို = ရှေ့အဖို့အားဖြင့် နေရာအသစ်အသစ်၌ ရုပ်တရားအပေါင်း၏ ဖြစ်ခြင်းကို သွားခြင်းဟူ၍ ခေါ်ဆိုအပ်ပေသည်။[မှတ်စု ၃၈]

ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ညွှန်ကြားချက်မှာ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော စတုသမုဋ္ဌာနိက ရုပ်တရားတို့ကို အထူးသဖြင့် စိတ္တဇရုပ်တို့ကို နေရာတကျ သိမ်းဆည်းထားပြီးသော ယောဂီ သူတော်ကောင်းအတွက်ကား လွယ်ကူနေမည်သာ ဖြစ်သည်။ သို့သော် ဤအရာ၌ ယောဂီသူတော်ကောင်းအနေဖြင့် အထူးသတိပြုရမည့် အချက်မှာ ပရမတ်တရားတို့သည် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့၍ ဖြစ်ရိုးဓမ္မတာ မရှိ ဟူသော အချက်ပင် ဖြစ်ပေသည်။

တစ်ဖန် ဤရှုကွက်ကို ရှုရာ၌ ရုပ်တို့မည်သည် ပရမတ်ရုပ်တရားတို့၏ ဓမ္မတာအတိုင်း ကလာပ်ခေါ်သည့် အုပ်စုအလိုက်သာ ဖြစ်ရိုး ဓမ္မတာ ရှိ၏ဟူသော အချက်ကိုလည်း မမေ့ပါနှင့်။ ဤရှုကွက်တွင် –

၁။ သယ်ဆောင်တတ်သော ရုပ်,
၂။ အသယ်ဆောင်ခံရသော ရုပ် –

ဤရုပ်သဘောတရား နှစ်မျိုးတို့ကိုလည်း ခွဲခြားရှုတတ်ဖို့ လိုအပ်ပေသည်။ တစ်ဖန် ..

၁။ ပဓာန = ပြဓာန်းသော ရုပ်,
၂။ အပ္ပဓာန = မပြဓာန်းသော ရုပ် –

ဤရုပ်သဘောတရားနှစ်မျိုးတို့ကိုလည်း ခွဲခြားရှုတတ်ဖို့ လိုအပ်ပေသည်။ ဤဣရိယာပထရှုကွက်တွင် ဘုရားရှင်သည် .. ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ= သွားလျှင် သွား၏ဟု သိ၏ .. ဤသို့စသည်ဖြင့် ပထမ တစ်နည်း, ယထာ ယထာ ဝါ ပနဿ - စသည်ဖြင့် ဒုတိယတစ်နည်း –– ဤသို့ ရှုကွက် နှစ်နည်း ဟောကြားထားတော် မူ၏၊ ထိုနှစ်နည်းတို့တွင် ပထမနည်း၌ ..

၁။ ဣရိယာပထရုပ်ဟု ခေါ်ဆိုအပ်သော ကာယဝိညတ္တိနဝကကလာပ်, ကာယဝိညတ္တိ လဟုတာဒိဒွါဒသကကလာပ် ရုပ်တရားတို့ကား ပဓာန (= ပြဓာန်းသော) ရုပ်တရားတို့တည်း။ ယင်းရုပ်တရားတို့ကား သယ်ဆောင်တတ်သော ရုပ်တရားတို့တည်း။

၂။ (၆)ဒွါရ (၄၂)ကောဋ္ဌာသဟူသော ခန္ဓာကိုယ် တစ်ကိုယ်လုံး၌ တည်ရှိကြသော ကြွင်းကျန်သော ကံ-စိတ်-ဥတုအာဟာရတည်းဟူသော အကြောင်းတရား (၄)ပါးကြောင့် ထင်ရှားဖြစ်ပေါ်လာကြရသော (= စတုသမုဋ္ဌာနိက) ရုပ်တရားတို့ကား အပ္ပဓာန (= မပြဓာန်းသော) ရုပ်တရားတို့တည်း။ ယင်းရုပ်တရားတို့ကား အသယ်ဆောင်ခံရသော ရုပ်တရားတို့တည်း။

တစ်ဖန် –– ယထာ ယထာ ဝါ ပနဿ ..စသည်ဖြင့် ဟောကြားထားတော်မူအပ်သော ဒုတိယနည်း၌ကား..

၁။ ဣရိယာပထရုပ်ဟု ခေါ်ဆိုအပ်သော ကာယဝိညတ္တိနဝကကလာပ်, ကာယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ် ရုပ်တရားတို့ကား အပ္ပဓာန = မပြဓာန်းသော ရုပ်တရားတို့တည်း၊ သယ်ဆောင်တတ်သောရုပ်တရားတို့ပင်တည်း။

၂။ ခန္ဓာကိုယ် တစ်ကိုယ်လုံး၌ တည်ရှိကြသော ကြွင်းကျန်သော စတုသမုဋ္ဌာနိကရုပ်တရားတို့ကား ပဓာန = ပြဓာန်းသော ရုပ်တရားတို့တည်း၊ အသယ်ဆောင်ခံရသော ရုပ်တရားတို့ပင်တည်း။ ဤ၌ သယ်ဆောင်တတ်သော ရုပ်တရားတို့ကား စတုသမုဋ္ဌာနိကရုပ်တရားတို့ကို တစ်နေရာမှ တစ်နေရာသို့ ရောက်အောင် တကယ် သယ်ဆောင် နေကြသည်ကား မဟုတ်ပေ။ စတုသမုဋ္ဌာနိကရုပ်တို့သည်လည်း တကယ်တမ်းအသယ်ဆောင်ခံရသော အခြင်းအရာ အားဖြင့် ဖြစ်နေကြသည်လည်း မဟုတ်ပေ။ သွားလိုသောစိတ် သွားနေသောစိတ်တို့ကြောင့် ဖြစ်ပေါ်လာကြသော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင်ကြောင့် ယင်း အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေကြသော စတုသမုဋ္ဌာနိကရုပ်တရားတို့သည် မူလနေရာ၌ အသစ်အသစ် ထပ်၍ ထပ်၍ မဥပါဒ်နိုင်ကြတော့ဘဲ မဖြစ်နိုင်ကြတော့ဘဲ နေရာအသစ်အသစ်၌ ပြောင်းရွှေ့၍ ဥပါဒ်ကြရ၏ ဖြစ်ကြရ၏၊

ရှေ့သို့ ရှေးရှုသယ်ဆောင်ခြင်းဟူသည် ရှေ့အဖို့အားဖြင့် နေရာအသစ်အသစ်၌ ထပ်ကာထပ်ကာ ဆင့်ကာ ဆင့်ကာ စတုသမုဋ္ဌာနိကရုပ်တရားအပေါင်း၏ ဖြစ်ခြင်းတည်း၊ ယင်းသို့ ဖြစ်ခြင်းကိုပင် ရှေ့သို့တက်ခြင်း = ရှေ့သို့ သွားခြင်းဟု ခေါ်ဆို၏၊[မှတ်စု ၃၉]

တစ်ဖန် သယ်ဆောင်တတ်သော အခြင်းအရာအားဖြင့် ဖြစ်သော ရုပ်တရားဘက်၌ ဣရိယာပထရုပ် အမည် ရသော ကာယဝိညတ်ရုပ် ပါဝင်နေ၏၊ ကာယဝိညတ္တိနဝကကလာပ်ရုပ်, ကာယဝိညတ္တိလဟုတာဒိဒွါဒသကရုပ်တို့ တည်း။ ယင်းရုပ်တို့ကား စိတ္တဇရုပ်တို့ ဖြစ်ကြ၏၊ တစ်ဖန် အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေ ကြသော ရုပ်တရားဘက်၌ စတုသမုဋ္ဌာနိကရုပ်တရားတို့ ရှိကြရာ ယင်းတို့တွင်လည်း စိတ္တဇရုပ်တို့ ပါဝင်လျက်ပင် ရှိကြပြန်၏၊ နားမရှုပ်ထွေးရန် ထပ်မံ၍ ရှင်းလင်းတင်ပြပေအံ့ ..။

၁။ အရူပဝိပါက် (၄)ခု, ဒွိပဉ္စဝိညာဏ် (၁၀)မှ ကြွင်းသော ဟဒယဝတ္ထုကို မှီ၍ ဖြစ်သော မနောဓာတ် မနောဝိညာဏဓာတ် အမည်ရသော စိတ် (၇၅) အားလုံးသည် ပထမဘဝင်မှ စ၍ ဥပါဒ်ကာလတိုင်း ဥပါဒ်ကာလတိုင်း၌ စိတ္တသမုဋ္ဌာန်ရုပ်ကို = စိတ္တဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေ၏၊ ထိုသို့ ဖြစ်စေရာ၌ စိတ်၏ ဓမ္မတာအားဖြင့် ဥပါဒ်အခိုက်မှာသာ အားရှိသောကြောင့် ဥပါဒ်ခိုက် ဥပါဒ်ခိုက်၌သာ စိတ္တဇရုပ်ကို ဖြစ်စေသည်၊ ဌီအခိုက် ဘင်အခိုက်၌ စိတ္တဇရုပ်ကို မဖြစ်စေနိုင်။ စိတ်တစ်ကြိမ် ဥပါဒ်လျှင် ယင်းစိတ်က စိတ္တဇရုပ်ကလာပ် တစ်ခုကိုသာမက စိတ္တဇရုပ်ကလာပ်ပေါင်း များစွာကိုပင် ဖြစ်စေနိုင်၏၊

ပဋ္ဌာန်းဒေသနာတော်များ[မှတ်စု ၄၀]၌ စိတ်ကြောင့်ဖြစ်သည့် စိတ္တဇရုပ်အပိုင်းဝယ် တံသမုဋ္ဌာနာနဉ္စ ရူပါနံ - ဟု ဗဟုဝုစ်ဖြင့် ဟောကြားထားတော်မူ၏၊ စိတ်ကြောင့် စိတ္တဇရုပ်ကလာပ်ပေါင်းများစွာ ဖြစ်နိုင်ကြောင်းကို ယင်းဒေသနာ တော်တို့က ညွှန်ပြလျက် ရှိကြ၏၊

၂။ မဟဂ္ဂုတ် လောကုတ္တရာ အပ္ပနာဇော (၂၆)မျိုးတို့သည် (ပဉ္စဝေါကာရဘုံ၌ ဖြစ်ခိုက်) စိတ္တဇဩဇဋ္ဌမကရုပ်ကိုလည်း ဖြစ်စေ၏၊ ဖြစ်ပြီးဣရိယာပုထ်ကိုလည်း ပင်ကိုယ်အနေ မပျက်အောင် ဆောင်ထားနိုင်၏၊ တောင့်ထားနိုင်၏၊ ထောက်ပံ့ထားနိုင်၏၊ ခိုင်ခံ့စေ၏၊ (ဣရိယာပုထ် အသစ်ကိုကား မဖြစ်စေနိုင်။)

၃။ ဝုဋ္ဌော (= မနောဒွါရာဝဇ္ဇန်း), ကာမဇော (၂၉), အဘိညာဏ်ဇော [(၃၂)မျိုးသော စိတ်တို့] တို့သည်ကား..

(က) စိတ္တဇဩဇဋ္ဌမကရုပ်ကိုလည်း ဖြစ်စေနိုင်ကုန်၏၊
( ခ ) ဖြစ်ပြီး ဣရိယာပုထ်ကိုလည်း ခိုင်ခံ့စေနိုင်ကုန်၏၊
( ဂ ) ဝိညတ်ရုပ် နှစ်မျိုးကိုလည်း ဖြစ်စေနိုင်ကုန်၏ = ဣရိယာပထရုပ်အသစ်ကိုလည်း ဖြစ်စေနိုင်ကုန်၏၊

[မှတ်စု ၄၁] ဤသတ်မှတ်ချက်အရ ဣရိယာပထရုပ်ကို ဖြစ်စေနိုင်သော စိတ်တို့ကြောင့် ဖြစ်ကုန်သော ဣရိယာပထရုပ် = ဝိညတ်ရုပ် ပါဝင်သော စိတ္တဇရုပ်ကလာပ် နှစ်မျိုးတို့သည် သယ်ဆောင်တတ်သော အခြင်းအရာအားဖြင့် ဖြစ်သော ရုပ်တရားအုပ်စု၌ ပါဝင်ကြ၏၊ ကြွင်းကျန်သော စိတ်တို့ကြောင့် ဖြစ်ကုန်သော စိတ္တဇဩဇဋ္ဌမကရုပ်တရားတို့သည်ကား အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေသော ရုပ်တရားအုပ်စု၌ ပါဝင်ကြ၏၊ ထို့ကြောင့် စိတ္တဇရုပ်တို့သည် နှစ်ဘက်လုံး၌ တည်ရှိနေကြခြင်းဖြစ်၏၊ ဤဣရိယာပထပိုင်းရှုကွက်၌ ပြဓာန်းသော ပဓာနဖြစ်သော ဣရိယာပထရုပ် (= ဝိညတ်ရုပ်) ပါဝင်သော ရုပ်တရားတို့ကား ခန္ဓာအိမ်ဟု ခေါ်ဆိုသမုတ်အပ်သော စတုသမုဋ္ဌာနိကရုပ်တရားစုတို့ကို သွားသောအခြင်းအရာအားဖြင့် ဖြစ်အောင် သယ်ဆောင်တတ်သော ရုပ်တရားတို့တည်း။ သို့သော် တကယ်တမ်း သယ်ဆောင်နေသည်ကား မဟုတ်ပေ၊ သယ်ဆောင်သော အခြင်းအရာအားဖြင့် ဖြစ်နေသည်ဟု ထင်ရလောက်အောင် ရုပ်တရားတို့ကို နေရာအသစ်အသစ်၌ အဆက်မပြတ် ရှေ့နှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဆက်ကာဆက်ကာ ပြောင်းရွှေ့ဖြစ်စေမှုကို ဆိုလိုပေသည်။ အကြောင်းမူ ပရမတ်တရားတို့ကား တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ဖြစ်ရိုး ဓမ္မတာမရှိဘဲ ဖြစ်သည့်နေရာ၌သာ ပျက်သွားသောကြောင့်တည်း။ သို့သော် ကံ-စိတ်-ဥတု-အာဟာရတည်းဟူသော အကြောင်းတရားတို့၏ ကျေးဇူးပြုပေးမှု အရှိန်အဝါမကုန်သေး၍ အကြောင်းတရားတို့က ကျေးဇူးပြုပေးမှုကြောင့် နောက်ထပ် အသစ်အသစ် ရှေ့နှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဆက်ကာဆက်ကာ ဖြစ်နေသော ရုပ်တရားတို့သည် နေရာအဟောင်းအဟောင်း၌ ထပ်၍ မဖြစ်တော့ဘဲ နေရာအသစ်အသစ်၌သာ ပြောင်းရွှေ့ဖြစ်ကြသည်။ ထိုသို့ နေရာအသစ်အသစ်၌ ရှေ့နှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဆက်ကာဆက်ကာ အဆက်မပြတ် ဖြစ်မှုကား ဣရိယာပထရုပ် = ကာယဝိညတ်ပါဝင်သော သယ်ဆောင်တတ်သော ကာယဝိညတ္တိနဝကကလာပ် ကာယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ် ရုပ်တရားတို့တွင် ပါဝင်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲလျက်ရှိသော မဟာဘုတ်တို့၏ စွမ်းအင်တည်း။ ယင်းသယ်ဆောင်တတ်သော ရုပ်တရားတို့တွင် ပါဝင်သော ကာယဝိညတ်ရုပ်က စိတ်၏ အလိုအတိုင်း ဖြစ်လိုသည့်နေရာ၌ အသစ်အသစ် ဥပါဒ်ရန် ပဲ့ကိုင်ပေးလျက် ရှိ၏၊

မိမိရရှိထားပြီးသည့် သမာဓိကို စတုတ္ထစျာန်သို့ ဆိုက်အောင် အဆင့်ဆင့် ထူထောင်ပါ။ လင်းရောင်ခြည် စွမ်းအင်များသည် ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက်ပလာသောအခါ ဓာတ်ကြီးလေးပါးကို ပြည်တည်၍ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားတို့ကို သိမ်းဆည်းပါ = ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ ထိုနောင် ဘဝင်မနောအကြည်ကို သိမ်းဆည်း၍ သွားလိုသော စိတ်ကို မြင်အောင် ရှုပါ၊ အနည်းငယ် သွားကြည့်ပါ၊ ယင်းသွားလိုသော စိတ်ကြောင့် ကာယဝိညတ္တိနဝကကလာပ် ကာယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ်ရုပ်တရားတို့ ဖြစ်ပေါ်လာပုံကို မြင်အောင်ရှုပါ။ ယင်းရုပ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းပါ။ ယင်းရုပ်တရားတို့ကား ဣရိယာပထရုပ်တရားတို့တည်း။ ယင်းရုပ်တရားတို့တွင် သဘာဝသတ္တိစွမ်းအင်လွန်ကဲနေသော ဝါယောဓာတ်နှင့် တကွသော ဘူတရုပ် ဓာတ်ကြီးလေးပါးကြောင့် သွားနေသည့် ကိုယ်အမူအရာ ကာယဝိညတ်ရုပ် ဖြစ်ပေါ်လာပုံကို မြင်အောင်ရှုပါ။

သဘောပေါက်ပါက ယင်း ကာယဝိညတ္တိနဝကကလာပ် ကာယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ် ဟူသော သယ်ဆောင်တတ်သော အခြင်းအရာအားဖြင့် ဖြစ်နေကြသော ပဓာနပြဓာန်းသော ရုပ်တို့ကို ဦးစားပေး၍ ဆက်လက် သိမ်းဆည်းပါ။ ဉာဏ်ထက်မြက်လာသောအခါ အပ္ပဓာနဖြစ်သည့် မပြဓာန်းသော အသယ်ဆောင်ခံရသော အခြင်းအရာ အားဖြင့် ဖြစ်နေကြသော (၆)ဒွါရ (၄၂)ကောဋ္ဌာသ၌ တည်ရှိသော စတုသမုဋ္ဌာနိကရုပ်တရားတို့ကို ဆက်လက် သိမ်းဆည်းပါ။ သယ်ဆောင်တတ်သော ရုပ်, အသယ်ဆောင်ခံရသော ရုပ် - ဤနှစ်မျိုးတို့ကို တစ်လှည့်စီ သိမ်းဆည်းနေပါ။ အားလုံးကို ခြုံငုံ၍ သိမ်းဆည်းနိုင်သောအခါ ..

၁။ ဤကား ရုပ်-ရုပ် ဟုလည်းကောင်း, သို့မဟုတ်
၂။ ရုပ်တရား ရုပ်တရား ဟုလည်းကောင်း, သို့မဟုတ်
၃။ ရုပ် ရုပ် ဟုလည်းကောင်း သိမ်းဆည်းနေပါ။ ရပ်ရာ ထိုင်ရာ လျောင်းရာတို့၌လည်း နည်းတူ ရှုပါ။

နောက်တစ်နည်း ရှုကွက် ညွှန်ကြားချက်

သို့သော် ဣရိယာပထ ရှုကွက်ကား မပြီးဆုံးသေးပါ။ ဣရိယာပထရှုကွက် တစ်မျိုးကို ဘုရားရှင်သည် ထပ်မံ၍ ဟောကြားထားတော်မူပြန်သည်။ ယင်းဒေသနာတော်မှာ အောက်ပါအတိုင်းပင် ဖြစ်၏ ..။

“ထိုရဟန်းတို့၏ ရူပကာယ (= ရုပ်တရားအပေါင်း)သည် အကြင် အကြင် အမူအရာအားဖြင့် ထားအပ်၏ = တည်ရှိနေ၏ = ဖြစ်နေ၏၊ ထိုရူပကာယ (= ရုပ်တရားအပေါင်း)ကို ထိုထို ထားအပ်သော = တည်ရှိနေသော = ဖြစ်နေသော အမူအရာအားဖြင့် ကွဲကွဲပြားပြား သိ၏ = ကွဲကွဲပြားပြား သိအောင်ရှုပါ။”[မှတ်စု ၄၂]

ဤရှုကွက်၏ ဆိုလိုရင်း သဘောတရားကို အဋ္ဌကထာ ဋီကာ ဆရာတော်တို့က အောက်ပါအတိုင်း ဖွင့်ဆို ထားတော်မူ၏၊

ယထာ ယထာ ဝါ ပနဿ ကာယော ပဏိဟိတော ဟောတိ၊ တထာ တထာ နံ ပဇာနာတိ = ထိုရဟန်း၏ ရူပကာယ = ရုပ်တရားအပေါင်းသည် အကြင်အကြင် အမူအရာအားဖြင့် ထားအပ်၏ = တည်ရှိနေ၏ = ဖြစ်နေ၏၊ ထိုရူပကာယ = ရုပ်တရားအပေါင်းကို ထိုထို ထားအပ်သော = တည်ရှိနေသော = ဖြစ်နေသော အမူအရာအားဖြင့် ကွဲကွဲပြားပြား သိ၏ = ကွဲကွဲပြားပြားသိအောင် ရှုပါ – ဟူသော ဤဒေသနာတော်သည်ကား ဣရိယာပုထ် လေးမျိုးလုံးကို သိမ်းကျုံးရေတွက်၍ ညွှန်ကြားတော်မူသော ဒေသနာတော် ဖြစ်၏၊ ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ = သွားလျှင် သွား၏ဟု ကွဲကွဲပြားပြား သိ၏ .. ဤသို့ စသည်ဖြင့် ရှေးပိုင်း ဣရိယာပထရှုကွက်တွင် ဣရိယာပုထ် တစ်မျိုးစီ တစ်မျိုးစီ၏ ရှုကွက်ကို ဟောကြားထားတော်မူသောကြောင့် - ယထာ ယထာ ဝါ ပနဿ ... စသော ဤ နောက်ရှုကွက်ဒေသနာတော်သည် ထိုဣရိယာပုထ် လေးပါးလုံးကို တစ်ပေါင်းတည်း သိမ်းကျုံး၍ ပြန်လည်ဟောကြားထားတော်မူသော ဒေသနာတော်ပင် ဖြစ်၏၊

ထိုကြောင့် ဤဒေသနာတော်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏၊ အကြင် အကြင်သို့သော အခြင်းအရာအားဖြင့် ထိုယောဂါဝစရ ရဟန်းတော်၏ ရူပကာယ = ရုပ်တရားအပေါင်းသည် တည်ရှိနေ၏၊ ထိုထို တည်နေတိုင်းသော အခြင်းအရာအားဖြင့် ထိုရူပကာယ = ရုပ်တရားအပေါင်းကို ကွဲကွဲပြားပြား သိအောင် ရှုပါ၊ သွားသော အခြင်းအရာ အားဖြင့် တည်နေသော ရူပကာယ = ရုပ်တရားအပေါင်းကို သွား၏ဟု ကွဲကွဲပြားပြား သိအောင် ရှုပါ။ ရပ်သော ထိုင်သော လျောင်းသော အခြင်းအရာအားဖြင့် တည်နေသော ရူပကာယ = ရုပ်တရားအပေါင်းကိုလည်း ရပ်၏ ထိုင်၏ လျောင်း၏ဟု ကွဲကွဲပြားပြား သိအောင် ရှုပါ။ ဤကား ဆိုလိုရင်းတည်း။[မှတ်စု ၄၃]

ဋီကာဆရာတော်၏ အဖွင့်တစ်မျိုး

ယင်းဋီကာ[မှတ်စု ၄၄]၏ ဆိုလိုရင်းမှာ ဤသို့တည်း။

ဘုရားရှင်သည် –– ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ = သွားလျှင်သွား၏ဟု ကွဲကွဲပြားပြား သိပါ ... ဤသို့ စသည်ဖြင့် ဤဣရိယာပထရှုကွက် ရှေ့နည်းကို ဣရိယာပထရုပ် အမည်ရသော ကာယဝိညတ္တိ ပါဝင်သော သယ်ဆောင်တတ်သော အခြင်းအရာအားဖြင့် ဖြစ်နေကြသော ရုပ်တရားတို့ကို ပဓာနထား၍ ဟောကြားထားတော် မူခဲ့၏၊

အမူအရာအားဖြင့် ကွဲကွဲပြားပြား သိ၏ = ကွဲကွဲပြားပြား သိအောင် ရှုပါ - ဟု ဒုတိယနည်းကို ထပ်မံ ဟောကြား ထားတော်မူ၏၊

ယင်းနည်း၌ အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေကြသော စတုသမုဋ္ဌာနိက ရုပ်တရား အပေါင်းကား အပ္ပဓာန = မပြဓာန်းပေ။ သို့သော် သယ်ဆောင်တတ်သော အခြင်းအရာအားဖြင့် ဖြစ်နေကြသော ပဓာန = ပြဓာန်းသော ဣရိယာပထရုပ်တို့ကို ပဓာနထား၍ ဦးစားပေး၍ ရှုနေပါက အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေကြသော အပ္ပဓာန = မပြဓာန်းသော စတုသမုဋ္ဌာနိက ရုပ်တရားအပေါင်းကို သိမ်းဆည်း ရှုပွားခြင်း ကိစ္စသည်လည်း အစဉ်လိုက်၍ ပြီးစီးနိုင်၏၊

တစ်ဖန် –– ယထာ ယထာ ဝါ ပနဿ ကာယော ပဏိဟိတော ဟောတိ၊ တထာ တထာ နံ ပဇာနာတိ = ထိုရဟန်း၏ ရူပကာယ = ရုပ်တရားအပေါင်းသည် အကြင်အကြင် အမူအရာအားဖြင့် ထားအပ်၏ = တည်ရှိနေ၏ = ဖြစ်နေ၏၊ ထိုရူပကာယ = ရုပ်တရားအပေါင်းကို ထိုထို ထားအပ်သော = တည်ရှိနေသော = ဖြစ်နေသော အမူအရာအားဖြင့် ကွဲကွဲပြားပြား သိ၏ = ကွဲကွဲပြားပြား သိအောင် ရှုပါ - ဟု ဒုတိယနည်းကို ထပ်မံ ဟောကြား ထားတော်မူ၏။

ဤဒုတိယနည်း၌ကား အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေကြသော စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းကိုလည်း ပဓာနထား၍ တစ်ဖန် ရှုပွားသိမ်းဆည်းရန် ညွှန်ကြားထားတော်မူ၏၊ ယင်း စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းတို့ကား ဤဒုတိယနည်း၌ ပဓာနထား၍ ရှုရမည့် ပြဓာန်းသော ရုပ်တရားတို့ ဖြစ်ကြ၏၊ သယ်ဆောင်တတ်သော အခြင်းအရာအားဖြင့် ဖြစ်နေကြသော ဣရိယာပထရုပ်တရားတို့ကား ဤဒုတိယနည်း၌ မပြဓာန်းသော ရုပ်တရားတို့ ဖြစ်ကြ၏၊

အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေကြသော ယင်း စတုသမုဋ္ဌာနိက ရုပ်တရားတို့ကို ပဓာန ထား၍ ရှုပွားသိမ်းဆည်းပါက အပ္ပဓာနဖြစ်သော မပြဓာန်းသော သယ်ဆောင်တတ်သော အခြင်းအရာအားဖြင့် ဖြစ်နေကြသော ဣရိယာပထရုပ်တရားတို့ကို သိမ်းဆည်းရှုပွားခြင်း ကိစ္စသည်လည်း အစဉ်လိုက်၍ ပြီးစီးနိုင်၏၊ ဤသို့သော ရှုပွားပုံနည်းစနစ်များကို ညွှန်ကြားတော်မူလိုသည့်အတွက် –– ယထာ ယထာ ဝါ ပနဿ ... စသော ဤ ဒုတိယနည်း ရှုကွက်ကို ဘုရားရှင်သည် ထပ်မံ၍ ဟောကြားတော်မူပြန်သည်။ ဤကား နည်းနှစ်မျိုးတို့၏ ထူးခြားချက်ပင်တည်း။[မှတ်စု ၄၅] (ဤကား ဋီကာစကားရပ်၏ ဆိုလိုရင်းတည်း။)

ထို့ကြောင့် ယောဂီသူတော်ကောင်းသည် ..

၁။ သွားလျှင်လည်း ပဓာန-အပ္ပဓာန ရုပ်တရားတို့ကို ကွဲကွဲပြားပြား သိအောင် ရှုပါ။
၂။ ရပ်လျှင်လည်း ပဓာန-အပ္ပဓာန ရုပ်တရားတို့ကို ကွဲကွဲပြားပြား သိအောင် ရှုပါ။
၃။ ထိုင်လျှင်လည်း ပဓာန-အပ္ပဓာန ရုပ်တရားတို့ကို ကွဲကွဲပြားပြား သိအောင် ရှုပါ။
၄။ လျောင်းလျှင်လည်း ပဓာန-အပ္ပဓာန ရုပ်တရားတို့ကို ကွဲကွဲပြားပြား သိအောင် ရှုပါ။
ဤရုပ်တရားတို့ကား ရူပက္ခန္ဓာတည်း၊ ရုပ်တရားအစုတည်းဟု မှတ်သားထားပါ။

လောကူပမာကို ဆောင်ရသော်

နှိုင်းခိုင်းဖွယ်ရာ လောကူပမာတစ်ခုကို နားလည်လွယ်အောင် ဆောင်ပြရသော် .. ယောက်ျားတစ်ဦးသည် ဆန်အိတ် တစ်အိတ်ကို သယ်ဆောင်လာသည် ဆိုကြပါစို့။ ပကတိမျက်စိအမြင် ဉာဏ်မျက်စိအမြင်ဟူသော မျက်စိ အမြင် နှစ်မျိုးရှိသော ယောက်ျားသည် ဆန်အိတ်ကို သယ်ဆောင်တတ်သော ယောက်ျားကို စူးစူးစိုက်စိုက် ကြည့်ရှု နေပါက အသယ်ဆောင်ခံရသော ဆန်အိတ်ကိုလည်း အစဉ်လိုက်၍ မြင်လာနိုင်၏၊ တစ်ဖန် အသယ်ဆောင်ခံရသော ဆန်အိတ်ကို စူးစူးစိုက်စိုက် လိုက်၍ ကြည့်ရှုနေပါက ယင်းဆန်အိတ်ကို သယ်ဆောင်တတ်သော ယောက်ျားကိုလည်း အစဉ်လိုက်၍ မြင်လာနိုင်၏၊ ယောက်ျားနှင့် သယ်ဆောင်တတ်သော အခြင်းအရာအားဖြင့် ဖြစ်နေသော ဣရိယာပထ ရုပ်တရားတို့ ပါဝင်သော ကာယဝိညတ္တိနဝကကလာပ် ကာယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ် ရုပ်တရားတို့ကား တူ၏၊ အသယ်ဆောင်ခံရသော ဆန်အိတ်နှင့် အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေကြသော စတုသမုဋ္ဌာနိက ရုပ်တရားတို့ကား တူ၏၊ ဤဥပမာအတူပင် ယောဂါဝစရပုဂ္ဂိုလ်သည် သယ်ဆောင်တတ်သော အခြင်းအရာအားဖြင့် ဖြစ်နေကြသော ရုပ်တရားတို့ကို ပဓာနထား၍ သိမ်းဆည်းရှုပွားနေပါက အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေကြသော စတုသမုဋ္ဌာနိကရုပ်တရားတို့ကို သိမ်းဆည်းခြင်း ရှုပွားခြင်းသည်လည်း အစဉ်လိုက်၍ ပြီးစီးလာနိုင်၏၊ ဣရိယာပထ ပထမနည်းရှုကွက် ဖြစ်၏၊ တစ်ဖန် အသယ်ဆောင်ခံရသော အခြင်းအရာ အားဖြင့် ဖြစ်နေကြသော စတုသမုဋ္ဌာနိက ရုပ်တရားတို့ကို ပဓာနထား၍ သိမ်းဆည်းရှုပွားနေပါကလည်း သယ်ဆောင် တတ်သော အခြင်းအရာအားဖြင့် ဖြစ်နေကြသော ဣရိယာပထရုပ် ဝိညတ်ရုပ် ပါဝင်သော ရုပ်တရားတို့ုကို သိမ်းဆည်း ရှုပွားခြင်းသည်လည်း အစဉ်လိုက်၍ ပြီးစီးပြည့်စုံနိုင်၏၊ ဤရှုကွက်ကား - ယထာ ယထာ ဝါ ပနဿ... စသည်ဖြင့် ဟောကြားထားတော်မူအပ်သော ဣရိယာပထ ဒုတိယနည်းရှုကွက် ဖြစ်သည်။

ဤဣရိယာပထရှုကွက် သမ္ပဇညရှုကွက်တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်သည့်တိုင်အောင် သိမ်းဆည်း ရှုပွားလိုသော ယောဂီသူတော်ကောင်းသည် ပါဠိတော် အဋ္ဌကထာ ဋီကာတို့၌ လာရှိသော ညွှန်ကြားချက်များကို ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်လျက် လိုက်နာပြုကျင့်သင့်လှပေသည်။ ပညာရှိသော်လည်း သတိဖြစ်ခဲလှ၏၊ သတိမမူ ဂူမမြင် ရှိတတ်၏၊ သတိရှိစေ။

အလားတူ ရှုကွက်များ

၁။ ရှေ့သို့တက်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၂။ နောက်သို့ဆုတ်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၃။ တည့်တည့်ကြည့်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၄။ စောင်းငဲ့ကြည့်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၅။ လက်-ခြေတို့ကို ကွေးရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၆။ လက်-ခြေတို့ကို ဆန့်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၇။ ဒုကုဋ်သင်္ကန်းကို ကိုင်ဆောင်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၈။ သပိတ်ကို ကိုင်ဆောင်ရာ၌ ပဓာန-အပ္ပဓာနရုပ်တရား,
၉။ သင်းပိုင်နှင့် ကိုယ်ဝတ်သင်္ကန်းကို ကိုင်ဆောင်ရာ၌ ပဓာန-အပ္ပဓာနရုပ်တရား,
၁၀။ စားရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၁၁။ သောက်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၁၂။ ခဲဖွယ်ကို ခဲရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၁၃။ လျက်ဖွယ်ကို လျက်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၁၄။ ကျင်ကြီးစွန့်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၁၅။ ကျင်ငယ်စွန့်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၁၆။ သွားရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၁၇။ ရပ်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၁၈။ ထိုင်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၁၉။ အိပ်ပျော်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၂၀။ အိပ်ရာမှ နိုးလာရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၂၁။ စကားပြောဆိုရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၂၂။ စကားမပြော ဆိတ်ဆိတ်နေရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား –

ဤရုပ်တရားတို့ကို သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ ဤသို့ ရုပ်တရားတို့ကို သိမ်းဆည်းတတ်ပါက၊ ဉာဏ်ဖြင့် ပိုင်းခြားယူတတ်ပါက နာမ်တရားတို့ကိုလည်း ဆက်လက်ကာ သိမ်းဆည်းရမည်၊ ဉာဏ်ဖြင့် ပိုင်းခြားယူရမည် ဖြစ်ပေသည်။

သမ္ပဇဉ် (၄) ပါး

၁။ သာတ္ထက သမ္ပဇဉ်,
၂။ သပ္ပါယ သမ္ပဇဉ်,
၃။ ဂေါစရ သမ္ပဇဉ်,
၄။ အသမ္မောဟ သမ္ပဇဉ် ––- ဤသို့လျှင် သမ္ပဇဉ် (၄)မျိုး ရှိ၏၊[မှတ်စု ၄၆]

၁။ သာတ္ထက သမ္ပဇဉ်––- သံသရာမှ ထွက်မြောက်ကြောင်း နိယျာနိက တရားကောင်းစင်စစ် ဧကန်ဖြစ်သည့် ကုသိုလ်တရားတို့ တိုးပွားသည့် လုပ်ငန်းရပ်တို့ကား အကျိုးရှိသော လုပ်ငန်းရပ်တို့တည်း။ အကုသိုလ်တရား တိုးပွားကြောင်း လုပ်ငန်းရပ်တို့ကား အကျိုးမရှိသော လုပ်ငန်းရပ်တို့တည်း။ ဤသို့လျှင် အကျိုးရှိ-မရှိကို ပိုင်းခြားလျက် အကျိုးမရှိသည်ကို စွန့်လွှတ်၍ အကျိုးရှိသည်ကိုသာ ပိုင်းခြားယူတတ်သော လိုက်နာပြုကျင့်သော ဉာဏ်သည် သာတ္ထကသမ္ပဇဉ်ဉာဏ် မည်၏၊

၂။ သပ္ပါယ သမ္ပဇဉ် ––- အကျိုးရှိသည်မှန်သော်လည်း သပ္ပါယ-အသပ္ပါယ = တော်-မတော်ကို ပိုင်းခြားလျက် မတော်သည့်လုပ်ငန်းခွင်ကို စွန့်လွှတ်၍ သင့်တော်သည်ကိုသာ ပိုင်းခြားယူတတ်သော လိုက်နာပြုကျင့်သော ဉာဏ်သည် သပ္ပါယသမ္ပဇဉ်ဉာဏ် မည်၏၊

၃။ ဂေါစရ သမ္ပဇဉ်––- ဆွမ်းခံ သွားရာ၌ ကမ္မဋ္ဌာန်းကို ဆောင်ခြင်း, ဆွမ်းခံရွာမှ ပြန်လာရာ၌ ကမ္မဋ္ဌာန်းကို ဆောင်ခြင်း စသည်ဖြင့် သမထကမ္မဋ္ဌာန်းသို့မဟုတ် ဝိပဿနာကမ္မဋ္ဌာန်း အာရုံတစ်ခုအတွင်းသို့ ဘာဝနာစိတ်ကို အမြဲ သွတ်သွင်းထားတတ်သော ဉာဏ်သည် ဂေါစရသမ္ပဇဉ်ဉာဏ် မည်၏၊ သမထကမ္မဋ္ဌာန်းတစ်ခုခုကို အမြဲတမ်း ပွားများနေပါက သမထကမ္မဋ္ဌာန်းအာရုံတစ်ခုခုအတွင်းသို့ မိမိ၏ ဘာဝနာစိတ်ကို အမြဲတမ်း သွတ်သွင်းထားတတ်ပါက ဂေါစရသမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံလေပြီ။ အကယ်၍ မိမိက ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ပွားများနိုင်သူအဆင့်သို့ ရောက်ရှိနေသူဖြစ်ပါက ဆွမ်းခံအသွား-အပြန်တို့၌လည်း ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလျက် ပြုကျင့်နေပါက ဂေါစရသမ္ပဇဉ်ဉာဏ်နှင့်လည်း ပြည့်စုံသည် မည်၏၊ အသမ္မောဟသမ္ပဇဉ်ဉာဏ်နှင့်လည်း ပြည့်စုံသည် မည်ပေ၏၊

၄။ အသမ္မောဟ သမ္ပဇဉ် ––- ပရမတ္ထအားဖြင့်ကား ..

ရုပ်ဓာတ်နာမ်ဓာတ် = ရုပ်တရား နာမ်တရားတို့၏သာလျှင် သွားခြင်းတည်း၊
ရုပ်ဓာတ်နာမ်ဓာတ် = ရုပ်တရား နာမ်တရားတို့၏သာလျှင် ရပ်ခြင်းတည်း၊
ရုပ်ဓာတ်နာမ်ဓာတ် = ရုပ်တရား နာမ်တရားတို့၏သာလျှင် ထိုင်ခြင်းတည်း၊
ရုပ်ဓာတ်နာမ်ဓာတ် = ရုပ်တရား နာမ်တရားတို့၏သာလျှင် အိပ်ခြင်းတည်း၊

မှန်ပေသည် ––- ထိုထို သွားခြင်း ရပ်ခြင်း ထိုင်ခြင်း အိပ်ခြင်း ဟူသောကောဋ္ဌာသ၌ ရုပ်တရားနှင့် အတူတကွ အခြားတစ်ပါးသော စိတ်သည် ဖြစ်ပေါ်၍ လာ၏၊ အခြားတစ်ပါးသော စိတ်သည် ချုပ်ပျက်၍ သွား၏၊

ဤသို့လျှင် စိတ်တစ်ခုနှင့် စိတ်တစ်ခု၏ အကြား၌ ခြားကွယ်တတ်သော တစ်စုံတစ်ခုသော တရားမျှ မရှိဘဲ မြစ်ရေအယဉ် တသွင်သွင် အဆက်မပြတ်စီးဆင်းနေသကဲ့သို့ - အကြားအလပ် မရှိအောင် ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ်သော စိတ်အစဉ်သန္တတိသည် ဖြစ်ပေါ်၍ နေ၏၊ ဤသို့လျှင် ရှေ့သို့တက်ခြင်း စသည်တို့၌ မတွေမဝေ သိခြင်းသည် အသမ္မောဟသမ္ပဇဉ်ဉာဏ် မည်၏၊[မှတ်စု ၄၇]

ရုပ်တရားတို့သည် စိတ္တက္ခဏ (၁၇)ချက် သက်တမ်းရှည်ကြသဖြင့် ရုပ်တရားတို့နှင့် အတူ ပြိုင်ဖြစ်သော စိတ်ကား တစ်မျိုးတခြားတည်း။ ယင်းရုပ်တရားတို့နှင့် ပြိုင်၍ ချုပ်သော စိတ်ကား အခြား စိတ်တစ်မျိုးတည်း။ ရုပ်တရား တစ်ခုခုနှင့် ပြိုင်၍ အတူဖြစ်သော စိတ်နှင့် ယင်းရုပ်တရား တစ်ခုခုနှင့်ပင် အတူ ပြိုင်၍ ချုပ်သော စိတ်တို့၏ အကြားတွင် စိတ္တက္ခဏ (၁၅)ချက် ကွာခြားလျက် ရှိ၏၊ ယင်းရုပ်တရား တစ်ခုခုနှင့် အတူ ပြိုင်၍ ဖြစ်သော စိတ်နှင့် ယင်းရုပ်တရား တစ်ခုခုနှင့်ပင် အတူ ပြိုင်၍ ချုပ်သော စိတ်တို့ကိုပါ ထပ်ပေါင်းလိုက်ပါက စိတ္တက္ခဏ (၁၇)ချက် ဖြစ်သည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ဤသို့လျှင် ထိုထိုဣရိယာပထအခိုက် ထိုထိုသမ္ပဇဉ်အခိုက်တို့၌ ရုပ်နာမ်ပရမတ်တို့ကို သိအောင် မြင်အောင် ရှုရမည် ဖြစ်သည်။ သို့မှသာလျှင် အသမ္မောဟသမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံမည် ဖြစ်ပေသည်။

ဤ အသမ္မောဟသမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံအောင် ယောဂီသူတော်ကောင်းသည် ..

၁။ သွားရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၂။ ရပ်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၃။ ထိုင်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၄။ လျောင်းရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၅။ ရှေ့သို့တက်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၆။ နောက်သို့ဆုတ်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၇။ တည့်တည့်ကြည့်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၈။ စောင်းငဲ့ကြည့်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၉။ လက်ခြေတို့ကို ကွေးရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၁၀။ လက်ခြေတို့ကို ဆန့်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၁၁။ ဒုကုဋ်သင်္ကန်းကို ကိုင်ဆောင်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၁၂။ သပိတ်ကို ကိုင်ဆောင်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၁၃။ သင်းပိုင်-ကိုယ်ဝတ်သင်္ကန်းကို ကိုင်ဆောင်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၁၄။ စားရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၁၅။ သောက်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၁၆။ ခဲဖွယ်ကို ခဲရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၁၇။ လျက်ဖွယ်ကို လျက်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၁၈။ ကျင်ကြီးစွန့်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၁၉။ ကျင်ငယ်စွန့်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၂၀။ သွားရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၂၁။ ရပ်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၂၂။ ထိုင်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၂၃။ အိပ်ပျော်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၂၄။ အိပ်ရာမှ နိုးလာရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၂၅။ စကားပြောဆိုရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၂၆။ စကားမပြော ဆိတ်ဆိတ်နေရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး –

ဤသို့လျှင် ထိုထိုဣရိယာပထရှုကွက် ထိုထိုသမ္ပဇဉ်ပိုင်းဆိုင်ရာရှုကွက်တို့၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါးတို့ကို သိအောင် ဆက်လက် ရှုပွားရဦးမည်သာ ဖြစ်၏၊ ယင်းသို့ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို စနစ်တကျ ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းနိုင်ပါမှ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါမှသာလျှင် အသမ္မောဟသမ္ပဇဉ်ဉာဏ်ကို စတင်ရရှိနိုင်မည် ဖြစ်ပေသည်။ သို့သော် ယောဂါဝစရပုဂ္ဂိုလ်သည် အကယ်၍ ခန္ဓာငါးပါးတို့တွင် ရူပက္ခန္ဓာ အမည်ရသော ရုပ်တရားတို့ကို သာလျှင် သိမ်းဆည်းရှုပွားနိုင်သော အဆင့်တွင်သာ ရှိနေသေးသည်ဖြစ်ပါက ထိုထိုဣရိယာပထအခိုက် သမ္ပဇဉ်ပိုင်း ဆိုင်ရာ ရှုကွက်တို့၌ ရုပ်တရားတို့ကိုသာလျှင် = ပဓာန-အပ္ပဓာန ရုပ်တရားတို့ကိုသာလျှင် သိမ်းဆည်းရှုပွား၍ နေပါလေဦး။ အကယ်၍ ခန္ဓာငါးပါးစလုံးတို့ကို သိမ်းဆည်းနိုင် ရှုပွားနိုင်သော အဆင့်သို့ ရောက်ရှိသွားပါက ထိုထို ဣရိယာပထအခိုက် သမ္ပဇဉ်ပိုင်းဆိုင်ရာ ရှုကွက်တို့၌ ခန္ဓာငါးပါးစလုံးတို့ကိုပင် သိမ်းဆည်း ရှုပွားပါ။

ဤမျှနှင့်ကား မပြီးဆုံးသေးပါ။ ယင်းခန္ဓာငါးပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးသောအခါ ယင်းခန္ဓာငါးပါးတို့၏ အကြောင်းတရားတို့ကို ရှာဖွေသိမ်းဆည်းလျက် အကြောင်းတရားနှင့်တကွသော ယင်းခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရဦးမည်သာ ဖြစ်ပေသည်။ ယင်းသို့ ရှုပွားသုံးသပ်နိုင်ရန်အတွက် ရုပ်ကမ္မဋ္ဌာန်းပိုင်း, နာမ်ကမ္မဋ္ဌာန်းပိုင်း, ပဋိစ္စသမုပ္ပါဒ်ပိုင်း, လက္ခဏာဒိစတုက္ကပိုင်း, ဝိပဿနာပိုင်းဟူသော အပိုင်းကြီးငါးရပ်တို့ကိုလည်း ဆက်လက်ကာ ရေးသားတင်ပြဦးမည်သာ ဖြစ်ပေသည်။

ရှုကွက်လိုရင်း အတိုချုပ် မှတ်သားရန်

ယောဂီသူတော်ကောင်းသည် ..

၁။ အာနာပါနကဲ့သို့သော သမထကမ္မဋ္ဌာန်းတစ်ခုခုကို ပွားများခိုက်ဖြစ်လျှင် သွားခြင်း ရပ်ခြင်း ထိုင်ခြင်း လျောင်းခြင်း ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်း စသော ထိုထို ဣရိယာပထရှုကွက် သမ္ပဇညရှုကွက်တို့၌လည်း ယင်း သမထ ကမ္မဋ္ဌာန်းကိုပင် ဆက်လက်၍ ပွားများအားထုတ်နေပါ။ ယင်းသို့ အားထုတ်နိုင်ပါက ဂေါစရသမ္ပဇဉ်နှင့် ပြည့်စုံလေပြီ။

၂။ ဓာတ်ကမ္မဋ္ဌာန်းကို ပွားများခိုက်ဖြစ်လျှင် ဓာတ်တစ်ပါးကို ရှုနေခိုက် ဓာတ်နှစ်ပါးကို ရှုနေခိုက် ဓာတ်သုံးပါးကို ရှုနေခိုက် ဓာတ်ကြီးလေးပါးလုံးကို ရှုနေခိုက်ဖြစ်လျှင် ထိုထို ဣရိယာပထရှုကွက် သမ္ပဇညရှုကွက်တို့၌လည်း ဓာတ်တစ်ပါးကို, ဓာတ်နှစ်ပါးကို, ဓာတ်သုံးပါးကို, ဓာတ်ကြီးလေးပါးလုံးကိုပင် ရှုနေပါ။

၃။ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းနိုင်သောအခါ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သောအခါ ထိုထိုဣရိယာပထရှုကွက် သမ္ပဇညရှုကွက်တို့၌လည်း ပဓာန-အပ္ပဓာန ဖြစ်သော ရုပ်တရားတို့ကို (= သယ်ဆောင်တတ်သော အခြင်းအရာအားဖြင့် ဖြစ်နေသော ရုပ်တရား အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေသော ရုပ်တရားတို့ကို) တစ်လှည့်စီ ဦးစားပေးကာ သိမ်းဆည်း၍ ယင်းပဓာန-အပ္ပဓာန ရုပ်တရားအားလုံးကိုပင် ခြုံငုံ၍ သိမ်းဆည်းရှုပွားနေပါ။ ထိုသို့ ရှုပွားတတ်ရေးအတွက် ရုပ်ကမ္မဋ္ဌာန်းပိုင်းကိုလည်း ဆက်လက်ကာ ရေးသားတင်ပြဦးမည်သာ ဖြစ်ပေသည်။

ရုပ်ကမ္မဋ္ဌာန်းပိုင်းကို တင်ပြရာ၌ မဟာသတိပဋ္ဌာနသုတ္တန် ကာယာနုပဿနာသတိပဋ္ဌာန်ပိုင်း၌ လာရှိသော ဓာတုမနသိကာရအခန်းဝယ် ဟောကြားထားတော်မူသည့် ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်း ရှုကွက်ကို ဦးတည်ကာ ရုပ်တရားများကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုပွားပုံနည်းစနစ်များကို အသေးစိတ် ဖော်ပြသွားမည် ဖြစ်ပေသည်။ အလားတူပင် (၃၂)ကောဋ္ဌာသ သို့မဟုတ် (၄၂)ကောဋ္ဌာသတို့၌ ဓာတ်ကမ္မဋ္ဌာန်းအကျယ် ရှုပွားပုံ နည်းစနစ်တို့ကိုလည်း ပူးတွဲကာ တင်ပြသွားမည် ဖြစ်ပေသည်။

တစ်ဖန် ယင်း ဣရိယာပထရုပ် သမ္ပဇညရုပ်တို့ကို ဖြစ်ပေါ်စေတတ်သော မနောဒွါရိက ဇောဝီထိစိတ်အစဉ် ဟူသော နာမ်တရားတို့ကိုလည်း ယောဂါဝစရပုဂ္ဂိုလ်သည် ဆက်လက်၍ သိမ်းဆည်းရဦးမည်သာ ဖြစ်၏၊ ထိုသို့ သိမ်းဆည်းတတ်ရေးအတွက် နာမ်ကမ္မဋ္ဌာန်းပိုင်းကိုလည်း ဆက်လက်ကာ တင်ပြဦးမည်သာ ဖြစ်ပေသည်။

တစ်ဖန် ထိုရုပ်နာမ်ပရမတ်တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှင်းရှင်းလင်းလင်း သိမြင်ရေးအတွက် အာနာပါနစတုတ္ထစျာန်ကဲ့သို့သော စျာန်သမာဓိများကို ထူထောင်လိုသူတို့အတွက် သမထကမ္မဋ္ဌာန်းပိုင်းကိုလည်း “လုပ်ငန်းခွင်အပိုင်း”တွင် ရှေးဦးစွာ ရေးသားတင်ပြမည် ဖြစ်ပေသည်။

အထူးတလည် ထပ်မံ၍ သတိပေးလိုသော အချက်တစ်ရပ်မှာ ဘုရားရှင်သည် ကာယာနုပဿနာသတိပဋ္ဌာန် ပိုင်းကို အခန်းပေါင်း (၁၄)ခန်းတို့ဖြင့် တန်ဆာဆင်ကာ အခန်းတိုင်း၌ ဝိပဿနာရှုကွက်ကို အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သည့်အထိ ဟောကြားထားတော်မူခဲ့၏၊ သို့သော် နိဗ္ဗာန်သို့ သွားရာ လမ်းမှာ တစ်ကြောင်းတည်းသော လမ်းသာ ရှိသဖြင့် ယင်းကာယာနုပဿနာပိုင်းဆိုင်ရာ အခန်း (၁၄)ခန်းတို့၌ ဝိပဿနာပိုင်းဆိုင်ရာ ရှုကွက်တို့ကား အာနာပါနအခန်း၌ တင်ပြခဲ့သည့် ဝိပဿနာရှုကွက်နှင့် အားလုံးတူညီလျက်ပင် ရှိကြပေသည်။

ဝေဒနာနုပဿနာသတိပဋ္ဌာန်ပိုင်း

ဤ ဝေဒနာနုပဿနာသတိပဋ္ဌာန်ပိုင်း၌ ဝေဒနာနုပဿနာခန်းဟု အခန်း (၁)မျိုးသာ ရှိပေသည်။ ယင်း အခန်း၌ ––

၁။ သုခဝေဒနာ
၂။ ဒုက္ခဝေဒနာ
၃။ အဒုက္ခမသုခဝေဒနာ (= ဥပေက္ခာဝေဒနာ) ဟု – သာမန်အားဖြင့် ဝေဒနာ (၃)မျိုး၊

ကာမဂုဏ်နှင့် ဆက်စပ်နေသော ..
၁။ သုခဝေဒနာ
၂။ ဒုက္ခဝေဒနာ
၃။ အဒုက္ခမသုခဝေဒနာ (= ဥပေက္ခာဝေဒနာ) ဟု – ဝေဒနာ (၃)မျိုး၊

ကာမဂုဏ်နှင့် မဆက်စပ်သော ကာမဂုဏ်မှ ထွက်မြောက်ကြောင်း နေက္ခမ္မဓာတ်နှင့် ဆက်စပ်နေသော ..
၁။ သုခဝေဒနာ
၂။ ဒုက္ခဝေဒနာ
၃။ အဒုက္ခမသုခဝေဒနာ (= ဥပေက္ခာဝေဒနာ) ဟု – ဝေဒနာ (၃)မျိုး ––

ဤသို့အားဖြင့် ဤ (၉)မျိုးသော ဝေဒနာတို့ကို စတင် ရှုပွားသိမ်းဆည်းရန် ဘုရားရှင် ညွှန်ကြားထားတော်မူ၏၊

အဋ္ဌကထာများ၏ ရှင်းလင်းချက်

ဤအရာ၌ အဋ္ဌကထာများ[မှတ်စု ၄၈]က ဝေဒနာနုပဿနာကမ္မဋ္ဌာန်းကို ပွားများအားထုတ်လိုသော ယောဂါဝစရ ပုဂ္ဂိုလ်သည် .. ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေ–– ရုပ်ကမ္မဋ္ဌာန်းကို ဉာဏ်ဖြင့် ပိုင်းခြားယူထားပြီး သိမ်းဆည်းထားပြီး ရှုပွားထားပြီး ဖြစ်ရမည်ဟု ဖွင့်ဆိုထားတော်မူကြ၏၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၄၉]ကလည်း ရုပ်ကမ္မဋ္ဌာန်းကို ကောင်းမွန် စင်ကြယ်စွာ သိမ်းဆည်း ရှုပွားပြီးမှသာလျှင် နာမ်တရားကို ဝေဒနာကစ၍ဖြစ်စေ ဝိညာဏ်ကစ၍ဖြစ်စေ ဖဿကစ၍ ဖြစ်စေ သိမ်းဆည်းရှုပွားရန် ညွှန်ကြားထားတော်မူ၏၊ သို့အတွက် ဝေဒနာနုပဿနာကမ္မဋ္ဌာန်းကို ပွားများ အားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ဓာတ်ကမ္မဋ္ဌာန်းကို အစတည်ကာ ရုပ်တရားတို့ကို အသိဉာဏ်၌ စင်စင်ကြယ်ကြယ် သန့်သန့်ရှင်းရှင်းဖြင့် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ရှေးဦးစွာ သိမ်းဆည်းရှုပွားထားပါ။ အကြောင်းမှာ ဤသို့ ဖြစ်၏ ..။

အရှင်သာရိပုတြာကိုယ်တော်မြတ်ကြီးသည် စျာန်နာမ်တရားတို့ကို ဝိပဿနာရှုရာ၌ စျာန်နာမ်တရား တစ်လုံးစီ တစ်လုံးစီ၏ ဥပါဒ်-ဌီ-ဘင် (= ဖြစ်-တည်-ပျက်) ကို ရှင်းရှင်းလင်းလင်း မြင်အောင် ကြည့်လျက် အနုပဒဓမ္မ ဝိပဿနာနည်းဖြင့် ယင်းစျာန်နာမ်တရား တစ်လုံးစီ တစ်လုံးစီကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားနိုင်ကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင်က ထုတ်ဖော်ကာ အနုပဒသုတ္တန်[မှတ်စု ၅၀]တွင် ဟောကြားထားတော်မူသည်။ ယင်းအနုပဒသုတ္တန်အဋ္ဌကထာ[မှတ်စု ၅၁]ကလည်း ထိုသို့ရှုပွားနိုင်ခြင်းမှာ ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယ –– ယင်းနာမ်တရား တို့၏ မှီရာဝတ္ထုရုပ်နှင့် ဆိုင်ရာဆိုင်ရာအာရုံတို့ကို ပူးတွဲသိမ်းဆည်းပြီးပါမှ စျာန်နာမ်တရားကဲ့သို့သော နာမ်တရားများကို သိမ်းဆည်းရှုပွားသောကြောင့်သာ ထိုကဲ့သို့ အနုပဒဓမ္မ ဝိပဿနာနည်းဖြင့် ဝိပဿနာရှုပွားသုံးသပ်နိုင်ကြောင်းကို ရှင်းလင်းတင်ပြထားတော်မူ၏၊ ထိုကြောင့် နာမ်တရားကို သိမ်းဆည်းရှုပွားလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ သိမ်းဆည်းရှုပွားလိုသော နာမ်တရားတို့၏ မှီရာ ဝတ္ထုရုပ်နှင့် ဆိုင်ရာ ဆိုင်ရာ အာရုံရုပ်တရားတို့ကို၊ အကယ်၍ မိမိရှုပွားလိုသော နာမ်တရားတို့မှာ စျာန်နာမ်တရားများ ဖြစ်ခဲ့လျှင်လည်း ယင်းစျာန်နာမ်တရားတို့၏ မှီ၍ဖြစ်ရာ ဟဒယဝတ္ထုရုပ်နှင့် သို့မဟုတ် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရနှင့် အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော ဆိုင်ရာဆိုင်ရာ အာရုံတို့ကို ပူးတွဲ သိမ်းဆည်းနိုင်ပါမှသာလျှင် ယင်းနာမ်တရားတို့ကို သိမ်းဆည်းရှုပွား၍ ရရှိနိုင်မည် ဖြစ်ပေသည်။ ထိုကြောင့် ဝေဒနာနုပဿနာကမ္မဋ္ဌာန်းကဲ့သို့သော နာမ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းရှုပွားလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းရှုပွားထားပြီး ဖြစ်ရမည်ဟု အဋ္ဌကထာများက ညွှန်ကြားထားတော် မူခြင်း ဖြစ်ပေသည်။

ဖဿပဉ္စမကတရား

တစ်ဖန် .. ဝေဒနာကို သိမ်းဆည်းရှုပွားလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝေဒနာတစ်ခုတည်းကိုသာ သိမ်းဆည်းရှုပွားရသည်မဟုတ်သေး၊ ထိုဝေဒနာနှင့် အတူယှဉ်တွဲ ဖြစ်ပေါ်နေသည့် ထိုဝေဒနာ၏ အာရုံကိုပင် တွေ့ထိသော အခြင်းအရာအားဖြင့်ဖြစ်သော ဖဿ၊ ထိုအာရုံကိုပင် မှတ်သားတတ်သော သညာ၊ ထိုအာရုံပေါ်သို့ ယှဉ်ဖက် စိတ်စေတသိက် သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးသည့် စေတနာ၊ ထိုအာရုံကို ပိုင်းပိုင်း ခြားခြား သိတတ်သည့် ဝိညာဏ် - ဤ ဖဿလျှင် ငါးခုမြောက်ရှိသည့် ဖဿပဉ္စမကတရားတို့ကို သိမ်းဆည်း ရှုပွားရမည်ဟု အဋ္ဌကထာများ[မှတ်စု ၅၂]က ထပ်မံ ညွှန်ကြားထားတော်မူကြပြန်၏၊

ဤတွင် မဟာသတိပဋ္ဌာနသုတ္တန်ဋီကာက[မှတ်စု ၅၃] ဤသို့ ထပ်မံ ရှင်းလင်းတင်ပြထားတော်မူ၏၊ ဤ ဖဿပဉ္စမက တရားငါးပါးတို့သည် စိတ်တိုင်း စိတ်တိုင်း၌ အမြဲယှဉ်တွဲနေသည့် စိတ်အားလုံးတို့နှင့် အမြဲတမ်းဆက်ဆံနေသည့် သဗ္ဗစိတ္တသာဓာရဏစေတသိက်တို့ ဖြစ်ခြင်းကြောင့် ယင်းတရားငါးပါးကို ဦးတည်ကာ ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏၊ ယင်းတရားငါးပါးကို သိမ်းဆည်းရှုပွားရလျှင် နာမ်ခန္ဓာ (၄)ပါးစလုံးကို သိမ်းဆည်းရှုပွားရမည်ဟုသာ မှတ်သားပါ။ ထို ဖဿပဉ္စမကတရားငါးပါးတို့တွင် ဝေဒနာကား ဝေဒနာက္ခန္ဓာ၊ သညာကား သညာက္ခန္ဓာ၊ ဖဿနှင့် စေတနာတို့ကား သင်္ခါရက္ခန္ဓာ၊ အသိစိတ် ဝိညာဏ်ကား ဝိညာဏက္ခန္ဓာ – ဤသို့လျှင် နာမ်ခန္ဓာ (၄)ပါး ဖြစ်သည်။ ထိုတွင် သင်္ခါရက္ခန္ဓာ၌ ဖဿနှင့် စေတနာကို တိုက်ရိုက်ယူကာ ဖွင့်ဆိုလိုက်သဖြင့် ထို ဖဿ စေတနာတို့နှင့် သင်္ခါရက္ခန္ဓာ စာရင်းဝင်ချင်း တူညီနေကြသည့် ကျန်စေတသိက် (၄၈)လုံးတို့ကိုလည်း သိမ်းကျုံးရေတွက်ယူရမည် ဖြစ်သည်။ အကြောင်းမှာ ထိုသင်္ခါရက္ခန္ဓာတရားစုတို့တွင် စေတနာကား ပဓာနပြဓာန်းသောတရား ဖြစ်သောကြောင့် ဖြစ်၏။ ဘုရားရှင် ကိုယ်တော်တိုင်က ခန္ဓဝိဘင်းပါဠိတော်ဝယ် သုတ္တန္တဘာဇနီယနည်း [မှတ်စု ၅၄] ၌ သင်္ခါရက္ခန္ဓာကို ဝေဖန်ဟောကြားတော်မူရာဝယ် “စက္ခုသမ္ဖဿဇာ စေတနာ“စသည်ဖြင့် စေတနာတစ်ခုတည်းကိုသာ ဝေဖန်ဟောကြားသွားတော်မူသော ထုံးတစ်ရပ် လည်း ထင်ရှားရှိနေပေသည်၊ သို့သော် ကျန် ခန္ဓာ (၄)ပါးတို့ကိုကား သရုပ်ထုတ်ကာ ဝေဖန်ဟောကြားသွားတော် မူပေသည်။ ထိုထုံးကို နှလုံးမူ၍ အဋ္ဌကထာများက သင်္ခါရက္ခန္ဓာ၌ ဖဿနှင့် စေတနာကို ပဓာနထားကာ ဖွင့်ဆိုသွားတော် မူကြခြင်း ဖြစ်ပေသည်။

သို့အတွက် ကြိုတင် သိမ်းဆည်းထားအပ်သော ရူပက္ခန္ဓာနှင့် နာမ်ခန္ဓာ (၄)ပါးတို့ကို ပေါင်းလိုက်သော် ဝေဒနာဦးဆောင်သည့် ခန္ဓာ (၅)ပါးပင် ဖြစ်ပေသည်။ ဤ ခန္ဓာ (၅)ပါးတို့ကို သိမ်းဆည်းရှုပွားနိုင်ပါက ရှေ့သို့ ဆက်လက်၍ လိုက်နာပြုကျင့်ရမည့် ဝိပဿနာကျင့်စဉ်မှာ အာနာပါနကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့် အတိုင်းပင် လိုက်နာပြုကျင့်ရမည် ဖြစ်ပေသည်။

စိတ္တာနုပဿနာသတိပဋ္ဌာန်ပိုင်း

ဤစိတ္တာနုပဿနာသတိပဋ္ဌာန်ပိုင်း၌လည်း ဝေဒနာနုပဿနာသတိပဋ္ဌာန်ပိုင်းကဲ့သို့ပင် အဋ္ဌကထာများက ပုံစံတူပင် ဖွင့်ဆိုထားတော်မူကြ၏၊ သို့အတွက် စိတ္တာနုပဿနာကမ္မဋ္ဌာန်းကို ပွားများအားထုတ်လိုသော ယောဂါဝစရ ပုဂ္ဂိုလ်သည် ရှေးဦးစွာ ရုပ်ကမ္မဋ္ဌာန်းကို ရှုထားပြီး ဖြစ်ရမည်။ ထို့နောင် အသိစိတ် ဝိညာဏ် ဦးဆောင်နေသည့် ဖဿပဉ္စမကတရားတို့ကို ဆက်လက်ကာ သိမ်းဆည်းရှုပွားရမည်။ ယင်း ဖဿပဉ္စမကတရား ငါးပါးတို့မှာ အထက်တွင် ရှင်းပြခဲ့ပြီးသည့်အတိုင်း နာမ်ခန္ဓာ (၄)ပါးတို့သာ ဖြစ်ကြသည်။ အားလုံးပေါင်းသော် အသိစိတ် ဝိညာဏ် ဦးဆောင် နေသည့် ခန္ဓာ (၅)ပါးတို့သာ ဖြစ်ကြသည်။ ယင်း အသိစိတ် ဝိညာဏ် ဦးဆောင်နေသည့် ခန္ဓာ (၅)ပါးတို့ကို သိမ်းဆည်း ရှုပွားပြီးသောအခါ ဆက်လက်ပြုကျင့်ရမည့် ဝိပဿနာရှုကွက်မှာ အာနာပါနကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့် အတိုင်းပင် လိုက်နာပြုကျင့်ရမည်သာ ဖြစ်ပေသည်။

ဓမ္မာနုပဿနာသတိပဋ္ဌာန်ပိုင်း

ဤဓမ္မာနုပဿနာသတိပဋ္ဌာန်ပိုင်းတွင် ..
၁။ နီဝရဏ (၅)ပါး အခန်း၊
၂။ ခန္ဓာ (၅)ပါး အခန်း၊
၃။ အာယတန (၁၂)ပါး အခန်း၊
၄။ ဗောဇ္ဈင် (၇)ပါး အခန်း၊
၅။ သစ္စာ (၄)ပါး အခန်း - ဟု အခန်း (၅)ခန်း ရှိ၏၊

၁။ နီဝရဏ (၅) ပါး အခန်း––- ဤနီဝရဏအခန်းကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ဖဿကို ဦးတည်ကာ ဖဿပဉ္စမကတရား ငါးပါး ဦးဆောင်နေသည့် နီဝရဏနာမ်တရားများနှင့် ကြွင်းသော လောကီ နာမ်တရားများကို သိမ်းဆည်း ရှုပွားရမည် ဖြစ်ပေသည်။ ထိုသို့ မသိမ်းဆည်းမီ ရုပ်ကမ္မဋ္ဌာန်းကိုကား ရှေးဦးစွာ သိမ်းဆည်းရှုပွားထားပြီး ဖြစ်ရမည်။ ထိုကြောင့် ဤ နီဝရဏအခန်း ရှုကွက်သည်လည်း နီဝရဏ (၅)ပါးကို ဦးတည်ကာ ခန္ဓာ (၅)ပါးစလုံးကိုပင် ရှုပွားရမည့် ရှုကွက် ဖြစ်ပေသည်။ ခန္ဓာ (၅)ပါးတို့ကို သိမ်းဆည်းရှုပွားပြီးသောအခါ ဆက်လက် ပြုကျင့်ရမည့် ဝိပဿနာရှုကွက်မှာ အာနာပါနကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်းပင် လိုက်နာ ပြုကျင့်ရမည်သာ ဖြစ်ပေသည်။

၂။ ခန္ဓာ (၅) ပါး အခန်း––- ဤအခန်း၌ ခန္ဓာ (၅)ပါးစလုံးကိုပင် သိမ်းဆည်းရှုပွားရန် ဘုရားရှင်က ညွှန်ကြား ထားတော်မူပေသည်။ တစ်ဖန် အကြောင်းသမုဒယသစ္စာတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတို့ ထင်ရှားဖြစ်ခြင်းကိုလည်းကောင်း, အကြောင်းသမုဒယသစ္စာတရားတို့ ချုပ်ငြိမ်းခြင်းကြောင့် အကျိုး ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတို့ ချုပ်ငြိမ်းပုံကိုလည်းကောင်း, အကြောင်း အကျိုး နှစ်ရပ်စလုံးတို့၏ ခဏပစ္စုပ္ပန်အားဖြင့် ဖြစ်မှု ပျက်မှုကိုလည်းကောင်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုရန် ဆက်လက်ကာ ညွှန်ကြားထားတော်မူ၏၊ ထို့နောင် ဆက်လက်ပြုကျင့်ရမည့် ဝိပဿနာရှုကွက်မှာ အာနာပါနကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်းပင် လိုက်နာ ပြုကျင့်ရမည်သာ ဖြစ်ပေသည်။

၃။ အာယတန (၁၂) ပါး အခန်း ––- ဤအခန်း၌ အာယတန (၁၂)ပါးကို ဦးတည်ကာ (= ခန္ဓာ ငါးပါး) ရုပ်နာမ် တရားတို့ကို ရှေးဦးစွာ သိမ်းဆည်းရှုပွားရန် ညွှန်ကြားထားတော်မူ၏၊ ထို့နောင် ဆက်လက်ပြုကျင့်ရမည့် ဝိပဿနာ ရှုကွက်မှာ အာနာပါနကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်းပင် လိုက်နာပြုကျင့်ရမည်သာ ဖြစ်ပေသည်။

၄။ ဗောဇ္ဈင် (၇) ပါး အခန်း––- ဤအခန်း၌လည်း ဗောဇ္ဈင် (၇)ပါးကို ဦးတည်ကာ (= ခန္ဓာ ငါးပါး) ရုပ်နာမ် တရားတို့ကိုပင် ရှေးဦးစွာ သိမ်းဆည်း ရှုပွားရန် ညွှန်ကြားထားတော်မူ၏၊ ထို့နောင် ဆက်လက်ပြုကျင့်ရမည့် ဝိပဿနာရှုကွက်မှာ အာနာပါနကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်းပင် လိုက်နာပြုကျင့်ရမည်သာ ဖြစ်ပေသည်။

၅။ သစ္စာ (၄) ပါး အခန်း ––- ဤ အခန်း၌ ရှေးဦးစွာ ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတို့ကို သိမ်းဆည်းရန် ညွှန်ကြားထားတော်မူ၏၊ ထို့နောင် အကြောင်းသမုဒယသစ္စာတရားတို့ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတို့ ထင်ရှားဖြစ်ပုံကို သိအောင် မြင်အောင် ရှုသည့် သမုဒယသစ္စာပိုင်းကိုလည်းကောင်း၊ အကြောင်း သမုဒယသစ္စာတရားတို့ ချုပ်ငြိမ်းခြင်းကြောင့် အကျိုး ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတို့၏ ချုပ်ငြိမ်းပုံကို ဝိပဿနာ ဉာဏ်ဖြင့် သိအောင် မြင်အောင် ရှုရသည့် နိရောဓသစ္စာပိုင်းကိုလည်းကောင်း ရှုပွားရန် ဆက်လက် ညွှန်ကြားထားတော် မူ၏၊ တစ်ဖန် ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်ဖြစ်သည့် လောကီမဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကိုလည်း သိမ်းဆည်းရှုပွားရန် ဆက်လက်ကာ ညွှန်ကြားထားတော်မူပေသည်။ ထို့နောင် ဆက်လက်ပြုကျင့်ရမည့် ဝိပဿနာ ရှုကွက်မှာ အာနာပါနကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်းပင် လိုက်နာပြုကျင့်ရမည်သာ ဖြစ်ပေသည်။

မဂ္ဂင် (၈) ပါး ကျင့်စဉ်တရား

ဤအရာ၌ ဓမ္မာနုပဿနာသတိပဋ္ဌာန်ပိုင်းတွင် ဘုရားရှင် ရှင်းလင်းဟောကြားထားတော်မူသည့် မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားကို အကျဉ်းချုပ်ကာ ရှင်းလင်းတင်ပြအပ်ပါသည်။

မဟာသတိပဋ္ဌာနသုတ္တန်အဋ္ဌကထာ[မှတ်စု ၅၅]တွင် ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ္ဂေါ ဣဓ အဓိပ္ပေတော, န လောကုတ္တရော –– ဤမဟာသတိပဋ္ဌာနသုတ္တန်ပိုင်း၌ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားမှာ အရိယမဂ်၏ ရှေ့အဖို့၌ လိုက်နာပြုကျင့်ရမည့် ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်ဟု ခေါ်ဆိုအပ်သည့် လောကီမဂ္ဂင် တရားကိုယ် (၈)ပါးပင် ဖြစ်သည်။ ဤ၌ နိရောဓသစ္စာ တရားကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိမြင်အပ်သည့် နိရောဓသစ္စာအဖြစ် ဟောကြားထားတော်မူသကဲ့သို့ အလားတူပင် မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားကိုလည်း ဝိပဿနာဉာဏ်၏ အရှုခံအာရုံအဖြစ် ဟောကြားထားတော် မူသောကြောင့် ဖြစ်၏၊ လောကုတ္တရာမဂ္ဂသစ္စာတရားကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံ မဟုတ်သောကြောင့်, ယင်းလောကုတ္တရာမဂ္ဂသစ္စာတရားကို မရရှိသေးသောကြောင့် ဤမဟာသတိပဋ္ဌာနသုတ္တန်တွင် အလိုမရှိအပ်ခြင်း ဖြစ်ပေသည်။ ယင်းလောကီ မဂ္ဂင် (၈)ပါးကို ဤတွင် အကျဉ်းချုပ်ကာ တင်ပြပေအံ့ ..။

၁။ သမ္မာဒိဋ္ဌိ–– ဤမဟာသတိပဋ္ဌာနသုတ္တန်တွင် အရိယသစ္စာ (၄)ရပ် တရားမြတ်တို့ကို ထိုးထွင်းသိမြင်သော ဉာဏ်ကို သမ္မာဒိဋ္ဌိဟု ဟောကြားထားတော်မူ၏၊ ထိုအရိယသစ္စာ (၄)ပါးတို့တွင် ဒုက္ခသစ္စာ သမုဒယသစ္စာ တရား နှစ်ပါးတို့မှာ ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ ဖြစ်ကြ၏၊ ယင်း ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို ထိုးထွင်းသိမြင်တတ်သောဉာဏ်မှာ ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ပင် ဖြစ်၏၊ ယင်းဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်သည် ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့၏ ဖြစ်စဉ်ကိုလည်း သိ၏၊ ချုပ်စဉ်ကိုလည်း သိ၏၊ ဖြစ်စဉ်မှာ သမုဒယအရိယသစ္စာတရားဖြစ်၍ ချုပ်စဉ်မှာ ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ထိုးထွင်းသိမြင်အပ်သည့် နိရောဓအရိယသစ္စာတရားပင် ဖြစ်သည်။ တစ်ဖန် ယင်း ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်သည် ယင်းပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ ခဏပစ္စုပ္ပန်သဘောအားဖြင့် ဖြစ်မှု ပျက်မှုကိုလည်း သိ၏၊ ယင်းတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကိုလည်း ပိုင်ပိုင်နိုင်နိုင် ထိုးထွင်း၍ သိမြင်ပေသည်။

တစ်ဖန် ဒုက္ခသစ္စာစာရင်းတွင် လောကီမဂ္ဂင် တရားကိုယ် (၈)ပါးတို့သည်လည်း ပါဝင်လျက် ရှိနေသည်ကို သတိပြုပါ။ ဆိုလိုသည်မှာ ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ကို ဝိပဿနာရှုရာ၌ ယင်းလောကီမဂ္ဂင်တရားကိုယ် (၈)ပါးတို့ကိုလည်း ထည့်သွင်းကာ ဝိပဿနာရှုနေသည်ဟု သဘောပေါက်ပါ။ ဥပမာ –– ပထမစျာန်နာမ်တရားတို့ကို ဝိပဿနာရှုခိုက်၌ ရှေ့ပိုင်း[မှတ်စု ၅၆]တွင် ရှင်းပြခဲ့သည့်အတိုင်း မဂ္ဂင်တရားကိုယ် (၅)ပါးတို့ ပါဝင်လျက် ရှိကြ၏၊ အလားတူပင် အရူပသတ္တကဝိပဿနာရှုနည်း[မှတ်စု ၅၇]၌ လာရှိသည့်အတိုင်း ရှေးရှေးဝိပဿနာဉာဏ်ကို (= ရှေးရှေးဝိပဿနာဇောဝီထိ စိတ်အစဉ် နာမ်တရားစုကို) နောက်နောက်သော ဝိပဿနာဉာဏ်ဖြင့် (= နောက်နောက်သော ဝိပဿနာဇောဝီထိ စိတ်အစဉ် နာမ်တရားစုဖြင့်) တစ်ဖန် ပြန်၍ ဝိပဿနာရှုရာ၌ မဂ္ဂင်တရားကိုယ် (၅)ပါးတို့လည်း ပါဝင်လျက် ရှိနေကြ၏၊ ထိုအခါတွင် ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်က လောကီမဂ္ဂင်တရားကိုယ် (၅)ပါးတို့ကိုလည်းကောင်း ယင်းတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကိုလည်းကောင်း ထိုးထွင်းသိမြင်လျက်ပင် ရှိနေပေသည်။ တစ်ဖန် သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ အသီးအသီး ပါဝင်ပြဓာန်းလျက်ရှိကြသော နာမ်တရားစုတို့ကို ဝိပဿနာရှုရာ၌လည်း ယင်း မဂ္ဂင် (၃)ပါးတို့ကိုလည်းကောင်း ယင်းတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကိုလည်းကောင်း ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်က ထိုးထွင်းသိမြင်လျက်ပင် ရှိနေပေသည်။

၂။ သမ္မာသင်္ကပ္ပ
(က) ကာမဂုဏ်မှ ထွက်မြောက်လိုမှုနှင့် ဆက်စပ်နေသည့် ကြံစည်မှု နေက္ခမ္မသင်္ကပ္ပ၊
( ခ ) မေတ္တာနှင့် ယှဉ်တွဲနေသည့် သတ္တဝါ သင်္ခါရတို့ကို မဖျက်ဆီးလိုမှုနှင့် ဆက်စပ်နေသည့် ကြံစည်မှု အဗျာပါဒသင်္ကပ္ပ၊
( ဂ ) ကရုဏာနှင့်ယှဉ်တွဲနေသည့် သတ္တဝါ သင်္ခါရတို့ကို မညှဉ်းပန်း မနှိပ်စက်လိုမှုနှင့် ဆက်စပ်နေသည့် ကြံစည်မှု အဝိဟိံသသင်္ကပ္ပ ––
ဤသင်္ကပ္ပ (၃)မျိုးကို သမ္မာသင်္ကပ္ပဟု ခေါ်ဆိုကြောင်းကို မဟာသတိပဋ္ဌာနသုတ္တန်တွင် ဟောကြားထားတော် မူ၏၊

ထိုတွင် –– ( က ) နေက္ခမ္မသင်္ကပ္ပ- အကြောင်းကို အဋ္ဌကထာ ဋီကာ[မှတ်စု ၅၈]တို့က ဤသို့ ရှင်းပြထားကြ၏ ..။

ပဗ္ဗဇ္ဇာ ပဌမံ စျာနံ၊ နိဗ္ဗာနဉ္စ ဝိပဿနာ။
သဗ္ဗေပိ ကုသလာ ဓမ္မာ၊ နေက္ခမ္မန္တိ ပဝုစ္စရေ။

၁။ ပဗ္ဗဇ္ဇာ = ရှင်ရဟန်းပြုခြင်းနှင့် ဆက်စပ်နေသော ကြံစည်မှု ဝိတက် –– ဥပမာ – သင်္ကန်းဆိုးခြင်း၊ သပိတ် ဖုတ်ခြင်း၊ ပစ္စည်းလေးပါးကို သုံးဆောင်ရာ၌ ပစ္စဝေက္ခဏာ ဆင်ခြင်လျက် သုံးဆောင်ခြင်း၊ ဝိနည်းသိက္ခာပုဒ်တော်များကို ရိုသေစွာ လိုက်နာပြုကျင့်ခြင်း စသည်တို့နှင့် ဆက်စပ်နေသည့် ကြံစည်မှု ဝိတက် (= သင်္ကပ္ပ) တရားမျိုးကို ဆိုလိုပေသည်။

၂။ ပထမစျာန်နှင့် ယှဉ်သော ဝိတက်–– ဥပမာ – အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူကာ အာနာပါန ပထမစျာန်သမာဓိကို ထူထောင်ခိုက်၌ စျာန်စိတ္တက္ခဏတိုင်းဝယ် စျာန်နာမ်တရား (၃၄)လုံးစီ ရှိနေ၏၊ (နာမ်ကမ္မဋ္ဌာန်း ပိုင်းတွင် ကြည့်ပါ။) ယင်းနာမ်တရားစုတို့တွင် ဝိတက်ခေါ်သည့် သမ္မာသင်္ကပ္ပမဂ္ဂင်လည်း ပါဝင်လျက် ရှိနေ၏၊ ယင်း သမ္မာသင်္ကပ္ပသည် ဤအရာ၌ အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်သို့ စျာန်စိတ်ကို ရှေးရှုတင်ပေးခြင်းသဘောသာ ဖြစ်၏၊ ယင်းသမ္မာသင်္ကပ္ပမဂ္ဂင်မှာ ကာမဘုံမှ ထွက်မြောက်ကြောင်းတရားဖြစ်၍ နေက္ခမ္မသင်္ကပ္ပဟု ခေါ်ဆိုခြင်း ဖြ စ် ပေ သ ည်။ ဤ ၌ သ တိ ပြု စေ လို သော အ ချ က် တ စ် ရ ပ် မှာ –– “ဆေးတံကိုက်ကာ ကာမဂုဏ်မှ ထွက်မြောက်ကြောင်း မဟုတ်သည့် အာရုံအမျိုးမျိုးတို့ကို နှစ်ခြိုက်သလို စဉ်းစားတွေးခေါ်နေသည့် လုပ်ငန်းမျိုး” ကို သမ္မာသင်္ကပ္ပဟု မခေါ်ဆိုလိုသည်ကို သတိပြုပါ။

တစ်ဖန် ဒုတိယစျာန်စသော အထက်ပိုင်းစျာန်များကို နေက္ခမ္မသင်္ကပ္ပစာရင်းတွင် ထည့်သွင်းကာ မဖော်ပြခြင်းမှာ ယင်းအထက်ပိုင်းစျာန်တို့၌ ဝိတက် မယှဉ်သောကြောင့် သမ္မာသင်္ကပ္ပမဂ္ဂင် မယှဉ်ရကား မဖော်ပြခြင်းပင် ဖြစ်ပေသည်။

၃။ နိဗ္ဗာန်ကို အာရုံပြုသော ဝိတက် –– ရင့်ကျက်လာသော ဝိပဿနာဉာဏ်တို့၏ အဆုံး၌ ဖြစ်ပေါ်လာသော အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့သည် လောကုတ္တရာ နိရောဓသစ္စာအစစ် ဖြစ်တော်မူသည့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို ထိုးထွင်းသိမြင်ကာ အာရုံပြုနေကြ၏၊ ယင်းအရိယမဂ်ဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော ဝိတက်မှာ လောကုတ္တရာ သမ္မာသင်္ကပ္ပမဂ္ဂင်ပင် ဖြစ်၏၊ အရိယမဂ်ဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော ယင်းသမ္မာသင်္ကပ္ပ မဂ္ဂင်က အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်အာရုံပေါ်သို့ အရိယမဂ်စိတ်ကို (= အရိယမဂ်စိတ်စေတသိက်တို့ကို) ရှေ့ရှုတင်ပေးလိုက်သောအခါ အရိယမဂ်နှင့် ယှဉ်တွဲလျက်ရှိသော ယင်းသမ္မာဒိဋ္ဌိမဂ္ဂင်က ယင်းနိဗ္ဗာန်တရားတော် မြတ်ကို ထိုးထွင်းသိမြင်လေသည်။ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းများပင် ဖြစ်ကြပေသည်။ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကလည်း ယင်းနိယျာနိကတရားကောင်းများ ထင်ရှားဖြစ်ပေါ်လာရေးအတွက် အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးလျက်ပင် ရှိနေပေသည်။ ထိုသို့ သံသရာ ဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယျာနိက တရားကောင်းအစစ် အဖြစ်ကြီးဖြစ်သည့် ယင်း အရိယမဂ်နှင့် ယှဉ်တွဲလျက်ရှိသော သမ္မာသင်္ကပ္ပမဂ္ဂင်ကိုလည်း နေက္ခမ္မသင်္ကပ္ပဟုပင် ခေါ်ဆိုပေသည်။ အရိယဖိုလ်ဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော သမ္မာသင်္ကပ္ပကိုလည်း သဒိသူပစာရအားဖြင့် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ရာ နိဗ္ဗာန် တရားတော်မြတ်ကြီးကိုပင် ဆက်လက်ကာ အာရုံယူနေသည့်အတွက် နေက္ခမ္မသင်္ကပ္ပဟုပင် ခေါ်ဆိုပေသည်။

၄။ ဝိပဿနာဉာဏ်နှင့် ယှဉ်သော ဝိတက် –– ယင်းဝိတက်က ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သည့် သင်္ခါရတရားအာရုံပေါ်သို့ ဝိပဿနာစိတ်ကို (= ဝိပဿနာစိတ်စေတသိက်တရားစုကို) ရှေ့ရှုတင်ပေးလိုက်သောအခါ ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်က ယင်းသင်္ခါရတရားတို့ကို ပရမတ်သို့ဆိုက်အောင် ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း သိမြင်သွားပေသည်။ တစ်ဖန် ယင်းသမ္မာသင်္ကပ္ပမဂ္ဂင်က အကြောင်း သမုဒယသစ္စာတရားအာရုံပေါ်သို့ ဝိပဿနာစိတ်ကို ရှေ့ရှုတင်ပေးလိုက်သောအခါ ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်က ယင်းသမုဒယသစ္စာတရားတို့ကို (= ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့၏ ဖြစ်စဉ်ကို) ထိုးထွင်းသိမြင်သွားပေသည်။ တစ်ဖန် ယင်းသမ္မာသင်္ကပ္ပမဂ္ဂင်က နိရောဓသစ္စာတရားအာရုံပေါ်သို့ ဝိပဿနာစိတ်ကို ရှေ့ရှုတင်ပေးလိုက်သောအခါ ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်က ယင်းနိရောဓသစ္စာတရားကို (= ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့၏ ချုပ်စဉ်ကို) ထိုးထွင်း သိမြင်သွားပေသည်။ တစ်ဖန် ယင်းသမ္မာသင်္ကပ္ပမဂ္ဂင်က သင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက် အာရုံပေါ်သို့ ဝိပဿနာစိတ်ကို ရှေ့ရှုတင်ပေးလိုက်သောအခါ ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်က ယင်းသင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို ထိုးထွင်း သိမြင်သွားပေသည်။ ယင်းဝိပဿနာဉာဏ်တို့ကား ကိလေသာတို့ကို တဒင်္ဂအားဖြင့် ပယ်စွန့်သွားသောကြောင့် ကိလေသာမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းများပင် ဖြစ်ကြပေသည်။ သို့အတွက် ယင်းဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော သမ္မာသင်္ကပ္ပကိုလည်း နေက္ခမ္မသင်္ကပ္ပဟုပင် ခေါ်ဆိုပေသည်။ ယခုကဲ့သို့ သမ္မာသင်္ကပ္ပမဂ္ဂင်သည် သမ္မာဒိဋ္ဌိမဂ္ဂင်နှင့် အတူယှဉ်တွဲကာ သမထ ဝိပဿနာ ဘာဝနာ ကျင့်စဉ်အရပ်ရပ်တို့၌ သမထ ဝိပဿနာ ဘာဝနာလုပ်ငန်းရပ်များ ပြီးစီးပြည့်စုံစေရန်အတွက် ဆောင်ရွက်ပေးသည့် မဂ္ဂင်ဖြစ်ခြင်းကြောင့် ယင်းသမ္မာသင်္ကပ္ပမဂ္ဂင်ကိုလည်း သမ္မာဒိဋ္ဌိမဂ္ဂင်နှင့် အတူယှဉ်တွဲ၍ ပညာမဂ္ဂင်စာရင်းတွင် ထည့်သွင်းကာ ကျမ်းဂန်တို့၌ ဖော်ပြခြင်း ဖြစ်ပေသည်။

၅။ ကုသိုလ်တရားအားလုံးတို့နှင့် ယှဉ်သော ဝိတက်–– ကုသိုလ်တရားအားလုံးတို့သည် အကုသိုလ်တရားအားလုံးတို့မှ ထွက်မြောက်ကြောင်း တရားကောင်းများပင် ဖြစ်ကြ၏၊ သို့အတွက် ကုသိုလ်တရားတို့နှင့် ယှဉ်တွဲလျက် ရှိသော သမ္မာသင်္ကပ္ပကိုလည်း အကုသိုလ်တရားတို့မှ ထွက်မြောက်ကြောင်း ဖြစ်ခြင်းကြောင့် နေက္ခမ္မသင်္ကပ္ပဟူ၍ပင် ခေါ်ဆိုပေသည်။ ဒုတိယစျာန်စသော အထက်ပိုင်း စျာန်ကုသိုလ်တရားတို့သည်လည်း ကာမဘုံမှ ထွက်မြောက်ကြောင်း တရားကောင်းတို့ပင် ဖြစ်ကြ၏၊ သို့သော် ယင်းအထက်ပိုင်းစျာန်ကုသိုလ်တရားတို့ကား ဝိတက် (= သမ္မာသင်္ကပ္ပ)နှင့် မယှဉ်သောကြောင့် နေက္ခမ္မသင်္ကပ္ပဟူသော အမည်ကိုကား မရရှိနိုင်ကြပေ။ သို့သော် ကာမဘုံမှ ထွက်မြောက်ကြောင်း ဖြစ်ခြင်းကြောင့် နေက္ခမ္မဟူသော အမည်ကိုကား ရရှိနိုင်ကြပေသည်။

ကုသိုလ်နာမ်တရားစုတို့ကို သိမ်းဆည်းရှုပွားနိုင်သောအခါနှင့် ဝိပဿနာ ရှုပွားနိုင်သောအခါတို့၌ ယင်း နေက္ခမ္မသင်္ကပ္ပ အမျိုးမျိုးတို့ကို ထိုးထွင်းသိမြင်မည် ဖြစ်ပေသည်။ ရှုကွက်ကို နာမ်ကမ္မဋ္ဌာန်းပိုင်း[မှတ်စု ၅၉]တွင် ကြည့်ပါ။

( ခ ) အဗျာပါဒသင်္ကပ္ပ–– အဒေါသ (= မေတ္တာ) နှင့် ယှဉ်တွဲနေသည့် ကာမာဝစရကုသိုလ်တရားတို့နှင့် ယှဉ်သော ဝိတက်ဟူသော သမ္မာသင်္ကပ္ပ၊ မေတ္တာ ပထမစျာန်နှင့် ယှဉ်တွဲနေသည့် ဝိတက်ဟူသော သမ္မာသင်္ကပ္ပ - ဤ သမ္မာသင်္ကပ္ပတို့ကား အဗျာပါဒသင်္ကပ္ပ မည်၏၊ ယင်းကုသိုလ်နာမ်တရားစုတို့နှင့် မေတ္တာ ပထမစျာန်နာမ်တရားစုတို့ကို သိမ်းဆည်းရှုပွားနိုင်သောအခါနှင့် ဝိပဿနာရှုပွားနိုင်သောအခါတို့၌ ယင်းအဗျာပါဒသင်္ကပ္ပကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိမြင်မည် ဖြစ်ပေသည်။ ရှုကွက်ကို နာမ်ကမ္မဋ္ဌာန်းပိုင်း[မှတ်စု ၆၀]တွင် ကြည့်ပါ။

( ဂ ) အဝိဟိံသသင်္ကပ္ပ –– ကရုဏာနှင့်ယှဉ်သော ဝိတက်သည် အဝိဟိံသသင်္ကပ္ပ မည်၏၊၊ ကရုဏာနှင့် ယှဉ်တွဲနေသည့် ကာမာဝစရကုသိုလ်တရားတို့နှင့် ယှဉ်သော ဝိတက်ဟူသော သမ္မာသင်္ကပ္ပ၊ ကရုဏာ ပထမစျာန်နှင့် ယှဉ်တွဲနေသည့် ဝိတက်ဟူသော သမ္မာသင်္ကပ္ပ - ဤ သမ္မာသင်္ကပ္ပတို့ကား အဝိဟိံသသင်္ကပ္ပ မည်၏၊ ယင်းကုသိုလ်နာမ်တရားစုတို့နှင့် ကရုဏာ ပထမစျာန်နာမ်တရားစုတို့ကို သိမ်းဆည်း ရှုပွားနိုင်သောအခါနှင့် ဝိပဿနာ ရှုပွားနိုင်သောအခါတို့၌ ယင်းအဝိဟိံသသင်္ကပ္ပကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိမြင်မည် ဖြစ်ပေသည်။ ရှုကွက်ကို နာမ်ကမ္မဋ္ဌာန်းပိုင်း[မှတ်စု ၆၁]တွင် ကြည့်ပါ။

၃။ သမ္မာဝါစာ = ဝစီဒုစရိုက်မှ ရှောင်ကြဉ်ကာ ကောင်းမွန်မှန်ကန်သော စကားကို ပြောကြားခြင်း၊
၄။ သမ္မာကမ္မန္တ= ကာယဒုစရိုက် သုံးပါးမှ ရှောင်ကြဉ်ကာ ကောင်းမွန်မှန်ကန်သော လုပ်ငန်းရပ်ကို ပြုလုပ်ခြင်း၊
၅။ သမ္မာအာဇီဝ = မိစ္ဆာအာဇီဝအမျိုးမျိုးနှင့် မအပ်သော ကုန်သွယ်မှု ငါးမျိုးတို့မှ ရှောင်ကြဉ်ကာ ကောင်းမွန် မှန်ကန်သော ဆွမ်းခံခြင်း လယ်လုပ်ခြင်း စသည်ဖြင့် အသက်မွေးခြင်း၊

၆။ သမ္မာဝါယာမ= မဖြစ်ပေါ်သေးကုန်သော အကုသိုလ်တရားတို့ကို မဖြစ်အောင်၊ ဖြစ်ပေါ်ပြီးကုန်သော အကုသိုလ် တရားတို့ကို ပယ်နိုင်အောင်၊ မဖြစ်ပေါ်သေးကုန်သော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်လာအောင်၊ ဖြစ်ပေါ်ပြီးကုန်သော ကုသိုလ်တရားတို့ကို အရဟတ္တမဂ်ဆိုက်သည့်အထိ တိုင်းထက်အလွန် တိုးပွားအောင် ကြိုးစားအားထုတ်ခြင်း (၄)မျိုးကို သမ္မာဝါယာမမဂ္ဂင်ဖြစ်ကြောင်းကို မဟာသတိပဋ္ဌာနသုတ္တန်တွင် ဟောကြားထားတော်မူ၏၊ မည်သို့မည်ပုံ ကြိုးစား အားထုတ်ရမည်နည်း? နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်းမှာ သတိပဋ္ဌာန်တရား (၄)ပါးတည်းဟူသော ကျင့်စဉ်ပင် ဖြစ်၏၊ အထက်က ရှင်းပြခဲ့သည့်အတိုင်း အထူးသဖြင့် အာနာပါနကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြ ထားခဲ့သည့်အတိုင်း စျာန်သမာဓိတစ်ခုခုကို ဝိပဿနာ၏ အခြေခံ ပါဒကစျာန်အဖြစ် ထူထောင်၍ဖြစ်စေ၊ ဥပစာရ သမာဓိတစ်ခုခုကို ထူထောင်၍ဖြစ်စေ အဆင့်လေးဆင့်တို့ဖြင့် ပိုင်းခြားထားအပ်သည့် ဝိပဿနာကျင့်စဉ်ကို အဆင့်ဆင့် အစီအစဉ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမည်သာ ဖြစ်ပေသည်။ ထိုသို့ အားထုတ်ရာ၌ ယင်း စျာန်သမာဓိ ဥပစာရသမာဓိတို့နှင့် ယှဉ်တွဲနေသော ဝီရိယမှာလည်း သမ္မာဝါယာမမဂ္ဂင်ပင် ဖြစ်၏၊ အဆင့်ဆင့်သော ဝိပဿနာ ဉာဏ်တို့နှင့် ယှဉ်တွဲလျက်ရှိသော ဝီရိယမှာလည်း သမ္မာဝါယာမမဂ္ဂင်ပင် ဖြစ်၏၊ ယင်းစျာန်နာမ်တရားတို့ကို လည်းကောင်း ယင်းဥပစာရသမာဓိနာမ်တရားတို့ကိုလည်းကောင်း ယင်းဝိပဿနာဉာဏ်ကိုလည်းကောင်း တစ်ဖန်ပြန်၍ ဝိပဿနာရှုနိုင်သောအခါ၌ ယင်းသမ္မာဝါယာမမဂ္ဂင်ကိုလည်း ဝိပဿနာဉာဏ်ဖြင့် သိမြင်နေမည် ဖြစ်ပေသည်။

၇။ သမ္မာသတိ= သတိပဋ္ဌာန်တရား (၄)ပါးတို့၌ အစဉ်တစိုက် ရှုပွားသုံးသပ် အမှတ်ရနေသော သတိကို သမ္မာသတိ ဟု ခေါ်ဆိုကြောင်းကို မဟာသတိပဋ္ဌာနသုတ္တန်တွင် ဟောကြားထားတော်မူ၏၊ အထက်က အကြိမ်ကြိမ် ရှင်းပြခဲ့သည့် အတိုင်း သတိပဋ္ဌာန်တရားတို့၌ သမထပိုင်း ဝိပဿနာပိုင်းဟု အပိုင်းနှစ်ပိုင်း ရှိရာ သမထပိုင်းကျင့်စဉ်၌လည်း သတိကား အမြဲတမ်း ပါဝင်လျက် ရှိ၏၊ အလားတူပင် ဝိပဿနာပိုင်း၌လည်း အဆင့်တိုင်း အဆင့်တိုင်းတွင် အမြဲတမ်းပင် ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲကာ ပါဝင်လျက် ရှိနေ၏၊ သို့အတွက် သမထစျာန်နာမ်တရားတို့ကို ဝိပဿနာရှုနိုင်သော အခါ၊ သတိနှင့်ယှဉ်သည့် ကုသိုလ်နာမ်တရား ဝိပါက်နာမ်တရားတို့ကို ဝိပဿနာရှုနိုင်သောအခါ၊ ဝိပဿနာ ဉာဏ်ကိုလည်း တစ်ဖန် ပြန်၍ ဝိပဿနာရှုနိုင်သောအခါတို့၌ ယင်းသမ္မာသတိမဂ္ဂင်ကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း သိမြင်မည် ဖြစ်ပေသည်။

၈။ သမ္မာသမာဓိ= ပထမစျာန်သမာဓိ ဒုတိယစျာန်သမာဓိ တတိယစျာန်သမာဓိ စတုတ္ထစျာန်သမာဓိတို့ကို သမ္မာသမာဓိဟု ခေါ်ဆိုကြောင်းကို ဘုရားရှင်က မဟာသတိပဋ္ဌာနသုတ္တန်တွင် ဟောကြားထားတော်မူ၏၊ ယင်း စျာန်နာမ်တရားတို့ကို ဝိပဿနာ ရှုနိုင်သောအခါ ယင်းသမ္မာသမာဓိမဂ္ဂင်ကိုလည်း ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း သိမြင်မည် ဖြစ်ပေသည်။

ဤမဟာသတိပဋ္ဌာနသုတ္တန်၌ ဘုရားရှင်က ရူပါဝစရစျာန်သမာဓိ (၄)မျိုးကိုသာ သမ္မာသမာဓိ ခေါ်ဆိုကြောင်းကို ဟောကြားထားတော်မူ၏၊ ယင်းသို့ ဟောကြားတော်မူချက်မှာ မဇ္ဈေဒီပကနည်းအားဖြင့် ဟောကြားထားတော်မူခြင်း ဖြစ်၏၊ ဘုရားရှင်သည် ထိုထိုသုတ္တန်တို့၌ ဓာတ်ကမ္မဋ္ဌာန်းကဲ့သို့သော ဥပစာရသမာဓိကို ရွက်ဆောင်ပေးနိုင်သည့် ဥပစာရကမ္မဋ္ဌာန်းတို့ကိုလည်း ဟောကြားထားတော်မူ၏၊[မှတ်စု ၆၂] စျာန်သမာပတ် (၈)ပါးစလုံးတို့ကိုလည်း ဟောကြား ထားတော်မူ၏၊[မှတ်စု ၆၃] ထို့ကြောင့် သမာဓိမှာ (၃)မျိုး ရှိနေ၏၊ အထွတ်အထိပ်သို့ ရောက်ရှိသွားသော ဥပစာရသမာဓိ အမည်ရသည့် ကာမာဝစရသမာဓိက (၁)မျိုး၊ ရူပါဝစရစျာန်လေးပါးဟူသည့် ရူပါဝစရသမာဓိက (၁)မျိုး၊ အရူပါဝစရ စျာန် လေးပါးဟူသည့် အရူပါဝစရသမာဓိက (၁)မျိုး - ဤသို့လျှင် သမာဓိ (၃)မျိုး ရှိပေသည်။ ထို (၃)မျိုးတို့အနက် အလယ်ဖြစ်သည့် ရူပါဝစရသမာဓိကို တိုက်ရိုက်ဟောကြားတော်မူလိုက်လျှင် အစနှင့် အဆုံးဖြစ်သည့် ကာမာဝစရ သမာဓိ အရူပါဝစရသမာဓိတို့ကိုလည်း ဟောကြားတော်မူပြီးပင် ဖြစ်ပေသည်။ ဤကဲ့သို့ ဟောကြားတော်မူသည့် နည်းစနစ်ကို မဇ္ဈေဒီပကနည်းဟု ခေါ်ဆိုပေသည်။ မြွေတစ်ကောင်ကို ခါးလယ်က ကိုင်ကာ မြှောက်ပြလိုက်လျှင် ခါးကိုသာ မြင်ရသည်မဟုတ်၊ မြွေတစ်ကောင်လုံးကို မြင်ရနိုင်သကဲ့သို့ မှတ်ပါ။ ထိုကြောင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၆၄]က “စိတ္တဝိသုဒ္ဓိ နာမ သဥပစာရာ အဋ္ဌ သမာပတ္တိယော = စိတ္တဝိသုဒ္ဓိမည်သည် ဥပစာရသမာဓိနှင့်တကွ စျာန်သမာပတ် (၈)ပါးစလုံးကိုပင် ဆိုလိုသည်”ဟု ရှင်းပြထားတော်မူလေသည်။ ဥပစာရသမာဓိ သို့မဟုတ် စျာန်သမာဓိကြောင့် နီဝရဏအညစ်အကြေးတို့မှ ကင်းစင်နေသည့် စိတ်အစဉ်ကို စိတ္တဝိသုဒ္ဓိဟု ခေါ်ဆိုလေသည်။ သို့အတွက် စိတ္တဝိသုဒ္ဓိနှင့် ဥပစာရသမာဓိ အပ္ပနာစျာန်သမာဓိတို့မှာ အနက်အဓိပ္ပါယ်ချင်း တူညီနေသည့်, စကားလုံးသာ ကွဲပြားနေသည့် ဝေါဟာရ အသုံးအနှုန်းတို့ ဖြစ်ကြသည်။

အားလုံးပေါင်းသော် သမထပိုင်းအခိုက် ဝိပဿနာပိုင်းအခိုက်တို့၌ မဂ္ဂင်တရားကိုယ် (၈)ပါးတို့ ဖြစ်ကြသည်။

ဘုရားရှင်သည် မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့တွင် ဥပစာရသမာဓိ စျာန်သမာဓိကဲ့သို့သော သမာဓိများကို ထည့်သွင်းကာ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ်အဖြစ် အဘယ်အကြောင်းကြောင့် ဟောကြားနေတော်မူရပါသနည်းဟု မေးရန်ရှိ၏၊ ရှေး သမာဓိသုတ္တန်ပိုင်း[မှတ်စု ၆၅]တွင် ရှင်းလင်းတင်ပြထားခဲ့ပြီးသည့်အတိုင်း အရိယသစ္စာ (၄)ပါးတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ဟုတ်တိုင်းမှန်စွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နိုင်ရေးအတွက် သမာဓိမှာ သို့မဟုတ် သမာဓိကြောင့် ဖြစ်ပေါ်လာသော ဉာဏ်အရောင်အလင်းမှာ မရှိမဖြစ် လိုအပ်သည့် အင်္ဂါရပ်တစ်ခုပင် ဖြစ်ပေသည်။ ထိုကြောင့် သမ္မာသမာဓိမဂ္ဂင်ကိုလည်း အင်္ဂါရပ်တစ်ခုအဖြစ် ထည့်သွင်းကာ ဟောကြားထားတော်မူခြင်း ဖြစ်ပေသည်။

တစ်ကြောင်းတည်းသောလမ်း၏ အဓိပ္ပါယ်

သို့သော် သမာဓိပိုင်းတွင် သမထကမ္မဋ္ဌာန်း (၄၀) ရှိနေသဖြင့် နိဗ္ဗာန်သို့ သွားရာလမ်းသည် များစွာရှိသည်ဟုကား အယူအဆ မမှားစေလိုပါ။ အကြောင်းမှာ ဘုရားရှင်က ဤမဟာသတိပဋ္ဌာနသုတ္တန်တွင် ထိုသမထစျာန်များကို ဝိပဿနာ၏ အခြေပါဒကစျာန်အဖြစ်သာ ရည်ညွှန်းကာ ဟောကြားထားတော်မူခြင်း ဖြစ်ပေသည်။ ထိုစျာန်သမာဓိ တစ်ခုခုကို ဝိပဿနာ၏ အခြေပါဒကစျာန်အဖြစ် သမာဓိကို ထူထောင်ပြီးနောက် ဝိပဿနာပိုင်းသို့ ရောက်ရှိသွားသော အခါ၌ကား နိဗ္ဗာန်သို့ သွားရာ ဝိပဿနာလမ်းကြောင်းမှာ တစ်ကြောင်းတည်းသောလမ်းသာ ဖြစ်၏၊ အကြောင်းမှာ သတိပဋ္ဌာန်တိုင်း သတိပဋ္ဌာန်တိုင်း၏ အခန်းတိုင်း အခန်းတိုင်းတွင် အဆင့်လေးဆင့်တို့ဖြင့် တန်ဆာဆင်ကာ ဝိပဿနာ ရှုကွက်ကို ပုံစံတူပင် ဟောကြားထားတော်မူသောကြောင့်ပင် ဖြစ်ပေသည်။ ထို့ကြောင့် မဟာသတိပဋ္ဌာနသုတ္တန်ကို ဖွင့်ဆိုထားကြသော ဋီကာဆရာတော်များက ..မဟာသတိပဋ္ဌာနသုတ္တန်၌ လာရှိသော သမထကျင့်စဉ်များသည် ဝိပဿနာဘာဝနာကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ရေးအတွက်သာ အလိုရှိအပ်ကုန်၏၊ သတိပဋ္ဌာန်ဒေသနာတော်သည်ကား ဝိပဿနာဘာဝနာသာလျှင် ပြဓာန်းလျက် ရှိ၏၊ ဝိပဿနာဘာဝနာတို့သည် သာလျှင် များပြားလျက် ရှိကြ၏ ..ဟု ဖွင့်ဆိုထားတော်မူကြ၏၊ သို့အတွက် တစ်ကြောင်းတည်းသောလမ်းမှာ ဝိပဿနာပိုင်းကိုသာ ဦးတည်ကာ ရည်ညွှန်းထားသည်ဟု မှတ်ပါ။[မှတ်စု ၆၆]

ထိုမဂ္ဂင် (၈)ပါးတို့တွင် သမ္မာဒိဋ္ဌိနှင့် သမ္မာသင်္ကပ္ပတို့ကား ပညာမဂ္ဂင်တရားတို့ ဖြစ်ကြ၏၊ ပညာသိက္ခာ = ပညာကျင့်စဉ်, အဓိပညာသိက္ခာ = လွန်ကဲမြင့်မြတ်သော ပညာကျင့်စဉ်ဟုလည်း ခေါ်ဆို၏၊ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝတို့ကား သီလမဂ္ဂင်တရားတို့ ဖြစ်ကြ၏၊ သီလသိက္ခာ = သီလကျင့်စဉ်, အဓိသီလသိက္ခာ = လွန်ကဲ မြင့်မြတ်သော သီလကျင့်စဉ်ဟုလည်း ခေါ်ဆို၏၊ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိတို့ကား သမာဓိမဂ္ဂင်တရား တို့ ဖြစ်ကြ၏၊ သမာဓိသိက္ခာ = သမာဓိကျင့်စဉ်, အဓိစိတ္တသိက္ခာ = လွန်ကဲမြင့်မြတ်သော သမာဓိကျင့်စဉ်ဟုလည်း ခေါ်ဆို၏၊[မှတ်စု ၆၇]

သီလမဂ္ဂင်–– ဤသီလမဂ္ဂင် = သီလကျင့်စဉ်ပိုင်းတွင် ရဟန်းတို့ လိုက်နာပြုကျင့်အပ်သည့် ပါတိမောက္ခ သံဝရသီလ ဦးဆောင်သည့် ဝိနည်းပိုင်းဆိုင်ရာ ကျင့်ဝတ်သိက္ခာပုဒ်တော်များတည်းဟူသော ပါတိမောက္ခသံဝရသီလ၊ လူ ဥပါသကာ ဥပါသိကာမတို့အတွက် (၅)ပါးသီလ (၈)ပါးသီလ (၁၀)ပါးသီလကဲ့သို့သော သိက္ခာပုဒ်တော်များ၊ ဒွါရ (၆)ပါး တံခါး (၆)ပေါက်မှ ကိလေသာများ မဝင်လာအောင် ကမ္မဋ္ဌာန်းအာရုံအတွင်းသို့ ဘာဝနာစိတ်ကို အမြဲ သွတ်သွင်းလျက် ထိန်းသိမ်းစောင့်ရှောက်ခြင်းတည်းဟူသော ဣန္ဒြိယသံဝရသီလ၊[မှတ်စု ၆၈] ပစ္စည်းလေးပါးကို သုံးစွဲရာ၌ ပစ္စဝေက္ခဏာဉာဏ်ဖြင့် ဆင်ခြင်၍ သုံးစွဲခြင်းတည်းဟူသော ပစ္စယသန္နိဿိတသီလ၊ မိစ္ဆာအာဇီဝအမျိုးမျိုးမှ ရှောင်ကြဉ်ကာ မှန်ကန်သော အသက်မွေးမှု = သမ္မာအာဇီဝလုပ်ငန်းရပ်ဖြင့် အသက်မွေးဝမ်းကျောင်း စင်ကြယ်အောင် လိုက်နာပြုကျင့်ခြင်းတည်းဟူသော အာဇီဝပါရိသုဒ္ဓိသီလ –– ဤသီလကြီး (၄)ပါးစလုံးတို့ ပါဝင်ကြ၏၊

ထို့ပြင် အစာအာဟာရ၌ အတိုင်းအရှည်ကို သိခြင်း (= ဘောဇနေ မတ္တညုတာ)၊ ညဉ့်သုံးယာမ် တစ်ယာမ်သာ ကျိန်းစက်၍ ကြွင်းကျန်သည့် နေ့ညဉ့်တို့ပတ်လုံး ကမ္မဋ္ဌာန်းတရားကိုသာ ထထကြွကြွ လုံ့လဝီရိယဖြင့် ကြိုးစား အားထုတ်ခြင်း (= ဇာဂရိယာနုယောဂ)၊[မှတ်စု ၆၉] အထက်သမ္ပဇဉ်ပိုင်းတွင် ရှင်းပြခဲ့သည့်အတိုင်း ရှေ့သို့တက်ရာ နောက်သို့ ဆုတ်ရာစသည်တို့၌ သတိသမ္ပဇဉ်နှင့် ပြည့်စုံခြင်း၊[မှတ်စု ၇၀] ရရသမျှသော ပစ္စည်းလေးပါးဖြင့် ရောင့်ရဲလွယ်ခြင်း (= သန္တောသ) တရားနှင့် ပြည့်စုံခြင်း၊ နီဝရဏကို ပယ်ရှားနိုင်ရေးအတွက် စျာန်သမာဓိကို ပွားများအားထုတ်ရာ၌ သင့်လျော်မည့် ဆိတ်ငြိမ်ရာအရပ်သို့ ချဉ်းကပ်ခြင်းဟူသည့် စရဏကျင့်စဉ်အရပ်ရပ်တို့[မှတ်စု ၇၁]နှင့် ဓုတင် (၁၃)ပါး[မှတ်စု ၇၂]တို့သည်လည်း ဤသီလမဂ္ဂင်ပိုင်းတွင် ပါဝင်ကြပေသည်။

သမာဓိမဂ္ဂင်–– ဤသမာဓိမဂ္ဂင် = သမာဓိသိက္ခာ = သမာဓိကျင့်စဉ်ပိုင်းတွင် ဥပစာရသမာဓိနှင့်တကွသော စျာန်သမာပတ် (၈)ပါးစလုံးတို့ ပါဝင်ကြ၏၊ သို့သော် သာမညဖလသုတ္တန်တွင်ကား လောကီအဘိညာဏ် (၅)ပါး တို့ကိုလည်း သမာဓိသိက္ခာ = သမာဓိကျင့်စဉ်ပိုင်းတွင် ထည့်သွင်းကာ ဟောကြားထားတော်မူခဲ့ပေသည်။

ပညာမဂ္ဂင်–– ဤပညာမဂ္ဂင် = ပညာသိက္ခာ = ပညာကျင့်စဉ်ပိုင်းတွင် ပါဝင်ကြသည့် သမ္မာဒိဋ္ဌိနှင့် သမ္မာသင်္ကပ္ပမဂ္ဂင်တို့ကား သစ္စာလေးရပ် တရားမြတ်ကို ထိုးထွင်းသိမြင်ကြသည့် မဂ္ဂင်တရားတို့ပင် ဖြစ်ကြသည်။

ဤသို့လျှင် ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အမည်ရသည့် ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ် အစစ် အဖြစ်ကြီး ဖြစ်ပေသည့် ဤမဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့သည် .. ကိလေသာတို့မှ လွတ်မြောက်ရာဖြစ်သည့် အရဟတ္တဖိုလ် အထွတ်တပ်ထားသည့် လေးဆင့်သော အရိယမဂ်ဉာဏ် လေးဆင့်သော အရိယဖိုလ်ဉာဏ်တို့ဖြင့် လောကုတ္တရာ နိရောဓသစ္စာ အမည်ရသည့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်ကြီးကို ထိုးထွင်းသိမြင်ရေး အတွက် အခြေခံလိုအပ်သည့် အရိယသစ္စာလေးရပ် တရားမြတ်ကို ထိုးထွင်းသိမြင်ရန် အဆင့်ဆင့်သော ကျင့်စဉ်တို့ပင် ဖြစ်ကြပေသည်။

အလားတူပင် အထက်တွင် ရှင်းပြခဲ့ပြီးသည့်အတိုင်း သတိပဋ္ဌာန်တရားလေးပါး ကျင့်စဉ်တရားတို့သည်လည်း ကိလေသာတို့မှ လွတ်မြောက်ရာဖြစ်သည့် အရဟတ္တဖိုလ် အထွတ်တပ်ထားသည့် လေးဆင့်သော အရိယမဂ်ဉာဏ် လေးဆင့်သော အရိယဖိုလ်ဉာဏ်တို့ဖြင့် လောကုတ္တရာ နိရောဓသစ္စာ အမည်ရသည့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်ကြီးကို ထိုးထွင်းသိမြင်ရေးအတွက် အခြေခံလိုအပ်သည့် အရိယသစ္စာလေးရပ် တရားမြတ်ကို ထိုးထွင်းသိမြင်ရန် အဆင့်ဆင့်သော ကျင့်စဉ်တို့ပင် ဖြစ်ကြပေသည်။

သို့အတွက် မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းသည် သတိပဋ္ဌာန်တရား လေးပါးတို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းပင် ဖြစ်ပေသည်။ အလားတူပင် သတိပဋ္ဌာန်တရားလေးပါးတို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းသည်လည်း မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကို ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ခြင်းပင် ဖြစ်ပေသည်။ ဤကဲ့သို့သော သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တို့ကို ရည်ညွှန်းတော်မူကာ ပရိနိဗ္ဗာန် စံလွန်တော်မူတော့မည့် ထိုနှစ်တွင် ဘုရားရှင်သည် ရဟန်းတော်တို့အား ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ မိန့်မှာသွားတော်မူခဲ့လေသည်။

  1. (ဒီ၊ဋ္ဌ၊၂၊၃၉၅၊ စာပိုဒ်၊၄၀၄။)
  2. (ဝိသုဒ္ဓိ၊၂၊၂၄၇။ မဟာဋီ၊၂၊၃၉၆။)
  3. (သုတ္တနိပါတပါဠိ၊၃၀၈။ စာပိုဒ်၊၂၀၅။)
  4. သေသာနိ ဥပစာရကမ္မဋ္ဌာနာနိ။ (ဒီ၊ဋ္ဌ၊၂၊၃၉၅၊ စာပိုဒ်၊၄၀၄။ မ၊ဋ္ဌ၊၁၊၃၀၅။)
  5. (မ၊ဋ္ဌ၊၁၊၂၈၀။ စာပိုဒ်၊၁၁၃။)
  6. (ဝိသုဒ္ဓိ၊၁၊၃၄၇။ စာပိုဒ်၊၃၀၈။)
  7. (ဒီ၊ဋ္ဌ၊၂၊၃၁၄၊ စာပိုဒ်၊၃၅၉။ မ၊ဋ္ဌ၊၁၊၂၈၀၊ စာပိုဒ်၊၁၁၃။ အဘိ၊ဋ္ဌ၊၂၊၂၅၂၊ စာပိုဒ်၊၃၆၃။)
  8. တာနိ ဝါ ပန စျာနာနိ သမာပဇ္ဇိတွာ ဝုဋ္ဌာယ စျာနသမ္ပယုတ္တံ စိတ္တံ ခယတော ဝယတော သမ္ပဿတော ဝိပဿနာက္ခဏေ လက္ခဏပဋိဝေဓေန ဥပ္ပဇ္ဇတိ ခဏိကစိတ္တေကဂ္ဂတာ။ ဧဝံ ဥပ္ပန္နာယ ခဏိကစိတ္တေကဂ္ဂတာယ ဝသေနပိ အာရမ္မဏေ စိတ္တံ သမံ အာဒဟန္တော သမံ ဌပေန္တော “သမာဒဟံ စိတ္တံ အဿသိဿာမိ ပဿသိဿာမီတိ သိက္ခတီ”တိ ဝုစ္စတိ။ (ဝိသုဒ္ဓိ၊၁၊၂၈၁၊၊)
    ခဏိကစိတ္တေကဂ္ဂတာတိ ခဏမတ္တဋ္ဌိတိကော သမာဓိ။ သောပိ ဟိ အာရမ္မဏေ နိရန္တရံ ဧကာကာရေန ပဝတ္တမာနော ပဋိပက္ခေန အနဘိဘူတော အပ္ပိတော ဝိယ စိတ္တံ နိစ္စလံ ဌပေတိ။ တေန ဝုတ္တံ “ဧဝံ ဥပ္ပန္နာယာ”တိအာဒိ။ (မဟာဋီ၊၁၊၃၄၂၊၊)
  9. (ဝိသုဒ္ဓိ၊၁၊၂၈၁၊၃၄၇၊ စာပိုဒ်၊၂၃၅၊၃၀၈။ မဟာဋီ၊၁၊၃၄၂၊ စာပိုဒ်၊၂၃၅။)
  10. ယာ ပန တေသံ ဒီဃရဿတာ၊ သာ အဒ္ဓါနဝသေန ဝေဒိတဗ္ဗာ။ (ဝိသုဒ္ဓိ၊၁၊၂၆၃။)
    အဒ္ဓါနဝသေနာတိ ဒီဃကာလဝသေန။ (မဟာဋီ၊၁၊၃၂၀။)
  11. ယာ ပန တေသံ ဒီဃရဿတာ၊ သာ အဒ္ဓါနဝသေန ဝေဒိတဗ္ဗာ။ (ဝိသုဒ္ဓိ၊၁၊၂၆၃။)
    အဒ္ဓါနဝသေနာတိ ဒီဃကာလဝသေန။ (မဟာဋီ၊၁၊၃၂၀။)
  12. “နဝယိမေ ဘိက္ခဝေ အနုပုဗ္ဗနိရောဓာ။ ကတမေ နဝ--
    ၁။ ပဌမံ စျာနံ သမာပန္နဿ ကာမသညာ နိရုဒ္ဓါ ဟောတိ၊
    ၂။ ဒုတိယံ စျာနံ သမာပန္နဿ ဝိတက္ကဝိစာရာ နိရုဒ္ဓါ ဟောန္တိ၊
    ၃။ တတိယံ စျာနံ သမာပန္နဿ ပီတိ နိရုဒ္ဓါ ဟောတိ၊
    ၄။ စတုတ္ထံ စျာနံ သမာပန္နဿ အဿာသပဿာသာ နိရုဒ္ဓါ ဟောန္တိ၊
    ၅။ အာကာသာနဉ္စာယတနံ သမာပန္နဿ ရူပသညာ နိရုဒ္ဓါ ဟောတိ၊
    ၆။ ဝိညာဏဉ္စာယတနံ သမာပန္နဿ အာကာသာနဉ္စာယတနသညာ နိရုဒ္ဓါ ဟောတိ၊
    ၇။ အာကိဉ္စညာယတနံ သမာပန္နဿ ဝိညာဏဉ္စာယတနသညာ နိရုဒ္ဓါ ဟောတိ၊
    ၈။ နေဝသညာနာသညာယတနံ သမာပန္နဿ အာကိဉ္စညာယတနသညာသည် နိရုဒ္ဓါ ဟောတိ၊
    ၉။ သညာဝေဒယိတနိရောဓံ သမာပန္နဿ သညာ စ ဝေဒနာ စ နိရုဒ္ဓါ ဟောန္တိ။
    ဣမေ ခေါ ဘိက္ခဝေ နဝ အနုပုဗ္ဗနိရောဓာ”တိ။ (အံ၊၃၊၂၀၇။ အနုပုဗ္ဗနိရောဓသုတ္တန်။)
  13. “နဝယိမေ ဘိက္ခဝေ အနုပုဗ္ဗနိရောဓာ။ ကတမေ နဝ--
    ၁။ ပဌမံ စျာနံ သမာပန္နဿ ကာမသညာ နိရုဒ္ဓါ ဟောတိ၊
    ၂။ ဒုတိယံ စျာနံ သမာပန္နဿ ဝိတက္ကဝိစာရာ နိရုဒ္ဓါ ဟောန္တိ၊
    ၃။ တတိယံ စျာနံ သမာပန္နဿ ပီတိ နိရုဒ္ဓါ ဟောတိ၊
    ၄။ စတုတ္ထံ စျာနံ သမာပန္နဿ အဿာသပဿာသာ နိရုဒ္ဓါ ဟောန္တိ၊
    ၅။ အာကာသာနဉ္စာယတနံ သမာပန္နဿ ရူပသညာ နိရုဒ္ဓါ ဟောတိ၊
    ၆။ ဝိညာဏဉ္စာယတနံ သမာပန္နဿ အာကာသာနဉ္စာယတနသညာ နိရုဒ္ဓါ ဟောတိ၊
    ၇။ အာကိဉ္စညာယတနံ သမာပန္နဿ ဝိညာဏဉ္စာယတနသညာ နိရုဒ္ဓါ ဟောတိ၊
    ၈။ နေဝသညာနာသညာယတနံ သမာပန္နဿ အာကိဉ္စညာယတနသညာသည် နိရုဒ္ဓါ ဟောတိ၊
    ၉။ သညာဝေဒယိတနိရောဓံ သမာပန္နဿ သညာ စ ဝေဒနာ စ နိရုဒ္ဓါ ဟောန္တိ။
    ဣမေ ခေါ ဘိက္ခဝေ နဝ အနုပုဗ္ဗနိရောဓာ”တိ။ (အံ၊၃၊၂၀၇။ အနုပုဗ္ဗနိရောဓသုတ္တန်။)
  14. ကာယောတိ ဒွေ ကာယာ နာမကာယော စ ရူပကာယော စ။ ကတမော နာမကာယော ဝေဒနာ သညာ စေတနာ ဖေဿာ မနသိကာရော။ နာမဉ္စ နာမကာယော စ၊ ယေ စ ဝုစ္စန္တိ စိတ္တသင်္ခါရာ၊ အယံ နာမကာယော။။ ကတမော ရူပကာယော။ စတ္တာရော စ မဟာဘူတာ စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယရူပံ အဿာသော စ ပဿာသော စ နိမိတ္တဉ္စ ဥပနိဗန္ဓနာ ယေ စ ဝုစ္စန္တိ ကာယသင်္ခါရာ၊ အယံ ရူပကာယော။ (ပဋိသံ၊၁၈၁၊ စာပိုဒ်၊၁၇၀။ ပဋိသံ၊ဋ္ဌ၊၂၊၁၁၂။)
  15. စိတ္တဇေ အဿာသပဿာသကောဋ္ဌာသေပိ ဩဇဋ္ဌမကဉ္စေဝ သဒ္ဒေါ စာတိ နဝ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)
  16. သညဇဥှိ ဧတံ သညာနိဒါနံ သညာပဘဝံ။ တသ္မာ သညာနာနတာယ နာနတော ဥပဋ္ဌာတီတိ ဝေဒိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၂၇၇၊ စာပိုဒ်၊၂၃၁။)
  17. (ပဋိသံ၊၁၈၃။ စာပိုဒ်၊၁၇၀။)
  18. (အံ၊၁၊၄၅၆။ စာပိုဒ်၊၁၄၃။)
  19. (မဟာဋီ၊၂၊၄၂၉။ စာပိုဒ်၊၇၃၃။)
  20. (အဘိ၊ဋ္ဌ၊၁၊၂၇၀။ ဝိသုဒ္ဓိ၊၂၊၃၀၀။)
  21. (သံ၊၂၊၂၄၉။)
  22. (ပဋိသံ၊၅၅၊ စာပိုဒ်၊၅၂။ ဝိသုဒ္ဓိ၊၂၊၂၄၁၊ စာပိုဒ်၊၆၉၃။)
  23. (ပဋိသံ၊၅၅၊ စာပိုဒ်၊၅၂။ ဝိသုဒ္ဓိ၊၂၊၂၄၁၊ စာပိုဒ်၊၆၉၃။)
  24. ရူပက္ခန္ဓဿ ဥဒယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
    ၁။ အဝိဇ္ဇာသမုဒယာ ရူပသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၂။ တဏှာသမုဒယာ ရူပသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၃။ ကမ္မသမုဒယာ ရူပသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၄။ အာဟာရသမုဒယာ ရူပသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၅။ နိဗ္ဗတ္တိလက္ခဏံ ပဿန္တောပိ ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။
    ရူပက္ခန္ဓဿ ဥဒယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
    ဝယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
    ၁။ အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။
    ၂။ တဏှာနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။
    ၃။ ကမ္မနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။
    ၄။ အာဟာရနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။
    ၅။ ဝိပရိဏာမလက္ခဏံ ပဿန္တောပိ ရူပက္ခန္ဓဿ ဝယံ ပဿတိ။
    ရူပက္ခန္ဓဿ ဝယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
    ဥဒယဗ္ဗယံ ပဿန္တော ဣမာနိ ဒသ လက္ခဏာနိ ပဿတိ။
    ဝေဒနာက္ခန္ဓဿ ဥဒယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
    ၁။ အဝိဇ္ဇာသမုဒယာ ဝေဒနာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝေဒနာက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၂။ တဏှာသမုဒယာ ဝေဒနာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝေဒနာက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၃။ ကမ္မသမုဒယာ ဝေဒနာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝေဒနာက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၄။ ဖဿသမုဒယာ ဝေဒနာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝေဒနာက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၅။ နိဗ္ဗတ္တိလက္ခဏံ ပဿန္တောပိ ဝေဒနာက္ခန္ဓဿ ဥဒယံ ပဿတိ။
    ဝေဒနာက္ခန္ဓဿ ဥဒယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
    ဝယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
    ၁။ အဝိဇ္ဇာနိရောဓာ ဝေဒနာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝေဒနာက္ခန္ဓဿ ဝယံ ပဿတိ။
    ၂။ တဏှာနိရောဓာ ဝေဒနာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝေဒနာက္ခန္ဓဿ ဝယံ ပဿတိ။
    ၃။ ကမ္မနိရောဓာ ဝေဒနာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝေဒနာက္ခန္ဓဿ ဝယံ ပဿတိ။
    ၄။ ဖဿနိရောဓာ ဝေဒနာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝေဒနာက္ခန္ဓဿ ဝယံ ပဿတိ။
    ၅။ ဝိပရိဏာမလက္ခဏံ ပဿန္တောပိ ဝေဒနာက္ခ္ခ္ခ္ခ္ခန္ဓဿ ဝယံ ပဿတိ။
    ဝေဒနာက္ခန္ဓဿ ဝယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
    ဥဒယဗ္ဗယံ ပဿန္တော ဣမာနိ ဒသ လက္ခဏာနိ ပဿတိ။
    သညာက္ခန္ဓဿ ဥဒယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
    ၁။ အဝိဇ္ဇာသမုဒယာ သညာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သညာက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၂။ တဏှာသမုဒယာ သညာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သညာက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၃။ ကမ္မသမုဒယာ သညာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သညာက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၄။ ဖဿသမုဒယာ သညာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သညာက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၅။ နိဗ္ဗတ္တိလက္ခဏံ ပဿန္တောပိ သညာက္ခန္ဓဿ ဥဒယံ ပဿတိ။
    သညာက္ခန္ဓဿ ဥဒယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
    ဝယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
    ၁။ အဝိဇ္ဇာနိရောဓာ သညာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သညာက္ခန္ဓဿ ဝယံ ပဿတိ။
    ၂။ တဏှာနိရောဓာ သညာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သညာက္ခန္ဓဿ ဝယံ ပဿတိ။
    ၃။ ကမ္မနိရောဓာ သညာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သညာက္ခန္ဓဿ ဝယံ ပဿတိ။
    ၄။ ဖဿနိရောဓာ သညာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သညာက္ခန္ဓဿ ဝယံ ပဿတိ။
    ၅။ ဝိပရိဏာမလက္ခဏံ ပဿန္တောပိ သညာက္ခန္ဓဿ ဝယံ ပဿတိ။
    သညာက္ခန္ဓဿ ဝယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
    ဥဒယဗ္ဗယံ ပဿန္တော ဣမာနိ ဒသ လက္ခဏာနိ ပဿတိ။
    သင်္ခါရက္ခန္ဓဿ ဥဒယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
    ၁။ အဝိဇ္ဇာသမုဒယာ သင်္ခါရသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သင်္ခါရက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၂။ တဏှာသမုဒယာ သင်္ခါရသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သင်္ခါရက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၃။ ကမ္မသမုဒယာ သင်္ခါရသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သင်္ခါရက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၄။ ဖဿသမုဒယာ သင်္ခါရသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သင်္ခါရက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၅။ နိဗ္ဗတ္တိလက္ခဏံ ပဿန္တောပိ သင်္ခါရက္ခန္ဓဿ ဥဒယံ ပဿတိ။
    သင်္ခါရက္ခန္ဓဿ ဥဒယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
    ဝယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
    ၁။ အဝိဇ္ဇာနိရောဓာ သင်္ခါရနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သင်္ခါရက္ခန္ဓဿ ဝယံ ပဿတိ။
    ၂။ တဏှာနိရောဓာ သင်္ခါရနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သင်္ခါရက္ခန္ဓဿ ဝယံ ပဿတိ။
    ၃။ ကမ္မနိရောဓာ သင်္ခါရနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သင်္ခါရက္ခန္ဓဿ ဝယံ ပဿတိ။
    ၄။ ဖဿနိရောဓာ သင်္ခါရနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သင်္ခါရက္ခန္ဓဿ ဝယံ ပဿတိ။
    ၅။ ဝိပရိဏာမလက္ခဏံ ပဿန္တောပိ သင်္ခါရက္ခန္ဓဿ ဝယံ ပဿတိ။
    သင်္ခါရက္ခန္ဓဿ ဝယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
    ဥဒယဗ္ဗယံ ပဿန္တော ဣမာနိ ဒသ လက္ခဏာနိ ပဿတိ။
    ဝိညာဏက္ခန္ဓဿ ဥဒယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
    ၁။ အဝိဇ္ဇာသမုဒယာ ဝိညာဏသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝိညာဏက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၂။ တဏှာသမုဒယာ ဝိညာဏသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝိညာဏက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၃။ ကမ္မသမုဒယာ ဝိညာဏသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝိညာဏက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၄။ နာမရူပသမုဒယာ ဝိညာဏသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝိညာဏက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၅။ နိဗ္ဗတ္တိလက္ခဏံ ပဿန္တောပိ ဝိညာဏက္ခန္ဓဿ ဥဒယံ ပဿတိ။
    ဝိညာဏက္ခန္ဓဿ ဥဒယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
    ဝယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
    ၁။ အဝိဇ္ဇာနိရောဓာ ဝိညာဏနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝိညာဏက္ခန္ဓဿ ဝယံ ပဿတိ။
    ၂။ တဏှာနိရောဓာ ဝိညာဏနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝိညာဏက္ခန္ဓဿ ဝယံ ပဿတိ။
    ၃။ ကမ္မနိရောဓာ ဝိညာဏနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝိညာဏက္ခန္ဓဿ ဝယံ ပဿတိ။
    ၄။ နာမရူပနိရောဓာ ဝိညာဏနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝိညာဏက္ခန္ဓဿ ဝယံ ပဿတိ။
    ၅။ ဝိပရိဏာမလက္ခဏံ ပဿန္တောပိ ဝိညာဏက္ခန္ဓဿ ဝယံ ပဿတိ။
    ဝိညာဏက္ခန္ဓဿ ဝယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
    ဥဒယဗ္ဗယံ ပဿန္တော ဣမာနိ ဒသ လက္ခဏာနိ ပဿတိ။
    ပဉ္စန္နံ ခန္ဓာနံ ဥဒယံ ပဿန္တော ဣမာနိ ပဉ္စဝီသတိ လက္ခဏာနိ ပဿတိ၊
    ဝယံ ပဿန္တော ဣမာနိ ပဉ္စဝီသတိ လက္ခဏာနိ ပဿတိ၊
    ဥဒယဗ္ဗယံ ပဿန္တော ဣမာနိ ပညာသ လက္ခဏာနိ ပဿတိ။ (ပဋိသံ၊၅၂-၅၅။ စာပိုဒ်၊၅၀။)
  25. ရူပက္ခန္ဓဿ ဥဒယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
    ၁။ အဝိဇ္ဇာသမုဒယာ ရူပသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၂။ တဏှာသမုဒယာ ရူပသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၃။ ကမ္မသမုဒယာ ရူပသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၄။ အာဟာရသမုဒယာ ရူပသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၅။ နိဗ္ဗတ္တိလက္ခဏံ ပဿန္တောပိ ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။
    ရူပက္ခန္ဓဿ ဥဒယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
    ဝယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
    ၁။ အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။
    ၂။ တဏှာနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။
    ၃။ ကမ္မနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။
    ၄။ အာဟာရနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။
    ၅။ ဝိပရိဏာမလက္ခဏံ ပဿန္တောပိ ရူပက္ခန္ဓဿ ဝယံ ပဿတိ။
    ရူပက္ခန္ဓဿ ဝယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
    ဥဒယဗ္ဗယံ ပဿန္တော ဣမာနိ ဒသ လက္ခဏာနိ ပဿတိ။
    ဝေဒနာက္ခန္ဓဿ ဥဒယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
    ၁။ အဝိဇ္ဇာသမုဒယာ ဝေဒနာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝေဒနာက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၂။ တဏှာသမုဒယာ ဝေဒနာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝေဒနာက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၃။ ကမ္မသမုဒယာ ဝေဒနာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝေဒနာက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၄။ ဖဿသမုဒယာ ဝေဒနာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝေဒနာက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၅။ နိဗ္ဗတ္တိလက္ခဏံ ပဿန္တောပိ ဝေဒနာက္ခန္ဓဿ ဥဒယံ ပဿတိ။
    ဝေဒနာက္ခန္ဓဿ ဥဒယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
    ဝယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
    ၁။ အဝိဇ္ဇာနိရောဓာ ဝေဒနာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝေဒနာက္ခန္ဓဿ ဝယံ ပဿတိ။
    ၂။ တဏှာနိရောဓာ ဝေဒနာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝေဒနာက္ခန္ဓဿ ဝယံ ပဿတိ။
    ၃။ ကမ္မနိရောဓာ ဝေဒနာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝေဒနာက္ခန္ဓဿ ဝယံ ပဿတိ။
    ၄။ ဖဿနိရောဓာ ဝေဒနာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝေဒနာက္ခန္ဓဿ ဝယံ ပဿတိ။
    ၅။ ဝိပရိဏာမလက္ခဏံ ပဿန္တောပိ ဝေဒနာက္ခ္ခ္ခ္ခ္ခန္ဓဿ ဝယံ ပဿတိ။
    ဝေဒနာက္ခန္ဓဿ ဝယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
    ဥဒယဗ္ဗယံ ပဿန္တော ဣမာနိ ဒသ လက္ခဏာနိ ပဿတိ။
    သညာက္ခန္ဓဿ ဥဒယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
    ၁။ အဝိဇ္ဇာသမုဒယာ သညာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သညာက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၂။ တဏှာသမုဒယာ သညာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သညာက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၃။ ကမ္မသမုဒယာ သညာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သညာက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၄။ ဖဿသမုဒယာ သညာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သညာက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၅။ နိဗ္ဗတ္တိလက္ခဏံ ပဿန္တောပိ သညာက္ခန္ဓဿ ဥဒယံ ပဿတိ။
    သညာက္ခန္ဓဿ ဥဒယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
    ဝယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
    ၁။ အဝိဇ္ဇာနိရောဓာ သညာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သညာက္ခန္ဓဿ ဝယံ ပဿတိ။
    ၂။ တဏှာနိရောဓာ သညာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သညာက္ခန္ဓဿ ဝယံ ပဿတိ။
    ၃။ ကမ္မနိရောဓာ သညာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သညာက္ခန္ဓဿ ဝယံ ပဿတိ။
    ၄။ ဖဿနိရောဓာ သညာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သညာက္ခန္ဓဿ ဝယံ ပဿတိ။
    ၅။ ဝိပရိဏာမလက္ခဏံ ပဿန္တောပိ သညာက္ခန္ဓဿ ဝယံ ပဿတိ။
    သညာက္ခန္ဓဿ ဝယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
    ဥဒယဗ္ဗယံ ပဿန္တော ဣမာနိ ဒသ လက္ခဏာနိ ပဿတိ။
    သင်္ခါရက္ခန္ဓဿ ဥဒယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
    ၁။ အဝိဇ္ဇာသမုဒယာ သင်္ခါရသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သင်္ခါရက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၂။ တဏှာသမုဒယာ သင်္ခါရသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သင်္ခါရက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၃။ ကမ္မသမုဒယာ သင်္ခါရသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သင်္ခါရက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၄။ ဖဿသမုဒယာ သင်္ခါရသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သင်္ခါရက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၅။ နိဗ္ဗတ္တိလက္ခဏံ ပဿန္တောပိ သင်္ခါရက္ခန္ဓဿ ဥဒယံ ပဿတိ။
    သင်္ခါရက္ခန္ဓဿ ဥဒယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
    ဝယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
    ၁။ အဝိဇ္ဇာနိရောဓာ သင်္ခါရနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သင်္ခါရက္ခန္ဓဿ ဝယံ ပဿတိ။
    ၂။ တဏှာနိရောဓာ သင်္ခါရနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သင်္ခါရက္ခန္ဓဿ ဝယံ ပဿတိ။
    ၃။ ကမ္မနိရောဓာ သင်္ခါရနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သင်္ခါရက္ခန္ဓဿ ဝယံ ပဿတိ။
    ၄။ ဖဿနိရောဓာ သင်္ခါရနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သင်္ခါရက္ခန္ဓဿ ဝယံ ပဿတိ။
    ၅။ ဝိပရိဏာမလက္ခဏံ ပဿန္တောပိ သင်္ခါရက္ခန္ဓဿ ဝယံ ပဿတိ။
    သင်္ခါရက္ခန္ဓဿ ဝယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
    ဥဒယဗ္ဗယံ ပဿန္တော ဣမာနိ ဒသ လက္ခဏာနိ ပဿတိ။
    ဝိညာဏက္ခန္ဓဿ ဥဒယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
    ၁။ အဝိဇ္ဇာသမုဒယာ ဝိညာဏသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝိညာဏက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၂။ တဏှာသမုဒယာ ဝိညာဏသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝိညာဏက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၃။ ကမ္မသမုဒယာ ဝိညာဏသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝိညာဏက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၄။ နာမရူပသမုဒယာ ဝိညာဏသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝိညာဏက္ခန္ဓဿ ဥဒယံ ပဿတိ။
    ၅။ နိဗ္ဗတ္တိလက္ခဏံ ပဿန္တောပိ ဝိညာဏက္ခန္ဓဿ ဥဒယံ ပဿတိ။
    ဝိညာဏက္ခန္ဓဿ ဥဒယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
    ဝယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
    ၁။ အဝိဇ္ဇာနိရောဓာ ဝိညာဏနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝိညာဏက္ခန္ဓဿ ဝယံ ပဿတိ။
    ၂။ တဏှာနိရောဓာ ဝိညာဏနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝိညာဏက္ခန္ဓဿ ဝယံ ပဿတိ။
    ၃။ ကမ္မနိရောဓာ ဝိညာဏနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝိညာဏက္ခန္ဓဿ ဝယံ ပဿတိ။
    ၄။ နာမရူပနိရောဓာ ဝိညာဏနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝိညာဏက္ခန္ဓဿ ဝယံ ပဿတိ။
    ၅။ ဝိပရိဏာမလက္ခဏံ ပဿန္တောပိ ဝိညာဏက္ခန္ဓဿ ဝယံ ပဿတိ။
    ဝိညာဏက္ခန္ဓဿ ဝယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
    ဥဒယဗ္ဗယံ ပဿန္တော ဣမာနိ ဒသ လက္ခဏာနိ ပဿတိ။
    ပဉ္စန္နံ ခန္ဓာနံ ဥဒယံ ပဿန္တော ဣမာနိ ပဉ္စဝီသတိ လက္ခဏာနိ ပဿတိ၊
    ဝယံ ပဿန္တော ဣမာနိ ပဉ္စဝီသတိ လက္ခဏာနိ ပဿတိ၊
    ဥဒယဗ္ဗယံ ပဿန္တော ဣမာနိ ပညာသ လက္ခဏာနိ ပဿတိ။ (ပဋိသံ၊၅၂-၅၅။ စာပိုဒ်၊၅၀။)
  26. (ဒီ၊ဋ္ဌ၊၂၊၃၆၆၊ စာပိုဒ်၊၃၈၀။ မ၊ဋ္ဌ၊၁၊၂၈၃၊ စာပိုဒ်၊၁၁၃။)
  27. (သုတ္တနိပါတပါဠိ၊၄၄၈၊ စာပိုဒ်၊၁၁၂၅။ ဝိသုဒ္ဓိ၊၂၊၂၉၃၊ စာပိုဒ်၊၇၆၅။)
  28. (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀၊ အဘိ၊ဋ္ဌ၊၂၊၂၅၂။ ဝိသုဒ္ဓိ၊၂၊၂၂၇။ မဟာဋီ၊၂၊၃၅၇။ မ၊ဋီ၊၁၊၃၇၀ ...)
  29. (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀၊ အဘိ၊ဋ္ဌ၊၂၊၂၅၂။ ဝိသုဒ္ဓိ၊၂၊၂၂၇။ မဟာဋီ၊၂၊၃၅၇။ မ၊ဋီ၊၁၊၃၇၀ ...)
  30. (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀၊ အဘိ၊ဋ္ဌ၊၂၊၂၅၂။ ဝိသုဒ္ဓိ၊၂၊၂၂၇။ မဟာဋီ၊၂၊၃၅၇။ မ၊ဋီ၊၁၊၃၇၀ ...)
  31. (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀၊ အဘိ၊ဋ္ဌ၊၂၊၂၅၂။ ဝိသုဒ္ဓိ၊၂၊၂၂၇။ မဟာဋီ၊၂၊၃၅၇။ မ၊ဋီ၊၁၊၃၇၀ ...)
  32. ကိဉ္စာပိ ဟိ ယံကိဉ္စိ ကမ္မဋ္ဌာနံ သတဿ သမ္ပဇာနေဿဝ သမ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၂၇၆။)
  33. (မ၊၁၊၇၁၊၇၂။)
  34. “ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ၊ ဌိတော ဝါ ဌိတောမှီတိ ပဇာနာတိ၊ နိသိန္နော ဝါ နိသိန္နောမှီတိ ပဇာနာတိ၊ သယာနော ဝါ သယာနောမှီတိ ပဇာနာတီ”တိ ဣမသ္မိံ ဟိ ဌာနေ အဒ္ဓါနဣရိယာပထာ ကထိတာ။
    “အဘိက္ကန္တေ ပဋိက္ကန္တေ အာလောကိတေ ဝိလောကိတေ သမိဉ္ဇိတေ ပသာရိတေ”တိ ဣမသ္မိံ မဇ္ဈိမာ။ “ဂတေ ဌိတေ နိသိန္နေ သုတ္တေ ဇာဂရိတေ”တိ ဣဓ ပန ခုဒ္ဒကစုဏ္ဏိကဣရိယာပထာ ကထိတာ။
    တသ္မာ ဧတေသုပိ ဝုတ္တနယေနေဝ သမ္ပဇာနကာရိတာ ဝေဒိတဗ္ဗာ။ (မ၊ဋ္ဌ၊၁၊၂၇၃။)
  35. “ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ၊ ဌိတော ဝါ ဌိတောမှီတိ ပဇာနာတိ၊ နိသိန္နော ဝါ နိသိန္နောမှီတိ ပဇာနာတိ၊ သယာနော ဝါ သယာနောမှီတိ ပဇာနာတီ”တိ ဣမသ္မိံ ဟိ ဌာနေ အဒ္ဓါနဣရိယာပထာ ကထိတာ။
    “အဘိက္ကန္တေ ပဋိက္ကန္တေ အာလောကိတေ ဝိလောကိတေ သမိဉ္ဇိတေ ပသာရိတေ”တိ ဣမသ္မိံ မဇ္ဈိမာ။ “ဂတေ ဌိတေ နိသိန္နေ သုတ္တေ ဇာဂရိတေ”တိ ဣဓ ပန ခုဒ္ဒကစုဏ္ဏိကဣရိယာပထာ ကထိတာ။
    တသ္မာ ဧတေသုပိ ဝုတ္တနယေနေဝ သမ္ပဇာနကာရိတာ ဝေဒိတဗ္ဗာ။ (မ၊ဋ္ဌ၊၁၊၂၇၃။)
  36. (မ၊ဋ္ဌ၊၁၊၂၇၃-၂၇၄။)
  37. တတ္ထ ကာမံ သောဏသိင်္ဂါလာဒယောပိ ဂစ္ဆန္တာ “ဂစ္ဆာမာ”တိ ဇာနန္တိ၊ န ပနေတံ ဧဝရူပံ ဇာနနံ သန္ဓာယ ဝုတ္တံ။ ဧဝရူပဥှိ ဇာနနံ သတ္တူပလဒ္ဓိံ န ပဇဟတိ၊ အတ္တသညံ န ဥဂ္ဃါဋေတိ၊ ကမ္မဋ္ဌာနံ ဝါ သတိပဋ္ဌာနဘာဝနာ ဝါ န ဟောတိ။ ဣမဿ ပန ဘိက္ခုနော ဇာနနံ သတ္တူပလဒ္ဓိံ ပဇဟတိ၊ အတ္တသညံ ဥဂ္ဃါဋေတိ၊ ကမ္မဋ္ဌာနဉ္စေဝ သတိပဋ္ဌာနဘာဝနာ စ ဟောတိ။ ဣဒဥှိ “ကော ဂစ္ဆတိ၊ ကဿ ဂမနံ၊ ကိံ ကာရဏာ ဂစ္ဆတီ”တိ ဧဝံ သမ္ပဇာနနံ သန္ဓာယ ဝုတ္တံ။ ဌာနာဒီသုပိ ဧသေဝ နယော။ (ဒီ၊ဋ္ဌ၊၂၊၃၅၇။ မ၊ဋ္ဌ၊၁၊၂၅၅-၂၅၆။)
  38. တတ္ထ ကော ဂစ္ဆတီတိ န ကောစိ သတ္တော ဝါ ပုဂ္ဂလော ဝါ ဂစ္ဆတိ။ ကဿ ဂမနန္တိ န ကဿစိ သတ္တဿ ဝါ ပုဂ္ဂလဿ ဝါ ဂမနံ။ ကိံ ကာရဏာ ဂစ္ဆတီတိ စိတ္တကိရိယဝါယောဓာတုဝိပ္ဖါရေန ဂစ္ဆတိ။ တသ္မာ ဧသ ဧဝံ ပဇာနာတိ “ဂစ္ဆာမီ”တိ စိတ္တံ ဥပ္ပဇ္ဇတိ၊ တံ ဝါယံ ဇနေတိ၊ ဝါယော ဝိညတ္တိံ ဇနေတိ၊ စိတ္တကိရိယဝါယောဓာတုဝိပ္ဖါရေန သကလကာယဿ ပုရတော အဘိနီဟာရော ဂမနန္တိ ဝုစ္စတိ။ ဌာနာဒီသုပိ ဧသေဝ နယော။ (ဒီ၊ဋ္ဌ၊၂၊၃၅၇။ မ၊ဋ္ဌ၊၁၊၂၅၆။)
    ဝါယံ ဇနေတီတိ ဝါယောဓာတုအဓိကံ ရူပကလာပံ ဇနေတိ၊ အဓိကတာ စေတ္ထ သာမတ္ထိယတော, န ပမာဏတော။ ဂမနစိတ္တသမုဋ္ဌိတံ သဟဇာတရူပကာယဿ ထမ္ဘနသန္ဓာရဏစလနာနံ ပစ္စယဘူတေန အာကာရဝိသေသေန ပဝတ္တမာနံ ဝါယောဓာတုံ သန္ဓာယာဟ “ဝါယော ဝိညတ္တိံ ဇနေတီ”တိ။ (မ၊ဋီ၊၁၊၃၅၂။)
  39. ပုရတော အဘိနီဟာရော ပုရတောဘာဂေန ကာယဿ ပဝတ္တနံ, ယော “အဘိက္ကမော”တိ ဝုစ္စတိ။ (မ၊ဋီ၊၁၊၃၅၂။)
  40. ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၁။)
    စိတ္တာဓိပတိ စိတ္တသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၂။)
  41. (အဘိ၊ဋ္ဌ၊၁၊၃၆၁-၃၆၂။)
  42. (မ၊၁၊၇၁။)
  43. ယထာ ယထာ ဝါ ပနဿ ကာယော ပဏိဟိတော ဟောတိ၊ တထာ တထာ နံ ပဇာနာတီတိ သဗ္ဗသင်္ဂါဟိကဝစနမေတံ။ ဣဒံ ဝုတ္တံ ဟောတိ---- ယေန ယေန ဝါ အာကာရေန တဿ ကာယော ဌိတော ဟောတိ၊ တေန တေန နံ ပဇာနာတိ။ ဂမနာကာရေန ဌိတံ ဂစ္ဆတီတိ ပဇာနာတိ။ ဌာနနိသဇ္ဇာသယနာကာရေန ဌိတံ သယာနောတိ ပဇာနာတီတိ။ (ဒီ၊ဋ္ဌ၊၂၊၃၅၈။ မ၊ဋ္ဌ၊၁၊၂၅၇။)
    သဗ္ဗသင်္ဂါဟိကဝစနန္တိ သဗ္ဗေသံ စတုန္နမ္ပိ ဣရိယာပထာနံ သင်္ဂဏှနဝစနံ၊ ပုဗ္ဗေ ဝိသုံ ဝိသုံ ဣရိယာပထာနံ ဝုတ္တတ္တာ ဣဒံ တေသံ ဧကဇ္ဈံ ဂဟေတွာ ဝစနန္တိ အတ္ထော။ (မ၊ဋီ၊၁၊၃၅၃။)
  44. ပုရိမနယော ဝါ ဣရိယာပထပ္ပဓာနော ဝုတ္တောတိ တတ္ထ ကာယော အပ္ပဓာနော အနုနိပ္ဖါဒီတိ ဣဓ ကာယံ ပဓာနံ အပ္ပဓာနဉ္စ ဣရိယာပထံ အနုနိပ္ဖါဒံ ကတွာ ဒေဿတုံ ဒုတိယနယော ဝုတ္တောတိ ဧဝမ္ပေတ္ထ ဒွိန္နံ နယာနံ ဝိသေသော ဝေဒိတဗ္ဗော။ (မ၊ဋီ၊၁၊၃၅၃ )
  45. ပုရိမနယော ဝါ ဣရိယာပထပ္ပဓာနော ဝုတ္တောတိ တတ္ထ ကာယော အပ္ပဓာနော အနုနိပ္ဖါဒီတိ ဣဓ ကာယံ ပဓာနံ အပ္ပဓာနဉ္စ ဣရိယာပထံ အနုနိပ္ဖါဒံ ကတွာ ဒေဿတုံ ဒုတိယနယော ဝုတ္တောတိ ဧဝမ္ပေတ္ထ ဒွိန္နံ နယာနံ ဝိသေသော ဝေဒိတဗ္ဗော။ (မ၊ဋီ၊၁၊၃၅၃ )
  46. (မ၊ဋ္ဌ၊၁၊၂၅၈။)
  47. ပရမတ္ထတော ဟိ ဓာတူနံယေဝ ဂမနံ၊ ဓာတူနံ ဌာနံ၊ ဓာတူနံ နိသဇ္ဇနံ၊ ဓာတူနံ သယနံ။ တသ္မိံ တသ္မိဥှိ ကောဋ္ဌာသေ သဒ္ဓိံ ရူပေန---
    အညံ ဥပ္ပဇ္ဇတေ စိတ္တံ၊ အညံ စိတ္တံ နိရုဇ္ဈတိ။
    အဝီစိမနုသမ္ဗန္ဓော၊ နဒီသောတောဝ ဝတ္တတီတိ။
    ဧဝံ အဘိက္ကမာဒီသု အသမ္မုယှနံ အသမ္မောဟသမ္ပဇညံ နာမာတိ။ (မ၊ဋ္ဌ၊၁၊၂၆၅။ အဘိ၊ဋ္ဌ၊၂၊၃၃၉ )
  48. (ဒီ၊ဋ္ဌ၊၂၊၃၁၄၊ စာပိုဒ်၊၃၅၉။ မ၊ဋ္ဌ၊၁၊၂၈၀၊ စာပိုဒ်၊၁၁၃။ အဘိ၊ဋ္ဌ၊၂၊၂၅၂၊ စာပိုဒ်၊၃၆၃။)
  49. (ဝိသုဒ္ဓိ၊၂၊၂၂၆၊ စာပိုဒ်၊၆၇၀။)
  50. (မ၊၃၊၇၅-၇၉၊ စာပိုဒ်၊၉၃-၉၇။)
  51. (မ၊ဋ္ဌ၊၄၊၆၀၊ စာပိုဒ်၊၉၄။)
  52. (ဒီ၊ဋ္ဌ၊၂၊၃၁၄၊ စာပိုဒ်၊၃၅၉။ မ၊ဋ္ဌ၊၁၊၂၈၀၊ စာပိုဒ်၊၁၁၃။ အဘိ၊ဋ္ဌ၊၂၊၂၅၂၊ စာပိုဒ်၊၃၆၃။)
  53. (မ၊ဋီ၊၁၊၃၇၀၊ စာပိုဒ်၊၁၁၃။)
  54. (အဘိ၊၂၊၈၊ စာပိုဒ်၊၂၁။)
  55. (မ၊ဋ္ဌ၊၁၊၂၃၅၊ စာပိုဒ်၊၁၀၆။)
  56. (စာမျက်နှာ၊၃၆။)
  57. (ဝိသုဒ္ဓိ၊၂၊၂၆၂၊ စာပိုဒ်၊၇၁၈-၇၁၉။)
  58. (ဣတိဝုတ္တက၊ဋ္ဌ၊၃၃၁။ ဒီ၊ဋီ၊၂၊၂၆၄။)
  59. (စာမျက်နှာ၊၄၀၁ .. စသည်။)
  60. (စာမျက်နှာ၊၃၉၂။)
  61. (စာမျက်နှာ၊၃၉၂။)
  62. (မ၊၁၊၇၃၊ စာပိုဒ်၊၁၁၁ စသည်။)
  63. (ဒီ၊၂၊၉၂-၉၄၊ စာပိုဒ်၊၁၇၃-၁၇၄ စသည်။)
  64. (ဝိသုဒ္ဓိ၊၂၊၂၂၂။)
  65. (စာမျက်နှာ၊၅၂။) ၆၃
  66. သမထဘာဝနာပိ ယာဝဒေဝ ဝိပဿနတ္ထာ ဣစ္ဆိတာ။ ဝိပဿနာပဓာနာ, ဝိပဿနာဗဟုလာ စ သတိပဋ္ဌာနဒေသနာ.. (ဒီ၊ဋီ၊၂၊၃၁၅၊ စာပိုဒ်၊၃၈၂။ မ၊ဋီ၊၁၊၃၇၃။)
  67. (ဒီ၊၁၊၁၆၃၊ စာပိုဒ်၊၄၀၂။ မ၊၁၊၃၇၅၊ စာပိုဒ်၊၄၆၂။)
  68. (သံ၊၂၊၃၈၅-၃၈၆၊ စာပိုဒ်၊၂၄၀။)
  69. (မ၊၂၊၁၈၊ စာပိုဒ်၊၂၄။ သေခသုတ်)
  70. သာမညဖလသုတ္တန်တွင် ဘုရားရှင်သည် ပထမစျာန်သမာဓိပိုင်း စသည်ကို မဟောကြားမီ ဤသတိသမ္ပဇဉ်နှင့် ပြည့်စုံဖို့ရန် ညွှန်ကြားထားတော်မူ၏၊ ထိုညွှန်ကြားချက်မှာ သမထကမ္မဋ္ဌာန်းကို ပွားများနေခိုက် ပထမစျာန်သို့ မဆိုက်ရောက်မီ ဂေါစရ သမ္ပဇဉ်ပိုင်းကို ဖြည့်ကျင့်ခိုက်ဝယ် မိမိရှုပွားနေဆဲ သမထကမ္မဋ္ဌာန်းအာရုံ၌ သတိသမ္ပဇဉ်နှင့် ပြည့်စုံရန် ညွှန်ကြားထားတော်မူခြင်း ဖြစ်၏၊ အကြောင်းမှာ ပထမစျာန်သမာဓိစသည့် ဂေါစရသမ္ပဇဉ်ပိုင်းကား သမာဓိသိက္ခာပိုင်း၌ အကျုံးဝင်၏၊ တစ်ဖန် ရုပ်နာမ် ပရမတ်ကို ထိုးထွင်းသိသည့် အသမ္မောဟသမ္ပဇဉ်ပိုင်းကား ပညာသိက္ခာပိုင်း၌ အကျုံးဝင်၏၊ ဤ၌ကား ဘုရားရှင်သည် သီလသိက္ခာပိုင်း၌သာ ထည့်သွင်းကာ ဟောကြားထားတော်မူခဲ့ပေသည်။
  71. (ဒီ၊၁၊၆၇၊ စာပိုဒ်၊၂၁၄-၂၁၆။ သာမညဖလသုတ်)
  72. အနုပုဗ္ဗကိရိယာယ တေရသ ဓုတင်္ဂါနိ .. (အံ၊ဋ္ဌ၊၃၊၂၂၀၊ စာပိုဒ်၊၁၉။ ပဟာရာဒသုတ်)